← Chapters

အခန်း (၁၁-၁၂)

Vol. 2 Ch. 11-12

အခန်း (၁၁-၁၂)

Vol. 2 Ch. 11-12

အခန်း(11)

စုကျင်းက ထောင်ထောင်ကို စောင့်ဆိုင်းခန်းထဲသို့ ပွေ့ချီလာချိန်တွင် စနစ်က ချက်ချင်းပင် စိတ်လှုပ်ရှားသွားတော့သည်။

စောင့်ဆိုင်းခန်းထဲသို့ ဝင်လိုက်သည်နှင့် စနစ်က အဓိက ဇာတ်ကောင်များ၏ အချက်အလက်များကို ထောက်လှမ်းမိလိုက်လေ၏။

ဇာတ်လိုက်၊ဇာတ်လိုက်မ၊ ဒုတိယဇာတ်လိုက်၊ ဗီလိန်..

လူတိုင်းက ကလေးဘဝတွင် ရှိနေသေးသည်။

လူတိုင်းက စောင့်ဆိုင်းခန်း တစ်ခုတည်းမှာပဲ!

စနစ်၏ လည်ပတ်နှုန်းက စိတ်လှုပ်ရှားမှုကြောင့် မြန်ဆန်လာခဲ့သည်။

မစ်ရှင်တစ်ခုကို အပြီးသတ်ဖို့အတွက် ဘယ်လောက်တောင် ကောင်းမွမ်တဲ့ အခွင့်အရေးလဲ!

အရန်ဇာတ်ကောင် ဗီလိန်မလေးရဲ့ မစ်ရှင်ကို ပြီးမြောက်ဖို့အတွကက်အခွင့်အရေးက အရှေ့မှာတင် ရှိနေပြီ!

စုကျင်းက ထောင်ထောင်ကို အောက်သို့ချလိုက်ပြီးနောက် သူ၏ လက်မောင်းကို မသိမသာ ပွတ်လိုက်မိ၏။

နည်းနည်းတော့ ကိုက်ခဲသွားတာပဲ။

ထောင်ထောင်က စောင့်ဆိုင်းခန်းထဲကို စူးစမ်းစွာဖြင့် ကြည့်နေချိန်တွင်ပင် စနစ်၏ အသံက သူမ၏ စိတ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။

[ထောင်ထောင်! ဘယ်ဘက်က ကောင်မလေးကို တွေ့လား ]

ထောင်ထောင်က မျက်တောင်လေးကိုခတ်၍ စနစ်က ညွှန်ပြသည့် ဘက်သို့ ကြည့်လိုက်လေသည်။

ထိုနောက်တွင် ကျောင်းဝတ်စုံကိုဝတ်ထားပြီး အေးဆေးတည်ငြိမ်စွာ ရှိနေသော ကောင်မလေးတစ်ဦးကို တွေ့လိုက်ရ၏။

[အဲဒါက ဇာတ်လိုက်မပဲ!]

[ဒီနေ့ မင်းရဲ့ ပထမဆုံး မစ်ရှင်က အဲဒီဇာတ်လိုက်မကို သွားပြီးတော့ ရန်စရမယ်! သူ့ဆီက အဖိုးတန်တဲ့ ပစ္စည်းတစ်ခုခုကို လုယူလိုက်တော့! ]

ရန်စရမယ်?

လုယူရမယ်?

ထောင်ထောင်က ခေါင်းလေးကိုစောင်းလိုက်ပြီး သူမ၏ မျက်လုံးထဲတွင် တစ်စုံတစ်ခုကို နားလည်သွားသည့် အမူအရာလေးက ပေါ်လာခဲ့သည်။

ထောင်ထောင် ဝင်လာကတည်းက ကုရှန်ရှန်က တံခါးဝရှိ ကောင်မလေးကို မြင်ခဲ့ပြီး သူမ၏မျက်ဝန်းများက တောက်ပသွားခဲ့၏။

နူးညံ့သော အမည်းရောင်ဆံပင်လေးများက ပါးပြင်၏ ဘေးဘက်တွင် ဝဲကျနေပြီး တခြားဆံပင်များက ကျောပြင်ထက်တွင် ရှိနေကာ ခေါင်းလေးကို စောင်းလိုက်လျှင် အလိုက်သင့် လှုပ်ရှားနေသည်။

သူမ၏ ပါးပြင်လေးများကလည်း အလွန်နူးညံ့ပုံရပြီး လက်နှင့် အသာတို့လိုက်ရုံနှင့်ပင် အမှတ်အသားက ထင်ကျန်သွားမည့်ကဲသို့ထင်ရသည်။

အလင်းရောင်က သူမအပေါ်သို့ ကျရောက်နေသောကြောင့် သူမ၏ မျက်ဝန်းလေးများက လှပစွာ တောက်ပနေခဲ့၏။

သူမက ကုရှန်ရှန်၏ အကြိုက်ဆုံး အရုပ်လေးနှင့် တူလွန်းသည်။

သူမ၏ အရုပ်လေး နီးကပ်လာသည်ကို မြင်သည့်အချိန်တွင် ကုရှန်ရှန်က စိတ်လှုပ်ရှားစွာဖြင့် စိုက်ကြည့်နေမိလေ၏။

ထောင်ထောင်က ယိုင်တိုင်တိုင်ဖြင့် ကုရှန်ရှန်ဆီသို့ လျှောက်သွားခဲ့သည်။ သူမက lollipopကို တင်းတင်းကိုင်ထားခဲ့ပြီး သူမ၏ အကြည့်က

ကုရှန်ရှန်၏ လက်ထဲက ဂျယ်လီသကြားလုံးလေးများဆီသို့ ကျရောက်သွားခဲ့သည်။

“အားနာပါတယ်.. အားနာပါတယ်.. ထောင်ထောင်ကို ဂျယ်လီသကြားလုံးလေးကို တစ်ခုလောက်ကို ပေးလို့ရမလား”

ထောင်ထောင်က သူမ၏ ကလေးသံလေးဖြင့် ‘ရန်စ’လိုက်ပြီးနောက်၊ သူက သင်ယူထားသည့် ယဉ်ကျေးမှု ကို သတိရသွားကာ lollipop တစ်ခုကို ကုရှန်ရှန်ထံသို့ လှမ်းပေးလိုက်လေသည်။

“ထောင်ထောင်ရဲ့lollipop နဲ့ လဲမယ်လေ!”

ထောင်ထောင်၏ ချိုသာလွန်းသော ကလေးသံလေးကို ကြားလိုက်ရသောကြောင့် ကုရှန်ရှန်က မသိစိတ်ဖြင့် သူမ၏ ဂါဝန်စကို တင်းကြပ်ဆုပ်ကိုင်မိသွား၏။

အို ဘုရားရေ! ချစ်စရာကောင်းလိုက်တာ!

သူမက ပျော်လွန်း၍ ရူးမတတ်ပင် ခံစားလိုက်ရ၏။

ဤအစီအစဉ်တွင် ပါဝင်ရခြင်း၏ လက်ဆောင်က ဤကလေးမလေးများလား။

စနစ်ကတော့ အမှန်တကယ်ကို ရူးချင်သွားရသည်။

ထောင်ထောင်! ဒါက ဘယ်နေရာမှာ ရန်စတာလဲ!

ဒါက အစီအစဉ်မှာ ပါဝင်ရတဲ့ အပြစ်ပေးမှုလား!

စနစ်က စိတ်ပျက်အားလျော့နေချိန်မှာပင် ကုရှန်ရှန်က ထောင်ထောင်၏ တောက်ပနေသော မျက်လုံးလေးများကို မလွန်ဆန်နိုင်ဘဲ သူမ၏ လက်ထဲရှိ ဂျယ်လီသကြားလုံးအိတ် တစ်အိတ်လုံးကို ထောင်ထောင်၏လက်ထဲသို့ ထည့်ပေးလိုက်တော့သည်။

“ဒီမှာ၊ ဒါက နင့်အတွက်!”

“ဝါး”

ထောင်ထောင်က အရောင်စုံ ဂျယ်လီအိတ်ကြီးကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ရင်း အံ့သြတကြီးဖြင့် အော်လိုက်မိ၏။

ဂျယ်လီအိတ်လေးက ထောင်ထောင်၏ လက်ထဲသို့ ရောက်သွားသည်နှင့် စနစ်မှာလည်း မစ်ရှင်တိုးတက်မှုဘားတွင် မစ်ရှင်အောင်မြင်သည်ဟု ရုတ်တရက် ပေါ်လာပြီး သိသာစွာ တိုးတက်သွားသည်ကို မြင်လိုက်ရသောကြောင့် ထိတ်လန့်သွားရတော့သည်။

ဘာတွေကို ဖြစ်ကုန်တာလဲ!

ထောင်ထောင်နှင့် ကုရှန်ရှန်တို့ စကားပြောနေသည့်အချိန်တွင် အနားတွင် ရပ်နေသည့် ကောင်လေးတစ်ဦးလည်း လျှောက်လာခဲ့သည်။

“မုန့်တွေ လဲနေကြတာလား”

ထောင်ထောင်က မျက်တောင်လေးကိုခတ်၍ ချဉ်းကပ်လာသည့် ကောင်လေးကို ကြည့်လိုက်ပြီး အပေါ်သို့ အနည်းငယ် မော့ကြည့်လိုက်ရ၏။

အရမ်းကို အရပ်ရှည်တာပဲ!

ထောင်ထောင်၏ထက်ပင် ခေါင်းတစ်လုံးစာလောက် ပိုမြင့်နေသည် မဟုတ်ပါလား။

“ဟုတ်တယ်”

ထောင်ထောင်က ပါးချိုင့်လေးနှစ်ဖက်ကို ပေါ်လာသည်အထိ ပြုံးပြလိုက်လေသည်။

ကောင်လေး၏ မျက်လုံးလေးများက တောက်ပသွားကာ မေးလိုက်လေ၏။

“ငါလည်း ပါလို့ရမလား”

ထိုကောင်လေး ချဉ်းကပ်လာသည်နှင့် စနစ်က ထောင်ထောင်၏ စိတ်ထဲတွင် ချက်ချင်းပင် အော်ဟစ်လေတော့သည်။

စနစ်: [ ရတယ်လို့ ပြောလိုက်! အဲဒါက ဇာတ်လိုက်ပဲ! ]

စနစ်: [ ဇာတ်လိုက်နဲ့ ဇာတ်လိုက်မတို့ရဲ့ ပထမဆုံး အရေးကြီးတဲ့ ဆုံတွေ့မှုကို ဖျက်ဆီးပစ်ရမယ်၊ ဒါက အရန်ဇာတ်ကောင်ဗီလိန်မလေးရဲ့ အရေးကြီးတဲ့ မစ်ရှင်ပဲ! ]

စနစ်၏ အသံကြောင့် ထောင်ထောင် ထိတ်လန့်သွားရပြီး စကားပြောရန်အတွက် အခွင့်အရေးကို လွတ်သွားခဲ့၏။

ကုရှန်ရှန်က အရင်ဦးအောင် ပြောလိုက်လေသည်။

“မရဘူး”

ကောင်လေးက ချဉ်းကပ်လာကတည်းက ကုရှန်ရှန်၏ စိတ်ထဲတွင် မကျေမနပ်ဖြစ်နေခဲ့သည်။

ထိုကောင်လေးက ထောင်ထောင်ကို မေးခွန်းမေးလိုက်သည့်အချိန်တွင်တော့ သူမက ချက်ချင်းပင် ဒေါသထွက်သွားခဲ့ရ၏။

ကုရှန်ရှန်၏ စကားကို ကြားလျှင် ကောင်လေးက မျက်မှောင်ကြုတ်လျက် သူမကို ကြည့်၍ မေးလိုက်လေ၏။

“မင်းက ဘယ်သူလဲ”

ကုရှန်ရှန်က လက်ကို ပိုက်လိုက်ပြီး သူမကိုယ်သူမ မိတ်ဆက်လိုက်လေသည်။

“ကု.. ရှန်.. ရှန်”

ထို့နောက်တွင် ကောင်လေးကို ပြန်ကြည့်၍ မေးလိုက်လေ၏။

“နင်ကရော”

ကောင်လေးက မေးစေ့ကို အနည်းငယ် မြှောက်လိုက်ပြီး ဖြေလိုက်သည်။

“ငါ့ရဲ့နာမည်က ချောင်ဟောက်ယွီ ပဲ”

သူတို့နှစ်ဦး၏ အကြည့်ချင်းက ဆုံလိုက်သည့် ခဏမှာပင် လေထဲ၌ လျှပ်စစ်မီးပွားများက ထွက်ပေါ်လာသကဲ့သို့ ခံစားလိုက်ရ၏။

စနစ်ကတော့ ထောင်ထောင်၏ စိတ်ထဲတွင် စိတ်လှုပ်ရှားစွာဖြင့် အော်နေဆဲပင်။

[ ဟုတ်ပြီ၊ ဟုတ်ပြီ! အဲဒါပဲ! ]

[ ဇာတ်လိုက်နဲ့ ဇာတ်လိုက်မတို့ရဲ့ ပထမဆုံး ဆုံတွေ့မှုကို ခွဲပစ်လိုက်ပြီ၊

သူတို့နှစ်ယောက်လုံးက ဒါတွေကို ဖြစ်စေတဲ့ ဗီလိန်မလေးကို မုန်းကြလိမ့်မယ်!

အဲဒါက သူတို့နှစ်ယောက်ရဲ့ သံယောဇဉ်ကို ပိုပြီးတော့တိုးစေလိမ့်မှာ! ]

[ ထောင်ထောင်! မင်းက တကယ့်ကို တော်တာပဌ်! ]

စနစ်၏ ချီးကျူးမှုကို ကြားရသည့်အချိန်တွင် ထောင်ထောင်က အကြောင်းရင်းကို နားမလည်သော်လည်း ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းလေးကို ကုတ်နေမိ၏။

သူတို့နှစ်ဦးလုံးက မိတ်ဆက်ပြီးသွားချိန်တွင် ထောင်ထောင်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေသည်။

“ထောင်ထောင်ရဲ့နာမည်က ထောင်ထောင်ပါ၊ ထောင်ထောင်လို့ပဲခေါ်လို့ရပါတယ်”

“ထောင်ထောင်.. ငါတို့တွေ မုန့်သွားလဲကြရအောင်”

ကုရှန်ရှန်က ထောင်ထောင်ထံသို့ လက်လှမ်းပေးရင်း ပြောလိုက်လေ၏။

“ငါ့မှာလည်း မုန့်တွေက အများကြီး ရှိတယ်၊ ငါ့ကိုလည်း ထည့်တွက်ဦးလေ”

ချောင်ဟောက်ယွီက ချက်ချင်းပင် လက်ကိုမြှောက်လိုက်လေသည်။

ကုရှန်ရှန်က ချောင်ဟောက်ယွီကို ကြည့်၍ အေးစက်စွာပင် မေးလိုက်၏။

“နင့်ဆီမှာ အမဲသားခြောက်ရှိလား”

“ရှိတယ်”

“ပြည်ကြီးငါး အမျှင်တွေရော”

“ရှိတယ်”

“ရေညှိလိပ်ရော ရှိလား”

ဤမေးခွန်းက ချောင်ဟောက်ယွီကို အကျပ်ရိုက်သွားစေပြီး သူ၏ မျက်နှာက စိတ်ရှုပ်ထွေးစွာ ဖြစ်သွား၏။

“ရေညှိလိပ်လား”

ကုရှန်ရှန်က အောင်နိုင်သူတစ်ယောက်ကဲ့သို့ ပြုံးလိုက်ပြီးနောက် ထောင်ထောင်ထံတွင် နောက်ဆုံးရလဒ်ကို ကြေညာလိုက်လေသည်။

“ထောင်ထောင်.. လာခဲ့ ငါတို့က ရေညှိလိပ် သွားလဲကြရအောင်!”

ထောင်ထောင်က သူတို့နှစ်ဦး၏ကြားတွင်ရှိသော ထူးဆန်းသော လေထုကို လုံးဝကို သတိမထားမိဘဲ ချောင်ဟောက်ယွီကို ပြုံးပြ၍ ခေါင်းငြိမ့်ပြလိုက်လေ၏။

“ဒါဆိုရင် ထောင်ထောင်တို့ အရင်သွားလဲလိုက်ဦးမယ်နော်”

ထိုသို့ပြောပြီးနောက် ကုရှန်ရှန်က ထောင်ထောင်ကို အခန်း၏ တခြားတစ်ဖက်သို့ ဆွဲခေါ်သွားလေတော့သည်။

ချောင်ဟောက်ယွီတစ်ယောက်တည်းသာ ကျန်ရစ်ခဲ့ရပြီး သူတို့ကထွက်သွားသည်ကိုကြည့်ကာ မကျေမနပ် ဖြစ်ကျန်ခဲ့၏။

ခေတ္တအကြာတွင် ချောင်ဟောက်ယွီက ခြေဆောင့်၍ နှာခေါင်းရှုံ့ပြီး ပြောလိုက်လေသည်။

“မလဲလည်း နေပေါ့! ဘယ်သူက ဂရုစိုက်လို့လဲ!”

[ ဟားဟားဟား၊ ဒါက တကယ့်ဒရမ်မာပဲ! စိတ်လှုပ်ရှားဖို့ ကောင်းလိုက်တာ! ]

[ ချောင်ဟောက်ယွီ : အားနည်းတယ်၊ သနားစဖွယ်ကောင်းတယ်၊ အကူအညီမဲ့နေတယ် ]

[ ချောင်ဟောက်ယွီ ဘာမှားလို့လဲ၊ သူက ရေညှိလိပ် မပါလာမိတာပဲ ရှိတာကို (ကျယ်ကျယ်အော်ပြော) ]

[ ဟီးဟီး၊ သနားစရာကောင်းတဲ့ ချောင်ဟောက်ယွီလေး၊ ရေညှိလိပ်လေးကိုတောင် မရှိရှာဘူး (ဟန်ဆောင်ပြီးငို) ]

[ ခုနက ခဏလေးအတွင်းမှာကို စစ်ပွဲ အနံ့မျိုး ရလိုက်သလိုပဲ ]

[ အံ့သြစရာပဲ! အစီအစဉ်ထဲက ဇာတ်လိုက်နဲ့ ဇာတ်လိုက်မက ရန်ဖြစ်ကြပြီ၊ အဲဒါအားလုံးက သူမကြောင့်ပဲ ]

[ ရယ်ရလွန်းလို့ သေတော့မယ်၊ ဒါက တကယ့်ကို Marketing Account တွေရဲ့ ခေါင်းစဉ်မျိုးပဲ ]

တိုက်ရိုက်လွှင့်ခန်းမှ မှတ်ချက်များက ပျော်ရွှင်စရာ လေထုဖြင့် ပြည့်နှက်နေ၏။

ပျော်ရွှင်မှုထဲတွင် နစ်မြောနေသည့် စနစ်မှာတော့ ဇာတ်လိုက်နှင့် ဇာတ်လိုက်မကြားမှ နှစ်သက်မှုအဆင့်က ရုတ်တရက် ကျဆင်းသွားပြီး ပြန်တက်မလာသည်ကို တွေ့လိုက်ရသောကြောင့် လည်ပတ်မှုပင် မှားယွင်းသွားတော့သည်။

[ဘာတွေကို ဖြစ်ကုန်တာလဲ! ]

[ ဇာတ်လိုက်နဲ့ ၍ ဇာတ်လိုက်မရဲ့ နှစ်သက်မှုက ချက်ချင်းပြန်တက်လာရမှာ မဟုတ်လား! ]

ကလေးများ ဆော့ကစားနေသည့်အချိန်တွင် စုကျင်းက အနားသို့ မသွားသော်လည်း သူ၏ အကြည့်က ထောင်ထောင်ထံသို့သာ ကျရောက်နေခဲ့၏။

ထောင်ထောင်က တခြားသော ကလေးများနှင့် အဆင်ပြေပြေ ကစားနေပြီး အနိုင်ကျင့်မခံရသည်ကို သတိပြုမိလိုက်မှသာ စုကျင်းက စိတ်သက်သာရာရသွားကာ အခန်းထဲရှိ တခြားသော ဧည့်သည်များနှင့် စကားပြောဆိုလာခဲ့သည်။

ဤအစီအစဉ်တွင် ပါဝင်သည့် ဧည့်သည်များထဲမှ စုကျင်းက ချင်ရွှမ်နှင့် ဇာတ်လမ်းတွဲကို ရိုက်ကူးဖူးပြီး၊ တင်ဆက်သူ တန်ကျစ်ရှီနှင့်လည်း ဆုံဖူး၏။

ကျန်သည့် ဧည့်သည်နှစ်ဦးဖြစ်သော အဆိုတော်နှင့် အကအဖွဲ့မှ ရှန်ထျန်းယွီ နှင့် dancer ကုန်းယာင်တို့နှင့်တော့ တစ်ကြိမ်မျှ မဆုံဖူးပါချေ။

ဧည့်သည်များအားလုံး စုံလင်သွားချိန်တွင် အစီအစဉ် တင်ဆက်သူက လူတိုင်းကို စုစည်းလိုက်ပြီးနောက် ဧည့်သည်အုပ်စုငါးစုကို ပရိသတ်နှင့် မိတ်ဆက်ပေးလေသည်။

ပရိသတ်များမှာ အနုပညာရှင်များကို သိရှိပြီးသားဖြစ်၏။

ထို့ကြောင့် ယခုတစ်ကြိမ်တွင် တင်ဆက်သူက ချစ်စဖွယ်ကောင်းသော ကလေးငယ်များကိုသာ အာရုံစိုက်၍ မိတ်ဆက်ပေးခဲ့သည်။

*

အခန်း(12)

ပထမဆုံးအုပ်စုက မင်းသမီး ချင်ရွှမ်နှင့် သူမ၏ အလုပ်သင် သားလေး မုန်လျို့ပင် ဖြစ်သည်။

ကောင်လေးက ဗြိတိန်စတိုင် ကျောင်းဝတ်စုံလေးကို ဝတ်ဆင်ထားပြီး သူ၏ မျက်နှာအမူအရာက အရွယ်နှင့် မလိုက်အောင် တည်ငြိမ်ရင့်ကျက်နေ၏။

သူ၏ ဝါသနာကို မေးမြန်းသည့်အချိန်တွင် မုန်လျို့က နူးညံ့စွာ ပြန်ဖြေလေ၏။

သူ၏ အသံက တယောသံကဲ့သို့ ကြည်လင်နူးညံ့နေခဲ့သည်။

“မနှစ်ကတော့ ကျွန်တော်က ရှေးဟောင်းတရုတ်ကဗျာတွေကို ဖတ်ရတာကို ကြိုက်ပါတယ်၊ ဒီနှစ်မှာတော့ သမိုင်းစာအုပ်တချို့ကို ဖတ်ရတာကို ပိုကြိုက်လာတယ်”

“သမိုင်းကာတွန်းတွေကိုရော ဖတ်ဖူးလား”

မုန်လျို့က ခေါင်းကိုခါပြလိုက်လေသည်။

“ကာတွန်းတွေမှာက အချက်အလက်က နည်းလွန်းတယ်၊ ကျွန်တော်က အချိန်ကို အကျိုးရှိရှိ သုံးချင်တဲ့အတွက်ကြောင့် စာသားအများကြီးပါတဲ့ စာအုပ်တွေကိုပဲ ပိုပြီးတော့ တန်ဖိုးထားပါတယ်”

[ ဝါး! ]

“ဒီလောက် ငယ်ငယ်လေးနဲ့ သမိုင်းစာအုပ်တွေကို ဖတ်ရတာကို ကြိုက်တယ်တဲ့၊ အံ့သြစရာပဲ!”

[ ငါက မှတ်မိသလောက်ဆိုရင် မုန်လျို့က အသက် (၇) နှစ်ပဲ ရှိသေးတာ မဟုတ်ဘူးလား ]

[ အသက် (၂၀) ကျော် တက္ကသိုလ်ကျောင်းသားတစ်ယောက်ကတော့ ကြောင်အ သွားရပြီ ]

[ အသက် (၃၀) ကျော် ရုံးဝန်ထမ်းတစ်ယောက်ကတော့ ငိုနေပြီ ]

[ (၁၇) နှစ်အရွယ် အထက်တန်းကျောင်းသားတစ်ယောက်ကတော့ လဲလျောင်းပြီး အားကျနေရုံပဲ ]

[ ဘုရားရေ! ဒါက ကြောက်စရာ ကောင်းလွန်းတယ်! ]

စနစ်: [ ဒါကမှ ဒုတိယဇာတ်လိုက် ပီသတာ! ဇာတ်လိုက်က ဇာတ်လိုက်မရဲ့အတွက်ဆိုရင် ဒုတိယဇာတ်လိုက်ကတော့ လူတိုင်းရဲ့အတွက်ပဲ!

ဒီလို နူးညံ့ပြီးတော့ စိတ်ထားကောင်းတဲ့ လူမျိုးကိုမှ တကယ့် ပြည့်စုံတဲ့ ဒုတိယဇာတ်လိုက်လို့ ခေါ်နိုင်တာ! ]

မုန်လျို့၏ အဖြေကို ကြားရသည့်အချိန်တွင် စုကျင်းက မည်သည့်အမူအရာကိုမျှ မပြသော်လည်း ထောင်ထောင်ကို တစ်ချက် လှမ်းကြည့်လိုက်မိ၏။

ခုနက အခန်းထဲတွင် သူက တခြားသော ကလေးများ၏အကြောင်းကို စုံစမ်းကြည့်ခဲ့ပြီးဖြစ်ကာ သူတို့အားလုံးတွင် ထူးခြားသော ပါရမီကိုယ်စီ ရှိကြသည်။

သို့သော် သူ၏ အမြင်အရ ထောင်ထောင်တွင်တော့ ထူးခြားစွာ ထူးချွန်သော အရည်အချင်း မတွေ့ရသေးပေ။

ထောင်ထောင် အားငယ်သွားမည်ကို စုကျင်းက စိုးရိမ်နေချိန်မှာပင် ထောင်ထောင်က ဖျံလေးတစ်ကောင်ကဲ့သို့ မုန်လျို့အတွက် အားပါးတရ လက်ခုပ်တီးပေးနေသည်ကို တွေ့လိုက်ရ၏။

အရှေ့တွင် ရပ်နေသော မုန်လျို့ကလည်း စိတ်အားထက်သန်စွာဖြင့် လက်ခုပ်တီးပေးနေသည့် ချစ်စရာ ကောင်မလေးကို သတိပြုမိသွားခဲ့ကာ နှုတ်ခမ်းလေးကို စေ့လျက် ထောင်ထောင်ကို နူးညံ့စွာပြုံးပြလိုက်လေသည်။

ဒုတိယမြောက် မိတ်ဆက်ခံရသည့် အုပ်စုမှာ တင်ဆက်သူတန်ကျစ်ရှီနှင့် သူခေါ်လာသော..

မတိုင်မီက ထောင်ထောင်ကို နှုတ်ဆက်ခဲ့သည့် ကောင်လေး ချောင်ဟောက်ယွီပင် ဖြစ်၏။

သူက လူတိုင်း၏ အရှေ့တွင် ရပ်၍ အင်္ဂလိပ်စကားကိုသုံး၍ ယုံကြည်မှုအပြည့်ဖြင့် သူ့ကိုယ်သူ မိတ်ဆက်ခဲ့၏။

ထောင်ထောင်က ချက်ချင်းပင် နောက်တစ်ကြိမ် ထပ်မံ၍ လက်ခုပ်သံများကျယ်လောင်စွာ တီးပေးလိုက်ပြန်သည်။

ထောင်ထောင်၏ အပြုအမူကို ကြည့်ရင်း ကုရှန်ရှန်တစ်ယောက် နှာခေါင်းကို တစ်ချက် ရှုံ့လိုက်ကာ ချောင်ဟောက်ယွီကို ရန်လိုသော အကြည့်ဖြင့် ကြည့်လိုက်လေ၏။

သူ၏ မိတ်ဆက်ခြင်းကို အဆုံးသတ်ပြီးနောက်တွင် ပြန်မထွက်သွားမီ ချောင်ဟောက်ယွီက ကုရှန်ရှန်ကို ရန်စသော အကြည့်ဖြင့် တစ်ချက် ကြည့်သွားခဲ့သေးသည်။

ဟမ့်!

ခုနက မုန့်လဲတုန်းက မင်းတို့တိေ ငါ့ကို ချန်ထားခဲ့တယ်မလား!

တတိယမြောက်အဖြစ် ကုရှန်ရှန်တို့၏ အုပ်စုက စင်ပေါ်သို့ တက်လာလေ၏။ ဤအချိန်တွင် သူမ၏ အဖွင့်စကားများကြောင့် တိုက်ရိုက်လွှင့်ခန်းမှ မှတ်ချက်များက ပေါက်ကွဲထွက်သွားတော့သည်။

[ အင်္ဂလိပ်စာနဲ့ တရုတ်စာကလွဲရင် ငါက ဘာကိုမှ နားမလည်တော့ဘူး (ကြောင်အမ်းနေသောမျက်နှာ) ]

[ စပိန်လို Hello လို့ ပြောလိုက်တာကို ကြားလိုက်သလိုပဲ ]

[ အီတလီဘာသာကို အဓိကယူထားတဲ့သူတစ်ယောက်ရဲ့အနေနဲ့ ပြောရရင်၊ နောက်ဆုံးက အီတလီစကားလုံးက တော်တော်လေး စံချိန်မီတယ် ]

[ ရုရှားဘာသာကို အဓိကယူထားတဲ့ ကျောင်းသားလေးကတော့ ကြောင်သွားပြီ ]

[ ဂျပန်ဘာသာမေဂျာယူထားတဲ့ ကလေးကလည်း မျက်လုံးပြူးသွားပြီ ]

[ နေပါဦး! ဒါက ကလေးအစီအစဉ် ဟုတ်ရဲ့လား၊ (ထိတ်လန့်နေသောမျက်နှာ) ]

[ ကလေး နှစ်ယောက်က ကျန်သေးတယ်၊ သူတို့နှစ်ယောက်လုံးကရော ပါရမီရှင်တွေပဲလား ]

စတုတ္ထမြောက်အုပ်စုအဖြစ် စုကျင်းနှင့် ထောင်ထောင်တို့၏ အလှည့်သို့ ရောက်လာခဲ့၏။

ထောင်ထောင်ကို စုကျင်းက အဖွဲ့၏ အရှေ့ဆုံးသို့ ခေါ်ဆောင်လာခဲ့ပြီးနောက်တွင် တင်ဆက်သူ၏ မေးခွန်းကို ကြားလိုက်ရ၏။

“ရှောင်ထောင်ထောင်.. မင်းမှာ ဘယ်လို ထူးခြားတဲ့ပါရမီတွေရှိလဲ”

ထူးခြားတဲ့ ပါရမီ။

ထောင်ထောင်က ခေါင်းလေးကို စောင်းကာ ခေတ္တစဉ်းစားပြီးနောက်၊ ရုတ်တရက် တစ်ခုခုကို သတိရသွားသကဲ့သို့ သူမ၏ လက်လေးကို ပျော်ရွှင်စွာဖြင့် မြှောက်လိုက်လေသည်။

“ထောင်ထောင်က အစားစားရတာကို အရမ်းအရမ်း ဝါသနာပါတယ်”

[ဒါက တိုက်ဆိုင်မှုကြီးပဲ! ကျွန်တော်ကလည်း အစားစားရတာကို ဝါသနာပါတာ! (ခွေးခေါင်း)]

[ဒီကမ္ဘာမှာ အစားစားရတာကို မကြိုက်တဲ့သူ ရှိလို့လား၊ (အကျယ်ကြီးအော်ပြော)]

[တင်ဆက်သူက အဲဒီလိုဖြေဖို့ကို မေးတာမဟုတ်ဘူးလို့ ထင်ပေမဲ့လည်း... ဟားဟား]

[ဟားဟားဟား.. ထောင်ထောင်လေးက အရမ်းချစ်ဖို့ကောင်းတာပဲ!]

[ဖူးးး အစားကြိုက်တယ်ဆိုတာက တကယ့်ကို အစစ်အမှန်ဆုံး ပါရမီပဲ]

ထောင်ထောင်၏ အဖြေကြောင့် တိုက်ရိုက်လွှင့်ခန်းမှ ကြည့်ရှုသူများက အားပါးတရ ရယ်မောနေကြချိန်တွင် တင်ဆက်သူကိုယ်တိုင်ကလည်း မရယ်ဘဲမနေနိုင်တော့ပေ။

ထို့ကြောင့် သူက ထောင်ထောင်ကို အသာအယာလွှတ်ပေးလိုက်ပြီး ထိုမေးခွန်းကို ဆက်လက်မမေးတော့ပေ။

ပတ်ဝန်းကျင်မှ ရယ်သံများကို ကြားရချိန်တွင် ထောင်ထောင်က နားမလည်သကဲ့သို့သော မျက်နှာလေးဖြင့် စုကျင်းကို မော့ကြည့်၍ သူ၏အင်္ကျီလက်ကို အသာအယာ ဆွဲလိုက်မိ၏။

သူမ၏ ဝိုင်းစက်နေသော မျက်လုံးလေးများက မေးနေသယောင်ရှိနေ၏။

“သူတို့က ဘာလို့ရယ်နေကြတာလဲ”

စုကျင်းက နှုတ်ခမ်းကိုစေ့၍ ထွက်လာတော့မည့် ရယ်သံကို မနည်းပြန်မျိုချလိုက်ရပြီး အသံကိုထိန်း၍ ပြောလိုက်လေသည်။

“အဟမ်း.. သူတို့က မင်းရဲ့ ထူးခြားတဲ့ပါရမီကို အားကျနေကြလို့ ဖြစ်မယ်”

စုကျင်း၏ အဓိပ္ပာယ်မရှိသော အဖြေကို ကြားလိုက်ရသောကြောင့် ဘေးပတ်ဝန်းကျင်ရှိ လူတိုင်းက အံ့အားသင့်သွားကြရသည်။

သို့သော် ထောင်ထောင်က ပြဿနာရှိသည်ဟု မထင်ဘဲ ခေါင်းကို အားရပါးရဖြင့် ငြိမ့်ပြလိုက်လေသည်။

ဟုတ်တာပေါ့၊

ထောင်ထောင်က အစားကြူးသူလေးဆိုတော့ အစားစားရတာကို တကယ်ပဲ ဝါသနာပါတာလေ!

ထောင်ထောင်က တစ်ခုခုကို နားလည်သွားသကဲ့သို့ အမူအရာမျိုးကို ပြသလာသည့်အတွက် တင်ဆက်သူမှာ စကားပြောချင်သော်လည်း ပြန်အောင့်အီးထားရကာ စိတ်ရှုပ်ထွေးနေရှာသည်။

နေပါဦး! ထောင်ထောင်လေး.. အဲဒီအဖြေက တစ်ခုခုကို မှားနေတယ်လို့ မထင်ဘူးလား]

[ရယ်ရလွန်းလို့ သေတော့မယ်၊ ထောင်ထောင်က ဒီလိုအဓိပ္ပာယ်မရှိတဲ့အဖြေကို တကယ်ယုံသွားလိမ့်မယ်လို့ မထင်ထားဘူး!]

[စုကျင်း! မင်းရဲ့ အသိစိတ်ကရော မနာကျင်ဘူးလား၊ (မြေခွေးလေးအော်ဟစ်)]

[စုကျင်းပြောတာ မှန်တယ်လို့တော့ ငါ ထင်တယ်၊ ငါကလည်း ထောင်ထောင်ရဲ့ ပါရမီကို တကယ်အားကျတာ (ခွေးခေါင်း)]

[ခုနကပြောတဲ့သူ.. မင်းသာ အဲဒီခွေးခေါင်းရုပ်လေးကို မထည့်ထားရင် မင်းပြောတာကို ငါယုံမိတော့မှာ]

နောက်ဆုံးအုပ်စုက dancer ကုန်းယာင်နှင့် သူမ၏ အလုပ်သင်ဖြစ်သူ ဖုန်းကျားယန်တို့ ဖြစ်သည်။

“ဖုန်းကျားယန်”

လူတိုင်း၏အရှေ့တွင် ဖုန်းကျားယန်က စကားသုံးလုံးတည်းကိုသာ ပြောပြီးနောက်တွင် လှည့်ထွက်သွားရန် ပြင်လိုက်လေ၏။

တင်ဆက်သူမှာ ခေါင်းခဲသွားပြီးနောက် ဖုန်းကျားယန်ကို ချက်ချင်း ပြန်ခေါ်လိုက်ရ၏။

“ဖုန်းကျားယန်၊ မင်းရဲ့ ဝါသနာက ဘာလဲ”

“မရှိဘူး”

“ဒါဆို မင်းက ဒီအစီအစဉ်ကို ဘာလို့ လာပါဝင်တာလဲ”

တင်ဆက်သူ၏ မျက်နှာက တဖြည်းဖြည်းနှင့် တောင့်တင်းလာခဲ့သည်။

“မိဘတွေက လွှတ်လိုက်လို့”

“အိုး မိဘတွေက မင်းကို ဘဝအတွေ့အကြုံတွေကို ပိုပြီးတော့ရစေချင်လို့ ဒီကို လွှတ်လိုက်တာပေါ့ ဟုတ်လား”

“မဟုတ်ဘူး”

တင်ဆက်သူ၏ အပြုံးက အေးခဲသွားရ၏။

“ဒါဆိုရင် ဘာလို့လဲ”

“သူတို့တွေ ပျင်းနေလို့တဲ့”

“…”

ဖုန်းကျားယန်က တင်ဆက်သူကမေးသမျှကို ဖြေနေသော်လည်း ပတ်ဝန်းကျင်၏ လေထုက တဖြည်းဖြည်း အေးစက်လာခဲ့သည်။

တင်ဆက်သူက အတွေးထဲတွင် နစ်နေချိန်တွင် ဖုန်းကျားယန်က လေထုက ပြောင်းလဲသွားသည်ကို သတိမထားမိဘဲ ပုံမှန်လေသံဖြင့်ပင် မေးလိုက်လေ၏။

“မေးခွန်းတွေကို မေးလို့ ပြီးပြီလား”

တစ်ခွန်းတည်းနှင့်တင် အသည်းခိုက်သွားစေသော စကားပင်!

တင်ဆက်သူက သူ၏ရင်ဘတ်ကို မသိစိတ်ဖြင့် ဖိလိုက်မိပြီးပြောလိုက်လေတော့၏။

“ပြီး... ပြီးပါပြီ”

[ဒါက အရမ်းကို အေးစက်လွန်းတယ်]

[ဒီကလေးက Cool ဖြစ်တယ်လို့ ထင်နေတာက ငါတစ်ယောက်တည်းလား]

[Cool ဖြစ်တာလား၊ ဒါက ရိုင်းတယ်လို့ ငါ ခံစားရတယ်!]

[အင်း.. ရိုင်းတာထက်စာရင် ဒီကလေးက တခြားသူတွေရဲ့ ခံစားချက်ကို သတိမထားမိတာလို့ ထင်တယ်၊

အဖြေတွေက တိုပေမဲ့ သူကတော့ ဖြေရှာပါသေးတယ်၊ သူ့ရဲ့လေသံကပဲ မပြောင်းလဲတာလေ]

ဖုန်းကျားယန်၏ အဖြေကို ကြားလိုက်ရသည့်အချိန်တွင် ထောင်ထောင်က မျက်လုံးပြူးသွားမိသည်။

သူလည်း အဲဒီလိုပြန်ဖြေလို့ ရတာလား!

ထုတ်လုပ်ရေးအဖွဲ့၏ မိတ်ဆက်မှုများက ပြီးဆုံးသွားသည့်အချိန်တွင် ဧည့်သည်ငါးအုပ်စုက တစ်ဦးနှင့်တစ်ဦးကို အခြေခံအားဖြင့် နားလည်သွားကြချေပြီ။

လေယာဉ် ထွက်ခွာမည့်အချိန်ကနီးကပ်လာပြီဖြစ်သောကြောင့် တင်ဆက်သူက အနုပညာရှင်များနှင့် ကလေးများကို လေယာဉ်ပေါ်သို့တက်ရန်အတွက် ပြင်ဆင်ခိုင်းလိုက်လေသည်။

သို့သော် တရားဝင် လေယာဉ်ပေါ်သို့မတက်မီ တင်ဆက်သူက စည်းကမ်းအသေးလေးတစ်ခုကို ကြေညာလိုက်လေ၏။

“လေယာဉ်ပေါ်ကို မတက်ခင် ကျေးဇူးပြုပြီးတော့ ခရီးဆောင်အိတ်တွေကို ဖွင့်ပေးပါ၊

အုပ်စုတစ်စုချင်းစီက ထုတ်လုပ်ရေးအဖွဲ့ကပေးတဲ့ ကျောပိုးအိတ်ထဲကို ထည့်ဖို့အတွက် ပစ္စည်း (၁၀) မျိုးစီပဲ ရွေးချယ်ပေးပါ၊

ကျန်တဲ့ပစ္စည်းတွေကိုတော့ ရိုက်ကူးရေးပြီးတဲ့အထိ ထုတ်လုပ်ရေးအဖွဲ့ဆီမှာပဲ ယာယီ အပ်နှံထားရမှာ ဖြစ်ပါတယ်”

ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် ထောင်ထောင်က မုန့်များဖြင့် ပြည့်လျှံနေသော သူမ၏အိတ်လေးကို ငုံ့ကြည့်၍ မျက်လုံးလေးများက ပြူးသွားတော့၏။

၁၊ ၂၊ ၃...

မုန့်နည်းနည်းလေးပဲ ရေရသေးသော်လည်း ပစ္စည်းက (၁၀) မျိုးထက် ကျော်နေပြီလေ!

ထောင်ထောင်က သူမ၏နှာခေါင်းလေးကို အနည်းငယ် ရှုံ့လိုက်မိသည်။

ဘယ်လိုလုပ်ရမလဲ။

စားစရာတွေက အများကြီးပဲ။

ဘယ်လိုလုပ်ပြီးတော့ ရွေးရမှာလဲ။

ထိုအချိန် ထောင်ထောင်၏ မျက်လုံးလေးများက ဝင်းလက်သွားပြီးနောက် သူမ၏ဦးနှောက်ထဲတွင် ထူးချွန်ပြောင်မြောက်သော အကြံတစ်ခုက ပေါ်လာခဲ့သည်။

ရပြီ!

စုကျင်းက သူ၏အိတ်ထဲမှ မရှိမဖြစ်လိုအပ်သော ပစ္စည်းများကို စစ်ဆေးနေချိန်တွင် ထောင်ထောင်၏အသံကို ကြားလိုက်ရ၏။

“ကောကော! ထောင်ထောင်က အကုန်ထည့်ပြီးပြီ! ထောင်ထောင်က ပစ္စည်းတစ်ခုတည်းပဲ ယူမှာ!”

စုကျင်းက လှည့်ကြည့်လိုက်သည့်အချိန်တွင် ထောင်ထောင် ပြောသော ပစ္စည်းတစ်ခုကို မြင်ပြီး ကြောင်အ သွားရသည်။

ဤသည်မှာ မုန့်များဖြင့် ပေါက်ထွက်တော့မည်ဟုထင်ရသည့် ပြည့်သိပ်နေသော ကျောပိုးအိတ်လေးတစ်လုံးပင်။

ထောင်ထောင်၏ မျက်လုံးလေးများက တောက်ပနေပြီး ပါးချိုင့်လေးများကို ပေါ်လာသည်အထိ ပြုံးပြနေခဲ့ကာ ကျောပိုးအိတ်လေးကို စုကျင်းထံ မြှောက်ပြလိုက်လေ၏။

“ဒါက ထောင်ထောင်ရဲ့ ပစ္စည်းတစ်ခုပဲ”

*

All Chapters