အခန်း (၂၄၅-၂၄၆)
Vol. 25 Ch. 245-246
🫧 Chapter 245
[အမလေး၊ ဒါက တကယ့် သရဲကား ပြသနေတဲ့ နေရာများလား]
[ခုလေးတင် ဘာတွေဖြစ်သွားတာလဲ၊ ငါ ပြန်ရောက်လာတာနဲ့ ဘာလို့ သရဲကား ရိုက်ကွင်း ဖြစ်သွားရတာလဲ၊ အိမ်သာထဲကို နောက်တစ်ခေါက် ပြန်ဝင်သွားရမလား]
ဝိညာဉ်လက်နက် အလုပ်ရုံမှအဖွဲ့ဝင် အားစစ်သည် မိမိအခန်းသို့ မည်သို့ ပြန်ရမည်နည်း ဆိုသည်ကို စဉ်းစားနေစဉ် ညာဘက်ရှိ နံရံက ရုတ်တရက် ခေါက်သံ ထွက်ပေါ်လာတော့၏။
အသံမြည်ရုံတင် မကဘဲ ဖြူရော်နေသော လက်မောင်းနှစ်ဖက်ပါ ထွက်ပေါ်လာသေးသည်။
တိုက်ရိုက်ထုတ်လွှင့်မှုမှ ပရိသတ်များသည် Streamer ကြီးကို တစ်လှည့်၊ အားစစ် ကို တစ်လှည့်နှင့် နံရံပေါ်ရှိ ထိုလက်နှစ်ဖက်ကိုပါ အလှည့်ကျကြည့်နေကြပေသည်။
[မျက်နှာကြက် ပေါ်ကနေ တစ်ကောင်ကျလာတာကို ထားလိုက်ပါတော့၊ ညသန်းခေါင်ကြီးမှာ ဘာလို့ လက်နှစ်ဖက်ကပါ ပိုထွက်လာရတာလဲ]
[ညီအစ်ကိုတို့ရေ၊ Streamer ကြီး ရှိနေလို့ ဘာပြဿနာမှ မရှိဘူး ဆိုတာကို ငါ သိထားပေမယ့်၊ အခုတော့ ငါ့အိမ်က နံရံကိုတောင် တည့်တည့်မကြည့်ရဲတော့ဘူး]
[ငါလည်း အတူတူပဲ]
နံရံပေါ်မှ လက်များ ထွက်ပေါ်လာသော အခိုက်အတန့်တွင် ပရိသတ်များ၏ရင်ထဲတွင်လည်း ထိတ်လန့်သွားကြတော့ ၏။
တိုက်ရိုက်ထုတ်လွှင့်မှုကို အကြိမ်ပေါင်းများစွာ ကြည့်ရှုခဲ့ပြီး Streamer ကြီး ရှိနေသရွေ့ မည်သည့် ပြဿနာမျှ မရှိကြောင်းသိထားသော်လည်း ဤကဲ့သို့ ရုတ်တရက် ထွက်ပေါ်လာသော ကြောက်မက်ဖွယ် အရာများအတွက်မူ သူတို့၏ ဦးနှောက်က လုံးဝ တုံ့ပြန်နိုင်စွမ်းမရှိချေ။
ဦးနှောက်က မတုံ့ပြန်နိုင်ခင်မှာပင် ခန္ဓာကိုယ်က ကြိုတင်၍ ကြောက်ရွံ့နေခဲ့ပြီ ဖြစ်ပေသည်။
[ခေါင်းကြီး၊ ခေါင်းကြီး]
[ဆာဒကို ထွက်လာတာလားဟ]
[စောစောက ကြောက်စရာကောင်းတဲ့ အကောင်နဲ့ တွေ့ရင် ဝင်ချမယ် ဆိုတဲ့ လူတွေ အမြန်ထွက်ခဲ့ကြစမ်း]
ပရိသတ်များ၏ထိတ်လန့်နေသော အကြည့်များအောက်တွင် ညာဘက်ရှိ စောစောက ဖောက်ထွက်သွားသော နံရံအပေါက်မှနေ၍ ခေါင်းတစ်လုံး ထွက်ပေါ်လာတော့၏။
ခေါင်းပေါ်တွင်မူ မြေပြင်အထိ ရှည်လျားလှသော ဆံပင်များ ရှိနေပြီး မျက်နှာကို ရှင်းလင်းစွာ မမြင်ရချေ။
ထိုခေါင်းသည် ဘယ်ညာ လှုပ်ရှားနေပြီး တစ်ခုခုကို ရှာဖွေနေသည့်ပုံ ပေါက်နေပေသည်။
ရှည်လျားသော ဆံပင်များ လှုပ်ခတ်သွားချိန်တွင် ကြောက် မက်ဖွယ် ကောင်းသော မျက်လုံးတစ်စုံကို မသဲမကွဲ မြင်တွေ့နေရ၏။
နောက်ဆုံးတွင် ထိုမျက်လုံးအစုံသည် ကျန်းလင်နှင့် အားစစ် တို့၏အပေါ်တွင် ရပ်တန့်သွားတော့သည်။
ထို့နောက် "ဟော့ပေါ့ စားမလား"ဟူ၍မေးလိုက်၏။
ကျန်းလင် : "...."
ဤအကောင်မကြီးက ဘာကြောင့် နံရံကို ဖောက်ဝင်လာရသနည်းဟု သူ အပြစ်တင်ရမည်လော၊ သို့မဟုတ် ဤအကောင်မကြီးက ဘာကြောင့် ဟော့ပေါ့အပေါ် ဤမျှလောက် စွဲလမ်းနေရသနည်း ဟုသာ အပြစ်တင်ရမည်လော။
သတင်းအချက်အလက်အဖွဲ့မှ ချင်ကျိုးကျိုးသည် လက်ကို မြှောက်ကာ နဖူးရှေ့ရှိ ဆံပင်ရှည်များကို သပ်တင်လိုက်ပြီး "နင်တို့ ဒီဘက်မှာ တော်တော် စည်ကားနေတာတွေ့လို့၊ အတူတူ ဟော့ပေါ့ စားကြမလား"
တစ်ယောက်တည်း စားနေရသည်မှာ အတော်လေးခြောက် ကပ်ကပ် နိုင်လှပေသည်။
ထို့ကြောင့်သူမသည် ခေါင်းကို ပြန်ရုပ်သိမ်းသွားပြီးနောက် အခန်းထဲတွင် အိုးကိုပြင်ဆင်ကာ အပေါက်ဝဆီသို့ စတင် တွားသွားလာတော့သည်။
တစ်ဝက်ခန့် ရောက်သောအခါ တင်ပါးနေရာတွင် တစ်ခုခု ညပ်နေသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရ၏။
"မင်း ခဏစောင့်"
ကျန်းလင်သည် တံခါး သွားဖွင့်ပေးမည်ဟုပြောရန် ပြင်လိုက်စဉ် ချင်ကျိုးကျိုးသည် တစ်ခဏမျှ ရပ်တန့်သွားပြီးနောက် ခါးကို အားပြု၍ ရုန်းထွက်လိုက်သည်ကို တွေ့လိုက်ရပေသည်။
"ဝုန်း"
ထိုအခါ နံရံအပိုင်းအစကြီးတစ်ခု ပြုတ်ကျလာတော့၏။
ကျန်းလင် နဖူးကိုထိလိုက်မိသည် : "...."
'ဒီနှစ်ယောက်က ဒီနေ့ည အပေါက်လာဖောက်ဖို့ သီးသန့် ရောက်လာကြတာများလား'
သူ ဘယ်ဘက်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး ထိုဘက်မှကော အပေါက် တစ်ပေါက် ရုတ်တရက် ထပ်ထွက်လာဦးမည်လား ဟု တွေးလိုက်မိလိုက်သေးသည်။
'ဒီအိမ်က တကယ်ကို ကြွပ်ဆတ်လွန်းတာပဲ'
ပြုပြင်ထားသော မျက်နှာကြက်၏ အောက်ဘက်၊ အချင်း မီတာဝက်ခန့် ရှိသော အပေါက်ကြီး၏ဘေးတွင် ဟော့ပေါ့အိုး တစ်လုံးကို တည်ထားလိုက်ကြပြီ ဖြစ်၏။
ထို့ပြင်ရှောင်အာနှင့် တအိုင်တို့ကိုလည်း ပြန်လည်ခေါ်ထုတ်လိုက်ပြီး ဘေးနားတွင် ဟင်းသီးဟင်းရွက်နှင့် ပါဝင်ပစ္စည်းများကို စတင် ဆေးကြောသန့်စင်နေကြပေသည်။
ချင်ကျိုးကျိုးသည် ပန်းကန်နှင့် တူများကို သေချာချထားလိုက်ပြီး ဟင်းရည်အိုးကို စတင် တည်နေတော့သည်။
သူမ၏ရှည်လျားသော ဆံပင်အရှေ့ချများ အောက်ရှိ မျက်လုံးအစုံတွင် မျှော်လင့်ချက်များ ပြည့်နှက်နေ၏။
ဝိညာဉ်လက်နက် အလုပ်ရုံမှ အဖွဲ့ဝင် အားစစ်သည် ပန်းကန်နှင့် တူကို ကိုင်ကာ ဟော့ပေါ့အိုး ဘေးတွင် ထိုင်လိုက်ပြီး အိုးထဲရှိ အစားအစာများကို စိုက်ကြည့်နေတော့သည်။
မည်သို့ပင်ဖြစ်စေ ယနေ့ည သူ စမ်းသပ်ကြည့်ပြီးပြီဖြစ်သဖြင့် ဤအိမ်တွင် ဝိညာဉ်လက်နက် ပြုလုပ်ရန် ထပ်မံ စမ်းသပ်၍ မရနိုင်တော့ချေ။
နောက်တစ်ခါ ဝိညာဉ်လက်နက် အလုပ်ရုံ သို့မဟုတ် အခြား ကွင်းပြင်ကျယ်များကို သွားရောက်ရန် အခွင့်အရေး ရှာရုံသာ ရှိတော့၏။
သို့သော် သူ မထင်မှတ်ထားခဲ့သည်မှာ ယနေ့ညတွင် အခမဲ့ ထမင်းတစ်နပ် စားရမည်ဆိုခြင်းပင် ဖြစ်ပေသည်။
သူတို့၏အဆင့်အထိ ရောက်လာသောအခါ အစားအစာအပေါ် လိုအပ်ချက်မှာ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အရေးမကြီးတော့ချေ။
သို့သော် လူသားဘဝက ကျန်ရစ်ခဲ့သော အချို့သော ဗီဇများနှင့် အလေ့အကျင့်များကိုမူ ပြောင်းလဲရန် အလွန် ခက်ခဲလှပေသည်။
'အင်း၊ ၎င်းမှာလည်း ပြောင်းလဲချင်သလား မပြောင်းလဲချင်ဘူးလား၊ စားချင်သလား မစားချင်ဘူးလား ဆိုသည့် အပေါ်တွင် မူတည်နေသေး၏'
ချင်ကျိုးကျိုး သည် ဟင်းရည် တည်နေရင်း သူမ၏ အကြည့်က ဘေးနားတွင် ခုန်ပေါက် ကခုန်ကာ ဝိညာဉ်တမန်တော် သုံးပါး၏ ပတ်ပတ်လည်တွင် စူးစမ်းချင်စိတ်ဖြင့် လှည့်ပတ်နေသော ကြက်ဥလေး အပေါ်သို့ ရုတ်တရက် ကျရောက်သွားတော့သည်။
၎င်းမှာလုံးဝန်းနေပြီး ကိုယ်ပေါ်တွင် အပြာနှင့် အနီရောင် နှစ်မျိုး ရောယှက်နေကာ လှိုင်းတံပိုးများကဲ့သို့ ပုံဖော်ထားပေသည်။
ထိုအခါချင်ကျိုးကျိုး သည် တိတ်ဆိတ်စွာဖြင့် ခဏမျှ ကြည့်နေပြီးနောက် ခေါင်းလှည့်ကာ ကျန်းလင်ကို မေးလိုက်သည်။
"ဒီကြက်ဥကိုကော အိုးထဲထည့်ပြီး အတူတူပြုတ်ရမလား"
"အရသာသစ် တစ်ခုခုတောင် ထွက်လာနိုင်လောက်တယ်"
ရောင်စုံကြက်ဥလေးသည် နားလည်သွားပြီး တစ်ခဏမျှ လန့်ဖျပ်သွားကာ ကျန်းလင်၏အနောက်သို့ ဝှစ်ခနဲ ပျံသန်း ပုန်းကွယ်သွားတော့သည်။
ကျန်းလင် ခပ်ပေါ့ပေါ့ပင် ပြန်ဖြေလိုက်သည်။
"စားဖို့ သုံးတာ မဟုတ်ဘူး"
ကျန်းလင်သည် ချင်ကျိုးကျိုး၏ စကားတွင် ဆိုးဝါးသော ရည်ရွယ်ချက် မပါဝင်ကြောင်းကို သူ ခံစားသိရှိနိုင်ပေသည်။
ဤအရာက အိုးထဲ ထည့်လို့ရသည့် ပါဝင်ပစ္စည်းဟုတ်မဟုတ်ကို စူးစမ်းချင်စိတ် သက်သက်သာဖြစ်၏။
"ဪ"
ချင်ကျိုးကျိုးလည်း အမှန်တကယ်ပင် ထပ်မမေးတော့ချေ။
ထို့နောက်အခန်း အတွင်းရှိ လေထုသည် ရုတ်တရက် တိတ်ဆိတ်သွားတော့၏။
ဝိညာဉ်လက်နက် အလုပ်ရုံမှ အဖွဲ့ဝင် အားစစ်သည် ကျန်းလင်ကို တစ်ချက်ကြည့်လိုက်၊ ချင်ကျိုးကျိုး ကို တစ်ချက် ကြည့်လိုက်ဖြင့် လုပ်နေပေသည်။
'သူ တစ်ခုခု ပြောသင့်သလား'
ကျန်းလင်က နေရာပေးထားပြီး ချင်ကျိုးကျိုး က ဟော့ပေါ့ ထောက်ပံ့ပေးထားသည်လေ။
အားစစ်သည် အနည်းငယ် စဉ်းစားလိုက်ပြီး စကားစ တစ်ခု ရှာလိုက်သည်။
"မင်းတို့ အခုတလော ဘာတွေ လုပ်နေကြလဲ"
ကျန်းလင်သည် ဤနှစ်ရက်အတွင်း လုပ်ခဲ့သည်များကို ပြန်စဉ်းစားလိုက်ပြီး "လမ်းလျှောက် ထွက်တာလား" ဟု တိုတုတ်စွာ ဖြေလိုက်၏။
ချင်ကျိုးကျိုး ခေါင်းပင် မမော့ဘဲ "လမ်းလျှောက် ထွက်တာလား" ဟု ပြန်ဖြေလိုက်သည်။
အားစစ် : "...."
'ဒီနှစ်ယောက်က အတူတူ လမ်းလျှောက်ထွက်ခဲ့ကြတာလား'
အားစစ် ကြောင်အမ်းအမ်းဖြစ်သွားပြီး "ငါကတော့ တောင်ဘက် ခန်းမဆောင်ရဲ့ ဝိညာဉ်လက်နက် အလုပ်ရုံမှာ သွားလေ့ လာနေတာ၊ ဒါပေမယ့် သူတို့က ဝိညာဉ်လက်နက်ကို သိပ်ပြီး အလေးမထားကြဘူး ထင်တယ်"
ကျန်းလင်ကလည်း စကား နှစ်ခွန်း သုံးခွန်းခန့် ထပ်ပြောလိုက်သည်။
"ငါ တောင်ဘက် ခန်းမဆောင်မှာ လျှောက်လည်နေတာ၊ သူတို့ ဝိညာဉ်ဈေးတန်းက ပြိုင်ပွဲစင်မြင့်တွေက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတယ်၊ ဝိညာဉ်အငွေ့အသက်ကိုတောင် ကန့်သတ်ထားနိုင်သေးတယ်"
ချင်ကျိုးကျိုးသည် တာ့ယီ နှင့် ရှောင်အာ့ တို့ ကမ်းပေးလာသော ပါဝင်ပစ္စည်းများကို လှမ်းယူကာ အိုးထဲသို့ ပစ်ထည့်လိုက်ရင်း ဝင်ပြောလိုက်၏။
"ငါကတော့ လူ့လောကရော ငရဲပြည်မှာပါ လျှောက်လည်နေတာပဲ၊ ငါက သတင်းအချက်အလက် အဖွဲ့ကဆိုတော့ နေရာအနှံ့ သွားနေရတာလေ"
ထိုအခါ အားစစ်က "ဪ ဪ ဪ" ဟု တုံ့ပြန်လိုက်သည်။
ဟော့ပေါ့အိုး စတင် ပွက်ပွက်ဆူလာသည်နှင့် တစ်ပြိုင်နက် အားစစ် လည်း သက်ပြင်းချနိုင်သွားတော့၏။
သူသည် ဟော့ပေါ့အိုးကို အာရုံစိုက် ကြည့်ကာ စားရန် စောင့်ဆိုင်းနေပြီး စကားစ ရှာရန်မလိုအပ်တော့ချေ။
ကျန်းလင်သည် ချင်ကျိုးကျိုးကို တစ်ချက် ကြည့်လိုက်ပြီး မျက်လုံးထောင့်မှနေ၍ ဘေးနားရှိ တိုက်ရိုက်ထုတ်လွှင့်မှု အလုံးလေးကို အဝေးသို့ အနည်းငယ်ရွေ့လိုက်၏။
ထို့နောက်သူသည် ဟင်းသီးဟင်းရွက်များကို ညှပ်ယူနေရင်း ပေါ့ပေါ့ပါးပါး ပုံစံဖြင့်မေးလိုက်၏။
"အထူးတာဝန်တွေက ဘာလုပ်ရတာလဲ ဆိုတာကို မင်းတို့ သိကြလား"
အားစစ်သည် ပါးစပ်ထဲတွင် ဟင်းဖတ်များ အပြည့် ငုံထားလျက် နားမလည်စွာ ခေါင်းမော့လာပြီး ပီပီသသ မဟုတ်သော အသံဖြင့် ပြန်မေးလိုက်သည်။
"အထူး တာဝန်"
"...."
ချင်ကျိုးကျိုး ပန်းကန်ထဲတွင် အပြည့် ဖြစ်နေပြီး ပါးစပ်ထဲတွင်လည်း ပြည့်ကျပ်နေကာ အရှေ့ချ ဆံပင်များ အောက်ရှိ မျက်လုံးအစုံက ကျန်းလင်ကို တစ်ချက်ကြည့်လိုက်၊ အရှေ့ရှိ အိုးကို တစ်ချက် ကြည့်လိုက် လုပ်နေပေသည်။
ကျန်းလင်ကို တစ်လှည့်၊ အိုးကို တစ်လှည့် ကြည့်ပြီးနောက် နောက်ဆုံးတွင် အိုးကိုသာ ကြည့်ရန် ရွေးချယ်လိုက်တော့၏။
"ပလပ် ပလပ် ပလပ်"
ဘေးနားရှိ ရှောင်အာ့ နှင့် တာ့ယီ တို့သည် ပါဝင်ပစ္စည်းများကိုအဆက်မပြတ် သန့်စင်နေကြပြီး အိုးထဲသို့ လျင်မြန်စွာ ထည့်ပေးနေကြပေသည်။
နည်းနည်းလေး နှေးသွားသည်နှင့် သခင်ဖြစ်သူ၏ စားနှုန်းကို မမီတော့မည်ကို စိုးရိမ်နေကြသည့်ပုံ ပေါက်နေ၏။
သူတို့လည်း မသိကြဘူးဟု ကျန်းလင် ထင်မှတ်လိုက်ချိန်တွင် ချင်ကျိုးကျိုးသည် ပန်းကန်ထဲရှိ တောင်ကုန်းငယ် တစ်ခုကဲ့သို့ စုပုံနေသော ဟင်းများကို အချက်အနည်းငယ်ဖြင့် ကုန်အောင် စားလိုက်သည်ကို တွေ့လိုက်ရပေသည်။
သူမသည် လျင်မြန်စွာ ဟင်းညှပ်နေရင်း အားလပ်သည့် အချိန်လေးတွင် ကျန်းလင်ကို လျင်မြန်စွာ တစ်ချက် လှမ်းကြည့်လိုက်၏။
"အထူး တာဝန်ဟုတ်လား၊ သိတာပေါ့"
သတင်းအချက်အလက် အဖွဲ့၏အဖွဲ့မှူးတစ်ယောက် အနေ ဖြင့် ဘယ်လိုလုပ်မသိဘဲ နေမည်နည်း။
မသိခဲ့ဘူး ဆိုရင်တောင်မှ သိအောင် လုပ်ထားရမည်သာ ဖြစ်ပေသည်။
သတင်းအချက်အလက် အဖွဲ့မှ ဝိညာဉ်တမန်တော်များသည် စူးစမ်းလိုစိတ် ရှိရမည့်အပြင် မိမိ၏ စူးစမ်းလိုစိတ်ကို ထိန်းချုပ်နိုင်စွမ်းလည်း ရှိရမည် ဖြစ်၏။
"အထူး တာဝန်ဆိုတာ၊ ငါ ဒီနှစ်ရက်အတွင်း တောင်ဘက် ခန်းမဆောင်မှာ လှည့်ပတ်ကြည့်တာ၊ အရှေ့ဘက် ခန်းမဆောင်က သဘောတရားနဲ့ အတူတူလောက်ပဲ ဖြစ်မယ် ထင်တယ်"
ချင်ကျိုးကျိုး ဆက်ပြောတော့မည်ကို မြင်သောအခါ ကျန်းလင်က "ခဏနေဦး" ဟု ပြောလိုက်ပေသည်။
ထို့နောက်သူသည် လက်ဖျစ် တစ်ချက် တီးလိုက်ရာ သူတို့ ဝိညာဉ် သုံးပါး၏ပတ်ပတ်လည်တွင် ဝိညာဉ်အငွေ့အသက် အကာအကွယ် တစ်ခု ချက်ချင်းထွက်ပေါ်လာတော့၏။
၎င်းမှာအပြင်ဘက်နှင့် အဆက်အသွယ် ဖြတ်တောက်လိုက်ခြင်းဖြစ်ပေသည်။
တိုက်ရိုက်ထုတ်လွှင့်မှု အလုံးလေးက အဝေးသို့ ရောက်နေလျှင်တောင်မှ ဤအခန်းက အသံလုံသည်ဟု မဆိုနိုင်ချေ။
ထို့အပြင် အထူးတာဝန် ဆိုသည်မှာ တောင်ဘက်ခန်းမဆောင်တွင်လည်း လက်ခံဖူးသူများသာ သိနိုင်သည် မဟုတ်လော။
ယမမင်းကြီးများသည် အထူး တာဝန်၏ အကြောင်းအရာများကို အဘယ်ကြောင့် အပြင်သို့ ပေးမသိရသနည်း ဆိုသည်ကို မသိရသော်လည်း အခြေအနေ အရပ်ရပ်ကို ကာကွယ်ရန် အတွက် အသံလုံအောင် လုပ်ထားခြင်းက ပိုကောင်းမည်ဟု ကျန်းလင် တွေးလိုက်မိ၏။
"ရပြီ" ဟု ပြောကာ ကျန်းလင် လက်ရုပ်သိမ်းလိုက်သည်။
ချင်ကျိုးကျိုးသည် ကျန်းလင်၏လှုပ်ရှားမှုကို ကြည့်နေသော်လည်း သိပ်ပြီး ဂရုမစိုက်လှချေ။
"တကယ်တော့ နင်တို့ နှစ်ယောက်ရဲ့အဆင့်နဲ့ လုပ်သက်တွေကလည်း နိမ့်မနေတော့ပါဘူး၊ ငါ မပြောရင်တောင် မကြာခင်မှာ ယမမင်းကြီးက နင်တို့ကို ဒီလိုတာဝန်မျိုးတွေနဲ့ ထိတွေ့ခွင့် ပေးလိမ့်မယ်”
🫧 Chapter 246
အထူး တာဝန်များနှင့် ပတ်သက်၍ ချင်ကျိုးကျိုး စကားလုံး နှစ်လုံးတည်းသာ ပြောခဲ့၏။
"နတ်ဘုရား"
သူမ ရှင်းပြလိုက်သည်မှာ အလွန် ရိုးရှင်းသော်လည်း ထိုအထဲတွင် ပါဝင်သော အဓိပ္ပာယ်မှာ အလွန် ကျယ်ပြန့်လှပေသည်။
'နတ်ဘုရားများနှင့် သက်ဆိုင်နေသည်တဲ့လား'
ကျန်းလင်ကြောင်အမ်းအမ်း ဖြစ်သွားပြီး ဘေးနားရှိ ထမင်းပန်းကန်ကိုင်ထားသော အားစစ်ပင်လျှင် ကြောင်သွားကာ ပါးစပ် ဟလျက် ပါးစပ်ထဲရှိ ထမင်းလုတ်ကို မျိုချရမလား ထွေးထုတ်ရမလား မသိအောင် ဖြစ်နေတော့၏။
ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သော်လည်း သေချာပြန်စဉ်းစားကြည့်လျှင် မည်သည့် တာဝန်ကများ အထူးတာဝန်ဟု သတ်မှတ်ရလောက်အောင် တင်းကျပ်ပြီး လျှို့ဝှက်ထားရန် လိုအပ်မည်နည်း။
ဤအရာ တစ်ခုတည်းသာ ရှိနိုင်မည်ဟု တွေးမိတော့သည်။
သို့သော် ကျန်းလင်တို့ ယခင်ကလုပ်ဆောင်ခဲ့သော တာဝန်များသည် အများအားဖြင့် သေဆုံးသွားသော ဝိညာဉ်များ၊ မကောင်းဆိုးဝါး သရဲတစ္ဆေများနှင့်သာ သက်ဆိုင်ခဲ့၏။
အထူး တာဝန်များတွင် ရင်ဆိုင်ရမည့် အခြေအနေများမှာ မည်သို့သော အခြေအနေမျိုး ဖြစ်မည်နည်း ဆိုသည်ကိုတော့ မှန်းဆရ ခက်ခဲလှပေသည်။
သူတို့နှင့် အထူး တာဝန်များထဲရှိ တာဝန်ခံများသည် အပြန်အလှန်ကူညီရမည်လော။
သို့မဟုတ် ရန်သူများ ဖြစ်နေမည်လော။
ထိုကိစ္စနှင့် ပတ်သက်၍ ချင်ကျိုးကျိုး က ထပ်မံ မပြောပြတော့ဘဲ "မင်းတို့ လုပ်ရမယ့် အချိန်ကျရင် သိလာလိမ့်မယ်" ဟုသာ ပြောလိုက်၏။
ထိုအခါ ကျန်းလင်သည် ထပ်မမေးတော့ဘဲ စိတ်ထဲတွင်သာ တိတ်တဆိတ် စဉ်းစားနေလိုက်သည်။
အားစစ်မှာမူ ကမ္ဘာသစ် တစ်ခုကို ဖွင့်လှစ်လိုက်ရသကဲ့သို့ ပန်းကန်ကို ပိုက်ကာ ကျန်းလင်ကို တစ်လှည့်၊ ချင်ကျိုးကျိုး ကို တစ်လှည့် ကြည့်နေတော့၏။
'ဒီနှစ်ယောက်က ဘာလို့ ဒီလောက်တောင် အေးအေးဆေး ဆေး ဖြစ်နေရတာလဲ'
'ငါလည်း နောက်ပိုင်းကျရင် အထူးတာဝန်တွေ လုပ်ရမှာလား'
အားစစ် သည် ခေါင်းကို ကုတ်လိုက်ပြီး အနည်းငယ် စိတ်ရှုပ်သွား၏။
သူက ဝိညာဉ်လက်နက် အကြောင်းကိုသာ သေချာစွာ လေ့လာချင်သူ ဖြစ်ပေသည်။
တာဝန်ခံက နတ်ဘုရားဖြစ်နေမည် ဆိုပါက သူတို့ ပုံမှန်လက် ခံနေကျ တာဝန်တွေထက် အများကြီး ပိုပြီးရှုပ်ထွေးနေမည် မဟုတ်လော။
[ရှူး မွှေးလိုက်တာ]
[ညနက်သန်းခေါင်ကြီး အဆိပ်ခတ်နေတာပဲ... ငါက ခုလေးတင်မှ ဝိတ်ချဖို့ ဆုံးဖြတ်ထားတာကို၊ Streamer ကြီးက အဆိပ်ခတ်နေတယ်]
[အား အား အား မရတော့ဘူး၊ ငါ မာလာဟော့ပေါ့ တစ်ပွဲ သွားမှာလိုက်ဦးမယ်]
တိုက်ရိုက်ထုတ်လွှင့်မှုမှ ပရိသတ်များသည် ကြည့်ရင်း ကြည့်ရင်းဖြင့် သွားရည်များ ကျလာကြတော့၏။
'ညသန်းခေါင်ကြီးကို ဘာလို့ စားချင်တိုင်း စားနေကြတာလဲ'
'သူတို့က ကြည့်နေရတာကို'
[Streamer ကြီးတို့ အဖွဲ့ ဘယ်လောက်တောင် မြိန်ရည်ယှက်ရည် စားနေသလဲ ဆိုတာကို ကြည့်လိုက်ကြစမ်းပါ]
[ဟော့ပေါ့အိုးထဲက ဆူပွက်နေတဲ့ ဆီပူပူတွေရယ်၊ ငရုတ်သီးတွေ ကပ်နေတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ အသားပြားတွေရယ်]
ညနက်နေပြီ ဖြစ်ပြီး ညစာ စားထားသည်မှာလည်း ခြောက်နာရီ၊ ခုနစ်နာရီခန့် ကြာမြင့်နေပြီ ဖြစ်၏။
မဆာလောင်သော ပရိသတ် အများအပြားပင်လျှင် ကြည့်ရင်းနှင့် သွားရည်ကျလာကြပေသည်။
'ဒါဆိုရင် တစ်ခုခု ထပြီး မစားဘဲ နေလို့ ရမလား'
[ငါ့ရဲ့ ပါဆယ် ရောက်လာပြီ! ဒါက Streamer ကြီးနဲ့ အတူတူ ဟော့ပေါ့စားတယ်လို့ သတ်မှတ်လို့ ရမလား]
[အပေါ်ကလူ မင်းက တော်တော် ပါးနပ်တာပဲ]
[Streamer ကြီးက မိစ္ဆာပဲ ဒါဆို ငါ ဘယ်လိုလုပ် အိပ်ပျော်နိုင်တော့မလဲ]
[ညီအစ်ကိုတို့ရေ၊ ဘဝက အခုမှ စတင်တာပဲ၊ မာလာ ဂဏန်းတွေ၊ မာလာချဉ်စပ်တွေ၊ ဝက်ခြေထောက်ပေါင်းတွေ၊ ကြက်ခြေထောက်သုပ်တွေ အကုန် မှာလိုက်ကြ]
[ငါတို့ထဲမှာ စားသောက်ဆိုင်က လူတွေ ပါနေတယ်လို့ ငါ သံသယ ရှိတယ်၊ မင်းတို့ရဲ့ ဆိုင်နာမည်တွေ မြန်မြန်ပြောကြစမ်းပါ]
မှတ်ချက်ရေးသည့် နေရာတွင် ပရိသတ်များသည် အမျိုးမျိုးသော အစားအစာ နာမည်များကိုရေးသားနေကြတော့၏။
ဓာတ်ပုံ ပို့ခွင့်သာ ရှိမည် ဆိုလျှင် ဤမကောင်းဆိုးဝါး ပရိသတ်များသည် အမျိုးမျိုးသော ဆွဲဆောင်မှု ရှိလှသည့် အစားအသောက် ဓာတ်ပုံများကိုပါ ပို့လွှတ်ကြမည်မှာ သေချာလှပေသည်။
[စားချင်စိတ် ပေါ်လာအောင်ပဲ အတူတူ ဆွဲဆောင်ကြတာပေါ့]
ထိုညတွင် လူ့လောကတစ်ခုလုံးတွင် အွန်လိုင်းမှအစားအ သောက် မှာယူမှု အရေအတွက်မှာ အဆမတန် မြင့်တက်သွားခဲ့ပေသည်။
ဆိုင်ပိတ်ခါနီး ဆိုင်ရှင်အချို့သည် ထိုအခြေအနေကို မြင်သောအခါ အိပ်ရာမှ တိုက်ရိုက်ထလာကြတော့၏။
'ဘာလို့ အိပ်နေဦးမှာလဲ၊ ပိုက်ဆံရှာရမှာပေါ့'
မပြောနှင့်၊ ဤမျှလောက် များပြားသော ပရိသတ်များထဲတွင် အမှန်တကယ်ပင် စားသောက်ဆိုင် လုပ်ငန်းလုပ်ကိုင်သူများ ပါဝင်နေပေသည်။
ထိုမြင်ကွင်းကို မြင်သောအခါ သူတို့ အားလုံးချက်ချင်း ပြုံးလိုက်မိကြတော့၏။
ပုံမှန်ဆိုလျှင် မိသားစုက သူတို့ကို အလုပ်မလုပ်ဘဲ တိုက်ရိုက်ထုတ်လွှင့်မှုတွေ ကြည့်နေသည်ဟု အမြဲအပြစ်တင်လေ့ရှိသည် မဟုတ်လော။
ယခုတော့ သူတို့ စွမ်းရည်ပြရမည့် အချိန်ရောက်လာပြီ ဖြစ် ၏။
တိုက်ရိုက်ထုတ်လွှင့်မှု ကြည့်ခြင်းကလည်း မိသားစုစီးပွား ရေးကို တိုးတက်စေနိုင်သည်လေ။
[ကျိုးပြည်နယ်က သူငယ်ချင်းတို့ ဒီဘက်ကို လာခဲ့ကြ၊ အကောင်းစား ဘဲကင်တွေ အသင့်ရှိတယ်၊ အခုမှ ဖိုထဲက ထွက်လာတာ၊ ဒီနှစ် ဘဲတွေက အရမ်းကို ဆူဖြိုးတယ်နော်]
[လင်းချန်က နှစ်တစ်ရာ သက်တမ်းရှိဆန်ကြာဆံ၊ ပူပူနွေး နွေးလေး ပြုတ်ထားတယ်၊ တစ်လုပ်လောက် စားလိုက်တာနဲ့ ဗိုက်တစ်ခုလုံး နွေးသွားမှာပဲ၊ ကြက်သွန်မြိတ်လေး နည်းနည်း ထည့်လိုက်ရင် ပိုတောင် မွှေးသေးတယ်]
[ဖေးလုံ မာလာဂဏန်း၊ ပြည်နယ်တိုင်း မြို့တိုင်းမှာ ဆိုင်ခွဲတွေ ရှိတယ်နော် ပရိသတ်တို့ လာခဲ့ကြ! ဒီနေ့ည ၂၀ ရာခိုင် နှုန်း လျှော့ပေးမယ်]
[ချီးတဲ့မှ ]
-----
ဤဟော့ပေါ့ တစ်နပ်ကြောင့် လူ့လောကတွင် အစားအ သောက် မုန်တိုင်းငယ် တစ်ခုတိုက်ခတ်သွားခဲ့၏။
ငရဲပြည်ရှိ ကျန်းလင်တို့ နေထိုင်သော နံပါတ် ၂ အဆောက် အအုံ အတွင်းတွင်လည်း သရဲများစွာအိပ်မပျော်နိုင် ဖြစ်နေကြပေသည်။
မူလက အားလုံးသည် မိမိတို့ အခန်းထဲတွင်
အေးအေးဆေးဆေး နေထိုင်ရင်း၊ အနားယူသူက အနားယူ၊ ကျွမ်းကျင်မှုများကို စဉ်းစားသူက စဉ်းစား၊ ခြေချိတ်ကာ ဝိညာဉ်မီးတောက်များနှင့် ကစားသူက ကစားစသဖြင့် ရှိနေကြ၏။
တောင်ဘက် ခန်းမဆောင်မှ သရဲများသည် ဤကဲ့သို့ နေ့စဉ်ဘဝနှင့် အသားကျနေပြီ ဖြစ်ပေသည်။
ကျိုးကျိသည်လည်း ၂၂ ထပ်တွင် နေထိုင်ပြီး သူသည် ထုံးစံအတိုင်း ကုတင်ပေါ်တွင် လှဲလျောင်းကာ ယနေ့ တစ်နေ့တာကို ပြန်လည် သုံးသပ်နေ၏။ လူအများစု စာမေးပွဲ ဖြေပြီးတိုင်း ပြန်လည် ဆန်းစစ်သကဲ့သို့ပင် ဖြစ်ပေသည်။
ယနေ့ ဘယ်နေရာမှာ ကောင်းကောင်း လုပ်နိုင်ခဲ့သလဲ၊ ဘယ်နေရာမှာ ပြင်ဆင်ဖို့ လိုသေးသလဲ ဆိုသည်ကို စဉ်းစားနေခြင်း ဖြစ်၏။
သူသည် ယနေ့ လုပ်ခဲ့သော တာဝန်ကို ပြန်လည် စဉ်းစားနေပြီး၊ ဟိုတွေးဒီတွေးဖြင့် ထိုအချိန်က နောက်ထပ် ကျွမ်းကျင်မှု တစ်ခုကို အသုံးပြု၍ အရင်ဆုံး စမ်းသပ်သင့်သည်ဟု တွေးလိုက်မိသည်။
ထိုသို့ တွေးရင်း ကျိုးကျိသည် တစ်ဖက်သို့ လှည့်လိုက်၏။
သူသည် မနက် ၄ နာရီ ကျော်သည်နှင့် ထိုတာဝန်ရှိရာ နေရာသို့ ထပ်သွားပြီး ယနေ့ တွေ့ခဲ့ရသော ထိုနတ်ဆိုးနှင့် ထပ်မံ ကြုံတွေ့နိုင်မလား ဆိုသည်ကို သွားရောက် ကြည့်ရှုရန် ပြင်ဆင်ထားလိုက်သည်။
ထိုသို့ စဉ်းစားနေစဉ် သူ့နှာခေါင်းက ရုတ်တရက် လှုပ်ရှားသွားပြီး အနံ့ကို မြန်မြန်ဆန်ဆန် နှစ်ချက်ခန့် ရှူရှိုက်လိုက်၏။
'ဒီအနံ့က'
ကျိုးကျိသည် အနံ့ခံရင်း ကုတင်ပေါ်မှထထိုင်လိုက်ပြီး ပြတင်းပေါက် အပြင်ဘက်သို့ မနေနိုင်ဘဲ လှမ်းကြည့်လိုက်သည်။
'ဒီအနံ့က တော်တော်လေးကို မွှေးနေတာပဲလား'
'ဘယ်သူလဲဟ ညသန်းခေါင်ကြီး အစားအသောက် ချက်နေတာ'
'အဲဒါကလည်း အားလုံး အပြင်ထွက်လို့ မရတဲ့ အချိန်ကြီးမှာလေ'
အထပ် ၂ အခန်း နံပါတ် ၂၀၁ သည် လီစုန့် နှင့် တန်းရန် တို့ နေထိုင်သော အခန်းဖြစ်ပေသည်။
ကျန်းလင်နှင့် ခွဲခွာပြီးနောက် သူတို့သည် မိမိတို့ အခန်းသို့ ပြန်လာခဲ့ကြ၏။
တန်းရန်သည် လေထဲတွင် လွင့်မျောနေပြီး အရောင်ငါးမျိုးစပ် သိုးမွေးလုံး တစ်ခုနှင့်တူသော လက်သီးဆုပ်အရွယ် အလုံးလေးတစ်ခုကို လက်ထဲတွင် ဆော့ကစားနေပေသည်။
လီစုန့် မှာမူ ကုတင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်ကာ ယနေ့ ကျန်းလင်ထံမှ ရရှိလာသော ငရဲပိုက်ဆံများကို ရေတွက်နေပြီး အိတ်ကပ်ထဲမှ သူတို့ ညီအစ်ကို နှစ်ယောက် ယခင်က စုဆောင်းထားသော ပိုက်ဆံများကိုပါ ထုတ်ယူလိုက်၏။
ထို့နောက်ကုတင်ပေါ်တွင် အားလုံးကို ဖြန့်ခင်းကာ တစ်ခုချင်းစီ ရေတွက်နေတော့သည်။
"နှစ်ရာ၊ နှစ်ရာ့တစ်ဆယ်၊ နှစ်ရာ့ခြောက်ဆယ်"
တန်းရန်သည် လက်ထဲရှိ အလုံးလေးကို အပေါ်သို့ ပစ်တင်လိုက်ပြီး လီစုန့် ၏လုပ်ဆောင်ပုံကို ငုံ့ကြည့်ကာ မေးထောက်လျက် မေးလိုက်၏။
"ဘယ်လောက် ရှိပြီလဲ"
လီစုန့် နှာခေါင်း တွန့်လိုက်ပြီး "ငါတို့ တင်နေတဲ့ အကြွေးကို ဆပ်ဖို့ အဝေးကြီးလိုပါသေးတယ်" ဟု ဖြေလိုက်သည်။
တန်းရန်သည် လျှာထုတ်ပြလိုက်ပြီး ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ရုတ်တရက် ပြောလိုက်၏။
"အစ်ကို၊ ငါ တခြား ခန်းမဆောင်က ဝိညာဉ်တမန်တော်တွေကို သိပ်မကြိုက်ဘူး"
လီစုန့် က ခေါင်းညိတ်လိုက်ပြီး "ငါလည်း အတူတူပဲ" ဟု ထောက်ခံလိုက်သည်။
မကြာသေးမီက မြောက်ဘက် ခန်းမဆောင်မှ ဝိညာဉ်တမန်တော်များ တစ်ကြိမ်လာရောက်ခဲ့ပြီး ဝိညာဉ်ဆိုင်ရှင်ကိစ္စနှင့် ပတ်သက်သော သတင်းများကို ယူဆောင်လာခဲ့ကြ၏။
ထိုကိစ္စ၏သက်ရောက်မှုက အလွန် ကြီးမားပြီး မည်သည့် နေရာဒေသမဆို အနည်းနှင့်အများ ဆိုသလို ဆုံးရှုံးမှုများ ရှိခဲ့ကြပေသည်။
၎င်းမှာ ညီအစ်ကို နှစ်ယောက်အနေဖြင့် အခြား ခန်းမဆောင်မှ ဝိညာဉ်တမန်တော်များကို ပထမဆုံးအကြိမ်မြင်ဖူးခြင်း ဖြစ်ပြီး ထင်မြင်ချက်များမှာလည်း သိပ်မကောင်းလှချေ။
"ဒါပေမယ့် ဒီတစ်ခေါက် အရှေ့ဘက်ခန်းမဆောင်က ဝိညာဉ်တမန်တော်တွေ လာတာက ကျုံးခွေ ကိုယ်တိုင်ဖိတ်ခေါ်လို့ လာကူညီကြတာလေ"
လီစုန့် သည် ကုတင်ပေါ်ရှိ ငရဲပိုက်ဆံများကို စီစဉ်နေရင်း
"ပြီးတော့ ဝိညာဉ်တမန်တော်ကြီးကျန်းတို့ ဒီတစ်ခေါက် လာတာက လေ့လာသင်ယူဖို့ပိုပြီး အလေးထားပုံရတယ်"
"အင်း"
တန်းရန်က ပြန်ထူးလိုက်ပြီး လေထဲတွင် တစ်ပတ် လှိမ့်လိုက်ကာ မျက်နှာကြက်ပေါ်ရှိ ဝိညာဉ်မီးတောက်များကို လှမ်းကြည့်နေလိုက်သည်။
အဖြူရောင် ဝိညာဉ်မီးတောက်များသည် အပေါ်ဘက်တွင် တိတ်ဆိတ်စွာ လွင့်မျောနေပြီး တစ်ခါတစ်ရံတွင် တဖျတ် ဖျတ် လင်းလက်သွားတတ်ပေသည်။
လီစုန့် ပိုက်ဆံများကို အိတ်ကပ်ထဲသို့ ပြန်ထည့်နေစဉ် တန်းရန်၏ ရေရွတ်လိုက်သံကို ရုတ်တရက် ကြားလိုက်ရ၏။
"တကယ်တော့ ဒီနေ့ အစ်ကိုနဲ့ အတူတူသွားတဲ့ ဝိညာဉ်တမန်တော်ကြီးကို ငါ သိပ်မမုန်းပါဘူး"
လီစုန့် ခေါင်းညိတ်လိုက်ပြီး "အင်း၊ ငါလည်း အတူတူပဲ သူက ငါတို့ကို ပိုက်ဆံတောင် ပေးသေးတယ်လေ" ဟု ပြောလိုက်သည်။
တန်းရန် : "အစ်ကို၊ ငါ အသားစားချင်လာပြီ"
လီစုန့် : "...."
သူသည် တန်းရန် ကို မော့ကြည့်လိုက်၏။
'ဘာလို့ ရုတ်တရက်ကြီး ဒီစကားကို ပြောရတာလဲ'
တန်းရန် သည် လေထဲတွင် တစ်ပတ် လှိမ့်လိုက်ပြီး လီစုန့် ကို သနားစရာ မျက်လုံးလေးများဖြင့် ကြည့်ကာ "ငါ အသားနံ့ ရနေတယ်" ဟု ပြောလိုက်သည်။
အကြွေးတင်နေသဖြင့် သူတို့ အသားမစားရသည်မှာ အတော်လေး ကြာခဲ့ပြီဖြစ်၏။
အသားစားခြင်းသည် ကျားများအတွက် သဘာဝတရားပင် ဖြစ်ပေသည်။
ထိုအခါလီစုန့်သည် ကြောင်အမ်းအမ်း ဖြစ်သွားပြီး လေထုထဲရှိ အနံ့ကို သေချာ ရှူရှိုက်ကြည့်လိုက်၏။
တန်းရန် မပြောခင်က သူ သတိမထားမိခဲ့သော်လည်း ယခု သေချာ ရှူရှိုက်ကြည့်လိုက်သောအခါ အမှန်တကယ်ပင် ရင်းနှီးနေသော အနံ့တစ်ခုကို ရလိုက်ပေသည်။
"ဒါ ဟော့ပေါ့ပဲ" ဟု လီစုန့် မှတ်မိသွားသည်။
"အရမ်းမွှေးတာပဲ"
တန်းရန်မှာ သွားရည်ကျလာပြီ ဖြစ်ကာ ပိုမို မွှေးပျံ့လာသော အသားနံ့ကို ရှူရှိုက်မိသောအခါ သူသည် အသံကျယ်ကြီးဖြင့်ပင် အော်ဟစ်လိုက်ချင်စိတ် ပေါက်သွားတော့သည်။
"ဘယ်သူလဲ သွားကြည့်ရအောင်"
ညီအစ်ကို နှစ်ယောက်သည် ပြတင်းပေါက်ဘက်သို့ ပျံသန်းသွားပြီး ခေါင်းပြု၍ အပြင်ဘက်သို့ လှမ်းကြည့်လိုက်ကြ၏။
ထိုသို့ ကြည့်လိုက်သောအခါ သူတို့နှင့်တူတူပင်နံပါတ် ၂ အဆောက်အအုံ၏ ပြတင်းပေါက် အသီးသီးမှ ပြူးထွက်နေသော ခေါင်းများစွာကိုလည်း တွေ့လိုက်ရတော့သည်။