← Chapters

အခန်း (၂၄၇-၂၄၈)

Vol. 25 Ch. 247-248

အခန်း (၂၄၇-၂၄၈)

Vol. 25 Ch. 247-248

🫧 Chapter 247

အမှောင်ထုထဲရှိမြင့်မားသော အဆောက်အအုံကြီးအတွင်းတွင်

ပြတင်းပေါက်များမှနေ၍ ခေါင်းတစ်လုံးပြီး တစ်လုံး ထွက်ပေါ်လာကြပြီး ဖြူရော်နေသော မျက်နှာများနှင့် နက်မှောင်နေသော မျက်လုံးအိမ်များထဲတွင် ဝိညာဉ်မီးတောက်များ၏ အလင်းရောင်များ ရောင်ပြန်ဟပ်နေ၏။

၎င်းမှာ အလွန်ကြောက်မက်ဖွယ်ကောင်းသော ငရဲပြည် မြင်ကွင်း တစ်ခုပင်ဖြစ်သည်။

လေထုထဲရှိ ထိုမွှေးပျံ့သော အနံ့က ပိုမိုပြင်းထန်လာသည်နှင့်အမျှ ပြတင်းပေါက်များ ပိုမိုပွင့်လာတော့သည်။

ကျိုးကျိသည် ခေါင်းပြူထွက်လိုက်ပြီး အထက်အောက် ကြည့်လိုက်ရာ အားလုံး ခေါင်းတွေချည်းသာဖြစ်နေပေသည်။

ထို့ကြောင့်သူသည် အဆောက်အအုံ နံရံပေါ်တွင် ခေါင်းပြတ် သရဲများတွယ်ကပ်နေသည်ဟုပင် ထင်မှတ်သွားပြီး ချက်ချင်းပင် အင်္ကျီလက်ကို ပင့်တင်ကာ တိုက်ခိုက်ရန် ပြင်လိုက်မိ၏။

သို့သော် မကြာမီမှာပင် ထိုအရာများက နံပါတ် ၂ အဆောက် အအုံမှ နေထိုင်သူများ ဖြစ်ကြောင်း သူ တွေ့ရှိသွားတော့ သည်။

ထို့ပြင် ထိုခေါင်းများသည်လည်း သူနှင့်အတူ ဟိုဟိုဒီဒီ ကြည့်ရှုနေကြပြီး တစ်ခုခုကို ရှာဖွေနေသည့်ပုံ ပေါက်နေပေသည်။

ခေါင်းများသည် အချင်းချင်း ကြည့်ရှုနေကြပြီး တိတ်ဆိတ် စွာဖြင့် မေးခွန်းထုတ်နေကာ မျက်နှာများမှာလည်း ရှုံ့မဲ့နေကြ၏။

'ဒီညသန်းခေါင်ကြီး ဘယ်သူက လာပြီးနှိပ်စက်နေတာလဲ'

'၄ နာရี ကျော်မှ လုပ်လို့ မရဘူးလား'

'ဆွဲထုတ်ပြီး ရိုက်သတ်ပစ်မယ်'

အမှောင်ထုထဲတွင် မည်သူကမျှ အသံကျယ်ကျယ် မအော်ရဲကြချေ။

သို့သော် ဤတိတ်ဆိတ်မှုထဲတွင် ဗိုက်ဆာနေသော အသံများနှင့် တံတွေးမျိုချသံများက ပိုမိုထင်ရှားလာတော့၏။

အစားအစာကို သိပ်မကြိုက်သော သရဲအချို့ပင်လျှင် ဤအချိန်တွင် လည်စေ့များ အထက်အောက် လှုပ်ရှားသွားကြပေသည်။

မူလက အားလုံးသည် အနားယူခြင်း သို့မဟုတ် ကျင့်ကြံခြင်းများ ပြုလုပ်နေကြပြီး လေထုက အတော်လေးကောင်းမွန်နေခဲ့ခြင်းဖြစ်၏။

သို့သော် ရုတ်တရက်ကြီး နှိပ်စက်တတ်သူတစ်ယောက် ပေါ်လာပြီး ၎င်းမှာလည်း ဤကဲ့သို့သော အချိန်မျိုးတွင် ဖြစ်နေပေသည်။

အပြင်သို့ ထွက်ခွင့် မရှိလေလေ၊ ထိုမွှေးပျံ့သော အနံ့၏ ဆွဲဆောင်မှုက ပိုပြင်းထန်လာလေလေ ဖြစ်တော့သည်။

သရဲအချို့သည် မနေနိုင်တော့ဘဲ မိမိတို့၏ သိုလှောင်အိတ်များကို ဖွင့်ကာ ထိုအထဲတွင် စားစရာဟောင်းနွမ်းနွမ်းများ ကျန်ရှိနေသေးသလား ဟု ရှာဖွေကြည့်ကြ၏။

ဤညတွင် နံပါတ် ၂ အဆောက်အအုံ တစ်ခုလုံး ဂနာမငြိမ် ဖြစ်နေကြတော့သည်။

ကျန်းလင်တို့သည် ထမင်းတစ်နပ်က ဤမျှလောက် ဂယက် ရိုက်သွားစေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြချေ။

နံပါတ် ၂ အဆောက်အအုံ၏ အခြေအနေကို သူတို့ သတိ ထားမိလိုက်သောအခါ ချင်ကျိုးကျိုးက တာ့ယီ နှင့် ရှောင်အာ့ တို့ကို ပြတင်းပေါက်ဆီသို့ သွားကြည့်ခိုင်းလိုက်ပေသည်။

သို့သော် အားလုံးက တစ်ခုခုကို ရှာဖွေနေကြကြောင်း တွေ့ရှိလိုက်ရ၏။

ထို့ပြင် တစ်ယောက်ချင်းစီ၏မျက်နှာများမှာ ရှုံ့မဲ့နေပြီး ရွံရှာ ကြောက်မက်ဖွယ် ကောင်းနေကြပေသည်။

အစပိုင်းတွင် သူတို့လည်း သံသယ ဖြစ်နေခဲ့ကြသော်လည်း သူတို့၏ဘယ်ဘက် နံရံမှ ခေါက်သံ ထွက်ပေါ်လာချိန်အထိပင် ဖြစ်တော့၏။

"အစ်ကိုကြီး၊ မင်းတို့ တစ်ခုခု ချက်စားနေကြတာ မဟုတ်လား"

"...."

ထိုအခါမှသာ ဤဂနာမငြိမ် ဖြစ်မှုများသည် သူတို့ မျက်စိရှေ့ရှိ ဟော့ပေါ့အိုးကြောင့်ဖြစ်ကြောင်း ကျန်းလင်တို့ နားလည်သွားကြတော့သည်။

ဝိညာဉ်တမန်တော် သုံးပါးသည် အချင်းချင်း တစ်ချက် ကြည့်လိုက်ကြပြီး ကျန်ရှိနေသော အစားအစာများကို လျင်မြန်စွာ ရှင်းလင်းစားသောက်လိုက်ကြ၏။

ထို့နောက်ချင်ကျိုးကျိုး သည် ပန်းကန်များ၊ အိုးများနှင့် ဝိညာဉ်စစ်သည်များကို လျင်မြန်စွာ သိမ်းဆည်းလိုက်ပြီးနောက် ထိုအပေါက်မှနေ၍ မိမိအခန်းထဲသို့ ပြန်လည် ဝင်ရောက်သွားတော့သည်။

သို့သော် တစ်ခုခုကိုသတိရသွားပြီးနောက် သူမသည် ပြန်တွားလာပြီး ကျန်းလင်၏အခန်းထဲသို့ တစ်ခုခုကို ဖြန်းလိုက်ပေသည်။

ချက်ချင်းပင် သစ်ပင်ပန်းမန်များ၏ လတ်ဆတ်သော အနံ့တစ်ခုက အခန်းထဲတွင် ပျံ့နှံ့သွားတော့၏။

ထိုအနံ့မှာ အလွန်ထူးခြားပြီး မကြာမီမှာပင် ဟော့ပေါ့၏ အနံ့ကို ဖုံးလွှမ်းသွားခဲ့ပေသည်။

မထွက်ခွာမီ ချင်ကျိုးကျိုးသည် မျက်နှာကြက်ကို တစ်ချက် ကြည့်လိုက်ပြီး အတုခိုးကာ ကျောက်ခဲများကို ပြန်ကပ်၍ စက္ကူဖြင့် တစ်ထပ်ဖုံးအုပ်လိုက်ပြန်၏။

ကျန်းလင် : "...."

'ဒီအမျိုးသမီးက ဘာလုပ်လုပ် ဒီလောက် မြန်ဆန်နေတာလား၊ ဒါမှမဟုတ် ထမင်းစားတဲ့ အချိန်မှပဲ ဒီလောက် တက်ကြွနေတာလား' ဟု သူ သိချင်သွားမိတော့သည်။

မနက် ၄ နာရီတွင် ခေါင်းလောင်းသံ ထွက်ပေါ်လာသောအခါ

ကျန်းလင်၊ အားစစ်နှင့် ချင်ကျိုးကျိုး တို့သည် တိုင်ပင်မထားဘဲ ပထမဆုံး အချိန်မှာပင် အပြင်သို့ထွက်ပြေးသွားကြ၏။

ထိုအမြန်နှုန်းက အခန်းထဲမှ ခုမှထွက်လာသော သရဲအများအပြားကိုပင် ကြောင်အမ်းအမ်းဖြစ်သွားစေပေသည်။

မကြာမှပင် များပြားလှသော သရဲများသည် နံပါတ် ၂ အဆောက်အအုံ၏ ပြတင်းပေါက်များမှ ပျံသန်းထွက်လာကြပြီး လေထဲတွင် အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်ကြ၏။

"မနေ့ညက ဘယ်သူ အစားအသောက်တွေ စားနေတာလဲ"

'ငါ့ကို သွားရည်ကျအောင် လုပ်နေတယ်' ဟူသော နောက်တစ်ဝက်ကိုမူ သူ ထုတ်မအော်ခဲ့ချေ။

အကယ်၍ ထမင်းတစ်နပ်ကြောင့် သူ သွားရည်ကျနေသည်ကို အားလုံးသိသွားပါက အလွန် မျက်နှာပျက်စရာကောင်းမည် မဟုတ်လော။

"ဟုတ်တယ်၊ မနေ့ညက ဘယ်သူ ဟော့ပေါ့ချက်လိုက်တာလဲ"

"အနံ့က ဒီဘက်ကနေ ထွက်လာတာလို့ ငါ မှတ်မိတယ်"

နောက်ထပ် သရဲအချို့ကလည်း ဆူညံစွာ အော်ဟစ်ရင်း ၂၂ ထပ်သို့ အဆက်မပြတ် ချဉ်းကပ်လာကြပေသည်။

သို့သော် ၂၂၀၃ ပြတင်းပေါက် အနီးသို့ သူတို့ ရောက်ရှိလာသောအခါ ခပ်သင်းသင်း သစ်ပင်ပန်းမန်အနံ့ကိုသာ ရရှိလိုက်တော့၏။

ဟော့ပေါ့ အနံ့က ဘေးခန်းများထက်ပင် နည်းပါးနေသေးပေသည်။

"ထူးဆန်းတယ်၊ ငါတို့ ရှာတာ မှားသွားတာလား"

ထိုသရဲများသည် ဘေးခန်းများသို့ ပျံသန်းသွားပြီး ပြတင်း ပေါက်ကို ခေါက်လိုက်ကြ၏။

"ဟေ့၊ မနေ့ညက မင်း အစားအသောက် စားနေတာ မဟုတ်လား"

"ဘယ်သူက စားနေလို့လဲ"

ပြတင်းပေါက် အခေါက်ခံရသော သရဲက ခေါင်းပြူထွက်လာပြီး ရောက်လာသူများ၏အမူအရာ မကောင်းသည်ကို မြင်သောအခါ ချက်ချင်းပင် မျက်မှောင်ကြုတ်သွားတော့သည်။

"ဘာလဲ၊ ပြဿနာ လာရှာတာလား၊ ချမလား"

"ချမယ်လေ၊ ဘယ်သူက ကြောက်နေလို့လဲ"

ပြတင်းပေါက် ခေါက်သော သရဲများမှာလည်း ဒေါသ မသေးလှသဖြင့် ပြတင်းပေါက် လာခေါက်ရသည့် မူလ ရည်ရွယ် ချက်ကိုပင် ချက်ချင်းမေ့လျော့သွားကြတော့၏။

သရဲ နှစ်ကောင် အင်္ကျီလက် ပင့်တင်ကာ မနေနိုင်ဘဲ စတင် တိုက်ခိုက်တော့မည့် အချိန်တွင်ပင် နံပါတ် ၂ အဆောက် အအုံ၏ အောက်ဘက်မှ အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခန္ဓာကိုယ် ပြည့်ဖြိုးသော အမျိုးသမီးအဆောင်မှူးက အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်တော့သည်။

"အဝေးမှာ သွားချကြ၊ ဒီမှာ လာပြီး ပြဿနာမရှာနဲ့"

ထိုအခါ သရဲ နှစ်ကောင်ကမှ ဤနေရာသည် မည်သည့်နေရာ ဖြစ်ကြောင်း ပြန်အမှတ်ရသွားပြီး ခေါင်းလှည့်ကာ မေးလိုက်သည်။

"ပြိုင်ပွဲစင်မြင့်ကို သွားရဲလား"

"သွားမယ်လေ၊ ဘယ်သူက ကြောက်နေလို့လဲ"

ကျန်းလင်သည် အပြင်ဘက်တွင် တစ်ပတ်ခန့် လျှောက်လည်ပြီးနောက်မှ နံပါတ် ၂ အဆောက်အအုံသို့ ပြန်လာခဲ့၏။

သူ ပြန်ရောက်သောအခါ လီစုန့် မှာ တံခါးဝတွင် စောင့်နေ သည်မှာ အတန်ကြာပြီဖြစ်ပေသည်။

ကျန်းလင် ပေါ်လာသောအခါ ဘာကြောင့် နောက်ကျရသနည်းဟု သူ မမေးခဲ့သော်လည်း သူ့စိတ်အခြေအနေမှာ သိပ်မကောင်းလှချေ။

ကျန်းလင်က တစ်ခွန်းမေးလိုက်ရာ လီစုန့် က သူ့ကို တစ်ချက် ကြည့်ပြီး တီးတိုး ပြောလိုက်၏။

"ဘာကိစ္စကြီးမှတော့ မဟုတ်ပါဘူး၊ ည ၂ နာရီ ၃ နာရီလောက်က ဘယ်သူ အသားချက်စားနေလဲ မသိဘူး"

တန်းရန်သည် အပြင်သို့ ထွက်လာသည်နှင့် အသားဆိုင်ဆီသို့ တိုက်ရိုက် ပြေးသွားတော့သည်။

အကယ်၍ ကျန်းလင်ဘက်မှ တာဝန်ကို မမှတ်မိဘူး ဆိုပါက သူလည်း လိုက်သွားလောက်ပြီဖြစ်၏။

သို့သော် လီစုန့် သည် အိတ်ကပ်ကို စမ်းလိုက်ပြီး 'ပိုက်ဆံ အရင်ရှာမှ အသားစားရမှာ' ဟု တွေးလိုက်ပေသည်။

ကျန်းလင် : "...."

ထိုအရာများကိုတွေးတောရာ ကျန်းလင် တစ်ခဏမျှတိတ် ဆိတ်သွားတော့၏။

ထမင်းတစ်နပ်က ဤမျှလောက် ဂယက်ရိုက်သွားစေလိမ့် မည်ဟု သူ တကယ်ပင် မထင်မှတ်ထားခဲ့ချေ။

"သွားကြတော့မလား" လီစုန့် ခေါင်းကို စောင်းကာ ကျန်းလင်ကို ကြည့်ရင်း မေးလိုက်သည်။

ကျန်းလင် ခေါင်းကို အနည်းငယ် ညိတ်လိုက်ပြီး "အင်း၊ သွားကြစို့" ဟု ဖြေလိုက်၏။

ယနေ့ ကျန်းလင်သည် ကျင့်ကြံခြင်း ကတ်ပြားများနှင့် ကျွမ်း ကျင်မှု လဲလှယ်ရန် ပါဝင်ပံ့ပိုးမှု အမှတ်များရယူရန် တာဝန် သွားလုပ်ရမည် ဖြစ်ပေသည်။

ထိုမတိုင်မီ လီစုန့် သည် ကျန်းလင်ကို တောင်ဘက်ခန်းမဆောင်၏ငရဲပြည် လမ်းကြောင်းများနှင့် ရင်းနှီးကျွမ်းဝင်လာစေရန် တာဝန်ယူရမည် ဖြစ်၏။

အကယ်၍ တာဝန်လုပ်ဆောင်ပြီးနောက် အပြန်လမ်းကြောင်း ဝင်ပေါက်ကို မရှာတွေ့ပါက အတော်လေး အခက်တွေ့ရပေလိမ့်မည်။

လူ့လောက၊ မြို့ပြင် တစ်နေရာ

မနက် ၇ နာရီတွင် ကောင်းကင်ကြီးမှာ လင်းထိန်နေပြီ ဖြစ်ပေသည်။

အဖြူရောင် မီနီဘတ်စ် ကားတစ်စီးသည် ကွန်ကရစ်လမ်းပေါ်တွင် ဖြည်းညင်းစွာ မောင်းနှင်နေ၏။

လမ်းဆုံ တစ်ခုသို့ ရောက်သောအခါ ကားပေါ်မှ လူသည် စတီယာရင်ကို လှည့်လိုက်ပြီး မီနီဘတ်စ် ကားလေးသည် ဘေးနားရှိ ရွှံ့လမ်းပေါ်သို့ ဖြည်းညင်းစွာ ချိုးကွေ့သွားတော့သည်။

ထိုလမ်းပေါ်တွင် မီတာဝက်ခန့် မြင့်သော မြက်ရိုင်းများ အပြည့် ရှိနေပြီး မည်သူကမျှ ရှင်းလင်းထားခြင်း မရှိချေ။

ကားဖြတ်သွားသော နေရာများတွင်သာ ကားဘီးများ ဖိကြိတ်ထားသော လမ်းကြောင်း တစ်ခုရှိနေပေသည်။

ယာဉ်မောင်း ထိုင်ခုံပေါ်တွင် မုတ်ဆိတ်မွေး ရေးရေးရှိပြီး အသားခပ်လတ်လတ် အမျိုးသားတစ်ဦးရှိနေကာ မျက် မှောင်ကြုတ်ထားသဖြင့် သူ့ မျက်ခုံးကြား အထက်တွင် နက်ရှိုင်းသော အတွန့်ကြောင်းအချို့ ရှိနေ၏။

သူသည် လက်တစ်ဖက်ဖြင့် စတီယာရင်ကို ကိုင်ထားပြီး အခြား လက်တစ်ဖက်ဖြင့် စီးကရက်ကို ညှပ်ကာပြတင်း ပေါက် အပြင်ဘက်သို့ ပြာများကို ခါချလိုက်ရာ သူ့ လက် ချောင်းထိပ်များမှ ထူထဲနေသော အသားမာများကို မသဲမကွဲ မြင်တွေ့နေရပေသည်။

ထိုစဉ် ယာဉ်မောင်း ဘေးခုံပေါ်ရှိ ဖုန်းက မြည်လာတော့၏။

အမျိုးသားသည် ဖုန်းကို ယူလိုက်ပြီး "လာပြီ လာပြီ၊ မလောပါနဲ့၊ ကလေးမွေးမလို့ မို့လို့လား ဘာလို့ လောနေရတာလဲ"

စကား နှစ်ခွန်း သုံးခွန်းခန့် ပြောပြီးနောက် သူသည် ကျိန်ဆဲလျက် ဖုန်းကို ချလိုက်ပြီး ဘေးသို့ ပစ်ချလိုက်၏။

ရွှံ့လမ်းမှာ မညီညာသဖြင့် မီနီဘတ်စ် ကားလေးသည်လည်း ယိမ်းထိုးလာတော့သည်။

ကားလမ်းမကြီးနှင့် အတန်ငယ် ဝေးကွာသွားပြီးနောက် အမျိုးသားသည် အရှေ့ရှိ သစ်ပင်ကြီး တစ်ပင်ကို သေချာ ကြည့်လိုက်ရာ အချက်ပြတစ်ခုခုကို မြင်တွေ့လိုက်ရသကဲ့သို့ ဖြစ်ပေသည်။

ထိုအခါ သူသည် စီးကရက်ကို တစ်ချက် ပြင်းပြင်းရှိုက်လိုက်ပြီး စီးကရက်တိုကို ပြတင်းပေါက် အပြင်သို့ ပစ်ချလိုက်၏။

ပြီးလျှင်လက်နှစ်ဖက်ကိုခါ၍ စတီယာရင်ကို လှည့်လိုက်ပြီးနောက် ကားသည် မနီးမဝေးရှိ တောအုပ် အတွင်းသို့ ဝင်ရောက်သွားတော့သည်။

တောအုပ်အတွင်းတွင် ချိန်းဆိုထားသော နေရာ၌ သုံးဘီးဆိုင်ကယ်တစ်စီး ရှိနေပေသည်။

သုံးဘီးဆိုင်ကယ် ဘေးတွင် ဂျင်းအင်္ကျီ ဝတ်ဆင်ထားသော လူငယ် တစ်ဦးနှင့် ခါးတုတ်တုတ် အမျိုးသမီးတစ်ဦးတို့ အစောကတည်းက စောင့်ဆိုင်းနေကြ၏။

မီနီဘတ်စ် ကား ရောက်လာသည်ကို မြင်သောအခါ လူငယ်က အမျိုးသမီးကို "လာပြီ" ဟု သတိပေးလိုက်သည်။

မီနီဘတ်စ်ကားသည် တောအုပ် အတွင်းတွင် ရပ်တန့်သွားကာ ယာဉ်မောင်း ထိုင်ခုံပေါ်မှ မုတ်ဆိတ်မွေး ရေးရေး ရှိပြီး အသားခပ်လတ်လတ် လူလတ်ပိုင်းအမျိုးသားသည် ကားပေါ်မှ ဆင်းလာကာ ကားအနောက်ဘက်ကို လက်ညှိုးထိုးပြလိုက်သည်။

"ပစ္စည်းတွေ အကုန်လုံး အထဲမှာပဲ"

ကျောက်တုံးပေါ်တွင် ထိုင်၍ အနားယူနေသော အမျိုးသမီးက ထိုအခါမှ ဖြည်းညင်းစွာ ထလာပြီး ကားအနောက်ဘက်သို့ သွားကြည့်ကာ ပစ္စည်းများကို တစ်ခုချင်းစီ စစ်ဆေးလိုက်၏။

ထို့နောက် လူငယ်ကို ခေါင်းညိတ်ပြလိုက်ပေသည်။

စောစောက စစ်ဆေးချိန်တွင် အားနည်းနည်း ပါသွား၍လား မသိ၊ ကားအနောက်ဘက်ရှိ ပစ္စည်းများထံမှ တလှုပ်လှုပ် အသံများ ထွက်ပေါ်လာတော့၏။

"မြန်မြန် သွားကြရအောင်၊ အချိန်မဆွဲနဲ့တော့"

လူလတ်ပိုင်း အမျိုးသား၏လက်ထဲရှိ မီးခြစ်က 'ချလပ်' ဆိုသော အသံနှင့်အတူ စီးကရက်ကို မီးညှိလိုက်ပြီး ထိုဘက်ရှိ လူငယ်နှင့် အမျိုးသမီးကို လက်ခါပြလိုက်သည်။

"အင်း" ဟု လူငယ်ကလည်း အပိုစကား မပြောတော့ဘဲ ယာဉ်မောင်း ထိုင်ခုံပေါ်သို့ တက်သွား၏။

ထို့နောက်အမျိုးသမီးသည်လည်း ကားပေါ်သို့ လျင်မြန်စွာ တက်သွားတော့သည်။

ထိုလူလတ်ပိုင်း အမျိုးသားကမူ သစ်ပင် အနောက်ဘက်သို့ သွား၍ သေးပေါက်လိုက်ပြီးနောက် သီချင်းလေး တငြီးငြီးဖြင့် ဘေးနားရှိ သုံးဘီးဆိုင်ကယ်လေး ဆီသို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်လေတော့သည်။

🫧 Chapter 248

တောအုပ် အတွင်းတွင်

စွန့်ပစ်ထားသော လူသူကင်းမဲ့သည့် သစ်သားအိမ်ငယ်လေး တစ်လုံး အထက်တွင် အရိပ်နှစ်ခု ရုတ်တရက်ထွက်ပေါ်လာတော့၏။

အရပ်ရှည်ရှည် တစ်ယောက်၊ အရပ်ပုပု တစ်ယောက်၊ အဖြူရောင် တစ်ယောက်နှင့် အနီရောင် တစ်ယောက် ဖြစ်ပေသည်။

"ဒီဘက်က မုပြည်နယ် တောင်ဘက်က ငရဲပြည်လမ်း ကြောင်းပဲ"

လီစုန့် ရှင်းပြလိုက်သည်။

"မင်းရဲ့ မြေပုံပေါ်မှာ မြင်ရလောက်တယ်၊ နံပါတ် ၁ နေရာပဲ၊ အဲဒီအနီးအနား မလှမ်းမကမ်းမှာ နောက်ထပ် ငရဲပြည် လမ်းကြောင်း အနည်းငယ် ရှိသေးတယ်"

"အင်း"

ကျန်းလင်သည် လက်ထဲရှိ မြေပုံကို ဖြန့်ထားပြီး နံပါတ် ၁ နေရာတွင် ဘောပင်ဖြင့် အမှတ်အသား တစ်ခုပြုလုပ်လိုက် ၏။

ထို့နောက် တာဝန်ရှိရာ နေရာနှင့် ဤနေရာ မည်မျှ ကွာဝေးသနည်း ဆိုသည်ကိုပါ တစ်ပါတည်း မှန်းဆကြည့်လိုက်ပေသည်။

မြေပုံပေါ်တွင် အမှတ်အသား ပြုလုပ်ထားသော နေရာ အတော်များများ ရှိနေသေး၏။

လီစုန့် သည် စွန့်ပစ်ထားသော သစ်သားအိမ်ငယ် အထက်တွင် တစ်ပတ် ပျံသန်းလိုက်ပြီး "ဒီနေရာက အရင်တုန်းက သစ်တောစောင့်တွေနေတဲ့ နေရာထင်တယ်" ဟု ပြောလိုက်သည်။

သို့သော် ၎င်းမှာ အလွန်ကြာမြင့်ခဲ့ပြီ ဖြစ်သော ကိစ္စတစ်ခု ဖြစ်ပေသည်။

ဤနေရာသို့ လူများ မလာရောက်သည်မှာ အတော်လေး ကြာပြီ ဖြစ်ဟန် တူ၏။

"ဟင်"

လီစုန့် ၏အသံက အနည်းငယ် မြင့်တက်သွားပြီး သံသယဖြစ်မှု အချို့ ပါဝင်နေပေသည်။

'ဒီဘက်မှာ လူတွေ သွားလာ လှုပ်ရှားနေတုန်းပဲလား'

ကျန်းလင်သည် လီစုန့် ၏အကြည့်အတိုင်း လှမ်းကြည့်လိုက်၏။

ထိုစဉ်သစ်သားအိမ်ငယ်၏ ညာဘက်မှ ကားဘီးများ မြေပြင်ကို ဖိကြိတ်သွားသော အသံထွက်ပေါ်လာတော့သည်။

မီနီဘတ်စ် ကားတစ်စီးသည် သစ်ပင် အနောက်ဘက်မှနေ၍ အခြား တစ်ဖက်သို့ ယိမ်းထိုးကာ ဖြတ်သန်းသွားပေသည်။

ယာဉ်မောင်း ထိုင်ခုံပေါ်တွင် ဂျင်းအင်္ကျီ ဝတ်ဆင်ထားသော လူငယ် တစ်ဦးရှိနေ၏။

အနောက်ဘက် ကားပြတင်းပေါက်တွင် နေရောင်ကို ကာကွယ်ရန် အတွက် ဖြစ်ဟန်တူသော အနက်ရောင် လိုက်ကာများကို ချိတ်ဆွဲထားပြီး အတွင်းဘက်ကိုကွယ်ထားပေသည်။

ထိုစဉ် ရုတ်တရက် လက်သေးသေးလေး တစ်ဖက်က အနက်ရောင်လိုက်ကာကို လှန်လိုက်ရာ ထိတ်လန့်နေသော မျက်နှာလေး တစ်ခု ထွက်ပေါ်လာတော့၏။

လက်သေးသေးလေး နှစ်ဖက်က ကားပြတင်းပေါက်ကို အားကုန် ရိုက်ပုတ်ကာ တစ်ခုခုကိုအော်ဟစ်နေပေသည်။

သို့သော် နှစ်ချက်ခန့် ရိုက်ပုတ်ပြီးသည်နှင့် လက်ကြီး တစ်ဖက်က ပါးစပ်ကို လာပိတ်ကာ အနောက်သို့ ဆွဲခေါ်သွားပြီး လိုက်ကာကို ပြန်လည် ပိတ်ချလိုက်၏။

ကားအတွင်းမှ လှုပ်ရှားသံများမှာ ခဏမျှ ကြာပြီးနောက် တိတ်ဆိတ်သွားတော့သည်။

သို့‌သော်အနက်ရောင် လိုက်ကာ လှန်သွားသော အချိန်လေး အတွင်းတွင် ကားအတွင်း၌ အိပ်ပျော်နေသော ကလေးငယ် အများအပြားကို မြင်တွေ့လိုက်ရပေသည်။

"ဘာဖြစ်တာလဲ"

မီနီဘတ်စ် ကား၏အရှိန်က နှေးကျသွားပြီး ယာဉ်မောင်း ထိုင်ခုံပေါ်ရှိ လူငယ်က မေးလိုက်၏။

"ဘာမှမဖြစ်ဘူး၊ ဆက်မောင်း"

အနောက်ဘက်ရှိ အမျိုးသမီးက ပြန်လည်အိပ်ပျော်သွားသော ကလေးငယ်ကို တစ်ချက် ကြည့်လိုက်ပြီး ပြန်ဖြေလိုက်သည်။

လီစုန့်သည် ထိုဘက်ရှိ ကားကို ကြည့်ကာ မျက်လုံးကို အနည်းငယ် မှေးလိုက်ပြီး "လူသားတွေက ဒီလောက်တောင် သေချင်စိတ်ရှိနေကြတုန်းပဲလား" ဟု ရေရွတ်လိုက်၏။

ရုတ်တရက် လီစုန့် သည် မျက်လုံးများကို ကစားလိုက်ပြီး အသံကို မြှင့်လိုက်ပေသည်။

ထို့နောက် ကျန်းလင်ဘက်သို့ လှည့်ကြည့်လိုက်ပြီး "အဲဒီဘက်ကို သွားရင် မုပြည်နယ်က စုန်းဟွာ လမ်းကို ဖြတ်သွားရလိမ့်မယ်၊ နံပါတ် ၂ ငရဲပြည် လမ်းကြောင်းက အဲဒီနားမှာပဲ" ဟု ပြောလိုက်သည်။

ကျန်းလင်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး "အင်း" ဟု ခပ်ပေါ့ပေါ့ပင် ပြန်ထူးလိုက်၏။

[လခွမ်း၊ အဲဒီကားထဲက ဟာတွေက ဘာတွေလဲ]

[ခုလေးတင် မြင်လိုက်ရတဲ့ ကလေးလေး ကားထဲမှာ ကလေးတွေချည်းပဲ ရှိနေတာလား]

[လူကုန်ကူးနေတာလား ငါတော့ ကုတင်ပေါ်ကနေ ချက်ချင်း ကုန်းထလိုက်မိပြီ]

လီစုန့် နှင့် ကျန်းလင်တို့၏ တည်ငြိမ်လှသော စကားပြောသံများကို နားထောင်ရင်း တိုက်ရိုက်ထုတ်လွှင့်မှုမှ ပရိသတ်များမှာမူ တည်ငြိမ်မနေနိုင်ကြတော့ချေ။

မနက် ခုနစ်နာရီသာ ရှိသေးသော်လည်း မနက်စောစော နိုးသည်နှင့် တိုက်ရိုက်ထုတ်လွှင့်မှုကို ဖွင့်ကြည့်သူ များစွာ ရှိနေပေသည်။

ပရိသတ် အများအပြားသည် နိုးလာပြီးနောက် အိမ်သာလည်း မသွား၊ မနက်စာလည်း မစားကြချေ။

ကုတင်ပေါ်တွင် လှဲလျောင်းရင်း တိုက်ရိုက်ထုတ်လွှင့်မှုကို ဖွင့်ကြည့်နေကြခြင်း ဖြစ်၏။

ရှစ်နာရီ၊ ကိုးနာရီ သို့မဟုတ် နေ့လယ်ပိုင်းလောက် အိပ်ရာမှ မထမနေရ ဖြစ်လာသည့် အချိန်ကျမှသာ ဖြည်းညင်းစွာ ထလာလေ့ ရှိကြပေသည်။

ယခုမူ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ

မူလက အိပ်မှုန်စုံမွှား ဖြစ်နေပြီး ကုတင်ပေါ်တွင် ကွေးနေကြသော ပရိသတ်များသည် ရုတ်တရက် ရင်ထဲတွင် ဒိတ်ခနဲ ဖြစ်သွားကြတော့၏။

ဆောင်းတွင်းကြီး ရေအေးတစ်ပုံးဖြင့် အပက်ခံလိုက်ရသကဲ့သို့ အေးစက်သွားပြီး ချက်ချင်း နိုးကြားသွားကြ‌ပေသည်။

လူအများအပြားသည် စောင်ခြုံထဲမှနေ၍ ချက်ချင်းခုန်ထလိုက်ကြတော့သည်။

အစပိုင်းတွင် သူတို့ အနည်းငယ် မသေချာသေးသော်လည်း လီစုန့် ၏ စကားကို ကြားလိုက်ရသောအခါ ၎င်းမှာ ကောင်း သောကိစ္စ မဟုတ်ကြောင်း သူတို့ ခံစားသိရှိသွားကြ၏။

[သွားပြီ ဒီသေချင်းဆိုးတွေ၊ ငါ ဒီနေ့ ခွင့်ယူပြီး အလုပ်မသွားတော့ဘူး၊ အခုပဲ ကားမောင်းပြီး သွားကြည့်မယ်]

[ငါက လူကုန်ကူးတာကို အမုန်းဆုံးပဲ၊ ကလေးတွေဆို ပိုဆိုးတယ် ဟုတ်ဟုတ် မဟုတ်ဟုတ်၊ ငါ အရင် သွားကြည့်လိုက်မယ်]

[ပြည်သူ့လုံခြုံရေး တပ်ဖွဲ့ : အခု သွားနေပါပြီ၊ တိုက်ရိုက်ထုတ်လွှင့်မှုက မိတ်ဆွေတို့ လုံခြုံရေးကို ဂရုစိုက်ကြပါ၊ စိတ်မလောပါနဲ့၊ မြွေမသေဘဲ တုတ်ကျိုး ဖြစ်သွားပါဦးမယ် တကယ်လို့ ပြစ်မှု ကျူးလွန်တာ သေချာရင် ကိုယ့်လုံခြုံရေးနဲ့ ကလေးတွေရဲ့ လုံခြုံရေးကိုအရင်ဆုံး သေချာအောင် လုပ်ရပါမယ်]

[လုံခြုံရေးက ပထမဦးစား‌ပေးပဲ]

ဤတိုက်ရိုက်ထုတ်လွှင့်မှုတွင် မဖွင့်ထားသော အချိန်များ၌ ပင် အမြဲတမ်း ပရိသတ် သောင်းဂဏန်းခန့်စောင့်ကြည့်နေလေ့ ရှိကြပေသည်။

မနက် လေးငါးနာရီ ဆိုလျှင်ပင် တိုက်ရိုက်ထုတ်လွှင့်မှုမှ ပရိသတ် အရေအတွက်မှာ ဂဏန်းငါးလုံး အောက်သို့ မကျဆင်းခဲ့ချေ။

ထိုအထဲတွင် အလုပ်အားနေသော ပရိသတ်များအပြင် နယ်ပယ် အသီးသီးမှ ပညာရှင်များ၊ ကျွမ်းကျင်သူများလည်း ပါဝင်ပေသည်။

ထို့ပြင်၂၄ နာရီပတ်လုံး အလှည့်ကျ စောင့်ကြည့်နေကြသော ပြည်သူ့လုံခြုံရေး တပ်ဖွဲ့လည်း ပါဝင်၏။

ဤတိုက်ရိုက်ထုတ်လွှင့်မှု၏ အစစ်အမှန်ဖြစ်တည်မှုကို အတည်ပြုပြီးကတည်းက တိုက်ရိုက်ထုတ်လွှင့်မှုကို သီးသန့် စောင့်ကြည့်ရန်မှာလည်း သူတို့၏အလုပ်တာဝန်တစ်ခုဖြစ် လာခဲ့ပေသည်။

ငရဲပြည်တွင် ဝိညာဉ်တမန်တော် ရှိ၏။

သူတို့ လူ့လောကတွင်လည်း ပြည်သူ့လုံခြုံရေး ရဲတပ်ဖွဲ့ ရှိပေသည်။

မီနီဘတ်စ် ကားလေး တိုက်ရိုက်ထုတ်လွှင့်မှု ကင်မရာ မြင်ကွင်းထဲမှ ဖြည်းညင်းစွာ ထွက်ခွာသွားချိန်တွင် ရဲကားများ တစ်စီးပြီး တစ်စီး စတင် ထွက်ခွာသွားကြပြီဖြစ်တော့ သည်။

[မုပြည်နယ် စုန်းဟွာလမ်း ဟုတ်လား၊ တိုက်ဆိုင်လိုက်တာ၊ ငါက မြို့စွန်မှာ နေတာလေ၊ အခုပဲ သွားမယ်]

[တိုက်ဆိုင်လိုက်တာကွာ၊ ငါက မြို့လယ်မှာ နေပေမယ့် ဒီနေ့ အားနေတယ်]

[မအားရင်တောင် အားအောင် လုပ်ရမှာပဲ]

[ဟေးယွီက Streamer ကြီးကို လေပူဖောင်း ၉၉ ခု လက် ဆောင်ပေးလိုက်ပြီး မှတ်ချက် ရေးသားလိုက်သည် : လီစုန့် လေးကို ကျေးဇူးတင်ပါတယ်]

[မော့ယွီ Streamer ကြီးကို ရွှေပန်းသီး ၁၀ လုံး လက်ဆောင်ပေးလိုက်ပြီး မှတ်ချက် ရေးသားလိုက်သည် : ကျွမ်းကျင်သူတွေ သွားနေကြပါပြီ]

မုပြည်နယ်

လူနေအိမ်ရာများ အတွင်းတွင် ပရိသတ် တစ်ယောက်ပြီး တစ်ယောက်သည် လက်ထဲရှိ မနက်စာကို ချထားလိုက်သူလည်း ရှိ၊ အိပ်ရာမှထကာ တုတ်ကိုယူပြီး ကားဂိုဒေါင်ဆီသို့ သွားသူလည်း ရှိကြပေသည်။

ဖန်းပေါ် ကားဂိုဒေါင်သို့ ရောက်ရှိသွားသောအခါ ရင်းနှီးနေသော လူရိပ်တစ်ခုကို တွေ့လိုက်ရ၏။

ထိုလူသည် သူ့အိမ် ဘေးခန်းတွင် နေထိုင်ပြီး ပုံမှန်အားဖြင့် အနက်ရောင် လက်ပြတ်အင်္ကျီကို ဝတ်ဆင်ကာ အပြင်ထွက်လေ့ ရှိပေသည်။

ပေါ်နေသော လက်မောင်းများမှာ ကြွက်သားများတောင့် တင်းနေပြီး အစိမ်းရောင် တက်တူးများ ထိုးထားကာ လူမိုက်ဂိုဏ်းမှ ဘော့စ်ကြီး တစ်ယောက်နှင့်ပင် တူနေတော့၏။

တစ်ခါတစ်ရံ လှေကားထစ်များတွင် ဖုန်းပြောနေသည်ကို ကြားရသောအခါ၌လည်း အသံသြသြကြီးဖြင့် အလွယ် တကူ ရန်စလို့ မရမည့် ပုံစံမျိုးဖြစ်ပေသည်။

ဖန်းပေါ် သည် မသိစိတ်အရဘေးသို့ ရှောင်ဖယ်လိုက်ပြီး မိမိ၏ကားဆီသို့ လျှောက်သွားလိုက်ရာ ထိုဘော့စ်ကြီးကလည်း ဤဘက်သို့ လျှောက်လာသည်ကို တွေ့လိုက်ရ၏။

သူသည် အမြန် ကားပေါ်တက်ကာ စက်နှိုးလိုက်တော့သည်။

သွားပြီးလျှင် ကားဖြင့် လမ်းပိတ်ပေးရုံမျှ ကူညီပေးနိုင်လျှင်လည်း ကောင်းသည်ဟု သူ တွေးထားခဲ့ခြင်း ဖြစ်ပေသည်။

ကားသည် ဂိုဒေါင်ထဲမှ ထွက်ခွာသွားပြီးနောက် မြို့ပြင်သို့ တောက်လျှောက် မောင်းနှင်သွားတော့၏။

မောင်းနေရင်းဖြင့် မိမိ၏နောက်တွင် အနက်ရောင် ကားတစ်စီး အမြဲ လိုက်ပါလာသည်ကို ဖန်းပေါ် ရုတ်တရက် သတိထားမိလိုက်ပြီး နောက်ကြည့်မှန်ကို တစ်ချက် ကြည့်လိုက်သည်။

'လခွမ်း၊ ဒါ စောစောက ဘော့စ်ကြီး မဟုတ်ဘူးလား'

'ဘာလုပ်မလို့လဲ'

'ကိုယ့်မိသားစုကများ သူ့ကို တစ်ခုခုသွားစော်ကားမိလို့လား'

အတွေးအမျိုးမျိုး ခေါင်းထဲ ဖြတ်ပြေးသွားပြီးနောက် ဖန်းပေါ် သည် တစ်ခုခုကို ရုတ်တရက် တွေးမိသွားကာ အရှိန်ကို လျှော့ချလိုက်ပြီး အနောက်မှ ကားနှင့် ယှဉ်လိုက်၏။

ထို့နောက် "အစ်ကိုကြီး၊ အစ်ကိုကြီးက စုန်းဟွာလမ်းကို သွားမလို့လား" ဟု သတိထားကာ မေးလိုက်သည်။

ထိုအခါဘော့စ်ကြီးသည် နေကာမျက်မှန်ကို ပင့်တင်လိုက်ပြီး ခေါင်းလှည့် ကြည့်လာရာ မျက်နှာပေါ်တွင် အမာရွတ် တစ်ခု ရှိနေပြီး ရက်စက်ကြမ်းကြုတ်သည့် အငွေ့အသက်များ အပြည့်ရှိနေ၏။

ကလေးငယ်များ မြင်လျှင်ပင် ကြောက်လန့်၍ ငိုကြမည်သာ ဖြစ်၏။

"ဟုတ်တယ်၊ ဘာဖြစ်လို့လဲ၊ မင်းလည်း အဲဒီ သွားမလို့လား" ဟု ဘော့စ်ကြီးက မေးလိုက်သည်။

ထိုအခါဖန်းပေါ် က 'ဒီလူကများ ပရိသတ် တစ်ယောက် ဖြစ်နေမလား' ဟု တွေးလိုက်မိ၏။

ဘော့စ်ကြီးက သူ့ကို နောက်တစ်ချက် ကြည့်လိုက်ပြီး "မင်းက သွားကူညီမလို့ မဟုတ်လား အရင် ပြန်သွားလိုက်ပါ၊ သာမန်လူတွေ သွားရင် ပိုပြီး ရှုပ်ထွေးကုန်လိမ့်မယ်" ဟု ပြောလိုက်သည်။

ဖန်းပေါ် က "ကျွန်တော်လည်း ကိုယ်ခံပညာနည်းနည်း သင်ဖူးတယ်၊ ငယ်ငယ်တုန်းကလည်း စစ်တပ်ထဲ ဝင်ဖူးတယ်" ဟု ပြန်ပြောလိုက်၏။

ဖန်းပေါ် သည် ဘော့စ်ကြီး၏လက်မောင်းပေါ်ရှိ တက်တူးများကို ကြည့်လိုက်ရာ ဤလူမှာ တကယ်ပင် သာမန်လူနှင့် မတူကြောင်း တွေ့ရပေသည်။

ထိုသို့တွေးနေစဉ် ဘေးနားရှိ ဘော့စ်ကြီးသည် ရုတ်တရက် လက်မြှောက်ကာ နားရွက်နားရှိ ဘလူးတုသ် နားကြပ်ကို နှိပ်လိုက်ပြီး တစ်စုံတစ်ယောက်နှင့် ဖုန်းပြောနေပုံ ရပေသည်။

"အင်း၊ ငါ သွားနေတဲ့ လမ်းမှာပဲ"

"မင်း ပြန်သွားလိုက်တော့၊ ဒီဘက်ကို ငါ့ဆီ အပ်ထားလိုက်"

အနောက်ဘက်မှ စကားကိုမူ ဘော့စ်ကြီးက ဖန်းပေါ် ကို လှမ်းပြောလိုက်ခြင်းဖြစ်၏။

စကားအဆုံးတွင် ဖန်းပေါ် တုံ့ပြန်ရန် အချိန်ပင်မရလိုက်ဘဲ ဘော့စ်ကြီးသည် သူ့အနက်ရောင် ကားကို အရှိန်မြှင့်လိုက်တော့သည်။

တိုက်ရိုက်ပင် အရှိန်ပြင်းပြင်း မောင်းနှင်သွားကာ ဖန်းပေါ် ကို ကျော်တက်သွားပြီး အရှေ့ရှိ ကားများကိုပါ တောက်လျှောက် ကျော်တက်သွားတော့၏။

ဖန်းပေါ် သည် တစ်ခဏမျှ ကြောင်အမ်းအမ်း ဖြစ်သွားပြီးနောက် : "မြန်လိုက်တာဟ " ဟုပင်ရေရွတ်မိလိုက်သည်။

မြို့ပြင် ရောက်လာသဖြင့် ကားသိပ်မရှိလှသော်လည်း ဤကားမောင်း ကျွမ်းကျင်မှုကတော့အမှန်တကယ်ကို သာမန်လူ မဟုတ်နိုင်ပါချေ။

သူတို့အိမ် ဘေးခန်းတွင် ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုး နေထိုင်နေလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။

ဖန်းပေါ် ၏ ကားအရှိန်မှာ ဖြည်းညင်းစွာ ကျဆင်းလာပြီးနောက် သူ အနည်းငယ် စဉ်းစားလိုက်ကာ ကားကိုကွေ့၍ အနောက်သို့ ပြန်မောင်းသွားတော့၏။

ပုဂ္ဂိုလ်ကြီးသွားပြီ ဆိုမှတော့ သူလို သာမန်လူမျိုး သွားလျှင် ပုဂ္ဂိုလ်ကြီး၏အလုပ်ကို အနှောင့်အယှက် ပေးသလိုသာ ဖြစ်သွားနိုင်ပေသည်။

(မူရင်းစာရေးသူ၏ မှတ်ချက် : အားလုံး ကားမောင်းရင် အာရုံစိုက်ပါ၊ စီးကရက်သောက်ပြီး အတိုအစကို အောက်ကို ရမ်းမပစ်ပါနဲ့။ ကိစ္စတစ်ခုခု ကြုံလာရင် စိတ်မလောပါနဲ့၊ ကိုယ့်လုံခြုံရေးကို အရင် သေချာအောင် လုပ်ပါ။ မှိုခေါင်းလေးက စာဖတ်သူတို့ရဲ့အသက်ကို ကာကွယ်ပေးပါရစေ။)

All Chapters