အခန်း (၉၇-၉၈)
Vol. 10 Ch. 97-98
အခန်း (၉၇) မင်း အမှားမလုပ်ဖို့ မျှော်လင့်ပါတယ်...
ကြီးကြပ်ရေးရုံး။
စူးရှင်းမုန်း၏ မေးခွန်းကို ရင်ဆိုင်ရချိန်တွင် နန်ကုန်းယွီက ခေါင်းအနည်းငယ် ခါယမ်းပြလိုက်သည်။
"ကျွန်တော်လည်း အပြည့်အဝ မသေချာပါဘူး... ဒါပေမဲ့ ရဲရဲဝံ့ဝံ့ ခန့်မှန်းရရင်... သူ့ရဲ့ သဘောထားသေးသိမ်မှုအရ သူက ကျွန်တော့်ကို မတိုက်ခိုက်နိုင်ရင် အစ်မကို တိုက်ခိုက်ဖို့ သေချာသလောက် ရှိနေတယ်..."
ဤစကားကို ကြားချိန်တွင် နန်ကုန်းရိုရွှယ်က စကားများများမပြောခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် သူမက ထိုမောင်လေးကို သိပ်မနှစ်သက်သကဲ့သို့ သူ အမှန်တကယ် လုပ်၊ မလုပ်ဆိုသည်ကိုလည်း မသေချာသောကြောင့် ဖြစ်လေသည်။
စူးရှင်းမုန်းသည် တိတ်ဆိတ်နေသော နန်ကုန်းရိုရွှယ်ကို တစ်ချက်ကြည့်လိုက်ပြီး စိတ်ထဲမှ ခါးသက်သက် ပြုံးမိသွားသည်။
သူမသည် လူသတ်ပွဲတစ်ခုထဲသို့ တကယ်ပဲ ရောက်သွားပုံရလေသည်။
'အခု ဆရာလည်း မရှိဘူး... စီနီယာ အစ်ကို၊ အစ်မ ဆိုတာတွေကလည်း ဘယ်ဆီရောက်နေမှန်း မသိတော့ဘူး... သူမမှာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ စွမ်းအား မရှိဘူးလေ’
စူးရှင်းမုန်းသည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး သူတို့နှစ်ဦးကို ထပ်မံကြည့်လိုက်လေသည်။ "မင်းသားငယ်... ဒီအချိန်အတွင်း ကူညီပေးခဲ့တာ ကျေးဇူးတင်ပါတယ်... ရှင်းမုန်းက အများကြီး ကျေးဇူးတင်ပါတယ်..."
နန်ကုန်းယွီက ခါးသက်သက် ပြုံးကာ လက်ယမ်းပြလိုက်သည်။ "အဲ့ဒါတွေ ပြောနေစရာ မလိုပါဘူး... တကယ်တော့ ဒီကိစ္စတစ်ခုလုံးက ကျွန်တော့်ကြောင့် စခဲ့တာဆိုတော့ ကျွန်တော်က အစ်မအတွက် တာဝန်ယူသင့်ပါတယ်..."
စူးရှင်းမုန်းသည် နန်ကုန်းယွီကို တစ်ချက်ကြည့်လိုက်ရာ သူမ၏မျက်လုံးများထဲတွင် ထူးဆန်းသော အလင်းရောင်တစ်ခု တောက်ပသွားပြီးနောက် ဘာမျှ ဆက်မပြောတော့ချေ။
နန်ကုန်းရိုရွှယ်က ပြုံးကာ ဆိုလိုက်၏။ "ကောင်းပါပြီ... ဒီကိစ္စကို လောလောဆယ် ဘေးဖယ်ထားလိုက်ရအောင်... ငါ အရင်ဆုံး မင်းတို့ကို လိုက်ပြပေးမယ်လေ..."
"ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ် အစ်မကြီး..."
"ကျေးဇူးတင်ပါတယ် မင်းသမီးကြီး..."
...
သူတို့လေးဦး ကြီးကြပ်ရေးရုံးတစ်ဝိုက်တွင် လမ်းလျှောက်နေစဉ် နန်ကုန်းယွီနှင့် နန်ကုန်းကျင်းလင်တို့ကြား ပဋိပက္ခသတင်းသည် နန်ကုန်းအောက်ထျန်း၏ နားထဲသို့ လျင်မြန်စွာ ရောက်ရှိသွားလေသည်။
နန်ကုန်းအောက်ထျန်းသည် ကုလားထိုင်လက်ရန်းပေါ်တွင် လက်ချောင်းများဖြင့် ခေါက်နေပြီး သူ၏အမူအရာမှာ တည်ငြိမ်အေးဆေးကာ သူ ဘာတွေးနေသည်ကို သိရန် မဖြစ်နိုင်ချေ။
ခဏအကြာတွင် သူသည် ခေါင်းကို အနည်းငယ် ခါယမ်းမိသွားသည်။ "ကျင်းလင်က အရည်အချင်းမရှိဘဲ သဘောထားသေးသိမ်ပေမဲ့... ယွီအာရဲ့ စကားတွေက နည်းနည်းတော့ လွန်လွန်းတယ်..."
"သူ ဒီနေ့ ပြောခဲ့တာတွေ သတင်းပြန့်သွားရင် ကျင်းလင် ထီးနန်းတက်ဖို့ အစီအစဉ်မရှိတဲ့ မှူးမတ်အရာရှိတွေက သူ့ကို ရွေးချယ်ဖို့ ပိုတောင် အခွင့်အလမ်း နည်းသွားလိမ့်မယ်... ကြားနေတဲ့သူတွေ (ဒါမှမဟုတ်) တမင်သက်သက် ဘက်လိုက်နေတဲ့သူတွေတောင် သူ့ဆီကနေ ဝေးဝေးရှောင်သွားကြလိမ့်မယ်..."
မိန်းမစိုး ယန်သည် ဘေးတွင် ရပ်နေပြီး စကားမပြောရဲသကဲ့သို့ ဤစကားများကိုပင် မကြားချင်ခဲ့ချေ။
သို့သော် နန်ကုန်းအောက်ထျန်းက အနည်းငယ် ခေါင်းခါလိုက်၏။ "ထားလိုက်ပါတော့... သဘာဝအတိုင်းပဲ ဖြစ်ပါစေ..."
နန်ကုန်းအောက်ထျန်းသည် ထိုအကြောင်းကို ဆက်မတွေးချင်တော့သော်လည်း တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားလေသည်။ "ဒါနဲ့... စူးရှင်းမုန်းနဲ့ ယွီအာတို့ အတူတူ သွားကြတယ်လို့ မင်း ခုနက ပြောလိုက်တာလား..."
မိန်းမစိုး ယန်က အလျင်အမြန် ခေါင်းညိတ်လိုက်သည်။
"ဟုတ်ပါတယ် အရှင်မင်းကြီး... ဒီငယ်ကျွန်က ကြီးကြပ်ရေးရုံးက အစောင့်တွေကို အကြောင်းကြားဖို့ မေ့သွားလို့ စူးရှင်းမုန်း ကြီးကြပ်ရေးရုံးထဲ ဝင်လို့ မရလုနီးပါး ဖြစ်သွားတာပါ... ကံကောင်းလို့ မင်းသားငယ်က သူ့ကို ခေါ်လာပေးတာပါ... ဒါက ဒီငယ်ကျွန်ရဲ့ အမှားပါ... အရှင်မင်းကြီး ကျေးဇူးပြုပြီး အပြစ်ပေးပါ..."
နန်ကုန်းအောက်ထျန်းက သူ၏လက်ကို အနည်းငယ် ဝှေ့ယမ်းလိုက်သည်။ "ကောင်းပါပြီ... နောက်တစ်ခါ ပိုသတိထားပါ..."
"ဟုတ်ကဲ့ပါ..."
မိန်းမစိုး ယန်က အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး သူ၏မျက်နှာတွင် ကျေးဇူးတင်မှုများ ပြည့်နှက်နေကာ ဘေးတွင် လေးစားစွာ ရပ်နေလိုက်လေသည်။
သို့သော် ခဏတာ တွေဝေသွားပြီးနောက် သူက သတိထား၍ ပြောလိုက်သည်။ "အရှင်မင်းကြီး... ကြီးကြပ်ရေးရုံးက နောက်ထပ် သတင်းနှစ်ခု ပို့လိုက်ပါတယ်... ကျွန်တော် တင်ပြသင့်၊ မသင့် မသိပေမဲ့ ဖုံးကွယ်ထားဖို့လည်း မရဲပါဘူး..."
"ပြောပါ..."
နန်ကုန်းအောက်ထျန်း မျက်မှောင်ကြုတ်လိုက်ပြီး တစ်စုံတစ်ခု မှားယွင်းနေကြောင်း မရေမရာ ခံစားလိုက်ရလေသည်။
မိန်းမစိုး ယန်သည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး အတင်းပြုံးကာ ပြောလိုက်သည်။ "ကြီးကြပ်ရေးရုံးက သတင်းပို့လိုက်ပါတယ်... ဒုတိယမင်းသားက မင်းသားငယ်အပေါ် လူသတ်ချင်တဲ့ ရည်ရွယ်ချက် ရှိနေပုံရတယ်တဲ့... အနည်းငယ် မှေးမှိန်နေပေမဲ့ သေချာပေါက် ရှိနေတယ်တဲ့..."
"ဗန်းး..."
နန်ကုန်းအောက်ထျန်းသည် နဂါးပလ္လင်၏ လက်ရန်းကို လက်ဝါးဖြင့် ရိုက်ချလိုက်ပြီး ရုတ်တရက် မမတ်တပ်ရပ်လိုက်လသည်။
"သူ အရမ်းလွန်သွားပြီ... သူ ဘယ်လိုလုပ် ရဲရတာလဲ..."
"အရှင်မင်းကြီး... စိတ်တော်ငြိမ်းပါဦး..." မိန်းမစိုး ယန်သည် ချက်ချင်း ဒူးထောက်ချလိုက်ပြီး ခေါင်းမမော့ရဲတော့ချေ။
နန်ကုန်းအောက်ထျန်းသည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး သူ၏ဒေါသကို မျိုသိပ်လိုက်လေသည်။ "တခြား ဘာရှိသေးလဲ..."
မိန်းမစိုး ယန်သည် ခေါင်းငုံ့ကာ အတင်းပြုံးပြီး ပြောလိုက်သည်။ "ဒုတိယမင်းသားက သူ့ကို တိုက်ခိုက်ရဲမှာ မဟုတ်ပေမဲ့ သူနဲ့ ရင်းနှီးတဲ့ စူးရှင်းမုန်းကို ဒေါသထွက်ပေါက်အနေနဲ့ တိုက်ခိုက်ဖို့ သွေးဆောင်ခံရနိုင်တယ်လို့ မင်းသားငယ်က ခန့်မှန်းပါတယ်... စူးရှင်းမုန်းက မင်းသမီးကြီး၊ သူနဲ့ လောလောဆယ် အတူနေသင့်တယ်လို့ ဆိုပါတယ်..."
"ဟူး..."
နန်ကုန်းအောက်ထျန်း အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ကာ "စူးရှင်းမုန်းက ဘယ်လို ဆုံးဖြတ်ချက် ချလိုက်လဲ..."
သူ၏ နှလုံးသားမှာ ရပ်တန့်သွားတော့မည်ဟု သူ ခံစားလိုက်ရလေသည်။ နန်ကုန်းယွီက ခန့်မှန်းရုံသာ ဖြစ်သော်လည်း ထိုပုန်ကန်တတ်သော သား နန်ကုန်းကျင်းလင်သာ တကယ် အဲ့ဒီလိုလုပ်ခဲ့လျှင် ချင်းယိုအင်ပါယာသည် ကြီးမားသော ဒုက္ခနှင့် ရင်ဆိုင်ရမည် ဖြစ်ပေသည်။
မိန်းမစိုး ယန်က အလျင်အမြန် ပြောလိုက်၏။ "သူမ စဉ်းစားပြီးတော့ လောလောဆယ် မင်းသားငယ်နဲ့ အတူနေဖို့ ဆုံးဖြတ်လိုက်ပါတယ်..."
ဤစကားကို ကြားချိန်တွင် နန်ကုန်းအောက်ထျန်းသည် အသက်ရှူမှန်သွားပြီး ဖြည်းညင်းစွာ ထိုင်ချလိုက်လေသည်။
"မိန်းမစိုး ယန်... သွားပြီး နန်ကုန်းကျင်းလင်ကို သေချာ စောင့်ကြည့်ဖို့ ကြီးကြပ်ရေးရုံးကို အမိန့်ပေးလိုက်... သူ တစ်ခုခု ထူးထူးခြားခြား လုပ်တာနဲ့ ငါ့ဆီ ချက်ချင်း သတင်းပို့ဖို့ ပြောလိုက်..."
"ဟုတ်ကဲ့ပါ..."
မိန်းမစိုး ယန်က အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး ဦးညွှတ်ကာ နန်ကုန်းအောက်ထျန်း၏ အမိန့်တော်ကို ပေးပို့ရန် အဓိကခန်းမဆောင်မှ ထွက်သွားလေသည်။
နန်ကုန်းအောက်ထျန်း၏ အမူအရာ အနည်းငယ် တည်ကြည်လေးနက်သွားသည်။ "တစ်ယောက်ယောက်... ကျန်းပေ့မင်းသားနဲ့ စူးရှင်းမုန်းကို လျှို့ဝှက်ကာကွယ်ပေးဖို့ လူအနည်းငယ် လွှတ်လိုက်... သူတို့ကို ဘာမှဖြစ်ခွင့် မပေးနိုင်နဲ့"
"ဟုတ်ကဲ့ပါ..."
အဓိကခန်းမဆောင်၏ မှောင်ရိပ်ထဲမှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီးနောက် တိတ်ဆိတ်သွားကာ နောက်ထပ် အသံမထွက်တော့ချေ။
နန်ကုန်းအောက်ထျန်း၏ အမူအရာမှာ ကြီးကြပ်ရေးရုံးဘက်သို့ လှမ်းကြည့်လိုက်ချိန်တွင် အနည်းငယ် မှုန်မှိုင်းသွားလေသည်။
'ခွေးကောင်လေး... မင်းရဲ့ဘဝကို မင်းကိုယ်တိုင် မဖျက်ဆီးဖို့ ငါ မျှော်လင့်ပါတယ်...'
နန်ကုန်းအောက်ထျန်းက စိတ်ထဲမှ တွေးလိုက်သည်။ "ငါ အရမ်းဒေါသထွက်နေလို့... အစီရင်ခံစာတွေကိုတောင် ဆက်မဖတ်ချင်တော့ဘူး..."
သူသည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး လှည့်ကာ အဓိကခန်းမဆောင်မှ ထွက်လာခဲ့ပြီးနောက် နန်းတွင်း ဥယျာဉ်တော်ဘက်သို့ ဦးတည်သွားလေသည်။
...
ကြီးကြပ်ရေးရုံး။
နန်ကုန်းရိုရွှယ်၏ လမ်းပြမှုဖြင့် နန်ကုန်းယွီနှင့် သူ၏အုပ်စုသည် ကြီးကြပ်ရေးရုံး၏ အဓိက အဆောက်အအုံများနှင့် ရင်းနှီးကျွမ်းဝင်သွားကြလေသည်။
အနည်းဆုံးတော့ မြေပုံမပါဘဲ သူတို့ လမ်းပျောက်တော့မည် မဟုတ်ချေ။
"ရှောင်ယွီ... မင်း အဓိက သင်ယူမယ့် ဘာသာရပ်တွေအပြင် တခြားဘာတွေ သင်ယူဖို့ စီစဉ်ထားလဲ... ငါနဲ့အတူ အဆောင် တာအိုကို သင်ယူကြည့်ပါလား..."
နန်ကုန်းရိုရွှယ်သည် နန်ကုန်းယွီ၏ လက်ကို ကိုင်ထားရင်း ပြုံးကာ ပြောလိုက်ရာ သူမ၏မျက်လုံးများတွင် မျှော်လင့်ချက် အရိပ်အယောင်တစ်ခု တောက်ပသွားလေသည်။
ဒုတိယအဒေါ်၏ အမြင်တွင် သူမ၏ မောင်လေး ဘာကိုသင်ယူသည်ဖြစ်စေ၊ အချိန်ဖြုန်းနေလျှင်ပင် အရေးမကြီးကြောင်း သူမ ကောင်းကောင်းသိထားပေသည်။
ဒါကြောင့် သူ့ကို ငါ့နောက်လိုက်ပြီး အဆောင် တာအိုကို သင်ယူခိုင်းနိုင်ရင် ငါ သူ့ကို ခဏခဏ တွေ့ရမှာပေါ့။
သို့သော် သူမ၏စကားကို ကြားချိန်တွင် နန်ကုန်းယွီက ခေါင်းအနည်းငယ် ခါယမ်းပြလိုက်ပြီး ခါးသက်သက် ပြုံးလိုက်လေ၏။ "အစ်မတော်ကြီး... ကျွန်တော် အရင်က ပြောခဲ့တာကို အစ်မ မေ့သွားပြီထင်တယ်..."
"ဘာကိုလဲ..."
နန်ကုန်းရိုရွှယ် အနည်းငယ် အံ့အားသင့်သွားပြီး နန်ကုန်းယွီကို အနည်းငယ် ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်လိုက်လေသည်။
နန်ကုန်းယွီက အကူအညီမဲ့စွာ ပြုံးလိုက်သည်။ "အစ်မကြီး... ဆေးဖက်ဝင်အပင်တွေအကြောင်း ကျွန်တော် မသိလို့ အစားမှားစားမိပြီး အဆိပ်မိသွားတာလေ... အဲ့ဒါကြောင့် မယ်တော်နဲ့ တခြားသူတွေက ကျွန်တော့်ကို ကြီးကြပ်ရေးရုံးကို ပို့လိုက်တာ... သူတို့ ကျွန်တော့်ကို အသင်ယူစေချင်ဆုံးက ဆေးပညာနဲ့ အဆိပ်ပညာပဲ..."
ဤစကားကို ကြားချိန်တွင် နန်ကုန်းရိုရွှယ်၏ အမူအရာမှာ ထူးဆန်းသွားပြီး ဤအချက်ကို သူမလည်း သတိရသွားလေသည်။
တစ်နည်းအားဖြင့် ပြောရလျှင် ဒုတိယအဒေါ် ရှန်ကွမ်ယွဲ့ရှီးက နန်ကုန်းယွီအပေါ် မျှော်လင့်ထားသည်မှာ သူ ကိုယ့်ကိုယ်ကိုယ် အဆိပ်မမိစေရန် အခြေခံ ဆေးဖက်ဝင်အပင် အသိပညာအချို့ကို သင်ယူရန်သာ ဖြစ်ပေသည်။
ဤအရာကို တွေးမိသည်နှင့် သူမသည် ခါးသက်သက် ပြုံးမိ သွားရချေသည်။ "ကောင်းပါပြီ... ဒါဆို သားက ဆေးပညာနဲ့ အဆိပ်ပညာကို သင်ယူလို့ရပြီလေ..."
နန်ကုန်းယွီက ခေါင်းညိတ်လိုက်သည်။
သို့သော် နန်ကုန်းရိုရွှယ်က ဆက်ပြောသည်။ "ဒါပေမဲ့... ဆေးပညာနဲ့ အဆိပ်ပညာကို သင်ယူတဲ့အချိန်ကလွဲရင်... သား အစ်မဆီ မကြာခဏ လာလည်သင့်တယ်နော်..."
"ရပါတယ်..."
နန်ကုန်းယွီက အနည်းငယ် ခေါင်းညိတ်လိုက်၏။ "ဒီကြီးကြပ်ရေးရုံးမှာ အစ်မတို့ သုံးယောက်အပြင် ရှင်းမုန်းနဲ့ ချင်းလင်ကိုပဲ ကျွန်တော် သိတာလေ... ကျွန်တော် အားရင် အစ်မကြီးဆီ လာလည်ပါ့မယ်..."
"အဲ့ဒါဆို ကောင်းတာပေါ့..."
နန်ကုန်းရိုရွှယ်က ပြုံးလိုက်ပြီးနောက် စူးရှင်းမုန်းကို ကြည့်ကာ မေးလိုက်လေသည်။ "မိန်းကလေး စူး... မင်း အဓိက သင်ယူမယ့် ဘာသာရပ်တွေအပြင် တခြားဘာတွေ သင်ယူဖို့ စီစဉ်ထားလဲ..."
စူးရှင်းမုန်း၏ အမူအရာမှာ အနည်းငယ် ခါးသက်သက် ဖြစ်နေပေသည်။"မင်းသမီးကြီး... ရှင်းမုန်းရဲ့ ဝိညာဉ်အမြစ်က ကွဲပြားတယ်လေ... ကျင့်စဉ်တွေကို ပြုပြင်ပေးမယ့် မှော်ကျင့်ကြံသူ မရှိဘဲနဲ့ လောလောဆယ် ဆေးပညာကိုပဲ သင်ယူလို့ရမယ်... ရှင်းမုန်းက အဲ့ဒီအကြောင်း အခြေခံလောက်ပဲ နားလည်သေးတာမို့လို့ ပိုပြီး တိုးတက်အောင် လုပ်ဖို့ စီစဉ်ထားပါတယ်..."
ဤစကားကို ကြားချိန်တွင် နန်ကုန်းရိုရွှယ်က မျက်ခုံးအနည်းငယ် ပင့်လိုက်ပြီး အနည်းငယ် ရှက်ရွံ့သွားပုံရလေသည်။
အခန်း (၉၈) သနားညှာတာမှုမရှိခြင်း
"မင်းမှာ ကျင့်စဉ်ပညာရပ်တွေ မရှိလို့ ခန္ဓာကိုယ်သန့်စင်ခြင်း အထွတ်အထိပ်အဆင့်မှာပဲ ရှိနေတာလို့ ငါထင်ခဲ့တာ..."
နန်ကုန်းရိုရွှယ်က အနည်းငယ် ရှက်ရွံ့သောအမူအရာဖြင့် တောင်းပန်စကား ဆိုလိုက်လေသည်။
စူးရှင်းမုန်းက ခေါင်းအနည်းငယ် ခါယမ်းပြလိုက်သည်။
"မဟုတ်ပါဘူး... ကျွန်မရဲ့ ဝိညာဉ်အမြစ်က ပေါ်လိုက်၊ ပျောက်လိုက် ဖြစ်နေတော့ ကျွန်မမှာ ဘယ်လို ဝိညာဉ်အမြစ်မျိုး ရှိလဲဆိုတာတောင် မသိရဘူး... ဆရာကလည်း ကျွန်မအတွက် ကျင့်စဉ်တွေ အများကြီး ရှာပေးခဲ့ပါတယ်... ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ဘယ်ဟာကမှ မှော်ကျင့်ကြံသူ တစ်ယောက်အဖြစ် အောင်မြင်အောင် မစွမ်းဆောင်နိုင်ခဲ့ဘူး..."
ဤနေရာတွင် သူမ အနည်းငယ် ရှက်ရွံ့သွားရချေသည်။
ဆရာက သူမ၏ အခွင့်အရေးမှာ ချင်းယိုအင်ပါယာတွင် ရှိသည်ဟု ပြောခဲ့သော်လည်း သူမသည် ချင်းယိုအင်ပါယာတစ်ခွင် လှည့်လည်သွားလာနေသည်မှာ သုံးနှစ်ကျော်ရှိပြီဖြစ်သော်လည်း ဘာတစ်ခုမှ မရှာတွေ့သေးချေ။
သူမရဲ့ အခွင့်အရေးကို ဘယ်တော့ရှာတွေ့ပြီး ကျင့်ကြံခြင်းလမ်းစဉ်ပေါ် ဘယ်တော့ရောက်မလဲ မသိပေ။
နန်ကုန်းရိုရွှယ်က သူမကို သနားစရာကောင်းသည့် အကြည့်ဖြင့် ကြည့်လိုက်၏။ အကယ်၍ သူမ ထင်တာမှန်လျှင် ဒီကောင်မလေးက တကယ်ပဲ သနားစရာကောင်းလှပေသည်။
"ကောင်းပြီလေ... ဒီကြီးကြပ်ရေးရုံးရဲ့ ကျမ်းစာစံအိမ်မှာလည်း ကျင့်စဉ်ပညာရပ်တွေ အများကြီး ရှိပါတယ်... အချိန်ရတုန်းလေး သွားကြည့်ကြရအောင်..."
"တကယ်လား..."
စူးရှင်းမုန်းက မော့ကြည့်လိုက်ရာ သူမ၏မျက်လုံးများတွင် မျှော်လင့်ချက် အရိပ်အယောင်တစ်ခု ပေါ်လာသော်လည်း ချက်ချင်းပင် တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ တွေဝေသွားလေ၏။
"ဒါက ကြီးကြပ်ရေးရုံးလေ... အထဲက ကျင့်စဉ်ပညာရပ်တွေကို ကြည့်ဖို့ဆိုရင် သတ်မှတ်ချက်တချို့ ရှိရမယ် မဟုတ်လား... ကျွန်မ ဝင်လို့ရပါ့မလား..."
သို့သော် နန်ကုန်းရိုရွှယ်က ပြုံးကာ ဆိုလိုက်သည်။
"အဆင်ပြေပါတယ်... ကြီးကြပ်ရေးရုံးရဲ့ ကျမ်းစာစံအိမ်ထဲ ဝင်ဖို့ဆိုတာ မလွယ်ပေမဲ့... ဒီမှာ ရှောင်ယွီ ရှိတယ် မဟုတ်လား..."
"သူရယ်၊ ငါရယ် ရှိနေမှတော့... မင်းကို ပေးဝင်မှာပါ... ဒါမှမဟုတ် မင်းကို အဆင့်ဆင့် ကျင့်ကြံကြည့်ခွင့် ပေးမှာပါ..."
"တကယ်လား..."
စူးရှင်းမုန်း၏ မျက်လုံးများ ဝမ်းသာအားရဖြစ်သွားလေသည်။
"ဒါဆိုရင် ရှင်းမုန်းက မင်းသားငယ်နဲ့ မင်းသမီးကို ကျေးဇူးတင်ပါတယ်... ရှင်းမုန်းက ဒီနေ့ ကျေးဇူးကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး..."
"ကောင်းပြီ... အားနာမနေပါနဲ့တော့... မြန်မြန်သွားကြရအောင်..."
နန်ကုန်းရိုရွှယ်က ပြောလိုက်ပြီး နန်ကုန်းယွီကို ကျမ်းစာစံအိမ်ဘက်သို့ ဆွဲခေါ်သွားလေသည်။
သူမက အထူးတလည် စိတ်အားထက်သန်နေခြင်း မဟုတ်ဘဲ ကြီးကြပ်ရေးရုံးထဲ ဝင်ဖို့ ဧကရာဇ်က အထူးခွင့်ပြုချက်ပေးထားတဲ့သူဆိုရင် သာမန်လူ မဖြစ်နိုင်ဘူးလို့ တွေးမိလို့ပါ။
'အခု စူးရှင်းမုန်းက နန်ကုန်းယွီနဲ့ ရင်းနှီးနေပြီဆိုတော့ သူမကို ကူညီပေးရတာ အပန်းမကြီးပါဘူးလေ…တကယ်ပါပဲ’
နန်ကုန်းယွီ၏ တံဆိပ်ပြားဖြင့် ထိုအုပ်စုသည် ကျမ်းစာစံအိမ်အတွင်းသို့ အလွယ်တကူ ဝင်ရောက်နိုင်ခဲ့ကြပေသည်။
နန်ကုန်းရိုရွှယ်သည် ထိုအုပ်စုကို ဒုတိယထပ်သို့ ခေါ်သွားပြီး စာအုပ်တစ်အုပ်ကို ယူကာ ပြောလိုက်သည်။
"ကျင့်စဉ်ပညာရပ်တွေ အားလုံးက ဒုတိယထပ်နဲ့ တတိယထပ်မှာ ရှိတယ်... ဒီကျင့်စဉ်ပညာရပ်တွေရဲ့ စာရင်းကို ကြည့်လိုက်... မင်း မကျင့်ကြံဖူးသေးတာ ဘယ်ဟာတွေလဲဆိုတာ ကြည့်ပေါ့... အဲ့ဒါတွေကို ရှာပြီး မင်းကို စမ်းကြည့်ခိုင်းမယ်လေ..."
"ကျေးဇူးတင်ပါတယ် မင်းသမီးကြီး..."
စူးရှင်းမုန်းသည် ကျင့်စဉ်ပညာရပ်များ၏ စာရင်းကို အလျင်အမြန် ယူလိုက်ရာ သူမ၏မျက်နှာတွင် မျှော်လင့်ချက် အရိပ်အယောင်တစ်ခု ပေါ်လွင်နေပေသည်။
ထိုအချိန်တွင် နန်ကုန်းယွီ၏ အမူအရာ ရုတ်တရက် အနည်းငယ် ပြောင်းလဲသွားရာ ထိုသုံးဦး၏ အာရုံစိုက်မှုကိုလည်း ဆွဲဆောင်သွားလေသည်။
"ရှောင်ယွီ... ဘာဖြစ်လို့လဲ..."
နန်ကုန်းရိုရွှယ်က စိုးရိမ်တကြီး မေးလိုက်သည်။
နန်ကုန်းယွီက ခေါင်းခါပြလိုက်သည်။
"ဘာမှမဖြစ်ပါဘူး... အစ်မကြီးတို့ ဒါကို ဆက်ကြည့်နေကြပါ... ကျွန်တော် ဆေးပညာ စာအုပ်တစ်အုပ် သွားရှာဖတ်လိုက်ဦးမယ်..."
နန်ကုန်းရိုရွှယ်က အလျင်အမြန် ပြောလိုက်သည်။
"ဘယ်လို ဆေးပညာ စာအုပ်မျိုး ဖတ်ချင်လို့လဲ... ငါ ကျမ်းစာစံအိမ်နဲ့ ရင်းနှီးတယ်... ငါ ရှာပေးမယ်လေ..."
"ဒါဆို အစ်မကြီးကို ဒုက္ခပေးရတော့မှာပဲ... လောလောဆယ် အခြေခံစာအုပ် တစ်အုပ်လောက် ရှာပေးပါလား..."
နန်ကုန်းယွီက အေးအေးချမ်းချမ်း နေရန်အတွက် ဘေးသို့သွားရန် မူလက ရည်ရွယ်ထားသော်လည်း နန်ကုန်းရိုရွှယ်က ဤသို့ပြောလာပြီဖြစ်ရာ သူ ငြင်းဆန်၍ မရတော့ချေ။
သူတို့၏ စကားပြောဆိုမှုကို ကြားချိန်တွင် စူးရှင်းမုန်းက အလျင်အမြန် ပြောလိုက်သည်။
"မင်းသားငယ်က ဆေးပညာ အတွေ့အကြုံ မရှိဘူးဆိုရင်... ဆေးဖက်ဝင်အပင်တွေနဲ့ ပတ်သက်တဲ့ စာအုပ်တစ်အုပ် ရှာပြီး အခြေခံတွေကို အရင်လေ့လာတာ ပိုကောင်းမယ် ထင်တယ်..."
"ဟုတ်ကဲ့... အစ်မကြီး အဲ့ဒါလေး ရှာပေးပါ..."
နန်ကုန်းယွီက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး နန်ကုန်းရိုရွှယ်ကို ပြုံးပြလိုက်လေသည်။
"ကောင်းပြီလေ..."
နန်ကုန်းရိုရွှယ်က သဘောတူလိုက်ပြီး အောက်ထပ်သို့ ဆင်းသွားသည်။
နန်ကုန်းယွီက ပြုံးလိုက်ပြီး ဘေးတွင် ထိုင်လိုက်သည်။
"အစ်မ ရှင်းမုန်း... အစ်မ ဆက်ကြည့်လို့ ရပါတယ်... ကျွန်တော့်ကို ဂရုစိုက်မနေနဲ့..."
"ဟုတ်ကဲ့..."
စူးရှင်းမုန်းက ခေါင်းညိတ်လိုက်ပြီး သူမ၏လက်ထဲရှိ ကျင့်စဉ်ပညာရပ် စာရင်းကို ဆက်လက်ကြည့်ရှုနေလိုက်လေသည်။
ချင်းလင်မှာမူ အနားသို့လာကာ နန်ကုန်းယွီ၏ ပခုံးများကို နှိပ်နယ်ပေးပြီး သူမ၏ အစေခံ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နေပေသည်။
နန်ကုန်းယွီက မျက်လုံးများကို အနည်းငယ် မှိတ်ထားလိုက်ရာ သူ၏မျက်လုံးများထဲတွင် အေးစက်သော အရိပ်အယောင်တစ်ခု ဖုံးကွယ်နေလေသည်။
'နန်ကုန်းကျင်းလင်... မင်း တော်တော် သတ္တိကောင်းတာပဲ...'
'ငါနဲ့ ရင်းနှီးတဲ့သူကို လုပ်ကြံဖို့ လူငှားရဲတယ်ပေါ့... မင်းကို ဘယ်သူက အဲ့ဒီသတ္တိတွေ ပေးထားတာလဲ... ဖီလျန် (ကျားသစ်ပျံ) လား...'
အကယ်၍ သူသည် နန်ကုန်းကျင်းလင်နောက်သို့ လိုက်ရန် နတ်ဘုရားအရိပ် တမန်တော် တစ်ဦးကို ကြိုတင် မစေလွှတ်ထားခဲ့ပါက... နန်ကုန်းကျင်းလင်သည် သူ့ကို မထိရဲသောကြောင့် စူးရှင်းမုန်းအပေါ် ဒေါသထွက်ပေါက်ရှာလိမ့်မည်ဟု သူ တကယ် မထင်ထားခဲ့ပေ။
ထို့အပြင် ဤကောင်လေးသည် ချင်းလင်ကိုပါ သတ်ရန် လူငှားခဲ့သေးရာ အတော်လေး ဒေါသထွက်စရာ ကောင်းလှပေသည်။
'ကောင်းတယ်... အရမ်းကောင်းတယ်...'
'ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလို သတ်ဖြတ်ချင်စိတ်မျိုး မရှိသင့်ဘူး...'
နန်ကုန်းယွီက စိတ်ထဲမှ လှောင်ပြောင်လိုက်သော်လည်း သူ၏အတွင်း၌ လူသတ်ချင်စိတ်တစ်ခု ပေါ်ပေါက်လာလေသည်။
နန်ကုန်းအောက်ထျန်း ရှိမနေခဲ့လျှင် (သို့မဟုတ်) သူချစ်ရသော ဦးရီးတော်ကို ထိခိုက်နာကျင်စေမည်ကို မခံစားနိုင်ခဲ့လျှင် နန်ကုန်းယွီသည် နန်ကုန်းကျင်းလင်ကို ချက်ချင်း သတ်ပစ်လိုက်လိုပေသည်။
နန်ကုန်းယွီသည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး သူ၏နှလုံးသားထဲရှိ သတ်ဖြတ်လိုသော ရည်ရွယ်ချက်ကို အတင်းအကျပ် ဖိနှိပ်ထားကာ စိတ်ထဲမှ ဆက်သွယ် လိုက်လေသည်။
"ရှဲဒိုးချမ်း... နန်ကုန်းကျင်းလင်နဲ့ ပတ်သက်တဲ့သူတိုင်းကို အနီးကပ် စောင့်ကြည့်ဖို့ မြေနတ်ဆိုးတွေကို အကြောင်းကြားလိုက်... ပြီးတော့ ငါ့အနားက လူတွေကို သတ်ဖို့ သူ လူငှားတဲ့နေရာမှာ ကူညီပေးတဲ့ ဘယ်သူ့ကိုမဆို သတ်ပစ်လိုက်..."
"သနားညှာတာမှု မရှိစေနဲ့..."
"ဒါ့အပြင်... နန်ကုန်းကျင်းလင်က လူငှားတဲ့ အကြိမ်တိုင်းမှာ သူ့ရဲ့ ယုံကြည်ရတဲ့ လက်အောက်ငယ်သား နှစ်ယောက်ကို သတ်ပစ်လိုက်... သူ့မှာ အားကိုးစရာ လူမရှိတော့တဲ့အထိ ဖြစ်သွားမလား ဆိုတာကို ငါ ကြည့်ချင်တယ်..."
"ဟုတ်ကဲ့ပါ သခင်..."
ရှဲဒိုးချမ်းက သဘောတူလိုက်သည်။
နန်ကုန်းယွီသည် ခဏတာ တွေဝေသွားပြီးနောက် ဆက်လက်၍ ညွှန်ကြားလိုက်လေသည်။
"ထျန်းယင်းနဲ့ တိယင်းကို အရင်ပြန်လာဖို့ အကြောင်းကြားလိုက်... ပြီးတော့ ချင်းလင်နဲ့ စူးရှင်းမုန်းကို ယာယီ ကာကွယ်ပေးဖို့ သူတို့ကို အသီးသီး တာဝန်ပေးလိုက်..."
"သခင်... ချက်ချင်း ပြန်လာဖို့ သူတို့ကို ကျွန်တော် အကြောင်းကြားလိုက်ပါ့မယ်..."
ရှဲဒိုးချမ်းက ပြန်ဖြေလိုက်၏။
နန်ကုန်းယွီက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး ခဏတာ တွေးတောကာ ထပ်မံညွှန်ကြားလိုက်လေသည်။
"တိရှားနဲ့ တခြားသူတွေကို သတိထား စောင့်ကြည့်ခိုင်းထားလိုက်... တကယ်လို့ တစ်ယောက်ယောက်က ငါ့ရဲ့ ဘွားဘွား ကျီကျစ်ယွီ၊ ဦးရီးတော် နန်ကုန်းအောက်ထျန်း၊ အဒေါ် ဟန်လီယန်၊ နန်ကုန်းရိုရွှယ်၊ နန်ကုန်းရိုရွှေနဲ့ နန်ကုန်းကျင်းချီတို့ကို အန္တရာယ်ပေးဖို့ ကြိုးစားရင် ငါ့ရဲ့ ဦးရီးတော် နန်ကုန်းအောက်ထျန်းကို အသိပေးဖို့ နည်းလမ်းရှာလိုက်..."
"တကယ်လို့ ငါ့ရဲ့ ဦးရီးတော် နန်ကုန်းအောက်ထျန်းနဲ့ တခြားသူတွေက မဖြေရှင်းနိုင်ရင် တိရှားကို ရှင်းခိုင်းလိုက်..."
"ဟုတ်ကဲ့ပါ သခင်..."
ရှဲဒိုးချမ်းက ထပ်မံ သဘောတူလိုက်ပြန်သည်။
နန်ကုန်းယွီက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး ဘာမျှ ဆက်မပြောတော့ပေ။
ထိုအချိန်တွင် နန်ကုန်းရိုရွှယ်လည်း ပြန်ရောက်လာလေသည်။
သူမက နန်ကုန်းယွီကို ပြုံးပြပြီး စာအုပ်တစ်အုပ် ကမ်းပေးလိုက်သည်။
"ရှောင်ယွီ... ရော့ ဒီမှာ..."
"ကျေးဇူးတင်ပါတယ်..."
နန်ကုန်းယွီက ပြုံးလိုက်ပြီး စာအုပ်ကို ပေါ့ပေါ့ပါးပါး ဖွင့်ဖတ်လိုက်လေသည်။
နန်ကုန်းယွီက စာအုပ်ထဲတွင် စိတ်ဝင်တစား ဖတ်နေသည်ကို ကြည့်ရင်း နန်ကုန်းရိုရွှယ်သည် ပြုံးမိသွားသည်။
နန်ကုန်းယွီသည် စာအုပ်ထဲရှိ အသိပညာအားလုံးကို သိပြီးသားဖြစ်သောကြောင့် သူ သိပ်အာရုံမစိုက်ခဲ့ချေ။ နန်ကုန်းရိုရွှယ်က သူ့ကို မှင်သက်စွာ စိုက်ကြည့်နေသည်ကိုလည်း သူ သတိပြုမိသွားပြီး စိတ်ထဲမှ ခေါင်းခါမိသွားလေသည်။
ရိုးရိုးသားသားပြောရလျှင် တစ်ခါတစ်ရံတွင် အစ်မတော်ကြီး ဘာတွေတွေးနေသလဲဆိုတာကို သူ နားမလည်နိုင်ချေ။
သို့သော် ဤအချိန်တွင် သူမ ရှက်သွားမည်ကို စိုးရိမ်သဖြင့် သူ ဖွင့်မပြောခဲ့။
ထို့ကြောင့် နန်ကုန်းယွီက စာအုပ်ဖတ်နေဟန်ဆောင်ကာ ချင်းလင်က နန်ကုန်းယွီ၏ ပခုံးများကို နှိပ်နယ်ပေးနေပြီး နန်ကုန်းရိုရွှယ်က နန်ကုန်းယွီ စာဖတ်နေသည်ကို ကြည့်နေကာ စူးရှင်းမုန်း တစ်ယောက်တည်းသာ ကျင့်စဉ်ပညာရပ် စာရင်းကို လှန်လှောကြည့်နေခဲ့လေသည်။
အို... နေပါဦး...
ချင်းလင်၏ ပခုံးပေါ်တွင် မျက်လုံးမှိတ်ပြီး တရားကျင့်နေပုံရသော သားရဲနှစ်ကောင်ဖြစ်သည့် ချွဲချိုက်အာနှင့် ယင်ရွှမ်တို့လည်း ရှိသေးသည် မဟုတ်ပါလား။
ကျမ်းစာစံအိမ် အတွင်းတွင် အေးစက်ပြီး တိတ်ဆိတ်သော ငြိမ်သက်မှုတစ်ခု လွှမ်းမိုးသွားပုံရပြီး အနည်းငယ် ထူးဆန်းသော မြင်ကွင်းတစ်ခုကို ဖန်တီးနေပေသည်။
ခဏအကြာတွင် စူးရှင်းမုန်းသည် စာအုပ်ကို ပိတ်လိုက်ပြီး စကားပြောရန် ပြင်လိုက်ချိန်တွင် သူမ၏ရှေ့၌ အနည်းငယ် ထူးဆန်းသော်လည်း သဟဇာတဖြစ်နေသော မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသဖြင့် သူမ၏ခေါင်းကို အနည်းငယ် ခါယမ်းမိသွားသည်။
သူမက အခြားသူများကို မနှောင့်ယှက်ဘဲ စာအုပ်ကို ပိတ်လိုက်ပြီး ခဏတာ တွေးတောကာ ကျင့်စဉ်ပညာရပ် စာရင်း၏ သတ်မှတ်ထားသော အပိုင်းတွင် သူမ ဖတ်လိုသော ကျင့်စဉ်ပညာရပ်ကို စတင်ရှာဖွေလိုက်လေသည်။
မကြာမီမှာပင် သူမသည် သူမ၏ ပထမဆုံး ကျင့်စဉ်ပညာရပ် စာအုပ်ကို ရှာတွေ့သွားပြီး ကျင့်ကြံရန် ခြေပက်လက်ခွေ ထိုင်ချလိုက်ပေသည်။