← Chapters

အခန်း (၁၇-၁၈)

Vol. 2 Ch. 17-18

အခန်း (၁၇-၁၈)

Vol. 2 Ch. 17-18

အခန်း(17)

ခဏမျှ တိတ်ဆိတ်သွားပြီးနောက် စုကျင်းက သူ၏ဖုန်းကို ထုတ်၍ တစ်ခုခုကို အမြန်ရိုက်နှိပ်လိုက်လေသည်။

တစ်မိနစ်ပင် မပြည့်မီ စုကျင်း၏ ဖုန်းက တုန်ခါလာခဲ့၏။

သူက မျက်နှာပြင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက်တွင် မျက်နှာပေါ်က မှိုင်တွေမှုများက ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။

စုကျင်းက သူ၏အရှေ့က အမယ်များကို လက်ညှိုးထိုးပြလိုက်လေ၏။

“ထောင်ထောင်.. မင်း ဘာကိုစားချင်လဲ၊ ကြိုက်တာကို ရွေးလိုက်စမ်း”

ထောင်ထောင်က စုကျင်းကို အံ့သြတကြီးဖြင့် ကြည့်လိုက်လေသည်။

သူက ရုတ်တရက်ပင် လူတစ်ခြားလူတစ်ယောက် ဖြစ်သွားသကဲ့သို့ပင်။

“ကောကော၊ ကောကောက ရုတ်တရက်ကြီး ဟင်းချက်တတ်သွားတာလား”

“ဒါပေါ့”

စုကျင်းက ရှက်ရွံ့ခြင်းမရှိဘဲ ပုံပြင်တစ်ပုဒ်ကို လိမ်ညာ၍ ပြောလိုက်လေ၏။

“ခုနက ငါ မျက်စိကို မှိတ်လိုက်တဲ့အချိန်မှာ ငါ့ရဲ့အရှေ့မှာ ထောင်တီတာ့ရယ် နတ်ဆိုးကြီးတစ်ကောင်က ပေါ်လာတာကို တွေ့လိုက်ရတယ်”

“ပြီးတော့ သူက ငါ့ကို ဟင်းချက်နည်းတွေနဲ့ နည်းလမ်းတွေကို သင်ပေးသွားတယ်၊ အဲဒါကြောင့် ငါက ရုတ်တရက်ကြီး ဟင်းချက်တတ်သွားတာ”

ထောင်ထောင်၏ မူလခန္ဓာကိုယ်က ထောင်တီလေး ဖြစ်သောကြောင့် သူမ၏ မျက်လုံးလေးများက ပြူးသွားရသည်။

ကောကောက ထောင်တာ့ရယ်ကို မြင်ရတာလား။

စနစ်: [...]

ဒီလူသားကတော့ အပိုတွေကိုပြောတဲ့နေရာမှာ အတကယ့်ကို တော်တာပဲ။

နောက်တစ်စက္ကန့်တွင် ထောင်ထောင်၏ စိတ်လှုပ်ရှားမှု အတက်အကျကို သိရှိသွားသောကြောင့် စနစ်၏ ဒေတာများကလည်း ပြင်းထန်စွာ လှုပ်ခတ်သွားခဲ့ရသည်။

ဤမျှအထိ အဓိပ္ပာယ်မရှိသော ပုံပြင်ကို ကြားလိုက်ရသည့်အချိန်တွင် ထောင်ထောင်ကတော့...

ယုံကြည်သွားခဲ့သည်!

“ဝါး!”

စုကျင်း၏ ပုံပြင်ကို ကြားပြီးနောက်တွက် ထောင်ထောင်က မအော်ဘဲ မနေနိုင်တော့ပေ။

“ကောကောက အရမ်းကို တော်တာပဲ~”

“နည်းနည်းလောက်တော်ရုံပါပဲ”

“ဒါပေါ့”

[ စုကျင်း ပုံပြင်တွေကို လုပ်ကြံပြီးတော့ပြောနေတာကို ငါ တိတ်တဆိတ်ပဲ ကြည့်နေလိုက်တော့မယ် ]

[ ဒီပုံပြင်က တကယ့်ကို အဓိပ္ပာယ်မရှိတာ၊ ဟားဟား ]

[ တကယ်တော့ မေးခွန်းက.. ထောင်ထောင်က အဲဒါကို ယုံသွားတာလား! ]

[ (မျက်နှာကိုလက်နဲ့အုပ်ခြင်း) ထောင်ထောင်၊ မင်းကတော့ ဒီထက်ပိုပြီး ဂရုစိုက်သင့်တယ်နော်! ]

“ဒါဆို ထောင်ထောင်က ငါးကြင်းအကြီးကြီးတစ်ကောင်ကို လိုချင်တယ်၊ ပြီးတော့ တို့ဟူးနဲ့ ဝက်သုံးထပ်သားကိုလည်း လိုချင်တယ်”

ထောင်ထောင်က သူမ၏ ကလေးသံလေးဖြင့် ရွေးချယ်ပြီးနောက်တွင် စုကျင်းက သူမကို ချီမလိုက်ပြီး ထိုမြေပုံလေးကို ကျောခိုင်း၍ ထွက်ခွာရန် ပြင်လိုက်လေ၏။

“နေပါဦး”

တင်ဆက်သူက ရုတ်တရက် မကောင်းသော အငွေ့အသက်များကို ခံစားလိုက်ရသည်။

“မင်းတို့က ဘယ်ကို သွားမလို့လဲ”

စုကျင်းက အမှန်တရားကို ကိုင်ထားသကဲ့သို့ အပြုံးမျိုးဖြင့် ပြန်ဖြေလိုက်လေ၏။

“ကပ်စားဖို့လေ!”

ထိုစကား သုံးလုံးကို သူက ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်ခြင်း ဖြစ်လေသည်။

ဘာ..

ထိုစကား သုံးလုံးကြောင့် တင်ဆက်သူတစ်ယောက် သူ၏ဘဝကိုပင် ပြန်လည်၍ မေးခွန်းထုတ်နေချိန်မှာပင် ထောင်ထောင်က ပါးစပ်လေး အဟောင်းသားဖြင့် စုကျင်းကို အထင်ကြီးလေးစားသော မျက်လုံးလေးများဖြင့် ကြည့်နေမိတော့သည်။

“ဝါး၊ ကောကောက အရမ်းမိုက်တာပဲ~”

စုကျင်းက ထောင်ထောင်ကို မည်သို့ ခေါ်သွားမည်နည်းဟု လူတိုင်းက တွေးတောနေကြချိန်မှာပင် ထောင်ထောင်ကို ချီထားသော စုကျင်းက သူတို့က သွားလိုရာသို့ ရောက်ရှိလာခဲ့၏။

မြေမျက်နှာသွင်ပြင်၏ အတိုင်း ပြုလုပ်ထားသော သစ်သားတံတားလေးက အကွေ့အကောက်များစွာဖြင့် တောအုပ်ထဲအထိကို သွယ်တန်းနေသည်။

သစ်သားတံတား၏ အဆုံးရှိ စင်မြင့်ပေါ်တွင် ဆွဲဆောင်မှုရှိသော အဆောက်အဦးလေးတစ်ခုက လူတိုင်း၏ရှေ့တွင် ပေါ်လာခဲ့၏။

ထိုအဆောက်အဦးကို မြင်လိုက်ရသည့် ခဏမှာပင် တိုက်ရိုက်လွှင့်ခန်းရှိ ကြည့်ရှုသူတိုင်းက ရင်းနှီးသော ခံစားချက်ကို ရရှိလိုက်ကြသည်။

[ ဒီအဆောက်အဦးကို တစ်နေရာရာမှာ မြင်ဖူးသလိုပဲ ]

[ !! အခုမှပဲ မှတ်မိတော့တယ်! ဒါက ကုန်းယာင်နဲ့ ဖုန်းကျားယန်တို့ကနေတဲ့ အခန်းနံပါတ် (၁) မဟုတ်ဘူးလား! ]

ကြည့်ရှုသူများ သိရှိသွားကြသည့်အချိန်တွင် အဆောက်အဦး၏ တံခါးဝသို့ ရောက်ရှိနေသော စုကျင်းက ရပ်တန့်သွားခဲ့ပြီး စိတ်ရှုပ်ထွေးနေသည့် အမူအရာကို ပြသနေလေသည်။

အခန်းနံပါတ် (၅) ကို မရွေးချယ်မီကပင် စုကျင်းက ကုန်းယာင်တို့အား သူတို့က အခန်းနံပါတ် (၅) ကို ရွေးချယ်မည်ဖြစ်ပြီး၊ အခန်းနံပါတ် (၁) ကို ကုန်းယာင်တို့၏ အတွက်ကို ချန်ထားပေးမည်ဟု ဆွေးနွေးခဲ့ကြ၏။

သို့သော် နောက်ပိုင်းတွင် လိုအပ်ပါက အခန်းနံပါတ် (၁)ကို အတူ ဝေမျှသုံးစွဲနိုင်ကြောင်းကိုလည်း ပြောဆိုခဲ့ဖူး၏။

သို့သော် ထိုအချိန်က ဆွေးနွေးမှုထဲတွင် ဟင်းချက်ခြင်းအကြောင်းကို မထည့်သွင်းခဲ့ပါပေ။

ဒီလိုမျိုး ရုတ်တရက်ကြီး ရောက်လာတာက အရှက်မရှိရာ များကျမလား။

ထောင်ထောင်က စုကျင်း၏ စိတ်ထဲက ရုန်းကန်နေရမှုများကို မသိပေ။

သူမ၏ နှာခေါင်းလေးကို မြှောက်လိုက်ပြီး လေထဲက သင်းပျံ့နေသော အနံ့ကို ရှူရှိုက်ရင်း မျက်လုံးလေးများက ပြူးသွားရလေသည်။

သူမက အာလူးချောင်းကြော် အချဉ်စပ်နံ့ကို ရလိုက်တာပဲ!

ပြီးတော့ ဝက်နံရိုးနံ့ကို လည်း ရသေးတယ်!

နောက်တစ်စက္ကန့်တွင် ထောင်ထောင်က မစောင့်နိုင်တော့ဘဲ လက်ကိုမြှောက်၍ တံခါးကို ခေါက်လိုက်လေတော့သည်။

ကလစ် ဆိုသည့် အသံနှင့်အတူ တံခါးက အထဲမှ ပွင့်လာပြီးနောက်တွင် ဖုန်းကျားယန်၏ မျက်နှာက ပေါ်လာခဲ့၏။

ဖုန်းကျားယန်က တံခါးကိုဖွင့်လိုက်သည့်အချိန်တွင် စုကျင်း၏ ပွေ့ချီထားခြင်းကို ခံထားရသည့် ထောင်ထောင်က သူ့ကို မျှော်လင့်ချက်အပြည့်ဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။

“ဘာဖြစ်လို့လဲ”

ထောင်ထောင်ကတော့ စုကျင်း၏ အခက်တွေ့နေမှုကို လုံးဝကို နားမလည်ပေ။

သူမက အပြုံးလေးဖြင့် လက်လေးများကို မြှောက်လိုက်ပြီးပြောလိုက်လေသည်။

“ထောင်ထောက်တို့က ကပ်စားဖို့အတွက် လာတာ!”

ထောင်ထောင်တို့က ကပ်စားဖို့ လာတာ

ကပ်စားဖို့..

အသံကျယ်လောင်လွန်းသော ထိုစကား ခြောက်လုံးက လေထဲတွင် ပဲ့တင်ထပ်သွားခဲ့ရတော့၏။

စုကျင်း၏ မျက်နှာအမူအရာက တောင့်တင်းသွားရပြီး လေထုကလည်း အေးခဲသွားသယောင် ရှိနေသည်။

[ ဟားဟားဟားဟားဟားဟား. စုကျင်း၊ မင်း ဘာဖြစ်နေတာလဲ! ခုနကတင်ပဲ ကပ်စားဖို့လို့ ယုံကြည်ချက်အပြည့်နဲ့ ပြောနေပြီးတော့ အခုကျမှ ဘာလို့ ရှက်နေရတာလဲ ]

[ စုကျင်းရဲ့ အမူအရာကို မြင်တိုင်း ငါကတော့ ရယ်နေရတယ် ]

[ ကယ်ကြပါဦး၊ ဒါက ဒဏ္ဍာရီထဲက Tsundere ကို သဘာဝအတိုင်း တုံ့ပြန်နိုင်တဲ့စွမ်းအားလား ]

[ အနောက်က ဝန်ထမ်းတွေ၊ ဖုံးကွယ်မနေနဲ့တော့! မင်းတို့ တိတ်တဆိတ် ရယ်နေတာတွေကို တိုက်ရိုက်လွှင့် ကင်မရာက ရိုက်ထားပြီးသားပဲ၊ ဟားဟား ]

ထောင်ထောင်က လေထဲက တင်းမာ နေသော အငွေ့အသက်ကို နားမလည်ပေ။

သူမက စုကျင်း၏ တောင့်တင်းနေသော လက်မောင်းကို ပုတ်၍ သူမကို အောက်ချပေးရန်အတွက် အချက်ပြလိုက်လေ၏။

စုကျင်းက ထိတ်လန့်နေဆဲပင်ဖြစ်သောကြောင့် ထောင်ထောင်၏ အချက်ပြမှုကို မသိစိတ်ဖြင့် လိုက်နာလိုက်ရသည်။

ကြမ်းပြင်ပေါ်သို့ ရောက်သည်နှင့် ထောင်ထောင်က ဖုန်းကျားယန်ရှိသည့် တံခါးဝသို့ ပျော်ရွှင်စွာဖြင့် ပြေးသွားလိုက်လေ၏။

“ထောင်ထောင်တို့က ငါးကြင်းအကြီးကြီးတစ်ကောင်၊ တို့ဟူးနဲ့ ဝက်သုံးထပ်သားကိုလည်း ယူလာတယ်နော် .. ကြည့်ဦး!”

ထိုသို့ပြောပြီးနောက်တွင် ထောင်ထောင်က လက်လေးကိုမြှောက်လိုက်ပြီး ဝန်ထမ်း၏လက်ထဲက အမယ်များကို ညွှန်ပြလိုက်လေ၏။

ဖုန်းကျားယန်က ဘေးသို့ အနည်းငယ် ဖယ်ပေးလိုက်လေ၏။

“အရင် ဝင်လာခဲ့လေ”

ထောင်ထောင်၏ မျက်လုံးလေးများက တောက်ပသွားရပြီး ပါးချိုင့်လေးနှစ်ဖက်ကို ပေါ်လာသည်အထိ ပြုံးပြလိုက်လေသည်။

“ကျေးဇူးပဲ ကျားကျား~”

ဟင်းနံ့ကို ရလိုက်သောကြောင့် ထောင်ထောင်က အဆောက်အဦးလေးထဲသို့ ပြေးဝင်သွားခဲ့လေ၏။

ဖုန်းကျားယန်က စုကျင်းကိုတော့ တိုက်ရိုက် ဝင်ခွင့်မပေးပေ။

သူက စုကျင်းကို မော့ကြည့်ပြီး တည်ငြိမ်စွာဖြင့် ပြောလိုက်လေ၏။

“ကျွန်တော်က ကုန်းယာင်ကျဲကျဲကို အရင်ဆုံး မေးကြည့်လိုက်ဦးမယ်”

“နေပါဦး!”

ဖုန်းကျားယန်က လှည့်ထွက်သွားသည်ကို မြင်သည့်အချိန်တွင် စုကျင်းက မယုံနိုင်သကဲ့သို့ မေးလိုက်လေသည်။

“ဘာလို့ ထောင်ထောင်က ဝင်လို့ရပြီးတော့ ငါကျတော့ ဝင်လို့မရတာလဲ”

ဖုန်းကျားယန်က မျက်မှောင်ကြုတ်လိုက်လေ၏။

စုကျင်းက အဘယ်ကြောင့် ဤကဲ့သို့ အဓိပ္ပာယ်မရှိသည့် မေးခွန်းကို မေးရသည်ကို သူက နားမလည်သည့်အမူအရာရှိနေ၏။

သို့သော် သူက စုကျင်းကို ရှင်းပြပေးလိုက်လေသည်။

“ဒီအဆောက်အဦးလေးက ကုန်းယာင်ကျဲကျဲနဲ့ ကျွန်တော်က နေတဲ့နေရာပါ၊

ထောင်ထောင်က ကျွန်တော့်ရဲ့ သူငယ်ချင်းဖြစ်လို့ ကျွန်တော်က သူ့ကို ဝင်ခွင့်ပေးချင်တယ်၊

ဒါပေမဲ့ ခင်ဗျားက ကုန်းယာင်ကျဲကျဲရဲ့ သူငယ်ချင်း ဟုတ်မဟုတ်ကို ကျွန်တော် မသိဘူး၊

ပြီးတော့ ကုန်းယာင်ကျဲကျဲက မိန်းကလေးဖြစ်ပြီးတော့ ခင်ဗျားက ယောကျာ်းလေးလေ၊ အဲဒါကြောင့် သူ့ရဲ့ သဘောထားကို မေးကြည့်ဖို့ လိုအပ်တယ်”

ရှင်းပြပြီးနောက်တွင် ဖုန်းကျားယန်က စုကျင်း၏ မျက်လုံးများကို ခဏမျှ စိုက်ကြည့်နေေ၏။

ဤသည်က နားလည်ပြီလားဟု တိတ်တဆိတ် မေးနေသယောင် ရှိနေ၏။

စုကျင်းက နားလည်သည်လားဆိုသည်ကို မသိသော်လည်း တိုက်ရိုက်လွှင့်ခန်းရှိ ကြည့်ရှုသူများကတော့ သေချာပေါက် နားလည်သွားကြသည်။

[ ငါ နားလည်တယ်၊ ဒါပေမဲ့ တကယ့်ကို အံ့သြသွားရတယ် ]

[ ဖုန်းကျားယန်ရဲ့ စကားကို ဘာသာပြန်ရရင် ငါက မင်းနဲ့ ထောင်ထောင်ကို ခွဲခြားပြီးတော့ ဆက်ဆံနေတာပဲ၊ အဲဒါ ဘာဖြစ်လဲ တဲ့]

[ ဖုန်းကျားယန်က ထောင်ထောင်ကို သူ့ရဲ့သူငယ်ချင်းလို့ ပြောလိုက်တာကို ငါတစ်ယောက်တည်းပဲ သတိထားမိတာလား ]

[ ရယ်ရတယ်! စုကျင်းတစ်ယောက် အစီအစဉ်တွေမှာ ကလေးတွေဆီမှာပဲ အကြိမ်ကြိမ် အရေးနိမ့်နေရလိမ့်မယ်လို့ မထင်ထားဘူး ]

[ ဖုန်းကျားယန်ရဲ့ ရှင်းပြချက်ကို နားထောင်ပြီးတဲ့နောက်မှာတော့ သူပြောတာက အရမ်းကိုမှန်တယ်လို့ ငါကတော့ ထင်မိတယ် ]

[ ဖုန်းကျားယန် : လူကြီးတွေအနေနဲ့ ဆက်ဆံရေးမှာ စည်းကမ်းလေးတွေကို ရှိပေးကြပါ၊ ကျေးဇူးတင်ပါတယ်! ]

[ အမှန်အတိုင်း ပြောရရင် ဖုန်းကျားယန်က တကယ့်ကိုတော်တဲ့ မောင်လေးတစ်ယောက်ပဲ!

ဒီလိုအချိန်မျိုးမှာတောင် သူ့ရဲ့ကျဲရဲ့ သဘောထားကို ထည့်သွင်းစဉ်းစားပေးသေးတယ် ]

[ ဟုတ်တယ်၊ မိတ်ဆက်တုန်းက နည်းနည်း မောက်မာသလို ထင်ရပေမဲ့ ဒီအပိုင်းကို ကြည့်ရတာက ဖုန်းကျားယန်က အတော်လေး စိတ်ကောင်းရှိတာပဲ ]

စုကျင်းကို ရှင်းပြပြီးပြီဟု ခံစားလိုက်ရသောကြောင့် ဖုန်းကျားယန်က တံခါးကို ပိတ်လိုက်ပြီး ကုန်းယာင်၏ သဘောထားကို သွားမေးလေတော့၏။

ကုန်းယာင်က စုကျင်းကို ပေးထားသော ကတိကို မှတ်မိနေသောကြောင့် အခက်အခဲဖြစ်အောင် မလုပ်ပေ။

“ဒါဆိုရင်လည်း သူ့ကို ပေးဝင်လိုက်လေ”

နောက်ဆုံးတွင် ထောင်ထောင်က မီးဖိုချောင်ထဲသို့ ပြေးသွားပြီး ကုန်းယာင် ဝက်နံရိုးကို ချက်နေသည်ကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေချိန်မှာပင် ဖုန်းကျားယန်က တံခါးကို ဖွင့်၍ စုကျင်းကို ပေးဝင်လိုက်လေ၏။

*

အခန်း(18)

ထောင်ထောင်က ကုန်းယာင် ဇွန်းကို သုံး၍ အိုးထဲသို့ ဟင်းခတ်အမွှေးအကြိုင်များကို ကျွမ်းကျင်စွာ ထည့်နေသည်ကို ကြည့်နေခဲ့သည်။

ဝက်နံရိုးဟင်း၏ အနံ့က ပိုမို၍ မွှေးကြိုင်လာခဲ့လေသည်။

ထောင်ထောင်က တောင့်မခံနိုင်တော့ဘဲ ပါးစပ်ကိုစေ့လိုက်ပြီး တံတွေးများကို အကြိမ်ကြိမ် မျိုချနေမိတော့၏။

အင်း.. တကယ့်ကို မွှေးတာပဲ!

ကုန်းယာင်က ခေါင်းလှည့်ကြည့်လိုက်လေသည်။

ထို့နောက်တွင် သူမက မျက်လုံးလေးများကို ပြူးပြီး ကြည့်နေသော ပါးဖောင်းဖောင်းနှင့် ကောင်မလေးကို တွေ့လိုက်ရသည်။

သူမ၏ မျက်လုံးများက ကြယ်လေးများ တောက်ပနေသကဲ့သို့ ရှိနေပြီး ကုန်းယာင်ကို သူရဲကောင်းကြီးတစ်ဦးကဲ့သို့ မော့ကြည့်နေရှာ၏။

ထိုမျှအထိ အားပါးတရရှိသော သူမ၏ မျက်ဝန်းများကို မြင်ရသောကြောင့် ကုန်းယာင်က နှုတ်ခမ်းကိုစေ့၍ မသိစိတ်ဖြင့် ပြုံးလိုက်မိသည်။

“ထောင်ထောင်က ငါးကြင်းအကြီးကြီးရယ်၊ တို့ဟူးရယ်.. “

ထောင်ထောင်က သူမ၏ လက်ချောင်းလေးများကို ရေတွက်ပြရင်းပြောလေ၏။

“..ဝက်သုံးထပ်သားရယ်ကို ယူလာခဲ့တယ်!”

“ဟုတ်ပါပြီ၊ ငါတို့ရဲ့ ထောင်ထောင်လေးက တကယ့်ကို တော်တာပဲ”

ကုန်းယာင်က အပြုံးတစ်ခုနှင့် ချီးကျူးလိုက်လေ၏။

ဝက်နံရိုးဟင်းကို ပန်းကန်ထဲသို့ ခူးခတ်ပြီးနောက်တွင် ကုန်းယာင်က အမယ်များကို စနစ်တကျ ပြန်လည်၍ စီစဉ်လိုက်ပြီး စိတ်ထဲမှ အစီအစဉ်တစ်ခုကို ဆွဲလိုက်လေသည်။

“ငါတို့က နေ့လည်စာအတွက်ကို ဝက်နံရိုးရှိနေပြီဆိုတော့ ဝက်သုံးထပ်သားကို ညစာအတွက်ကို ချန်ထားလို့ရတယ်၊

အခုက ငါးကြင်းရယ်၊ တို့ဟူးရယ်ကို အချဉ်စပ်ဟင်းရည် ချက်လိုက်ရင် ဘယ်လိုလဲ”

“ဝါး!”

ထောင်ထောင်က မအော်ဘဲ မနေနိုင်တော့ပေ။

သူမက သစ်တောက်ငှက်တစ်ကောင်ကဲ့သို့ခေါင်းလေးကို အဆက်မပြတ် ငြိမ့်ပြနေသောကြောင့် ကုန်းယာင် ရယ်မောမိတော့သည်။

ဆီများစင်လာသောကြောင့် ကုန်းယာင်က မျက်မှောင်ကြုတ်လိုက်မိ၏။

“ထောင်ထောင်လေး.. အပြင်ကို ခဏသွားနေမလား၊ မီးဖိုချောင်မှာက ဆီတွေက စင်တတ်လို့ အပူလောင်သွားရင် အန္တရာယ်ရှိတယ်လေ”

“ဟင်း...”

ထောင်ထောင်က ဟင်းနံ့ကို ရနေရသောကြောင့် ကြမ်းပြင်ပေါ်တွင် ကော်ဖြင့် ကပ်ထားသကဲ့သို့ ဖြစ်နေကာ ထွက်မသွားချင်ခဲ့ပေ။

သူမက ကုန်းယာင်ကို သနားစဖွယ်ကောင်းသော မျက်လုံးလေးများဖြင့် မော့ကြည့်လိုက်လေ၏။

ကုန်းယာင်က ထိုအကြည့်ကို မတွန်းလှန်နိုင်ပေ။

သို့သော် ထောင်ထောင်၏ ဝမ်းနည်းနေသော မျက်လုံးလေးများကို ရင်ဆိုင်ရန်အတွက် ကုန်းယာင်တွင် နည်းလမ်းရှိသည်။

“ကျားကျား၊ မီးဖိုချောင်ထဲမှာက အန္တရာယ်ရှိတယ်၊ ထောင်ထောင်ကို အပြင်မှာ ခဏသွားဆော့ခိုင်းလိုက်ပါဦး”

ကုန်းယာင်၏ အသံကို ကြားသည့်အချိန်တွင် ဖုန်းကျားယန်က မီးဖိုချောင်တံခါးဝသို့ လျှောက်လာခဲ့သည်။

သူက မထွက်သွားချင်သော ထောင်ထောင်ကို တစ်ချက်ကြည့်လိုက်ပြီးမှ ဖြည်းညှင်းစွာ ပြောလိုက်လေ၏။

“အပြင်က စားပွဲပေါ်မှာ အခွံနွှာထားတဲ့ မင်းဂွတ်သီးတွေ ရှိတယ်”

မတိုင်ခင်က မီးဖိုချောင်ထဲမှ မထွက်ချင်ဘဲ ဇွဲကောင်းနေသော ထောင်ထောင်က ဖုန်းကျားယန်၏ ဘေးသို့ ချက်ချင်းပင် ပြေးသွားပြီး သူ၏လက်ကို ဆွဲလိုက်လေသည်။

“ကျားကျား၊ ထောင်ထောင်တို့ အတူ သွားဆော့ကြမယ်လေ!”

ကလေးနှစ်ယောက်က လက်ချင်းချိတ်၍ ထွက်သွားသည်ကို ကြည့်ရင်း ကုန်းယာင်က အားရပါးရ ရယ်မောမိတော့သည်။

သူမ ခေါင်းကိုမော့ကြည့်လိုက်သည့်အချိန်တွင် စုကျင်းက မည်သည့်အချိန်ကတည်းက တံခါးဝတွင် ရောက်နေသည်ကို မသိပဲ ရောက်ရှိနေကြောင်း တွေ့လိုက်ရသည်။

ကုန်းယာင်၏ မျက်လုံးများတွင် အပြုံးများက ရှိနေဆဲပင်။

“တကယ်တော့ ဒီကလေးလေးက အတော်လေးကို ချစ်စဖို့ကောင်းသားပဲ”

စုကျင်းက ပြုံးချင်စိတ်ကို ထိန်းချုပ်လိုက်ပြီး မောက်မာစွာဖြင့် ပြောလိုက်လေ၏။

“နည်းနည်းလောက်ပါပဲ”

[ လူလိမ်! မင်း ခုနက ကုန်းယာင်ထက်တောင် ပိုပြီးတော့ ပျော်ပျော်ကြီး ရယ်နေတာကို! ]

[ မင်းနဲ့ ထောင်ထောင်တို့ ပျော်နေကြတာကို သိသာနေတာပဲ! ]

[ ဟွန့်၊ Tsundere လုပ်နေတာက မကောင်းဘူးနော် ]

စုကျင်းက ကြည့်ရှုသူများက သူ့ကို အကဲခတ်မိနေပြီဖြစ်ကြောင်းကို မသိပါချေ။

သူက မီးဖိုချောင်ထဲက အခြေအနေကို တစ်ချက်ကြည့်လိုက်လေ၏။

“ငါ ကူညီပေးရမယ့်အရာ ရှိမလား”

ကုန်းယာင်က သူ့ကို တစ်ချက်ကြည့်လိုက်လေ၏။

“ရှင် ငါးသတ်တတ်လား”

စုကျင်းက ရိုးသားစွာဖြင့် ခေါင်းကို ခါပြလိုက်သည်။

ကုန်းယာင်က တို့ဟူးကို ကြည့်လိုက်လေ၏။

“ဒါဆို တို့ဟူးကို လှီးတတ်လား”

စုကျင်းက ခေတ္တမျှ တွန့်ဆုတ်သွားပြီးမှမေးလိုက်လေသည်။

“ဓားနဲ့ လှီးရမှာလား”

ကုန်းယာင်က နောက်ဆုံးတစ်ကြိမ် ကြိုးစားကြည့်လိုက်လေ၏။

“ဂေါ်ဖီချဉ်ကို ဆေးပေးမလား”

“ဂေါ်ဖီချဉ်က.. ဆေးဖို့ လိုလို့လား”

ကုန်းယာင်: “...”

“ရှင်က ဒီမှာပဲ ရပ်နေလိုက်တော့၊ ဘယ်ဘက်ကို နည်းနည်းတိုးဦး၊ ဟုတ်ပြီ၊ အဲဒီနေရာမှာပဲ နေ”

စုကျင်းက မီးဖိုချောင်ထဲတွင် ရပ်နေရင်း ထူးဆန်းသကဲ့သို့ မေးလိုက်လေသည်။

“ပြီးတော့ရော”

ကုန်းယာင်က လက်ကိုမြှောက်၍ ဓားကို ကျွမ်းကျင်စွာဖြင့် လှည့်ပြလိုက်လေ၏။

“သေချာကြည့်၊ သေချာသင်ယူထား”

ထို့နောက်တွင် သူမက စဉ်းတီတုံးပေါ်က ငါးကို တစ်ချက်တည်းနှင့် သတိလစ်သွားအောင် ရိုက်လိုက်လေသည်။

စုကျင်း: !!!

တိုက်ရိုက်လွှင့်ခန်းမှ ကြည့်ရှုသူများ: !!!

[ သူရဲကောင်းကြီးပဲ! တကယ့်ကို တော်တာပဲ! ]

မီးဖိုချောင်ထဲတွင် စုကျင်းတစ်ယောက် ကုန်းယာင်၏ နူးညံ့သိမ်မွေ့မှုအပေါ်ကို သူ၏အမြင်များကို ပြန်လည်၍ ပြင်ဆင်နေချိန်မှာပင်၊ ဧည့်ခန်းထဲရှိ ထောင်ထောင်က မင်းဂွတ်သီးများကို စားရင်းနှင့် ဖုန်းကျားယန်နှင့်အတူ ဗီဒီယိုများကို ကြည့်နေလေ၏။

“ကိန်းစ်ရဲ့ သီအိုရီအရ လူတွေက ငွေကို ကိုင်ဆောင်ထားလိုတဲ့ အကြောင်းရင်းတွေကို ခွဲခြားထားတာကတော့...”

“ငွေကြေးလည်ပတ်မှုအတွက်ကို လိုအပ်တဲ့ ငွေပမာဏကို တွက်ချက်တဲ့ ပုံသေနည်းကတော့..”

[ ငါကတော့ ကြောင်အမ်းသွားပြီ ]

[ ဒီကလေးက ကြည့်နေတဲ့ ဗီဒီယိုတိုလေးတွေကို ကြည့်ပြီး ငါကြည့်နေတာတွေနဲ့ ယှဉ်လိုက်ရင်.. ငါက ဘာမှကို မပြောချင်တော့ဘူး ]

[ ဟီးဟီး.. စိတ်မကောင်းပါဘူး၊ ငါကတော့ ဒီမှာ တိုက်ရိုက်လွှင့်ခန်းကိုပဲ ထိုင်ကြည့်နေရတဲ့ အသုံးမကျတဲ့လူပါ ]

ထောင်ထောင်က ခဏမျှသာ နားထောင်ပြီးနောက်တွင် မျက်လုံးလေးများက နီရဲလာခဲ့ပြီး ဖုန်းကျားယန်၏ အင်္ကျီလက်ကို မဆွဲဘဲ မနေနိုင်တော့ပေ။

“ဗီဒီယို.. ဗီဒီယိုလေးကို ပြောင်းလို့ရမလား”

ဖုန်းကျားယန်က ထောင်ထောင်ကို လှည့်ကြည့်လိုက်ပြီး နှုတ်ခမ်းကိုစေ့လိုက်လေသည်။

“မင်း မကြိုက်ဘူးလား”

ဖုန်းကျားယန်၏ လေသံက တည်ငြိမ်နေသော်လည်း သူက အနည်းငယ် စိတ်ပျက်သွားသည်ဟု ထောင်ထောင်က ခံစားလိုက်ရ၏။

ထောင်ထောင်က ခေတ္တမျှ တွန့်ဆုတ်သွားပြီးမှ ပြောလိုက်လေသည်။

“ကျားကျားရဲ့ ဗီဒီယိုတွေက အရမ်းကောင်းပါတယ်၊ ထောင်ထောင်က တခြားဗီဒီယိုလေးတွေကိုပဲ ကြည့်ချင်လို့ပါ”

ဤအဖြေကို ကြားလိုက်ရသည့်အချိန်တွင် ဖုန်းကျားယန်က ဇွတ်အတင်းမလုပ်ဘဲ ဖုန်းကို ထောင်ထောင်ထံသို့ ပေးလိုက်လေ၏။

ထောင်ထောင်က ဗီဒီယိုများကို အမှတ်မထင် ဆွဲကြည့်နေသည့်အချိန်တွင် ရုတ်တရက် ဗီဒီယိုတစ်ခုကပေါ်လာခဲ့သည်။

ဗီဒီယိုထဲတွင် မင်းသားဖြစ်သူက မင်းသမီး ချက်ထားသော ဟင်းကို မြည်းစမ်းကြည့်ပြီးနောက် မော့ကြည့်၍ အော်လိုက်လေ၏။

“အရမ်းကို အရသာရှိတာပဲ! နောက်ပိုင်းကျရင် မင်းချက်တဲ့ဟင်းကိုပဲ နေ့တိုင်း စားချင်တယ်!”

မင်းသမီးက အပြုံးတစ်ခုနှင့် ပြောလိုက်လေသည်။

“ဒါဆိုရင် အဲဒီစကားကို ဘာလို့ မပြောတာလဲ”

သူတို့နှစ်ဦးက အကြည့်ချင်းဆုံသွားကြပြီးနောက်တွင် လေထဲတွင် ပန်းရောင်ပူဖောင်းလေးများက ရုတ်တရက် ပြည့်နှက်သွားခဲ့သည်။

မင်းသားက ပျော်ရွှင်စွာဖြင့် အပြုံးတစ်ခုနှင့် မေးလိုက်လေ၏။

“ကိုယ်က မင်းကို လက်ထပ်လို့ ရမလား”

ထောင်ထောင်၏ မျက်လုံးလေးများက ပြူးသွားရပြီး တစ်ခုခုကို ရုတ်တရက် နားလည်သွားသည့် အမူအရာ ဖြစ်သွားလေသည်။

ထောင်ထောင်၏ အတွေးကို သိရှိသွားသော စနစ်: [...]

နေပါဦး! ကလေးမလေး၊ ဒီတစ်ခါက်ရော ဘယ်လို ထူးဆန်းတာကို နားလည်သွားပြန်တာလဲ!

စားပွဲပေါ်တွင် ဟင်းသုံးမျိုးကို ခင်းကျင်းထားသည်။

ငါးကြင်း တို့ဟူးချဉ်စပ်ဟင်းရည်၊ ဝက်နံရိုးချက်နှင့် အာလူးအချောင်းကြော် အချဉ်စပ်။

“လာပြီးတော့ မြည်းကြည့်ကြပါဦး”

ကုန်းယာင်က အပြုံးတစ်ခုနှင့် စားပွဲတွင် ထိုင်လိုက်လေသည်။

စုကျင်းက မီးဖိုချောင်ထဲမှ ထွက်လာကတည်းက အတော်လေး လိမ္မာသွားခဲ့၏။

ထောင်ထောင်ကတော့ မစောင့်နိုင်တော့ဘဲ သူမ၏ တူကို ကိုင်လိုက်ပြီးဝက်နံရိုးတစ်တုံးကို ယူလိုက်လေသည်။

မြည်းစမ်းလိုက်သည့် ခဏမှာပင် ထောင်ထောင်၏ မျက်လုံးများက ပြူးသွားရတော့၏။

ဝက်နံရိုးများက အရမ်းကို နူးညံ့နေပြီး အသားများက အရိုးမှ အလွယ်တကူ ကွာကျလာခဲ့သည်။

အသားမျှင်တိုင်းတွင် ဟင်းရည်၏ မွှေးကြိုင်လွန်းသော အရသာများက စိမ့်ဝင်နေပြီး နှုတ်ခမ်းပေါ်တွင် အဆီလေးများက ကျန်ရစ်ခဲ့ကာ ဖော်ပြ၍ မတတ်လောက်အောင်ပင် ပျော်ရွှင်သော ခံစားချက်ကို ရရှိစေသည်။

ထောင်ထောင်က အာလူးကြော်နှင့် ဝက်နံရိုးများကို မနားတမ်း စားနေမိလေ၏။

ငါးကြင်းနှင့် တို့ဟူးဟင်းရည်ထဲတွင်လည်း နူးညံ့လွန်းသော တို့ဟူး၊ လတ်ဆတ်သော ငါးအသားလွှာများနှင့် ချဉ်စပ်မွှေးကြိုင်လွန်းသော ဟင်းရည်တို့ကြောင့် ထောင်ထောင်က စကားပင် မပြောနိုင်တော့ဘဲ အလုပ်ရှုပ်နေခဲ့သည်။

ထမင်းတစ်ပန်းကန်နှင့် ဟင်းရည်များကို အကုန်သောက်ပြီးမှသာ ထောင်ထောင်က အနည်းငယ် ငြိမ်သက်သွားခဲ့၏။

မတိုင်မီက မြင်တွေ့ခဲ့ရသော ဗီဒီယိုအတိုလေးကို သတိရသွားသောကြောင့် ထောင်ထောင်က ကုန်းယာင်ကို မျှော်လင့်ချက်အပြည့်ဖြင့် မော့ကြည့်လိုက်လေသည်။

“ကုန်းယာင်ကျဲကျဲ၊ ထောင်ထောင်က ကျဲကျဲကို လက်ထပ်လို့ ရမလား”

“ဖူးးး”

ဘေးတွင် ထိုင်နေသော စုကျင်းတစ်ယောက် ဟင်းရည်များကို ပြန်မှုတ်ထုတ်လိုက်မိတော့သည်။

[ ? ]

စုကျင်းက အဆက်မပြတ် ချောင်းဆိုးနေချိန်မှာပင်၊ ထိုစကားကို ကြားလိုက်ရသော တိုက်ရိုက်လွှင့်ခန်းမှ ကြည့်ရှုသူများကလည်း မေးခွန်းထုတ်သည့် အမှတ်အသားများဖြင့် ပြည့်နှက်သွားခဲ့တော့၏။

[ ငါက နားကြားမှားတာများလား ]

[ နေပါဦး! ထောင်ထောင်က ပြောတဲ့ လက်ထပ်တာက ငါ ထင်သလိုမျိုးလား ]

[ မေးခွန်းထုတ်စရာတွေက အများကြီးပဲ ]

[ ဘုရားရေ! ထောင်ထောင်ရဲ့ အကြံက တကယ့်ကို ဆန်းသစ်လွန်းတယ် (အံ့သြသွား) ]

စုကျင်းက ထိုစကားကို ကြားသည့်အချိန်တွင် အလွန်အံ့သြသွားရသောကြောင့် ဟင်းရည်ပူများကို ပြန်မှုတ်ထုတ်လိုက်မိလေ၏။ ဘေးမှ လူများကလည်း အခြေအနေကမထူးပေ။

ထောင်ထောင်၏ မျှော်လင့်မထားသော စကားကြောင့် ဝန်ထမ်းများကလည်း ကစဉ့်ကလျား ဖြစ်သွားကြရ၏။

‘လက်ထပ်ချင်တယ်’ ဟူသော စကားကို တိုက်ရိုက်ရင်ဆိုင်လိုက်ရသည့် ကုန်းယာင်လည်း ခေတ္တမျှ ကြောင်အမ်းသွားခဲ့ရသည်။

လူတိုင်းထဲတွင် ဖုန်းကျားယန် တစ်ယောက်တည်းကသာ ခဏမျှ အံ့သြသွားပြီးနောက် ထောင်ထောင်၏ ရိုးသားလွန်းသော မျက်နှာလေးကို ကြည့်ပြီး တည်ငြိမ်စွာဖြင့် မေးလိုက်

လေသည်။

“ထောင်ထောင်၊ လက်ထပ်တယ်ဆိုတာက ဘာကို ဆိုလိုတာလဲဆိုတာကို မင်းကသိလား”

ထောင်ထောင်က ခေါင်းလေးကိုစောင်းပြီးနောက် ပြောလိုက်လေသည်။

“နောက်ပိုင်းကျရင် အတူရှိနေတာလို့ ဆိုလိုတာ မဟုတ်ဘူးလား”

ဖုန်းကျားယန်နှင့် ထောင်ထောင်တို့၏ အမေးအဖြေကို ကြားပြီးနောက်မှသာ၊ ကြောင်အမ်းနေခဲ့သော ကုန်းယာင်က သတိပြန်ဝင်လာခဲ့၏။

“ထောင်ထောင်လေး၊ ဘာလို့ ကျဲကို.. လက်ထပ်ချင်ရတာလဲလို့ မေးလို့ရမလား”

ကုန်းယာင်က တစ်နေ့တွင် သူမထက် များစွာ ငယ်ရွယ်လွန်းသော ကောင်မလေးတစ်ယောက်ဆီမှ သူမကို လက်ထပ်ချင်သည်ဟူသော စကားကို ကြားရလိမ့်မည်ဟု မည်သည့်အချိန်ကမှ မထင်ထားခဲ့သောကြောင့် ရယ်မောမိနေရသည်။

“ဘာလို့လဲဆိုတော့.. ဘာလို့လဲဆိုတော့”

ထောင်ထောင်၏ မျက်လုံးများက ပြောနေရင်းနှင့် တောက်ပလာခဲ့၏။

“ထောင်ထောင်က ကုန်းယာင်ကျဲကျဲက ချက်တဲ့ဟင်းတွေကို နေ့တိုင်း စားချင်လို့”

*

All Chapters