အခန်း (၂၅၉-၂၆၀)
Vol. 26 Ch. 259-260
🫧 Chapter 259
[ငါ့ရှေ့မှာ ချဉ်စပ်ခေါက်ဆွဲ၊ လုံယာအာလူးလေးတွေ၊ ကွမ်ချန်ဖန်၊ အအေး အားလုံးအဆင်သင့်ပဲ ဟူး]
[ညလယ်စာစားရမယ့် အချိန်ရောက်လာပြန်ပြီ၊ 'လုံချန်အသားကင်' ဆိုင် ဖွင့်နေပါပြီ၊ အော်ဒါတင်ဖို့ ဖိတ်ခေါ်ပါတယ်]
[ဝူးဝူးဝူး အမြဲတမ်း မစားနိုင်တော့ဘူး မစားနိုင်တော့ဘူးလို့ ပြောနေပေမယ့်လည်း တကယ်တမ်းကျတော့ မနေနိုင်ဘူး]
ဆယ့်နှစ်နာရီ မထိုးသေးသော်လည်း တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ ကြည့်ရှုသူများမှာမူ အဆင်သင့် ဖြစ်နေကြပြီ ဖြစ်ပေသည်။
အချို့က နှုတ်မှ "မကြည့်ဘူး မကြည့်ဘူး" ဟု ပြောနေသော်လည်း လက်ကမူ ရိုးသားစွာဖြင့်ပင် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကို ဖွင့်လိုက်ကြ၏။
ယမန်နေ့ညက ငွေရှာရမည့် အချိန်ကို လွတ်သွားခဲ့သော စားသောက်ဆိုင်များကလည်း ယခုအချိန်တွင် တစ်ဆိုင်ပြီးတစ်ဆိုင် ပေါ်ထွက်လာကြပေသည်။
ခဏအကြာတွင် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းတစ်ခုလုံးရှိ ကွန်မန့်များတွင် မျိုးစုံသော အစားအသောက်များနှင့် စားသောက်ဆိုင် အမည်များဖြင့် ပြည့်နှက်သွားတော့သည်။
ယခုမှ ဝင်လာသော ကြည့်ရှုသူအချို့မှာ ချက်ချင်းပင် ကြောင်အမ်းသွားကြပေသည်။
[ဒါက မရဏလောကမှအံ့ဖွယ်နေ့ရက်များ တိုက်ရိုက်ထုတ်လွှင့်မှုအခန်း မဟုတ်ဘူးလား]
သူတို့သည် တိုက်ရိုက်ထုတ်လွှင့်မှု အခန်း၏အမည်ကို ကြည့်လိုက်၊ ကွန်မန့်များကို ကြည့်လိုက်လုပ်ကာ သူတို့ ချန်နယ် ဝင်မှားလာသလောဟု သံသယဝင်သွားကြရ၏။
သို့မဟုတ် သူတို့ ဖွင့်လိုက်သည့် နည်းလမ်းများ မှားယွင်းနေသလော။
[ငါ့သူငယ်ချင်းကတော့ ဒီ live ခန်းက အရမ်းကို အေးစက် စက်ဆန်တယ်လို့ ပြောတာပဲ]
[တကယ်တော့ ဒါက ညဘက် အစားအသောက်တွေနဲ့ နှိပ်စက်တဲ့ အခန်း မဟုတ်လား၊ တမလွန် အစားအသောက်တွေလား၊ ဒါလည်း ဖြစ်နိုင်တာပဲလေ]
သို့သော်ထိုကွန်မန့်များသည် လျင်မြန်စွာပင် ပျောက်ကွယ်သွားပြီး ၎င်းတို့အစား သွားရည်ကျနေသော အီမိုဂျီများက ဆက်တိုက် နေရာယူလာကြပေသည်။
[ ˉ﹃ˉ ]
ကြည့်ရှုသူများသည် ယမန်နေ့ညက တစ်ညလုံး သွားရည်ကျခဲ့ရသဖြင့် ယနေ့ညတွင် ထပ်မံ၍ အမှားအယွင်းခံမည် မဟုတ်ချေ။
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကို ဖွင့်လိုက်သည်နှင့် တစ်ဝကြီး စားသောက်ရန် ပြင်ဆင်ထားပြီး ဖြစ်ပေသည်။
သို့သော်လည်း၊ သူတို့ စောင့်နေကြသည်၊ ဆက်လက်၍ စောင့်နေကြသည်။
သန်းခေါင်ယံ ဆယ့်နှစ်နာရီတိတိကို ရောက်လာသောအခါ သူတို့ စိတ်လှုပ်ရှားရန်ပင် အချိန်မရလိုက်ချေ။
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းက ပွင့်မလာမှန်း သိလိုက်ရပေသည်။
[Live လွှင့်တဲ့သူ ဘယ်ရောက်သွားတာလဲ]
[မဟုတ်သေးဘူး၊ သရဲ ဘယ်ရောက်သွားတာလဲ]
ကြည့်ရှုသူများမှာ ကြောင်အမ်းသွားကြ၏။
သူတို့သည် မျက်နှာပြင် အမည်းရောင်ပေါ်တွင် ထင်ဟပ်နေသော သူတို့၏ မျက်နှာများကို ကြည့်လိုက်၊ သူတို့ရှေ့တွင် ရှိနေသော အစားအသောက် အပုံကြီးကို ကြည့်လိုက် ဖြစ်နေကြပေသည်။
'သူတို့က ညလယ်စာတောင် အဆင်သင့် ပြင်ထားပြီးပြီ၊ ဒါကို live လွှင့်တဲ့သူက မလွှင့်တော့ဘူးလား'
သူတို့ရှေ့ရှိ အစားအသောက်များသည် ချက်ချင်းပင် အရသာ ပျက်သွားသကဲ့သို့ ဖြစ်သွားတော့၏။
[အကိုကြီး၊ အကိုကြီးရေ ခေါ်နေပါတယ်]
[ဗိုက်က အဆင်သင့်ပဲ၊ စားဖို့ပဲ စောင့်နေတာ]
ဆယ်မိနစ် ကုန်လွန်သွား၏။
ထို့နောက် နာရီဝက် ကုန်လွန်သွားသည်။
ယခုအခါ မနက် တစ်နာရီ ထိုးသွားပြီ ဖြစ်၏။
ကြည့်ရှုသူများသည် အစပိုင်းက စိတ်လှုပ်ရှားနေရာမှ တဖြည်းဖြည်း ငြိမ်သက်သွားကာ နောက်ဆုံးတွင် လက်ခံလိုက်ရတော့သည်။
[ဒီည live မလွှင့်တော့တာများ ဖြစ်နိုင်မလား]
[တကယ်တော့လည်း သူ အခုတလော live လွှင့်တာ တော်တော်လေး စိပ်နေပြီလေ]
[ဒီလောက် လူတွေအများကြီး ကြည့်နေတာကို သူက တကယ်ပဲ ထွက်မလာဘဲ နေရက်တယ်ပေါ့၊ ပုံမှန်ဆိုရင် အချိန်မှန် live လွှင့်တာ မဟုတ်ဘူးလား]
မှားယွင်း ဝင်ရောက်လာသော ကြည့်ရှုသူ တစ်ဦးက ကြောင်အမ်းအမ်းဖြင့် မေးလိုက်ပေသည်။
သူသည် မှားဝင်လာပြီးနောက် ပြန်ထွက်ရန်ရည်ရွယ်ခဲ့သော် လည်း ကြည့်ရှုသူ အရေအတွက်ကို မြင်လိုက်ရသောအခါရပ်တန့်သွားတော့၏။
'ဘုရားရေ သန်းချီနေတာပဲ'
အရေးကြီးဆုံးမှာ live မလွှင့်ရသေးခြင်းပင် ဖြစ်၏။
အခြားကြည့်ရှုသူများ၏ စကားများအရ ယနေ့ည live မလွှင့်တော့မည့်ပုံ ပေါ်နေပေသည်။
'live လွှင့်သူကပဲ အရမ်းမိုက်နေတာလား၊ ဒါမှမဟုတ် ကြည့်ရှုသူတွေရဲ့ ပျင်းလို့ထိုင်ကြည့်နေကြတာလား'
[ကြည့်ရှုသူ အရေအတွက် ဟုတ်လား၊ ငါတို့ အကိုကြီးက အဲဒီလောက် ကြည့်ရှုသူ အရေအတွက်လေးကို လိုချင်နေမယ်လို့ ထင်နေလား]
ထိုအမေးကို ကြားလိုက်ရသောအခါ အချို့သော ကြည့်ရှုသူများက ရယ်မောလိုက်ကြ၏။
[အချိန်မှန် live လွှင့်ရမယ် ဟုတ်လား]
[သူ နေ့တိုင်း မျက်နှာတစ်ချက်လာပြပေးတာနဲ့တင် သူတို့ ကျေနပ်နေသင့်ပြီလေ]
[ထားပါလေ အိပ်ကြစို့၊ အားလုံးပဲ နိုးလာမှ တွေ့ကြမယ်]
အချို့သော ကြည့်ရှုသူများသည် ည နှစ်နာရီ အထိ စောင့်သော်လည်း live လွှင့်မလာခဲ့ပေ။
ထို့ကြောင့် live လွှင့်ပါက အသိပေးမည့် အသံကို ဖွင့်ထားကာ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲမှ ထွက်သွားကြတော့ သည်။
'ဒီလိုမှ မဟုတ်ရင်ရော မင်းက ဖုန်းဆက်ပြီး live လွှင့်ဖို့ သွားတောင်းဆိုလို့ ရနေမှာမို့လို့လား'
'ရယ်ရတယ်၊ ဖုန်းက လုံးဝ ခေါ်လို့ရတာ မဟုတ်ဘူးလေ'
'ပစ္စည်း ပို့ပေးမလို့လား တံခါးတောင် မရှိဘူး ပြတင်းပေါက်လည်း မရှိဘူးလေ'
-----
ကြည့်ရှုသူများ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကို မျှော်လင့်တကြီး စောင့်ကြည့်နေကြချိန်တွင်
အမှတ်(၂) အဆောက်အအုံ၊ အခန်းအမှတ် ၂၂၀၃ ၌ကျန်းလင် သည် သူ့ရှေ့ရှိ အသားကင်ကို ဖြည်းဖြည်းမှန်မှန် စားသောက်နေပေသည်။
သူ့မျက်နှာချင်းဆိုင်တွင်မူ နှုတ်ခမ်းများ နီရဲနေသော်လည်း အသားပေါ်သို့ ငရုတ်သီးမှုန့်များ ထပ်မံဖြူးနေကြသော ဝိညာဉ်တမန်တော် နှစ်ပါးရှိနေ၏။
သူတို့၏ဘေးတွင်မူ တစ်ယောက်က ပိန်ပြီး တစ်ယောက်က ဝကာ သိသိသာသာ ကွာခြားနေသော တအိုင်နှင့် ရှောင်အာ တို့က အစားအသောက် ကုန်ကြမ်းများကို သခင်ဖြစ်သူ၏ စားသောက်သည့် အမြန်နှုန်းကို အမီလိုက်နိုင်ရန် မနားတမ်း ပြင်ဆင်နေကြပေသည်။
ယနေ့ညတွင်မူ ကျန်းလင်သည် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကို ဖွင့်မထားခဲ့ချေ။
ချင်ကျိုးကျိုးပြောမည့် စကားများသည် တိုက်ရိုက်ထုတ်လွှင့်ရန် သင့်တော်ချင်မှ သင့်တော်မည် ဖြစ်ပေသည်။
ရောက်မှ လိုက်ပိတ်နေရမည်ထက် စာလျှင် အစကတည်းက မဖွင့်ထားခြင်းက ပိုကောင်းပေသည်။
သို့သော် စားသောက်နေရင်းဖြင့် ကျန်းလင်သည် ယနေ့ညတွင် အသားကင် အနံ့တစ်ခုတည်း ရှိနေသည် မဟုတ်မှန်း သတိပြုမိသွားတော့၏။
အမဲသားလုံး၊ ကြက်ကင်၊ အမဲသားဆီဖု အစရှိသော အနံ့မျိုးစုံလည်း ရှိနေပေသည်။
ထို့အပြင် ဤအနံ့များသည် အပြင်ဘက်မှ လွင့်ပျံလာခြင်း ဖြစ်၏။
ယခုအခါ အခန်း ၂၂၀၃ မှလွဲ၍ အမှတ်(၂) အဆောက်အအုံရှိ အခြားသော နေထိုင်သူများကပါ ဤအချိန်တွင် အစားအ သောက်များ စတင် စားသောက်နေကြပြီဖြစ်ပေသည်။
"အရမ်းမွှေးနေတယ် မဟုတ်လား"
ငရုတ်သီးမှုန့်များ ကပ်နေသော အသားပြားတစ်ပြားကို စားပြီးသွားသည်နှင့် ချင်ကျိုးကျိုး၏ နှုတ်ခမ်းထောင့်များ ရုတ်တရက် ကွေးတက်သွားပေသည်။
တစ္ဆေလက်နက် အလုပ်ရုံအဖွဲ့ဝင် အားစစ်လည်း ခေါင်းညိတ်လိုက်ပြီး "အရမ်းစားလို့ကောင်းတယ်" ဟု ပြောလိုက်၏။
"နင်တို့ ဒီလိုပြောစကားမျိုး ကြားဖူးလား"
ချင်ကျိုးကျိုး၏ မျက်လုံးထဲတွင် ရှားရှားပါးပါး စိတ်လှုပ်ရှားသည့် အရိပ်အယောင်များ ပေါ်လာသော်လည်း ဆံပင်အရှေ့ချထားမှုက ရှည်လွန်းနေသဖြင့် သတိပြုမိရန် မလွယ်ကူလှချေ။
"အစားအသောက်က အရသာရှိမယ်ဆိုရင် နိုးထမလာတဲ့ အစာအိမ်ဆိုတာ မရှိဘူး"
အားစစ်လည်း ခေါင်းညိတ်ကာ၊ "ဟုတ်တယ်၊ မှန်တယ်" ဟု ထောက်ခံလိုက်ပေသည်။
စားစရာက မွှေးကြိုင်နေမည်ဆိုပါက လူဖြစ်စေ၊ သရဲဖြစ်စေ ပုန်းကွယ်နေသော အစားကြူးသည့် စိတ်ဓာတ်ကို နှိုးဆွပေးနိုင်ပေသည်။
သူတို့၏စကားဝိုင်းကို နားထောင်ရင်း ကျန်းလင် လှုပ်ရှားမှုများ ရပ်တန့်သွားကာ ချင်ကျိုးကျိုးကို တစ်ချက် ကြည့်လိုက်သည်။
သူမ၏စကားက အမှတ်(၂) အဆောက်အအုံမှ နေထိုင်သူများကို ရည်ရွယ်သလော၊ သို့မဟုတ် အခြား တစ်စုံတစ်ရာကို ရည်ရွယ်သလော။
ချင်ကျိုးကျိုး သတင်းအချက်အလက် ရရှိနိုင်စွမ်းကြောင့် ကျန်းလင် သည် သူမ စကားပြောလိုက်တိုင်း သူမ အရာအားလုံးကို သိနေသကဲ့သို့ ခံစားရလေ့ ရှိပေသည်။
သို့သော် အစားအသောက်နှင့် ပတ်သက်လျှင်မူ ချွင်းချက် ဖြစ်၏။
သူမ စားသောက်တိုင်း အမှန်တကယ် စားချင်၍ စားနေပုံ ပေါ်သည်။
ကြည့်ရသည်မှာသူမသည် အချိန်မရွေး၊ နေရာမရွေး ကိရိယာများနှင့် အစားအသောက် ကုန်ကြမ်းများကို ထုတ်ယူကာ စားသောက်တတ်သော သရဲမလေး တစ်ကောင်ပင် ဖြစ်သည်မဟုတ်လော။
------
အသားကင် စားပွဲမှာ ည သုံးနာရီကျော်အထိ ကြာမြင့်သွားပြီးနောက်မှသာ ချင်ကျိုးကျိုး နှင့် အားစစ် တို့သည် ဗိုက်ကို ပွတ်ကာ ကျေနပ်စွာဖြင့် ပြန်သွားကြတော့သည်။
သို့သော်၊ မထွက်ခွာမီ ကျန်းလင်နှင့် ပခုံးချင်း ယှဉ်လျက် ဖြတ်သွားချိန်တွင် ချင်ကျိုးကျိုးသည် ရုတ်တရက် အရှိန်လျှော့လိုက်ကာ တိုးတိတ်စွာ ပြောလိုက်၏။
"တင် တောင် ရှင့်ရဲ့သတင်းက ရောက်လာပြီ"
"နောက်ငါးရက်နေရင် အထူးအဆင့်တာဝန် အချက်အလက်တွေ ထွက်လာလိမ့်မယ် ရှင် စမ်းကြည့်ချင်ရင်တော့ တာဝန်ပေးစင်တာကို သွားပြီး ဂရုတစိုက်ကြည့်နေလိုက်"
သူမ အသံမှာ တည်ငြိမ်ပြီး စကားလုံးများမှာ ရှင်းလင်းပြတ် သားကာ မည်သည့် စိတ်ခံစားမှု အတက်အကျမျှ မပါဝင်ချေ။
ထွက်ခွာသွားသော ချင်ကျိုးကျိုး၏ကျောပြင်ကို ကြည့်ရင်း ကျန်းလင် မျက်လုံးများ အရောင်လက်သွားတော့သည်။
'အထူးအဆင့်တာဝန် ထွက်လာတော့မည်လား'
သူ ယမန်နေ့ညကမှ အထူးအဆင့်တာဝန်အကြောင်း ပြောခဲ့သော်လည်း ယနေ့တွင် ချင်ကျိုးကျိုးထံမှ နောက်ဆုံးရ သတင်းကို ရရှိမည်ဟု သူ လုံးဝ မထင်ထားခဲ့ချေ။
'ဒီအမြန်နှုန်းက တော်တော်လေး မိုက်တာပဲ'
သူ့ စနစ်တာဝန်များထဲတွင် ငရဲပြည်အသီးသီး၏ထူးခြားချက်များကို ဖြန့်ဝေခြင်းအပြင် 'အထူးအဆင့်တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်ခြင်း' ဟူသော ဘေးထွက်တာဝန် တစ်ခုလည်း ပါဝင်ပေသည်။
အကယ်၍ ပြီးမြောက်နိုင်မည်ဆိုပါက သူသည် စနစ်မှ ပေးမည့် ဆုလာဘ်များကို သေချာပေါက်လက်လွှတ်ခံမည် မဟုတ်ချေ။
သို့သော် အဘယ်ကြောင့် နောက်ငါးရက်ကြာမှ ဖြစ်ရသနည်း။
ကျန်းလင်သည် စာရေးစားပွဲရှေ့သို့ ပြန်သွားကာ လဲလှယ်ထားသော ကျင့်ကြံခြင်း လမ်းညွှန်စာအုပ်ကို ထုတ်ယူ၍ ဖတ်ရှုနေလိုက်တော့သည်။
မည်သို့ပင်ဖြစ်စေ နောက်ငါးရက် အကြာတွင် အဖြေကို သိရနိုင်လောက်သည်လေ။
-----
'ဒေါင်'
'ဒေါင်'
'ဒေါင်'
နံနက် လေးနာရီ ကျော်လွန်သွားသည်နှင့် ကျန်းလင် သည် အမှတ်(၂) အဆောက်အအုံမှ ထွက်ခွာကာ ကျင့်ကြံခြင်း အခန်းများရှိရာသို့ ပျံသန်းသွားတော့၏။
ယခုတစ်ကြိမ်တွင်မူ သူသည် လွတ်နေသော အခန်းတစ်ခန်းကို အလွယ်တကူပင် ရှာတွေ့သွားပေသည်။
လူအကျပ်ဆုံး အချိန်မှာ အဓိကအားဖြင့် အပြင်ထွက်ခွင့် ပိတ်ပင်ထားသော အချိန်ကာလအတွင်း၌သာ ဖြစ်၏။
အခန်းထဲတွင် ရှိနေစဉ်ကတည်းက ကျန်းလင်သည် ကျင့်ကြံခြင်း လမ်းညွှန်စာအုပ်ကိုကြိုတင် ဖတ်ရှုထားခဲ့သောကြောင့် ဖြစ်ပေသည်။
ထို့ကြောင့် ကျင့်ကြံခြင်း အခန်းသို့ ရောက်သောအခါ သူသည် အချိန်မဖြုန်းတော့ဘဲ ချက်ချင်းကျင့်ကြံလေတော့ သည်။
ဤအခြေခံ ကျင့်ကြံခြင်း လမ်းညွှန်စာအုပ်သည် အဓိကအားဖြင့် ရှင်းလင်းချက်များနှင့် လမ်းညွှန်မှုများကို အခြေခံထားခြင်း ဖြစ်ပေသည်။
'ဘာကြောင့် ကောင်းကင်ဘုံက ကောင်တွေကျတော့ သဏ္ဍာန်ခုနစ်ဆယ့်နှစ်မျိုး ပြောင်းလဲနိုင်ပြီး လေ၊ မိုး၊ မိုးကြိုး၊ လျှပ်စီးတွေကို သုံးနိုင်ပေမယ့် တမလွန်လောကမှာကျတော့ ယင်စွမ်းအင်နဲ့ တစ္ဆေစွမ်းအင်တွေပဲ အသုံးပြုနိုင်ရတာလဲ'
'လူသေဆုံးပြီးနောက် တစ္ဆေတစ်ကောင်၏ ခန္ဓာကိုယ် အတွင်းပိုင်း တည်ဆောက်ပုံနှင့် ဖွဲ့စည်းပုံအခြေခံ သဘော တရားများ'
'ငါတို့က အပြင်ဘက်က အရာဝတ္ထုတွေကို အသုံးပြုပြီး တစ္ဆေလက်နက်တွေ၊ တစ္ဆေပစ္စည်းတွေကို ဖန်တီးနိုင်တယ်ဆိုရင်၊ ဘာလို့ ကိုယ့်ကိုယ်ကိုယ် တိုးတက်ဖွံ့ဖြိုးလာအောင် မစမ်းသပ်ကြည့်ရမှာလဲ၊ တကယ်တော့ ငါတို့ ကိုယ်တိုင်ကသာ အကြီးမားဆုံးသော ရတနာဖြစ်ပြီး အဆုံးအစမရှိတဲ့ ချီစွမ်း အင်အရင်းအမြစ် သိုက်ကြီးပဲ'
🫧 Chapter 260
'ကိုယ်တိုင်က အားကောင်းနေမှသာ အမှန်တကယ်ကို အစွမ်းထက်တာပဲ'
ဤ အယူအဆက တောင်ဘက်နန်းဆောင်၏ အမြဲတမ်း လက်ကိုင်ထားသော အယူအဆဖြစ်ပေသည်။
သေချာသည်မှာ သူတို့သည် ပြင်ပအရာဝတ္ထုများ၏ အသုံးဝင်မှုကို မငြင်းပယ်ကြချေ။
သို့သော် သူတို့သည် ကိုယ့်ကိုယ်ကိုယ် လေ့လာစူးစမ်းမှုကို ပို၍ အလေးထားကြခြင်း ဖြစ်၏။
ဤကျင့်ကြံခြင်း လမ်းညွှန်စာအုပ်၏ အစပိုင်းတွင် ဖန်တီးသူကိုယ်တိုင်၏ ဖန်တီးမှု စိတ်ကူးများနှင့် တွက်ချက်မှု လုပ်ငန်းစဉ်များကို ရှင်းလင်းထားပေသည်။
ကျန်းလင် သည် မပြတ်တမ်း လေ့လာစူးစမ်းကာ၊ နည်းလမ်းပေါင်းစုံကို ရှာဖွေပြီး၊ ပိုမို အစွမ်းထက်သော လမ်းကြောင်းကို ရှာဖွေနေသည့် သုတေသီတစ်ဦးကို မြင်လိုက်ရသကဲ့သို့ ခံစားလိုက်ရတော့၏။
အကြိမ်ကြိမ် စမ်းသပ်မှုများအတွင်း တိုးတက်အောင် ပြုပြင်ခြင်းများ၊ အကြိမ်ကြိမ်အောင်မြင်မှု သို့မဟုတ် ကျရှုံးမှုများကြားမှ ဝမ်းသာမှုနှင့် ဝမ်းနည်းမှုများကိုပါ မြင်တွေ့လိုက်ရပေသည်။
မရေမတွက်နိုင်သော စမ်းသပ်မှုများ၊ နေ့ရက်ပေါင်းများစွာ ဖြတ်သန်းပြီးနောက်မှသာ သူ့ လက်ထဲရှိ ဤစာအုပ်ငယ်လေးအဖြစ် နောက်ဆုံးတွင် ပုံပေါ်လာခြင်းဖြစ်၏။
'အခြေခံ ကျင့်ကြံခြင်း လမ်းညွှန်စာအုပ်'
ထို့နောက် နောင်လာနောက်သားများက ဤစာအုပ်ကို အကြိမ် ကြိမ် တွက်ချက် ပြောင်းလဲမှုများပြုလုပ်ကာ ယနေ့ခေတ်၏ အံ့မခန်း ပြောင်းလဲနိုင်စွမ်းရှိသော ကျွမ်းကျင်မှုများနှင့် သိုင်းကွက်များကို ဖန်တီးနိုင်ခဲ့ကြပေသည်။
ဤလမ်းညွှန်စာအုပ်၏ နောက်ဆုံးစာမျက်နှာတွင် ကျန်းလင် သည် စာလုံးသေးသေးလေး အနည်းငယ်ကို မြင်တွေ့လိုက်ရ၏။
'ဝိညာဉ်တိုင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ပါဝင်နေတဲ့ ထူးခြားချက်တွေကို ငါ ဘယ်တော့မှ သံသယ မဝင်ခဲ့ဘူး'
'ဖန်တီးနိုင်စွမ်းပဲဖြစ်ဖြစ်၊ လက်တွေ့အကောင်အထည်ဖော်နိုင်စွမ်းပဲဖြစ်ဖြစ် အားလုံးက အရမ်းကို အဖိုးတန်တဲ့ အရာတွေချည်းပဲ'
'သွားပြီး တွေးတောလိုက်ပါ၊ မေးခွန်းထုတ်လိုက်ပါ၊ ဖန်တီးလိုက်ပါ၊ ပြီးတော့ မင်းရဲ့ ဝိညာဉ်ကို လင်းလက်တောက်ပစေလိုက်ပါ'
'ရှေးခေတ်ကနေ အခုအချိန်အထိ ငါတို့တွေ ခြေလှမ်းတွေကို ဘယ်တော့မှ မရပ်တန့်ခဲ့ဘူး'
ထိုစာလုံးငယ်လေးများကို ပထမဆုံးအကြိမ် မြင်တွေ့လိုက်ရချိန်တွင် ကျန်းလင်၏ စိတ်ထဲ၌ အလွန်တုန်လှုပ်သွားခဲ့ပေသည်။
သူသည်ဉာဏ်ပညာကြီးမားသော သက်ကြီးရွယ်အို တစ်ဦးက သူနှင့် မျက်နှာချင်းဆိုင်ကာ တစ်စုံတစ်ရာပြောနေသကဲ့ သို့ ခံစားလိုက်ရ၏။
ထိုခံစားချက်မှာ သူ့ကို ပိုမို ကျယ်ဝန်းသော ကမ္ဘာကြီးနှင့် တစ်ခါမှ မမြင်ဖူးသေးသော ရှုခင်းများကို ပြသချင်နေသကဲ့သို့ပင်ဖြစ်နေသည်။
ဤကမ္ဘာကြီးသည် အံ့သြဖွယ် ကောင်းလှပေသည်။
ကောင်းကင်၊ မြေကြီးနှင့် လူသားတို့သည် တူညီသော ဝိညာဉ် ကို ပိုင်ဆိုင်ထားကြ၏။
သို့သော် မတူညီသော လမ်းကြောင်းများကို လျှောက်လှမ်းခဲ့ကြပြီး လုံးဝ မတူညီသော ရှင်သန်မှု နည်းလမ်းများနှင့် ရှုခင်းများကို ဖန်တီးနိုင်ခဲ့ကြပေသည်။
ယခု လက်ရှိ သိထားသော မရဏလောကနှင့် လူ့လောကကိုသာ ကြည့်မည်ဆိုလျှင်ပင်အချိန်အတိုင်းအတာ တစ်ခုတိုင်းတွင် ခေတ်တစ်ခေတ်ကို ပြောင်းလဲစေနိုင်သော လူ၊ သရဲ သို့မဟုတ် အရာဝတ္ထုများ ပေါ်ထွက်လာလေ့ ရှိပေသည်။
၎င်းမှာဤလမ်းကြောင်းကို ဆက်လက် လျှောက်လှမ်းနိုင်ရန် တွန်းအားပေး မြှင့်တင်ရန်အတွက် ဖြစ်၏။
ထိုအပြောင်းအလဲများကြောင့်သာ သူတို့သည် ယခုခေတ်၏ အသစ်စက်စက်နှင့် အမြဲတမ်း ပြောင်းလဲနေသော ကမ္ဘာကြီးကို မြင်တွေ့ခွင့် ရခဲ့ခြင်း ဖြစ်ပေသည်။
---
ဤလမ်းညွှန်စာအုပ်ကို ဖတ်ရှုပြီးနောက် ကျန်းလင် ၏ စိတ်ထဲတွင် ထိုဖန်တီးသူအပေါ် လေးစားမှု တစ်ခု ပေါ်ပေါက်လာတော့၏။
ကျင့်ကြံခြင်း အခန်းထဲတွင်
ကျန်းလင်သည် တင်ပျဉ်ခွေ ထိုင်လိုက်ပြီး လမ်းညွှန်စာအုပ်ပေါ်ရှိ လမ်းကြောင်းများအတိုင်း တစ္ဆေစွမ်းအင်များကို ခန္ဓာကိုယ်အတွင်း လှည့်လည်သွားလာစေရန် စတင်လမ်း ညွှန်လိုက်သည်။
ဤအခြေခံ ကျင့်ကြံခြင်း လမ်းညွှန်စာအုပ်ကို အတွဲ သုံးတွဲ ခွဲခြားထား၏။
ပထမ အတွဲသည် မိမိကိုယ်ကို နားလည်ခြင်း၊ တည်ဆောက်ပုံနှင့် တစ္ဆေစွမ်းအင် လည်ပတ်မှုတို့အပေါ် ပိုမို အာရုံစိုက်ထားပေသည်။
အသုံးမဝင်ဟု ထင်ရသော်လည်း တကယ်တမ်းတွင်မူ မိမိကိုယ်ကို အလုံအလောက် နားလည်ပြီးမှသာ ပိုမိုကောင်းမွန်စွာ အသုံးပြုနိုင်ပြီး ပြောင်းလဲမှုများကို လုပ်ဆောင်နိုင်မည် ဖြစ်၏။
လွန်ခဲ့သော တစ်နှစ်အတွင်း ကျန်းလင်၏ အဆင့်တက်မှု သည် မြန်ဆန်လွန်းပြီး စွမ်းအားများလည်း ပိုမိုအစွမ်းထက်လာခဲ့ပေသည်။
သို့သော် တစ္ဆေစွမ်းအင်ကို အချိုးကျအသုံးပြုခြင်းနှင့် အဆင့်တက်ပြီးနောက် စွမ်းအားကို ထိန်းချုပ်နိုင်စွမ်းတွင်မူ လိုအပ်ချက်များစွာ ရှိနေသေး၏။
အကယ်၍ တူညီသော အဆင့်ရှိသည့် ဝိညာဉ်တမန်တော်များနှင့် နှိုင်းယှဉ်မည်ဆိုပါက ကျန်းလင်၏အခြေခံသည် သေချာ ပေါက် အားနည်းနေမည် ဖြစ်ပေသည်။
ဤသည်မှာ ခွန်အားသာရှိပြီး သိုင်းကွက်မရှိသော သိုင်းသမား တစ်ဦးနှင့် တူနေ၏။
အဆင့်နိမ့်သူများနှင့် တွေ့သောအခါ သဘာဝကျကျပင် ခွန်အားဖြင့် ဖိနှိပ်အနိုင်ယူနိုင်သည်။
သို့သော် တူညီသော အဆင့်၊ သို့မဟုတ် ပိုမြင့်သော အဆင့်ရှိသူများနှင့် တွေ့ပါက ကျန်းလင်၏တိုက်ခိုက်မှုသည် အတော်လေး ခက်ခဲသွားမည် ဖြစ်၏။
ယခုအခါတွင်မူ
တောင်ဘက်နန်းဆောင်၏ အခြေခံကျင့်ကြံခြင်းလမ်းညွှန် စာအုပ်က ကျန်းလင်၏ထိုလိုအပ်ချက်ကို အတိအကျ ဖြည့်ဆည်းပေးလိုက်ပေသည်။
တစ္ဆေစွမ်းအင်များသည် လမ်းကြောင်းတစ်ခုပြီးတစ်ခု လှည့်လည်သွားလာလာသည်နှင့်အမျှ ကျန်းလင်သည် ယခင်က သတိမထားမိခဲ့သော အရာအချို့ကိုတဖြည်းဖြည်း ရှာဖွေတွေ့ရှိလာတော့သည်။
သူ၏ ထင်ယောင်ထင်မှား ဖြစ်မှုလားတော့ မသိပေ။
အခြေခံ ကျင့်ကြံခြင်း လမ်းညွှန်စာအုပ်ရှိ ပထမဆုံးလမ်း ကြောင်းပြမြေပုံအတိုင်း တစ္ဆေစွမ်းအင်ကို တစ်ပတ်ပြည့်အောင် ထိန်းချုပ်လိုက်သောအခါ ထိုတစ္ဆေစွမ်းအင် အမျှင်တန်းလေးက ပိုမိုရင်းနှီးလာသကဲ့သို့ ခံစားလိုက်ရသည်လေ။
ရောက်ရှိသွားသော နေရာတိုင်းရှိ ခန္ဓာကိုယ် အရိုးစုများဖြစ်စေ၊ ခန္ဓာကိုယ်တွင်းရှိ အခြားသော တစ္ဆေစွမ်းအင်များဖြစ်စေ ထိုတစ္ဆေစွမ်းအင် အမျှင်တန်းလေးအပေါ် အလွန်ပြင်း ထန်သော ရင်းနှီးကျွမ်းဝင်မှုကို ပြသနေကြ၏။
ထိုတစ္ဆေစွမ်းအင် အမျှင်တန်းလေး စတင်အသက်ဝင်လာသကဲ့သို့ပင် ကျန်းလင် ခံစားလိုက်ရတော့သည်။
ဤခံစားချက်မှာ အလွန် ဆန်းကြယ်လွန်းလှသဖြင့် ဤသည် မှာ သူ၏ထင်ယောင်ထင်မှား ဖြစ်နေခြင်း ဟုတ်၊ မဟုတ်ဆိုသည်ကို ကျန်းလင် တစ်ခဏမျှ အတည်မပြုနိုင်ဖြစ်သွားရတော့သည်။
----
ထို့နောက်ပိုင်း အချိန်များတွင်
ကျန်းလင်သည် အခြေခံ လမ်းညွှန်စာအုပ်ကို ကျင့်ကြံရင်း၊ အချိန်ရပါက တာဝန်များ သွားလုပ်ကာကျင့်ကြံခြင်းကတ်များနှင့် ပံ့ပိုးမှုအမှတ်များကို ရှာဖွေခဲ့ပေသည်။
သူ ဒုတိယတွဲ အခြေခံကျင့်ကြံခြင်း လမ်းညွှန်စာအုပ်ကို လဲလှယ်ရန် လုံလောက်သော ပံ့ပိုးမှုအမှတ်များရရှိချိန်တွင် ပထမတွဲကိုလည်း အတော်လေးလေ့လာပြီးနေပြီ ဖြစ်၏။
ပထမတွဲကို လေ့လာပြီးနောက် ကျန်းလင်သည် မိမိ၏ တည်ဆောက်ပုံနှင့် တစ္ဆေဘုရင် အလယ်အလတ်အဆင့်၏ စွမ်းအားအပေါ် ပိုမို ရှင်းလင်းသော နားလည်မှုတစ်ခုရရှိသွားခဲ့ပေသည်။
ခန္ဓာကိုယ်အတွင်းပိုင်းမှာလည်း ရုတ်တရက် ပွင့်လင်းသွားသကဲ့သို့ ဖြစ်သွားတော့၏။
ပထမတွဲသည် ကိုယ်ကိုတိုင်၏အကြောင်းကို နားလည်မှုအပေါ် အလေးထားပေသည်။
ဒုတိယတွဲကမူ ကိုယ်ပိုင် စွမ်းအားများကို မည်သို့ အသုံးပြုရမည်ကို အဓိကထား ရှင်းပြထား၏။
ဤအချက်ကို အပိုင်းနှစ်ပိုင်း ရိုးရှင်းစွာ ခွဲခြားနိုင်ပေသည်။
ပထမ အပိုင်းမှာ ကျန်းလင် ယခင်က တစ္ဆေဈေးတန်းတွင် တွေ့ခဲ့ရသော အရိုးဓားကဲ့သို့ မိမိ၏အရိုးစုများကို အပြင်သို့ ထုတ်လွှတ်ကာ လက်နက်အဖြစ် ပြောင်းလဲနိုင်ခြင်းဖြစ်၏။
ကာကွယ်ရန် သို့မဟုတ် တိုက်ခိုက်ရန် အစရှိသည်တို့အတွက် ဖြစ်သည်။
ဤဖြစ်စဉ်အတွင်း ကျန်းလင် ရှာဖွေတွေ့ရှိခဲ့သည်မှာ အပြင်သို့ ထုတ်လွှတ်ခြင်းအပြင် ခန္ဓာကိုယ်တွင်းရှိအရိုး စွမ်းအင်များ၏ သိပ်သည်းဆကို ပြောင်းလဲနိုင်ပြီး အရှိန်မြှင့်တင်ခြင်း၊ သန်မာစေခြင်း အစရှိသော အကျိုးသက်ရောက်မှုများကိုပါ ရရှိနိုင်ခြင်းပင်။
ဒုတိယအပိုင်းမှာမူ တစ္ဆေစွမ်းအင်များကို အသုံးပြုခြင်း ဖြစ်ပေသည်။
'တစ္ဆေစွမ်းအင်ရဲ့ စွမ်းအားကို တိုက်ခိုက်ဖို့၊ ကာကွယ်ဖို့နဲ့ အရှိန်ပြောင်းလဲဖို့ ပုံမှန် အသုံးပြုတာတွေ အပြင် တခြား အသုံးပြုနည်းတွေရော ရှိနိုင်သေးလား'
'လူသားတွေက ပိုးချည်မျှင်တွေကနေတဆင့် ကာကွယ်နိုင်တဲ့ အဝတ်အစားတွေ ဖန်တီးနိုင်တယ်၊ သစ်သားကို အသုံးပြုပြီး မီးကိုလည်း ဖန်တီးနိုင်တယ်'
'ကောင်းကင်ဘုံက ကောင်တွေကလည်း မှော်စွမ်းအင် တချို့ကနေတဆင့် ခဏလေးအတွင်းမှာ အရာခပ်သိမ်းကို ပြောင်းလဲနိုင်ပြီး ရာသီဥတုတွေကိုတောင် ဖန်တီးနိုင်စွမ်း ရှိကြတယ်'
'ဒါဆိုရင် တစ္ဆေစွမ်းအင်ကရော အဲဒီလို တူညီတဲ့၊ ဒါမှမဟုတ် သူ့ရဲ့ ကိုယ်ပိုင် ထူးခြားတဲ့ အစွမ်းသတ္တိတွေ ရှိနိုင်မယ်လို့ ငါတို့ ယူဆလို့ မရဘူးလား'
သာဓက အများအပြားကို ခွဲခြမ်းစိတ်ဖြာ ပြသပြီးနောက် နောက်ပိုင်းတွင် စတင် ရှင်းလင်းထားပေသည်။
သရဲတစ္ဆေများသည် တစ္ဆေစွမ်းအင်ကို အသုံးပြု၍ မိမိလို ချင်သော အရာများကို မည်သို့ ဖန်တီးရမည်၊ မိမိကိုယ်ကို မည်သို့ သန်မာစေရမည်ကို ဖြစ်၏။
၎င်း၏ အခြေခံ သဘောတရားမှာ လူသားများ၏ နားလည်မှုဖြင့် ဆိုရလျှင် နည်းလမ်းအမျိုးမျိုးကို အသုံးပြု၍ ရူပဗေဒ၊ ဓာတုဗေဒ အစရှိသော ဓာတ်ပြုမှုများကို ဖန်တီးခြင်းပင် ဖြစ်ပေသည်။
သို့သော် တစ္ဆေစွမ်းအင်မှာမူ ပိုထူးခြားလှ၏။
ကျန်းလင် တို့ တောင်ဘက်နန်းဆောင်သို့ စတင် ရောက်ရှိချိန်က မီးတောက်များကဲ့သို့ လောင်ကျွမ်းနေသော ဝတ်ရုံများကို တွေ့ခဲ့ရပေသည်။
ထို့အပြင် တစ္ဆေစွမ်းအင်ကို အသုံးပြု၍ ခြေအောက်တွင် ခေတ္တမျှ ပေါက်ကွဲထွက်စေသော အရှိန်မြှင့်တင်မှုမျိုးများပင်တွေ့ခဲ့ရခြင်းဖြစ်၏။
အခြားတစ်ချက်မှာမူ
ကျန်းလင် ယခင်က တစ္ဆေဈေးတန်း ပြိုင်ဝင်းထဲတွင် မြင်တွေ့ခဲ့ရသော ပြိုင်ဝင်းသခင်သည် တစ္ဆေစွမ်းအင်ကိုအသုံး ပြု၍ တစ္ဆေလက်နက်ထက် မညံ့သော အကာအကွယ် ချပ်ဝတ်တန်ဆာကို ခန္ဓာကိုယ်ပေါ်တွင် ဖန်တီးခဲ့ခြင်း ဖြစ်ပေသည်။
ထိုအကာအကွယ်သည် ဒဏ်ရာများကို ပြန်လည် ရိုက်ခတ်နိုင်ရုံသာမက တစ်ဖက်လူ၏ ခွန်အားကိုပါချေဖျက်ပေးနိုင်၏။
အရေးအကြီးဆုံးအချက်မှာ ပြိုင်ကွင်း၏ စည်းမျဉ်းများအရ တစ္ဆေဘုရင်အဆင့် အောက်ရှိသူများသည် ကန့်သတ်ခံရမည် ဖြစ်ပြီး တစ္ဆေစွမ်းအင်များကို အများအပြား အသုံးပြုနိုင်မည် မဟုတ်ချေ။
ထို့ကြောင့် ထိုအကာအကွယ် ချပ်ဝတ်တန်ဆာ တစ်စုံလုံးသည် တစ္ဆေစွမ်းအင် အနည်းငယ်ကိုသာ အသုံးပြုထားခြင်း ဖြစ်ပေသည်။
ထိုအခါ ငွေကုန်ခံပြီး ဝယ်ရန်မလိုသကဲ့သို့ တစ္ဆေစွမ်းအင် အများအပြားလည်း ကုန်ဆုံးမည် မဟုတ်ဘဲ အချိန်မရွေး ဤကဲ့သို့သော အကာအကွယ် ချပ်ဝတ်တန်ဆာကို ဖန်တီးနိုင်ခြင်းဖြစ်၏။
ဤတစ်ချက်တည်းနှင့်ပင် သူတို့မှာအလွန် ထူးချွန်လှပြီ ဖြစ်ပေသည်။
----
အဆင့်တက်လာသည်နှင့်အမျှ မြင်တွေ့ရသော၊ ထိတွေ့ရသော အရာများ ပိုမိုများပြားလာတော့သည်။
ထိုအခါ ကျန်းလင်သည် စွမ်းအား၏အရေးပါမှုကို ပိုခံစားလာရပေသည်။
ယခု တောင်ဘက်နန်းဆောင်သို့ လာရောက်ခြင်းက အထူးအဆင့် တာဝန်များနှင့် 'အထူးနယ်မြေ' ကဲ့သို့သော နေရာများကိုပါ သူ့အား ရှာဖွေတွေ့ရှိစေခဲ့၏။
ထို့ပြင်ဝိညာဉ်တမန်တော်များ၏ စွမ်းအားများသည်လည်း ကန့်သတ်ခံရနိုင်သည်ကို သိလာရပေသည်။
ယခုအချိန်တွင် တစ္ဆေဘုရင်အဆင့် အောက်ရှိသူများသာ ကန့်သတ်ခံရခြင်း ဖြစ်သော်လည်း နောင်တစ်ချိန်တွင် တစ္ဆေဘုရင်အဆင့် အထက်ရှိသူများကိုပါ ကန့်သတ်နိုင်သော နေရာများ ပေါ်လာနိုင်မည်လော။
သူ မသိသေးပါချေ။
ကျန်းလင်ကမူ သေချာပေါက် ထိုသို့သော နေရာမျိုး ရှိလိမ့်မည်ဟု ခန့်မှန်းမိပေသည်။
ယခင်က သူ့အဆင့်မှာ မမြင့်မားခဲ့သောကြောင့် ထိုအရာများနှင့် မထိတွေ့ခဲ့ရခြင်းသာ ဖြစ်၏။
သူ့အဆင့် မြင့်တက်လာသည်နှင့်အမျှ သေချာပေါက် ပိုမိုများပြားသော အရာများနှင့် ထိတွေ့လာရမည် ဖြစ်ပေသည်။
လောကကြီးက ကျယ်ဝန်းလှသကဲ့သို့ အဆန်းတကြယ်တွေနဲ့လည်း ပြည့်နှက်နေသည်လေ။
မုန့်ပေါ် သို့မဟုတ် သတင်းအချက်အလက် အဖွဲ့ ကဲ့သို့သော ရာထူးနေရာများရှိ ဝိညာဉ်တမန်တော်များနှင့် စကားပြောဆိုရာတွင် ကျန်းလင် သည် အချို့အရာများကို သွယ်ဝိုက်၍ ခံစားသိရှိနိုင်ပေသည်။
သူတို့၏ ရာထူးနေရာ ထူးခြားမှုကြောင့် ကျန်းလင် လက်ရှိအချိန်တွင် မထိတွေ့နိုင်သေးသော အရာအချို့ကို သူတို့က ကြိုတင် ထိတွေ့ခွင့်ရနေခြင်းမှာ သေချာလှပေသည်။
------
များမကြာမီကျန်းလင် လည်း အလုပ်များ စတင် ရှုပ်လာတော့၏။
အရှေ့ဘက်နန်းဆောင်တွင် ရှိနေစဉ်က အနည်းငယ် အနားယူနိုင်သေးသော်လည်း တောင်ဘက်နန်းဆောင်တွင်မူ သူတို့ သည် မည်သည့်အချိန်တွင် ခရီးဆက်ရမည်ကို မသိနိုင်ချေ။
ထို့ကြောင့် သူသည် အချိန်ကို အမိအရဆုပ်ကိုင်ကာ တတ်နိုင်သလောက် ပိုလေ့လာနေရခြင်း ဖြစ်၏။
တိုက်ရိုက်ထုတ်လွှင့်ခြင်းကိုပင် နေ့စဉ် တောင်ဘက်နန်းဆောင်တာဝန်များကို လုပ်ဆောင်ချိန်တွင်သာ ပူးတွဲ၍ လွှင့်တော့ပေသည်။
ဤအချက်ကို တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲရှိကြည့်ရှုသူများကလည်း သတိထားမိကြပေသည်။
Streamer သည် သူတို့ကို အာရုံစိုက်ရန် အချိန်လုံးဝမရှိသကဲ့သို့ ဖြစ်နေ၏။
အကယ်၍ အခြားသော တိုက်ရိုက်ထုတ်လွှင့်မှု အခန်းများသာ ဆိုပါက ကြည့်ရှုသူများသည် အနည်းငယ် ဆူပူကောင်း ဆူပူကြမည် ဖြစ်သော်လည်း 'မရဏလောကမှအံ့ဖွယ်နေ့ရက်များ တိုက်ရိုက်ထုတ်လွှင့်မှုအခန်း' အတွက်မူ ကြည့်ရှုသူများက အသားကျနေကြပြီ ဖြစ်သည်လေ။
Streamer မှာ ဝိညာဉ်တမန်တော် တစ်ပါး ဖြစ်သည်ဟု ယုံကြည်သွားကတည်းက သူတို့၏ စိတ်ထားများမှာ အတော်လေး ကျယ်ပြန့်သွားခဲ့ပြီ ဖြစ်၏။
Streamer က သူ့ အလုပ်များ ရှုပ်နေစဉ် သူတို့ဘာသာသူတို့ ကွန်မန့်များတွင် ဈေးခင်းခြင်း၊ စကားဝိုင်း ဖွဲ့ခြင်းများ ပြုလုပ်ကာ ငြိမ်းချမ်းစွာပင် နေထိုင်ကြတော့သည်။
[Streamer ဒီလောက် ကြိုးစားပြီး အလုပ်ကို လေးစားတာ မြင်ရတိုင်း ငါ့ကိုယ်ငါတောင် ရှက်လာမိတယ်]
[ဒါကြောင့် အပေါ်ထပ်ကလူရေ၊ မင်း အချိန်ပို စဆင်းလို့ရပြီ]
[ဒါဆိုလည်း ထားလိုက်ပါတော့လေ၊ ပက်လက်လှန်နေရတာကပဲ ငါ့ကို ပျော်ရွှင်စေတာပါ (* ̄︶ ̄)]