အခန်း (၂၅၃-၂၅၄)
Vol. 26 Ch. 253-254
🫧 Chapter 253
ထိုဖောင်းကားနေသော အကောင်ကြီးနှင့် ၎င်း ဝမ်းဗိုက်ထဲမှ အရာများကိုပါ တစ်ပါတည်း အိတ်ထဲသို့ ထည့်လိုက်ပြီးနောက်၊ ကျန်းလင်သည် အစောဆုံး ဖမ်းမိထားသော ဘတ်စကက်ဘောလုံး အရွယ်အစားရှိ အကောင်ငယ်လေးကိုပါ ထိုအိတ်ထဲသို့ ပစ်ထည့်လိုက်တော့၏။
ထို့နောက် တိုက်ရိုက်ထုတ်လွှင့်မှုမှ ပရိသတ်များသည် ထိုအိတ်ကြီးက တဖြည်းဖြည်းသေးငယ်သွားပြီး နောက်ဆုံးတွင် Streamer ကြီး၏ ခါးတွင် ချိတ်ဆွဲလိုက်သည်ကို တွေ့မြင်လိုက်ကြရသည်။
[ငါလည်း အိတ်လေးတစ်လုံး ဖြစ်သွားချင်လိုက်တာ Streamer ကြီးရဲ့ ခါးမှာ ချိတ်ဆွဲခံထားရအောင်လို့]
[ငါက Streamer ကြီးရဲ့အင်္ကျီပဲ၊ မင်း သူ့ခါးမှာ လာချိတ်တာကို ငါ ခွင့်မပြုနိုင်ဘူး]
[အဲဒီအထဲက အရာတွေက ဘာတွေလဲ၊ မင်းတို့က အနီးကပ် နေရမှာကို မကြောက်ကြဘူးလား]
တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းထဲတွင်
ကျန်းလင်သည် အိတ်ကို သိမ်းဆည်းလိုက်ပြီးနောက် သူ၏ အကြည့်ကို အောက်ဘက်သို့ စိုက်ချလိုက်၏။
ထိုနေရာမှာ မူလက ရွှံ့နွံတောကြီး ရှိခဲ့သော နေရာဖြစ်ပေသည်။
ကျန်းလင်က ရွှံ့နွံတောကြီးကို လေထဲသို့ပင့်တင်လိုက်သဖြင့် အောက်ဘက်တွင် ဧရာမတွင်းကြီး တစ်ခုဖြစ်ပေါ်နေတော့၏။
ထိုတွင်းထဲတွင် ရွှံ့နွံတော အတွင်းမှ ပြုတ်ကျလာသော အရာမျိုးစုံပြန့်ကျဲနေပေသည်။
ကြွက်များနှင့် ဆင်တူသော ထိုအကောင်ငယ်လေးများ၏ အလောင်းများ ရှိနေသလို၊ မည်းနက်နေသော အမည်မသိ အရာဝတ္ထုများ၊ မဆွေးမြည့်သေးသော သစ်ကိုင်းများလည်း ရှိနေ၏။
ထို့ပြင် ရွှံ့ဗွက်များ ပေကျံနေသော လူ့အရိုးများလည်း ရှိနေပေသည်။
ထိုအရိုးစုများသည် တွင်းအောက်ခြေတွင် ဖရိုဖရဲ ပြန့်ကျဲနေပြီး ဦးခေါင်းခွံ နေရာများတွင် အက်ကွဲရာများပင် ရှိနေ၏။
ကျန်းလင် အနည်းငယ် စဉ်းစားလိုက်ပြီးနောက် ထိုအရိုးများကိုပါ တစ်ပါတည်း သိမ်းဆည်းလိုက်တော့သည်။
ထိုအရိုးများပေါ်မှ ထိုမကောင်းဆိုးဝါးများနှင့် တူညီသော အငွေ့အသက်ကို သူ ခံစားလိုက်ရပေသည်။
ဤထူးခြားသော နယ်မြေအကြောင်းကို သူ သိပ်နားမလည်လှချေ။
မကောင်းဆိုးဝါးများ၏ မျိုးဗီဇပြောင်းလဲမှုသည် ဤနယ် မြေ၏ ထူးခြားချက်ကြောင့်လား၊ သို့မဟုတ် ဤအရိုးများကြောင့်လား ဆိုသည်ကိုတော့ မသိနိုင်ပေ။
သို့မဟုတ်ပါကလည်း ဤအရိုးများသည် ထိုမကောင်းဆိုးဝါးများ၏ အငွေ့အသက်များ စွဲထင်နေခြင်း သက်သက်သာ ဖြစ်နိုင်ပေသည်။
ကျန်းလင် ထပ်မံ၍ အလေးအနက် မတွေးတော့ချေ။
သူ့ တာဝန်မှာ ဝိညာဉ်တမန်တော်များကို ရုတ်တရက် စတင် တိုက်ခိုက်လာသော ထိုအကောင်ငယ်လေးများကို ဖြေရှင်းရန်သာ ဖြစ်၏။
အကောင်ငယ်လေးများနှင့် ဤအရိုးများကို ရရှိပြီ ဖြစ်သဖြင့် ကျန်ရှိသော ကိစ္စရပ်များကို တောင်ဘက် ခန်းမဆောင်မှ ဝိညာဉ်တမန်တော်များကသာ ဆက်လက် စဉ်းစား ဆုံးဖြတ်ပါစေတော့။
တောင်ဘက် ခန်းမဆောင်က ဤနယ်မြေနှင့် ပတ်သက်၍ သူ့ထက် ပိုမိုသိရှိထားမည်မှာ သေချာလှပေသည်။
ကျန်းလင်သည် လက်ကိုမြှောက်လိုက်ပြီး အထက်ရှိ ရွှံ့နွံတောကြီးကို မူလနေရာသို့ ပြန်လည် ချထားရန် ပြင်လိုက်၏။
သို့သော် တစ်ဝက်ခန့် အချလိုက်တွင် တောအုပ်၏အခြား တစ်ဖက်မှ စူးရှသော အော်ဟစ်သံ တစ်သံထွက်ပေါ်လာတော့သည်။
"အား အား အား"
ထိုအသံမှာ အလွန် ကျယ်လောင်လွန်းသဖြင့် ဤထူးခြား သော နယ်မြေ တစ်ခုလုံး၏ကောင်းကင်ယံတွင်ပင် ပဲ့တင်ထပ်သွားခဲ့ပေသည်။
ထိုအသံကို နားထောင်ရသည်မှာ တစ်ခုခုနှင့် ကြုံတွေ့နေရသည့်ပုံ ပေါက်နေ၏။
ထို့ကြောင့်ကျန်းလင် အနည်းငယ်စဉ်းစားလိုက်ပြီး ရွှံ့နွံတော ကြီးကို လျင်မြန်စွာ ချထားလိုက်ကာ ထိုအသံ လာရာဘက်သို့ ပျံသန်းသွားတော့သည်။
ဤနယ်မြေမှာ လူသားများ ရှင်သန်ရန် မသင့်တော်သော နေရာ ဖြစ်သဖြင့်ထိုအော်ဟစ်သံမှာ လူ့လောကမှ သက်ရှိများထံမှ ထွက်ပေါ်လာခြင်း မဟုတ်နိုင်ချေ။
[Streamer ကြီး ဘယ်ရောက်သွားတာလဲ]
[ဘယ်သူ အော်နေတာလဲဟ၊ အထီးကျန်ခံစားချက်ကို ပျောက်သွားစေတာပဲ]
တိုက်ရိုက်ထုတ်လွှင့်မှုမှ ပရိသတ်များမှာ မျက်စိရှေ့တွင် တစ်ချက် ဝေဝါးသွားပြီးနောက် ဖုန်းထဲမှ အင်္ကျီစများ လေတိုက်ခတ်သံကိုသာ ကြားလိုက်ရတော့သည်။
သူတို့၏ တုံ့ပြန်နိုင်စွမ်းက Streamer ကြီး၏ လှုပ်ရှားမှုကို လုံးဝ မလိုက်မီနိုင်ချေ။
အသံလာရာ နေရာသို့ နီးကပ်သွားသောအခါ မြေပြင်ပေါ်တွင် အရာဝတ္ထု တစ်ခုခုကို တရွတ်တိုက် ဆွဲခေါ်သွားသဖြင့် ဖြစ်ပေါ်လာသော ပွတ်တိုက်သံများကိုပါ မသဲမကွဲ ကြားလိုက်ရပေသည်။
"အား အား အား"
ထိုအသံမှာ ဆက်လက် အော်ဟစ်နေဆဲ ဖြစ်၏။
တောအုပ် အတွင်းတွင် သစ်ရွက်များနှင့် အကိုင်းအခက်များ ရှုပ်ယှက်ခတ်နေသဖြင့် အလင်းရောင် အနည်းငယ် မှုန်မှိုင်းနေပေသည်။
ကျန်းလင်သည် အသံလာရာသို့ လှမ်းကြည့်လိုက်၏။
ထိုအခါတောင်ဘက် ခန်းမဆောင်၏အငွေ့အသက် ရှိသော ဝိညာဉ်တမန်တော် တစ်ပါးသည် ခန္ဓာကိုယ်အောက်ပိုင်းဖြင့် မြေပြင်ကို ပွတ်တိုက်နေပြီး လက်နှစ်ဖက်ကို အပေါ်သို့ မြှောက်ကာ တစ်ခုခုကို တင်းကျပ်စွာ ဖက်တွယ်ထားသည်ကို တွေ့လိုက်ရ၏။
ဖက်တွယ်ခံထားရသော အရာမှာ အဖမ်းမခံရစေရန် ပြင်းထန်စွာ ရုန်းကန်နေပြီး အရှေ့သို့ အသေအလဲ ပြေးနေပေသည်။
ထိုဝိညာဉ်တမန်တော်က လက်မလွှတ်သဖြင့် ထိုအရာ၏ တရွတ်တိုက် ဆွဲခေါ်ခြင်းကိုခံနေရတော့၏။
ကျန်းလင် ကြားခဲ့ရသော ပွတ်တိုက်သံများမှာ ဤနေရာမှ ထွက်ပေါ်လာခြင်းပင် ဖြစ်ပေသည်။
[Streamer ကြီး တွေ့ပြီလား တွေ့ပြီလား၊ ဘယ်သူ အော်နေတာလဲ]
[အထဲမှာ ဘာတွေ ဖြစ်နေတာလဲ ]
တိုက်ရိုက်ထုတ်လွှင့်မှုမှ ပရိသတ်များသည် တစ်ချက် ကြည့်လိုက်ရာတွင် သစ်ပင်ကြီးများနှင့် သစ်ပင် အထက်တွင် ရပ်နေသော Streamer ကြီး၏ ပုံရိပ်ကိုသာ မြင်တွေ့လိုက်ရ၏။
အားလုံးက ဇဝေဇဝါ ဖြစ်နေကြပေသည်။
ထိုစဉ် တောအုပ် အတွင်းရှိ ပွတ်တိုက်သံများ ရုတ်တရက် ရပ်တန့်သွားပြီး လေတိုက်သံနှင့် သစ်ရွက် လှုပ်ရှားသံများလည်း တစ်ခဏမျှ ရပ်တန့်သွားတော့၏။
'ဝှစ်'
ထို့နောက်သစ်ရွက်များက တဖျတ်ဖျတ် လှုပ်ခတ်သွားကာနှစ်မီတာခန့် ရှည်လျားသော အနက်ရောင် ငါးကြီးတစ်ကောင်သည် တောအုပ် အတွင်းမှ ခုန်ထွက်လာပြီး ကောင်းကင်ယံတွင် လှပသော မျဉ်းကွေး တစ်ခုကို ဖန်တီးလိုက်ပေသည်။
ပျံသန်းနေစဉ်အတွင်း ငါးပါးစပ်ဘေးရှိ ရှည်လျားသော နှုတ်ခမ်းမွေး နှစ်ချောင်းမှာ လေထဲတွင် လွင့်ခတ်နေပြီး အမြီးပိုင်းတွင်လည်း အပြာရောင် 'အမြီးလေး' တစ်ခု တွဲလောင်းကျနေ၏။
အပြာရောင် ဝတ်ရုံဝတ်ဆင်ထားသော ဝိညာဉ်တမန်တော် သည် အဆွဲခံရကာ လေထဲသို့ ပျံတက်လာပြီး ခန္ဓာကိုယ်မှာလည်း လေထဲတွင် တစ်ပတ် လည်သွားတော့သည်။
ထိုသို့ ဖြစ်နေသည့်တိုင်အောင် အနက်ရောင် ငါးကြီးကို ဖက်တွယ်ထားသော လက်နှစ်ဖက်မှာ လုံးဝ ပြုတ်မသွားခဲ့ချေ။
ချော်မထွက်စေရန်အတွက် ထိုဝိညာဉ်တမန်တော်သည် အဖြူရောင် လက်အိတ်တစ်စုံကိုပင် ဝတ်ဆင်ထားပုံ ရ၏။
ထိုလက်အိတ်မှာ တောအုပ် အတွင်းရှိမှုန်မှိုင်းသော အလင်း ရောင်အောက်တွင် မသိသာသော်လည်း ယခု နေရောင်ခြည်အောက်သို့ ရောက်လာသောအခါ ထိုလက်အိတ်မှာ အထူး သားရေ တစ်မျိုးဖြင့် ပြုလုပ်ထားပုံရပြီး လက်ခုံ နေရာတွင် ငွေရောင် အကြေးခွံများ တလက်လက် တောက်ပနေသည်ကို တွေ့လိုက်ရသည်။
ကြည့်ရသည်မှာ ချောမွေ့ပြီး အလွန် သေသပ်လှပပေသည်။
"အား အား အား"
အပြာရောင် ဝတ်ရုံရှင် ဝိညာဉ်တမန်တော်သည် နောက်တစ်ကြိမ် အော်ဟစ်လိုက်ပြီး အနက်ရောင် ငါးကြီး၏အမြီးပိုင်းကို ပိုတင်းကျပ်စွာ ဖက်တွယ်လိုက်တော့သည်။
'ဘန်း'
အနက်ရောင် ငါးကြီးသည် အထက်သို့ ခုန်တက်ပြီးနောက် အောက်သို့ ပြန်လည် ထိုးဆင်းသွားပြန်၏။
တောအုပ် အတွင်းရှိ သစ်ရွက်များ တဖွဲဖွဲ ကြွေကျလာတော့သည်။
တစ်ခဏ အကြာတွင် ထိုအနက်ရောင် ငါးကြီးမှာ နောက်တစ်ကြိမ် ခုန်တက်လာပြန်သည်။
ဤတစ်ကြိမ်တွင်မူ ဝိညာဉ်တမန်တော်နှင့် ငါးကြီး နှစ်ကောင်စလုံးသည် မနီးမဝေးရှိ အဖြူရောင် ပုံရိပ်လေးကို သတိထားမိသွားကြ၏။
သေချာမြင်တွေ့လိုက်ရသော အခိုက်အတန့်တွင် အနက်ရောင် ငါးကြီး၏လှုပ်ရှားမှုကတစ်ချက် နှေးကွေးသွားတော့သည်။
'အခုပဲ'
အပြာရောင် ဝတ်ရုံရှင် ဝိညာဉ်တမန်တော်သည် အခွင့်အရေးကို အသုံးချကာ လက်နှစ်ဖက်ကို လွှတ်လိုက်ပြီး တစ်ကိုယ်လုံး အနက်ရောင်ငါးကြီး၏ ခန္ဓာကိုယ်အထက်ပိုင်းသို့ ခုန်တက်လိုက်၏။
ထို့နောက် လက်နှစ်ဖက်ဖြင့် ငါးကြီး၏တစ်ဖက်တစ်ချက်ရှိ အရေခွံကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး မြင်းစီးသည့် ပုံစံမျိုး နေလိုက်တော့သည်။
ထို့နောက် သူသည် ခေါင်းကို မော့ကာ အနက်ရောင် ငါးကြီး၏ခေါင်းကို တည့်တည့် ချိန်ရွယ်လိုက်ပြီး 'ဒုန်း' ဆိုသော အသံနှင့်အတူ ခေါင်းချင်းဆောင့်တိုက်လိုက်၏။
"...."
ထိုအခါအနက်ရောင် ငါးကြီး၏ခန္ဓာကိုယ်မှာ ယိမ်းယိုင်သွားပြီး ဦးနှောက်မှာ တစ်ခဏမျှ မူးဝေသွားတော့သည်။
[လက်တွေ့ဘဝမှာ တကယ့် ခေါင်းချင်းဆောင့်တိုက်တာကို ပထမဆုံး မြင်ဖူးတာပဲ၊ မိုက်တယ်]
[ဒီငါးက ငါ့ဦးလေး အိမ်က ဒီနှစ်ဖမ်းမိတဲ့ အကြီးဆုံး ငါးထက်တောင် နှစ်ဆလောက် ပိုကြီးနေသေးတယ်၊ ဒီကိုယ်လုံးကြီးကိုကြည့်ရတာ အရမ်းကို အသားများမယ့် ပုံပဲ]
[တစ်စိတ်တစ်ပိုင်းကို ငါးအလွှာလေးတွေ လုပ်စားလို့ရတယ်၊ တစ်စိတ်တစ်ပိုင်းကို ဆီကြော် ကြော်မယ်၊ ပြီးတော့ နည်းနည်းကို ဆီပြန်ချက်မယ်၊ ပေါင်းမယ် ငါးချဉ်စပ် ဟင်းရည် ရှူး]
[ငါးဟင်းလျာ အစုံရပြီ၊ ဒီငါးက နှစ်သစ်ကူး အချိန်ကျရင် မိသားစု တစ်စုလုံး စားဖို့တောင် လုံလောက်မယ် ထင်တယ်]
အနက်ရောင် ငါးကြီး တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းထဲတွင် ပေါ်လာသော အခိုက်အတန့်တွင် ပရိသတ် အားလုံးနီးပါး မသိစိတ်အရ ပါးစပ် အဟောင်းသား ဖြစ်သွားကြတော့၏။
အချို့သော အသက်ငယ်ရွယ်သည့် ပရိသတ်များမှာ မနေနိုင်ဘဲ အော်ဟစ်လိုက်ကြပေသည်။
[ဝါး ငါး ငါးကြီးပဲ တော်တော် ကြီးတဲ့ ငါးကြီး]
အံ့သြပြီးနောက် ပရိသတ်များသည် တိုက်ဆိုင်စွာပင် သွားရည်များ မျိုချလိုက်ကြတော့၏။
ဤငါးကို ကြည့်ရသည်မှာ အလွန်အရသာရှိမည့် ပုံပေါက်နေပေသည်။
[ဒီအတိုင်း ဆက်သွားနေလို့တော့ မဖြစ်ဘူး၊ ဒီအပြာရောင်ဝတ်ရုံဝတ် ညီအစ်ကို အတွက် ငါးဟင်းခတ် အမွှေးအကြိုင် ထုပ်လေးတွေ နည်းနည်းလောက် မီးရှို့ပေးလိုက်ရမလား]
[ဟင်းခတ် အမွှေးအကြိုင် ရှိရုံနဲ့ အိုးမရှိရင်လည်း အဆင်မပြေဘူးလေ၊ အရင်ဆုံး ဓားတစ်လက်နဲ့ အိုးတစ်လုံး လာပေးကြပါဦး၊ အနက်ရောင် ငါးကြီးဆီကို ဓားသွေးပြီး သွားကြမယ် ဟီးဟီးဟီး]
[နေ နေ နေပါဦး ညီအစ်ကိုတို့၊ စိတ်ကူးမယဉ်ကြပါနဲ့တော့၊ ဒီငါးက ကောင်းကင်ကိုလည်း ပျံနိုင်တယ်၊ အောက် ရေထဲကိုလည်း ငုပ်နိုင်တယ်၊ စီးတော်ယာဉ်အဖြစ် မသုံးဘဲ ထားရင် အရမ်း နှမြောစရာ ကောင်းမှာပေါ့]
[ကောင်းကင် ပျံနိုင်တဲ့ ငါးတစ်ကောင်ကို ဘယ်လို မွေးရမလဲ ဆိုတာ ဆွေးနွေးကြမယ်]
ပရိသတ်များမှာ အခြားအရာများသာ မတတ်ခြင်းပင်၊ အစားအသောက်နှင့် ပတ်သက်လာလျှင်၊ ပွဲကြည့်ရန်နှင့် ပတ်သက်လာလျှင် မတတ်တာ မရှိကြချေ။
သို့သော် တစ်ယောက်ချင်းစီက သွားရည်ကျနေကြသော် လည်း သူတို့၏ မျက်လုံးများထဲတွင် အားကျမှုအချို့လည်း ပါဝင်နေပေသည်။
မည်သူကများ ကောင်းကင် ပျံသန်းချင်သည့် အိပ်မက် မက်မဖူးဘဲ နေမည်နည်း။
ဒဏ္ဍာရီလာ နတ်ဘုရားများ ကြိုးကြာငှက်စီး၍ ပျံသန်းသွားသကဲ့သို့ သူတို့လည်း အမြဲတမ်း စမ်းသပ်ကြည့်ချင်ခဲ့ကြ၏။
သို့သော် ကြီးပြင်းလာသောအခါမှ ဒဏ္ဍာရီဆိုသည်မှာ ဒဏ္ဍာရီသက်သက်သာ ဖြစ်ကြောင်း တဖြည်းဖြည်း သိလာခဲ့ကြပေသည်။
ယခုအခါမှ ကြိုးကြာငှက် မရှိလျှင်တောင်မှ ငါးဆိုလျှင်လည်း မဆိုးဘူးဟု သူတို့ တွေ့ရှိသွားကြတော့သည်။
'ပျံနိုင်ရင် ပြီးတာပါပဲ'
ဤခံစားချက်မှာ လေယာဉ်စီးရသည်နှင့် အနည်းငယ် ကွာခြားပေလိမ့်မည်။
သူတို့ ဘယ်လိုလုပ် သိသနည်းဆိုသည် ကိုတော့ လာမမေးကြပါနှင့်၊ အဘယ်ကြောင့်ဆိုသော် သူတို့ အိပ်မက်ထဲတွင် စီးဖူးသောကြောင့်ပင် ဖြစ်၏။
[Streamer ကြီး၊ ဒါကို လုလို့ ရမလား]
[စီးလို့ မရရင်တောင်မှ ဟော့ပေါ့ထဲ ထည့်စားရင်လည်း မဆိုးဘူးလေ Streamer ကြီးရယ်]
🫧 Chapter 254
ကျန်းလင်သည် တိုက်ရိုက်ထုတ်လွှင့်မှုမှ မှတ်ချက်များကို မကြည့်ခဲ့သလို၊ ပရိသတ်များက မျက်နှာပြင်မှတစ်ဆင့် သွားရည်ကျနေကြသည်ကိုလည်း မသိခဲ့ချေ။
သူသည် အနက်ရောင် ငါးကြီး၏လှုပ်ရှားမှုနောက်သို့ လိုက်ပါကာ အတက်အကျ ဖြစ်နေသော အပြာရောင်ဝတ်ရုံရှင် ဝိညာဉ်တမန်တော်ကိုသာ တိတ်ဆိတ်စွာကြည့်နေခဲ့၏။
၎င်းတို့သည်တစ်ခါတစ်ရံ သစ်ပင်ကို ဝင်တိုက်လိုက်၊ တစ်ခါတစ်ရံ ရေကန်ထဲတွင် လူးလှိမ့်လိုက်၊ တစ်ခါတစ်ရံ လေထဲတွင် ချာချာလည် လှည့်ပတ်လိုက်ဖြင့် ဖြစ်နေပေသည်။
ကျန်းလင် ပေါ်လာသောကြောင့်လား မသိရသော်လည်း အနက်ရောင် ငါးကြီးသည် ပိုမိုစိုးရိမ်လာပုံရသည်။
ထို့ပြင်အပြာရောင် ဝတ်ရုံရှင် ဝိညာဉ်တမန်တော်၏ခေါင်းချင်း ဆောင့်တိုက်မှုကို ခံရပြီးနောက် ရုန်းကန်မှုကပိုမိုပြင်း ထန်လာတော့သည်။
သူသည် ရုန်းကန်ရင်းဖြင့် ကျန်းလင်နှင့် ဝေးရာသို့ အဆက်မပြတ် ပျံသန်း ထွက်ပြေးနေပေသည်။
အပြာရောင် ဝတ်ရုံရှင် ဝိညာဉ်တမန်တော်က ဘယ်မှာ ထွက် ပြေးခွင့် ပေးမည်နည်း၊ အခွင့်အရေးရသည်နှင့် နောက်တစ်ကြိမ် ခေါင်းချင်း ဆောင့်တိုက်လိုက်ပြန်၏။
'ဒုန်း' ဆိုသော အသံကြောင့် ပရိသတ်များပင်လျှင် 'ခေါင်းမာလိုက်တာ' ဟု အော်ဟစ်လိုက်မိကြတော့သည်။
ထိုအခါအနက်ရောင် ငါးကြီး၏ ဧရာမခန္ဓာကိုယ်ကြီးသည် လေထဲတွင်ပင် ယိမ်းယိုင်သွားပေသည်။
သို့သော် ဤတစ်ကြိမ် ခေါင်းချင်း ဆောင့်တိုက်ပြီးနောက် တွင် အပြာရောင် ဝတ်ရုံရှင် ဝိညာဉ်တမန်တော်သည် ရပ်တန့်မသွားခဲ့ချေ။
သူ အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့ခြင်းမှာ ခန္ဓာကိုယ် အတွင်းရှိ နည်းပါးလှသော ဝိညာဉ်အငွေ့အသက်များ ပြန်လည် ပြည့်ဝလာစေရန် အတွက်သာ ဖြစ်၏။
အနက်ရောင် ငါးကြီးကို ဖက်တွယ်ကာ လေထဲတွင် ပတ်ချာ လည် လိုက်ကစားနေရန် မဟုတ်ပေ။
သူသည် ခန္ဓာကိုယ် အထက်ပိုင်းကို မတ်လိုက်ပြီး ညာဘက် လက်ပေါ်ရှိ လက်အိတ်ကို ပါးစပ်ဖြင့် ကိုက်ကာ ဆွဲချွတ်လိုက်သည်ကို တွေ့လိုက်ရ၏။
ဝိညာဉ်ချီ အစုအဝေး တစ်ခုသည်လည်း သူ့ လက်ချောင်းထိပ်တွင် ထွက်ပေါ်လာပြီး စုစည်းလိုက်၊ လွင့်ပျံ့သွားလိုက် ဖြစ်နေသည်။
အနက်ရောင် ငါးကြီး ပြန်လည် မလှုပ်ရှားနိုင်မီ အပြာရောင် ဝတ်ရုံရှင် ဝိညာဉ်တမန်တော်သည် လျင်မြန်စွာ ကိုယ်ကို ကိုင်းချလိုက်ပြီး အနက်ရောင် ငါးကြီး၏ကျောပြင်ကို ကပ်ထားလိုက်၏။
ထို့နောက်ညာဘက် လက်သည်လည်း အနက်ရောင် ငါးကြီး၏ ဘေးဘက်မှ ရစ်ပတ်ကာ အောက်ဘက်သို့ ရောက်ရှိသွားတော့သည်။
လက်ချောင်းထိပ်တွင် စုစည်းနေသော ဝိညာဉ်ချီများသည် တဖြည်းဖြည်းဆန့်ထွက်လာပြီး ရှည်လျားလာခဲ့၏။
ထို့နောက်သူ၏လက်ချောင်းထက်ပင် သေးငယ်သော အမျှင်လေး တစ်မျှင် ဖြစ်သွားခဲ့သည်။
ထိုဝိညာဉ်ချီ အမျှင်လေးသည် အနက်ရောင် ငါးကြီး၏ အောက်ဘက်ကို ပတ်ကာ ဘယ်ဘက်မှနေ၍ အထက်သို့ ပျံတက်လာပြီး အနက်ရောင် ငါးကြီး၏ ခန္ဓာကိုယ်ကို လှည့်ပတ် စည်းနှောင်လာတော့သည်။
ထိုဝိညာဉ်အငွေ့အသက် အမျှင်လေးမှာ သေးငယ်သော် လည်း အလွန် သွက်လက်လှပေသည်။
တံငါသည်များ ပိုက်ကွန် ရက်လုပ်သကဲ့သို့ အနက်ရောင် ငါးကြီးကို အလိုအလျောက် ရစ်ပတ် စည်းနှောင်နေတော့၏။
ပရိသတ်များသည် ထိုသွက်လက်လှသော 'ကြိုးလေး' ကို ကြောင်အမ်းအမ်း ကြည့်နေကြတော့သည်။
၎င်းမှာအသက်ဝင်နေသော ရေဘဝဲ လက်တံကဲ့သို့ဖြစ်နေသည်မဟုတ်ပါလော။
မည်မျှပင် အံ့သြစရာ ကောင်းလိုက်သနည်း။
စက္ကန့်အနည်းငယ် အတွင်းမှာပင် အနက်ရောင် ငါးကြီး၏ ခန္ဓာကိုယ် တစ်ဝက်ခန့်မှာ ထိန်းချုပ်ခံလိုက်ရပြီး ပျံသန်းသည့် အရှိန်မှာ တဖြည်းဖြည်း လျော့ကျလာကာ ရုန်းကန်သည့် အားမှာလည်း စတင် အားနည်းလာတော့သည်။
ဤအခြေအနေသို့ ရောက်သောအခါ အပြာရောင် ဝတ်ရုံရှင် ဝိညာဉ်တမန်တော် အနိုင်ရမည် ဆိုသည်မှာ သံသယဖြစ်ဖွယ် မရှိတော့ချေ။
သို့သော် ထိုဝိညာဉ်အငွေ့အသက် အမျှင်လေးက ပိုက်ကွန်ကို အပြီးသတ် စည်းနှောင်တော့မည့် အချိန်တွင် အနက်ရောင် ငါးကြီးသည် တစ်ခုခုကို သတိထားမိသွားသကဲ့သို့ ဖြစ်သွား၏။
ထို့နောက်ကောင်းကင်ယံသို့ မော့ကာ အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်တော့သည်။
ထိုအသံမှာ တိကျသော အသံမျိုး မဟုတ်ဘဲ လေအမြောက် တစ်လုံး ကောင်းကင်ယံသို့ ပစ်လွှတ်လိုက်သကဲ့သို့ ဖြစ်နေပေသည်။
ပြီးနောက် ချက်ချင်းပင် ၎င်းသည် ရွှံ့နွံတော တစ်ခုဆီသို့ တည့်တည့်မတ်မတ် ထိုးဆင်းသွားတော့၏။
ထိုအခါမှ အပြာရောင်ဝတ်ဝိညာဉ်တမန်တော်သိလိုက်ရသည်မှာ သူတို့သည် မည်သည့်အချိန်ကတည်းက တော အုပ်၏ အစွန်းသို့ ရောက်ရှိနေခဲ့မှန်း မသိရခြင်းပင် ဖြစ်ပေသည်။
'ဘန်း'
ငါးတစ်ကောင်နှင့် သရဲတစ်ကောင်တို့သည် ရွှံ့နွံတော အတွင်းသို့ တည့်တည့်မတ်မတ် ကျရောက်သွားကြပြီး ရွှံ့ဗွက်များနှင့် မြက်ပင် အပိုင်းအစများလွင့်စင်သွားတော့၏။
သို့သော် များပြားလှသော ရွှံ့ဗွက်များက သူတို့၏ ပုံရိပ်ကို လျင်မြန်စွာ ဖုံးလွှမ်းသွားပြီး အတွင်း၌ ပိတ်လှောင်ထားလိုက်ပေသည်။
'ဘလွတ် ဘလွတ် ဘလွတ်'
လေပူဖောင်းလေးများသည်လည်း သူတို့ ပျောက်ကွယ်သွားသော နေရာမှ တစ်ခုပြီး တစ်ခု ထွက်ပေါ်လာတော့သည်။
လေထဲတွင်
ကျန်းလင်သည် ဤမြင်ကွင်းကို တိတ်ဆိတ်စွာ ကြည့်နေခဲ့သော်လည်း ဝင်ရောက်စွက်ဖက်ခြင်း မပြုခဲ့ချေ။
အစမှ အဆုံးတိုင်အောင် ထိုအပြာရောင် ဝတ်ရုံရှင် ဝိညာဉ်တမန်တော်သည်လည်း ကျန်းလင်ထံမှ အကူအညီမတောင်း ခံခဲ့ပေ။
သူ အလွန်ကျယ်လောင်စွာ အော်ဟစ်ခဲ့သော်လည်း၊ သူ ထိုအနက်ရောင် ငါးကြီး၏ဆွဲခေါ်မှုကြောင့် တောအုပ် တစ်ဝက်ခန့်ကို ဖြတ်သန်းလာခဲ့ရသော်လည်း၊ သူအကူအညီမတောင်းခဲ့ပါချေ။
[ဘယ်သူ နိုင်သွားတာလဲ၊ အနက်ရောင် ငါးကြီး ဖမ်းမိသွားပြီလား]
[အဲဒီ အပြာရောင် အင်္ကျီဝတ်ထားတာက တောင်ဘက် ခန်းမဆောင်က ဝိညာဉ်တမန်တော်ကြီးလား၊ သူ အဆင်ပြေရဲ့လား]
[သူ ဒီလောက် အကျယ်ကြီး အော်နေတာ၊ အကူအညီ တောင်းဖို့တောင် အချိန်မရလိုက်လို့များလား]
မျက်နှာပြင် အရှေ့ရှိ သောင်းနှင့်ချီသော ပရိသတ်များသည်လည်း ဤမြင်ကွင်းကို တိတ်ဆိတ်စွာ ကြည့်နေကြပေသည်။
သို့သော် ကျန်းလင်နှင့် အပြာရောင် ဝတ်ရုံရှင် ဝိညာဉ်တမန်တော်တို့နှင့် မတူညီသည်မှာ မည်သူက အနိုင်ရရန်အခွင့်အ ရေး ပိုများသနည်း ဆိုသည်ကို သူတို့ မခန့်မှန်းနိုင်ကြသလို ဤတိုက်ပွဲ ပြီးဆုံးသွားပြီလား ဆိုသည်ကိုလည်း သူတို့ မသိနိုင်ကြချေ။
သူတို့သည် မှတ်ချက်များ ရေးရာတွင် အမြဲတမ်း တက်ကြွလေ့ ရှိကြပြီး တစ်ခါတစ်ရံတွင် နောက်ပြောင်လေ့ ရှိကြသော်လည်း ထိုအရာများမှာ သူတို့နှင့်မသက်ဆိုင်သည်မဟုတ်ပါလော။
သူတို့၏ ရပ်တည်ချက်ကို သူတို့ ကောင်းစွာ သိရှိကြပေသည်၊သူတို့သည် 'ပွဲကြည့် ပရိသတ်များ' သာ ဖြစ်၏။
ယခုအချိန်တွင် ငါးတစ်ကောင်နှင့် သရဲတစ်ကောင် ရွှံ့နွံတော အတွင်းသို့ ကျရောက်သွားပြီး လှုပ်ရှားမှု ရပ်တန့်သွားသည်ကို မြင်သောအခါ မသိစိတ်အရ ထိုအပြာရောင်ဝတ်ရုံရှင် ဝိညာဉ်တမန်တော် အတွက် စိုးရိမ်လာကြတော့သည်။
[Streamer ကြီး ဝင်မပါဘူး ဆိုတော့ ဘာကိစ္စမှ မရှိလောက်ပါဘူး ဟုတ်တယ်မလား]
[အရမ်းကို တိတ်ဆိတ်နေတာပဲ ဒီရွှံ့နွံတောထဲမှာ စောစောက ကြွက်မကောင်းဆိုးဝါးမျိုးတွေ ရှိနေဦးမလား မသိဘူး]
'ပလွတ် ပလွတ် ပလွတ်'
လေပူဖောင်းလေးများသည် ရွှံ့နွံတော အတွင်းမှ အဆက် မပြတ် ထွက်ပေါ်လာနေပေသည်။
နှစ်မိနစ်ခန့် ကြာပြီးနောက်
အပြာရောင် ပုံရိပ်တစ်ခုသည် ရွှံ့နွံတောအတွင်းမှ ခက်ခဲပင်ပန်းစွာ တဖြည်းဖြည်း ထွက်ပေါ်လာပြီး မူလက ထင်ရှားနေသော ခန္ဓာကိုယ်မှာလည်း အနည်းငယ်မှေးမှိန်နေတော့၏။
အကယ်၍ အခြား နေရာများတွင် ဆိုပါက သူ တိုက်ရိုက် ခုန်ထွက်လာနိုင်လောက်ပေသည်။
သို့သော် ဤထူးခြားသော နယ်မြေတွင် သူ့ စွမ်းရည်များ ကန့်သတ်ခံထားရပြီး ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်အငွေ့ အသက်များမှာလည်း တစ်စက်မျှပင် မကျန်တော့ဘဲ အလွန်အမင်း အားနည်းနေသည်လေ။
မဟုတ်သေးပေ၊ ပိုမိုတိကျစွာ ပြောရမည် ဆိုပါက သူ ကန့် သတ်ခံထားရပြီးနောက် နည်းပါးလှသော ဝိညာဉ်အငွေ့အ သက်များကို အကုန်စင်အသုံးပြုလိုက်ရခြင်းဖြစ်၏။
သို့သော်အပြာရောင် ဝတ်ရုံရှင် ဝိညာဉ်တမန်တော် ထွက်လာသောအခါ သူ၏ လက်တွင် လက်ဖဝါး အရွယ်အစားခန့် ရှိသော 'ပိုက်ကွန်အိတ်' သေးသေးလေး တစ်ခုကို ချိတ်ဆွဲထားခဲ့သည်။
ထိုအထဲတွင်မူ ဖမ်းဆီးရမိထားသော အနက်ရောင် ငါးကြီး ရှိနေ၏။
ယခုအချိန်တွင် ထိုအနက်ရောင် ငါးကြီးသည်လည်း ပိုက်ကွန်အိတ်နှင့်အတူ သေးငယ်သွားပြီး လက်ဖဝါး အရွယ်အစားခန့်သာ ရှိတော့သည်။
ယခုအချိန်အထိ ၎င်းသည် အထဲတွင် ဟိုတိုးဒီတိုး လုပ်နေဆဲ ဖြစ်ပြီး ငါးကန်ထဲသို့ ထည့်ခံထားရသော ရွှေငါး တစ်ကောင်နှင့်ပင် တူနေတော့၏။
စောစောက ရှိခဲ့သော တုန်လှုပ်ဖွယ်ရာ အရှိန်အဝါနှင့် ရက် စက်ကြမ်းကြုတ်မှုများမှာ လုံးဝပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ပေသည်။
အပြာရောင် ဝတ်ရုံရှင် ဝိညာဉ်တမန်တော် ထွက်လာပြီးနောက် သက်ပြင်းရှည် တစ်ချက် ချလိုက်ပြီး အထက်ရှိ ကျန်းလင်ကို ကြည့်ကာ ပြောလိုက်၏။
"ကျေးဇူးပဲ ညီအစ်ကို"
အကယ်၍ ကျန်းလင် ပေါ်မလာဘဲ အနက်ရောင် ငါးကြီး၏ အာရုံကို မဖမ်းစားနိုင်ခဲ့ပါက သူ အချိန်အကြာကြီးဆက် လက် တိုက်ခိုက်နေရဦးမည်ဆိုသည်ကို သူ သိထားပေသည်။
"မင်းလည်း တာဝန် လာလုပ်တာလား"
"အင်း"
ကျန်းလင် ခေါင်းညိတ်လိုက်သည်ကို မြင်သောအခါ အပြာရောင် ဝတ်ရုံရှင် ဝိညာဉ်တမန်တော်က ခေါင်းကို ကုတ်ကာ ညည်းညူလိုက်တော့၏။
"ဒီလို တားမြစ်နယ်မြေတွေက တာဝန်တွေက အရှုပ်ဆုံးပဲ၊ ဒါပေမယ့် အကျိုးအမြတ်ကတော့ ပိုများတယ်လေ"
ကျန်းလင် အနည်းငယ် စဉ်းစားလိုက်ပြီး "တားမြစ်နယ်မြေလား"
"ပထမဆုံးအကြိမ် ဒီလို တာဝန်မျိုး လုပ်ဖူးတာလား"
ထိုအခါအပြာရောင် ဝတ်ရုံရှင် ဝိညာဉ်တမန်တော်သည် ကျန်းလင်ကို နှစ်ချက်ခန့် အကဲခတ်လိုက်ပြီး အသေးစိတ် မမေးတော့ဘဲ ရှင်းပြလိုက်၏။
"ဒီလို နယ်မြေတွေ အများကြီး ရှိတယ်၊ မင်း စဝင်လာတုန်းကလည်း ခံစားမိမှာပါ၊ ဒီနေရာမှာ ဝိညာဉ်အငွေ့အသက်တွေ ကန့်သတ်ခံရတယ်လေ၊ ဝိညာဉ်ဈေးတန်းက ပြိုင်ပွဲစင်မြင့်လိုမျိုးပေါ့"
"အရင်တုန်းက တိုက်ပွဲကြီးတွေ ဖြစ်ခဲ့တုန်းက အဆင့်မြင့်ပုဂ္ဂိုလ်တွေရဲ့ သွေးတွေရဲ့ လွှမ်းမိုးမှုကြောင့် ဖြစ်ပေါ်လာတာလို့ ပြောကြတယ်"
သို့သော် အချို့သော သရဲများကလည်း အဆင့်မြင့် ပုဂ္ဂိုလ် တစ်ဦးဦး သေဆုံးသွားပြီးကျန်ခဲ့သည့် ဖိနှိပ်မှုစသည်တို့ကြောင့် ဖြစ်နိုင်သည်ဟု ခန့်မှန်းကြပေသည်။
သို့သော် ၎င်းမှာ ခန့်မှန်းချက် သက်သက်သာ ဖြစ်၏။
အပြာရောင် ဝတ်ရုံရှင် ဝိညာဉ်တမန်တော်သည် စကားပြောရင်း လေထဲတွင် သက်သောင့်သက်သာ ရှိမည့် ပုံစံတစ်ခုဖြင့် ထိုင်လိုက်တော့သည်။
သူထိုင်လိုက်သည်မှာ သေချာအနားယူရင်း ဝိညာဉ်အငွေ့ အသက်များကိုပါ တစ်ပါတည်း ပြန်လည်ဖြည့်တင်းရန် ဖြစ်ပေသည်။
ဝိညာဉ်အငွေ့အသက်များကို ကန့်သတ်မထားပါက သူ ဤမျှလောက် ပင်ပန်းစွာ တိုက်ခိုက်နေရမည် မဟုတ်ချေ။
သို့သော် ကံကောင်းထောက်မစွာဖြင့် ဝိညာဉ်ဈေးတန်းရှိ ပြိုင်ပွဲစင်မြင့်ကလည်း ဤကဲ့သို့ပင် ဖြစ်သဖြင့် သူ သိပ်ပြီး အခက်အခဲ မဖြစ်ခဲ့ပေ။
ငရဲပြည်ရှိ သရဲတိုင်းနီးပါးသည် နည်းပါးလှသော ဝိညာဉ်အငွေ့အသက်များကို အသုံးပြု၍ တိုက်ခိုက်ခြင်းနှင့် ကာကွယ်ခြင်း စသည့် ကျွမ်းကျင်မှုများကို ကျွမ်းကျင်စွာ အသုံးပြုတတ်ကြ၏။
"ဒီလို ဖိနှိပ်မှုက ငါတို့အတွက် အတော်လေး ရှုပ်ထွေးပေမယ့် သရဲတစ္ဆေတွေ၊ မကောင်းဆိုးဝါးတွေ အတွက်ကတော့ ပုန်းခိုစရာ နေရာကောင်း တစ်ခုပဲ"
"ဒါကြောင့် ပြဿနာရှာတဲ့ ကောင်တွေ၊ အပြစ်လုပ်ထားတဲ့ ကောင်တွေ အများစုက ထူးခြားတဲ့ နယ်မြေတွေထဲကို ပြေးပုန်းလေ့ ရှိကြတယ်"
"ဘာလို့လဲ ဆိုတော့ သူတို့ကို ခြေရာခံရင်တောင် ဒီကို ရောက်ရင် ပြတ်သွားတာပဲလေ၊ အာရုံခံနိုင်စွမ်းတွေ၊ အငွေ့အသက်တွေက ဒီမှာ သိပ်ပြီးအသုံးမဝင်ဘူး"
"ရော့"
ထိုသို့ ပြောရင်း အပြာရောင် ဝတ်ရုံရှင် ဝိညာဉ်တမန်တော်က နှုတ်ခမ်း စူပြလိုက်၏။
ပြီးနောက်လက်တစ်ချက် လှုပ်ရှားလိုက်ရာ ထိုပိုက်ကွန်အိတ်နှင့်အတူ လက်ဖဝါး အရွယ်အစားရှိ အနက်ရောင် ငါးလေးသည် သူ့ အရှေ့သို့ ရောက်လာတော့သည်။
"ဒီအကောင်လေးက ပြဿနာရှာပြီးနောက် ဒီထဲပြေးပုန်းနေတာလေ၊ ငါ အတော်လေး ရှာလိုက်ရတယ်"
ကျန်းလင်သည် နားထောင်ရင်း တွေးတောနေလိုက်၏။
ဤတောင်ဘက် ခန်းမဆောင်မှ ဝိညာဉ်တမန်တော်၏ စကားအရ တောင်ဘက် ခန်းမဆောင်တွင် ဤကဲ့သို့သော ထူးခြားသည့် နယ်မြေများ အများအပြားရှိနေပုံ ရပေသည်။
အနည်းဆုံးတော့ ဤတစ်နေရာတည်း မဟုတ်ချေ။
ထို့နောက် အပြာရောင် ဝတ်ရုံရှင် ဝိညာဉ်တမန်တော်သည် ကျန်းလင်နှင့် ခဏမျှ စကားစမြည် ပြောဆိုနေလိုက်သေးသည်။
ခန္ဓာကိုယ် အတွင်းရှိ ဝိညာဉ်အငွေ့အသက်များ တစ်ဝက်ခန့် ပြန်လည် ပြည့်ဝလာသောအခါ သူ မတ်တတ်ရပ်လိုက်၏။
"ငါ့ တာဝန်တော့ ပြီးသွားပြီ၊ ညီအစ်ကို မင်း အကူအညီ လိုသေးလား"