အခန်း (၂၁-၂၂)
Vol. 3 Ch. 21-22
အခန်း(21)
အခန်းနံပါတ် (၁) တွင် ရှိနေသော စုကျင်းတစ်ယောက် သူ၏ Memeများက ‘မင်း ဘယ်ကိုသွားမလဲဘေဘီ” အစီအစဉ်၏ ပထမဆုံးသော လူမှုကွန်ယက်တွင် ပျံ့နှံ့ကျော်ကြားမှုဖြစ်လာလိမ့်မည်ကို မသိရှာပေ။
စုကျင်းတစ်ယောက် ထောင့်စွန်းတွင် ထောင်ထောင်ကို မြင်လိုက်ရသည့်အချိန်တွင် သူ အမှားကြီး မှားသွားပြီဖြစ်ကြောင်းကို ချက်ချင်း သိရှိသွားခဲ့ရ၏။
ထောင်ထောင်၏ အပြစ်ကင်းစင်သော်လည်း စိတ်ရှုပ်ထွေးနေသော အကြည့်အောက်နှင့်၊ ကုန်းယာင်၏ စူးရှလွန်းသော အကြည့်အောက်တွင် စုကျင်းက ကုန်းယာင်၏ ခြေထောက်ကို ဖက်ထားရာမှ လွှတ်လိုက်ပြီး လက်ဖြင့် ကိုယ့်ကိုယ်ကိုယ် ပြန်ထူမ,ကာ တည်ငြိမ်အောင် အတင်းကြိုးစားရင်း ပြောလိုက်လေသည်။
“ငါ.. မနက် စောစောထပြီးတော့ မနက်ခင်း လေ့ကျင့်ခန်း လုပ်နေတာပါ”
စုကျင်းက ဤသို့ပြောချိန်တွင် သူ၏ အသံသာ တုန်ယင်မနေပါက ပို၍ပင် ယုံကြည်စရာ ကောင်းပေလိမ့်မည်။
[ ဟွန့်၊ မနက်ခင်း လေ့ကျင့်ခန်း တဲ့၊ ကြောက်လွန်းလို့ ကုန်းရုန်းပြေးရင်း Meme ဖြစ်သွားစေတဲ့ လေ့ကျင့်ခန်းမျိုးပေါ့ (ခွေးခေါင်း) ]
[ မင်း ဘယ်လိုများ ဒီလို ပြောထွက်ရတာလဲ ]
သူက ထိတ်လန့်တကြားနဲ့ ‘သရဲ’လို့ အော်ခဲ့ပေမဲ့ အဲဒါက မနက်ခင်း လေ့ကျင့်ခန်း မဟုတ်ဘူးလို့ ဘယ်သူကမှ မပြောနိုင်ဘူးမလား။
[(ကြောင်မျက်စိမှိတ်ပြ)]
[ ဟားဟား၊ တောင်ပေါ်က မျှစ်တွေကို အကုန်လုံးကို မင်းတို့ပဲ ယူသွားကြတော့! ]
[ ကုန်းယာင်ရဲ့ အမူအရာကတော့ : နင် အပိုစကားတွေကို ဘယ်လို လုပ်ကြံပြောမလဲဆိုတာကို ငါ တိတ်တဆိတ်ပဲ စောင့်ကြည့်နေလိုက်မယ် ]
[ ရယ်ရတယ်၊ စုကျင်းရဲ့ ဆင်ခြေက တကယ့်ကို အားနည်းလွန်းတာပဲ၊ ကလေးတောင် ယုံမှာ မဟုတ်ဘူး! ]
စုကျင်းက တစ်နေရာတည်းတွင် ရပ်၍ အော်ဟစ်နေသော Screen Shotပေါ်တွင် “အား!”ဟု စာတန်းကို ထိုးထားပြီး ဝက်ဝံတစ်ကောင်၏ ဟိန်းဟောက်သံကဲ့သို့ ဖော်ဆောင်နေသည်။
စုကျင်းက ကုန်းရုန်းပြေးနေသော Screen Shot ပေါ်တွင်တော့ အလုပ်ဆင်းပြီဟု စာတန်းထိုးထား၏။
စုကျင်းက ကုန်းယာင်၏ ခြေထောက်ကို ဖက်တွယ်ထားသော Meme ပေါ်တွင်ပင်လျှင် ‘အမေ၊ ကယ်ပါဦး!’ ဟူသော စနောက်သည့် စာတန်းကို ပရိသတ်များက ထည့်သွင်းထားကြသည်။
ဤ Meme အုပ်စု ထွက်ပေါ်လာသည့်အချိန်တွင် လူအများစုက အလုပ်သွားရာလမ်း သို့မဟုတ် ကျောင်းသွားရာလမ်းတွင် ရှိနေကြလေ၏။
လူအများမှာမြေအောက်ရထားနှင့် ဘတ်စ်ကားများပေါ်တွင် ထို Meme များကို မြင်တွေ့ရသောကြောင့် မကြာမီမှာပင် ရထားတွဲများထဲ၍ ရယ်မောသံများက တစိမ့်စိမ့်ထွက်ပေါ်လာခဲ့တော့သည်။
ရယ်မောပြီးနောက်တွင် လူအများက ပျော်ရွှင်မှုကို ဝေမျှသည့် အနေဖြင့် စုကျင်း၏ Meme များကို အချင်းချင်း လက်ဆင့်ကမ်း ပေးပို့ခဲ့ကြ၏။
ထိုနေ့တွင် #စုကျင်း# ဟူသော Hashtag တွင် ကြည့်ရှုနှုန်းများက အဆမတန် မြင့်တက်သွားခဲ့ရသည်။
ဒေတာများက ရုတ်တရက် ပြောင်းလဲသွားမှုကြောင့် စုကျင်း၏ မန်နေဂျာ ကျိုးယန်ရှားပင် စိတ်ရှုပ်ထွေးသွားခဲ့ရ၏။
သို့သော် သူက အရင်းအမြစ်ကို မရှာဖွေနိုင်မီမှာပင် သူ၏ လုပ်ဖော်ကိုင်ဖက်က စုကျင်း၏ Meme ကို ပေးပို့လာခဲ့လေသည်။
ဤသည်က စုကျင်းက ဟိန်းဟောက်နေသော GIF ပုံလေး ဖြစ်၏။
ထို GIF ကို မြင်လိုက်ရသည့်အချိန်တွင် ကျိုးယန်ရှားက စုကျင်းက တိုက်ရိုက်လွှင့်သည့် အစီအစဉ်တွင် ရှိနေသောကြောင့်သူ့ကို လာရောက်၍ ရန်မတွေ့နိုင်သည့်အတွက် အားရပါးရ ရယ်မောလိုက်တော့သည်။
ရယ်မောပြီးနောက်တွင် ကျိုးယန်ရှားက ဈေးကွက်မြှင့်တင်ရေး အခွင့်အလမ်းကို ချက်ချင်း သတိပြုမိသွားခဲ့၏။
စုကျင်း၏ Meme ကို Trending ဖြစ်အောင် ဝယ်ယူရန်အတွက် အဖွဲ့ကို ညွှန်ကြားပြီးနောက်တွင် ကျိုးယန်ရှားက ‘စုကျင်းက ဟိန်းဟောက်နေသည့်’ Meme ကို အကြိမ်ကြိမ် ပြန်ကြည့်ရင်း ရယ်နေမိခဲ့သည်။
သူမက ထို GIF ကို ဖိနှိပ်၍ Meme အဖြစ် သိမ်းဆည်းလိုက်လေသည်။
ဒီ Meme ကို လုပ်တဲ့ ပရိသတ်ကတော့ တကယ့်ကို ပါရမီရှင်ပဲ။
ဟားဟား...
တစ်ဖက်တွင်တော့ တိုက်ရိုက်လွှင့်ခန်းထဲရှိ ထောင်ထောင်က မျက်တောင်လေးကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး ရုတ်တရက် နားလည်သွားသည့် အမူအရာလေးဖြင့်ပြောလိုက်လေသည်။
“အိုး.. ကောကောက မနက်ခင်း လေ့ကျင့်ခန်းကို လုပ်နေတာကိုး~”
ထိုချိုသာလွန်းသော အသံလေးကို ကြားလိုက်ရသည်နှင့် အခင်းဖြစ်ပွားရာနေရာရှိ စုကျင်းနှင့် ကုန်းယာင်၊ တိုက်ရိုက်လွှင့်ခန်းမှ ကြည့်ရှုသူများနှင့် စိတ်ထဲက စနစ်တို့က တစ်ပြိုင်နက်တည်းသော အဖြေတစ်ခုကို ရရှိသွားကြတော့၏။
ထောင်ထောင်၊ မင်းကတော့ လှည့်စားရတာ အရမ်းကိုလွယ်လွန်းတာပဲ!
စနစ်က ထောင်ထောင်၏ ဦးနှောက်လှိုင်းများကို ဖတ်ရှုလိုက်ပြီး၊ သူမက စုကျင်း၏ မနက်ခင်းလေ့ကျင့်ခန်း လုပ်သည်ဆိုသော စကားကို အမှန်တကယ် ယုံကြည်သွားကြောင်းကို သိလိုက်ရသည်။
ထို့ကြောင့် သူ၏ ဒေတာများက တုန်ခါသွားရပြီး စနစ်တစ်ခုတွင် မရှိသင့်သော စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်လာခဲ့ရ၏။
Host လေးက လှည့်စားရတာ အရမ်းလွယ်နေရင် ဘယ်လိုလုပ်ရပါ့မလဲ!
ထိုနေ့တွင် စနစ်၏ ဒေတာဘေ့စ်ထဲ၌ ကလေးများကို လှည့်ဖြားမခံရအောင် ဘယ်လိုကာကွယ်ရမလဲ၊ အသုံးများသော လိမ်လည်မှု ၁၀၁ မျိုးကို ရှောင်ရှားရန်အတွက် ကလေးများကို သင်ကြားပေးခြင်း နှင့် လိမ်လည်သူတို့၏ ဝေါဟာရလမ်းညွှန်ချက် အပြည့်အစုံ စသည့် စာအုပ်များနှင့် အွန်လိုင်းဗီဒီယို အမြောက်အမြားကို ဒေါင်းလုဒ်ဆွဲခဲ့တော့သည်။
“အာ..”
ထောင်ထောင်ကို အောင်မြင်စွာ လှည့်စားနိုင်ခဲ့သည်ကို မြင်သည့်အချိန်တွင် စုကျင်းက အနည်းငယ် အပြစ်မကင်းသကဲ့သို့ ခံစားရသည်။
ထို့ကြောင့် မသိစိတ်ဖြင့် နှာခေါင်းကို တို့လိုက်မိလေ၏။
ကုန်းယာင်က စုကျင်းကလေးကို လှည့်စားနေသည်ကို ဆက်မကြည့်နိုင်တော့ပေ။
သူမက ထောင်ထောင်၏ ဘက်သို့ လှည့်ကြည့်လိုက်သည့်အချိန်တွင် မျက်ဝန်းများက နူးညံ့သွားပြီး မေးလိုက်လေ၏။
“ထောင်ထောင်လေး၊ ဒီမနက်ကြီး ဘာလို့ အဲဒီထောင့်ထဲကို သွားနေတာလဲ”
ထောင်ထောင်က သူမ၏ လက်လေးကို မြှောက်လိုက်ပြီး ဗိုက်လေးကို ညွှန်ပြလိုက်ရင်းပြန်ဖြေလေသည်။
“ဗိုက်..ဆာလို့၊ မင်းဂွတ်သီးကို စားနေတာ~”
ရိုးရှင်းသော စကားလုံးလေးများသာ ဖြစ်သော်လည်း ကုန်းယာင်က ထောင်ထောင်၏ ထပ်ဆင့်စကားလုံးများ၏ အဓိပ္ပာယ်ကို ချက်ချင်းပင် နားလည်သွားခဲ့၏။
“ထောင်ထောင်က ဗိုက်ဆာနေတာပေါ့၊ ဟုတ်လား”
ထောင်ထောင်က လိမ္မာစွာဖြင့် ခေါင်းကို ငြိမ့်ပြလိုက်လေ၏။
ကုန်းယာင်က မင်းဂွတ်သီးအရည်များက ပေကျံနေသော ထောင်ထောင်၏ လက်ကလေးများကို တစ်ချက်ကြည့်လိုက်ပြီးနောက်၊ အချိန်ကို စစ်ဆေးပြီး ထောင်ထောင်ကို လက်ယပ်ခေါ်လိုက်လေသည်။
“ထောင်ထောင်လေး၊ ကျဲကျဲဆီကို လာခဲ့ဦး၊ ကျဲတို့က မျက်နှာသစ်၊ လက်ဆေးသွားကြမယ်၊ ဟုတ်ပြီလား”
“ကောင်းပါပြီ~”
ထောင်ထောင်က တောက်ပသော အပြုံးလေးဖြင့် ပြန်ဖြေလိုက်ပြီး ကုန်းယာင်ရှိရာသို့ ပျော်ရွှင်စွာဖြင့် ပြေးသွားခဲ့လေသည်။
ကုန်းယာင်၏ အနားသို့ ရောက်ခါနီးတွင်မှ ထောင်ထောင်က သူမ၏ လက်ပေါ်ရှိ မင်းဂွတ်သီးအရည်များကို ရုတ်တရက် သတိရသွား၏။
သူမက ကုန်းယာင်၏ အနားကို မရောက်မီမှာပင် ကုန်းယာင်၏ လက်ကို ပေကျံသွားမည်စိုးသောကြောင့် မသိစိတ်ဖြင့် လက်ကလေးကို နောက်သို့ ပြန်ဆုတ်လိုက်မိ၏။
ကုန်းယာင်က ထောင်ထောင်၏ လှုပ်ရှားမှုကို သတိပြုမိလိုက်ပြီး သူမ၏ မျက်ဝန်းများက ပို၍ပင် နူးညံ့သွားခဲ့ရသည်။
ထိုအသေးစိတ်လေးကို သတိမထားမိသဏ့်သို့ ဟန်ဆောင်၍ သူမက ထောင်ထောင်၏ လက်လေးကို ညင်သာစွာ ဆုပ်ကိုင်လိုက်ပြီး ငုံ့ကြည့်လျက် ပြုံးပြလိုက်လေ၏။
“သွားကြရအောင်”
သူမ၏ လက်လေးကို ကုန်းယာင်က ဆုပ်ကိုင်ထားသောကြောင့် ထောင်ထောင်က ခေါင်းကိုမော့ကြည့်လိုက်လေသည်။
ထို့အချိန် သူမက ကုန်းယာင်၏ ပြုံးနေသော မျက်နှာနှင့် ဆုံတွေ့သွားရပြီး ပါးချိုင့်လေးများကို ပေါ်လာသည်အထိ လိုက်ပြုံးမိတော့သည်။
ကုန်းယာင်က ထောင်ထောင်ကို ခေါ်ဆောင်၍ သန့်ရှင်းရေး လုပ်ပေးရန်အတွက် ထွက်သွားခဲ့လေ၏။
စုကျင်းကတော့ ခေါင်းကို ကုတ်လျက် ထိုနေရာတွင်ပင် ကျန်ရစ်ခဲ့ရသည်။
မတိုင်မီကမှားခဲ့သည်ကို ပြန်စဉ်းစားမိလျှင် သူ၏ နားရွက်များကအနည်းငယ် နီရဲလာခဲ့ရ၏။
အား..
ရှက်စရာကောင်းလိုက်တာ!
ကံကောင်းလို့ ထောင်ထောင်နဲ့ ကုန်းယာင်ကလွဲလို့ တခြားဘယ်သူကမှ မြင်လိုက်မှာ မဟုတ်ပါဘူး။
ဘယ်သူမှ အနားမှာ မရှိလို့ တော်သေးတာပေါ့။
ဤသို့ တွေးနေချိန်မှာပင် စုကျင်း ခေါင်းကို လှည့်လိုက်ပြီးနောက် ဖုန်းကျားယန်၏ တည်ငြိမ်သော အကြည့်နှင့် ဆုံတွေ့သွားခဲ့လေ၏။
ဖုန်းကျားယန်က သူ၏ အဝတ်အစားလေးများကို သေသပ်စွာ ဝတ်ဆင်ထားပြီး စင်္ကြန်လမ်းတွင် ရပ်နေခဲ့လေ၏။
သူတို့နှစ်ဦးက အကြည့်ချင်း ဆုံလိုက်သည့် ခဏမှာပင် ဖုန်းကျားယန်၏ နှုတ်ခမ်းအစုံက အပြုံးလေးတစ်ခုအဖြစ်သို့ တွန့်ချိုးသွားခဲ့သည်။
နောက်တစ်စက္ကန့်တွင် စုကျင်းက ကျယ်လောင်သော နှာခေါင်းရှုံ့သံကို ကြားလိုက်ရတော့၏။
“ကလေးတစ်ယောက်ကို လှည့်စားဖို့အတွက် ကြိုးစားနေတာလား၊ တကယ့်ကို ဆိုးရွားတဲ့ လူကြီးပဲ”
ထိုသို့ပြောပြီးနောက်တွင် ဖုန်းကျားယန်က စုကျင်းကို လှည့်ပင်မကြည့်တော့ဘဲ သူ၏ ဘေးမှ ဖြတ်ပြီး သန့်စင်ခန်းရှိရာသို့ လျှောက်သွားခဲ့သည်။
စုကျင်းတစ်ယောက် မယုံကြည်နိုင်သော မျက်လုံးများဖြင့် စင်္ကြန်လမ်းတွင် တစ်ယောက်တည်း ကျန်ရစ်ခဲ့တော့၏။
သူ...
ကလေး တစ်ယောက်ရဲ့ အထင်သေးတာကို ခံလိုက်ရတာလား!
[ ငါ ရယ်လွန်းလို့ အမေက တံခါးလာခေါက်ပြီးတော့ ဘာဖြစ်တာလဲလို့တောင် လာမေးနေပြီ၊ ဟားဟား ]
[ ဟားဟား၊ ငါက အရမ်းရယ်ရလွန်းလို့ 360° တစ်ပတ်လည်ပြီးမှ ပြန်ကျလာတယ် ]
[ တကယ်ပဲ တခြားဘယ်သူကမှ မရှိဘူးလို့ထ််တယ်ပေါ့၊ တိုက်ရိုက်လွှင့်ခန်းထဲမှာ လူသုံးသောင်းကျော်ပဲ ရှိတာပါ (ခွေးခေါင်း) ]
[ ရှူး၊ လူတိုင်းပဲ တိုးတိုးရယ်ကြနော်၊ စုကျင်း ကြားသွားဦးမယ်၊ သူက အိုင်ဒေါပုံစံလေး ပျက်သွားမှာကို စိုးနေရှာတာ (ပြုံးရယ်နေ) ]
[ ရယ်ရတယ်၊ စုကျင်းကို စပြီးတော့ သဘောကျကတည်းက အခုချိန်မှပဲ သူက မင်းသားထက် လူရွှင်တော် လုပ်ရင် ပိုလိုက်မယ်လို့ ခံစားရတော့တယ် ]
[ စုကျင်းရဲ့ ဖျော်ဖြေရေး အစီအစဉ်တွေကို ကြည့်ရတာက တခြား ဟာသပြိုင်ပွဲတွေကို ကြည့်ရတာထက်တောင် ပိုရယ်ရသေးတယ် ]
ကုန်းယာင်က ထောင်ထောင်ကို လက်ဆေးပေးခြင်း၊ သွားတိုက်ပေးခြင်းနှင့် မျက်နှာသစ်ပေးခြင်းတို့ကို ကူညီပေးခဲ့၏။
ထို့နောက်မှ ထောင်ထောင်တွင် ကလေးသုံး မျက်နှာသစ်ဆေး မပါလာကြောင်းကို သူမ သတိပြုမိသွားခဲ့၏။
ထိုအချိန်မှာပင် ဖုန်းကျားယန်က ဝင်လာခဲ့သည်။
ဖုန်းကျားယန်တွင် ပါလာသည်ကို ကုန်းယာင်က သတိရသွားသောကြောင့် သူ့ကို ဘေးသို့ ခေါ်ထုတ်၍ ခပ်တိုးတိုး မေးလိုက်လေ၏။
“ကျားကျား၊ ထောင်ထောင်က မျက်နှာသစ်ဆေးနဲ့ လိုးရှင်းက မပါလာလို့၊ ကျဲရဲ့ဟာကလည်း သူမအတွက် သုံးလို့မရဘူးလေ၊ ထောင်ထောင်ကို မင်းရဲ့ မျက်နှာသစ်ဆေးနဲ့ လိုးရှင်းလေးကို ခဏ ငှားပေးလို့ ရမလား”
ဖုန်းကျားယန်က ထောင်ထောင်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး ခေတ္တစဉ်းစား၍ ခေါင်းကိုငြိမ့်ပြလိုက်လေသည်။
သို့သော် သူက ဖြည့်စွက်၍ ပြောလိုက်လေ၏။
“ဒါပေမဲ့ ထောင်ထောင်ရဲ့ ကောကောကို နောက်တစ်ခေါက်ကျရင် သူမရဲ့အတွက် မျက်နှာလိမ်းခရင်မ်တို့လိုးရှင်းတို့ကိုယူလာဖို့ကို သတိပေးလိုက်ဦး”
ကုန်းယာင်က ဖုန်းကျားယန်က သူ၏ ခရင်မ်ကို နှမြောနေသည်ဟု ထင်မှတ်သောကြောင့် မအောင့်နိုင်ဘဲခပ်တိုးတိုး ရယ်မောလိုက်မိ၏။
“စိတ်မပူပါနဲ့ ကျားကျား၊ ထောင်ထောင်ရဲ့ မျက်နှာလေးက သေးသေးလေးဆိုတော့ အများကြီး ကုန်မှာ မဟုတ်ပါဘူး”
ဖုန်းကျားယန်က ခေါင်းကို ခါယမ်းလိုက်ရင်း ပြောလိုက်လေသည်။
“ကျွန်တော်က ခရင်မ်ကို နှမြောလို့ မဟုတ်ပါဘူး၊ တခြားကလေးတွေမှာက ရှိရင် ထောင်ထောင်မှာကလည်း ရှိသင့်တယ်လို့ ထင်လို့ပါ၊ မဟုတ်ရင် သူမက သူ့ကိုယ်သူ့ အားငယ်နေလိမ့်မယ်”
ဖုန်းကျားယန်က ဤသို့ပြောသည်ကို ကြားလိုက်ရသည့်အချိန်တွင် ကုန်းယာင်က အံ့သြသွားခဲ့ရသည်။
ထောင်ထောင်ကို အားငယ်သွားမလားဆိုသည်ကို သူမက မတွေးမိခဲ့သော်လည်း ဖုန်းကျားယန်ဟူသော ဤကောင်လေးက ထိုအချက်ကို ထောက်ပြနိုင်ခဲ့၏။
ဤသည်ကို သိရှိသွားသည့်အချိန်တွင် ကုန်းယာင်က ဖုန်းကျားယန်ကို ကလေးတစ်ယောက် ဖြစ်သည်ဟူ၍ ပေါ့ပေါ့တန်တန် သဘောမထားတော့ဘဲ အလေးအနက် ခေါင်းငြိမ့်ပြလိုက်လေ၏။
“ကျဲ နားလည်ပါပြီ၊ နောက်မှ ထောင်ထောင်ရဲ့ကောကောကို ပြောပြလိုက်ပါ့မယ်။”
ဖုန်းကျားယန်က ခေါင်းကိုငြိမ့်ပြလိုက်ပြီး သူ၏ အခန်းထဲသို့ ခရင်မ်သွားယူရန်အတွက် ထွက်သွားခဲ့တော့၏။
*
အခန်း(22)
ရေချိုးခန်းထဲတွင် ကင်မရာများကို တပ်ဆင်ထားခြင်း မရှိသော်လည်း၊ စင်္ကြန်လမ်းရှိ ကင်မရာများက ဤစကားဝိုင်းကို တိုက်ရိုက်လွှင့်ခန်းထဲသို့ အမိအရ ဖမ်းယူနိုင်ခဲ့သည်။
[ အို.. ဘုရားရေ၊ အစက ဒီလို အသေးစိတ်လေးတွေကို ငါ သတိတောင်မထားမိဘူး ]
[ ဖုန်းကျားယန်ရဲ့ စိုးရိမ်ပူပန်မှုက တကယ့်ကို မှန်ကန်တယ်၊ ကလေးတွေက သဘာဝအတိုင်းပဲ ထိခိုက်လွယ်တတ်ကြပြီးတော့ တခြားကလေးတွေမှာ ရှိတာမျိုးကို သူတို့မှာက မရှိရင် အားငယ်စိတ်တွေကို အလွယ်တကူ ဝင်လာနိုင်တယ်လေ ]
[ လူကြီးတွေက ဘာမှမဟုတ်ဘူးလို့ ထင်တတ်ကြပေမဲ့ ကလေးတွေကတော့ တကယ်ကို ဂရုစိုက်ကြတယ်]
[ ရုတ်တရက် စိတ်လှုပ်ရှားမိသွားပြီ၊ ကျားကျားနဲ့ ကုန်းယာင်က တကယ့်ကို ကြင်နာတတ်ကြတာပဲ၊
တစ်ယောက်က ခပ်တိုးတိုး သတိပေးတယ်၊ နောက်တစ်ယောက်က စုကျင်းနဲ့ သီးသန့်စကားပြောဖို့ ပြင်ဆင်နေတယ်၊
သူတို့နှစ်ယောက်လုံးက ထောင်ထောင်လေးရဲ့ ခံစားချက်ကို ငဲ့ညှာပေးနေကြတာပဲ ]
[ ဟီးဟီး ဒီလို နူးညံ့တဲ့ အသေးစိတ်လေးတွေကို မြင်ရတာက တကယ်ပဲ စိတ်လှုပ်ရှားမိတယ် ]
ကုန်းယာင်က ကောင်လေးတစ်ယောက်နှင့်အတူ လာခဲ့ခြင်းဖြစ်သောကြောင့် မိန်းကလေးငယ်များအတွက် ဆံပင်စည်းကွင်းများကို ပြင်ဆင်ထားခြင်း မရှိပေ။
ထို့ကြောင့် သူမ၏ ကိုယ်ပိုင် ဆံပင်စည်းကွင်းများကို အသုံးပြု၍ ထောင်ထောင်၏ ဆံပင်လေးများကို နှစ်ဖက်ခွဲ၍ ကြောင်မြီးလေးများကဲ့သို့ စည်းပေးလိုက်လေသည်။
“သဘောကျရဲ့လား”
ထောင်ထောင်က မျက်လုံးလေးများကို မှေးစင်းသွားသည်အထိ ပြုံးလိုက်ပြီး ခေါင်းလေးကို အားရပါးရ ငြိမ့်ပြလိုက်လေ၏။
သူမက ခေါင်းကိုငြိမ့်လိုက်တိုင်း ဆံပင်စည်းလေးများက လှုပ်ခါနေသည်။
“သဘောကျတယ်~”
သူတို့လေးဦးက အခန်းနံပါတ် (၁) တွင် မနက်စာကို အတူ စားကြလေ၏။
စုကျင်းက သူ၏ အပိုမှတ်များကို အသုံးပြု၍ ထုတ်လုပ်ရေးအဖွဲ့ထံမှ ကြက်ဥများနှင့် လဲလှယ်ခဲ့သည်။
ကုန်းယာင်က ယမန်နေ့ညက လဲလှယ်ထားသော ဆန်၊ ကြက်ဥ၊ ကြက်သွန်မြိတ်တို့ဖြင့် မွှေးကြိုင်လွန်းသော ကြက်ဥထမင်းကြော်ကို ချက်ပြုတ်ပေးခဲ့၏။
ထောင်ထောင်က သုံးပန်းကန်တိတိကို တစ်ဆက်တည်း စားပစ်လိုက်ပြီးမှ နှမြောစွာဖြင့် ဇွန်းကို ချလိုက်လေတော့သည်။
စုကျင်းက ကလေး၏ စားနိုင်စွမ်းကို သိသောကြောင့် စိတ်မပူခဲ့သော်လည်း၊ ကုန်းယာင်ကတော့ ထိတ်လန့်သွားခဲ့ရပြီး ထောင်ထောင်၏ ဗိုက်လေးကို စိုးရိမ်တကြီးဖြင့် စမ်းကြည့်မိတော့၏။
“ထောင်ထောင်လေး၊ အရမ်း ဗိုက်တင်းမသွားဘူးလား”
ထောင်ထောင်က ဂရုမစိုက်သည့်အမူအရာဖြင့် အပြုံးတစ်ခုနှင့် သူမ၏ ဗိုက်လေးကို ပုတ်ပြလိုက်လေ၏။
“ထောင်ထောင်က အများကြီး စားနိုင်တယ်~”
ထောင်ထောင်က နေမကောင်းဖြစ်ပုံ မပေါ်သည်ကို မြင်မှသာ ကုန်းယာင်က အနည်းငယ် စိတ်အေးသွားခဲ့ရသည်။
သို့သော် နေမထိုင်ကောင်းဖြစ်ပါက တစ်ဦးဦးကို ပြောပြရန်အတွက် ထောင်ထောင်ကို သတိပေးခဲ့၏။
မနက်စာကို စားပြီးနောက်တွင် ထုတ်လုပ်ရေးအဖွဲ့က ထိုနေ့၏ အတွက် ပထမဆုံးသော တာဝန်ကတ်ကို ချက်ချင်း ပေးအပ်ခဲ့သည်။
“လှပတဲ့ ဒီတိုင်းရင်းသား ကျေးရွာလေးထဲမှာ ထူးခြားတဲ့ စွမ်းရည်ရှိတဲ့လူတွေ အများကြီးက ပုန်းအောင်းနေကြတယ်”
“ဒီနေ့ ကလေးတွေ နိုးတဲ့အစဉ်အတိုင်း ကလေးတစ်ဖွဲ့ချင်းစီက ထူးခြားတဲ့ စွမ်းရည်ရှင်နဲ့ ပတ်သက်တဲ့ အရိပ်အမြွက်တစ်ခုကို ဖန်သားပြင်ပေါ်မှာ နှိပ်ပြီးတော့ ရွေးချယ်ရပါမယ်၊
သင်တို့ရဲ့ တာဝန်ကတော့ အဲဒီအရိပ်အမြွက်ကို အခြေခံပြီးတော့ စွမ်းရည်ရှင်ကို ရှာဖွေဖို့ပါပဲ..
စွမ်းရည်ရှင်က ပေးအပ်တဲ့ တာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်ဖို့နဲ့ စွမ်းရည်ရှင်ဆီက ရတနာကို ရယူဖို့ပဲ ဖြစ်ပါတယ်”
ထို့နောက်တွင် ဝန်ထမ်းများက မဲနှိုက်ရမည့် အစီအစဉ်ကို ကြေညာခဲ့၏။
ထောင်ထောင်က ဒုတိယမြောက်ဖြစ်ပြီး ဖုန်းကျားယန်က တတိယမြောက် ဖြစ်သည်။
ပထမဆုံး မဲနှိုက်ကိုခွင့်ရသည့်သူမှာ မနက် (၆) နာရီကတည်းက ထ၍ စာကျက်နေသော မုန့်လျိုဖြစ်လေ၏။
သူ၏ တိုက်ရိုက်လွှင့်ခန်းထဲရှိ ပညာရေးနှင့် ရုန်းကန်နေရသော ကျောင်းသားများစွာက ဤပါရမီရှင် ကလေးငယ်ကို ကြည့်ပြီး တုန်လှုပ်သွားခဲ့ကြရသည်။
ထောင်ထောင် မဲနှိုက်ရမည့် အလှည့်သို့ ရောက်သည့်အချိန်တွင် သူမက ဝန်ထမ်း၏ ညွှန်ကြားချက်အတိုင်းပင် ဖန်သားပြင်ပေါ်ရှိ ခလုတ်တစ်ခုကို နှိပ်လိုက်လေသည်။
ဤသည်ပေါ်တွင် အရောင်အသွေးစုံသော ပြောင်းလဲမှုများအပြီးတွင် စာလုံးတစ်လုံးက ပေါ်လာခဲ့၏။
“မြေကြီး”
ထောင်ထောင်က စိတ်ရှုပ်ထွေးသွားခဲ့ရသော်လည်း ဝန်ထမ်းထံမှ မြေကြီးတစ်ထုပ်ကို လက်ခံရယူလိုက်လေသည်။
ထောင်ထောင်က ထိုမြေကြီးထုပ်နှင့် အတူ ရှိနေသည်ကို မြင်လိုက်ရသည့် ခဏ၌ တိုက်ရိုက်လွှင့်ခန်းရှိ လူတိုင်းက မေးခွန်းတစ်ခုတည်းကိုသာ မေးလိုက်ကြတော့သည်။
[ ထုတ်လုပ်ရေးအဖွဲ့ရေ.. နည်းနည်းလောက် လူဆန်ပေးကြပါဦးလား ]
ထောင်ထောင်က မြေကြီးတစ်ထုပ်ကို ရရှိသည့်အချိန်တွင် တခြားကလေးများကလည်း သူတို့၏ အရိပ်အမြွက်များကို အသီးသီး ရရှိခဲ့ကြ၏။
ထုတ်လုပ်ရေးအဖွဲ့က ကလေးများကို ပေးအပ်သော အရိပ်အမြွက်များက တစ်ခါတစ်ရံ စိတ်ကူးယဉ်ဆန်ပြီး တစ်ခါတစ်ရံတွင် လက်တွေ့ကျလွန်းသည်။
ဖုန်းကျားယန်က ဝါးဖြင့် ပြုလုပ်ထားသော ပုလွေတိုလေးတစ်စင်းကို ရရှိခဲ့၏။
ထို့ကြောင့် သူရှာရမည့် စွမ်းရည်ရှင်က ပုလွေသံ သို့မဟုတ် ပုလွေနှင့် ဆက်စပ်နေသူ ဖြစ်ကြောင်းကို သိသာလွန်းသည်။
ထောင်ထောင်က ဖုန်းကျားယန်၏ လက်ထဲရှိ ပုလွေလေးကို စူးစမ်းစွာ ကြည့်လိုက်ရင်း မေးလိုက်လေသည်။
“ကျားကျား၊ ဘယ်လိုရှာမှာလဲ”
“မနေ့က ကြော်ငြာဗီဒီယိုထဲမှာ အခန်းနံပါတ် (၂) ရဲ့ ဘေးနားမှာ ဝါးတောတစ်ခုက ရှိတာနေကို ငါက မှတ်မိတယ်၊ ဝါးတောတစ်လျှောက်ကို လိုက်ရှာကြည့်မယ်”
ဖုန်းကျားယန်က အရိပ်အမြွက်ကို ရရှိသည်နှင့် သူ၏ ခေါင်းထဲရှိ သိရှိပြီးသား အချက်အလက်များနှင့် ချက်ချင်း ဆက်စပ်လိုက်လေသည်။
“ဝါး~”
ဖုန်းကျားယန်၏ အကျိုးအ ကြောင်းဆီလျော်သော ဆန်းစစ်ချက်ကို ကြားရသည့်အချိန်တွင် ထောင်ထောင်က ပါးစပ်လေး အဟောင်းသားဖြင့် အံ့သြသွားရတော့၏။
“ကျားကျားက တကယ့်ကို တော်တာပဲ~”
ထောင်ထောင်၏ ချီးကျူးမှုကို ကြားရသည့်အချိန်တွင် ဖုန်းကျားယန်က နှုတ်ခမ်းလေးကို စေ့ထားသော်လည်း သူ၏ နားရွက်လေးများက မသိစိတ်ဖြင့် နီရဲလာခဲ့ရသည်။
ထောင်ထောင်က သူမ၏ လက်ထဲရှိ မြေကြီးထုပ်ကို ကြည့်လျက် မျက်မှောင်ကြုတ်လိုက်ပြီး အခက်တွေ့နေသည့် အမူအရာလေးကို ပြုလိုက်လေ၏။
“ထောင်ထောင် ရှာရမယ့်နေရာကို ဘယ်လိုရှာရမလဲ”
ထိုကလေးမလေးက မျက်နှာလေးက ညှိုးငယ်သွားရပြီး သူမ၏ ဆံပင်စည်းလေးများမှာပင် နွမ်းလျနေသော အရွက်များကဲ့သို့ တွဲလောင်းကျနေတော့၏။
ဖုန်းကျားယန်က ရုတ်တရက် ပြောလိုက်လေသည်။
“ထောင်ထောင်၊ မင်းရဲ့ မြေကြီးကို ငါ့ကို ပေးကြည့်ပါဦး”
ထောင်ထောင်က ဖုန်းကျားယန်က လုပ်မည့်အရာကို နားမလည်သောကြောင့် ခေါင်းလေးကို စောင်းလိုက်သော်လည်း သူ့ကို ယုံကြည်စွာဖြင့် မြေကြီးထုပ်ကို လှမ်းပေးလိုက်လေ၏။
“ကျားကျား.. ဒီမှာ~”
မြေကြီးထုပ်ကို ရရှိပြီးနောက်တွင် ဖုန်းကျားယန်က သေသေချာချာ စစ်ဆေးလိုက်လေသည်။
ထို့နောက် ကြမ်းပြင်ပေါ်ရှိ မြေကြီးနှင့် နှိုင်းယှဉ်ရန် ဆောင့်ကြောင့်ထိုင်လိုက်လေသည်။
ဖုန်းကျားယန်၏ လုပ်ဆောင်ချက်ကို မြင်သည့်အချိန်တွင် ထောင်ထောင်ကလည်း ဘေးနားတွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး စူးစမ်းစွာ ကြည့်နေတော့၏။
“ထောင်ထောင် ကြည့်ကြည့်လေ၊ ကြမ်းပြင်ပေါ်က မြေကြီးက အညိုရောင်သမ်းတဲ့ အနီရောင်ပဲ၊ ဒါပေမဲ့ မင်းရဲ့ မြေကြီးထုပ်ထဲကဟာက ခရမ်းရောင် ဖြစ်နေတယ်”
ဖုန်းကျားယန်၏ လက်ညှိုးညွှန်ရာအတိုင်း ထောင်ထောင်က မြေကြီးအရောင် ကွဲပြားမှုကို လျင်မြန်စွာ ခွဲခြားလိုက်နိုင်ခဲ့ပြီး မျက်လုံးလေးများက ပြူးသွားရတော့၏။
“တကယ်ပဲ!”
“ခရမ်းရောင်မြေကြီးက အိုးလုပ်ငန်းမှာ သုံးတဲ့ အရေးကြီးတဲ့ ကုန်ကြမ်းတစ်ခုပဲ၊
ငါ့ရဲ့အထင်တော့ ထောင်ထောင်က ရှာနေတဲ့ စွမ်းရည်ရှင်က အိုးလုပ်ငန်းနဲ့ ဆက်စပ်နေဖို့ များတယ်”
ဖုန်းကျားယန်၏ ဆန်းစစ်ချက်ကို ကြားလိုက်ရသည့်အချိန်တွင် မှန်ကန်သောအဖြေကို သိထားသည့် ဘေးနားက ဝန်ထမ်းမှာ အံ့အားသင့်သွားခဲ့ရသည်။
မိနစ် (၂၀) ကြာပြီးနောက်တွင်၊ ထောင်ထောင်နှင့် စုကျင်းတို့က ရှာဖွေမှုများအပြီးတွင် အိုးဖုတ်ဖိုတစ်ခု၏ တံခါးကို တွန်းဖွင့်လိုက်ကြသည်။
ထို့အချိန်တွင် တိုက်ရိုက်လွှင့်ခန်းမှ ကြည့်ရှုသူများက တုန်လှုပ်သွားကြတော့သည်။
[ ထုတ်လုပ်ရေးအဖွဲ့ရေ! ဒီမှာ မေးခွန်းကို ပေါက်ကြားနေသူ တစ်ယောက်ရှိကြောင်းကို တိုင်ကြားချင်ပါတယ်! (အသံကျယ်ကျယ်ဖြင့်) ]
[ အံ့သြဖို့ကောင်းလိုက်တာ၊ ဖုန်းကျားယန်က ဆန်းစစ်ခဲ့သလိုပဲ တကယ်ကို ခရမ်းရောင်မြေစေးဖြစ်နေတာပဲ! ]
[ (တုန်ရင်လျက်) အခုခေတ် ကလေးတွေက ဒီလောက်တောင် ပါရမီရှင်တွေ ဖြစ်နေကြပြီလား ]
[ အို ဘုရားရေ၊ ငါဆိုရင်တော့ ဒီမြေကြီးတစ်ထုပ်နဲ့ ဘာမှ ရှာတွေ့မှာ မဟုတ်ဘူး၊ ဖုန်းကျားယန်က ဘယ်လိုများ ဆန်းစစ်နိုင်ခဲ့တာလဲ! ]
[ ငါ့ရဲ့ မျက်နှာအမူအရာက စုကျင်းနဲ့ အတူတူပဲ၊ ဒါက လူအချင်းချင်း ကွဲပြားခြားနားမှုလား ]
ထောင်ထောင်နှင့် စုကျင်းတို့က လက်ချင်းတွဲလျက် အိုးဖုတ်ဖိုထဲသို့ လျှောက်ဝင်သွားကြသည်။
ထို့နောက်တွင် အချိန်နှင့် နေရာလွတ်ကို ဖြတ်သန်းပြီး တခြားကမ္ဘာတစ်ခုသို့ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရ၏။
ရွှေရောင်နေရောင်ခြည်များက ကြမ်းပြင်ပေါ်သို့ ဖြာကျနေပြီး၊ ကြွေကျနေသော သစ်ရွက်များကြောင့် လွင့်ပျံနေသော ဖုန်မှုန့်လေးများကပင် ကခုန်နေသည့် ပိုးစုန်းကြူးလေးများကဲ့သို့ လွင့်မျောနေသည်။
အဖြူရောင်ဆံပင်များနှင့် အဘိုးအိုတစ်ဦးက ရင်ပြင်ထဲရှိ ခုတင်ပေါ်တွင် ထိုင်နေပြီး ခြေထောက်ကို လွှဲနေ၏။
အနက်ရောင် ဆံပင်ရှည်များကို သစ်သားဆံထိုးဖြင့် ထုံးထားသော အမျိုးသမီးငယ်တစ်ဦးက အိုးဖိုအသေးလေးတစ်ခု၏ ဘေးတွင် ထိုင်နေပြီး တစ်ခုခုကို တိတ်တဆိတ် စောင့်ဆိုင်းနေပုံ ရသည်။
သို့သော် ကျယ်လောင်သော အသံက ရင်ပြင်ထဲမှ ထွက်ပေါ်လာခြင်း မဟုတ်ဘဲ အိုးဖိုကြီး၏ အရှေ့မှ ထွက်ပေါ်လာခြင်း ဖြစ်၏။
နွေးထွေးတောက်ပနေသော အလင်းရောင်၏အောက်တွင်၊ အလုပ်သမားများ၏ အော်ဟစ်သံများနှင့်အတူ အိုးဖိုထဲမှ ပူနွေးနေဆဲဖြစ်သော မြေထည်ပစ္စည်းများကို တစ်ခုပြီးတစ်ခု ထုတ်ယူနေကြသည်။
ပန်းကန်လုံးအသေးလေးများ၊ ခွက်လေးများမှအစ အိုးကြီးအိုးကောင်းများအထိကို အစုံအလင်ရှိ၏။
အိုးဖုတ်ဖိုတစ်ခုလုံးက သက်ဝင်လှုပ်ရှားနေသော အငွေ့အသက်များဖြင့် ပြည့်နှက်နေတော့သည်။
ထိုမြင်ကွင်းကို ကြည့်ရင်း ထောင်ထောင်က ခေါင်းလေးကို မော့လိုက်ပြီး သွားလာလှုပ်ရှားနေသော လူအုပ်ကြီးကို ပါးစပ်လေး အဟောင်းသားဖြင့် ငေးကြည့်နေမိ၏။
ထိုအချိန်မှာပင် ထောင်ထောင်က နှာခေါင်းလေးကို ကြုံ့၍ ရှူလိုက်သည်။
သူမက တစ်ခုခုကို...
နံလိုက်သလိုပဲ...
စုကျင်းက သူတို့၏ ယခုတစ်ခေါက် တာဝန်ကို မှတ်မိနေဆဲပင် ဖြစ်သည်။
စွမ်းရည်ရှင်ကို ရှာဖွေရန်၊ စွမ်းရည်ရှင်က ပေးအပ်သော တာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်ရန်နှင့် စွမ်းရည်ရှင်ဆီက ရတနာကို ရယူရန်ပင် ဖြစ်၏။
အစီအစဉ်၏ စည်းမျဉ်းများကို ကြေညာပြီးနောက်တွင် ထုတ်လုပ်ရေးအဖွဲ့က အထူးသတိပေးချက်တစ်ခုကို ထပ်မံ၍ ထည့်သွင်းခဲ့သည်။
“စွမ်းရည်ရှင်ကို ရှာတွေ့တဲ့အချိန်မှာ အရိပ်အမြွက်ကို ပြပြီးတော့ကျွန်တော်က ရှာနေတဲ့သူက ခင်ဗျားလား လို့ မေးလိုက်ပါ၊
တကယ်လို့ သူက စွမ်းရည်ရှင် မှန်တယ်ဆိုရင် မင်းက ငါ့ရဲ့ တာဝန်ကို လာပြီး ပြီးမြောက်အောင် လုပ်ပေးမှာလား လို့ ပြန်ဖြေပါလိမ့်မယ်”