အခန်း (၂၄၁-၂၄၂)
Vol. 25 Ch. 241-242
🫧 Chapter 241
စာကြည့်ခန်း အတွင်းတွင်
ဖန်းရှောင်မော့ သည် နည်းလမ်းပေါင်းစုံ သုံး၍ ကြိုးစားကြည့်ပြီးနောက် ၁၂၀ (လူနာတင်ယာဉ်) ကို ဖုန်းခေါ်ရန် ပြင်နေစဉ်မှာပင် အဖေဖြစ်သူက သူ့အလိုလို သတိရလာခဲ့၏။
ဖန်းပေါ် သည် ဖြည်းညင်းစွာထိုင်လိုက်ပြီး သားဖြစ်သူကို မြင်သောအခါ ချက်ချင်းပင် ပါးတစ်ချပ်ကို ဖြတ်ရိုက်လိုက်တော့သည်။
ဖန်းရှောင်မော့ သည် အရိုက်ခံရသော်လည်း ဆူပူခြင်း မရှိဘဲ တိုးညင်းစွာ မေးလိုက်သည်။
"အဖေ၊ အဖေ အဆင်ပြေရဲ့လား"
အင်တာနက်ပေါ်မှ အချက်အလက်များကို မြင်ပြီးနောက် အဖေဖြစ်သူ၏ တုံ့ပြန်မှုက ဤမျှလောက် ကြီးမားလိမ့်မည်ဟု သူလည်း မထင်မှတ်ထားခဲ့ချေ။
အဖေဖြစ်သူ သတိလစ်သွားသော ထိုမိနစ်အနည်းငယ် အတွင်းတွင် သူသည် ကိုယ့်ကိုယ်ကိုယ် ပြန်လည် ဆင်ခြင် သုံးသပ်နေခဲ့ပြီး ဖြစ်ပေသည်။
ဖန်းပေါ် သည် မျက်မှောင်ကြုတ်ကာ "ကြည့်ရတာ အိပ်ရာက မနိုးသေးတာ ဖြစ်မယ်" ဟု တီးတိုး ရေရွတ်လိုက်၏။
ထိုသို့ ပြောပြီးနောက် သူသည် ပြန်လည် လှဲလျောင်းသွားတော့သည်။
ဖန်းရှောင်မော့ သည် တောင်းပန်စကား ပြောရန် ပြင်နေစဉ် ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် အနည်းငယ် ကြောင်အမ်း အမ်း ဖြစ်သွားတော့သည် : "...."
'ဒါ ဘာအခြေအနေလဲ'
သူ အနည်းငယ် စဉ်းစားလိုက်ပြီး လက်မြှောက်ကာ အဖေဖြစ်သူ၏ပေါင်ပေါ်သို့ ရိုက်ချလိုက်၏။
ထိုအခါ'ဖျန်း' ဆိုသော အသံတစ်သံ ထွက်ပေါ်လာကာ ဖန်းပေါ် သည် နာကျင်လွန်းသဖြင့် ချက်ချင်း ထထိုင်လိုက်ပြီး "မင်းကများ ငါ့ကို ပြန်လုပ်ရဲတယ်ပေါ့လေ" ဟု ဒေါသတကြီး အော်ဟစ်လိုက်တော့၏။
ဖုန်းရှောင်မော့သည် လည်ပင်းကို ပုလိုက်ပြီး "အဖေ၊ အဖေ အိပ်မက်မက်နေတာ မဟုတ်ဘူး ဆိုတာကို သားက ပြောပြချင်ရုံလေးပါ"
ပါးစပ်မှ ထိုစကား ထွက်သွားသည်နှင့် တစ်ပြိုင်နက် သူ ချက်ချင်း နောင်တရသွားတော့၏။
အကယ်၍ အဖေဖြစ်သူကို ထပ်မံ၍ လှုံ့ဆော်လိုက်သလို ဖြစ်သွားလျှင် အဘယ်ကဲ့သို့လုပ်မည်နည်း။
ဖန်းပေါ် သည် တစ်ခဏမျှ တိတ်ဆိတ်သွားပြီး "မင်း အပြင်ထွက်တော့၊ ငါ တစ်ယောက်တည်း တိတ်တိတ်လေး နေချင်တယ်"
"ဟုတ်"
သားဖြစ်သူ ထွက်သွားပြီးနောက် ဖန်းပေါ် သည် တံခါးကို လျင်မြန်စွာ ဂျက်ချလိုက်၏။
ထို့နောက် သူသည် ကွန်ပျူတာကို ဖွင့်ကာ တိုက်ရိုက်ထုတ်လွှင့်မှု အတွင်းသို့ ဝင်ရောက်သွားတော့သည်။
စောစောက သူ ထုတ်မပြောခဲ့သည့် အရာမှာ တိုက်ရိုက်ထုတ်လွှင့်မှု အတွင်းတွင် အနည်းငယ် ရင်းနှီးနေသော မျက်နှာတစ်ခုကို မြင်တွေ့လိုက်ရခြင်းပင် ဖြစ်ပေသည်။
သို့သော် ထိုလူမှာ လွန်ခဲ့သော နှစ်အနည်းငယ်ကပင် သေဆုံးသွားခဲ့ပြီ ဖြစ်သဖြင့် သူက ရုပ်ချင်းဆင်တူနေခြင်းသာ ဖြစ်မည်ဟု မူလက ထင်မှတ်ထားခဲ့၏။
သို့သော် ထိုတိုက်ရိုက်ထုတ်လွှင့်မှုကသာ အစစ်အမှန် ဖြစ်နေမည် ဆိုပါက ၎င်းမှာ ရုပ်ချင်း ဆင်တူနေခြင်း မဟုတ်တော့ချေ။
ဖန်းပေါ် သည် ထိုမြေအောက်ကမ္ဘာ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရင်း သူ၏ နှလုံးသားထဲတွင် ရုတ်တရက် မီးတောက်တစ်ခု စတင် လောင်ကျွမ်းလာတော့၏။
'လခွမ်း'
'လူငယ်ဘဝတုန်းက ဘယ်သူကများ အိပ်မက်မရှိခဲ့ဖူးလို့လဲ'
'ဒါ့အပြင် သူက အရင်တုန်းက ဝါရင့် စီနီယာ တစ်ယောက်တောင် ဖြစ်ခဲ့သေးတယ်လေ'
ဖန်းပေါ် သည် တိုက်ရိုက်ထုတ်လွှင့်မှုကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေတော့သည်။
တိုက်ရိုက်ထုတ်လွှင့်မှု ပြီးဆုံးသွားပါက စောစောက မြင်တွေ့ခဲ့ရသော ထိုရင်းနှီးနေသည့် မျက်နှာပိုင်ရှင်နှင့် ဆက်သွယ်နိုင်မလား ဆိုတာကို အရင်ဆုံး စမ်းသပ်ကြည့်ရန် သူ ပြင်ဆင်ထားလိုက်၏။
အိပ်မက်များ လက်တွေ့ဘဝသို့ ရောက်ရှိလာခြင်းမှာ အလွန် မှော်ဆန်လှပေသည်။
သို့သော် အခွင့်အရေး အနည်းငယ်မျှ ရှိနေမည် ဆိုလျှင်ပင် လူကို အလွန် စိတ်လှုပ်ရှားစေနိုင်ပေသည်။
မြေအောက်ကမ္ဘာတွင်
'ဘန်း'
၄၉ ကောင်မြောက် သရဲသည် ပြိုင်ပွဲစင်မြင့်ပေါ်မှ လွှင့်ပစ်ခံလိုက်ရပြီးနောက် ပြိုင်ပွဲစင်မြင့်ပေါ်တွင် သရဲတစ်ကောင်သာ ထပ်မံ ကျန်ရှိနေတော့၏။
ထိုသရဲမှာ လက်ရှိ ဘောစ့်ပင် ဖြစ်ပေသည်။
သူသည် ရှေးခေတ် ဆံပင်ပုံစံကို ထားရှိပြီး ဆံပင်အရှည်များကို နောက်စေ့တွင် စုစည်း ချည်နှောင်ထားကာ အရပ်ရှည်ပြီး ကြွက်သားများ တောင့်တင်းနေ၏။
ဤမျှလောက် အချိန်ကြာအောင် တိုက်ခိုက်ပြီးနောက် သူ၏ ကိုယ်ပေါ်တွင် ဖုံးလွှမ်းထားသော သံချပ်ကာများ၏ အစိတ် အပိုင်းအချို့မှာလည်း ကြေမွသွားခဲ့ပြီ ဖြစ်ပေသည်။
နောက်စေ့တွင် ချည်နှောင်ထားသော ဆံပင်ရှည်များသည်လည်း ပြေကျလာကာ ကျောပြင်ပေါ်တွင် ဖြန့်ကျနေပြီး တစ်ကိုယ်လုံးတွင် ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်ချင်စိတ်များ လွှမ်းခြုံနေတော့၏။
သူသည် ပြိုင်ပွဲစင်မြင့် အောက်ဘက်တွင် ဝိုင်းရံနေသော သရဲများကို ကြည့်ကာ နှုတ်ခမ်းစွန်းတွင် သွေးဆာနေသော အပြုံးတစ်ခု ထွက်ပေါ်လာသည်။
"ဘယ်သရဲမှ ထပ်မတက်လာတော့ဘူးလား"
"ဒီ ဘောစ့် နေရာကို မင်းတို့ မလိုချင်ကြတော့ဘူးလား"
ထိုအခါပြိုင်ပွဲစင်မြင့် ပတ်ပတ်လည်ရှိ သရဲများသည် တစ်ခဏမျှ တိတ်ဆိတ်သွားကြ၏။
သူတို့သည် ဘေးနားတွင် တောင်ကုန်းငယ် တစ်ခုကဲ့သို့ စုပုံနေသော သရဲများကို လှမ်းကြည့်လိုက်ကြသည်။
ထိုသူများ အားလုံးမှာ ရှုံးနိမ့်သွားပြီး ယာယီ လှုပ်ရှားနိုင်စွမ်း ဆုံးရှုံးသွားသူများ ဖြစ်ပေသည်။
မည်သည့် သရဲမှ ထပ်မံ၍ မတက်သွားကြတော့ချေ။
"ဘောစ့်"
ထိုစဉ်သရဲတစ်ကောင်က လှမ်းအော်လိုက်၏။
"ဘောစ့် အစွမ်းထက်တယ်"
"ဘောစ့်၊ ဘောစ့်"
ပြိုင်ပွဲစင်မြင့် ဘေးရှိ သရဲများသည် စတင် အော်ဟစ် အားပေးလာကြတော့သည်။
ဝိညာဉ်ဈေးတန်း၏ ဘောစ့် အသစ် တစ်ယောက် မွေးဖွားလာခဲ့ပြီ ဖြစ်၏။
စင်မြင့်ပေါ်ရှိ လက်ရှိ ဘောစ့်သည် နှုတ်ခမ်းတွင် ပြုံးယောင်သန်းလျက် ခွန်အားများ ပြည့်ဝနေသော လက်သီးနှစ်ဖက်ကို မြှောက်ကာ အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်ပေသည်။
သူပိုင်ဆိုင်သော ဂုဏ်ကျက်သရေရှိသည့် အခိုက်အတန့်ကို ခံစားနေခြင်းပင် ဖြစ်၏။
ထိုကိစ္စများပြီးသော်"သွားကြစို့" ဟု ကျန်းလင် က ပြောလိုက်သည်။
နေ့တစ်ဝက်မျှ ပြိုင်ပွဲကို ကြည့်ရှုပြီးနောက် ကျန်းလင်သည် ကျွမ်းကျင်မှုနှင့် တိုက်ကွက် အမျိုးပေါင်း ဆယ်ဂဏန်းခန့်ကို မြင်တွေ့ခဲ့ရပြီး ဖြစ်ပေသည်။
လီစုန့် ပြောသကဲ့သို့ပင် အမျိုးအစား စုံလင်မှု အပိုင်းတွင်မူ ဝိညာဉ်ဈေးတန်းက ပို၍ ပြည့်စုံလှ၏။
တစ်ချိန်တည်းမှာပင် ကျန်းလင်၏ စိတ်ထဲတွင် မိမိကိုယ်ကို ခွန်အားကြီးအောင် လိုက်စားသော တောင်ဘက် ခန်းမဆောင်၏ စိတ်ဓာတ်အပေါ် ပိုမို ရှင်းလင်းသော အသိအမြင် တစ်ခု ရရှိသွားခဲ့ပေသည်။
ဝိညာဉ်အငွေ့အသက်ကို မည်သို့ အသုံးပြုရမည်ကို လေ့လာ သုတေသန ပြုလုပ်ရာတွင် တောင်ဘက် ခန်းမဆောင်က အမှန်တကယ်ပင် ပိုမို ကျွမ်းကျင်သည်ဟု ဆိုရမည် ဖြစ်၏။
အရှေ့ဘက် ခန်းမဆောင်တွင်မူ အားလုံးသည် ဝိညာဉ်လက်နက် ဖြစ်စေ၊ ဝိညာဉ်အငွေ့အသက် ဖြစ်စေ ကိုယ်အဆင်ပြေသလိုသာ အသုံးပြုကြပေသည်။
ဝိညာဉ်လက်နက် အသုံးပြုရန် အသားမကျသူ အချို့ ဆိုလျှင် လက်သီးဖြင့် တိုက်ရိုက် ဝင်ချသည်မျိုးလည်း ရှိ၏။
တောင်ဘက် ခန်းမဆောင်ကဲ့သို့ ဤမျှလောက် အချိန်ကုန်ခံ၍ လေ့လာ သုတေသန ပြုလုပ်ခြင်းမျိုး မရှိခဲ့ချေ။
ကျန်းလင် စဉ်းစားလိုက်သည်မှာ တာဝန်ဌာနရှိ ကျွမ်းကျင်မှုများနှင့် သင်ခန်းစာများကို အရင်ဆုံး သင်ယူပြီးနောက် ဝိညာဉ်ဈေးတန်းသို့ ပြန်လာကာ ဤတိုက်ကွက်များကို ဖြည်းဖြည်းချင်း လေ့လာကြည့်မည် ဆိုလျှင်လည်း နောက်မကျသေးကြောင်း တွေးလိုက်ပေသည်။
"အို လာပြီ"
စိတ်လှုပ်ရှားနေသော လီစုန့် သည် ထိုစကားကို ကြားသော အခါ မည်သည့်စကားမျှ မပြောသော်လည်း သူ၏ စိတ်အားထက်သန်မှုမှာ ချက်ချင်း ကျဆင်းသွားတော့၏။
သူတို့ နှစ်ယောက် အနောက်သို့ လှည့်ပြန်မည့် အချိန်မှာပင် အနောက်ဘက်မှ အသံတစ်သံ ရုတ်တရက်ထွက်ပေါ်လာတော့သည်။
"ဟိုဘက်က ဝိညာဉ်တမန်တော်ကြီး၊ အခုပဲ ပြန်တော့မလို့လား"
ကျန်းလင်သည် ဘယ်သူ့ကို ခေါ်နေမှန်း မသိသဖြင့် အရှိန်မပျက်ဘဲ ဆက်လျှောက်သွားခဲ့၏။
သူ့ပတ်ဝန်းကျင်ရှိ သရဲတစ္ဆေများက လမ်းဖယ်ပေးလိုက်ကြပြီး မျက်လုံးအစုံပေါင်းများစွာက သူ့ကို စိုက်ကြည့်လာချိန်မှသာ သူ ရပ်တန့်သွားတော့သည်။
ကျန်းလင် : "...."
သူ အနောက်သို့ လှည့်ကြည့်လိုက်ရာ မိမိ၏အရှေ့တွင် အလယ်ဗဟို အကျဆုံး အနီရောင် ပြိုင်ပွဲစင်မြင့်ဆီသို့ တိုက်ရိုက် ဦးတည်နေသော လမ်းတစ်ကြောင်း ပေါ်ထွက်လာသည်ကို တွေ့လိုက်ရပေသည်။
စင်မြင့်ပေါ်တွင်
ထိုလက်ရှိ ဘောစ့်သည် ဆံပင်များကို ပြန်လည်ချည်နှောင်ထားပြီး နှုတ်ခမ်းတွင် အပြုံးတစ်ခု ချိတ်ဆွဲကာ မေးကို အနည်းငယ် မော့လျက် သူ့ကို ရန်စနေသော အကြည့်ဖြင့် ကြည့်နေ၏။
"ဒီလောက် အကြာကြီးကြည့်နေပြီးတော့ ဝင်မစမ်းကြည့်ချင်ဘူးလား"
သူသည် ကျန်းလင်ကို စောစောကတည်းက သတိထားမိနေကြောင်း သိသာလှပေသည်။
ဤဝိညာဉ်ဈေးတန်းတွင် ဝိညာဉ်တမန်တော်များသည်လည်း မိမိတို့၏ တိုက်ကွက်သစ်များကို လာရောက် စမ်းသပ်ခြင်း သို့မဟုတ် ကိုယ်ခံပညာ လေ့ကျင့်ခြင်းများ ပြုလုပ်ရန် မကြာခဏ လာရောက်လေ့ရှိကြ၏။
သူ၏ဘောစ့်ဖြစ်လာမည့် လမ်းခရီးတွင် ဝိညာဉ်တမန်တော် ပြိုင်ဘက် တစ်ပါးမရှိဘဲ မည်သို့ ပြည့်စုံနိုင်မည်နည်း။
လီစုန့် သည် ထိုလက်ရှိ ဘောစ့်ကို မျက်နှာမူကာ သတိပေးလိုက်သည်။
"ကျိုးကျိ၊ ဒါက အရှေ့ဘက် ခန်းမဆောင်ကလာတဲ့ ဧည့်သည်နော်"
ကျိုးကျိ ၏ မျက်နှာထားက ပြောင်းလဲသွားခြင်းမရှိဘဲ ပိုလို့ပင်စိတ်အားထက်သန်လာကာ မျက်လုံးများထဲတွင် ရန်စလိုမှုများ ပြည့်နှက်နေတော့၏။
"ခဲခဲယဥ်းယဉ်း လာရတဲ့ ခရီးစဉ်ပဲ၊ ပိုပြီးတောင် စမ်းကြည့်သင့်တာ မဟုတ်ဘူးလား"
အရှေ့ဘက် ခန်းမဆောင်မှ ဝိညာဉ်တမန်တော် ရောက်နေကြောင်းကို သူ ကြားထားသည်မှာ ကြာပြီဖြစ်ပြီး အရှေ့ဘက် ခန်းမဆောင်၏စွမ်းရည်ကိုလည်း အကဲခတ်ချင်နေခဲ့သည်မှာ အတော်ပင် ဖြစ်ပေသည်။
"သွားမှာလား သွားမှာလား"
လီစုန့် သည် မေးခွန်းထုတ်နေသော်လည်း သူ့မျက်နှာထားကမူ 'ချပါ ချပါ၊ သွားချလိုက်' ဟု သိသာစွာ ပြောနေသကဲ့သို့ ရှိနေသည်။
ထိုအခါကျန်းလင်သည် သူ့ကို တစ်ချက် မော့ကြည့်လိုက်ပြီး အကြည့်ကို ရုပ်သိမ်းကာ ပြိုင်ပွဲစင်မြင့်ဆီသို့ လျှောက်သွားလိုက်၏။
အရှေ့ဘက် ခန်းမဆောင်တွင် သူသည် ကျန်းလင်သာ ဖြစ်ပေသည်။
သို့သော် တောင်ဘက် ခန်းမဆောင်တွင်မူ သူသည် အရှေ့ဘက် ခန်းမဆောင်၏မျက်နှာစာကို ကိုယ်စားပြုနေ၏။
ထို့အပြင် သူကိုယ်တိုင်လည်း ဤအရာများကို အတော်လေး စိတ်ဝင်စားနေသဖြင့် ကိုယ်တိုင် ကိုယ်ကျတွေ့ကြုံခံစားကြည့်ခြင်းကလည်း မဆိုးလှချေ။
ထိုသို့ မြင်သောအခါ ကျိုးကျိ မျက်နှာပေါ်ရှိ အပြုံးက ပို၍ ပီပြင်လာတော့သည်။
"ဒါနဲ့ ပြိုင်ပွဲစင်မြင့်ရဲ့ စည်းကမ်းတွေကို ခင်ဗျား သိပြီးပြီလား ငါတို့ ဧည့်သည်ကို ဘယ်သူက ရှင်းပြပေးမလဲ"
ကျန်းလင် "ပြိုင်ပွဲ ဆိုတာ မသေသရွေ့ ဘာလုပ်လုပ် ရတယ် ဆိုတာလား" ဟု ပြန်မေးလိုက်၏။
ထိုသို့ ပြောရင်း ကျန်းလင်သည် အရှိန်တင်လိုက်ရာ မျက်စိတစ်မှိတ် အတွင်းမှာပင် ပြိုင်ပွဲစင်မြင့်ပေါ်သို့ ရောက်ရှိသွားတော့သည်။
ကျိုးကျိ မျက်လုံးအိမ် ကျဉ်းမြောင်းသွား၏။ ကျန်းလင် ဤမျှ မြန်ဆန်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။
သို့သော် ဝိညာဉ်ဈေးတန်းတွင် အမြန်နှုန်းဖြင့် နာမည်ကြီးသော သရဲများလည်း မနည်းလှသဖြင့် သူ အလွန်အမင်း အံ့အားသင့်သွားခြင်းတော့ မရှိခဲ့ပေ။
"ဝူးဟူး"
"ဘောစ့်၊ ဘောစ့်"
"ဝိညာဉ်တမန်တော်ကြီး ချလေ"
ဘေးပတ်လည်တွင် ဝိုင်းကြည့်နေကြသော သရဲတစ္ဆေများသည် စတင် စိတ်လှုပ်ရှားလာကြတော့၏။
နောက်ဆုံးတွင် ဝိညာဉ်တမန်တော်နှင့် လက်ရှိ ဘောစ့် ယှဉ်ပြိုင်ကြမည်ကို မြင်တွေ့ရလိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ကြချေ။
တစ်ယောက်ပြီး တစ်ယောက် အော်ဟစ် အားပေးကြသလို လေချွန်သူများလည်း ရှိပေသည်။
ခုမှ ရောက်လာသော သရဲအချို့သည် အရှေ့ဘက် ခန်းမဆောင်မှ လာသော ဝိညာဉ်တမန်တော် ဖြစ်ကြောင်း ကြားသိရသောအခါ တစ်ခဏအတွင်း ပို၍ပင် စိတ်လှုပ်ရှားသွားကြတော့၏။
ဤသရဲများ အတွက်မူ ဧည့်သည် ဖြစ်စေ မဖြစ်စေ ဂရုမစိုက်ကြချေ။
သူတို့ သိချင်သည်မှာ အရှေ့ဘက် ခန်းမဆောင်မှ ဝိညာဉ်တမန်တော်သည် တိုက်ခိုက်နိုင်စွမ်း ရှိမရှိ ဆိုသည်ကိုသာ ဖြစ်ပေသည်။
'တိုက်ရတာကော မိုက်ရဲ့လား' ဆိုသည်ကိုသာ ဖြစ်၏။
ပြိုင်ပွဲစင်မြင့်ပေါ်တွင်
ကျိုးကျိ ကိုယ်ပေါ်ရှိ ဝိညာဉ်အငွေ့အသက်များဖြင့် ဖန်တီးထားသော သံချပ်ကာသည် လျင်မြန်စွာ ပြန်လည် ပြုပြင်နေပြီး သူ့ လက်ထဲတွင်လည်း ဝိညာဉ်အငွေ့အသက်ဖြင့် ဖန်တီးထားသော ဓားတစ်လက် လျင်မြန်စွာ ထွက်ပေါ်လာပေသည်။
"ဝိညာဉ်တမန်တော်ကြီးက ပထမဆုံးအကြိမ် ရောက်လာတာ ဆိုတော့ ခင်ဗျား အသင့်ဖြစ်တဲ့အထိ ကျွန်တော် အရင်စောင့်နေပေးရမလား"
ကျိုးကျိ ထိုသို့ ပြောနေသော်လည်း မထင်မှတ်ထားသော အချိန်တွင် အရင်ဆုံး ဝင်ရောက် တိုက်ခိုက်ရန် ပြင်ဆင်နေပြီ ဖြစ်၏။
မည်သို့ပင်ဖြစ်စေ ဤပြိုင်ပွဲစင်မြင့်ပေါ်တွင် မည်သူကမျှ သင့်ကို အကျိုးအကြောင်း လာပြနေမည် မဟုတ်ချေ။
လျှို့ဝှက်စွာ ဖြစ်စေ၊ ဗြောင်ကျကျ ဖြစ်စေ အားလုံးသည် နိုင်ခြင်း ရှုံးခြင်းကိုသာ ဂရုစိုက်ကြမည် ဖြစ်ပေသည်။
သို့သော် ကျိုးကျိ လှုပ်ရှားရန် အချိန်ပင် မရလိုက်ချေ။
နောက်တစ်စက္ကန့်တွင် သူ ကြောင်အမ်းအမ်း ဖြစ်သွားတော့၏။
ကျန်းလင် ပြိုင်ပွဲစင်မြင့်ပေါ်သို့ ရပ်လိုက်သည်နှင့် သူ၏ ခန္ဓာကိုယ် အတွင်းရှိ စွမ်းအားများကို ဖိနှိပ်ထားသော အင်အားတစ်ခု ရှိနေကြောင်း ခံစားလိုက်ရသည်။
ဤပြိုင်ပွဲစင်မြင့်ပေါ်ရှိ ဝိညာဉ်အငွေ့အသက်များကို ကန့်သတ်ထားမည် ဆိုသော လီစုန့် ၏စကားကို သူ ပြန်သတိရသွားသဖြင့် မည်သို့မျှ ခုခံနေခြင်း မပြုခဲ့ချေ။
သို့သော် သူ အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင် နက် တိုးညင်းသော အသံတစ်သံထွက်ပေါ်လာသည်ကို ကြားလိုက်ရ၏။
၎င်းမှာတစ်ခုခု ကွဲအက်သွားသည့် အသံမျိုး ဖြစ်ပေသည်။
ထို့နောက် ပြိုင်ပွဲစင်မြင့် တစ်ခုလုံး လင်းထိန်သွားတော့၏။
ပြီးနောက်အနီရောင် အလင်းတန်း တစ်ခုသည် ပြိုင်ပွဲစင်မြင့် အစွန်းမှနေ၍ ထွက်ပေါ်လာပြီး အဆက်မပြတ် တဖျတ်ဖျတ် လင်းလက်နေတော့သည်။
🫧 Chapter 242
အားလုံးသည်ပြိုင်ပွဲစင်မြင့် ပတ်ပတ်လည်တွင် ထွက်ပေါ်လာသော အလင်းရောင်ကို ကြည့်ရင်း ပြိုင်ပွဲကွင်း တစ်ခုလုံး တိတ်ဆိတ်သွားတော့၏။
ဤအရာက ထူးခြားသော ပုံစံတစ်ခုများလား ဟု ကျန်းလင် တွေးတောနေစဉ် တစ်ဖက်မှ လက်ရှိ ဘောစ့် ကျိုးကျိ ကြောင်အမ်းအမ်း ဖြစ်သွားသည်ကို မြင်လိုက်ရပေသည်။
ထို့နေယက်သူသည် ပါးစပ်ဟလိုက်ပြီး လည်ချောင်းထဲမှ ခြောက်ကပ်နေသော အသံဖြင့် မေးလိုက်၏
"ခင်ဗျား၊ ခင်ဗျားက ဘယ်အဆင့်မှာလဲ"
ကျန်းလင်သည် ပတ်ဝန်းကျင်ရှိ သရဲတစ္ဆေများ၏ ထူးဆန်း သော မျက်နှာထားများကို သတိထားမိလိုက်ပြီး "ဝိညာဉ်ဘုရင် အလယ်အလတ်အဆင့်" ဟု ဖြေလိုက်၏။
'ဒါ ဘာပြဿနာ ရှိလို့လဲ'
လက်ရှိ ဘောစ့် ကျိုးကျိ : "...."
'သူက မထိုက်တန်တာပါလေ'
ဝိညာဉ်ဈေးတန်းမှ သရဲများ : "...."
'ဝိညာဉ်ဘုရင် အဆင့်ကြီးနဲ့ လာပြီး ဘာလာချနေတာလဲ'
'ဒါကို ဘယ်လို ဆက်ချရမှာလဲ'
သူတို့ တိုက်ခိုက်သည်ကို ကြည့်ချင်နေသော လီစုန့်ပင်လျှင် ကြောင်အမ်းအမ်း ဖြစ်သွားတော့၏။
'ဝိညာဉ်ဘုရင် အလယ်အလတ်အဆင့် ဟုတ်လား'
'သူက ဝိညာဉ်ဘုရင်အဆင့်ကြီး ဖြစ်နေတာလား'
ပုံမှန်အချိန်များတွင် ကျန်းလင်သည် ဝိညာဉ်အငွေ့အသက်များကို သိမ်းဆည်းထားသဖြင့် အစစ်အမှန်အဆင့်ကို လုံးဝ မမြင်နိုင်ခဲ့ချေ။
ထို့ကြောင့် ဤမျှလောက် အဆင့်မြင့်နေလိမ့်မည်ဟု မထင် မှတ်ထားခဲ့ပေ။
လက်ရှိ ဘောစ့် ကျိုးကျိ သည် အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး ပြိုင်ပွဲစင်မြင့် အောက်ဘက်ရှိ ဆိုင်းဘုတ်ကို တုန်ယင်နေသောလက်ဖြင့် ညွှန်ပြလိုက်၏။
"ဝိညာဉ်တမန်တော်ကြီး၊ ဒီပြိုင်ပွဲစင်မြင့်က ဝိညာဉ်ဘုရင် အဆင့်အောက်တွေအတွက်ပဲ ကန့်သတ်ထားတာပါ"
ဤပြိုင်ပွဲစင်မြင့်ပေါ်သို့ တက်လာသူတိုင်း၏ ခန္ဓာကိုယ် အတွင်းရှိ ဝိညာဉ်အငွေ့အသက်များသည် ဝိညာဉ်စစ်သူကြီး အဆင့်အောက်သို့ အတင်းအကျပ် ဖိနှိပ်ခံရမည် ဖြစ်ပေသည်။
သို့သော် ၎င်းမှာ ဝိညာဉ်ဘုရင် အဆင့်အောက်ရှိ သရဲများ အတွက်သာ ကန့်သတ်ထားခြင်းဖြစ်၏။
ဝိညာဉ်ဘုရင်အဆင့်၏ အရှေ့တွင် ဤပြိုင်ပွဲစင်မြင့်၏ စနစ်က ကစားစရာလေး တစ်ခုကဲ့သို့သာဖြစ်နေပြီး ဝိညာဉ်အငွေ့အသက်ကို ဖိနှိပ်ရန်ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ချေ။
လက်ရှိ ဘောစ့် ကျိုးကျိသည် အံကို တင်းတင်းကြိတ်ထားလိုက်၏။
ယခင် ဘောစ့် အဆက်ဆက်တွင် မည်သူမျှ မကြုံခဲ့ရဘဲ ဘာကြောင့် သူမှလာပြီး ဝိညာဉ်ဘုရင် အဆင့်ကိုရွေးချယ်မိသွားရသနည်း။
ကျန်းလင်ကို သူမည်သို့ ဆက်တိုက်ရမည်နည်း။
သူ စောစောကပြောခဲ့သော စကားများနှင့် ရန်စခဲ့သော စကားများကို ပြန်တွေးမိသောအခါ ကျိုးကျိသည်လွန်ခဲ့သော နှစ်မိနစ်ခန့်က အချိန်သို့ ပြန်သွားပြီး ကိုယ့်သေတွင်း ကိုယ်တူးနေသော သူ့ကိုယ်သူ သတ်ပစ်လိုက်ချင်စိတ် ပေါက်သွားတော့သည်။
ကျိုးကျိသည် တိုက်ခိုက်ရသည်ကို နှစ်သက်ပြီး မိမိ၏ ဘောစ့် နေရာကို ပိုမိုတောက်ပလာစေရန် ဆန္ဒရှိသော်လည်း မည်သည့် အဆင့်ရှိ သရဲကို စိန်ခေါ်လို့ ရပြီး မည်သည့် အဆင့်ကို စိန်ခေါ်လို့ မရဘူး ဆိုသည်ကိုတော့ သူ သိထားပေသည်။
ဝိညာဉ်ဘုရင် အဆင့်အောက်က လာမည် ဆိုပါက နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ သူ အသေအလဲတိုက်ခိုက်မည်သာ ဖြစ်၏။
သို့သော် ဝိညာဉ်ဘုရင် အဆင့် ဆိုလျှင်တော့ ခိုးကြောင်ခိုး ဝှက် တိုက်ခိုက်မည်လော။
ဘောစ့်ကို နေရာ လုမည်လော။
'သူက မထိုက်တန်တာပါလေ၊ မထိုက်တန်တာပါ၊ လုံးဝ မထိုက်တန်တာပါ'
ကျိုးကျိ : "...."
"ဟုတ်လား၊ ဒီလို စည်းကမ်းမျိုးရှိသေးတာလား"
ကျန်းလင်သည် ဤမျှလောက် ကြီးမားသော အမှားအယွင်း ဖြစ်သွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။
အဆင့်ကန့်သတ်ချက် ရှိသည် ဆိုသည်ကိုလည်း မည်သူကမျှ သူ့ကို မပြောခဲ့ပေ။
သူ လီစုန့် ကို တစ်ချက် ကြည့်လိုက်ရာ လီစုန့်သည် ခေါင်းကို လက်နှစ်ဖက် ကြားတွင် ဝှက်ထားသည်ကို တွေ့လိုက်ရ၏။
"ဒါဆိုလည်း ထားလိုက်ပါတော့"
ကျန်းလင်သည် ပြိုင်ပွဲစင်မြင့်ပေါ်မှ ထွက်ခွာလာခဲ့ပြီး စိတ်ထဲတွင် အနည်းငယ်တော့ နှမြောသွားမိပေသည်။
သူ အပြင်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် ပြိုင်ပွဲစင်မြင့် ပတ်ပတ်လည်ရှိ အနီရောင်အလင်းတန်းများသည် လျင်မြန်စွာ ပျောက်ကွယ်သွားပြီး ပုံမှန်အခြေအနေသို့ ပြန်လည် ရောက်ရှိသွားတော့၏။
စောစောက ကျန်းလင်အသွားမြန်လွန်းသဖြင့် ပြိုင်ပွဲစင်မြင့် အောက်တွင် သရဲတစ္ဆေများက ဖယ်ပေးထားသော လမ်းကြောင်းမှာ ရှိနေသေးပေသည်။
ထို့ကြောင့် ကျန်းလင်သည် လီစုန့် ကိုခေါ်ကာ ထိုလမ်း ကြောင်းအတိုင်း အပြင်ဘက်သို့ တိုက်ရိုက် ထွက်ခွာသွားလေသည်။
စင်မြင့်ပေါ်တွင်
လက်ရှိ ဘောစ့် ကျိုးကျိသည် မျက်နှာကို တစ်ချက် ပွတ်သပ်လိုက်ပြီး ဘောစ့် ဖြစ်လာရသည့် စိတ်လှုပ်ရှားမှုမျိုး လုံးဝ မရှိတော့ချေ။
ပတ်ဝန်းကျင်ရှိ သရဲများ အားလုံးသည်လည်း ကျန်းလင် ထွက်ခွာသွားသော ကျောပြင်ကို တိတ်ဆိတ်စွာ ကြည့်နေကြရာ အလွန်ကြီးကျယ်ခမ်းနားသော အလေးပြုပွဲတစ်ခုနှင့်ပင် တူနေတော့၏။
ကျန်းလင် : "...."
သူ မူလက တိတ်တိတ်ဆိတ်ဆိတ်သာ ထွက်သွားချင်ခဲ့ခြင်း ဖြစ်ပေသည်။
အဖွဲ့ခေါင်းဆောင် စီနီယာကြီး ရွှီယိုကျိ၏ စကားများကိုပြန်တွေးမိပြီး 'ဒါက ပြဿနာ ရှာတာ မဟုတ်လောက်ပါဘူးလေ' ဟု တွေးလိုက်၏။
ကျန်းလင်နှင့် လီစုန့် တို့ ထွက်သွားပြီးနောက် ဝိညာဉ်ဈေး တန်းမှ သရဲများသည် စောစောက ကိစ္စကို ဆွေးနွေးနေကြဆဲ ဖြစ်ပေသည်။
သူတို့သည် ဝိညာဉ်ဈေးတန်းတွင် ဝိညာဉ်ဘုရင် အဆင့်ရှိသော သရဲကိုတွေ့ရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြချေ။
အရှေ့ဘက် ခန်းမဆောင်မှ ဝိညာဉ်တမန်တော်ဟု ကြားလိုက်ရသဖြင့် 'ဒါက အရှေ့ဘက် ခန်းမဆောင်က အဖွဲ့ခေါင်း ဆောင် လာတာများလား' ဟုပင်ဆွေးနွေးလိုက်ကြသည်။
စောစောက သူတို့က ဝိညာဉ်ဘုရင်အဆင့်နှင့် လက်ရှိ ဘောစ့် တို့ တိုက်ခိုက်မည်ကိုပင် ကြည့်ချင်နေခဲ့သေးသည် မဟုတ်လော။
အကယ်၍သာ တိုက်လိုက်မည် ဆိုပါက ပြိုင်ပွဲကွင်း တစ်ခုလုံး၊ မဟုတ်သေးဘူး၊ ဝိညာဉ်ဈေးတန်း တစ်ခုလုံးပါ ပျက်စီးသွားလောက်ပေသည်။
ဝိညာဉ်ဘုရင် အဆင့်များ တိုက်ခိုက်သည်ကို သူတို့ မမြင်ဖူးခြင်း မဟုတ်ချေ။
တစ်ချက် လှုပ်ရှားလိုက်သည်နှင့် ကောင်းကင်နှင့် မြေကြီး ပြောင်းပြန်လန်ပြီး ပျက်စီးမသွားသရွေ့ ပြီးဆုံးသွားမည် မဟုတ်ပေ။
သို့သော် ထိုမြင်ကွင်းကို တွေးကြည့်လိုက်သောအခါ အနည်း ငယ် စိတ်လှုပ်ရှားစရာ ကောင်းနေသည် မဟုတ်လော။
လက်ရှိ ဘောစ့် ကျိုးကျိသည်လည်း ပြိုင်ပွဲစင်မြင့်ပေါ်မှ ခုန်ဆင်းလာခဲ့၏။
ထို့နောက်သူသည် သရဲများ၏ ဆွေးနွေးမှုများတွင် မပါဝင်တော့ဘဲ တိတ်ဆိတ်စွာဖြင့် ထိုနေရာမှ ထွက်ခွာသွားလေသည်။
ဝိညာဉ်ဈေးတန်း၏ဘောစ့် ဖြစ်လာပြီး နောက်တစ်နှစ်ပတ်လုံး ဝိညာဉ်ဈေးတန်း တစ်ခုလုံး၏အခွင့်အရေးများကို ခံစားရမည် ဖြစ်သော်လည်း သူ့ စိတ်ထဲတွင် ဘာကြောင့် ဤမျှလောက် မွန်းကျပ်နေရသနည်း။
ဝိညာဉ်ဈေးတန်းမှ ထွက်ခွာလာပြီးနောက် လီစုန့်သည် ပါးစပ် ဟ၍ စကားတစ်ခွန်းမျှ မပြောတော့ချေ။
သူသည် ကျန်းလင်၏အနောက်မှ လိုက်ပါလာရင်း တစ်ချက်တစ်ချက် လှမ်းကြည့်လိုက်၊ အကြည့်ကို ရုပ်သိမ်းလိုက်၊ ထပ်လှမ်းကြည့်လိုက်၊ အကြည့်ကို ရုပ်သိမ်းလိုက်ဖြင့် လုပ်နေတော့၏။
ကျန်းလင်တို့ ယမန်နေ့ကမှ ရောက်လာခြင်း ဖြစ်သဖြင့် ဝိညာဉ်ဈေးတန်းမှ တိုက်ခိုက်လိုသော ထိုအကောင်များက မသိနိုင်သော်လည်း လီစုန့်ကမူ သိထားပေသည်။
အရှေ့ဘက် ခန်းမဆောင်မှ ဝိညာဉ်တမန်တော် အဖွဲ့တွင် အဖွဲ့ခေါင်းဆောင်မှာ အခြား အဘိုးအိုတစ်ဦးသာဖြစ်ပြီး ကျန်းလင်က နောက်လိုက် အဖွဲ့ဝင်တစ်ဦးသာဖြစ်ကြောင်း ရှင်းလင်းနေသည် မဟုတ်လော။
'နောက်လိုက် အဖွဲ့ဝင်တစ်ယောက်ကပင် ဝိညာဉ်ဘုရင် အလယ်အလတ်အဆင့် ဖြစ်နေသည်တဲ့လား'
လီစုန့်သည် ကျန်းလင်ကိုထပ်မံ၍ ခိုးကြည့်လိုက်ပြန်၏။
ယခင်က မြောက်ဘက် ခန်းမဆောင်မှ လာသော ဝိညာဉ်တမန်တော်များတွင် အဖွဲ့ခေါင်းဆောင်ကသာ ဝိညာဉ်ဘုရင် အဆင့်ရှိပြီး ၎င်းမှာလည်း ဝိညာဉ်ဘုရင် အစောပိုင်းအဆင့်မျှသာ ဖြစ်ပုံရပေသည်။
လီစုန့် သည် ယနေ့ သူ့ အပြုအမူများကို ပြန်လည် စဉ်းစားကြည့်လိုက်ပြီး 'ငါ သေချာပေါက် ရမ်းသန်းပြီး မလုပ်ခဲ့ပါဘူးနော်' ဟု တွေးလိုက်မိ၏။
'ငါက အမြဲတမ်း အလုပ်အပေါ် သစ္စာရှိတဲ့ သူပဲလေ'
ဤအရှေ့ဘက် ခန်းမဆောင်က လာသူများက အဘယ့်ကြောင့် ဤမျှလောက် ပုန်းရှိုးကွယ်ရှိုးနေသနည်း။
သူတို့ တောင်ဘက် ခန်းမဆောင်နှင့် လုံးဝ မတူညီချေ။
သူတို့မှာတိုက်သည်ဖြစ်စေ မတိုက်သည်ဖြစ်စေ အရင်ဆုံး အရှိန်အဝါကို ထုတ်ပြထားရမည် မဟုတ်လော။
'အရှိန်အဝါ ပြပြီးမှတော့ မတိုက်ဘဲ နေလို့ ရမလား၊ မတိုက်ဘူးလား'
'ဒါမှ ငါ့ကို အထင်သေးတာလား ဆိုပြီး တိုက်ပွဲဖြစ်လာမယ်လေ'
[Streamer ကြီး : ဘာလို့ မတိုက်ကြတော့တာလဲ၊ ဪ ငါက အရမ်း စွမ်းနေလို့ကိုး]
[Streamer ကြီးက အဲဒီမှာ ရပ်နေလိုက်ရုံနဲ့တင် တိုက်ပွဲက ပြီးသွားပြီ ဟားဟားဟား]
[ရုတ်တရက်ကြီး ကြောင်သွားကြတာ မထင်ထားဘူး မဟုတ်လား၊ ဒီလောက်တောင် ခွန်အားကြီးနေတာလေ]
[သတိမထားမိဘဲ အစွမ်းပြလိုက်တာက အသေအပျောက် အများဆုံးပဲ]
တိုက်ရိုက်ထုတ်လွှင့်မှုမှ ပရိသတ်များသည် တစ်လျှောက်လုံး ကြည့်ရှုနေခဲ့ပြီး လက်ရှိ ဘောစ့် ကျိုးကျိ က Streamer ကြီးကို ရန်စလိုက်ချိန်တွင် အနည်းငယ် ဒေါသထွက်သွားခဲ့ကြသေး၏။
'ဘာလဲ၊ ငါတို့ Streamer ကြီးကို အထင်သေးတာလား' ဟူ၍ပင်တွေးလိုက်ကြသေးသည်။
ပြိုင်ပွဲစင်မြင့် အနီရောင် လင်းလာသည်ကိုမြင်သောအခါ သူတို့က ဘာဖြစ်သွားသနည်း၊ ပြိုင်ပွဲစင်မြင့်များ ပျက်သွားပြီလားဟု တွေးခဲ့မိကြသေးသည်။
သို့သော် မထင်မှတ်ထားသည်မှာ Streamer ကြီး၏ အဆင့်က မြင့်မားလွန်းနေသောကြောင့် ဖြစ်နေပေသည်။
ထိုအချိန်က လက်ရှိ ဘောစ့် ကျိုးကျိနှင့် အခြား သရဲများ၏ မျက်နှာထားများကို ပြန်တွေးမိတိုင်း ပရိသတ်များမှာ ရယ်မောခြင်းကို မအောင့်ထားနိုင်ကြတော့ချေ။
အနည်းငယ် ဝင့်ကြွားချင်စိတ်ပင် ဖြစ်ပေါ်လာကြပေသည်။
ဟုတ်ပေသည်၊ ဝင့်ကြွားခြင်းပင် ဖြစ်၏။
တောင်ဘက် ခန်းမဆောင်မှ သရဲများမှာ ရန်သူများ မဟုတ်မှန်း သူတို့ သိထားသော်လည်း အကယ်၍သာ Streamer ကြီးနှင့် တကယ် ချရမည် ဆိုပါက သူတို့က Streamer ကြီးဘက်မှ ရပ်တည်ကြမည်မှာ သေချာလှပေသည်။
[အဲဒီတုန်းက ကျိုးကျိရဲ့ လက်တွေတောင် တုန်သွားတယ်၊ မင်းတို့ ခန့်မှန်းကြည့်စမ်း သူ ဘယ်လို တုန်သွားတာလဲ၊ ဒေါသထွက်လို့လား ဒါမှမဟုတ် ကြောက်သွားလို့လား]
[ဘယ်လို တုန်ရမှာလဲ၊ လက်ဆန့်ထုတ်ပြီးတော့ အပေါ်အောက်ဘယ်ညာ တုန်သွားတာပေါ့ ]
[မင်းတို့ လီစုန့် ရဲ့ဟိုကြည့်ဒီကြည့် လုပ်နေတဲ့ ပုံစံကို ကြည့်လိုက်ဦး၊ အရမ်း ချစ်စရာ ကောင်းတာပဲ ဟားဟားဟား]
[လီစုန့် : ဒီအချိန်မှာ ငါက ခွေးခေါင်းတစ်ခုလုပ်ပြီး အသက်ကို ကာကွယ်ရတော့မလား]
[ဝိညာဉ်ဈေးတန်း : အဲဒီတုန်းက ငါ တော်တော်လေးကြောက်သွားခဲ့တာ]
ကျန်းလင်တို့ ဝိညာဉ်ဈေးတန်းမှ ထွက်ခွာလာချိန်တွင် အချိန်က မစောတော့ချေ။
အနည်းဆုံး တောင်ဘက် ခန်းမဆောင် အတွက်မူ အခန်းထဲ ပြန်ဝင်ရမည့် အချိန်သို့ နီးကပ်လာပြီ ဖြစ်ပေသည်။
နံပါတ် ၂ အဆောက်အအုံသို့ မပြန်မီ ကျန်းလင်သည် တာဝန်ဌာနသို့ အရင်ဆုံး ဝင်သွားခဲ့၏။
ထို့နောက်သူသည် တာဝန် အချို့ကို အရင်လက်ခံထားလိုက်ပြီး မနက် ၄ နာရီ ကျော်မှ သွားရောက် လုပ်ဆောင်ရန် ချန်ထားလိုက်သည်။
ယနေ့ ကျန်းလင်သည် လေ့လာစူးစမ်းသင့်သည်များ အားလုံးကို လေ့လာခဲ့ပြီး သိချင်သော သတင်းအချက်အလက်များကိုလည်း အကြမ်းဖျင်း နားလည်သွားခဲ့ပြီဖြစ်ပေသည်။
ကျင့်ကြံရေး အခန်းဖြစ်စေ၊ ကျွမ်းကျင်မှု လဲလှယ်ခြင်း ဖြစ်စေ အားလုံးသည် တာဝန် လုပ်ဆောင်ရန် လိုအပ်ပေသည်။
"တန်းရန်"
ကျန်းလင်နှင့် လီစုန့် တို့ နံပါတ် ၂ အဆောက်အအုံ၏ အပေါက်ဝသို့ ပြန်ရောက်သောအခါ အဝေးမှနေ၍ အပေါက်ဝတွင် မေးထောက်ကာ ထိုင်နေသော အခြား ကျားခေါင်းနှင့် ကလေးငယ်ကို မြင်လိုက်ရ၏။
သူသည်တစ်စုံတစ်ယောက်ကို စောင့်နေသည့်ပုံ ပေါက်နေပေသည်။
သူ့ကိုမြင်သည်နှင့် လီစုန့် သည် ချက်ချင်းပင် ပျံသန်းသွားတော့သည်။
"လီစုန့်"
ထို့နောက် တန်းရန်သည်လည်း ပြေးထွက်လာခဲ့၏။
သူတို့ညီအစ်ကို နှစ်ယောက် နေ့တစ်ဝက်ကျော်ကြာ မတွေ့ရခြင်း ဖြစ်သောကြောင့်လွမ်းနေကြထင်ပါ့။
သို့သော်ကလေးငယ် နှစ်ယောက်သည် အချင်းချင်းပြေးဝင်သွားကြပြီး ဖက်တော့မည့် အခိုက်အတန့်တွင် ရုတ်တရက် တိုင်ပင်မထားဘဲ စတင် တိုက်ခိုက်ကြတော့၏။
တစ်ယောက်က လက်သီးဖြင့် ထိုးပြီး အခြား တစ်ယောက်က ခြေထောက်ဖြင့် ကန်လိုက်ပေသည်။
၎င်းနှင့်အတူ ကျားဟိန်းသံများလည်း ထွက်ပေါ်လာတော့ သည်။
"ဝေါင်းးးး"
"ဝေါင်း”