အခန်း (၉၅-၉၆)
Vol. 10 Ch. 95-96
အခန်း (၉၅) မင်းရဲ့ ဒုတိယ အစ်ကိုက ဘယ်သူလဲ...
"တိုက်လိုက် အစ်မကြီး..."
လူတိုင်း ဤအကြောင်းကို ဆွေးနွေးနေချိန်တွင် သူတို့၏အနောက်မှ ကလေးဆန်သော အသံတစ်ခု ထွက်ပေါ်လာလေသည်။
ထိုအသံသည် ငယ်ရွယ်သော်လည်း ခွန်အားများ ပြည့်နှက်နေပြီး လူတိုင်း၏နားထဲသို့ ရှင်းလင်းစွာ ရောက်ရှိသွားပေသည်။
သိုင်းပြိုင်ကွင်းပေါ်တွင် နန်ကုန်းရိုရွှယ်သည် ဤအသံကို ကြားချိန်တွင် အနည်းငယ် အံ့အားသင့်သွားသည်။
"ရှောင်ယွီလား..."
သူမ လှည့်ကြည့်လိုက်ရာ နန်ကုန်းယွီသည် ကြည့်ရှုသည့် စင်မြင့်၏ အနောက်ဘက်ဆုံးတွင် အမှန်တကယ် ရောက်ရှိနေသည်ကို တွေ့လိုက်ရလေသည်။
သူမ လှမ်းကြည့်နေသည်ကို မြင်ချိန်တွင် နန်ကုန်းယွီက သူမကို လက်ယမ်းပြလိုက်ပြီး သူ၏ မျက်နှာလေးပေါ်တွင် အပြုံးများ ပြည့်နှက်နေပေသည်။
"အစ်မကြီး... သား ဒီမှာ..."
နန်ကုန်းရိုရွှယ် အနည်းငယ် အံ့အားသင့်သွားပုံရပြီး ကြီးကြပ်ရေးရုံးကို လှည့်ကြည့်လိုက်လေ၏။ သူမက သူ၏ဘေးသို့ ချက်ချင်း ပျံသန်းသွားပေသည်။
"ရှောင်ယွီ... ဘာကိစ္စရှိလို့ ဒီကို ရောက်လာတာလဲ..."
နန်ကုန်းယွီက ခေါင်းကုတ်ကာ ပြုံးလိုက်၏။ "သားလည်း ဘာမှမတတ်နိုင်ဘူးလေ... မနေ့က အစားမှားစားမိလို့ မယ်တော်နဲ့ တခြားသူတွေက သားကို ဆေးဖက်ဝင်အပင်တွေနဲ့ ပတ်သက်တဲ့ အခြေခံ အသိပညာတချို့ သင်ယူဖို့ ကြီးကြပ်ရေးရုံးကို ပို့လိုက်တာ... အခုကစပြီး သား ကြီးကြပ်ရေးရုံးမှာ ခဏလောက် နေရလိမ့်မယ် ထင်တယ်..."
"ဘာတွေ မှားစားမိလို့လဲ..."
အပြင်ဘက်မှ သိချင်စိတ်ဖြင့် မေးလိုက်သော အသံတစ်ခု ထွက်ပေါ်လာပြီး နန်ကုန်းရိုရွှေနှင့် နန်ကုန်းကျင်းချီတို့လည်း ရောက်လာကြလေ၏။
နန်ကုန်းယွီက ခေါင်းအနည်းငယ် ခါယမ်းပြလိုက်သည်။ "သားလည်း မသိဘူး... အပြာရောင်မရဏ သစ်သီး တစ်လုံးနဲ့ ဟယ်မင် ဂျင်ဆင်း တစ်ကိုက်ပဲ စားလိုက်ရတာပါ... အဲ့ဒီနှစ်ခုကို စားပြီးရင် ဘာဖြစ်မလဲဆိုတာ ဒုတိယအစ်မရော သိလား..."
နန်ကုန်းရိုရွှေက မျက်မှောင်ကြုတ်လိုက်၏။ "အဲ့ဒါတော့ ငါလဲ မသိဘူး... စားပြီးတော့ ဘာဖြစ်သွားလဲဆိုတာပဲ ပြောပြပါ..."
နန်ကုန်းယွီက အနည်းငယ် ပြုံးလိုက်သည်။ "သားတစ်ယောက်တည်း မသိတာလို့ ထင်နေတာ... ဒုတိယအစ်မတောင် မသိဘူးပေါ့လေ..."
ဤစကားကို ကြားချိန်တွင် နန်ကုန်းရိုရွှေ၏ အမူအရာ အနည်းငယ် ပြောင်းလဲသွား၏။ သူမ လှောင်ပြောင်ခံလိုက်ရပုံရပေသည်။
"ဟူး..." နန်ကုန်းရိုရွှေက အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်သည်။
"မင်းကတော့လေ... ပြောချင်ရင်လည်း ပြောလိုက်စမ်းပါ..."
နန်ကုန်းယွီက ပြုံးလိုက်ပြီး နန်ကုန်းရိုရွှယ်နှင့် အခြားအမျိုးသမီးကို ကြည့်လိုက်ရာ သူတို့နှစ်ဦးစလုံး ရှုပ်ထွေးနေပုံရသည်ကို တွေ့လိုက်ရလေသည်။
သူတို့နှစ်ဦးစလုံး မသိကြကြောင်း ထင်ရှားလှပေသည်။
သူက ပခုံးတွန့်ကာ ပြောလိုက်၏။ "ကောင်းပါပြီ... ဘာမှမဖြစ်ပါဘူး... အဆိပ်မိသွားရုံလေးပါ..."
"ဘာ..."
လူအနည်းငယ်က အံ့အားသင့်စွာ အာမေဍိတ်သံ ပြုလိုက်ကြလေသည်။ နန်ကုန်းရိုရွှယ်သည် နန်ကုန်းယွီ၏ ပခုံးနှစ်ဖက်ကို လက်နှစ်ဖက်ဖြင့် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး စိုးရိမ်တကြီး မေးလိုက်၏။
"ရှောင်ယွီ... ဘာအဆိပ်လဲ... သား အဆင်ပြေရဲ့လား..."
"ဘာမှမဖြစ်ပါဘူး... ရိုးရှင်းပြီး အပျော့စား မျက်ကန်း အဆိပ်လေးပါ... အခု အကုန်အဆင်ပြေသွားပါပြီ..."
နန်ကုန်းယွီက ပခုံးတွန့်ကာ ရယ်မောလိုက်သည်။ "တကယ်လို့ သားသာ တစ်ခုခုဖြစ်နေရင် ဒီမှာရပ်ပြီး အစ်မတို့နဲ့ စကားပြောနေမှာ မဟုတ်ဘူးလေ..."
ဤစကားကို ကြားချိန်တွင် ထိုအုပ်စု အနည်းငယ် စိတ်အေးသွားကြလေ၏။
နန်ကုန်းရိုရွှေက သိချင်စိတ်ဖြင့် မေးလိုက်သည်။ "ဒီမျက်ကန်း အဆိပ်ဆိုတာ ဘာလဲ... နာမည်က တော်တော် ထူးဆန်းတယ်နော်..."
"သားလည်း မသိပါဘူး... မျက်လုံးတွေ အရမ်းနာလာတာပဲ... ခံမရပ်နိုင်အောင် နာတာ..." နန်ကုန်းယွီက မသိဟန်ဆောင်ကာ ခေါင်းခါလိုက်ရာ သူ၏ မျက်နှာလေးပေါ်တွင် ကြောက်ရွံ့သည့် အမူအရာတစ်ခု ပေါ်လာလေသည်။
ဤစကားကို ကြားချိန်တွင် နန်ကုန်းရိုရွှယ်သည် အနည်းငယ် စိတ်မကောင်းဖြစ်သွားပုံရသော်လည်း ထိုအချိန်မှာပင် ဘေးမှ စူးရှင်းမုန်း၏ အသံ ထွက်ပေါ်လာပေသည်။
"မျက်ကန်း အဆိပ်က မျက်လုံးကိုပဲ ထိခိုက်စေတာပါ... ခန္ဓာကိုယ်အတွက်တော့ အဆိပ်အတောက် လုံးလုံးလျားလျား မရှိသလောက်ပါပဲ... ၁၂ နာရီအတွင်း အဆိပ်မဖြေနိုင်ရင် မျက်လုံးကန်းသွားပြီး နောက်တစ်ခါ ဘယ်တော့မှ ပြန်မြင်ရတော့မှာ မဟုတ်ဘူး..."
ဤစကားကို ကြားချိန်တွင် နန်ကုန်းရိုရွှယ်နှင့် အခြားသူများသည် ခေါင်းလှည့်ကြည့်လိုက်ကြပြီး သူတို့၏ အမူအရာများမှာ အနည်းငယ် အံ့အားသင့်သွားကြလေသည်။
“အမျိုးသမီးတစ်ယောက်ရဲ့ အသံကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရတာပါ... ဒါပေမဲ့ ဘာလို့ လူငယ်လေး တစ်ယောက်ကို မြင်နေရတာလဲ။'’
နန်ကုန်းယွီက ပြုံးကာ ဆိုလိုက်သည်။ "အစ်မကြီး... သား မိတ်ဆက်ပေးပါရစေ... ဒါက စူးရှင်းမုန်းပါ... ကြီးကြပ်ရေးရုံး အဝင်ဝမှာ အစ်မ ရှင်းမုန်းနဲ့ တွေ့ခဲ့တာလေ... ဦးရီးတော်က သူ့ကို ဒီမှာ သင်ကြားဖို့ အထူးခွင့်ပြုချက် ပေးထားတာ."
သူတို့သုံးဦး လှမ်းကြည့်နေသည်ကို မြင်ချိန်တွင် စူးရှင်းမုန်းက အနည်းငယ် ဦးညွှတ်ကာ ပြောလိုက်၏။ "စူးရှင်းမုန်းက မင်းသမီး နှစ်ပါးနဲ့ အိမ်ရှေ့မင်းသားကို ဂါရဝပြုပါတယ်..."
"ထုံးတမ်းစဉ်လာတွေ မလိုပါဘူး..."
နန်ကုန်းရိုရွှယ်က လက်ယမ်းပြလိုက်ပြီး စူးရှင်းမုန်းကို သိချင်စိတ်ဖြင့် ကြည့်လိုက်သည်။ "မင်းက ယောက်ျားလေးနဲ့ တူတယ်... ဒါပေမဲ့ ဘယ်လိုလုပ်ပြီး အမျိုးသမီး အသံနဲ့ စကားပြောနေတာလဲ..."
"မင်းသမီး... မင်းသမီး သိချင်မှ သိမှာပါ... ရှင်းမုန်းက ချင်းယိုအင်ပါယာရဲ့ တောင်ပိုင်းနယ်စပ်ကနေ လာတာပါ... ဒါပေမဲ့ ကျွန်မက ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်မှာပဲ ရှိသေးတော့ ပြဿနာတွေကို ရှောင်လွှဲနိုင်အောင် ယောက်ျားလေး ဝတ်စုံကို ဝတ်ထားတာပါ..."
စူးရှင်းမုန်းသည် ခါးသက်သက် ပြုံးကာ ခေါင်းခါလိုက်၏။ "ကျွန်မတို့ ချင်းယို ဧကရာဇ်မြို့တော်ကို ရောက်လာပေမဲ့ ပြန်ပြောင်းဝတ်ဖို့ မေ့နေတာ... မင်းသားငယ် သတိပေးလို့ပါ... မနက်ဖြန်ကျရင် မိန်းကလေး ဝတ်စုံ ပြန်ပြောင်းဝတ်လိုက်ပါ့မယ်..."
နန်ကုန်းရိုရွှယ်က နားလည်ကြောင်း ပြသသည့်အနေဖြင့် အနည်းငယ် ခေါင်းညိတ်လိုက်သည်။ ကျင့်ကြံသူများ၏ ကမ္ဘာသည် အမျိုးသမီးများအတွက် အမှန်တကယ်ပင် သိပ်မရင်းနှီးလှချေ။
"မင်းက မျက်ကန်း အဆိပ်အကြောင်း သိတာလား..."
"သိပါတယ်..."
စူးရှင်းမုန်းက ခေါင်းညိတ်လိုက်၏။ "ရှင်းမုန်းက ဆေးပညာ ဗဟုသုတ နည်းနည်းရှိတယ်လေ... ဆေးပညာနဲ့ အဆိပ်ပညာဆိုတာ ခွဲခြားလို့မရဘူးဆိုတော့ မျက်စိကန်း အဆိပ်အကြောင်း သိတာပေါ့..."
နန်ကုန်းရိုရွှယ်က အနည်းငယ် ခေါင်းညိတ်လိုက်ပြီး ဘာမျှ ဆက်မမေးတော့။
ထိုအချိန်တွင် ကြီးကြပ်ရေးရုံးမှ ဆရာတစ်ဦး၏ အသံ ထွက်ပေါ်လာလေ၏။ "မင်းသမီးကြီး... လူတိုင်းရဲ့ အချိန်တွေ မနှောင့်နှေးရအောင် စင်ပေါ်ကို အမြန်ဆုံး တက်ခဲ့ပေးပါ..."
ဤစကားကို ကြားချိန်တွင် နန်ကုန်းရိုရွှယ်သည် စကားပြောခဲ့သော အဘိုးအိုကို လှည့်ကြည့်လိုက်ပြီး အလျင်အမြန် ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် သူမသည် နန်ကုန်းယွီကို ကြည့်ကာ ပြောလိုက်၏။ "ရှောင်ယွီ... ဒီနေ့က ကြီးကြပ်ရေးရုံးက စီစဉ်တဲ့ ပေါင်းစပ် တိုက်ခိုက်ရေး အတန်းလေ... တစ်နေကုန် ကြာနိုင်တယ်... သားနဲ့ ရိုရွှေတို့ ဒီမှာပဲ စောင့်နေကြနော်... အစ်မ ပြိုင်ပွဲပြီးရင် သားတို့ဆီ လာခဲ့မယ်..."
"ဟုတ်ကဲ့ပါ အစ်မကြီး... သွားတော့လေ..." နန်ကုန်းယွီက ပြုံးကာ ခေါင်းညိတ်ပြပြီး လက်ယမ်းလိုက်လေသည်။
နန်ကုန်းရိုရွှယ်က ခေါင်းညိတ်လိုက်ပြီး သိုင်းပြိုင်ကွင်းပေါ်သို့ ခုန်တက်သွားပေသည်။
ဤသည်ကို မြင်ချိန်တွင် ဆရာများ၏ စင်မြင့်ပေါ်ရှိ အဘိုးအိုတစ်ဦးက စကားပြောလာ၏။ "အခု အားလုံးစုံပြီဆိုတော့... စကြရအောင်... ကိုယ့်ဘာသာကိုယ် ထိန်းချုပ်ဖို့ သတိရပါ... ဘယ်သူ့ကိုမှ ဒဏ်ရာမရစေနဲ့နော်..."
သူ စကားပြောအပြီးတွင် သိုင်းကွင်းပေါ်ရှိ လူဆယ်ဦးစလုံး လှုပ်ရှားသွားကြလေသည်။
မျက်တောင်တစ်ခတ်အတွင်း ဝိညာဉ်သိုင်းပညာ အမျိုးမျိုး၏ အလင်းရောင်များ တောက်ပသွားပြီး ပုံရိပ်ဆယ်ခု လူးလှိမ့်သွားကာ သူတို့၏ လှုပ်ရှားမှုများမှာ မြန်ဆန်လွန်းသဖြင့် ရှင်းလင်းစွာ မြင်နိုင်ရန်ပင် မဖြစ်နိုင်တော့ချေ။
နန်ကုန်းယွီသည် နန်ကုန်းရိုရွှယ် ရှိနေသော သိုင်းကွင်းကို တစ်ချက်ကြည့်လိုက်ရာ သူတို့နှစ်ဦး အင်အားတူညီနေသည်ကို မြင်တွေ့လိုက်ရသဖြင့် လောလောဆယ် ဂရုမစိုက်တော့ချေ။
သူက နန်ကုန်းရိုရွှေကို လှည့်ကြည့်လိုက်၏။ "ဒုတိယအစ်မ... ထိုင်ကြည့်ဖို့ နေရာတစ်ခု သွားရှာကြရအောင်..."
"ကောင်းပြီလေ... ငါ့နောက် လိုက်ခဲ့..."
နန်ကုန်းရိုရွှေက ခေါင်းညိတ်လိုက်ပြီး ထိုအုပ်စုကို သိုင်းကွင်းအနီးရှိ ကြည့်ရှုသည့် စင်မြင့်သို့ ခေါ်သွားလေသည်။
ဤတစ်ဝိုက်တွင် ထိုင်စရာနေရာများ မရှိဘဲ နန်ကုန်းရိုရွှေနှင့် သူမ၏အုပ်စုက တမင်သက်သက် ချန်ထားခဲ့ခြင်း ဟုတ်၊ မဟုတ် မသိရ။
နန်ကုန်းယွီ ထိုင်လိုက်သည်နှင့်တပြိုင်နက် သူ့အပေါ် ဖြတ်ဆင်းလာသော အေးစက်စက် အကြည့်တစ်ချက်ကို မြင်လိုက်ရသဖြင့် ခေါင်းလှည့်ကြည့်မိသွားသည်။
သို့သော် သူတို့သည် မလှမ်းမကမ်းတွင် ထိုင်နေသော နန်ကုန်းကျင်းလင်ကို တွေ့လိုက်ရပြီး မျက်လုံးများထဲတွင် မကျေနပ်မှုများဖြင့် သူတို့ကို အေးစက်စွာ စောင့်ကြည့်နေလေသည်။
ဤသည်ကို မြင်ချိန်တွင် နန်ကုန်းယွီသည် နှုတ်ခမ်းကို ကွေးညွတ်ကာ။ "ဒုတိယအစ်ကို... ဘာလို့ ကျွန်တော်တို့ကို အဲ့ဒီလို လှမ်းကြည့်နေတာလဲ..."
"ထွက်သွားစမ်း... ဘယ်သူက မင်းရဲ့ ဒုတိယအစ်ကိုလဲ..."
နန်ကုန်းကျင်းလင်က အေးစက်စွာ ပြောလိုက်၏။ "မင်းက မင်းသားတစ်ပါးရဲ့ သားပဲလေ... ဒီလို အခေါ်အဝေါ်တွေကို ဘယ်လိုလုပ်ပြီး ဒီလောက် ပေါ့ပေါ့ဆဆ သုံးရဲတာလဲ..."
နန်ကုန်းယွီ စကားမပြောမီမှာပင် နန်ကုန်းရိုရွှေက မျက်မှောင်ကြုတ်လိုက်သည်။ ''ကျင်းလင်... မင်း နေမကောင်းဖြစ်နေတာလား... ရှောင်ယွီက မင်းကို ဘာလုပ်လို့လဲ..."
"ဟမ့်... မင်းသားဖြစ်တဲ့ ငါက မှားနေလို့လား..."
နန်ကုန်းကျင်းလင်သည် ထိုအုပ်စုကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီး နန်ကုန်းယွီကို မြင်ချိန်တွင် သူ၏မျက်လုံးများထဲ၌ အထင်အမြင်သေးမှုများ တောက်ပသွားလေသည်။
ဤသည်ကို မြင်ချိန်တွင် နန်ကုန်းယွီသည် အကူအညီမဲ့စွာဖြင့် ပြောလိုက်သည်။ "ကျွန်တော် တကယ် နားမလည်တော့ဘူး... ကျွန်တော်က အလယ်အလတ်အဆင့် ဝိညာဉ်အမြစ်ပဲ ရှိတာလေ... အစ်ကိုက အသုံးမကျတဲ့ မင်းသားမှ မဟုတ်တာ... ဘာလို့ ကျွန်တော့်ကို မကျေနပ်ဖြစ်နေရတာလဲ..."
နန်ကုန်းကျင်းလင်က နှာခေါင်းရှုံ့လိုက်၏။ "ဟမ့်... မင်းက အသုံးမကျတဲ့ အမှိုက်ဆိုတာ သိရဲ့လား... ဒါဆို ဘာလို့ ကျန်းပေ့မင်းသားဆိုတဲ့ ဘွဲ့ကို ဆုပ်ကိုင်ထားရသေးတာလဲ... ဘာလို့ ကျန်းပေ့စစ်တပ်ကို မင်းနဲ့ ချိတ်ဆက်ထားရသေးတာလဲ..."
ဆူညံသံကို သတိထားမိသွားသော ကျောင်းသားများသည် သူတို့၏ အာရုံစိုက်မှုကို ထိုဘက်သို့ လှည့်ကြည့်မိသွားကြသည်။
နန်ကုန်းယွီသည် ရုတ်ရုတ်သဲသဲဖြစ်နေသည်ကို ကြည့်နေသော ကျောင်းသားအများအပြားကို တစ်ချက်ကြည့်လိုက်ရာ သူတို့ထဲမှ အများအပြားက အလျင်အမြန် အကြည့်လွှဲသွားကြလေသည်။
သို့သော် ထို့နောက် နန်ကုန်းယွီက မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး နန်ကုန်းကျင်းလင်ကို အကူအညီမဲ့သော အမူအရာဖြင့် ကြည့်လိုက်သည်။
"အစ်ကိုက ကျွန်တော့်ကို အခက်တွေ့အောင် လုပ်နေတာပဲ... ကျွန်တော်က အဲ့ဒီတုန်းက မွေးခါစလေးလေ... ပြီးတော့ အလယ်အလတ်အဆင့် ဝိညာဉ်အမြစ်ပဲ ရခဲ့တာ... ဒါပေမဲ့ ဦးရီးတော်က ကျွန်တော့်ကို ချစ်ခင်ပြီး မျိုးရိုးဆက်ခံ ကျန်းပေ့မင်းသားဆိုတဲ့ ဘွဲ့ကို ချီးမြှင့်တဲ့အပြင် ကျန်းပေ့စစ်တပ်ကိုပါ ပေးအပ်ခဲ့တာကို ဘယ်သူက ကျွန်တော့်ကို အပြစ်တင်နိုင်မှာလဲ..."
"မင်း..."
ဤစကားကို ကြားချိန်တွင် နန်ကုန်းကျင်းလင်၏ အမူအရာမှာ အတော်လေး အကျည်းတန်သွားပြီး နန်ကုန်းယွီကို အေးစက်စွာ စိုက်ကြည့်နေလေသည်။
အခန်း (၉၆) အစ်မကိုပါ ဆွဲသွင်းမိသွားသလိုပဲ
နန်ကုန်းကျင်းလင်၏ မသာမယာ အမူအရာကို မြင်ချိန်တွင် နန်ကုန်းယွီသည် သူ့ကို အလိုမလိုက်တော့ဘဲ သူ၏နှုတ်ခမ်းများပေါ်တွင် လှောင်ပြောင်သည့် အပြုံးတစ်ခု ပေါ်လာလေသည်။
သို့သော် ထို့နောက် သူက ဆက်ပြောလိုက်သည်။ "အစ်ကို... ကျွန်တော်တောင် နားမလည်နိုင်ဘူး... ကျွန်တော်က အလယ်အလတ်အဆင့် ဝိညာဉ်အမြစ်ပဲ ရှိတာလို့ အစ်ကို ပြောတယ်လေ... ကျန်းပေ့စစ်တပ်က ဘယ်လိုလုပ်ပြီး သေတဲ့အထိ ကျွန်တော့်ကို လိုက်ပါဖို့ ကျိန်ဆိုနိုင်မှာလဲ..."
"သူတို့ ဘာလို့ အစ်ကိုတော့်နောက် မလိုက်ကြတာလဲ... အစ်ကိုတော်က ဒုတိယမင်းသားလေ... ဒီလောက် ဂုဏ်သတင်းကြီးမားတဲ့ ပုဂ္ဂိုလ်ကြီးပဲ..."
ဤစကားကို ကြားချိန်တွင် နန်ကုန်းကျင်းလင်၏ အမူအရာမှာ ပို၍ပင် မှုန်မှိုင်းသွားလေ၏။ "မင်းက သေချင်နေတာလား..."
"သေချင်နေတာ ဟုတ်လား..."
နန်ကုန်းယွီက ကမ္ဘာပေါ်တွင် ရယ်စရာအကောင်းဆုံး ဟာသတစ်ခုကို ကြားလိုက်ရသကဲ့သို့ မျက်တောင်ခတ်လိုက်၏။ "အိုးဟိုး... အစ်ကိုတော်က ကျွန်တော့်ကို သတ်ချင်တာလား... စမ်းကြည့်လို့ ရပါတယ်နော်..."
သို့သော် ထို့နောက် သူ၏အကြည့်များ ရုတ်တရက် အေးစက်သွားပေသည်။ "ကျွန်တော့်မယ်တော်က မြောက်ပိုင်းစစ်တပ်ကို အမိန့်လေးခု ပေးထားတယ်လို့ ကျွန်တော် ကြားဖူးတယ်... အစ်ကိုတော် ကျွန်တော့်ကို သတ်လိုက်ရင် မြောက်ပိုင်းစစ်တပ်ရဲ့ ဒေါသကို အစ်ကိုတော် ခံနိုင်ရည်ရှိမယ် ထင်လား..."
"မင်း..."
နန်ကုန်းကျင်းလင်၏ မျက်လုံးများထဲတွင် လူသတ်လိုသော အရောင်အဝါတစ်ခု ဖြတ်ပြေးသွားသော်လည်း နန်ကုန်းယွီ၏ စောစောက ခြိမ်းခြောက်မှုကို သတိရသွားသဖြင့် မထိုင်မီ နန်ကုန်းယွီကိုသာ စိုက်ကြည့်ရုံသာ တတ်နိုင်တော့သည်။
"ဟမ့်..."
နန်ကုန်းယွီသည် သူ၏မျက်လုံးများထဲရှိ သတ်ဖြတ်လိုသော ရည်ရွယ်ချက်ကို သဘာဝကျကျ သတိထားမိသွားပြီး လှောင်ပြောင်လိုက် လေသည်။ "အသုံးမကျတဲ့ အမှိုက်... မင်းက တော်ဝင်မိသားစုဝင်တွေ … မင်းရဲ့ကိုယ်ပိုင် ညီအစ်ကိုမောင်နှမတွေကိုတောင် သည်းခံနိုင်စွမ်း မရှိဘူး... မင်းရဲ့နှလုံးသားက နန်းတွင်းအရာရှိတွေကို သည်းခံနိုင်ပါ့မလား... ကမ္ဘာပေါ်က ပြည်သူတွေကို သည်းခံနိုင်ပါ့မလား... ဒီကမ္ဘာကြီးကိုရော သည်းခံနိုင်ပါ့မလား..."
"မင်း..."
နန်ကုန်းကျင်းလင်၏ အမူအရာ လုံးလုံးလျားလျား ပြောင်းလဲသွားလေ၏။ သူသည် ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး နန်ကုန်းယွီကို အေးစက်စွာ ကြည့်လိုက်သည်။ "နန်ကုန်းယွီ... မင်း ဘယ်လောက်တောင် ရိုင်းစိုင်းရဲတာလဲ..."
"ရိုင်းစိုင်းတယ် ဟုတ်လား... ကျွန်တော် တစ်ခုခု မှားပြောမိလို့လား..."
နန်ကုန်းယွီက သူ့ကို ဂရုမစိုက်ဘဲ သူ၏မျက်လုံးများထဲတွင် အထင်အမြင်သေးမှုများ ပြည့်နှက်နေပေ၏။ "ပြောပါဦး... ကျွန်တော် ဒီလို မပြုမူတာကို အစ်ကိုတော် ဘယ်တုန်းက မြင်ဖူးလဲ... ကျွန်တော်က အသက် လေးနှစ်ပဲ ရှိသေးတာလေ... ကျွန်တော် အစ်ကိုတော့်ကို စော်ကားမိလို့လား... ကျွန်တော်က အစ်ကိုတော် ချစ်ရတဲ့သူတွေကို သတ်မိလို့လား..."
"မင်း..."
နန်ကုန်းကျင်းလင်၏ မျက်နှာမှာ မှုန်မှိုင်းနေပြီး အထူးသဖြင့် သိုင်းပြိုင်ကွင်းပေါ်တွင် လူရာပေါင်းများစွာ ကြည့်နေကြသောကြောင့် သူ နောက်ဆုတ်ရန် မဖြစ်နိုင်တော့။
ဤအချိန်တွင် အကျိုးဆက်များကို ဂရုမစိုက်ဘဲ နန်ကုန်းယွီကို နေရာမှာတင် သတ်ပစ်ချင်စိတ် ပေါက်သွားရလေသည်။
သို့သော် သူ လုပ်၍မရကြောင်း သူ ကောင်းကောင်းသိပြီး ကြီးကြပ်ရေးရုံးကလည်း သူ့ကို ခွင့်ပြုမည် မဟုတ်ပေ။
ထိုအချိန်တွင် အခြေအနေကို သတိထားမိသွားသဖြင့် သိုင်းပြိုင်ကွင်းပေါ်ရှိ လူဆယ်ဦးမှာလည်း ရပ်တန့်သွားကြလေသည်။
နန်ကုန်းရိုရွှယ်သည် လေ့ကျင့်ရေး စင်မြင့်ပေါ်မှ ပျံသန်းဆင်းလာပြီး ပြေးလာခဲ့သည်။ "ရှောင်ယွီ... ဘာဖြစ်တာလဲ..."
"အစ်မကြီး... သား အဆင်ပြေပါတယ်..."
နန်ကုန်းယွီက ခေါင်းခါလိုက်ပြီး နန်ကုန်းကျင်းလင်ကို အေးစက်စက် တစ်ချက်ကြည့်ကာ စိတ်ပျက်လက်ပျက်ဖြင့် ထိုင်ချလိုက်လေသည်။
နန်ကုန်းရိုရွှယ်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ "ရိုရွှေ... အတိအကျ ဘာတွေဖြစ်နေတာလဲ..."
နန်ကုန်းရိုရွှေသည် ခုနက ဖြစ်ပျက်ခဲ့သည်များကို အလျင်အမြန် ပြန်လည်ပြောပြလိုက်ရာ သူမ၏မျက်နှာမှာ မှုန်မှိုင်းနေပေ၏။ "နန်ကုန်းကျင်းလင် ဘာဖြစ်နေလဲဆိုတာ ငါလဲ မသိဘူး... သူက အမြဲတမ်း ရှောင်ယွီကို ပစ်မှတ်ထားနေသလို ခံစားရတယ်..."
ဤစကားများကို ကြားချိန်တွင် နန်ကုန်းရိုရွှယ်က နန်ကုန်းကျင်းလင်ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်သည်။"နန်ကုန်းကျင်းလင်... မင်း လွန်လွန်းသွားပြီ... ဒီနေ့ ဖြစ်ခဲ့တာတွေရဲ့ အမှန်တရားကို ခမည်းတော်ဆီ ငါ ပြောပြမယ်..."
"ကြိုက်သလိုသာလုပ်..."
နန်ကုန်းကျင်းလင်၏ မျက်နှာမှာ အကျည်းတန်သွားပြီး အေးစက်စွာ နှာခေါင်းရှုံ့လိုက်လေသည်။
သို့သော် သူသည် မသက်မသာ ဖြစ်သွားကာ ကြောက်ရွံ့မှုတစ်ခုကလည်း အလိုအလျောက် ပေါ်လာပေသည်။
သို့သော် သူ့ကို ခေါင်းငုံ့ခိုင်းရန်မှာ မဖြစ်နိုင်ချေ။
နန်ကုန်းကျင်းလင်သည် ထိုအုပ်စုကို တစ်ချက်ကြည့်ကာ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူ၏ လက်အင်္ကျီကို ခါကာ ထွက်သွားလေသည်။
ဤသည်ကို မြင်ချိန်တွင် နန်ကုန်းယွီ၏ အမူအရာမှာ ရှုပ်ထွေးသွားပေသည်။ "အစ်မတော်ကြီး... သား လွန်သွားပြီး ပြဿနာ ရှာမိတာလား..."
"အဲ့ဒီလို မဟုတ်ပါဘူး..."
နန်ကုန်းရိုရွှယ်က ထိုင်လိုက်ပြီး နန်ကုန်းယွီ၏ ပခုံးကို ဖက်ကာ နနှစ်သိမ့်ပေးလိုသည်။"ရှောင်ယွီ... အရမ်းမတွေးပါနဲ့... နန်ကုန်းကျင်းလင် ကိုယ်တိုင်က ပြဿနာ ရှာတာပါ..."
"အိုး..."
နန်ကုန်းယွီက ခေါင်းညိတ်လိုက်သော်လည်း သူ၏ စိတ်အားထက်သန်မှုမှာ သိသိသာသာ လျော့ကျသွားလေသည်။
ဤသည်ကို မြင်ချိန်တွင် နန်ကုန်းရိုရွှယ်သည် ခဏတာ တွေဝေသွားပြီးနောက် ပြောလိုက်သည်။ "သား ငါ့ကို စောင့်နေ... ငါ အခုပဲ ပြန်လာခဲ့မယ်..."
သူမ စကားပြောအပြီးတွင် ဆရာများ၏ စင်မြင့်ဆီသို့ တိုက်ရိုက် ပျံသန်းသွားပြီး ဆရာများကို တစ်စုံတစ်ခု ပြောလိုက်လေသည်။
ခဏအကြာတွင် သူမသည် ပြုံးလျက် ပြန်လည်ပျံသန်းလာပြီး ပြောလိုက်သည်။ "ရှောင်ယွီ... ငါ ဆရာကို ခွင့်တောင်းပြီးပြီ... ငါ သားကို လိုက်ပြပေးမယ်လေ..."
"ကျေးဇူးတင်ပါတယ် အစ်မကြီး..."
နန်ကုန်းယွီက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး မတ်တပ်ရပ်ကာ နန်ကုန်းရိုရွှယ်နောက်သို့ လိုက်၍ ထွက်သွားလေသည်။
ထိုအချိန်တွင် နန်ကုန်းရိုရွှယ်သည် ရုတ်တရက် လှည့်ကာ နန်ကုန်းရိုရွှေနှင့် အခြားတစ်ဦးကို ကြည့်လိုက်သည်။ "နင်တို့နှစ်ယောက် ထွက်သွားလို့ မရဘူးနော်... နင်တို့ ထွက်သွားဖို့ ငါ ခွင့်မတောင်းခဲ့ဘူးဆိုတော့ သေချာ နားထောင်ကြ..."
ဤစကားကို ကြားချိန်တွင် နန်ကုန်းရိုရွှေနှင့် အခြားတစ်ဦးတို့၏ နှုတ်ခမ်းများ တုန်လှုပ်သွားပြီး အကူအညီမဲ့စွာ ခေါင်းခါလိုက်ကြလေသည်။
သူတို့သည် သိုင်းပြိုင်ကွင်းပေါ်မှ ဆင်းလာခဲ့ကြသည်။
နန်ကုန်းယွီသည် တစ်စုံတစ်ခုကို ရုတ်တရက် သတိပြုမိသွားပုံရပြီး စူးရှင်းမုန်းကို လှည့်ကြည့်ကာ တောင်းပန်သည့်လေသံဖြင့် ပြောလိုက်သည်။"အစ်မ ရှင်းမုန်း... ကျွန်တော် အစ်မကိုပါ ဒီကိစ္စထဲ ဆွဲသွင်းမိသွားသလိုပဲ..."
"ဟင်... ဘာလို့ ကျွန်မကို ဆွဲသွင်းမိသွားရတာလဲ..."
စူးရှင်းမုန်းသည် အနည်းငယ် ရှုပ်ထွေးနေပုံရပြီး ဘာဖြစ်သွားသည်ကို နားမလည်ခဲ့ချေ။
နန်ကုန်းရိုရွှယ်သည် တစ်စုံတစ်ခုကို တွေးမိသွားသကဲ့သို့ တွေးတောနေပုံရသော်လည်း သူမက အနည်းငယ် မယုံနိုင်သေးချေ။
နန်ကုန်းယွီက အနည်းငယ် အကူအညီမဲ့နေဟန်ဖြင့် ပြောလိုက်လေသည်။ "ကျွန်တော် နန်ကုန်းကျင်းလင်ရဲ့ စရိုက်ကို သိပ်မသိပေမဲ့ အကြိမ်အနည်းငယ် တွေ့ဖူးတာကို ထောက်ရှုရင် သူက သိပ်ပြီး သဘောထားကြီးတဲ့သူ မဟုတ်ဘူးဆိုတာ ပြောနိုင်တယ်..."
"အခု ကျွန်တော်က သူ့ကို မနိုင်နိုင်ဘူးလေ... တကယ်လို့ ကျွန်တော်သာ သူနဲ့ အဆက်အသွယ် လုံးဝ ဖြတ်လိုက်ရင် သူက ကျွန်တော့်ကို မျက်စိစူးစရာတစ်ခုအဖြစ် သေချာပေါက် မြင်မှာပဲ... ပြီးတော့ ကျွန်တော့်ကို အမြန်ဆုံး ဖယ်ရှားပစ်ချင်နေလိမ့်မယ်..."
"ဒါပေမဲ့ သူက ကျွန်တော့်ကို တိုက်ခိုက်ဖို့ သတ္တိ မရှိလောက်ဘူး... ဒါပေမဲ့ အစ်မကတော့ ကွာခြားတယ်လေ..."
"ဒီနေ့ အစ်မက ကျွန်တော်တို့နဲ့ အရမ်းနီးကပ်နေခဲ့တာ... တကယ်လို့ သူသာ အဲ့ဒါကို သည်းမခံနိုင်ရင် အစ်မကို ဒုက္ခပေးလိမ့်မယ်..."
ဤရှင်းပြချက်ကို ကြားချိန်တွင် နန်ကုန်းရိုရွှယ်က အနည်းငယ် ခေါင်းညိတ်လိုက်ပြီး အနည်းငယ် အံ့အားသင့်ကာ မရေမရာ ဖြစ်သွားလေသည်။
ထိုအချိန်တွင် စူးရှင်းမုန်းသည် လုံးလုံးလျားလျား မှင်သက်သွားချေပြီ။
ဒါဆို သူမက ကြားညပ်ပြီး ဒုက္ခရောက်ရတာပေါ့လေ။
သူမက နန်ကုန်းယွီကို သံသယအနည်းငယ်ဖြင့် ကြည့်လိုက်သည်။ "မင်းသားငယ်... အဲ့ဒီလောက်တောင် မဆိုးလောက်ပါဘူးနော်... ရှင်းမုန်းက သာမန်လူ တစ်ယောက်ပါ... မင်းသားတစ်ပါးအနေနဲ့ သူက ဘယ်လိုလုပ်ပြီး ကျွန်မကို ဒုက္ခပေးနိုင်မှာလဲ..."
"ကျွန်တော် မသိဘူးလေ..." နန်ကုန်းယွီက အနည်းငယ် ခေါင်းခါပြလိုက်သည်။
"ကျွန်တော် သူနဲ့ သိပ်မဆက်ဆံဖူးတော့ သိပ်မသေချာဘူး... ဒါပေမဲ့ သတိထားတာ အကောင်းဆုံးမို့လို့ အစ်မ ရှင်းမုန်း သတိထားဖို့ တောင်းဆိုပါတယ်..."
"အင်း... ကောင်းပါပြီ..."
စူးရှင်းမုန်းက အကူအညီမဲ့စွာ ခေါင်းညိတ်လိုက်သည်။ ဤအချိန်တွင် သူမသည် ဤဝဲဂယက်ထဲမှ ထွက်သွားချင်နေပေသည်။ ဧကရာဇ်မြို့တော်က အရမ်းအန္တရာယ်များလွန်းတာ မဟုတ်ဘူးလား။
သို့သော် ထို့နောက် နန်ကုန်းယွီက ခေါင်းခါလိုက်၏။ "ထားလိုက်ပါတော့... အစ်မရဲ့ ဖြစ်နိုင်ခြေရှိတဲ့ အန္တရာယ်က ကျွန်တော့်ကြောင့် ဖြစ်ရတာဆိုတော့... လောလောဆယ် အစ်မက အစ်မကြီးနဲ့ပဲ အတူနေလိုက်ပါလား... အဲ့ဒီလိုဆိုရင် နန်ကုန်းကျင်းလင်က ရည်ရွယ်ချက်ရှိရင်တောင် လှုပ်ရှားရဲမှာ မဟုတ်ဘူးလေ..."
ဤစကားကို ကြားချိန်တွင် စူးရှင်းမုန်းက အနည်းငယ် ခေါင်းခါပြလိုက်သည်။ "အဲ့ဒါက မလိုအပ်ဘူးလို့ ကျွန်မ ထင်တယ်... မင်းသားငယ် ပြောတာက ဖြစ်နိုင်ခြေ တစ်ခုပဲလေ... သေချာတာမှ မဟုတ်တာ... ရှင်းမုန်းက ဒီကိစ္စအတွက် မင်းသမီးကြီးကို ဘယ်လိုလုပ်ပြီး ဒုက္ခပေးနိုင်မှာလဲ..."
"ရပါတယ်... ရှောင်ယွီ ပြောတာလည်း အဓိပ္ပာယ်ရှိတာပဲ... လုံခြုံရေးအတွက်ပဲလေ."
နန်ကုန်းရိုရွှယ်က အနည်းငယ် ခေါင်းခါပြလိုက်ပြီးနောက် ဖြောင်းဖျလိုက်လေသည်။
နန်ကုန်းယွီက သူမကို အကူအညီတောင်းဖို့ ဆန္ဒရှိနေမှတော့ သူမက သေချာပေါက် ငြင်းမှာ မဟုတ်ပါဘူး။
စူးရှင်းမုန်းသည် ခဏတာ တွေဝေသွားပြီး ထပ်မံ ငြင်းဆိုချမရနိုင်ချသည်။ မည်သို့ပင်ဆိုစေ သူမသည် ဤမင်းသမီးကြီးနှင့် မရင်းနှီးသဖြင့် သူမနှင့် ဒီတိုင်း လိုက်သွား၍ မရနိုင်ချေ။
သို့သော် ထိုအချိန်မှာပင် နန်ကုန်းယွီ၏ အသံ ထပ်မံထွက်ပေါ်လာသည်။ "အစ်မမှာ စိုးရိမ်စရာ ဘာမှမရှိရင် ကျွန်တော်နဲ့ လိုက်ခဲ့လို့ ရပါတယ်... ကျွန်တော့်မယ်တော်နဲ့ ဒေါ် လေးရှန်က ကျန်းပေ့မင်းသား စံအိမ်မှာ ကျွမ်းကျင်သူ အကြီးအကဲ နှစ်ယောက်လေ... နန်ကုန်းကျင်းလင်က ဆန္ဒရှိရင်တောင် အမှန်တကယ် လှုပ်ရှားရဲမှာ မဟုတ်ပါဘူး..."
"ဒါပေမဲ့ အဲ့ဒီလိုဖြစ်ခဲ့ရင်... နန်ကုန်းကျင်းလင်ရဲ့ အမြင်မှာ အစ်မက ကျွန်တော်နဲ့ တကယ်ကို ဆက်စပ်သွားလိမ့်မယ်... သူက ကျွန်တော့်ကို ဆက်ပြီး ပစ်မှတ်ထားဖို့ များပြီး အစ်မလည်း အဲ့ဒီထဲ ဆွဲသွင်းခံရလိမ့်မယ်..."
ဤစကားကို ကြားချိန်တွင် စူးရှင်းမုန်းက မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး နန်ကုန်းရိုရွှယ်နှင့် အခြားတစ်ဦးကို တစ်ချက်ကြည့်လိုက်လေသည်။
"မင်းသားငယ်... နန်ကုန်းကျင်းလင်က ကျွန်မကို တကယ်ပဲ တိုက်ခိုက်လာမှာလား..."