အခန်း (၂၆၉-၂၇၀)
Vol. 27 Ch. 269-270
🫧 Chapter 269
"တကယ်ကြီး စာမေးပွဲ ရှိနေတာပဲ"
တစ္ဆေနယ်မြေ၏ စာမေးပွဲခန်းကို ရင်ဆိုင်ရချိန်တွင် ဝမ်းနည်းနေသော ဝိညာဉ်တမန်တော်များ ရှိသကဲ့သို့ ဝမ်းသာနေသော ဝိညာဉ်တမန်တော်များလည်း ရှိပေသည်။
စာပေပညာရှင် တစ်ဦးကဲ့သို့ ဝတ်ဆင်ထားသော ဝိညာဉ်တမန်တော် တစ်ပါးသည် ကြီးမားကျယ်ပြန့်သော အင်္ကျီလက်စကို ပင့်တင်လိုက်ပြီး တစ်ခုတည်းသော ကုလားထိုင်ဆီသို့ ယုံကြည်မှုရှိစွာ လျှောက်သွားကာ ထိုင်လိုက်၏။
ထို့နောက် လက်ကို မြှောက်ကာ ခဲတံကို ယူလိုက်သည်။
ခေါင်းလောင်းသံ ထွက်ပေါ်လာပြီးနောက် သူသည် မေးခွန်းများကို စတင် ဖြေဆိုတော့၏။
သူသည် အသက်ရှင်စဉ် အခါကပင် မျိုးစုံသော စာအုပ်စာပေများကို ဖတ်ရှုရသည်ကို နှစ်သက်ခဲ့ပြီး သေဆုံးပြီးနောက် တွင်လည်း ဤဝါသနာကို မစွန့်လွှတ်ခဲ့ပါချေ။
ဝိညာဉ်တမန်တော် အဖြစ် နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ရာ လူ့လောက၏ပညာရပ်ပိုင်းဆိုင်ရာ စနစ်အချို့ကိုလည်း သူ နားလည်ထားပေသည်။
၎င်းမှာ ဤအထူးအဆင့် တာဝန်၏ အချက်အလက်များကို သိရှိပြီးနောက် သူ လိုလိုလားလား လက်ခံရယူခဲ့ခြင်း၏ အကြောင်းရင်းများထဲမှ တစ်ခုပင် ဖြစ်၏။
'ဒေါက် ဒေါက် ဒေါက်'
အချိန်များ တဖြည်းဖြည်း ကုန်လွန်သွားသည်နှင့်အမျှ ကျောက်သင်ပုန်း ထောင့်ရှိ အချိန်မှတ်စက်မှာလည်း ပြီးဆုံးတော့မည် ဖြစ်သည်။
ထိုအခါ စာပေပညာရှင် ဝိညာဉ်တမန်တော်သည် လက်ထဲရှိ ခဲတံကို ချထားလိုက်ပြီး လက်ထဲရှိ မေးခွန်းလွှာကို နှစ်ခေါက်ခန့် အပြန်ပြန်အလှန်လှန် စစ်ဆေးကြည့်ရှုပြီးနောက် ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။
'ဒေါင် ဒေါင်'
များမကြာ စာမေးပွဲ ပြီးဆုံးကြောင်း ခေါင်းလောင်းသံ ထွက်ပေါ်လာတော့သည်။
စားပွဲပေါ်ရှိ မေးခွန်းလွှာသည် ကျောက်သင်ပုန်း ရှေ့သို့ လွင့်ပျံသွားပြီး အဖြေစစ်ဆေးမှု စတင်တော့၏။
အနီရောင် အမှတ်အသားများသည် မေးခွန်းလွှာပေါ်တွင် တစ်ခုပြီးတစ်ခု ပေါ်လာတော့သည်။
ဤလုပ်ငန်းစဉ် တစ်ခုလုံးတွင် စာပေပညာရှင် ဝိညာဉ်တမန်တော်သည် အမူအရာ တည်ငြိမ်နေပြီး သူ၏ ပညာအရည် အချင်း အပေါ် သူ အလွန် ယုံကြည်မှု ရှိနေပေသည်။
ခဏအကြာတွင် မေးခွန်းလွှာမှာ စားပွဲပေါ်သို့ ပြန်လည် ကျဆင်းလာတော့၏။
စာပေပညာရှင် ဝိညာဉ်တမန်တော်သည် အသာအယာ တစ်ချက် ကြည့်လိုက်ရာ မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်နေသည်။
၁၂၅ မှတ်၊ သူသည်အတော်လေး ကောင်းမွန်စွာ ဖြေဆိုနိုင်ခဲ့ပေသည်။
အမှတ်ပြည့်မှာ တစ်ရာ့ငါးဆယ် ဖြစ်ပြီး အောင်မှတ်မှာ ကိုးဆယ် ဖြစ်၏။
ဤသည်မှာပင် သူ အားလပ်ချိန်များတွင် သူဘာသာ စာအုပ်လှန်ဖတ်ထားခြင်းမျှသာ ဖြစ်သည်။
စနစ်တကျ သွားရောက် သင်ယူခဲ့ခြင်းမျိုး လုံးဝ မရှိခဲ့ပါချေ။
နောက်တစ်စက္ကန့်တွင် အခန်းတစ်ခုလုံး စတင် တုန်ခါလာကာ စာပေပညာရှင် ဝိညာဉ်တမန်တော်သည် မျက်နှာဆီသို့ တွန်းကန်လာသော ခွန်အားတစ်ခုကိုသာ ခံစားလိုက်ရပြီး သူ့ကို ဦးတည်ရာ တစ်ခုဆီသို့ တွန်းပို့သွားတော့သည်။
သူ့အား တုံ့ပြန်ရန် အခွင့်အရေးပင် လုံးဝ မပေးခဲ့ပါချေ။
သူ မျက်လုံး ပြန်ဖွင့်လိုက်ချိန်တွင် သူသည် တစ္ဆေနယ်မြေ၏ ဝင်ပေါက်တွင် ရောက်ရှိနေပြီ ဖြစ်၏။
ကောင်းကင်တွင် နေသာနေပြီး လေပြေလေးများ သဲ့သဲ့ တိုက်ခတ်နေသည်။
လမ်းသွားလမ်းလာများသည် အသွားအပြန် လုပ်နေကြပြီး အထက် ကောင်းကင်ယံတွင် ရုတ်တရက် ပေါ်လာသော ဝိညာဉ်တမန်တော်ကို လုံးဝ သတိမထားမိကြပါချေ။
'.....'
စာပေပညာရှင် ဝိညာဉ်တမန်တော်သည် ကြောင်အမ်းသွားပြီး တွေးလိုက်သည်။
'ငါက အကန်ထုတ်ခံလိုက်ရတာလားဟ'
သူ တစ်ချက် အာရုံခံကြည့်လိုက်ရာ တစ္ဆေနယ်မြေသည် အမှန်တကယ် ရှိနေသေးပြီး အထူးအဆင့် တာဝန်၏တာဝန်ကတ်ပြားပေါ်တွင်လည်း မည်သည့်အပြောင်းအလဲမျှ မရှိပါချေ။
'ဒါ ဒါက ဘာအခြေအနေလဲ'
'ငါက အောင်မှတ်ကျော်သွားပြီ မဟုတ်ဘူးလား အမှတ်ပြည့်ရမှပဲ ဖြတ်ကျော်ခွင့်ရမှာများလား'
"မဟုတ်သေးဘူး၊ ဒါ မမှန်ဘူး"
စာပေပညာရှင် ဝိညာဉ်တမန်တော်သည် မေးစေ့ကို ပွတ်သပ်ကာ တီးတိုးရေရွတ်လိုက်၏။
အကယ်၍ အမှတ်ပြည့်ရမှ ဖြတ်ကျော်နိုင်မည် ဆိုပါက တာဝန်ပေးစင်တာမှ သရဲများက ဘာမှမပြောဘဲ နေမည် မဟုတ်ပါချေ။
ထို့အပြင် မည်သည့်တောင်းဆိုချက်မှ မပြောဘဲလည်း နေမည် မဟုတ်ပေ။
ဤသို့ တွေးကြည့်မည်ဆိုလျှင် ဖြစ်နိုင်ခြေ တစ်ခုတည်းသာ ရှိတော့သည်။
သူသည် လက်ထဲရှိ ယပ်တောင်ကို ပိတ်လိုက်ပြီး "စမ်းကြည့်လိုက်ရင် သိရမှာပေါ့"
ဟုတွေးကာဝင်ရောက်သွားတော့သည်။
တစ္ဆေနယ်မြေထဲသို့ ထပ်မံ ဝင်ရောက်သွားသောအခါ စာပေပညာရှင် ဝိညာဉ်တမန်တော်၏ရှေ့တွင် ပေါ်လာသည်မှာ ယခင်အတိုင်း ပိတ်လှောင်နေသော စာမေးပွဲခန်း တစ်ခန်းပင် ဖြစ်၏။
အခန်းအလယ်တွင် စားပွဲနှင့် ကုလားထိုင် တစ်စုံကိုအထီး ကျန်စွာ ထားရှိထားသည်။
မေးခွန်းလွှာလည်း ထိုနေရာမှာပင် ရှိနေဆဲ ဖြစ်၏။
သို့သော် မေးခွန်းလွှာပေါ်ရှိ မေးခွန်းများမှာ ရူပဗေဒဘာသာ ရပ်သို့ ပြောင်းလဲသွားခဲ့ပေသည်။
ယခုတစ်ကြိမ်တွင် စာပေပညာရှင် ဝိညာဉ်တမန်တော်သည် အကုန်လုံး မဖြေဆိုတော့ဘဲ မေးခွန်းအချို့ကိုသာ ရွေးချယ်၍ ဖြေဆိုလိုက်တော့သည်။
နောက်ဆုံး ရမှတ်မှာ စာမေးပွဲ ကျသွားခဲ့၏။
အမှတ်ပြည့် ၁၀၀ မှတ်တွင် ၆၀ မှတ်မှာ အောင်မှတ်ဖြစ်ပြီး သူသည် ၃၆ မှတ်သာ ရရှိခဲ့သည်။
သူ ရမှတ်ကို မြင်လိုက်ရသော အခိုက်အတန့်တွင်ပင် ပတ်ဝန်းကျင် လေဟာနယ်သည် လှိုင်းဂယက်များ စတင် ထလာတော့၏။
အရာအားလုံးသည် စတင် ဝါးတားတား ဖြစ်လာတော့၏။
ဤမြင်ကွင်းကို မြင်သောအခါ စာပေပညာရှင် ဝိညာဉ်တမန်တော်၏နှုတ်ခမ်းထောင့်သည် အနည်းငယ် ကွေးတက်သွားသည်။
မျှော်လင့်ထားသည့်အတိုင်းပင် သူ ခန့်မှန်းသည်က မမှားခဲ့ပါချေ။
'ဖျပ်'
အကြောင်းရင်းကို မသိရသော်လည်း
ဤတစ္ဆေနယ်မြေ၏ စည်းမျဉ်းမှာဝင်ရောက်ခွင့်ရရန် 'အမှတ်နည်း' သော သူများသာ လိုအပ်ပုံ ရပေသည်။
"ဒါဆိုလည်း ဝင်ပြီး သွားကြည့်ကြသေးတာပေါ့"
စာပေပညာရှင် ဝိညာဉ်တမန်တော်သည် လက်ထဲရှိယပ် တောင်ကို ခပ်လိုက်ပြီး မျက်စိရှေ့ရှိ 'တံခါး' ထဲသို့ ပေါ့ပေါ့ပါးပါး လျှောက်ဝင်သွားတော့၏။
ထို့နောက် မတူညီသော လေဟာနယ် တစ်ခုသို့ ရောက်ရှိသွားပေသည်။
------
[တစ္ဆေနယ်မြေ ဝင်ခွင့်စာမေးပွဲ၊ သိထားပြီးသော စည်းမျဉ်းများထဲမှ ဒုတိယတစ်ခု - အမှတ်ပြည့်၊ အောင်မှတ် ရရှိသူများက တစ္ဆေနယ်မြေထဲမှ ကန်ထုတ်ခံရမည်။ 'အမှတ်နည်း' သော ကျောင်းသားများကိုသာ လက်ခံပြီး ပညာသင်ကြားပေးမည်။]
----
ဝိညာဉ်တမန်တော်များသည် တစ္ဆေနယ်မြေထဲသို့ တစ်ပါးပြီးတစ်ပါး ဝင်ရောက်လာကြပြီး စူးစမ်းရှာဖွေမှုများ စတင်ကြတော့သည်။
အချို့က လမ်းတစ်လျှောက်လုံး သတ်ဖြတ် တိုက်ခိုက်သွားကြပြီး ပြဿနာများကို လက်သီးဖြင့် ဖြေရှင်းကြ၏။
အချို့ကမူ ဦးနှောက်ကို အသုံးပြုကာ ပါးစပ်ဟလိုက်သည်နှင့် ပြဿနာများကို ဖြေရှင်းနိုင်ကြသည်။
တစ်ဖက်မှ ရှေ့သို့ဆက်သွားရင်း တစ်ဖက်မှ ဤတစ္ဆေနယ်မြေ၏ စည်းမျဉ်းများကို စူးစမ်းရှာဖွေနေကြပေသည်။
အခြားတစ်ဖက်တွင်မူ
[ပညာသည်သာ ခွန်အား၊ ဆရာက ငါ့ကို မလိမ်ခဲ့ဘူးပဲ]
[ဒီလိုလည်း လုပ်လို့ရသေးတာကိုး ဒီတစ္ဆေနယ်မြေက သိပ်ကို ဂေါ်လွန်းနေပြီ]
Streamer ၏တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲရှိ ကြည့်ရှုသူများသည် ကျန်းလင် မှာကြားချက်ကို နားထောင်ကာ သတိထားပြီး စကားပြောနေကြ၏။
ထို့ကြောင့် ကွန်မန့်နေရာမှာ တိတ်ဆိတ်နေတော့သည်။
သို့သော် သူတို့ကိုယ်တိုင် ဖွဲ့စည်းထားသော group ထဲတွင်မူ အလွန်အချေအတင် ပြောဆိုနေကြပေသည်။
သတင်းစကားများသည် လျင်မြန်စွာလွင့်ပျံသွားကြပြီး ဟုန်ပေါင်းလုယူရသည့် အရှိန်ထက်ပင် ပိုမြန်နေသေး၏။
တစ္ဆေနယ်မြေထဲတွင်
ဧရာမ အလုပ်သမားကြီးနှင့် ဝေးကွာသွားပြီး မကြာမီမှာပင် ကျန်းလင်နှင့် ဖူကျဲတို့သည်လည်း အတန်းဆင်းချိန်သို့ ရောက်ရှိလာကြတော့သည်။
ရုတ်တရက်ကျယ်လောင်သော ခေါင်းလောင်းသံသည် လေဟာနယ် တစ်ခုလုံးတွင် တစ်မိနစ်ခန့် ပဲ့တင်ထပ်နေပြီးမှ ရပ်တန့်သွား၏။
"နောက်ဆုံးတော့ အတန်းဆင်းပြီကွ"
ထိုအခါဖူကျဲ သည် ခေါင်းပေါ်ရှိ ချွေးအေးများကို သုတ်လိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်သည်။
ယခုတော့ သေချာလေး အနားယူလို့ ရပြီလေ။
သူသည် ဘေးရှိ ကျန်းလင် ကို ကြည့်ကာ ရှင်းပြလိုက်၏။
"အတန်းဆင်းချိန်က ကျွန်တော်တို့ရဲ့ လွတ်လပ်စွာ လှုပ်ရှားခွင့်ရတဲ့ အချိန်ပဲ၊ မေးခွန်းမေးတာတွေ ဒါမှမဟုတ် စာမေးပွဲခန်း နေရာတွေ ထပ်ပေါ်လာမှာ မဟုတ်ဘူး"
"ဘယ်နေရာကိုပဲ သွားသွား ရတယ်"
ထိုအခါ ကျန်းလင် သည် ကောင်းကင်ကို ကြည့်လိုက်ပြီး "အဲဒါက ဘာအဓိပ္ပါယ်လဲ"
အတန်းဆင်း ခေါင်းလောင်းသံ ရပ်တန့်သွားပြီးနောက် ကောင်းကင်တွင် 'ရူပဗေဒ' ဟူသော စာလုံးကြီး နှစ်လုံး ပေါ်လာခဲ့၏။
၎င်းမှာအလွန် သိသာထင်ရှားနေပေသည်။
ဖူကျဲ သည်လည်း ကောင်းကင်ကို ကြည့်လိုက်သော်လည်း အံ့သြမသွားခဲ့ချေ။
"အဲဒါက အချိန်ဇယားလေ၊ နောက်တစ်ချိန်က ရူပဗေဒ အတန်းပဲ"
"ဒီအချိန်အတွင်းမှာ စာကြည့်တိုက်ကို သွားပြီး ယာယီ ကယ်တင်ရှင် ရှာလို့ ရတယ် ဒါပေမယ့် အဲဒီမတိုင်ခင်တော့"
ပြောရင်းဖြင့် ဖူကျဲသည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ တစ်စုံတစ်ရာကို ရှာဖွေနေပုံ ရ၏။
ထိုစဥ်အဝေးရှိ ကောင်းကင်ယံတွင် အနီရောင် မီးခိုးများ ရုတ်တရက် ထွက်ပေါ်လာတော့သည်။
၎င်းမှာအချက်ပြ သင်္ကေတတစ်ခုနှင့် တူနေ၏။
"ဟိုဘက်မှာ"
ထိုအခါမှသာ ဖူကျဲမျက်လုံးများ အရောင်လက်သွားပြီး "စွမ်းအားရှင်ကြီး၊ ကျွန်တော်တို့ အရင်ဆုံး တခြားသူတွေနဲ့ သွားပူးပေါင်းကြမလား" ဟု မေးလိုက်သည်။
ကျန်းလင် ခေါင်းညိတ်လိုက်ပြီး "သွားကြတာပေါ့" ဟု ပြောလိုက်၏။
တခြားသူများဆိုသည်မှာ ဖူကျဲ ကဲ့သို့ပင် ဤတစ္ဆေနယ်မြေထဲသို့ ဆွဲသွင်းခံလိုက်ရသော လူသားများ ဖြစ်လောက်ပေသည်။
ပြောပြီးသည်နှင့် သူက ဖူကျဲအင်္ကျီကော်လာ နောက်ဘက်မှ ထပ်မံ ဆွဲမရန် ပြင်လိုက်သော်လည်း တစ်ဖက်လူက လက်ကို ဆက်တိုက် ကာပြနေသည်ကို မြင်လိုက်ရ၏။
"စွမ်းအားရှင်ကြီး၊ ကျွန်တော့်ဘာသာ လာခဲ့ပါ့မယ်"
ပျံသန်းရသည့် ခံစားချက်က မဆိုးသော်လည်း ထိုသို့ ဆွဲမခံရချိန်တွင် ဖူကျဲ သည် သူ့ကိုယ်သူ ခြေလေးဖက်လေထဲမြောက်နေသော တိရစ္ဆာန်လေး တစ်ကောင်ကဲ့သို့ အမြဲ ခံစားနေရသည်လေ။
"မင်း ဘာသာ လာမယ် ဟုတ်လား"
ကျန်းလင် မျက်ခုံးပင့်လိုက်သော်လည်း မေးခွန်းထုတ်ခြင်း မပြုခဲ့ပါချေ။
ထိုအစား လက်ပိုက်ကာ စိတ်ဝင်တစား ကြည့်နေလိုက်တော့၏။
ဤတစ္ဆေနယ်မြေ အကြောင်းကို သူ မသိသေးသည်များ များစွာ ရှိနေသေးသည်။
"အင်း ကျွန်တော်က ပျံတော့ မပျံတတ်ဘူး၊ မဖြစ်မနေ သုံးရမယ့် ပညာရပ်အချို့ကို အလွတ်ကျက်မှတ်ထားရုံလေးပါ"
ဖူကျဲ ပြုံးလိုက်ပြီး အာရုံစူးစိုက်ကာ တွေးတောလိုက်ပြီးနောက် ပါးစပ်ဟ၍ ပြောလိုက်၏။
"a=(vt-vo)/t ၊ အရှိန်မြှင့်ခြင်း"
စကားဆုံးသည်နှင့် ကျန်းလင်သည် လေထဲရှိ လေတိုက်ခတ်ရာ လမ်းကြောင်းပြောင်းလဲသွားသည်ကို ခံစားလိုက်ရတော့သည်။
လေပြေလေညင်းများသည် ဖူကျဲပတ်ပတ်လည်တွင် ပေါ်လာပြီး လည်ပတ်ကာ ရစ်ပတ်နေကြကာ သူ့မှာ လေဝိညာဥ်တမန်တော် တစ်ပါးနှင့် တူနေတော့သည်။
"သွားလို့ ရပြီ၊ စွမ်းအားရှင်ကြီး"
ထိုဖော်မြူလာကို ပြောပြီးနောက် ဖူကျဲ ၏အမြန်နှုန်းမှာ သိသိသာသာ မြန်ဆန်လာတော့၏။
ပျံသန်းသွားသည်ဟု ပြောလျှင်ပင် မလွန်ပါချေ။
ဤအမြန်နှုန်းမှာ ကျန်းလင်၏ အကူအညီ မလိုတော့သည်မှာ အသေအချာပင်ဖြစ်သည်။
🫧 Chapter 270
[ဟေး ဟေး ဟေး စောစောက ဘာတွေဖြစ်သွားတာလဲ]
[Report ထုမယ်၊ ဒီမှာ တစ်ယောက်ယောက်က မှော်ပညာ သုံးနေတယ် အဲဒါက သိသိသာသာကို လေစွမ်းအင် မှော်ပညာပဲ]
[မဟုတ်သေးဘူး၊ ဒါက သေချာပေါက် နတ်ဝိဇ္ဇာ ပညာရပ်ပဲ]
[ငါ Streamer ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို ဖွင့်တဲ့ နည်းလမ်းများ မှားနေသလောလို့ သံသယ ဝင်မိတယ် ငါ ထွက်ပြီး ပြန်ဝင်ကြည့်ဦးမယ်]
ဖူကျဲ ခန္ဓာကိုယ်တွင် ရစ်ပတ်နေသော လေဆင်နှာမောင်းနှင့် သူ့ ပြိုင်ကားတစ်စီးနီးပါး မြန်ဆန်လှသော အမြန်နှုန်းကိုမြင်သောအခါ Streamer ၏တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲရှိ ကြည့်ရှုသူများအားလုံး အံ့သြသွားကြတော့၏။
[ဒါ ဒါက]
[Streamer က ပျံသန်းနိုင်တာကို ထားလိုက်ပါတော့၊ ဒီ ညီ အစ်ကိုဖူ ကရော ဘယ်လိုလုပ်ပြီး စူပါမင်းချက်ချင်းဖြစ်သွားရတာလဲဟင်]
[စောစောကတင် အဲဒီအလုပ်သမားတွေ လိုက်ဖမ်းလို့ သနားစရာကောင်းလောက်အောင် ပြေးနေရတာ မဟုတ်ဘူးလား]
[ယုတ္တိမရှိဘူးဟ]
သူတို့ အချိန်ပြည့်စောင့်ကြည့်နေခဲ့ခြင်း မရှိပါက လူစားထိုးလိုက်သည်ဟုပင် ထင်မှတ်သွားနိုင်ပေသည်။
ကြည့်ရှုသူများသည် သေချာပေါက် ရှာဖွေတွေ့ရှိရန်နှင့် စဉ်းစားတွေးတောရန် ကျွမ်းကျင်သူများ ဖြစ်ကြ၏။
ထို့ကြောင့် တစ်စုံတစ်ယောက်သည် ဖူကျဲ စောစောက ပြောခဲ့သော စကားကို လျင်မြန်စွာဆက်စပ် တွေးတောမိသွားတော့သည်။
[ အရှိန်မြှင့်ခြင်းဖော်မြူလာက တကယ်ကြီ အရှိန်မြှင့်ပေးနိုင်တာလား]
[သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ သင်ထားရင် တစ်လောကလုံးကို သွားလို့ရတယ် ဆိုတာလား ငါက ပညာမတတ်ဘူးနော်၊ ငါ့ကို လာမလိမ်နဲ့]
ထိုအခါ ကြည့်ရှုသူများမှာ ပိုကြောင်အမ်းသွားကြတော့၏။
ကြောင်အမ်းသွားခြင်းအပြင် အကန့်အသတ်မရှိသော စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက်များလည်း ရှိနေကြသည်။
'တကယ်လို့ ဒီလို စွမ်းအားမျိုးသာ တကယ် ရှိနေခဲ့ရင် တကယ်ကြီးသာ ရှိနေခဲ့ရင်'
'ဘယ်သူကများ မပိုင်ဆိုင်ချင်ဘဲ နေမှာလဲ'
တစ်ခဏအတွင်းမှာပင် အခန်းထဲတွင်၊ လမ်းမပေါ်တွင်၊ ပန်းခြံထဲတွင် စွမ်းအားများကို ဆာလောင်မွတ်သိပ်နေသော ကြည့်ရှုသူအချို့သည် ဘယ်ညာကို အကဲခတ်ကြည့်လိုက်ရာ ပတ်ဝန်းကျင်တွင် မည်သူမျှ မရှိသည်ကို တွေ့လိုက်ရ၏။
ထို့နောက် အသံတိုးတိုးဖြင့် ရေရွတ်ကာ စမ်းသပ်ကြည့်လိုက်ကြသည်။
"a=(vt-vo)/t ၊ အရှိန်မြှင့်ခြင်း"
အချိန်နှစ်မိနစ် ကုန်လွန်သွား၏။
သို့သော် သစ်ရွက်ကြွေ တစ်ရွက်သည်သာ မြေပြင်ပေါ်မှ ဖြည်းညင်းစွာ လွင့်တက်လာပြီး လေထဲတွင် တစ်ပတ်လည်ကာ ပြန်လည်ကျဆင်းသွားတော့သည်။
"ငါ ဖော်မြူလာရွတ်တဲ့ ကိုယ်နေဟန်ထားများ မှားနေတာလား"
"ဒါမှမဟုတ် အသံတိုးလွန်းသွားလို့လား"
ကြည့်ရှုသူများသည် အကြိမ်ကြိမ် ထပ်ခါတလဲလဲ စမ်းသပ်နေကြ၏။
သူတို့သည် လက်တွေ့ဘဝ၏အခြေအနေကို မသိကြသည် မဟုတ်ပါချေ။
သူတို့က ပညာရပ်များ၏ စွမ်းအားကို လွန်ကဲစွာ လိုလားတောင့်တနေကြခြင်းသာ ဖြစ်ပေသည်။
'တကယ်လို့ ဖြစ်နိုင်ခဲ့ရင်ရော စမ်းကြည့်လို့လည်း အသားပဲ့ပါသွားမှာမှ မဟုတ်တာ'
ရုတ်တရက် လေတစ်ချက် တိုက်ခတ်သွား၏။
ဖော်မြူလာကို တိုးတိုးလေး ရွတ်နေသော ကြည့်ရှုသူမှာ ဝမ်းသာအားရ ဖြစ်ရန်ပင် အချိန်မရလိုက်မီ ထိုလေက တိုက် ရိုက်တိုက်ခတ်သွားကြောင်းကို တွေ့ရှိလိုက်ရတော့သည်။
အမှန်တကယ်ကိုပင် လမ်းကြုံ၍ တိုက်ခတ်သွားခြင်းသာ ဖြစ်၏။
သူတို့ကို လုံးဝခေါ်ဆောင်၍ မပျံသန်းသွားပါချေ။
'နေ နေပါဦး'
'အဲဒီလေက သစ်ရွက်တွေကိုခေါ်ပြီး အတူတူ ပျံသန်းသွားတာပဲ'
[ဝူးဝူးဝူး ငါနဲ့ မထိုက်တန်တာပါ]
[သင်ယူနိုင်ခဲ့ပြီ၊ သင်ယူနိုင်ခဲ့ပြီ၊ အရှိန်မြှင့်တင်ခြင်း ဖော်မြူလာကို မှတ်မိသွားပြီ တကယ်ကို ပညာရေးဆိုင်ရာ Streamer ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းပဲ]
------
Streamer ၏တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကို ကြည့်နေကြသော ကြည့်ရှုသူများမှာ အားကျလွန်း၍ ငိုချင်လာကြတော့၏။
လုပ်ငန်းခွင် အသီးသီးမှ ပညာရှင်များနှင့် စွမ်းအားရှင်ကြီးများသည်လည်း ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ စိတ်ထဲတွင် မျှော်လင့်ချက် အနည်းငယ် မသိမသာဖြစ်ပေါ် လာတော့သည်။
'ဒါ ဒါက'
'ပညာရပ်တွေကနေ စွမ်းအားအဖြစ် တိုက်ရိုက် ပြောင်းလဲလို့ ရနိုင်တယ်ဆိုရင်'
'ငါတို့ ခေါင်းထဲမှာရှိနေတဲ့ ပညာရပ်တွေက နတ်ဝိဇ္ဇာ ပညာ ရပ် အပုံကြီးနဲ့ ညီမျှနေပြီပဲ'
တွေးကြည့်ရုံဖြင့်ပင် သွားရည်ကျချင်စရာ ကောင်းလှပေသည်။
[ဟေး ဘယ်သူများ သီအိုရီကို လာခွဲခြမ်းစိတ်ဖြာပေးနိုင်မလဲ၊ လက်တွေ့ဘဝမှာရော အကောင်အထည်ဖော်ဖို့ ဖြစ်နိုင် ခြေ ရှိလို့လား]
[လူသားတွေရဲ့ လက်ရှိ အဆင့်အတန်းအရဆိုရင် အိပ်မက်ထဲမှာတော့ အကောင်အထည်ဖော်လို့ ရနိုင်တယ်]
[......]
တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းထဲတွင်
ဖူကျဲ အမြန်နှုန်းမှာ ဆက်လက်တိုးလာနေပြီး သူ့ကို ရစ်ပတ်နေသော လေပြေများမှာလည်း လေဆင်နှာမောင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့၏။
သို့သော်လည်းသူ မည်မျှပင် မြန်ဆန်နေပါစေ၊ ကျန်းလင် သည် သူ့ဘေးတွင် အေးအေးဆေးဆေးပင် လိုက်ပါနိုင်ပေသည်။
"ဒါက ပညာရပ်တွေရဲ့ စွမ်းအားကို လက်တွေ့ အကောင် အထည် ဖော်တာလား" ဟု ကျန်းလင် မေးလိုက်၏။
'ဒီတစ္ဆေနယ်မြေရဲ့ စည်းမျဉ်းက တဖြည်းဖြည်းနဲ့ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာပြီပဲ'
Cheat code သုံးပြီးနောက် ဖူကျဲသည်လည်း အတော်လေး ပေါ့ပါးလွတ်လပ်သွားပြီး ဤကဲ့သို့ ပြေးလွှားနေရချိန်တွင်ပင် အသက်ရှူနှုန်းကို တည်ငြိမ်အောင် ထိန်းထားနိုင်ပေသည်။
လူသားတစ်ယောက် အနေဖြင့် ဤကဲ့သို့သော အခြေအနေမျိုးကို သူ အလွန်သဘောကျနှစ်ခြိုက်နေသည်ဟု ဆိုရမည် ဖြစ်၏။
ကျန်းလင် မေးခွန်းကို ကြားသောအခါ ဖူကျဲသည် ခဏမျှ စဉ်းစားလိုက်ပြီး ပြန်ဖြေလိုက်သည်။
"အဲဒီလို ဖြစ်လောက်ပါတယ်၊ ဘာပဲဖြစ်ဖြစ် သက်ဆိုင်ရာ ပညာရပ် အချက်အလက်ကိုပြောလိုက်တာနဲ့ အဲဒါနဲ့ ဆင်တူတဲ့ အကျိုးသက်ရောက်မှု ဒါမှမဟုတ် စွမ်းရည်မျိုး ပေါ်လာတာပါပဲ"
"သေချာပေါက် ဒီစွမ်းအားမှာလည်း ကန့်သတ်ချက် ရှိပါတယ်"
ဥပမာအားဖြင့် သူ ယခုလေးတင် ရွတ်ဆိုလိုက်သော အရှိန်မြှင့်ခြင်း ဖော်မြူလာသည် အမြန်နှုန်း တစ်ခုအထိသာ အမြင့်ဆုံး မြှင့်တင်ပေးနိုင်ပြီး ထပ်မံ၍ တိုးလာမည် မဟုတ်ပါချေ။
"ဒါ့ပြင် ဒီလိုစွမ်းအားမျိုးကို အတန်းဆင်းချိန်နဲ့ စာမေးပွဲ အချိန်တွေမှာပဲ အသုံးပြုလို့ရတယ်"
ဖူကျဲ နှုတ်ခမ်းကို ရွဲ့လိုက်၏။
'အတန်းထဲမှာ မေးခွန်းမေးတဲ့ အချိန်မှာပါ သုံးလို့ ရခဲ့ရင်'
'ငါ ဘာလို့များ အဲဒီ အလုပ်သမားတွေ လိုက်ဖမ်းတာကို ဒီလောက် သနားစရာကောင်းအောင်ပြေးနေရမှာလဲ'
"ခွဲခြမ်းစိတ်ဖြာမှု အရ ဒီနေရာက အဓိကအားဖြင့် ကျောင်းရဲ့ စနစ်အတိုင်း လည်ပတ်နေတာပဲ"
"ဥပမာ အတန်းထဲမှာ မေးခွန်းမေးတာ၊ စာမေးပွဲ ဖြေတာ၊ အတန်းဆင်းရင် လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားခွင့် ပေးတာမျိုးပေါ့"
"ပညာရပ်တွေကလည်း အတူတူပဲ၊ အတန်းတက်ချိန်မှာ ဆရာက စာသင်ပေးတဲ့ အချိန် ဖြစ်လို့ ကျွန်တော်တို့က ခံရသူအနေအထားမှာ ရှိနေတယ်"
"အတန်းဆင်းချိန်နဲ့ စာမေးပွဲအချိန်ရောက်မှသာ ကျွန်တော်တို့က ကိုယ်တိုင်စွမ်းဆောင်ရည်ကို ပြသပြီး သင်ထားတာကို အသုံးချရတဲ့ အချိန်ပဲ"
ထိုသို့ပြောပြီးနောက် ဖူကျဲသည် မတတ်နိုင်စွာဖြင့် ပခုံးတွန့်လိုက်၏။
"ဒီနေရာက တော်တော်ထူးဆန်းတယ် မဟုတ်လား"
ဤအရာများသည်လည်း သူတို့ အကြိမ်ကြိမ်အခါခါဖြတ် သန်းကြုံတွေ့ခဲ့ရပြီးနောက်မှသာ ကောက်ချက်ချနိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် သူတို့ ဆက်လက် စူးစမ်းရှာဖွေသွားပါက အခြားသော အရာအသစ်များ သို့မဟုတ် 'ရှင်သန်ခြင်း နိယာမ' များကိုပါ ထပ်မံ ရှာဖွေတွေ့ရှိနိုင်ကောင်း တွေ့ရှိနိုင်ပေမည်။
ဟုတ်ပေသည်၊ ရှင်သန်ခြင်း နိယာမ ဖြစ်၏။
ဤနေရာတွင် သေဆုံးသွားခြင်းသည် ကောင်းသော ကိစ္စတစ်ခု မဟုတ်ပါချေ။
လူတစ်ယောက်၏ အဆိုအရ ဤနေရာတွင် အကြိမ်များစွာ သေဆုံးပါက သူတို့သည် တကယ်ပဲ အိပ်ရာမှ ပြန်မနိုးလာနိုင်တော့ဘဲ ထာဝရ အိပ်မောကျသွားနိုင်ခြေအလွန်များပေသည်။
'ဒါကြောင့်တတ်နိုင်သမျှ မဟုတ်ဘူး၊ သေချာပေါက် မသေစေရဘူး'
'လက်မလျှော့ရဘူး'
'နောက်ဆုံး သေလမ်း ဖြစ်နေရင်တောင်မှ နောက်ဆုံးအချိန်အထိ သေချာပေါက် ရုန်းကန်ရမယ်'
'လက်မလျှော့သရွေ့ အခွင့်အရေး ဆိုတာ အမြဲတမ်း ပေါ်လာမှာပဲ'
'လက်လျှော့လိုက်တာနဲ့ ဘာမှ ရှိတော့မှာ မဟုတ်ဘူး'
----
"မင်းတို့ ဒီကို ရောက်နေတာ ဘယ်လောက်ကြာပြီလဲ" ဟု ကျန်းလင် မေးလိုက်၏။
ဖူကျဲ ခေါင်းကို ကုတ်လိုက်ပြီး "မေ့နေပြီ၊ ဘာပဲဖြစ်ဖြစ် ဒီထဲက အချိန်နဲ့ အပြင်ဘက်က အချိန်က သိပ်မတူဘူးထင်တယ်"
"စွမ်းအားရှင်ကြီး ခဏနေရင် အမရှင်းတို့၊ ဟန်စစ်စစ် တို့ကို မေးကြည့်လိုက်လေ၊ သူတို့က သေချာ မှတ်မိလောက်တယ်"
သူ့ ဦးနှောက်ကတော့ နေ့စဉ် မဖြစ်မနေ အသုံးပြုရမည့် ပညာရပ်များကို မှတ်သားနေရုံဖြင့်ပင် ခေါင်းကြီးနေပြီ ဖြစ်၏။
'ဒီလိုနေ့မျိုး ရောက်လာမယ်မှန်း ကြိုသိခဲ့ရင် အရင်တုန်းက စာသေချာကြိုးစားခဲ့ပါတယ်'
'ထူးချွန်ကျောင်းသား၊ ဘက်စုံထူးချွန်သူ ဖြစ်ဖို့ မဆိုထားပါနဲ့၊ အနည်းဆုံးတော့'
'အောင်မှတ်လေးတော့ ရအောင် လုပ်ခဲ့မိမှာပေါ့'
'အဲဒီလိုသာဆိုရင် အခုလောက် ပင်ပန်းနေရမှာ မဟုတ်ဘူး'
-----
စကားပြောနေစဉ်အတွင်း သူတို့နှစ်ဦးသည် ထိုအနီရောင် မီးခိုးများနှင့် ပိုနီးကပ်လာခဲ့ပြီ ဖြစ်သည်။
အရှေ့တွင် ရပ်နေသော လူရိပ်သုံးခုကိုလည်း မြင်တွေ့နေရ၏။
ကျန်းလင်တို့ အစပိုင်းတွင် မြင်ခဲ့ရသော အနီရောင် မီးခိုးများ ရှိရာနေရာသည် ဤနေရာနှင့် မနီးကပ်လှပါချေ။
အကယ်၍ လမ်းလျှောက်သွားမည် ဆိုပါက အနည်းဆုံး နာရီဝက်ခန့် လျှောက်ရဦးမည် ဖြစ်သည်။
သို့သော် ဖူကျဲ cheat code သုံးလိုက်သဖြင့် သူတို့နှစ်ဦးသည် မျက်တောင်တစ်ခတ် အတွင်းမှာပင် ရောက်ရှိလာခဲ့ခြင်း ဖြစ်၏။
"ဖူကျဲ၊ မင်း ဘာမှမဖြစ်ဘူး မဟုတ်လား"
ဖူကျဲ ရောက်သွားသည်နှင့် တစ်ပြိုင်နက် လူနှစ်ယောက်က စိုးရိမ်နေပုံဖြင့် ထွက်၍မေးလိုက်ကြသည်။
ဤလူနှစ်ယောက်မှာ တစ်ယောက်က ပခုံးလောက်ရှိသော ဆံပင်တိုလေးနှင့် အရောင်ဖျော့ဖျော့ ဆွယ်တာအင်္ကျီ၊ ဂျင်းဘောင်းဘီကို ဝတ်ဆင်ထား၏။
ကိုယ်လုံးကိုယ်ပေါက် သေးသွယ်သော်လည်း မျက်ခုံးနှင့် မျက်လုံးများကြားတွင် လူကြီးတစ်ယောက်၏တည်ငြိမ်မှုမျိုး အနည်းငယ် ဖော်ပြနေပေသည်။
နောက်ထပ် တစ်ယောက်မှာမူ ဆံပင်ရှည်များ လွင့်ပျံနေပြီး အဖြူရောင် ရှပ်အင်္ကျီနှင့်အကွက်ပါသော စကတ်တိုကို ဝတ်ဆင်ထား၏။
အရပ်အမောင်း အလွန်မြင့်မားကာ နှာတံစင်းစင်းနှင့် အလွန် ဆွဲဆောင်မှုရှိသောအလှ မျိုး ရှိနေပေသည်။
သို့သော် စကားပြောလိုက်သောအခါတွင်မူ ယောကျ်ားလေး အသံ ထွက်ပေါ်လာ၏။
"ဖြေဖို့ ခက်တဲ့ မေးခွန်းတွေနဲ့ မကြုံခဲ့ရဘူး မဟုတ်လား"
သူတို့ သုံးယောက်ထဲတွင် ဖူကျဲ၏မေးခွန်းဖြေဆိုနိုင်စွမ်းမှာ အောက်ဆုံးအဆင့်တွင် ရှိပေသည်။
စောစောက လူစုကွဲသွားချိန်တွင် သူတို့ အားလုံး လန့်ဖျပ်သွားခဲ့ကြသည်လေ။
-----
[.....]
ဖန်သားပြင်ရှေ့တွင် စောစောကတင် 'ဒီအမျိုးသမီးကတော် တော်မိုက်တာပဲ' ဟု ချီးကျူးနေခဲ့ကြသော ကြည့်ရှုသူများမှာ ချက်ချင်းမျက်လုံးများ ပြူးကျယ်သွားကြတော့၏။
'ဒါ ဒါ ဘာအခြေအနေလဲ'
'ယောကျ်ားလေးလား ဒါမှမဟုတ် အသံသရုပ်ဆောင် လား'
သူတို့သည် ထိုလူကို အထက်အောက် သေချာကြည့်လိုက်ကြ၏။
ဆံပင်အရှည်၊ အကွက်စကတ်တို၊ သွယ်လျဖြောင့်တန်းနေသော ခြေတံများနှင့် သူ၏မျက်နှာအချိုးအစားကလည်း အလွန်ပေါ်လွင်နေပေသည်။
ကြည့်ကောင်းသည်မှာ အမှန်တကယ် ကြည့်ကောင်းပြီး မိုက်သည်မှာလည်း အမှန်တကယ် မိုက်ပေသည်။
----
"အဆင်ပြေပါတယ်၊ အသားစင်းကောကြီး ဖြစ်မသွားတာ ကံကောင်း"
ဖူကျဲ လက်ကာပြလိုက်ပြီး အချင်းချင်း နှုတ်ဆက်လိုက်ကြ၏။
ထို့နောက် သူသည် နေရာတွင် တစ်ပတ် လှည့်ကြည့်လိုက်သော်လည်း သူ မြင်ချင်သော သူကို မတွေ့ရပါချေ။
"အမရှင်း ပြန်မလာသေးဘူးလား" ဟု ဖူကျဲ မေးလိုက်သည်။
သူတို့ အားလုံးပေါင်းခုနစ်ယောက် ရှိရာ ယခု ဤနေရာတွင် သူပါ ပေါင်းမှ လေးယောက်တည်းသာရှိနေ၏။
"သူက တခြားနှစ်ယောက်ကို သွားကြိုနေတာ၊ ခဏနေရင် ပြန်ရောက်လောက်ပြီ"
ပခုံးလောက်ရှိသော ဆံပင်တိုနှင့် ကိုယ်လုံးကိုယ်ပေါက် သေးသွယ်သော ကောင်မလေးကပြန်ဖြေလိုက်သည်။
သို့သော် သူမ အကြည့်များက ဖူကျဲဘေးတွင် ရှိနေသော အဖြူရောင် ဝတ်စုံနှင့် ကျန်းလင်အပေါ်သို့ ကျရောက်နေကာ မသိမသာ အကဲခတ်နေ၏။
"သူက"
ထိုအခါမှသာ ဖူကျဲသည် 'ဪ' ဟု အသံထွက်လိုက်ပြီး
"မင်းတို့ကို မိတ်ဆက်ပေးရဦးမယ်၊ ဒါက စွမ်းအားရှင်ကြီး ကျန်းလင်တဲ့ ဒီနေ့သာ သူ မရှိရင် ငါ သေချာပေါက် သေနေပြီ"
ထို့နောက် သူသည် ကျန်းလင် ဘက်သို့ လှည့်ကာ ပြောလိုက်၏။
"စွမ်းအားရှင်ကြီး၊ ဒါ ဟန်စစ်စစ်နဲ့ ချီယန်ပါ"
ပခုံးလောက်ရှိသော ဆံပင်တိုနှင့် ကိုယ်လုံးကိုယ်ပေါက် သေးသွယ်သော ကောင်မလေးမှာ ဟန်စစ်စစ်ဖြစ်သည်။
အရပ်မြင့်မြင့်၊ ဆံပင်အရှည်ကြီးနှင့် ရှိနေသူမှာ ချီယန်ဖြစ် ၏။
"ယောကျ်ားလေးနော်"
ဖူကျဲက ထပ်မံ ဖြည့်စွက်ပြောလိုက်သည်။
"ကျွန်တော့် ညီအစ်ကိုပဲ"
"ချီယန်က မိန်းကလေး ဝတ်စုံဝတ်ထားတဲ့ ယောကျ်ားလေး"
"သူက ကျွန်တော့်ရဲ့ ညီအစ်ကိုပဲ"
ဖူကျဲ၏မိတ်ဆက်မှုမှာ အလွန်ပွင့်လင်းရိုးသားပြီး တိုတိုရှင်းရှင်းပင်။