← Chapters

အခန်း (၁၀၅-၁၀၆)

Vol. 11 Ch. 105-106

အခန်း (၁၀၅-၁၀၆)

Vol. 11 Ch. 105-106

အခန်း (၁၀၅) အဓိက အင်အားစု သုံးခု၏ ဒုတိယအကြိမ် တိုက်ခိုက်မှု

ကျိုးယွမ်၏ အခြေတည်စိတ်ဝိညာဉ်အဆင့် ကျင့်ကြံမှုအဆင့်ကို ထုတ်ဖော်ပြသလိုက်ခြင်းက ပိုင်ယန်တောင်ရှိ နတ်ဆိုးကောင်းကင်ဂိုဏ်းမှ တပည့်များအားလုံးအပေါ် ချက်ချင်း အကျိုးသက်ရောက်မှု ရှိသွားခဲ့ပြီး အားလုံးမှာ အလွန်တရာ လေးစားသွားကြ၏။

ထို့ကြောင့် ကျိုးယွမ်သည် ပိုင်ယန်တောင် မိုင်းတွင်းတစ်ခုလုံးကို လွှဲပြောင်းရယူရာတွင် မည်သည့် မမျှော်လင့်ထားသော ပြဿနာမျှ မရှိခဲ့ချေ။

သို့သော် ကျိုးယွမ် တစ်ချက် ကြည့်လိုက်ပြီးနောက် မဟာအကြီးအကဲတို့ စိုးရိမ်ပူပန်နေခြင်းမှာ မှန်ကန်ကြောင်း သူ သိလိုက်၏။

အကယ်၍ အဓိက ဂိုဏ်းသုံးခုထဲမှ တစ်ခုခုက အခြေတည်စိတ်ဝိညာဉ်အဆင့် တစ်ဦးကို စေလွှတ်လိုက်ပါက သူတို့သည် မိုင်းတွင်းကို အကွက်အနည်းငယ်အတွင်း ဖျက်ဆီးပစ်နိုင်ပေသည်။ ၎င်းကို ပြန်လည် တူးဖော်ရန်မှာ လွယ်ကူသော အလုပ်တစ်ခု ဖြစ်မည်မဟုတ်ချေ။

ထို့ပြင် အဓိက အင်အားစု သုံးခုသည် ဤသာမန်လူများ၏ အသက်ကို ဂရုမစိုက်ကြချေ။ သူတို့ လိုချင်သမျှမှာ ဤဝိညာဉ်ကျောက်တုံး မိုင်းတွင်းသာ ဖြစ်ပေသည်။

အချိန်သည် လျင်မြန်စွာ ကုန်လွန်သွားခဲ့ပြီး မျက်စိတစ်မှိတ်အတွင်း လဝက်ခန့် ကုန်လွန်သွားခဲ့လေပြီ။

မြောက်ပိုင်းမိုးမြို့ရော ပိုင်ယန်တောင်ပါ အလွန်တရာ အေးချမ်းနေသည်။

သို့သော် ဤအေးချမ်းမှုသည် လျင်မြန်စွာ ကျိုးပျက်သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ယခုလေးတင် အဓိက အင်အားစု သုံးခုသည် စစ်ကူအသစ် တစ်သုတ်ကို လက်ခံရရှိခဲ့သောကြောင့်တည်း။

ဤအဖွဲ့သည် လန်ယွဲ့ဂိုဏ်းမှ လာခြင်းဖြစ်ပြီး လန်ယွဲ့ဂိုဏ်း၏ ပဉ္စမမြောက် အကြီးအကဲ ရွှီရှန်းက ဦးဆောင်လာခြင်း ဖြစ်သည်။ စုစုပေါင်း လူသုံးထောင်ကျော် ရှိပေ၏။

ဤလူသုံးထောင်ကျော်အနက် တစ်ထောင်ကျော်မှာ လန်ယွဲ့ဂိုဏ်းမှဖြစ်ပြီး ကျန်ရှိသူများမှာ လန်ယွဲ့ဂိုဏ်းလက်အောက်ခံ အင်အားစုများမှ တပည့်များ ဖြစ်ကြသည်။

ရွှီရှန်းသည် အခြေတည်စိတ်ဝိညာဉ်အဆင့် အစောပိုင်း ကျင့်ကြံမှုအဆင့် ရှိသူဖြစ်သည်။

ဤတစ်ကြိမ် သူ ခေါ်လာသော လူများထဲတွင် လန်ယွဲ့ဂိုဏ်း လက်အောက်ခံ ဂိုဏ်းတစ်ခုမှ လျန်ဟောက်လင်ဟု အမည်ရသော အခြေတည်စိတ်ဝိညာဉ်အဆင့် အစောပိုင်း တစ်ဦးလည်း ပါဝင်သည်။

သူတို့ ရောက်ရှိလာမှုနှင့်အတူ စိတ်ဓာတ်ကျနေခဲ့သော အဓိက အင်အားစု သုံးခုမှာ ချက်ချင်း အားအင်သစ်များ ရရှိသွားကြသည်။

ဤနည်းအားဖြင့် သူတို့တွင် အခြေတည်စိတ်ဝိညာဉ်အဆင့် အဖွဲ့ဝင် ခြောက်ဦး ရှိသွားပြီဖြစ်သည်။

ပိုင်ထျန်းရီသည် အခြေတည်စိတ်ဝိညာဉ်အဆင့်ရှိ လူအားလုံးကို ချက်ချင်း စုရုံးကာ မြောက်ပိုင်းမိုးမြို့ကို မည်သို့ တိုက်ခိုက်မည်ကို ဆွေးနွေးကြလေ၏။

ပိုင်ထျန်းရီသည် စကားချီးမခံတော့ဘဲ တိုက်ရိုက် ပြောဆိုလိုက်သည်။

"အားလုံးပဲ... နတ်ဆိုးကောင်းကင်ဂိုဏ်းက မြောက်ပိုင်းမိုးမြို့မှာ အားကောင်းတဲ့ ကာကွယ်ရေး ဝင်္ကပါတစ်ခုကို ချထားတယ်... သူ့ကို ဖောက်ထွက်ဖို့က လွယ်ကူတဲ့ အလုပ်တစ်ခု ဖြစ်မှာမဟုတ်ဘူး..."

"ဒါပေမဲ့ မြောက်ပိုင်းမိုးမြို့ကို ငါတို့ သိမ်းပိုက်ရမယ်... မဟုတ်ရင် ငါတို့ ပိုပြီး နက်ရှိုင်းအောင် ထိုးဖောက်ဝင်ရောက်ပြီး နတ်ဆိုးကောင်းကင်ဂိုဏ်းရဲ့ ဌာနချုပ်ကို တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး..."

"ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ ရှန်ကျောက်ချီ တာအိုမိတ်ဆွေ၊ ကောရိုရှီ တာအိုမိတ်ဆွေ၊ နျိုချင်းလိုင် တာအိုမိတ်ဆွေတို့နဲ့ အတူ ငါ ဆွေးနွေးခဲ့တယ်..."

"မြောက်ပိုင်းမိုးမြို့ကို ဖောက်ထွက်ဖို့ ငါတို့ သူတို့ရဲ့ အစီအစဉ်တွေကို နှောင့်ယှက်ရမယ်... သူတို့ရဲ့ အင်အားတွေကို ဖြန့်ခွဲပြီး တစ်ချိန်တည်းမှာပဲ မြောက်ပိုင်းမိုးမြို့ကနေ ထွက်သွားအောင် လုပ်ရမယ်..."

"ဒါကြောင့် ငါတို့ အစီအစဉ်တစ်ခု စဉ်းစားမိတယ်... မြောက်ပိုင်းမိုးမြို့ကို ငါတို့ တိုက်ခိုက်နေချိန်မှာ သူတို့ လက်ရှိ တူးဖော်နေတဲ့ မိုင်းတွင်းကို ဖျက်ဆီးဖို့ ပိုင်ယန်တောင်ဆီ လူတချို့ စေလွှတ်မယ်..."

"ဒီအစီအစဉ်ကို မင်းတို့ အားလုံး ဘယ်လိုထင်လဲ..."

ပိုင်ထျန်းရီ စကားပြောအပြီးတွင် သူသည် လူတိုင်းကို ကြည့်လိုက်ရာ သူ၏ အမူအရာမှာ ပျင်းရိမှု နည်းပါးသွားပြီး ပိုမို တည်ကြည်လေးနက်လာသည်။

ရှန်ကျောက်ချီက ပထမဆုံး စကားပြောလာပြီး ပြောဆိုလိုက်သည်။

"အစ်ကိုကြီးပိုင်ရဲ့ အကြံပြုချက်ကို ငါ သဘောတူတယ်..."

ကောရိုရှီကလည်း အလျင်အမြန် ဝင်ပြောလိုက်၏။

"အစ်ကိုကြီးပိုင်ရဲ့ အကြံပြုချက်ကို ငါလည်း သဘောတူတယ်..."

ဤကိစ္စကို သူတို့သုံးဦးက မူလကတည်းက ဆွေးနွေးပြီး သဘောတူညီထားပြီး ဖြစ်သည်။ နျိုချင်းလိုင်အတွက်မူ သူ၏ အနှစ်သာရသွေးကို အသုံးပြု၍ လက်မောင်းတစ်ဖက်ကို ပြန်လည် မွေးမြူနိုင်ခဲ့သော်လည်း သူ၏ တိုက်ခိုက်ရေး စွမ်းအားမှာ များစွာ လျော့ကျသွားခဲ့ပြီ ဖြစ်၏။

ရွှီရှန်းနှင့် လျန်ဟောက်လင်တို့က ဘာပြောနိုင်မည်နည်း။ ရှန်ကျောက်ချီက သူ၏ ရပ်တည်ချက်ကို ရှင်းလင်းစွာ ပြသပြီးဖြစ်ရာ သူတို့ သဘောတူရုံမှတစ်ပါး အခြားမရှိချေ။

ပိုင်ထျန်းရီသည် ဤအရာအတွက် အလွန် ကျေနပ်သွားသည်။ ထို့နောက် သူသည် လူတိုင်းကို ကြည့်ကာ ပြောဆိုလိုက်သည်။

"အခု ပိုင်ယန်တောင်ကို ဘယ်သူသွားမလဲဆိုတာ ဆွေးနွေးကြတာပေါ့..."

"ငါ သေချာပေါက် သွားလို့မရဘူး... ငါ့ရဲ့ သတင်းအချက်အလက် ပျောက်သွားရင် ရှန်ထောင်းက သေချာပေါက် သတိထားမိလိမ့်မယ်... ဒီလူကို ထိန်းထားဖို့ ငါ ဒီမှာ နေဖို့ လိုတယ်..."

ပိုင်ထျန်းရီ၏ စကားကို ကြားချိန်တွင် လူတိုင်း တညီတညွတ်တည်း ခေါင်းညိတ်လိုက်ကြ၏။

"ငါ သွားမယ်..."

ရှန်ကျောက်ချီက တိုက်ရိုက် ပြောဆိုလိုက်သည်။

"အကြီးအကဲရှန်... တကယ်လို့ ခင်ဗျားသွားရင် နတ်ဆိုးကောင်းကင်ဂိုဏ်းရဲ့ သံသယကို ဖြစ်စေမှာ မဟုတ်ဘူးလား... ဘာပဲဖြစ်ဖြစ် ခင်ဗျားရဲ့ မျက်နှာကို ပြပြီးသွားပြီဆိုတော့ နတ်ဆိုးကောင်းကင်ဂိုဏ်းက ခင်ဗျားရဲ့ တည်ရှိမှုကို သိနေပြီလေ..."

"ဒါ့အပြင် ခင်ဗျား ပျောက်သွားပြီး သူတို့ရဲ့ သံသယကို ဖြစ်ပေါ်စေမယ်ဆိုရင် သူတို့က နတ်ဆိုးကောင်းကင်ဂိုဏ်းကို အကြောင်းကြားဖို့ အလားအလာ အလွန်များတယ်..."

"ပိုင်ယန်တောင်က နတ်ဆိုးကောင်းကင်ဂိုဏ်းနဲ့ မိုင် ၂,၀၀၀ ကျော် ကွာဝေးပေမဲ့ အခြေတည်စိတ်ဝိဉာဥ်အဆင့် အတွက်ကတော့ ဒီကိုရောက်ဖို့ အချိန်အများကြီး ယူမှာမဟုတ်ဘူး..."

ရှန်ကျောက်ချီ စကားပြောအပြီးမှာပင် နျိုချင်းလိုင်က ဝင်ပြောလိုက်၏။

နျိုချင်းလိုင်၏ စကားကို ကောရိုရှီက ချက်ချင်း သဘောတူလိုက်ပြီး ဝင်ပြောလိုက်သည်။

"အကြီးအကဲနျို ပြောတာ မှန်တယ်..."

"ငါတို့ စုဆောင်းထားတဲ့ ထောက်လှမ်းရေး သတင်းတွေအရ ပိုင်ယန်တောင်မှာ အမြင့်ဆုံး ကျင့်ကြံမှုရှိတဲ့သူက ရွှေအမြုတေအဆင့်လောက်ပဲ ရှိတယ်ထင်တယ်... အကြီးအကဲရှန်ကို စေလွှတ်တာက သူ့ရဲ့ စွမ်းရည်တွေကို နည်းနည်း အလဟဿ ဖြစ်စေသလိုပဲ..."

ဤစကားကို ကြားချိန်တွင် ပိုင်ထျန်းရီနှင့် ရှန်ကျောက်ချီတို့ တညီတညွတ်တည်း ခေါင်းညိတ်လိုက်ကြပြီး နောက်ဆုံးတွင် နှစ်ဦးစလုံးက လျန်ဟောက်လင်ကို ကြည့်လိုက်ကြ၏။

လျန်ဟောက်လင်မှာ အသင့်တော်ဆုံး ကိုယ်စားလှယ်လောင်း ဖြစ်ပေသည်။ သူသည် လန်ယွဲ့ဂိုဏ်း လက်အောက်ခံ အင်အားစုတစ်ခုမှ လာသူဖြစ်ပြီး အခြေတည်စိတ်ဝိညာဉ်အဆင့် အစောပိုင်း ကျင့်ကြံမှုအဆင့်ရှိကာ ရွှေအမြုတေအဆင့် တစ်ဦးကို ကိုင်တွယ်ရန်မှာ ပြဿနာ မရှိနိုင်ချေ။

လူတိုင်း သူ့ကို ကြည့်နေကြသည်ကို မြင်ချိန်တွင် လျန်ဟောက်လင် ချက်ချင်း သတိဝင်လာပြီး တာဝန်ကို လက်ခံလိုက်သည်။

ဤသို့ဖြင့် တိုက်ပွဲကြီးတစ်ခု ထပ်မံ စတင်တော့သည်။

နောက်တစ်နေ့ နံနက်စောစောတွင် ပိုင်ထျန်းရီသည် လူတိုင်းကို မြောက်ပိုင်းမိုးမြို့သို့ ဦးဆောင်သွားပြီး မြောက်ပိုင်းမိုးမြို့အပေါ် ဒုတိယအကြိမ် တိုက်ခိုက်မှုကို စတင်လိုက်သည်။

ကျိုးယွမ်သည် ပိုင်ယန်တောင်ကို ထုံးစံအတိုင်း စစ်ဆေးနေပေသည်။

ချန်လီရှင်း၊ ပိုင်ရွှေတဲ၊ လီလျန်နှင့် လီဖန်တို့သည် ကျိုးယွမ်၏နောက်မှ လိုက်ပါလာကြပြီး သူတို့၏ ဘဝမှာ အလွန် သက်တောင့်သက်သာ ရှိနေသည်ဟု ခံစားနေရ၏။

ကျိုးယွမ် သူ၏ ကျင့်ကြံရေး နေအိမ်သို့ ပြန်ရန် ပြင်ဆင်နေချိန်မှာပင် သူ၏ အကြည့်မှာ အဝေးဆီသို့ အလိုအလျောက် ရောက်ရှိသွားပြီး သူ၏ အမူအရာ တည်ကြည်လေးနက်သွားသည်။

ထိုအချိန်တွင် ပုံရိပ်အချို့ အဝေးမှ ထွက်ပေါ်လာပြီး ခေါင်းဆောင်လုပ်သူမှာ အခြေတည်စိတ်ဝိညာဉ်အဆင့်၏ ဖိအားကို ထုတ်လွှတ်နေသည်။

ဤလူမှာ လျန်ဟောက်လင်ပင် ဖြစ်သည်။

"ရန်သူလာပြီ..."

ကျိုးယွမ်၏ အသံမှာ ပိုင်ယန်တောင် တစ်ခွင်သို့ ပဲ့တင်ထပ်သွား၏။ ထို့နောက် သူသည် လေထဲသို့ ခုန်တက်ကာ ကောင်းကင်သို့ တိုက်ရိုက် ပျံသန်းသွားပြီး လျန်ဟောက်လင်နှင့် အခြားသူများ၏ လမ်းကို ပိတ်တားလိုက်သည်။

လျန်ဟောက်လင်သည် ကျိုးယွမ်ထံမှ ထွက်ပေါ်လာသော အခြေတည်စိတ်ဝိညာဉ်အဆင့် အစောပိုင်း၏ ဖိအားကို ခံစားလိုက်ရသဖြင့် လွှမ်းမိုးသွားပြီးနောက် ခဏတာ အံ့သြမှင်တက်သွား၏။

ဒီနေရာမှာ အမြင့်ဆုံး ကျင့်ကြံမှုအဆင့်က ရွှေအမြုတေအဆင့် ဖြစ်ရမှာ မဟုတ်ဘူးလား... ဘယ်လိုလုပ် အခြေတည်စိတ်ဝိညာဉ်အဆင့် တစ်ယောက်က ရုတ်တရက် ထွက်လာရတာလဲ...။

အကြောင်းပြချက် တစ်ခုခုကြောင့် အန္တရာယ်ရှိသော ခံစားချက်တစ်ခု လျန်ဟောက်လင်၏ ပတ်လည်တွင် ထွက်ပေါ်လာ၏။

ဘယ်သူလာတာလဲ...

ကျိုးယွမ်၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အရောင်တစ်ချက် လင်းလက်သွားသည်။ အခြေတည်စိတ်ဝိညာဉ်အဆင့် အစောပိုင်းသို့ တက်လှမ်းပြီးကတည်းက သူသည် အခြေတည်စိတ်ဝိညာဉ်အဆင့်မှ မည်သူနှင့်မျှ မတိုက်ခိုက်ရသေးသဖြင့် စမ်းသပ်ကြည့်ရန် စိတ်အားထက်သန်နေပြီ ဖြစ်၏။

သူ ပိုင်ယန်တောင်သို့ လုံးဝ မလာချင်ခဲ့ချေ။

“မြောက်ပိုင်းမိုးမြို့မှာ နေတာက အရမ်းကောင်းတယ်... အဓိက အင်အားစု သုံးခုက လူတွေကိုသတ်ပြီး ငါ့ရဲ့ ကျင့်ကြံမှုကို မြှင့်တင်လို့ ရတယ်”

သို့သော် ရှန်ထောင်းက ဤအစီအစဉ်ကို ချမှတ်ခဲ့သဖြင့် ကျိုးယွမ်မှာ သူ့ကို လွယ်လွယ်နှင့် မဆန့်ကျင်နိုင်သဖြင့် မတတ်သာဘဲ လာခဲ့ရခြင်း ဖြစ်၏။

လဝက်ကြာပြီးနောက် သူသည် အခြေတည်စိတ်ဝိညာဉ်အဆင့် အစောပိုင်း၏ စွမ်းအားကို အပြည့်အဝ ကျင့်သားရနေပြီဖြစ်သည်။ လျန်ဟောက်လင် သူ့ဆီသို့ အရောက်လာသည်ကို မြင်လိုက်ရသဖြင့် ချက်ချင်းပင် သူ၏ သတ်ဖြတ်လိုသော ရည်ရွယ်ချက်ကို လောင်စာထည့်ပေးလိုက်သလို ဖြစ်သွားတော့၏။

"ဒီလူကို ငါ တားထားမယ်... မင်းတို့ အမြန်သွားပြီး မိုင်းတွင်းကို ဖျက်ဆီးလိုက်ကြ..."

လျန်ဟောက်လင်သည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားလိုက်ရသော်လည်း သူ၏ တာဝန်ကို မမေ့လျော့ဘဲ သူ၏နောက်မှ လူများကို ပြောဆိုလိုက်သည်။

လျန်ဟောက်လင်၏ အမိန့်ကို ကြားချိန်တွင် သူ၏ အနောက်ရှိ ရွှေအမြုတေအဆင့် အဖွဲ့ဝင် အချို့မှာ ချက်ချင်း ခေါင်းညိတ်လိုက်ကြပြီး လျန်ဟောက်လင်၏ ဘေးမှ ထွက်ခွာကာ အဝေးဆီသို့ တိုက်ရိုက် ဦးတည်သွားကြ၏။

"ဒီဓားကို ယူလိုက်စမ်း..."

တုံ့ဆိုင်းနေခြင်း သို့မဟုတ် နာမည်မိတ်ဆက်ခြင်းမရှိဘဲ လျန်ဟောက်လင်သည် ဓားရှည်တစ်လက်ကို ဆွဲထုတ်လိုက်ပြီး ကျိုးယွမ်ဆီသို့ သုံးချက်ဆက်တိုက် ခုတ်ချလိုက်လေသည်။

ဓားအလင်းတန်းသုံးခုသည် ကြောက်မက်ဖွယ် သတ်ဖြတ်လိုသော ရည်ရွယ်ချက်တစ်ခုကို ထုတ်လွှတ်လိုက်ပြီး မရေမတွက်နိုင်သော ဓားအလင်းတန်းများအဖြစ် ပြောင်းလဲကာ ကျိုးယွမ်ဆီသို့ တိုက်ရိုက်ဦးတည်သွား၏။

တစ်ချိန်တည်းမှာပင် လျန်ဟောက်လင် လက်ညှိုးထိုးလိုက်ရာ လေထဲတွင် လေပြင်းများ တိုက်ခတ်လာပြီး ဧရာမ လေဓားသွားများအဖြစ် ပြောင်းလဲကာ ကျိုးယွမ်ဆီသို့ လွှမ်းမိုးသည့် အသွင်ဖြင့် လှည်းကျင်းသွားလေသည်။

ကျိုးယွမ် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး ဓားငယ်ကိုးလက်သည် သူ၏ ခန္ဓာကိုယ်ကို ဝန်းရံသွားသည်။

ဤသည်မှာ အခြေတည်စိတ်ဝိညာဉ်အဆင့် ဖြစ်လာပြီးကတည်းက ကျိုးယွမ် ဓားငယ်ကိုးလက်စလုံးကို တစ်ပြိုင်နက်တည်း ဆင့်ခေါ်ခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။ ဤဓားကိုးလက် တစ်ပြိုင်နက် တိုက်ခိုက်သည့် စွမ်းအားကို သူ စမ်းသပ်ကြည့်ချင်နေသည်။

ကျိုးယွမ် လက်ညှိုးထိုးလိုက်ရာ ဓားငယ်ကိုးလက်အနက် လေးလက်မှာ ပျံထွက်သွားပြီး ရွှေအမြုတေအဆင့် အဖွဲ့ဝင်များဆီသို့ တိုက်ရိုက် ဦးတည်သွားတော့သည်။

သိထားရမည်မှာ ပိုင်ယန်တောင်တွင် သူကိုယ်တိုင်မှလွဲ၍ မည်သည့် ရွှေအမြုတေအဆင့်မျှ မရှိကြောင်းပင်။ ကျန်ရှိနေသော ကျင့်ကြံသူများထဲတွင် အမြင့်ဆုံးအဆင့်မှာ အခြေခံတည်ဆောက်ခြင်းအဆင့် ပြီးပြည့်စုံခြင်းသာ ရှိပေ၏။

အခန်း (၁၀၆) လျန်ဟောက်လင်ကို သတ်ဖြတ်ခြင်း

ဤနေရာရှိ သတ္တုတွင်းလုပ်သားများ အားလုံးမှာ သာမန်လူများ ဖြစ်ကြသဖြင့် မြင့်မားသော ကျင့်ကြံမှုရှိသူ တစ်ဦးက သူတို့ကို ကြီးကြပ်ရန် မလိုအပ်ချေ။

ဤသာမန်လူများအတွက်မူ ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူသည်ပင်လျှင် အင်မော်တယ်တစ်ပါး ဖြစ်နေပြီဖြစ်သည်။

အကယ်၍ အခြေတည်စိတ်ဝိညာဉ်အဆင့် အဖွဲ့ဝင်များ၏ ရုတ်တရက် တိုက်ခိုက်မှုကို ကာကွယ်ရန်သာ မဟုတ်ခဲ့လျှင် ဤနေရာကို ကာကွယ်ရန် အခြေတည်စိတ်ဝိညာဉ်အဆင့် အဖွဲ့ဝင်များကို သူတို့ စေလွှတ်ခဲ့မည် မဟုတ်ပေ။

ဓားငယ်လေးလက်သည် လျှပ်စီးကဲ့သို့ လျင်မြန်စွာ ရွေ့လျားသွားပြီး ကျိုးယွမ်၏ လှုပ်ရှားမှုများနှင့် တစ်ထပ်တည်း ကျနေ၏။ အခြေတည်စိတ်ဝိညာဉ်အဆင့် အစောပိုင်း ကျင့်ကြံသူ၏ စွမ်းအားကို ထုတ်လွှတ်လိုက်ချိန်တွင် သူတို့၌ ခုခံနိုင်စွမ်း လုံးဝ မရှိတော့ချေ။

ဓားငယ်သည် သူတို့၏ နဖူးများကို ဖောက်ထွင်းသွားချိန်တွင် စူးရှသော အော်ဟစ်သံ လေးခု ထွက်ပေါ်လာသည်။

ကျိုးယွမ် လက်ညှိုးထိုးလိုက်ရာ ဓားငယ်ငါးလက်သည် သူ၏အရှေ့မှ ပျံထွက်သွားပြီး လျန်ဟောက်လင်ဆီသို့ တိုက်ရိုက် ဦးတည်သွား၏။

ထို့နောက် သူ၏ ခန္ဓာကိုယ် ယိမ်းယိုင်သွားပြီး သူ၏ ပုံရိပ်မှာ ချက်ချင်း ပျောက်ကွယ်သွားကာ လျန်ဟောက်လင်၏ တိုက်ခိုက်မှုများကို လုံးဝ လွဲချော်သွားစေသည်။

လျန်ဟောက်လင်၏ မျက်လုံးများမှာ ထိတ်လန့်မှုကြောင့် ပြူးကျယ်သွား၏။ ထိုအချိန်တွင် သေရေးရှင်ရေး အကျပ်အတည်း ခံစားချက်တစ်ခု သူ၏ စိတ်နှလုံးထဲသို့ တိုးဝင်လာသည်။

"သွေးလွတ်မြောက်ခြင်း ကျင့်စဉ်..."

အနည်းငယ်မျှ တုံ့ဆိုင်းခြင်းမရှိဘဲ လျန်ဟောက်လင်သည် သွေးတစ်လုတ် အန်ချလိုက်ပြီး သူ၏ ခန္ဓာကိုယ်မှာ ထိုနေရာမှ ချက်ချင်း ပျောက်ကွယ်သွား၏။ သူ ပြန်လည် ထွက်ပေါ်လာချိန်တွင် မိုင်ဒါဇင်ပေါင်းများစွာ အကွာသို့ ရောက်ရှိနေပြီ ဖြစ်သည်။

အနည်းငယ်မျှ တုံ့ဆိုင်းခြင်းမရှိဘဲ လျန်ဟောက်လင်သည် အဝေးဆီသို့ တိုက်ရိုက် ဦးတည်သွားတော့၏။

"မင်း ရောက်လာပြီဆိုမှတော့ မထွက်သွားနဲ့တော့..."

ထိုအချိန်တွင် လျန်ဟောက်လင်၏ နားထဲသို့ အသံတစ်ခု ဝင်ရောက်လာပြီး ပုံရိပ်တစ်ခုက သူ့ဆီသို့ လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် ပြေးဝင်လာရာ ၎င်းမှာ ကျိုးယွမ်ပင် ဖြစ်ပေသည်။

လျန်ဟောက်လင်၌ ဤမျှ အံ့မခန်း လွတ်မြောက်ရေး ကျွမ်းကျင်မှုများ ရှိနေလိမ့်မည်ဟု ကျိုးယွမ် မည်သည့်အခါကမျှ မထင်မှတ်ထားခဲ့ချေ။

ယခုအချိန်တွင် သူ အသုံးပြုနေသော ပေါ့ပါးဖျတ်လတ်မှုဆိုင်ရာ ကျင့်စဉ်မှာ 'အရိပ်နောက်လိုက်' ဟုခေါ်ပြီး ဤကျင့်စဉ်ကို ရရှိရန် မည်သူ့ကို သူ သတ်ဖြတ်ခဲ့သည်ကိုပင် ကျိုးယွမ်ကိုယ်တိုင် မေ့နေခဲ့ပြီ ဖြစ်၏။

ဤကျင့်စဉ်သည် တူညီသော ကြီးမားသည့် အဆင့်ရှိ ကျင့်ကြံသူများအတွက်သာ အကျိုးသက်ရောက်မှု ရှိသည်။ တစ်ဖက်လူ မည်မျှ မြန်ဆန်ပါစေ ကျိုးယွမ်၏ အမြန်နှုန်းမှာ သူတို့နှင့် တူညီနိုင်သည်။

ဆိုလိုသည်မှာ လျန်ဟောက်လင်၏ ကျင့်ကြံခြင်းအဆင့်သည် အခြေတည်စိတ်ဝိညာဉ်အဆင့် ဖြစ်နေသရွေ့ သူ အမီလိုက်နိုင်ပေသည်။

လျန်ဟောက်လင်သည် သူ့ထင်မြင်ချက် မှန်ကန်ကြောင်းကို မသိခဲ့ချေ။ သူ၏ ကျင့်ကြံခြင်းအဆင့်နှင့် တစ်ဖက်လူ၏ ကျင့်ကြံခြင်းအဆင့်ကြား ကွာခြားချက်ကို သူ ရှင်းလင်းစွာ ခံစားသိရှိနိုင်ပေသည်။

ထိုဓားငယ်များ သူ့ဆီသို့ ပျံသန်းလာချိန်တွင် သူ၏ ကျောရိုးတစ်လျှောက် ကြက်သီးထသွားသည်ကို ခံစားလိုက်ရ၏။ ထို့ကြောင့် သူသည် သွေးလွတ်မြောက်ခြင်း ကျင့်စဉ်ကို အသုံးပြုရန် မတုံ့ဆိုင်းခဲ့ခြင်း ဖြစ်သည်။

"သွေးလွတ်မြောက်ခြင်း ကျင့်စဉ်..."

ကျိုးယွမ် ပိုမို နီးကပ်လာသည်ကို မြင်ချိန်တွင် လျန်ဟောက်လင် မတုံ့ဆိုင်းခဲ့ချေ။ သူသည် နောက်ထပ် သွေးတစ်လုတ် အန်ချလိုက်ပြီး သူ၏ ခန္ဓာကိုယ်မှာ သွေးရောင်အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲသွားကာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားလေ၏။

သူ ပြန်လည် ထွက်ပေါ်လာချိန်တွင် မိုင်တစ်ရာကျော်အကွာသို့ ရောက်ရှိနေပြီ ဖြစ်သည်။

လျန်ဟောက်လင် စိတ်အေးသွားရသည်။ သွေးလွတ်မြောက်ခြင်း ကျင့်စဉ်သည် သူ့ကို တစ်ကြိမ်တည်းဖြင့် မိုင်တစ်ရာ ခရီးသွားနိုင်စေသော်လည်း သူ့အပေါ် ကြီးမားသော ဖိအားသက်ရောက်စေပေသည်။

သူ ထရပ်လိုက်သည်နှင့် တစ်ပြိုင်နက် လျန်ဟောက်လင်သည် နောက်ထပ် သွေးတစ်လုတ် အန်မချဘဲ မနေနိုင်ခဲ့ချေ။

သူ၏အနောက်တွင် ကျိုးယွမ် မရှိတော့သည်ကို မြင်ချိန်တွင် လျန်ဟောက်လင် သက်ပြင်းချလိုက်ပြီး အရှေ့သို့ အလျင်အမြန် ပျံသန်းသွားသည်။

“မင်း ထွက်ပြေးလို့ မလွတ်ပါဘူး…”

ထိုအချိန်တွင် လျန်ဟောက်လင်၏ အနောက်မှ အသံတစ်ခု ထွက်ပေါ်လာသည်။ လျန်ဟောက်လင်သည် ကျိုးယွမ်က သူ့နောက်မှ မယုံနိုင်လောက်အောင် လျင်မြန်သော အမြန်နှုန်းဖြင့် လိုက်လာသည်ကို တွေ့လိုက်ရ၏။

လျန်ဟောက်လင်မှာ အလွန် ကြောက်လန့်သွားသဖြင့် သူ၏ ဝိညာဉ်များပင် လွင့်စင်သွားသကဲ့သို့ ခံစားလိုက်ရသည်။ တစ်ဖက်လူက အခြေတည်စိတ်ဝိညာဉ်အဆင့် နှောင်းပိုင်းများ ဖြစ်နေမလား။

လျန်ဟောက်လင်သည် ၎င်းကို တွေးတောလေလေ ပိုမို ကြောက်ရွံ့လာလေလေ ဖြစ်၏။ အခြေတည်စိတ်ဝိညာဉ်အဆင့် အလယ်အလတ်အဆင့်ပင်လျှင် ဤမျှ မမြန်ဆန်ချေ။

"သွေးလွတ်မြောက်ခြင်းကျင့်စဉ်..."

လျန်ဟောက်လင်သည် နောက်ထပ် သွေးတစ်လုတ် အန်ချလိုက်ရာ သူ၏ ခန္ဓာကိုယ်မှာ သွေးရောင်အလင်းတန်းဖြင့် ချက်ချင်း လွှမ်းခြုံသွားပြီး မြောက်ပိုင်းမိုးမြို့ဆီသို့ တိုက်ရိုက် ဦးတည်သွားတော့သည်။

မျက်စိတစ်မှိတ်အတွင်း လျန်ဟောက်လင် ထွက်ပေါ်လာပြီး နောက်ထပ် သွေးတစ်လုတ် အန်ချလိုက်သည်။

သို့သော် လျန်ဟောက်လင်သည် ခဏလေးမျှပင် မနှောင့်နှေးရဲချေ။ ကြမ်းကြုတ်သော အမူအရာတစ်ခု သူ၏ မျက်နှာပေါ်တွင် ထွက်ပေါ်လာပြီး အော်ဟစ်လိုက်သည်။

"သွေးလွတ်မြောက်ခြင်း ကျင့်စဉ်..."

သွေးရောင်အလင်းတန်း တစ်မျှင်သည် ယခုလေးတင် ထွက်ပေါ်လာသော လျန်ဟောက်လင်ကို လွှမ်းခြုံသွားပြီး မျက်စိတစ်မှိတ်အတွင်း ထပ်မံ ပျောက်ကွယ်သွား၏။

သူ ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် ကျိုးယွမ်သည် ထိုနေရာမှာပင် ထွက်ပေါ်လာသည်။

"သေစမ်း... ဒီအဘိုးကြီးက ယုန်လား... ဒီလောက် မြန်မြန် ပြေးနိုင်တာ... ဆက်ပြေးနေရင်တော့ မြောက်ပိုင်းမိုးမြို့ကို ရောက်သွားတော့မယ်..."

ကျိုးယွမ်က စိတ်ထဲမှ ကျိန်ဆဲလိုက်သော်လည်း သူ၏ ခန္ဓာကိုယ်ပေါ်တွင်လည်း အလင်းတန်း တစ်ခု ထွက်ပေါ်လာပြီး သူ့ကို မျက်စိတစ်မှိတ်အတွင်း သယ်ဆောင်သွားလေ၏။

မြောက်ပိုင်းမိုးမြို့ အပြင်ဘက်တွင် ပြင်းထန်သော တိုက်ပွဲတစ်ခု ထပ်မံ ဖြစ်ပွားနေပြီး တိုက်ပွဲအသံများမှာ နားကွဲမတတ် ဆူညံနေပေသည်။

မဟာအကြီးအကဲက ပိုင်ထျန်းရီကို တိုက်ခိုက်ပြီး ဒုတိယအကြီးအကဲက ရှန်ကျောက်ချီနှင့် ကောရိုရှီတို့ကို ရင်ဆိုင်ကာ တတိယအကြီးအကဲက ရွှီရှန်းကို တိုက်ရိုက် ရင်ဆိုင်နေသည်။

ပုံရိပ်ခုနစ်ခုသည် လေထဲတွင် ပြင်းထန်စွာ တိုက်ခိုက်နေကြပြီး ကြမ်းတမ်းသော တိုက်ပွဲတစ်ခုအတွင်း ရစ်ပတ်နေကြသည်။

မြောက်ပိုင်းမိုးမြို့၏ မြို့ရိုးပေါ်တွင် ထန်ကျင်းသည် တည်ကြည်လေးနက်သော အမူအရာဖြင့် နတ်ဆိုးကောင်းကင်ဂိုဏ်းမှ အဖွဲ့ဝင်များကို ညွှန်ကြားကာ အပြင်ဘက်ရှိ ပုံရိပ်များကို ဖောက်ထွင်းသွားစေရန် မြားများကို အဆက်မပြတ် ပစ်ခတ်နေစေသည်ယ

ဤတစ်ကြိမ်တွင် နတ်ဆိုးကောင်းကင်ဂိုဏ်းသည် ၎င်း၏ ကာကွယ်ရေး ဝင်္ကပါကို ဖွင့်ကာ အဓိက အင်အားစု သုံးခုကို ထိပ်တိုက် ရင်ဆိုင်ရန် မရွေးချယ်ခဲ့ချေ။

နျိုချင်းလိုင်သည် အဖွဲ့ကို ဦးဆောင်ကာ မြောက်ပိုင်းမိုးမြို့၏ ကာကွယ်ရေး ဝင်္ကပါကို အဆက်မပြတ် တိုက်ခိုက်နေပြီး ဝင်္ကပါကို အလင်းရောင်များဖြင့် တောက်ပသွားစေသည်။ လှိုင်းဂယက်များ ထွက်ပေါ်နေသော်လည်း ၎င်းတို့ကို ဖောက်ထွက်ရန်မှာ အချိန်တိုအတွင်း လုပ်ဆောင်နိုင်မည့် အရာမျိုး လုံးဝ မဟုတ်ချေ။

လန်ချင်းရွှယ်သည် ဆဋ္ဌမအကြီးအကဲ ထန်ကျင်း၏ ဘေးတွင် ရပ်ကာ အပြင်ဘက်ရှိ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုများကို ကြည့်ရင်း အလွန် အံ့အားသင့်နေ၏။

"ဆဋ္ဌမအကြီးအကဲ... ဒီတိုက်ခိုက်မှု အရှိန်အဟုန်နဲ့ဆိုရင် ငါတို့ရဲ့ ကာကွယ်ရေး ဝင်္ကပါက ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲ..."

လန်ချင်းရွှယ်သည် အတော်လေး စိုးရိမ်ပူပန်စွာဖြင့် မေးမြန်းလိုက်သည်။

ထန်ကျင်း၏ မျက်နှာပေါ်တွင်လည်း စိုးရိမ်ပူပန်မှု အရိပ်အယောင်တစ်ခု ထွက်ပေါ်လာပြီး ပြောဆိုလိုက်သည်။

"အများဆုံး နှစ်ရက်ပဲ... အဲ့ဒါတောင်မှ အခြေတည်စိတ်ဝိညာဉ်အဆင့်က လူတွေ လှုပ်ရှားမှု မလုပ်သေးဘူးလို့ ယူဆရတာ..."

"အကယ်၍ အခြေတည်စိတ်ဝိညာဉ်အဆင့်က အစွမ်းကုန် တိုက်ခိုက်မယ်ဆိုရင်တော့ အများဆုံး နေ့ဝက်လောက်ပဲ တောင့်ခံနိုင်လိမ့်မယ်..."

"ဒါပေမဲ့ သူတော်စင်မလေး... စိတ်မပူပါနဲ့... ဒီမှာ ဂိုဏ်းကို သွားတဲ့ အဝေးပို့ မန္တန်ကွင်းတစ်ခု ရှိတယ်... တကယ်လို့ မြောက်ပိုင်းမိုးမြို့သာ အဖောက်ခံရရင် ဂိုဏ်းကို တိုက်ရိုက် ပြန်လို့ရတယ်..."

ဤစကားကို ကြားချိန်တွင် လန်ချင်းရွှယ်က သဘောတူကြောင်း ခေါင်းညိတ်လိုက်၏။

သူမ ဤနေရာတွင် ရောက်နေသည်မှာ ဆယ်ရက်ရှိပြီဖြစ်သော်လည်း အံ့သြစရာကောင်းသည်မှာ သူမ တွေ့ချင်သောသူက ဤနေရာတွင် ရှိမနေခဲ့ချေ။

"အကြီးအကဲပိုင်... ကယ်ပါဦး..."

ထိုအချိန်တွင် အဝေးမှ အကူအညီတောင်းသံတစ်ခု ထွက်ပေါ်လာသည်။

ဖြူရော်နေသော မျက်နှာနှင့် ပါးစပ်ထောင့်မှ သွေးများ ဆက်တိုက် စီးကျနေသော အဘိုးအိုတစ်ဦး ထွက်ပေါ်လာရာ လျန်ဟောက်လင်ပင် ဖြစ်၏။

ဤလူသည် လမ်းတစ်လျှောက် သွေးလွတ်မြောက်ခြင်း ကျင့်စဉ်ကို ခုနစ်ကြိမ်တိုင်တိုင် အသုံးပြုခဲ့ပြီး နောက်ဆုံးတွင် မြောက်ပိုင်းမိုးမြို့သို့ ပြန်လည် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

လျန်ဟောက်လင်၏ ထွက်ပေါ်လာမှုက ထိုနေရာတွင် ရှိနေသူများ အားလုံး၏ အာရုံကို ချက်ချင်း ဖမ်းစားသွားပြီး ပိုင်ထျန်းရီ၊ ရှန်ကျောက်ချီနှင့် အခြားသူများမှာ မကောင်းသော ကြိုတင်ခံစားချက်တစ်ခုကို မခံစားဘဲ မနေနိုင်ခဲ့ကြချေ။

သို့သော် ထိုအချိန်တွင် လျန်ဟောက်လင်၏ အနောက်၌ ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး သတ်ဖြတ်လိုသော ရည်ရွယ်ချက်များကို ထုတ်လွှတ်နေ၏။

"အဘိုးကြီး... မင်းကို ငါ မိုင်ရာချီအောင် လိုက်ဖမ်းခဲ့ပြီးပြီ... အခု မင်း သေလို့ရပြီ..."

ကျိုးယွမ်၏ အေးစက်သော အသံ ထွက်ပေါ်လာပြီးနောက် ကျိုးယွမ်သည် သူ၏ လက်ညှိုးကို ထိုးပြလိုက်ရာ သူ၏လက်မှ မိုးကြိုးလျှပ်စီးတစ်ခု လင်းလက်သွားလေသည်။

အလင်းတန်းမှာ အလွန် လျင်မြန်လှသဖြင့် လျန်ဟောက်လင် တုံ့ပြန်နိုင်ခြင်း မရှိမီမှာပင် ၎င်းသည် သူ၏ ကျောကို ဖောက်ထွင်းသွားသည်။ ဤသည်မှာ မိုးကြိုးဓားပင် ဖြစ်သည်။

လျန်ဟောက်လင်က ပြင်းပြင်းထန်ထန် အော်ဟစ်လိုက်သည်။ သူသည် ဆံချည်တစ်မျှင်စာမျှ ဘေးသို့ ရွှေ့လိုက်နိုင်ရုံသာ ရှိသေးပြီး မိုးကြိုးဓားက သူ၏ နှလုံးကို ဖောက်မဝင်သွားအောင် တားဆီးနိုင်ခဲ့ခြင်း ဖြစ်၏။

ထိုအချိန်တွင် သူသည် သေဘေးမှ လွတ်မြောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

သို့သော် သူ တစ်စက္ကန့်မျှပင် ဝမ်းသာအားရ မဖြစ်နိုင်မီ အလင်းတန်းတစ်ခုက သူ၏ ဦးခေါင်းနောက်ဘက်ကို ဖောက်ထွင်းသွားပြီး သူ၏ မျက်ခုံးကြားမှ ပျံထွက်သွားရာ ၎င်းမှာ အချိန်အာကာသဓားပင် ဖြစ်သည်။

ကျိုးယွမ်၏ ဓားငယ်ကိုးလက်အနက် မိုးကြိုးဓားသည် အမြန်ဆုံးဖြစ်ပြီး အချိန်အာကာသဓားသည် အဖျောက်နိုင်ဆုံးဖြစ်ကာ အမှောင်ထုဓားသည် သူ့ကိုယ်သူ ဖုံးကွယ်ထားနိုင်ပေသည်။

ကျန်ရှိနေသော ဓားငယ်ခြောက်လက်မှာလည်း တစ်လက်စီတွင် ကိုယ်ပိုင် ထူးခြားသော လုပ်ဆောင်ချက်များ ရှိကြပြီး အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှပေ၏။

ကျိုးယွမ် အခြေတည်စိတ်ဝိညာဉ်အဆင့်သို့ ရောက်ရှိလာသည်နှင့်အမျှ ဓားငယ်ကိုးလက်မှာလည်း လျင်မြန်စွာ ကြီးထွားလာနေကြောင်းကို သူ ရှင်းလင်းစွာ ခံစားသိရှိနိုင်ပေသည်။

အထူးသဖြင့် အရာအားလုံးကို ဝါးမျိုနိုင်သော ကြောက်မက်ဖွယ် စွမ်းအားကို ဝေဝါးစွာ ထုတ်လွှတ်နေသည့် ထိုဝါးမျိုခြင်းဓားပင် ဖြစ်၏။

လျန်ဟောက်လင်၏ အခြေတည်စိတ်ဝိညာဉ်သည် သူ၏ ခန္ဓာကိုယ်ထဲမှ လွတ်မြောက်သွားပြီး အခြေတည်စိတ်ဝိညာဉ်တွင် အကန့်အသတ်မဲ့ ကြောက်ရွံ့မှုများ ပါဝင်နေပေသည်။

သို့သော် ထိုအချိန်တွင် မည်းနက်နေသော ဓားငယ်လေးတစ်လက်သည် သူ၏ အခြေတည်စိတ်ဝိညာဉ်ထဲမှ ပျံထွက်လာပြီး လျန်ဟောက်လင်၏ အခြေတည်စိတ်ဝိညာဉ်မှာ ကွဲထွက်သွားကာ ဝိညာဉ်များ လွင့်စင်ပြီး စိတ်ဝိညာဉ်က ပြန့်ကျဲသွားတော့သည်။

ရုတ်တရက် ဖြစ်ပေါ်လာသော မြင်ကွင်းက စစ်မြေပြင်ရှိ လူတိုင်းကို ထိတ်လန့်သွားစေသည်။ အခြေတည်စိတ်ဝိညာဉ်အဆင့်တစ်ဦးသည် သူတို့၏ မျက်စိရှေ့မှောက်တွင်ပင် ကျဆုံးသွားခဲ့လေပြီ။

"ကျိုးယွမ်... လုပ်တာကောင်းတယ်... နောက်ထပ် အခြေတည်စိတ်ဝိညာဉ်အဆင့် တစ်ယောက်ကို သတ်လိုက်တာက မင်းကို ကြီးမားတဲ့ အောင်မြင်မှုတစ်ခု ရစေလိမ့်မယ်..."

ရှန်ထောင်း ရင်ဘတ်ဟော့ကာ ရယ်မောလိုက်ပြီး သူ၏ လက်များမှာ အနှေးအကွေးမရှိဘဲ ပိုင်ထျန်းရီကို ရူးသွပ်စွာ တိုက်ခိုက်လေတော့သည်။

All Chapters