အခန်း (၂၅၅-၂၅၆)
Vol. 26 Ch. 255-256
🫧 Chapter 255
အပြာရောင် ဝတ်ရုံရှင် ဝိညာဉ်တမန်တော်သည် မတ်တတ်ရပ်လိုက်ပြီး မေးလိုက်၏။
"ငါ့ တာဝန်တော့ ပြီးသွားပြီ၊ ညီအစ်ကို မင်း အကူအညီ လိုသေးလား"
"မလိုပါဘူး၊ ကိုယ့်ဟာကိုယ် လုပ်နိုင်ပါတယ်"
ထိုအခါ ကျန်းလင်က ခပ်ပေါ့ပေါ့ပင် ပြန်ဖြေလိုက်သည်။
သူ့ ခန္ဓာကိုယ် အတွင်းရှိ ဝိညာဉ်အငွေ့အသက်များမှာ အလွန် ပြည့်ဝနေဆဲ ဖြစ်ပေသည်။
အပြာရောင် ဝတ်ရုံရှင် ဝိညာဉ်တမန်တော်ကလည်း ထပ်မံ အတင်းအကျပ် မတောင်းဆိုတော့ချေ။
သူက မေးကြည့်ရုံ သက်သက်သာ ဖြစ်၏။
အမှန်တကယ်တော့ သူ၏ ဝိညာဉ်အငွေ့အသက်များလည်း အပြည့်အဝ ပြန်လည် မပြည့်ဝသေးပေ။
လုံလောက်သော ဝိညာဉ်အငွေ့အသက် မရှိဘဲ ဤကဲ့သို့သော နေရာမျိုးတွင် နေရသည်မှာ အနည်းနှင့်အများ ဆိုသလို ယုံကြည်မှု ကင်းမဲ့နေစေပေသည်။
ကျန်းလင်ကို နှုတ်ဆက်ပြီးနောက် အပြာရောင် ဝတ်ရုံရှင် ဝိညာဉ်တမန်တော်သည် ဤနယ်မြေ၏ အစွန်းဘက်သို့ ပျံသန်းသွားတော့သည်။
စောစော ထွက်နိုင်လေ၊ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်အငွေ့ အသက်များကို စောစော ပြန်လည် ဖြည့်တင်းနိုင်လေ ဖြစ်သည်မဟုတ်လော။
ဝင်ပေါက်သို့ ရောက်ခါနီးတွင် အပြာရောင် ဝတ်ရုံရှင် ဝိညာဉ်တမန်တော်သည် သူ့နဖူးကို ရုတ်တရက် ရိုက်လိုက်မိ၏။
"သူက တားမြစ်နယ်မြေတွေရဲ့ အခြေအနေကိုတောင် သေချာမသိဘူး ဆိုတော့ အခုတလော အကောင်ငယ်လေးတွေက ဝိညာဉ်တမန်တော်တွေကို အရင် လာတိုက်ခိုက်နေတယ် ဆိုတာကိုလည်း သိမှာ မဟုတ်ဘူး"
စောစောက သူ အနက်ရောင် ငါးကြီးကို ဖမ်းဆီးချိန်တွင် ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်အငွေ့အသက်များ အကြိမ်ကြိမ် ကုန်ခမ်းခဲ့ဖူးပေသည်။
ထိုသို့ ဖြစ်နေသည့်တိုင်အောင် သူ မလန့်ခဲ့ခြင်းမှာ အကောင်ငယ်လေးများက ဝိညာဉ်တမန်တော်များကို အရင်လာတိုက် ခိုက်နေကြောင်း သိရှိထားသဖြင့် ကာကွယ်ရန် အဝတ်အစား အချို့ကို ကြိုတင် ပြင်ဆင်လာခဲ့သောကြောင့် ဖြစ်၏။
၎င်းမှာကြိုတင် ကာကွယ်ရန်နှင့် အသက်ကို ကာကွယ်ရန် အတွက် ဖြစ်ပေသည်။
သို့သော် စောစောက ညီအစ်ကိုမှာမူ ကြိုတင် ပြင်ဆင်လာခဲ့သည့်ပုံ မပေါ်ချေ။
အပြာရောင် ဝတ်ရုံရှင် ဝိညာဉ်တမန်တော်သည် အရှေ့ရှိ ဝင်ပေါက်ကို တစ်ချက် ကြည့်လိုက်၊ စောစောက ကျန်းလင်နှင့် ခွဲခွာခဲ့သော လမ်းကြောင်းကို တစ်ချက် ကြည့်လိုက်ဖြင့် ချီတုံချတုံ ဖြစ်နေတော့၏။
ဤကဲ့သို့သော နေရာမျိုးတွင် ဝိညာဉ်အငွေ့အသက်များရော၊ အာရုံခံနိုင်စွမ်းပါ ကန့်သတ်ခံရပေသည်။
တိုက်ခိုက်မှု ပုံစံနှင့် တိုက်ခိုက်နိုင်စွမ်းကိုလည်း ထိခိုက်စေ ၏။
ပထမဆုံးအကြိမ် လာဖူးခြင်းဖြစ်ပြီး အကောင်ငယ်လေးများကလည်း ခိုးကြောင်ခိုးဝှက် တိုက်ခိုက်လာမည် ဆိုပါကအနည်းငယ်တော့ ဒုက္ခရောက်ရပေလိမ့်မည်။
အပြာရောင် ဝတ်ရုံရှင် ဝိညာဉ်တမန်တော် အနည်းငယ် စဉ်းစားလိုက်ပြီးနောက် အနောက်သို့ ပြန်လှည့်၍ သတိပေးလိုက်ပါက အချိန်သိပ်မကုန်လောက်ဘူးဟု တွေးလိုက်၏။
ထိုသို့ တွေးပြီးနောက် သူသည် အရှိန်မြှင့်ကာ သစ်တောဘက်သို့ လှည့်၍ပျံသန်းသွားတော့သည်။
'အချိန်မီရောက်ဖို့ မျှော်လင့်ပါတယ်လေ'
သစ်တော၏အထက်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် အပြာရောင် ဝတ်ရုံရှင် ဝိညာဉ်တမန်တော်သည် အရှေ့ဘက်မှ ကြီးမားသော လှုပ်ရှားမှု အသံများကို ကြားလိုက်ရပေသည်။
ထိုညီအစ်ကိုသည် တာဝန် ပစ်မှတ်နှင့် တွေ့နေပြီ ဖြစ်မည်ဟု သူ ခန့်မှန်းလိုက်ပြီး လှုပ်ရှားမှုများကို ဖွဖွလေး ပြုလုပ်ကာ သတိထား၍ ချဉ်းကပ်သွားလိုက်၏။
သို့သော် မကြာမီမှာပင် တစ်ခုခု မှားယွင်းနေကြောင်း သူ သတိထားမိလိုက်တော့သည်။
လေထုက တိတ်ဆိတ်နေ၏။
ကြောက်မက်ဖွယ် ကောင်းသော အရာတစ်ခုခုပေါ်လာသကဲ့သို့ ပတ်ဝန်းကျင် တစ်ခုလုံးတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်နေပေသည်။
သူ့ဘေးနားရှိ သစ်ကိုင်းပေါ်တွင် ခုန်ပေါက်နေသော ငှက်ငယ်လေးသည်ပင် ရုတ်တရက် အလုံးလေး တစ်လုံးအဖြစ် ကွေးကွေးလေး ဖြစ်သွားတော့၏။
ဤနေရာတွင် ထိုမကောင်းဆိုးဝါးများသည် ပိုမို အခွင့်အရေး သာကြပေသည်။
အဘယ်ကြောင့်ဆိုသော် တိရစ္ဆာန်များ၏ အန္တရာယ်ကို အာရုံခံနိုင်စွမ်းမှာ လူများထက် ပိုမို အားကောင်းလေ့ ရှိသောကြောင့်ပင် ဖြစ်၏။
သူသည် ချက်ချင်းပင် အရှေ့ဘက်ရှိ သစ်ကိုင်း အနည်းငယ် မြင့်သော သစ်ပင်ကြီး တစ်ပင်၏ အနောက်တွင် ရပ်တန့်လိုက်ပြီး ကိုယ်ကို ဖုံးကွယ်ကာ ပတ်ဝန်းကျင်ကို သတိထား အကဲခတ်နေလိုက်သည်။
သူ့ ခါးတွင် ချိတ်ဆွဲထားသော ကြမ်းတမ်းသည့် အနက်ရောင် ငါးလေးသည် ယခုအခါ သူ့အင်္ကျီစ အောက်တွင် လိမ္မာစွာ ပုန်းအောင်းနေပြီး ဆက်လက် ရုန်းကန်ခြင်း မပြုတော့ချေ။
ထိုအချိန်မှာပင်
ပတ်ဝန်းကျင်မှ အလင်းရောင်များ ရုတ်တရက် မှေးမှိန်သွားသည်ကို အပြာရောင်ဝတ်ရုံရှင် ဝိညာဉ်တမန်တော် သတိထားမိလိုက်၏။
သူ၏ အနောက်ဘက်တွင် အလင်းတန်းများ ကျဆင်းနေဆဲ ဖြစ်သော်လည်း သူ ရှိနေသော နေရာမှာမူ ရုတ်တရက် တိမ်အုံ့သွားသကဲ့သို့ ဖြစ်နေပေသည်။
ထို့အပြင် အလွန်ပြင်းထန်သောအရှိန်အဝါတစ်ခုလည်း ရှိနေ၏။
အပြာရောင် ဝတ်ရုံရှင် ဝိညာဉ်တမန်တော်သည် ထိုထူးခြားမှုများ လာရာလမ်းကြောင်း ဖြစ်သော အထက်သို့ မော့ကြည့်လိုက်ပေသည်။
ထိုသို့ ကြည့်လိုက်သောအခါ သူ ကြောင်အမ်းအမ်း ဖြစ်သွားတော့၏။
ကောင်းကင်ယံတွင် လွင့်မျောနေပြီး နေရောင်ကိုပင် ဖုံးကွယ်ထားနိုင်လောက်အောင် ကြီးမားလှသော ထိုအရာကြီးက ဘာကြီးလဲ။
''ကောင်းကင်မြို့တော်' လား'
'တားမြစ်နယ်မြေက သူ့ဘာသာသူတောင် လေထဲကို ပျံတက်နိုင်လောက်အောင် ထူးခြားနေပြီလား'
'နေပါဦး၊ အဲဒီ ဧရာမအရာကြီးက ခုလေးတင် သူနဲ့ အနက်ရောင် ငါးကြီး ပြုတ်ကျသွားခဲ့တဲ့ ရွှံ့နွံတောကြီး မဟုတ်ဘူးလား'
'ကြောက်စရာကောင်းတဲ့ ကောင် တစ်ကောင်ကောင်များ မွေးဖွားလာတာလား'
အပြာရောင် ဝတ်ရုံရှင် ဝိညာဉ်တမန်တော် မျက်မှောင်ကြုတ်လိုက်ပြီး သူ့ စိတ်ထဲတွင် ထူးဆန်းသော ခံစားချက် တစ်ခု ဖြစ်ပေါ်လာတော့၏။
ထို့နောက်သူ အနည်းငယ် စဉ်းစားလိုက်ပြီး ထိုနေရာသို့ ဖြည်းညင်းစွာ ချဉ်းကပ်သွားလိုက်သည်။
အကယ်၍ ဤမျှလောက် ကြီးမားသော ထူးခြားမှုမျိုး တကယ် ဖြစ်ပေါ်နေမည် ဆိုပါက တာဝန်ဌာနသို့ ချက်ချင်း အကြောင်းကြားရမည်သာ ဖြစ်ပေသည်။
အပြာရောင် ဝတ်ရုံရှင် ဝိညာဉ်တမန်တော် တဖြည်းဖြည်း ချဉ်းကပ်လာချိန်တွင် ကျန်းလင်၏ ရင်ခွင်ထဲရှိ ရောင်စုံကြက်ဥလေးမှာ အနည်းငယ် လှုပ်ရှားသွား၏။
ထိုအခါသူသည် ခေါင်းမော့ကာ တိုက်ရိုက်ထုတ်လွှင့်မှု ကင်မရာကို တစ်ချက်ကြည့်လိုက်သည်။
ဤနယ်မြေတွင် ဝိညာဉ်အငွေ့အသက်များကို ကျယ်ပြန့်စွာ ဖြန့်ကြက်ရန် အလွန်ခက်ခဲသောကြောင့် ဤနည်းလမ်းကို သူ ရုတ်တရက် တွေးမိလိုက်ခြင်း ဖြစ်ပေသည်။
ထိုသို့ဆိုလျှင် တိုက်ရိုက်ထုတ်လွှင့်မှု အလုံးလေးများကို ဖြန့်ကြက်လိုက်ပြီး သူ့ မျက်လုံးများအဖြစ် အသုံးပြုလိုက်မည်။
ဤတားမြစ်နယ်မြေ၏ကောင်းကင်ယံနှင့် မြေပြင်ပေါ်ရှိ နေရာများကို တိုက်ရိုက်ထုတ်လွှင့်မှု ကင်မရာထဲသို့ ထည့်သွင်းလိုက်မည် ဆိုပါက ရပြီ မဟုတ်လော။
သို့သော် ကျန်းလင် မထင်မှတ်ထားခဲ့သည်မှာ ရောင်စုံကြက်ဥလေးသည်လည်း အရာအချို့ကို အာရုံခံနိုင်ပုံ ရပေသည်။
ထိုအချိန်တွင် သူ ခေါင်းငုံ့ကြည့်လိုက်ရာ သစ်ပင် အနောက်တွင် ပုန်းအောင်းကာ တိတ်တဆိတ် ချဉ်းကပ်လာသော ပုံရိပ်တစ်ခုကို တိုက်ရိုက် တွေ့လိုက်ရ၏။
ထိုစဉ်မှာပင်အပြာရောင် ဝတ်ရုံရှင် ဝိညာဉ်တမန်တော်၏ ကြီးမားသော မျက်လုံးများနှင့် အကြည့်ချင်းဆုံသွားတော့ သည်။
မျက်လုံးချင်း ဆုံသွားသောအခါ လေထုမှာ အလွန် တိတ် ဆိတ်သွားရတော့သည်။
စောစောက အပြာရောင် ဝတ်ရုံရှင် ဝိညာဉ်တမန်တော် ထွက်ခွာသွားပြီးနောက် ကျန်းလင်သည် ဤဘက်တွင် ထိုအကောင်ငယ်လေးများ ထပ်ရှိနေသေးသလားဟု ကြည့်ရှုရန် ပြင်ဆင်နေခဲ့ခြင်း ဖြစ်၏။
တစ်ဖက်လူက ပြန်ရောက်လာလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။
ထိုအခါကျန်းလင်သည် ရွှံ့နွံတောကို စစ်ထုတ်မည့် အလုပ်ကို ယာယီ ရပ်တန့်လိုက်ပြီး တစ်ဖက်လူကို သံသယဖြစ်စွာဖြင့် ကြည့်လိုက်သည်။
"..."
ယင်းအချိန်မှသာ အပြာရောင် ဝတ်ရုံရှင် ဝိညာဉ်တမန်တော်သည် ရွှံ့နွံတော ဘေးတွင် ကျန်းလင် ရှိနေသေးကြောင်း သတိထားမိသွားတော့၏။
"...."
သို့သော်သူသည် လေထဲရှိ ထိုဧရာမအရာကြီးကို တစ်ချက် ကြည့်လိုက်၊ ပုရွက်ဆိတ်လေး တစ်ကောင်လောက်သာရှိသော ကျန်းလင်ကို တစ်လှည့် ကြည့်လိုက် လုပ်နေပေသည်။
ကျန်းလင်ကို တစ်လှည့်၊ ရွှံ့နွံတောကြီးကို တစ်လှည့် ကြည့်ပြီးနောက် သူ့ ခေါင်းထဲတွင် မေးခွန်းသင်္ကေတ တစ်ခု ဖြည်းညင်းစွာ ထွက်ပေါ်လာတော့၏။
'သူ ပြန်လာတဲ့ လမ်းကြောင်းက မှားနေတာလား၊ ဒါမှမဟုတ် သူ နေရာ မှားရောက်လာတာလား'
'ဒီညီအစ်ကိုက ရွှံ့နွံတောတစ်ခုလုံးကို မတင်ထားတာလား'
သူလည်း ဤကဲ့သို့ လုပ်နိုင်သော်လည်း ၎င်းမှာ ဤတားမြစ်နယ်မြေ၏အပြင်ဘက် ဝိညာဉ်အငွေ့အသက် ကန့်သတ်မခံရသော အခြေအနေမျိုးတွင်သာ ဖြစ်ပေသည်။
သို့သော် ယခုမူ အပြာရောင် ဝတ်ရုံရှင် ဝိညာဉ်တမန်တော် သည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်ပြီး သူ့ ခန္ဓာကိုယ် အတွင်းရှိ ဝိညာဉ်အငွေ့အသက်များကိုပါ တစ်ချက် အာရုံခံကြည့်လိုက်၏။
'ဒီနေရာက တားမြစ်နယ်မြေ မဟုတ်ဘူးလား'
'ဒါဆို ဘာလို့ အရှေ့က ညီအစ်ကိုဆီမှာ ဝိညာဉ်အငွေ့အသက်တွေ ဒီလောက် အများကြီးရှိနေရတာလဲ'
'လူရွှင်တော်က ငါ ကိုယ်တိုင် ဖြစ်နေတာလား'
"ဘာ ကိစ္စများ ရှိသေးလို့လဲ"
တစ်ဖက်လူက အချိန်အကြာကြီး စကားမပြောသဖြင့် ကျန်းလင်က မေးလိုက်၏။
"အာ၊ ဪ၊ ဟုတ်သားပဲ"
အပြာရောင် ဝတ်ရုံရှင် ဝိညာဉ်တမန်တော်သည် နှစ်စက္ကန့်ခန့် ကြောင်အမ်းအမ်းဖြစ်သွားပြီးနောက်မှ သူ ပြန်လာရခြင်းမှာ အရေးကြီး ကိစ္စတစ်ခုရှိနေ၍ ဖြစ်ကြောင်း ပြန်အမှတ်ရသွားတော့သည်။
'နေပါဦး၊ ဘာကိစ္စပါလိမ့်'
ထို့နောက်သူသည် ခေါင်းကို ကုတ်လိုက်ပြီး ကျန်းလင်ကို ပြောလိုက်၏။
"မင်း အလုပ်ဆက်လုပ်လေ၊ အလုပ်ဆက်လုပ်၊ ငါ့ကို ဂရုစိုက်နေစရာ မလိုဘူး"
ထိုသို့ ပြောရင်း သူသည် လှည့်ကာ ဖြည်းညင်းစွာ နောက်ပြန် လွင့်မျောသွားတော့သည်။
ပြီးလျှင်အပြာရောင် ဝတ်ရုံရှင် ဝိညာဉ်တမန်တော်သည် ဤတားမြစ်နယ်မြေမှ ထွက်ခွာပြီး အနီးအနားရှိ ငရဲပြည် လမ်း ကြောင်းမှတစ်ဆင့် ငရဲပြည်သို့ ပြန်ရောက်သွားသည်အထိ စောစောက သူ ဘာဖြစ်လို့ အလောတကြီး ပြန်ပြေးသွားခဲ့ရသနည်း ဆိုသည်ကို ပြန်လည် စဉ်းစား၍မရနိုင်ခဲ့ချေ။
'အရမ်း အရေးကြီးတဲ့ ကိစ္စတစ်ခုဖြစ်မယ် ထင်တယ်၊ ဒါပေမယ့် သိပ်ပြီး အရေးမကြီးတော့ဘူးနဲ့ တူပါတယ်လေ'
'ဦးနှောက်က လုံးဝ ဗလာကျင်းသွားသလိုပဲ၊ ဒါပေမယ့် လုံးဝ ဗလာကျင်းသွားတာမျိုးလည်း မဟုတ်ပြန်ဘူး'
[စောစောက အပြာရောင်အင်္ကျီဝတ် ညီအစ်ကိုက ဘာလို့ ပြန်လာတာလဲ]
[မသိဘူး၊ ဟင်းခတ်အမွှေးအကြိုင် လာဝယ်တာလား]
[Streamer ကြီးရဲ့ စွမ်းရည်ကို ပြန်လာပြီး ခိုးကြည့်တာ ဖြစ်မယ်၊ Streamer ကြီးက ချက်ချင်း တွေ့သွားလိမ့်မယ်လို့ မထင်ထားလို့ နေမှာပေါ့၊ ဝတ္ထုတွေထဲမှာ အများအားဖြင့် ဒီလိုပဲ မဟုတ်လား]
တိုက်ရိုက်ထုတ်လွှင့်မှုမှ ပရိသတ်များသည် အစမှ အဆုံးတိုင်အောင် ကြည့်နေခဲ့သော်လည်း အားလုံးက ဇဝေဇဝါ ဖြစ်နေကြဆဲ ဖြစ်ပေသည်။
ထိုအပြာရောင် ဝတ်ရုံရှင် ဝိညာဉ်တမန်တော်သည် Streamer ကြီးနှင့် လမ်းခွဲပြီးနောက် ခေါင်းထဲတွင် ဘာတွေ တွေးနေသနည်း ဆိုသည်ကို သူတို့ မသိကြချေ။
သို့သော် ပရိသတ်များ အတွက်မူ ၎င်းမှာ သေးငယ်သော ကြားဖြတ် ဇာတ်ဝင်ခန်းလေး တစ်ခုသာ ဖြစ်ပေသည်။
[Streamer ကြီးက အကုန်စစ်ထုတ်ဖို့ ပြင်ဆင်နေတာကို မတွေ့ကြဘူးလား]
[အဲဒါက တခြား ဝိညာဉ်တမန်တော်တွေထက် အများကြီး ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတယ် မဟုတ်ဘူးလားဟေ]
[ပဲလေးတွေ ရောင်းမယ်ဗျို့၊ ပဲလေးတွေ ရောင်းမယ်၊ မွှေးပြီး စားလို့ကောင်းတဲ့ ပဲလေးတွေ၊ အကောင်းဆုံးကို ရွေးချယ်ပေးမှာပါ ဧည့်သည်တော်ကြီးက ပဲလှော် စားမလား၊ ပဲပေါင်း စားမလား]
[လခွမ်း ဒီတိုက်ရိုက်ထုတ်လွှင့်မှု ထဲမှာ ဘာလို့ မိစ္ဆာတွေ ဒီလောက် များနေရတာလဲ ငါကတော့ ကြက်သားဆီပြန်ဟင်း စားမယ်]
[ငရဲပြည် တိုက်ရိုက်ထုတ်လွှင့်မှုမှာ မိစ္ဆာတွေ ရှိတာ သဘာဝ မကျဘူးလား၊ အရမ်းကို သဘာဝကျတာပေါ့၊ စကားမစပ်၊ စောစောက ဝိညာဉ်တမန်တော်က ဒီနေရာမှာ ကန့်သတ်ချက်တွေ ရှိတယ်လို့ ပြောသွားတယ်နော်၊ ငါ ကြည့်ရတာတော့ မတူပါဘူး]
[Streamer ကြီး be like : တားမြစ်နယ်မြေများရှိ ကန့်သတ် ချက် အစွမ်းမဲ့စေသော ကျွမ်းကျင်မှုရရှိပြီးပါပြီ ]
🫧 Chapter 256
အပြာရောင် ဝတ်ရုံရှင် ဝိညာဉ်တမန်တော် ထွက်ခွာသွားပြီးနောက် ကျန်းလင်သည် ထိုနယ်မြေ တစ်ခုလုံးကို သေချာစွာ စစ်ဆေးလိုက်၏။
ထို့နောက်မှသာ ထိုမကောင်းဆိုးဝါး အကောင်ငယ်လေးများ ပါသော အိတ်ကို ယူကာ ထိုနေရာမှ ထွက်ခွာသွားတော့သည်။
အခြားသော သက်ရှိများ သို့မဟုတ် ဝိညာဉ်တမန်တော်များ အတွက်မူ ဤနေရာ တစ်ခုလုံးကို စစ်ဆေးရန်မှာ အတော်လေး ခက်ခဲကောင်း ခက်ခဲနိုင်သော်လည်း ကျန်းလင် အတွက်ကမူ အနည်းငယ် အလုပ်ရှုပ်ရုံ သက်သက်သာ။
အဘယ်ကြောင့်ဆိုသော် သူ့ ဝိညာဉ်အငွေ့အသက်များက အလွန်ပြည့်ဝနေသောကြောင့်ပင် ဖြစ်၏။
ကျန်းလင် ထွက်ခွာသွားချိန်တွင် ထိုနယ်မြေ တစ်ခုလုံးမှာ ရှင်းလင်းခံလိုက်ရပြီး အလွန်ပင် 'သန့်ရှင်း' သွားခဲ့ပြီဖြစ်ပေသည်။
သို့သော် ကျန်းလင်က ဤတာဝန်အတွက် ဈေးအပိုထပ်တောင်းလို့ ရနိုင်မလားဟု တွေးတောနေမိ၏။
အကယ်၍ မရခဲ့လျှင်တောင်မှ ဤတစ်ခေါက် ခရီးကအလ ကားမဖြစ်ခဲ့ချေ။
အနည်းဆုံးတော့ တောင်ဘက် ခန်းမဆောင်၏ထူးခြားချက် တစ်ခုကို သိရှိခဲ့ရသည့်အပြင် ဤတားမြစ်နယ်မြေမှ ပစ္စည်းအချို့ကိုလည်း ယူဆောင်သွားနိုင်ခဲ့သည်လေ။
ပြန်ရောက်လျှင် အခွင့်အရေးရှာ၍ တောင်ဘက်ခန်းမဆောင်ရှိ ပြိုင်ပွဲစင်မြင့်မျိုး ဖန်တီးလို့ ရ၊ မရ စမ်းသပ်ကြည့်ရပေမည်။
၎င်းမှာ လေ့ကျင့်ရေးအတွက် အလွန်ကောင်းမွန်သော အရာတစ်ခု ဖြစ်ပေသည်။
စဉ်းစားကြည့်လျှင် တောင်ဘက် ခန်းမဆောင်၏တိုက်ခိုက်ရေးပုံစံသည်လည်း သူတို့၏ဤထူးခြားသော နယ်မြေများနှင့် ဆက်စပ်နေပုံရ၏။
"အလုပ်သိမ်းပြီ"
ကျန်းလင် နောက်ဆုံးတာဝန်ကို ပြီးစီး၍ ငရဲပြည်သို့ ပြန်ရောက်သောအခါ ညဘက်သို့ရောက်ရှိနေပြီ ဖြစ်ပေသည်။
အကယ်၍ ထိုတားမြစ်နယ်မြေ တာဝန်က အချိန် အနည်းငယ် ပိုမယူခဲ့လျှင် သူ ဒီထက် ပိုစောစောပြန်ရောက်နိုင်မည် ဖြစ်၏။
ငရဲပြည် လမ်းကြောင်းထဲမှ ထွက်လာသည်နှင့် တစ်ပြိုင်နက် ကျန်းလင်သည် ငရဲပြည် တံခါးဝတွင် ချင်ကျိုးကျိုးကို တွေ့လိုက်ရတော့သည်။
ချင်ကျိုးကျိုးသည် လက်တစ်ဖက်ကို နောက်ပစ်ထားပြီး အခြား လက်တစ်ဖက်တွင် ဘယ်ကရလာမှန်း မသိသော အဝါနုရောင် မီးပုံးလေးတစ်လုံးကို ကိုင်ဆောင်ထားကာ မနီးမဝေးတွင် လမ်းလျှောက်နေသည်ကို တွေ့လိုက်ရ၏။
ထိုမီးပုံးပေါ်တွင် မက်မွန်ပန်းခက် သုံးနှစ်ခက်ခန့်ကို သေသပ်စွာ ရေးဆွဲထားပြီး အတွင်းမှ မီးရောင်ကြောင့် ပိုမိုလှပပြီး ကျက်သရေရှိနေပေသည်။
"ဝုတ် ဝုတ်"
ဝိညာဉ်တမန်တော် တစ်ပါးသည် ငရဲခွေး တစ်ကောင်ကို ဆွဲကာ ငရဲပြည် လမ်းကြောင်းဝတွင် ပေါ်လာပြီး လူ့လောကမှ ယခုလေးတင် ပြန်ရောက်လာပုံ ရပေသည်။
ထိုငရဲခွေး၏လည်ပင်းတွင် အစိမ်းရောင် ကျစ်ကြိုးလေး တစ်ချောင်း ချည်နှောင်ထားပြီး ၎င်းအပေါ်တွင် အစိမ်းရောင် ဆွဲပြားလေး တစ်ခု ပါရှိကာ သခင်ရှိကြောင်း ဖော်ပြနေ၏။
မူလက သခင်၏ဘေးတွင် လိမ္မာစွာ လိုက်ပါလာသော ငရဲခွေးသည် ရုတ်တရက် နှာခေါင်း ရှုံ့ကာ အနံ့ခံလိုက်ပြီးနောက် ချင်ကျိုးကျိုး ရှိရာဘက်သို့ နှစ်ချက်ခန့် ဟောင်လိုက်တော့ သည်။
၎င်းသည် ချင်ကျိုးကျိုး ဘက်ကိုတစ်လှည့်၊ မိမိ၏သခင်ကို တစ်လှည့် ကြည့်ကာ ရှေ့လက်ဝါးဖြင့် သခင်၏ဘောင်းဘီစကို ဆွဲခြစ်လိုက်၏။
သူ့မှာပါးစပ်ဟလျက် အသက်ရှူနေပြီး ပါးစပ်ထောင့်မှ သွားရည်များ တဖြည်းဖြည်း ထွက်ကျလာပေသည်။
ငရဲခွေး စတင် အော်ဟစ်လိုက်ချိန်တွင် သခင်ဖြစ်သူက တစ်ခုခု ဖြစ်သည်ဟု ထင်မှတ်ခဲ့၏။
သို့သော် ယခုကဲ့သို့ သွားရည်ကျနေသော ပုံစံကို မြင်လိုက်ရသောအခါ ဘာဖြစ်နေသနည်း ဆိုသည်ကို သူ ချက်ချင်း နားလည်သွားတော့သည်။
လှမ်းကြည့်လာသော ချင်ကျိုးကျိုးကို တောင်းပန်စကား ပြောလိုက်ပြီးနောက် ထိုဝိညာဉ်တမန်တော်သည် ငရဲခွေး၏ ခေါင်းကို တစ်ချက် ပုတ်လိုက်သည်။
"ဒီမနက်မှ အသားစားထားတာလေ၊ မင်း မရှက်ဘူးလား"
မနေ့ညက မည်သူများ အရသာရှိတဲ့ အစားအသောက်တွေ စားနေမှန်း မသိရသော်လည်း နံပါတ် ၂ အဆောက်အအုံ တစ်ခုလုံးရှိ နေထိုင်သူ အားလုံးနီးပါး ထိုအနံ့၏ ဒဏ်ကိုခံခဲ့ကြရပေသည်။
"ဝုတ်"
"ချွဲနေလို့လည်း အပိုပဲ၊ မြန်မြန် လာခဲ့စမ်းပါ"
"ဝုတ် ဝုတ်"
ထိုငရဲခွေးသည် ချင်ကျိုးကျိုး လက်ထဲရှိ မီးပုံးကို တစ်ချက် ကြည့်လိုက်ပြီး အရှေ့မှ ထွက်သွားသော သခင်ကိုတစ်ချက် ကြည့်လိုက်ကာ အမြီးနှံ့လျက် သခင်၏နောက်သို့သာ လိုက်သွားရန် ရွေးချယ်လိုက်တော့၏။
ထိို့နောက်သရဲတစ်ကောင်နှင့် ခွေးတစ်ကောင်၏ အသံများ တဖြည်းဖြည်း ဝေးကွာသွားတော့သည်။
ထိုအချိန်တွင် ချင်ကျိုးကျိုးလည်း ကျန်းလင်ကို မြင်သွားပြီး "ခုလေးတင် တာဝန်ပြီးလို့ ပြန်လာတာလား" ဟု မေးလိုက်သည်။
ထိုအခါကျန်းလင် မျက်ခုံးပင့်လိုက်၏။
သတင်းအချက်အလက် အဖွဲ့ကဆိုသည့်အတိုင်း သူ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် သူမက ချက်ချင်းသိနေပေသည်။
အနည်းငယ် စဉ်းစားလိုက်ပြီး "မင်း ဘာသတင်းအသစ်တွေ ရသေးလဲ" ဟု သူကပါ တစ်ဆက်တည်း မေးလိုက်သည်။
ချင်ကျိုးကျိုး : "ဒီည အသားကင် စားမလား"
ကျန်းလင် : "...."
'မနေ့ညကမှ ဂနာမငြိမ် ဖြစ်အောင် လုပ်ထားပြီးတော့ အခု ထပ်စားဦးမလို့လား'
ချင်ကျိုးကျိုး၏ ရှည်လျားသော ဆံပင်အောက်မှ မျက်လုံးတစ်စုံက သူ့ကို တိတ်ဆိတ်စွာ ကြည့်နေပြီး မျက်နှာအမူအရာမှာလည်း အလွန် အလေးအနက် ဖြစ်နေပေသည်။
"ဒင် တောင် သတင်းအသစ်လေး တစ်ခုကတော့ မင်း အခု ပြန်သွားပြီး တာဝန် အပ်ပြီးရင်တောင်မှ ကျင့်ကြံရေး အခန်းထဲကို ဝင်လို့ ရမှာ မဟုတ်တော့ဘူး"
"...."
ထိုအခါကျန်းလင် မျက်လုံးများတွင် သံသယဖြစ်မှုများ ပေါ်လာပြီး သူမ၏ ရှင်းပြချက်ကို စောင့်နေလိုက်၏။
တစ်ဖက်လူက သူ့ကို လိမ်စရာ အကြောင်း မရှိချေ။
ထိုအခါချင်ကျိုးကျိုးက ဆက်ပြောလိုက်သည် "ဘာလို့လဲ ဆိုတော့ ဒီည အတွက် ကျင့်ကြံရေးအခန်းတွေ အားလုံး အလုခံလိုက်ရလို့ပဲ"
တောင်ဘက် ခန်းမဆောင်၏စည်းမျဉ်းများအရ ကျင့်ကြံရေး အခန်းများမှာ မူလကတည်းက အလွန်လုယူရသော နေရာများဖြစ်ပေသည်။
ထို့အပြင် မနေ့ညက အစားအသောက် ဆွဲဆောင်မှုကြောင့်နံပါတ် ၂ အဆောက်အအုံမှ နေထိုင်သူ အများအပြားသည် ယနေ့ နံနက်စောစောကတည်းက စားသောက်ဆိုင်များမှ အစားအသောက်များကို ဖြေရှင်းပြီးသည်နှင့် တစ်ပြိုင်နက် ကျင့်ကြံရေး အခန်းနေရာများကို စတင် လုယူခဲ့ကြတော့၏။
အပြင်ဘက်တွင် ဆွဲဆောင်မှုများ များပြားလွန်းသဖြင့် ကျင့်ကြံရေး အခန်းကသာအကောင်းဆုံး ဖြစ်သည်ဟု ဆုံးဖြတ်လိုက်ကြခြင်း ဖြစ်ပေသည်။
ဆွဲဆောင်မှုများကို ငြင်းပယ်ခြင်းသည် ကျင့်ကြံရေးအခန်းထဲသို့ ဝင်ရောက်ခြင်းမှ စတင်လေသည်။
ထိုမှသာကျန်းလင်မှာ တစ်ခဏမျှ တိတ်ဆိတ်သွားတော့၏။
ဤကိစ္စကို သူ အမှန်တကယ်ပင် မကြားဖူးခဲ့ချေ။
အဘယ်ကြောင့်ဆိုသော် အရှေ့ဘက် ခန်းမဆောင်ရှိ ကျင့်ကြံရေး အခန်းများမှာ အမြဲတမ်းလွတ်လပ်နေတတ်ပြီး နေရာလုရသည်ဆိုသည်မှာ ဝေလာဝေးပင် ဖြစ်ပေသည်။
ခဏအကြာတွင် ကျန်းလင်သည် ချင်ကျိုးကျိုး ကို ကြည့်ကာ အနည်းငယ် စိတ်ပျက်လက်ပျက် လေသံဖြင့် "ဒီတစ်ခေါက် မင်း တံခါးကနေ ဝင်လာခဲ့ပါ၊ နံရံကို ဖျက်မပစ်ပါနဲ့တော့" ဟု ပြောလိုက်ရ၏။
စောစောက သူ သတင်းအသစ်ရှိသလားဟု မေးလိုက်သော အခါမှ ချင်ကျိုးကျိုး က ထမင်းစားမည့် ကိစ္စကို ထည့်ပြောခဲ့ခြင်းဖြစ်ပေသည်။
သူမ၏ ဤနှစ်ရက်တာ ရလဒ်မှာ မဆိုးလှကြောင်း သိသာလှ၏။
ထို့အပြင် သူ လိုအပ်နိုင်မည့် အချက်အလက်များကိုလည်း စုဆောင်းမိခဲ့ပြီ ဖြစ်မည်။
"ဒင်တောင် အဖြေမှန်ပါတယ်"
ချင်ကျိုးကျိုး၏ မျက်နှာအမူအရာမှာ အလေးအနက် ဖြစ်နေပြီး လေသံမှာ တည်ငြိမ်နေသော်လည်း ပြောလိုက်သော စကားလုံးများမှာတော့ အနည်းငယ် ရွှင်လန်းတက်ကြွနေပေသည်။
ထို့နောက်သူမသည် မီးပုံး မကိုင်ထားသော ဘယ်ဘက်လက်မှ လက်ညှိုး တစ်ချောင်းကို အထက်သို့ ထောင်ပြလိုက်၏။
"နောက်ဆုံးရ သတင်းတစ်ခုကို လက်ဆောင်အနေနဲ့ ပြောပြရရင် လျိုပုဝေက ဒီနေ့ သူ့ကိုယ်သူ ထောင်ထဲ ပို့လိုက်ပြီး အဲဒီ အတောင်ပံပါတဲ့ သရဲနဲ့ အိမ်နီးချင်း သွားလုပ်နေတယ်"
"ဟင်"
ကျန်းလင်၏အသံမှာ အနည်းငယ် မြင့်တက်သွားပြီး အံ့သြသွားပေသည်။
အကယ်၍ သူ မှတ်မိတာ မမှားဘူး ဆိုလျှင် ထိုအတောင်ပံပါသော သရဲမှာ သူတို့ တောင်ဘက် ခန်းမဆောင်သို့ လာရာလမ်းတွင် တွေ့ခဲ့ရသော သရဲပင်ဖြစ်ပေသည်။
တောင်ဘက် ခန်းမဆောင်သို့ ရောက်ပြီးနောက် ထိုသရဲကို တောင်ဘက် ခန်းမဆောင်မှ ဝိညာဉ်တမန်တော်များက ခေါ်ဆောင်သွားခဲ့ပြီး ခိုးပြေးလာခြင်းဖြစ်သည်ဟု ဆိုကြ၏။
ထိုအချိန်က အတောင်ပံပါသော သရဲ၏တုံ့ပြန်မှုအရ ကောင်းသော နေရာသို့ ပြန်သွားရသည့် ပုံမပေါက်ခဲ့ချေ။
ဟေးဝူချန်အဖွဲ့မှူးလျိုပုဝေက အဘယ်ကြောင့်များ ကိုယ့်သဘောနှင့်ကိုယ် ဝင်သွားရသနည်း။
ကျန်းလင်သည် လျိုပုဝေ၏လမ်းတစ်လျှောက် ပြသခဲ့သော စရိုက်လက္ခဏာများကို မသိစိတ်မှနေ၍ စတင် ခွဲခြမ်းစိတ် ဖြာလိုက်၏။
ယခင်က မုန့်ရှန်းက တောင်ဘက် ခန်းမဆောင်၏စတိုင်ကို မိတ်ဆက်ပေးချိန်တွင် လျိုပုဝေက တောင်ဘက် ခန်းမဆောင် အပေါ် စိတ်ဝင်စားမှုရှိခဲ့ပေသည်။
ထို့နောက် တာဝန်ဌာနသို့ တိုက်ရိုက်သွားခဲ့ပြီး ရန်ဖြစ်ရန် သွားသည်ဟု ဆိုကြ၏။
'သရဲများကို ဖမ်းဆီး ချုပ်နှောင်ထားသော နေရာက သရဲများကို လေ့ကျင့်ပေးနိုင်သည့် အစွမ်း ရှိနေခြင်းများလား'
'အထဲတွင် အုပ်စုဖွဲ့ ရန်ဖြစ်ခြင်းများ ရှိနေမည်လား'
'နေ့စဉ် တစ်ယောက်ချင်း ယှဉ်ပြိုင် တိုက်ခိုက်ခြင်းများ ရှိနေမည်လား'
တာဝန်ဌာန တံခါးဝရှိ ပြိုင်ပွဲစင်မြင့်မှာ ယေဘုယျအားဖြင့် ဝိညာဉ်တမန်တော်များ တာဝန်လုယူရန် အသုံးပြုခြင်း ဖြစ်ပေသည်။
အကယ်၍ တာဝန် လုမည့်သူ မရှိပါက ပြိုင်ဘက်လည်း ရှိမည် မဟုတ်ချေ။
ဝိညာဉ်ဈေးတန်းရှိ ပြိုင်ပွဲစင်မြင့်မှာလည်း အဖွဲ့ခေါင်းဆောင်များ အသုံးပြုရန် သိပ်မသင့်တော်လှပေ။
'ထို့ကြောင့် ထိုသူက သတင်းတစ်ခုခု ရသွားပြီး ရန်ဖြစ်ရန် ကိုယ့်သဘောနှင့်ကိုယ် ဝင်သွားခဲ့ခြင်းလား'
စက္ကန့်အနည်းငယ် အတွင်းမှာပင် ကျန်းလင်သည် အကြောင်း အရာများကို အကြမ်းဖျင်းတွေးတော ဆက်စပ်ကြည့်လိုက်၏။
'သူသည် အရှေ့ရှိ ချင်ကျိုးကျိုး ကို တစ်ချက် ကြည့်လိုက်ပြီး လျိုပုဝေ၏ သတင်းမှာ သူမဆီက ရသွားခြင်းများ ဖြစ်နေမလား'
ကျန်းလင်ကို တုံ့ပြန်လိုက်သည်မှာ ချင်ကျိုးကျိုး၏ (အလေးအနက်စကားပြောနေသော မျက်နှာထား) သာဖြစ်၏။
ထိုအခိုက်အတန့်တွင် ကျန်းလင် စိတ်ထဲ၌ အတွေးတစ်ခု ရုတ်တရက် ပေါ်လာတော့သည်။
'ဘာပဲဖြစ်ဖြစ် သတင်းအချက်အလက် အဖွဲ့က ဝိညာဉ်တမန်တော်တွေကိုတော့ သွားမစတာ အကောင်းဆုံးပဲ၊ သူတို့ သိထားတာတွေ အရမ်းများလွန်းတယ်လေ'
[Streamer ကြီး : ထပ် ထပ် ထပ် စားဦးမလို့လား၊ မနေ့ညက စားတာ မမွှေးလောက်သေးဘူးလား]
[ထပ် ထပ် ထပ် စားဦးမလို့လား၊ ငါ မနေ့ညကမှ တစ်ခါ စားထားတာလေ၊ နှစ်သစ်ကူး ပြီးတာမှ မကြာသေးဘူး၊ ငါ သုံးပေါင်လောက် ထပ်ဝလာဦးမှာလား]
[အားလုံးပဲ မင်္ဂလာပါ၊ ဒါကတော့ ညနက်ပိုင်း အစားအ သောက် အစီအစဉ်လေးပါ၊ ဒီည ဆယ့်နှစ်နာရီ ကျော်ရင် အစားအသောက်တွေရဲ့ ဆွဲဆောင်မှုကို တင်ဆက်ပေးသွားမှာပါ၊ အားလုံးပဲ ပန်းကန်တွေ၊ ဗိုက်တွေ၊ ပါဆယ်တွေ ကိုယ် တိုင် ပြင်ဆင်ထားကြပါ၊ ဒီမှာကတော့ စားဖို့ သက်သက်ပဲ တာဝန်ယူပါတယ်]
တိုက်ရိုက်ထုတ်လွှင့်မှုမှ ပရိသတ်များသည် 'အသားကင်' ဆိုသည့် စကားလုံးကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် နောက်ပြောင်လာကြပြန်ပေသည်။
အချို့သော ပရိသတ်များသည် ခါးပေါ်ရှိ အသားများကို ဆွဲလိမ်ကြည့်လိုက်ကြ၏။
[ဟေ့ ဟေ့၊ ဒီအတိုင်း ဆက်သွားနေရင်တော့ တကယ် မဖြစ်တော့ဘူး Streamer ကြီးရေ။ ပရိသတ်တွေကို ဝအောင် ကျွေးနေသလို ဖြစ်နေပြီ]
[ငရဲပြည်မှာကော ဝိတ်ကျစေတဲ့ နည်းလမ်းတွေ မရှိဘူးလား၊ ကျန်းမာရေးနဲ့ ညီညွတ်ပြီး အန္တရာယ်ကင်းတာမျိုးလေးလေ ဟူးးးးး]
[အဲဒီ အတောင်ပံပါတဲ့ သရဲက ဘယ်လို နေရာမျိုးကို ရောက်သွားတာလဲ ဆိုတာ ငါ သိချင်တယ်၊ သူ အရိုက်ခံရတာကို ကြည့်ချင်လို့ မဟုတ်ပါဘူး၊ စပ်စုချင်ရုံ သက်သက်ပါ ]
[ချင်ကျိုးကျိုး က ငရဲပြည်ရဲ့ သတင်းရင်းမြစ်ပဲ၊ လက်တစ်ဖက်က ထမင်းစားမယ်၊ လက်တစ်ဖက်က သတင်းရှာမယ် (ပုဂ္ဂိုလ်ကြီးကို ဦးညွှတ်ပါတယ်)]
[မျက်လုံး မှေးမှေးလေးတွေက အကုန်လုံး အရမ်းတော်ကြတယ် မျက်လုံး မမြင်ရတဲ့ သူတွေကလည်း ပုန်းကွယ်နေတဲ့ ပုဂ္ဂိုလ်ကြီးတွေ အုပ်စုထဲပါတယ်၊ ငြင်းဆိုတာတွေကို လက်မခံပါဘူး]
မည်သည့် အချိန်အခါမျိုးတွင် မဆို လူ့လောကတွင် ဖြစ်စေ၊ ငရဲပြည်တွင်ဖြစ်စေ အချို့သောလူများသည် အထူး လမ်းကြောင်းများ ရှိကြပြီး လူအင်အား အမြောက်အမြား ရှိကာ မည်သည့် ကိစ္စရပ်ကို မဆို ပထမဆုံးသိရှိနိုင်သော သတင်းရင်းမြစ်များကို ရရှိနိုင်ကြပေသည်။
ထိုကဲ့သို့သော လူများကို တစ်ချက် ကြည့်လိုက်လျှင် လူမိုက်ဂိုဏ်းမှ ဘော့စ်ကြီး တစ်ယောက်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါမျိုး မရှိသလို၊ ရဲအရာရှိ တစ်ယောက်ကဲ့သို့ ရိုသေလေးစားချင်စရာကောင်းသော အငွေ့ အသက်မျိုးလည်း မရှိကြချေ။
သို့သော် ပထမဆုံး သတင်းရင်းမြစ်များကို ပိုင်ဆိုင်ထားသော ထိုလူများ တကယ်တမ်း လှုပ်ရှားလာပြီး တစ်ခုခု လုပ်ရန် ကြံစည်လာသောအခါ တိုက်ခိုက်ရေး စွမ်းရည် မြင့်မားသူ အများစုထက် ပိုမိုကြောက်မက်ဖွယ် ကောင်းလှပေသည်။
သူတို့ သိထားသည်က အင်မတန်များလွန်းကာ အသုံးချနိုင်သည်များကလည်း များလွန်းလှပေသည်။
အင်တာနက်ပေါ်တွင် ပုဂ္ဂိုလ်ကြီးတစ်ဦးက ဤကဲ့သို့သော စကားတစ်ခွန်းကို မျှဝေခဲ့ဖူးသည်လေ။
[သတင်းရင်းမြစ်ကိုပထမဆုံး ပိုင်ဆိုင်ထားသူများသည် ပြိုင်ပွဲ မစတင်မီကတည်းက အနိုင်ရရှိနေတတ်ကြသည်]