← Chapters

အခန်း (၇-၈)

Vol. 1 Ch. 7-8

အခန်း (၇-၈)

Vol. 1 Ch. 7-8

အခန်း(7)

ထောင်ထောင်၏ စကားကို ကြားသည့်အချိန်တွင် စုကျင်းက သူ၏ ဘယ်ဘက်လက်ကို ဝက်အူချောင်းပန်းစည်းပေါ်တွင် တင်လိုက်လေသည်။

သူက ထောင်ထောင်ကို မဖက်ချင်သကဲ့သို့ ပန်းစည်းကို လက်နှစ်ဖက်နှင့် ကိုင်ထားခဲ့၏။

သို့သော် ထောင်ထောင်၏ မျက်လုံးများထဲတွင် မျက်ရည်များက ပြန်ဝဲလာသည့် ခဏ၌ပင် သူမ၏ခန္ဓာကိုယ်လေးက လေထဲသို့ ရုတ်တရက် မြောက်တက်သွားပြီး မြင်ကွင်းများကလည်း ရုတ်တရက် ကျယ်သွားခဲ့၏။

ထောင်ထောင်က အံ့သြသောကြောင့် အသံလေးပင် ထွက်သွားခဲ့ရလေသည်။

သူမဘေးသို့ လှည့်ကြည့်လိုက်အချိန်တွင် စုကျင်းက ဘယ်ဘက်လက်ဖြင့် ဝက်အူချောင်းပန်းစည်းကို ကိုင်၍ ညာဘက်လက်ဖြင့် သူမကို ပွေ့ချီထားသည်ကို တွေ့လိုက်ရ၏။

စုကျင်းက ထောင်ထောင်ကို ချီထားရင်း လက်ထဲတွင် အလေးချိန်ကို ချိန်ဆကြည့်၍ မျက်မှောင်ကြုတ်လိုက်လေ၏။

“ဘာလို့ ဒီလောက်တောင် ပေါ့နေရတာလဲ၊ မင်းရဲ့ မိသားစုက မင်းကို ထမင်းမကျွေးကြဘူးလား”

ထောင်ထောင်က မည်သည်ကိုမှပြန်မပြောဘဲ စုကျင်းကိုသာ တောက်ပသော မျက်လုံးလေးများဖြင့် စိုက်ကြည့်နေခဲ့သည်။

“ဘယ်လို..”

စုကျင်း၏ စကားက ရုတ်တရက် ရပ်တန့်သွားခဲ့ရ၏။ သူ၏ ပါးပေါ်သို့ နူးညံ့သော အထိအတွေ့တစ်ခုက ကျရောက်လာ၍ပင်။

ထောင်ထောင်က သူမ၏ ငယ်စဉ်က အကျင့်အတိုင်း စုကျင်း၏ ပါးပြင်ကို သူမ၏ ပါးလေးဖြင့် အသာအယာ ဖိကပ်လိုက်ပြီး နူးညံ့သော အသံလေးဖြင့် ပြောလိုက်လေ၏။

“ကျေးဇူးတင်ပါတယ် ကောကော”

စုကျင်းက တည်ငြိမ်သကဲ့သို့ ဟန်ဆောင်ထားသော်လည်း ထောင်ထောင်က သူ၏ ပါးကို ထိလိုက်သည့် ခဏ၌ သူ၏ ခန္ဓာကိုယ်က တောင့်တင်းသွားခဲ့ပြီး လည်ပင်းများကလည်း သိသာစွာပင် နီရဲသွားခဲ့၏။

စုကျင်းက လည်ချောင်းကိုတစ်ချက် ရှင်းလိုက်၍ အမူအရာမပျက်ဘဲ ပြောလိုက်လေ၏။

“သူစိမ်းတွေရဲ့ ပါးကို ဒီတိုင်း နမ်းလို့မရဘူးဆိုတာကို မင်း သိတယ်မလား”

ထောင်ထောင်က မျက်တောင်လေးကို ခတ်လိုက်လေသည်။

“ဒါပေမဲ့ ထောင်ထောင်က ထောင်ထောင်ကြိုက်တဲ့ လူတွေကိုပဲ နမ်းတာလေ”

“..ပြီးတော့ တစ်ယောက်ယောက်ကို ကြိုက်တယ်လို့လည်း အလွယ်တကူ ပြောလို့ မရဘူး”

“ဒါဆိုရင်..”

ထောင်ထောင်၏ မျက်လုံးလေးများက ပြူးဝိုင်းသွား၍ စုကျင်းကို ကြည့်လိုက်လေ၏။

“ထောင်ထောင်က ကောကောကို ကြိုက်တယ်လို့ ပြောလို့ရမလား”

စုကျင်း : “...”

“ထောင်ထောင်က ကောကောရဲ့ပါးကို နမ်းလို့ရမလား”

စုကျင်း : “...”

“..ရပါတယ်”

ထောင်ထောင်က သူမ၏ လူကောင်း တစ်ယောက်ဖြစ်သည့် ကောကောကို ကြည့်၍ ပြုံးရွှင်လျက် အခွင့်အရေးကို အရယူလိုက်လေတော့၏။

“ထောင်ထောင်က ကောကောကို ကြိုက်တယ်! ကောကောက လူကောင်းတစ်ယောက်ပဲ!”

လူကောင်း ကတ်ပြားကို လက်ခံရရှိလိုက်သော စုကျင်းမှာ ပို၍ပင် ရှက်သွားခဲ့ရ၏။

“လူကောင်းကောကော၊ ထောင်ထောင် ဝက်အူချောင်းကင် တစ်ခုကို စားချင်တယ်”

“ ကောကောလို့ပဲ ခေါ်၊ လူကောင်းကောကောလို့ ခေါ်စရာ မလိုဘူး”

စုကျင်းက ထောင်ထောင်၏ စကားကို ပြင်ပေးနေသော်လည်း၊ သူမက ဝက်အူချောင်းများကို အလွယ်တကူ နှိုက်စားနိုင်ရန် ဝက်အူချောင်းပန်းစည်းကြီးကို သူမ၏အနားသို့ နီးကပ်ပေးထားလိုက်လေ၏။

“ကောင်းပါပြီ၊ လူကောင်းကောကော”

ထောင်ထောင်က ဝက်အူချောင်းကို တစ်ကိုက် ကိုက်လိုက်ပြီး ပျော်ရွှင်စွာဖြင့် ခေါင်းကို ငြိမ့်ပြလိုက်လေတော့သည်။

[ စုကျင်းက ဒီလိုနေ့မျိုးကို ရောက်လာလိမ့်မယ်လို့ ငါက လုံးဝကို မထင်ထားခဲ့ဘူး၊ ဟားဟားဟား ]

[ ဟင်း..ခေါင်းမာတတ်တာက အကျင့်ကောင်း မဟုတ်ဘူးနော် ]

[ စုကျင်း၊ မင်းက ခုနက ပြောခဲ့တဲ့ စကားတွေကို ပြန်စစ်ကြည့်ချင်သေးလား ]

လက်ရှိ နာမည်ကြီး အနုပညာရှင်တစ်ဦးအနေဖြင့် စုကျင်း၏ လူကြိုက်များမှုက ငြင်းဆိုဖွယ် မရှိပေ။

Live Preview အစီအစဉ်က စတင်ပြီးနောက် မကြာမီမှာပင် ကြည့်ရှုသူအမြောက်အမြားက စုပြုံရောက်ရှိလာကြ၏။

ထိုသူများထဲတွင် ကလေးများ၏ Variety Show ကို အမှန်တကယ် နှစ်သက်ကြသည့် ပုံမှန်ပရိသတ်များက ပါဝင်သကဲ့သို့၊ အများစုက စုကျင်းကြောင့် ဆွဲဆောင်ခံရသူများပင် ဖြစ်ကြသည်။

တိုက်ရိုက်ထုတ်လွှင့်မှုက တစ်နာရီကြာသွားသည့်အချိန်တွင် ကျိုးထင်က စားပွဲကို လက်ချောင်းလေးများဖြင့် အသာအယာ ခေါက်ရင်း နောက်ကွယ်မှ စာရင်းဇယားများကို ကြည့်လိုက်လေ၏။

မျှော်လင့်ထားသည့်အတိုင်းပင် စုကျင်း၏ Live လွှင့်ခန်းက လက်ရှိတွင် ကြည့်ရှုသူ အများဆုံး ဖြစ်နေသည်။

ဤသည်က စုကျင်း၏ လူကြိုက်များမှုနှင့် သက်ဆိုင်သော်လည်း၊ ကြည့်ရှုသူ အမြင့်ဆုံးသို့ ရောက်ရှိခဲ့သည့် အခိုက်အတန့်တချို့ကို တွေ့လိုက်ရသည့်အချိန်တွင် ကျိုးထင်က မျက်ခုံးကို အနည်းငယ် ပင့်လိုက်မိ၏။

တိုက်ရိုက်ထုတ်လွှင့်မှု စတင်ချိန်မှစ၍ စုကျင်းနှင့် ထောင်ထောင်တို့၏ Live တွင် လူကြိုက်အများဆုံး အခန်းကဏ္ဍများက ထောင်ထောင်က အလုပ်သင်မိဘကို မှားယွင်းရှာဖွေခြင်း ၊ ထောင်ထောင်က စုကျင်းကို ပါးပါး ဟု ခေါ်ခြင်း၊ လူသားပုံစံ ဝက်အူချောင်းပန်းစည်း၊ စုကျင်းကို ထောင်ထောင်က သူငယ်ချင်းအဆင့် သတ်မှတ်လိုက်ခြင်း နှင့် စုကျင်း၏ ဟာသဖြစ်ဖွယ်ကောင်းသော မျက်နှာအမူအရာများတို့ ဖြစ်ကြသည်။

ကြည့်ရှုသူများ၏ ချစ်ခင်မှုက ထောင်ထောင်နှင့် စုကျင်းအပေါ်တွင် တစ်ဝက်လောက်နီးပါး ကွဲပြားနေသည်က သိသာလွန်း၏။

ဤလူကြိုက်များမှု၏ အဆင့်အတန်းက ကျိုးထင်၏ မျှော်လင့်ချက်ထက် များစွာ ကျော်လွန်နေသောကြောင့် သူမ စိတသက်သာရာရစွာ သက်ပြင်းတစ်ချက် ချလိုက်မိ၏။

ဆိုရလျှင် အနုပညာရှင်နှင့် ကလေးငယ် Reality Show ၏ အနှစ်သာရက အနုပညာရှင်နှင့် ကလေးငယ်တို့၏အကြားတွင် အပြန်အလှန် ဆက်ဆံမှုပင် ဖြစ်သည်။

အကယ်၍ ကြည့်ရှုသူများက အနုပညာရှင်ကိုသာ အဓိက အာရုံစိုက်နေပါက ကလေးငယ်ကို လွှမ်းမိုးသွားနိုင်ပြီး၊ ကလေးက ကြယ်ပွင့်များ၏ အတွက် အသုံးအဆောင်ပစ္စည်းတစ်ခုမျှသာ ဖြစ်သွားနိုင်၏။

Live Preview မစတင်မီက ကျိုးကျင်းက အစိုးရိမ်ဆုံးက စုကျင်းနှင့် ထောင်ထောင်တို့၏ အုပ်စု ဖြစ်၏။

သို့သော် ယခုအချိန်တွင် နောက်ကွယ်မှ စာရင်းဇယားများကို ကြည့်ရင်း သူမက နောက်ဆုံးတွင် သက်ပြင်းချနိုင်၍ ကျေနပ်စွာ ပြုံးလိုက်နိုင်ပြီ ဖြစ်သည်။

အကယ်၍ ဤအလားအလာအတိုင်း ဆက်သွားမည်ဆိုလျှင်..

ကျိုးထင်၏ အကြည့်က မော်နီတာပေါ်ရှိ အရွယ်ကြီးတစ်ဦးနှင့် ကလေးငယ်တစ်ဦးတို့၏ ပုံရိပ်ပေါ်သို့ ကျရောက်သွားပြီးနောက်တွင် သူမ၏ မေးစေ့ကို ပွတ်သပ်လိုက်မိ၏။

ဖြစ်နိုင်သည်မှာ သူမ၏ အဖွဲ့က အမှန်တကယ်ပင် အောင်မြင်မည့် ကလေး Reality Show တစ်ခုကို ဖန်တီးနိုင်တော့မည့်ပုံရသည်။

သူတို့နှစ်ဦးက အပြန်အလှန် ဆက်ဆံနေချိန်တွင် စုကျင်း၏ မန်နေဂျာ ကျိုးယန်ရှားက အနီးအနားတွင် ရပ်နေခဲ့၏။

သူက အပြင်ပန်းတွင် တည်ငြိမ်နေသယောင် ရှိသော်လည်း စိတ်ထဲတွင်တော့ ရယ်ချင်စိတ်ကို မနည်းအောင့်ထားရလေသည်။

ကျိုးယန်ရှားက စုကျင်း ပွေ့ချီထားသော ကြွေအရုပ်လေးကဲ့သို့ လှပသည့် ကောင်မလေးကို ကြည့်၍ စိတ်ထဲမှ မအံ့သြဘဲ မနေနိုင်ပေ။

ဤနတ်ဆိုးကြယ်ပွင့် ဖြစ်သည့် သူ၏ အနုပညာရှင်ကို တစ်စုံတစ်ယောက်က အမှန်တကယ်ပင် ထိန်းချုပ်နိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပါပေ။

သူ့၏ မန်နေဂျာက နတ်ဆိုးကြယ်ပွင့် ဟု သတ်မှတ်ထားသော စုကျင်းကတော့ လက်ရှိတွင် အလွန်ပင် လေးနက်နေပြီး၊ ဝက်အူချောင်းကင်ကို စားနေသည့် ထောင်ထောင်ကို သူ၏ ညာဘက်လက်မောင်းဖြင့် ဂရုတစိုက် ထောက်မပေးထား၏။

သူ၏ လက်မောင်းကြွက်သားများက တင်းမာနေသော်လည်း အားအလွန်အကျွံသုံးရန် မဝံ့ရဲပေ။

သူက ကလေးကို ပြုစုစောင့်ရှောက်နေခြင်း မဟုတ်ပါချေ။

ကလေးက ထပ်ငိုလျှင် သူက ကလေးကို နှိပ်စက်နေသည်ဟု ထင်သွားကြမည်ကို စိုးရိမ်နေရုံသာ ဖြစ်သည်။

စုကျင်း၏ ပွေ့ချီခြင်းကို ခံထားရသော ထောင်ထောင်က မည်သည့် ကြောက်ရွံ့မှုမျှ မရှိဘဲ၊ သူမ၏ ပတ်ဝန်းကျင်ကို စူးစမ်းလိုစွာ ကြည့်ရှုရင်း ဝက်အူချောင်းကို မြိန်ယှက်စွာ စားနေလေ၏။

သူမ၏ ကောကောက သူမကို အန္တရာယ်ပေးမည်မဟုတ်ကြောင်းကို သိလိုက်ရသည့်အချိန်တွင် ထောင်ထောင်က ချက်ချင်းပင် ရဲတင်းလာခဲ့၏။

ကစားကွင်းထဲ၌ ရွေ့လျားဈေးဆိုင်များစွာက ရှိနေပြီး ဝက်အူချောင်းဆိုင်မှ အကုန်ရောင်းထွက်သွားပြီးနောက်တွင် ထောင်ထောင်၏ အာရုံက အသစ်ဖွင့်လိုက်သော ရေခဲမုန့်ဆိုင်ဆီသို့ လျင်မြန်စွာပင် ရောက်ရှိသွားခဲ့သည်။

ထောင်ထောင်က ဆိုင်ရှင်မှ ထူးဆန်းသော စက်ပစ္စည်းတစ်ခုကို ခဏမျှ ကိုင်တွယ်လိုက်ပြီးနောက် ကြွပ်ရွသော ခွက်လေးထဲသို့ အေးမြသည့် ရေခဲမုန့်များကို ထည့်ပေးလိုက်သည်ကို ကြည့်နေမိ၏။

မိန်းကလေးငယ်တစ်ဦးက ရေခဲမုန့်ကို ဝယ်ယူ၍ တစ်ကိုက် ကိုက်လိုက်ပြီး ပျော်ရွှင်စွာဖြင့် ပြုံးပြလိုက်သည်ကို မြင်သည့်အချိန်တွင် ထောင်ထောင်၏ မျက်လုံးလေးများက ပြူးကျယ်သွားခဲ့သည်။

“ကောကော”

ထောင်ထောင်က စုကျင်းကို လှည့်၍ မျက်တောင်ခတ်၍ ခေါ်လိုက်လေ၏။

စုကျင်းက ထောင်ထောင်က ရေခဲမုန့်ဆိုင်ကို ကြည့်နေသည်ကို သတိပြုမိပြီးသား ဖြစ်ပေသည်။

ကလေးမလေး၏ အကြည့်က လုံးဝကို ဖုံးကွယ်ထားခြင်း မရှိသောကြောင့် သူမ၏ အတွေးများက စုကျင်း၏ အတွက် အထင်းပင်။

သို့သော် ထောင်ထောင်၏ စကားကို ကြားသည့်အချိန်တွင် စုကျင်းက မသိသယောင် ဆောင်၍ မေးလိုက်လေ၏။

“ဘာဖြစ်လို့လဲ”

“ကောကော၊ ဟိုမှာရှိတဲ့ ရေခဲမုန့်ခွက်ကြီးကို ကြည့်လိုက်! ခုနစ်ရောင်တောင် ပါတာနော်! လှတယ်မလား”

စုကျင်းက သူ၏ မျက်နှာပေါ်တွင် ပေါ်လာတော့မည့် အပြုံးကို ထိန်းချုပ်လိုက်ပြီး နှုတ်ခမ်းကို စေ့၍ ပြောလိုက်လေ၏။

“ကြည့်ရတာတော့ အဲဒီလောက် မလှပါဘူး”

စုကျင်း၏ အဖြေကြောင့် ထောင်ထောင်၏ ပါးစပ်လေးက အံ့အားသင့်သွားသည့်အမူအရာဖြင့် ပွင့်ဟသွားသည်။

သူမ၏ မျက်နှာလေးက အံ့သြမှုများဖြင့် ပြည့်နှက်နေကာ စုကျင်းကို ရှားပါးသတ္တဝါတစ်ကောင်ကို ကြည့်သကဲ့သို့ စိုက်ကြည့်နေမိတော့၏။

နောက်တစ်စက္ကန့်တွင်တော့ မတိုင်မီက ခေါင်းမာနေသော စုကျင်းက ထောင်ထောင်ကို ချီလျက် ရေခဲမုန့်ဆိုင်ဆီသို့ လျှောက်သွားခဲ့၏။

“ခင်ဗျားရဲ့ ရေခဲမုန့်က ဘယ်လောက်လဲ”

ပါးနပ်သော စီးပွားရေးသမားဖြစ်သည့် ဆိုင်ရှင်က စုကျင်းက ထောင်ထောင်ကို ချီထားပြီး နောက်ကွယ်တွင် ကင်မရာများစွာက ပါလာသည်ကို မြင်သည့်အချိန်တွင် ရေခဲမုန့်၏ အကြောင်းကို ချက်ချင်းပင် စတင်၍ မိတ်ဆက်တော့သည်။

“ကျွန်တော်တို့ရဲ့ ရေခဲမုန့်က အရောင်အလိုက် ဈေးနှုန်းကွာပါတယ်၊

အရောင်တစ်မျိုးတည်းဆိုရင် (၆) ယွမ်၊ နှစ်မျိုးဆိုရင် (၉)ယွမ်၊ ခုနက မြင်လိုက်ရတဲ့ ခုနစ်ရောင် ရေခဲမုန့်ကတော့(၂၄) ယွမ်ပါ၊

ဒါပေမဲ့ ကျွန်တော်တို့ရဲ့ဆီမှာ အဆင့်အမြင့်ဆုံး ကိုးရောင်ပါတဲ့ ရေခဲမုန့်ကလည်း ရှိပါတယ်၊ အဲဒါကတော့ (၃၀) ယွမ်ပါ!”

ဤဈေးနှုန်းကို ကြားလိုက်ရသည့်အချိန်တွင် Live ကြည့်နေသူများက အံ့အားသင့်သွားကြရ၏။

[ အို၊ ဘုရားရေ! ကစားကွင်းမို့လို့ ဆိုပေမဲ့ ဒီဈေးကတော့ မတရားကြီးလွန်းတယ်! ]

[ လူလိမ်ပဲ ]

[ အရောင်တစ်မျိုးကို ပိုပါရင် (၃) ယွမ်ကို ပိုပေးရတယ်၊ ဒါပေမဲ့ ပမာဏကတော့ တိုးမလာဘူး၊ တကယ့်ကို ပါးနပ်တဲ့ တွက်ချက်မှုပဲ ]

စုကျင်းကတော့ ဈေးနှုန်းကို ဂရုမစိုက်ပါပေ။ သူက ပါးစပ်ဟလိုက်ပြီးပြောလိုက်လေသည်။

“ကျွန်တော့်ကို ကိုးရောင်ပါတာ တစ်ခု.. “

သူက စကားမဆုံးသေးခင်မှာပင် ထောင်ထောင်က စုကျင်း၏ လည်ပင်းကို စိုးရိမ်တကြီးဖြင့် ပွေ့ဖက်လိုက်လေသည်။

“ကောကော!”

အစားကြူးသူလေးက လူသားတို့၏ ဗဟုသုတများကို မသင်ယူရသေးသော်လည်း အစားအစာ၏ ပမာဏနှင့် နံပါတ်များကိုတေု့ သူမ သိရှိပေ၏။

၆ ယွမ်။

၃၀ ယွမ်။

ငါးဆခန့် ကွာခြားသော်လည်း ပမာဏကတော့ အတူတူပင်။

ထောင်ထောင်၏ စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိသည်။

သူမကို ဝက်အူချောင်း ဝယ်ပေးသည့် ကောကောက ဈေးတင်ပြီး အလိမ်ခံလိုက်ရပြီ!

*

အခန်း(8)

ထောင်ထောင်က သူမ၏ မျက်နှာလေးကို ရှုံ့မဲ့၍ နာကျင်နေသော အမူအရာဖြင့် ပြောလိုက်လေ၏။

“ထောင်ထောင်က အဲဒီ ခုနစ်ရောင်ပါတဲ့ ရေခဲမုန့်ကို မစားချင်တော့ဘူး”

စုကျင်းက မျက်ခုံးကို ပင့်လိုက်လေသည်။

“မကြိုက်လို့လား”

“ကြိုက်တယ်”

ထောင်ထောင်က နှာရှုံ့လိုက်လေ၏။

“အဲဒါက ဈေးကြီးတယ်လေ၊ ကောကောမှာက ပိုက်ဆံမရှိဘူးမလား”

ထောင်ထောင်က မြင်တွေ့ခဲ့ရသည်။ သူမ၏အရှေ့မှ ကြင်နာတတ်သော ကောကောတွင် ရွှေ၊ ငွေ ရတနာများကလည်း မရှိသကဲ့သို့ ပိုက်ဆံထည့်ရန် အိတ်ကပ်လည်း မပါရှိပေ။

မတိုင်ခင်က ဝက်အူချောင်းကို ဝယ်တုန်းကဆိုလျှင် လူအုပ်ထဲမှ အနက်ကိုရောင်ဝတ်ထားသည့် လူတစ်ယောက်ကတောင် ပိုက်ဆံကိုရှင်းပေးခဲ့ရသည် မဟုတ်ပါလား။

ထို အနက်ရောင်ဝတ်စုံနှင့်လူဖြစ်သည့် ကျိုးယန်ရှားက သူ၏ အနုပညာရှင်က အရှက်ကွဲနေသည်ကို ကြည့်ပြီး ကျေနပ်စွာ ပြုံးနေခဲ့၏။

နာမည်ကြီး အနုပညာရှင် စုကျင်းကို ကလေးတစ်ယောက်က ပိုက်ဆံမရှိဘူးဟု ထင်လိမ့်မည်ဟု သူ လုံးဝကို မမျှော်လင့်ထားခဲ့ပေ။

ဒီနေ့မတိုင်ခင်အထိ ဘယ်သူက ဒီလိုမျိုး ဖြစ်လာမယ်လို့ ယုံကြည်မှာလဲ!

ထောင်ထောင်၏ စကားကို ကြားသည့်အချိန်တွင် စုကျင်း၏ မျက်နှာအမူအရာက တောင့်တင်းသွားခဲ့၏။

“စိတ်မပူပါနဲ့၊ ငါ့မှာ ပိုက်ဆံရှိတယ်”

ထိုစကားငါးခွန်းက စုကျင်း၏ သွားကြားထဲမှ မနည်းညှစ်ထုတ်လိုက်ရခြင်းပင် ဖြစ်၏။

သူက အမှန်တကယ်ပင် ချမ်းသာကြောင်းကို သက်သေပြရန်အတွက် စုကျင်းက ထောင်ထောင်ကို အောက်သို့ ချလိုက်ပြီး ရေခဲမုန့်ဆိုင်ရှင်ဘက်သို့ လှည့်၍ ပြောလိုက်၏။

“သူဌေး၊ ကိုးရောင်ပါတဲ့ ရေခဲမုန့်ကို နှစ်ခွက် ပေးပါ!”

ထောင်ထောင်ကတော့ စိုးရိမ်တကြီးဖြင့် အရှေ့အနောက်ကို ပတ်လျှောက်နေမိ၏။

ဘယ်လိုလုပ်ရမလဲ။

တကယ်လို့ သူမရဲ့ ကောကောမှာ ပိုက်ဆံကုန်သွားပြီး အဖမ်းခံလိုက်ရရင် ဘယ်လိုလုပ်မလဲ။

သူမက စိုးရိမ်နေချိန်မှာပင် ထောင်ထောင်၏ အကြည့်က လူအုပ်ကြားမှ ဖြတ်ကျော်၍ ဗိုက်ကို နှိပ်ကာ အားပါးတရ ရယ်မောနေသော ကျိုးယန်ရှားကို မြင်လိုက်ရသည်။

သူမ၏ မျက်လုံးလေးများက ချက်ချင်းပင် တောက်ပသွားခဲ့လေ၏။

ကျိုးယန်ရှားက သူ့ အနုပညာရှင်အကြောင်းကို အတင်းပြော၍ ပျော်ရွှင်နေချိန်မှာပင် ပန်းရောင် ပုံရိပ်လေးတစ်ခု သူထံသို့ ပြေးလာသည်ကို သတိပြုမိလိုက်သည်။

ထောင်ထောင်က ကျိုးယန်ရှားထံသို့ ပြေးသွားပြီး လက်ပြလိုက်ကာ သူ့ကို ခဏလောက် ကိုင်းပေးရန် အချက်ပြလိုက်လေ၏။

ကျိုးယန်ရှားက လိမ္မာစွာဖြင့် ထိုင်ချလိုက်လေသည်။

“ဘာဖြစ်လို့လဲ၊ ထောင်ထောင်လေး”

ထောင်ထောင်က ကျိုးယန်ရှား၏ နားနားသို့ ကပ်လိုက်ပြီး သူမ၏ လက်လေးဖြင့် သေချာဖုံးအုပ်၍ ပြောလိုက်လေ၏။

“ထောင်ထောင်ရဲ့ ကောကောကို ရေခဲမုန့်ဝယ်ဖို့အတွက် ပိုက်ဆံလေး နည်းနည်းလောက်ကို ချေးပေးလို့ ရမလား၊

ကောကောမှာ ပိုက်ဆံမရှိလို့ပါ၊ ရေခဲမုန့်ဖိုးကို မရှင်းနိုင်ရင် ကောကောက အဖမ်းခံရမှာကို စိုးတယ်!”

သူမ၏ ကောကော သိက္ခာမကျစေရန်အတွက် ထောင်ထောင်က ကျိုးယန်ရှား၏ နားအနီးကို ကပ်ရုံသာမက သူမ၏ ပါးစပ်ကိုလည်း ဖုံးအုပ်ထားခဲ့၏။

သို့သော် အစားကြူးသူလေးက သူမ၏ မိုက်ခရိုဖုန်းမှတစ်ဆင့် သူမ၏ အသံက စုကျင်းအပါအဝင် လူတိုင်းထံသို့ တိကျစွာ ရောက်ရှိသွားသည်ကို မသိရှိရှာပေ။

ဖူး!

ထောင်ထောင်၏ စကားကို ကြားလိုက်ရသည့်အချိန်တွင် ထိုနေရာတွင် ရှိနေသူတိုင်းက ရယ်ချင်သော်လည်း မရယ်ရဲဘဲ ဖြစ်နေကြ၏။

စုကျင်းက တစ်နေရာတည်းတွင် ကြောင်အမ်း၍ ရပ်နေမိပြီး၊ သူ၏ နားထဲတွင်တော့ ထောင်ထောင်၏ စကားများကသာ ထပ်တလဲလဲ ပဲ့တင်ထပ်နေခဲ့လေတော့သည်။

“ကောကောမှာ ပိုက်ဆံမရှိဘူး၊ပိုက်ဆံမရှိဘူး”

“အဟမ်း.. အဟမ်း”

ကျိုးယန်ရှားက စုကျင်း၏ စူးရှသော အကြည့်များကို မသိချင်ယောင်ဆောင်ကာ ကွေးညွတ်တက်နေသော သူ၏ နှုတ်ခမ်းများကို လက်ဖြင့်အုပ်လျက် ချောင်းဟန့်သကဲ့သို့ ဟန်ဆောင်လိုက်ရသည်။

မရတော့ဘူး။

သူ တကယ်ကြီး ပေါက်ကွဲထွက်မတတ် ရယ်ချင်နေပြီ။

Live ထဲက ကြည့်ရှုသူများကတော့ စုကျင်းကို မျက်နှာသာ လုံးဝ မပေးကြတော့ဘဲ တစ်ယောက်ထက် တစ်ယောက် ပို၍ အားပါးတရ ရယ်မောနေကြလေ၏။

[ စုကျင်း ဆင်းရဲတယ်ဆိုတာက ဒီနှစ်အတွင်း ငါကြားဖူးသမျှထဲမှာ အကောင်းဆုံး ဟာသပဲ! ]

[ ထောင်ထောင်လေး! မျက်လုံးလေးကို ဖွင့်ပြီးတော့ သေချာကြည့်ပါဦး! သမီးရဲ့ ဆင်းရဲတဲ့ကောကော ဝတ်ထားတဲ့ ပစ္စည်းတစ်ခုချင်းစီက အနည်းဆုံး ဂဏန်းငါးလုံးတန်ဖိုးရှိတယ်နော်!]

[ ထောင်ထောင်က ကလေးလေးပဲရှိသေးတာ၊ Designer လက်ချုပ်ဘရန်းတွေကို ဘယ်သိပါ့မလဲ၊ သူမမြင်တဲ့အတိုင်းဆိုရင် ဆင်းရဲတဲ့ကောကော ပဲပေါ့! ]

[ ရယ်ရလွန်းလို့ ဗိုက်တောင်နာလာပြီ၊ စုကျင်းတစ်ယောက် ကလေးတစ်ယောက်ရဲ့ စိုးရိမ်မှုကို ခံရပြီးတော့ ရေခဲမုန့်ဖိုးကို မတတ်နိုင်ဘူး အထင်ခံရလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ ]

အစားကြူးသူလေး၏ ငွေကြေးဆိုင်ရာ အယူအဆအားလုံးနီးပါးက အိမ်နီးချင်းမျိုးနွယ်စုမှ ပီရှူး သားပေါက်လေးများထံမှ ရရှိထားခြင်း ဖြစ်သည်။

မျိုးဆက်သစ် သားပေါက်လေးများက နည်းပါးလာသည်နှင့်အမျှ၊ ထိုသားပေါက်လေးက ထောင်ထောင်၏ ရွယ်တူသူငယ်ချင်း အနည်းငယ်ထဲမှ တစ်ဦးဖြစ်လေ၏။

ထောင်ထောင်၏ ဂူထဲတွင် အရသာရှိသော အစားအစာများ ပြည့်နှက်နေသကဲ့သို့၊ ပီရှူး၏ ဂူထဲတွင်လည်း ရွှေငွေ ရတနာများက ပြည့်လျှံနေတတ်သည်။

ပိုက်ဆံကိုခွဲခြားရာတွင် မည်သည့်အချိန်မှ မတော်ခဲ့သော အစားကြူးသူလေးက ပီရှူးသားပေါက်လေး ပြောခဲ့သည့် စကားတစ်ခွန်းကိုသာ မှတ်မိနေ၏။

“မှတ်ထားနော်၊ ပိုပြီးတော့ တောက်ပလေလေ၊ ပိုပြီးတော့ တန်ဖိုးကြီးလေလေပဲ”

ထောင်ထောင်၏ မျက်စိထဲတွင် ရွှေနှင့် ငွေများလည်း ဝတ်မထား၊ တောက်ပြောင်သော လက်ဝတ်ရတနာကလည်း မရှိ၊ နောက်ဆုံးတွင် ဘောင်းဘီမှာပင် အပေါက်အပြဲလေး ပါနေသော စုကျင်းက ကမ္ဘာပေါ်တွင် ဒုတိယမြောက် အဆင်းရဲဆုံးလူ ဖြစ်နေခဲ့သည်။

ဒါဆိုရင် ကမ္ဘာပေါ်မှာ အဆင်းရဲဆုံးလူက ဘယ်သူလဲ။

အဲဒါကတော့ သေချာပေါက် ထောင်ထောင်ကိုယ်တိုင်ပဲလေ။

ကလေးငယ်၏ အပြစ်ကင်းသော်လည်း စိုးရိမ်ပူပန်နေသော မျက်လုံးလေးများကို ကြည့်ရင်း ကျိုးယန်ရှားက ရယ်ချင်စိတ်ကို အောင့်အီးသည်းခံ၍ အိတ်ထဲမှ ငွေစက္ကူတချို့ကို ထုတ်ယူ၍ ထောင်ထောင်ကို ပေးလိုက်လေ၏။

“ဒါက ထောင်ထောင်အတွက် ပိုက်ဆံပဲ၊ သမီးပဲ သိမ်းထားလိုက်နော်”

“ကျေးဇူးတင်ပါတယ် ပိုက်ဆံရှိတဲ့ ကျဲကျဲ”

ထောင်ထောင်က ကျိုးယန်ရှားကို လေးနက်စွာ ကြည့်၍ သူမ၏ ကလေးအသံလေးဖြင့် ပြောလိုက်လေသည်။

“ထောင်ထောင်က ပိုက်ဆံရှာနိုင်တဲ့အချိန်ကျရင် ကျဲကျဲကို ပြန်ဆပ်ပါ့မယ်!”

ထောင်ထောင်၏ အသိစိတ်ရှိသော စကားများကို ကြားရသည့်အချိန်တွင် ကျိုးယန်ရှားက သူမ၏ ခေါင်းလေးကို မပုတ်ဘဲ မနေနိုင်တော့ပေ။

ဝန်ထမ်းများ၏ မနည်းအောင့်ထားရသော ရယ်သံများကို ကြားလိုက်ရသောကြောင့် စုကျင်း၏ မျက်နှာက အိုးဖင်ကဲ့သို့ မည်းမှောင်သွားခဲ့ရ၏။

“ငါ! က! ဆင်း! ရဲ! တာ! မဟုတ်! ဘူး!”

ထိုစကားလုံးများကို စုကျင်းက သွားကြားထဲမှ မနည်း ညှစ်ထုတ်လိုက်ရခြင်းပင် ဖြစ်သည်။

စုကျင်း၏ အသံကို ကြားသည့်အချိန်တွင် ထောင်ထောင်က လှည့်ကြည့်လိုက်လေ၏။ ပြီးနောက် သူမ၏ အကြည့်က စုကျင်း၏ ဂျင်းဘောင်းဘီမှ အပေါက်ရာလေးဆီသို့ မသိစိတ်ဖြင့် ကျရောက်သွားကာ သနားဂရုဏာသက်သော အကြည့်လေးဖြင့်ပြောလိုက်လေသည်။

“သိပါတယ်၊ ကောကောက မဆင်းရဲပါဘူး”

ထိုသို့ပြောရင်းဖြင့် ထောင်ထောင်က စုကျင်းကို နှစ်သိမ့်သကဲ့သို့ သူ၏ လက်ဖမိုးကို အသာအယာ ပုတ်ပေးလိုက်လေသည်။

စုကျင်းကတော့ ထောင်ထောင်၏ အတွေးကို နားမလည်သော်လည်း Live ကြည့်နေသူများကတော့ ထောင်ထောင်၏ အကြည့်ကို သတိပြုမိသွားကြ၏။

[ ထောင်ထောင်ရဲ့ အကြည့်က တကယ်ကို အဓိပ္ပာယ်ပါတာပဲ]

[ ဟားဟား၊ စုကျင်းကတော့ မြစ်ဝါမြစ်ထဲကို ခုန်ချရင်တောင် သူ့ရဲ့နာမည်ကို သူက ပြန်ဆေးလို့ ရတော့မှာ မဟုတ်ဘူး! ]

[ ထောင်ထောင် : ဟင်း၊ ကောကောရဲ့ ဘောင်းဘီကလည်း ပေါက်နေပြီ၊ အခုထိ ခေါင်းမာနေတုန်းပဲ ]

စုကျင်း၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့၏။

သူက ထောင်ထောင်ကို သေချာရှင်းပြပြီးပြီလေ။ဒ ါပေမဲ့ ဘာလို့ တစ်ခုခုက ထူးဆန်းနေသလို ခံစားနေရတာလဲ။

သူမ၏ ကောကောကို နှစ်သိမ့်ပြီးနောက်တွင် ထောင်ထောင်က ရေခဲမုန့်ဆိုင်ဆီသို့ လျှောက်သွားခဲ့၏။

သူမက ခြေဖျားလေးများကို အားပြုလျက် မတ်တပ်ရပ်လိုက်ပြီး သူမ၏ နူးညံ့လွန်းသော လက်လေးများဖြင့် ငွေစက္ကူကို ဆိုင်ရှင်ထံသို့ မနည်းမြှောက်ပေးလိုက်လေ၏။

“ဦးလေး၊ ဒါက ရေခဲမုန့်ဖိုးပါ”

စုကျင်း : ..

ဒါဆို မင်းက ငါ့မှာ ပိုက်ဆံရှိတယ်ဆိုတာကို လုံးဝကို မယုံခဲ့ဘူးပေါ့လေ!

“မလိုပါဘူး၊ သမီးရဲ့ ကောကောက ပိုက်ဆံပေးပြီးသွားပါပြီ”

ဆိုင်ရှင်၏ စကားကို ကြားသည့်အချိန်တွင်ထောင်ထောင်၏ မျက်လုံးလေးများက ပြူးကျယ်သွားရပြီး စုကျင်းကို အံ့သြတကြီးဖြင့် လှည့်ကြည့်လိုက်လေ၏။

စုကျင်းက သူ၏ ဖုန်းကို ဝှေ့ယမ်းပြလိုက်လေသည်။

“ငါ့ဖုန်းနဲ့ ပေးလိုက်ပြီ”

ထိုသို့ပြောပြီးနောက်တွင် စုကျင်းက ထောင်ထောင်၏ ပါးကို မဆွဲဘဲ မနေနိုင်တော့ပေ။

“ကောင်းပြီ၊ အခုရော ငါ့မှာ ပိုက်ဆံရှိတယ်ဆိုတာကို ယုံပြီလား”

ထောင်ထောင်၏ အကြည့်က စုကျင်း၏ လက်ထဲရှိ လေးထောင့်သဏ္ဍန်ရှိပြီး တောက်ပနေသော အရာလေးပေါ်သို့ ကျရောက်သွားလေ၏။

“ဖုန်းလား”

“ဟုတ်တယ်”

အိမ်ငှားခန်းမှာတုန်းက ဟောက်ဟောက်က ဖုန်းဆိုသည့် အရာကို သုံးနေသည်ကို ထောင်ထောင်က မြင်ဖူးပေသည်။

သို့သော် ထိုအချိန်တုန်းကတော့ ဟောက်ဟောက်က ဖုန်းနှိပ်နေတာကိုပဲ ကြည့်နေခဲ့ရခြင်းသာ ဖြစ်သည်။

ထောင်ထောင်က စုကျင်း၏ လက်ထဲရှိ ဖုန်းကို စူးစမ်းစွာဖြင့် ကြည့်လိုက်လေ၏။

“ကောကောရဲ့ ဖုန်းထဲမှာက ပိုက်ဆံတွေ ရှိနေတာလား”

“ဟုတ်တယ်၊ အများကြီး ရှိတာ”

စုကျင်းက ထောင်ထောင်က သူ့ကို အဆင်းရဲဆုံးလူဟု ထပ်မတွေးမိစေရန်အတွက် အများကြီးဆိုသည့် စကားလုံးကို အလေးပေး၍ ပြောလိုက်လေ၏။

ထောင်ထောင်က နားလည်သွားသကဲ့သို့ ခေါင်းကိုငြိမ့်လိုက်လေသည်။

သူမက စုကျင်းက ပြောသော အများကြီး ဆိုသည်က ပီရှူးဂူထဲမှ ရတနာများလိုမျိုး ဖြစ်လိမ့်မည်ဟု မသိစိတ်ဖြင့် တွေးလိုက်မိ၏။

ခဏအတွင်းမှာပင် ထောင်ထောင်၏ မျက်လုံးလေးများက စုကျင်းကို အထင်ကြီး လေးစားမှုအပြည့်ဖြင့် ကြည့်လာခဲ့သည်။

“ဝါး! ကောကောက တကယ့်ကို အံ့သြစရာပဲ!”

ထောင်ထောင်၏ အထင်ကြီးလေးစားသော အကြည့်နှင့် ဆုံလိုက်ရသည့်အချိန်တွင် စုကျင်းက အလွန်ပင် ကျေနပ်သွားခဲ့ပြီး သူ၏ နှုတ်ခမ်းထောင့်များကလည်း အလိုအလျောက် ပြုံးမိသွားခဲ့၏။

သူက ဆိုင်ရှင်ထံမှ ကိုးရောင်ပါသော ရေခဲမုန့်ကို ယူ၍ ထောင်ထောင်ကို လှမ်းပေးလိုက်သည်။

“ကောင်းပြီ၊ ဒါက မင်းအတွက်”

ထောင်ထောင်က ရေခဲမုန့်ကို ယူ၍ အသာအယာ လျက်လိုက်လေ၏။

ခရင်မ်နံ့၊ စတော်ဘယ်ရီ၏ ချိုချဉ်အရသာ၊ မတ်ချာ ၏ ရနံ့၊ အရသာ ကိုးမျိုးလုံးက သူမ၏ ပါးစပ်ထဲတွင် တစ်ပြိုင်နက်တည်း ပျော်ဝင်သွားခဲ့သည်။

ထောင်ထောင်၏ မျက်လုံးလေးများကို မှေးသွားရသည်အထိပင်။

*

All Chapters