← Chapters

အခန်း (၂၄၃-၂၄၄)

Vol. 25 Ch. 243-244

အခန်း (၂၄၃-၂၄၄)

Vol. 25 Ch. 243-244

🫧 Chapter 243

"မင်း ဘယ်လိုဖြစ်လို့ အခုမှ ပြန်လာတာလဲ"

"မင်းကော ပြန်ရောက်နေတာ ဘယ်လောက်ကြာပြီလဲ"

ညီအစ်ကို နှစ်ယောက်သည် နှစ်ကွက် သုံးကွက်ခန့် အပြန်အ လှန် တိုက်ခိုက်ပြီးနောက်မှ ရပ်တန့်သွားကြပြီး စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းလိုက်ကြ၏။

ထို့နောက် ညီအစ်ကို နှစ်ယောက်သည် ယနေ့ ဘာတွေ လုပ်ခဲ့သနည်း ဆိုသည်ကို အပြန်အလှန် ပြောပြနေကြတော့သည်။

လီစုန့် သည် ကျန်းလင်ကို လိုက်ပါကာ ငရဲပြည်တွင် နေ့တစ် ဝက်မျှ လျှောက်လည်နေခဲ့ပြီး တန်းရန် ကမူ ဟေးဝူချန် လျိုပုဝေကို တာဝန်ဌာန အပေါက်ဝသို့ ခေါ်သွားပြီးနောက် နေရာမှ မရွေ့လျားခဲ့တော့ချေ။

သို့သော် လျိုပုဝေသည် ပြိုင်ပွဲထဲသို့ ဝင်ရောက်သွားသည်နှင့် လုံးဝ ရပ်တန့်၍မရတော့ပေ။

သူသည် တိုက်ခိုက်ရေး အရူးအမူး တစ်ယောက်ကဲ့သို့ ဖြစ်နေပြီး တောင်ဘက် ခန်းမဆောင်မှ ဝိညာဉ်တမန်တော်များ၏ ပုံစံမျိုး ရှိနေ၏။

ထို့ကြောင့် တန်းရန်သည် အလုပ်မရှိသဖြင့် အစောကြီး ပြန်လာခဲ့ခြင်းဖြစ်ပေသည်။

ကျန်းလင်သည်လည်း လျှောက်လာခဲ့ပြီး ပုံစံတူ ညီအစ်ကို နှစ်ယောက်ကို ကြည့်လိုက်သည်။

သူ အနည်းငယ် စဉ်းစားလိုက်ပြီး "လီစုန့်၊ တန်းရန်"

ညီအစ်ကို နှစ်ယောက်သည် တစ်ပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြပြီး တစ်ပြိုင်နက်တည်း ဖြေကြားလိုက်၏။

"ဒါ ကျွန်တော်တို့ပဲ"

"ကိုယ့်နာမည် ကိုယ်ပေးတာလေ၊ လီစုန့် တန်းရန် (理所當然 - ဖြစ်သင့်ဖြစ်ထိုက်သော/ ဆိုလိုရင်းမှာ လီစုန့် နဲ့ တန်းရန် ဆိုတဲ့ နာမည်က သူတို့နဲ့ ကွက်တိပဲ) ဆိုတာ ဖြစ်သင့်တာပဲ မဟုတ်ဘူးလား"

ညီအစ်ကို နှစ်ယောက်သည် ပခုံးဖက်ကာ ရပ်နေကြပြီး သူတို့၏ မျက်နှာပေါ်ရှိ အမူအရာများမှာ အလွန် ဂုဏ်ယူနေသည့်ပုံ ပေါက်နေကာ 'ဖြစ်သင့်ဖြစ်ထိုက်သည်' ဟူသော အဓိပ္ပာယ် အပြည့်အဝ ပါဝင်နေပေသည်။

သူတို့က လူသားများကဲ့သို့ မိဘ၏ မျိုးရိုးနာမည်ကို ခံယူရန် မလိုအပ်ချေ။

"မဆိုးပါဘူး"

ကျန်းလင် ခပ်ပေါ့ပေါ့ပင် ဖြေလိုက်ပြီးနောက် အနည်းငယ် စဉ်းစားကာ ငရဲပိုက်ဆံ အချို့ကို ထုတ်ယူလိုက်၏။

"မနက်ဖြန် ငါ တာဝန် သွားလုပ်ရမယ်၊ မင်းတို့ထဲက အားတဲ့ တစ်ယောက်ယောက်က ငါ့ကို ငရဲပြည် လမ်းကြောင်းရဲ့ ဆင်းသက်မယ့် နေရာတွေကို လိုက်ပြပေးပါလား"

လီစုန့် နှင့် တန်းရန် ညီအစ်ကို နှစ်ယောက်သည် မည်သည့်စကားမျှ မပြောကြတော့ဘဲ ကျန်းလင်၏လက်ထဲရှိ ငရဲပိုက်ဆံများကို မျက်လုံးပြူးကာ စိုက်ကြည့်နေကြတော့ သည်။

"ဒါ၊ ဒါတွေက ကျွန်တော်တို့ကို ပေးမှာလား"

ကျန်းလင် ပြန်မဖြေရသေးခင်မှာပင် ညီအစ်ကို နှစ်ယောက်သည် ရုတ်တရက် ခေါင်းမော့လာကြပြီး သူတို့၏ မျက်လုံးများထဲတွင် အလင်းရောင်များ တောက်ပနေတော့၏။

"သေချာတာပေါ့ ပြဿနာ မရှိပါဘူး! ကျွန်တော်တို့ တာဝန်ထားလိုက်!"

"လီစုန့် အားမရင်တောင် 'တန်းရန်' ကတော့ သေချာပေါက် အားပါတယ်"

သူတို့ လီစုန့် တန်းရန် ညီအစ်ကို နှစ်ယောက်ဆီမှာ မရဘူး ဆိုသည့်စကားက မရှိချေ။

ကျန်းလင် ခေါင်းညိတ်လိုက်ပြီး "ကောင်းပြီ၊ မနက် ၄ နာရီခွဲ ဒီနေရာမှာ ဆုံကြမယ်" ဟု ပြောလိုက်သည်။

မုန့်ရှန်းက သူတို့ကို စိတ်ကြိုက် ခိုင်းစေနိုင်သည်ဟု ပြောခဲ့သော်လည်း အခြားသူများ မိမိအတွက် အလုပ်လုပ်ပေးစေလိုပါက တစ်ခါတစ်ရံတွင် အလွန်အမင်း ကပ်စေးမနှဲသင့်ကြောင်း ကျန်းလင် သိထားပေသည်။

သရဲများလည်း ဤအတိုင်းပင် ဖြစ်၏။

[ဒင်~ နေ့စဉ်တာဝန် "မြေအောက်ကမ္ဘာ ယဉ်ကျေးမှုကို ဖြန့်ဝေခြင်း ဝိညာဉ်ဈေးတန်း" ပြီးမြောက်သည့် အတွက် ဂုဏ်ယူပါတယ် ရမှတ် +၅၀၀]

ထို့နောက်ကျန်းလင် ၂၂၀၃ အခန်းသို့ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် ရောင်စုံကြက်ဥလေးသည် ပြေးလာပြီး ကျန်းလင်၏ ဘေးတွင် လှည့်ပတ်နေတော့၏။

ကျန်းလင်သည် ခုတင်ဘေးသို့ သွားထိုင်လိုက်ပြီး "ဒီနေ့ အပျင်းထူနေသေးလား" ဟု မေးလိုက်သည်။

ထိုအခါရောင်စုံကြက်ဥလေးသည် ခေါင်းကို ခါရမ်းပြလိုက်၏။

' လုံးဝ မရှိပါဘူး'

'သူ ဒီနေ့ အရမ်းကို ကြိုးစားထားတာ'

'ဒါကြောင့် မနက်ဖြန် သူ အပြင်ထွက်လို့ ရပြီလား'

"မနက်ဖြန် ငါနဲ့အတူ လူ့လောကကို တာဝန် သွားလုပ်ရ အောင်"

ကျန်းလင်ပြောပြီးသည်နှင့် ရောင်စုံကြက်ဥလေးသည် ဝမ်းသာအားရဖြင့် ပျံသန်းသွားပြီး ကျန်းလင်၏အရှေ့တွင် လှည့်ပတ်နေသဖြင့် ကျန်းလင်က နောက်ပြန် ရိုက်ချလိုက်ရတော့၏။

ကျန်းလင် အနည်းငယ် စဉ်းစားလိုက်ပြီး စာကြည့်စားပွဲ အရှေ့သို့ သွားလိုက်သည်။

သူသည် စာရွက်နှင့် ဘောပင်ကို ထုတ်ယူကာ ယနေ့ တွေ့မြင်ခဲ့ရသမျှကို အလုပ်အစီရင်ခံစာတွင် ရေးမှတ်လိုက်၏။

ဝိညာဉ်ဈေးတန်းရှိ အမျိုးမျိုးသော ပြိုင်ပွဲများနှင့် ပြိုင်ပွဲစင်မြင့်ရှိ ဝိညာဉ်အငွေ့အသက် ကန့်သတ်ချက်များ အကြောင်းပင် ဖြစ်ပေသည်။

သူ့အတွက် သိပ်အသုံးမဝင်သော်လည်း ဝိညာဉ်ဘုရင် အဆင့်အောက်ရှိ သရဲများ အတွက်မူ အသုံးဝင်မည်မှာ သေချာလှ၏။

အမှတ် ၁၈ အဖွဲ့မှ အဖွဲ့ဝင်များသာ နေ့တိုင်း ဤကဲ့သို့ လေ့ကျင့်နိုင်မည် ဆိုပါက အကူအညီ ဖြစ်လာမည်မှာ အမှန်ပင် ဖြစ်ပေသည်။

ဝိညာဉ်အငွေ့အသက် အသုံးပြုမှု အပိုင်းတွင် ဖြစ်စေ၊ မိမိကိုယ်ကို ကျော်လွှားနိုင်မည့် တိုက်ပွဲ အပိုင်းတွင် ဖြစ်စေ အကျိုးရှိမည် ဖြစ်၏။

ဖြစ်နိုင်ပါက ပြန်သွားမည့် အချိန်တွင် ပြိုင်ပွဲစင်မြင့်များ အကြောင်းကို လီစုန့် ထံမှ မေးကြည့်သင့်သည်ဟု တွေးလိုက်ပေသည်။

ကျန်းလင်သည် တွေးနေရင်း စာရွက်နှင့် ဘောပင်ကို သိမ်း ဆည်းလိုက်၏။

ထိုစဉ်ပြတင်းပေါက် အပြင်ဘက်မှ ရင်းနှီးနေသော ခေါင်း လောင်းသံ ထပ်မံ ထွက်ပေါ်လာတော့သည်။

"ဒေါင်"

"ဒေါင်"

"ဒေါင်"

မရေမတွက်နိုင်သော သရဲတစ္ဆေများသည် အရပ်လေးမျက် နှာမှနေ၍ အဆောက်အအုံ အမျိုးမျိုး အတွင်းသို့ စတင် ဝင်ရောက်လာကြ၏။

သရဲအုပ်ကြီး ဝင်ရောက်လာသည့် မြင်ကွင်းမှာ အလွန်ကြီး ကျယ်ခမ်းနားလှပေသည်။

ကျန်းလင်သည် မတ်တတ်ရပ်ကာ ပြတင်းပေါက် အနီးသို့ သွားလိုက်စဉ် ဘေးနားတွင် အရိပ်တစ်ခု ရုတ်တရက်ထွက်ပေါ်လာတော့၏။

သူ ခေါင်းလှည့်ကြည့်လိုက်ရာ ထိုပိန်လှီသော ခန္ဓာကိုယ်နှင့် ပြောင်နေသော ခေါင်းမှာ ဘေးခန်းမှ 'ရှောင်အာ့' မဟုတ်လျှင် မည်သူ ဖြစ်နိုင်မည်နည်း။

"...."

ရှောင်အာ့သည် ကျန်းလင် အခန်း၏ပြတင်းပေါက်တွင် တွယ်ကပ်နေပြီး မျက်လုံးအစုံဖြင့် ကျန်းလင်ကို ကြောင် တောင်တောင် ကြည့်နေ၏။

"ည၊ ညချမ်းပါ"

သို့သော်သူ၏အသံလေးမှာ အလွန် တိုးညင်းပြီး အသက်ငင်နေသည့် လူတစ်ယောက်ကဲ့သို့ ဖြစ်နေပေသည်။

ထိုစကားကို ပြောပြီးနောက် သူသည် ဘေးခန်း ပြတင်းပေါက်ဆီသို့ အလိုအလျောက် တရွတ်တိုက် သွားလိုက်ပြီး မဝင်ခင်လေးတွင် အထဲသို့ တစ်ချက် လှမ်းကြည့်လိုက်သေး၏။

[၁၂ နာရီထိုးတိုင်း ဒီမြင်ကွင်းကို မြင်ရတာ နည်းနည်းတော့ ကြောက်စရာ ကောင်းတယ် ငါ့ညီကတော့ နည်းနည်းမှ မကြောက်ဘူးတဲ့၊ ဒါနဲ့ ငါ သူ့ကို ပါးတစ်ချက် ရိုက်ပေးလိုက်တာ၊ အခုတော့ သူလည်း ကြောက်သွားပြီ]

[ဖိုးဘီးယားရောဂါက ထလာပြီ၊ ဒါပေမယ့် ဒီအချိန်မှာ တိုက်ရိုက်ထုတ်လွှင့်မှုကနေ ထွက်သွားရင် ပိုပြီး ကြောက်စရာ ကောင်းမယ် ထင်တယ် ]

[မကြောက်နဲ့၊ ကြောက်စရာကောင်းတဲ့ အကောင်နဲ့ တွေ့ရင် ဝင်ချလိုက်]

လူ့လောကတွင်လည်း ဤအချိန်၌ ညနက်ပိုင်းသို့ ရောက်ရှိနေပြီဖြစ်ပြီး ပြတင်းပေါက် အပြင်ဘက်တွင် လရောင်တောက်ပ ကာ ကြယ်များ ကျဲပါးနေသော်လည်း အခန်းတွင်းရှိ ပရိသတ်များမှာမူ စောင်ခြုံထဲတွင် ကွေးနေကြပြီ ဖြစ်ပေသည်။

တိုက်ရိုက်ထုတ်လွှင့်မှုမှ ပရိသတ်များသည် ကုတင်ပေါ်သို့ တက်ကာ မှီထိုင်နေသူလည်း ရှိ၊ စောင်ခြုံထဲတွင် ခေါင်းမြှုပ်ထားသူလည်း ရှိကြ၏။

မူလက အတော်လေး ကြောက်စရာ ကောင်းသော မြင်ကွင်း ဖြစ်ပြီး ရှောင်အာ့ ၏ ရုပ်ရည်ကလည်း ကြောက်မက်ဖွယ် ကောင်းလှပေသည်။

သို့သော် ၎င်းတို့ နှစ်ခု ပေါင်းစပ်သွားသောအခါ ပရိသတ်များသည် ပုံစံတစ်မျိုး ပြောင်းသွားသည်ကို ရုတ်တရက် ခံစားလိုက်ရတော့၏။

[ဒီ ရှောင်အာ့ရဲ့ ကြောင်တောင်တောင်ပုံစံလေးက တော်တော် လေး ချစ်စရာကောင်းတယ်လို့ ငါ ထင်လာပြီ]

[အင်တာနက်ပေါ်မှာ ရှောင်အာ့ရဲ့ ချီဘီ ပုံလေးတောင် ရှိနေပြီ၊ သိမ်းထားလိုက်ပြီ (*^▽^*)]

[ဒီလိုမျိုး ဖြစ်နိုင်ခြေ ရှိမလား၊ ရှောင်အာ့က နေ့တိုင်း Streamer ကြီး ဆီကို လာပြီး နှုတ်ဆက်ဖို့၊ ညချမ်းပါလို့ ပြောဖို့ သီးသန့် လာတာမျိုးလေ]

[ဖြစ်နိုင်တယ်လို့ ငါ ထင်တယ်]

"ဒေါင်"

နောက်ဆုံး ခေါင်းလောင်းသံ သုံးချက် ထွက်ပေါ်လာပြီးနောက် ငရဲပြည် တစ်ခုလုံး ရုတ်တရက်တိတ်ဆိတ်သွားတော့၏။

နံပါတ် ၂ အဆောက်အအုံ အပြင်ဘက်တွင်လည်း သရဲတစ္ဆေများကို သိပ်မတွေ့ရတော့ချေ။

တွေ့ရသည်မှာ မီးလင်းနေသော အခန်းများသာ ဖြစ်ပေသည်။

ကျန်းလင်သည် အခန်း အလယ်သို့ ပြန်သွားပြီး ကုတင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်ကာ ယနေ့ မြင်တွေ့ခဲ့ရသော တိုက်ကွက်များနှင့် ကျွမ်းကျင်မှုများကို ပြန်လည် စဉ်းစားနေလိုက်၏။

ထို့နောက်သူသည် ပိုင်ဝူချန် (အဖြူရောင် ဝိညာဉ်တမန်တော်) ဝတ်စုံ၏ကျယ်ဝန်းသော အင်္ကျီလက်ကို ပင့်တင်လိုက်ပြီး သူ့ လက်ကို ကြည့်ကာ လုပ်နိုင် မလုပ်နိုင် စမ်းသပ်ရန် ပြင်ဆင်လိုက်သည်။

[Streamer ကြီး ဘာလုပ်မလို့လဲ]

[လူသိရှင်ကြား ပြောရရင် Streamer ကြီးရဲ့ လက်တွေက အရမ်းဖြူတာပဲ ဟီးဟီးဟီး]

တိုက်ရိုက်ထုတ်လွှင့်မှုမှ ပရိသတ်များသည် Streamer ကြီးက မိမိ၏လက်ကို စိုက်ကြည့်နေသည်ကို မြင်သောအခါ သူတို့လည်း လိုက်ကြည့်ကြသော်လည်း မည်သည့် ထူးခြားချက်ကိုမျှ မတွေ့ရချေ။

သူတို့ သိချင်နေစဉ်မှာပင် မျက်စိရှေ့တွင် အဖြူရောင် အလင်းတန်း တစ်ခု ရုတ်တရက်လင်းလက်သွားတော့၏။

"ရွှပ်"

ထို့နောက် ကျန်းလင်၏လက်ထဲမှ အရိုးတစ်ချောင်းထွက်ပေါ်လာကာ လေထဲ၌လွင့်‌မျောနေ၏။

[လခွမ်းတဲ့မှ]

ပရိသတ်များသည် ရုတ်တရက် ထွက်ပေါ်လာသော ထိုပြောင်းလဲမှုကြောင့် လန့်ဖျပ်သွားကြပြီး သရဲကား ကြည့်နေရသကဲ့သို့ ခံစားလိုက်ရတော့၏။

[အရိုးက ထွက်ချင်တိုင်း ထွက်လာတာလား]

[နေဦး၊ သရဲတွေမှာလည်း အရိုး ရှိတာလား]

[အရိုးကို တိုက်ရိုက် ဆွဲထုတ်ပြီး လူတွေကို ရိုက်လို့ ရတယ်ပေါ့]

[အဲဒီ မြင်ကွင်းကို တွေးကြည့်လိုက်ရင်အဓိပ္ပာယ် ရှိသလိုပဲ]

"ထွက်လာတဲ့ အချိန်မှာ ပုံဖော်ရမယ်"

ကျန်းလင်သည် လက်မောင်းပေါ်ရှိ အရိုးကို ကြည့်လိုက်ပြီး မျက်နှာထား ပြောင်းလဲသွားခြင်း မရှိဘဲ အရိုးကို ပြန်လည် သိမ်းဆည်းလိုက်၏။

သို့သော်သူ အနည်းငယ် စဉ်းစားလိုက်ပြီးနောက် ထပ်မံ စမ်းသပ်လိုက်သည်။

"ရွှပ်"

လက်မောင်းပေါ်မှ အရိုးဓားတစ်လက်ထွက်ပေါ်လာပေသည်။

ပြီးလျှင်ကျန်းလင်သည် လက်လှမ်းကာ အရိုးဓား၏အဖျားပိုင်းကို အလွယ်တကူ ချိုးဖဲ့လိုက်၏။

"ခိုင်ခံ့မှု မလုံလောက်သေးဘူး..."

သူ တီးတိုးရေရွတ်လိုက်ပြီး အရိုးဓားကိုပြန်လည်သိမ်းဆည်း ကာ တစ်ကြိမ်ပြီး တစ်ကြိမ် အဆက်မပြတ် စမ်းသပ်နေတော့သည်။

တကယ်တမ်းတွင် သရဲများ အတွက်မူ အရိုးဖြစ်စေ၊ အသွေး အသား ဖြစ်စေ လူသားဘဝက ပါလာသော အခေါ်အဝေါ် တစ်ခုမျှသာ ဖြစ်ပေသည်။

သူတို့၏အရိုး ဆိုသည်မှာလည်း ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များ အလွန်အမင်း စုစည်းသွားခြင်း၏ပြယုဂ် တစ်ခုသာ ဖြစ်၏။

ဥပမာအားဖြင့် ယခု ကျန်းလင်သည် အရိုးဓားကို ချိုးဖဲ့လိုက်သော်လည်း လုံလောက်သော စွမ်းအင်များ စုစည်းလိုက်သည်နှင့် တစ်ပြိုင်နက် ချိုးဖဲ့ခံလိုက်ရသော နေရာသည် မူလ အခြေအနေအတိုင်း ပြန်လည် ကောင်းမွန်လာမည် ဖြစ်ပေသည်။

သရဲ အချို့၏ ကိုယ်ပေါ်တွင် အမြဲတမ်း ချို့ယွင်းနေသော အစိတ်အပိုင်းများ ရှိနေတတ်သည်။ ၎င်းမှာ ခန္ဓာကိုယ် အတွင်းရှိ စွမ်းအင်များက ပြန်လည်ပြုပြင်ရန် မလုံလောက်သောကြောင့် ဖြစ်စေ၊ သို့မဟုတ် စွဲလမ်းမှုတစ်ခုကြောင့် ဖြစ်စေဖြစ်နိုင်ပေသည်။

ထိုအားနည်းချက်မှာမိမိ၏ ခန္ဓာကိုယ်ကို ပြန်လည် မကောင်း မွန်စေလိုသော စွဲလမ်းမှု တစ်ခု ဖြစ်၏။

အချို့သော သရဲများသည် အမြဲတမ်း အေးစက်နေသည်ဟု ခံစားရပြီး တစ်နှစ်ပတ်လုံး မီးဖိုဘေးတွင် ရှိနေမှသာ အသက်ရှင်နိုင်ကြပေသည်။

သရဲများ၏ ဖြစ်စဉ် အများအပြားသည် လူသားဘဝက အခြေအနေများနှင့် ခွဲခြား၍ မရနိုင်ချေ။

သို့သော် ချွင်းချက် အခြေအနေ အချို့လည်း ရှိနိုင်ပေသည်။

ဥပမာအားဖြင့် ယဇ်ပူဇော်ခံရခြင်း၊ သို့မဟုတ် ထူးခြားသော အရာဝတ္ထု တစ်ခုခု၏ ဒဏ်ရာရစေခြင်းမျိုး ဖြစ်ပါက ထိုဒဏ်ရာ၏ ပြန်လည် ကောင်းမွန်နိုင်စွမ်းမှာ အလွန်နည်းပါးပြီး၊ ပြန်လည်ကောင်းမွန်ရန် အချိန်ကြာမြင့်စွာယူရနိုင်ပေသည်။

🫧 Chapter 244

[Streamer ကြီး ဘာတွေ စမ်းသပ်နေတာလဲ]

[အရင်က ဝိညာဉ်ဈေးတန်းက ပြိုင်ပွဲတွေကို ကြည့်ပြီး Streamer ကြီး ကိုယ်တိုင် လေ့ကျင့်ကြည့်နေတာ ဖြစ်မယ်]

[အရိုးဓားက လုံလောက်အောင် မာကျောနေပြီဆိုတော့ Streamer ကြီးက အမြန်နှုန်းကို စမ်းသပ်နေတာ ဖြစ်မယ်]

တိုက်ရိုက်ထုတ်လွှင့်မှုမှ ပရိသတ်များသည် Streamer ကြီးက တစ်ကြိမ်ပြီး တစ်ကြိမ် စမ်းသပ်နေသည်ကို ကြည့်နေကြ၏။

အရိုး ထွက်ပေါ်လာတိုင်း ပြောင်းလဲမှု အသစ်များ ရှိနေပေသည်။

သို့သော် အစပိုင်းမှလွဲ၍ နောက်ပိုင်းပြောင်းလဲမှုများကိုမူ သူတို့၏ သာမန် မျက်စိဖြင့် သေချာစွာ မခွဲခြားနိုင်တော့ချေ။

Streamer ကြီး၏ လှုပ်ရှားမှုများကိုကြည့်ပြီး အကြမ်းဖျင်း ခန့်မှန်းရုံသာ တတ်နိုင်တော့သည်။

[ပွဲချင်းပြီးသတ်လို့ရတဲ့ အရိုးဓားကို လေ့လာနေတာလား၊ တော်တော်လေး ထူးဆန်းနေသလိုပဲ]

[ငါလည်း စောစောက စမ်းကြည့်လိုက်သေးတယ်၊ ရယ်ရလွန်းလို့ သေတော့မယ် လုံးဝသင်လို့ မရဘူး]

[မင်း သင်လို့ရရင်မှ သရဲဖြစ်နေမှာပေါ့!]

[သရဲတွေမှာ ဘာလို့ အရိုးတွေ ရှိနေရတာလဲ]

ည သန်းခေါင်ယံ တစ်နာရီတွင် တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းထဲ၌ လက်တစ်ဖက်သာ မြင်တွေ့နေရပေသည်။

သို့သော် ပရိသတ်များမှာမူ ကြည့်လေလေ ပို၍ တက်ကြွလာလေလေ ဖြစ်ပြီး မျက်လုံးများကို ပြူးကျယ်စွာ ဖွင့်ထားကြတော့၏။

အဖြူရောင် ဆေးသုတ်ထားသောအခန်း အချို့ အတွင်းတွင်

အသက်အရွယ် ရနေပြီဖြစ်သော ပညာရှင်များသည် မျက်မှန်များ တပ်လျက် တိုက်ရိုက်ထုတ်လွှင့်မှု အရှေ့တွင် စောင့်ကြည့်နေကြပေသည်။

"မြန်မြန် မြန်မြန်၊ သူ့ရဲ့ လှုပ်ရှားမှုတွေ အကုန်လုံးကို မှတ်တမ်းတင်ထားလိုက်"

"သရဲတွေမှာ ဘာလို့ အရိုးတွေ ရှိနေရတာလဲ"

"သရဲဆိုတာ လူကနေ ပြောင်းလဲလာတာ မဟုတ်ဘူးလား"

လူသားများ အဘယ်သို့ ဖြစ်ပေါ်လာသနည်း၊ သရဲများကကော မည်သို့ ဖြစ်ပေါ်လာသနည်း။

လူသားများ၏စူးစမ်းလေ့လာလိုသော စိတ်ဓာတ်သည် ဤအရာများကို အဆက်မပြတ် ရှာဖွေအတည်ပြုသွားစေမည်သာ ဖြစ်၏။

"သရဲတွေရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံကကော လူတွေနဲ့ အတူတူပဲလား ဝိညာဉ်ရဲ့ ပုံသဏ္ဌာန်အရလား ဒါမှမဟုတ် သရဲဖြစ်သွားတဲ့ အချိန်မှာတောင် လူသားတစ်ယောက် ဖြစ်ခဲ့တယ် ဆိုတာကို မမေ့သေးလို့များလား"

"အရင်က ဝိညာဉ်တမန်တော် တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းတွေ ရှိတယ် မဟုတ်လား အဲဒါတွေကို ပြန်ထုတ်ပြီး ကြည့်ကြရအောင်"

"သူ့ရဲ့ ဒီအရိုးက သိမ်းချင်တဲ့ အချိန် သိမ်းလို့ရပြီး ထုတ်ချင်တဲ့ အချိန် ထုတ်လို့ ရတာလား အဲဒီ နောက်ကွယ်က သီအိုရီက ဘာလဲ"

ပညာရှင်များသည် မျက်လုံးများ ပြူးကျယ်နေပြီး မျက်နှာ ပြင်အနီးသို့ ကပ်ကာ ကြည့်ရှုချင်နေကြတော့၏။

ယခုအခါ သူတို့သည် လက်ထဲရှိ အခြားပရောဂျက်များကို လုံးဝ ဘေးဖယ်ထားလိုက်ပြီး ဤအရာများ အပေါ်တွင်သာ အာရုံ အပြည့်အဝ စိုက်ထားကြပြီ ဖြစ်ပေသည်။

'သိပ္ပံပညာ၏ အဆုံးသတ်က ဘာလဲ'

နှစ်ပေါင်းများစွာ နားလည်အောင် မဖြေရှင်းနိုင်ခဲ့သော အရာများသည် သူတို့၏ မျက်စိရှေ့တွင် ဤကဲ့သို့ ပေါ်လာနေသည် မဟုတ်လော။

တွေးကြည့်လိုက်ရုံနှင့်ပင် ဤအဘိုးအိုများကို ညလုံးပေါက် အိပ်မပျော်နိုင်အောင် စိတ်လှုပ်ရှားစေရန် လုံလောက်နေပြီ ဖြစ်၏။

"ဒါနဲ့ ရဲ့မိသားစုက ကောင်လေးကော သရဲတစ္ဆေ စုံစမ်းစစ်ဆေးရေးတွေ လုပ်နေတယ် မဟုတ်လား။ တွေ့ရှိချက် အသစ်တွေများ ရှိသေးလား"

"သူက အခုတလော တခြားလူတွေနဲ့ ပေါင်းပြီး ရုံးခန်းတစ်ခု ဖွင့်နေတယ် ထင်တယ်"

"ရုံးခန်း"

မေးလိုက်သော ဆံပင်ဖြူ အဘိုးအိုသည် ခေါင်းလှည့်လာပြီး အနည်းငယ် သံသယဖြစ်စွာဖြင့် "သူ အလုပ်ပြောင်းသွားတာလား" ဟု ပြန်မေးလိုက်သည်။

"မဟုတ်ပါဘူး၊ သရဲတွေနဲ့ ပတ်သက်တာ ပါပဲ၊ သက်ဆိုင်ရာ ဌာနတွေကိုလည်း တင်ပြထားပြီးပါပြီ" ဟု ဘေးနားရှိလက် ထောက်က ပြန်ဖြေလိုက်၏။

"သူက ဘယ်သူတွေနဲ့ ပေါင်းပြီး လုပ်နေတာလဲ"

အဘိုးအို၏ မျက်နှာထားက အနည်းငယ် ထူးဆန်းသွားတော့သည်။

ယခင်က သူတို့သည် ရဲ့ယိုရှီးကို သူတို့အဖွဲ့ထဲဝင်ရန်အကြိမ် ကြိမ်ဖိတ်ခေါ်ခဲ့ဖူးသော်လည်း မအောင်မြင်ခဲ့ချေ။

အချို့သူများဆိုလျှင် မိမိတို့၏ အဆင့်အတန်းကိုပင် လျှော့ ချကာ အသက်ကြီးမှ ရဲ့ယိုရှီးလက်ထောက်အဖြစ် လိုက်လုပ်ချင်ခဲ့သော်လည်း သူ့ထံမှ ငြင်းပယ်ခြင်းကိုသာ ခံခဲ့ရပေသည်။

သူ ငြင်းပယ်ခဲ့သော အကြောင်းပြချက်များမှာလည်း အမျိုးမျိုးရှိ၏။ 'အသက်ကြီးလို့'၊ 'ခန္ဓာကိုယ် အခြေအနေ မသင့် တော်လို့'၊ 'သူ့ရဲ့ သုတေသန လုပ်ငန်းတွေကို နှောင့်ယှက်မှာ စိုးလို့' စသည်ဖြင့် ဖြစ်ပေသည်။

"ထန်မိသားစုက ထန်ထျန်းကျဲ ရယ်၊ ပြီးတော့ ကျန်းမိသားစုက တစ်ယောက်ရယ်ပါတယ်"

လက်ထောက်သည် လက်ထဲရှိ အချက်အလက်များကို တစ်ချက် ကြည့်လိုက်ပြီး ပြောလိုက်၏။

"ထန်မိသားစုက ကောင်လေးကိုတော့ ငါ သိတယ်၊ သူက သရဲခေါ်တတ်တယ်လေ နောက်တစ်ယောက်က ဘယ်ကလဲ"

"ကျန်းရှန်ပါ၊ အသိုင်းအဝိုင်းထဲမှာတော့ တော်တော်လေး နာမည်ကြီးတယ်၊ ဗေဒင်တွက်တတ်တယ်၊ သူ့ရဲ့ စွမ်းရည်ကိုလည်း သက်ဆိုင်ရာ ဌာနတွေကအတည်ပြုပြီးသားပါ"

ထို့နောက်လက်ထောက်က မျက်မှန်ကို ပင့်တင်လိုက်၏။

ထိုသုံးယောက်စလုံးမှာ အသက်နှစ်ဆယ်ကျော်လေးများသာ ရှိသေးသော်လည်း ယခုလိုနေရာမျိုးအထိ ရောက်နေပြီ ဖြစ်သဖြင့် အားကျစိတ်မဖြစ်မိဘူး ဆိုလျှင် လိမ်ရာကျပေလိမ့် မည်။

သို့သော် အချို့အရာများကတော့ အားကျနေရုံဖြင့် မရနိုင်ချေ။

ဥပမာအားဖြင့် သူက ဘိုးဘေးများကို အိပ်မက်မက်ချင်လွန်း၍ နေ့တိုင်း ကြိုးစားနေသော်လည်း တစ်ခါမှ အောင်မြင်ခဲ့ခြင်း မရှိသည်မျိုးပင် ဖြစ်၏။

"ဒီကောင်လေးတွေကတော့"

အဘိုးအို တီးတိုး ရေရွတ်လိုက်ပြီး လှည့်ကာ လက်ထောက် စောစောက ထုတ်ပေးထားသော အချက်အလက်များကို ဆက်လက် ဖတ်ရှုနေတော့သည်။

'ဒီကောင်လေးတွေက သူ့ကိုတောင် အဖော်မစပ်ကြဘူး'

၂၂၀၃ အခန်း အတွင်းတွင်

ကျန်းလင် အရိုးဓားကိုလေ့လာ စမ်းသပ်နေချိန်တွင် ရောင်စုံကြက်ဥလေးကလည်း အတုခိုးကာ လိုက်လုပ်နေပေသည်။

သူ့ ကိုယ်ပေါ်ရှိ အရောင် ခုနစ်မျိုးက ပြောင်းလဲသွားပြီး ကြက်ဥ ကိုယ်ထည်တွင် တိမ်တိုက်များဖြင့် ဖွဲ့စည်းထားသော ဓားတစ်လက် ထွက်ပေါ်လာ၏။

ထို့နောက် အထက်အောက် ဝှေ့ယမ်းနေတော့သည်။

"ဟ ဟေး"

၎င်းမှာသိုင်းသမား ကြက်ဥလေး တစ်လုံးနှင့်ပင် တူနေပေသည်။

ကုတင်ပေါ်တွင်

အရိုးဓားက ထပ်မံ ထွက်ပေါ်လာပြီး ကျန်းလင်သည် လက် လှမ်းကာ တစ်ချက်တောက်ကြည့်လိုက်ရာ မျက်နှာပေါ်တွင် ကျေနပ်သည့် အမူအရာ ထွက်ပေါ်လာတော့၏။

အထူအပါး၊ မာကျောမှု၊ ထွက်ပေါ်လာသည့် အမြန်နှုန်းခံစားချက်များကို မှတ်ထားလိုက်ရုံဖြင့် နောက်တစ်ကြိမ် တိုက်ခိုက်သည့်အခါ တိုက်ရိုက် အသုံးပြုနိုင်မည် ဖြစ်ပေသည်။

ထို့ကြောင့်ကျန်းလင်သည် စိတ်အားထက်သန်စွာဖြင့် မတ် တတ်ရပ်လိုက်ပြီး အရိုးဓား၏စွမ်းအားကို စမ်းသပ်ရန် တစ်ခုခုကို ရှာဖွေလိုက်၏။

ခေါင်းမော့ကာ ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်လိုက်မှသာ ဤနေရာက တောင်ဘက် ခန်းမဆောင်မှ စီစဉ်ပေးထားသော အခန်း ဖြစ်ကြောင်း သူ သတိရသွားတော့သည်။

သို့သော် ကျန်းလင် စိတ်ထဲတွင် အမြဲတမ်း တွေးနေမိသည့် မေးခွန်းတစ်ခု ရှိပေသည်။

'ဒီအခန်းက တကယ်ပဲ ဒီလောက်တောင် ပါးလွှာနေတာလား'

သူ တစ်ခုခုနဲ့ နည်းနည်းလောက် စမ်းကြည့်လိုက်ရင် ပြဿနာ မရှိလောက်ပါဘူးလေ။

ထိုသို့ တွေးနေစဉ် သူသည် အနောက်သို့ ရုတ်တရက် တစ်လှမ်း ဆုတ်လိုက်၏။

"ဘန်း"

ကျန်းလင် နောက်ဆုတ်လိုက်ပြီး နောက်တစ်စက္ကန့်မှာပင် မျက်နှာကြက်ပေါ်မှ တိုက်မိသံ တစ်သံ ရုတ်တရက် ထွက်ပေါ်လာတော့သည်။

"ဒုန်း"

နောက်ထပ် အသံတစ်သံ ထွက်ပေါ်လာပြီး အပေါ်ဘက်မှ ကျောက်ခဲ အချို့ ပြုတ်ကျလာပေသည်။

ကျန်းလင် အပေါ်သို့ မော့ကြည့်လိုက်ရာ အချင်း မီတာဝက်ခန့် ရှိသော အပေါက်ကြီးတစ်ပေါက်ကို တွေ့လိုက်ရ၏။

ထိုအပေါက်ဝမှနေ၍ ခေါင်းတစ်လုံး ထွက်ပေါ်လာပြီး ဆံပင်များကြားတွင်လည်း ဖုန်တေများအပြည့် ရှိနေပေသည်။

သူတို့မျက်လုံးချင်း ဆုံသွားသောအခါမှ ဝိညာဉ်လက်နက် အလုပ်ရုံမှအဖွဲ့ဝင်က ချီတုံချတုံဖြင့် နှုတ်ဆက်လိုက်သည်။

"တိုက်ဆိုင်လိုက်တာနော်"

'မဟုတ်သေးဘူး "ညချမ်းပါ" လို့ ပြောလိုက်ရင် ပိုပြီး သင့်တော်မလား'

"...."

ထိုအခါကျန်းလင်၏လက်ထဲရှိ အရိုးဓားသည် တိတ်ဆိတ်စွာပင် ပြန်လည်ဝင်ရောက်သွားတော့၏။

သူ မြေပြင်ပေါ်ရှိ ကျောက်ခဲများကို တစ်ချက်ကြည့်လိုက်ပြီး "မင်း ဘာတွေ လုပ်နေတာလဲ" ဟု မေးလိုက်သည်။

ဝိညာဉ်လက်နက် အလုပ်ရုံမှ အဖွဲ့ဝင် အားစစ်သည် ခေါင်းကို ကုတ်လိုက်ရာ အဖြူရောင် ဖုန်တေများ ချက်ချင်းကျလာတော့၏။

"ငါ ခုလေးတင် ဝိညာဉ်လက်နက်ပေါ်မှာ အသုံးပြုလို့ ရနိုင်တဲ့ အရာတစ်ခုကို အသစ် စဉ်းစားမိလိုက်လို့၊ မနေနိုင်ဘဲ စမ်းသပ်ကြည့်လိုက်တာ၊ မထိန်းချုပ်နိုင်လိုက်လို့ ဒီလို ဖြစ်သွားတာပဲ"

"မင်း ခဏစောင့်ဦး၊ ဒါကို ဘယ်လို ပြန်ဖာရမလဲ ဆိုတာ ငါ စဉ်းစားလိုက်ဦးမယ်"

ထိုသို့ ပြောပြီးနောက် သူသည် အခန်းထဲပြန်ဝင်၍ တစ်ခုခုကို ရှာဖွေလိုက်ပြီး အပေါ်ထပ် အခန်းမှနေ၍ ခုန်ဆင်းလာခဲ့၏။

မြေပြင်ပေါ်ရှိ ကျောက်ခဲများကို ကောက်ယူကာ စတင် ပြုပြင်နေတော့သည်။

အပေါက် တစ်ပေါက်ဖြစ်သွားသော်လည်း ကံကောင်းထောက်မစွာဖြင့် ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးမှု မရှိခဲ့သဖြင့် ပြန်လည် ပြုပြင်ရာတွင်လည်း မြန်ဆန်လှပေသည်။

"အင်း"

ထို့နောက် အားစစ်သည် မျက်နှာကြက်ပေါ်ရှိ ပြုပြင်ထားသောနေရာကို ကြည့်လိုက်ပြီး "ဒီတိုင်းဆို လှည့်စားလို့ ရလောက်မလား" ဟု မေးလိုက်၏။

သူ ရည်ညွှန်းလိုက်သည်မှာ အဆောင်မှူးကိုဖြစ်ပေသည်။

ပထမဆုံးနေ့ဝင်ရောက် နေထိုင်စဉ်ကတည်းက ထိုစည်းကမ်း ချက်များကို သူ မြင်တွေ့ခဲ့ရပြီးဖြစ်၏။

ကျန်းလင်သည်လည်း ထိုမျက်နှာကြက်ကို ကြည့်ကာ "ရလောက်ပါတယ်လေ" ဟု ပြန်ဖြေလိုက်သည်။

အားစစ် : "ဒါမှမဟုတ် စက္ကူလေး တစ်ထပ်လောက်ထပ်ကပ်လိုက်ရမလား"

သူ အရှေ့ဘက် ခန်းမဆောင်က အိမ်လေးကိုလွမ်းလာမိ၏။

ထိုအိမ်လေးက ရှုပ်ပွနေသော်လည်း အနည်းဆုံးတော့ ပေါက် ကွဲမှုဒဏ်ကို ခံနိုင်ရည် ရှိပေသည်။ အဲဒါက သူ သီးသန့် တောင်းဆိုထားခဲ့ခြင်းဖြစ်၏။

အားစစ်သည် မျက်နှာကြက်ပေါ်တွင် စက္ကူများကို တစ်ထပ် ကပ်လိုက်ပြီးနောက် ကျန်းလင်ဘက်သို့ လှည့်ကြည့်လိုက်သည်။

ရုတ်တရက် ပြဿနာတစ်ခုကို သူ သတိပြုမိသွားတော့၏။

"သူက ဘာလို့ မျက်နှာကြက်ကိုပြင်ဖို့ အောက်ကို ဆင်းလာခဲ့ရတာလဲ'

'အခု သူ ဘယ်လို ပြန်တက်ရမလဲ'

တံခါးကနေ ထွက်သွားမယ် ဆိုရင်ကော 'အဆောင်မှူးက တစ်ခုခု ရိပ်မိသွားနိုင်မလား'

'ဒေါက် ဒေါက်'

ထိုအသံထွက်လာသော် ကျန်းလင်နှင့် အားစစ်တို့သည် ညာဘက်ရှိ နံရံကို တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြ၏။

'ဒေါက် ဒေါက်'

ထို့နောက် ညာဘက် နံရံက ထပ်မံမြည်လာပြန်ပြီး ၎င်းမှာတစ်စုံတစ်ယောက်က စည်းချက်ကျကျ ခေါက်နေသကဲ့သို့ ဖြစ်ပေသည်။

ကျန်းလင်နှင့် အားစစ် တို့ ဘာလုပ်ရမှန်း မသိခင်မှာပင် ရုတ်တရက် 'ဘန်း' ဆိုသော အသံကို ကြားလိုက်ရတော့၏။

ထို့နောက်လက်တစ်ဖက်သည် နံရံကို တိုက်ရိုက် ဖောက်ထွက်လာပေသည်။

'ဘန်း'

ပြီးနောက်နောက်ထပ် လက်တစ်ဖက် ထပ်မံ ထွက်ပေါ်လာပြန်၏။

ထိုလက်နှစ်ဖက်သည် လေထဲတွင် တစ်ခုခုကို ဆုပ်ကိုင်လိုက်ပြီးနောက် ရုတ်တရက် အနောက်သို့ ပြန်လည် ဆုတ်ခွာသွားတော့သည်။

သို့သော် အနောက်သို့ ပြန်ဆုတ်သွားချိန်တွင် နံရံအပိုင်းအစ ကြီးတစ်ခုကိုပါ တစ်ပါတည်း ဆွဲယူသွားခဲ့၏။

နံရံမှ ဖုန်တေများသည်လည်း တဖွဲဖွဲကျဆင်းလာတော့သည်။

------

ရဲ့ယိုရှီးတို့၏ ရုံးခန်းတွင်

ထန်ထျန်းကျဲသည် အပြင်မှ ပြေးဝင်လာပြီး

"ယိုလေး၊ အလုပ်ရပြီဟေ့၊ အနောက်ဘက် လမ်းမှာ လူတစ်ယောက် တစ်ခုခု ဖြစ်နေတယ် မင်း ငါ့ကို ပေးထားတဲ့ ပစ္စည်းက တုံ့ပြန်မှု ပြနေတယ်"

ထိုအခါ ရဲ့ယိုရှီးက သူ့ကို တစ်ချက် ကြည့်လိုက်ပြီး ညာဘက် မျက်လုံးထဲတွင် အနီရောင် အလင်းတန်း တစ်ခုဖြတ်ပြေးသွား၏

"မင်း အဲဒီအရာကိုတောင် ဒီအထိ သယ်လာခဲ့ပြီးပြီပဲ"

ထန်ထျန်းကျဲ : "ဟမ်"

ဆိုဖာပေါ်တွင်၊ ကျန်းရှန်သည် ကြေးပြားများကို သိမ်းဆည်းလိုက်ပြီး

"ညီအစ်ကို ထန်၊ မင်း ဒီနှစ်ရက်အတွင်း အပြင်မထွက်နဲ့တော့"

ထန်ထျန်းကျဲ : "ဘာဖြစ်လို့လဲ"

ကျန်းရှန် သူ့ကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်ပြီး

"လူသေတဲ့အထိ ပြဿနာ ကြီးသွားနိုင်လို့ပဲ"ဟုထပ်မံပြောလိုက်၏။

ထန်ထျန်းကျဲ : "ဟေ ဟေ ဟေ ဟေ"

ကျန်းရှန် မတ်တတ်ရပ်လိုက်ပြီး "ခဏနေရင် ရဲတွေရောက် လာတော့မယ်၊ ငါ သွားကြည့်လိုက်ဦးမယ်"

ထိုအခါထန်ထျန်းကျဲကဟိုကြည့်ဒီကြည့် လုပ်လိုက်ပြီး အော်ပြောလိုက်၏။

"မဟုတ်သေးဘူးလေ၊ ငါ့ကို တစ်ယောက်ယောက် လာကူညီကြပါဦး"

"ငါ ဒီလောက် ကံဆိုးနေကိုတောင် နှစ်သိမ့်ပေးမယ့်သူ မရှိဘူးလား”

All Chapters