အခန်း (၉-၁၀)
Vol. 1 Ch. 9-10
အခန်း(9)
စုကျင်းက ထောင်ထောင်၏ အမူအရာကို ကြည့်၍ သူ၏ လေသံကလည်း နူးညံ့သွားခဲ့သည်။
“ဘယ်လိုလဲ”
“တစ်ခုခုတော့ ထူးဆန်းတယ်”
ထောင်ထောင်က သူမ၏ လက်ထဲက ရေခဲမုန့်ကို စိုက်ကြည့်ရင်းပြောလိုက်လေသည်။
“ထူးဆန်းနေလောက်အောင်ကို အရသာရှိတာပဲ!”
“မင်း နောက်ထပ်ဘာစားချင်သေးလဲ ၊ ငါ့မှာပိုက်ဆံရှိတယ်”
ထောင်ထောင်က ခေါင်းကို အဆက်မပြတ် ငြိမ့်ပြလိုက်ပြီးနောက် ရုတ်တရက် တစ်ခုခုကို သတိရသွားသကဲ့သို့ အားခနဲ အော်၍ ကျိုးယန်ရှားက ပေးထားခဲ့သော ငွေစက္ကူကို မြှောက်ပြလိုက်လေ၏။
“ကောကောက ခဏစောင့်နော်၊ ထောင်ထောင် ခုနကပိုက်ဆံရှိတဲ့ကျဲကျဲဆီကနေ ပိုက်ဆံချေးထားတာ၊ အဲဒါကို ပြန်ပေးရဦးမယ်”
“ပြန်ပေးစရာ မလိုပါဘူး”
စုကျင်းက မျက်ခုံးကို အနည်းငယ် ပင့်လိုက်ကာ ငွေစက္ကူကို ကိုင်ထားသော ထောင်ထောင်၏ လက်လေးကို ဆွဲယူ၍ သူမ၏ အိတ်ကပ်လေးထဲသို့ ထည့်ပေးလိုက်လေသည်။
“ဒါက သူ မင်းကို ပေးတဲ့ လက်ဆောင်ပဲ”
“ထောင်ထောင်ကို ပေးတာလား”
ထောင်ထောင်က စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းကိုစောင်းငဲ့၍ ကျိုးယန်ရှားကို ကြည့်လိုက်လေ၏။
ကျိုးယန်ရှားက အပြုံးတစ်ခုနှင့် ခေါင်းငြိမ့်ပြလိုက်လေသည်။
စုကျင်း၏ ပွေ့ချီခြင်းကို ခံထားရသော်လည်း မည်သည့် ကြောက်ရွံ့မှုမျှမရှိဘဲ ပျော်ရွှင်စွာဖြင့် ရေခဲမုန့် စားနေသော ထောင်ထောင်ကို ကြည့်ကာ သူမ အတော်လေး စိတ်ကျေနပ်နေမိ၏။
ကလေးဆိုလျှင် အမြဲတစေ ရှောင်ဖယ်တတ်သော စုကျင်းကလည်း နေရောင်အောက်တွင် နူးညံ့နေသော မျက်နှာအမူအရာနှင့်အတူ ထောင်ထောင်ကို ကြည့်နေပုံမှာ စစ်မှန်သောအစ်ကိုတစ်ယောက်နှင့် တူနေခဲ့သည်။
သူတို့နှစ်ဦး၏ ဆက်ဆံရေးကို ကြည့်ရင်း ကျိုးယန်ရှား နှုတ်ခမ်းကို အသာစေ့လိုက်မိ၏။
တရားဝင် စာချုပ်ကို မချုပ်ဆိုမီတွင် ထုတ်လုပ်ရေးအဖွဲ့မှ ပါဝင်မည့် ကလေးတစ်ဦးချင်းစီ၏ မိဘများနှင့် သဘောတူညီချက်ကို ရယူရမည် ဖြစ်သည်။
ထောင်ထောင်၏ မိဘများနှင့် တွေ့ဆုံပြီးနောက် ကျိုးယန်ရှား အစပိုင်းတွင် ငြင်းဆိုခဲ့၏။
လက်မှတ်ရေးထိုးမည့်အကြောင်းကို ကြားလိုက်ရသည့်အချိန်တွင် ထိုဇနီးမောင်နှံ၏ မျက်လုံးများက လောဘဇောဖြင့် ပြူးထွက်လာခဲ့သည် မဟုတ်ပါလား။
သို့သော် အစီအစဉ်၏ ဒါရိုက်တာဖြစ်သူ ကျိုးထင်က ထောင်ထောင်မှာ စုကျင်းအတွက် အသင့်တော်ဆုံး တွဲဖက်ဖြစ်ကြောင်းကို အဆက်မပြတ် အာမခံ၍ စည်းရုံးခဲ့သည့်။ ထို့ကြောင့် ကျိုးယန်ရှားက နောက်ဆုံးတွင် လက်ခံခဲ့ခြင်း ဖြစ်၏။
ယခုအချိန်တွင် ထောင်ထောင်နှင့် စုကျင်းတို့၏ ဆက်ဆံရေးကို ကြည့်ပြီး ဒါရိုက်တာကျိုးထင်၏စကားက မှန်ကန်ပုံရသည်။
ထိုလောဘကြီးသော စုံတွဲက ပြဿနာတစ်ခုခုကို မဖန်တီးလာဖို့သာ မျှော်လင့်ရပေလိမ့်မည်။
မသိလိုက်စွာနှင့် အကြိုမိတ်ဆက် တိုက်ရိုက်ထုတ်လွှင့်မှုက ပြီးဆုံးလုနီးပါးပင် ဖြစ်နေချေပြီ။
စုကျင်းက စိတ်လှုပ်ရှားနေသော ထောင်ထောင်ကို ပွေ့ချီ၍ ချားရဟတ်ပေါ်မှ ဆင်းလာခဲ့ပြီး၊ သူ၏ နှုတ်ခမ်းထောင့်များတွင်လည်း မသိစိတ်ဖြင့် အပြုံးတစ်ခုရှိနေခဲ့၏။
နွေးထွေးသော နေဝင်ဆည်းဆာက စုကျင်း၏ ပြုံးယောင်သန်းနေသော နှုတ်ခမ်းများပေါ်သို့ ကျရောက်နေခဲ့သည်။
သူ ခေါင်းကို အနည်းငယ်ငုံ့လိုက်ပြီး သူချီထားသော ကလေးမလေးကို ကြည့်လိုက်လေ၏။
သူကိုယ်တိုင်ကပင် သတိမထားမိသော နူးညံ့မှုများက သူ၏ မျက်လုံးများထဲတွင် ပြည့်နှက်နေခဲ့၏။
ပန်းရောင်ဂါဝန်လေးနှင့် ကောင်မလေးက သူမ၏ lollipopကို မြှောက်ပြကာ သူမ၏ ကောကောကို ဝေမျှကျွေးရင်း အားပါးတရ ရယ်မောနေခဲ့၏။
သူတို့နှစ်ဦး လက်တွဲထားသော ထိုပုံရိပ်ကို ကင်မရာမှ ဖမ်းယူရရှိခဲ့သည်။
နောက်ပိုင်းတွင် ထိုပုံကိုအကြိုမိတ်ဆက်ဗီဒီယို၏ မျက်နှာဖုံးပုံအဖြစ် အသုံးပြုခဲ့ကြ၏။
တိုက်ရိုက်ထုတ်လွှင့်မှု ပြီးဆုံးသွားသည့်အချိန်တွင် ထောင်ထောင်က ငေးငိုင်နေဆဲပင်။
ဝန်ထမ်းများက ထပ်ခါတလဲလဲ သတိပေးတော့မှသာ သူမက သူမ၏ ကောကောနှင့် ခွဲခွာရတော့မည်ကို နားလည်သွားခဲ့သည်။
ထောင်ထောင်အတွက်တော့ Variety Show ရိုက်ကူးမှုက ပြီးဆုံးသွားခြင်းက သူမကို စားစရာကောင်းကောင်း ကျွေးသည့် ကောကောနှင့် ခွဲခွာရခြင်းသာမက၊ သူမကို မချစ်သောလူများနှင့် ပြန်တွေ့ရပြီး အစားကောင်းများကို စားခွင့်မရတော့ခြင်းကိုလည်း ဆိုလိုသည်။
“မရဘူး!”
ဝန်ထမ်းများ အနားသို့ မကပ်နိုင်မီမှာပင် ထောင်ထောင်က စုကျင်းကို တင်းကြပ်စွာ ဖက်ထားပြီး အော်ဟစ်ဆန္ဒပြလိုက်လေ၏။
“ထောင်ထောင်က ကောကောနဲ့ မခွဲချင်ဘူး!”
ပုံမှန်အားဖြင့် လိမ္မာလွန်းသော ဤကလေးမလေးက တိုက်ရိုက်ထုတ်လွှင့်မှု၏ နောက်ဆုံးမိနစ်တွင်မှ ယခင်က မရှိဖူးခဲ့သော ပုန်ကန်မှု မျိုးကို ရုတ်တရက် ပြသလာလိမ့်မည်ဟု ရိုက်ကူးရေးကွင်းရှိ မည်သူကမျှ မျှော်လင့်မထားခဲ့ကြပေ။
သို့သော် တခြားသူများက မည်သို့ပင် ဖျောင်းဖျပါစေ ထောင်ထောင်က စုကျင်းကိုသာ အတင်းဖက်ထားလေ၏။
သူမ၏ ခေါင်းကို သူ၏ လည်ပင်းကြားထဲတွင် ဝှက်ထာ့ကာ မည်သူ့၏ စကားကိုမျှ မကြားချင်ယောင် ဆောင်နေခဲ့သည်။
နူးညံ့အိစက်နေသော ကလေးလေးကို ပွေ့ချီထားရင်း စုကျင်း၏ နှလုံးသားက တုန်ယင်လာခဲ့ရ၏။
သူက မျက်ခုံးကိုအနည်းငယ်တွန့်ချိုး၍ ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ပြောလာခဲ့လေသည်။
“ဘယ်သူကမှ အနားကိုမလာနဲ့ဦး၊ ကျွန်တော် ထောင်ထောင်နဲ့ နှစ်ယောက်တည်း စကားပြောချင်လို့”
စုကျင်းက ထောင်ထောင်ကို ကင်မရာများနှင့် ဝန်ထမ်းများက မရှိသည့် ဘေးတစ်နေရာသို့ ခေါ်ဆောင်သွားပြီး သူမ၏ ကျောလေးကို အသာအယာ ပုတ်ပေးလိုက်လေသည်။
“စိတ်မပူပါနဲ့၊ နောက်လာမဲ့ရိုက်ကူးရေး မကြာခင် ပြန်စတော့မှာ၊ ငါတို့လည်းမကြာခင် ပြန်တွေ့ရမှာပါ”
စုကျင်း၏ စကားကို ကြားမှသာ ထောင်ထောင်က
ခေါင်းမော့လာခဲ့၏။
“တကယ်လား”
ကလေးမလေးက နှုတ်ခမ်းလေးကို စူထားကာ နှာခေါင်းလေးကလည်း နီရဲနေပြီး မျက်လုံးလေးများက အရည်လည်နေသောကြောင့် အမှန်တကယ့်ကို သနားစဖွယ်ကောင်းလွန်းသည်။
စုကျင်း၏ နှလုံးသားက နူးညံ့သွားခဲ့ရ၏။
“တကယ်ပေါ့”
ထိုသို့ပြောပြီးနောက်တွင် စုကျင်းက ထောင်ထောင်ကို အာမခံလိုက်လေသည်။
“တရားဝင် ရိုက်ကူးရေးနေ့ကျရင် မင်း ရောက်လာတာနဲ့ ငါ အဲဒီမှာ သေချာပေါက် စောင့်နေပါ့မယ်”
ထိုစကားကို ကြားသည့်အချိန်တွင် ထောင်ထောင်၏ မျက်လုံးလေးများက တောက်ပသွားပြီး သူမ၏ လက်သန်းလေးကို မြှောက်ပြလိုက်လေ၏။
“ဒါဆို.. ကတိပေး!”
စုကျင်းက မလိုလားဟန်ဖြင့် မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိ၏။
ကလေးကလားနိုင်လိုက်တာ!
သို့သော် ထောင်ထောင်၏ တောက်ပနေသော မျက်လုံးလေးများကြောင့် စုကျင်းက သူမ၏ နှာခေါင်းလေးကို ဆွဲညှစ်လိုက်မိပြီး သူ၏ လက်သန်းလေးကို ထုတ်ပေးလိုက်ရလေ၏။
လက်သန်းလေး နှစ်ခုက ချိတ်ဆက်သွားခဲ့ကြသည်။
“ကတိပေးပြီးရင် နှစ်တစ်ရာတိုင်အောင် မဖျက်ရဘူးနော်!”
အိမ်ငှားခန်းသို့ ပြန်ရောက်သည့်အချိန်တွင် ထောင်ထောင်တစ်ယောက် လေထဲမှ အသားကင်နံ့ကို ရလိုက်လေ၏။
စားပွဲဝိုင်းလေးပေါ်ရှိ ဟင်းသီးဟင်းရွက်များကို ကြည့်ပြီး သူမက မနေနိုင်ဘဲ အော်လိုက်မိသည်။
“ထောင်ထောင်က အသီးအရွက်တွေကို မစားချင်ဘူး! ထောင်ထောင်က အသားပဲစားချင်တယ်!”
အခန်းထဲရှိ လူသုံးယောက်က ထောင်ထောင်၏ ဆန္ဒပြမှုကို လျစ်လျူရှုထားကြ၏။
ချွီခွန်က ထောင်ထောင်၏ စကားများကို မကြားချင်ယောင်ဆောင်၍ ဟောက်ဟောက်နှင့် ကစားနေခဲ့သည်။
“ထောင်ထောင်က အသားစားချင်တယ်လို့!”
ထောင်ထောင်က ကျယ်လောင်စွာ ထပ်ပြောလိုက်လေ၏။ ချိုက်ရှို့လန်က နှာရှုံ့၍ပြောလိုက်လေသည်။
“အသားတွေက ကုန်သွားပြီ၊ ပြီးတော့ မင်းက ဒီထက် ပိုပြီးတော့ဝလာရင် ကလေးဝတ်စုံ မော်ဒယ်အလုပ်တွေကို မရဘဲ နေဦးမယ်၊ ဘာလို့ အသားစားချင်နေရတာလဲ”
သူတို့၏ တုံ့ပြန်မှုများကို ဂရုမစိုက်ဘဲ ထောင်ထောင်က အနံ့၏ အနောက်သို့ လိုက်၍ မီးဖိုချောင်တံခါးဝသို့ ရောက်သွားသည်။
အထဲတွင် အသားနံ့ကို တိကျစွာ ရနေသည်။
လူလိမ်တွေ!
သူမ၏ ဝမ်းဗိုက်က ဆာလောင်မှုကြောင့် မြည်ဟီးလာခဲ့၏။
အခန်းထဲတွင် လူလေးယောက်က ရှိနေပါသော်လည်း ထောင်ထောင်က အလွန်ပင် အထီးကျန်နေသည်ဟု ခံစားရသည်။
ဤနေရာတွင် သူမကို ကူညီမည့် ကောကောမရှိကြောင်းကို သူမက သိရှိ၏။
စနစ်ကလည်း ထောင်ထောင် အတွက် အစားအစာများကို ဖန်တီးပေး၍မရပဲ စနစ်၏ ဟင်းလင်းပြင်ထဲတွင်သာ စိုးရိမ်တကြီးဖြင့် ဖြစ်နေရရှာသည်။
တစ်ယောက်တည်း ဆာလောင်မွတ်သိပ်နေသော ထောင်ထောင်က နောက်ဆုံးတွင် ထမင်းစားပွဲလေးဆီသို့ သွား၍ ဟင်းသီးဟင်းရွက်များကိုသာ အကုန်စားလိုက်ရတော့သည်။
ထို့နောက် သူမ၏ ခုတင်လေးဆီသို့ ပြေးသွား၍ စောင်ကို တင်းတင်းပတ်ထားလိုက်လေ၏။
စောင်ဖြင့် အလုံပိတ်ထားသော်လည်း အေးစိမ့်မှုက တိုးဝင်လာဆဲပင်။
သူမက သူမ၏ အိတ်ကပ်ကို အသာအယာ စမ်းကြည့်လိုက်လျှင် ထိုနေ့က ကစားကွင်းတွင် စုကျင်းက ပေးခဲ့သော lollipopလေး ရှိနေသည်။
“ကောကော.. ထောင်ထောင်က ကောကောကို လွမ်းတယ်”
ထိုအချိန်မှာပင် ကျယ်ဝန်းလွန်းသော ဟိုတယ်အခန်းထဲ၌ လဲလျောင်းနေသည့် စုကျင်းမှာ ရုတ်တရက် မျက်လုံးများက ပွင့်လာခဲ့ပြီး စုပ်တစ်ချက် သပ်လိုက်မိ၏။
ဘာလို့ သူ အဲဒီကလေးမလေးအကြောင်းကို တွေးနေမိတာလဲ။
သူက သူမရဲ့ အစ်ကိုအစစ်လည်း မဟုတ်ဘူးလေ!
ဤသို့ တွေးနေသော်လည်း စုကျင်း၏ အပြုအမူက စိတ်နှင့် ဆန့်ကျင်ဘက်ဖြစ်နေ၏။
သူက မသိစိတ်ဖြင့် ဖုန်းကို ထုတ်ယူကာ ရိုက်ကူးရေး အစီအစဉ်ကို စစ်ဆေးလိုက်လေ၏။
‘မင်း ဘယ်ကိုသွားမလဲ ဘေဘီ’ ပထမဆုံး အပိုင်းကို ရိုက်ကူးရန်အတွက် သုံးရက်သာလိုတော့သည်။
‘မင်း ဘယ်ကိုသွားမလဲ ဘေဘီ’၏ ပထမဆုံးအပိုင်းအတွက်ကို ဧည့်သည်များက ရိုက်ကူးရေး ပြုလုပ်မည့် မြို့သို့ လေယာဉ်ဖြင့် သွားကြရမည် ဖြစ်၏။
ထို့ကြောင့် ဆုံမှတ်ကို လေဆိပ်တွင်သာ သတ်မှတ်ထားသည်။
ရိုက်ကူးရေးနေ့တွင် ထုတ်လုပ်ရေးအဖွဲ့က ဧည့်သည်များကို ရိုက်ကူးရန်အတွက် စောင့်ဆိုင်းခန်း၌ စမတ်ကင်မရာများကို ကြိုတင်၍ တပ်ဆင်ထားကြ၏။
အကြိုမိတ်ဆက်ဗီဒီယို တိုက်ရိုက်ထုတ်လွှင့်မှုက ပြီးဆုံးကတည်းက ပါဝင်မည့် ကလေးများနှင့် အနုပညာရှင်များအားလုံးကို ထုတ်ဖော်ပြသပြီး ဖြစ်ပေသည်။
ထို့ကြောင့် တိုက်ရိုက်ထုတ်လွှင့်မှု စတင်သည်နှင့် ကြည့်ရှုသူ အမြောက်အမြား ဝင်ရောက်လာကြတော့၏။
ဘယ်သူက ပထမဆုံး ရောက်လာမဲ့ ဧည့်သည် ဖြစ်မလဲ။
တိုက်ရိုက်ထုတ်လွှင့်မှုထဲက ကြည့်ရှုသူများက စိတ်လှုပ်ရှားစွာဖြင့် ဆွေးနွေးနေကြသည်။
[ ချင်ရွှမ်ပဲ ဖြစ်ရမယ်၊ သူက ဒီမြို့မှာပဲနေတာမလား ]
[ ရှန်ထျန်းယွီက လည်း ဖြစ်နိုင်တာပဲ၊ သူက အမြဲတမ်း အက လေ့ကျင့်နေကျဆိုတော့ စောစောထမှာ သေချာတယ် ]
[ ငါ အဖြေတစ်ခုကိုတော့ အရင်ဆုံး ပယ်ထုတ်ထားလိုက်မယ်၊ စုကျင်း]
[ ဟားဟားဟား.. စုကျင်းရဲ့ ပရိသတ်မှန်း သိသာတယ်! ဒီလူကတော့ ဘယ်တော့မှ စောစောထမဲ့လူ မဟုတ်ဘူး! ]
ထိုအချိန်မှာပင် စောင့်ဆိုင်းခန်း၏ တံခါးက အပြင်ဘက်မှ ပွင့်သွားခဲ့၏။
ပထမဆုံး ဧည့်သည်က ကင်မရာ၏ အရှေ့တွင် ပေါ်လာသည့်အချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှုမှ မှတ်ချက်များအားလုံး ခဏမျှ တိတ်ဆိတ်သွားရသည်။
ထို့နောက်တွင် မေးခွန်းသင်္ကေတများဖြင့် ဖန်သားပြင်ထက်တွင် ပြန်လည်၍ ပြည့်နှက်သွားလေတော့သည်။
(?)
ထိုဧည့်သည်က နေကာမျက်မှန် အကြီးစားကို တပ်ထားပြီး ကောင်းဘွိုင်ဦးထုပ်ကို ဆောင်းထားသော်လည်း၊ သူ၏ မြင့်မားသော ခန္ဓာကိုယ်နှင့် ရင်းနှီးနေသော မျက်နှာအောက်ဘက်ကြောင့် ကြည့်ရှုသူများက သူ့ကို ချက်ချင်းပင် မှတ်မိသွားကြ၏။
[ ပထမဆုံး ဧည့်သည်က တကယ်ပဲ စုကျင်းလား! ]
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသူများကသာ အံ့အားသင့်သွားကြသည်မဟုတ်ပေ။
ဒါရိုက်တာ ကျိုးထင်
လည်း ဤမြင်ကွင်းကို မြင်လိုက်ရသည့်အချိန်တွင် အံ့သြတကြီးဖြင့် မျက်ခုံးကိုပင့်လိုက်မိ၏။
“ဒါမျိုးဖြစ်လာလိမ့်မယ်လို့ မထင်ထားမိဘူး”
*
အခန်း(10)
ဤအစီအစဉ်ကို မရိုက်ကူးမီက ကျိုးထင်အနေဖြင့် စုကျင်းနှင့် တစ်ခေါက်မျှ အလုပ်မတွဲဖူးပေ။
သို့သော် အသိုင်းအဝိုင်းထဲမှ ကောလာဟလများအရ စုကျင်းကဲ့သို့သော နာမည်ကြီး အနုပညာရှင်အများစုက စိတ်ကြီးပြီးအလုပ်လုပ်ရခက်သည်ဟု ကြားထားဖူးသည်။
ကျိုးထင် စိတ်ထဲမှသာ သက်ပြင်းချလိုက်မိတော့၏။
“ကောလဟာဟအမြင်တွေက တကယ့်ကို အန္တရာယ်များတာပဲ”
စုကျင်း အထဲသို့ ဝင်လာပြီးနောက်တွင် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သော်လည်း သေးငယ်သော ခန္ဓာကိုယ်လုံးကို မတွေ့ရပေ။
“မရောက်သေးဘူးပဲ”
စုကျင်း ခပ်တိုးတိုး ရေရွတ်လိုက်ပြီးနောက်တွင် နှာခေါင်းတစ်ချက် ရှုံ့လိုက်မိသည်။
သူက အဲဒီကလေးမလေးက ရောက်လာတာပဲဖြစ်ဖြစ်၊ မရောက်လာတာပဲဖြစ်ဖွစ် ဂရုမစိုက်ဘူး!
သူက အဲဒီကလေးမလေးအတွက် ဒီလောက်စောစော ထလာခဲ့တာလည်း မဟုတ်ပါဘူး!
စုကျင်းက စောင့်ဆိုင်းခန်းရှိ ဆိုဖာပေါ်တွင် ထိုင်ချလိုက်ကာ မျက်လုံးများကို မှိတ်ထားလိုက်ပြီး လောကကြီးနှင့် အဆက်အသွယ်ဖြတ်ထားသယောင် ဟန်ဆောင်နေခဲ့လေ၏။
သို့သော် တိုက်ရိုက်ထုတ်လွှင့်မှုမှ ကြည့်ရှုသူများက စုကျင်း၏ စကားများကို လွတ်သွားခြင်းမရှိပေ။
[ ဘယ်သူလဲ၊ စုကျင်းက တစ်ယောက်ယောက်ကို စောင့်နေတာလား ]
[ ဒီအစီအစဉ်ထဲမှာ ပါဝင်တဲ့ ဧည့်သည်တွေထဲမှာ စုကျင်းနဲ့ သိတဲ့သူက ပါနေလို့လား ]
[ အရင်က စုကျင်းနဲ့ ဇာတ်လမ်းတွဲကို အတူ ရိုက်ခဲ့ဖူးတဲ့ ချင်းရွှမ်များလား ]
ပရိတ်သတ်များက စိတ်လှုပ်ရှားစွာဖြင့် ဆွေးနွေးနေကြချိန်မှာပင် ဧည့်သည်များက စောင့်ဆိုင်းခန်းသို့ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြသည်။
အကြိုမိတ်ဆက်ဗီဒီယို တိုက်ရိုက်ထုတ်လွှင့်မှုတုန်းက အနုပညာရှင်များနှင့် ချစ်စဖွယ်ကောင်းသော ကလေးငယ်များက ဆုံတွေ့ခဲ့ပြီးသား ဖြစ်၏။
ကလေးငယ်များက စောင့်ဆိုင်းခန်းထဲသို့ တစ်ဦးချင်းစီ ဝင်လာကြပြီးနောက် သူတို့၏ “
အလုပ်သင်မိဘများက ပေါ်လာသည်နှင့် သူတို့ထံသို့ အပြေးသွားကြလေသည်။
တခြားသော အလုပ်သင်မိဘနှင့် ကလေးများက တွဲဖက်လေးစုံလုံးက စုံညီသွားသော်လည်း စုကျင်းတစ်ယောက်တည်းကသာ ဆိုဖာပေါ်တွင် တစ်ကိုယ်တည်းထိုင်နေရဆဲပင်။
စုကျင်းက တည်ငြိမ်သယောင် ဆောင်နေခဲ့သော်လည်း တိုက်ရိုက်ထုတ်လွှင့်နေသည့် ကင်မရာ၏ အောက်တွင် သူ၏ သေးငယ်သော လှုပ်ရှားမှုတိုင်းက ဖုံးကွယ်ထား၍ မရနိုင်ပါပေ။
ကြည့်ရှုသူတိုင်းက စုကျင်းကို စောင့်ကြည့်နေကြပြီး ထိုသူက (၃၀) စက္ကန့်ခြားတစ်ခေါက်လောက် တံခါးဘက်သို့ လှမ်းကြည့်လိုက်၊ မသိမသာ ဆံပင်ကို သပ်လိုက်နှင့် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
[ စုကျင်း.. ပွင့်ပွင့်လင်းလင်းပဲ ကြည့်လိုက်ပါတော့လား၊ ဒါက သိသာလွန်းနေပြီလေ! ]
[ စုကျင်း : ငါသာ သေချာ ဟန်ဆောင်ထားရင် ဘယ်သူကမှ ငါ့ရဲ့ တကယ့်ရည်ရွယ်ချက်ကို မြင်မှာမဟုတ်ဘူး! ]
[ ဟားဟားဟား၊ တော်ပါတော့! မင်းရဲ့နဖူးပေါ်က ဆံပင်လေးတောင် ကျွတ်တော့မယ်! ]
[ ဆံပင် : TAT ငါက ဘာအပြစ်ကိုလုပ်ထားလို့ ဒီလို အနှိပ်စက်ခံနေရတာလဲ ]
စုကျင်း၏ အရှေ့ဆံပင်များက ပုံပျက်ပန်းပျက် ဖြစ်လုနီးပါး ရှိနေချိန်မှာပင် စောင့်ဆိုင်းခန်းထဲမှ အသံချဲ့စက်သံက ထွက်ပေါ်လာပြီး ကြေညာချက်တစ်ခု ထွက်လာလေသည်။
“ခရီးသည် စုကျင်း၊ ထွက်ခွာမည့် ခန်းမဆောင် Area A သို့ ကြွရောက်ပေးပါရန်၊
မင်းရဲ့ညီမလေး ထောင်ထောင်က လုံခြုံရေး စစ်ဆေးရေးဂိတ်မှာ မင်းကို စောင့်နေပါတယ်”
ကြေညာသံက စတင်သည်နှင့် စုကျင်း၏ လက်က လေထဲ၌ တောင့်ခဲသွားခဲ့၏။
နာမည် တူတာလား။
ထောင်ထောင် ဆိုသည့် နာမည်ကို ကြားလိုက်ရသည်နှင့် ဆိုဖာပေါ်တွင် အေးဆေးစွာ လဲလျောင်းနေသော စုကျင်းက ဝုန်းခနဲ ထရပ်လိုက်တော့သည်။
ဘေးပတ်ဝန်းကျင်မှ အကြည့်များကိုလည်း ဂရုမစိုက်နိာင်ခဲ့ပေ။
မည်သူကမျှ တုံ့ပြန်ချိန်မရမီမှာပင် သူက ဒါရိုက်တာကို ထားခဲ့ကာ ထွက်ခွာမည့် ခန်းမဆောင်ဆီသို့ လျှင်အြန်စွာ ပြေးထွက်သွားလေတော့၏။
ဒါရိုက်တာ ကျိုးထင်က အရင်ဆုံး သတိဝင်လာပြီး ပြောလိုက်လေသည်။
“ဘာကို စောင့်နေကြတာလဲ! အမြန် လိုက်သွားကြလေ!”
ထွက်ခွာမည့် ခန်းမဆောင် Area A တွင် လုံခြုံရေး စစ်ဆေးရန် တန်းစီနေသူတိုင်းက လားရာတစ်ခုတည်းသို့သာ လှည့်ကြည့်နေကြသည်။
ခရင်မ်ရောင် အပေါ်ဝတ်စုံကို ဝတ်ထားပြီး ကျောပိုးအိတ်လေးကိုလွယ်ထားသည့် ကောင်မလေးတစ်ဦးက ထိုနေရာတွင် တစ်ကိုယ်တည်း ရပ်နေ၏။
စိမ်းသက်နေသော လူစိမ်းများစွာနှင့် ရင်ဆိုင်နေရသော်လည်း သူမ၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှု မရှိဘဲ စူးစမ်းလိုစိတ်များဖြင့်သာ ပြည့်နှက်နေသည်။
ထောင်ထောင်က သူမ၏ စိတ်ထဲမှ စနစ်နှင့် စိတ်လှုပ်ရှားစွာ စကားပြောနေ၏။
[စနစ်ကျဲကျဲ! ဒီမှာက လူတွေက အများကြီးပဲနော်! ]
စနစ်က ထောင်ထောင်၏ စူးစမ်းမှုကို ပြန်မဖြေဘဲ သူ၏ ဒေတာများကိုသာ အဆက်မပြတ် စစ်ဆေးနေသည်။
[ဒါမျို မဖြစ်သင့်ဘူး၊ ငါက အင်တာနက်ပေါ်ကနေ လမ်းညွှန်စနစ်ကို သေချာ ဒေါင်းလုပ်ဆွဲထားတာပဲ၊ ဘယ်လိုလုပ် မှားနိုင်မှာလဲ]
ထောင်ထောင်က ခေါင်းလေးကိုစောင်းလိုက်ပြီး :[ မြေပုံက အသစ်မဟုတ်လို့လား ]
[ မဖြစ်နိုင်တာ! ငါက နောက်ဆုံးပေါ် စူပါအသိဉာဏ်ရှိတဲ့ စနစ်ပဲ! ငါက ပိုင်တု မြေပုံရဲ့ နောက်ဆုံးဗားရှင်းကို သေချာပေါက် ဒေါင်းထားတာ! ]
စနစ်က တရားသေ ဆုံးဖြတ်ချက်ချလိုက်လေ၏။
[ ဒါက ပိုင်တု မြေပုံရဲ့ ပြဿနာပဲ ဖြစ်ရမယ်! ]
ထောင်ထောင်က စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းလေးကို စောင်းလိုက်မိသည်။
စနစ်ကျဲကျဲရဲ့ အတွေးတွေက တကယ့်ကို နားလည်ရ ခက်တာပဲ။
လုံခြုံရေးက စစ်ဆေးရေးဂိတ်အနီးရှိ လူများက ထောင်ထောင်ကို စူးစမ်းစွာ ကြည့်နေကြရာမှ၊ လေဆိပ်မှ လူပျောက်ကြေညာသံကို ကြားလိုက်ရပြီးနောက်တွင် ပို၍ပင် စိတ်မအေး ဖြစ်လာကြလေတော့သည်။
“ဒါက ရိုက်ကူးရေးလုပ်နေတာလား”
“အိုး.. ဘုရားရေ! စုကျင်းက တကယ်ကြီး ဒီလေဆိပ်မှာ ရှိနေတာလား”
“ဘုရားရေ ၊ ဒီမှာပဲ ဆက်စောင့်နေရင် စုကျင်းကို တွေ့ရဖို့အတွက် အခွင့်အရေးရှိလောက်မလားမသိဘူး”
ပတ်ဝန်းကျင်ရှိ လူအုပ်ကြီး၊ အထူးသဖြင့် မိန်းကလေးများက စုကျင်းဆိုသည့် နာမည်ကို ကြားလိုက်ရသည်နှင့် စိတ်လှုပ်ရှားသွားကြလေ၏။
“ဒါဆိုရင် ဒီကလေးမလေးရဲ့ နာမည်က ထောင်ထောင်ပေါ့”
“ဒီအစီအစဉ်ရဲ့ နာမည်က ဘာတဲ့လဲ”
“ထောင်ထောင်လေး၊ သရက်သီးခြောက်ကို ကြိုက်လား”
လူအုပ်ထဲမှ ကျောပိုးအိတ်ကိုလွယ်ထားပြီး ဆံပင်နှစ်ဖက်ကျစ်ထားသည့် မိန်းကလေးတစ်ဦးက စမ်းသပ်မေးမြန်းလိုက်လေသည်။
သူမက ထောင်ထောင်၏ တောက်ပနေသော မျက်လုံးလေးများနှင့် ဆုံတွေ့သွားလေ၏။
“ကြိုက်တယ်~”
ကလေးသံလေးဖြင့် ပြန်ဖြေလိုက်သည်ကို ကြားရသည့်အချိန်တွင် မေးခွန်းမေးသည့် မိန်းကလေးက သူမ၏ ရင်ဘတ်ကို မသိစိတ်ဖြင့် ဖိလိုက်မိသည်။
မြားတစ်စင်းဖြင့် အပစ်ခံလိုက်ရသကဲ့သို့ပင် သူမ၏ ရင်ထဲ၌ အေးမြသွားတော့၏။
ဘုရားရေ! သူက တကယ်ကြီး ချစ်စရာကောင်းလွန်းတယ်!
လေဆိပ်ဘက်မှလည်း အခြေအနေကို ထိန်းသိမ်းရန်အတွက် ဝန်ထမ်းအင်အားကို ထပ်တိုးလွှတ်လိုက်ရ၏။
သို့သော် ကြည့်ရှုသူများက ထောင်ထောင်၏ အိတ်လေးထဲသို့ မုန့်များကို တစ်ခုပြီးတစ်ခု ထိုးထည့်နေကြသည်ကိုတော့ မတားဆီးနိုင်ခဲ့ပေ။
စုကျင်း ရောက်လာသည့်အချိန်တွင် ပတ်ဝန်းကျင်မှ အော်ဟစ်သံများ ချက်ချင်းပင် ထွက်ပေါ်လာတော့၏။
စုကျင်းက မျက်ခုံးကိုအနည်းငယ် တွန့်ချိုးလိုက်ပြီး ဝန်ထမ်းများ၏ အကူအညီဖြင့် လူအုပ်၏ ကြားထဲမှ အမြန်တိုးဝင်လာခဲ့သည်။
ဝန်ထမ်းများကို ကျေးဇူးတင်စကားကို ပြောပြီးနောက်တွင် သူက ထောင်ထောင်ကို မသိစိတ်ဖြင့်ပွေ့ချီလိုက်လေ၏။
အလေးချိန်က သူ့လက်မောင်းပေါ်သို့ ကျရောက်လာချိန်တွင် စုကျင်း၏ မျက်နှာက အနည်းငယ်တောင့်တင်းသွားခဲ့သည်။
ဝါး.. အတော်လေး လေးတာပဲ!
သို့သော် စုကျင်းက အမူအရာမပျက်ဘဲ သူ၏ ဘယ်ဘက်လက်ဖြင့် ထောင်ထောင်ကို အလျှင်အမြန် ပွေ့ချှ၍ လူအုပ်ကြားထဲမှ ကာကွယ်ပေးထားလိုက်လေသည်။
စုကျင်းက ထောင်ထောင်ကို ခေါ်ဆောင်သွားချိန်တွင် ပတ်ဝန်းကျင်မှ အသံများကလည်း တညီတညွတ်တည်း ထွက်ပေါ်လာတော့၏။
“မသွားပါနဲ့ဦး”
စုကျင်း၏ နှုတ်ခမ်းထောင့်များကအနည်းငယ် ပြုံးယောင်သန်းသွားခဲ့ရသည်။
သူ့ရဲ့ ဆွဲဆောင်မှုကတော့ အားကောင်းနေတုန်းပဲ။
ဒီမှာ သူ့ရဲ့ပရိသတ်တွေက အများကြီးကို ရှိနေတာကိုကြည့်လေ!
“..ထောင်ထောင်!”
စုကျင်း၏ အပြုံးက မျက်နှာပေါ်တွင် အပြည့်အဝ မပေါ်ရသေးမီမှာပင် အေးခဲသွားခဲ့ရ၏။
နှမြောတသဖြစ်စွာဖြင့် အော်ဟစ်သံများက ဆက်လက်၍ ထွက်ပေါ်နေပြီး စုကျင်း၏ နှလုံးသားကို အပေါက်ပေါင် တစ်ထောင်ဖြစ်အောင် ထိုးနှက်နေသကဲ့သို့ပင်။
“ထောင်ထောင်.. ငါ့ဆီမှာ သကြားလုံးတွေက ရှိသေးတယ်နော်!”
“အမဲသားခြောက် ကြိုက်လား၊ ဒီမှာ ရှိတာအားလုံးကို အကုန်ယူသွားလိုက်!”
“ဒီမှာ ပြည်ကြီးငါးရဲ့ လက်တံတွေရှိတယ်၊ ဒါက အရမ်းအရသာရှိတာ!”
ထိုအသံများကို ကြားရသည့်အချိန်တွင် ထောင်ထောင်၏ မျက်လုံးလေးများ တောက်ပသွားသည်။
သို့သော် သူမ၏ ဖောင်းကားနေသော အိတ်လေးကို စမ်းကြည့်လိုက်ပြီးနောက်တွင်တော့ နှမြောစွာဖြင့် သက်ပြင်းချလိုက်မိတော့သည်။
“ကျေးဇူးတင်ပါတယ် ကောကောတို့၊ ကျဲကျဲတို့! ထောင်ထောင်ရဲ့ အိတ်ကလည်း ပြည့်နေပြီ၊ လက်ထဲမှာကလည်း မဆံ့တော့ဘူး”
ထိုအချိန်မှသာ စုကျင်းက ထောင်ထောင်၏ အိတ်လေးက မုန့်များဖြင့် ပြည့်လျှံနေပြီး အချိန်မရွေး ပြုတ်ကျတော့မည့်အခြေအနေ ဖြစ်နေသည်ကို သတိပြုမိတော့၏။
ထောင်ထောင်၏ လက်လေးနှစ်ဖက်တွင်လည်း lollipopများဖြင့် ပြည့်နေခဲ့၏။
ထောင်ထောင်၏ စကားအဆုံးတွင် မုန့်များကို ထပ်ပေးချင်နေသော လူအုပ်ကြီးက တွန့်ဆုတ်စွာဖြင့် လက်များကို ပြန်ချလိုက်ကြရသည်။
စုကျင်းက သူမကို ပွေ့ချီသွားချိန်တွင် ထောင်ထောင်က သူ၏ ပုခုံးပေါ်တွင် မေးတင်လိုက်ပြီး lollipopများက ပြည့်နေသော လက်လေးများကို မြှောက်၍ စိတ်အားထက်သန်သော ကောကော၊ ကျဲကျဲများကို လိမ္မာစွာ နှုတ်ဆက်လိုက်လေ၏။
“တာ့တာ ကော်ကောတို့၊ ကျဲကျဲတို့~”
ထောင်ထောင်နှင့် အောင်မြင်စွာ ပြန်လည်၍ ဆုံတွေ့ပြီးနောက်မှသာ ဒါရိုက်တာကျိုးထင်တစ်ယောက် သက်ပြင်းကို ချနိုင်တော့သည်။
သူမ စိတ်သက်သာရသွားသည့် ခဏမှာပင် သူမ၏ နောက်ကျောတစ်ခုလုံးက ချွေးများဖြင့် စိုရွှဲနေသည်ကို ခံစားလိုက်ရ၏။
ထောင်ထောင်ကို ပြန်တွေ့လို့ တော်သေးတာပေါ့။
အကယ်၍ ပထမဆုံးအပိုင်းကို တိုက်ရိုက်လွှင့်နေချိန်တွင် ကလေးတစ်ယောက် ပျောက်သွားမည်ဆိုပါက..
ဖြစ်လာနိုင်သည့် နောက်ဆက်တွဲများကို တွေးမိရုံနဲ့တင် ကျိုးထင်၏ တစ်ကိုယ်လုံးက ကြက်သီးထသွားရတော့သည်။
ဘေးအန္တရာယ်မှ လွတ်မြောက်သွားပြီးနောက်တွင် ကျိုးထင်၏ မျက်လုံးထဲတွင် ဒေါသရိပ်များ ဖြတ်ပြေးသွားခဲ့၏။
သူမ မတိုင်မီက ဝန်ထမ်းများကို စုံစမ်းခိုင်းထားပြီးပြီ။
ယနေ့ အစီအစဉ်အရ ဝန်ထမ်းများမှာ ကလေး၏ မိဘများထံသို့ စောင့်ဆိုင်းခန်း တည်နေရာကို ကြိုတင်ပို့ပေးထားခဲ့၏။
ကျန်ရှိနေသော ကလေးလေးယောက်လုံးကို လူကြီးများမှ စောင့်ဆိုင်းခန်းအထိ လာရောက်ပို့ပေးပြီး ဝန်ထမ်းများထံသို့ အပ်နှံခဲ့ကြသည်။
ထောင်ထောင်၏ ဖခင်တစ်ယောက်တည်းကသာ လေဆိပ်၏ အဝင်မှာကတည့်က ကလေးကိုထားခဲ့ပြီး တစ်ယောက်တည်း ထွက်သွားခဲ့ခြင်း ဖြစ်၏ ။
ထောင်ထောင်က လေဆိပ်မှဝန်ထမ်းများကို အကူအညီတောင်းလောက်သည်အထိ ဉာဏ်ကောင်းနေ၍သာပင်။
မဟုတ်ပါက သူတို့ ပြန်တွေ့ရန် အတော်လေး အချိန်ကြာသွားလိမ့်မည်။
ကိစ္စက အဆင်ပြေပြေ ပြီးသွားလို့တော်သေးတာပေါ့။
ဒီလိုမှမဟုတ်ရင်တော့ ..
ကျိုးထင်၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းတစ်ခု ဖြတ်ပြေးသွားခဲ့၏။
*