အခန်း (၁၅-၁၆)
Vol. 2 Ch. 15-16
အခန်း(15)
လေယာဉ်က ပျံတက်လာသည်နှင့် ထိုင်ခုံခါးပတ်ကို ပတ်ထားသည့် ထောင်ထောင်က ပြတင်းပေါက်၏ အပြင်ဘက်သို့ လှမ်းမကြည့်ဘဲ မနေနိုင်ခဲ့ပေ။
ဤသည်က ထောင်ထောင်အတွက် ပထမဆုံးအကြိမ် လေယာဉ်ကို စီးဖူးခြင်းဖြစ်ပြီး အရာအားလုံးက စိတ်လှုပ်ရှားစရာကောင်းနေပုံရ၏။
ပြတင်းပေါက်၏ အပြင်ဘက်က ရှုခင်းများက တဖြည်းဖြည်း သေးငယ်သွားသည်ကို မြင်ရသည့်အချိန်တွင် ထောင်ထောင်က ပါးစပ်အဟောင်းသားနဲ့ အပြင်က အရာအားလုံးကို အသည်းအသန် စိုက်ကြည့်နေမိတော့သည်။
သို့သော် ခေတ္တအကြာတွင်တော့ ငိုက်မျဉ်းမှုက သူမ၏မျက်လုံးလေးကို လွှမ်းမိုးလာပြီးနောက် ထောင်ထောင်၏ မျက်လုံးများက မှိတ်သွားခဲ့လေ၏။
နားကြပ် တပ်ထားသော စုကျင်းက ခေါင်းကိုအသာလှည့်ကြည့်လိုက်သည်။
ထို့နောက်ွင်တော့ ထိုင်ခုံတွင် မှီကာ ကိုယ်လေးကို အနည်းငယ်ကွေး၍၊ ပါးစပ်လေးကိုစူပြီး နှစ်ခြိုက်စွာ အိပ်ပျော်နေသော ထောင်ထောင်ကို တွေ့လိုက်ရသည်။
ကလေးဆိုတာက ကလေးပါပဲ။
စုကျင်းက မျက်ခုံးကို အနည်းငယ်ကြုံ့၍ လက်ကိုအသာမြှောက်ပြီး ထောင်ထောင်၏ ပါးချိုင့်လေးကို တို့လိုက်မိပြန်၏။
နောက်တစ်စက္ကန့်တွင်တော့ သူမက အိပ်မက်ထဲတွင် တစ်ခုခုနှင့် ကြုံနေရသကဲ့သို့ ပါးစပ်လေးက အနည်းငယ်ပွင့်လာခဲ့ပြီး၊ သူမ၏ လက်လေးက စုကျင်း၏လက်ကို ဖက်တွယ်လိုက်တော့သည်။
ရုတ်တရက် အဖက်ခံလိုက်ရသောကြောင့် စုကျင်းတစ်ယောက် မျက်လုံးပြူးသွားရပြီး ဓာတ်ပုံဆရာ၏ ထိုင်ခုံနောက်ကျောကို အသာပုတ်လိုက်လေ၏။
အိပ်ပျော်နေချိန်တွင် နှောင့်ယှက်ခံလိုက်ရသည့် ဓာတ်ပုံဆရာက နောက်သို့လှည့်ကြည့်လိုက်ချိန်တွင် စုကျင်း၏ ဂုဏ်ယူနေသော အပြုံးနှင့် ဆုံတွေ့လိုက်ရသည်။
“မြန်မြန်၊ ဒီမြင်ကွင်းကို ရိုက်ထားလိုက်! ဒါက ထောင်ထောင် ကျွန်တော့်ကို တကယ်ချစ်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ မဟုတ်ဘူးလား”
“ဟင်း.. ကလေးတစ်ယောက်က ကျွန်တော့်ကိုချစ်တာကတော့ ကြွားစရာတော့ မဟုတ်ပါဘူးလေ”
ကြွားစရာမဟုတ်ဘူးဆိုရင်လည်း ဒီပုံကို ရိုက်ဖို့ ငါ့ကို ဘာလို့ တကူးတက နှိုးနေရတာလဲ။
ဓာတ်ပုံဆရာက စက်ပစ္စည်းများကို ပြင်ဆင်ကာ ထောင်ထောင်၏ မျက်နှာပေါ်သို့ အာရုံစိုက်လိုက်ပြီး စုကျင်း၏ စကားများကို နားထောင်၍ စိတ်ထဲမှ ညည်းညူနေမိသည်။
ထိုအချိန်တွင် ထောင်ထောင်က စုကျင်း၏လက်ကို အသာအယာ ပွတ်သပ်၍ ခပ်တိုးတိုးရေရွတ်လိုက်လေ၏။
ဓာတ်ပုံဆရာက ထောင်ထောင်၏ မျက်နှာကို အနီးကပ် ဆွဲရိုက်လိုက်သည့်အချိန်တွင် ကင်မရာရှိ မိုက်ခရိုဖုန်း၏ အကူအညီဖြင့် ထောင်ထောင်၏ အိပ်မက်ယောင်သံကို စုကျင်းနှင့် ဓာတ်ပုံဆရာတို့က ကြားလိုက်ရလေသည်။
“ဟီးဟီး.. ကြက်ပေါင်ကြီး၊ မပြေးနဲ့လေ၊ ကြက်ပေါင်ကြီး.. အရသာရှိတဲ့ ကြက်ပေါင်ကြီး”
ပြောနေရင်းနှင့်ပင် ထောင်ထောင်၏ ပါးစပ်ထောင့်မှ သွားရည်များက စီးကျလာခဲ့၏။
စုကျင်း: ? !!
ဓာတ်ပုံဆရာ: ! ဟားဟားဟားဟား..
လေယာဉ်က ဆင်းသက်ခါနီးအချိန်တွင် ထောင်ထောင်က စုကျင်း၏ လှုပ်နှိုးမှုကြောင့် နိုးလာခဲ့ရသည်။
သူမက မျက်လုံးလေးများကို ဝေဝါးစွာ ဖွင့်ကြည့်လိုက်သည့်အချိန်တွင် အိုးမည်းများ သုတ်ထားသကဲ့သို့ မည်းမှောင်နေသော စုကျင်း၏ မျက်နှာနှင့် ဆုံလိုက်ရ၏။
“ကောကော၊ ရောက်ပြီလား”
ထောင်ထောင်က ကောကောဟု ခေါ်လိုက်သော်လည်း စုကျင်း၏ ခေါင်းထဲတွင်တော့ ကြက်ပေါင်ကြီးဆိုသည့် အသံက စွဲထင်နေဆဲပင်။
“အင်း”
သူက စိတ်ကောက်နေဆဲပင်ဖြစ်သောကြောင့် အဝေးကို ကြည့်လိုက်ပြီး ဝတ်ကျေတမ်းကျေသာ ပြန်ဖြေလိုက်လေ၏။
ပထမဆုံး အပိုင်းကို သာယာလှပသော တိုင်းရင်းသားကျေးရွာလေးတစ်ခုတွင် ရိုက်ကူးခြင်း ဖြစ်သည်။
လေယာဉ်ပေါ်မှ ဆင်းပြီးနောက်တွင် ဘတ်စ်ကားကိုစီးရပြန်၏။
ထို့နောက် ဧည့်သည်များက ခရီးပန်းစွာဖြင့် ရိုက်ကူးရေးနေရာသို့ ရောက်ရှိလာကြ၏။
ထို့မျှလောက် ခရီးရှည်ကြီးကို သွားခဲ့ရသောကြောင့် စုကျင်းက စိတ်မရှည်ဖြစ်နေချေပြီ။
သို့သော် ချက်ချင်း အနားမယူရသေးဘဲ ထုတ်လုပ်ရေးအဖွဲ့မှ ပေးထားသည့် မစ်ရှင်များကို အပြီးသတ်ရဦးမည်ဟု သူ မထင်ထားခဲ့ပေ။
“ထုတ်လုပ်ရေးအဖွဲ့က လူတိုင်းအတွက်ကို အခန်းအမျိုးအစား (၅) မျိုးကို ပြင်ဆင်ပေးထားပါတယ်၊ အခု ဗီဒီယိုလေးကို ကြည့်ပြီးတော့ အခန်းတစ်ခုချင်းစီရဲ့ ပုံစံကို လေ့လာကြည့်လို့ ရပါတယ်”
အခန်း (၁) က တိုင်းရင်းသားစတိုင် အခန်းဖြစ်ပြီး ဒေသန္တရ လက်ရာများဖြင့် ပြည့်နှက်နေကာ နံရံတွင် ပန်းထိုးအနုပညာလက်ရာများပင် ရှိနေသေးသည်။
အခန်း (၂) က အခန်း (၁) ထက် အနည်းငယ် ပို၍ သေးငယ်သော်လည်း ဝါးတောထဲတွင် ဝှက်ထားသောကြောင့် ဖန်တာ့စီဇာတ်ကားထဲမှ ရသေ့တစ်ပါး၏ နားခိုရာနှင့် တူလွန်းသည်။
အခန်း (၃) နှင့် (၄) ကတော့ ရွာထဲက သာမန် အိမ်လေးများသာ ဖြစ်ပြီး အရွယ်အစားသာ ကွာခြား၏။
“အခန်း (၁) က အရမ်းလှတာပဲ!”
ကုရှန်ရှန်က နံရံက ပန်းထိုးပုံများကို ကြည့်၍ မျက်လုံးလေးများ ဝင်းလက်သွားရသည်။
“အခန်း (၂) က ပိုပြီးတော့ Cool ဖြစ်တယ်!”
ချောင်ဟောက်ယွီက အခန်း (၂) ကိုကြည့်၍ သူကိုယ်တိုင် ထိုနေရာက နေထိုင်နေသကဲ့သို့ စိတ်ကူးယဉ်ရင်း ကျေနပ်စွာ ခေါင်းကိုညိမ့်နေလေ၏။
“ဟမ့်.. အခန်း (၂) မှာ နေချင်ရုံနဲ့ တကယ်နေရမယ်လို့ မထင်နဲ့ဦး”
ကုရှန်ရှန်က ချောင်ဟောက်ယွီ၏ ဂုဏ်ယူနေသော မျက်နှာအမူအရာကို ကြည့်မရ ဖြစ်နေလေသည်။
“ဟေး.. မင်းကလည်း အတူပါပဲ၊ ငါက အစက အခန်း (၂) မှာ နေမလို့ပဲ၊ ဒါပေမဲ့ အခုတော့ မင်းရဲ့ အခန်း (၁) ကိုပဲ လုယူဖို့ ဆုံးဖြတ်လိုက်ပြီ!”
“နင်!”
“အား”
ကုရှန်ရှန်နှင့် ချောင်ဟောက်ယွီတို့က ငြင်းခုံနေကြချိန်တွင် ထောင်ထောင်က ဘယ်ညာကြည့်လိုက်ပြီး စိုးရိမ်တကြီးဖြင့် အော်လိုက်မိသည်။
ရန်မဖြစ်ကြပါနဲ့ဦး!
သို့သော် ဗီဒီယိုတွင် အခန်း (၅) ကို ပြသလိုက်သည့်အချိန်တွင် ဆူညံနေသော ကလေးများနှင့် အနုပညာရှင်များအားလုံးက ချက်ချင်းပင် တိတ်ဆိတ်သွားကြရတော့သည်။
ထောင်ထောင်တစ်ယောက်တည်းကသာ အခန်း (၅) ကို စိုက်ကြည့်ရင်းဖြင့် မျက်လုံးလေးများက တောက်ပလာပြီး ပါးစပ်လေးက အဟောင်းသား ဖြစ်နေခဲ့၏။
မျက်နှာပြင်ပေါ်က ရိုးရှင်းလွန်းသော တောင်ကုန်းပေါ်က အိမ်လေးကို ကြည့်ရင်း စုကျင်းတစ်ယောက် နောက်ဆုံးမဖြစ်စေရန်အတွက် စိတ်ထဲတွင် ကြိတ်ပြီး ဆုံးဖြတ်လိုက်သည်။
သူတော့ အဲဒီလိုနေရာမျိုးမှာ မနေချင်ဘူး!
ဘေးပတ်ဝန်းကျင်က လူများ၏ မျက်နှာအမူအရာများက ရုတ်တရက် ပြောင်းလဲသွားတော့သည်။
ဤသည်ကို ကြည့်ခြင်းအားဖြင့် စုကျင်းတစ်ယောက်တည်းကသာ ထိုကဲ့သို့ တွေးနေသည် မဟုတ်ကြောင်းကို သိသာလွန်းနေ၏။
ဧည့်သည်တိုင်းက ပြိုင်ဆိုင်လိုစိတ်က ပြင်းထန်နေသည်အချိန်မှာပင် ထုတ်လုပ်ရေးအဖွဲ့က အိမ်ရွေးချယ်ရန်အတွက် ကစားနည်းတစ်ခုကို ကြေညာလိုက်လေသည်။
“ကစားနည်းကတော့၊ တန်းစီထိုင်ပြီးတော့ အသီးကို စားရမှာပါ”
“ခဏနေရင်တော့ မိဘတွေနဲ့ ကလေးတွေက မင်းဂွတ်သီးကိုနွှာရပါမယ်၊
အများဆုံးကို စားနိုင်တဲ့ အဖွဲ့က အနိုင်ရမှာပါ၊
ဒါပေမဲ့ သတိထားရမှာကတော့ ကလေးတွေက သူတို့ရဲ့မိဘတွေက နွှာပေးထားတဲ့ အသီးကိုပဲ စားရမှာဖြစ်ပြီး၊ မိဘတွေလည်း သူတို့ရဲ့ကလေးတွေက နွှာပေးတဲ့ အသီးကိုပဲ စားရမှာပါ”
ဝန်ထမ်းများက မင်းဂွတ်သီးခြင်းများကို ယူလာသည့်အချိန်တွင် ထောင်ထောင်၏ မျက်လုံးလေးများက ဝင်းလက်သွားရသည်။
ဂိမ်းက မစမီမှာပင် ထောင်ထောင်က မင်းဂွတ်သီးတစ်လုံးကို ယူ၍ စူးစမ်းကြည့်နေမိ၏။
“မင်းဂွတ်သီးကို ဒီလိုနွှာရတာ”
စုကျင်းက ထောင်ထောင်ကို အသီးနွှာနည်းကို သင်ပေးနေချိန်တွင် တခြားသောအဖွဲ့များကလည်း ပြိုင်ပွဲအတွက်ကို ပြင်ဆင်နေကြသည်။
ခရာသံက ထွက်ပေါ်လာသည်နှင့် ပြိုင်ပွဲက စတင်ပြီ!
ထောင်ထောင်က စုကျင်းလောက် အသီးကို မြန်ဆန်စွာ မနွှာနိုင်ပေ။
သူမက တစ်လုံးသာ နွှာရသေးသည့်အချိန်တွင် စုကျင်းက သုံးလုံးပင် နွှာပြီးနေပြီဖြစ်သည်။
သူတို့၏ အဖွဲ့က ဘေးက ဖုန်းကျားယန်တို့၏ အဖွဲ့နှင့် အတော်လေး ကွာခြားလွန်းနေ၏။
မကြာမီမှာပင် ဖုန်းကျားယန်၏ အရှေ့တွင် မင်းဂွတ်သီးခွံပုံကြီးက ထောင်ထောင်၏အရှေ့က အခွံပုံထက် နှစ်ဆနီးပါးပင် ကြီးမားလာခဲ့သည်။
ကုရှန်ရှန်နှင့် ချောင်ဟောက်ယွီတို့ကတော့ တိတ်တဆိတ် ပြိုင်ဆိုင်နေကြသည်။
ကုရှန်ရှန်က ချောင်ဟောက်ယွီကို လှမ်းကြည့်လိုက်သည့်အချိန်တွင် သူက သူမထက်ပင် ပိုနွှာထားနိုင်နေသည်ကို တွေ့ရသောကြာင့် နှာခေါင်းရှုံ့လိုက်လေ၏။
ချောင်ဟောက်ယွီကလည်း ကုရှန်ရှန်က ပိုနွှာထားသည်ကို တွေ့လျှင် ချက်ချင်းပင် စိုးရိမ်သွားရပြန်သည်။
ကလေး (၅) ယောက်ထဲတွင် မုန်လျို့တစ်ယောက်တည်းကသာ အေးဆေးစွာနှင့် သေချာစွာ နွှာနေပြီး၊ အသီး၏ အသားလေးများကို မနာအောင် ဂရုတစိုက် လုပ်ဆောင်နေလေ၏။
ဂိမ်း၏ သုံးပုံတစ်ပုံခန့်ကို ရောက်သည့်အချိန်တွင် စုကျင်းက သူတို့ဘက်က အခွံပုံကြီးနှင့် ထောင်ထောင်၏အရှေ့က အခွံအနည်းငယ်ကို ကြည့်၍ ချက်ချင်းပင် နည်းဗျူဟာ ပြောင်းလိုက်သည်။
“ထောင်ထောင်၊ အခုကစပြီးတော့ မင်းက အသီးစားဖို့ကိုပဲ တာဝန်ယူတော့နော်၊ ဟုတ်ပြီလား”
ထောင်ထောင်၏ မျက်လုံးလေးများက တောက်ပသွားပြီး ပျော်ရွှင်စွာဖြင့် ခေါင်းငြိမ့်ပြလိုက်လေ၏။
“ကောင်းပါပြီ!”
[ ဘယ်အဖွဲ့က အနိုင်ရမယ်လို့ ထင်ကြလဲ ]
[ ချောင်ဟောက်ယွီ ဒါမှမဟုတ် ကုရှန်ရှန်ရဲ့ အဖွဲ့ပဲ ဖြစ်မယ်လို့ထင်တယ်၊ သူတို့က အသီးအသေးလေးတွေကို အများကြီး နွှာထားတာပဲ! ]
[ အင်း၊ အသီးတွေကို အများကြီးကို နွှာထားပေမဲ့ သူတို့က အရမ်းမစားနိုင်ကြဘူးလို့ ထင်တယ်နော် ]
[ ငါကတော့ ထောင်ထောင်က အနိုင်ရမယ်လို့ လောင်းကြေးထပ်တယ်!
စုကျင်းနဲ့ အလုပ်ခွဲလုပ်လိုက်ကတည်းက ထောင်ထောင်က အသီးစားတာက တကယ့်ကိုမြန်တယ်! တခြားအဖွဲ့တွေကို မှီသွားမလားပဲ ]
[ ဝါးးး၊ ထောင်ထောင်က အသီးကို စားနေရင်း ပါးလေးကဖောင်းဖောင်းလေးတွေကို ဖြစ်နေတာပဲ၊ တကယ့်ကို ဆွဲညှစ်လိုက်ချင်စရာ! ]
ဂိမ်း၏ အချိန်က စုစုပေါင်း (၃) မိနစ်ဖြစ်ပြီး နောက်ဆုံး စက္ကန့် ၃၀ အလိုတွင် တင်ဆက်သူက အဆက်မပြတ် သတိပေးနေတော့သည်။
“စက္ကန့် (၃၀) ပဲ လိုတော့တယ်!”
“(၁၀) စက္ကန့်ပဲ လိုတော့တယ်!”
“၃၊ ၂၊ ၁!”
“အချိန်ပြည့်ပြီ!”
ဂိမ်းအပြီးတွင် ရလဒ်များကို ရေတွက်တော့၏။
မုန်လျို့နှင့် ချင်းရွှမ်၏ အဖွဲ့က (၁၂)လုံး၊ ချောင်ဟောက်ယွီနှင့် တန်ကျစ်ရှီအဖွဲ့က (၁၅) လုံး၊
ရေတွက်ပြီးနောက်တွင် တင်ဆက်သူက စုကျင်းနှင့် ထောင်ထောင်တို့၏ အရှေ့က မင်းဂွတ်သီးခွံများကို စတင်၍ ရေတွက်လေတော့၏။
“၁၊ ၂၊ ၃... ၂၈၊ ၂၉!”
ရလဒ်များက ထွက်လာသည့်အချိန်တွင် မည်သူက ပထမရသည်က သိသာလွန်းသည်။
အနိုင်ရသူအနေဖြင့် စုကျင်းနှင့် ထောင်ထောင်တို့က သူတို့၏ စိတ်ကြိုက်အိမ်ကို ရွေးချယ်ခွင့် ရရှိကြ၏။
“ထောင်ထောင်၊ မင်းက ဘယ်အိမ်မှာ နေချင်လဲ”
လူတိုင်းက ထောင်ထောင်က အကြီးဆုံးနှင့် အကျယ်ဆုံးဖြစ်သော အခန်း (၁) ကို ရွေးမည်ဟု ထင်နေကြချိန်တွင်၊ ထောင်ထောင်က သူမ၏လက်ကို စိတ်လှုပ်ရှားစွာဖြင်း မြှောက်ပြီး လူတိုင်းကငြင်းပယ်ထားသော တောင်ကုန်းပေါ်က အိမ်လေးကို လက်ညှိုးထိုးပြလိုက်လေ၏။
“ထောင်ထောင်က အခန်း (၅) မှာ နေချင်တာပါ!”
အခန်း (၅) က ကြည့်ရသည်က ပေါင်မုန့်လုံးလေးတစ်လုံးနှင့် တူလွန်းသည်။
အနိုင်ရမည်ဟု ယုံကြည်ချက်အပြည့် ရှိနေသော စုကျင်းမှာ မေ့လဲလုနီးပါးပင် ဖြစ်သွားရ၏။
နေပါဦး! ငါ နားကြားမှားတာပဲ ဖြစ်ရမယ်!
*
အခန်း(16)
ထောင်ထောင်၏ အဖြေကို ကြားလိုက်ရသည့်အချိန်တွင် စုကျင်းသာ မေ့လဲမတတ်ဖြစ်သွားခြင်းမဟုတ်ဘဲ တင်ဆက်သူပင်လျှင် ခေတ္တမျှ ဆွံ့အသွားခဲ့ရသည်။
တင်ဆက်သူက စိတ်ကိုပြန်လည် ထိန်းချုပ်ပြီးနောက်တွင် ထပ်မံ၍ အတည်ပြုလိုက်ရ၏။
“ထောင်ထောင်၊ မင်း အခန်းနံပါတ် (၅) ကိုပဲ ရွေးမှာက သေချာရဲ့လား”
“ဟုတ်ကတယ်”
ထောင်ထောင်၏ စကားက စိုးရိမ်တကြီးဖြစ်နေသော ကုရှန်ရှန်ကြောင့် ပြတ်တောက်သွားခဲ့ရ၏။
“ထောင်ထောင်.. နင်က ပထမရတာလေ၊ ဘာလို့ အခန်းနံပါတ် (၅) ကို ရွေးရတာလဲ”
အကယ်၍ ထောင်ထောင်သာ အခန်းနံပါတ် (၅) ကို ရွေးချယ်လိုက်ပါက တခြားကလေးများက ပိုကောင်းသောအခန်းများကို ရရှိနိုင်မည် ဖြစ်သည်။
ဤသည်က ဂိမ်းကစားရာတွင် နောက်ဆုံးအဆင့်ဖြစ်နေသော ကုရှန်ရှန်၏အတွက်က အလွန်ကောင်းမွန်သော သတင်းကောင်းပင် ဖြစ်ပေ၏။
သို့သော် ကုရှန်ရှန်က အရှေ့သို့ထွက်ကာ ထောင်ထောင်ကို တားဆီးရန်အတွက်သာ ရွေးချယ်ခဲ့သည်။
“ဟုတ်တယ်၊ ဟုတ်တယ်”
ချောင်ဟောက်ယွီကလည်း ထူးခြားစွာပင် ကုရှန်ရှန်၏ ဘက်မှ ရပ်တည်ပေးခဲ့၏။
“အခန်း (၅) က အစုတ်ဆုံးပဲလေ၊ အဲဒီပန်းဘုရင်မကိုပဲ အဲဒီမှာ နေခိုင်းလိုက်စမ်းပါ”
ပန်းဘုရင်မဟု အမည်ပြောင်ကိုပေးခံလိုက်ရသော ကုရှန်ရှန်က သူ့ကို စိုက်ကြည့်လိုက်ရင်းရန်တွေ့လေတော့၏။
“နင်က ဘယ်သူ့ကို ပြောနေတာလဲ!”
ချောင်ဟောက်ယွီနှင့် ကုရှန်ရှန်တို့က နောက်တစ်ကြိမ် ထပ်မံ၍ ငြင်းခုံနေကြသည်ကို မြင်သည့်အချိန်တွင်၊ ဘေးတွင် တိတ်တဆိတ် ရပ်နေခဲ့သော မုန်လျို့က ထောင်ထောင်၏အနားသို့ ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။
“ထောင်..ထောင်ထောင်၊ မင်းက ဘာလို့ အခန်း (၅) မှာ နေချင်ရတာလဲ”
“ဘာလို့လဲဆိုတော့ အခန်း (၅) က ပေါင်မုန့်အသေးလေးနဲ့ တူလို့လေ!”
ထောင်ထောင်က သူမ၏အဖြေကို စိတ်လှုပ်ရှားစွာဖြင့် ပေးလိုက်လေသည်
ဟမ်?
ဤအဖြေကို ကြားလိုက်ရသည့်အချိန်တွင် မုန်လျို့ အနည်းငယ် ကြောင်အသွားရသည်။
ရုတ်တရက် သူ၏ ဘေးဘက်မှ အသံတစ်သံက ထွက်ပေါ်လာခဲ့၏။
“မင်းက ပေါင်မုန့်ကား ဆိုတာကိုရော သိရဲ့လား”
ဖုန်းကျားယန်က သူ၏လက်များကို ပိုက်ထားလျက် ထောင်ထောင်ကို အေးစက်စွာ ကြည့်၍ မေးလိုက်လေသည်။
“ပေါင်မုန့်ကားလား”
ထိုစကားလုံး သုံးလုံးကို ရေရွတ်ရင်း ထောင်ထောင်၏ မျက်လုံးများက ချက်ချင်းပင် ဝင်းလက်သွားခဲ့ရ၏။
“ပေါင်မုန့်နဲ့တူတဲ့ ကားလား”
ဖုန်းကျားယန်: “...”
ယခုအချိန်တွင် ဖုန်းကျားယန်ကမည်သည်ကိုမျှ ထပ်မပြောသော်လည်း တိုက်ရိုက်လွှင့်ခန်း၏ အရှေ့ရှိ ကြည့်ရှုသူများက သူ၏စိုးရိမ်မှုကို ချက်ချင်းပင် နားလည်သွားကြတော့၏။
[ (ရယ်နေရင်းနှင့် ငိုနေ ) ထောင်ထောင်! မင်း ဒီထက်ပိုပြီးတော့ ဂရုစိုက်သင့်တယ်နော်! ]
[ ငါတော့ လုံးဝကို မသံသယဖြစ်မိဘူး၊ တကယ်လို့ ထောင်ထောင်ကသာ ပေါင်မုန့်ကားတစ်စီးကို မြင်လိုက်ရရင် ပေါင်မုန့်ကြီးဆိုပြီး စိတ်လှုပ်ရှားပြီးတော့ အော်ပြေးသွားလိမ့်မယ် ]
[ ဟားဟားဟား၊ ဖုန်းကျားယန်နဲ့ ထောင်ထောင်တို့ နှစ်ယောက်လုံးက ကလေးတွေဆိုပေမဲ့ သူတို့က မျိုးဆက်မတူတဲ့သူတွေလိုမျိုး ငါက ဘာလို့ ခံစားနေရတာလဲ ]
[ ဖုန်းကျားယန်က အရမ်းတော်ပြီးတော့ တည်ငြိမ်လွန်းနေလို့ ဖြစ်မှာပါ၊ ထောင်ထောင်ကတော့ နှိုင်းယှဉ်ကြည့်ရင်.. ပိုပြီးတော့ ရိုးသားလွန်းတယ် (တည်ကြည်သောမျက်နှာအမူအရာ) ]
[ (ခွေးခေါင်း) မင်း အ,တယ်လို့ ပြောချင်တာကို ငါကမသိဘူးလို့ မမှတ်နဲ့နော်၊ ဟုတ်တယ်မလား ]
[ ရှူး၊ ငါကတော့ အကျယ်ကြီး ထုတ်မပြောဘူးနော် ]
ထောင်ထောင်၏ မျက်လုံးလေးများက ပြူးသွားရပြီး လက်မလျှော့ချင်သေးသည့်အမူအရာဖြင့် ထပ်မံမေးမြန်းလိုက်ပြန်သည်။
“ပေါင်မုန့်ဆိုင်ထဲက ပေါင်မုန့်တွေလိုမျိုး အဲဒီအိမ်လေးက နူးညံ့အိစက်နေမှာ မဟုတ်ဘူးလား”
“မဟုတ်ဘူး”
ကုရှန်ရှန်က အခန်းနံပါတ် (၅) ၏ ပုံပန်းသဏ္ဌာန်ကို စဉ်းစားကြည့်လိုက်ပြီနောက် ဖြေလိုက်လေ၏။
“ပေါင်မုန့်ဆိုင်လိုမျိုး မွှေးကြိုင်တဲ့ ပေါင်မုန့်နံ့တွေကိုရော မရဘူးလား”
“ရမယ်လို့တော့ ငါကမထင်ဘူး”
ချောင်ဟောက်ယွီက ပုခုံးကိုတွန့်ပြလိုက်လေ၏။
“အဲဒီ ပေါင်မုန့်ဆိုင်အသေးလေးထဲမှာ စားဖို့အတွက် ပေါင်မုန့်လုံးတွေက အများကြီး မရှိဘူးလား”
လူတိုင်းက တညီတညွတ်တည်း ဖြေလိုက်ကြသည်။
“မရှိဘူးပေါ့!”
ကလေး လေးယောက်နှင့် စုကျင်းတို့၏ ရှင်းပြချက်များကြောင့် ပေါင်မုန့်လုံးပုံစံ အိမ်လေးက သူမက စိတ်ကူးထားသကဲ့သို့ မကောင်းကြောင်းကို ထောင်ထောင်က နောက်ဆုံးတွင် နားလည်သွားခဲ့ရ၏။
ဤသည်ကို သိရှိသွားသည့်အချိန်တွင် ထောင်ထောင်က ခေါင်းလေးကို အနည်းငယ် ငုံ့လိုက်ပြီး စိတ်ပျက်သွားသည့်အမူအရာဖြင့် ခပ်တိုးတိုး ပြောရှာသည်။
“ဒါဆိုရင်လည်း ကောကောပဲ ကြိုက်တဲ့အိမ်လေးကို ရွေးလိုက်ပါတော့”
ထောင်ထောင်၏ အမူအရာကို မြင်လိုက်ရပြီးနောက် အခန်းနံပါတ် (၁) ကို ရွေးချယ်ရန်အတွက် ပြင်ဆင်နေပြီးသားဖြစ်သော စုကျင်းမှာ ဆုံးဖြတ်ချက်မချမီ တွန့်ဆုတ်သွားခဲ့ရလေ၏။
သူက ထောင်ထောင်၏အရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး အသံကိုနှိမ့်၍ မေးလိုက်လေသည်။
“အခန်းနံပါတ် (၅) အပြင် တခြား ဘယ်အခန်းကို မင်းကကြိုက်သေးလဲ”
ထောင်ထောင်၏ အကြည့်က အခန်းနံပါတ် (၁) မှ အခန်းနံပါတ် (၅) ထိ လှည့်ပတ်သွားပြီး၊ အခန်းနံပါတ် (၅) ၏အပေါ်တွင် ခေတ္တမျှ ရပ်တန့်နေခဲ့ပြီးမှ ခေါင်းကိုခါပြလိုက်လေ၏။
“ထောင်ထောင်က ဘယ်အခန်းပဲဖြစ်ဖြစ် ရပါတယ်”
ထောင်ထောင်၏ တွန့်ဆုတ်နေသော အကြည့်ကို စုကျင်းက သတိပြုမိသွားခဲ့ရသည်။
သူက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက်တွင် ထုတ်လုပ်ရေးအဖွဲ့သို့ အချက်ပြလိုက်လေ၏။
“ကျွန်တော်က ဒီကိစ္စကို နည်းနည်းလောက် ထပ်ဆွေးနွေးချင်လို့ပါ၊ တစ်မိနစ်လောက် အချိန်ပေးလို့ ရမလား”
တင်ဆက်သူက စုကျင်းကို အခက်အခဲမဖြစ်စေဘဲ တစ်မိနစ်အချိန်ကို ရက်ရောစွာ ပေးလိုက်လေသည်။
အချိန်ရသည်နှင့် စုကျင်းက သူ၏မိုက်ခရိုဖုန်းကို ပိတ်လိုက်ပြီး ဒုတိယကို ရရှိထားသော ကုန်းယာင်ရှိရာသို့ လှည့်ကာ စကားတချို့ကို ပြောလိုက်လေသည်။
ကုန်းယာင်က အနည်းငယ် အံ့သြသွားပုံရပြီးနောက်၊ ဖုန်းကျားယန်ကို ခပ်တိုးတိုး စကားပြောပြီး စုကျင်းကို ခေါင်းငြိမ့်ပြလိုက်လေ၏။
“တစ်မိနစ် ပြည့်ပါပြီ၊ စုကျင်းနဲ့ ထောင်ထောင်တို့အတွဲက ဘယ်အခန်းကို ရွေးမလဲဆိုတာကို ဆုံးဖြတ်ပြီးပြီလား”
“ကျွန်တော်တို့ အခန်းနံပါတ် (၅) ကိုပဲ ရွေးပါတယ်”
စုကျင်း၏ အဖြေကို ကြားလိုက်ရသည့်အချိန်တွင် စိတ်ပျက်လက်ပျက် ဖြစ်နေသော ထောင်ထောင်က ပြုံးရွှင်သွားရပြီး စုကျင်းကို မျက်လုံးလေးများကို ပြူး၍ စိုက်ကြည့်လာတော့၏။
[ အို ဘုရားရေ၊ စုကျင်းက တကယ်ကြီး အခန်းနံပါတ် (၅) ကို ရွေးလိုက်တာလား ]
[ သူက ရူးသွားပြီလား၊ အခန်း (၅) က ဒီငါးခန်းထဲမှာ အစုတ်ဆုံးပဲဆိုတာကို သိသာနေတာကို! ]
ထောင်ထောင်၏ အကြည့်နှင့် ဆုံသည့်အချိန်တွင် စုကျင်းက လက်လှမ်းလိုက်ပြီး သူမ၏ ဆံပင်လေးများကို ဖွလိုက်လေသည်။
ထို့ကြောင့် သူမ၏ ချောမွေ့နေသော ဆံပင်လေးများက ရှုပ်ပွသွားခဲ့ရလေ၏။
“မင်း ပျော်ရဲ့လား”
ထောင်ထောင်က လက်လေးနှစ်ဖက်ကို မြှောက်လိုက်ပြီး စုကျင်း၏ ပွေ့ချီမှုကို လိမ္မာစွာဖြင့် ခံယူလိုက်လေသည်။
သူမက စုကျင်းကို မှီထားရင်း သူမ၏ ပါးလေးကို စုကျင်း၏ပါးနှင့် အသာအယာ ဖိကပ်ထားပြီးနောက် ပြောလိုက်လေ၏။
“အရမ်း ပျော်တာပဲ~ ကျေးဇူးတင်ပါတယ် ကောကော~”
ထောင်ထောင်၏ ဖုံးကွယ်မထားသော ပျော်ရွှင်မှုကို မြင်တွေ့ရသည့်အချိန်တွင် ပရိသတ်များက စုကျင်း အဘယ်ကြောင့် ဤကဲ့သို့ ရွေးချယ်ခဲ့သည်ကို ခန့်မှန်းမိသွားကြတော့၏။
[ ထောင်ထောင် အဲဒီအိမ်ကိုကြိုက်လို့ပဲ ဖြစ်မှာပါ ]
[ ဝါး.. စုကျင်းက သူ့ရဲ့ကလေးကို တကယ် အလိုလိုက်တာပဲ! ]
[ဒါက အလိုလိုက်တာလား၊ အခန်းနံပါတ် (၅)ကို ရောက်တဲ့အချိန် သူတို့က နောင်တရမလားဆိုတာကို ကြည့်ကြတာပေါ့!]
စုကျင်းနှင့် ထောင်ထောင်တို့ ရွေးချယ်ပြီးနောက်တွင် ကုန်းယာင်က ဖုန်းကျားယန်နှင့်အတူ အခန်းနံပါတ် (၁)ကို ရွေးချယ်လိုက်လေသည်။
ရွေးချယ်မှု၏ အပြီးတွင် တင်ဆက်သူက စုကျင်းနှင့် ထောင်ထောင်တို့ကို အခန်းနံပါတ် (၅) ထံသို့ ခေါ်ဆောင်သွားလေ၏။
ဗီဒီယိုထဲတွင် မြင်တွေ့ခဲ့ရသော်လည်း၊ အခန်းနံပါတ်( ၅)၏ အရှေ့တွင် အမှန်တကယ်တမ်း ရပ်လိုက်ရသည့်အချိန်တွင် စုကျင်း၏ နှုတ်ခမ်းများက မသိစိတ်ဖြင့် တွန့်ချိုးသွားခဲ့ရ၏။
အဝေးကကြည့်လျှင် အခန်းနံပါတ် (၅)က မြေပုံလေးတစ်ခုနှင့် တူလွန်းသည်။
အနီးကပ်ကြည့်တော့လည်း...
ဤသည်က မြေပုံလေးတစ်ခုသာ ဖြစ်နေဆဲပင်!
ရွှံ့မြေများဖြင့် ထုလုပ်ထားသော နံရံများနှင့် ကြမ်းပြင်ပေါ်ရှိ ထူထဲလွန်းသော ဖုန်မှုန့်များကို ကြည့်ရင်း၊ မိုးရွာလာလျှင် ဤမြေပုံလေးက အရည်ပျော်ကျသွားမလားဟု စုကျင်းက တွေးတောနေမိ၏။
စုကျင်းနှင့်အတူ အခန်းနံပါတ် (၅) သို့ ရောက်ရှိလာခဲ့သော ထောင်ထောင်ကတော့ ရွံရှာသည့်အမူအရာ အလျဉ်းမရှိပေ။
ထိုအစား သူမ၏ မျက်လုံးလေးများက အံ့သြမှင်တက်မှုများဖြင့် ပြည့်နှက်နေပြီး ထိုမြေပုံလေးကို ကြည့်နေရှာ၏။
“ဝါး! ပုံထဲကအတိုင်း အတိအကျတူတာပဲ!”
အခန်းနံပါတ် (၅) ၏ တံခါးကို တွန်းဖွင့်ပြီးနောက်တွင် ထောင်ထောင်က သူမ၏ နှာခေါင်းလေးကို မြှောက်ပြီး တစ်ပတ်လှည့်ကြည့်ပြီးမှ နောက်ဆုံးတွင် သူမ၏ မျှော်လင့်ချက်ကို လက်လျှော့လိုက်ရသည်။
“တကယ်ပဲ ပေါင်မုန့်နံ့ကို မရဘူးပဲ”
သူမက ခေါင်းလေးကိုလှည့်လိုက်ပြီး ဗလာဖြစ်နေသော အခန်းကို ကြည့်ရင်း သနားစဖွယ်ကောင်းစွာ နှာလေးခေါင်းကိုရှုံ့လိုက်မိသည်။
“ပေါင်မုန့်လုံးတွေလည်း မရှိဘူး”
စုကျင်း: “...”
ဒါဆို အခုထိ ဒီအိမ်ကိုလိုခြင်ကြောင်းပြောနေတာတွေက ပေါင်မုန့်စားချင်လို့ပေါ့ ဟုတ်လား။
[ ဟားဟားဟား၊ ထောင်ထောင်ရဲ့ အမူအရာက တကယ့်ကို သနားစရာရော ရယ်စရာရောကောင်းတာပဲ ]
[ ဒါဆို ထောင်ထောင်က ပေါင်မုန့်ကို စားချင်နေတုန်းပဲပေါ့! (ရယ်ရင်းနှင့်ငို) ]
[ ဘယ်လိုလုပ်ရမလဲ၊ ထောင်ထောင်လေး အရူးလုပ်ခံရမှာကို ငါက တကယ်ကိုစိုးရိမ်မိတယ် ]
[ စုကျင်း!! ပေါင်မုန့်ကားထဲမှာလည်း ပေါင်မုန့်မရှိဘူးဆိုတာကို ထောင်ထောင်ကို အမြန်ပြောပြလိုက်စမ်းပါ (အကျယ်ကြီးအော်ပြော) ]
ထောင်ထောင်တစ်ယောက် ဝမ်းနည်းနေသည့်အချိန်မှာပင် တင်ဆက်သူက နောက်ထပ် စည်းကမ်းတစ်ခုကို ကြေညာလိုက်လေသည်။
“ဒီညစာအတွက်ကို ရိုက်ကူးရေးအဖွဲ့က အမယ်တွေကိုပဲ ပေးမှာဖြစ်ပြီးတော့ ကိုယ့်ဘာသာကိုယ် ချက်ပြုတ်ရမှာပါ၊
ပြိုင်ပွဲမှာ ပထမရခဲ့တဲ့အတွက်ကြောင့် အမယ်တွေနဲ့ လဲလှယ်ဖို့အတွက် ရမှတ် ငါးမှတ် ရရှိထားပါတယ်”
စကားပြောနေသည့်အချိန်မှာပင် ရိုက်ကူးရေးအဖွဲ့က ရရှိနိုင်သော အမယ်များကို သူတို့၏အရှေ့တွင် ခင်းကျင်းပြသလိုက်လေ၏။
တို့ဟူး၊ ဝက်သုံးထပ်သား၊ ငရုတ်ပွစိမ်း၊ မုန်လာဥနီ၊ ငါးကြင်း။
စားချင်စဖွယ်ဖြစ်စေမည့် အမယ်များကို ကြည့်ရင်း စုကျင်းက ခေတ္တမျှ တန့်သွားပြီးနောက် ထောင်ထောင်ရှိရာသို့ လှည့်ကြည့်လိုက်လေသည်။
ထိုသို့ တစ်ဦးကိုတစ်ဦး ကြောင်အမ်းအမ်း ကြည့်လိုက်ကြသည့် ခဏချင်းမှာပင် နှစ်ဦးလုံး၏ မျက်လုံးများထဲ၌ တူညီသော အခက်တွေ့မှုများကို မြင်လိုက်ရ၏။
“ထောင်ထောင်”
စုကျင်းက ခက်ခဲစွာ ပြောလိုက်လေသည်။
“မင်း ဟင်းချက်တတ်လား”
ထောင်ထောင်က ခေါင်းကိုခါပြလိုက်လေ၏။
“ထောင်ထောင်က စားဖို့ပဲ တတ်တာ”
“ ကောကောကရော”
စုကျင်းက အိုးတိုးအမ်းတမ်းဖြင့် ပြုံးလိုက်လေသည်။
“ကောကောလည်း စားဖို့ပဲ တတ်တာလေ”
*