အခန်း (၅-၆)
Vol. 1 Ch. 5-6
အခန်း5)
အောက်ထပ်တွင်။
အပေါ်ထပ်မှ လှုပ်ရှားမှုများကို အာရုံခံမိသည့်အတွက် စနစ်က ထောင်ထောင်ထံသို့ အကြောင်းကြားခဲ့လေသည်။
စနစ် : [ ခဏနေရင် သူတို့တွေ လာရှာကြလိမ့်မယ်၊ အဲဒီအချိန်ကျရင် သူတို့နဲ့အတူ အရင်ဆုံး ပြန်သွားလိုက်နော် ]
“မသွားချင်ဘူး!”
ထောင်ထောင်က lollipopကို ပါးစပ်ထဲတွင် ငုံထားရင်း ချိုချိုချဥ်ချဉ် အရသာကို ခံစားနေရသော်လည်း၊ ထိုစကားကို ကြားသည့်အချိန်တွင် သူမ၏ မျက်နှာလေးက ချက်ချင်းပင် ရှုံ့တွသွားခဲ့၏။
“သူတို့က လူဆိုးတွေပဲ! ထောင်ထောင်က ထောင်တီလေးလေ၊ လူဆိုးတွေရဲ့အနောက်ကို မလိုက်ချင်ဘူး!”
စနစ်က ခေတ္တမျှ ရပ်တန့်သွားပြီး တိတ်ဆိတ်သွားခဲ့၏။
သူ၏ တွက်ချက်မှုများအရ ဇာတ်လမ်းထဲမှ အမြှောက်စာခံ အမျိုးသမီးအရန်ဇာတ်ကောင်၏ မိသားစုက လူသားကလေးငယ်တစ်ဦးအတွက် အမှန်တကယ်ပင် မသင့်တော်ပေ။
ထောင်ထောင်၏ နာကျင်နေသော ခံစားချက်များက စနစ်ကို တိတ်ဆိတ်စေခဲ့ပြီး ခေတ္တကြာမှ ပြန်လည်၍ ပြောဆိုလာခဲ့သည်။
စနစ် : [ ငါတို့တွေ နောက်ထပ် အစီအစဉ်တစ်ခုကို ရိုက်ကူးဖို့ လိုအပ်သေးတယ်၊
မင်းမှာ အခုဘာမှမရှိသေးတဲ့အတွက် သူတို့နဲ့အတူ အရင်ဆုံးပြန်သွားဖို့ကို လိုတယ်၊
အစီအစဉ်ပြီးသွားပြီဆိုရင်တော့ သူတို့ရဲ့ဆီကနေ ထွက်သွားနိုင်မဲ့ နည်းလမ်းကို ငါ သေချာပေါက် ရှာပေးပါ့မယ် ]
ထောင်ထောင်၏ မျက်လုံးလေးများက တောက်ပသွားခဲ့၏။
“တကယ်လား၊ စနစ်ကျဲကျဲ”
“ဒါဆိုရင်တော့.. “
ထောင်ထောင်က လှေကားမှ ခြေသံများကို ကြားလိုက်ရသောကြောင့် ပါးစပ်ထဲတွင် လော်လီပေါ့ပ် ငုံထားလျက်ပင် ထရပ်လိုက်လေ၏။
“ဒါဆိုရင်တော့ အရင် ပြန်သွားလိုက်မယ်လေ”
ထောင်ထောင်၏ တုံ့ပြန်မှုကို မြင်ချိန်တွင် စနစ်၏ ဒေတာများကလည်း လူသားတစ်ဦး ပျော်ရွှင်နေသကဲ့သို့ တက်ကြွလာခဲ့ပေသည်။
ဘာပဲဖြစ်ဖြစ်လေ..
ဇာတ်လမ်းသာ ပြီးမြောက်သွားသရွေ့ အဆင်ပြေသွားပါလိမ့်မယ်။
ဇာတ်လမ်းထဲမှ အမြှောက်စာခံ အမျိုးသမီးအရန်ဇာတ်ကောင်က သူမ၏ မူလမိသားစုနှင့် အမြဲတစေ နေထိုင်ရမည်ဟုလည်း ဇာတ်လမ်းတွင် မဖော်ပြထားပေ။
မင်း ဘယ်ကိုသွားမလဲ ဘေဘီ
အစီအစဉ်၏ တရားဝင် ရိုက်ကူးမှု မစတင်မီတွင် ဧည့်သည်များက တိုက်ရိုက်ထုတ်လွှင့်သည့် Live Preview အစီအစဉ်တွင် ပါဝင်ရန် လိုအပ်သေးသည်။
တိုက်ရိုက်ထုတ်လွှင့်မှု မတိုင်မီတွင် ထုတ်လုပ်ရေးအဖွဲ့က ဧည့်သည်များ၏ အချက်အလက်တိုင်းကို လျှို့ဝှက်ထားသော်လည်း အရိပ်အမြွက်တချို့ကို ထုတ်ပေးခဲ့သောကြောင့် အွန်လိုင်းတွင် ဆွေးနွေးမှုများ မြင့်တက်နေခဲ့၏။
Preview အစီအစဉ်တွင် သာမန်ကလေးငယ်များနှင့် အနုပညာရှင် မိဘများ၏ ပထမဆုံးတွေ့ဆုံမှုကို ဖော်ပြမည် ဖြစ်သည်။
ဧည့်သည်အဖွဲ့တစ်ခုချင်းစီက မတူညီသော နေရာများတွင် တွေ့ဆုံကြရလိမ့်မည်။
မနက်စောစောတွင် ထုတ်လုပ်ရေးအဖွဲ့၏ ကားက ထောင်ထောင်ကို လာကြိုခဲ့ပြီး သူမကို ပြင်ဆင်ပေးသည်။
ပြီးနောက်တွင် သူမကို ကစားကွင်းတစ်ခုသို့ ခေါ်ဆောင်သွားခဲ့လေသည်။
ကစားကွင်းထဲတွင်တော့ တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်နေခဲ့ပေပြီ ။
ထောင်ထောင်က ကင်မရာရှေ့တွင် ပေါ်လာသည့်အချိန်တွင် Live Stream ထဲ၌ မှတ်ချက်များ စတင်၍ ပေါ်ထွက်လာခဲ့၏။
စတိုင်လစ်က ထောင်ထောင်ကို ပန်းနုရောင် ကျေးလက်ဆန်သည့် ဂါဝန်လေးကို ဝတ်ပေးထားပြီး ပန်းရောင် ဖဲပြားလေးပါသည့် ကောက်ရိုးဦးထုပ်လေးကိုလည်း ဆောင်းပေးထားသည်။
ဝန်ထမ်းများ၏ လမ်းညွှန်မှုဖြင့် ထောင်ထောင်က မှောင်မည်းနေသော ကင်မရာလေးကို လက်ပြနှုတ်ဆက်လိုက်လေ၏။
“ဟယ် .. ဟယ်လို လူတိုင်းပဲ၊ ထောင်ထောင်ရဲ့နာမည်က ထောင်ထောင်ပါ၊ ထောင်ထောင်ရဲ့ အသက်က ငါးနှစ် ရှိပါပြီ!”
[ ဝါး! တကယ့်ကို ချစ်စရာကောင်းတဲ့ ကလေးမလေးပဲ! သူမလည်း ဒီတစ်ခေါက်အတွက် ဧည့်သည်လား ]
[ 55555! ဒါလေးကတော့ အရမ်းကို ချစ်စရာကောင်းတာပဲ! သမီးလေး တစ်ယောက်လောက် ယူချင်စိတ်တောင် ဖြစ်သွားပြီ! ]
[ အနုပညာရှင် မိဘက ဘယ်သူဖြစ်မလဲဆိုတာကို သိချင်လိုက်တာ ]
[ ဒီမြင်ကွင်းကို ကြည့်ရတာတော့ ကစားကွင်းများလား ]
ထောင်ထောင်က မှတ်ချက်များကို မမြင်နိုင်ဘဲ သူမ၏အရှေ့မှ ဝန်ထမ်းများကိုသာ မြင်နိုင်ခဲ့သည်။
“ရှောင်ထောင်ထောင် ..ခုနက ပြောထားတဲ့ တာဝန်ကို မှတ်မိသေးလား”
ဝန်ထမ်း၏ စကားကို ကြားချိန်တွင် ထောင်ထောင်၏ မျက်လုံးလေးများက တောက်ပသွားလေ၏။
“မှတ်မိတယ်! ကစားကွင်းထဲမှာ ထောင်ထောင်ရဲ့ အလုပ်သင်မိဘကို ရှာရမှာလေ!”
“ထောင်ထောင်လေးက အလုပ်သင်မိဘကို ရှာတွေ့နိုင်ဖို့အတွက် ဦးဦးတို့ဘက်ကနေ အများကြီးကို ကြိုးစားထားပြီး အရိပ်အမြွက်တစ်ခုကို ရှာထားပေးတယ်”
“ထောင်ထောင်ရဲ့ အလုပ်သင်မိဘက ဒီကစားကွင်းတစ်ခုလုံးထဲမှာ အလှဆုံးလူပဲ”
ထိုအရိပ်အမြွက်ကို ကြားချိန်တွင် ထောင်ထောင်က မတုံ့ပြန်နိုင်သေးသော်လည်း မှတ်ချက်များက စခရင်ပေါ်တွင် ပြည့်နှက်သွားခဲ့လေတော့၏။
[ အလှဆုံးလူတဲ့လား၊ ဒါက အရမ်းကြီးကျယ်လွန်းတာ မဟုတ်ဘူးလား ]
[ ထုတ်လုပ်ရေးအဖွဲ့က တကယ့်ကို ဥာဏ်ပြေးတာပဲ၊ အလှဆုံးလို့ပဲ ပြောထားတယ်၊ အလုပ်သင်မိဘက ယောက်ျားလား မိန်းမလားကိုတောင် မသိရဘူး ]
[ ဒီလောက်ကြီးတဲ့ ကစားကွင်းထဲမှာ ဘယ်လိုရှာမှာလဲ ]
[ ထုတ်လုပ်ရေးအဖွဲ့က ပြင်ဆင်ထားမှာပါ၊ အလုပ်သင်မိဘက ဒီချစ်စရာကလေးလေးနဲ့ မလှမ်းမကမ်းမှာပဲ ရှိလောက်တယာ ]
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုသူများ၏ ထင်မြင်ချက်ကလည်း မမှားပေ။
စုကျင်းက တိုက်ရိုက်ထုတ်လွှင့်မှု မစတင်မီကတည်းက အနီးအနားတွင် ပုန်းအောင်းနေခဲ့သည်။
ဝန်ထမ်းများမှ ထောင်ထောင်ကို ခေါ်လာသည့် ဖြစ်စဉ်တစ်ခုလုံးကိုပင် သူ မြင်တွေ့ခဲ့ရ၏။
ဝန်ထမ်းက ကလေးမလေးကို စကားပြောနေသည်ကို သူ အဝေးမှ ကြည့်နေခဲ့ပြီး၊ ကလေးမလေးက တစ်ခုခုကို ရှာဖွေနေသကဲ့သို့ ပတ်ဝန်းကျင်ကို လှည့်ပတ်၍ ကြည့်နေသည်ကိုလည်း မြင်တွေ့ခဲ့ရသည်။
ထို့နောက် ကလေးမလေးက တစ်စုံတစ်ခုကို သတိပြုမိသွားသကဲ့သို့ စုကျင်းရှိရာသို့ တစ်လှမ်းချင်း လှမ်းလာခဲ့လေ၏။
စုကျင်းမှာ ကစားကွင်းထဲရှိ သစ်သားတန်းလျားပေါ်တွင် ထိုင်နေပြီး သူ၏ အဖြူရောင် ဘေ့စ်ဘောဦးထုပ်ကို ပြင်ဆင်လိုက်သော်လည်း သူ၏ မျက်နှာပေါ်မှ သိတ်ကျေနပ်နေသော အပြုံးကိုတော့ ဖုံးကွယ်၍ မရနိုင်ခဲ့ပေ။
သေချာတာပေါ့၊ သာမန်အဝတ်အစားတွေကို ဝတ်ထားပြီး ကစားကွင်းထဲမှာ လူအများကြီးရှိနေရင်တောင် သူရဲ့ ဆွဲဆောင်မှုကိုတော့ ငြင်းလို့မရဘူးလေ!
ထောင်ထောင် သူ့ဘက်သို့ လမ်းလျှောက်လာသည့်အတွက် ကင်မရာကလည်း သစ်သားတန်းလျားပေါ်ရှိ လူထံသို့ ပြသလိုက်လေ၏။
Live Stream ကြည့်ရှုသူများက သူကို ချက်ချင်းပင် မှတ်မိသွားကြသည်။
[ ဒါက... စုကျင်း မဟုတ်ဘူးလား! ]
[ ဒါဆို.. အလုပ်သင်မိဘက တကယ်ပဲ စုကျင်းပေါ့]
ကလေးမလေးက သူထံသို့ တစ်လှမ်းချင်း ချဉ်းကပ်လာသည်ကို ကြည့်ရင်း စုကျင်းက ထပ်လျှက်သား ထိုင်နေသော ခြေထောက်များကို ချလိုက်က် မတ်တပ်ရပ်ရန် ပြင်လိုက်လေ၏။
သို့သော် ပန်းရောင်ပုံရိပ်လေးက သူ့ကို တစ်ချက်လေးမျှပင် လှည့်မကြည့်ခဲ့ဘဲ လျစ်လျူရှု၍ ကျော်သွားခဲ့သည်။
လျစ်လျူရှုခံလိုက်ရတယ်?
သူ့ကို လျစ်လျူရှုသွားတယ်?!
စုကျင်းက သူ၏ ခေါင်းကို တောင့်တင်းစွာဖြင့် ဖြည်းဖြည်းချင်း လှည့်လိုက်လျှင် ကလေးမလေးက ကစားကွင်းထဲရှိ ဝက်အူချောင်းဆိုင်လေးသို့ ပြေးသွားသည်ကို မယုံနိုင်စွာတွေ့မြင်လိုက်ရလေ၏။
ကလေးမလေးက ဝက်အူချောင်းကင်နေသော မိန်းကလေးကို စိတ်လှုပ်ရှားစွာဖြင့် မော့ကြည့်ပြီး မေးလိုက်လေ၏။
“ကျဲကျဲ၊ ကျဲကျဲက ထောင်ထောင်ရဲ့ အလုပ်သင်မိဘလား”
စုကျင်း : ...
ဤမြင်ကွင်း၏ ရိုက်ခတ်မှုက ပြင်းထန်လွန်းသောကြောင့် စုကျင်းတစ်ယောက် ရုတ်တရက် အတွေးထဲသို့ နစ်ဝင်သွားခဲ့ရသည်။
ဘယ်လိုလုပ်ရမလဲ။
ဒီလောက်သေးငယ်လွန်းတဲ့ ကလေးလေးက အလှအပဆိုင်ရာ အာရုံခံစားမှုက လုံးဝပျက်စီးနေပြီပဲ။
သစ်သားကုလားထိုင်ပေါ်က လူကပဲ အလှဆုံး မဟုတ်ဘူးလား!
ထုတ်လုပ်ရေး အဖွဲ့သားများမှာလည်း ပရိသတ်များ၏ ခံစားချက်ကို ကောင်းကောင်းကြီး နားလည်ထားကြသည်။
စုကျင်းတစ်ယောက် ကြောင်အမ်းသွားရသည့် ခဏ၌ပင် သူ၏ မျက်နှာကို Live လွှင့်နေသော စခရင်ပေါ်တွင် အနီးကပ် ချဲ့ပြလိုက်လေသည်။
ကြည့်ရှုသူတိုင်းက စုကျင်းတစ်ယောက် အံ့အားသင့်မှုကြောင့် သူငယ်အိမ်များက ကျယ်သွားသည်ကို ထင်ရှားစွာမြင်တွေ့လိုက်ရလေ၏။
[ ဟားဟားဟား၊ စုကျင်းရဲ့ မျက်နှာအမူအရာက ကမ္ဘာပျက်သွားတဲ့အတိုင်းပဲ! ]
[ စုကျင်းရဲ့ အမူအရာကို ကြော်ငြာစကားစုလေးတစ်ခုနဲ့ အနှစ်ချုပ်ရရင်တော့ ‘မင်း နေကောင်းရဲ့လား’တဲ့ ]
[ ကလေးမှာ ဘာအပြစ်ရှိလို့လဲ၊ ကလေးရဲ့မျက်စိထဲမှာတော့ ဝက်အူချောင်းကို ရောင်းတဲ့ကျဲက ဒီကစားကွင်းတစ်ခုလုံးထဲမှာ အလှဆုံးလူ ဖြစ်နေနိုင်တာပဲလေ ]
[ ဖူး! ငါ ဒါကို နှိပ်မကြည့်ခင်က ဒီလောက်ထိ ရယ်ရမယ်လို့ မထင်ထားမိဘူး ]
ထောင်ထောင်က သူမ၏ စကားတစ်ခွန်းက သူမ၏ အနာဂတ် အလုပ်သင်မိဘကို ငေးငိုင်သွားစေကြောင်းကို လုံးဝကို မသိရှာခဲ့ပေ။
သူမက တိုက်ရိုက် ထုတ်လွှင့်မှုထဲတွင် အမှတ်မထင် ဗုံးတစ်လုံးခွဲလိုက်ပြီးနောက် ဝက်အူချောင်းကိုရောင်းသည့် ကျဲကျဲကိုသာ စိတ်လှုပ်ရှားစွာ မော့ကြည့်နေခဲ့လေသည်။
ထောင်တီတို့ထဲတွင် အသန်မာဆုံးထောင်တီ၏ ဂူထဲ၌ အကောင်းဆုံး အစားအစာများ ရှိနေတတ်သည်။
ထို့ကြောင့် ထောင်တီသားပေါက်လေးတစ်ကောင်အနေဖြင့် ထောင်ထောင်က မည်သည့်ထောင်တီက ပို၍ ကြမ်းတမ်းသည်၊ မည်သူက ပို၍ ပျော့ညံ့သည်၊ မည်သူက အသန်မာဆုံးဖြစ်သည် စသည်တို့ကို အလွယ်တကူ ခွဲခြားနိုင်သည်။
သို့သော် မည်သည့်လူသားက ပို၍ လှပသည်ကို ခွဲခြားခိုင်းခြင်းကတော့ သူမအတွက် အလွန်ခက်ခဲလွန်း၏။
ဝန်ထမ်းများ ပေးသည့် အရိပ်အမြွက်ကို ကြားပြီးနောက်တွင် ထောင်ထောင်က သူမ၏ ကိုယ်လုံးလေးကို (၃၆၀) ဒီဂရီ လှည့်ပတ်ကြည့်ရှုခဲ့သော်လည်း အဖြေမထွက်ခဲ့ပေ။
ထောင်ထောင်တစ်ယောက် စိတ်ရှုပ်ထွေးနေချိန်မှာပင် လေထဲတွင် လွင့်ပျံ့နေသော မွှေးပျံ့သည့် ရနံ့တစ်ခုကို ရုတ်တရက် ရလိုက်လေ၏။
မီးသွေးခဲပေါ်တွင် ကင်ထားသော ဝက်အူချောင်းက အခွံထဲမှ တဖြည်းဖြည်း ဖောင်းကြွလာပြီးနောက်တွင် အပြင်သို့ ပေါက်ထွက်ရန်အတွက် အခွင့်အရေးကို ရှာတွေ့သွားခဲ့သည်။
အသားများက အခွံထဲမှ ရုန်းထွက်လာချိန်တွင် ဆီနံ့နှင့် အသားနံ့တို့က တစ်သားတည်း ရောယှက်သွားကာ လေထုထဲသို့ မွှေးရနံ့များ ပျံ့လွင့်သွားတော့၏။
ထောင်ထောင်က မျက်နှာလေးကို မော့၍ ဝက်အူချောင်းကင်၏အနံ့ကို အားပါးတရ ရှူသွင်းလိုက်ပြီးနောက် တစ်စုံတစ်ခုကို တွေးမိသွားသကဲ့သို့ မျက်လုံးလေးများ ဝင်းလက်သွားခဲ့သည်။
သူမက နားလည်သွားခဲ့ပြီ!
ဒါက သူမအတွက် အရိပ်အမြွက်ဖြစ်လိမ့်မယ်!
ထောင်ထောင်ကို စားစရာကောင်းကောင်း ပေးတဲ့လူ = လူကောင်း၊
ပြီးတော့ လူကောင်းဆိုတာက သေချာပေါက် ရုပ်ချောရမယ်။
ဒါကြောင့်မို့လို့ ..
ထောင်ထောင်ရဲ့ အလုပ်သင်မိဘ = ကစားကွင်းတစ်ခုလုံးမှာ အလှဆုံးလူ = ထောင်ထောင်ကို စားစရာကောင်းကောင်း ပေးမယ့်လူ။
သူမ၏ စိတ်ထဲမှ စနစ် : ...
ထောင်ထောင်ကတော့ သူမ၏ တွက်ချက်မှုက အလွန်ပင် ပြောင်မြောက်လွန်းသည်ဟု ထင်နေခဲ့၏။
သူမက နှာခေါင်းလေးကို ပင့်ကာ လေထဲမှ ဝက်အူချောင်းနံ့ကို ရှူရင်း အရှေ့သို့ လှမ်းလာခဲ့ပြီး ဝက်အူချောင်းဆိုင်ရှေ့တွင် ရပ်လိုက်လေသည်။
ထို့နောက် ခေါင်းလေးကို မော့၍ ထိုမေးခွန်းကို မေးခဲ့သည်။
ဝက်အူချောင်း ရောင်းသည့် မိန်းကလေးက သူမ၏ အသံကို ကြားသောကြောင့် ဝက်အူချောင်းများထံမှ အကြည့်ကို ထောင်ထောင်ဆီသို့ ပြောင်းလိုက်လေ၏။
ချစ်စဖွယ်ကောင်းသော ကလေးမလေးကို မြင်လိုက်ရသည့်အချိန်တွင် သူမ၏ လေသံက အနည်းငယ် နူးညံ့သွားခဲ့သည်။
“ကျဲကျဲက အလုပ်သင်မိဘ မဟုတ်ဘူး”
ဤသို့ ပြောပြီးနောက်တွင် ဝက်အူချောင်းရောင်းသည့် မိမ်းကလေးမှာ သူမ၏ ရှေ့မှ ကင်မရာများနှင့် ဝန်ထမ်းများကို ကြည့်ကာ တစ်စုံတစ်ခုကို သတိပြုမိသွားပုံရ၏။
မကြာမီမှာပင် သူမ၏ အကြည့်က လူအုပ်ထဲတွင် ထင်ရှားနေသော အဖြူရောင် ဘေ့စ်ဘောဦးထုပ် ဆောင်းထားသည့် ပုံရိပ်လေးဆီသို့ ရောက်ရှိသွားခဲ့၏။
ထိုမျက်နှာကို ရှင်းလင်းစွာ မြင်လိုက်ရသည့် ခဏ၌ ဝက်အူချောင်းကင် ရောင်းသည့် မိန်းကလေးမှာ စိတ်လှုပ်ရှားမှုကြောင့် မျက်နှာတစ်ခုလုံး နီရဲပြ အော်ဟစ်လိုက်တော့သည်။
“ဒါ.. ဒါ .. နာမည်ကြီး.. အိုး.. ဘုရားရေ! ဒါက စုကျင်း မဟုတ်ဘူးလား၊ဒါက တီဗီအစီအစဉ် ရိုက်ကူးနေတာလား”
တစ်စုံတစ်ယောက်က သူ့ကို မှတ်မိသွားပြီဖြစ်ကြောင်းကို တွေ့လိုက်ရသောကြောင့် စုကျင်းက ပြုံးလိုက်ကာ သူ၏ ဦးထုပ်ကို ပြင်ဆင်လိုက်ပြီး အချစ်ဇာတ်လမ်းထဲမှ ဇာတ်လိုက်တစ်ဦးကဲ့သို့ ဝက်အူချောင်းဆိုင်ဆီသို့ ရောက်လာခဲ့သည်။
“မင်္ဂလာပါ၊ ကျွန်တော်က စုကျင်းပါ”
ဤသို့ ပြောပြီးနောက်တွင် စုကျင်းက သူ၏ ဘေ့စ်ဘောဦးထုပ်ကို ချွတ်လိုက်က် ခေါင်းကို လှည့်၍ ဘေးနားရှိ လူကို မသိမသာကြည့်လိုက်သော်လည်း..
မည်သူ့ကိုမျှ မတွေ့ရပေ။
စုကျင်း၏ မျက်နှာအမူအရာကအနည်းငယ် တောင့်တင်းသွားသည်။
ထို့နောက် အောက်ဘက်သို့ ငုံ့ကြည့်လိုက်မှသာ ထောင်ထောင်၏ မျက်လုံးများနှင့် ဆုံတွေ့သွားခဲ့လေသည်။
မျက်လုံးချင်း ဆုံသွားသည့် ခဏ၌ စုကျင်းက ဇာတ်လိုက်တစ်ဦး၏ စံပြအပြုံးကို ရည်ရွယ်ချက်ရှိရှိဖြင့် ပြုံးပြလိုက်လေ၏။
သူ၏ တစ်ကိုယ်လုံးက နေရောင် အောက်တွင် တောက်ပနေပြီး အမြီးဖြန့်ပြနေသည့် ဒေါင်းတစ်ကောင်ကဲ့သို့ရှိနေပြီး အပြုအမူတိုင်းက ထောင်ထောင်ကို အော်ပြောနေသကဲ့သို့ပင်..
ငါ့ကိုကြည့်စမ်း! ငါ့ကို သေချာကြည့်စမ်း!
အခုရော ဒီကစားကွင်းတစ်ခုလုံးထဲမှာ ဘယ်သူက အချောဆုံးလဲဆိုတာကို သိသွားပြီလား!
ထောင်ထောင် မျက်တောင်လေးများကို ခတ်လိုက်ပြီးနောက်တွင် တစ်စုံတစ်ခုကို ရုတ်တရက် သတိပြုမိသွား၏။
စနစ်မှာ ထောင်ထောင်က မည်သည်ကိုတွေးနေသည်ကို သိလိုက်ရသောကြောင့် ဒေတာများက ချက်ချင်းပင် အပြင်းအထန် တုန်လှုပ်သွားခဲ့လေ၏။
စနစ် : [ ထောင်ထောင်! မလုပ်နဲ့ဦး ]
သို့သော် စနစ်မှ သူမကို မတားနိုင်မီမှာပင် ထောင်ထောင် ပြောလိုက်လေပြီ။
“ဦးဦး၊ ဦးဦးလည်း ဝက်အူချောင်းကင် စားချင်လို့လား”
စုကျင်း : ...
*
အခန်း(6)
သူက နားကြားမှားနေတာလား။
မဟုတ်ရင် ဒီကလေးပါးစပ်ကနေ ဒီလောက် ကြောက်စရာကောင်းတဲ့ စကားလုံးတွေကို ထွက်လာစရာ အကြောင်းမရှိဘူး!
[ ဒီနေ့ Live ကြည့်ရင်း ရယ်ရလွန်းလို့ သေတော့မယ်! ထောင်ထောင်က စုကျင်းအတွကာ နတ်ဆိုးလိုပဲ! ]
[ စုကျင်း : ငါက ဝက်အူချောင်းရောင်းတဲ့ကျဲကျဲကိုတော့ ဖမ်းစားနိုင်ပေမဲ့ .. မင်းကတော့ ငါ့ကို တစ်ချက်တောင် လှည့်မကြည့်ဘူးပေါ့ ]
[ ကယ်ကြပါဦး! ဒီအတွင်းစိတ်စကားတွေက ငါ့ကို ဝမ်းနည်းစရာ လေသံကြီးနဲ့ စိတ်ကူးယဉ်မိစေတယ်၊ ကြောက်စရာပဲ! ]
[ ရယ်ရလွန်းလို့ သေတော့မယ်! စုကျင်း အရှက်ကွဲတာကို ဒီလောက်ထိ အရသာခံပြီးကြည့်ရလိမ့်မယ်လို့ မထင်ထားမိဘူး! ]
“ဦး..ဦးဦး?”
စုကျင်း အံကို ကြိတ်၍ ထိုစကားလုံးကို မနည်းပြောလိုက်ရ၏။
ဒီကလေးမလေးက အတော်လေးချစ်စရာကောင်းတယ်လို့ သူ ခုနကပဲ တွေးမိသေးတယ်တယ်။
ကောင်းချက်ပဲ။
အပြင်ထုတ်မပြောမိလို့တော်သေးတာပေါ့ ။
ချစ်စရာကောင်းတယ်ဟုတ်လား။
သူမဆီမှာ ဘာက ချစ်စရာကောင်းနေလို့လဲ!
ဒါကို ချစ်စရာကောင်းတယ်လို့ ခေါ်ရင် ဒီကမ္ဘာပေါ်မှာ ချစ်စရာမကောင်းတဲ့ ကလေးရှိမှာမဟုတ်တော့ဘူး!
စုကျင်း၏ မျက်လုံးများက ဘေးနားရှိ ဝက်အူချောင်းဆိုင်ကို ဝေ့ကြည့်လိုက်ပြီးနောက်တွင် အကြံတစ်ခုရသွားခဲ့၏။
“ဒီက ဝက်အူချောင်းတွေ အကုန်လုံးကို ကျွန်တော့်အတွက်ကို ထုပ်ပေးပါ”
စုကျင်းက လက်ကို ဝေ့ရမ်း၍ ဆိုင်တစ်ဆိုင်လုံးကို အပိုင်သိမ်းလိုက်ပြီးနောက် ပြောလိုက်လေသည်။
“ဟို အင်တာနက်ပေါ်ကလို ဝက်အူချောင်းကို ပန်းစည်းပုံစံမျိုး ထုပ်ပေး”
ဆိုင်က မိန်းကလေးက စုကျင်း လုပ်ချင်သည့်အရာကို မသိသော်လည်း ဤကဲ့သို့သော အဝယ်တော်ကြီးကိုတော့ လက်လွှတ်မခံနိုင်ပါချေ။
မကြာမီမှာပင် ဝက်အူချောင်း (၃၀) ကျော်ဖြင့် ပြုလုပ်ထားသော ဝက်အူချောင်း ပန်းစည်းကြီးက စုကျင်း၏ လက်ထဲသို့ ရောက်ရှိလာခဲ့၏။
ထောင်ထောင်က ဝက်အူချောင်း ပန်းစည်းကြီးကို ကိုင်ထားသော စုကျင်းကို ပါးစပ်အဟောင်းသားဖြင့် မော့ကြည့်နေမိလေ၏။
ထောင်ထောင်၏ အံ့အားသင့်နေသော အမူအရာကို မြင်လိုက်ရချိန်တွင် စုကျင်းက နှုတ်ခမ်းကို စေ့လိုက်သော်လည်း စိတ်ထဲတွင်တော့ အလွန်ပင် ကျေနပ်နေခဲ့သည်။
စုကျင်းက ထိုဝက်အူချောင်း ပန်းစည်းကို ထောင်ထောင်၏ အရှေ့တွင် ရည်ရွယ်ချက်ရှိရှိဖြင့် ဝေ့ယမ်းပြလိုက်လေ၏။
ထောင်ထောင်က ထိုပန်းစည်းကြီးကိုသာ မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေမိသည်။
ပန်းစည်းက ဘယ်ဘက်ကို ရွေ့သွားလျှင် ထောင်ထောင်၏ အကြည့်ကလည်း ဘယ်ဘက်သို့ လိုက်သွား၏။
ပန်းစည်းက ညာဘက်ကို ရောက်သွားလျှင် ထောင်ထောင်၏ မျက်လုံးများကလည်း ညာဘက်သို့ လိုက်သွားပြန်သည်။
ထောင်ထောင်၏ အံ့အားသင့်နေသော အမူအရာကို မြင်ရပြီးနောက်တွင် စုကျင်းက ဝက်အူချောင်းပန်းစည်းကို သူ၏ ပါးနားသို့ ကပ်လိုက်လေ၏။
“ကြိုက်လား”
ထောင်ထောင်က အလျင်အမြန်ပင် ခေါင်းကိုငြိမ့်ပြလိုက်လေသည်။
“လိုချင်လား”
ထောင်ထောင်၏ မျက်လုံးများထဲမှ တောင့်တမှုများက လျှံထွက်မတတ်ပင်။
ထိုအချိန်မှ စုကျင်းက ကျေနပ်စွာဖြင့် ပြုံးလိုက်ပြီး မေးလိုက်လေသည်။
“ကောင်းပြီ၊ အခု ပြောစမ်းပါဦး၊ ဒီကစားကွင်းတစ်ခုလုံးထဲမှာ ဘယ်သူက အလှဆုံးလဲ”
ထိုမေးခွန်းကို ကြားသည့်အချိန်တွင် ထောင်ထောင်၏ မျက်လုံးလေးများက ပြူးကျယ်သွားရပြီး နောက်ဆုံးတွင် နားလည်သွားခဲ့၏။
စုကျင်း၏ ကျေနပ်နေသော အပြုံးများကြားမှာပင် ထောင်ထောင်က သူ့ဘေးသို့ လျှောက်သွားကာ သူမ၏ နူးညံ့လွန်းသော လက်လေးဖြင့် စုကျင်း၏ ဘောင်းဘီအနားကို အသာဆွဲလိုက်ပြီး၊ ခေါင်းလေးကို မော့၍ လိုချင်တောင့်တမှုများက ပြည့်နှက်နေသော မျက်လုံးလေးများဖြင့် ကြည့်လိုက်လေသည်။
ထိုအကြည့်နှင့် ဆုံလိုက်ရသည့်အချိန်တွင် စုကျင်းတစ်ယောက် သူ၏နှလုံးသားကို ငှက်မွှေးလေးတစ်ချောင်းနှင့် တို့တိခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။
နောက်တစ်စက္ကန့်တွင် စုကျင်းမှာ ကလေးငယ်လေး၏ ချိုသာလွန်းသော အသံလေးကို ကြားလိုက်ရလေသည်။
“ပါးပါး!”
“…”
“ကောကောလို့ ခေါ်!”
ထောင်ထောင်က မျက်တောင်လေးများကို ခတ်လိုက်ပြီးနောက် စုကျင်း၏ မျက်နှာနှင့် သူ၏ဘေးမှ ဝက်အူချောင်းပန်းစည်းကြီးကို ကြည့်လိုက်လေ၏။
ဝက်အူချောင်းကင်နံ့များက ပန်းစည်းထဲမှ လွင့်ပျံ့လာပြီး ထောင်ထောင်၏ စိတ်ခိုင်မာမှုကို အဆက်မပြတ် တိုက်စားနေခဲ့သည်။
နောက်ဆုံးတွင် ထောင်ထောင်က ခေါင်းကို မော့လိုက်၍ သူမ၏ ကလေး အသံလေးဖြင့် စမ်းသပ်၍ ခေါ်လိုက်လေတော့သည်။
“ကောကော?”
ထိုခေါ်သံကို ကြားလိုက်ရသည့်အချိန်တွင် စုကျင်းက သူ၏ ဒူးခေါင်းအထိသာ အရပ်ရှိသော ကောင်မလေးကို ငုံ့ကြည့်လိုက်သည်။ သူက စိတ်ထဲတွင်တော့ နှာခေါင်းရှုံ့လိုက်သော်လည်း သူ၏ နှုတ်ခမ်းများက အပေါ်သို့ ကွေးညွှတ်သွားခဲ့လေ၏။
ကောင်ပြီလေ။ အတော်လေးတော့ လိမ္မာသားပဲ။
စုကျင်းက လည်ချောင်းကို တစ်ချက် ရှင်းလိုက်ပြီးနောက် ဝက်အူချောင်းပန်းစည်းကို ထောင်ထောင်ထံသို့ လှမ်းပေးလိုက်လေသည်။
“ကောင်းပြီ၊ ဒါက ကောကောဆီက လက်ဆောင်ပဲ”
သူမ၏ အရှေ့သိာ့ရောက်လာသော ဝက်အူချောင်းပန်းစည်းကြီးကို ကြည့်ရင်း ထောင်ထောင်၏ မျက်လုံးလေးများက တောက်ပသွားလေသည်။
သူမ၏အရှေ့မှ စုကျင်းကိုလည်း စူပါဟီးရိုးကြီးတစ်ယောက်ကဲ့သို့ အရောင်လက်နေသော မျက်လုံးများက ကြည့်လိုက်မိ၏။
“ကျေးဇူးတင်ပါတယ် ကောကော!”
ထိုသို့ ပြောပြီးနောက် ထောင်ထောင်က ပျော်ရွှင်စွာဖြင့် ရှေ့သို့ လှမ်းလာကာ သူမ၏ ဖောင်းအိနေသော လက်လေးနှစ်ဖက်ကို ဆန့်ထုတ်၍ စုကျင်းဆီမှ ဝက်အူချောင်းပန်းစည်းကို ယူရန် ကြိုးစားလေတော့၏။
သူမ၏ ဖြူဖွေးတိုတောင်းသော လက်လေးများက ဧရာမ ဝက်အူချောင်းပန်းစည်းကြီးနှင့် ယှဉ်လိုက်သည့်အချိန်တွင် ပုရွက်ဆိတ်တစ်ကောင်နှင့် ဆင်တစ်ကောင်ကဲ့သို့ ကွာခြားလွန်းတော့သည်။
သို့သော်လည်းဝက်အူချောင်းနံ့လေးကို ရလိုက်ရုံနှင့် ထောင်ထောင်က သူမ၏ အစွမ်းရှိသမျှဖြင့် ဝက်အူချောင်းပန်းစည်းကြီးကို တင်းကြပ်စွာ ဖက်ထားခဲ့လေ၏။
ဝက်အူချောင်းပန်းစည်းကို လက်ခံရရှိလိုက်သည့် ခဏမှာပင် ထောင်ထောင်က သူမ၏ နှာခေါင်းလုံးလုံးလေးကို ဝက်အူချောင်းနားသို့ ကပ်၍ အားပါးတရ ရှူသွင်းလိုက်လေ၏။
မွှေးလိုက်တာ!
ဝက်အူချောင်းပန်းစည်းကို ထောင်ထောင်ထံသို့ လှမ်းပေးပြီးနောက်၊ စုကျင်းလည်း အနည်းငယ်လှုပ်ရှားလိုက်ရသောကြောင့် ရေငတ်လာသည့်အတွက် ဘေးနားရှိ အလိုအလျောက် အရောင်းစက်ထံသို့ သွားကာ ရေသန့်တစ်ပုလင်း ဝယ်လိုက်လေသည်။
ရေအနည်းငယ်ကို သောက်ပြီးနောက်တွင်မှသာ ရေသန့်ပုလင်းကို ကိုင်ထားချိန်တွင် စုကျင်း၏ လက်က လေထဲ၌ ရုတ်တရက် တောင့်ခဲသွားခဲ့၏။
သူ တစ်ခုခုကို မေ့နေသလိုပဲ။
စုကျင်း မျက်မှောင်ကြုတ်၍ ခေတ္တစဉ်းစားပြီးနောက်တွင် ခေါင်းကို အနောက်လှည့်ကြည့်လိုက်လေသည်။
သူက ခုနက ထွက်လာခဲ့သည့် ကွင်းပြင်ကျယ်နေရာတွင် လူအုပ်ကြီးက မသိမသာ စုဝေးရောက်ရှိနေပြီး တစ်ခုခုကို စိတ်ဝင်တစားဖြင့် ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။
“ဝါး! တကယ့်ကို ချစ်စရာကောင်းတဲ့ ကလေးမလေးပဲ!”
“သူ့ရဲ့မိဘတွေက ဘယ်ကိုရောက်နေတာလဲ၊ ဒီလောက် ငယ်သေးတဲ့ကလေးကို ဒီမှာ တစ်ယောက်တည်း ဘယ်လိုများ ထားခဲ့ရတာလဲ”
လူအုပ်၏ ကြားမှနေ၍ စုကျင်း၏ အကြည့်က လှုပ်ရှားနေသော ဝက်အူချောင်းပန်းစည်းကြီးဆီသို့ ကျရောက်သွားသည်။
သူ၏ မျက်နှာအမူအရာက ရုတ်တရက် တောင့်တင်းသွားပြီး၊ လက်ချောင်းများက မသိစိတ်ဖြင့် ရေသန့်ပုလင်းကို ညှစ်မိလိုက်သောကြောင့် ရေများက စုကျင်း၏ အပေါ်သို့ ပန်းထွက်ကုန်ပြီး သူ၏ ဟူဒီအင်္ကျီက စိုရွှဲသွားခဲ့ခေ၏။
သို့သော် စုကျင်းက ထိုအသေးအဖွဲများကို ဂရုစိုက်ရန် အချိန်မရှိပေ။
သူက မည်သည့်အရုကို မေ့နေခဲ့ကြောင်း သိလိုက်ပေပြီ!
လူအုပ်ထဲတွင် ထောင်ထောင်က ကြီးမားလွန်းသော ဝက်အူချောင်းပန်းစည်းကြီးကို မ,ထားရသောကြောင့် သူမ၏ လက်မောင်းများက အလေးချိန်ကြောင့် တဖြည်းဖြည်း နာကျင်လာခဲ့၏။
ဝက်အူချောင်းနံ့များကို ရနေသော်လည်း ထောင်ထောင်၏ မျက်နှာလေးက ပန်းစည်းကြီး၏ နောက်ကွယ်တွင် ရှုံ့မဲ့နေခဲ့လေ၏။
နှစ်ပေါင်းများစွာ အစားကြူးသူလေး ဖြစ်ခဲ့သောကြောင့် ထောင်ထောင်က သူမက လက်ရှိတွင် လူသားကလေးငယ်၏ ခန္ဓာကိုယ်ထဲ၌ ရှိနေသည်ကို မကြာခဏ မေ့လျော့နေတတ်သည်။
ဝါး...
သူမရဲ့ လက်မောင်းလေးတွေက အရမ်းနာပြီး ကိုက်နေပြီ။
ဝက်အူချောင်းတွေကိုလည်း စားချင်နေပြီ။
ထောင်ထောင်၏ မျက်လုံးလေးများထဲတွင် မျက်ရည်များက ဝဲလာသည့် ခဏမှာပင် သူမ၏ လက်ထဲမှ အလေးချိန်က ရုတ်တရက် ပေါ့ပါးသွားရပြီး ဝက်အူချောင်းပန်းစည်းကြီး၏ နောက်ကွယ်တွင် ပုန်းကွယ်နေသော မြင်ကွင်းက ပြန်လည်၍ ပေါ်ထွက်လာခဲ့၏။
“မမ,နိုင်ရင် မမ,နိုင်ဘူးလို့ ပြောရမယ်လေ၊ ဘာလို့ ဒီလောက်တောင် ခေါင်းမာနေရတာလဲ”
ထောင်ထောင် စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းကိုမော့ကြည့်လိုက်လေ၏။ မျက်ရည်များကြောင့် သူမ၏ မျက်လုံးများက ဝေဝါးနေသောကြောင့် အရှေ့မှလူကို မမြင်ရဘဲ အသံကိုသာ ကြားနေရသည်။
လေသံက ကြမ်းတမ်းသကဲ့သို့ ရှိသော်လည်း အစားကြူးသူ လူကြီးများ၏ ဟိန်းဟောက်သံထက်စာလျှင် အများကြီး ပို၍ နူးညံ့လွန်း၏။
ထောင်ထောင်၏ နားထဲတွင်တော့ ဤသည်က နူးညံ့သော လေပြေလေညင်းလေးသဖွယ် ဖြစ်နေလေ၏။
ထိုသူ့ထံမှ ထွက်ပေါ်လာသော ရင်းနှီးသည့် အနံ့ကို ရလိုက်သောကြောင့် ထောင်ထောင်အနေဖြင့် တစ်ဖက်လူက သူမကို အန္တရာယ်ပြုမည်မဟုတ်ကြောင်းကို ဗီဇအရ ခံစားမိလိုက်သည်။
သူမက နှာတစ်ချက်ရှုံ့လိုက်ကာ အသံလာရာဘက်သို့ တစ်လှမ်းတိုးသွားပြီး၊ လက်မောင်းလေးကို မြှောက်၍ သနားစဖွယ်ကောင်းသော လေသံလေးဖြင့် ပြောလိုက်လေ၏။
“ဝက်အူချောင်းကြီးက လေးတယ်၊ ထောင်ထောင်ရဲ့ လက်မောင်းလေးတွေ နာနေပြီ”
ထိုအကြည့်အောက်တွင် စုကျင်းတစ်ယေ်က် တောင့်ခဲသွားခဲ့ပြီး၊ သူ၏ အမူအရာက လုံးဝကို အကူအညီမဲ့နေခဲ့ကာ မျက်လုံးများထဲတွင်လည်း ထိတ်လန့်မှုများက ပြည့်နှက်နေ၏။
ဘယ်လိုလုပ်ရမလဲ။ ဘယ်လိုလုပ်ရမလဲ။
ငါ ဒီကလေးမလေးကို ငိုအောင် လုပ်မိလိုက်တာလား။
သူ့ကို ဘယ်လိုများ ချော့ရပါ့မလဲ။
စုကျင်းက အပြင်ပန်းတွင် မည်သည့်အမူအရာကိုမျှ မပြသော်လည်း၊ သူ၏ စိတ်ထဲတွင်တော့ ထိတ်လန့်မှုများက ဗီဒီယိုဖန်သားပြင်ပေါ်မှ မှတ်ချက်များကဲ့သို့ အဆင်မပြတ် စီးဆင်းနေ၏။
ထောင်ထောင်က သူမ၏ လက်မောင်းလေးကို အကြာကြီး မြှောက်ထားသော်လည်း တစ်ဖက်လူထံမှ တုံ့ပြန်မှုမျှ မရှိသောကြောင့် သူမက ဝမ်းနည်းလာခဲ့၏။
ထောင်တီမျိုးနွယ်စုမှာတုန်းကဆိုလျှင် သူမက စိတ်မကောင်းဖြစ်တိုင်း ထောင်တီကြီးတွေက သူမကို ပွေ့ဖက်ပြီးတော့ ချော့မြှူပေးကြတာလေ။
အခုလည်း သူမက လက်ကို ဒီလောက်အကြာကြီး မြှောက်ထားတာတောင် တစ်ဖက်လူက ဘာလို့ မတုံ့ပြန်တာလဲ။
ထောင်ထောင်က နှာတစ်ချက်ရှုံ့၍ မျက်ရည်များကို သုတ်လိုက်လေ၏။
သူမက စိတ်ထဲမှ ကိုယ့်ကိုယ်ကိုယ် ပြောလိုက်သည်။
ထောင်ထောင်က သန်မာတယ်။
မငိုဘူး!
မဟုတ်ဘူး..
သန်မာတာကို ထားလိုက်ဦး!
ထောင်ထောင်က အဖက်ခံချင်တာ!
မျက်ရည်များကို သုတ်ပြီးနောက်တွင် အစားကြူးသူလေး ထောင်ထောင်က မျက်နှာလေးကို မော့၍ စုကျင်းဆီသို့ ယိုင်တိုင်တိုင် လမ်းလျှောက်သွားပြီး သနားစဖွယ် ပြောလိုက်လေ၏။
“လက်မောင်းလေးတွေက နာတယ်.. အဖက်ခံချင်တယ်”
ပန်းရောင်ဂါဝန်လေးကို ဝတ်ထားသည့် ကလေးငယ်လေးက သူမ၏ ဖြူနုသော လက်မောင်းလေးများကို ဆန့်တန်း၍ ခေါင်းလေးကို မော့လျက် အဖက်ခံရန်အတွက် တောင်းဆိုနေပုံမှာ အရုပ်ဆိုင်ပြတင်းပေါက်မှ အရုပ်ကလေးတစ်ရုပ်နှင့်ပင် တူနေပေတော့သည်။
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေကြသူများကလည်း ဆက်၍ သည်းမခံနိုင်ကြတော့ပေ။
သူတို့၏ နှလုံးသားများက ကလေးငယ်လေး၏ ပုခုံးပေါ်သို့ အလုံးအရင်းနှင့် ရောက်ရှိသွားကြ၏။
[ အားးးးးး! အမြန်လေး ဖက်ပေးလိုက်ပါတော့! ]
[ ငါတော့ စိတ်ပူလို့ သေတော့မယ်! စုကျင်းက ဘာလို့ သစ်သားရုပ်ကြီးလို တစ်လက်မမှ မလှုပ်ဘဲ ရပ်နေနိုင်ရတာလဲ?! ]
[ ထောင်ထောင်က ဘာမှားလို့လဲ၊ ထောင်ထောင်က အဖက်ခံချင်ရုံလေးတင်လေ! ]
[ ငါကသာ အဲဒီမှာရှိရင် ထောင်ထောင်ကို အစကတည်းက ပွေ့ချီထားမိမှာ ]
*