အခန်း (၂၄၉-၂၅၀)
Vol. 25 Ch. 249-250
🫧 Chapter 249
ထို့နောက် ကျန်းလင်နှင့် လီစုန့် တို့သည် အခြား နေရာအချို့သို့ ဆက်လက် ထွက်ခွာသွားကြ၏။
အချိန်ကာလများ ပြောင်းလဲလာသည်နှင့်အမျှ လူ့လောကတွင်လည်း အပြောင်းအလဲများစွာ ဖြစ်ပေါ်လာခဲ့ပေသည်။
ယခင်က မြေကွက်လပ် သို့မဟုတ် တောတောင်များ ဖြစ်ခဲ့သော နေရာများတွင် ယခုအခါ လူများတဖြည်းဖြည်း ရောက်ရှိလာကြပြီ ဖြစ်၏။
ယခင်က မြို့ပြဖြစ်ခဲ့သော နေရာများမှာမူ ယခုအခါ လူသူကင်းမဲ့နေပြီး အချို့သော အပန်းဖြေ နေရာများမှာလည်း စွန့်ပစ်ခံထားရပေသည်။
ငရဲပြည် လမ်းကြောင်း တစ်ခုမှ ထွက်လာသည်နှင့် တစ်ပြိုင် နက်ကျန်းလင်သည် ၎င်းတို့ ကျယ်ဝန်းသော အခန်းတစ်ခန်း အတွင်းသို့ ရောက်ရှိနေကြောင်း တွေ့လိုက်ရ၏။
ပတ်ဝန်းကျင် တစ်ခုလုံးတွင် လူများ ပြည့်နှက်နေပေသည်။
ထိုလူများ၏ အရှေ့ဘက် စင်မြင့်ပေါ်တွင် လူတစ်ယောက်က တစ်ခုခုကို ရှင်းပြနေ၏။
"ကျွန်တော်တို့ရဲ့ ဒီအလုပ်က နိုင်ငံတော်ရဲ့ မူဝါဒတွေနဲ့အညီ သွားနေတာပါ၊ သက်ဆိုင်ရာ ဌာန အသီးသီးကလည်း အသိအမှတ်ပြုထားပြီးသားပါ"
"အခု ခင်ဗျားတို့ ရင်းနှီးမြှုပ်နှံလိုက်တဲ့ ပိုက်ဆံတွေက နောက်ခြောက်လလောက် နေရင် ဆယ်ဆလောက် အမြတ်ပြန်ရလာမှာပါ"
"အခု ချက်ချင်း ဝင်ကြေးသွင်းတဲ့ သူတွေကို အရင်းရဲ့ ဆယ်ရာခိုင်နှုန်းကို ချက်ချင်းပြန်ပေးသွားမှာပါ၊ လူဦးရေ အလိုက် တွက်ပေးမှာ ဖြစ်ပါတယ်"
ထိုသို့ ပြောရင်းစင်မြင့်ပေါ်ရှိ လူသည် ခြေရင်းမှ အိတ်တစ်လုံးကို ဆွဲယူကာ ဖွင့်ပြလိုက်၏။
အောက်ဘက်တွင် ထိုင်နေသောလူများမှာ အုတ်အော်သောင်း နင်း ဖြစ်သွားကြတော့သည်။ ထိုအိတ်ထဲတွင် အနီရောင် ယွမ်ငွေများ အပြည့် ရှိနေပေသည်။
"အရင်တုန်းက ကျွန်တော်လည်း ခင်ဗျားတို့လိုပါပဲ၊ နေ့တိုင်း အလုပ်သွား အလုပ်ပြန်အချိန်မှန် တုံးရိုက်ရပြီး အရူးလို အထက်လူကြီးရဲ့ ပိုက်ဆံဖြတ်တာကို ခံခဲ့ရတာပါ"
စင်မြင့်ပေါ်ရှိ လူသည် အဖြူရောင် ရှပ်အင်္ကျီနှင့် အနက်ရောင် ဘောင်းဘီရှည်ကို ဝတ်ဆင်ထားပြီး လက်မြှောက်လိုက်ချိန်တွင် လက်ကောက်ဝတ်ရှိ သောင်းဂဏန်းတန် နာရီကိုပါ မြင်တွေ့လိုက်ရ၏။
"ဒီကို ဝင်လာတုန်းက အောက်မှာ ရပ်ထားတဲ့ ဇိမ်ခံကားတွေကို တွေ့လိုက်ကြလား၊ အဲဒါ ကျွန်တော့်ကားတွေချည်းပဲ၊ ကျွန်တော် ဒီအလုပ်ကိုလုပ်တာ တစ်နှစ်ပဲ ရှိပါသေးတယ်၊ ခင်ဗျားတို့ထဲမှာ ကျွန်တော့်ထက် ပိုပြီး အောင်မြင်နိုင်မယ့်သူတွေ ရှိနေမယ် ဆိုတာကို ကျွန်တော် ယုံကြည်ပါတယ်"
စကားအဆုံးတွင် အောက်ဘက်ရှိ လူများထဲမှ တစ်ယောက်က ချက်ချင်းမတ်တတ်ရပ်ကာ စိတ်လှုပ်ရှားစွာ မေးလိုက်ပေသည်။
"အခု ချက်ချင်း ဝင်လို့ရလား"
"ရပါတယ်"
စင်မြင့်ပေါ်ရှိ လူက "ပထမဆုံး ဆယ်ယောက်ကို နောက်ထပ် ဆယ်ရာခိုင်နှုန်း အပို ပြန်ပေးသွားမှာပါ" ဟု ဖြေလိုက်၏။
"ဒါဆို ကျွန်တော် ဝင်မယ်၊ ကျွန်တော် ဝင်မယ်"
"ငါလည်း စမ်းကြည့်လိုက်မယ်"
ဘေးနားမှ လူများတက်သွားသည်ကို မြင်သောအခါ မူလက ချီတုံချတုံ ဖြစ်နေသူများလည်း စတင် ယိမ်းယိုင်လာကြတော့၏။
အခန်း ထောင့်တစ်နေရာတွင် လီစုန့်သည်လည်း ခေါင်းကို ပိုက်ကာ ထိုဘက်သို့ လှမ်းကြည့်နေပေသည်။
"ဒီနေရာက အရင်တုန်းက မြေကွက်လပ်ကြီးလေ၊ နောက် ပိုင်းကျမှ အိမ်တွေ ဆောက်လိုက်တာ၊ ဒီမှာ ပွဲတွေ ဘာတွေ ခဏခဏ လုပ်လေ့ရှိတယ်"
ထိုသို့ ပြောရင်း သူသည် ပြတင်းပေါက် အပြင်ဘက်သို့ လက်ညှိုးထိုးပြလိုက်၏။
"မင်း လုပ်ရမယ့် တာဝန်က ဒီဘက်ကနေ သွားရင် သိပ်မကြာခင် ရောက်တော့မှာ"
ကျန်းလင်သည် မြေပုံပေါ်တွင် အမှတ်အသား ပြုလုပ်နေရင်း စင်မြင့်ပေါ်ရှိ လူကို တစ်ချက်လှမ်းကြည့်လိုက်သည်။
ထို့နောက် သူတို့ ထိုနေရာမှ ထွက်ခွာသွားကြတော့၏။
အခန်းတွင်းရှိ မည်သူကမျှ ဝိညာဉ်တမန်တော်များ ရောက် လာသည်ကို သတိမထားမိခဲ့ကြချေ။
ကျန်းလင်တို့ စောစောက ရပ်နေခဲ့သော နေရာ၏တည့်တည့် အောက်ဘက်ရှိ လူနှစ်ယောက်သာ လည်ပင်းကို ရုတ်တရက် ပုလိုက်မိကြပေသည်။
အေးစက်သော လေအေးတစ်ခု ဖြတ်တိုက်သွားသကဲ့သို့ ခံစားလိုက်ရ၏။
သို့သော် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်ရာ အဲကွန်း ဖွင့်ထားဆဲ ဖြစ်ပြီး ဤသို့ မဖြစ်သင့်ချေဟု တွေးလိုက်မိသည်။
'ပြတင်းပေါက်ကနေ လေဝင်လာတာများလား'
[ဘာ အရင်းပြန်ပေးတာလဲ၊ လူဦးရေအလိုက်တွက်တာ ဘာလဲ၊ ငါ ကြားလိုက်တာနဲ့ တစ်ခုခု မှားနေပြီဆိုတာ သိသာတယ်]
[ဒါက လူလိမ်ဂိုဏ်း မဟုတ်ဘူးလား၊ လခွမ်း၊ ငါ တက္ကသိုလ်တုန်းကလည်း အလိမ်ခံခဲ့ရဖူးတယ်]
[တကယ်တော့ ဒါတွေ အားလုံးက ကိုယ်သိတဲ့ လူတွေက ဆွဲသွင်းလို့ ပါသွားကြတာချည်းပဲ၊ ကျွတ်ကျွတ်]
[ကောင်းကင်ပေါ်ကနေ ပေါက်ဆီ အလကားကျလာမယ် ဆိုတာကို မယုံကြနဲ့၊ ကိုယ် နားမလည်တဲ့ အရာတွေကို သွားမလုပ်ကြနဲ့]
တိုက်ရိုက်ထုတ်လွှင့်မှုမှ ပရိသတ် အများအပြားမှာလည်း ဤကဲ့သို့သော ကိစ္စများကြောင့် ဒုက္ခရောက်ခဲ့ဖူးသူများ ဖြစ်ကြပေသည်။
ထိုမြင်ကွင်းနှင့် ထိုလူပြောနေသော စကားများကို ကြားသည်နှင့် တစ်ပြိုင်နက် တစ်ခုခု မှားယွင်းနေကြောင်း သူတို့ ချက်ချင်းရိပ်မိလိုက်ကြ၏။
ယိမ်းယိုင်နေသော လူများကို ကြည့်ရင်း သူတို့မှာလည်း ဒေါသထွက်လာကြတော့သည်။
လိမ်လည်သူ ဖြစ်စေ၊ အလိမ်ခံရသူ ဖြစ်စေ ကြည့်ရတာ လူကို ဒေါသထွက်စေပေသည်။
ဤကဲ့သို့သော လူလိမ်ဂိုဏ်းများ၏အကြောက်ရဆုံး အချက်မှာ သင့်ငွေကို လိမ်လည်သွားခြင်း မဟုတ်ဘဲ သင့်ကို အသုံး ချကာ သင့်ပတ်ဝန်းကျင်ရှိ လူများ၏ငွေကို လိမ်လည်ရန် ကြိုးစားခြင်းပင်။
လူများစွာသည် တစ်သက်လုံး စုဆောင်းထားသော ငွေများကို ကိုယ်တိုင်ပင်မသုံးရက်ဘဲ တွန့်တိုနေခဲ့ကြသော်လည်း သိကျွမ်းသူများ၏ဆွဲဆောင်မှုကြောင့် ရင်းနှီးမြှုပ်နှံရန် အလိမ်ခံလိုက်ရတတ်ပေသည်။
[ငါ ခုလေးတင် စခရင်ရှော့ ရိုက်ထားလိုက်ပြီ၊ ဒီလူတွေ တစ်ယောက်မှ ထွက်ပြေးလို့ မရစေရဘူး၊ မင်းတို့ကများ၊ Streamer ကြီးကို ဗီဒီယို ရိုက်လို့ မရရင်တောင်မှ မင်းတို့ကို ရိုက်လို့ မရဘူးလို့များ ထင်နေလား]
[နံရံပေါ်မှာ nn ဟိုတယ် ဆိုတဲ့ ဆိုင်းဘုတ် ရှိနေတာ တွေ့လိုက်လား]
[မိုက်တယ်၊ ပြတင်းပေါက် အပြင်ဘက်မှာ လမ်းညွှန်ဆိုင်း ဘုတ် ရှိနေတယ် ရဲတိုင်လိုက်ကြ]
[အပိုတွေ ပြန်ပေးမယ် ဟုတ်လား၊ ဘောင်းဘီ အိတ်ကပ်တောင် အလိမ်ခံရလို့ ပြောင်သွားဦးမယ်]
[ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ : လိမ်လည်မှု တိုက်ဖျက်ရေး APP လေးကို အားလုံးဒေါင်းလုဒ် ဆွဲထားဖို့မမေ့ကြနဲ့နော်၊ လိမ် လည်ခံရမှုကနေ ကာကွယ်နိုင်ဖို့ သတိပြုကြပါ]
တစ်မနက်ခင်းလုံး ကျန်းလင်သည် တောင်ဘက်ခန်းမဆောင် ၏ ငရဲပြည်လမ်းကြောင်း နေရာများကို အကြမ်းဖျင်း ရင်းနှီးကျွမ်းဝင်အောင် လေ့လာခဲ့ပေသည်။
သို့သော် နေရာလာကြည့်သော လမ်းခရီးတွင် လူ့လောက၌ ဖြစ်ပျက်နေသော ကိစ္စအတော်များများကိုလည်း ကြုံတွေ့ခဲ့ရ၏။
ဘဏ်ဓားပြတိုက်မှုများ၊ လိမ်လည်လှည့်ဖြားမှုများ၊ တရားမဝင် လျှို့ဝှက် လုပ်ငန်းများစသည်တို့ကို တွေ့ခဲ့ကြသော်လည်းထိုကိစ္စများနှင့် ပတ်သက်၍ ကျန်းလင်နှင့် လီစုန့်တို့သည် ဝင်ရောက် စွက်ဖက်ခြင်းမပြုခဲ့ကြချေ။
သို့သော် လူ့လောကရှိ ပြည်သူ့လုံခြုံရေးရဲတပ်ဖွဲ့မှာမူ ယနေ့တွင် ယခင်ကထက် ပိုမိုအလုပ်ရှုပ်နေကြတော့၏။
နာရီဝက်ခန့် ကြာတိုင်း ရဲတပ်ဖွဲ့ တစ်ဖွဲ့ သို့မဟုတ် အဖွဲ့များစွာ အခင်းဖြစ်ပွားရာသို့ ထွက်ခွာနေရပေသည်။
အမှုဖော်ထုတ်နိုင်မှု နှုန်းထားမှာလည်း ယခင်ကထက် အဆပေါင်းများစွာ မြင့်တက်လာခဲ့၏။
"ဘယ်လိုနေလဲ"
ရဲစခန်းအတွင်းတွင် ရဲဝတ်စုံ ဝတ်ဆင်ထားသော လူလတ်ပိုင်း တစ်ဦးသည် အချက်အလက် စာရွက်စာတမ်းများကို အဘိုးအို၏ အရှေ့တွင် ချပေးလိုက်ပေသည်။
ယခင်က ရဲဌာန အတွင်းတွင် တိုက်ရိုက်ထုတ်လွှင့်မှုကို သီးသန့် စောင့်ကြည့်ရန် လူချထားရေးကိစ္စကို အဘိုးအိုက သဘောမတူခဲ့ချေ။
သူတို့သည် ဤအလုပ်ကို နှစ်ပေါင်းများစွာ လုပ်ကိုင်လာခဲ့ပြီး ကိုယ့်စွမ်းရည်နှင့်ကိုယ် ရပ်တည်လာခဲ့ကြသဖြင့် ဤကဲ့သို့သော ဆန်းကြယ်သည့် အရာများအပေါ် မှီခိုရန် မတွေးခဲ့ဖူးပေ။
တိုက်ရိုက်ထုတ်လွှင့်မှုကို စောင့်ကြည့်နေမည့်အစား လူငယ်များကို အပြင်သို့ထွက်ကာ လေ့ကျင့်မှုများ ပိုမို ပြုလုပ်စေသင့်သည်ဟု အဘိုးအိုက ယူဆခဲ့၏။
သို့သော် ယခုအချိန်တွင် အဘိုးအိုသည် သူ့ မျက်စိရှေ့ရှိ စာရွက်စာတမ်းများကိုကြည့်ကာ မျက်ခုံးကို ပွတ်သပ်လိုက်တော့သည်။
ထိုအမှုအခင်း တစ်ခုချင်းစီသည် အင်တာနက်ပေါ်တွင် ဂယက်ရိုက်ခတ်မှု အတော်လေး ကြီးမားနေပြီး လူလတ်ပိုင်း ရောက်မလာမီကတည်းက သူ အချို့ကို ကြားသိထားခဲ့ပြီး ဖြစ်ပေသည်။
ထိုအမှုအခင်းများသည် သူတို့သာ ကိုယ်တိုင် စုံစမ်းရမည် ဆိုပါက ခြေရာခံမိရန်နှင့် ဖြေရှင်းနိုင်ရန် အချိန်မည်မျှ ကြာမည်ကို မသိနိုင်ချေ။
ထို့အပြင် သူတို့၏ အလုပ်အများစုမှာ အချိန်နှင့် အပြိုင် လုလုပ်နေရခြင်း ဖြစ်ပေသည်။
ခဏအကြာတွင် အဘိုးအိုသည် သက်ပြင်းချလိုက်၏။
"ခေတ်ကြီးက ပြောင်းလဲသွားပြီပဲ"
တိုက်ရိုက်ထုတ်လွှင့်မှု၏ လူကြည့်နှုန်းမှာလည်း အဆက် မပြတ် မြင့်တက်လာပြီး လက်ဆောင်ပေးသူများလည်း ပိုမို များပြားလာတော့၏။
မှတ်ချက် ရေးသည့် နေရာတွင်လည်း တစ်ယောက်ထက် တစ်ယောက် ပိုမိုအကြိတ်အနယ် ဖြစ်နေကြပေသည်။
ဘဏ်ဓားပြတိုက်မှုများကို မြင်တွေ့ရသောအခါ ပရိသတ်များသည် လန့်ဖျပ်စွာ အော်ဟစ်လိုက်ကြ၏။
[လခွမ်း၊ ငါ့အမေ ခုလေးတင် ပိုက်ဆံသွားထုတ်မယ်လို့ပြောသွားတာ]
[မင်းတို့ ထွက်ပြေးလို့ မလွတ်တော့ဘူး၊ ငါတို့ တွေ့သွားပြီ]
၎င်းအပြင်အေးစက်သော လေပြင်းများထဲတွင် မတ်တတ်ရပ်နေကာ နှုတ်ခမ်းများ ခြောက်သွေ့နေပြီး လက်များ ကွဲအက်နေသော တာဝန်ကျ ရဲဝန်ထမ်းအများအပြားကိုလည်း မြင်တွေ့ခဲ့ရပေသည်။
ရန်သူများနှင့် အသိဉာဏ်ရော ခွန်အားပါ ယှဉ်ပြိုင် တိုက်ခိုက်နေရသော ပုံရိပ်များကိုလည်း မြင်တွေ့ခဲ့ရ၏။
ဤနေ့တစ်ဝက်လုံးတွင် ပရိသတ်များသည် ရိုလာကိုစတာ စီးနေရသကဲ့သို့ ခံစားနေရတော့သည်။
မဟုတ်သေးပေ၊ ရိုလာကိုစတာ စီးရသည်ကပင် သူတို့၏ လက်ရှိ ခံစားချက်ကို အပြည့်အဝမဖော်ပြနိုင်ချေ။
သူတို့၏ ရင်ထဲတွင် တဒိတ်ဒိတ် ဖြစ်နေကာတစ်ခါတစ်ရံတွင် ရေဖြင့် အပက်ခံလိုက်ရသကဲ့သို့ တစ်ကိုယ်လုံး အေးစက် သွားပြီး၊ တစ်ခါတစ်ရံတွင် ဗုံးတစ်လုံး ရင်ထဲတွင် ပေါက်ကွဲသွားသကဲ့သို့ ဖြစ်ကာ၊ တစ်ခါတစ်ရံတွင် မျက်လုံးထဲ ဖုန်ဝင်သွားသကဲ့သို့ မျက်ရည်ဝဲလာကြပေသည်။
[ငါ့ နှလုံး သိပ်မကောင်းတော့ဘူး]
[အသည်းနုတဲ့ သူတွေ တိုက်ရိုက်ထုတ်လွှင့်မှုထဲကို မဝင်လာကြနဲ့]
[Streamer ကြီးက လူ့လောကကို မိုင်းရှင်းပေးဖို့ ရောက်လာတာလို့ ငါ ထင်နေတယ် ]
ကျန်းလင် : "...."
တိုက်ရိုက်ထုတ်လွှင့်မှုမှ စိတ်လှုပ်ရှားနေသော မှတ်ချက် တစ်ခုချင်းစီကို ကြည့်ရင်း ကျန်းလင် တစ်ခဏမျှ တိတ်ဆိတ်သွားတော့၏။
ဤမျှလောက် များပြားသော ပြဿနာများနှင့် ကြုံတွေ့ရလိမ့်မည်ဟု သူလည်း မထင်မှတ်ထားခဲ့ချေ။
သူက ဒီအတိုင်း လမ်းလျှောက်ထွက်ပြီး ငရဲပြည် လမ်း ကြောင်းများကို လေ့လာရုံ သက်သက်သာဖြစ်ပေသည်။
ထိုသို့တွေးမိသောအခါ ကျန်းလင်သည် ဘေးနားတွင် အလုပ်မရှိ အလုပ်ရှာလုပ်နေသော လီစုန့်ကို တစ်ချက်ကြည့်လိုက်၏။
ဤကလေးငယ်သည် ယနေ့ အတော်လေး လိမ္မာစွာလမ်းပြပေးနေပေသည်။
ယမန်နေ့ကလို စကားပြောလျှင် တစ်ဝက်တစ်ပျက်နှင့် ရပ်တန့်သွားခြင်းမျိုး မရှိတော့ချေ။
သို့သော် ယနေ့ ဖြစ်ပျက်သမျှ ကိစ္စများသည် တိုက်ဆိုင်မှု သက်သက် မဟုတ်ဘူးဟု ကျန်းလင် ခံစားနေရ၏။
ကျန်းလင်၏အကြည့်ကို ရင်ဆိုင်ရသောအခါ လီစုန့် မျက် လုံးများက အနည်းငယ် ရှောင်လွှဲသွားပြီး "ဘာကိစ္စမှ မရှိတော့ဘူး ဆိုရင် ငါ အရင် ပြန်တော့မယ်နော်" ဟု ပြောလိုက်သည်။
"အင်း"
သို့သော်ကျန်းလင် မည်သည့်အပိုစကားမျှ ထပ်မပြောခဲ့ချေ၊ ဤအရာက သူ့အတွက် မည်သည့် ထိခိုက်မှုမျှမရှိပေ။
အမှန်တကယ်မှာ စနစ်ကပေးသော တာဝန်များဖြစ်စေ၊ လူသားများကို တိုက်ရိုက်ထုတ်လွှင့်မှု အတွင်းသို့ ဝင်ရောက် ကြည့်ရှုခွင့်ပေးသော ကိရိယာများဖြစ်စေ စနစ်၏ ရည်ရွယ် ချက်အချို့ကို ကျန်းလင် အကြမ်းဖျင်းခန့်မှန်းမိနေပြီဖြစ် ၏။
ထို့အပြင် တိုက်ရိုက်ထုတ်လွှင့်၍မရသော အရာများ ဆိုပါက ထိုတိုက်ရိုက်ထုတ်လွှင့်မှု အလုံးလေးက ပါးနပ်စွာဖြင့် သူ့ကို သတိပေးစရာမလိုဘဲ ရှောင်ဖယ်သွားမည်သာ ဖြစ်ပေသည်။
လီစုန့်သည် လှည့်ကာ ငရဲပြည် လမ်းကြောင်းဆီသို့ ပြန်သွားတော့၏။ နောက်ထပ် တာဝန်များကို သူ လိုက်မသွားတော့ချေ။
'လိုက်သွားလို့ မရတာတော့ မဟုတ်ဘူး၊ ပိုက်ဆံ ထပ်တောင်းရမှာမို့လို့'
သို့သော် ထိုသူက အကူအညီ လိုအပ်မည်မထင်ဟု တွေးလိုက်ပေသည်။
ငရဲပြည်လမ်းကြောင်းအတွင်းသို့ ဝင်ရောက်သွားပြီးနောက် လီစုန့် သည် ကိစ္စတစ်ခုကို ရုတ်တရက် သတိရသွားတော့၏။
သူ အနောက်သို့ လှည့်ကြည့်လိုက်ရာ ကျန်းလင် ထွက်ခွာသွားပြီဖြစ်ပေသည်။
သူသည် ခေါင်းကို ကုတ်လိုက်ပြီး "ထားလိုက်ပါတော့၊ ဘယ်လိုပဲဖြစ်ဖြစ် သူက ဝိညာဉ်ဘုရင် အဆင့်ပဲလေ" ဟု ရေရွတ်လိုက်တော့သည်။
🫧 Chapter 250
ထို့နောက် တာဝန်များမှာ အလွန် ချောမွေ့စွာ ပြီးဆုံးသွားခဲ့၏။
တောင်ဘက် ခန်းမဆောင်တွင် ပထမဆုံးအကြိမ် တာဝန် ယူရခြင်း ဖြစ်သဖြင့် ကျန်းလင်သည် အများကြီး မယူခဲ့ဘဲ သင်ခန်းစာ တစ်ခုနှင့် ကျင့်ကြံခြင်း ကတ်ပြား နှစ်ကတ် လဲလှယ်ရန် လုံလောက်ရုံမျှသာ ယူခဲ့ပေသည်။
သို့သော် ပဉ္စမမြောက် တာဝန်ကို လုပ်ဆောင်နေစဉ်တွင် တောင်ဘက် ခန်းမဆောင် အဘယ်ကြောင့် မိမိ၏ကိုယ်ပိုင် စွမ်းရည်ကို ဤမျှလောက် အလေးထား လေ့လာရသနည်း ဆိုသည့် အကြောင်းရင်းကို ကျန်းလင် အကြမ်းဖျင်း သဘောပေါက်သွားခဲ့၏။
ထိုနေရာမှာ လူသူအရောက်အပေါက် နည်းပါးသော သဘာဝ တောတောင် ဒေသတစ်ခု ဖြစ်ပေသည်။
ကျယ်ပြန့်သော ရွှံ့နွံတောများနှင့် ရေကန်များ ရှိပြီး အမြင့်မညီသော သစ်ပင်များကလည်း မည်သူကမျှ ပြုစုပျိုးထောင်ထားခြင်းမရှိဘဲ တောအုပ် အတွင်း၌ အကိုင်းအခက်များ ရှုပ်ယှက်ခတ်နေ၏။
ထိုအချိန်မှာ နေ့လယ် တစ်နာရီ၊ နှစ်နာရီခန့် ရှိနေပြီ ဖြစ်ပြီး နေရောင်ခြည်မှာ တောက်ပနေပေသည်။
ရေကန်နှင့် ရွှံ့နွံတောများပေါ်ရှိ မြက်ခင်းပြင်များပေါ်သို့ နေရောင်ခြည်တန်းများ ဖြာကျနေပြီး လတ်ဆတ်မှုနှင့် အသက်ဝင်မှုများ အပြည့်ရှိနေ၏။
အခြား တစ်ဖက်တွင်မူ အကိုင်းအခက်များ ရှုပ်ယှက်ခတ်နေသော တောအုပ် အတွင်း၌ အလင်းရောင် အလွန်နည်းပါးလှပေသည်။
ကြည့်ရသည်မှာ အတော်လေးမှုန်မှိုင်းပြီး ကြောက်မက်ဖွယ် ကောင်းနေ၏။
ကျန်းလင်သည် ငရဲပြည်လမ်းကြောင်းမှ တစ်ဆင့် ထိုဒေသသို့ ရောက်ရှိလာသောအခါ တစ်ခုခုမှားယွင်းနေကြောင်း ချက်ချင်း ခံစားလိုက်ရပေသည်။
ထိုခံစားချက်မှာ တောင်ဘက် ခန်းမဆောင် ဝိညာဉ်ဈေးတန်းရှိ ပြိုင်ပွဲစင်မြင့်ပေါ်တွင် ခံစားခဲ့ရသော စွမ်းအားမျိုးနှင့် အနည်းငယ်ဆင်တူသော်လည်း လုံးဝအတူတူတော့ မဟုတ်ချေ။
သူ အနောက်သို့ တစ်လှမ်းဆုတ်လိုက်သောအခါ ထိုခံစားချက် ပျောက်ကွယ်သွား၏။
အရှေ့သို့ တစ်လှမ်း ထပ်တိုးလိုက်သောအခါ ပတ်ဝန်းကျင်ရှိ နေရာလပ်နှင့် သဘာဝပတ်ဝန်းကျင် တစ်ခုလုံးမှ မမြင်မရသော စွမ်းအားတစ်ခု စတင်ထွက်ပေါ်လာတော့သည်။
ထိုစွမ်းအားက သူ့ခန္ဓာကိုယ် အတွင်းရှိ ဝိညာဉ်အငွေ့အသက်များကို ဖိနှိပ်ရန် ကြိုးစားနေပေသည်။
ကျန်းလင် အနည်းငယ် လှုပ်ရှားလိုက်ရာ ကွဲအက်သွားသည့် တိုးညင်းသော အသံတစ်သံကို ကြားလိုက်ရ၏။
ထို့နောက်သူ့ခန္ဓာကိုယ် အတွင်းရှိ ဖိနှိပ်ထားမှုများလည်း ပျောက်ကွယ်သွားတော့သည်။
သို့သော် ကျန်းလင် ဆက်လက် အရှေ့သို့ သွားရန်ပြင်လိုက်ချိန်တွင် ပတ်ဝန်းကျင်မှ ထိုဖိနှိပ်ထားသော စွမ်းအားများက သူ့ထံသို့ ထပ်မံ စုစည်းလာပြန်၏။
၎င်းမှာ ဝိညာဉ်ဈေးတန်းရှိ ပြိုင်ပွဲစင်မြင့်နှင့် မတူညီသော အချက်ပင် ဖြစ်ပေသည်။
ပြိုင်ပွဲစင်မြင့်ပေါ်ရှိ ဖိနှိပ်မှုများမှာ တစ်ကြိမ် ရုန်းထွက်ပြီးပါက အချိန်တို အတွင်းတွင် ထပ်မံ ပေါ်လာမည် မဟုတ်ချေ။
သို့သော် ဤဒေသမှာမူ အဆက်မပြတ် လည်ပတ်နေသော မီးစက်ကြီး တစ်ခုကဲ့သို့ ထိုထူးဆန်းသော စွမ်းအားများကို အဆက်မပြတ် ထုတ်လွှတ်ပေးနေနိုင်ပေသည်။
အကယ်၍ ဂရုမစိုက်ဘဲ ဤအတိုင်း ဝင်သွားမည်ဆိုပါကတိုက်ခိုက်ရာတွင် ဖြစ်စေ၊ မထင်မှတ်ထားသော အခြေအ နေများနှင့် အရေးပေါ် ရင်ဆိုင်ရချိန်တွင်ဖြစ်စေ အလွန် အဆင်မပြေ ဖြစ်နိုင်ပေသည်။
၎င်းမှာ သင် အာရုံစိုက်ပြီး အလုပ်လုပ်နေချိန်တွင် ဘေးနား၌ နကျယ်ကောင်ကြီး တစ်ကောင်က အမြဲတမ်းပျံသန်းနေသကဲ့သို့ပင် ဖြစ်၏။
ကြီးကြီးမားမား အနှောင့်အယှက် မဖြစ်ပုံရသော်လည်း အချိန်တိုင်း မသေချာ မရေရာမှုများ ပြည့်နှက်နေပေသည်။
ထိုစွမ်းအား၏ကန့်သတ်ချက်ကို နောက်တစ်ကြိမ် ချိုးဖျက်ပြီးနောက် ကျန်းလင်၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် ဝိညာဉ်အငွေ့အသက် တစ်လွှာ ထွက်ပေါ်လာပြီး အဆက် မပြတ် လှည့်ပတ်နေတော့၏။
၎င်းအကာမှာထိုစွမ်းအားများ ကပ်မလာနိုင်အောင် တားဆီးထားခြင်း ဖြစ်ပေသည်။
အနည်းငယ် အလုပ်ရှုပ်သော်လည်း သူ့အတွက်မူ သိပ်ခက်ခဲလှသည်တော့ မဟုတ်ချေ။
[Streamer ကြီး ခုလေးတင် ဘာလုပ်နေတာလဲ၊ ရှေ့တိုးလိုက် နောက်ဆုတ်လိုက်၊ အရှေ့တိုးလိုက်နဲ့]
[တစ်ခုခုကို စမ်းသပ်နေတာ ဖြစ်မယ်၊ တီဗီဇာတ်လမ်းတွဲတွေထဲမှာ ဒီလို အခန်းတွေ ခဏခဏ ပါတယ် မဟုတ်လား၊ အရာအားလုံးက လျှို့ဝှက်ပြီး ယှဉ်ပြိုင်နေကြတာလေ]
[ဖြစ်နေတဲ့ အရာတွေကို ငါ မြင်ချင်တယ်၊ တိုးတိုးလေး မေးချင်တာက အခု VIP ဖွင့်လို့ ရပြီလား]
တိုက်ရိုက်ထုတ်လွှင့်မှုမှ ပရိသတ်များသည် Streamer ကြီးနှင့်အတူ ဤဒေသသို့ ရောက်ရှိလာကြပြီး ထိုစွမ်းအားကို မခံစားနိုင်ကြသဖြင့် Streamer ကြီး အရှေ့တိုး နောက်ဆုတ် လုပ်နေသည်ကိုသာ ကြည့်နေရပေသည်။
ပရိသတ် အများအပြားမှာ ယခုလေးတင်မှ အင်တာနက်ပေါ်မှ ထွက်လာကြသူများဖြစ်၏။
ယနေ့ နံနက်ပိုင်းတွင် ဖော်ထုတ်ခဲ့သောကိစ္စရပ်များမှာ အလွန် များပြားလွန်းပြီး တိုက်ရိုက်ထုတ်လွှင့်မှုမှတစ်ဆင့် တိုက်ရိုက် ပြသခဲ့ခြင်း ဖြစ်သဖြင့် ပရိသတ်သောင်းနှင့်ချီ၍ ကြီးကြပ် ပါဝင်ခဲ့ကြပေသည်။
အင်တာနက်ပေါ်ရှိ ဆွေးနွေးမှုများမှာ အလွန် ပူညံပူညံ ဖြစ်နေပြီး ယနေ့ နံနက်ပိုင်း ကိစ္စရပ်များက လူပြောအများဆုံး သတင်းများနေရာကို သိမ်းပိုက်ထားခဲ့ပြီ ဖြစ်၏။
ယခုတိုက်ရိုက်ထုတ်လွှင့်မှု အတွင်းရှိ ပရိသတ် အများအပြားမှာ အမျိုးမျိုးသော သတင်းများကို ဖတ်ပြီးနောက် ဤတိုက် ရိုက်ထုတ်လွှင့်မှုရှိနေကြောင်း သိရှိကာ ဝင်လာကြသူများ ဖြစ်ပေသည်။
အချို့လူများသည် တိုက်ရိုက်ထုတ်လွှင့်မှုများကို စိတ်မဝင် စားကြသလို၊ ဖျော်ဖြေရေး သတင်းများ၊ အိမ်မွေးတိရစ္ဆာန်များကိုလည်း စိတ်မဝင်စားကြချေ။
သူတို့ စိတ်ဝင်စားသည်မှာ 'ကလေးသူခိုး'၊ 'ဘဏ်ဓားပြတိုက်မှု'၊ 'နယ်စပ်ကာကွယ်ရေး' စသည်တို့ပင် ဖြစ်တော့သည်။
[ငါလည်း VIP ဖွင့်ချင်တယ်၊ ဒါပေမယ့် တစ်ခါမှ ဖွင့်လို့ မရခဲ့ဘူး၊ ပိုက်ဆံရှိတာတောင် ဖွင့်လို့ မရဘူး ဒီငွေတွေက ငါ့အတွက် ဘာအသုံးဝင်မှာလဲ]
[အင်တာနက်ပေါ်မှာ အခု အရမ်းဟော့နေတဲ့ အကြောင်း အရာ တစ်ခု ရှိတယ်၊ မင်းတို့ ဖတ်ပြီးကြပြီလား]
[မင်း ပြောတာ အဲဒါ မဟုတ်လား Streamer ကြီး အားတဲ့အချိန် လူ့လောကကို ခဏခဏ လာလည်ပါလား ဆိုတာမလား ]
[Streamer ကြီး လူ့လောကကို လာပြီး လူ့ဘဝကို ခံစားကြည့်လို့လည်း ရပါတယ်နော်]
ကျန်းလင်၏ ပတ်ပတ်လည်တွင် ဝိညာဉ်အငွေ့အသက်များ လှည့်ပတ်လာသည်နှင့်အမျှ ပရိသတ်များ၏ အမြင်အာရုံတွင် Streamer ကြီး၏မျက်နှာမှာ အနည်းငယ် မှုန်ဝါးလာပြီး သေချာ မမြင်ရတော့ချေ။
အစပိုင်းတွင် သူတို့က မျက်နှာပြင် မှုန်သွားသည်ဟု ထင်ကာ သုတ်ကြည့်ကြသော်လည်း မရှင်းလင်းသေးပေ။
[ဟွန်း မနက်ဖြန်ကျရင် 4k resolution ရတဲ့ ဖုန်း တစ်လုံး သွားဝယ်မယ်]
[ငါလည်း ဝယ်ချင်တယ်၊ ဘယ်မှာ ရောင်းလဲ ပြောပြပါဦး]
ပရိသတ်များ၏ ညည်းညူသံများ ကြားတွင် ကျန်းလင်သည် ရွှံ့နွံတောဘက်သို့ လွင့်မျောသွားတော့၏။
သို့သော် အမြန်နှုန်းမှာမူ သိပ်မမြန်လှချေ။
သူ ဤနေရာသို့ လာရခြင်း၏ အဓိကအကြောင်းရင်းမှာ 'ခိုးကြောင်ခိုးဝှက် တိုက်ခိုက်သူ' တစ်စုကြောင့် ဖြစ်ပေသည်။
တာဝန်အချက်အလက်များအရ ဤနေရာတွင် မြေအောက်၌ ပုန်းအောင်းနေသော နတ်ဆိုးများ ရှိနေပြီး မကြာသေးမီက အနီးအနားရှိ ကင်းလှည့်ဝိညာဉ်တမန်တော်များကို တိုက်ခိုက်ခဲ့ကြောင်း သိရ၏။
ကျန်းလင် လုပ်ဆောင်ရမည်မှာ ထိုခိုးကြောင်ခိုးဝှက် တိုက်ခိုက်သူများကို ရှင်းလင်းရန် ဖြစ်ပေသည်။
ထိုအကောင်များ၏ မူလ ဇာစ်မြစ်နှင့် တိုက်ခိုက်ရသည့် အကြောင်းရင်းကိုပါ တစ်ပါတည်း ရှာဖွေနိုင်မည် ဆိုလျှင်တော့ ပိုကောင်းမည် ဖြစ်၏။
သို့သော် အကြောင်းရင်း ရှာဖွေခြင်း အပိုင်းတွင်မူ တောင်ဘက် ခန်းမဆောင်က အရှေ့ဘက် ခန်းမဆောင်လောက် အလေးမထားလှချေ။
အဓိကကတော့ တိုက်ခိုက်သူများကို ဖော်ထုတ်ရန်သာဖြစ်ပြီး ကျန်တာတွေက ဒုတိယဦးစားပေး သို့မဟုတ် လုပ်နိုင်ရင် လုပ်ရုံသာ ဖြစ်ပေသည်။
'တိုက်လို့ နိုင်ရင် ပြီးတာပါပဲလေ'
ဤနေရာသို့ မလာမီက ဤတာဝန်မှာ ယခင် တာဝန် လေးခုထက် ပိုမိုလွယ်ကူလိမ့်မည်ဟု ကျန်းလင် ထင်မှတ်ထားခဲ့၏။
သူ့စွမ်းရည်ဖြင့် ဆိုလျှင် ပတ်ဝန်းကျင်ကို အာရုံခံလိုက်ရုံဖြင့် မည်သည့်နေရာတွင် ထူးခြားမှုရှိနေသနည်း ဆိုသည်ကို လျင်မြန်စွာ သိရှိနိုင်မည်ဖြစ်ပေသည်။
သို့သော်စောစောက သူ အာရုံခံကြည့်လိုက်သောအခါ ဤဒေသ တစ်ခုလုံးမှာ တစ်ခုခုဖြင့် ဖုံးအုပ်ခံထားရသကဲ့သို့ ဖြစ်နေကြောင်း တွေ့ရှိလိုက်ရ၏။
အာရုံခံနိုင်စွမ်းမှာ ဖြတ်တောက်ခံလိုက်ရပေသည်။
တစ်နည်းအားဖြင့် ဤနေရာတွင် အာရုံခံနိုင်စွမ်းကို အသုံးပြု၍ မရသလောက်ပင် ဖြစ်၏။
သူသည် ဝိညာဉ်အငွေ့အသက်များကို ဤဒေသ တစ်ခုလုံးတွင် ဖြန့်ကြက်ရန် ကြိုးစားကြည့်သေးသော်လည်း ဝိညာဉ်အငွေ့အသက်များ ဖြန့်ကြက်သည့် အမြန်နှုန်းမှာလည်း သိပ်မချောမွေ့လှချေ။
ဤနေရာတွင် တစ်ခုခု မှားယွင်းနေပေသည်။
တောင်ဘက် ခန်းမဆောင် ဝိညာဉ်ဈေးတန်းရှိ ပြိုင်ပွဲစင်မြင့်ကို ဤနေရာရှိ အရာတစ်ခုခုဖြင့် ပြုလုပ်ထားခြင်းများလား ဟုပင် ကျန်းလင် ခန့်မှန်းမိလိုက်၏။
ဤနေရာရှိ ကန့်သတ်ချက်များမှာ ပြိုင်ပွဲစင်မြင့်ထက် ပိုမို အားကောင်းပြီး ကြီးမားနေသည်မှာ သိသာလှပေသည်။
ဤနေရာမှ ပစ္စည်းအချို့ ယူသွားပြီး ပြိုင်ပွဲစင်မြင့် တစ်ခု ဖန်တီးလို့ ရမရတော့ သူ မသိချေ။
ဤဒေသက မည်သို့ ဖြစ်ပေါ်လာသနည်း ဆိုသည်ကိုလည်း သူမသိရပေ။
ကျန်းလင် တွေးတောနေစဉ် သူ့ခြေအောက်ရှိ ရွှံ့နွံတော အတွင်းမှ လေပူဖောင်း နှစ်ခု ထွက်ပေါ်လာတော့၏။
'ဝှစ်'
မည်သူကမျှ သတိမထားမိလိုက်ချိန်တွင် အနက်ရောင် အရိပ်တစ်ခုသည် ရွှံ့နွံတော အတွင်းမှ ရုတ်တရက် ခုန်ထွက်လာပေသည်။
ထို့နောက် လေဆင်နှာမောင်း တစ်ခုကဲ့သို့ အနောက်ဘက်မှနေ၍ ကျန်းလင်ဆီသို့ ခုန်အုပ်လာတော့၏။
၎င်းမှာ ချွန်ထက်သော သွားများ၊ သွေးရောင်လွှမ်းနေသော မျက်လုံးများရှိကာ လေထဲတွင် အရိပ်နှစ်ခု ချန်ရစ်ထားခဲ့ပေသည်။
"ရွှပ်"
အနက်ရောင် အရိပ်ထက် ပိုမိုမြန်ဆန်သည်မှာ ဝိညာဉ်အငွေ့အသက်ဖြင့် ဖန်တီးထားသော နွယ်ပင် တစ်ပင် ဖြစ်၏။
ထိုနွယ်ပင်သည် မျက်စိ ပါနေသကဲ့သို့ ကျန်းလင်နှင့် မီတာဝက်ခန့် အကွာတွင် အနက်ရောင် အရိပ်ကို ရစ်ပတ်လိုက်ပြီး ဘောလုံး တစ်လုံးကဲ့သို့ လျင်မြန်စွာ ရစ်ပတ်လိုက်တော့ သည်။
တိုက်ခိုက်ရန် အခွင့်အရေး လုံးဝမပေးခဲ့ချေ။
"ကျိ ကျိ"
ထိုအကောင်သည် အထဲတွင် ရုန်းကန် လှုပ်ရှားနေသော် လည်း ထွက်ပေါက် မရနိုင်ခဲ့ပေ။
ဝိညာဉ်နွယ်ပင်သည် လေထဲတွင် တစ်ချက် လှုပ်ခါသွားပြီး အထဲရှိ အကောင်က အန္တရာယ်မပြုနိုင်တော့ကြောင်း သေချာသွားပုံ ရကာ ထိုဘောလုံးကို ကျန်းလင် အရှေ့သို့ပို့ပေး လိုက်၏။
ထို့နောက် ဘောလုံးသည် အပေါက် တစ်ပေါက် ပွင့်သွားပြီး အထဲရှိ သက်ရှိကိုမြင်တွေ့လိုက်ရတော့သည်။
"ဘလွတ် ဘလွတ် ဘလွတ်"
ထိုအချိန်မှာပင် ကျန်းလင်၏ အောက်ဘက်ရှိ ရွှံ့နွံတော အတွင်းမှ လေပူဖောင်းများ တစ်ခုပြီး တစ်ခု ထွက်ပေါ်လာတော့၏။
ကြည့်လိုက်သည့်အခါမှ မြက်ပင်များ ကြားတွင်လည်း သွေးရောင်လွှမ်းနေသော မျက်လုံးများစွာ ပုန်းအောင်းနေကြသည်ကို တွေ့လိုက်ရပေသည်။