← Chapters

အခန်း (၁၃-၁၄)

Vol. 2 Ch. 13-14

အခန်း (၁၃-၁၄)

Vol. 2 Ch. 13-14

အခန်း(13)

မည်သည့်ပစ္စည်းများကိုထည့်ရမည်ကို ရုန်းကန်နေရသော စုကျင်းမှာ ထောင်ထောင်၏ ကျောပိုးအိတ်ကို မြင်လိုက်ရသည့်အချိန်တွင် မေးစေ့ကို ပွတ်ရင်းပြောလိုက်လေသည်။

“ဒါက အတော်လေးကောင်းတဲ့အကြံပဲ”

“ဒါဆို..”

စုကျင်း၏ အကြည့်က သူ၏ဖွင့်ထားသော ခရီးဆောင်အိတ်ပေါ်သို့ ကျရောက်သွားသည်။

“ငါလည်း ဒီအိတ်ကြီးကို ဇစ်ဆွဲပိတ်လိုက်ရင် ပစ္စည်းတစ်ခုပဲဖြစ်သွားမှာ မဟုတ်ဘူးလား”

ထိုရှုပ်ရှုပ်ယှက်ယှက် ဖြစ်နေမှုကို တင်ဆက်သူက သတိပြုမိသွားပြီး ခရာကို ချက်ချင်းပင် မှုတ်လိုက်လေသည်။

“စုကျင်းနဲ့ ထောင်ထောင်အတွဲ.. ဉာဏ်နီဉာဏ်နက်ကို သုံးနေလို့ သတိပေးတယ်နော်!”

စုကျင်းက သက်ပြင်းကိုအသာချလိုက်လေ၏။

ဒါဆို တကယ်ပဲ မရဘူးပေါ့။

ထောင်ထောင်က မျက်လုံးလေးများကို ပြူး၍ အော်လိုက်မိသည်။

“ဘာလို့လဲ”

[ဟားဟားဟား၊ ရှောင်ထောင်ထောင်ကတော့ မတရားအလုပ်ခံလိုက်ရပြီ! အဲဒါက ဘာလို့ ပစ္စည်းတစ်ခု မဟုတ်ရမှာလဲ]

[သေစမ်း၊ လူဆိုးကြီး.. ထုတ်လုပ်ရေးအဖွဲ့ က အမြဲတမ်းကို တစ်လှမ်းဦးနေတာပဲ!]

[ရှောင်ထောင်ထောင်က အရမ်းကို ရိုးသားတာပဲ၊ ထုတ်လုပ်ရေးအဖွဲ့ရဲ့ လက်ခုပ်ထဲကနေ ဒီလိုမျိုး လွတ်နိုင်မယ်လို့ သူက တကယ်ထင်နေတာလား (ခွေးခေါင်း)]

စုကျင်း ရှင်းပြလိုက်မှသာ သူမ၏ မုန့်များအပြည့်နှင့် ကျောပိုးအိတ်က ပစ္စည်းတစ်ခုအဖြစ် မသတ်မှတ်နိုင်ကြောင်းကို ထောင်ထောင်က နားလည်သွားခဲ့သည်။

ထောင်ထောင်၏ ဝမ်းနည်းနေသော မျက်လုံးလေးများကို ကြည့်၍ စုကျင်းက ချောင်းနှစ်ချက်ဟန့်လိုက်ပြီး သူမ၏အကြည့်ကို အရှုံးပေးလိုက်ရ၏။

“ကောင်းပါပြီ၊ ငါ ထီးနဲ့ Power Bankလိုမျိုး လိုအပ်တာတွေကို ယူရဦးမယ်ဆိုတော့ မင်းကတော့ မုန့် (၃) ထုပ်ပဲ ယူလို့ရမယ်.. အဆင်ပြေရဲ့လား”

ထောင်ထောင်က စိတ်မပါသော်လည်း ခေါင်းကိုငြိမ့်ပြလိုက်ပြီး သူမ၏ကျောပိုးအိတ်ထဲမှ မုန့်အားလုံးကို သွန်ချလိုက်ပြီးနောက် မည်သည့်အရာကို ရွေးရမလဲဟု ခက်ခဲစွာ စဉ်းစားနေရှာ၏။

ဘယ်ဘက်အပေါ်ထောင့်က အနီရောင်အထုပ်လေးက ကောင်မလေးပုံလေးနဲ့ ချစ်စရာကောင်းပြီး အာလူးကြော်တွေကလည်း အရသာရှိမယ့်ပုံပဲ။

ညာဘက်က အညိုရောင်စက္ကူအိတ်ထဲမှာတော့ သာမန်လေးပဲဖြစ်တဲ့ အမဲသားခြောက်တွေက ရှိတယ်။

ခုနကတင် ကုရှန်ရှန်နဲ့ နည်းနည်း ဝေစားထားတာ၊ အနံ့က တကယ်မွှေးတာပဲ!

အလယ်က ငါးပုံစံ အချပ်လေးတွေကိုတော့ သူမ တစ်ခေါက်မှ မစားဖူးဘူး! ကြည့်ရတာ တကယ်အရသာရှိမယ့်ပုံရတယ်။

ထောင်ထောင်က ဘယ်ညာအထက်အောက်ကို ကြည့်လိုက်သော်လည်း မုန့်ထုပ်တိုင်းက အရသာရှိပုံရနေသည်။

ခေတ္တမျှအထိ သူမက မည်သည့် (၃ )ထုပ်ကို ယူရမည်နည်းဟု ဆုံးဖြတ်ချက် မချနိုင်ဘဲ ဖြစ်နေရှာ၏။

ထောင်ထောင်တစ်ယောက်က ဆုံးဖြတ်ချက်ချရန်အတွက်ကို ခက်ခဲနေချိန်တွင် စောင့်ဆိုင်းခန်းရှိ တခြားသောအုပ်စုများကလည်း သူတို့၏အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။

အနုပညာရှင်များက အဓိကအားဖြင့် လိုအပ်သောပစ္စည်းများကို ရွေးချယ်ကြနေသော်လည်း ကောင်လေး၊ ကောင်မလေးများက သူတို့၏ ကြိုက်နှစ်သက်သောအရာများကိုသာ အသည်းအသန် ရှာဖွေနေကြသည်။

ကုရှန်ရှန်က သူမ၏အိတ်ထဲမှ အကြိုက်ဆုံးအရုပ်လေးကို ထုတ်ယူလိုက်ပြီး၊ မုန်လျို့က တစ်ဝက်လောက်ကို ဖတ်ထားသော စာအုပ်လေးတစ်အုပ်ကို ယူခဲ့ကာ ချောင်ဟောက်ယွီကတော့ နံချပ်ကူကို ယူခဲ့လေ၏။

ဖုန်းကျားယန် တစ်ယောက်တည်းကသာ သူ၏အိတ်ထဲမှ မည်သည်ကိုမှ ထုတ်မယူခဲ့ပါပေ။

တင်ဆက်သူက အချိန်ကုန်ပြီဟု ကြေညာလိုက်သည့်အချိန်တွင် ဧည့်သည်အုပ်စုတစ်စုချင်းစီကို စင်ပေါ်သို့ခေါ်၍ သူတို့ကယူလာခဲ့သည့် ပစ္စည်း (၁၀) မျိုးကို ကင်မရာသို့ ပြသခိုင်းပြီး ကျန်ရှိနေသော အိတ်များကို ထုတ်လုပ်ရေးအဖွဲ့ထံသို့ အပ်နှံခိုင်းလေတော့သည်။

ဧည့်သည်များက စင်ပေါ်သို့ တက်လာသည့် အစီအစဉ်က မတိုင်မီက ကိုယ့်ကိုယ်ကို မိတ်ဆက်ချိန်က အစီအစဉ်အတိုင်းပင် ဖြစ်၏။

ချင်းရွှမ်နှင့် မုန်လျို့တို့က အရင်ဆုံး စင်ပေါ်သို့ တက်လာကြသည်။

“ကျွန်မကတော့ အဓိကအားဖြင့် ပတ်တီးတွေ၊ လိမ်းဆေးတွေလိုမျိုး ဆေးဝါးပစ္စည်းတချို့ကိုပဲ ယူလာခဲ့ပါတယ်”

ချင်းရွှမ်က သူမ ချန်ထားရစ်မည့် ပစ္စည်းများကို ကင်မရာသို့ ပြသလိုက်လေသည်။

“ခရီးစဉ်အတွင်း တစ်ခုခုနဲ့ တိုက်မိခိုက်မိတာမျိုးကို ဖြစ်ခဲ့ရင် အနည်းဆုံးတော့ ဒဏ်ရာကို ကုသလို့ ရတာပေါ့”

မုန်လျို့၏ အိတ်ထဲက ပစ္စည်းကတော့ အရမ်းကို ရိုးရှင်းလွန်းသည်။

“ကျွန်တော်ကတော့ အခုဖတ်နေတဲ့ စာအုပ်တစ်အုပ်ကိုပဲ ယူလာပါတယ်”

စာအုပ်၏ ခေါင်းစဉ်ကို မြင်လိုက်ရသည့်အချိန်တွင် တိုက်ရိုက်လွှင့်ခန်းတစ်ခုလုံးက ခဏမျှ တိတ်ဆိတ်သွားခဲ့၏။

မုန်လျို့၏ လက်ထဲရှိ စာအုပ်၏ မျက်နှာဖုံးပေါ်တွင် ကြီးမားသော စာလုံးနှစ်လုံးကို ရေးထိုးထားသည်။

သမိုင်းမှတ်တမ်းများ။

အကဲခတ်ကောင်းသော အင်တာနက်အသုံးပြုသူများက ထိုစာအုပ်က ခေတ်ပေါ်တရုတ်ဘာသာပြန် မဟုတ်ဘဲ ရှေးဟောင်းတရုတ်စာမူရင်းဗားရှင်း ဖြစ်နေသည်ကိုပါ သတိပြုမိသွားကြ၏။

[ စိတ်မကောင်းပါဘူး၊ အလုပ်ဒဏ်ပိနေတဲ့ ဒီဝန်ထမ်းလေးကတော့ အသာလေးပဲ ပြန်ထွက်သွားပါတော့မယ် (ဖြည်းဖြည်းချင်း ထွက်ခွာသွား) ]

[ ဟီးဟီး၊ ကိုးနှစ်တာ မဖြစ်မနေသင်ကြားရတဲ့ ပညာရေးအတွက်တော့ ငါက အရှက်ရစရာကြီးပဲ ]

[ ငါတို့အားလုံးက လူသားတွေပဲလေ၊ ဘာလို့ ဒီလောက်တောင် ကွာခြားနေရတာလဲ (ကြောင်အမ်းသွား) ]

[ အမှန်အတိုင်း ပြောရရင် ငါက ဒီနှစ်မှာ အသက် (၂၆) နှစ်ရှိပြီ၊ ဒါပေမဲ့ သမိုင်းမှတ်တမ်းများ ရဲ့ ရှေးဟောင်းမူရင်းကို အဆုံးထိ တစ်ခေါက်မှ မဖတ်ဖူးသေးဘူး ]

အင်တာနက်အသုံးပြုသူများက ဤရုတ်တရက် ရိုက်ခတ်မှုကြောင့် အငိုက်မိသွားရသည်။

ထို့နောက် ဒုတိယအုပ်စုဖြစ်သည့် ချောင်ဟောက်ယွီ၏ အိတ်ထဲက ပစ္စည်းများကို မြင်မှသာ သူတို့၏ ကွဲကြေနေသော ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို ပြန်လည်၍ ဆယ်ယူနိုင်တော့သည်။

ချောင်ဟောက်ယွီက သူ၏ နံချပ်ကူကို ထုတ်ကြွားပြီးနောက်၊ ကုရှန်ရှန်ကလည်း သူမ၏ အရုပ်လေးကို ကင်မရာသို့ ပြသခဲ့၏။

ထိုအရုပ်ကို မြင်လိုက်ရသည့်အချိန်တွင် ထောင်ထောင်က ခပ်တိုးတိုး ရေရွတ်လိုက်မိ၏။

“အာ..”

ဒီအရုပ်လေးက..။

နည်းနည်းတော့ ရင်းနှီးနေသလိုပဲ။

ဘယ်မှာ မြင်ဖူးပါလိမ့်။

ထောင်ထောင်က ခေါင်းလေးကိုစောင်း၍ စဉ်းစားနေချိန်မှာပင် တိုက်ရိုက်လွှင့်ခန်းမှ ကြည့်ရှုသူများလည်း ရင်းနှီးသကဲ့သို့ ခံစားလိုက်ရသည်။

တိုက်ရိုက်လွှင့် ကင်မရာ၏ အောက်တွင် အရှေ့ဆုံးက ကုရှန်ရှန်၏ အရုပ်လေးနှင့် အနောက်ခံက ထောင်ထောင်တို့က ပုံရိပ်တစ်ခုတည်းတွင် တဖြည်းဖြည်း ဆုံစည်းသွားခဲ့၏။

ထို့နောက် အင်တာနက်အသုံးပြုသူများက ရုတ်တရက် အကြံရသွားကြတော့သည်။

[ ကုရှန်ရှန်ရဲ့ အရုပ်လေးက ထောင်ထောင်နဲ့ တကယ်တူတယ်လို့ ဘယ်သူကမှ မထင်ကြဘူးလား!]

[ !!အခုမှ ပြောတော့မှပဲ ခုနက ရင်းနှီးနေတဲ့ ခံစားချက်က ဘယ်ကလာမှန်းကို ငါက နားလည်သွားတော့တယ်! ]

[ ရယ်ရလွန်းလို့ သေတော့မယ်၊ ဒါက ထောင်ထောင်ရဲ့ပုံစံ အရုပ်လေးလား၊ (ခွေးခေါင်း) ]

ပထမဆုံး အုပ်စုသုံးစုက အိတ်များကို အပ်နှံပြီးနောက်တွင် နောက်ဆုံးတွင် စုကျင်းနှင့် ထောင်ထောင်တို့၏ အလှည့်သို့ ရောက်လာခဲ့၏။

စုကျင်းက ပြင်ဆင်ထားသော ပစ္စည်းများကို စားပွဲပေါ်တွင် တင်လိုက်လေသည်။

ထီး၊ Power Bank၊ ပတ်တီး၊

စုစုပေါင်း (7)မျိုး။

စုကျင်းက ပစ္စည်းများကို ချပြီးနောက်တွင် ထောင်ထောင်က အနောက်မှ လျှောက်လာပြီး သူမ သေသေချာချာ ရွေးချယ်ထားသော မုန့် (၃) မျိုး ကို စားပွဲပေါ်သို့ နှမြောတသစွာဖြင့် တင်လိုက်လေသည်။

MAX ဗားရှင်း ကျေးလက်စတိုင် အာလူးကြော်အိတ်ကြီးက ထောင်ထောင်၏ မျက်နှာထက်ပင် အဆပေါင်းများစွာ ပို၍ ကြီးနေပြီး၊ ထောင်ထောင်၏ လက်လေးများနှင့်ပင် မနည်းကိုင်ထားရခြင်း ဖြစ်၏။

တစ်မီတာခန့် ရှည်လျားသော lollipop ကြီးတွင်လည်း နာနတ်သီး၊ စတော်ဘယ်ရီ၊ နွားနို့၊ ချောကလက်၊ သရက်သီး... စသည့် အရသာမျိုးစုံက ပါဝင်သည်။

နောက်ဆုံးတစ်ခုကတော့ ကွတ်ကီးအိတ် အကြီးပင်ဖြစ်ပြီး ထောင်ထောင်က လက်နှစ်ဖက်ဖြင့် မနည်း ပွေ့ချီထားရရှာသည်။

ရုတ်တရက် တင်ဆက်သူက တစ်ခုခုက မှားနေသည်ကို သတိပြုမိသွား၏။

“နေပါဦး! ဒီမုန့်တွေကို မင်း အိတ်ထဲကနေ ထုတ်လိုက်တာလား”

တင်ဆက်သူ၏ မေးခွန်းကို ကြားလိုက်ရသောကြောင့် ထောင်ထောင်၏ လက်ချောင်းလေးများက အနည်းငယ် တွန့်သွားခဲ့ရသည်။

ဤမေးခွန်းနှင့် ကြုံလိုက်ရချိန်တွင် စနစ်က ချက်ချင်းပင် စိတ်လှုပ်ရှားသွားတော့၏။

စနစ်: [ လိမ်ညာခြင်းဆိုတာက အရန်ဇာတ်ကောင်ဗီလိန်မလေးတွေရဲ့အတွက်က မရှိမဖြစ် အရည်အချင်းပဲ!

မလိုအပ်ဘဲနဲ့ လိမ်ညာတတ်မှ၊ လိုအပ်တဲ့အချိန်မှာ အလိမ်အညာတွေကို ပေါ်သွားပြီးတော့ ဇာတ်လိုက်နဲ့ ဇာတ်လိုက်မရဲ့ကြားက ဆက်ဆံရေးကို ပိုပြီးတော့ မြန်မြန်ဆန်ဆန် တိုးတက်အောင် တွန်းအားပေးနိုင်မှာ! ]

စနစ်: [ အခု မလိုအပ်ဘဲ လိမ်ညာလိုက်ရင် ဇာတ်လိုက်နဲ့ ဇာတ်လိုက်မက မင်းကို ကြည့်မရ ဖြစ်သွားလိမ့်မယ်! ]

ထောင်ထောင်က စနစ်၏ အကြံပေးချက်အတိုင်းပင် လုပ်ဆောင်လိုက်လေ၏။

အပေါ်ဝတ်စုံကို ဝတ်ထားသော ကောင်မလေးက ခေါင်းကိုငုံ့၍ သူမ၏ လက်ချောင်းလေးများကို စိုးရိမ်တကြီးဖြင့် ဆုပ်နယ်ရင်း ကွတ်ကီးအိတ်ကို ကိုင်ထားသည်။

သူမက သနားစဖွယ်ကောင်းသော မျက်နှာလေးဖြင့် မော့ကြည့်လိုက်ပြီး သူမ၏ မျက်ဝန်းလေးများတွင် မျက်ရည်များက ဝဲနေခဲ့၏။

“ဒါတွေက.. ဒါတွေက ..ထောင်ထောင်ရဲ့ အိတ်ထဲကပါ”

“တကယ်လား”

တင်ဆက်သူက ထောင်ထောင်၏ အမူအရာကြောင့် ရယ်ချင်စိတ်ကို မနည်းအောင့်၍ တည်တံ့သည့် မျက်နှာအမူအရာဖြင့်ပြောလိုက်လေသည်။

“ဒါပေမဲ့ သမီးရဲ့ ကျောပိုးအိတ်က အသေးလေးလေ၊ အာလူးကြော်နဲ့ ကွတ်ကီးအိတ်တွေက ဒီလောက်ကြီးတာကို ဘယ်လိုလုပ်ပြီးတော့ အိတ်ထဲကို ထိုးထည့်လို့ ရမှာလဲ”

အခုလေးတင် တင်ဆက်သူက သူ၏ နားကြပ်မှတစ်ဆင့် အမှန်တရားကို ကြားလိုက်ရခြင်းပင် ဖြစ်၏။

ထောင်ထောင်၏ ဝမ်းနည်းနေသော မျက်နှာလေးကို မကြည့်ရက်ကြသောကြောင့် ဝန်ထမ်းတချို့က သူမကို သစ္စာဖောက်၍ အမှန်အတိုင်းကို ပြောပြလိုက်ကြခြင်းပင်။

သူတို့က ထောင်ထောင်၏ အတွက်ကို အကြီးဆုံး အာလူးကြော်၊ လော်လီပေါ့ပ်နှင့် ကွတ်ကီးများကို တိတ်တဆိတ် ဝယ်ပေးပြီး မှောင်ခို သွင်းပေးခဲ့ကြခြင်း ဖြစ်၏။

တင်ဆက်သူ၏ မေးခွန်းကို ကြားသည့်အချိန်တွင် ထောင်ထောင်က နှုတ်ခမ်းလေးကို စူလျက် တင်ဆက်သူကို သနားစဖွယ်ကောင်းစွာ ကြည့်နေလေသည်။

“ဒါတွေက..ဒါတွေက..”

ထိုချိန်မှာပင် ဘေးဘက်မှ လက်လေးတစ်ဖက်က ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။

ထောင်ထောင်စိတ်ရှုပ်ထွေးစွာဖြင့် မော့ကြည့်လိုက်လျှင် ဖုန်းကျားယန်၏ အေးစက်သော မျက်နှာကို တွေ့လိုက်ရ၏။

“ငါ့ကိုပေး”

စနစ်ကတော့ အံ့သြတကြီးပင် ဖြစ်သွားရသည်။

ဒါက ဇာတ်လမ်းထဲက အဓိက ဗီလိန်ကြီး ဖုန်းကျားယန် မဟုတ်ဘူးလား!

ဇာတ်လမ်းထဲတွင် သူက ငယ်စဉ်ကတည်းက လူတောမတိုးဘဲ အေးစက်၍ သူငယ်ချင်း ရှားပါးလွန်းသူပင် ဖြစ်၏။

လူကြီးဖြစ်လာသည့်အချိန်တွင် သူက ဇာတ်လိုက်၏ အကြီးမားဆုံး ပြိုင်ဘက် ဖြစ်လာခဲ့သည်။

ဇာတ်လိုက်၏ မိသားစု စီးပွားရေးကို အကြိမ်ကြိမ် ဒုက္ခပေး၍ ဒေဝါလီခံရလုနီးပါးအထိ လုပ်ဆောင်မည့်သူပင် ဖြစ်၏။

ဒီလို ဗီလိန်ကြီးက ထောင်ထောင်ကို ရုတ်တရက် စကားပြောလာတာကတော့ တစ်ခုခုကို မကောင်းတာကို လုပ်ဖို့ပဲ ဖြစ်ရမယ်!

ဒါပေမဲ့ ဗီလိန်တွေက ဇာတ်လိုက်နဲ့ ဇာတ်လိုက်မကိုပဲ ပစ်မှတ်ထားရမှာ မဟုတ်ဘူးလား။

ဘာလို့ သူက ဇာတ်ပို့ဗီလိန်မလေး ထောင်ထောင်ကိုမှ လာပြီးတော့ ပစ်မှတ်ထားနေရတာလဲ။

စနစ်က ပျာပျာသလဲ စဉ်းစားနေချိန်မှာပင် ထောင်ထောင်က သူမက ကိုင်ထားသော ကွတ်ကီးများကို မသိစိတ်ဖြင့် လှမ်းပေးလိုက်မိသည်။

*

အခန်း(14)

ဖုန်းကျားယန်က ထောင်ထောင်၏ ကွတ်ကီးများနှင့် အိတ်လေးကို ယူကာ ကွတ်ကီး တစ်ဝက်ခန့်ကို သူမ၏ ကျောပိုးအိတ်ထဲသို့ ထိုးထည့်လိုက်ပြီးနောက်တွင် ပြန်ထုတ်၍ စားပွဲပေါ်ကို တင်လိုက်လေသည်။

ထို့နောက်တွင် lollipopနှင့် အာလူးကြော်များကိုလည်း ထိုအတိုင်းပင် ပြုလုပ်ပြခဲ့၏။

ဤလုပ်ဆောင်ချက်များကို ပြီးဆုံးသွားသည့်အချိန်တွင် ဖုန်းကျားယန်က ခေါင်းကိုမော့၍ တင်ဆက်သူကို အေးစက်စွာဖြင့် ပြောလိုက်လေသည်။

“ကောင်းပြီ၊ အခုဒီမုန့်သုံးထုပ်လုံးက ကျောပိုးအိတ်ထဲကနေ ထုတ်လိုက်တာ ဖြစ်သွားပြီ”

တင်ဆက်သူက ဖုန်းကျားယန်၏ အပြုအမူကြောင့် ကြောင်အသွားရကာ တိုက်ရိုက်လွှင့်ခန်းမှ ကြည့်ရှုသူများကလည်း ဖုန်းကျားယန်ကို အမြင်သစ်ဖြင့် ကြည့်လိုက်မိကြသည်။

[ အို ဘုရားရေ.. ဒါက တကယ့်ကို ပါရမီပဲ! ]

[ ဟားဟား၊ တင်ဆက်သူရဲ့ မျက်နှာကို မြင်ရတိုင်း ငါ ရယ်နေရတယ်! ]

[ တင်ဆက်သူကလည်း ကလေးတစ်ယောက်က သူ့ရဲ့ စကားအမှားကို ဒီလို ထောက်ပေးလိမ့်မယ်လို့ ထင်ထားမှာတောင် မဟုတ်ဘူး ]

ဤမြင်ကွင်းကို ကြည့်ရင်း စုကျင်းက မနေနိုင်ဘဲ အားပါးတရ ရယ်မောလိုက်၍ ဝင်ပြောလိုက်လေသည်။

“ဟုတ်သားပဲ၊ ဒီမုန့်သုံးထုပ်လုံးက အိတ်ထဲကနေ ထုတ်လိုက်တာပဲလေ!”

“ဟုတ်တယ်၊ ဟုတ်တယ်!”

ကုရှန်ရှန်ကလည်း ခေါင်းကို အဆက်မပြတ် ငြိမ့်ပြလိုက်လေ၏

“အဲဒါက အမှန်ပဲ!”

ချောင်ဟောက်ယွီကလည်း အော်ပြောလိုက်လေသည်။

မုန်လျို့ကလည်း ဘေးမှနေ၍ တိတ်တဆိတ် ခေါင်းငြိမ့်ပြလိုက်လေ၏။

တကယ်လို့ ထုတ်လုပ်ရေးအဖွဲ့က ပစ္စည်း (၁၀) မျိုးသာ ကန့်သတ်မထားရင် သူလည်း စာအုပ်တွေ အများကြီးကို ထပ်ယူလာနိုင်မှာပဲ။

အခုတော့ စာအုပ်က တစ်အုပ်တည်းပဲ ရှိတော့တယ်၊ နောက်ရက်တွေအတွက်လောက်ပါ့မလား မသိဘူး။

တင်ဆက်သူက မတတ်သာတော့ဘဲ ထိုပစ္စည်းသုံးမျိုးကို လက်ခံလိုက်ရတော့၏။

ဖုန်းကျားယန်က ကိစ္စကို အလွယ်တကူ ဖြေရှင်းပေးလိုက်သည်ကို မြင်သည့်အချိန်တွင် ထောင်ထောင်က သူ့ကို အထင်ကြီးလေးစားသော မျက်လုံးလေးများဖြင့် ကြည့်ကာ ကျေးဇူးတင်လိုက်မိပြီး မေးလိုက်လေ၏။

“နင်ရော ဘာပစ္စည်းတွေကို ယူလာတာလဲ”

ဖုန်းကျားယန်က ထောင်ထောင်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး၊ သူ၏ အိတ်ကပ်ထဲမှ ထူထဲလွန်းသော ငွေစက္ကူအထပ်လိုက်ကြီးကို တိတ်တဆိတ် ထုတ်ပြလိုက်သည်။

ရောက်ရှိနေသူတိုင်း: “!”

တိုက်ရိုက်လွှင့်ခန်းမှ ကြည့်ရှုသူများ: [ ! ]

စနစ်: [ ! ]

ခဏချင်းမှာပင် လူတိုင်း၏ ဦးနှောက်ထဲတွင် အတွေးကတစ်ခုတည်းသာ ရှိတော့သည်။

ဟမ်..

ဒါမျိုးလည်း လုပ်လို့ရတာလား!

ခရီးဆောင်အိတ်များကို ပြင်ဆင်ပြီးနောက်တွင် ဧည့်သည်များက တရားဝင် လေယာဉ်ပေါ်သို့ တက်ခဲ့ကြလေတော့သည်။

လေယာဉ်ပေါ်သို့ အရင်ဆုံး ပြေးတက်သွားသူက ချောင်ဟောက်ယွီ ဖြစ်၏။

သူက လှည့်ကြည့်၍ ထောင်ထောင်ကို စိတ်လှုပ်ရှားစွာဖြင့် လက်လှမ်းပြလိုက်လေ၏။

“ထောင်ထောင်၊ ဒီဘက်ကိုလာ!”

ချောင်ဟောက်ယွီက ထောင်ထောင်၏ နာမည်ကို ကျယ်လောင်စွာ အော်ဟစ်ခေါ်ဆိုလိုက်သည်ကို ကြားသည့်အချိန်တွင် လေယာဉ်ပေါ်သို့ တက်လာသည့် မုန်လျို့ကလည်း ထောင်ထောင်ဘက်သို့ လှည့်ကြည့်လာသည်။

သူ၏ နှုတ်ခမ်းလေးက အနည်းငယ် ပွင့်ဟသွားရသော်လည်း တစ်စုံတစ်ခုကို တွန့်ဆုတ်သွားဟန်ဖြင့် ပြန်စေ့လိုက်လေ၏။

သို့သော် ထောင်ထောင်က လေယာဉ်ပေါ်မတက်မီကပင် ကုရှန်ရှန်၏ ခေါ်ဆောင်ခြင်းကို ခံလိုက်ရပြီး၊ စိတ်ရှုပ်ထွေးစွာဖြင့်ပင် ကုရှန်ရှန်နှင့် လေယာဉ်လက်မှတ်ချင်း လဲလှယ်ရန်အတွက်ကို ဖျောင်းဖျပြောဆိုခြင်းကို ခံလိုက်ရလေသည်။

ချောင်ဟောက်ယွီ၏ အသံကို ကြားသည့်အချိန်တွင် ကုရှန်ရှန်က ထောင်ထောင်၏ လက်ကိုဆွဲ၍ ချောင်ဟောက်ယွီ၏ ထိုင်ခုံအနားသို့ လျှောက်သွားလိုက်လေ၏။

သူမက သူ၏ ထိုင်ခုံနံပါတ်ကို ရည်ရွယ်ချက်ရှိရှိဖြင့် ချောင်းကြည့်လိုက်ပြီးမှ အံ့သြချင်ယောင်ဆောင်၍ ပြောလိုက်လေ၏။

“ဟယ်၊ ဒီထိုင်ခုံနံပါတ်က ထောင်ထောင်ရဲ့ထိုင်ခုံမဟုတ်ဘူး ထင်တယ်နော်”

ထိုသို့ပြောပြီးနောက်တွင် ကုရှန်ရှန်က ထောင်ထောင်၏ ဘက်သို့ လှည့်၍ပြောလိုက်လေသည်။

“ထောင်ထောင်.. လေယာဉ်ပေါ်ကို တက်ရင် ကိုယ့်ရဲ့လက်မှတ်မှာပါတဲ့ ထိုင်ခုံမှာပဲ ထိုင်ရတာ”

“စည်းကမ်းမရှိတဲ့ တချို့လူတွေလိုမျိုးကိုတော့ မလုပ်နဲ့ပေါ့”

ထောင်ထောင်က နားမလည်သကဲ့သို့ဖြင့် ခေါင်းကိုညိမ့်ပြရှာ၏။

“ထောင်ထောင် နားလည်ပါပြီ~”

ကုရှန်ရှန်၏ စကားကြောင့် ချောင်ဟောက်ယွီက ဝုန်းခနဲ ထရပ်လိုက်တော့သည်။

“ကုရှန်ရှန်! မင်းက ဘယ်သူ့ကို ပြောနေတာလဲ”

ကုရှန်ရှန်က သူမ၏ နားလေးကို အသာအယာ တို့လိုက်ပြီး ချောင်ဟောက်ယွီနှင့် ဆန့်ကျင်ဘက်ဘက်သို့ မျက်နှာမူ၍ပြောလိုက်လေသည်။

“ဟော~ ဘယ်ကခွေးက လာပြီးတော့ ဟောင်နေတာလဲမသိဘူး”

[ ရယ်ရလိုက်တာ.. မူကြိုကလေးတွေက ရန်ဖြစ်နေတာကို ကြည့်ရတာက ဘာလို့ ဒီလောက်တောင် ပျော်ဖို့ကောင်းနေရတာလဲ ]

[ ဒါက အလယ်တန်းကျောင်းသားတွေ ရန်ဖြစ်တာတောင် မဟုတ်ဘူး၊ သူတို့ရဲ့အသက်အရဆိုရင် ဒါက မူကြိုကလေးတွေက

ရန်ဖြစ်နေတာပဲ! ]

[ ကုရှန်ရှန်ရဲ့ အကွက်ကတော့ တကယ့်ကို အထင်ကြီးစရာပဲ! အရင်ဆုံး ထောင်ထောင်နဲ့ လက်မှတ်ချင်းကို လဲပြီး ဘေးမှာ အပိုင်ထိုင်တယ်၊

ပြီးတော့မှ ဘာကို မှမသိတဲ့ ချောင်ဟောက်ယွီကို အပိုင်တိုက်စစ်ဆင်တော့တာပဲ ]

[ ဟားဟား၊ ချောင်ဟောက်ယွီနဲ့ ကုရှန်ရှန်က ရန်ဘက်အတွဲလေးတွေလား၊ သိကြတာ မကြာသေးဘူး၊ အကြိမ်ကြိမ် ရန်ဖြစ်နေကြပြီ]

[ ချောင်ဟောက်ယွီ : ဘယ်သူက ကုရှန်ရှန်နဲ့ ရန်ဘက်အတွဲလဲ!

ကုရှန်ရှန် : ကံဆိုးလိုက်တာ (မျက်လုံးလှန်) ]

နှစ်ဖက်လုံးက ရန်ဖြစ်နေကြသည့်အချိန်တွင် ကုရှန်ရှန်နှင့် ချောင်ဟောက်ယွီတို့က တစ်ပြိုင်နက်တည်းလိုပင် ထောင်ထောင်ရှိရာဘက်သို့ လှည့်ကြည့်လိုက်ကြပြီး တညီတညွတ်တည်း မေးလိုက်ကြ၏။

“ထောင်ထောင်! ပြောစမ်း! နင် ဘယ်သူနဲ့ ထိုင်ချင်လဲ”

သူတို့ သုံးယောက်က ရှုပ်ရှုပ်ယှက်ယှက် ဖြစ်နေကြသောကြောင့် မုန်လျို့ပင်လျှင် တိတ်တဆိတ် လှမ်းကြည့်နေမိ၏။

သူ့၏ ကျောပိုးအိတ်လေးကို လွယ်ထားသော ဖုန်းကျားယန်က သူတို့၏ ဘေးမှ ဘေးဘယ်ညာမကြည့်ဘဲ လျှောက်သွားရင်း နှာခေါင်းရှုံ့၍ ပြောသွားခဲ့၏။

“ပျင်းစရာပဲ”

ဖုန်းကျားယန်၏ တစ်ခွန်းတည်းသော စကားက ကုရှန်ရှန်နှင့် ချောင်ဟောက်ယွီတို့၏ အာရုံအားလုံးကို ဆွဲယူသွားသည်ကို မြင်လိုက်ရသည့်အချိန်တွင် စနစ်ကလည်း ကြောင်အမ်းသွားရသည်။

[ အနာဂတ်ရဲ့ ဗီလိန်ကြီး ဖြစ်လာတာက မဆန်းပါဘူး! ဒီလောက် ငယ်ငယ်လေးနဲ့တင် အမုန်းပွားအောင် လုပ်နိုင်တဲ့စွမ်းရည်က တကယ်ကို အားကောင်းတာပဲ! ]

ဤအသေးစားစစ်ပွဲက နောက်ဆုံးတွင် တင်ဆက်သူ၏ ကြားဝင်မှုကြောင့် ငြိမ်သက်သွားခဲ့ရ၏။

တင်ဆက်သူ၏ အချက်ပြမှုကြောင့် ကုရှန်ရှန်က နှုတ်ခမ်းကိုစူသွားပြီး၊ ချောင်ဟောက်ယွီကလည်း မကျေမနပ် မျက်နှာအမူအရာဖြင့် ထောင်ထောင်နှင့် ခွဲခွာကာ သူတို့၏ အလုပ်သင်မိဘများရှိရာသို့ ပြန်ထိုင်လိုက်ကြရသည်။

ထောင်ထောင်က လိမ္မာစွာဖြင့် သူမ၏ ထိုင်ခုံသို့ ပြန်လာခဲ့သော်လည်း စိတ်ရှုပ်ထွေးနေဆဲပင်။

စုကျင်းက ခေါင်းကိုငုံ့ကြည့်လိုက်ကာ သူမ၏ ထိုင်ခုံတွင် ထိုင်နေသော ကောင်မလေးက တစ်ခါတရံတွင် မျက်မှောင်ကြုတ်လိုက်၊ တစ်ခါတရံ ခေါင်းလေးကိုစောင်းလိုက်ဖြစ်နေသည်ကို တွေ့လိုက်ရပြီး သူမ၏ ပါးချိုင့်လေးများကပင်လျှင်စိတ်ရှုပ်ထွေးနေသကဲ့သို့ထင်၏။

စုကျင်းတစ်ယောက် လက်ကိုမြှောက်၍ ထောင်ထောင်၏ ပါးချိုင့်လေးကို အသာအယာ တို့လိုက်မိသည်။

ထင်ထားတဲ့အတိုင်း တို့ထိလို့ တကယ်ကောင်းတာပဲ။

ပါးချိုင့်ကို အတို့ခံလိုက်ရသောကြောင့် ထောင်ထောင်က နားမလည်သကဲ့သို့ ခေါင်းကိုမော့ကြည့်ပြီးနောက်မေးလိုက်လေ၏။

“ရှန်ရှန်နဲ့ ရှောင်ယွီအာတို့က ဘာလို့ ထောင်ထောင်နဲ့ အတူ ထိုင်ချင်နေကြတာလဲ”

“ဒါက သူတို့တွေ ရှောင်ထောင်ထောင်ကို ချစ်ကြလို့ပေါ့”

စုကျင်းကတော့ သဘောပေါက်ထားပြီးသား ဖြစ်သည်။

ပထမဆုံး ဆုံတွေ့ကြခြင်းသာ ဖြစ်သော်လည်း ထောင်ထောင်က မသိစိတ်ဖြင့်ပင် တခြားကလေးများ၏ အာရုံစိုက်မှုကို ခံနေရသည့် ဗဟိုချက် ဖြစ်လာခဲ့ပြီ မဟုတ်ပါလား။

ထောင်ထောင်ကို ချစ်ကြလို့လား။

ထောင်ထောင်က ပို၍ပင်စိတ်ရှုပ်ထွေးသွားရသည်။

“ဒါပေမဲ့ သူတို့အားလုံးက အရမ်းကို တော်ကြတာပဲလေ”

ထောင်ထောင်က သူမ၏ လက်လေးကို ဆန့်ထုတ်၍ ခေါင်းလေးကို စောင်းလျက် တစ်ဦးချင်းစီ၏ အရည်အချင်းများကို စတင်၍ ရေတွက်တော့၏။

“ရှန်ရှန်က ဘာသာစကားတွေ အများကြီးကို ပြောတတ်တယ်၊ ရှောင်ယွီအာက နံချပ်ကူကို တတ်တယ်၊

ရှောင်လျို့ရှူးက အများကြီး သိတယ်၊ ပြီးတော့ ကျားကျား .. ကျားကျားက အရမ်းမိုက်တာပဲ!”

ထောင်ထောင်က တခြားကလေးများ၏ အားသာချက်များကို ရိုးသားစွာ ချီးကျူးအသိအမှတ်ပြုနေသည်ကို ကြည့်ရင်းဖြင့် စုကျင်း၏ နှလုံးသားထဲမှ နူးညံ့သောနေရာလေးတစ်ခုကို လက်လေးတစ်စုံက လာရောက်၍ တို့ထိလိုက်သကဲ့သို့ ခံစားလိုက်ရ၏။

နာမည်ကြီးလာကတည်းက စုကျင်းအနေဖြင့် ဟန်ဆောင်ကောင်းလွန်းသော မျက်နှာများစွာကို မြင်တွေ့ခဲ့ရဖူးသည်။

လူများ၏ အရှေ့တွင် မြှောက်ပင့်ပြီး ကွယ်ရာတွင် ကဲ့ရဲ့တတ်သူများသာ များပြားလွန်း၏။

ချီးကျူးစကားတိုင်း၏ နောက်ကွယ်တွင် မရိုးသားသော တွက်ကိန်းများက ပါဝင်နေတတ်သည်။

သို့သော် ထောင်ထောင်၏ မျက်ဝန်းများတွင် ထိုသို့သော ရှုပ်ထွေးမှုများက မရှိဘဲ စစ်မှန်သော လေးစားချီးကျူးမှုများကသာ ရှိနေ၏။

[ အိုး.. ဘုရားရေ! ]

[ ထောင်ထောင်လေးက ဘယ်လိုလုပ်ပြီးတော့ ဒီလောက်တောင် ချစ်စရာကောင်းနေရတာလဲ! ]

[ အားးးး ဖန်သားပြင်ထဲကို ခုန်ဝင်ပြီးတော့ ထောင်ထောင်ရဲ့ ပါးချိုင့်လေးကို သွားတို့လိုက်ချင်တော့တာပဲ! ]

[ ထောင်ထောင်ရဲ့ စိတ်ရှုပ်ထွေးနေတဲ့ မျက်လုံးလေးတွေကို ကြည့်ရတာ သူကတော့ သူ့ကိုယ်သူ သာမန်ပဲလို့ တကယ် ထင်နေပုံရတယ်! ]

[ ဟီးဟီး.. ထောင်ထောင်က တခြားကလေးတွေရဲ့ ကောင်းကွက်တွေကို တကယ်ကြီးကို အလေးအနက် ရေတွက်နေတာပဲ! ]

တိုက်ရိုက်လွှင့်ခန်းရှိ ကြည့်ရှုသူတချို့ကလည်း အသေးစိတ် အချက်အလက်တချို့ကို သတိပြုမိသွားကြသည်။

[ ထောင်ထောင်က ကလေးတွေရဲ့ နာမည်ပြောင်တွေနဲ့ သူတို့ရဲ့ ပါရမီတွေကိုပါ မှတ်ထားတာကို ငါတစ်ယောက်တည်းကပဲ သတိထားမိတာလား ]

[ သူက တကယ်ကြီး မှတ်ထားတာပဲ! ]

[ ကလေးတွေကို ထားပါဦး၊ ငါလို လူကြီးကတောင် ထောင်ထောင်နဲ့ သူငယ်ချင်း ဖြစ်ချင်မိတယ်၊ သူက ချစ်စရာကောင်းတယ်၊

စိတ်ထားကောင်းတယ်၊ ပြီးတော့ တခြားသူကိုလည်း စိတ်ရင်းနဲ့ ချီးကျူးတတ်သေးတယ်၊ ဘယ်သူက ဒီလို သူငယ်ချင်းမျိုးကို မရချင်ဘဲ နေမှာလဲ ]

[ ဖုန်းကျားယန်က သူ့ကိုယ်သူ မိတ်ဆက်ပြီးတုန်းက သူ့ကို ဝေဖန်တဲ့ မှတ်ချက်တွေက အများကြီးပဲ၊

သူပြောတဲ့ စကားတချို့က ကလေးတစ်ယောက်ရဲ့အတွက်က လွန်လွန်းတယ်လို့ ထင်ကြတာ၊

ဒါပေမဲ့ ထောင်ထောင်ရဲ့ မျက်လုံးထဲမှာတော့ ဖုန်းကျားယန်က Coolဖြစ်နေတာပဲ! ]

[ အမှန်အတိုင်းပဲ ပြောရရင် ကလေးတွေဆိုတာက ပြည့်စုံနေမှာ မဟုတ်ဘူး၊ သူတို့မှာက ကိုယ်ပိုင် ထူးခြားချက်တွေက ရှိကြတာပဲ ]

မှတ်ချက်ပေးတာက ကိစ္စမရှိပေမဲ့ တချို့လူတွေကတော့ အနည်းဆုံး လူ့ကျင့်ဝတ်ကိုတော့ ရှိသင့်တယ်!

*

All Chapters