← Chapters

အခန်း (၉၁-၉၂)

Vol. 10 Ch. 91-92

အခန်း (၉၁-၉၂)

Vol. 10 Ch. 91-92

အခန်း (၉၁) နုပျိုခြင်း ဆေးလုံး

နန်ကုန်းယွီ ကမ်းပေးလာသော ဆေးလုံးကို ကြည့်ရင်း ချင်းလင် အနည်းငယ် အံ့အားသင့်သွားလေ၏။

"သခင်လေး... ဒါက ဘာလဲ..."

နန်ကုန်းယွီ၏ မျက်လုံးများထဲတွင် ပါးနပ်သော အလင်းရောင်တစ်ခု ဖြတ်ပြေးသွားပေသည်။ သူက ပြောလိုက်သည်။

"ဒါက လူတွေကို ထိန်းချုပ်ဖို့ သုံးတဲ့ အဆိပ်ဆေးလုံးပဲ... ဒါကို သောက်လိုက်ရင် မင်းက ငါ့ရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်သွားပြီး ငါ့ရဲ့ အစေခံအဖြစ် ထာဝရ နေသွားရမှာ... မင်း သောက်ချင်သေးလား..."

ဤစကားကို ကြားချိန်တွင် ချင်းလင်သည် တွေဝေမနေဘဲ ဆေးလုံးကို ယူကာ ပါးစပ်ထဲသို့ တိုက်ရိုက် ထည့်လိုက်လေသည်။

ဤသည်ကို မြင်ချိန်တွင် နန်ကုန်းယွီက မျက်လုံးများကို အနည်းငယ် ကျုံးလိုက်သည်။

"မင်း မကြောက်ဘူးလား... ဒါက တကယ့် အဆိပ်ဆေးလုံး ဖြစ်ပြီး လူတွေကို သေစေနိုင်တဲ့ အဆိပ်ဆေးလုံး ဖြစ်နေမှာကို မင်း မစိုးရိမ်ဘူးလား..."

ချင်းလင်က ခေါင်းခါပြလိုက်သည်။

"ချင်းလင်က သခင်လေးရဲ့ အစေခံပဲလေ... သခင်လေးက ချင်းလင်ကို ဘာပဲလုပ်ခိုင်းလုပ်ခိုင်း... ချင်းလင် သေရမယ်ဆိုရင်တောင် လုပ်မှာပါ..."

ဤစကားကို ကြားချိန်တွင် နန်ကုန်းယွီ၏ အမူအရာမှာ အနည်းငယ် ရှုပ်ထွေးသွားပြီး ခဏတာမျှ သူ ဘာပြောရမှန်းပင် မသိတော့ချေ။

ထိုအချိန်မှာပင် ခြံဝင်းအပြင်ဘက်မှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာလေသည်။

"ချင်းလင်... မင်းသားငယ်ကို ဘာလို့ ကျေးဇူးမတင်​သေး​တာလဲ... အဲ့ဒါက အဆင့် ၇ နုပျိုခြင်း ဆေးလုံးပဲ... ဒါကမင်းရဲ့ အလှတရားကို နှစ်တစ်ရာတိုင်တိုင် မပြောင်းလဲအောင် ထိန်းထားပေးနိုင်တယ်... ကောင်မလေး.. မင်း တော်တော် ကံကောင်းတာပဲ..."

အသံ ပျောက်ကွယ်သွားသည်နှင့် ရှန်ကွမ်ယွဲ့ရှီးနှင့် ဒေါ် လေးရှန်တို့သည် ခြံဝင်းအပြင်ဘက်မှ လျှောက်ဝင်လာကြပေသည်။

"မယ်တော်..."

နန်ကုန်းယွီသည် အောက်သို့ ခုန်ဆင်းကာ ပြေးသွားပြီး ရှန်ကွမ်ယွဲ့ရှီးကို ဖက်လိုက်ရာ သူ၏ မျက်နှာလေးပေါ်တွင် အပြုံးများ ပြည့်နှက်နေလေသည်။

"မင်းသမီးကို ဂါရဝပြုပါတယ်... ဒေါ် လေးရှန်ကို ဂါရဝပြုပါတယ်..."

ချင်းလင်သည် မတ်တပ်ရပ်ပြီး သစ်သီးပန်းကန်နှင့် မုန့်များကို ကိုင်ထားလျက် ဦးညွှတ်လိုက်ပြီးနောက် ဒေါ် လေးရှန်ကို ကြည့်ကာ မေးလိုက်သည်။

"ဒေါ် လေးရှန်... ခုနက ဒေါ် လေးရှန် ပြောတာ တကယ်လား..."

"ဒေါ် လေးရှန် ပြောတာ အမှန်ပါပဲ..."

ရှန်ကွမ်ယွဲ့ရှီးက အတည်ပြုသည့်အနေဖြင့် ခေါင်းညိတ်လိုက်ပြီးနောက် နန်ကုန်းယွီကို ငုံ့ကြည့်ကာ သိချင်စိတ်ဖြင့် မေးလိုက်သည်။

"ယွီအာ... အဲ့ဒီ ဆေးလုံးကို သား ဘယ်ကရတာလဲ..."

နန်ကုန်းယွီက ပြုံးကာ သူ၏ လက်သေးသေးလေးကို ဝှေ့ယမ်းပြလိုက်သည်။

"သိုလှောင်ကွင်းထဲမှာ တွေ့တာပါ... အဲ့ဒါက လက်ဆောင်သေတ္တာတစ်ခုထဲမှာ ရှိနေတာ... ပြီးတော့ ဒီဆေးလုံးရဲ့ အာနိသင်ကိုလည်း လက်ဆောင်သေတ္တာထဲမှာ ရေးထားတယ်လေ..."

နန်ကုန်းယွီ ပြောနေစဉ် သူသည် လက်ဆောင်သေတ္တာတစ်ခုကို ထုတ်ယူကာ ဖွင့်ပြလိုက်လေသည်။

လက်ဆောင်သေတ္တာထဲတွင် သေတ္တာငယ် လေးခုနှင့် စာရွက်တစ်ရွက် ရှိနေပေသည်။

နန်ကုန်းယွီသည် လက်ဆောင်သေတ္တာငယ် နှစ်ခုကို ယူကာ ရှန်ကွမ်ယွဲ့ရှီးနှင့် ဒေါ် လေးရှန်တို့ထံ အသီးသီး ကမ်းပေးလိုက်သည်။

"ယွီအာက မယ်တော်နဲ့ ဒေါ် လေးရှန်ကို လက်ဆောင် မပေးရသေးဘူးလေ... ဒီအခွင့်အရေးကို ယူပြီး ပေးလိုက်ရင် ဘယ်လိုလဲ..."

ရှန်ကွမ်ယွဲ့ရှီးသည် လက်ဆောင်သေတ္တာကို ယူကာ ဖွင့်ကြည့်လိုက်ရာ ၎င်းမှာ အမှန်တကယ်ပင် အဆင့် ၇ နုပျိုခြင်း ဆေးလုံး ဖြစ်နေပြီး ထိပ်တန်းအဆင့် ဆေးလုံး တစ်လုံးပင် ဖြစ်နေသည်ကို တွေ့လိုက်ရပေသည်။

သူမက စာရွက်ကို ယူကာ တစ်ချက်ကြည့်လိုက်သည်။ ၎င်းတွင် နုပျိုခြင်း ဆေးလုံး၏ အာနိသင်များအကြောင်း ရှင်းလင်းချက်များနှင့်အတူ ဆုတောင်းစကားတစ်ခုလည်း ပါဝင်လေသည်။

လက်ရေးမှာ သေသပ်လှပပြီး မျက်စိပသာဒဖြစ်ကာ အမျိုးသမီးတစ်ဦး ရေးထားကြောင်း ထင်ရှားသော်လည်း လက်မှတ်မပါရှိသဖြင့် ရေးသားသူကို မသိရချေ။

ရှန်ကွမ်ယွဲ့ရှီးသည် စာရွက်ကို ဒေါ် လေးရှန်ထံ ကမ်းပေးလိုက်ပြီးနောက် ဆောင့်ကြောင့်ထိုင်ကာ နန်ကုန်းယွီကို နမ်းပြီး ပြုံးကာ ဆိုလိုက်သည်။

"ကျေးဇူးတင်ပါတယ် ယွီအာ... မယ်တော် ဒီလက်ဆောင်ကို အရမ်းသဘောကျတယ်..."

ကျင့်ကြံသူတစ်ဦးသည် နတ်ဘုရားပေါင်းစည်းခြင်းအဆင့်သို့ ဝင်ရောက်ပြီးသည်နှင့် သူမ၏ ရုပ်ရည်အသွင်အပြင်မှာ ရပ်တန့်သွားမည်ဖြစ်ပြီး ထိုရုပ်ရည်အသွင်အပြင်ကို အကန့်အသတ်မရှိ ထိန်းသိမ်းထားနိုင်မည်ဖြစ်ရာ သူမအနေဖြင့် ၎င်းကို မလိုအပ်တော့ပေ။

ဒါပေမဲ့ အဲ့ဒါက နန်ကုန်းယွီဆီက လက်ဆောင်ဖြစ်နေတဲ့အခါ ဘယ်သူက ငြင်းပယ်နိုင်မှာလဲ။

"ဟီးဟီး..."

နန်ကုန်းယွီက ပြုံးကာ ဆိုလိုက်သည်။

"နောင်ကျရင် ယွီအာ ကိုယ်တိုင်လုပ်နိုင်တဲ့အခါ မယ်တော့်ကို ဒီထက်ပိုကောင်းတာတွေ ပေးဦးမှာ"

"ကောင်းပြီလေ..."

ရှန်ကွမ်ယွဲ့ရှီးက ပြုံးကာ ခေါင်းညိတ်လိုက်ပြီး သူမ၏ နဖူးကို နန်ကုန်းယွီ၏ နဖူးနှင့် ပွတ်သီးပွတ်သပ် လုပ်လိုက်ကာ အလွန်ပျော်ရွှင်နေပုံရလေသည်။

ထိုအချိန်တွင် ဒေါ် လေးရှန်က စကားပြောလာသည်။

"မင်းသမီး... ဒီငယ်ကျွန်က ဒီလက်ရေးကို အရင်က တစ်ခါမှ မမြင်ဖူးပါဘူး... ပြီးခဲ့တဲ့ အကြိမ်က စားသောက်ပွဲကို တက်ရောက်ခဲ့တဲ့ သူတွေထဲက ဘယ်သူ့ရဲ့ လက်ရေးလဲဆိုတာ မင်းသမီး သိလား..."

ရှန်ကွမ်ယွဲ့ရှီးက စကားမပြောဘဲ အနည်းငယ် ခေါင်းညိတ်လိုက်ရာ သူမ၏ စိတ်ထဲတွင် မငြိမ်မသက်ဖြစ်နေကြောင်း ထင်ရှားလှပေသည်။

အဆင့် ၇ ဆေးလုံး ငါးလုံး... ဝိညာဉ်ကျောက်တုံး နှစ်သန်းကနေ သုံးသန်းအထိ ကုန်ကျမည့် ကြီးကျယ်ခမ်းနားတဲ့ လက်ဆောင်... အဲ့ဒါက ဘယ်သူ ဖြစ်နိုင်မလဲ။

နန်ကုန်းယွီသည် သူတို့နှစ်ဦး တွေးတောနေသည်ကို ကြည့်ပြီးနောက် လက်ဆောင်သေတ္တာကို ဒေါ် လေးရှန်ထံ ထပ်မံကမ်းပေးကာ ပြောလိုက်သည်။

"ဒေါ် လေးရှန်... ရော့ ဒီမှာ..."

ဒေါ် လေးရှန်က အလျင်အမြန် ခေါင်းခါပြလိုက်သည်။

"မင်းသားငယ်... ကျွန်မ မလိုအပ်ပါဘူး... မင်းသား လောလောဆယ် သိမ်းထားလို့ ရပါတယ်... နောက်မှ အသုံးဝင်လာနိုင်တယ်လေ..."

နန်ကုန်းယွီက မျက်လုံးပြူးကာ မျက်တောင်ခတ်လိုက်ပြီး ဒေါ် လေးရှန်၏ လက်ကိုဆွဲကာ လက်ဆောင်သေတ္တာကို သူမ၏ လက်ထဲသို့ ထည့်ပေးလိုက်လေသည်။

"ဒါက ယွီအာက ဒေါ် လေးရှန်ကို ပေးတဲ့ ပထမဆုံး လက်ဆောင်လေ... သိပ်မကောင်းရင်တောင် ဒေါ် လေးရှန် လက်ခံသင့်ပါတယ်..."

ဤသည်ကို မြင်ချိန်တွင် ဒေါ် လေးရှန်သည် ပြုံးမိသွားကာ ဆက်လက်မငြင်းဆန်တော့။

"ဒါဆိုရင်တော့... ကျေးဇူးအများကြီးတင်ပါတယ် မင်းသားငယ်..."

"ဟီးဟီး... ရပါတယ်..."

နန်ကုန်းယွီက ပြုံးကာ လက်ယမ်းလိုက်ပြီး ကျန်ရှိသော လက်ဆောင်သေတ္တာငယ် နှစ်ခုကို သိမ်းဆည်းလိုက်လေသည်။

ထိုအချိန်မှာပင် ချင်းလင်သည် တစ်စုံတစ်ခုကို နောက်ဆုံး၌ နားလည်သွားပြီး မြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်လေသည်။

"ချင်းလင်က သခင်လေးကို ကျေးဇူးတင်ပါတယ်..."

သူမ၏ အသွင်အပြင်ကို မအိုမင်းဘဲ နှစ်တစ်ရာတိုင်တိုင် ထိန်းသိမ်းထားခြင်းက ဘာကိုဆိုလိုသည်ကို သူမ ကောင်းကောင်း သိလေသည်။

သာမန်လူတစ်ယောက်၏ သက်တမ်းမှာ အလွန်ဆုံး နှစ်တစ်ရာသာ ရှိပေသည်။ ၎င်းမှာ ကျိန်စာတစ်ခုကြောင့် ဟုတ်၊ မဟုတ် မသေချာသော်လည်း လူအများစုအတွက်မူ နှစ်တစ်ရာသည် အကန့်အသတ်တစ်ခု ဖြစ်လေသည်။

ဤအခြေအနေမျိုးတွင် သူမ သေဆုံးသည်အထိ သူမ၏ အသွင်အပြင်မှာ နှစ်တစ်ရာတိုင်တိုင် ပြောင်းလဲမည်မဟုတ်ချေ။

သူမသည် အိုမင်းရင့်ရော်လာပြီး အလှတရားတွေ ပျောက်ကွယ်သွားကာ သခင်လေးကို စိတ်ပျက်အောင် လုပ်မိမည်ကို စိုးရိမ်စရာ မလိုတော့ချေ။

နန်ကုန်းယွီက အနည်းငယ် ပြုံးလိုက်ပြီး သူမကို ထူမရန် လက်ကမ်းပေးလိုက်သည်။

"ထပါ... ဒါ မင်းနဲ့ ထိုက်တန်တာပါ..."

ချင်းလင် မတ်တပ်ရပ်လိုက်သော်လည်း သူမ၏မျက်နှာတွင် ကျေးဇူးတင်မှုနှင့် ဝမ်းမြောက်မှုများ ပြည့်နှက်နေဆဲပင် ဖြစ်လေသည်။

နန်ကုန်းယွီသည် ရှန်ကွမ်ယွဲ့ရှီးကို ကြည့်လိုက်သည်။

"မယ်... မယ်တော်တို့ နှစ်ယောက် ဆုံးဖြတ်ပြီးပြီလား..."

"အင်း..."

ရှန်ကွမ်ယွဲ့ရှီးက ခေါင်းညိတ်လိုက်သည်။

"ဒီနေ့ မယ်တော် ကျင့်ကြံတော့ဘူးလေ... ယွီအာနဲ့အတူ ဈေးတန်းကို လိုက်သွားရင် ဘယ်လိုလဲ..."

"ကောင်းပြီလေ..."

နန်ကုန်းယွီက ခေါင်းညိတ်လိုက်ပြီးနောက် တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားသည်။

"မယ်တော်... ကြီးကြပ်ရေးရုံးကို သွားရင် ချင်းလင်ကို ခေါ်သွားလို့ ရတယ်မလား..."

ရှန်ကွမ်ယွဲ့ရှီးက ခေါင်းညိတ်ကာ အနည်းငယ် ပြုံးလိုက်သည်။

"ရပါတယ်... နောက်ကျရင် ဒေါ် လေးရှန် အဲ့ဒီကို သွားလိမ့်မယ်... ကြီးကြပ်ရေးရုံးရဲ့ ကျောင်းအုပ်ကြီးကို အသိပေးလိုက်ရုံပါပဲ..."

"ချိုက်အာနဲ့ တခြားတစ်ကောင်ကရော ဘယ်လိုလုပ်မလဲ..."

ရှန်ကွမ်ယွဲ့ရှီးက ခေါင်းအနည်းငယ် ခါယမ်းပြလိုက်သည်။

"ဒါတော့ သေချာမသိဘူး... ဒေါ် လေးရှန်ကိုပဲ မေးကြည့်ခိုင်းရမယ်... ဝိညာဉ်အလှမွေးတိရစ္ဆာန်တွေကို ခေါ်လာတဲ့ ကျောင်းသားက တော်တော်လေး ရှားတယ်လေ..."

"အိုး..."

နန်ကုန်းယွီက ခေါင်းညိတ်လိုက်၏။

"ဒါဆို ဒေါ် လေးရှန် မေးပေးပါ... ဘာမှ မတတ်နိုင်ရင်တောင် သူတို့ကို မင်းသားစံအိမ်မှာပဲ သေချာ ကျင့်ကြံခိုင်းထားလို့ ရတာပဲလေ... ဘာပဲဖြစ်ဖြစ် ကြီးကြပ်ရေးရုံးက ဆရာတွေ ပြောတာတွေက သူတို့နဲ့ သင့်တော်ချင်မှ သင့်တော်မှာ..."

"ဟုတ်ကဲ့ပါ မင်းသားငယ်..."

ဒေါ် လေးရှန်က သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်လေသည်။

ရှန်ကွမ်ယွဲ့ရှီးက ပြုံးကာ ဆိုလိုက်သည်။

"ကောင်းပြီ... အဲ့ဒီအကြောင်း ဆက်မတွေးပါနဲ့တော့... မယ်တော် သားကို သွားကစားဖို့ ခေါ်သွားမယ်..."

"ဟုတ်ကဲ့ပါ..."

နန်ကုန်းယွီက ခေါင်းညိတ်လိုက်ပြီးနောက် သူတို့အုပ်စုသည် စံအိမ်မှ ချက်ချင်း ထွက်ခွာလာကာ တောင်ပိုင်း ဈေးတန်းမြို့ဆီသို့ ဦးတည်သွားကြလေသည်။

...

ချင်းယို နန်းတော်၊ ဖုန်းရှန်း ခန်းမဆောင်။

နန်ကုန်းအောက်ထျန်းသည် အစီရင်ခံစာ အနည်းငယ်ကို စစ်ဆေးပြီးနောက် စုတ်တံကို ချထားကာ အကြောဆန့်လိုက်ပြီး ရုတ်တရက် မျက်မှောင်ကြုတ်သွားလေသည်။

"မင်း ဘယ်သူလဲ..."

သူ၏ ခန္ဓာကိုယ်သည် ဒေါသကြောင့် တုန်ရီနေပြီး သူ၏ အကြည့်များက မလှမ်းမကမ်းရှိ ဝတ်ရုံနက်ဝတ်လူသား အပေါ်သို့ ကျရောက်နေပေသည်။

ဝိညာဉ်အရှင်မြတ် အစောပိုင်းအဆင့် ကျွမ်းကျင်သူ တစ်ယောက်အနေဖြင့် ဤလူ ဘယ်အချိန် ရောက်လာလဲဆိုတာတောင် သူ မသိလိုက်တာက အဓိပ္ပာယ်မရှိပေ။

ပြီးတော့ သူ့ကို လျှို့ဝှက် ကာကွယ်ပေးနေတဲ့ ကိုယ်ရံတော် နှစ်ယောက်ကရော ဘယ်ရောက်သွားလဲ။

အခုက ဧကရာဇ်ကို အလုပ်အကျွေးပြုရမယ့် အချိန်မဟုတ်ရင်တောင် သူတို့က ရှောင်နေမှာ မဟုတ်ဘူးလေ။ တစ်ယောက်က ခန်းမဆောင် အပြင်ဘက်မှာ စောင့်နေသင့်ပြီး နောက်တစ်ယောက်က အတွင်းထဲမှာ ရှိနေသင့်တာပဲ။ ဒါပေမဲ့ ဘာလို့ သူတို့နှစ်ယောက်စလုံး ပေါ်မလာသေးတာလဲ။

ဝတ်ရုံနက်ဝတ်လူသားက သူ့ကို တစ်ချက်ကြည့်ကာ အေးစက်စက် အသံဖြင့် ပြောလိုက်လေသည်။

"စိတ်မလှုပ်ရှားပါနဲ့... ငါက ဒီမှာ အရောင်းအဝယ်တစ်ခု လုပ်ဖို့ လာတာပါ..."

“ဘာအရောင်းအဝယ် လုပ်ချင်လို့လဲ’’

နန်ကုန်းအောက်ထျန်းသည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး လှုပ်ရှားရန် အစီအစဉ်ကို ယာယီ စွန့်လွှတ်လိုက်ပေသည်။

သူ ဖောက်ထွင်းမမြင်နိုင်‌ ပေ။

တစ်ဖက်လူ၏ အရှိန်အဝါက တစ်ခါတစ်ရံတွင် သာမန်ဖြစ်ပြီး ထူးခြားမှုမရှိသလို တစ်ခါတစ်ရံတွင် သမုဒ္ဒရာကဲ့သို့ နက်ရှိုင်းကာ ခန့်မှန်းရခက်သောကြောင့် ဖောက်ထွင်းမြင်နိုင်ရန် မဖြစ်နိုင်ကြောင်း သူ ခံစားလိုက်ရလေသည်။

ထို့အပြင် တစ်ဖက်လူသည် သူ့အပါအဝင် မည်သူ့ကိုမျှ သတိမပြုမိစေဘဲ တိတ်ဆိတ်စွာ ရောက်ရှိလာခြင်းက သူတို့၏ စွမ်းအားမှာ သာမန်မဟုတ်ကြောင်း ပြသနေပေသည်။

ထိုမျှမက သူ၏လူများ သေသွားပြီလား (သို့မဟုတ်) ဤနေရာရှိ ပုံမှန်မဟုတ်မှုများကို သတိမပြုမိဘဲ ရှိနေသလားဆိုတာ ရှင်းလင်းစွာ မသိရချေ။ သူက ကြီးမားတဲ့ လှုပ်ရှားမှုတစ်ခု လုပ်ခဲ့ရင်တောင်မှ ဘယ်သူမှ ရောက်မလာခဲ့နိုင်ချေ။

ဝတ်ရုံနက်ဝတ်လူသားက အနည်းငယ် ခေါင်းညိတ်လိုက်ပြီးနောက် သူ၏လက်ကို ဝှေ့ယမ်းလိုက်ရာ သူ၏ရှေ့တွင် ဆေးလုံးတစ်လုံး ပေါ်လာလေသည်။

အခန်း (၉၂) နောက်ထပ် အရောင်းအဝယ်

ထို ဆေးလုံးသည် လုံးဝိုင်းနေပြီး မိုးကြိုးစွမ်းအား အနည်းငယ်ကို စဉ်ဆက်မပြတ် ထုတ်လွှတ်နေလေသည်။

ဆေးလုံး၏ မျက်နှာပြင်တွင် ရှုပ်ထွေးပြီး လျှို့ဝှက်ဆန်းကြယ်သော ပုံစံများ ရှိနေပြီး စကြဝဠာ၏ လျှို့ဝှက်ချက်များ ပါဝင်နေသကဲ့သို့ ဖြစ်နေပေသည်။

"ကပ်ဘေးကျော်ဖြတ်ခြင်း ဆေးလုံး..."

နန်ကုန်းအောက်ထျန်း၏ သူငယ်အိမ်များ ကျုံ့သွားလေသည်။ ၎င်းမှာ အမှန်တကယ်ပင် ကပ်ဘေးကျော်ဖြတ်ခြင်း ဆေးလုံး တစ်လုံးဖြစ်ပြီး ၎င်း၏ အရည်အသွေးကို ကြည့်ခြင်းအားဖြင့် အနည်းဆုံး အဆင့်မြင့် ကပ်ဘေးကျော်ဖြတ်ခြင်း ဆေးလုံး ဖြစ်ပေသည်။

သူသည် ဝတ်ရုံနက်ဝတ်လူသားကို ကြည့်လိုက်ပြီး တစ်ဖက်လူ ဘာကိုဆိုလိုမှန်း ခဏတာ နားမလည်ဖြစ်သွားရချေသည်။

သို့သော် ထိုအေးစက်ပြီး ကြောက်မက်ဖွယ်ကောင်းသော အသံက ထပ်မံ ပဲ့တင်ထပ်လာပြန်သည်။

"ငါ့အတွက် ဒီအလုပ်ကို လုပ်ပေး... ဒီထိပ်တန်းအဆင့် ကပ်ဘေးကျော်ဖြတ်ခြင်း ဆေးလုံးက မင်းအတွက် ဆုကြေးပဲ..."

"ဘာကိစ္စလဲ..."

နန်ကုန်းအောက်ထျန်းက မျက်မှောင်ကြုတ်လိုက်သည်။ ဤကဲ့သို့သော ပုဂ္ဂိလ်မျိုးက သူ့ကို တစ်ခုခုလုပ်ခိုင်းရန် ညွှန်ကြားလာခြင်းမှာ သိပ်ရိုးရှင်းမည်မဟုတ်ကြောင်း ထင်ရှားလှပေသည်။

ဝတ်ရုံနက်ဝတ်လူသားသည် သူ၏ခေါင်းကို အနည်းငယ် မော့လိုက်သော်လည်း သူ၏မျက်နှာကို မမြင်ရချေ။ ဝတ်ရုံနက်အောက်မှ အေးစက်စက် အသံတစ်ခုသာ ထွက်ပေါ်လာလေသည်။

"အနောက်ပိုင်း ဈေးတန်းမှာ စူးရှင်းမုန်းလို့ခေါ်တဲ့ သမားတော်တစ်ယောက် ရှိတယ်... သူက တောင်ပိုင်းကနေ လာတာ သုံးနှစ်ရှိပြီ... ဆေးကုသပေးပြီး လူ့အသက်ပေါင်းများစွာကို ကယ်တင်ခဲ့တယ်... သူ့ရဲ့ ဖြူစင်ပြီး ကြင်နာတတ်တဲ့ နှလုံးသားကို ငါတို့ သဘောကျလို့ သူ့ကို ကြီးကြပ်ရေးရုံးမှာ ပညာသင်ကြားဖို့ အထူးခွင့်ပြုချက် လုပ်ပေးစေချင်တယ်"

ဤစကားကို ကြားချိန်တွင် နန်ကုန်းအောက်ထျန်းက မျက်မှောင်ကြုတ်လိုက်သည်။

"မင်း ငါ့ကို လုပ်စေချင်တာက ဒီလူကို ကြီးကြပ်ရေးရုံးမှာ ပညာသင်ကြားခွင့် ပြုဖို့လား..."

" ဟုတ်တယ်... သူ့ကို ကြီးကြပ်ရေးရုံးထဲ ဝင်ခွင့်ရအောင် နည်းလမ်းရှာပေး... ဒါပေမဲ့ သူ့ကို အတင်းအကျပ် မလုပ်နဲ့... သူမ မသင်္ကာဖြစ်အောင်လည်း မလုပ်နဲ့..."

ဝတ်ရုံနက်ဝတ်လူသားက ခေါင်းညိတ်ပြပြီး ဆက်ပြောလိုက်သည်။

"တကယ်လို့ မင်းက ငါ့ကို ကျေနပ်လောက်တဲ့အထိ လုပ်ပေးနိုင်ရင် နောင်မှာ အပေးအယူကောင်းတွေ ရှိလာရင် မင်းကို ငါ ထပ်လာရှာနိုင်တယ်..."

နန်ကုန်းအောက်ထျန်းက မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး ကိစ္စများမှာ ထင်သလောက် မရိုးရှင်းကြောင်း ခံစားလိုက်ရလေသည်။

"သူမရဲ့ အဆင့်အတန်းက ဘာလဲ... သူမရဲ့ နောက်ခံက ဘာလဲ... သူမရဲ့ စွမ်းအားက ဘယ်လောက်ရှိလဲ..."

" သူ့ရဲ့အဆင့်အတန်း (ဒါမှမဟုတ်) နောက်ခံကို ငါ ထုတ်ပြောလို့မရဘူး... သူ့ရဲ့ စွမ်းအားက ခန္ဓာကိုယ်သန့်စင်ခြင်း အထွတ်အထိပ်အဆင့်ပဲ ရှိတယ်... တိတ်တဆိတ် ကာကွယ်ပေးနေတဲ့ ဝိညာဉ်အရှင်မြတ်အဆင့် နတ်ဆိုးကျင့်ကြံသူ တစ်ယောက်တော့ ရှိတယ်..."

ဤစကားကို ကြားချိန်တွင် နန်ကုန်းအောက်ထျန်းက ပို၍ မျက်မှောင်ကြုတ်သွားပြီး သူ၏ အမူအရာမှာ အနည်းငယ် တည်ကြည်လေးနက်လာလေသည်။

"တကယ်လို့ ငါ မင်းကို မကူညီဘူးဆိုရင် မင်း ဘာလုပ်မလဲ..."

သူ ပြောနေစဉ် ဝတ်ရုံနက်ဝတ်လူသားကို စိုက်ကြည့်နေပြီး တစ်ဖက်လူ၏ တုံ့ပြန်မှုကို သိချင်နေပုံရပေသည်။

ဝတ်ရုံနက်ဝတ်လူသားက သူ့ကို တစ်ချက်ကြည့်လိုက်သည်။

"တခြားလူနဲ့ အရောင်းအဝယ် လုပ်ရုံပေါ့... ချင်းယိုအင်ပါယာမှာ သူ့ကို ကြီးကြပ်ရေးရုံးထဲ ဝင်ခွင့်ရအောင် လုပ်ပေးနိုင်တဲ့သူ မင်းတစ်ယောက်တည်းမှ မဟုတ်တာ..."

ဤစကားကို ကြားချိန်တွင် နန်ကုန်းအောက်ထျန်းက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး တစ်ဖက်လူ ပြောသည်ကို သဘောတူ​ေလသည်။

ကြီးကြပ်ရေးရုံးသည် တော်ဝင်မိသားစုဝင်များ၊ အင်ပါယာမှ အဆင့်မြင့် အရာရှိများ၏ ကလေးများနှင့် အင်ပါယာအတွင်းရှိ အထူးပါရမီရှင်များ ကျင့်ကြံခြင်းဆိုင်ရာ အသိပညာများကို သင်ယူသည့် နေရာဖြစ်ပေသည်။ အမှန်တကယ်ပင် သူတစ်ဦးတည်းသာ အထူးဝင်ခွင့် ပေးနိုင်သူ မဟုတ်ချေ။

ကြီးကြပ်ရေးရုံး၏ ကျောင်းအုပ်ကြီးလည်း လုပ်နိုင်သလို မင်းသားတချို့လည်း လုပ်နိုင်ပေသည်။ နန်ကုန်းအောက်ထျန်း တစ်ယောက်တည်းသာ လုပ်နိုင်သည် မဟုတ်ပေ။

ထို့အပြင် တခြားလူတွေ ဝင်ခွင့်ပေးတာကို သူ မတားဆီးနိုင်ချေ... မဟုတ်ရင် ဒီလူက သူ့အတွက် အဆုံးမရှိတဲ့ ပြဿနာတွေ ယူလာပေးနိုင်တယ်... ဒါမှမဟုတ်ရင်တောင်...

နန်ကုန်းအောက်ထျန်းသည် များများစားစား မတွေးတော့ဘဲ အနည်းငယ် ခေါင်းညိတ်ကာ ပြောလိုက်လေသည်။

"ဒီပေးယူ ကို ငါ လက်ခံတယ်..."

ဝတ်ရုံနက်ဝတ်လူသားက ခေါင်းညိတ်ပြပြီး ကပ်ဘေးကျော်ဖြတ်ခြင်း ဆေးလုံးကို နန်ကုန်းအောက်ထျန်း၏ ရှေ့သို့ ပစ်ပေးလိုက်သည်။

ထို့နောက် သူ၏ပုံရိပ်သည် မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ်သွားပြီး နန်ကုန်းအောက်ထျန်း၏ နားထဲတွင် စကားတစ်ခွန်းသာ ပဲ့တင်ထပ်နေခဲ့လေသည်။

"ဒီနေ့ ဖြစ်ခဲ့တာတွေကို ငါတို့နှစ်ယောက်ပဲ သိပါစေ... တကယ်လို့ တတိယလူ တစ်ယောက်ယောက် သိသွားရင် အကျိုးဆက်ကို သိတဲ့သူက ခံယူရလိမ့်မယ်..."

ထိုစကားများ ပြောအပြီးတွင် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်သည် တဖြည်းဖြည်း ပြိုကျလာလေသည်။

ဤသည်ကို မြင်ချိန်တွင် နန်ကုန်းအောက်ထျန်း၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ သူသည် ကပ်ဘေးကျော်ဖြတ်ခြင်း ဆေးလုံးကို ယူရန် လက်ဝှေ့ယမ်းလိုက်ပြီး လှုပ်ရှားရန် ပြင်လိုက်ချိန်တွင် သူ၏ မျက်လုံးရှေ့၌ အဖြူရောင် အလင်းတန်းတစ်ခု တောက်ပသွားပြီး အရာအားလုံး ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားပေသည်။

သူသည် ရင်းနှီးကျွမ်းဝင်သော ဖုန်းရှန်း ခန်းမဆောင်ကို ကြည့်လိုက်ရာ သူ၏မျက်လုံးများထဲတွင် အံ့အားသင့်မှုနှင့် သံသယများ ပြည့်နှက်နေလေသည်။

သူသည် သိုလှောင်ကွင်း အတွင်းရှိ ကပ်ဘေးကျော်ဖြတ်ခြင်း ဆေးလုံးကို တစ်ချက်ကြည့်လိုက်ပြီး ယခုလေးတင် ဖြစ်ပျက်ခဲ့သည်များမှာ လှည့်စားမှုတစ်ခု မဟုတ်ဘဲ အစစ်အမှန် ဖြစ်ရပ်တစ်ခု ဖြစ်နိုင်ခြေ အများဆုံးဖြစ်ကြောင်း သိလိုက်ရပေသည်။

"ချူ အကြီးအကဲ..."

သူသည် တိုးညင်းသော လေတစ်ချက်ကို မှုတ်ထုတ်လိုက်ပြီး သူ၏ ပါးလွှာသော နှုတ်ခမ်းများကို အနည်းငယ် ဟကာ နာမည်တစ်ခုကို ခေါ်လိုက်လေသည်။

သူ၏အသံ ပျောက်ကွယ်သွားသည်နှင့် လူငယ်တစ်ဦး မှောင်ရိပ်ထဲမှ ထွက်လာသည်။

"အရှင်မင်းကြီး... ကျွန်တော် ဘာများ အလုပ်အကျွေးပြုရမလဲ..."

နန်ကုန်းအောက်ထျန်းက ထိုလူကို ကြည့်ကာ မေးလိုက်သည်။

"ငါတို့နှစ်ယောက်အပြင် ဒီခန်းမထဲမှာ တတိယလူ ရှိသေးလား..."

ချူ အကြီးအကဲ အနည်းငယ် အံ့အားသင့်သွားသည်။ ဝိညာဉ်အာရုံ လှိုင်းတစ်ခုက ဖုန်းရှန်း ခန်းမဆောင် တစ်ခုလုံးကို ပျံ့နှံ့သွားသော်လည်း သူ မျက်မှောင်အနည်းငယ် ကြုတ်လိုက်လေသည်။

"အရှင်မင်းကြီး... ဒီမှာ တခြား ဘယ်သူမှ မရှိပါဘူး... အရှင်မင်းကြီး ဘာကို ဆိုလိုချင်တာလဲ..."

"ခုနကကော ဘယ်လိုလဲ..."

နန်ကုန်းအောက်ထျန်း၏ မေးခွန်းကို ကြားချိန်တွင် ချူ အကြီးအကဲ မျက်မှောင်ကြုတ်သွားသည်။

"အရှင်မင်းကြီး... ဘာတွေပြောနေတာလဲ... ကျွန်တော် မှောင်ရိပ်ထဲကနေ အချိန်တိုင်း စောင့်ကြည့်နေခဲ့တာပါ... ဒီခန်းမထဲမှာ အစကနေ အဆုံးအထိ ကျွန်တော်တို့ နှစ်ယောက်ပဲ ရှိခဲ့တာပါ..."

နန်ကုန်းအောက်ထျန်းက မျက်မှောင်ကြုတ်လိုက်သည်။

"ငါ မှားသွားတာ ဖြစ်နိုင်ပါတယ်... မင်း အခု ထွက်သွားလို့ရပါပြီ..."

"ဟုတ်ကဲ့ပါ..."

ချူ အကြီးအကဲက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ဘာမျှ ဆက်မပြောတော့ဘဲ မှောင်ရိပ်ထဲသို့ ဝင်ရောက်သွားရန် လှည့်ထွက်သွားလေသည်။

နန်ကုန်းအောက်ထျန်းသည် မျက်မှောင်အတော်လေး ကြုတ်သွားသည်။ အကယ်၍ အရာအားလုံးက အစစ်အမှန် ဖြစ်ခဲ့မည်ဆိုပါက တစ်ဖက်လူက လူတိုင်း၏ ထောက်လှမ်းမှုကို ပိတ်ဆို့ရန် အတားအဆီး တစ်ခုကို တည်ဆောက်ထားခဲ့ခြင်း ဖြစ်နိုင်ခြေ အလွန်များပေသည်။

ထို့အပြင် တစ်ဖက်လူသည် ချူ အကြီးအကဲ မသိလိုက်ဘဲ သူ၏ အာရုံခံနိုင်စွမ်းကို သက်ရောက်မှု ရှိစေခဲ့ခြင်းလည်း ဖြစ်နိုင်လေသည်။

မဟုတ်ပါက ချူ အကြီးအကဲသည် သူ အတားအဆီး အတွင်းတွင် အချိန်အတော်ကြာ ရှိနေခဲ့ပြီးနောက် သူ၏ ပုံမှန်မဟုတ်မှုကို သတိပြုမိပေလိမ့်မည်။

ဤအရာကို တွေးမိသည်နှင့် နန်ကုန်းအောက်ထျန်းသည် အသက်ပြင်းပြင်းတစ်ချက်ရှူကာ တစ်ဖက်လူ၏ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားကို အံ့ဩနေမိပေသည်။

"မိန်းမစိုး ယန်..."

နန်ကုန်းအောက်ထျန်းက ပေါ့ပေါ့ပါးပါး ခေါ်လိုက်သည်နှင့် ခန်းမဆောင် အပြင်ဘက်မှ ချက်ချင်း ပြန်ထူးသံ ထွက်ပေါ်လာလေသည်။

"ဒီငယ်ကျွန် ရှိပါတယ်..."

မိန်းမစိုး ယန်၏ အသံ မဆုံးမီမှာပင် သူသည် ခြေလှမ်းကျဲကျဲဖြင့် ဝင်လာပြီး နန်ကုန်းအောက်ထျန်းနှင့် မလှမ်းမကမ်းတွင် လေးစားစွာ ရပ်နေလိုက်ပေသည်။

နန်ကုန်းအောက်ထျန်းက ခဏတာ တွေးတောလိုက်ပြီးနောက် ပြောလိုက်သည်။

"အမိန့်ပြန်တမ်း ရေးဖို့ ပြင်ဆင်လိုက်..."

"ဟုတ်ကဲ့ပါ..."

မိန်းမစိုး ယန်က သဘောတူလိုက်ပြီး အလွတ်ဖြစ်နေသော အမိန့်ပြန်တမ်းနှင့် စာရေးကိရိယာများကို အလျင်အမြန် ပြင်ဆင်လိုက်လေသည်။

နန်ကုန်းအောက်ထျန်း ထိုင်လိုက်ပြီး ခဏတာ တွေးတောပြီးနောက် အမိန့်ပြန်တမ်းကို ကိုယ်တပြင်ဆင်လိုက်လေသည်သည်။

[ငါကိုယ်တော်အမြင်အရဆိုလျှင် လောက၏ လုပ်ငန်းဆောင်တာများအားလုံးမှာ သမားတော်များ၏ ကြင်နာတတ်သော လုပ်ရပ်များသည် အကြီးမားဆုံး ကုသိုလ်ဖြစ်ပေသည်။

ယနေ့ခေတ်တွင် စူးရှင်းမုန်း အမည်ရှိ သမားတော်တစ်ဦး ရှိပြီး သူမသည် သေလုမျောပါးဖြစ်နေသူများကို ပြန်လည်ရှင်သန်စေနိုင်သည့် စွမ်းရည်ကို ပိုင်ဆိုင်ထားကာ ကမ္ဘာလောကကို ကူညီပြီး လူ့အသက်များကို ကယ်တင်သည့် မွန်မြတ်သော ဂုဏ်ရည်ကို ပိုင်ဆိုင်ထားပေသည်။ နှစ်အတော်ကြာအောင် တောင်ပိုင်းမှ လာရောက်ကာ ဆေးကုသပေးပြီး လူ့အသက်ပေါင်းများစွာကို ကယ်တင်ခဲ့လေသည်။ ပြည်သူများအတွက် သူမ၏ အကျိုးပြုမှုများနှင့် သူမ၏ ကောင်းမြတ်မှုများသည် လောကတွင် ထာဝရ တည်ရှိနေမည် ဖြစ်သည်။ သူမသည် ဆေးပညာနယ်ပယ်တွင် တကယ့် စံပြပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေသည်။

ငါကိုယ်တော် အလွန် ဝမ်းမြောက်မိ၍ ဤအမိန့်တော်ကို ထုတ်ပြန်လိုက်သည်။ စူးရှင်းမုန်းအား ကြီးကြပ်ရေးရုံးသို့ ချက်ချင်းဝင်ရောက်လေ့လာခွင့် ပေးအပ်ပြီး ချင်းယို မြို့စား ဟူသော ဘွဲ့ကို ချီးမြှင့်လိုက်သည်။ သူမ၏ ကောင်းမြတ်မှုကို အမှတ်ရစေရန်အတွက် ဧကရာဇ်မြို့တော်ရှိ စံအိမ်တစ်ဆောင်နှင့် ဝိညာဉ်ကျောက်တုံး တစ်သောင်းကိုလည်း ငါကိုယ်တော် ချီးမြှင့်လိုက်ပြီး ပြည်သူများအကျိုးအတွက် သူမ၏ ကြိုးပမ်းအားထုတ်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဟု မျှော်လင့်ပါသည်။

ဤအမိန့်တော်အတိုင်း အတည်ဖြစ်စေ။]

နန်ကုန်းအောက်ထျန်း ရေးသားပြီးစီးပြီး ပြဿနာမရှိကြောင်း မြင်တွေ့ရပြီးနောက် သူသည် ချင်းယို ဧကရာဇ် တံဆိပ်တော်ကို ထုတ်ယူကာ တံဆိပ်တုံးနှိပ်ပြီး မိန်းမစိုး ယန်ထံ ကမ်းပေးလိုက်လေသည်။

"စူးရှင်းမုန်းက မြို့တော်ရဲ့ အနောက်ဘက်ခြမ်းမှာ ရှိတယ်... သွားပြီး အမိန့်ပြန်တမ်းကို ဖတ်ပြလိုက်... ပြီးတော့ ကြီးကြပ်ရေးရုံးကို အမြန်ဆုံး သွားပြီး လေ့လာဖို့ သူမကို အထူးပြောဖို့ သတိရနော်..."

"ဒီငယ်ကျွန် နာခံပါ့မယ်..."

မိန်းမစိုး ယန်က သဘောတူလိုက်ပြီး အမိန့်ပြန်တမ်းကို လေးစားစွာ လက်ခံကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ပြီးနောက် လှည့်ကာ အလျင်အမြန် ထွက်သွားလေသည်။

သူ ထွက်သွားသည်ကို မြင်ချိန်တွင် နန်ကုန်းအောက်ထျန်းသည် တည်ငြိမ်နေသော်လည်း သူ၏စိတ်ထဲတွင် အတွေးပေါင်းများစွာဖြင့် ပြည့်နှက်နေပေသည်။

ဝတ်ရုံနက်ဝတ် လျှို့ဝှက်ဆန်းကြယ်သူက အတိအကျ ဘယ်သူလဲ... သူက ဘာလို့ စူးရှင်းမုန်းကို ကူညီနေရတာလဲ...

စူးရှင်းမုန်းကို ကြီးကြပ်ရေးရုံးထဲ ခေါ်လာပြီး သူ ဘာလုပ်ဖို့ စီစဉ်နေတာလဲ...

ဤသံသယများသည် သူ၏စိတ်ထဲတွင် စွဲထင်နေပြီး ပျောက်ကွယ်မသွားသဖြင့် စိတ်ထဲမှ မျက်မှောင်ကြုတ်နေမိပေသည်။

'နေဦး...'

'ဝတ်ရုံနက်ဝတ် လျှို့ဝှက်ဆန်းကြယ်သူ ဟုတ်လား... သူတို့များ ဖြစ်နေမလား...'

နန်ကုန်းအောက်ထျန်းသည် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး သူ၏ သူငယ်အိမ်များ အနည်းငယ် ကျုံ့သွားကာ သူ၏နှလုံးသားမှာ တုန်လှုပ်သွားလေသည်။

အကယ်၍ သူက တကယ်ပဲ အဲ့ဒီအဖွဲ့အစည်းက လူတစ်ယောက် ဖြစ်နေမယ်ဆိုရင် အရာအားလုံးက အဓိပ္ပာယ်ရှိသွားပြီ။

ဤ စူးရှင်းမုန်းသည် ချင်းယိုအင်ပါယာ၏ သုံးနှစ်တာ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု၏ အရင်းအမြစ် ဖြစ်နိုင်ခြေ အလွန်များပေသည်။ယခု သူမ ချင်းယို ဧကရာဇ်မြို့တော်သို့ ရောက်ရှိလာပြီဖြစ်ရာ ထိုအင်အားစုသည်လည်း သဘာဝကျကျ ပေါ်လာမည် ဖြစ်လေသည်။

တစ်ဖက်လူက စူးရှင်းမုန်းကို ချင်းယိုအင်ပါယာရဲ့ ကြီးကြပ်ရေးရုံးထဲ ဝင်စေချင်တာက ဘာလုပ်ဖို့ ကြိုးစားနေတာလဲဆိုတာကိုပဲ ငါ မသိတာပဲ...

ဤအရာကို တွေးမိသည်နှင့် နန်ကုန်းအောက်ထျန်းသည် စူးရှင်းမုန်းကို စောင့်ကြည့်ရန် လူတစ်ဦး စေလွှတ်ချင်ခဲ့သော်လည်း တစ်ဖက်လူ မကျေနပ်ဖြစ်မည်ကို စိုးရိမ်နေခဲ့ပေသည်။

သို့သော် သူ သေချာ မစောင့်ကြည့်ရလျှင် သူ စိတ်အေးနိုင်မည် မဟုတ်။

တစ်ဖက်လူရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ မသိရသေးတဲ့ အချက်ကို ဖယ်ထားလိုက်မယ်ဆိုရင်... တစ်ဖက်လူက လောလောဆယ် သူ့ရဲ့ မြို့တော်မှာ ရှိနေတယ်ဆိုတဲ့ အချက်က အခု သူ့ကို တစ်ခုခု ဖြစ်သွားရင် ချင်းယိုအင်ပါယာကို တာဝန်ယူခိုင်းဖို့ များတယ်ဆိုတာကို ဆိုလိုနေတာပဲ။

နန်ကုန်းအောက်ထျန်းသည် ခဏတာ တွေဝေသွားပြီးနောက် ဖုန်းရှန်း ခန်းမဆောင်မှ လျှောက်ထွက်သွားလိုက်လေသည်။

All Chapters