အခန်း (၁၉-၂၀)
Vol. 2 Ch. 19-20
အခန်း(19)
ထောင်ထောင်၏ အဖြေကို ကြားမှသာ၊ သူမ၏ အံ့သြဖွယ်ကောင်းသော စကားက မကြာခင်က ပြသခဲ့သော တီဗီဇာတ်လမ်းထဲက ရရှိလာခြင်းဖြစ်ကြောင်းကို လူတိုင်းက နားလည်သွားကြတော့၏။
ထောင်ထောင်၏ စိတ်ထဲတွင် ကုန်းယာင်ကို လက်ထပ်ခြင်း ဆိုသည်က ကုန်းယာင်က ချက်သည့်ဟင်းကို နေ့တိုင်း စားနိုင်ခြင်းဟုသာ အဓိပ္ပာယ်ရသည်။
[ ဟားဟားဟားဟားဟားဟား.. ရယ်ရလွန်းလို့ ငါ့ရဲ့အခန်းဖော်ကတောင် ငါက ဘာဖြစ်တာလဲလို့တောင် လာမေးနေပြီ ]
[ ရယ်ရလွန်းလို့ သေတော့မယ်၊ ဒီလောက်တောင် ရယ်ရလိမ့်မယ်လို့ မထင်ထားဘူး! ]
[ ရယ်ရလွန်းလို့ မရပ်နိုင်တော့ဘူး၊ဒီနေ့ရဲ့အတွက်တော့ ငါ့ရဲ့ ရယ်သံအားလုံးကို ထောင်ထောင်ကိုပဲ ပေးလိုက်ပါပြီ ]
[ တကယ်ပဲ! ထောင်ထောင်က ဘယ်ဗီဒီယိုကို ကြည့်လိုက်လဲဆိုတာကို ငါက ရုတ်တရက် သတိရသွားပြီ၊ ငါကလည်း အဲဒါကို မြင်ဖူးတယ် ထင်တယ် ]
[ ဘယ်လိုလုပ်ရမလဲ၊ ထောင်ထောင်က တီဗီဇာတ်လမ်းထဲက စကားတွေကို အလေးအနက်ကြီး မှတ်ထားတာက အရမ်းချစ်ဖို့ကောင်းတာပဲ! ]
[ ထောင်ထောင်က ဘာမကောင်းတဲ့ စိတ်မှ မရှိပါဘူး၊ သူက ကျဲကျဲချက်တဲ့ဟင်းကို နေ့တိုင်း စားချင်တာပဲလေ (တောက်ပသောမျက်လုံးလေးများ ) ]
ဤတစ်ကြိမ်တွင် တိုက်ရိုက်လွှင့်ခန်းမှ ကြည့်ရှုသူများကသာမက၊ တခြားသော ဧည့်သည်များနှင့် ဝန်ထမ်းများကပါ မနေနိုင်တော့ဘဲ အားပါးတရ ရယ်မောမိကြတော့၏။
ရယ်သံများကြားတွင် ထောင်ထောင်က မျက်တောင်လေးကို ခတ်လိုက်မိလေ၏။ နောက်ဆုံးတွင် ဖုန်းကျားယန်၏ ရှင်းပြချက်ကြောင့် သူမက တစ်ခုခုကို မှားသွားပြီဖြစ်ကြောင်းကို နားလည်သွားခဲ့တော့သည်။
ဤသည်ကို နားလည်သွားရသည့်အချိန်တွင် ထောင်ထောင်၏ မျက်လုံးလေးများက ချက်ချင်းပင် ဝမ်းနည်းရိပ် သန်းသွားခဲ့၏။
“ဒါဆိုရင်.. ထောင်ထောင်က ကုန်းယာင်ကျဲကျဲကို လက်ထပ်လို့ မရဘူးပေါ့၊ ပြီးတော့ ကျဲကျဲချက်တဲ့ဟင်းကိုလည်း နေ့တိုင်း စားလို့ မရတော့ဘူးပေါ့”
ထောင်ထောင်၏ ဝမ်းနည်းနေသော အကြည့်ကို မြင်ရသည့်အချိန်တွင် ကုန်းယာင်၏ စိတ်က နူးညံ့သွားခဲ့ရ၏။
သူမက ထောင်ထောင်၏ ခေါင်းလေးကို အသာအယာ ပုတ်လိုက်လေသည်။
“ဒီရက်ပိုင်းအတွင်း ထောင်ထောင်စားချင်ရင် အချိန်မရွေး လာစားလို့ ရပါတယ်နော်”
ဖုန်းကျားယန်ကလည်း အလေးအနက်ဖြင့် ခေါင်းကို ငြိမ့်ပြလိုက်လေ၏။
“ထောင်ထောင်က အချိန်မရွေး လာဆော့လို့ ရတယ်”
ကုန်းယာင်၏ စကားကို ကြားသည့်အချိန်တွင် ဝမ်းနည်းနေသော ထောင်ထောင်က ချက်ချင်းပင် မျက်နှာလေးကပြန်လည်၍ တောက်ပလာခဲ့သည်။
“ကျေးဇူးတင်ပါတယ် ကုန်းယာင်ကျဲကျဲ~ ကျေးဇူးပဲ ကျားကျား~”
သူတို့ သုံးဦးက ပျော်ရွှင်စွာဖြင့် တစ်ဦးကိုတစ်ဦး ပြုံးပြနေကြချိန်တွင်၊ လူတစ်ယောက်ကတော့ တစ်ကမ္ဘာလုံးက သူ့ကို စွန့်ပစ်ထားသကဲ့သို့ ခံစားနေရသည်။
စုကျင်းက စောင့်နေရင်းစနှင့် မည်သူကမှ သူ့ကို လာမမေးသောကြောင့် မအောင့်အီးနိုင်တော့ဘဲ ခပ်တိုးတိုး မေးလိုက်မိ၏။
“ငါ့ကိုရော ဘယ်သူကမှ ဂရုမစိုက်ကြတော့ဘူးလား”
ဖုန်းကျားယန်က ထမင်းကိုသာ ငုံ့စားနေပြီး စုကျင်း၏ ဘက်သို့ လှည့်ပင်မကြည့်ပေ။
ကုန်းယာင်က စုကျင်းကို ခေါင်းကိုမော့ကြည့်လိုက်သော်လည်း မသိစိတ်ဖြင့် တွန့်ဆုတ်သွားကာ မည်သည်ကိုမှမပြောခဲ့ပေ။
“…”
ထိုသို့ တိတ်ဆိတ်နေချိန်မှာပင် ထောင်ထောင်က နောက်ဆုံးတွင် သူမ၏ လက်လေးကိုမြှောက်၍ စုကျင်း၏ ပုခုံးကို နှစ်သိမ့်သည့်အနေဖြင့် ပုတ်လိုက်ရင်း သူမ၏ ကလေးသံလေးဖြင့် ပြောလိုက်လေ၏။
“ရပါတယ် ကောကော၊ ကောကောက ထောင်ထောင်နဲ့အတူ ကပ်စားလို့ ရတာပဲလေ”
စနစ်: [ ဖူးးး ]
[ ထောင်ထောင်ရဲ့ စကားက တကယ့်ကို KO ပဲ ]
[ ထောင်ထောင်ရဲ့ စကားကို ကြားပြီးတဲ့နောက် စုကျင်းရဲ့ မျက်လုံးထဲက အရောင်တွေ အကုန်လုံး ပျောက်ကွယ်သွားပြီ! ]
[ မရည်ရွယ်ဘဲ ပြောလိုက်တဲ့ စကားက အထိနာဆုံးပဲ! ]
[စုကျင်း : ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ငါ လုံးဝကို စိတ်မသက်သာသွားဘူး]
[ရယ်ရတယ်.. စုကျင်း ရိုက်ကူးရေးရဲ့ ပထမဆုံးနေ့မှာတင် မင်းက ဘာလို့ အောက်ခြေအဆင့်ကို ရောက်သွားရတာလဲဆိုတာကို ပြန်ဆင်ခြင်သင့်ပြီနော်!]
အကယ်၍ စုကျင်းကသာ တိုက်ရိုက်လွှင့်ခန်းထဲက မှတ်ချက်များကို မြင်နိုင်မည်ဆိုပါက တစ်ခန်းလုံးတွင် ကြည့်ရှုသူများ၏ ရယ်သံများနှင့် ပြည့်နှက်နေသည်ကို တွေ့ရပေလိမ့်မည်။
အထူးသဖြင့် သူ၏ ပရိသတ်စစ်စစ်များကပင် ပရိသတ်အတုများကဲ့သို့ အားရပါးရ လှောင်ရယ်နေကြ၏။
သူမ၏ ကောကောကို နှစ်သိမ့်ပေးပြီးနောက်တွင် ထောင်ထောင်က သူမ၏အရှေ့ရှိ အစားအစာများဆီသို့ အာရုံပြန်စိုက်လိုက်လေသည်။
သူမက ပထမဆုံး ထမင်းတစ်ပန်းကန်ကို အကုန်စားပြီးသွားပြီဖြစ်၍ ကုန်းယာင်က သူမ၏ အတွက်ကို နောက်ထပ် တစ်ပန်းကန်ကို ထပ်ထည့်ပေးလိုက်လေ၏။
ဖြူဖွေးနူးညံ့သော ထမင်းပူပူလေးကို ပန်းကန်လုံးအသေးလေးထဲတွင် အပြည့်ပုံထားလေသည်။
ထို့ပြင် ဝက်နံရိုးနှင့်ဖြစ်စေ၊ အချဉ်စပ် ငါးကြင်းတို့ဟူးဟင်းရည်နှင့်ဖြစ်စေ၊ အာလူးအချောင်းကြော်နှင့်ဖြစ်စေ တွဲဖက်စားလိုက်ပါက ထူးကဲသော အရသာကို ပေးစွမ်းနိုင်၏။
ထောင်ထောင်က ထမင်းပန်းကန်ထဲသို့ မျက်နှာအပ်မတတ် စားနေခဲ့သည်။
ဟင်းတစ်လုပ်၊ ထမင်းတစ်လုပ်နှင့် သူမ၏ ပါးပြင်လေးနှစ်ဖက်က အစာသိုလှောင်ထားသော ဟန်းစတားလေးတစ်ကောင်ကဲ့သို့ ဖောင်းကားနေ၏။
သူမက ဝါးလိုက်တိုင်း ထိုပါးဖောင်းဖောင်းလေးများက လှုပ်ခါနေလေသည်။
အစားအသောက်၏ အရသာကို ခံစားရင်း ထောင်ထောင်၏ မျက်လုံးလေးများက ပျော်ရွှင်မှုကြောင့် မှေးစင်းသွားရပြီး၊ မသိစိတ်ဖြင့်ပင် ခေါင်းလေးကို တငြိမ့်ငြိမ့် လုပ်နေမိတော့၏။
[ အား၊ ထောင်ထောင်က စားနေတာကို ကြည့်ရတာ အရမ်းကို အရသာရှိပုံပဲ! (တံတွေးမြိုချ) ]
[ ထောင်ထောင်လေးက လိမ်လိမ်မာမာနဲ့ စားနေတာ.. အရမ်းကို ချစ်ဖို့ကောင်းတာပဲ! ပါးဖောင်းဖောင်းလေးတွေကို တကယ်ကို ဆွဲညှစ်လိုက်ချင်တာ! ]
[ ထောင်ထောင်က စားတာကို ကြည့်ရတာကို စိတ်အပန်းပြေစေတယ်၊ တခြား Mukbang ဗီဒီယိုတွေထက်တောင် ငါ့ကို ပိုပြီးတော့ဗိုက်ဆာစေတယ် ]
[ ငါက တကယ့်ကို သိချင်မိတယ်၊ ကုန်းယာင်ရဲ့ လက်ရာက တကယ်ပဲ အဲဒီလောက် ကောင်းတာလား ]
[ ထောင်ထောင်က စားနေတာက တကယ်ကို အရသာရှိပုံပဲ ဟီးဟီး ]
[ ဘယ်လိုလုပ်ရမလဲ၊ ထောင်ထောင် စားတာကို မြင်ရတော့ ငါလည်း လိုက်စားချင်လာပြီ! ]
ထိုအချိန်က နေ့လည်စာစားချိန်ဖြစ်သောကြောင့် တိုက်ရိုက်လွှင့်ခန်းမှ ကြည့်ရှုသူအများအပြားက ဗိုက်ဆာလာကြလေတော့၏။
ထိုနေ့တွင် အစားအသောက် မှာယူသည့် Application များပေါ်၌ ဝက်နံရိုး၊ ငါးကြင်းချဥ်စပ်ဟင်းရည်နှင့် အာလူးကြော်မှာယူမှုများက သိသာစွာ မြင့်တက်သွားခဲ့ရသည်။
ထောင်ထောင်၏ လွှမ်းမိုးမှုကြောင့် စုကျင်းကလည်း သူ၏ ကိုယ်အလေးချိန်ကို ထိန်းသိမ်းရမည်ကို မေ့လျော့သွားပြီး ထမင်းသုံးပန်းကန် တိတိကို အားရပါးရ စားခဲ့လေ၏။
နောက်ဆုံးတွင် ကုန်းယာင် ချက်ထားသော ဟင်းသုံးမျိုးနှင့် အိုးထဲရှိ ထမင်းများက အကုန်အစင် ပြောင်သလင်းခါသွားခဲ့လေတော့သည်။
စားသောက်ပြီးသည့်နောက်တွင် ထောင်ထောင်က ရေတစ်ခွက် သောက်လိုက်ပြီး ဖန်ခွက်ကို စားပွဲပေါ်တင်လိုက်လေသည်။
ပြီးမှသာ စိတ်ကျေနပ်သည့် သက်ပြင်းတစ်ချက်ကို ချလျက် မျက်လုံးလေးများကို မှေးစင်း၍ ပျော်ရွှင်နေတော့၏။
အစားအသောက်က မရှိတော့သည့်အချိန်တွင် ထောင်ထောင်၏ အာရုံက တခြားနေရာသို့ ချက်ချင်း ရောက်ရှိသွားလေသည်။
မကြာမီမှာပင် ကလေးနှစ်ယောက်က ဧည့်ခန်းထဲသို့ ပြေးသွားကြပြီး ခေါင်းချင်းရိုက်၍ ခပ်တိုးတိုးဖြင့် တစ်ခုခုကို ကစားနေကြတော့၏။
ထမင်းစားခန်းထဲတွင်။
ကုန်းယာင်က စားပွဲပေါ်ရှိ ဗလာဖြစ်နေသော ပန်းကန်များကို တစ်ချက်ကြည့်လိုက်ပြီးနောက်၊ ဆေးကြောရန်အတွက် ကျန်ရှိနေသည့် မီးဖိုချောင်သုံး ပစ္စည်းပုံကြီးကို တွေးတောမိသွားရသည်။
သူမက မည်သို့လုပ်ရမည်ကို စဉ်းစားနေချိန်မှာပင် သူမ၏ အကြည့်တို့က အရှေ့တွင်ထိုင်နေသော စုကျင်းထံသို့ ရောက်ရှိသွားပြီး အကြံတစ်ခုကို ရရှိသွားခဲ့၏။
“စုကျင်း၊ ဟင်းတွေက အရသာရှိရဲ့လား”
ကုန်းယာင်၏ နူးညံ့သောအပြုံးကို ရင်ဆိုင်လိုက်ရသည့်အချိန်တွင် စုကျင်းက မသိစိတ်ဖြင့် သတိကပ်လိုက်မိသည်။
ခုနကတင် မီးဖိုချောင်ထဲတွင် ကုန်းယာင်က ငါးကို ကျွမ်းကျင်စွာ သတ်ဖြတ်ခဲ့သည့် ပုံရိပ်က သူ၏ ခေါင်းထဲ၌ စွဲထင်နေဆဲဖြစ်သည် မဟုတ်ပါလား။
“မင်း ဘာပြောချင်လို့လဲ”
“ရှင်လည်း ဒီနေ့ အခြေအနေကို မြင်တဲ့အတိုင်းပဲ၊ ဘာမှ ထူးခြားတာက မရှိရင် နောက်ပိုင်းမှာလည်း ထုတ်လုပ်ရေးအဖွဲ့က အမယ်တွေကိုပဲ ပေးတော့မှာ၊ ကျွန်မတို့က ကိုယ့်ဘာသာကိုယ် ချက်ရမှာလေ”
ကုန်းယာင်က အပြုံးတစ်ခုနှင့် ငါးစာကို ချလိုက်လေသည်။
“နောက်ပိုင်း ရလာတဲ့ အမယ်တွေကို ကျွန်မတို့တွေ အတူချက်ပြီး ကျွန်မတို့နှစ်ဖွဲ့ပေါင်းပြီးတော့ စားကြရင် ဘယ်လိုလဲ”
ကုန်းယာင်၏ အကြံပြုချက်က ဆွဲဆောင်မှုရှိလွန်းသောကြောင့် စုကျင်းက အဓိကကျသော မေးခွန်းကို ချက်ချင်း မေးလိုက်လေသည်။
“ဒါဆို ငါက ဘာကိုလုပ်ပေးရမှာလဲ”
“ရိုးရိုးလေးပါပဲ”
ငါးစာကို ငါးက ဟပ်လိုက်ပြီဖြစ်ကြောင်းကို မြင်ရသောကြောင့် ကုန်းယာင်က နှုတ်ခမ်းလေးကို တွန့်ကိေး၍ ပြုံးလိုက်လေ၏။
“ဟင်းချက်တာကိုတော့ ကျွန်မကပဲ တာဝန်ယူလိုက်မယ်၊ ဒါပေမဲ့ ပန်းကန်ဆေးတာနဲ့ သန့်ရှင်းရေးလုပ်တာကိုတော့ ရှင် တာဝန်ယူရမယ်”
စုကျင်းက ခေတ္တမျှ တိတ်ဆိတ်သွားပြီး ဤသဘောတူညီချက်က ထိုက်တန်ရဲ့လားဟု စဉ်းစားနေမိသည်။
စုကျင်းက တွန့်ဆုတ်နေသည်ကို မြင်သည့်အချိန်တွင် ကုန်းယာင်က နောက်ထပ် အချက်တစ်ခုကို ထပ်ဖြည့်လိုက်ပြန်သည်။
“ပြီးတော့ ကျွန်မတို့ အရင်က သဘောတူထားသလိုပဲ၊ ကျွန်မ အခြေအနေ ကြည့်ပြီးပြီ၊
အခန်း (၁) မှာက သီးသန့် အိပ်ခန်းက သုံးခန်း ရှိတယ်၊ အကြီးဆုံးအခန်းကို သန့်ရှင်းရေးလုပ်ပြီးတော့ ကလေးနှစ်ယောက်အတွက်ကို အိပ်ခန်းအဖြစ် သုံးလို့ရတယ်၊
အဲဒီက ပတ်ဝန်းကျင်က အခန်း (၅) ထက် အများကြီး ပိုကောင်းတာ အမှန်ပဲ”
ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် စုကျင်း၏ မျက်နှာအမူအရာက အနည်းငယ် ပျော့ပြောင်းသွားခဲ့ရ၏။
သူက ဧည့်ခန်းထဲတွင် ကစားနေသော ထောင်ထောင်ကို လှမ်းကြည့်လိုက်ပြီး သူ၏ မျက်ဝန်းများက မသိစိတ်ဖြင့် နူးညံ့သွားခဲ့ရသည်။
သို့သော် စုကျင်းတွင် သူ၏ ကိုယ်ပိုင်စည်းကမ်းက ရှိနေသေး၏။
“စားပြီးရင် စားသောက်ခန်းနဲ့ မီးဖိုချောင်ရဲ့ သန့်ရှင်းရေးကို ငါ တာဝန်ယူမယ်၊
တခြားနေရာတွေရဲ့ သန့်ရှင်းရေးကို လုပ်ဖို့ကိုတော့ နောက်မှ ထပ်ဆွေးနွေးတာပေါ့”
ဤသည်ကို ကြားသည့်အချိန်တွင် ကုန်းယာင်က ကျေနပ်စွာဖြင့် ပြုံးလိုက်လေ၏။
“သဘောတူပြီ”
သူတို့နှစ်ဦးက လေထဲတွင် လက်ချင်းရိုက်လိုက်ပြီး ကတိပြုလိုက်ကြသည်။
*
အခန်း(20)
ထုတ်လုပ်ရေးအဖွဲ့၏ အံ့သြနေသော အကြည့်များ၏ အောက်တွင် စုကျင်းနှင့် ကုန်းယာင်တို့က သူတို့၏ လျှို့ဝှက် အရောင်းအဝယ်ကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ကြတော့၏။
စုကျင်းနှင့် ကုန်းယာင်တို့က သဘောတူညီချက်ကို ရရှိပြီးနောက်တွင် ထိုညတွင် သူတို့ အိပ်စက်ရမည့် အခန်းကို သန့်ရှင်းရေး လုပ်ခဲ့ကြသည်။
ထုတ်လုပ်ရေးအဖွဲ့က ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သို့သော် ကံကောင်းစွာဖြင့် အခန်းနံပါတ် (၁) က ယခင်က တည်းခိုခန်း ဖြစ်ခဲ့ဖူးသောကြောင့် အခြေခံ အဆောက်အဦးများနှင့် လူသုံးကုန်ပစ္စည်းများက အဆင်သင့် ရှိနေလေသည်။
အခန်းကို သန့်ရှင်းရေး လုပ်ပြီးသွားသည့်အချိန်တွင် ကလေးနှစ်ယောက်ကလည်း အတော်လေး ပင်ပန်းနေကြပြီ ဖြစ်၏။
ထောင်ထောင်က အိပ်ချင်လွန်းသောကြောင့် မျက်တောင်များက မှေးစင်းနေလေ၏။ စုကျင်းက သူမကို ရေချိုးရန်အတွက် ခေါ်သွားချိန်မှာပင် တစ်လှမ်းချင်းစီ၌ သမ်းဝေနေရှာသည်။
စုကျင်းက ထောင်ထောင်ကို အိပ်ခန်းလေးထဲသို့ ခေါ်လာချိန်တွင်တော့ ဖုန်းကျားယန်က ခုတင်ပေါ်တွင် လဲလျောင်းနေပြီဖြစ်၏။
စုကျင်းက ထောင်ထောင်ကို ခုတင်ပေါ်သို့ ချီတင်ပေးလိုက်ပြီး စောင်လေးကို သေသေချာချာ ခြုံပေးလိုက်လေသည်။
သူမက စုကျင်းကို လိမ္မာစွာ မော့ကြည့်လိုက်ရင်း ပြောလိုက်လေသည်။
“ဂွတ်နိုက်ပါ ကောကော~”
စောင်ပုံထဲက အထုတ်လေးအတိုင်းရှိနေသော ကလေးမလေးက မျက်လုံးလေးများကို ဖွင့်၍ ကြည့်လိုက်သည့် ထိုခဏ၌ တိုက်ရိုက်လွှင့်ခန်းမှ ကြည့်ရှုသူ အမြောက်အမြားက သူတို့၏ နှလုံးသားကို မသိစိတ်ဖြင့် ဆုပ်ကိုင်လိုက်ကြရ၏။
[ အို ဘုရားရေ ၊ဒီမြင်ကွင်းက တကယ့်ကို အသဲယားစရာကောင်းတဲ့ တိုက်ခိုက်မှုပဲ! ]
[ ဝါးးး၊ သူက အရမ်းကို ချစ်ဖို့ကောင်းတာပဲ! ]
[ ဒီလို ချစ်ဖို့ကောင်းတဲ့ သမီးလေးကို မားမား နမ်းချင်တယ်! ]
[ ? ..မင်းတို့က ရှက်တတ်ကြဦးလေ၊ အမေအတုတွေ.. ထောင်ထောင်က မင်းတို့ရဲ့သမီး မဟုတ်ဘူးနော်! ]
[ ဂွတ်နိုက်ပါ ထောင်ထောင်လေး ]
[ အိပ်မက်လှလှ မက်ပါစေ ထောင်ထောင် ]
“ဂွတ်နိုက်”
စုကျင်းကလည်း ထောင်ထောင်ကို ပြန်ပြောလိုက်ပြီး မီးကို ပိတ်၍ အခန်းထဲမှ ထွက်ခွာသွားခဲ့သည်။
“ဂွတ်နိုက်ပါ ကျားကျား~”
မှောင်မည်းနေသော အခန်းထဲတွင် ထောင်ထောင်က ဖုန်းကျားယန်ကို နှုတ်ဆက်လိုက်လေ၏။
အတော်ကြာပြီးနောက်မှ ဖုန်းကျားယန်၏ အသံက အမှောင်ထဲမှ ထွက်ပေါ်လာခဲ့လေသည်။
“ဂွတ်နိုက်ပါ ထောင်ထောင်”
ဝေဝါးစွာဖြင့် မျက်လုံးများကို မမှိတ်မီမှာပင် ထောင်ထောင်က သူမ၏ စိတ်ထဲက စနစ်ကိုလည်း ဂွတ်နိုက်ဟု ပြောရန်အတွက်ကို မမေ့ခဲ့ပေ။
ထိုစကားကို ကြားပြီးနောက်တွင် စနစ်က ခေတ္တမျှ တိတ်ဆိတ်သွားပြီးမှ၊ ထောင်ထောင်၏ စိတ်ထဲတွင် နူးညံ့စွာ ပြန်ဖြေလိုက်လေ၏။
[ ဂွတ်နိုက်ပါ ထောင်ထောင် ]
*
နောက်တစ်နေ့၊ မနက်စောစော။
ထောင်ထောင်က သူ၏ ဗိုက်ထဲမှ ရောဂါထသကဲ့သို့ မြည်သံကြောင့် နိုးလာခဲ့ရ၏။
သူမက မျက်လုံးလေးကို ဝေဝါးစွာ ဖွင့်လိုက်ပြီး သူမ၏ စိတ်ထဲက စနစ်ကို မသိစိတ်ဖြင့် ချော့မော့လိုက်လေသည်။
[ စနစ်ကျဲကျဲ၊ ထောင်ထောင်က ဗိုက်ဆာတယ်]
စနစ်က ထောင်ထောင်၏ ခန္ဓာကိုယ် အခြေအနေကို စစ်ဆေးလိုက်ပြီးနောက်တွင် အရေးကြီးသော အချက်တစ်ခုကို ရုတ်တရက် ရှာဖွေတွေ့ရှိသွားခဲ့၏။
စနစ်: [ထောင်ထောင်၊ ဒီခန္ဓာကိုယ်ထဲမှာ မင်းက အချိန်အကြာကြီး နေထိုင်လာတာနဲ့အမျှ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ဂုဏ်သတ္တိတွေက မင်းကြောင့် ပိုပြီးတော့ လွှမ်းမိုးခံလာရတာပဲ]
[နောင်ကျရင် ဒီခန္ဓာကိုယ်ရဲ့ စားနိုင်စွမ်း၊ ခံနိုင်ရည်နဲ့ ခွန်အား စတာတွေက အကုန်လုံးက မြင့်တက်လာနိုင်တယ် ]
စနစ်၏ စကားကို ကြားသည့်အချိန်တွင် ထောင်ထောင်က နားလည်သယောင်ဖြင့် ခေါင်းကိုငြိမ့်ပြလိုက်လေသည်။
ထိုအချိန်မှာပင် သူမ၏ဘေးက စောင်ပုံလေးက လှုပ်ရှားလာခဲ့၏။
အသံကြားသောကြောင့် ထောင်ထောင်က ဘေးသို့ လှည့်ကြည့်လိုက်လေသည်။
“ကျားကျား၊ နိုးပြီလား”
“အင်း”
ခဏအကြာတွင် စောင်အောက်မှ အသံခပ်တိုးတိုးက ထွက်ပေါ်လာခဲ့၏။
“မင်းက မိန်းကလေးလေ၊ အရင်ဆုံး အင်္ကျီလဲလိုက်ဦး၊ မင်း အပြင်ကို ထွက်ပြီးမှ ငါ လဲလိုက်မယ်”
ထောင်ထောင်က မျက်တောင်ခတ်လိုက်မိ၏။
သူမက သေသေချာချာနားမလည်သော်လည်း ဖုန်းကျားယန်က သူမကို ဂရုစိုက်ပေးနေခြင်းဖြစ်ကြောင်းကို သိသောကြောင့် ချိုသာစွာ ပြုံးပြလိုက်လေသည်။
“ကျေးဇူးပဲ ကျားကျား~”
အင်္ကျီလဲပြီးနောက်တွင် ထောင်ထောင်က တံခါး၏ အပြင်သို့ ပြေးထွက်သွားခဲ့ပြီး၊ တံခါးကို ပြန်ပိတ်ရန်လည်း မမေ့ခဲ့ပေ။
ထောင်ထောင်က အပြင်သို့ ထွက်လာသည်နှင့် ထုတ်လုပ်ရေးအဖွဲ့က စင်္ကြန်လမ်းတွင် တပ်ဆင်ထားသော စမတ်ကင်မရာက အလိုအလျောက် ပွင့်သွားခဲ့သည်။
အစီအစဉ်ကို စောင့်ကြည့်နေကြသော ကြည့်ရှုသူတိုင်းထံသို့ အကြောင်းကြားစာများက တစ်ပြိုင်နက်တည်း ရောက်ရှိသွားလေ၏။
ထို့နောက် မကြာမီမှာပင် လူပေါင်းသောင်းချီ၍ တိုက်ရိုက်လွှင့်ခန်းထဲသို့ ဝင်ရောက်လာကြတော့သည်။
[ ?.. မနက် (၆) နာရီကြီးလား ]
[ အစီအစဉ်က ဒီလောက်တောင်စောစောကြီး စပြီးတော့ လွှင့်နေတာလား ]
[ ဟင်၊ စင်္ကြန်ထဲက ထောင်ထောင် မဟုတ်ဘူးလား ]
မျက်စိလျင်သော ကြည့်ရှုသူများက ထောင်ထောင်ကို ချက်ချင်းပင် မှတ်မိသွားကြတော့သည်။
စမတ်ကင်မရာ၏ ရိုက်ကူးမှုအောက်တွင် ထောင်ထောင်က မှတ်ဉာဏ်ကို အသုံးပြု၍ ဧည့်ခန်းရှိရာသို့ ပြေးသွားခဲ့၏။
တိုက်ရိုက်လွှင့်ခန်းမှ ကြည့်ရှုသူများက ထောင်ထောင်တစ်ယောက် ဧည့်ခန်းထဲတွင် ခဏမျှ ရှာဖွေနေသည်ကို ကြည့်နေကြသည်။
ထိုအချိန်တွင် သူမက ယမန်နေ့က သိမ်းဆည်းထားခဲ့သော မင်းဂွတ်သီးများကို ထောင့်တစ်ခုမှ ထုတ်ယူလိုက်လေ၏။
ထောင်ထောင်က အလွန်ပင် ဗိုက်ဆာနေပြီ ဖြစ်သည်။
မင်းဂွတ်သီးကို တွေ့လိုက်ရသည့်အချိန်တွင် သူမက တခြားမည်သည်နေရာကိုမှ မသွားတော့ဘဲ၊ ထိုနေရာမှာပင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး အသီးကို နွှာ၍ စားတော့၏။
ဧည့်ခန်းထဲတွင် အလင်းရောင်က မှိန်ဖျော့နေလေ၏။
ထိုအချိန်မှာပင် စုကျင်းက အိပ်ချင်မူးတူးဖြင့် နိုးထလာခဲ့ပြီး အိမ်သာသွားရန်အတွက် ဧည့်ခန်းမှ ဖြတ်သန်းသွားရန် ကြံရွယ်လိုက်လေ၏။
ဧည့်ခန်းကို ဖြတ်သန်းသွားသည့်အချိန်တွင် စုကျင်းက သူ၏ ဆံပင်များကို ဖွလိုက်ပြီး ပါးစပ်ကို ဟ၍ သမ်းဝေလိုက်လေသည်။
သို့သော် မျက်လုံးထောင့်မှနေ၍ ထောင့်တစ်နေရာတွင် ကွေးကွေးလေး ထိုင်နေပြီး တပြတ်ပြတ်မြည်သံများက ထွက်ပေါ်နေသော မည်းမည်းသဏ္ဌာန်တစ်ခုကို လှမ်းမြင်လိုက်ရ၏။
ထိုခဏချင်းမှာပင် စုကျင်းတစ်ယောက် အလွန်ပင် ထိတ်လန့်သွားခဲ့ရသောကြောင့် ထွက်ပေါ်လာတော့မည့် သမ်းဝေသံကိုပင် ပြန်မျိုချလိုက်မိလေသည်။
“သရဲ! အား..”
စုကျင်း၏ အော်ဟစ်သံကြောင့် ထောင်ထောင် ထိတ်လန့်သွားခဲ့ရ၏။
သူမ၏ လက်လေးများက တုန်ယင်သွားရပြီး လက်ထဲက မင်းဂွတ်သီးက ဘုတ်ခနဲ မြည်ကာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျပြီး လိမ့်ထွက်သွားခဲ့သည်။
စုကျင်း၏ အမြင်တွင်တော့ သရဲခြောက်သည်ဟု ထင်မှတ်ထားသော ထောင့်စွန်းမှ အမည်းရောင် အရိပ်လုံးလေးတစ်ခုက လိမ့်ထွက်လာသည်ကိုသာ မြင်လိုက်ရသည်။
ရုတ်တရက် ဖြစ်ပျက်သွားသော အခြေအနေများကြောင့် ဝေဝါးနေသော သူ၏ စိတ်က စဉ်းစားဆင်ခြင်နိုင်စွမ်းက လုံးဝကို ကင်းမဲ့သွားခဲ့ရရှာ၏။
ထိုအချိန်မှာပင် စင်္ကြန်လမ်းဘက်မှ ကလစ် ဟူသော အသံတစ်ခုက ထွက်ပေါ်လာခဲ့ပြီး ကြမ်းပြင်ပေါ်သို့ အလင်းတန်းတစ်ခုက ကျရောက်လာခဲ့သည်။
ထိတ်လန့်တုန်လှုပ်နေသော စုကျင်းအတွက်တော့ ဤအလင်းတန်းက သူ၏ အသက်ကယ်ကြိုးပင် ဖြစ်ပေတော့သည်။
“ကယ်ကြပါဦး.. ကယ်ကြပါဦး! ကယ်ကြပါဦး!”
ချက်ချင်းပင် စုကျင်းက သူက တတ်နိုင်သမျှသော အမြန်ဆုံးနှုန်းဖြင့် ထိုအလင်းရောင်ရှိရာသို့ ကုန်းရုန်း၍ ပြေးသွားခဲ့၏။
တံခါးက အထဲမှ ပွင့်လာပြီး တံခါးဝရှိ အလင်းရောင်ထဲတွင် လူရိပ်တစ်ခုက ပေါ်လာခဲ့လေ၏။
စုကျင်းက အလွန်အရှိန်ပြင်းစွာ ပြေးလာခဲ့သောကြောင့် အရှိန်မသတ်နိုင်တော့ဘဲ လျှောတိုက်သွားပြီး ထိုလူ၏ ခြေထောက်ကို ဖက်တွယ်လိုက်မိလေတော့သည်။
ထိုသူ၏ ခန္ဓာကိုယ်မှ အနွေးဓာတ်ကို ခံစားလိုက်ရမှသာ သူက စိတ်သက်သာရာရသွားသည့် သက်ပြင်းတစ်ချက်ကို ချနိုင်တော့၏။
နောက်တစ်စက္ကန့်တွင် စုကျင်းတစ်ယောက် ဒေါသနှင့် စိတ်မရှည်မှုကို ထိန်းချုပ်ထားရသော အသံတစ်ခုကို ကြားလိုက်ရသည်။
“ဒီလောက် စောစောစီးစီး ဘာတွေကို အော်ဟစ်နေတာလဲ!”
ထိုအသံကို ကြားလိုက်ရသည့် ခဏမှာပင် စုကျင်း တောင့်ခဲသွားခဲ့ရလေ၏။
နေပါဦး! အဲဒီအသံက...
အတော်လေး ရင်းနှီးနေသလိုပဲ။
စုကျင်းက ကြောင်အမ်းစွာဖြင့် ခေါင်းကို မော့ကြည့်လိုက်လေသည်။
ထို့နောက်တွင် ခရမ်းနုရောင် ညအိပ်ဝင်ဝတ်စုံကို ဝတ်ဆင်ထားသော ခြေထောက်တစ်ဖက်ကို သူ အတင်းအကျပ် ဖက်ထားမိကြောင်းကို တွေ့လိုက်ရ၏။
သူ၏ အကြည့်ကို အပေါ်သို့ တဖြည်းဖြည်း မြှင့်လိုက်သည့်အချိန်တွင် ကုန်းယာင်က လက်ပိုက်လျက် ရပ်နေပြီး သူ့ကို အေးစက်သည့် အပြုံးဖြင့် ကြည့်နေလေသည်။
“အခုရော စိတ်အေးသွားရပြီလား၊ သတ္တိနည်းလွန်းတဲ့ လူကြီးမင်း!”
“ဒါပေမဲ့၊ ဒါပေမဲ့ ဟိုမှာ..”
စုကျင်းက ပျာပျာသလဲ ဖြစ်နေပြီး သရဲခြောက်သည်ဟု ထင်ရသော ထောင့်စွန်းကို လက်ညှိုးထိုးပြလိုက်လေ၏။
ထို့အချိန်တွင် ကြောင်တောင်တောင်လေး ဖြစ်နေသော မျက်ဝန်းတစ်စုံနှင့် ဆုံတွေ့သွားလိုက်ရသည်။
ထောင်ထောင်၏ လက်လေးများပေါ်တွင် မင်းဂွတ်သီး၏ အရည်များက ပေကျံနေဆဲပင်။
သူမက စိတ်ရှုပ်ထွေးစွာနေသော မျက်လုံးလေးများဖြင့် စုကျင်းကို ကြည့်နေရှာသည်။
“ကောကော၊ ဘာလုပ်နေတာလဲ”
စုကျင်း: “...”
တိုက်ရိုက်လွှင့်ခန်းမှ ကြည့်ရှုသူများမှာ ဤသရဲခြောက်သည့် အဖြစ်အပျက်ကို အစမှအဆုံး မြင်တွေ့ခဲ့ကြရ၏။
ထို့ကြောင့် ယခုအချိန်တွင် တိုက်ရိုက်လွှင့်ခန်းက မျက်နှာပြင်တစ်ခုလုံးက ရယ်သံများဖြင့်သာ ပြည့်နှက်နေတော့သည်။
[ ဟားဟား၊ ငါ တကယ်ပဲ ရယ်တာကို မရပ်နိုင်တော့ဘူး၊
မနက်စောစောစီးစီးမှာ တကယ်ပဲ ဒီလောက်တောင် အလှည့်အပြောင်းတွေက များနေရတာလား ]
[ ဟားဟား.. ငါက ရယ်ရလွန်းလို့ ကြွက်တက်နေပြီ၊ ငါ့ရဲ့အမေက ငါ က အစာသီးတယ် ထင်ပြီး လန့်သွားတယ် ]
[ ကယ်ကြပါဦး၊ ငါတော့ စုကျင်းရဲ့ ဇာတ်လမ်းတွေကို နောက်ထပ် ကြည့်နိုင်တော့မယ် မထင်ဘူး၊
သူ့ရဲ့မျက်နှာကို မြင်တာနဲ့တင် သူ့ရဲ့ ဒီနေ့က အံ့မခန်း သရုပ်ဆောင်ချက်ကို သွားသတိရနေတော့မှာ ဟီးဟီး ]
[ စုကျင်းရဲ့ တုံ့ပြန်မှုကတော့ တကယ့်ကို ပြောင်မြောက်တာပဲလို့ ပြောရမယ်၊ ငါကတော့ Screen Shot တွေကို ရိုက်ထားလိုက်ပြီ၊ ခနနေရင် Meme တွေကို လုပ်ပစ်ဦးမယ် (ခွေးခေါင်း) ]
[ ?ငါ မင်းတို့ကို ကန့်ကွက်တယ်! စုကျင်းကို ဘယ်လိုများ ဒီလို လုပ်ရက်ကြတာလဲ!
မင်းတို့ကရော စုကျင်းရဲ့ ပရိသတ် ဟုတ်ရဲ့လား၊ ငါ မင်းတို့ကို Block ဖို့ ဆုံးဖြတ်လိုက်ပြီ၊
ဒါပေမဲ့.. မင်းတို့က လုပ်ထားတဲ့ Meme တွေကို ငါ့ကို ဝေမျှပေးမယ်ဆိုရင်တော့ တစ်မျိုးပေါ့! ]
တိုက်ရိုက်လွှင့်ခန်းတွင် ရယ်သံများဖြင့် ပြည့်နှက်နေချိန်မှာပင် စုကျင်းက ပရိသတ်များ၏ စွမ်းအင်က အပြည့်အဝကို ထွက်ပေါ်လာခဲ့သည်။
တိုက်ရိုက်လွှင့်မှုက ပြီးဆုံးပြီး မကြာမီမှာပင် စုကျင်းနှင့် သက်ဆိုင်သော ခေါင်းစဉ်များ၏ အောက်တွင် တိုက်ရိုက်လွှင့်ခန်းမှ Screen Shot များဖြင့် ပြုလုပ်ထားသော Meme ပေါင်းများစွာက ထွက်ပေါ်လာခဲ့လေ၏။
*