အခန်း (၃၈၅-၃၈၆)
Vol. 39 Ch. 385-386
အခန်း (၃၈၅) - အားလုံးကို လွင့်စင်သွားခြင်း(၁)
ဝူယွမ်နှင့် သူ၏ အဖွဲ့က ပြိုင်ဘက်များ၏ ငွေရောင်စေတီလေးကို မျက်စိကျနေချိန်တွင် ဖန်ဟောင်နှင့် လျှိုရှန်ရွှမ်တို့ကလည်း ဝူယွမ်၏ လက်ဝယ်ရှိ ငွေရောင်စေတီလေးအကြောင်း ဆွေးနွေးနေကြသည်။
လျှိုရှန်ရွှမ်က သူမ၏မျက်လုံးများကို မှိတ်တုတ်မှိတ်တုတ် လုပ်ကာ ပြောလိုက်သည်။
“အဲဒီ ဝူယွမ်က ငါတို့နဲ့ မတူဘူး၊ သူ့မှာ ရွှမ်ထျန်းနန်းတော်နဲ့ နဝမမြောက် မြေအောက်ကမ္ဘာဂိုဏ်းလို ကျောထောက်နောက်ခံ မရှိဘူး၊ ငါသိသလောက်တော့ သူက လွတ်လပ်တဲ့ ကျင့်ကြံသူတစ်ယောက်ပဲ ဖြစ်ရမယ်၊ အခု ဒီကျွန်းမှာ အရပ်မျက်နှာအသီးသီးက အစွမ်းထက်ပုဂ္ဂိုလ်တွေ စုဝေးနေကြပြီ၊ ငါတို့လက်ထဲက ငွေရောင်စေတီလေးတွေကို သူတို့ မက်မောဖို့ မဝံ့ရဲကြပေမယ့် ဝူယွမ်ကသာ သူ့ဆီမှာ ရှိတာကို ထုတ်ပြလိုက်ရင် သူ ပြဿနာတွေနဲ့ ငြိစွန်းသွားနိုင်တယ်”
“သူ အပြင်ထွက်မလာမှာကိုပဲ ငါ စိုးရိမ်တယ်”
လျှိုရှန်ရွှမ်သည် ဝူယွမ်၏ အခြေအနေကို စုံစမ်းသိရှိခဲ့ပြီးဖြစ်သော်လည်း သူမ သိရှိထားသည်မှာ အလွန်နည်းပါးလှသည်။ မိစ္ဆာလေလျှို့ဝှက်ဂူထံမှ ငွေရောင်စေတီလေးကို ဝူယွမ် လုယူခဲ့ခြင်းနှင့် ပတ်သက်၍ပင် ရလဒ်ကိုသာ သူမ သိရှိထားပြီး ဖြစ်စဉ်ကို မသိရှိခဲ့ပေ။
ဝူယွမ်က မိုရှဲ့၊ ဝူရွှမ်နှင့် အခြားသူများကို ဖိနှိပ်ခဲ့သည့် အခြေအနေများနှင့် ပတ်သက်၍မူ မည်သူမျှမသိရှိကြပေ။
ထို့ကြောင့် ပြင်ပကမ္ဘာအတွက် ဝူယွမ်သည် စွမ်းရည်အချို့ရှိသော လွတ်လပ်သည့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်နေဆဲပင်။
“ဟဲဟဲ၊ သူ ဒီကိုရောက်နေမှတော့ ငါတို့က သူ့ကို သဘာဝကျကျပဲ အပြင်ထွက်လာအောင် ဖိတ်ခေါ်ရမှာပေါ့၊ ဘာပဲဖြစ်ဖြစ် လျှို့ဝှက်ဂူကို ဖွင့်ဖို့အတွက် ငွေရောင်စေတီလေး သုံးခုရဲ့ စွမ်းအားကို လိုအပ်တယ်လေ” ဖန်ဟောင်၏ နှုတ်ခမ်းပေါ်တွင် အဓိပ္ပာယ်ပါသော အပြုံးတစ်ခု ပေါ်လာသည်။
“စွမ်းအား မရှိဘဲနဲ့ ငွေရောင်စေတီလေးကို သိမ်းထားတာကဘေးဒုက္ခတစ်ခုပဲ၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် ဒါကို အပ်လိုက်တာက ပိုကောင်းပါတယ်”
ဖန်ဟောင်သည် တိုက်ရိုက် မတ်တတ်ရပ်လိုက်ပြီး ကျောက်မျှော်စင် အဆောက်အအုံပေါ်မှနေ၍ ရှေးဟောင်းမြို့တော်တစ်ခုလုံးကို ငုံ့ကြည့်ကာ ကျယ်လောင်စွာ ကြေညာလိုက်သည်။
“အားလုံးအတွက် သတင်းကောင်းတစ်ခု ရှိတယ်၊ တတိယမြောက် ငွေရောင်စေတီလေးရဲ့ ပိုင်ရှင်ကလည်း ကောင်းကင်မိုးကြိုးပင်လယ်နယ်မြေကို ရောက်နေပြီ၊ ပြီးတော့ သူက မင်းတို့အထဲမှာ ရှိနေတယ်”
သူ၏ မျက်နှာပေါ်တွင် နောက်ပြောင်သော အပြုံးတစ်ခု ပေါ်လာပြီး သူ၏ အကြည့်များက ဝူယွမ်အပေါ်သို့ စူးစိုက်ကျရောက်သွားသည်။
တစ်ချိန်တည်းမှာပင် သူ၏ လက်ထဲရှိ ငွေရောင်စေတီလေးကလည်း အလင်းတန်းတစ်ခု ထုတ်လွှင့်ကာ ဝူယွမ်၏ သိုလှောင်အိတ်အတွင်းရှိ ငွေရောင်စေတီလေးကို အာရုံခံလိုက်သည်။
ဖန်ဟောင်၏စကားများကို ကြားသောအခါ ရှေးဟောင်းမြို့တော်အတွင်းရှိ လူများ ချက်ချင်းပင်စိတ်လှုပ်ရှားသွားကြသည်။ သူတို့အားလုံးက ဝူယွမ်ကိုရှာဖွေရန် သူတို့၏ပတ်ဝန်းကျင်ရှိ လူများကို ကြည့်လိုက်ကြသည်။
ဖန်ဟောင်နှင့် လျှိုရှန်ရွှမ်တို့ နှစ်ဦးလုံးမှာ ကစဉ်ကလျားမိစ္ဆာပင်လယ်၏ အထူး အစွမ်းထက်အင်အားစုများမှ ဖြစ်ကြသဖြင့် သူတို့နှစ်ဦးကို ယှဉ်ပြိုင်ရန် မဝံ့ရဲကြပေ။
သို့သော်လည်း အမည်မသိဝူယွမ်ကိုမူ စမ်းသပ်ကြည့်ရန်မှာ တန်ပေသည်။
ဤနေရာသို့ ရောက်ရှိလာကြသော အင်အားစုများစွာမှာ မိစ္ဆာလေ လျှို့ဝှက်ဂူနှင့် နှိုင်းယှဉ်နိုင်သော အင်အားစုများ ဖြစ်ကြသည်။
“အစ်ကိုကြီးဖန်ဟောင်၊ အဲဒီလူကလည်း ဒီမှာရှိနေတယ်ဆိုတော့ သူ့ကို အပြင်ထွက်လာအောင် ဖိတ်ခေါ်ပေးဖို့ ဒုက္ခပေးလို့ ရမလား၊ ဘာပဲဖြစ်ဖြစ် လျှို့ဝှက်ဂူကိုဖွင့်ဖို့က လူတိုင်းရဲ့ဆန္ဒပဲလေ၊ တစ်ယောက်တည်းဖုံးကွယ်ထားတာက မကောင်းပါဘူး”
“ဟုတ်တယ်၊ အစ်ကိုကြီးဖန်ဟောင်ကို တစ်ဖက်လူကို ရှာဖွေပေးဖို့ တောင်းဆိုပါတယ်”
“လူတိုင်းက စောင့်နေကြတာ”
“အဲဒါ မမှန်ဘူးလား၊ သူ့ကို ငွေရောင်စေတီလေးနဲ့အတူ လျှို့ဝှက်စွာ ထွက်သွားခွင့်မပြုလိုက်နဲ့၊ အဲဒီလိုမှမဟုတ်ရင် လူတိုင်း အလကားလာရသလို ဖြစ်သွားလိမ့်မယ်”
တစ်ယောက်ပြီး တစ်ယောက် စိတ်လှုပ်ရှားလာကြပြီး ဝူယွမ်ကို ချက်ချင်းရှာဖွေတွေ့ရှိရန် စိတ်အားထက်သန်လာကြသည်။
သူတို့အားလုံးက တတိယမြောက် ငွေရောင်စေတီလေးအတွက် ယှဉ်ပြိုင်လိုကြသည်။
“ဒီဖန်ဟောင်က နည်းနည်း စိတ်အနှောင့်အယှက်ပေးတာပဲ၊ အစ်ကိုကြီးက တစ်ယောက်တည်းဆိုတော့ အနိုင်ကျင့်ရလွယ်တယ်လို့ သူ ထင်နေတာ၊ ဟဲဟဲ၊ ဒီတစ်ခါတော့ သူ သံပြားကို ကန်မိပြီ၊ အရှင်တျောင်းက သူ့ကို ဘယ်လိုသင်ခန်းစာပေးမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့”
ရှောင်တျောင်းက အေးစက်စွာ ပြောလိုက်သည်။
“သူက တကယ်ကို နည်းနည်းမုန်းစရာကောင်းတယ်၊ အရမ်းကောက်ကျစ်လွန်းတယ်” လင်းတုန်ကလည်း သတ်ဖြတ်လိုစိတ်များ ပေါက်ကွဲနေသည်ကို ပြသလိုက်သည်။
လမ်းခရီးတွင် သူတို့သည် ဖန်ဟောင်ကဲ့သို့သော သူတို့၏အင်အားကို အားကိုး၍ အခြားသူများအား အနိုင်ကျင့်လိုသူ အများအပြားကို မြင်တွေ့ခဲ့ရသည်။ ဤအချိန်တွင် ဖန်ဟောင်၏အမြင်၌ သူတို့သည် ကစားခံနေရသော ကြွက်လေးများပမာ ဖြစ်နေလေသည်။
ထိုအချိန်တွင် ငွေရောင်အလင်းတန်းတစ်ခုက ကောင်းကင်ယံမှ ကျဆင်းလာပြီး ဝူယွမ်နှင့် သူ၏အဖွဲ့အပေါ်သို့ ကျရောက်သွားလေသည်။
ဖန်းဟောင်က လှုပ်ရှားလိုက်ပြီး သူ လက်ထဲရှိ ငွေရောင်စေတီလေးကို အသုံးပြုကာ ဝူယွမ်နှင့် အခြားသူများ၏ နေရာကို လူတိုင်း၏မြင်ကွင်းရှေ့သို့ တိုက်ရိုက်ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။
“မိတ်ဆွေ၊ မင်းကလည်း ငွေရောင်စေတီလေးရဲ့ ပိုင်ရှင်တစ်ယောက် ဖြစ်နေမှတော့ အပေါ်တက်ခဲ့ပြီး ငါတို့နဲ့အတူ လက်ဖက်ရည်တစ်ခွက်လောက် လာသောက်ပါလား”
သူက အားရပါးရ ရယ်မောကာ ပြောလိုက်ပြီး ဝူယွမ်နှင့် သူ၏အဖွဲ့ကို နွေးထွေးစွာ ဖိတ်ခေါ်နေသည့်ပုံပေါက်နေသည်။
သို့သော်လည်း အလင်းတန်းက သူတို့အပေါ် ကျရောက်သွားသည်နှင့်အမျှ ပတ်ဝန်းကျင်ရှိ လူများက လှိုင်းလုံးကြီးပမာ ပြေးဝင်လာကြသည်။
ဝူယွမ်နှင့် သူ၏အဖွဲ့ ရှိနေသော နေရာမှာ ချက်ချင်းပင် လူများဖြင့် ပြည့်နှက်သွားပြီး ပူပြင်းလောင်ကျွမ်းနေသော အကြည့်များက သူတို့ဆီသို့ ကျရောက်လာကြသည်။
အစွမ်းထက်သော အရှိန်အဝါအနည်းငယ်က ဝူယွမ်အပေါ်သို့ ချက်ချင်း စူးစိုက်သွားပြီး စေတီလေးကို လုယူရန် လှုပ်ရှားဖို့ ပြင်ဆင်နေကာ သူတို့ မထိန်းချုပ်နိုင်တော့ကြောင်း ထင်ရှားနေခဲ့သည်။
လူလေးယောက်က တိုက်ရိုက်ခုန်ထွက်လာပြီး သူတို့၏ အစွမ်းထက်သော အရှိန်အဝါများက ပတ်ဝန်းကျင်ရှိ လူများကို နောက်ဆုတ်သွားစေခဲ့သည်။ သူတို့သည် ဝူယွမ်နှင့် သူ၏အဖွဲ့ရှေ့တွင် ရပ်ကာ ဓားများကို ကိုင်ဆောင်ထားကြသည်။
သူတို့အားလုံးက သွေးရောင်ဝတ်ရုံများကို ဝတ်ဆင်ထားကြပြီး သူတို့၏အဝတ်အစားများပေါ်တွင် သွေးဓား ပုစံများ ပါရှိသည်။
ဝေဝါးဝါး သွေးနံ့တစ်ခုကလည်း သူတို့၏ ခန္ဓာကိုယ်များမှ ထွက်ပေါ်နေ၏။
သတ်ဖြတ်လိုစိတ် အငွေ့အသက်များဖြင့် လွှမ်းခြုံထားသော ထိုလူရိပ်များက မာနထောင်လွှားစွာ ရပ်နေကြပြီး အစွမ်းထက်သော ယွမ်စွမ်းအင်လှုပ်ရှားမှု လှိုင်းများ ဖြည်းညင်းစွာ ပြန့်ကျဲထွက်ပေါ်လာနေသည်။
သူတို့၏ အရှိန်အဝါများအားလုံးမှာ အလွန်ကြောက်မက်ဖွယ်ကောင်းပြီး အားလုံးက ဆန်းကြယ်ရှင်ခြင်းအဆင့် မဟာပြည့်စုံခြင်းတွင် ရှိကြသည်။
အစွမ်းအထက်ဆုံး သူမှာ ဆန်းကြယ်ရှင်ခြင်းအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီး လူအုပ်ထဲတွင် အလွန်အစွမ်းထက်သော တည်ရှိမှုတစ်ခု ဖြစ်နေပြီဖြစ်သည်။
(မဟာပြည့်စုံခြင်းက အလယ်အလတ်နေရာ အစားထိုးသုံးထားတာပါဗျ၊ ရှေ့အပိုင်းတွေမှာ နည်းနည်းလွဲချော်မှုလေးတွေရှိသွားနိုင်ပါတယ်၊ ဘာသာပြန်Webမှာ အသုံးအနှုန်းပြောင်းသွားတာအပြင် ကျွန်တော့်ရဲ့ အားနည်းမှုကြောင့်လည်းပါပါတယ်၊ အားလုံးပဲ နားလည်ပေးဖို့ မေတ္တာရပ်ခံပါရစေ)
“သွေးဓားဂိုဏ်းက သွေးဓား ဗိုလ်ချုပ်လေးယောက်ပဲ၊ ခေါင်းဆောင်က လုကျုံးလား”
“ဒီလူလေးယောက်ကလည်း စိတ်မရှည်ဖြစ်နေကြတာပဲ”
“သွေးဓား ဗိုလ်ချုပ်လေးယောက်က ပူးပေါင်းတိုက်ခိုက်တဲ့နေရာမှာ အလွန် ကျွမ်းကျင်ကြတယ်၊ သူတို့ လေးယောက်သာ ပူးပေါင်းလုပ်ဆောင်မယ်ဆိုရင် ဆန်းကြယ်ရှင်ခြင်းအဆင့် မဟာပြည့်စုံခြင်းအဆင့်က အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်တောင် သူတို့ကို ကိုင်တွယ်ဖို့ ခက်ခဲလိမ့်မယ်”
သွေးဓား ဗိုလ်ချုပ်လေးယောက် လှုပ်ရှားသည်ကို မြင်သောအခါ ပတ်ဝန်းကျင်ရှိ လူများအားလုံး နောက်ဆုတ်သွားကြသည်။
“မင်းက ဝူယွမ်မဟုတ်လား၊ ငွေရောင်စေတီလေးကို နာခံမှုရှိရှိအပ်လိုက်၊ ဒါဆိုရင် မင်းရဲ့ အသက်ကို ငါ ချမ်းသာပေးမယ်” သူတို့ကို ဦးဆောင်လာသော အနီရောင်ဝတ်အမျိုးသားက ပြောလိုက်သည်။
“ဓားတွေက မဆိုးဘူးပဲ”
ဝူယွမ်ကမူ သူတို့ကိုမကြည့်ဘဲ သူတို့၏ဓားများကိုသာ မှတ်ချက်ပေးလိုက်သည်။
သူသည် ဓားသိုင်းများကို ကျွမ်းကျင်ပြီး ရှေးဟောင်းကျောက်တိုင် ကမ္ဘာအတွင်း၌ ကောင်းကင်ဓားဂိုဏ်းကို အခြေခံ၍ တည်ထောင်ထားသော ဓားခန်းမတစ်ခုလည်း ရှိသော်လည်း အဓိကအားဖြင့် အချိန်တိုတောင်းလွန်းသောကြောင့် အစွမ်းထက်ကျင့်ကြံသူများကို မပျိုးထောင်ရသေးပေ။
ယခုအခါ ဤသွေးဓား ဗိုလ်ချုပ်လေးယောက်ကို ဝူယွမ်က အတော်လေးသဘောကျနေသည်။
တစ်ဖက်လူက သူ၏ပစ္စည်းများကို လုယူလိုသော်လည်း သူ လက်ခံနိုင်ပေသည်။
မည်သို့ပင်ဆိုစေ သူကလည်း လုယူခဲ့ဖူးသည် မဟုတ်လော။
ဓားကျင့်ကြံသူများအတွက် အနည်းငယ်ကြမ်းတမ်းနေခြင်းမှာ ပုံမှန်ပင်ဖြစ်သည်။
“ဘာကို ဆိုလိုတာလဲ၊ ငါတို့ ဓားတွေနဲ့ မင်းရဲ့ ဓားကို လဲချင်လို့လား”
ဦးဆောင်လာသော အနီရောင်ဝတ် အမျိုးသားက အေးစက်စွာ ပြောလိုက်သည်။
“မလိုပါဘူး၊ ငါက မင်းတို့ရဲ့ဓားတွေကို အကဲဖြတ်ပေးရုံသက်သက်ပါ” ဝူယွမ်က ပြုံးကာ ပြောလိုက်ပြီး လူလေးယောက်၏ ခြိမ်းခြောက်မှုများကို လုံးဝဂရုမစိုက်သည့်ဟန်ဖြင့် ပြုမူနေသည်။
“အစ်ကိုကြီး၊ သူက ငါတို့ကို ကစားနေတာပဲ” အခြား အနီရောင်ဝတ် အမျိုးသားတစ်ဦးက ပြောလိုက်သည်။
“သူ့ကို သတ်လိုက်”
“ကောင်လေး၊ ငါ့နာမည်ကို မှတ်ထား၊ သွေးဓားဂိုဏ်းက လုကျုံး၊ မင်းက ငွေရောင်စေတီလေးကို ယူလာပေးတဲ့အတွက် မင်းကို မြန်မြန်ဆန်ဆန် သေခွင့်ပေးမယ်”
ထိုသို့ပြောရင်း သူက ဧရာမဓားကြီးကို မြှောက်ကာ ဝူယွမ်ကို ခုတ်ပိုင်းလိုက်သည်။
သူ၏နောက်ရှိ လူသုံးယောက်ကလည်း သူတို့၏ ခန္ဓာကိုယ်များမှ ခံ့ညားထည်ဝါသော ယွမ်စွမ်းအင်များကို ရုတ်တရက် ပေါက်ကွဲထုတ်လွှတ်လိုက်ကြသည်။
သူတို့၏ လက်ထဲတွင် တင်းကြပ်စွာ ဆုပ်ကိုင်ထားသော သွေးရောင်ဓားရှည်များက နေရောင်အောက်တွင် အေးစက်စက် အလင်းတန်းများ ရောင်ပြန်ဟပ်နေသည်။
“အစ်ကိုကြီး၊ ကျွန်တော့်နဲ့ ထားခဲ့လိုက်”
လင်းတုန်က ဦးဆောင်ကာ တိုက်ရိုက်တိုက်ခိုက်လိုက်သည်။
“ကျွန်တော်လည်း သွားပြီး အကြောလျှော့လိုက်ဦးမယ်” ရှောင်ယန်က သူ၏လက်သီးများကို ပွတ်သပ်ကာ နောက်မှလိုက်ရန် ပြင်လိုက်သည်။
“ခဏစောင့်ဦး ရှောင်ယန်၊ ဒါကို ယူသွား၊ သူတို့ကို အထဲခေါ်လာခဲ့၊ မသတ်နဲ့နော်” ဝူယွမ်က ရှောင်ယန်ကို လှမ်းခေါ်ပြီး အဘိုးအိုဖန်ထျန်း၏ ထိပ်တန်းအဆင့် သန့်စင်ယွမ်ရတနာဖြစ်သော ဖန်ထျန်းမီးဖိုကို ပေးလိုက်သည်။
ရှောင်ယန်သည် ဗာမီလီယံအစစ်အမှန်မီးတောက်ကို ပိုင်ဆိုင်ထားသဖြင့် ဖန်ထျန်းမီးဖိုသည် သူ၏လက်ထဲတွင် ပို၍ပင် အစွမ်းထက်လာမည်ဖြစ်သည်။
ဖန်ထျန်းမီးဖိုအတွင်းရှိ ဖန်ထျန်း အစီအရင်သည် ကမ္ဘာခြားနတ်ဆိုးဘုရင်ကို ဖိနှိပ်ထားရသဖြင့် ၎င်း၏စွမ်းအင်များ ကုန်ခမ်းသွားခဲ့ပြီး မီးဖို၏စွမ်းအားမှာ အနည်းငယ် အားနည်းသွားခဲ့သည်။
သို့သော်လည်း ယခင်က ထျန်းရှန်း အဆောက်အအုံ၏ ရတနာတိုက်မှ မီးလျှံအနှစ်သာရကျောက်တုံးများ အပါအဝင် ပစ္စည်းအမြောက်အမြားကို ရရှိခဲ့ရာ ၎င်းက ဖန်ထျန်း အစီအရင်အတွက် အနည်းငယ် အစားထိုးပေးနိုင်ခဲ့သည်။
ရှောင်ယန်၏ ဗာမီလီယံအစစ်အမှန်မီးတောက်နှင့် ပေါင်းစပ်လိုက်သောအခါ ဆန်းကြယ်ရှင်ခြင်းအဆင့်တွင် ပြိုင်ဘက်ကင်း ဖြစ်သွားလေသည်။
လင်းတုန်မှာ ဆန်းကြယ်ရှင်ခြင်းအဆင့် မဟာပြည့်စုံခြင်းအဆင့်တွင်သာ ရှိသေးပြီး ရှောင်ယန်မှာလည်း အစောပိုင်း အထွတ်အထိပ်တွင်သာ ရှိသေးသည်။
သာမန်အမြင်အရဆိုလျှင် သူတို့နှစ်ဦးက ဆန်းကြယ်ရှင်ခြင်းအဆင့် မဟာပြည့်စုံခြင်းအဆင့်မှ အစွမ်းထက်ပုဂ္ဂိုလ်လေးဦးကို ရင်ဆိုင်ရခြင်းမှာ မလွယ်ကူလှဟု ထင်ရပေသည်။
တကယ်တော့ ထိုသို့မဟုတ်ပေ။ ဝူယွမ်နှင့်အတူ ကျင့်စဉ်အချို့ကို ကျင့်ကြံပြီးနောက် လင်းတုန်နှင့် ရှောင်ယန်တို့၏ စွမ်းအားမှာ ဝူယွမ်ကဲ့သို့ပင် သူတို့၏နယ်ပယ်ဖြင့် ရိုးရှင်းစွာ တိုင်းတာ၍ မရနိုင်တော့ပေ။
ခန္ဓာကိုယ်သန့်စင်ခြင်းကျမ်းကို ကျင့်ကြံထားသဖြင့် သူတို့၏ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်များမှာ အဆင့်တူ လူများထက် ဆယ်ဆကျော် ပိုမိုအစွမ်းထက်နေသည်။
ထိုသို့သော အစွမ်းထက်သည့် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်၏ နောက်ဆက်တွဲရလဒ်မှာ နယ်ပယ်တစ်ခုကို ချိုးဖောက်ဝင်ရောက်ရန်အတွက် အခြားသူများထက် အရင်းအမြစ်ဆယ်ဆကျော် ပိုမိုသုံးစွဲရန် လိုအပ်ခြင်းပင်။
ထို့အပြင် ဝူယွမ်မှာ ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ ဘုရင်ခန္ဓာကိုယ်ကြောင့် သူသည် အခြားသူများထက် အဆတစ်ရာကျော် ပိုမိုလိုအပ်ကောင်း လိုအပ်နိုင်ပေသည်။
အခန်း (၃၈၆) - အားလုံးကို လွင့်စင်သွားခြင်း(၂)
သေချာပေါက် သုံးစွဲလိုက်သော အရင်းအမြစ်များမှာ အလကားဖြစ်သွားမည်မဟုတ်ပေ။ အလားတူပင် ပြသလိုက်သော စွမ်းအားမှာလည်း အဆင့်တူကျင့်ကြံသူများထက် ဆယ်ဆ၊ အဆတစ်ရာ သို့မဟုတ် ထိုထက်ပို၍ပင် အစွမ်းထက်နေမည်ဖြစ်သည်။
အရေအတွက်အပြောင်းအလဲက အရည်အသွေးအပြောင်းအလဲကို ဖြစ်ပေါ်စေသည်။
အရင်းအမြစ်များကို အတိုင်းအတာတစ်ခုအထိ စုဆောင်းမိသောအခါ ၎င်းသည် ရိုးရှင်းသော ကျင့်ကြဲခြင်းမျိုး မဟုတ်တော့ပေ။
ထို့ကြောင့် အစပိုင်းတွင် သွေးဓား ဗိုလ်ချုပ်လေးယောက်မှာ အတော်လေး ယုံကြည်ချက်ရှိခဲ့ကြသော်လည်း တိုက်ခိုက်ပြီးနောက် သူတို့ အလွန်တရာအံ့အားသင့်သွားခဲ့ကြရသည်။
လင်းတုန်သည် ဓားတစ်လက်ကို လက်ဗလာဖြင့် အမှန်တကယ်ပင် ဖမ်းဆုပ်လိုက်ပြီး ရွှေရောင်အလင်းတန်းများ တဖျတ်ဖျတ်လက်နေသော သူ၏ လက်သီးများက သူတို့၏ သွေးဓားများကိုပင် တုန်ခါသွားစေသည်။
အစွမ်းထက်သော ဝရဇိန် ဘုရင်ခန္ဓာကိုယ်သည် ဝင်စားခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးနှင့် နှိုင်းယှဉ်နိုင်သော အကာအကွယ်ကို ပိုင်ဆိုင်ထားပြီး ဆန်းကြယ်ရှင်ခြင်းအဆင့်အဆင့်ရှိ တိုက်ခိုက်မှုများကို အလွယ်တကူ တွန်းလှန်နိုင်စွမ်းရှိသည်။
လင်းတုန်သည် သံမဏိလူသားတစ်ဦးပမာ ထိုလူလေးယောက်၏ တိုက်ခိုက်မှုများကို အလွယ်တကူ ချေမှုန်းပစ်လိုက်သည်။
ဤအချိန်တွင် ရှောင်ယန်က လှုပ်ရှားလိုက်ပြီး ဖန်ထျန်းမီးဖိုကို အသုံးပြုကာ ဖန်ထျန်း အစီအရင်ကို အသက်သွင်းလိုက်သည်။ ဧရာမမီးဖိုကိုယ်ထည်ကြီးက ကြီးမားလာပြီး လင်းတုန်နှင့် ပူးပေါင်းကာ သွေးဓား ဗိုလ်ချုပ်လေးယောက်ကို အထဲသို့ ထည့်သွင်းလိုက်လေသည်။
ဖြစ်စဉ်တစ်ခုလုံးမှာ သုံးမိနစ်ပင် မကြာလိုက်ဘဲ ဆန်းကြယ်ရှင်ခြင်းအဆင့် မဟာပြည့်စုံခြင်းအဆင့်မှ အစွမ်းထက်ပုဂ္ဂိုလ် လေးဦးကို ဖိနှိပ်ကာ မီးဖိုထဲတွင် ပိတ်လှောင်လိုက်နိုင်လေသည်။
၎င်းမှာ ဝူယွမ်က သူတို့ကိုသတ်ရန် မရည်ရွယ်ထားသောကြောင့်သာ။
ထိုသို့မဟုတ်လျှင် လင်းတုန်က တစ်ယောက်ကို လက်သီးတစ်ချက်စီထိုးကာ လက်သီးလေးချက်ဖြင့် ဖြေရှင်းနိုင်ပေလိမ့်မည်။
ဝူယွမ်က ဖန်ထျန်းမီးဖိုကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ရှေးဟောင်းကျောက်တိုင် ကမ္ဘာအတွင်းသို့ ထည့်သွင်းလိုက်သည်။
“ဟွမ်ယွမ်၊ သူတို့ကို အရင်ဖိနှိပ်ထားလိုက်၊ ငါ သူတို့ကို လေ့ကျင့်ပေးဖို့ အချိန်နည်းနည်း ရှာလိုက်ဦးမယ်”
သူက ဟွမ်ယွမ်ကို ညွှန်ကြားလိုက်သည်။
ဤအစွမ်းထက်ပုဂ္ဂိုလ်များကို သတ်ပစ်လိုက်ခြင်းက နှမြောစရာကောင်းပြီး အကျိုးကျေးဇူးများ ရရှိမည်မဟုတ်ပေ။
ဝူယွမ်သည် သူတို့အားလုံးကို စိတ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုအချို့ လုပ်ရန်၊ သူ၏ဆန္ဒအတိုင်း လိုက်နာလာစေရန်နှင့် အနာဂတ်တွင် သူ၏အကျိုးအတွက် အစွမ်းကုန် အလုပ်လုပ်လာစေရန် စီစဉ်ထားသည်။
အကယ်၍ သူတို့က တကယ်ကို ပူးပေါင်းဆောင်ရွက်မှုမရှိပါက သူတို့ကို ကမ္ဘာသစ်ပင်ထံ မြေသြဇာအဖြစ် လွှဲပြောင်းပေးလိုက်ခြင်းကလည်း အဆင်ပြေသည်။ သူတို့ကို တိုက်ရိုက် သတ်ပစ်လိုက်ခြင်းက အလွန်ဖြုန်းတီးရာကျပေလိမ့်မည်။
“ငွေရောင်စေတီလေးကို တခြား ဘယ်သူလိုချင်သေးလဲ”
ဝူယွမ်က တောက်ပသော ငွေရောင်အလင်းတန်းကို ထုတ်လွှင့်နေသည့် ငွေရောင်စေတီလေးကို ကိုင်ဆောင်ထားရာ ထိုအလင်းတန်းများက ပတ်ဝန်းကျင်ရှိ လူများ၏ မျက်နှာများပေါ်သို့ ထိုးကျနေပြီး သူတို့ကို တိုက်ရိုက် မကြည့်ရဲအောင် ဖြစ်သွားစေသည်။
ဤအချိန်တွင် ငွေရောင်စေတီလေးကို ကြည့်နေသော ထိုလူများမှာ များစွာ ပိုမို တည်ငြိမ်လာကြသည်။ သူတို့ ရှေ့မတိုးရဲကြရုံသာမက အနောက်သို့ တစ်လှမ်းချင်းပင် ဆုတ်သွားကြလေသည်။
လျင်မြန်သော တိုက်ခိုက်မှုနှင့် သွေးဓား ဗိုလ်ချုပ်လေးယောက်၏ ဖိနှိပ်ခံရမှုက ဤလူများ၏အသိတရားကို ပြန်လည်ရရှိစေခဲ့ပြီဖြစ်သည်။
ဝူယွမ်တို့အဖွဲ့တွင် လူငါးယောက် ရှိသော်လည်း နှစ်ယောက်သာ လှုပ်ရှားရသေးပြီး နောက်ထပ် သုံးယောက် ကျန်ရှိနေသေးသည်။
ဆန်းကြယ်သေခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးသာ လှုပ်ရှားလာခြင်း မရှိပါက သူတို့ကို ကိုင်တွယ်ဖြေရှင်းရန် မလွယ်ကူကြောင်း လူတိုင်း နားလည်သဘောပေါက်သွားကြသည်။
ထိုသို့လှုပ်ရှားလာလျှင်တောင် အသုံးဝင်ချင်မှ ဝင်ပေလိမ့်မည်။
ဖန်ဟောင်က တံတွေးကို တိတ်တဆိတ် မျိုချလိုက်ပြီးနောက် ပြုံးကာ ပြောလိုက်သည်။ “အစ်ကိုကြီးဝူယွမ်က တကယ်ကို အစွမ်းထက်တာပဲ၊ ဒီငွေရောင်စေတီလေးကို လုယူနိုင်ခဲ့တာ အံ့ဩစရာ မရှိပါဘူး”
“ဒါလား၊ ငါ ဒုတိယတစ်ခုကိုလည်း လုယူနိုင်တယ်” ဝူယွမ်က ပြုံးကာ ပြန်လည်ချေပလိုက်သည်။
ထိုသို့ပြောလိုက်သည်နှင့် သူ၏ဘေးရှိ ရှောင်တျောင်းက နားလည်သွားပြီး ခရမ်းရောင်အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားကာ ဖန်ဟောင်ဆီသို့ ပျံသန်းသွားလေသည်။
“ဟဲဟဲ၊ ငါတို့ နဝမမြောက် မြေအောက်ကမ္ဘာဂိုဏ်းဆီကနေ ငွေရောင်စေတီလေးကို လုချင်တယ်ပေါ့လေ၊ မင်း အတွေးလွန်နေတာ ဖြစ်လောက်တယ်” ဖန်ဟောင်က လှောင်ပြုံးပြုံးလိုက်သည်။
ဤအချိန်တွင် အစွမ်းထက်သော အရှိန်အဝါ အနည်းငယ်က သူ့ဆီသို့ စုစည်းလာကြပြီး နဝမမြောက် မြေအောက်ကမ္ဘာဂိုဏ်းမှ အစွမ်းထက်ပုဂ္ဂိုလ်များ ဖြစ်ကြောင်း ထင်ရှားလှသည်။
“ငြိမ်နေစမ်း”
ဝူယွမ်က အော်ဟစ်လိုက်ရာ သူ၏ နီဝမ်နယ်ပယ်အတွင်းရှိ ကစဉ်ကလျားသန္ဓေသားက ချက်ချင်းပင် တဖျတ်ဖျတ်လက်နေသော အလင်းတန်းတစ်ခုကို ထုတ်လွှင့်လိုက်ပြီး ငြိမ်သက်ခြင်းရူန်းက အလင်းတန်းများ ပစ်လွှတ်လိုက်သည်။
လက်ရှိ ငြိမ်သက်ခြင်းရူန်းကို ဝူယွမ်က အဆင့်မြှင့်တင်ထားပြီးဖြစ်သည်။ ငြိမ်သက်သည့်အချိန် ကြာမြင့်လာရုံသာမက ပစ်မှတ်များစွာကိုလည်း တစ်ပြိုင်နက်တည်း ငြိမ်သက်သွားစေနိုင်သည်။
ဆန်းကြယ်သေခြင်းအဆင့်သို့ မရောက်ရှိသေးသော ဤလူများအပေါ် ငြိမ်သက်ခြင်းရူန်းကို အသုံးပြုခြင်းက ယုံကြည်နိုင်စရာမရှိလောက်အောင် ကောင်းမွန်သော အကျိုးသက်ရောက်မှု ရှိသည်။
ရှောင်တျောင်းက ဖန်ဟောင်၏ဘေးတွင် ပေါ်လာသောအခါ ဖန်ဟောင်နှင့် သူ၏ပတ်ဝန်းကျင်တွင် စုဝေးနေသော ဆန်းကြယ်ရှင်ခြင်းအဆင့် မဟာပြည့်စုံခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ် အနည်းငယ်မှာ ရုတ်တရက် လှုပ်ရှား၍မရဘဲ ရပ်တန့်သွားကြသည်။
ထို့နောက် ရှောင်တျောင်းက လျှပ်စီးလက်သလို မြန်ဆန်စွာဖြင့် သူတို့၏ သိုလှောင်အိတ်များ အားလုံးကို လျင်မြန်စွာ စုဆောင်းလိုက်သည်။
ထို့နောက် ခရမ်းရောင် အလင်းတန်းတစ်ခု ပစ်လွှတ်ထွက်ပေါ်လာပြီး ကြမ်းတမ်းသော ခရမ်းရောင်ယွမ်စွမ်းအင်က ဖန်ဟောင်နှင့် အခြားသူများကို မြင့်မားသော မျှော်စင်ပေါ်မှ လွင့်စင်သွားစေခဲ့သည်။
ဝူယွမ်နှင့် ပိုင်ယွမ်တို့ ပျံသန်းလာပြီး အဆောက်အအုံပေါ်သို့ ဆင်းသက်လိုက်ကြသည်။
ဝှစ်... ဤရုတ်တရက် ပြောင်းလဲမှုက လူများကြားတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့သည်။
လွန်ခဲ့သည့် အခိုက်အတန့်လေးကတင် မာနထောင်လွှားမှုများဖြင့် ပြည့်နှက်နေကာ အဆောက်အအုံပေါ်တွင် မာနကြီးစွာရပ်လျက် ဝူယွမ်နှင့် သူ၏အဖွဲ့အပေါ် မှတ်ချက်ပေးနေသော ဖန်ဟောင်မှာ ယခုအခါ မြင့်မားသောအဆောက်အအုံအောက်တွင် ဖရိုဖရဲလဲလျောင်းနေရချေပြီ။
“မဖြစ်နိုင်တာ၊ နဝမမြောက် မြေအောက်ကမ္ဘာဂိုဏ်းရဲ့ နတ်ဆိုးဗိုလ်ချုပ် လေးယောက်စလုံးက ဆန်းကြယ်ရှင်ခြင်းအဆင့် မဟာပြည့်စုံခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တွေလေ၊ သူတို့ ဘယ်လိုလုပ် ချက်ချင်း ရှုံးသွားရတာလဲ”
“ခုနက ဘာတွေဖြစ်သွားတာလဲ၊ ဖန်ဟောင်နဲ့ တခြားသူတွေက ဘာလို့ အရူးတွေလို ငြိမ်သက်နေပြီး လုံး မခုခံခဲ့ကြတာလဲ”
“အဲဒီ ခရမ်းရောင်ဝတ်လူက အရမ်းကြောက်ဖို့ကောင်းတာပဲ မဟုတ်လား”
“အဲဒီ ဝူယွမ်က မလှုပ်ရှားရသေးဘူး၊ အဲဒီလူ အနည်းငယ်ကလည်း သူ့ရဲ့ ဦးဆောင်မှုအောက်မှာ ရှိနေတာဆိုတော့ သူက ပိုပြီးအစွမ်းထက်လောက်တယ်”
“ကျစ်၊ သူ့ဘေးက အမျိုးသမီးကလည်း အသက်ရှူမှားလောက်အောင် လှတာပဲ၊ ရွှမ်ထျန်းနန်းတော်ရဲ့ သူတော်စင်မလေး လျှိုရှန်ရွှမ်ထက်တောင် နိမ့်ကျပုံမပေါ်ဘူး”
... အောက်ဘက်ရှိ လမ်းသွားလမ်းလာများကြားတွင် ဝူယွမ်တို့ငါးဦးအဖွဲ့သည် လူတိုင်း၏အာရုံစိုက်မှုကို ရရှိခဲ့ပြီး လူတိုင်းက သူတို့ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်နေကြသည်။
ရှောင်တျောင်းက ယခုလေးတင် သူလုယူလာခဲ့သော သိုလှောင်အိတ်များကို ဝူယွမ်အား ပေးလိုက်သည်။
ဝူယွမ်သည် သူ၏ဝိညာဉ်စွမ်းအင်ကို အသုံးပြုကာ အတွင်းရှိ ဝိညာဉ်အမှတ်အသားကို အတင်းအဓမ္မ ဖျက်ဆီးလိုက်ပြီး ဖန်ဟောင် ပိုင်ဆိုင်သော ငွေရောင်စေတီလေးကို ထုတ်ယူလိုက်သည်။
“အင်း၊ အခု ငါ့ဆီမှာ နှစ်ခုရှိသွားပြီ”
ဝူယွမ်က ကျေနပ်စွာ ပြုံးလိုက်သည်။
ကျောက်အဆောက်အအုံအတွင်း၌ လျှိုရှန်ရွှမ်၏ ရှည်လျားပြီး သွယ်လျသော ကျောက်စိမ်းလက်လေးက သူမ၏လက်ချောင်းပေါ်ရှိ ကျောက်စိမ်းလက်စွပ်ကို ကစားနေသည်။
ထို့နောက် သူမသည် ညင်သာစွာ မော့လိုက်ပြီး အနီးအနားတွင်ရှိနေသော ဝူယွမ်နှင့် အခြားသူများကို ကြည့်လိုက်သည်
။ သူမ၏ မျက်လုံးများတွင် အံ့အားသင့်မှု အရိပ်အယောင်များ တဖျတ်ဖျတ်လက်သွားပြီး သူမသည် ခြေတစ်လှမ်းခန့်ပင် နောက်ဆုတ်သွားမိသည်။
“ကျွန်မ ရှင်တို့အပေါ် ရန်ငြိုးမရှိပါဘူး” သူမက အနေခက်စွာ ပြောလိုက်သည်။
ရွှီး၊ ရွှီး၊ ရွှီး...
ရွှမ်ထျန်နန်းတော်မှ အစွမ်းထက်ပုဂ္ဂိုလ်များကလည်း သူမ၏ ပတ်ဝန်းကျင်တွင် အလျင်အမြန် စုဝေးလာကြသည်။
သူတို့သည် လျှိုရှန်ရွှမ်၏ ငွေရောင်စေတီလေး လုယူခံရမည်ကို စိုးရိမ်နေကြသည်။
ဝူယွမ်တို့အဖွဲ့ရှိ ဤလူအနည်းငယ်မှာ တကယ်ကို ထူးဆန်းလွန်းလှသည်။
သူတို့အားလုံးက ဆန်းကြယ်ရှင်ခြင်းအဆင့်တွင် ရှိနေပုံပေါ်သော်လည်း ဆန်းကြယ်ရှင်ခြင်းအဆင့်တွင် ရှိကြသော အစွမ်းထက်ပုဂ္ဂိုလ်များကို ကလေးများနှင့် တိုက်ခိုက်နေရသကဲ့သို့ မည်သို့ အလွယ်တကူ တိုက်ခိုက်နိုင်ကြသနည်း။
“ငါတို့လည်း မင်းအပေါ် ရန်ငြိုးမရှိပါဘူး” ရှောင်တျောင်းက လျှိုရှန်ရွှမ်ကို နောက်ပြောင်သော အပြုံးဖြင့် ကြည့်ကာ သူ၏ နှုတ်ခမ်းများပေါ်တွင် ရယ်စရာ အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “မစိုးရိမ်ပါနဲ့၊ ငါ့အစ်ကိုကြီးက မိန်းမတွေကို မရိုက်ပါဘူး၊ မင်း နာခံမှုရှိရှိ ပူးပေါင်းဆောင်ရွက်ဖို့ပဲ လိုတယ်”
“ဒါပေမယ့် မင်းရဲ့ သဘောထားက ကောင်းရင်တော့ ငါ့အကိုနှစ်က မိန်းမဆိုလည်းမညှာဘူးနော်” ရှောင်တျောင်းက ထပ်မံ သတိပေးလိုက်သည်။
“မင်း ဘာတွေ ပြေနေတာလဲ၊ ငါက မိန်းမဆိုးတွေကိုပဲ ရိုက်တာပါ”
လင်းတုန်က ရှောင်တျောင်းကို ကန်လိုက်သည်။
“လျှို့ဝှက်ဂူက မပွင့်သေးဘူး၊ ပြီးတော့ အမှောင်ထဲမှာ စောင့်ကြည့်နေတဲ့ အစွမ်းထက်ပုဂ္ဂိုလ်တွေ အများကြီးရှိသေးတယ်၊ အစ်ကိုကြီးဝူယွမ်၊ အခုတိုက်ခိုက်တာက ကျွန်မတို့အတွက် အကျိုးမရှိဘူး” လျှိုရှန်ရွှမ်က စိုးရိမ်တကြီး ကြည့်ကာ အကြံပေးလိုက်သည်။
ဝူယွမ်က သေချာစဉ်းစားပြီး တံငါသည် အမြတ်ထွက်စေမည့် အခြေအနေမျိုးကို ခွင့်မပြုရန် သူမ မျှော်လင့်ခဲ့သည်။
“ငါက တိုက်ခိုက်ဖို့မရည်ရွယ်ပါဘူး၊ ငါ့ဆီကလုတဲ့သူ ဘယ်သူမဆို ငါကပြန်လုမှာပဲ” ဝူယွမ်က ခပ်ဖျော့ဖျော့ပြုံးကာ ပြောလိုက်သည်။
ထို့နောက် သူသည် လက်ဖက်ရည်ဝိုင်းတွင် ထိုင်ကာ သူ၏ သိုလှောင်အိတ်အတွင်းမှ ကမ္ဘာသစ်ပင်လက်ဖက်ခြောက်များကို ထုတ်ယူပြီး ပိုင်ယွမ်ကို လက်ဖက်ရည် ဖျော်ခိုင်းလိုက်သည်။
“မိန်းကလေးလျှို၊ ထိုင်ပြီး တစ်ခွက်လောက်သောက်ပါဦး” ဝူယွမ်က ဖိတ်ခေါ်လိုက်သည်။
“ဝူယွမ်၊ ငါ့ရဲ့ ငွေရောင်စေတီလေးကို ပြန်ပေး” ရှောင်တျောင်းကြောင့် အဆောက်အအုံပေါ်မှ ပြုတ်ကျသွားသော ဖန်ဟောင်က ပြန်တက်လာပြီး လေထဲသို့ပျံတက်ကာ ဒေါသတကြီး ပြောလိုက်သည်။
“ဘယ်လောက် ဆူညံလိုက်သလဲ” ရှောင်တျောင်းက နောက်ထပ် အလင်းတန်းတစ်ခုကို တိုက်ရိုက် ထုတ်လွှတ်လိုက်ရာ သူ့ကို မိုးကုတ်စက်ဝိုင်းဆီသို့ ကျွန်းငယ်လေး၏ နယ်နိမိတ်အပြင်ဘက်သို့ လွင့်စင်သွားစေခဲ့သည်။
“မင်းတို့အားလုံး နဝမမြောက် မြေအောက်ကမ္ဘာဂိုဏ်းနဲ့ ရန်သူ ဖြစ်ချင်နေတာလား”
နောက်တစ်ယောက် ထွက်လာပြီး အော်ဟစ်လိုက်သည်။
ထိုသူသည် နောက်တစ်ကြိမ် ရှောင်တျောင်းကြောင့် မိုးကုတ်စက်ဝိုင်းဆီသို့ လွင့်စင်သွားခဲ့သည်။
ထိုသို့သော ကြမ်းတမ်းသည့် ခွန်းအားပြသမှုက ကျွန်းငယ်လေးကို တိတ်ဆိတ်သွားစေသည်။ မည်သူမျှ ကျယ်လောင်စွာ မပြောရဲတော့ပေ။
ဤရက်စက်သော ပုဂ္ဂိုလ်များမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသည်။
အစပိုင်းတွင် သူတို့က အနိုင်ကျင့်ရလွယ်သော ပစ်မှတ်များဟု ထင်ခဲ့ကြပြီး လူတိုင်းက သူတို့ကို အနိုင်ကျင့်လိုခဲ့ကြသည်။
သို့သော်လည်း ပထမတော့ သွေးဓား ဗိုလ်ချုပ်လေးယောက်၊ ထို့နောက် နဝမမြောက် မြေအောက်ကမ္ဘာဂိုဏ်း၏ နတ်ဆိုးဗိုလ်ချုပ်လေးယောက်၊ ဤလူငါးယောက်မှာ အလွန်တရာ ကြမ်းတမ်းလွန်းလှပြီး ဝူယွမ် လှုပ်ရှားသည်ကိုပင် မည်သူမျှမမြင်လိုက်ရပေ။
‘ဒီလောက် အစွမ်းထက်နေတာကို သူတို့အကြောင်း ဘာလို့ တစ်ခါမှ မကြားဖူးရတာလဲ' လူတိုင်း တွေဝေသွားကြလေသည်။
‘ဒီလိုဖြစ်မယ်ဆိုတာ ကြိုသိခဲ့ရင် ဘယ်သူက သူတို့ကို သွားရန်စလောက်အောင် အသက်ရှင်ရတာ ငြီးငွေ့နေမှာလဲ’