← Chapters

အခန်း (၂၅၁-၂၅၂)

Vol. 26 Ch. 251-252

အခန်း (၂၅၁-၂၅၂)

Vol. 26 Ch. 251-252

🫧 Chapter 251

ကျန်းလင်သည် ဝိညာဉ်နွယ်ပင်ဖြင့် ရစ်ပတ်ထားသော အရာကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှုမှ ပရိသတ်များသည်လည်း ရှင်းလင်းစွာ မြင်တွေ့လိုက်ကြပေသည်။

ထိုအခါ အားလုံးသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်မိကြပြီး ကျောရိုးအောက်ခြေမှနေ၍ ထုံကျဉ်သည့် ခံစားချက်တစ်ခုက အပေါ်သို့ ဆန်တက်လာကာ ဦးရေပြားများပါ ထုံကျဉ်သွားတော့၏။

အဘယ်ကြောင့်နည်းဟု‌မေး၍ ဖြေရလျှင် ၎င်း၌ ချွန်ထက်ပြီး ရှည်လျားသော နားရွက်များ၊ ပြူးထွက်နေသော မျက်နှာ၊ ဂေါ်လီလုံး အရွယ်အစားရှိ မျက်လုံးများနှင့် ပါးစပ်ဖြင့်ပင် ဖုံးကွယ်ထား၍ မရလောက်အောင် ပြူးထွက်နေသော လွှသွားကဲ့သို့ သွားများ ရှိနေသောကြောင့်ပင်ဖြစ်ပေ၏။

ထိုသွားများ၏ အစွန်းမှနေ၍ သွားရည်များ ကျဆင်းနေပြီး သွေးရောင်လွှမ်းနေသော မျက်လုံးများက အရှေ့ရှိ လူကို စိုက်ကြည့်နေသည်လေ။

သူ့ပုံစံက ချက်ချင်း ခုန်အုပ်ပြီး ကိုက်ဖြတ်ကာ တစ်ဖက်လူ၏ အသားကို ဆွဲဆုတ်ပစ်ချင်နေသည့်ပုံ ပေါက်နေပေသည်။

[ဒါ ဒါ ဘာမကောင်းဆိုးဝါးကြီးလဲ၊ ကြည့်ရင်းနဲ့ မသိစိတ်ကနေ ဓားနဲ့လှမ်းခုတ်ချင်စိတ်တောင် ပေါက်လာတယ်]

[ငါတော့ ကြက်သီးတွေတောင် ထလာပြီ၊ ဒါက တကယ်ပဲ လူ့လောကက သက်ရှိ ဟုတ်လို့လား]

[Streamer ကြီးလာတယ် ဆိုမှတော့ သေချာပေါက် သရဲ ဒါမှမဟုတ် မကောင်းဆိုးဝါးတစ်ခုခုပဲ ဖြစ်ရမယ်]

လူတို့သည် မသိနားမလည်သော သက်ရှိများကိုမြင်တွေ့ရသောအခါ စိတ်ထဲတွင် အလိုအလျောက်ထိတ်လန့်ကြောက် ရွံ့မှုများ ဖြစ်ပေါ်လာတတ်ပေသည်။

ထို့ပြင် ဤအကောင်ငယ်လေး၏ ရုပ်ဆင်းသွင်ပြင်မှာ အလွန် ကြောက်မက်ဖွယ် ကောင်းနေသည် မဟုတ်လော။

မဟုတ်သေးပေ၊ ၎င်းကို အကောင်ငယ်လေးဟု မခေါ်ဆိုသင့်ချေ။

ရစ်ပတ်ထားသော ပုံသဏ္ဌာန်အရ ဤအရာမှာ အနည်းဆုံး ဘတ်စကက်ဘောလုံး အရွယ်အစားခန့် ရှိနေပေသည်။

[မင်းတို့ကော ခံစားမိကြလား၊ ဒီအရာက ကြွက်နဲ့ နည်းနည်း တူနေသလိုပဲ]

[လခွမ်း၊ ကြွက်က ဒီလိုပုံစံ ရှိလို့လား၊ ငါ ဗဟုသုတ မရှိဘူး ဆိုပြီး လာမလိမ်နဲ့နော်]

[သူ့နားရွက်တွေက ချွန်နေတာလေ၊ ဘယ်လိုကြည့်ကြည့် မတူပါဘူး]

[ကြွက်နဲ့ ခပ်ဆင်ဆင် တူတာပါ၊ ကြွက်ကို အခြေခံပြီး မျိုးဗီဇ ပြောင်းလဲသွားမယ် ဆိုရင် ဒီလို ဖြစ်လာတာလည်း မဆန်းပါဘူး]

'ကြွက်' ဟု ထင်မြင်ချက် ပေးလိုက်သော ပရိသတ်သည်လည်း တကယ်တမ်းတွင် သိပ်မသေချာလှချေ။

သူက ကြွက်အကြောင်း အနည်းငယ် သိထားသဖြင့် ဆင်တူသည်ဟု ခံစားရုံမျှသာ။

မျက်နှာပြင် အရှေ့ရှိ ဤသက်ရှိမှာမူ တကယ်ကို ထူးဆန်း ဆန်းကြယ်လွန်းလှ၏။

ဟုတ်ပေသည်၊ ဆန်းကြယ်သည် ဆိုသော စကားလုံးဖြင့်သာ ဖော်ပြ၍ ရနိုင်ပေသည်။ အကယ်၍ တကယ်သာ ကြွက်အမျိုးအစား ဖြစ်နေမည် ဆိုပါက 'လခွမ်း' ဟုသာ ကျိန်ဆဲလိုက်ချင်တော့၏။

ထိုပရိသတ်သည် ကြက်သီးဖြန်းဖြန်းထနေသော သူ့လက် မောင်းကို ပွတ်သပ်လိုက်ပြီး အိမ်ရှိ လှောင်အိမ်ထဲမှ အိမ်မွေး ကြွက်အမျိုးမျိုးကို တစ်ချက် လှမ်းကြည့်ကာတွေးလိုက်မိသည်။

'ငါက ကြွက်ကို ကြောက်တတ်လို့လား'

'ကျီ'

ထိုလှောင်အိမ်ထဲရှိ ကြွက်ကလေးကမူ တစ်ချက် သာအော်လိုက်၏။

သူ့ခေါင်းထဲတွင် တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းထဲမှ ထိုမကောင်းဆိုးဝါး၏ ပုံရိပ်က မသိစိတ်မှနေ၍ ပေါ်လာသဖြင့် ရုတ်တရက် တုန်ယင်သွားပြီး လှောင်အိမ်ကို အဝတ်တစ်စဖြင့် ချက်ချင်းဖုံးအုပ်လိုက်တော့သည်။

သူက ကြွက်ကို ကြောက်ခြင်းမဟုတ်ပေ။

သူ ခဏခန့်မျှ ထိုအကောင်များကို မမြင်ချင်ရုံ သက်သက်သာ ဖြစ်၏။

[မင်းတို့ ပြောနေတာ နားထောင်ရတာ ဂြိုဟ်သားတွေ ကျူးကျော်လာတဲ့ အတိုင်းပဲ]

[ဂြိုဟ်သား ဟုတ်လား၊ ကမ္ဘာပျက်ကပ်က ဖုတ်ကောင်ကြွက်တွေနဲ့ ပိုတူမယ် ထင်တယ်]

[ကျေးဇူးပြုပြီး ပါးစပ်ပိတ်ထားကြပါတော့၊ ကလေးက အရမ်းကြောက်နေရပါပြီ၊ ကလေးကို ချမ်းသာပေးကြပါ ]

ရွှံ့နွံတော၏အထက် ကောင်းကင်ယံတွင်

ကျန်းလင်သည် ဝိညာဉ်အငွေ့အသက်ဖြင့် ရစ်ပတ်ခံထားရသော အကောင်လေးကိုကြည့်ကာ မျက်လုံးကို အနည်းငယ် မှေးလိုက်၏။

ဤအကောင်လေး၏ ကိုယ်ပေါ်ရှိ အငွေ့အသက်များက အနည်းငယ် ထူးဆန်းနေပေသည်။

ထိုစဉ် အောက်ဘက်ရှိ ရွှံ့နွံတော အတွင်းမှ လေပူဖောင်းများ တပွက်ပွက် ထွက်ပေါ်လာပြီး စိမ်းလန်းသော မြက်ခင်းများ ကြားတွင် သွေးရောင်လွှမ်းနေသော မျက်လုံးအစုံပေါင်း များစွာ ထွက်ပေါ်လာတော့၏

'ချိ ချိ'

မည်သည့်အသံနှင့် တူမှန်း မပြောပြတတ်သော အော်သံ နှစ်သံ ထွက်ပေါ်လာပြီး အမိန့်ပေးလိုက်သော် နောက်တစ်စက္ကန့်တွင် အနက်ရောင် အရိပ်ဆယ်ဂဏန်းခန့်သည် မြက်ခင်းတော အတွင်းမှ ခုန်ထွက်လာကြပြီး ချွန်ထက်သော သွားများ ပြည့်နှက်နေသည့် ပါးစပ်များကို ဟလျက် လေထဲရှိ ကျန်းလင်ထံသို့ ပြေးဝင်လာကြတော့သည်။

'ဖတ် ဖတ်'

ထိုစဉ် အသွေးအသားများ ဖောက်ထွင်းခံလိုက်ရသော အသံများ ထွက်ပေါ်လာ၏။

အဘယ်ကြောင့်ဆိုသော်ကျန်းလင်၏ ကိုယ်ပေါ်မှ ထိပ်ဖျားများမှာ ချွန်ထက်နေသော ဝိညာဉ်ချီစူးချွန် ဆယ်ဂဏန်းခန့် ရုတ်တရက် ပစ်လွှတ်လိုက်သောကြောင့်ဖြစ်၏။

ထို့နောက်၎င်းမှာ လှံရှည်များကို ပစ်လွှတ်လိုက်သကဲ့သို့ ထိုအနက်ရောင် အရိပ်များကို တိုက်ရိုက် ဖောက်ထွင်းသွားတော့သည်။

၎င်းကို အဝေးမှ ကြည့်မည် ဆိုပါက ကျန်းလင်၏ခြေအောက်တွင် ဖြူကောင်တစ်ကောင်ကို ဇောက်ထိုး တွဲလောင်း ချိတ်ဆွဲထားသကဲ့သို့ ဖြစ်နေ၏။

ထို့ပြင် ဆူးတစ်ချောင်းစီတိုင်းတွင် ကြွက်နှင့်တူသော မကောင်းဆိုးဝါး တစ်ကောင်စီကိုစီကို ထိုးစိုက်ထားသည်။

'တောက် တောက်'

ထို့နောက်အနက်ရောင် အရိပ်များ၏ကိုယ်ပေါ်မှ မည်းနက် သောသွေးများ ကျဆင်းလာပြီး အောက်ဘက်ရှိ ရွှံ့နွံတော အတွင်းသို့ ကျရောက်ကာ လျင်မြန်စွာ ပျောက်ကွယ်သွားတော့၏။

အစမှ အဆုံးတိုင်အောင် ကျန်းလင်သည် အကြည့်ကို အနည်းငယ်သာ အောက်သို့ စိုက်ချလိုက်ပြီး ရွှံ့နွံတောကို တည်ငြိမ်စွာ ကြည့်နေခဲ့ပေသည်။

သူ ခြေတစ်လှမ်းမျှပင် ရွှေ့ခြင်း မရှိခဲ့ချေ။

ပန်းထွက်လာသော သွေးများကိုလည်း သူ့ပတ်ပတ်လည်တွင် လှည့်ပတ်နေသော ဝိညာဉ်အငွေ့အသက်များက အပြင်ဘက်တွင် တားဆီးပေးထား၏။

သို့သော် ကျန်းလင်မျက်လုံးထဲတွင် သံသယအချို့ ထွက်ပေါ်လာတော့သည်။

'ဒီအကောင်တွေက ဘာလို့ ဝိညာဉ်တမန်တော်ကို လာတိုက်ခိုက်ရတာလဲ'

ဝိညာဉ်တမန်တော်များ အပြင်ထွက်သောအခါ သရဲတစ္ဆေများနှင့် သက်ရှိ အများအပြားသည် အနီးသို့ မကပ်လာခင်မှာပင် ဝိညာဉ်တမန်တော်များ၏ ကိုယ်ပေါ်ရှိ အရှိန်အဝါကို ခံစားမိတတ်ကြသည်။

ထို့အပြင် သူတို့ကို ခြိမ်းခြောက်နိုင်သော သေမင်း၏ အငွေ့အသက်များကိုလည်း ခံစားမိကြပေသည်။

ထို့ကြောင့် ဝိညာဉ်တမန်တော်များ ပေါ်လာသောအခါ အကောင်ငယ် အများအပြားသည် ပုန်းရှောင်သွားတတ်ကြပြီး၊ သို့မဟုတ်ပါက ထွက်ပြေးလေ့ ရှိကြသည်လေ။

ယခုမူ ဤမကောင်းဆိုးဝါး အကောင်ငယ်များသည် ပုန်းအောင်း မနေသည့်အပြင် အသက်ကိုပင် မငဲ့ဘဲ ပြေးထွက်လာကြသည် မဟုတ်လော။

'သူတို့ကို ဘယ်သူကများ အဲဒီလောက် သတ္တိတွေ ပေးထားတာလဲ၊ အသက် မရှင်ချင်တော့ဘူးလား'

ထို့နောက် ကျန်းလင်သည် ခြေအောက်ရှိ ဆူးများကိုပြန် လည် သိမ်းဆည်းလိုက်၏။

ထိုအခါ ထိုးဖောက်ခံထားရသော အနက်ရောင် အရိပ်များသည် 'ဖတ်' ဆိုသော အသံနှင့်အတူ ရွှံ့နွံတောပေါ်သို့ ပြုတ်ကျသွားတော့သည်။

ထိုစဥ်သွေးအနံ့များကြောင့် ကျန်းလင်၏ အရှေ့တွင် ဝိညာဉ်အငွေ့အသက်ဖြင့် ချည်နှောင်ခံထားရသော အကောင်ငယ်လေးမှာ ပြင်းထန်စွာ ရုန်းကန်လာပြီး အောက်ဘက်ရှိ ရွှံ့နွံတောကလည်း စတင် ဂနာမငြိမ်ဖြစ်လာတော့၏။

ရုတ်တရက်လေပူဖောင်းများ ထွက်ပေါ်လာသည့် လှုပ်ရှားမှုက ပိုမိုပြင်းထန်လာပေသည်။

'ရွှပ်'

များမကြာမီဘတ်စကက်ဘောလုံးထက် နှစ်ဆခန့် ပိုမို ကြီးမားသော မကောင်းဆိုးဝါး သုံးကောင်သည် လေပြင်းတစ်ခုကဲ့သို့ရွှံ့နွံတောအတွင်းမှခုန်ထွက်လာပြီးလမ်းကြောင်း သုံးခုမှနေ၍ ကျန်းလင်ထံသို့ ဝိုင်းရံ တိုက်ခိုက်လာတော့ သည်။

မျက်နှာပြင် အရှေ့ရှိ ပရိသတ်များသည် သေချာပင် မမြင်လိုက်ရခင်မှာ ထိုအကောင် သုံးကောင်သည် ကျန်းလင်၏ ပတ်ပတ်လည်သို့ ခုန်အုပ်လာကြပြီ ဖြစ်၏။

ကျန်းလင်သည် နှေးကွေးပုံပေါ်သော်လည်း တကယ်တမ်းတွင် လျင်မြန်စွာဖြင့် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ကာချက်ချင်း လက်သီးဆုပ်လိုက်၏။

'ဘန်း ဘန်း ဘန်း'

ထိုအခါသွေးမြူခိုး သုံးစုသည်အော်ဟစ်ရန် အချိန်ပင် မရလိုက်ဘဲ လေထဲတွင် တစ်ပြိုင်နက်တည်း ပေါက်ကွဲသွားတော့သည်။

ပရိသတ်များ ရှင်းလင်းစွာ မြင်တွေ့လိုက်ရချိန်တွင် အပြည့် အဝ မလွင့်စင်သေးသော သွေးမြူခိုး အစုအဝေးများကိုသာ တွေ့မြင်လိုက်ရ၏။

သူတို့မှာ သတိပင် မဝင်ကြသေးချေ။

[ခုလေးတင် ဘာဖြစ်သွားတာလဲ]

[တစ်ခုခုက လာတိုက်ခိုက်သွားသလိုပဲ၊ ပြီးတော့ Streamer ကြီးက လက်သီးဆုပ်လိုက်တယ်မလား၊ လက်သီးဆုပ် သိုင်းကွက်ကြီးလား]

[အားလုံးပဲ မေ့နေကြပြီလား မသိဘူး၊ Streamer ကြီးက ဝိညာဉ်ဘုရင် အဆင့်လေ၊ ပြိုင်ပွဲစင်မြင့်တောင် Streamer ကြီးရဲ့ စွမ်းအားကို မခံနိုင်ဘူး ဆိုတာကို မေ့ပြီလား]

[Streamer ကြီးက ပုံမှန်ဆိုရင် နေ့စဉ်ဘဝကိုပဲ တိုက်ရိုက်ထုတ်လွှင့်နေတာ ဆိုတော့ မင်း ပြောမှပဲ ငါ တကယ် မေ့နေတာ၊ အဲဒီညက ဟော့ပေါ့ အရမ်းမွှေးတယ် ဆိုတာလောက်ပဲ ငါ မှတ်မိတော့တယ်]

ပရိသတ်များသည် တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းထဲတွင် Streamer ကြီးက အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး လေထဲတွင် တည်ငြိမ်စွာ ရပ်နေကာ အင်္ကျီစများက လေထဲတွင် လွင့်ခတ်နေသည်ကို ကြည့်နေကြပေသည်။

ပတ်ပတ်လည်ရှိ သွေးမြူခိုးများနှင့် ကောင်းကင်မှ ကျဆင်းလာသော အလင်းတန်းများက အလှဆင်ထားသည့်အလား ဖြစ်နေ၏။

ဤအခိုက်အတန့်တွင် ကျန်းလင်မှာအသက်ဝင်နေသော ပန်းချီကား တစ်ချပ်နှင့်ပင် တူနေတော့သည်။

နှစ်စက္ကန့်ခန့် ကြောင်အမ်းအမ်း ဖြစ်သွားပြီးနောက် မှတ်ချက်များက တရစပ် ထွက်ပေါ်လာတော့၏။

[ကြောင်ကြည့်မနေကြနဲ့၊ မြန်မြန် ပုံဆွဲကြလေ]

[မသိစိတ်ကနေ စခရင်ရှော့ ရိုက်ချင်လာပြန်တဲ့ နေ့တစ်နေ့ပဲ၊ ညီမလေးက နေ့တိုင်း မေးတယ်၊ ဘာလို့ ဒီလောက်အမည်းရောင်ပုံအများကြီးကို သိမ်းထားရတာလဲ၊ မန်မိုရီ မပြည့်ဘူးလားတဲ့]

[Streamer ကြီး အရမ်းမိုက်တယ်၊ ပုန်းနေတဲ့ ကြွက်တွေကို ထုရိုက်တဲ့ ဂိမ်းဆော့လို့ ရနေပြီ၊ တစ်ချက် ရိုက်လိုက်ရင် တစ်ကောင် သေချာပေါက် မိတာပဲ]

[ကြွက်ထု ဂိမ်း ဆော့လို့ အဆင်ပြေရဲ့လား]

မျက်နှာပြင် အရှေ့တွင်

ဆယ်ကျော်သက် စိတ်ကူးယဉ် အိပ်မက်သမား လူငယ်တစ်ဦးသည် ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး ဖုန်းကို ချထားလိုက်၏။

ထို့နောက် မြင်းခွထိုင်ဟန် ပြင်လိုက်ပြီး လက်တစ်ဖက်ကို အနောက်တွင် ပိုက်ထားကာ အသက်ကို ရှူသွင်း ရှူထုတ် လုပ်လိုက်သည်။

ပြီးနောက် ရုတ်တရက် လက်ကို ဆန့်ထုတ်ကာ လက်သီးဆုပ်ပြီးနောက် အော်ဟစ်လိုက်တော့သည်။

"ပေါက်ကွဲစမ်း"

"ဟမ် "

"....."

ဘေးနားတွင် ပါရှန်းကြောင် တစ်ကောင်က အပြာနုရောင် မျက်လုံးများဖြင့် သူ့ကို ကြောင်တောင်တောင် စိုက်ကြည့်နေလသည်။

ထိုအခါ ဘေးနားရှိ ဆယ်ကျော်သက် လူငယ်၏ မျက်လုံးများက အရောင်လက်သွားပြီး ရုတ်တရက်ကြောင်ကို ပွေ့ချီကာ လက်သည်း ထုတ်လိုက်၏။

"ပေါက်ကွဲစမ်း ပေါက်ကွဲစမ်း ဟားဟားဟားဟား"

ဆယ်ကျော်သက်အရွယ် လူငယ်လေးမှာ ပျော်ရွှင်နေသော် လည်း ပါရှန်းကြောင်ကမူ အလောတကြီး ရုန်းထွက်ပြီး ဝှစ်ခနဲ လစ်ပြေးသွားတော့သည်။

တံခါးဝသို့ ရောက်သွားသော သူ့အနက်ရောင် မျက်နှာလေးက အနောက်သို့လှည့်၍ တွေးလိုက်တော့သည်။

'ဒီ လူသားက တောသားပဲဟ ၊ ငါ့သခင် မဟုတ်တော့ဘူး’

Chapter 252

တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းထဲတွင်

ကျန်းလင်၏လက်စွမ်းကထက်လွန်း၍လား၊ သို့မဟုတ် တိုက်ခိုက်မှု နှစ်ကြိမ်ဆက်တိုက် ကျရှုံးသွား၍လား မသိရသော်လည်း ရွှံ့နွံတောကြီးမှာ ရုတ်တရက် တိတ်ဆိတ်သွားတော့၏။

တပွက်ပွက် ထွက်ပေါ်နေသော လေပူဖောင်းများနှင့် သွေးရောင်လွှမ်းနေသော မျက်လုံးအစုံများလည်း ပျောက်ကွယ်သွားပေသည်။

သို့သော်မြေပြင်ပေါ်ရှိ အလောင်းများကသာ ဤရွှံ့နွံတောသည် သာမန်မဟုတ်ကြောင်း လူအများကို သတိပေးနေသကဲ့သို့သာ ကျန်ရှိနေတော့သည်။

ကျန်းလင်သည် ရွှံ့နွံအထက်တွင် ခဏမျှ ဆက်လက် လှည့် ပတ်ကြည့်ရှုနေသော်လည်း ရွှံ့နွံတောကြီးမှာ တိတ်ဆိတ် ငြိမ်သက်နေဆဲ ဖြစ်၏။

ထိုအနက်ရောင် အရိပ်များ အားလုံးပျောက်ကွယ်သွားသကဲ့ သို့ပင်တိတ်ဆိတ်နေတော့သည်။

"မရှိတော့တာလား၊ ဒါမှမဟုတ် ထွက်မလာရဲတော့တာလား"

ကျန်းလင်သည် မျက်ခုံးပင့်ကာ ရေရွတ်လိုက်သည်။

ဤနယ်မြေသည် အာရုံခံနိုင်စွမ်း အများစုကို ပိတ်ဆို့ထားသဖြင့် ရွှံ့နွံတော တစ်ခုလုံးကို သာမန်နည်းလမ်းများဖြင့် စစ်ဆေး၍ မရနိုင်ချေ။

သို့သော် ရွှံ့နွံတော တစ်ခုလုံးကို တိုက်ရိုက် ဖောက်ခွဲပစ်မည် ဆိုပါကလည်း အဆင်မပြေနိုင်ပေ။

ပျက်စီးဆုံးရှုံးမှုက ကြီးမားလွန်းလှ၏။

အနည်းငယ် စဉ်းစားလိုက်ပြီးနောက် ကျန်းလင်သည် လက်ကို မြှောက်လိုက်ရာ ဝိညာဉ်အငွေ့အသက်များက အောက်ဘက်ရှိ ရွှံ့နွံတော အတွင်းသို့ စတင် စိမ့်ဝင်သွားတော့သည်။

နောက်တစ်စက္ကန့်တွင် တိုက်ရိုက်ထုတ်လွှင့်မှုမှ ပရိသတ်များသည် အောက်ဘက်ရှိ ရွှံ့နွံတောကြီး လှုပ်ရှားသွားသည်ကို ခံစားလိုက်ရပေသည်။

ထို့နောက်ရွှံ့နွံတော တစ်ခုလုံးသည် တစ်ခုခုဖြင့် ထုပ်ပိုးခံထားရသကဲ့သို့ လေထဲသို့ ပျံတက်ကာ ဖြည်းညင်းစွာ အထက်သို့ ဆန်တက်လာပြီး နေရောင်ခြည်ကိုပင် ကွယ်သွားစေတော့သည်။

ဤမြင်ကွင်းမှာ ကောင်းကင်မြို့တော် တစ်ခု မြေပြင်မှနေ၍ ထွက်ပေါ်လာသကဲ့သို့ ဖြစ်နေ၏။

အောက်ဘက်မှ မီတာသုံးဆယ်ခန့် အကွာတွင် 'ကောင်းကင်မြို့တော်' ကြီးသည် ရုတ်တရက် ရပ်တန့်သွားတော့သည်။

ဤမြင်ကွင်းမှာ အလွန်တုန်လှုပ်ဖွယ် ကောင်းလွန်းသဖြင့် ပရိသတ်များမှာ ကြောင်အမ်းအမ်း ဖြစ်သွားကြတော့သည်။

ယခင်က ဤမျှလောက် ဆန်းကြယ်သော မြင်ကွင်းမျိုးကို မြင်တွေ့ခဲ့ရသည်မှာ အချစ်ရေး ကံမကောင်းသော သရဲမလေး၏ ဝိညာဉ်နယ်ပယ် အတွင်းတွင် ဖြစ်ဟန်တူပေသည်။

သို့သော် ၎င်းမှာ ဝိညာဉ်နယ်ပယ် အတွင်းတွင် မဟုတ်ဘဲ လက်တွေ့ကမ္ဘာတွင် ဖြစ်ပျက်နေခြင်း ဖြစ်ပေသည်။

ထို့ကြောင့် 'ဘုရားရေ' ဟုသာ သူတို့အော်ဟစ်လိုက်ချင်တော့သည်။

ပရိသတ်များ၏ အံ့သြမှင်တက်နေသော အကြည့်များအောက်တွင် ထို 'ကောင်းကင်မြို့တော်' ကြီးသည် စတင် တုန်ခါလာတော့သည်။

ရွှံ့နွံတော အတွင်းတွင် ဘတ်စကက်ဘောလုံး အရွယ်အစားခန့် ရှိသော အကောင်များသည် အမိန့်နာခံကာ အထဲတွင် သေချာစွာ ပုန်းအောင်းနေကြပေသည်။

ရုတ်တရက် ပတ်ဝန်းကျင် တစ်ခုလုံး စတင် ယိမ်းယိုင်လာသည်ကို သူတို့ ခံစားလိုက်ရပြီး အထက်မှလည်း ဖိသိပ်လာသော အားတစ်ခု ကျရောက်လာတော့သည်။

ထို့နောက် တစ်ခဏချင်းမှာပင် အောက်သို့ ပြုတ်ကျသွားမည့် ခံစားချက်မှာ အလွန်ထင်ရှားရှားဖြစ်လာခဲ့သည်။

"ကျွီ"

"ကျွီ ကျွီ"

အကောင်ငယ်လေးများသည် ရွှံ့နွံတော အတွင်းတွင် အချင်းချင်း သတင်းအချက်အလက်များ ဖလှယ်နေကြပြီး သံသယဖြစ်မှု၊ ဇဝေဇဝါဖြစ်မှုများ ပြည့်နှက်နေကြ၏.

ထို့အပြင် ဘယ်ကနေ ရောက်လာမှန်း မသိသော အန္တရာယ် ခံစားချက်တစ်ခုလည်း ပါဝင်နေပေသည်။

ထိုစဉ်ခန္ဓာကိုယ် သေးငယ်သော အကောင်လေး တစ်ကောင်သည် သတိမထားမိလိုက်ဘဲ နှင်းလျှောစီးသကဲ့သို့ ရွှံ့နွံတော ဗဟိုမှနေ၍ အောက်သို့ တောက်လျှောက် လျှောကျသွားတော့သည်။

ထိုကောင်လေးသည်မကြာမီမှာပင် ရွှံ့နွံတော၏ အစွန်းသို့ ရောက်ရှိသွား၏။

အောက်ဘက်ရှိ အခြေအနေကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသောအခါ အကောင်ငယ်လေးမှာ ထိတ်လန့်သွားပြီး ခြေသည်း လေးဖက်ဖြင့် ရွှံ့နွံတော၏ အစွန်းကို အသေအလဲ ဆုပ်ကိုင်ထားရန် ကြိုးစားတော့သည်။

သို့သော် ၎င်းသည်ထိတ်လန့်နေသည့် တစ်ချိန်တည်းမှာပင် ၎င်းသည် ချွန်ထက်သော သွားများကို ဖော်ပြရန် မမေ့လျော့ဘဲ အန္တရာယ် အငွေ့အသက် အပြင်းထန်ဆုံး နေရာဆီသို့ ရက်စက်ကြမ်းကြုတ်သည့် မျက်နှာထားဖြင့် ဟန်ရေးပြနေသေး၏။

ပုံမှန်အားဖြင့် ပုန်းအောင်းရန် အသုံးပြုလေ့ရှိသော ရွှံ့နွံတောသည် ယခုအချိန်တွင် ၎င်းကို အသက်ရှင်ခွင့် လုံးဝမပေးခဲ့ချေ။

နှစ်စက္ကန့်ခန့် တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီးနောက်ခြေသည်း များမှာ ရွှံ့နွံတောမှ တဖြည်းဖြည်းလျှောကျလာသည်ကို ၎င်း ခံစားလိုက်ရပေသည်။

အထက်သို့ တစ်ချက်ခုန်တက်ရန် ကြိုးစားလိုက်သေးသော်လည်း အားပြုလိုက်သည်နှင့် တစ်ပြိုင်နက် လေထဲမှနေ၍ ပြုတ်ကျသွားတော့၏။

'ဖတ်'

တစ်ကောင်၊ နှစ်ကောင်စသည်ဖြင့် သွေးရောင်လွှမ်းနေသော မျက်လုံးများ ရှိသည့် ဘတ်စကက်ဘောလုံး အရွယ်အစားခန့် မကောင်းဆိုးဝါး အကောင်ငယ်လေး အများအပြားသည် မိုးရွာချသကဲ့သို့ အဆက်မပြတ် ပြုတ်ကျလာကြတော့သည်။

သူတို့သည်မီတာ သုံးဆယ် အမြင့်မှ မြေပြင်သို့ကျလာသော် လည်း ထွက်ပြေးရန် အားအင်များ ရှိနေကြသေးသည်။

သို့သော် သူတို့ စတင် လှုပ်ရှားလိုက်သည်နှင့် ဝိညာဉ်အငွေ့ အသက် တစ်ခု၏ဖိနှိပ်ခြင်းကို ခံလိုက်ရပြီး မြေပြင်ပေါ်တွင် တိုက်ရိုက် ဖိနှိပ်ခံလိုက်ရပေသည်။

သူတို့သည်နှစ်ကြိမ်ခန့် ရုန်းကန်ပြီးနောက် လှုပ်ရှားမှု ရပ်တန့်သွားတော့သည်။

တိုက်ရိုက်ထုတ်လွှင့်မှုမှ ပရိသတ်များမှာ ပါးစပ်အဟောင်း သား ဖြစ်နေကြပြီး ထိုအချိန်မှသာ တဖြည်းဖြည်း သတိပြန်ဝင်လာကြတော့၏။

[ငါ ဘယ်သူ့ကိုမှ အထင်မကြီးဘူး၊ Streamer ကြီးကိုပဲ လေးစားတယ်]

[အသက်ရှင်နေတုန်းမှာ လက်တွေ့ကမ္ဘာက 'ကောင်းကင်မြို့တော်' ကို မြင်ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး၊ မိုက်တယ်ဟေ့ အဲဒီ မကောင်းဆိုးဝါး အကောင်လေးတွေကို ဖယ်ထားလိုက်မယ် ဆိုရင် အိပ်မက်တွေ လက်တွေ့ ဖြစ်လာတယ်လို့တောင် ပြောလို့ ရတယ်]

[ငါ့အဖွား ခုလေးတင် ဖြတ်သွားရင်း တစ်ချက် ကြည့်လိုက်ပြီး 'ဒီကောင်လေး ကောင်ရွေးတဲ့ လက်ရာက မဆိုးဘူးပဲ' လို့ ချီးကျူးသွားတယ် ငါ : "...."]

[မကောင်းဆိုးဝါးလေးများ : ငါက ဘယ်သူလဲ၊ ဘယ်ရောက်နေတာလဲ၊ ခုလေးတင် ဘာတွေ ဖြစ်သွားတာလဲ၊ ငါ ဘယ်လိုလုပ် ပြုတ်ကျသွားတာလဲ]

'ဖတ်'

ထိုအကောင်လေးများကျနေသည့် ကြားတွင် ဖောင်းကားနေသော ခန္ဓာကိုယ်တစ်ခုသည် ရွှံ့နွံတော၏အစွန်းတွင်တဖြည်း ဖြည်း ပေါ်လာတော့၏။

ပထမဆုံး ပေါ်လာသည်မှာ တစ်မီတာကျော် ရှည်လျားသော အမြီးဖြစ်ပြီး ထို့နောက် နောက်ခြေနှစ်ချောင်းကပေါ်လာ၏။

၎င်းသည် ခြေသည်း လေးဖက်စလုံးကို အသုံးပြုကာ အထဲသို့ ပြန်လည် တိုးဝင်ရန် ကြိုးစားနေသေး၏။

'ဘန်း'

ထိုစဥ်ရွှံ့နွံတော တစ်ခုလုံး ရုတ်တရက် တုန်ခါသွားကာ ရေချိုးကန် အရွယ်အစားခန့် ရှိသော ထိုဖောင်းကားနေသည့် အကောင်ကြီးသည် ရွှံ့နွံတောမှ တိုက်ရိုက် လွင့်ထွက်သွားပြီး အောက်သို့ တန်းတန်းမတ်မတ် လျှောကျလာတော့၏။

အခြား ကြွက်များကဲ့သို့ မြေပြင်ပေါ်သို့ ပြုတ်ကျသွားမည် သို့မဟုတ် လေထဲတွင်ပင် အသတ်လိုက်ရမည်ဟု ပရိသတ်များက ထင်မှတ်နေချိန်တွင် ထိုဖောင်းကားနေသော ခန္ဓာကိုယ်ကြီးက ခြေလေးဖက်ဖြင့် လေထဲတွင် တစ်ချက် နင်းလိုက်ပြီး လေပေါ်တွင် နှစ်ဆင့်ခုန် ခုန်လိုက်သည်ကို အံ့သြဖွယ် မြင်တွေ့လိုက်ရပေသည်။

ထိုအခါတိုက်ရိုက်ထုတ်လွှင့်မှုမှ ဂိမ်းဝါသနာရှင် အချို့မှာ ချက်ချင်းပင် မျက်လုံးများ ပြူးကျယ်သွားကြတော့၏။

[ဒီအကောင်ကြီးက ဝိညာဉ်ခွဲသံမဏိခြေသည်း သိုင်းကွက်ကိုတောင် သုံးနိုင်တာလား]

[သူက ဘုံ၃ဆင့်၊ ဘုံ၉ ဆင့် သိုင်းကွက်တွေကော လုပ်နိုင်မလား]

[ငါ သိချင်တာက တစ်ခုတည်းပါ၊ ဒီလောက် ဖောင်းကားနေတဲ့ ခန္ဓာကိုယ်ကြီးက ဘယ်လိုလုပ် ဒီလောက် သွက်လက်နေရတာလဲ]

'ဖြန်း'

ပရိသတ်များ အမျိုးမျိုး ခန့်မှန်းနေကြဆဲမှာပင် ထွက်ပြေးနေသော ထိုအကောင်ကြီးကို Streamer ကြီးက ဝိညာဉ်အငွေ့ အသက်ဖြင့် လက်ဝါးတစ်ချက် ရိုက်ကာ ပြန်ခေါ်လာသည်ကို တွေ့လိုက်ရပေသည်။

"ကျီ ကျီ"

ရေချိုးကန် အရွယ်အစားခန့် ရှိသော မကောင်းဆိုးဝါးကြီးသည် ကျန်းလင် ရှိရာဘက်သို့ သွားဖြဲပြလိုက်၏။

သူ့ သွေးရောင်လွှမ်းနေသော မျက်လုံးများမှာလည်း ထူးဆန်း ဆန်းကြယ်မှုများ ပြည့်နှက်နေကာ လှုပ်ရှားမှုတိုင်းတွင် တိုက်ခိုက်မည့် အချက်ပြမှုများ ပါဝင်နေပေသည်။

ရုတ်တရက် ထိုမကောင်းဆိုးဝါးကြီး၏ မျက်လုံးများ မှေးကျဉ်းသွားပြီး ဖောင်းကားနေသော ခန္ဓာကိုယ်ကြီးက မြေပြင်ပေါ်တွင် စတင် လူးလှိမ့်နေတော့သည်။

သူ့ပုံစံမှာကြီးမားသော နာကျင်မှုကို ခံစားနေရသည့်ပုံ ပေါက်နေ၏။

အော်ဟစ်သံများကလည်း ပိုမို စူးရှလာကာ လူးလှိမ့်နေစဉ်အတွင်း ၎င်း၏ဝမ်းဗိုက်ထဲတွင် တစ်ခုခု ခုန်ပေါက်နေသည်ကို မသဲမကွဲ မြင်တွေ့နေရ၏။

တစ်ခဏ အကြာတွင်

'ဘန်း'

ဆိုသည့်အသံနှင့်အတူထိုအရာသည် ပေါက်ကွဲသွားပြီး ၎င်း၏ ဝမ်းဗိုက်ထဲမှ တစ်ခုခု ခုန်ထွက်လာတော့သည်။

ကြီးမားသော ပေါက်ကွဲသံကြီး ထွက်ပေါ်မလာမီ တစ်စက္ကန့် အလိုတွင် ကျန်းလင်သည်လည်း လှုပ်ရှားလိုက်၏။

ထို့နောက် ဖောင်းကားနေသော မကောင်းဆိုးဝါးကြီး၏ အထက်တွင် အိတ်ကြီး တစ်လုံး ထွက်ပေါ်လာပြီး ၎င်းကို တိုက်ရိုက် ဖုံးအုပ်လိုက်ပေသည်။

တစ်ချိန်တည်းမှာပင် ကြောက်မက်ဖွယ် ကောင်းသော သွေးသံရဲရဲ မြင်ကွင်းကိုလည်း ဖုံးကွယ်ပေးလိုက်တော့ သည်။

ပရိသတ်များမှာ ထိုအိတ်ကြီးပေါ်တွင် အဖုအထစ်များ ထွက်ပေါ်နေသည်ကိုသာ မြင်တွေ့ရပေသည်။

အထဲတွင် အကောင်ငယ်လေးများက အဆက်မပြတ် ဝင်တိုက်နေပြီး အပြင်သို့ ထွက်ချင်နေသည့်ပုံ ပေါက်နေ၏။

[လခွမ်း လူတောင် ထုံသွားတယ်]

[အဲဒီအကောင်က ပေါက်ကွဲသွားတာလား၊ အထဲမှာ လှုပ်ရှားနေတဲ့ အသားတုံးတွေများ ဖြစ်နေမလား]

[ဒီအကောင်နဲ့ ယှဉ်လိုက်ရင် သရဲကမှ ပိုပြီး လက်ခံလို့ ရနိုင်မယ် ထင်တယ် လို့ ငါ ရုတ်တရက် တွေးမိလိုက်တယ်]

[ဝေါ့ ငါ မှားသွားတယ်၊ ငါ ထမင်းစားရင်း တိုက်ရိုက်ထုတ်လွှင့်မှုကို မကြည့်သင့်ဘူး]

ပရိသတ် အချို့မှာ ကြည့်ရင်း ကြည့်ရင်းဖြင့် အန်ထွက်ကုန်ကြတော့၏။

ပရိသတ် အဟောင်းများပင်လျှင် ကြိုတင်၍ ဇလုံ ပြင်ဆင်ထားမိသည်ကို တစ်ခဏမျှ ကံကောင်းသည်ဟု တွေးလိုက်မိကြပေသည်။

ထမင်း စားမပြီးသေးသူများမှာ ပိုဆိုးရွားပြီး ပန်းကန်ထဲသို့ တိုက်ရိုက် အန်ချလိုက်ကြတော့သည်။

ဤသို့ အခြေအနေမျိုးမှာ ဘယ်လို ဆက်စားလို့ ရနိုင်ပါတော့မည်နည်း။

[....]

ဤသက်ရှိများက လက်တွေ့ကမ္ဘာတွင် တကယ်ရှိနေကြောင်း တွေးမိလိုက်သည်နှင့် တိုက်ရိုက်ထုတ်လွှင့်မှုမှ ပရိသတ်များမှာ ဦးရေပြား ထုံကျဉ်သွားကြတော့၏။

ရုပ်ရှင်ကားထဲမှ အရာများလက်တွေ့ ဖြစ်လာသကဲ့သို့ ခံစားလိုက်ရပေသည်။

အချို့လူများမှာ ပိုကြောက်လေ၊ ပိုတွေးမိလေ ဖြစ်နေကြတော့သည်။

ခေါင်းထဲတွင် ဖုတ်ကောင်များ၊ ကမ္ဘာပျက်ကပ်များ။စသည့် ကြောက်မက်ဖွယ် မြင်ကွင်းများ အဆက်မပြတ် ပြန်လည် ပေါ်လာနေကြသည်။

သို့သော် တည်ငြိမ်သွားသောအခါ ပရိသတ်များလည်း အကြောင်းအရာ အချို့ကို နားလည်သွားကြ၏။

ဤမျှလောက် အသက်ရှင်လာခဲ့သည်အထိ တစ်ခါမှ မမြင်ဖူးခဲ့ဘဲ ယခုမှ မြင်ရခြင်းမှာ Streamer ကြီးက တိုက်ရိုက်ထုတ်လွှင့်မှု ဖွင့်ထားသောကြောင့်သာ ဖြစ်ပေသည်။

ဝိညာဉ်တမန်တော်ကြီးများ တည်ဆောက်ထားသော ကာကွယ်ရေးတံတိုင်းမှာ အလွန် ခိုင်မာကြောင်း သိသာလှ၏။

[ဒါပေမယ့် ဒီည အိပ်မက်ဆိုးတော့ ပြေးလို့ လွတ်မှာ မဟုတ်ဘူး]

[ကြွက်ကြီး : ညကျရင် တွေ့ကြမယ်လေ]

[အပေါ်ကလူ မင်းက မိစ္ဆာလားဟ]

All Chapters