အခန်း (၂၆၁-၂၆၂)
Vol. 27 Ch. 261-262
🫧 Chapter 261
ကျန်းလင် တစ်ယောက် အလုပ်ကြိုးစားရင်း၊ လမ်းညွှန်စာအုပ်များလဲလှယ်ကာ ကျင့်ကြံနေခဲ့သော နေ့ရက်များအတွင်း၌လူ့လောကတွင်မူ လီစုန့်သည် ပိုက်ဆံကောက်ရလွန်း၍ လက်ပင်ညောင်းနေခဲ့ပြီ ဖြစ်သည်။
လူ့လောကတွင် လိပ်စာမပါဘဲ ငွေစက္ကူများ မီးရှို့နေသူ ဤမျှများပြားနေမည်ဟု သူ လုံးဝ မယုံကြည်နိုင်ဖြစ်နေမိ၏။
'ကောင်းကင်တစ်ခွင်လုံးမှာ ပိုက်ဆံမိုးတွေ ရွာနေတာပဲ'
'ဘုရားရေ၊ သူ့ အိပ်မက်တွေ တကယ်ဖြစ်လာခဲ့ပြီလေ'
လီစုန့်သည် တစ်ယောက်တည်းကောက်နေခြင်း မဟုတ်ဘဲ သူ့ ညီဖြစ်သူ တန်းရန်ကိုပါ အတူတူ ပိုက်ဆံလာကောက်ရန် ခေါ်ထားသေးသည်။
တန်းရန်သိသွားသောအခါ လီစုန့် ထက်ပင် ပိုအံ့သြတုန်လှုပ်သွားခဲ့၏။
"အစ်ကို ပိုက်ဆံကောက်ရအောင် ပိုက်ဆံကောက်ရအောင်လေ သရဲဘဝနဲ့ ဒီလောက်နှစ်တွေ အကြာကြီးနေလာခဲ့တာတောင် တကယ်ကြီးပိုက်ဆံကောက်လို့ရတယ် ဆိုတာကို အခုမှပဲ ပထမဆုံးအကြိမ် သိတော့တယ်"
ထို့အပြင် ကောင်းကင်တစ်ခွင်လုံး ပိုက်ဆံမိုးများရွာကျနေပြီး ကြိုက်သလောက် ကောက်ယူနိုင်သည်လေ။
ပိုင်ရှင်ဖြစ်သူက ပြန်လာပြီးပြဿနာရှာမည်ကိုလည်း လုံးဝ စိတ်ပူစရာမလိုချေ။
"အစ်ကို ကျွန်တော် အိပ်မက်မက်နေတာတော့ မဟုတ်ပါဘူးနော်"
တန်းရန် သည် လက်ထဲရှိ အထပ်လိုက် ဖြစ်နေသော ပိုက်ဆံများကိုကြည့်ရင်း မသိစိတ်မှပင် သွားရည်မျိုချလိုက်မိသည်။
'ဒါတွေ အားလုံးက ပိုက်ဆံတွေချည်းပဲ'
'ဒီလောက် များပြားတဲ့ ပိုက်ဆံတွေနဲ့'
'အသားတွေ ဘယ်လောက်တောင် ဝယ်စားလို့ ရလိုက်မလဲ'
'ငါတို့ရဲ့ အကြွေးတွေကိုလည်း တိုက်ရိုက်ဖြေရှင်းနိုင်သွားပြီ'
'ဒါ့အပြင် ကြိုက်သလို ဖျက်ဆီးပြီး ဝယ်ချင်တာကိုလည်း ဝယ်လို့ရပြီ'
'ပိုက်ဆံရှိတာက တကယ့်ကို နိဗ္ဗာန်ပဲ'
'ဘိုင်း'
သို့သော်လက်သီးတစ်လုံးက တန်းရန်၏ နဖူးတည့်တည့်သို့ ဝင်ဆောင့်သွားပြီး သူ့ကို တိုက်ရိုက်လွင့်ထွက်သွားစေသည်။
လွင့်ထွက်သွားသော အခိုက်အတန့်တွင် တန်းရန်သည် ချက်ချင်းပင် လက်ထဲရှိ ပိုက်ဆံများကို ဖက်ထားလိုက်၏။
'ဝုန်း'
တန်းရန် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး သူ့ နဖူးပေါ်တွင် အနီရောင် အရာတစ်ခု ပေါ်လာတော့သည်။
လီစုန့် သည် လေထဲတွင်ရပ်နေရင်း လက်သီးကို ပြန်ရုပ်လိုက်ကာ ခါးထောက်လျက် သူ့ကို ကြည့်ပြီး ရယ်မောကာ ပြောလိုက်၏။
"ဘယ်လိုလဲ၊ အိပ်မက်မက်နေတာလား"
တန်းရန်လည်း ဒေါသမထွက်ဘဲ ခုန်ထလိုက်ကာ ရင်ခွင်ထဲရှိ ပိုက်ဆံများကို အရင်ဆုံး တစ်ချက် စစ်ဆေးလိုက်သည်။
ပိုက်ဆံများ ပျက်စီးမသွားသည်ကို မြင်မှသာ လီစုန့် ကို ပြုံးဖြီးဖြီးဖြင့် လှမ်းကြည့်လိုက်၏။
ထို့နောက် သွားဖြီးကာ ပြောလိုက်သည်။
"အိပ်မက် မဟုတ်ဘူး၊ ဒါက အိပ်မက်ထဲထက်တောင် ပိုပြီး ပျော်ဖို့ကောင်းသေးတယ် အိပ်မက်မက်ရင်တောင် ဒီလောက်ထိ နေလို့ကောင်းမှာ မဟုတ်ဘူး"
"သွားရအောင်၊ နောက်တစ်နေရာကို သွားမယ်" ဟု လီဆော် က ပြောလိုက်သည်။
ညီအစ်ကို နှစ်ယောက်သည် သူတို့၏ကိုယ်ပိုင် အားသာချက်များကို အသုံးပြု၍ လူ့လောကတွင် စတင် ရှာဖွေကြတော့ သည်။
ဤသည်မှာ သူတို့ ဤမျှ ပျော်ရွှင်တက်ကြွစွာ အလုပ်လုပ်ဖူးခြင်း ပထမဆုံးအကြိမ်ပင်။
"အစ်ကို ဒီဘက်မှာ"
တန်းရန်သည် အနောက်ဘက် အရပ်သို့ လက်ညှိုးထိုးပြလိုက်သည်။
အသားနှင့် ပိုက်ဆံ ကိစ္စများတွင် တန်းရန်သည် လီစုန့်ထက်ပင် ပိုတက်ကြွပြီး အာရုံခံနိုင်စွမ်း ပိုကောင်းနေပေသည်။
တန်းရန်အတွက်မူ လောကတွင် ဤအနံ့နှင့် ယှဉ်နိုင်သောအရာမှာ အသားသာလျှင် ရှိလောက်မည် ထင်သည်။
ညီအစ်ကိုနှစ်ယောက် ထိုဘက်သို့ ပျံသန်းသွားသည်နှင့် အဝေးမှနေ၍ ပိုက်ဆံမိုးများစတင် ရွာကျလာသည်ကို မြင်လိုက်ရ၏။
လေတိုက်ခတ်မှုကြောင့် လွင့်ပျံသွားကာ လေထဲတွင် တစ်ခဏမျှ ဝဲလည်နေပြီးမှသာ မြေပြင်ပေါ်သို့ ဖြည်းညင်းစွာ ကျဆင်းသွားသည်။
"မြန်မြန်သွားမယ်"
ညီအစ်ကို နှစ်ယောက်လုံး ချက်ချင်းစိတ်လှုပ်ရှားသွားကြပြီး မျက်နှာပေါ်ရှိ ဝမ်းသာပျော်ရွှင်မှုများကို ဖုံးကွယ်၍ပင် မရတော့ချေ။
……
အနောက်ဘက်
ပိုက်ဆံမိုးရွာချနေသော နေရာမှာ အိမ်တစ်အိမ်၏နောက်ဖေးခြံဝင်းဖြစ်ပြီး ထိုအိမ်မှာ နှစ်ထပ်တိုက်ဖြစ်ကာ ရှေ့နောက် ခြံဝင်းတစ်ခုစီရှိသည်။
ရှေ့ခြံဝင်းထဲတွင် ပန်းမန်မျိုးစုံ စိုက်ပျိုးထားပြီး နောက်ဖေးခြံဝင်းတွင်မူ စပျစ်နွယ်စင် တစ်ခု၊ ဒန်း တစ်ခုနှင့် စားပွဲဝိုင်း တစ်လုံး ရှိ၏။
ထိုပိုက်ဆံမိုးမှာ ကျောက်စားပွဲဝိုင်းဘေးရှိ မြေကွက်လပ် တစ်ခုမှ စတင် ရွာချနေခြင်းဖြစ်သည်။
လီစုန့် နှင့် တန်းရန် တို့ နီးကပ်လာသည်နှင့်အမျှ ထိုပိုက်ဆံမိုးမှာ ပိုများပြားလာပြီး ကျဆင်းလာသော အရှိန်မှာလည်း ပို၍ မြန်ဆန်လာ၏။
ထိုအခါညီအစ်ကို နှစ်ယောက်၏စိတ်ထဲတွင် အလွန်စိတ်လှုပ်ရှားသွားကြသည်။
ထို့နောက်အရှိန်ကို အမြင့်ဆုံးအထိ တင်လိုက်ပြီး အမြောက် ဆန်များကဲ့သို့ တိုက်ရိုက်ပြေးဝင်သွားကြတော့သည်။
ထို့ကြောင့်လည်းလေပြင်းတစ်ချက် တိုက်ခတ်သွား၏ အနီးအနားရှိ ပိုက်ဆံမိုးများမှာ အထက်သို့ လွင့်ပျံထွက်သွားလုမတတ် ဖြစ်သွားတော့သည်။
ထိုအခါ တန်းရန်သည် ချက်ချင်းပင်လက်လှမ်းကာ ထိုပိုက် ဆံများ အားလုံးကို သူ့ အိတ်ကပ်ထဲသို့ တစ်ရွက်မျှ မကျန်စေဘဲ ဖမ်းယူထည့်လိုက်သည်။
သူလက်အမြန်နှုန်းမှာ မြန်ဆန်လွန်းလှသဖြင့် အရိပ်များသာ မြင်ရတော့၏။
"ပိုက်ဆံတွေ အများကြီးပဲ အများကြီးပဲ"
လီစုန့် နှင့် တန်းရန် တို့သည် တစ်ဖက်မှ ကောက်ယူရင်း တစ်ဖက်မှလည်း မနေနိုင်ဘဲ ဟီးဟီးဟားဟား ရယ်မောနေကြသည်။
ကျောက်စားပွဲဝိုင်း ဘေးတွင်မူ
ခေတ်ဆန်ဆန် ဝတ်စားဆင်ယင်ထားပြီး ဆံပင်ကောက်ကောက်နှင့် လူငယ်တစ်ဦးက မရပ်မနားမီးရှို့နေ၏။
သူသည် တစ်ဖက်မှ မီးရှို့နေရင်း တစ်ဖက်မှလည်း ဘယ်ညာကိုမကြာခဏ လှည့်ကြည့်နေသေးသည်။
ဤအချိန်မှာ ညလယ်ခေါင်ပင် ရောက်နေပြီ ဖြစ်၏။
အနီးအနားတွင် လမ်းမီးတိုင်များ မရှိဘဲ မှောင်မိုက်နေကာ လရောင် မှိန်မှိန်လေးသာ ရှိနေသည်။
ထို့အပြင် လူငယ်၏ရှေ့ရှိ မီးတောက်ငယ်လေး တစ်ခုလည်း ရှိနေ၏။
သူ့ပတ်ပတ်လည်တွင် လောင်ကျွမ်းပြီးသော ပြာများ လွင့်ပျံလာကာ မီးတောက်အထက်တွင် လည်ပတ်နေကြသည်။
လူငယ်၏မျက်နှာပေါ်တွင်လည်း မီးရောင် ထင်ဟပ်နေပြီး သူသည် ပတ်ဝန်းကျင်ကို ကြည့်နေ၏။
ဤမြင်ကွင်းမှာ အလွန်အေးစက်ပြီး ကြောက်မက်ဖွယ် ကောင်းနေသည်မှာ သိသာလှသည်။
ထူးဆန်းသည်မှာ ဤမြင်ကွင်းက ထူးဆန်းကြောက်မက်ဖွယ် ကောင်းနေကြောင်း သူ့ဦးနှောက်က ရှင်းလင်းစွာ သိနေသော်လည်း စိတ်ထဲတွင်မူ ကြောက်ရွံ့သည့် ခံစားချက် အလျဉ်းမရှိခြင်းဖြစ်သည်။
တစ်မျိုးပြောရလျှင် လုံးဝနောက်မတွန့်သော သတ္တိမျိုးရှိနေ၏။
Streamer စကားဖြင့် ပြောရမည်ဆိုပါက ' 'ကျားသည်းခြေ' ဘယ်လောက်တောင် စားထားလို့ ဒီလောက် သတ္တိရှိနေမှန်း မသိပေ' ဟုသာ ဆိုရမည်။
လူငယ်သည် မီးရှို့နေရင်း တစ်စုံတစ်ခုကို ရေရွတ်နေသည်။
ထို့နောက် မီးအမြန်ရှို့ပြီး ပြန်ဝင်သွားရန်သာ မျှော်လင့်နေ၏။
နေ့ခင်းဘက်ရှို့ပါက အမေဖြစ်သူ တွေ့သွားလျှင် သေချာ ပေါက် အရိုက်ခံရမည်ဖြစ်သည်။
သို့သော်လီစုန့် နှင့် တန်းရန်တို့၏ ပိုက်ဆံကောက်သည့် အရှိန်မှာ လူငယ် မီးရှို့သည့် အရှိန်ထက် တစ်ဆပို၍မြန်နေသေး ၏။
ခဏအကြာတွင် အပြင်ဘက် လည်ပတ်နေသော ပိုက်ဆံများကို ကောက်ယူပြီးသွားကာ လူငယ်ရှိရာဘက်သို့ တဖြည်း ဖြည်းတိုးကပ်လာကြသည်။
သို့သော် နီးကပ်လာသည်နှင့်အမျှ တန်းရန်သည် လူငယ်၏ နှုတ်မှပြောနေသော စကားများကို သတိပြုမိသွားသည်။
"အစ်ကို နားထောင်ကြည့်"
တန်းရန် ပြောနေရင်းဖြင့် လက်မှ ပိုက်ဆံကောက်သည့် လှုပ်ရှားမှုကိုလည်း မရပ်တန့်ခဲ့ချေ။
"ဟင်" လီစုန့် ခေါင်းစောင်းကာ ကြည့်လာ၏။
ထိုအခါမီးတောက်ရှေ့တွင် လူငယ်က တတွတ်တွတ် ရေရွတ်နေသည်ကို ကြားလိုက်ရသည်။
"မရဏလောကက မိတ်ဆွေတွေ၊ ဝိညာဉ်တမန်တော် အရှင် သခင်တို့၊ ဒါတွေ အားလုံးက တောင်ဘက်နန်းဆောင်ဆီကို ရှို့ပေးတာပါ"
"အားလုံးပဲ အိမ်ပြင်ဖို့ ယူသွားကြပါ၊ ကောင်းကောင်းစားပြီး ကောင်းကောင်း သောက်ကြပါ၊ အားနာမနေကြပါနဲ့"
"ဒါနဲ့ အားလုံးပဲ ပိုက်ဆံယူပြီးရင်လည်း အကြာကြီးမနေကြပါနဲ့နော် တကယ်လို့ ကျွန်တော့်ကို ကျေးဇူးတင်ချင်တယ် ဆိုရင်လည်း"
"ကျွန်တော့်ရဲ့ဘိုးဘေးတွေကို နှုတ်ဆက်ပေးပါဦး၊ ဒါမှမဟုတ် အောက်မှာရှိတဲ့ ကျွန်တော့် မိသားစုဝင်သရဲတွေကို စောင့်ရှောက်ပေးကြပါ၊ ကျေးဇူးပါပဲနော်"
ထိုသို့ပြောရင်း လူငယ်သည် နောက်ဆုံးကျန်သော ပိုက်ဆံများကို မီးရှို့လိုက်သည်။
သူသည် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး လေကာရန်အတွက် လည်ပင်းကို ပုခုံးထဲဝှက်ကာ ကော်လာကို ဆွဲစေ့လိုက်ပြီးနောက် အိမ်ထဲသို့ သွက်လက်စွာပြေးဝင်သွားတော့ ၏။
'ညလယ်ခေါင်ကြီးဆိုတော့ တော်တော်လေး အေးတာပဲ'
'နောက်ဆိုရင် နေ့ခင်းဘက်မှ အပြင်ထွက် ရှို့တာ ကောင်းမယ်'
' ဒီလို ညလယ်ခေါင်ကြီး ပိုက်ဆံရှို့ရတာ သတ္တိမကြောင်ပေမယ့် တစ်ခုခုတော့ ထူးဆန်းနေသလို ခံစားရတယ်'
' အမ်းးး တစ်ခုခုကစိုက်ကြည့်နေသလိုမျိုးပဲ'
လူငယ် အိမ်ထဲသို့ ဝင်သွားပြီးနောက်ကောင်းကင် အထက်တွင် ရုပ်ရည် အတိအကျတူညီကြပြီး ကျားပေါက်လေးများနှင့် တူသော ကောင်လေး နှစ်ကောင်သည် အောက်ဘက်ရှိ မီးတောက်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြ၏။
"အစ်ကို သူက တောင်ဘက်နန်းဆောင်အတွက် မီးရှို့ပေးတာလို့ ပြောနေတယ်ဗျ"
တန်းရန်သည် လေထဲတွင် မှောက်လျက် အနေအထားဖြင့် ခြေထောက်လေးကို လွှဲကာ အလွန်စိတ်ကြည်နူးနေသည်။
"ဒါပေမယ့် သူတို့ ရေးထားတဲ့ လိပ်စာကမှားနေတယ်"
လီစုန့်သည် မီးမရှို့ရသေးသော စက္ကူထုပ်ကို ကြည့်လိုက်ရာ အပေါ်တွင် 'တောင်ဘက်နန်းဆောင်' ဟူသော စာလုံးများကို ဝိုးတဝါးတွေ့နေရ၏။
"ဒါဆိုရင် ကျွန်တော်တို့က သူတို့ကို လိပ်စာ ပြောပြလိုက်ရမလား ဒါဆိုရင် ကျွန်တော်တို့က ထိုင်ပြီး ပိုက်ဆံ လက်ခံရုံပဲလေ" ဟု တန်းရန် က အနည်းငယ် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
သူသည် ထိုလူသားများကို သူတို့အိမ်၏လိပ်စာပါ ပြောပြလိုက်ချင်သော စိတ်ဆန္ဒမျိုးပင်ဖြစ်ပေါ်နေသေး၏။
'ဒေါက်'
ထိုအခါလီစုန့် သည် တန်းရန် ၏ ခေါင်းကို တစ်ချက် ခေါက်လိုက်သည်။
"သေချာပေါက် မရဘူးပေါ့"
ငရဲပြည်၏လိပ်စာကို ဘယ်လိုလုပ်ပြီး ပေါ့ပေါ့ဆဆ လျှို့ဝှက်ချက် ဖောက်ထုတ်လို့ရမည်နည်း။
အချိန်တန်လျှင် လူသားများသိသွားမည် ဖြစ်သော်လည်း အခြားသော အရာများကလည်း သေချာပေါက် သိသွားကြမည်သာ။
အရေးအကြီးဆုံးမှာ ထိုသို့လုပ်ခြင်းက ဤပိုက်ဆံရှို့ပေးသော လူသားများထံသို့ ဘေးဒုက္ခများ သယ်ဆောင်လာနိုင်ခြေအလွန်များပြားခြင်းဖြစ်၏။
ထိုအခါတန်းရန် က နှုတ်ခမ်းဆူကာ ပြောလိုက်သည်။
"ကျွန်တော်က ဒီတိုင်း ပြောကြည့်ရုံပါ၊ ဒါ့အပြင် ဒီလူတွေ ဘာလို့ ပိုက်ဆံ မီးစရှို့နေကြတာလဲ ဆိုတာတောင် မသိရသေးဘူးလေ ကျွန်တော်တို့က တစ်ယောက်ချင်းစီ လိုက်ပြီး အကြောင်းကြားပေးဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး"
ထိုအခါလီစုန့် က မျက်ခုံးပင့်ကာတွေးလိုက်၏။
'ဘာလို့ မသိရမှာလဲ'
ကျန်းဝူချန်တောင်ဘက်နန်းဆောင်သို့ ရောက်လာပြီးနောက် ပိုင်း၊ အစပိုင်းတွင် ဦးလေးမုန့် ခဏတာ လမ်းပြပေးခဲ့သည်မှလွဲ၍ နောက်ပိုင်းတွင် သူကသာ ကျန်းဝူချန်ကို အမြဲတမ်း လမ်းပြ ရှင်းပြပေးနေခဲ့ခြင်း မဟုတ်လော။
ဤကိစ္စပိုင်ရှင်မှာ ကျန်းလင်ဖြစ်မည်ဟု ခန့်မှန်းမိသော်လည်း ဤကိစ္စကို ဖွင့်ပြောပြရန် မလိုအပ်ဟု လီစုန့် ထင်မိသည်။
ထို့အပြင် သခင်ကြီးကျုံးခွေ ဘက်ကလည်း သေချာပေါက် သတင်းရထားပြီး ဖြစ်လောက်ပေသည်။
ယခင်က ငရဲပြည် ယဉ်ကျေးမှု ဖြန့်ဝေသူတစ်ဦး ဖြစ်ခဲ့ဖူးသူပီပီ သခင်ကြီးကျုံးခွေသည် သေချာပေါက် သူ့ထက်များစွာ ပိုသိနားလည်မည်ဖြစ်၏။
ခဏခန့်စဉ်းစားပြီးနောက်"သွားရအောင်၊ ဆက်ပြီး ပိုက်ဆံသွားကောက်ကြမယ်" လီစုန့် တန်းရန်ကိုအချက်ပြခေါ်လိုက်သည်။
"အင်းအင်း သွားကြမယ်"
တန်းရန်လည်း ချက်ချင်းမတ်မတ်ရပ်လိုက်သည်။ ပိုက်ဆံကောက်မည့်အကြောင်း ပြောလိုက်သည်နှင့် သူ အိပ်ချင်ပြေသွားတော့၏။
"ပိုက်ဆံတွေ အများကြီး အများကြီး ကောက်ရမယ်၊ အိတ် ကပ်ထဲ အပြည့် ထည့်မယ်! ငါတို့ဆီမှာသာ ဒီလောက် ပိုက်ဆံတွေ အများကြီး ရှိမယ်ဆိုရင် ကောင်းမှာပဲ အကြွေးတွေ ဆပ်လို့ရမယ်၊ ပြီးတော့ ကောင်းတဲ့ ပစ္စည်းတွေလည်း အများကြီး အများကြီး ဝယ်လို့ရမယ်"
ပြီးနောက် ညကောင်းကင်ယံတွင် သေးငယ်သော အရိပ်နှစ်ခုသည် တဖြည်းဖြည်း ဝေးကွာသွားကာ ညအမှောင်ထုထဲတွင် ပျောက်ကွယ်သွားကြတော့သည်။
🫧 Chapter 262
'တာဝန်များလုပ်ဆောင်ခြင်း၊ ကျင့်ကြံခြင်း၊ တာဝန်များလုပ်ဆောင်ခြင်း၊ ကျင့်ကြံခြင်း'
ဤသို့သော နေ့စဉ်လုပ်ရိုးလုပ်စဉ်များမှာ ပဉ္စမမြောက်နေ့အထိ ဆက်လက်ဖြစ်ပေါ်နေခဲ့ပြီး ထိုအခါ ကျန်းလင် သည် တတိယမြောက် အခြေခံ ကျင့်ကြံခြင်း လမ်းညွှန်စာအုပ်ကို နောက်ဆုံးတွင် လဲလှယ်နိုင်ခဲ့သည်။
သို့သော် ယခုတစ်ကြိမ် ကျင့်ကြံခြင်းကတ်နှင့် လမ်းညွှန်စာအုပ်ကို လဲလှယ်ပြီးနောက်တွင်မူ ကျန်းလင် ချက်ချင်း ထွက်မသွားခဲ့ချေ။
ထို့နောက် သူသည် တာဝန်ပေးစင်တာထဲတွင် နေရာတစ်ခုရှာ၍ ထိုင်လိုက်ပြီး တတိယမြောက် အခြေခံ ကျင့်ကြံခြင်း လမ်းညွှန်စာအုပ်ကို ဖွင့်ကာ စတင်ဖတ်ရှုလေ၏။
တာဝန်ပေးစင်တာအတွင်း၌ ဝိညာဉ်တမန်တော် အများအပြား သွားလာနေကြသည်။
၎င်းမှာ တာဝန်များကို ရွေးချယ်နေကြခြင်းဖြစ်စေ၊ သို့မဟုတ် ကျွမ်းကျင်မှုအသစ်များ လဲလှယ်ပြီးခါစဖြစ်၍ မစောင့်ဆိုင်းနိုင်တော့ဘဲ ကြမ်းပြင်ပေါ်တွင် တိုက်ရိုက် ထိုင်ချကာ ဖတ်ရှုနေကြခြင်းဖြစ်စေ အမျိုးမျိုးရှိကြ၏။
သူတို့သည် ထိုင်ခုံများတွင် သွားထိုင်ရန်ပင် ဂရုမစိုက်ကြချေ။
ယှဉ်ကြည့်မည်ဆိုပါက ကျန်းလင်၏ အပြုအမူသည် အတော်လေး ပုံမှန်ဖြစ်နေသည်။
ထို့ကြောင့် မည်သူကမျှ ဂရုမစိုက်ကြချေ။
သို့သော် ကျန်းလင် လက်ထဲရှိ တတိယမြောက် အခြေခံ ကျင့်ကြံခြင်း လမ်းညွှန်စာအုပ်ကို သတိပြုမိသွားသော ဝိညာဉ်တမန်တော် အချို့ရှိနေပြီး သူတို့သည် မူလက ကျန်းလင်နှင့် စကားအနည်းငယ် ပြောချင်နေခဲ့ကြ၏။
ထိုသို့ပင်ဖြစ်သော်လည်း ကျန်းလင် ဤမျှအာရုံစူးစိုက်နေ သည်ကို မြင်လိုက်ရသဖြင့် နောက်ဆုံးတွင် ပါးစပ်ဟရုံသာ ဟလိုက်ပြီး မည်သည့်စကားမျှ မပြောဖြစ်တော့ချေ။
------
ပထမ လမ်းညွှန်စာအုပ်နှစ်အုပ်မှာ မိမိကိုယ်ကို နားလည်ခြင်းနှင့် မိမိ၏ကိုယ်ပိုင် စွမ်းအားများကို မည်သို့ အသုံးပြုရမည် ဆိုသည့်အချက်များအပေါ် အဓိကထားပေသည်။
သို့သော် တတိယမြောက် အခြေခံကျင့်ကြံခြင်း လမ်းညွှန်စာအုပ်မှာမူ ကျန်းလင် မျှော်လင့်ထားသကဲ့သို့ပင် ပြင်ပအရာဝတ္ထုများ အပေါ်တွင် အဓိက အလေးပေးထား၏။
'ငါတို့က တစ္ဆေစွမ်းအင်ကို အသုံးပြုပြီး တစ္ဆေလက်နက်တွေ၊ တစ္ဆေပစ္စည်းတွေကို ဖန်တီးနိုင်တယ်ဆိုရင် ပြင်ပအရာဝတ္ထုတွေကို အသုံးပြုပြီး မိမိကိုယ်ကိုယ်နဲ့ ပေါင်းစပ်လိုက်လို့ရော မရနိုင်ဘူးလား'
'အရာခပ်သိမ်းမှာ သူတို့ရဲ့ကိုယ်ပိုင် ထူးခြားချက်တွေ ရှိကြတယ် သူတို့ရဲ့အားသာချက်တွေကို ဖော်ထုတ်ပြီး နားလည်နိုင်မယ်ဆိုရင် အဲဒီအားသာချက်တွေကို ကိုယ့်ခန္ဓာကိုယ်ပေါ်မှာ အသုံးချလို့ရော မရနိုင်ဘူးလား'
ဤနေရာသို့ ရောက်သောအခါ ကျန်းလင်သည် တောင်ဘက်နန်းဆောင်မှ ဝိညာဉ်တမန်တော်များ၏ကျောဘက်တွင် ပေါ်လာတတ်သော အတောင်ပံများကို တွေးတောမိသွားသည်။
ထို့ပြင် ယခင်က တာဝန်ပေးစင်တာ တံခါးဝတွင် သူမြင်တွေ့ခဲ့ရသော ဝိညာဉ်တမန်တော်များ၏တိုက်ပွဲကိုလည်း အမှတ်ရသွား၏။
ထိုဝိညာဉ်တမန်တော် နှစ်ပါး၏ မူလခန္ဓာကိုယ်မှာ တိရစ္ဆာန် တစ်မျိုးမျိုး မဟုတ်သည်မှာ ထင်ရှားသော်လည်း သူတို့သည် ထိုတိရစ္ဆာန်၏ ထူးခြားချက်များကို အသုံးပြုနိုင်ခဲ့ကြသည်။
၎င်းမှာ လင်းယုန်လက်သည်း၊ ကျားဟိန်းသံ၊ လင်းပိုင်အော်သံ များကဲ့သို့ ဖြစ်၏။
ကျန်းလင် မျက်လုံးများသည် လေးနက်သွားသည်။
ရဲတင်းစွာ စိတ်ကူးယဉ်ကြည့်ရန်မှာ မည်သူမဆို လုပ်နိုင်ပေသည်။
သို့သော် ဤအခြေခံ ကျင့်ကြံခြင်း လမ်းညွှန်စာအုပ်ကို ဖန်တီးသူသည် စဉ်းစားတွေးတောရုံသာမက ဤစိတ်ကူးများ အားလုံးကို လက်တွေ့အကောင်အထည် ပေါ်လာစေရန်ပါ လုပ်ဆောင်နိုင်ခဲ့၏။
ပြောရမည်ဆိုလျှင် ၎င်းမှာ သရဲများကိုပင် အမှန်တကယ် လေးစားသွားစေနိုင်သည်လေ။
ထို့နောက် ကျန်းလင် တစ်ယောက် ဖတ်ရှုရင်း စဉ်းစားတွေး တောနေချိန်တွင် တာဝန်ပေးစင်တာရှိ တာဝန်ကြေညာသင် ပုန်း၏အမြင့်ဆုံးနေရာတွင် ရုတ်တရက် အပြောင်းအလဲ တစ်ခုဖြစ်ပေါ်သွားသည်။
ထိုအခိုက်အတန့်တွင် ကျန်းလင်သည် တစ်စုံတစ်ရာကို ခံစားသိရှိလိုက်ရသကဲ့သို့ ရုတ်တရက် မော့ကြည့်လိုက်၏။
သူသည် အခြေခံကျင့်ကြံခြင်း လမ်းညွှန်စာအုပ်မှ ခေါင်းမော့ကာ တာဝန်ကြေညာသင်ပုန်းဆီသို့ လှမ်းကြည့်လိုက်သည်။
တာဝန်ကြေညာသင်ပုန်း၏အမြင့်ဆုံးနေရာတွင် အချက်အ လက်များ မပါဝင်သော အလွတ်ဖြစ်နေသည့် တာဝန်ကတ် ပြား တစ်ခု ပေါ်လာ၏။
ရုတ်တရက် ကြည့်လိုက်ပါက တာဝန်ပေးစင်တာမှ ဝန်ထမ်းများ၏လုပ်ဆောင်မှု အမှားအယွင်း တစ်ခု ဖြစ်သွားသကဲ့သို့ ပုံပေါက်နေသည်။
သို့သော် ကျန်းလင် မျက်မှောင်ကြုတ်လိုက်ပြီး အာရုံစူးစိုက်ကာ ကြည့်လိုက်၏။
နောက်တစ်ခဏတွင် အလွတ်ဖြစ်နေသော ထိုတာဝန်ကတ် ပြားပေါ်၌ ရွှေရောင်စာလုံးတန်းများ ပေါ်လာတော့သည်။
'အထူးအဆင့် တာဝန်'
'အရင်တာဝန်ယူခဲ့သူက ဆယ်ရက်အတွင်း ပြီးမြောက်အောင် မဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ဒီတာဝန်ကို အထူးဖွင့်လှစ်ပေး လိုက်ပြီး တာဝန်ကတ်ပြား ဆယ်ခုချထားပေးလိုက်ပါတယ်'
'တာဝန် သတ်မှတ်ချက်- ဝိညာဉ်ဘုရင်အဆင့်နဲ့ ဝိညာဉ်ဘုရင်အဆင့် အထက်ဖြစ်ရမည်'
------
၎င်းမှာ လွန်ခဲ့သော ငါးရက်က အသားကင် စားပြီးနောက် ချင်ကျိုးကျိုး ကျန်းလင်အား ပြောပြခဲ့သော သတင်းအချက်အလက်ပင်။
သူမက "နောက်ငါးရက်နေရင် အထူးအဆင့်တာဝန် အချက် အလက်တွေ ထွက်လာလိမ့်မယ် ရှင်စမ်းကြည့်ချင်ရင်တော့ တာဝန်ပေးစင်တာကို သွားပြီး ဂရုတစိုက်ကြည့်နေလိုက်" ဟု ပြောခဲ့ခြင်း ဖြစ်၏။
ယနေ့သည်ကား ပဉ္စမမြောက်နေ့ပင် ဖြစ်ပေသည်။
ထိုအခါ သတင်းအချက်အလက်များကို ဖတ်ရှုပြီးနောက် ကျန်းလင်သည် ချက်ချင်း မတ်တတ်ရပ်ကာ တာဝန်လက်ခံဌာနသို့ သွားလိုက်သည်။
"ကျွန်တော် ဟိုရွှေရောင် စာလုံးတွေနဲ့ တာဝန်ကို ယူချင်ပါတယ်" ဟု ကျန်းလင်က ပြောလိုက်၏။
သူ ခန့်မှန်းတာ မမှားဘူးဆိုလျှင် ထိုအထူးအဆင့် တာဝန်၏ အချက်အလက်များကို တစ္ဆေဘုရင်အဆင့်နှင့် တစ္ဆေဘုရင်အဆင့် အထက်ရှိသူများသာမြင်တွေ့နိုင်မည် ဖြစ်သည်။
"သခင်ကြီး ကျေးဇူးပြုပြီး ဒီဘက်ကို ကြွခဲ့ပါ"
တာဝန်ပေးစင်တာမှ ဝန်ထမ်းသည် အံ့သြသွားခြင်းမရှိဘဲ တည်ငြိမ် ယဉ်ကျေးစွာဖြင့် ပြောလိုက်၏။
ကျန်းလင် ခေါင်းညိတ်လိုက်သည်ကိုမြင်သောအခါ သူသည် လှည့်ထွက်ကာ ကျန်းလင်အား အခြား အခန်းတစ်ခန်းသို့ ခေါ်ဆောင်သွားတော့သည်။
အထူးအဆင့် တာဝန်များသည် ပုံမှန်တာဝန်များနှင့် အနည်း ငယ်ကွာခြားပြီး တိကျသော အချက်အလက်များကို သီးသန့် လေ့လာနားလည်ရန်လိုအပ်၏။
၎င်းမှာ အချိန်ကန့်သတ်ချက်များ၊ ထို့အပြင် ဂရုပြုရမည့် အချက်အချို့ဖြစ်သည်။
ဤအချက်အလက်များကို နားလည်ပြီးနောက်တွင်မှ တာဝန်ကို ဆက်လက် လက်ခံလိုသေးပါက ဝန်ထမ်းများက တာဝန်ကတ်ပြားကို ထုတ်ပေးမည် ဖြစ်၏။
သို့သော် ထိုသို့မတိုင်မီ၌ တာဝန်ပေးစင်တာမှ ဝန်ထမ်းများ သည် တာဝန်ယူမည့် ဝိညာဉ်တမန်တော်ကို စွမ်းအားအကဲ ဖြတ်မှု တစ်ခု အရင် ပြုလုပ်မည် ဖြစ်သည်။
၎င်းမှာ တစ်ဖက်လူတွင် ဤစွမ်းအား အမှန်တကယ် ရှိမရှိ သေချာစေရန်နှင့် သွားရောက်အသေခံခြင်းမျိုး မဖြစ်စေရန်အတွက်ဖြစ်၏။
----
အထူးအဆင့် တာဝန်များကို အထူးအဆင့် တာဝန်များဟု ခေါ်ဆိုရခြင်းမှာ ၎င်းတို့သည် နတ်ဘုရားများနှင့် သက်ဆိုင်နေသောကြောင့်ပင်။
ဤအချက်ကို ချင်ကျိုးကျိုးလည်း ယခင်က ပြောပြဖူး၏။
ကျန်းလင်၏ ဝိညာဉ်ဘုရင် အလယ်အလတ်အဆင့် စွမ်းအားကိုအတည်ပြုပြီးနောက် တာဝန်ပေးစင်တာမှ ဝန်ထမ်းများသည် ကျန်းလင် အားတာဝန်နှင့် ပတ်သက်သော အချက် အလက်များကို စတင် ရှင်းပြလေသည်။
ကျန်းလင် သည် တစ်ဖက်မှ နားထောင်ရင်း တစ်ဖက်မှ သူ၏ နားလည်ထားမှုများကို အသစ်ပြန်လည် ပြင်ဆင်နေမိ၏။
နတ်ဘုရားများ၏ ခန္ဓာကိုယ်အတွင်းတွင် ကြီးမားလှသော စွမ်းအားများ ကိန်းအောင်းနေပြီး မတော်တဆမှုတစ်ခုခုကြောင့် ကွယ်လွန်သွားခဲ့လျှင်ပင် သူတို့၏ ခန္ဓာကိုယ်တွင်းရှိ စွမ်းအားများသည် ချက်ချင်းပျောက်ကွယ်သွားမည် မဟုတ်ချေ။
ပိုအစွမ်းထက်သူများဆိုလျှင် ထိုသို့ ပိုဖြစ်တတ်သည်။
ပြောင်းပြန်အားဖြင့် နတ်ဘုရားများ၏ခန္ဓာကိုယ်၊ သို့မဟုတ် စိတ်နှလုံးသည် ထိခိုက်ခံရပါက သေဆုံးပြီးနောက်ဖြစ်ပေါ် လာသော တုံ့ပြန်မှုများမှာလည်း ပိုကြီးမားလေ့ရှိ၏။
ဥပမာအားဖြင့် စိတ်နှလုံး မိစ္ဆာများ ဖြစ်သည်။
ထို့အပြင် စွမ်းအားတစ်မျိုးမျိုး၏ညစ်ညမ်းစေမှုကို ခံရခြင်းမျိုးလည်း ပါဝင်၏။
နတ်ဘုရား အများအပြားသည် ပြန်လည်မွေးဖွားခြင်း စွမ်းအားကို အသုံးပြု၍ မိမိကိုယ်ကို ပြန်လည်ကုစားလေ့ရှိကြသည်။
ထို့ကြောင့် ဤသို့သော ဝင်စားသူများသည် ပြန်လည်မွေးဖွားပြီးနောက်တွင်ပင် နတ်ဘုရားသဘာဝများကို ဆက်လက် ထိန်းသိမ်းထားနိုင်ဆဲဖြစ်၏။
အချိန်ကျရောက်လာသောအခါ သူတို့၏ခန္ဓာကိုယ်အတွင်း၌ ပုန်းကွယ်နေသော နတ်ဘုရားသဘာဝများနှင့် ယာယီဖုံးကွယ် ထားသော စွမ်းအားများမှာ တစ်ဖန် ပြန်လည် ပေါ်ထွက်လာပြီး သူတို့၏ နတ်ဘုရား နေရာသို့ ပြန်လည်ရောက်ရှိရန် ကူညီပေးမည် ဖြစ်သည်။
သို့သော် အခြား အခြေအနေတစ်မျိုးလည်း ရှိသေး၏။
၎င်းမှာ ပြန်လည်ကုစားမှု ကျရှုံးသွားခြင်း ဖြစ်သည်။
ခန္ဓာကိုယ် အတွင်းပိုင်းအခြေအနေမှာ ကောင်းမွန်မလာသည့်အပြင် ပိုဆိုးရွားလာတတ်သည်။
သေချာသည်မှာ ပြဿနာတစ်ခုခုကြောင့် ပြန်လည်မွေးဖွားကာ ကုစားနေသော ဤကဲ့သို့သော နတ်ဘုရားများနှင့် ပတ် သက်၍ ငရဲပြည် အတွင်း၌လည်း မှတ်တမ်းတင်ထားပြီး ပုံမှန် အခြေအနေကို သွားရောက် စောင့်ကြည့်လေ့လာတတ်၏။
ယခု အထူးအဆင့်တာဝန်မှာမူ ပြန်လည်မွေးဖွားကာ ဒဏ်ရာကိုကုစားနေသော နတ်ဘုရားတစ်ပါးသည် မိမိ၏ ဆိုးရွား သောအခြေအနေကို ဖုံးကွယ်ထားပြီး သတင်းမပို့ဘဲ အလုပ်သွားရာလမ်းတွင် မတော်တဆမှု တစ်ခုဖြစ်ပွားခဲ့ခြင်းဖြစ် သည်။
သူသေဆုံးပြီးနောက် ခန္ဓာကိုယ်ထဲတွင် ပုန်းကွယ်နေသော စွမ်းအားများပေါက်ကွဲထွက်လာကာ ပတ်ဝန်းကျင် မီတာတစ်ရာ ပတ်လည်ကို တိုက်ရိုက် သက်ရောက်မှုဖြစ်စေခဲ့၏။
ထို့ကြောင့် အထူး တစ္ဆေနယ်မြေတစ်ခုဖြစ်ပေါ်လာခဲ့သည်။
"အခုလောလောဆယ် အတည်ပြုနိုင်တာက အဲဒါက 'စည်း မျဉ်းစည်းကမ်း' တွေ ရှိတဲ့ တစ္ဆေနယ်မြေတစ်ခုပါ၊ ရူးသွပ်ကြမ်းတမ်းတဲ့ သတ်ဖြတ်လိုစိတ် စွမ်းအားတွေနဲ့ အပြည့် ဖုံးလွှမ်းနေတဲ့ နေရာမျိုး မဟုတ်ပါဘူး"
"ဒါကြောင့်မလို့ ကျွန်တော်တို့ သုံးသပ်ရသလောက် ပြန်လည်မွေးဖွားလာသူဟာ အသက်ရှင်စဉ် ဒါမှမဟုတ် သေဆုံးချိန်မှာ ပြင်းထန်တဲ့ စွဲလမ်းမှု တစ်ခုခု ရှိနေခဲ့လို့ အဲဒီလို တစ္ဆေနယ် မြေမျိုး ဖြစ်ပေါ်လာရတာပါ" ဟု တာဝန်ပေးစင်တာမှ ဝန်ထမ်းက ဖြည်းညင်းစွာပြောလိုက်သည်။
သူ့ မျက်နှာအမူအရာနှင့် အသံမှာမူ အလွန်အလွန်တည်ငြိမ်နေ၏။
ဤသို့သော အလုပ်မျိုးကို ကိုင်တွယ်ဖြေရှင်းရာတွင် အလွန် ကျွမ်းကျင်နေပြီ ဖြစ်သည်မှာထင်ရှားသည်။
"အခုချိန်မှာ လူသား ငါးယောက်ထက်မနည်း တစ္ဆေနယ်မြေထဲ ပါဝင်ပတ်သက်နေပါတယ် ကျွန်တော်တို့ အပြင်ဘက်ကနေ သူတို့နဲ့ တစ္ဆေနယ်မြေကြားက ဆက်သွယ်မှုကိုဖြတ်တောက်ဖို့ ကြိုးစားခဲ့ပေမယ့် ရလဒ်က သိပ်မကောင်းပါဘူး"
"သူတို့ရဲ့ လုံခြုံရေးကို သေချာစေချင်ရင်တော့ အကောင်းဆုံးက အတွင်းပိုင်းကနေပြီး 'ချိတ်ဆက်မှုကို ဖြတ်တောက်' တာပါပဲ"
တစ္ဆေနယ်မြေထဲသို့ ဆွဲသွင်းခံရသော်လည်း ခန္ဓာကိုယ်မှာ လူ့လောကတွင် ကျန်ရစ်နေသော လူသားများကို ငရဲပြည်မှ ဝိညာဉ်တမန်တော်များက ကြည့်မည်ဆိုပါက သူတို့၏ ဝိညာဉ်များက တစ္ဆေနယ်မြေနှင့် ချိတ်ဆက်ခံလိုက်ရသည်နှင့် တူညီနေ၏။
အကယ်၍ သူတို့ကို ကယ်တင်ချင်ပါက ချိတ်ဆက်ထားသော ထိုကြိုးကို ဖြတ်တောက်ရမည် သို့မဟုတ် အတွင်းပိုင်းမှ ဝင်ရောက်ကာ ချိတ်ဆက်မှုကို ဖြတ်တောက်ရမည်ဖြစ်သည်။
ဤနေရာသို့ ရောက်သောအခါ ထိုဝန်ထမ်းသည် ခဏရပ်လိုက်ပြီး သူ့ မျက်နှာအမူအရာမှာ လေးနက်သွား၏။
"ဒါပေမယ့် ဒီတစ်ခါလည်း အတွင်းပိုင်းကနေ ချိတ်ဆက်မှုကို မဖြတ်တောက်နိုင်ဘူးဆိုရင် ကျွန်တော်တို့က အင်အားသုံးတဲ့ နည်းလမ်းကို ရွေးချယ်ပြီး လူသားတွေကို ချိတ်ဆက်ထားတဲ့ ကြိုးကို အကြမ်းဖက်ဖြတ်တောက်ရပါလိမ့်မယ်"
အကြမ်းဖက် ဖြတ်တောက်ခြင်းက ဆိုးရွားသောသက် ရောက်မှုများ ဖြစ်ပေါ်လာနိုင်ခြေ အလွန်များသော်လည်း ၎င်းမှာ မလွှဲမရှောင်သာသော လုပ်ရပ်တစ်ခုဖြစ်သည်။
အထူးအဆင့်တာဝန်ကိုတွေ့ရှိသည်နှင့် တစ်ပြိုင်နက် ဝိညာဉ်တမန်တော်များက သွားရောက်၍ ၎င်း၏ခက်ခဲမှုနှင့် ထူးခြားချက်များကို သတ်မှတ် အကဲဖြတ်ကြပြီးနောက် သင့်တော်သော ဝိညာဉ်တမန်တော်များထံသို့ ချထားပေးမည် ဖြစ်၏။
သို့သော် ထိုဝိညာဉ်တမန်တော်က သတ်မှတ်ထားသော အချိန်ကာလအတွင်း ပြီးမြောက်အောင် မဆောင်ရွက်နိုင်ပါက သို့မဟုတ် တစ္ဆေနယ်မြေကို ပိုမိုကြီးမားသော သက်ရောက်မှုများ ဖြစ်ပေါ်စေခဲ့ပါကတာဝန်ပေးစင်တာသည် ဒုတိယ အစီအမံကို စတင်လုပ်ဆောင်မည် ဖြစ်သည်။
၎င်းမှာ တာဝန်ကိုအများအတွက် ဖွင့်လှစ်ပေးခြင်းပင် ဖြစ်၏။
ယခု အထူးအဆင့်တာဝန်အတွက် သူတို့က နေရာဆယ်နေရာကို ဖွင့်လှစ်ပေးခဲ့သည်။
နေရာ ဆယ်နေရာတွင် တာဝန်ယူမည့် ဝိညာဉ်တမန်တော်တိုင်းသည် တစ္ဆေဘုရင်အဆင့် သို့မဟုတ် တစ္ဆေဘုရင်အဆင့် အထက်ဖြစ်ရမည် ဖြစ်၏။
ဤမျှလောက်သော စွမ်းအားနှင့် ဤမျှလောက်သော အရေ အတွက်ဆိုလျှင် တာဝန်ကို အမြစ်ပြတ် ရှင်းလင်းသည့် နည်းလမ်းဖြင့် ဖြေရှင်းခြင်းဟုပင် ဆိုနိုင်ပေသည်။
အကယ်၍ ဆက်လက်၍ ပြီးမြောက်အောင် မဆောင်ရွက်နိုင်သေးပါက တာဝန်ပေးစင်တာသည် တတိယ အစီအမံကို စတင်လုပ်ဆောင်မည်ဖြစ်၏။
၎င်းမှာ အကြမ်းဖက် အင်အားသုံးလုပ်ဆောင်ခြင်းပင်။