အခန်း (၂၆၃-၂၆၄)
Vol. 27 Ch. 263-264
🫧 Chapter 263
"ဒီနေ့ လုပ်ရမယ့် တာဝန်က နည်းနည်းတော့ ထူးခြားလိမ့်မယ်"
တာဝန်ပေးစင်တာမှ တာဝန်ကို လက်ခံရယူပြီးနောက် ကျန်းလင်သည် ငရဲပြည်မှ စတင်ထွက်ခွာကာ အထူးအဆင့် တာဝန်ကို လုပ်ဆောင်ရန်ပြင်ဆင်တော့သည်။
ယခုတစ်ကြိမ် ငရဲပြည်မှ နေရာဆယ်နေရာ ချထားပေးသဖြင့် ထိုအချိန်ကျရောက်လာလျှင် သွားရောက်မည့် ဝိညာဉ်တမန်တော်များမှာ နည်းပါးမည်မဟုတ်ချေ။
ထို့နောက် လူ့လောကသို့ သွားရာလမ်းတွင် ကျန်းလင်သည် ပုံမှန်အတိုင်း တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကိုဖွင့်လိုက်ပြီး စကားတစ်ခွန်း ရှင်းပြလိုက်သည်။
ဤရက်များအတွင်း အလုပ်များနေခဲ့သဖြင့် ဤကဲ့သို့သော အချိန်မျိုးတွင်သာ စနစ်၏နေ့စဉ် တိုက်ရိုက်ထုတ်လွှင့်မှု တာဝန်ကို လုပ်ဆောင်နိုင်တော့သည်လေ။
[Live လွှင့်တဲ့သူက ဒီနေ့ ငါတို့ကို ရှင်းပြဖို့တောင် အချိန်ရနေပါလား ပြတင်းပေါက်နား သွားပြီး နေများ အနောက်ဘက်က ထွက်လာသလားလို့ သွားကြည့်လိုက်ဦးမယ်]
[ဒီမနက် နိုးလာကတည်းက ဘယ်ဘက်မျက်ခွံက တစ်ချိန်လုံး လှုပ်နေတာ၊ တကယ်ပဲ ကောင်းတဲ့ကိစ္စလေးတွေ ဖြစ်လာတော့မှာကိုး]
ကျန်းလင် သည် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကို မျက်နှာမူကာ စကားစပြောလိုက်သည်နှင့် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲရှိ ကွန်မန့်များမှာ ချက်ချင်းပင် ဆူညံသွားတော့၏။
သူတို့ တစ်ယောက်ချင်းစီတိုင်းမှာ အလွန်စိတ်လှုပ်ရှားနေကြသည်။
ဤရက်များအတွင်း Live လွှင့်သူ အလုပ်များနေသဖြင့် ကြည့်ရှုသူများမှာ Live လွှင့်သူနှင့် စကားမပြောရသည်မှာ အတော်လေးကြာပြီဟု ခံစားနေရသည်။
သူတို့သည် တည်ငြိမ်စွာ နေထိုင်တတ်နေပြီ ဖြစ်သော်လည်း ၎င်းမှာ သူတို့၏ယခုအချိန်ရှိ စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုများကို အဟန့်အတား မဖြစ်စေပါချေ။
[Live လွှင့်သူ Live လွှင့်သူရေ၊ ပရိသတ်အသစ်လေး ရောက်လာပါပြီလို့ သတင်းပို့ပါတယ်]
[Live လွှင့်တဲ့သူရေ ဒီနေ့ ကျွန်တော်တို့ ဘယ်သွားကြမလဲ လူဆိုးဖမ်းမှာလား ဒါမှမဟုတ် ပစ္စည်းရှာမှာလား]
ဤရက်များအတွင်း ကြည့်ရှုသူများသည် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းနှင့်အတူ တာဝန်များလုပ်ဆောင်ရာ နေရာအနှံ့သို့ လိုက်ပါခဲ့ကြပြီး အရာများစွာကိုလည်း မြင်တွေ့ခဲ့ရပေသည်။
ထို့ကြောင့် သူတို့သည်လည်း အတွေ့အကြုံများပြားပြီး ဗဟုသုတ ကြွယ်ဝသော လူများအဖြစ် သတ်မှတ်၍ ရနေပြီ ဖြစ်၏။
ထိုအခါ အရည်အချင်းစုံလင်သော ကြည့်ရှုသူအချို့သည် ထိုငရဲပြည်မှ သက်ရှိသတ္တဝါများအကြောင်းကို ရေးသား ပြုစုကာ ငရဲပြည်သက်ရှိသတ္တဝါ မှတ်တမ်းတစ်ခု ပြုလုပ်ရန်ပင် ပြင်ဆင်နေကြသည်။
------
ကျန်းလင်သည် ကြည့်ရှုသူများ၏တုံ့ပြန်မှုက ဤမျှပြင်း ထန်လိမ့်မည်ဟု မထင်ထားခဲ့ချေ။
ထို့နောက် သူသည် ခဏမျှ စဉ်းစားလိုက်ပြီးနောက် စကားတစ်ခွန်း ထပ်ဖြည့်ပြောလိုက်၏။
"ဒီတစ်ခါ တာဝန်ကနည်းနည်းထူးခြားတယ်၊ ခဏနေရင် အားလုံးပဲ စကားပြောတဲ့အခါ သတိထားကြပါ"
မည်သို့ပင်ဖြစ်စေ ယခုတစ်ကြိမ် လုပ်ဆောင်ရမည်မှာ အထူးအဆင့် တာဝန်ဖြစ်ပြီး ပုံမှန်နှင့် အနည်းငယ်ကွာခြားနေပေသည်။
သူသည် စနစ်၏တိုက်ရိုက်ထုတ်လွှင့်မှု ကိရိယာများအပေါ် အနည်းငယ် ယုံကြည်မှု ရှိသော်လည်း ပထမဆုံးအကြိမ် ဖြစ်သဖြင့် သတိထားခြင်းက အမြဲတမ်း အမှားကင်းပေသည်။
ထိုအခါကွန်မန့်များတွင်
[ok]
[အမိန့်အတိုင်းပါ]
[ကောင်းပါပြီ Streamer ]
စသည်ဖြင့် ပေါ်လာသည်ကို မြင်သောအခါ ကျန်းလင်သည်လည်း စကားဆက်မပြောတော့ဘဲ တာဝန်လုပ်ဆောင်ရမည့် နေရာသို့ တိုက်ရိုက် ပျံသန်းသွားတော့၏။
ပြဿနာဖြစ်ပွားရာနေရာမှာ ကားလမ်းမဘေး တစ်နေရာတွင် ဖြစ်ပြီး တာဝန်ပေးစင်တာမှ ဝန်ထမ်းများ၏ စုံစမ်းစစ်ဆေးမှုများအရ ဖြစ်သည်။
ထိုအချိန်က ပြန်လည်မွေးဖွားလာသူသည် အလုပ်သို့ လမ်း လျှောက်သွားနေစဉ် လမ်းလျှောက်နေရင်းဖြင့် ခန္ဓာကိုယ်အတွင်း အခြေအနေမှာ ရုတ်တရက် ဆိုးရွားသွားခဲ့ခြင်း ဖြစ်၏။
သူသေဆုံးပြီးနောက် ပုံမှန်မဟုတ်ဘဲ ပြောင်းလဲသွားသော ခန္ဓာကိုယ်သည် ဤနယ်မြေအတွင်းသို့ ပေါင်းစပ်ဝင်ရောက်သွားခဲ့ပြီဖြစ်သည်။
ကျန်းလင်သည် ထိုကားလမ်းမ၏အထက် ကောင်းကင်ယံတွင် ရပ်တန့်လိုက်ပြီး ပတ်ဝန်းကျင် အခြေအနေကို တစ်ချက်အကဲခတ်လိုက်သည်။
၎င်း၏ဘယ်ဘက်ခြမ်းတွင် မြေကုန်းတစ်ခု ရှိပြီး သံပြားနံရံများဖြင့် ကာရံထားကာ တစ်စုံတစ်ခု တည်ဆောက်မည့်ပုံ ပေါ်နေ၏။
ညာဘက်ခြမ်းတွင်မူ လူမနေသေးသော လမ်းသွယ်တစ်ခု ရှိပြီး အနည်းငယ် ဝေးသော နေရာတွင် ရှေးဟောင်းပုံစံလမ်း သွယ်တစ်ခုရှိပေသည်။
ရှေ့ဘက် မီတာဆယ်ဂဏန်း အကွာတွင်မူ စာအံသံများ ထွက်ပေါ်နေသော ကျောင်းတစ်ကျောင်းရှိ၏။
ကျန်းလင် မျက်မှောင် အနည်းငယ် ကြုတ်လိုက်သည်။
ဤနယ်မြေတစ်ခုလုံးသည် တစ္ဆေနယ်မြေ၏ အတိုင်းအတာအတွင်း၌ အကျုံးဝင်သွားပြီဖြစ်ကြောင်း သူသိထားသော် လည်း သူ ဤနေရာသို့ စတင်ရောက်ရှိချိန်တွင်မူ အလွန်သိသာသော ခံစားချက်မျိုး မရှိခဲ့ချေ။
အနည်းငယ် ထူးဆန်းသော ခံစားချက်လေးသာ ရှိနေခဲ့သည်။
ထိုအခါ အကယ်၍ ကြိုတင် မသိထားခဲ့လျှင်၊ ထို့အပြင် တာဝန်ပေးစင်တာမှ ပေးလိုက်သော တာဝန်ကတ်ပြားကို ကိုင်ဆောင်ထားခြင်း မရှိလျှင် ဤနေရာတွင် တစ္ဆေနယ်မြေ ဝင်ပေါက်တစ်ခု ရှိနေကြောင်းကို ပထမဆုံးအကြိမ်မှာပင် ရှာဖွေတွေ့ရှိရန် အလွန် ခက်ခဲပေလိမ့်မည်။
၎င်းမှာ ဤအထူးအဆင့်တာဝန်၏ ပုန်းကွယ်နိုင်စွမ်းမှာ အလွန် အားကောင်းလွန်းသောကြောင့် ဖြစ်၏။
-----
[......]
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲရှိ ကွန်မန့်နေရာမှာ ရှားရှားပါးပါး ဗလာကျင်းနေ၏။
ကြည့်ရှုသူများသည် Streamer ၏ မှာကြားချက်ကို သေချာစွာ မှတ်သားထားကြပြီး တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကို တိတ်ဆိတ်စွာ ကြည့်ရှုနေကြသည်။
အကယ်၍ ယခုမှ ဝင်လာပြီး အခြေအနေကို မသိသော ကြည့်ရှုသူများ ရှိပါက အခြားသူများက 'Streamer စကားပြောရင် သတိထားဖို့ ပြောထားတယ်' ဟု ချက်ချင်း သတိပေးကြပေသည်။
ထိုကွန်မန့်ကို မြင်ပြီးနောက် ယခုမှဝင်လာသော ကြည့်ရှုသူသည်လည်း အသံမထွက်ရဲတော့ချေ။
Streamer သည် သူတို့နှင့် ဤသို့သော စကားမျိုး ပြောလေ့ပြောထ မရှိသော်လည်း တစ်ခါပြောလာပြီဆိုလျှင် သေချာ ပေါက် အလွန်လေးနက်သော ကိစ္စဖြစ်ပေလိမ့်မည်။
သူတို့သည် အသက်အန္တရာယ် မလုံခြုံတော့ခြင်းမျိုး၊ သို့မဟုတ် ရုတ်တရက် တစ်စုံတစ်ခု၏ နှောင့်ယှက်ခြင်းကို ခံရခြင်းမျိုး လုံးဝမဖြစ်ချင်ကြချေ။
ဥပမာအားဖြင့် နောက်ကို လှည့်ကြည့်လိုက်ချိန်တွင် နံရံတစ်ခုက ပွေ့ဖက်ထားခြင်းမျိုး ကဲ့သို့သော ထူးဆန်းကြောက်မက်ဖွယ် ကိစ္စရပ်များဖြစ်သည်။
ထို့နောက် ကြည့်ရှုသူများသည် Streamer ကားလမ်းမ၏ အထက်ကောင်းကင်ယံတွင် ရပ်တန့်နေပြီး တိတ်ဆိတ်စွာ ခဏမျှ စဉ်းစားတွေးတောနေသည်ကို မြင်တွေ့လိုက်ရသည်။
ထို့နောက် အင်္ကျီလက်စွပ်အိတ်ထဲမှ ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်ပြီး သူ့ရှေ့ရှိ လေဟာနယ်ထဲသို့ ဝင်ရောက်သွားတော့၏။
Streamer ရှေ့တွင် ဘာမျှမရှိသည်မှာ ထင်ရှားသော်လည်း Streamer ရှေ့သို့ လျှောက်သွားချိန်တွင် ထိုလေဟာနယ်မှာ လှိုင်းဂယက်လေးများ စတင်ဖြစ်ပေါ်လာသည်။
ထို့နောက်တံခါး တစ်ချပ်နှင့်တူသော အရာတစ်ခုမှာ လေဟာ နယ်ထဲမှ ရုတ်တရက် ပေါ်ထွက်လာကာ မျက်တောင်တစ်ခတ်အတွင်း Streamer သည် ကားလမ်းမ အထက်ကောင်းကင်ယံမှ ပျောက်ကွယ်သွားတော့သည်။
တိုက်ရိုက်ထုတ်လွှင့်မှု အခန်း၏မြင်ကွင်းသည်လည်း အတူတကွ ပြောင်းလဲသွားပြီး အခြားသော လေဟာနယ် တစ်ခုသို့ ရောက်ရှိသွားပေသည်။
သို့သော် မြင်ကွင်းငြိမ်သက်သွားသော အခိုက်အတန့်တွင် ကြည့်ရှုသူများ အားလုံးကြောင်အမ်းသွားကြ၏။
မျက်မှောက်ရှိ မြင်ကွင်းမှာ ရင်းနှီးလွန်းသည်ဟု ဆိုနိုင်သကဲ့ သို့ စိမ်းသက်လွန်းနေသည်ဟုလည်း ဆိုနိုင်ပေသည်။
တစ်ခါတစ်ရံတွင် အချို့သော အရာများသည် သင်က ၎င်းကို သိနေသော်လည်း ၎င်းက သင့်ကိုမသိခြင်းမျိုးဖြစ်တတ် သည်။
သို့မဟုတ် သင်က ၎င်းကို အလွန်မုန်းတီးနေသော်လည်း အိပ်မက်ထဲ၌ဖြစ်စေ၊ အပြင်၌ဖြစ်စေ ၎င်းချည်းသာ ဖြစ်နေတတ်၏။
ဤကဲ့သို့သော အခြေအနေမျိုးသည် တူညီသော အရာတစ်ခုအပေါ်တွင် တစ်ပြိုင်နက်တည်း ဖြစ်ပေါ်နေမည်ဟု စိတ်ကူးကြည့်ရန် အလွန်ခက်ခဲပေသည်။
သို့သော် တကယ်တမ်းတွင်မူ ဤကဲ့သို့သော အရာများက အမှန်တကယ် တည်ရှိနေသည်လေ။
သို့သော် အဘယ်ကြောင့်များ မရဏလောကရဲ့ မြင်ကွင်းထဲမှာပါ ဒီအရာကို တွေ့နေရတာလဲ။
'သရဲဖြစ်သွားရင်တောင်မှ မလွတ်မြောက်နိုင်တော့ဘူးလား'
ဖန်သားပြင်ရှေ့ရှိ ကြည့်ရှုသူများ၏မျက်နှာအမူအရာများမှာ တစ်ခဏမျှ တောင့်တင်းသွားကြပြီး မသိစိတ်မှပင် ကွန်မန့် ပေးချင်သွားသော်လည်း အချိန်မီ လက်ကို ပြန်ရုပ်လိုက်ကြသည်။
'ဘယ်လိုလုပ်ရမလဲ ဘယ်သူများ ငါ့ကို ရှင်းပြပေးနိုင်မလဲဟင်'
'သောက်ကျိုးနည်း အခြားလူတွေ ဘယ်လို တုံ့ပြန်ကြမလဲဆိုတာကို အရမ်းသိချင်နေပြီ'
Live လွှင့်သူက စကားပြောလျှင် သတိထားရန်၊ သတိထားရန် ပြောထားသည်လေ။
သို့သော် ဤသတိထားမှုက အတိအကျ မည်သည့်အတိုင်း အတာအထိ သတိထားရမည်ဆိုသည်ကို ကြည့်ရှုသူများမှာ အခြေအနေကို နားမလည်နိုင်ဖြစ်နေကြ၏။
တစ်ခဏမျှ ကွန်မန့်များမှာ ဗလာကျင်းနေပြီး မည်သူကမျှ စကားမပြောကြချေ။
ယားယံနေသော လက်များက ဆန့်ထွက်လိုက်၊ ပြန်ရုပ်လိုက်၊ ဆန့်ထွက်လိုက်၊ ပြန်ရုပ်လိုက် ဖြစ်နေကြတော့သည်။
----
တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းထဲတွင်
ကျန်းလင်သည် သူ၏ရှေ့ရှိ မြင်ကွင်းကိုကြည့်ရင်း အနည်း ငယ် အံ့အားသင့်သွားသည်။
အထက်အောက်၊ ဘယ်ညာ အားလုံးသည် အဖြူရောင် နံရံများဖြစ်ပြီး ပတ်ပတ်လည်တွင် တံခါးမရှိသကဲ့သို့ ပြတင်း ပေါက်လည်း မရှိချေ။
ထိုနံရံများထဲမှ တစ်ဖက်တွင်မူ အလျား နှစ်မီတာ၊ အနံ တစ်မီတာရှိသော ကျောက်သင်ပုန်းတစ်ခု ရှိ၏။
ကျောက်သင်ပုန်း၏ အရှေ့တည့်တည့်တွင်မူ စားပွဲနှင့် ကုလားထိုင် တစ်စုံ ရှိသည်။
ကျောင်းသားများ စာသင်ရာတွင် အသုံးပြုသော အရာများကဲ့သို့ပင်ဖြစ်ပေသည်။
သို့သော် ဤစာသင်ခန်းမှာ ဟာလာဟင်းလင်းလွန်းနေပြီး ဤစားပွဲနှင့် ကုလားထိုင် တစ်စုံတည်းသာ ရှိနေ၏။
ပတ်ပတ်လည်တွင်လည်း လေဝင်လေထွက် လုံးဝမရှိသကဲ့ သို့ စာအံသံများလည်း မရှိဘဲ သစ်ပင်ရိပ်နှင့် နေရောင်ခြည်များလည်း မရှိပါချေ။
ကျန်းလင် ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။
သူ အံ့အားသင့်သွားခြင်းမှာ ဤမြင်ကွင်း ပေါ်လာခြင်းကြောင့် မဟုတ်ဘဲ ဤနေရာ၏ထူးခြားမှုကြောင့် ဖြစ်သည်။
ဤတာဝန်ကို လက်ခံစဉ်က သူသည် ဆက်စပ်သတင်းအချက်အလက်များကို ရရှိခဲ့ပြီး ဖြစ်၏။
၎င်းမှာ ဆရာ နှင့် စာမေးပွဲခန်းပင် ဖြစ်သည်။
သေဆုံးသွားသော ထိုပြန်လည်မွေးဖွားလာသူမှာ ဆရာတစ်ယောက်ဖြစ်ပေသည်။
ဤလေဟာနယ်ထဲသို့ စတင် ခြေချလိုက်ချိန်တွင် ကျန်းလင် သည် တစ္ဆေစွမ်းအင်များကို အပြင်ဘက်သို့ ဖြန့်ကြက်ရန် ကြိုးစားခဲ့သည်။
သို့သော် မကြာမီမှာပင် အဟန့်အတားများနှင့် ရင်ဆိုင်လိုက်ရ၏။
ထိုတစ္ဆေစွမ်းအင်များသည် ဤလေဟာနယ်အတွင်း၌ လွတ် လပ်စွာ ဖြန့်ကြက်နိုင်သော်လည်း ဤလေဟာနယ်နှင့် နံရံလေးဘက်အတွင်း၌သာ ကန့်သတ်ခံထားရသည်။
ထိုအပြင်ဘက်သို့မူ စူးစမ်းရှာဖွေ၍ မရတော့သကဲ့သို့ ခံစားသိရှိနိုင်စွမ်းလည်း မရှိတော့ချေ။
တစ္ဆေနယ်မြေ တစ်ခုလုံးတွင် အကျဉ်းခန်းနှင့် တူသော ဤစာသင်ခန်းလေးသာ ရှိနေသကဲ့သို့ပင်။
သို့သော် ထိုသို့ဖြစ်ရန် မဖြစ်နိုင်ကြောင်း ကျန်းလင်လည်း သိထား၏။
ထို့နောက် သူ လက်ကို မြှောက်လိုက်ရာ လက်ချောင်းထိပ်တွင် တစ္ဆေချီ အစုအဝေးငယ်လေး တစ်ခုစုစည်းလာပြီး ရှေ့ရှိ အဖြူရောင် နံရံပေါ်သို့ ပေါ့ပါးစွာ ကျဆင်းသွားတော့ သည်။
'ခွပ်'
ယင်းအချိန်မှသာတိုးညင်းသော အသံတစ်သံ ထွက်ပေါ်လာကာ 'ခွပ် ခွပ်' ကွဲအက်သံ အချို့ ထပ်မံထွက်ပေါ်လာသည်။
သာမန်မျှသာ ဖြစ်ပုံရသော တစ္ဆေချီ အစုအဝေးငယ်လေးသည် ဤနံရံ၏ အကာအကွယ်ကို လွယ်ကူစွာဖောက်ထွင်းသွားနိုင်ခဲ့၏။
ထို့နောက်ပင့်ကူအိမ်ကဲ့သို့သော အက်ကွဲကြောင်းများသည် အဖြူရောင် နံရံပေါ်တွင် လျင်မြန်စွာပျံ့နှံ့လာတော့သည်။
နံရံ တစ်ဖက်၊ နံရံ နှစ်ဖက် မှစတင်ကာ ခဏအကြာတွင် လေဟာနယ် တစ်ခုလုံးသည် ပင့်ကူအိမ်ကဲ့သို့သော အက်ကွဲကြောင်းများဖြင့် ပြည့်နှက်သွားတော့သည်။
ထို့နောက် အခိုက်အတန့် တစ်ခုတွင် အားလုံးပြိုင်တူ ကွဲအက်သွားကြ၏။
'ဝုန်း'
အခန်းတစ်ခုလုံးသည် အမှုန့်အဖြစ်ပြောင်းလဲသွားသော် လည်း မျက်တောင်တစ်ခတ်အတွင်း လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာသည်။
ပြီးလျှင်ချက်ချင်းပုံစံတူ အခန်းတစ်ခန်းက မျက်စိရှေ့တွင် ပြန်လည် ပေါ်ပေါက်လာ၏။
ထိုစားပွဲနှင့် ကုလားထိုင်၊ ထိုကျောက်သင်ပုန်း၊ ထိုနှင်းလို ဖြူဖွေးနေသော နံရံများပင်ဖြစ်ပေသည်။
၎င်းသည်သံသရာ တစ်ခုထဲသို့ ဝင်ရောက်သွားသကဲ့သို့ ဖြစ်နေပြီး ဤနေရာတွင် အကျဉ်းချခံထားရသကဲ့သို့လည်း ဖြစ်နေ၏။
ကျန်းလင် သည် လက်ကို ထပ်မံ မြှောက်လိုက်ပြီး ယခုတစ်ကြိမ်တွင်လည်း သူသည် တစ္ဆေစွမ်းအင် အနည်းငယ်ကိုသာ အသုံးပြုခဲ့သည်။
အခြေခံကျင့်ကြံခြင်း လမ်းညွှန်စာအုပ် ပထမတွဲ၊ မိမိ၏ ကိုယ်ပိုင် စွမ်းအားများကို နားလည်ခြင်းဒုတိယတွဲ၊ မိမိ၏ ရည်ရွယ်ချက်ကိုရရှိရန် စွမ်းအားများကို မည်သို့ ပြောင်းလွယ်ပြင်လွယ် အသုံးပြုရမည်နည်း။
အကယ်၍ ယခင်ကသာ ဆိုပါက ကျန်းလင်သည် တိုက်ရိုက်ပင် လက်သီးဖြင့် ထိုးခွဲလိုက်လောက်ပေသည်။
သို့သော် ယခုအခါတွင်မူ တစ္ဆေစွမ်းအင် အနည်းငယ်ဖြင့် ပြီးမြောက်နိုင်သော ကိစ္စကို အဘယ်ကြောင့် တစ္ဆေစွမ်းအင်များ ဖြုန်းတီးနေမည်နည်း။
ထို့အပြင် ဤကဲ့သို့ အခြေအနေကို ရှင်းရှင်းလင်းလင်း မသိရသေးသော စိမ်းသက်သည့် ပတ်ဝန်းကျင်မျိုးတွင် ပိုလို့မဖြုန်းတီးသင့်ပါချေ။
ထို့နေရာကိုစူးစမ်းလျက် ကျန်းလင်လက်ဝှေ့ယမ်းလိုက်သည်နှင့် သူ့ ဝတ်ရုံစများသည်လည်း အထက်အောက် လွင့်ပျံသွားတော့သည်။
'ဝုန်း'
🫧 Chapter 264
'ဝုန်း'
ကျန်းလင် လက်မြှောက်လိုက်သော အခိုက်အတန့်တွင် မီတာဝက်ကျော် ရှည်လျားသော တစ္ဆေချီ ဓားသွားသုံးခုသည် လေထဲတွင် ပေါ်လာတော့၏။
ထို့နောက် သူ့ရှေ့ရှိ နံရံဆီသို့ ပြင်းထန်စွာ ခုတ်ပိုင်းချလိုက်သည်။
ထိုအခါဓားဖြင့် တို့ဟူးကို လှီးဖြတ်လိုက်သကဲ့သို့ မျက်စိရှေ့ရှိ နံရံပေါ်တွင် ဟာလာဟင်းလင်း ဖြစ်သွားသော ဓားရာ သုံးခု ချက်ချင်း ပေါ်လာတော့၏။
ထိုဟာလာဟင်းလင်း ဖြစ်နေသော နေရာများမှတစ်ဆင့် အပြင်ဘက်ကို ဝိုးတဝါး မြင်နိုင်ပြီး အမှောင်ထုသာ ဖုံးလွှမ်းနေသည်။
ပြီးလျှင်ချက်ချင်း နောက်တစ်စက္ကန့်တွင် ထိုနံရံသည် ပြန်လည် ကောင်းမွန်သွားပြန်၏။
အကယ်၍ တစ်စုံတစ်ယောက်က အနည်းငယ် ဂရုစိုက်ကြည့်မည် ဆိုပါက စောစောက တစ္ဆေချီ ဓားသွား သုံးခု ခုတ်ပိုင်းသွားခဲ့သော ဓားရာများကို တွေ့ရပေမည်။
အရှည်ဖြစ်စေ၊ အရွယ်အစားဖြစ်စေ အားလုံးမှာ ထပ်တူနီးပါး တူညီနေကြသည်။
၎င်းမှာ ကျန်းလင်သည် မိမိ၏ကိုယ်ပိုင် စွမ်းအားများကို တိကျစွာ ထိန်းချုပ်နိုင်ရန် သင်ယူနေခြင်းကြောင့် ဖြစ်၏။
အမှန်တကယ် အစွမ်းထက်သော သရဲများသည် အဆင့် အတန်း မြင့်မားလာရန်သာမက မိမိစွမ်းအားများကို တိကျစွာ အသုံးပြုတတ်ရန်လည်း လိုအပ်ပေသည်။
ဤသည်မှာ လူ့လောကရှိ အချို့သော ပညာရှင်များနှင့် တူညီနေ၏။
ပညာရှင်များသည် အမှတ်ပြည့် ရသွားမည်ကို မကြောက်ဘဲ မိမိ၏အမှတ်ကို မထိန်းချုပ်နိုင်မည်ကိုသာ ကြောက်ရသကဲ့သို့ ဖြစ်သည်။
"ဒါက 'စည်းမျဉ်း' ပုံစံ တစ္ဆေနယ်မြေဆိုတာပဲ"
ကျန်းလင် သည် ပြန်လည်ကောင်းမွန်သွားသော နံရံကို ကြည့်ရင်း ထပ်မံ လှုပ်ရှားရန် မကြိုးစားတော့ချေ။
သူ့ စိတ်ထဲတွင် ကြိုတင် ခံစားမိနေသည်မှာ စောစောက အခွင့်အရေးယူ၍ အပြင်သို့ ထွက်သွားခဲ့လျှင်ပင် အပြင်ဘက်သည် တစ္ဆေနယ်မြေ၏ အမှန်တကယ်ပုံစံ ဖြစ်နေမည် မဟုတ်ကြောင်းကို ဖြစ်၏။
တစ္ဆေနယ်မြေ တည်ရှိမှုဆိုသည်မှာ တကယ်တမ်းတွင် လေဟာနယ် တစ်ခုကို ဖွင့်လှစ်လိုက်ပြီး မိမိပိုင်ဆိုင်သော ကမ္ဘာငယ်လေး တစ်ခု ဖန်တီးလိုက်ခြင်းပင် ဖြစ်သည်။
အချို့သော သရဲများသည် အတွင်း၌ နေထိုင်ရန်အတွက်သာ အိမ်များ၊ ပရိဘောဂများ မျိုးစုံကို ဖန်တီးထားတတ်ကြ၏။
ယခင်က သူကြုံတွေ့ခဲ့ရသော သတို့သမီး သရဲမ၏ တစ္ဆေနယ်မြေတွင်ဆိုလျှင် အတွင်း၌ ရာသီဥတု လေးမျိုး ရှိရုံသာမက အိမ်များ၊ ကျောက်ဆောင်တုများနှင့် ရေကန်များပါ ရှိနေခဲ့သည်လေ။
အချို့သော သရဲများသည်လည်း အခန်းထဲတွင် ကစားစရာမျိုးစုံ ဖန်တီးကာ ကစားပွဲများ ပြုလုပ်တတ်ကြသည်။
ဥပမာအားဖြင့် အချစ်ရေးတွင် လှည့်စားခံရသဖြင့် စုံတွဲများကို ဖမ်းဆီးကာ အမှန်တရားလား စွန့်စားခန်းလား ကစားပွဲကို ကစားစေခဲ့သော သရဲမျိုး ဖြစ်၏။
သို့သော် တစ္ဆေနယ်မြေ၏ အရွယ်အစားနှင့် စွမ်းအားမှာ ဖန်တီးသူ၏ စွမ်းအားအပေါ်တွင် မူတည်နေပေသည်။
ပိုမိုများပြားသော အရာများကို လုပ်ဆောင်ချင်ပါက ပိုမိုများပြားသော စွမ်းအားများ ပိုင်ဆိုင်ထားရန် လိုအပ်သည်။
ဥပမာအားဖြင့် သူ၏ မျက်စိရှေ့ရှိ ဤတစ္ဆေနယ်မြေမျိုးသည် တိကျသော 'စည်းမျဉ်း' တစ်ခု အဖြစ် ဖွဲ့စည်းထားပြီး ဖြစ်၏။
ကောင်းကင်နှင့် မြေကြီးကြားတွင် နိယာမများ ရှိပေသည်။
တစ္ဆေနယ်မြေထဲရှိ စည်းမျဉ်းများ တစ်ကြိမ် ဖွဲ့စည်းပြီးသွားပါက ၎င်းသည် ဤကမ္ဘာ၏ နိယာမများနှင့် ညီမျှသွားတော့ သည်။
မိမိတစ်ယောက်တည်း၏ ခွန်အားဖြင့် အကြမ်းဖက် ဖျက်ဆီးရန်ကြိုးစားပါက အလွန်ခက်ခဲပေလိမ့်မည်။
အကယ်၍ အရာဝတ္ထုတစ်ခုဖြင့် နှိုင်းယှဉ်ပြရမည် ဆိုပါက ၎င်းမှာ အိမ်ရှိ အခန်းကိုသော့ခတ်ထားခြင်းနှင့် သော့မခတ်ထားခြင်း ကွာခြားချက်မျိုး ဖြစ်သည်။
ကျန်းလင် ယခင်က ကြုံတွေ့ခဲ့ရသည်များမှာ 'စည်းမျဉ်း' မရှိ၊ သော့ခတ်မထားသော တစ္ဆေနယ်မြေများသာ ဖြစ်သဖြင့် သဘာဝကျကျပင် အတွင်း၌ လွတ်လပ်စွာ သွားလာနိုင်ခဲ့ခြင်းဖြစ်၏။
'အထူးအဆင့် တာဝန်လို့ ခေါ်ရလောက်အောင် တကယ်ပဲ မိုက်တာပဲ အစကတည်းက စည်းမျဉ်း ပုံစံနဲ့ လာတာပဲ'
ကျန်းလင် လှည့်လိုက်ပြီး အခန်းအလယ်ရှိ တစ်ခုတည်းသော စားပွဲနှင့် ကုလားထိုင်ဆီသို့ ကြည့်လိုက်သည်။
ထိုစားပွဲပေါ်တွင် မေးခွန်းလွှာတစ်ရွက်ကို တိတ်ဆိတ်စွာ တင်ထား၏။
ထို့အပြင် ခဲတံတစ်ချောင်းနှင့် အကြမ်းစက္ကူတစ်ရွက်လည်း ရှိသည်။
ကြည့်ရသည်မှာ ဤ 'စည်းမျဉ်း' က သူ့ကို မေးခွန်းဖြေခိုင်းနေခြင်း ဖြစ်ပေမည်။
ဤသည်မှာ တာဝန်ပေးစင်တာမှ ပေးထားသော အချက်အ လက်များနှင့် အတော်လေး တူညီသော်လည်း တာဝန်ပေးစင်တာမှ ပေးထားသော အချက်အလက်များမှာ ဤမျှသာ ဖြစ်၏။
ဤတစ္ဆေနယ်မြေ၏ အလုံးစုံသော ပုံစံမှာ မည်သို့ ဖြစ်မည်ကို ကျန်းလင် ကိုယ်တိုင်ဆက်လက် ရှာဖွေရဦးမည် ဖြစ်သည်။
ဤအရာကို တွေးမိသောအခါ ကျန်းလင်သည် မသိစိတ်မှပင် လက်လှမ်းကာ သူ့ မျက်ခုံးကို ပွတ်သပ်လိုက်သည်။
သူသည် ဤမေးခွန်းလွှာကို မဖြေချင်၍ မဟုတ်ပါချေ။
အတော်ကြာအောင် မထိတွေ့ခဲ့ရခြင်းကြောင့်သာ ဖြစ်၏။
ထို့ပြင် ဤအခန်းထဲသို့ စတင် ရောက်ရှိချိန်ကတည်းက သူ တစ်ချက် ကြည့်လိုက်မိသည်လေ။
ထိုမေးခွန်းလွှာပေါ်ရှိ မေးခွန်းများမှာ လူသားများ၏ တက္ကသိုလ်ဝင်တန်း စာမေးပွဲ မေးခွန်းများဖြစ်နေသည်။
ငရဲပြည်တွင် နှစ်ရာပေါင်းများစွာ နေထိုင်လာခဲ့သော ဝိညာဉ်တမန်တော်တစ်ပါး ဖြစ်ပြီး ပညာရပ်ပိုင်းဆိုင်ရာ သရဲမျိုးလည်း မဟုတ်သော သူက ဤအရာကို ဖြေဆိုရန် တကယ်ပဲ သင့်တော်ပါမည်လော။
ကျန်းလင် နောက်ဆုံးအကြိမ် မေးခွန်းလွှာကိုထိတွေ့ခဲ့ရသည်မှာ အလုပ်သင် ကာလအတွင်း ငရဲပြည်၏ကျောင်းတွင် ပညာသင်ကြားနေစဉ်က ဖြစ်သည်။
ထို့အပြင် ထိုစဉ်က ဖြေဆိုခဲ့ရသည်များမှာလည်း ငရဲပြည်၏ ဗဟုသုတများ သို့မဟုတ် အခြေခံအချက်အလက်များသာ ဖြစ်၏။
သို့သော် တာဝန်ပေးစင်တာက ဤတာဝန်ကို ဖွင့်လှစ်ပေးထားပြီး ပညာရပ်ပိုင်းဆိုင်ရာ ဝိညာဉ်တမန်တော်မှသာ ပါဝင်နိုင်သည်ဟု တောင်းဆိုထားခြင်း မရှိပေ။
တွေးကြည့်မည်ဆိုလျှင် ပြဿနာ သိပ်မကြီးလောက်ပါချေ။
ကျန်းလင် စဉ်းစားကြည့်မိသည်မှာ ဤတာဝန်ကို ပထမဆုံး လာရောက် လုပ်ဆောင်ခဲ့သော ဝိညာဉ်တမန်တော်မှာ ပညာရပ်ပိုင်းဆိုင်ရာ ဝိညာဉ်တမန်တော်တစ်ပါး ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။
သို့သော် အကြောင်းအရင်းတစ်ချို့ကြောင့် တာဝန်ကို ချောမွေ့စွာ ပြီးမြောက်အောင် မလုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်လေမည်။
ကျန်းလင် တစ်ဖက်မှ တွေးတောရင်း ရှေ့သို့ လျှောက်သွားလိုက်သည်။
ထို့နောက် တစ်ခုတည်းသော ထိုကုလားထိုင်ပေါ်တွင် ထိုင်လိုက်တော့၏။
'ဒေါင် ဒေါင်'
သူ ထိုင်လိုက်သည်နှင့် အခန်းထဲတွင် ကြည်လင်သာယာသော ခေါင်းလောင်းသံ တစ်ခု ထွက်ပေါ်လာပြီး အတန်းတက် ခေါင်းလောင်း ထိုးလိုက်သကဲ့သို့ ဖြစ်သွားသည်။
တစ်ချိန်တည်းမှာပင် ရှေ့ရှိ ကျောက်သင်ပုန်း၏ ထောင့်တစ်နေရာတွင် မိနစ် ၉၀ စာ အချိန်မှတ်စက် တစ်ခု ပေါ်လာ၏။
လူ့လောကရှိ စာမေးပွဲကို တရားဝင် စတင် ဖြေဆိုနေရသကဲ့သို့ပင်။
ထို့နောက် ကျန်းလင် ထိုင်ကာ ခဲတံကို ကိုင်လိုက်သည်နှင့် တိုက်ရိုက်ထုတ်လွှင့်မှု အခန်း၏ကင်မရာကလည်း ထိုမေးခွန်းလွှာပေါ်သို့ ကျရောက်သွားတော့သည်။
မေးခွန်းလွှာ အပေါ်ပိုင်းရှိ 'တက္ကသိုလ်ဝင်တန်း' ၊ 'သင်္ချာ' ကဲ့သို့သော အဓိက စကားလုံးများကို ရှင်းလင်းစွာ မြင်လိုက်ရသောအခါ ကြည့်ရှုသူများ အားလုံး ပြိုင်တူ လေပူတစ်ချက် မှုတ်ထုတ်လိုက်ကြ၏။
စိတ်ထဲတွင် 'သောက်ကျိုးနည်း' ဟု ရေရွတ်လိုက်မိကြသည်။
အချို့သော ကြည့်ရှုသူများဆိုလျှင် ပါးစပ်ထဲမှ ရေများကို သူတို့၏ ခွေးလေးများပေါ်သို့ တန်းပြီး မှုတ်ထုတ်လိုက်မိသည်လေ။
စိတ်ထဲတွင်လည်း ဆင်တစ်အုပ် ပြေးလွှားသွားသကဲ့သို့ ဗြောင်းဆန်သွားတော့၏။
[ဝိ ဝိ ဝိ ဝိညာဉ်တမန်တော် အရှင်သခင်က လူ့လောကက မေးခွန်းလွှာကို ဖြေရတော့မှာလား]
[ငါ အမြင်မှားနေတာတော့ မဟုတ်ပါဘူးနော် ငါ့မျက်လုံးတွေများ တစ်ခုခု ဖြစ်သွားတာလားဟင်]
[ဖန်ရှင်တွေ၊ ပါရာဘိုလာတွေ၊ ဂျီဩမေတြီ ပုံတွေ သေစမ်း တကယ်ကြီး လူ့လောကက မေးခွန်းတွေပဲဟ]
[တကယ်ကြီး သရဲဖြစ်သွားရင်တောင် ဒီအဆင့်ကနေ မလွတ်မြောက်နိုင်တော့ဘူးလား]
စိတ်ထဲရှိ တုန်လှုပ်မှုများက အလွန် ပြင်းထန်လွန်းနေသည်။
အချို့သော ကြည့်ရှုသူများသည် မနေနိုင်တော့ဘဲ ဖုန်းထဲရှိ စကားပြော ဆော့ဖ်ဝဲလ်များကို ဖွင့်ကာ [အံ့သြတုန်လှုပ်ခြင်း] အီမိုဂျီများကို ဆယ်ချက်ဆက်တိုက် ပို့လိုက်ကြ၏။
လက်ချောင်းများမှာ စာရိုက်ရာတွင် အလွန် မြန်ဆန်လွန်းလှပြီး မျက်နှာပြင်တစ်ခုလုံးကို ဖတ် ဖတ် မြည်အောင် ပုတ်နေကြတော့သည်။
[ငါလခွီးပဲ ဘာလို့ ငရဲပြည်မှာ တက္ကသိုလ်ဝင်တန်းမေးခွန်း လွှာကို မြင်နေရတာလဲ အဲဒါကလည်း ငါ အခေါင်းခဲရဆုံး သင်္ချာကြီးတဲ့ ငါများ အိပ်မက်ထဲကနေ မနိုးသေးတာလားဟင်]
[ငါတော့ အိပ်မက်ဆိုး မက်နေတုန်းပဲလို့ ထင်တယ်၊ ဘယ်သူများ ငါ့ကို လာရိုက်နှိုးပေးကြပါမလဲ]
-----
ဤကဲ့သို့သော သံသယမျိုး ရှိနေသူမှာ တစ်ယောက်တည်း မဟုတ်ပါချေ။
ကြည့်ရှုသူများ၏ စိတ်ထဲတွင် ဆင်များ ပြေးလွှားနေစေကာမူ အောက်၌ သတင်းမှာ အင်တာနက်ပေါ်တွင် လျင်မြန်စွာ ပြန့်နှံ့သွားတော့၏။
[ ဝိညာဉ်တမန်တော်ကြီး တက္ကသိုလ်ဝင်တန်း မေးခွန်းလွှာကို စဖြေနေပြီ ဒါက လူ့သဘာဝရဲ့ ယိုယွင်းမှုလား ဒါမှမဟုတ် ငရဲပြည်ရဲ့]
[သေချင်တယ်ကွာ သရဲဖြစ်ရင်တောင် စာမေးပွဲ ဖြေရသေးတယ်တဲ့၊ မင်းမှာ စာမလုပ်ဖို့ ဘာအကြောင်းပြချက် ရှိသေးလို့လဲ]
[ကယ်ကြပါဦး! အဲဒီ မေးခွန်းလွှာကြီးက သရဲဖြစ်သွားရင်တောင် ငါတို့ကို လွှတ်မပေးဘူးဟ]
[Live လွှင့်တာကိုကြည့်ပြီး စာလုပ်နေလို့ အဖေဖြစ်သူ အံ့သြသွားရတဲ့ အကြောင်း]
'ဟင်'
'ငရဲပြည် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းက ဘယ်လိုလုပ်ပြီး တက္ကသိုလ်ဝင်တန်း မေးခွန်းတွေကို စဖြေနေရတာလဲ'
'Streamer က ပုံစံပြောင်းလိုက်တာလား'
သတင်းကြားပြီး လာရောက်ကြသော ကြည့်ရှုသူများမှာ ပိုမို များပြားလာသည်။
အချို့သော အင်တာနက် အသုံးပြုသူများကမူ အလွန် မိုက်သော ပညာရေးဆိုင်ရာ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းများ ပေါ်လာပြီဟု ထင်ကာ စာလုပ်ရန် အပြေးအလွှား ရောက်လာကြ၏။
ထို့ကြောင့် တိုက်ရိုက်ထုတ်လွှင့်မှု အခန်း၏ ကြည့်ရှုသူ အရေအတွက်မှာ တဟုန်ထိုး မြင့်တက်လာတော့သည်။
ကြည့်ရှုသူများ တိုက်ရိုက်ထုတ်လွှင့်မှု အခန်း၏ အခြေအနေကို ရှင်းလင်းစွာ မြင်လိုက်ရသောအခါ။
လူတစ်စုမှာ ချက်ချင်းပင် အံ့သြတုန်လှုပ်သွားကြပြီး လောကကြီးထံမှ ရန်လိုမှုကို ခံစားလိုက်ရတော့၏။
အခြား လူတစ်စုကမူ ဒေါသထွက်သွားကြသည်။
'ငရဲပြည်မှာတောင် မေးခွန်းလွှာတွေ ဖြေနေရမယ်ဆိုတော့ ဒါက တရားဝင်ရဲ့လား '
'စည်းမျဉ်းနဲ့ ကိုက်ညီရဲ့လား'
'သေချာပေါက် မကိုက်ညီဘူးပေါ့'
'အသက်ရှင်နေတုန်းကတော့ ထားပါတော့၊ ငရဲပြည် ရောက်တဲ့အထိတောင် မင်းက ငါတို့ကို ကြီးစိုးချင်နေသေးတာလား'
'အဲဒါကိုတော့ သေချာပေါက် ဆန့်ကျင်ရမှာပဲ'
သူတို့သည် သေပြီးနောက် မေးခွန်းဖြေရမည်ကို ကြောက်နေကြခြင်း မဟုတ်ဘဲ Streamer ကို သနားနေကြခြင်းသာ ဖြစ်၏။
[ညီအစ်ကိုတို့၊ သွားကြမယ် မင်းတို့ လက်ထဲက ဆန့်ကျင်ရေး အလံတွေကို လွှင့်ထူလိုက်ကြ]
တစ်ခဏအတွင်းမှာပင်
ထူးချွန်ကျောင်းသား တစ်စုနှင့် စာမေးပွဲ မျိုးစုံကြောင့် အတင်းအကျပ် ထူးချွန်ကျောင်းသားဖြစ်လာရသူများမှာ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲသို့ အစုလိုက်အပြုံလိုက် ဝင်ရောက်လာကြပြီး သူတို့၏လက်ဘေးတွင် အကြမ်းဖတ် စက္ကူများကို စောစောစီးစီးကပင် ပြင်ဆင်ထားကြသည်။
စာညံ့သော ကျောင်းသားတစ်စုကလည်း အနောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာပြီး သူတို့သည်လည်း လက်ဘေးတွင် လေ့လာရေး အထောက်အကူပြု App များကို စောစောစီးစီးကပင် ဖွင့်ထားကြ၏။
'လာစမ်းပါ ငါတို့က ရှုံးမှာ မဟုတ်ဘူး'
ဗလာကျင်းနေသော ကွန်မန့် နေရာတွင် ကွန်မန့်များ တစ်ခုပြီးတစ်ခု စတင် ပေါ်လာတော့သည်။
[Streamer ရေ Streamer ရေ၊ ပထမတစ်ခုက A ကို ရွေး၊ ဒုတိယတစ်ခုက C]
[Streamer ရေ ကြိုးစားပါ၊ ဘာမှ မကျန်အောင် အကုန်ဖြေပစ်လိုက်]
[ကွက်လပ်ဖြည့် မေးခွန်းကို ငါ နှစ်ခါ ပြန်တွက်ပြီးပြီ၊ အဖြေက ၂ ဖြစ်ရမယ်!]
ရုတ်တရက် ပေါ်ထွက်လာသော ဤကွန်မန့် အစုအဝေးကြီးက လက်ယားနေသော်လည်း ကျပန်း ကွန်မန့်မပေးရဲဘဲ ဖြစ်နေကြသော ကြည့်ရှုသူများကို လန့်သွားစေခဲ့၏။
[မင်းတို့ကို သတိထားပြီး စကားပြောကြဖို့ ငါ အကြံပေးချင်တယ်နော်]
[အခု ပါးစပ်ပိတ်ထားရင် အမီသေးတယ်! Streamer က သတိထားပြီး စကားပြောဖို့ ပြောထားတယ်လေ!]
[Stop စိတ်အေးအေးထားကြပါ ညီအစ်ကိုတို့!]
အကယ်၍ စိတ်မအေးထားကြပါက သင်တို့ ညလယ်ခေါင်ကြီး ထူးထူးဆန်းဆန်း အရာများနှင့် မကြုံတွေ့ရဘူးဆိုသည်ကို အာမခံရန် အလွန် ခက်ခဲပေလိမ့်မည်။
Streamer ပင် စကားမပြောရသေးပေ။
မလောကြပါနှင့်။
ကော်မန့် နေရာမှာ ခဏတာ ဆူညံသွားပြီးနောက် တစ်ဖန် ပြန်လည် တိတ်ဆိတ်သွားတော့သည်။
အတန်ကြာပြီးနောက် ကွန်မန့်တစ်ခုက တိတ်တဆိတ် လွင့်မျောလာ၏။
[ပထမတစ်ခုက A၊ ဒုတိယတစ်ခုက C]
[ဒီလိုဆိုရင် သတိထားပြီး စကားပြောတာလို့ သတ်မှတ်လို့ ရပြီမလားဟင်]