← Chapters

အခန်း (၂၃-၂၄)

Vol. 3 Ch. 23-24

အခန်း (၂၃-၂၄)

Vol. 3 Ch. 23-24

အခန်း(23)

စုကျင်း၏ အကြည့်များက ရင်ပြင်တစ်ခွင်သို့ လှည့်လည်ကြည့်ရှုလိုက်ပြီးနောက်တွင် ခေါင်းထဲမှ နေ၍ တစ်ဦးချင်းစီကို ဖယ်ထုတ်လိုက်လေ၏။

ဂူအိမ်အသေးလေး၏ အရှေ့တွင်ရှိသော မိန်းကလေးက ကြည့်ကောင်းသော်လည်း သူမက ထုတ်လုပ်ရေးအဖွဲ့၏ လှည့်ကွက်တစ်ခုသာ ဖြစ်နိုင်သည်။

ထို့အပြင် သူမက ကြည့်ရသည်က အလွန်ငယ်ရွယ်လွန်းသောကြောင့် စွမ်းရည်ရှင် ဖြစ်နိုင်ခြေ အလွန်နည်းလွန်း၏။

အိုးများကို သယ်ယူနေသော အဖွဲ့ကလည်း အိုးများကို ကူညီ၍ သယ်ပေးနေသူများသာ ဖြစ်ပုံရပြီး အိုးဖုတ်သူများ မဟုတ်နိုင်ပေ။

ဤအချက်များကို စဉ်းစားကြည့်သော်၊ ဖြစ်နိုင်ခြေအရှိဆုံးက ရင်ပြင်ထဲတွင် အနားယူနေသော အဘိုးအိုပင် ဖြစ်ပေလိမ့်မည်။

တိုက်ရိုက်လွှင့်ခန်းမှ ကြည့်ရှုသူများကလည်း စုကျင်း၏ အမြင်ကို ထောက်ခံနေကြသည်။

[ ရင်ပြင်ထဲက အဘိုးအိုကတော့ ဖြစ်နိုင်ခြေ အရှိဆုံးပါပဲ ]

[ တခြားသူတွေ အားလုံးက လှည့်ကွက်တွေလိုပဲ ခံစားရတယ် ]

[ ဒီအရိပ်အမြွက်က သိသာလွန်းတယ်! တခြားဘယ်သူမှ အိုးလုပ်တဲ့သူနဲ့ မတူဘူး ]

“ထောင်ထောင် .. ထောင်ထောင်.. “

စုကျင်းက ခေါင်းကို လှည့်လိုက်သည့် အချိန်မှ သူ၏ ဘေးနားရှိ ထောင်ထောင်လေးက ပျောက်ကွယ်နေကြောင်းကို သတိပြုမိသွားခဲ့ရ၏။

ထောင်ထောင်က ယခုအချိန်တွင် ဂူအိမ်လေး၏ ဘေးတွင် ဆောင့်ကြောင့်ထိုင်လျက် ပြင်းပြင်းရှူနေပြီး သူမ၏ မျက်လုံးလေးများက အနည်းငယ် တောက်ပနေသည်။

ဟုတ်တယ်!

ဒီမွှေးရနံ့က ဒီဂူထဲက ထွက်လာတာပဲ!

ထောင်ထောင်က မျက်နှာလေးကို မော့လိုက်ပြီး ဆံပင်ရှည်နှင့် မိန်းကလေးကို စူးစမ်းစွာဖြင့် ကြည့်လိုက်လေ၏။

“ကျဲကျဲက ဘာတွေကို ဖုတ်နေတာလဲ”

ဆံပင်ရှည်နှင့် မိန်းကလေးက ထောင်ထောင်ကို တစ်ချက်ကြည့်လိုက်ပြီး မေးလိုက်လေသည်။

“သိချင်လို့လား”

မိန်းကလေး၏ အကြည့်နှင့် ဆုံလိုက်ရသည့်အချိန်တွင် ထောင်ထောင်က အနည်းငယ် တောင့်ခဲသွားခဲ့ရ၏။

သူမက သူမ၏ ပင်ကိုသိစိတ်ကို ယုံကြည်လျက် လက်ထဲရှိ ခရမ်းရောင်မြေစေးထုပ်လေးကို တင်းကြပ်စွာဆုပ်၍ ခပ်တိုးတိုး မေးလိုက်လေသည်။

“ထောင်ထောင်က ရှာနေတဲ့သူက ကျဲကျဲလား”

ဆံပင်ရှည်နှင့် မိန်းကလေးက ပြုံးလိုက်လေ၏။

“မင်းက ငါ့ရဲ့ တာဝန်ကို လာပြီးတော့ ပြီးမြောက်အောင် လုပ်ပေးမှာလား”

လျှို့ဝှက်စကားက ကိုက်ညီသွားပြီဖြစ်သောကြောင့် ထောင်ထောင်က စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်လိုက်ပြီး ကြက်လေး ဆန်စေ့ကောက်သကဲ့သို့ ခေါင်းကို ညိတ်လိုက်တော့၏။

“ဟုတ်တယ်.. ဟုတ်တယ်.. ထောင်ထောင်က တာဝန်ကို လုပ်ပေးဖို့ လာတာပါ!”

ထို့သို့ပြောပြီးနောက်တွင် ထောင်ထောင်က ကလေးသံလေးဖြင့် စုကျင်းကို လှမ်းအော်လိုက်လေသည်။

“ကောကော~ ကောကော~ ထောင်ထောင်က ထူးဆန်းတဲ့သူကို ရှာတွေ့ပြီ~”

စုကျင်းက ထောင်ထောင်၏ ဘေးသို့ လျှောက်လာချိန်အထိ ထိုမိန်းကလေးကို မယုံကြည်နိုင်သော မျက်လုံးများဖြင့် ကြည့်နေဆဲပင် ဖြစ်၏။

ထောင်ထောင်က သူမနှင့် ထိုမိန်းကလေးတို့၏ စကားပြောဆိုမှုကို စုကျင်းနှင့် ကြည့်ရှုသူများ၏အရှေ့တွင် လက်တွေ့ပြသခဲ့သည်။

ထိုအချိန်မှသာ စုကျင်းက သူ အစကတည်းက ဖယ်ထုတ်ထားခဲ့သော ဤမိန်းကလေးက သူတို့ကရှာနေသည့် စွမ်းရည်ရှင်ဖြစ်ကြောင်းကို အတည်ပြုနိုင်ခဲ့တော့သည်။

[ အို ဘုရားရေ! ]

[ ငါက အရင်ဆုံး ဖယ်ထုတ်လိုက်တာက ဒီမိန်းကလေးကိုပဲ! ]

[ တကယ်ပဲ လူကို အပေါ်ယံကြည့်ပြီးတော့ ဆုံးဖြတ်လို့မရပါလား၊ တစ်ယောက်ယောက်ရဲ့ အသွင်အပြင်ကို ကြည့်ရုံနဲ့ မသိနိုင်ဘူး! ]

တိုက်ရိုက်လွှင့်ခန်းမှ ကြည့်ရှုသူများကလည်း ဤမမျှော်လင့်ထားသော ရလဒ်ကြောင့် အံ့သြသွားခဲ့ကြရ၏။

စုကျင်းက ကြည့်ရှုသူတိုင်းက သိချင်နေသော မေးခွန်းကို မမေးဘဲ မနေနိုင်ခဲ့ပေ။

“ထောင်ထောင်လေး၊ ဒီစွမ်းရည်ရှင်ကို မင်းက ဘယ်လိုရှာတွေ့တာလဲ”

“ဘာလို့လဲဆိုတော့ အနံ့က အရမ်းမွှေးလို့လေ~”

ထောင်ထောင်က အိုးဖုတ်ဖိုကို လက်ညှိုးထိုးပြလိုက်လေ၏။

“အိုးလေးတွေက အရမ်းမွှေးတာပဲ~”

ထောင်ထောင်က အိုးဖုတ်ဖိုဆိုသည်ကို နားမလည်ပေ။

သူမ၏ အမြင်တွင် ဤကဲ့သို့ ပုံစံရှိသောအရာက အိုးအကြီးကြီးများသာ ဖြစ်သည်။

မွှေးတယ်။

အိုးတွေက ဘယ်လိုလုပ်ပြီးတော့ မွှေးနိုင်မှာလဲ။

ဤအတွေးက စုကျင်း၏ ခေါင်းထဲ၌ ခဏမျှသာ ဝင်လာခဲ့ပြီး သူက သိပ်ပြီး ဂရုမစိုက်ခဲ့ပေ။

“ဒါဆို ကျွန်တော်တို့က လုပ်ရမယ့် တာဝန်က ဘာလဲ”

စုကျင်း၏ မေးခွန်းကို ကြားသည့်အချိန်တွင် ဆံပင်ရှည်နှင့် မိန်းကလေးက ထရပ်လိုက်ပြီး ခရမ်းရောင်မြေစေးခဲ တစ်ခဲကို ယူလိုက်လေသည်။

သူမ၏ လက်ချောင်းများက မြေစေးမျက်နှာပြင်ပေါ်၌ အလွန်လျင်မြန်စွာ လှုပ်ရှားနေသောကြောင့် လှုပ်ရှားမှုများကို မြင်နိုင်ရန်ပင် မလွယ်ကူပေ။

သူမက ရပ်လိုက်ပြီးနောက် ထိုမြေစေးခဲကို ဘေးရှိ ကျောက်စားပွဲပေါ်သို့ ဘုန်းခနဲ ချလိုက်ပြီး လက်ကို ဖယ်လိုက်လေသည်။

မြေစေးခဲလေး၏ စစ်မှမ်သောအသွင်သဏ္ဌာန်က ပေါ်ထွက်လာခဲ့၏။

ပုံသဏ္ဌာန်မရှိသော မြေစေးခဲလေးက အသွင်ပြောင်းသွားခဲ့ပြီ ဖြစ်သည်။

လုံးဝန်းသော ခေါင်းလေးတွင် ဆံပင်စည်းလေး နှစ်ဖက်က တွဲလောင်းကျနေပြီး၊ မျက်လုံးလေးများက ရယ်မောခြင်းကြောင့် မှေးစင်းနေပြီး မျက်နှာလေးက အပေါ်သို့ အနည်းငယ် မော့လျက် ပျော်ရွှင်အေးချမ်းသော အမူအရာလေး ရှိနေ၏။

တိုက်ရိုက်လွှင့်ကင်မရာက ထိုမြေစေးရုပ်လေးနှင့် ထောင်ထောင်ကို တစ်ပုံစံတည်း ဖမ်းယူလိုက်လေသည်။

ထို လူနှစ်ဦးကို တစ်ပုံစံတည်း မြင်လိုက်ရသည့် ခဏ၌ ကြည့်ရှုသူများက အဘယ်ကြောင့် ရင်းနှီးနေရသနည်းဆိုသည့် အဖြေကို ချက်ချင်းပင် ရရှိသွားကြတော့၏။

[ အို ဘုရားရေ! ဒီမြေစေးရုပ်လေးက ထောင်ထောင်လေးပဲ! ]

[ !!! ဘယ်လိုများ လုပ်လိုက်တာလဲ၊ အမူအရာကအစ ဘယ်လိုလုပ် ဒီလောက်တောင် တူနေရတာလဲ! ]

[ သူမက မပြီးခင်အထိ လှုပ်ရှားမှုတွေကို ငါက သေသေချာချာတောင် မမြင်လိုက်ရဘူး (အံ့သြလျက်) ]

[ ဒီမြေစေးရုပ်လေးကို ထုလုပ်ဖို့ (၃) မိနစ်လောက် ကြာတာလား၊ (၁) မိနစ်တောင် မပြည့်ဘူး ထင်တယ်! ]

“ဝါး”

ထောင်ထောင်က အသက်ဝင်လွန်းသော ထိုမြေစေးရုပ်လေးကို ကြည့်ပြီး မအောင့်နိုင်ဘဲ အံ့သြတသစွာ ရေရွတ်လိုက်မိသည်။

“ဒါက ထောင်ထောင်လား”

ဆံပင်ရှည်နှင့် မိန်းကလေးက အပြုံးတစ်ခုနှင့် ခေါင်းကိုငြိမ့်ပြလိုက်လေ၏။

“မင်းရဲ့နာမည်က ထောင်ထောင်၊ ဟုတ်တယ်မလား”

ထောင်ထောင်က ခေါင်းလေးကိုငြိမ့်ပြလိုက်ပြီး ထိုမိန်းကလေးကို အလေးအနက် ကြည့်လိုက်လေ၏။

“အရမ်းလှတဲ့ ကျဲကျဲ၊ ကျဲကျဲရဲ့နာမည်က ဘယ်သူလဲ”

မိန်းကလေးက ခေတ္တမျှစဉ်းစားပြီးမှပြောလိုက်လေသည်။

“မင်းက ငါ့ကို နျီနျီလို့ပဲ ခေါ်လို့ရပါတယ်”

“ကျဲကျဲရဲ့နာမည်ထဲမှာ ရွှံ့ပါလို့လား”

ထောင်ထောင်က ခေါင်းလေးကို စောင်းလျက် စူးစမ်းစွာဖြင့် မေးလိုက်လေ၏။

နျီနျီက ခေါင်းကိုခါပြလိုက်လေ၏။

“မဟုတ်ပါဘူး၊ ငါက မြေစေးရုပ်တွေကို ထုလုပ်လို့လေ”

“မြေစေးရုပ်”

“ဟုတ်တယ်”

နျီနျီက ခုနက သူမက ထုလုပ်ထားသော မြေစေးရုပ်လေးကို မ,လိုက်ရင်းပြောလိုက်လေသည်။

“ဒါကို မြေစေးရုပ်လို့ ခေါ်တယ်၊ ဒီနေ့ မင်းရဲ့ တာဝန်ကတော့ မင်း သိတဲ့လူတစ်ယောက်ယောက်ရဲ့ မြေစေးရုပ်လေးကို ထုလုပ်ဖို့ပဲ၊

အဲဒီလူက မင်းထုထားတဲ့ ရုပ်လေးကို မြင်ပြီးတော့ သူနဲ့တူတယ်လို့ ထင်သွားတယ်ဆိုရင် တာဝန်က ပြီးမြောက်ပြီ”

ကိုယ်သိတဲ့ လူတစ်ယောက်။

ထောင်ထောင်က မျက်နှာလေးကို မော့လိုက်၍သူမ၏ အကြည့်က ချက်ချင်းပင် စုကျင်းထံသို့ ကျရောက်သွားတော့၏။

“ကောကော”

ထောင်ထောင်၏ မျက်လုံးလေးများက တောက်ပသွားခဲ့၏။

“ထောင်ထောင်က ကောကောရဲ့ မြေစေးရုပ်လေးကို လုပ်ချင်တယ်”

ထောင်ထောင်က မြေစေးရုပ်လုပ်နည်းကို စိတ်အားထက်သန်စွာဖြင့် သင်ယူနေသည်ကို မြင်သည့်အချိန်တွင် စုကျင်းက နောက်ပိုင်းတွင် မည်သို့ဖြစ်လာမည်ကို မသိရှာဘဲ ဝန်ထမ်းများဘက်သို့ လှည့်၍ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောလိုက်လေ၏။

“ဘယ်လိုလဲ၊ ဒီကလေးမလေးက ဘယ်သူက သူ့အပေါ်ကို ကောင်းလဲဆိုတာကို ကောင်းကောင်း သိသားပဲမလား”

စုကျင်း၏ ဂုဏ်ယူနေသော မျက်နှာကို မြင်ရသည့်အချိန်တွင် တိုက်ရိုက်လွှင့်ခန်းမှ ပရိသတ်များပင် မခံစားနိုင်တော့ပေ။

[ ? ဒီမနက်တင် စင်္ကြန်ထဲမှာ ကယ်ကြပါဦး! လို့ အော်ခဲ့တဲ့သူက ဘယ်သူပါလိမ့် ]

[ လူဆိုတာက ကိုယ့်နေရာကိုယ် သိရတယ် စုကျင်း၊ ပြန်သွားပြီးတော့ ဟင်းချက်တာကိုပဲ လေ့ကျင့်ပါ၊ ဒါမှမဟုတ် ဆံပင်စည်းနည်းကိုပဲ လေ့ကျင့်လိုက်ဦး ]

[ အဟမ်း၊ တကယ်တော့ ငါတို့က ကလေးသုံး မျက်နှာလိမ်းခရင်မ်ကို မဝယ်နိုင်တဲ့လူမျိုးတွေ မဟုတ်ပါဘူးနော်၊ ဟုတ်တယ်မလား စုကျင်း (အရိပ်အမြွက်ပြခြင်း) ]

[ အဲဒါတော့ မသေချာဘူး၊ စုကျင်းက ဆင်းရဲတာပဲလေ၊ သူက ရေခဲမုန့်ကို တောင် မဝယ်နိုင်ရှာဘူး (ခွေးခေါင်း) ]

[ ဟားဟား၊ ရယ်ရလွန်းလို့ သေတော့မယ်၊ Trailer ထဲက ဟာသတွေကို ခုထိ မမေ့ကြသေးဘူးလား ]

ထောင်ထောင်က နျီနျီ၏ ညွှန်ကြားချက်များကို လိုက်နာပြီး အလွန်ပင် အလေးအနက်ထား၍ အဆင့်တိုင်းကို သေချာစွာ လုပ်ဆောင်နေချေသည်။

အတော်ကြာပြီးနောက်မှသာ သူမက မြေစေးရုပ်လေးကို မ၍ စုကျင်းကို ပြလိုက်လေ၏။

“ကောကော၊ ကြည့်,ကြည့်ဦး၊ တူတယ်မလား”

စုကျင်းက ခေါင်းကို ငုံ့ကြည့်လိုက်သည့် ခဏ၌ သူ၏ မျက်နှာအမူအရာက ချက်ချင်းပင် တောင့်ခဲသွားခဲ့ရ၏။

ထောင်ထောင်၏ လက်ထဲရှိ မြေစေးရုပ်လေးတွင် ခေါင်းက အရိုက်ခံထားရသော သခွားမွှေးသီးနှင့် တူနေတော့သည်။

မျက်လုံးနှစ်လုံးက မညီမညာ ဖြစ်နေပြီး ငါးမျက်လုံးကဲ့သို့ အပြင်သို့ အနည်းငယ် ပြူးထွက်နေ၏။

မျက်နှာပေါ်တွင်လည်း လက်သီးနှင့် အထိုးခံထားရသကဲ့သို့ ထူထဲပြီး ကြမ်းတမ်းသော မြောင်းကြီးတစ်ခုက ပါနေပြီး၊ တစ်မျက်နှာလုံးက ကြောက်မက်ဖွယ်ကောင်းသော အမူအရာဖြင့် ပြည့်နှက်နေတော့သည်။

[ ဟားဟား၊ ငါက ရယ်လွန်းလို့ အပေါ်ထပ်က လူက ခုတင်ကို ပုတ်ပြီး ဘာဖြစ်တာလဲလို့ လာမေးနေပြီ! ]

[ ကယ်ကြပါဦး! ဒါက ဘယ်လိုလုပ် ဒီလောက်တောင် ရယ်ရနိုင်ရတာလဲ! ]

[ ငါကတော့ ရယ်ရလွန်းလို့ သေတော့မယ်၊ စုကျင်းရဲ့ ပရိသတ် တစ်ယောက်အနေနဲ့တောင် ခဏလောက် ကြည့်ပြီးတာနဲ့ ဒါက ရယ်စရာကောင်းတယ်လို့ ခံစားလာရတယ် ]

[ ငါ တကယ်ကို မခံစားနိုင်တော့ဘူး၊ စုကျင်းရဲ့ အခု မျက်နှာအမူအရာကို ကြည့်ပြီး ငါက နှစ်ပေါင်း သန်းချီအောင် ရယ်နိုင်တယ်! ]

တစ်ဖက်လူက သူထုထားသည့် အရုပ်လေးက သူနဲ့တူသည်ဟု ထင်မှသာ တာဝန်က ပြီးမြောက်လိမ့်မည်။

ထောင်ထောင်၏ မျှော်လင့်ချက်အပြည့်နှင့် အကြည့်အောက်တွင်၊ စုကျင်းက တာဝန်ပြီးမြောက်စေရန်အတွက် အံကို တင်းတင်းစေ့လျက် အဖြေကို ပေးလိုက်ရတော့သည်။

“တကယ့်ကို၊ တစ်ပုံစံတည်း တူတာပဲ!”

(⁠╥⁠﹏⁠╥⁠)

ဤအဖြေကို ပေးပြီးနောက်တွင် စုကျင်း၏ မျက်နှာက ချက်ချင်းပင် ပြာနှမ်းသွားတော့၏။

သူက ကြီးမားသော စိတ်ဒဏ်ရာကို ရရှိသွားသည့်ကဲ့သို့ ရင်ဘတ်ကို ဖိထားမိလေသည်။

“ဖူး”

လူအုပ်ထဲမှ တစ်စုံတစ်ယောက်က မအောင့်နိုင်ဘဲ ခပ်တိုးတိုး ရယ်မောလိုက်မိ၏။

ထောင်ထောင်၏ မျက်လုံးလေးများကတော့ ထိုအဖြေကို ကြားလိုက်ရသည်နှင့် တောက်ပသွားခဲ့၏။

သူမက လှည့်ပြေးသွားပြီး နျီနျီ၏ ဘေးနားသို့ ကပ်၍မေးလိုက်လေသည်။

“နျီနျီကျဲကျဲ၊ ဒါက ကောကောနဲ့ တစ်ပုံစံတည်း တူတယ် မဟုတ်ဘူးလား~”

နျီနျီကျဲကျဲက ရယ်ချင်သည့်စိတ်ကို အတော်ကြာအောင် အတင်းအောင့်ထားပြီးမှ မျိုချလိုက်ရရှာ၏။

ဤကဲ့သို့သော ပြကွက်ကောင်းကို မြင်တွေ့ခဲ့ရသောကြောင့် နျီနျီက ထောင်ထောင်၏ လက်ထဲရှိ ပုံသဏ္ဌာန်မမှန်သော မြေစေးရုပ်လေးကိုပင် လက်ခံပေးနိုင်သွားတော့သည်။

သူမက ထောင်ထောင်ထံမှ မြေစေးရုပ်လေးကို ယူ၍ ခေတ္တမျှ စစ်ဆေးကြည့်ရှုပြီးနောက် အလေးအနက်ပင် ခေါင်းငြိမ့်ပြလိုက်လေ၏။

“အင်း၊ တကယ့်ကို တစ်ပုံစံတည်း တူတာပဲ”

ထိုသို့ပြောပြီးနောက်တွင် ရည်ရွယ်ချက် ရှိရှိဖြင့်လား၊ မသိစိတ်ကြောင့်လား မသိဘဲ နျီနျီက မျက်လုံးလေးကို ပင့်၍ စုကျင်းကို တစ်ချက် လှမ်းကြည့်လိုက်သေးသည်။

စုကျင်း: “...”

ပင်ပန်းလိုက်တာ။

ဒီကမ္ဘာကြီးကိုပဲ ဖျက်ဆီးပစ်လိုက်ချင်တော့တယ်။

*

အခန်း(24)

စုကျင်းတစ်ယောက် လုံးဝကို မျှော်လင့်ချက်မဲ့နေချိန်မှာပင်၊ ထောင်ထောင်က နျီနျီကို တောက်ပသော မျက်လုံးလေးများဖြင့်ကြည့်ပြီး သူမ၏ လက်ကလေးဖြင့် နျီနျီ၏ အင်္ကျီလက်ကို ဖွဖွလေး ဆွဲလိုက်လေ၏။

“နျီနျီကျဲကျဲ၊ ဒါဆိုရင် တာဝန်က ပြီးမြောက်သွားပြီလား”

“အင်း၊ ပြီးမြောက်သွားပါပြီ”

“ဒါဆိုရင်။ ရတနာက ဘယ်မှာလဲ”

ထောင်ထောင်က မျှော်လင့်ချက်အပြည့်ဖြင့် နျီနျီကို ကြည့်နေသည်။

ထောင်ထောင်၏ တောက်ပနေသော မျက်လုံးလေးများကို မြင်သည့်အချိန်တွင် နျီနျီက မရယ်ဘဲ မနေနိုင်တော့ဘဲ သူမကို ရည်ရွယ်ချက်ရှိရှိဖြင့် စနောက်လိုက်လေ၏။

“ထောင်ထောင်က လိမ္မာတဲ့ ကလေးမလေးပဲ၊ ရတနာက ဘယ်မှာရှိမလဲဆိုတာကိုခန့်မှန်းကြည့်နိုင်မလား”

ထောင်ထောင်၏ အကြည့်များက ရင်ပြင်တစ်ခွင်သို့ လှည့်လည်ကြည့်ရှုလိုက်လေသည်။

နောက်ဆုံးတွင် သူမက နျီနျီ၏ ဘေးနားရှိ အိုးဖုတ်ဖိုလေးပေါ်၌ တုံ့ဆိုင်းစွာ ရပ်တန့်သွားခဲ့လေ၏။

သူမက တုံ့ဆိုင်းစွာဖြင့် လက်လေးကို မြှောက်ပြီး အိုးဖိုလေးကို ညွှန်ပြလိုက်လေ၏။

“ရတနာက ဒီထဲမှာလား”

နျီနျီက ဟုတ်၊ မဟုတ်ကို တိုက်ရိုက် မဖြေပေ။

“ဒီထဲမှာ ဘာရှိမယ်လို့ ထောင်ထောင် ထင်လို့လဲ?”

သူမက ထောင်ထောင်ကို ပြန်မေးလိုက်လေ၏။

ထောင်ထောင်က ခေါင်းလေးကို စောင်းလိုက်ပြီး နှာခေါင်းလေးကို ကြုံ့လျက် အားရပါးရ ရှူလိုက်ပေသည်။

ထောင်ထောင်က ဤကဲ့သို့ ပြုမူနေချိန်တွင် စုကျင်းကလည်း လိုက်၍ ရှူကြည့်သော်လည်း မည်သည့်အနံ့ကိုမှ မရပေ။

“ဘာအနံ့မှ မရပါဘူး...”

စုကျင်းက ခပ်တိုးတိုး ရေရွတ်လိုက်မိသွားသည်။

[ အိုးဖိုကို သေသေချာချာ ပိတ်ထားတာပဲ၊ အထဲမှာက တကယ်ပဲ တစ်ခုခုက ရှိနေရင်တောင် အနံ့ရဖို့က မလွယ်ဘူးမလား ]

[ ထုတ်လုပ်ရေးအဖွဲ့က တကယ်ကို ဥာဏ်များလွန်းတယ်! အိုးဖိုထဲမှာ တကယ်ပဲ တစ်ခုခုကို ဝှက်ထားတာဆိုရင် ရှာတွေ့ဖို့က တကယ် ခက်မှာပဲ ]

[ ထုတ်လုပ်ရေးအဖွဲ့ရဲ့ ရတနာက တကယ်တော့ ဘာဖြစ်မလဲ၊ လက်မှုပညာ ပစ္စည်းတစ်ခုခုလား ]

[ လက်မှုပညာ ပစ္စည်းဆိုရင် ဘယ်လို အနံ့မျိုး ရမှာလဲ ]

[ ထုတ်လုပ်ရေးအဖွဲ့ရဲ့ ရတနာက ဘာဖြစ်မလဲဆိုတာကို ရုတ်တရက် သိချင်လာပြီ ]

ထောင်ထောင်က အာရုံမပျံ့လွင့်ဘဲ အနံ့ကို ခွဲခြားနိုင်ရန်သာ အာရုံစိုက်နေလေသည်။

ထိုရနံ့လေးက အလွန်ပင် သင်းပျံ့လွန်းပြီး အိုးဖို၏ အလွှာပေါင်းများစွာက ခြားထားသကဲ့သို့ ခံစားနေရ၏။

သို့သော် ထိုကဲ့သို့သော အတားအဆီးများကြားမှ ဆွဲဆောင်မှုရှိသော ရနံ့သင်းသင်းလေးက ထောင်ထောင်၏ ထက်မြက်လွန်းသော နှာခေါင်းထဲသို့ တိုးဝင်လာခဲ့သည်။

အတော်ကြာအောင် ရှူကြည့်ပြီးနောက်တွင် ထောင်ထောင်က မျက်မှောင်လေးကို အနည်းငယ် ကြုတ်သွားပြီး ပါးစပ်လေးကို ဟလိုက်သော်လည်း ပြောရန်အတွက် တုံ့ဆိုင်းနေပုံ ရ၏။

“ကောင်းပြီ၊ အိုးဖိုထဲမှာ ဘာရှိလဲဆိုတာကို ခန့်မှန်းလို့ ရပြီလား”

ထောင်ထောင်၏စိတ်ရှုပ်ထွေးနေသော မျက်နှာလေးကို မြင်သည့်အချိန်တွင် နျီနျီက ပြုံး၍ မေးလိုက်လေ၏။

ထောင်ထောင်က မျက်နှာလေးကို မော့လိုက်လေသည်။

သူမ၏ ခန့်မှန်းချက်က အနည်းငယ် ထူးဆန်းနေသော်လည်း သူမ၏ အနံ့ခံအာရုံကို သူမက ယုံကြည်လေ၏။

“ဒါက.. ကြက်ကင်လား”

ထောင်ထောင်၏ အဖြေကို ကြားလိုက်ရသည့်အချိန်တွင် နျီနျီ၏ မျက်ဝန်းထဲတွင် အံ့သြရိပ်များ ဖြတ်ပြေးသွားခဲ့သည်။

သူမက ထောင်ထောင်ကို စနောက်ရန်သာ မေးခဲ့ခြင်း ဖြစ်ကာ ထောင်ထောင်က အမှန်တကယ် အနံ့ရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

“ဘယ်လိုလုပ်ပြီးတော့ သိတာလဲ”

နျီနျီ၏ အဖြေက ထောင်ထောင်၏ ခန့်မှန်းချက်က မှန်ကန်ကြောင်းကို သံသယဖြစ်ဖွယ်မရှိ အတည်ပြုပေးလိုက်ခြင်းပင်။

ထိုခဏ၌ ထောင်ထောင်မှလွဲ၍ ဘေးရှိ စုကျင်းနှင့် တိုက်ရိုက်လွှင့်ခန်းမှ ကြည့်ရှုသူအားလုံးက အံ့အားသင့် သွားခဲ့ကြရတော့သည်။

[ ? တကယ်ပဲ ကြက်ကင်ကြီးလား ]

[ နေပါဦး! ဒါက အိုးဖုတ်တဲ့ဖို မဟုတ်ဘူးလား ]

[ ထောင်ထောင်က အလွှာပေါင်းများစွာကို ဖြတ်ပြီး ဘယ်လိုများ သိလိုက်တာလဲ၊ အနံ့ခံရုံနဲ့တင်လား ]

[ ဝါး၊ ထောင်ထောင်ရဲ့ အနံ့ခံအာရုံက ဒီလောက်တောင် ကောင်းတာလား၊ (မှင်သက်) ]

နျီနျီက အိုးဖိုကို ဖွင့်လှစ်လိုက်ပြီး အလွှာပေါင်းများစွာဖြင့် ပတ်ထားသော အရာကို လင်ဗန်းပေါ်သို့ တင်လိုက်လေသည်။

အပြင်ဘက်ဆုံးရှိ မြေစေးလွှာကို ရိုက်ခွဲလိုက်ပြီးနောက်၊ ကြာဖက်၏ ထောင့်စွန်းလေးကို ညင်သာစွာ မလိုက်သည့်အချိန်တွင် မွှေးကြိုင်လွန်းသော ရနံ့က ပတ်ဝန်းကျင် လေထုထဲသို့ ချက်ချင်းပျံ့နှံ့သွားခဲ့တော့သည်။

ထိုရနံ့ကို ရလိုက်သည့် ခဏ၌ ထောင်ထောင်၏ မျက်လုံးလေးများက ပြူးသွားပြီး လင်ဗန်းကိုသာ စိုက်ကြည့်နေမိ၏။

ကြာဖက်များကို ဖြည်းဖြည်းချင်း ဖြေလိုက်သည့်အချိန်တွင် သူဖုန်းစားကြက်ကင်က ၎င်း၏ ပုံစံအမှန်ကို ဖော်ပြလာခဲ့သည်။

ကြာဖက်များနှင့် မြေစေးများဖြင့် အထပ်ထပ် ပတ်ထားပြီး၊ အိုးဖို၏ မြင့်မားသော အပူချိန်နှင့် လေလုံသော အခြေအနေကြောင့် အချိန်အတော်ကြာအောင် ဖြည်းဖြည်းချင်း ကျက်လာခဲ့သော ထိုကြက်ကင်က ရွှေဝါရောင် သမ်းနေပြီး၊ အရေခွံ၏ လက်မတိုင်းက စားချင်စဖွယ် ဝင်းပြောင်နေသည်။

ကြာဖက်များကို အကုန်ဖြေလိုက်သည့်အချိန်တွင် ဘေးနားရှိ လူများက မသိစိတ်ဖြင့် တံတွေး မျိုချလိုက်မိကြတော့၏။

တိုက်ရိုက်လွှင့်ခန်းမှ ကြည့်ရှုသူများလည်း ဤကြက်ကင်၏ ဆွဲဆောင်မှုကို ခံစားရစေရန်အတွက် ထုတ်လုပ်ရေးအဖွဲ့က (၃၆၀ )ဒီဂရီ ပတ်လည် အကြည်ဖြင့် ရိုက်ကူးပြခဲ့ပေသည်။

မှန်ဘီလူးကို အနီးကပ် ဆွဲကြည့်လိုက်သည့်အချိန်တွင် ကြည့်ရှုသူများက ကြက်ကင်၏ အရေခွံပေါ်မှ အရည်ကြည်လေး တစ်စက်က တုန်ယင်စွာဖြင့် ဖြည်းဖြည်းချင်း စီးကျလာသည်ကို ဖန်သားပြင်မှတစ်ဆင့် မြင်တွေ့လိုက်ကြရသည်။

“ဂလု”

ထိုအချိန်မှာပင် တိုက်ရိုက်လွှင့်ခန်းမှ ကြည့်ရှုသူ ပေါင်းများစွာက တံတွေးကို အတင်း မျိုချလိုက်ကြရတော့သည်။

[ ဝါးး နေ့ခင်းကြောင်တောင်ကြီး အစားအစာနဲ့ လာပြီးတော့ နှိပ်စက်နေတာလား၊ ဒါက ဘယ်လို အဓိပ္ပာယ်လဲ! ]

[ ဒါက ဘယ်လို အစီအစဉ်မျိုးလဲ! (စားပွဲကို ရိုက်လျက်) ]

[ ငါက ဆုံးဖြတ်လိုက်ပြီ! ဒီနေ့ နေ့လည်စာကို ကြက်ကင်ပဲ စားတော့မယ်! ]

နျီနျီက ကြက်ကင်ကို လင်ဗန်းပေါ်တင်၍ ရင်ပြင်ထဲရှိ ကျောက်စားပွဲပေါ်၌ ချလိုက်ပြီးမေးလိုက်လေသည်။

“မြည်းကြည့်ချင်ကြလား”

ရတနာက ဘယ်မှာလဲ။

စုကျင်းက မျက်မှောင်ကြုတ်လိုက်သော်လည်း၊ သူက စကားမပြောနိုင်မီမှာပင် ဖိတ်ခေါ်သံကို ကြားလိုက်ရသော ထောင်ထောင်က မနေနိုင်တော့ဘဲ အပြေးလေး သွားလိုက်ပေသည်။

“ကျေးဇူးတင်ပါတယ် နျီနျီကျဲကျဲ~”

ထိုသို့ပြောပြီးနောက် ထောင်ထောင်သ ကျောက်စားပွဲဘေးတွင် သဘာဝကျကျ ထိုင်လိုက်လေ၏။

စုကျင်းက ရပ်နေဆဲဖြစ်ကြောင်းကို မြင်သည့်အချိန်တွင် လက်ယပ်၍ပင် ခေါ်လိုက်သေးသည်။

“ကောကော.. လာလေ၊ ကြက်ကင် လာစားဦး~”

သူမ၏ လှုပ်ရှားမှုများက အလွန်ပင် ကျွမ်းကျင်လွန်းသောကြောင့် ဤရင်ပြင်၏ ပိုင်ရှင်ကဲ့သို့ပင် ဖြစ်နေလေ၏။

ထောင်ထောင်၏ ရင်းနှီးကျွမ်းဝင်လွန်းသော အမူအရာကို မြင်သည့်အချိန်တွင် နျီနျီက မပြုံးဘဲ မနေနိုင်တော့ပေ။

စုကျင်းက လျှောက်လာပြီး ထိုင်လိုက်ချိန်တွင် ထောင်ထောင်က သူမ၏ လက်ကလေးဖြင့် ကြက်ပေါင်တစ်ခုကို သေချာစွာ ဖဲ့ယူလိုက်ပြီး ဖြစ်သည်။

ကြက်ပေါင်းကို ဖဲ့လိုက်ချိန်တွင် ရွှေရောင်အရေခွံအောက်ရှိ နူးညံ့လွန်းသော အသားများက ပေါ်ထွက်လာခဲ့သည်။

ထောင်ထောင်၏ လက်လေးဖြင့် ဖဲ့လိုက်သောကြောင့် အရေခွံနှင့် အသားကြားမှ အရည်ရွှမ်းသော အသားရည်များပင် ထွက်ပေါ်လာပြီး အောက်ခြေရှိ အသားများကို စိုရွှဲသွားစေတော့သည်။

ထောင်ထောင်က ထိုကြက်ပေါင်ကို ပါးစပ်ထဲသို့ ထည့်လိုက်သည့် ခဏ၌ သူမ၏ မျက်လုံးလေးများက မယုံကြည်နိုင်စွာပြူးသွားခဲ့ရပြီး၊ သူမ၏ ခေါင်းထဲ၌ စကားတစ်ခွန်းတည်းသာ ရှိတော့သည် ။

အရမ်းကို အရသာရှိတာပဲ!

စနစ်က သူမ၏ နားနေရာ ဟာလာပြင်ဟင်းလင်းပြင်မှနေ၍ ထောင်ထောင်၏ စိတ်ထဲက အတွေးများကို ချက်ချင်းပင် အာရုံခံမိလိုက်သည်။

အကယ်၍ ထောင်ထောင်၏ အတွေးများကို စာတန်းထိုးများအဖြစ် ဖော်ပြနိုင်မည်ဆိုပါက ယခုအချိန်တွင် သူမ၏ စိတ်ထဲ၌ ‘အရသာရှိလိုက်တာ’ဆိုသည့် စာတန်းများက တသီတတန်းကြီး လွင့်မျောနေလိမ့်မည်။

ထောင်ထောင်က ကြက်ပေါင်ကို အားရပါးရ ကိုက်ဝါးနေပြီး အရသာ မရှိတော့သည့် အရိုးခြောက်ကလေး ဖြစ်သွားသည့်တိုင်အောင် အရိုးထဲက အဆီအနှစ်များကိုပါ ပြောင်စင်အောင် စုပ်ယူနေခဲ့သည်။

သူမ၏ ဘယ်ဘက်လက်က အရိုးကို ချလိုက်ရုံရှိသေးသော်လည်း၊ ညာဘက်လက်က နောက်ထပ် ကြက်သားတစ်ပိုင်းကို ချက်ချင်းပင် လှမ်းယူလိုက်ပြန်၏။

ထောင်ထောင် စားနေသည်ကို ကြည့်ရင်း စုကျင်းကလည်း မနေနိုင်တော့ဘဲ သူဖုန်းစားကြက်ကင် တစ်ဖက်ကို ဆွဲဖဲ့လိုက်မိ၏။

အိုးဖိုထဲမှာ ဖုတ်ထားတဲ့ ကြက်ကင်က တကယ်ပဲ အရသာရှိပါ့မလား။

သံသယစိတ်ဖြင့် စုကျင်းက စမ်းသပ်သည့်အနေဖြင့် တစ်ကိုက် ကိုက်ကြည့်လိုက်လေသည်။

ထိုအချိန်မှစ၍ သူ့တွင် စကားပြောရန် အချိန်မရှိတော့ပေ။

[ တခြား ဧည့်သည်ရဲ့အဖွဲ့တွေကို ကြည့်ရတာက တာဝန်ပြီးမြောက်ဖို့ လမ်းခုလတ်မှာပဲ ရှိသေးပုံရတယ်၊ ဒီမှာတော့ အစားအသောက်တွေနဲ့ ပြည့်စုံနေပြီ ]

[ ရုတ်တရက် သိချင်လာပြီ၊ ဘယ်လောက်တောင် အရသာရှိလို့လဲ (ကြောင်လေးလို စူးစမ်းလျက်) ]

[ နေပါဦး! မင်းတို့က တစ်ခုခုကို မေ့နေကြတယ်လို့ မခံစားရဘူးလား ]

[ !!အခုမှ သတိရတယ်၊ ရတနာက ဘယ်မှာလဲ ]

ထောင်ထောင်က ကြက်ကင်ကို ပျော်ပါးစွာ ကိုက်နေသည့်အချိန်မှာပင် ရုတ်တရက် သူမ၏ သွားလေးများက မာကျောသော အရာတစ်ခုနှင့် တိုက်မိသွားသောကြောင့် မသိစိတ်ဖြင့် အသံထွက်သွားခဲ့ရ၏။

“ဘာဖြစ်လို့လဲ”

စုကျင်းက ထောင်ထောင်ကို ချက်ချင်းပင် ခေါင်းကိုငုံ့ကြည့်လိုက်ပြီး၊ သူ၏ မျက်ဝန်းထဲတွင် စိုးရိမ်ပူပန်မှုများက ပြည့်နှက်နေသည်ကို သူကိုယ်တိုင်ပင် သတိမထားမိခဲ့ပေ။

ထောင်ထောင်က သူမ၏ လက်ထဲရှိ ကြက်ကင်ကို ငုံ့ကြည့်လိုက်ပြီး မျက်လုံးလေးများက ပြူးသွားပြီးပြောလိုက်လေသည်။

“ကောကော၊ ဝါးခြမ်းပြားလေး တစ်ခုက ပါနေတယ်!”

နူးညံ့လွန်းသော ကြက်သားများ၏ အကြားတွင် ဝါးခြမ်းပြား အပါးလေးတစ်ခုက ပုန်းအောင်းနေခဲ့လေ၏။ ဤသည်က ထောင်ထောင်၏ သွားကို နာကျင်စေခဲ့သော တရားခံပင် ဖြစ်၏။

“ကြက်ကင်ထဲမှာ ဝါးခြမ်းပြားက ဘယ်လိုလုပ်ပြီးတော့ ပါနေတာလဲ! မျိုချမိသွားရင် ဘယ်လိုလုပ်မလဲ”

စုကျင်းက မျက်မှောင်ကြုတ်လိုက်ပြီး ထိုဝါးခြမ်းပြားလေးကို ကောက်ယူလိုက်ပြီး လွှင့်ပစ်ရန် ပြင်လိုက်ချိန်မှာပင် ထောင်ထောင်က တားလိုက်လေသည်။

“ကောကော၊ အဲဒီပြားပေါ်မှာ စာတွေ ပါတယ်!”

နေပါဦး၊ နေပါဦး!

မယုံကြည်နိုင်စရာ အတွေးတစ်ခုက စုကျင်း၏ ခေါင်းထဲသို့ ရုတ်တရက် ဝင်လာခဲ့သည်။

သူက ဝါးခြမ်းပြားကို ပြောင်းပြန်လှန်ကြည့်လိုက်လေသည်။

ဤသည်၏အပေါ်ရှိ စာလုံးက သူ၏ အမြင်အာရုံထဲသို့ ရှင်းလင်းစွာ ရောက်ရှိလာတော့သည်။

‘ရတနာ’

ရိုးရှင်းပြီး တိုက်ရိုက်ကျလွန်း၏။

ရတနာ ဆိုသည့် စာလုံး၏ အောက်တွင် ကိန်းဂဏန်း အစီအစဉ်တစ်ခုလည်း ပါရှိနေသည်။

၀၂၁

[ နေပါဦး! ဒါဆိုရင် အိုးဖိုထဲမှာ တကယ်ပဲ ရတနာက ရှိနေတာပေါ့ (အံ့သြနေသောမျက်နှာ) ]

[ ပြောရမယ်ဆိုရင်တော့ ငါ့ရဲ့ အခု အမူအရာက စုကျင်းနဲ့ တစ်ပုံစံတည်းပဲ၊ ဒါက တကယ်ကို လွန်လွန်းတယ်!

ရတနာက တကယ်တော့ ဝါးခြမ်းပြားလေး တစ်ခုဖြစ်နေပြီး ကြက်ကင်ထဲမှာ ဝှက်ထားမယ်လို့ ဘယ်သူက ထင်မှာလဲ! ]

[ စုကျင်းကိုတောင် ထားလိုက်ပါဦး၊ တိုက်ရိုက်လွှင့်ခန်းထဲက ကြည့်ရှုသူ အများကြီးထဲမှာတောင် ဘယ်သူကမှ မခန့်မှန်းနိုင်ခဲ့ဘူး! ]

[ ထုတ်လုပ်ရေးအဖွဲ့ရဲ့ အတွေးအခေါ်ကတော့ တကယ့်ကို အံ့မခန်းပါပဲ၊ ဒီလို ထူးဆန်းတဲ့ အကြံဉာဏ်မျိုးကို ဘယ်လိုများ စဉ်းစားမိကြတာလဲ ]

*

All Chapters