အခန်း (၃၈၇-၃၈၈)
Vol. 39 Ch. 387-388
အခန်း (၃၈၇) - ယခင်မျိုးဆက် ယွမ်ဂိုဏ်း၏ ယွမ်ဘုရင်ငယ် သုံးဦးကို ချေမှုန်းခြင်း(၁)
နဝမမြောက် မြေအောက်ကမ္ဘာဂိုဏ်းမှ လူများမှာ ဆက်တိုက် လွင့်စင်သွားကြသည်။
ဝူယွမ်နှင့် အတူပါလာသော ခရမ်းရောင်ဝတ် လူငယ်မှာ အဘယ်ကြောင့် ဤမျှလောက် ကြောက်မက်ဖွယ်ကောင်းနေသည်ကို သူတို့ နားမလည်နိုင်အောင် ဖြစ်နေကြသည်။
သူ၏ စွမ်းအားမှာ ဆန်းကြယ်ရှင်ခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး ယှဉ်ပြိုင်နိုင်စွမ်းရှိသည့်အရာ လုံးဝမဟုတ်ပေ။
ဤနေရာရှိ ရုတ်ရုတ်သဲသဲဖြစ်မှုမှာ ကြီးမားလှပြီး ကျွန်းပတ်လည်ရှိ အင်အားစုအသီးသီး၏ အာရုံစိုက်မှုကို လျင်မြန်စွာ ဆွဲဆောင်နိုင်ခဲ့သည်။
မကြာမီ လူလတ်ပိုင်း အမျိုးသား နှစ်ဦး ပျံသန်းလာခဲ့ကြသည်။ တစ်ဦးမှာ ဆံပင်မီးခိုးရောင်နှင့် အဘိုးအိုတစ်ဦးဖြစ်ပြီး အခြားတစ်ဦးမှာ အမည်းရောင်ဝတ်စုံနှင့် လူလတ်ပိုင်း အမျိုးသားတစ်ဦး ဖြစ်သည်။
နှစ်ဦးလုံးတွင် ဆန်းကြယ်ရှင်ခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်များထက် များစွာ သာလွန်သော အစွမ်းထက်သည့် အရှိန်အဝါများ ရှိကြသည်။ သူတို့ လှုပ်ရှားလိုက်သည်နှင့်အမျှ အမည်းရောင် သေမင်းချီများက သူတို့၏ ပတ်လည်တွင် ရစ်ခွေလာကြသည်။
‘ဆန်းကြယ်သေခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တွေလား'
လူအများအပြား အံ့အားသင့်သွားကြပြီး ရုတ်တရက် ပေါ်ထွက်လာသော ဤဆန်းကြယ်သေခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်များမှာ မည်သည့်အင်အားစုမှ ဖြစ်ကြောင်းကို သိရှိရန် ထိုနှစ်ဦးကို စိုက်ကြည့်နေကြသည်။
ထိုအထဲမှ အမည်းရောင်ဝတ်စုံနှင့် လူလတ်ပိုင်း အမျိုးသားသည် လျှိုရှန်ရွှမ်အနီးသို့ ချဉ်းကပ်လာပြီး ဝူယွမ်နှင့် သူ၏အဖွဲ့ကို သတိကြီးစွာဖြင့် စောင့်ကြည့်နေသော်လည်း မည်သို့မျှ လှုပ်ရှားခြင်းမပြုပေ။
သူသည် ရွှမ်ထျန်းနန်းတော်မှ ဖြစ်ကြောင်း ထင်ရှားလှသည်။
“အထူး အစွမ်းထက်အင်အားစုဆိုတဲ့အတိုင်း ဆန်းကြယ်သေခြင်းအဆင့် အကြီးအကဲတွေကိုတောင် စေလွှတ်ထားတာပဲ”
“ဆန်းကြယ်သေခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တွေ ရှိနေမှတော့ ငါတို့အတွက် တစ်ခုခုရဖို့ ပိုပြီး ခက်ခဲသွားလိမ့်မယ်”
“သေစမ်း၊ ဒီအင်အားစုကြီးတွေ အကုန်လုံးက အရမ်းကိုဖြုန်းတီးကြတာပဲ”
လမ်းသွားလမ်းလာများက တိတ်တဆိတ် ညည်းတွားလိုက်ကြသည်။
ဤသံသရာအဆင့် လျှို့ဝှက်ဂူဆီသို့ သွားသော ခရီးစဉ်က သူတို့၏ အန္တရာယ်များကို တိုးမြင့်လာစေသည်။
“ဝူယွမ်၊ မင်းကောင်လေး၊ ငါတို့ နဝမမြောက် မြေအောက်ကမ္ဘာဂိုဏ်းမှာ လူမရှိဘူးလို့ ထင်ပြီး အနိုင်ကျင့်နေတာလား”
ဆံပင်မီးခိုးရောင်နှင့် အဘိုးအိုသည် အဆောက်အအုံပေါ်သို့ ဆင်းသက်လာပြီး သိမ်းငှက်ကဲ့သို့ စူးရှသော မျက်လုံးများဖြင့် ဝူယွမ်နှင့် သူ၏အဖော်လေးဦးကို စိုက်ကြည့်ကာ မေးလိုက်သည်။
သူသည် ဆန်းကြယ်သေခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး၏ ဖိအားကို ထုတ်လွှတ်လိုက်ရာ သေမင်းချီများ ပြန့်ကျဲသွားပြီး ဝူယွမ်နှင့် သူ၏အဖော်လေးဦးကို လွှမ်းခြုံသွားလေသည်။
ဆန်းကြယ်သေခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး၏ ဖိအားကို ရင်ဆိုင်ရသော်လည်း ဝူယွမ်နှင့် သူ၏အဖော်လေးဦးမှာ တည်ငြိမ်နေဆဲပင်။
ဝူယွမ်က နှုတ်ခမ်းကို တွန့်ကွေးကာ ပြောလိုက်သည်။ “မင်းတို့ဆီမှာ လူရှိရှိ မရှိရှိ ငါဂရုမစိုက်ဘူး၊ ငါ့ဆီက လုယူဖို့ ကြိုးစားတဲ့သူ ဘယ်သူ့ကိုမဆို ငါပြန်လုမှာပဲ”
“မင်း သေချင်နေတာပဲ” ဆံပင်မီးခိုးရောင်နှင့် အဘိုးအို၏ သေမင်းချီများ ဆူပွက်လာပြီး ဝူယွမ်ဆီသို့ လက်ဝါးရိုက်ချက်တစ်ခု တိုက်ရိုက်ပစ်လွှတ်လိုက်သည်။
“ဆူညံလိုက်တာ”
ရှောင်တျောင်းက ဟိန်းဟောက်လိုက်ပြီးနောက် ခရမ်းရောင်အရိပ်တစ်ခုအဖြစ် ပြောင်းလဲကာ ပြေးထွက်သွားလေသည်။
“ကောင်းကင်နတ်ဆိုးလက်ဝါး”
ခရမ်းရောင်အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာပြီး ယွမ်စွမ်းအင်များဖြင့် ဖွဲ့စည်းထားသော ဧရာမလက်ဝါးကြီးတစ်ခုက ဆံပင်မီးခိုးရောင်နှင့် အဘိုးအိုကို ဖမ်းဆုပ်လိုက်သည်။
ရှောင်တျောင်း၏ လက်ရှိစွမ်းအားမှာ ဆန်းကြယ်သေခြင်းအဆင့် အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ပြီး ဝင်စားခြင်းအဆင့်နှင့် ခြေတစ်လှမ်းသာ ကွာဝေးတော့သည်။
ဆန်းကြယ်သေခြင်းအဆင့် အစောပိုငါးတွင်သာ ရှိသေးသော ဤဆံပင်မီးခိုးရောင်နှင့် အဘိုးအိုကို ရင်ဆိုင်ရခြင်းမှာ လွယ်ကူလှသည်။
ရိုးရှင်းသော သာမန်တိုက်ခိုက်မှုတစ်ခုကပင် သူ့ကို အနိုင်ယူရန် လုံလောက်ပေသည်။
ကောင်းကင်နတ်ဆိုး လက်ဝါးအောက်တွင် ဆံပင်မီးခိုးရောင်နှင့် အဘိုးအို၏ လက်ဝါးရိုက်ချက်မှာ တိုက်ရိုက် ကြေမွပျက်စီးသွားလေသည်။ ခရမ်းရောင်လက်ဝါးကြီးက လက်သည်းတစ်ခုပမာ ဆံပင်မီးခိုးရောင်နှင့် အဘိုးအို၏ ခန္ဓာကိုယ်ကို ဖမ်းဆုပ်လိုက်ရာ သူ့အား လုံးဝ လှုပ်ရှား၍ မရနိုင်အောင် ဖြစ်သွားစေသည်။
“သွားစမ်း”
ရှောင်တျောင်းက သူ့ကို လွှင့်ပစ်လိုက်သည်။ ဆံပင်မီးခိုးရောင်နှင့် အဘိုးအိုသည် ယခင်က ဖန်ဟောင်နှင့် အခြားသူများကဲ့သို့ပင် ကောင်းကင်ယံသို့ လွင့်စင်သွားလေသည်။
ဤကဲ့သို့ ကြမ်းတမ်းသော စွမ်းအားပြသမှုက ထိုနေရာတွင် ရှိနေသူတိုင်းကို တွေဝေဆွံ့အသွားစေသည်။
ယခုလေးတင် ဆံပင်မီးခိုးရောင်နှင့် အဘိုးအိုက အကြောင်းပြချက် လာတောင်းချိန်က ဝူယွမ်နှင့် သူ၏အဖော်လေးဦး ဒုက္ခရောက်ပြီဟု သူတို့အားလုံး ထင်မှတ်ခဲ့ကြသည်။ သို့သော်လည်း သူတို့ မတုံ့ပြန်နိုင်မီမှာပင် ဆံပင်မီးခိုးရောင်နှင့် အဘိုးအိုသည်လည်း လွှင့်ပစ်ခံလိုက်ရချေပြီ။
ဆန်းကြယ်သေခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးသည် ထိုခရမ်းရောင်ဝတ်လူငယ်၏ လက်ထဲတွင် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ တည်ရှိမှုတစ်ခုမျှသာ ဖြစ်နေသည်။
ထိုခရမ်းရောင်ဝတ်လူငယ်မှာ မည်မျှ ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်ကြောင်း တွေးကြည့်ရန်ပင် ခက်ခဲလှသည်။
ရွှမ်ထျန်းနန်းတော်မှလူများက တံတွေးများကို တိတ်တဆိတ် မျိုချလိုက်ကြသည်။ ယခုလေးတင် ရောက်ရှိလာသော အမည်းရောင်ဝတ်လူလတ်ပိုင်း အမျိုးသား၏ မျက်နှာအမူအရာမှာ အလွန်တရာ လေးနက်နေသည်။
ဝူယွမ်နှင့် သူ၏အဖော်လေးဦးကို အကဲခတ်ကြည့်ရှုခဲ့သော သူ၏ မာနထောင်လွှားသည့် အကြည့်များမှာ ပျောက်ကွယ်သွားပြီး နူးညံ့သိမ်မွေ့သော အပြုံးတစ်ခုဖြင့် အစားထိုးသွားလေသည်။
“ကောင်းပြီ၊ စိတ်အနှောင့်အယှက်ပေးတဲ့ ကောင်တွေကို ရှင်းပြီးပြီ၊ အခု လျှို့ဝှက်ဂူကို ဘယ်လိုဖွင့်မလဲဆိုတာ ဆွေးနွေးကြတာပေါ့” ဝူယွမ်က လှပသော လျှိုရှန်ရွှမ်ကို ကြည့်ကာ ပြောလိုက်သည်။
လျှိုရှန်ရွှမ်က အလျင်အမြန် ပြန်ဖြေလိုက်သည်။ “အစ်ကိုကြီး ဝူယွမ်၊ အခု ကောင်းကင်မိုးကြိုးပင်လယ်နယ်မြေထဲက မိုးကြိုးတွေက အရမ်း ပြင်းထန်လွန်းတယ်ဆိုတာ ငါတို့ အကဲခတ်ပြီးပါပြီ၊ ဆန်းကြယ်သေခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်တောင် ရင်ဆိုင်ဖို့ ခက်ခဲပါလိမ့်မယ်၊ ပြီးတော့ ဒီနေရာက ဝင်စားခြင်းအဆင့်အထက် အစွမ်းထက်ပုဂ္ဂိုလ်တွေအပေါ် ပြင်းထန်တဲ့ တွန်းကန်မှုတစ်ခု ရှိနေလို့ အတင်း ဝင်ရောက်ဖို့ မဖြစ်နိုင်ဘူး”
ဝူယွမ်က မေးလိုက်သည်။ “ဪ၊ ဒါဆို မင်းပြောတာက လျှို့ဝှက်ဂူကို အခု ဖွင့်လို့မရသေးဘူးပေါ့”
“သေချာပေါက် ရတာပေါ့၊ နောက်သုံးရက်နေရင် ကောင်းကင်မိုးကြိုးပင်လယ်နယ်မြေက မိုးကြိုးမုန်တိုင်း အားနည်းသွားလိမ့်မယ်၊ အဲဒီအချိန်က ငါတို့ ဝင်ရောက်ဖို့ အကောင်းဆုံး အချိန်ဖြစ်လိမ့်မယ်” လျှိုရှန်ရွှမ်က ဝူယွမ်၏ မျက်နှာဘေးဘက်ကို ကြည့်ကာ သူမ၏ နီရဲသော နှုတ်ခမ်းလေးများကို ဖွင့်ဟ၍ ပြောလိုက်သည်။
“အင်း၊ ကောင်းပြီလေ၊ ဒါဆို နောက်ထပ် သုံးရက် စောင့်ကြတာပေါ့”
စကားပြောအပြီးတွင် ဝူယွမ်က မတ်တတ်ရပ်လိုက်ပြီး ထွက်ခွာရန် ပြင်လိုက်သည်။
“အစ်ကိုကြီး၊ ငါတို့ ဘာဆက်လုပ်ကြမလဲ” လင်းတုန်က မေးလိုက်သည်။
ဤအချိန်တွင် ဝူယွမ်သည် ရှေးဟောင်းမြို့တော်၏ အပြင်ဘက်ရှိ တောင်ထွတ်တစ်ခုကို လှမ်းကြည့်လိုက်ရာ သူ၏ အကြည့်များက ချက်ချင်း စူးရှသွားလေသည်။
ထို့နောက် သူက ပျံတက်သွားကာ ပြောလိုက်သည်။ “ငါ့နောက်ကို လိုက်ခဲ့၊ အကောင်ငယ်လေး အချို့ကို သွားရှင်းရအောင်၊”
“အကောင်ငယ်လေးတွေလား” လင်းတုန်က နားမလည်သဖြင့် ခေါင်းကုတ်လိုက်သည်။
... မြို့တော်နှင့် မနီးမဝေးရှိ တောင်ထွတ်တစ်ခုပေါ်တွင် လူရိပ်သုံးခုက မြို့တော်တွင်း၌ ဖြစ်ပျက်ခဲ့သမျှကို မြင်တွေ့လိုက်ရပြီး သူတို့၏ မျက်နှာများပေါ်တွင် အံ့အားသင့်မှုများ ထွက်ပေါ်နေသည်။
“အစ်ကိုကြီး၊ သူတို့က ဝူယွမ်၊ လင်းတုန်နဲ့ အဲဒီ ကောင်းကင်နတ်ဆိုးမြွေပါပဲ ဖြစ်ရမယ်”
“သူတို့လည်း ဒီကို ရောက်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး၊ တကယ်ကို ဒေါသထွက်ဖို့ ကောင်းတာပဲ”
“ဆရာတို့တောင် ဝူယွမ်ရဲ့ လက်ထဲမှာ အဖမ်းခံလိုက်ရတာဆိုတော့ ငါတို့ နိုင်ဖို့အခွင့်အရေး ပိုတောင်နည်းသေးတယ်၊ ဆရာတို့ကို အကြောင်းကြားဖို့ ဝိညာဉ်သတင်းစကား မြန်မြန်ပို့သင့်တယ်”
“ဒီသံသရာအဆင့် လျှို့ဝှက်ဂူအတွက်နဲ့ အန္တရာယ်မဖြစ်မခံသင့်ဘူး”
“အဲဒီ ဝူယွမ်က ငါတို့ကိုမသိဘူး၊ ငါတို့ ခိုးဝင်လို့ရလောက်တယ်”
“အရမ်းအန္တရာယ်များတယ်၊ သူက ငါတို့ကို မမြင်ဖူးဘူးဆိုပေမယ့် ငါတို့ရဲ့ သိုင်းပညာတွေကိုတော့ သေချာပေါက်မှတ်မိလိမ့်မယ်”
“မြန်မြန် နောက်ဆုတ်ကြစို့”
“ဒီလူရဲ့ စွမ်းအားနဲ့ နည်းလမ်းတွေက ဆရာတို့ထက် မနိမ့်ကျဘူး၊ သူ ငါတို့ကို မကြာခင် သတိထားမိလောက်တယ်”
“ဒုက္ခပဲ၊ သူ ငါတို့ဘက်ကိုလာနေပြီ”
သူတို့ သုံးဦးလုံး အလွန်တရာ ထိတ်လန့်သွားကြပြီး ထွက်ပြေးရန် ချက်ချင်း ပြင်လိုက်ကြသည်။ သို့သော်လည်း ယုံကြည်နိုင်စရာမရှိလောက်အောင် အစွမ်းထက်သော မြေဆွဲအားကြီးတစ်ခုက သူတို့ကို လွှမ်းခြုံလာပြီး ချက်ချင်းပင် သူတို့သုံးဦးကို ဖိနှိပ်ကာ မြေကြီးပေါ်တွင် ဒူးထောက်သွားစေသည်။
သူတို့၏ ဦးရေပြားများမှ ချွေးများစိမ့်ထွက်လာသည်။ သူတို့ ခုခံလိုသော်လည်း ဤစွမ်းအားမှာ အလွန်တရာ အစွမ်းထက်လွန်းသဖြင့် အသက်ရှူရန်ပင် ခက်ခဲနေကြသည်။
ရွှီး၊ ရွှီး၊ ရွှီး၊ ရွှီး၊ ရွှီး….
ဝူယွမ်နှင့် သူ၏ အဖော်လေးဦး တောင်ထွတ်ပေါ်သို့ ဆင်းသက်လာပြီး သူတို့သုံးဦး၏ ရှေ့သို့ ရောက်ရှိလာကြသည်။
ဝူယွမ်က သူတို့ကို အကဲခတ်ကြည့်လိုက်ရာ သူ၏မျက်နှာပေါ်တွင် လှောင်ပြုံးတစ်ခု ပေါ်လာသည်။
သူတို့သုံးဦး၏ အဝတ်အစားများပေါ်တွင် အမည်းနှင့် အဖြူ ပုံစံတစ်ခု ပါရှိပြီး ယင်နှင့် ယန် အလှည့်ကျဖြစ်နေသည့် ပုံစံမျိုး ဖြစ်သည်။ ဤပုံစံမှာ သူတို့နှင့် မစိမ်းလှပေ။
ဝူယွမ်နှင့် လင်းတုန်တို့က တစ်ချက်ကြည့်ရုံဖြင့် မှတ်မိသွားကြသည်။
“ယွမ်ဂိုဏ်းက လူတွေလား” လင်းတုန်၏ မျက်နှာမှာ ချက်ချင်း မှုန်ကုပ်သွားပြီး သူက ပြောလိုက်သည်။
“ဆန်းကြယ်ရှင်ခြင်းအဆင့် မဟာပြည့်စုံခြင်းအဆင့်၊ ယွမ်ဂိုဏ်းမှာ မင်းတို့ရဲ့အဆင့်အတန်းက သေချာပေါက် နိမ့်ကျမှာ မဟုတ်ဘူး” ရှောင်တျောင်းက ပြုံးကာ ပြောလိုက်သည်။
“ယွမ်ဂိုဏ်းက ဘာလဲ၊ မင်းတို့ ဘာတွေပြောနေတာလဲ” သူတို့သုံးဦး၏ မျက်နှာများမှာ ပြာနှမ်းနေပြီး သူတို့ မည်သူမည်ဝါဖြစ်ကြောင်းကို ထုတ်ဖော်ရန် ကြောက်ရွံ့နေကြသည်။
ဆံပင်ဖားလျားချထားသော အမျိုးသားတစ်ဦးက အလျင်အမြန် ငြင်းဆိုလာသည်။
ရှောင်တျောင်းက သူတို့သုံးဦးကို နောက်ပြောင်သော အကြည့်ဖြင့် အကဲခတ်လိုက်သည်။ သူတို့မှာ ဝူယွမ်တို့အဖွဲ့ထက် များစွာ အသက်မကြီးလှသဖြင့် သူက ကောက်ချက်ချလိုက်သည်။
“သူတို့က သိပ်အသက်ကြီးပုံမရဘူး၊ ဒီအသက်အရွယ်မှာ ဆန်းကြယ်ရှင်ခြင်းအဆင့် မဟာပြည့်စုံခြင်းအဆင့်အထိ ကျင့်ကြံနိုင်တယ်ဆိုတော့ မင်းတို့က ယွမ်ဂိုဏ်းမှာ ထိပ်တန်းပါရမီရှင်တွေ ဖြစ်ရမယ်၊ ယွမ်ဘုရင်ငယ်သုံးဦး မဟုတ်ရင် ဗိုလ်ချုပ် ရှစ်ယောက်ပဲ၊ အခု မင်းတို့ သုံးယောက်တည်း ရှိနေတယ်ဆိုတော့ ဟဲဟဲ၊ ယခင်မျိုးဆက် ယွမ်ဂိုဏ်းရဲ့ ဘုရင်ငယ်သုံးဦးပဲ ဖြစ်ရမယ်”
“ဘာတွေပြောနေတာလဲ၊ ငါတို့ နားမလည်ဘူး” ဆံပင်ဖားလျားချထားသော အမျိုးသားက ပြောလိုက်သည်။ “ငါတို့ မင်းတို့နဲ့ ဘာရန်ငြိုးမှမရှိပါဘူး၊ ငါတို့ကို ဘာလို့ဖိနှိပ်ချင်ရတာလဲ”
“လေးစားရတဲ့ ယွမ်ဂိုဏ်းရဲ့ ဘုရင်ငယ်သုံးဦးက ကိုယ့်ကိုကိုယ်တောင် ဝန်မခံရဲကြဘူး၊ ဘယ်လောက် ရယ်စရာကောင်းလိုက်သလဲ” ဝူယွမ်က လှောင်ပြောင်လိုက်သည်။
ဤသုံးဦးမှာ သူတို့ကို ဝူယွမ် မည်သို့ ရှာတွေ့သွားကြောင်းကို နားမလည်နိုင်ဖြစ်နေကြသည်။
သူတို့သည် သူတို့၏ အရှိန်အဝါများကို ရှင်းလင်းစွာ ဖုံးကွယ်ထားခဲ့ပြီး ဝူယွမ်၏ အရှေ့တွင် တစ်ခါမှ မပေါ်ထွက်ခဲ့ဖူးပေ။
အခန်း (၃၈၈) - ယခင်မျိုးဆက် ယွမ်ဂိုဏ်း၏ ယွမ်ဘုရင်ငယ် သုံးဦးကို ချေမှုန်းခြင်း(၂)
ဝူယွမ်အကြောင်းကို ဂိုဏ်း၏ ဆက်သွယ်မှုများမှတစ်ဆင့်သာ သူတို့ သိရှိခဲ့ကြခြင်းဖြစ်သည်။
ထို့အပြင် သူတို့က အမှောင်ထဲတွင် ရှိနေပြီး ဝူယွမ်တို့အဖွဲ့က အလင်းထဲတွင် ရှိနေသည်။
သို့သော်လည်း ရှောင်လွှဲ၍မရနိုင်ပေ။ ဝူယွမ်သည် ပြမ်လညါဝင်စားလာသူတစ်ဦးဖြစ်ရာ ယခင်မျိုးဆက် ယွမ်ဂိုဏ်း၏ ဘုရင်ငယ်သုံးဦး ဤနေရာသို့ လာရောက်မည်ကို သူသိရှိထားသည်။
ထို့ကြောင့် ကျွန်းပေါ်သို့ ဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက် ဝူယွမ်သည် ကျွန်းတစ်ခုလုံးရှိ လူတိုင်းကို စုံစမ်းထောက်လှမ်းရန် သူ၏ဝိညာဉ်စွမ်းအင်ကို ထုတ်လွှတ်ခဲ့ပြီး သူတို့သုံးဦးကို အလွယ်တကူ ရှာဖွေတွေ့ရှိသွားခဲ့ခြင်း ဖြစ်သည်။
ယွမ်ဂိုဏ်း၏ ဂိုဏ်းတံဆိပ်သည် တောင်ဂိုဏ်းတပည့်တိုင်း တစ်ခါမှမမေ့နိုင်သော အရာတစ်ခု ဖြစ်သည်။
“ဝူယွမ်၊ မင်း ဘာလိုချင်လို့လဲ၊ ငါတို့က ယွမ်ဂိုဏ်းက ဖြစ်ပေမယ့် မင်းနဲ့ ဘာရန်ငြိုးမှ မရှိဘူးလေ” တစ်ဦးက နောက်ဆုံးတွင် ဆက်လက်၍ မဟန့်တားနိုင်တော့ဘဲ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“မင်းတို့ တောင်ဂိုဏ်းရဲ့ ကောင်းကင်နန်းတော်က စီနီယာအစ်မကို သတ်ခဲ့တယ်လေ၊ ဒီရန်ငြိုးကို တောင်ဂိုဏ်းတစ်ခုလုံးက ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး၊”
လင်းတုန်က အေးစက်စွာ ပြောလိုက်သည်။
ယခင် ဂိုဏ်းပေါင်းစုံပြိုင်ပွဲကြီးသည် တောင်ဂိုဏ်းအတွက် ထာဝရနာကျင်မှုတစ်ခု ဖြစ်သည်။ ပါဝင်ယှဉ်ပြိုင်သော တပည့် ဆယ်ယောက်တွင် တစ်ယောက်သာ အသက်ရှင်ကျန်ရစ်ခဲ့ပြီး တောင်ဂိုဏ်း၏ စီနီယာအစ်မမှာ သူမ အရှုံးပေးပြီးနောက်တွင်ပင် ဤဘုရင်ငယ်သုံးဦး၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
“တောင်ဂိုဏ်းရဲ့ ရန်ငြိုးတွေ မပါရင်တောင်မှ မင်းတို့ယွမ်ဂိုဏ်းက မိစ္ဆာကောင်တွေက သေဖို့ထိုက်တန်တယ်” ဝူယွမ်က တိုက်ရိုက်ပြောဆိုကာ ယွမ်ဂိုဏ်း၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်ပြီး အေးစက်စွာ ပြောလိုက်သည်။
“မင်းတို့ သုံးယောက် ဒီကိုလာတာ၊ ကမ္ဘာခြားနတ်ဆိုးတွေရဲ့ အမိန့်နဲ့ ဒီမှာ ဖိနှိပ်ခံထားရတဲ့ ကမ္ဘာခြားနတ်ဆိုးကို လာကယ်တာဖြစ်ရမယ်”
မိုးကြိုးသခင်၏ လျှို့ဝှက်ဂူတွင် ကမ္ဘာခြားနတ်ဆိုးဘုရင်တစ်ပါး ဖိနှိပ်ခံထားရပြီး ယွမ်ဂိုဏ်း၏ ယွမ်သားတော်သုံးဦးမှာ ဤနေရာတွင် တိုက်တိုက်ဆိုင်ဆိုင် ပေါ်လာခဲ့သည်။
ဤအရာမှာ တိုက်ဆိုင်မှုတစ်ခုဟု ဝူယွမ်မထင်ပေ။ ယွမ်ဂိုဏ်းသည် အရှေ့ဘက်ရွှမ်ဒေသတွင်ရှိပြီး ဤကစဉ်ကလျားမိစ္ဆာပင်လယ်နှင့် အလှမ်းဝေးကြောင်း သိထားရမည်ဖြစ်သည်။
ဟိုတုန်းက မျိုးဆက်သစ် ယွမ်ဘုရင်ငယ်သုံးဦးသည် နတ်ဆိုးဗိုလ်ချုပ်များ ရှိနေကြောင်း သိလျက်နှင့်ပင် ဖန်ထျန်းမီးဖိုကို လုယူလိုခဲ့ကြရာ သူတို့၏ရည်ရွယ်ချက်များမှာ မသန့်ရှင်းပေ။
ယွမ်ဂိုဏ်းသည် ရှေးဟောင်းခေတ်က ဖိနှိပ်ခံထားရသော ကမ္ဘာခြားနတ်ဆိုးများကို ကယ်တင်ရန် ပြင်ဆင်လျက် လျှို့ဝှက်စွာ လှုပ်ရှားနေပြီဖြစ်ကြောင်း ထင်ရှားလှသည်။
“မင်း ဘာတွေပြောနေတာလဲ၊ ဘာကမ္ဘာခြားနတ်ဆိုးလဲ၊ ငါနားမလည်ဘူး၊ မင်း သတ်ချင်ရင်သတ်လိုက်၊ ဒီနေ့ မင်းလက်ထဲရောက်သွားတာ ငါတို့ကံဆိုးတာပဲ၊ ငါတို့ဆရာက ငါတို့အတွက် လက်စားချေပေးလိမ့်မယ်”
ဟဲယွမ်က ဟိန်းဟောက်လိုက်သော်လည်း သူ၏မျက်လုံးများက မသေချာမရေရာသည့် အရိပ်အယောင်များ တဖျတ်ဖျတ်လက်နေသည်။
သူ၏စိတ်နှလုံးထဲတွင် များစွာ တုန်လှုပ်သွားခဲ့ရသည်။ ဝူယွမ်က ကမ္ဘာခြားနတ်ဆိုးများ၏ တည်ရှိမှုကို သိရှိလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။
ယခုကြည့်ရသလောက် ယွမ်ဂိုဏ်းနှင့် ကမ္ဘာခြားနတ်ဆိုးများကြားရှိ ဆက်ဆံရေးကိုပင် သိရှိနေပုံရသည်။
ဤအချိန်တွင် သူ လုံးဝ ဝန်ခံ၍မဖြစ်ပေ။ ယွမ်ဂိုဏ်းက ကမ္ဘာခြားနတ်ဆိုးများနှင့် ပူးပေါင်းကြံစည်နေသည့်ကိစ္စသာ ပြန့်နှံ့သွားပါက သူတို့၏ယွမ်ဂိုဏ်းမှာ လောကကြီးတစ်ခုလုံး၏ ဆန့်ကျင်မှုကို ခံရမည်ဖြစ်သည်။
ယွမ်ဂိုဏ်းသည် ကမ္ဘာခြားနတ်ဆိုးဧကရာဇ် ပြန်လည်ရောက်ရှိလာသည်ကို စောင့်ဆိုင်းနေကြသည်။ ထိုအချိန်ရောက်လျှင် သူတို့၏ယွမ်ဂိုဏ်းသည် ထျန်းရွှမ်တိုက်ကြီး၏ ကိုယ်စားလှယ် ဖြစ်လာပေလိမ့်မည်။
“မင်းတို့ကိုကိုင်တွယ်ဖို့ တောင်ဂိုဏ်းရဲ့ ကောင်းကင်နန်းတော်ကို ငါ လွှဲပေးလိုက်မယ်”
ဝူယွမ်က ဤအသေးအဖွဲ သစ္စာဖောက်များကို စိတ်မဝင်စားပေ။ သူက သူတို့၏ကျင့်ကြံမှုကို တိုက်ရိုက်ဖျက်ဆီးပစ်လိုက်ပြီး ရှေးဟောင်းကျောက်တိုင်ကမ္ဘာအတွင်းသို့ ခေါ်ဆောင်သွားခဲ့သည်။
သူသည် ကျင့်ကြံမှုပျက်စီးသွားသော ထိုသုံးဦးကို တောင်ဂိုဏ်းသို့ ခေါ်ဆောင်လာခဲ့သည်။
တောင်ဂိုဏ်းတစ်ခုလုံးမှာ ရှေးဟောင်းကျောက်တိုင် ကမ္ဘာအတွင်းသို့ ပြောင်းရွှေ့လာခဲ့ပြီဖြစ်ရာ ယခင်နှင့် ကွာခြားမှုမရှိပေ။ လမ်းကြောင်းကို ကျွမ်းကျင်သော ဝူယွမ်သည် ကောင်းကင်နန်းတော်သို့ ရောက်ရှိလာခဲ့သည်။
“စီနီယာအစ်ကို ဝမ်ယန်၊ ထွက်လာပြီးကြည့်ပါဦး၊ အစ်ကို့အတွက် လက်ဆောင်ငယ်လေးတစ်ခု ငါယူလာတယ်”
ဝူယွမ်က ကျယ်လောင်စွာ ပြောလိုက်သည်။
ဤအချိန်တွင် ကောင်းကင်နန်းတော်၏ တပည့်များအားလုံး ဝူယွမ်ကို မြင်တွေ့လိုက်ကြသည်။
“စီနီယာအစ်ကို ဝူယွမ်ပဲ၊ စီနီယာအစ်ကို လင်းတုန်ရောပဲ”
ရွှမ်ထျန်း နန်းတော်၏ တပည့်များမှာ ဝမ်းသာအားရ ဖြစ်နေကြသည်။ ယခုအခါ ဝူယွမ်နှင့် လင်းတုန်တို့မှာ တောင်ဂိုဏ်း၏ နာမည်ကျော်များ ဖြစ်နေကြပြီး တပည့်များအားလုံးက သူတို့ကို အလွန် ကြည်ညိုလေးစားကြသည်။
ယင်းရှောင်ရှောင်၊ ယင်းဟွမ်ဟွမ်၊ ဝမ်ယန်နှင့် အခြားသူများ အလျင်အမြန် ထွက်လာကြသည်။
“ဟဲယွမ်၊ ချန်လင်း၊ လီလဲ့” ယင်းရှောင်ရှောင်၏ မျက်နှာမှာ ဝူယွမ် ပစ်ချလိုက်သော လူသုံးယောက်ကို မြင်သည်နှင့် ချက်ချင်း မှုန်ကုပ်သွားပြီး သူတို့၏နာမည်များကို အံကြိတ်ကာ ပြောလိုက်သည်။
ဝမ်ယန်၏မျက်လုံးများမှာ သွေးရောင်လွှမ်းသွားပြီး သူ၏နောက်ကျောရှိ ဧရာမဓားကြီးကို တိုက်ရိုက်ဆွဲထုတ်လိုက်သည်။
သူက ဝူယွမ်ကို ကြည့်ကာ ဝူယွမ်၏ခွင့်ပြုချက်ကို စောင့်ဆိုင်းနေသည်။
“ကစဉ်ကလျားမိစ္ဆာပင်လယ်မှာ ဒီသုံးယောက်နဲ့ တွေ့လို့ ဖမ်းပြီး ဒီကိုခေါ်လာတာ၊ အခု အကိုတို့ကို ကိုင်တွယ်ဖြေရှင်းဖို့ လွှဲပေးလိုက်ပြီ” ဝူယွမ်က ပြုံးကာ ပြောလိုက်သည်။
သူ၏ညီမ သေဆုံးသွားခြင်းကြောင့် ဝမ်ယန်သည် မှုန်ကုပ်နေခဲ့ပြီး သူ၏စိတ်နှလုံးထဲတွင် အမုန်းတရားများသာ ရှိနေခဲ့သည်။
သူ့ကို လက်စားချေခွင့်ပြုခြင်းက သူ၏စိတ်နှလုံးထဲရှိ နာကြည်းမှုများကို ပြေပျောက်သွားစေလိမ့်မည်။
ယင်းရွှမ်ဇီကလည်း ဤနေရာတွင် ဖြစ်ပျက်နေသည်ကို သတိပြုမိသွားပြီး တောင်ထွတ်မှနေ၍ လှမ်းကြည့်နေသည်။
“သူတို့ကို သတ်ပစ်”
“ငါတို့ရဲ့ စီနီယာအစ်မအတွက် လက်စားချေကြ”
ကောင်းကင်နန်းတော်၏ တပည့်များမှာ ဒေါသများဖြင့် ပြည့်နှက်နေကြပြီး အထူးသဖြင့် ပြီးခဲ့သော ဂိုဏ်းပေါင်းစုံ ပြိုင်ပွဲကြီးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အသက်ရှင်ကျန်ရစ်ခဲ့သူများ ပို၍ပင် ဒေါသထွက်နေကြသည်။
သူတို့အားလုံးသည် စီနီယာအစ်မ၏ ကာကွယ်မှုအောက်တွင် ဟဲယွမ်နှင့် အခြားသူများ၏ လက်မှ လွတ်မြောက်လာခဲ့ကြသူများ ဖြစ်သည်။
ထိုအချိန်က သူတို့၏ စီနီယာအစ်မသာ ယွမ်ဂိုဏ်းမှ လူများကို တားဆီးရန် ကျန်ရစ်ခဲ့ခြင်း မရှိပါက တောင်ဂိုဏ်းအဖွဲ့မှာ လုံးဝ သုတ်သင်ခံရနိုင်ခြေ ရှိသည်ဟု ဆိုနိုင်ပေသည်။
ဟဲယွမ်နှင့် အခြား နှစ်ဦးက အမုန်းတရားများ ပြည့်နှက်နေသော တောင်ဂိုဏ်းတပည့်များကို မျှော်လင့်ချက်မဲ့နေသော မျက်နှာများဖြင့် ကြည့်လိုက်ကြပြီး သူတို့၏ မျက်လုံးများထဲတွင် မလိုလားမှုများ ပြည့်နှက်နေခဲ့သည်။
“သေစမ်း”
ဝမ်ယန်က ပထမဆုံး တိုက်ခိုက်လိုက်ပြီး ဟဲယွမ်၏ လက်တစ်ဖက်ကို ဓားချက်တစ်ချက်တည်းဖြင့် ဖြတ်တောက်ပစ်လိုက်သည်။
သူက ဟဲယွမ်ကို မြန်မြန်မသေစေချင်ကြောင်း ထင်ရှားလှသည်။
တောင်ဂိုဏ်း တပည့်များက တစ်ယောက်ပြီး တစ်ယောက် တိုက်ခိုက်ကြရာ သိုင်းပညာ အမျိုးမျိုးက ထိုသုံးဦး၏ ခန္ဓာကိုယ်များပေါ်သို့ ကျရောက်သွားပြီး သေသည်အထိ ညှဉ်းပန်းနှိပ်စက်ကြလေတော့သည်။
…
“ကျေးဇူးတင်ပါတယ်”
ဝမ်ယန်က ဝူယွမ်ကို ကြည့်လိုက်ရာ သူ၏မျက်လုံးများထဲရှိ သတ်ဖြတ်လိုစိတ်များ အနည်းငယ် မှေးမှိန်သွားပြီး ရိုးသားမှုဖြင့် အစားထိုးသွားကာ အသံနိမ့်နိမ့်ဖြင့်ပြောလိုက်သည်။
ဝူယွမ်က ခေါင်းညိတ်ရုံသာ တုံ့ပြန်လိုက်သည်...
သုံးရက်အကြာ၊ ကောင်းကင်မိုးကြိုးပင်လယ်နယ်မြေ။
ဝူယွမ်နှင့် သူ၏အဖော်လေးဦးလုံး ကျွန်းငယ်လေးပေါ်တွင် ပြန်လည်ပေါ်ထွက်လာကြသည်။
“သူတို့ ရောက်လာပြီ”
“သူ ရောက်လာပြီ”
ဝူယွမ်နှင့် သူ၏အဖွဲ့ ရောက်ရှိလာသည်ကို မြင်သောအခါ စူးစမ်းရှာဖွေရန် အသင့်ပြင်ထားပြီးဖြစ်သော ကျွန်းပေါ်ရှိ အစွမ်းထက်ပုဂ္ဂိုလ်များအားလုံးက စိတ်လှုပ်ရှားနေသော မျက်နှာအမူအရာများကို ပြသလာကြသည်။
“အစ်ကိုကြီးဝူယွမ်၊ ရှင်ရောက်လာပြီပဲ၊ ဒါဆို ထွက်ကြစို့” လျှိုရှန်ရွှမ်က ရွှမ်ထျန်းနန်းတော်အဖွဲ့ကို ဦးဆောင်ကာ ဝူယွမ်ထံသို့ လာရောက်ပြီး ပြောလိုက်သည်။
“အင်း”
ဝူယွမ်က ခေါင်းညိတ်ပြလိုက်ပြီးနောက် ကောင်းကင်မိုးကြိုးပင်လယ်နယ်မြေ၏ နက်ရှိုင်းရာဆီသို့ ပျံသန်းသွားလေသည်။
ရွှီး၊ ရွှီး၊ ရွှီး...
ကျွန်းပေါ်ရှိ လူများက အနီးကပ်လိုက်ပါလာကြပြီး ပုန်းအောင်းနေသော အစွမ်းထက်ပုဂ္ဂိုလ်အများအပြားလည်း ရှိနေကာ ထောင်နှင့်ချီ၍ ရှိပြီး အားလုံးနီးပါးမှာ ဆန်းကြယ်ရှင်ခြင်းအဆင့်အထက်တွင် ရှိကြသည်။
သံသရာအဆင့် လျှို့ဝှက်ဂူ၏ ဆွဲဆောင်မှုမှာ တကယ်ကို ကြီးမားပုံရသည်။
ကစဉ်ကလျားမိစ္ဆာပင်လယ်တစ်ခုလုံးမှ အစွမ်းထက်ပုဂ္ဂိုလ်အများအပြား ရောက်ရှိလာကြသည်။
ဝုန်း!
ကောင်းကင်ယံရှိ အဆုံးအစမရှိသော မိုးကြိုးတိမ်တိုက်များမှ ကြမ်းတမ်းပြီး မိုးခြိမ်းသံများ အဆက်မပြတ် မြည်ဟည်းနေသည်။ ထိုဟိန်းဟောက်သံမှာ ကောင်းကင်နှင့် မြေကြီး၏အမျက်ဒေါသနှင့် တူပြီး အတော်လေး ကြောက်မက်ဖွယ်ကောင်းလှသည်။
ရံဖန်ရံခါ အလွန်တရာပြင်းထန်သော လျှပ်စီးတန်းများက မိုးကြိုးတိမ်တိုက်များမှ ကျဆင်းလာပြီးနောက် အောက်ဘက်ရှိ ပင်လယ်ရေပြင်ကို ကြမ်းတမ်းစွာ ရိုက်ခတ်ကာ ဧရာမလှိုင်းလုံးကြီးများကို ဖြစ်ပေါ်စေသည်။
တစ်ချိန်တည်းမှာပင် ငွေရောင် မိုးကြိုးအရည်များက အမည်းရောင်ပင်လယ်ရေပြင်ပေါ်တွင် ပြန့်ကျဲသွားကာ နားကွဲမတတ်စူးရှသော အသံများကို အဆက်မပြတ် ဖြစ်ပေါ်စေသည်။
မိုးကြိုးတိမ်တိုက်များဖြင့် ပြည့်နှက်နေသော ကောင်းကင်ယံအောက်တွင် ရေတွက်၍မရနိုင်သော လူရိပ်များက ကျိုင်းကောင်များပမာ အဝေးမှနေ၍ ဝင်ရောက်လာကြပြီး ရိုက်ခတ်လာသော လျှပ်စီးတန်းများကို သတိထားရှောင်ကွင်းကာ ပင်လယ်နယ်မြေ၏ နက်ရှိုင်းရာသို့ အလျင်အမြန် ခုန်ဆင်းသွားကြသည်။
“ဒီက မိုးကြိုးတွေက တကယ်ကို အရမ်းပြင်းထန်တာပဲ” လင်းတုန်သည် လျှပ်စီးတန်းတစ်ခု တိုက်ရိုက်ထိမှန်ခံလိုက်ရပြီးနောက် စိတ်လှုပ်ရှားနေသော အပြုံးတစ်ခုကို ပြသလိုက်သည်။
ယခု သူသည် ဝရဇိန်ဘုရင်ခန္ဓာကိုယ်ကို ကျင့်ကြံထားပြီးဖြစ်ရာ သာမန်လျှပ်စီးတန်းများက သူ၏ခန္ဓာကိုယ်ကို တုံ့ပြန်မှုတစ်ခုပင် မဖြစ်ပေါ်စေနိုင်တော့ပေ။
“မင်းက တကယ့်ကို ပုံမှန်မဟုတ်တဲ့ကောင်ပဲ၊ ရှောင်တျောင်းက ညည်းတွားလိုက်သည်။
ဤလျှပ်စီးတန်းများက ဆန်းကြယ်ရှင်ခြင်းအဆင့် မဟာပြည့်စုံခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးကိုပင် တစ်စစီ ကြေမွသွားစေနိုင်သော်လည်း လင်းတုန်ကို ထိမှန်သောအခါတွင်တော့ ယားကျိကျိဖြစ်ရုံသာ။
“ဟဲဟဲ”
လင်းတုန်က ရိုးရှင်းစွာ ပြုံးလိုက်သည်။
“ဒါပေမယ့် သတိထားဦး၊ ဒီက မိုးကြိုးတွေကို မိုးကြိုးဘိုးဘေးအဆောင်ကို ကိုင်ဆောင်ထားတဲ့ မိုးကြိုးသခင်က စုဆောင်းထားတာ၊ သူ့ရဲ့ စွမ်းအားက မသေးဘူး၊ ငါတို့ နက်နက်ရှိုင်းရှိုင်း ဝင်သွားလေလေ မိုးကြိုးတွေက ပိုပြီးအစွမ်းထက်လာဖို့ များလေလေပဲ၊ ဝင်စားခြင်းအဆင့်က မုလန်တောင် ဒီနေရာကို သတိထားနေရတာဆိုတော့ ငါတို့လည်း ပေါ့ဆလို့မရသေးဘူး” ဝူယွမ်က သတိပေးလိုက်သည်။
ယခု သူတို့၏ ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်များမှာ အစွမ်းထက်နေသော်လည်း ဝင်စားခြင်းအဆင့်ကို အပြည့်အဝ လျစ်လျူရှုနိုင်သည့် အဆင့်သို့ မရောက်သေးပေ။
သိပ်သည်းလှသော လျှပ်စီးတန်းများ၏ တိုက်ခိုက်မှုအောက်တွင် ပတ်ဝန်းကျင်မှ အော်ဟစ်သံများလည်း ထွက်ပေါ်လာသည်။ လေထဲတွင် ပျံသန်းနေသော အချို့လူရိပ်များမှာ ဧရာမလျှပ်စီးတိုင်ကြီးများ တိုက်ရိုက်ထိမှန်ခံလိုက်ရသည်။
သူတို့၏ ခန္ဓာကိုယ်များကို ကာကွယ်ရန် ယွမ်စွမ်းအင်များ ပြည့်နှက်နေသည့်တိုင်အောင် မီးခိုးငွေ့များ ထွက်နေသော အမည်းရောင် မီးသွေးခဲများအဖြစ် ပေါက်ကွဲသွားကြပြီး ကောင်းကင်ယံမှ မည်းနက်သော ပင်လယ်ရေထဲသို့ ထိုးကျသွားကြသည်။
ပူဖောင်းများလှိမ့်တက်လာပြီး သူတို့၏ခန္ဓာကိုယ်များမှာ ပင်လယ်အောက်ကြမ်းပြင်သို့ နစ်မြုပ်သွားကြလေသည်။
ဤအချိန်တွင် ဝူယွမ်နှင့် သူ၏အဖွဲ့ရှေ့ရှိ အမည်းရောင် မိုးကြိုးတိမ်တိုက်များမှာ ပြောင်းလဲသွားလေသည်။ မိုးကြိုးတိမ်တိုက်များက လေဝဲကတော့တစ်ခုကို ဖြစ်ပေါ်စေပြီး ၎င်းအတွင်း၌ လျှပ်စီးတန်းများ ရူးသွပ်စွာ တဖျတ်ဖျတ်လက်လာနေသည်။
“အဲဒါ မိုးကြိုးအရည် ရေတံခွန်ပဲ”