အခန်း (၂၅-၂၆)
Vol. 3 Ch. 25-26
အခန်း(25)
“ဝါး”
ထောင်ထောင်၏ ပါးစပ်လေးက အဟောင်းသား ဖြစ်သွားပြီး သူမ၏ အကြည့်က ကြက်ကင်ထံသို့ ဖြည်းဖြည်းချင်း ကျရောက်သွားတော့၏။
သူမက ရုတ်တရက် ခေါင်းလေးကို စောင်းလိုက်ပြီး ယုတ္တိရှိသော ခန့်မှန်းချက်တစ်ခုကို ပေးလိုက်လေ၏။
“ကြက်ကင်ထဲမှာ ဝါးခြမ်းပြားက တစ်ခုတည်းပဲ ရှိတာလား”
နျီနျီက လျှို့ဝှက်ဆန်းပြားသော အပြုံးတစ်ခု ပြုံးလိုက်သည်။
“ဒါကိုတော့ မင်းတို့ဘာသာ ရှာကြည့်ရမှာပေါ့”
ဤစကားကို ကြားသည့်အချိန်တွင် ဖျော်ဖြေရေး အစီအစဉ်များ၏ ပုံစံကို ရင်းနှီးပြီးသားဖြစ်သော စုကျင်းက ဆိုလိုရင်းကို ချက်ချင်းပင် နားလည်သွားခဲ့သည်။
ကြက်ကင်ကို ကြည့်နေသော သူ၏ အကြည့်က ချက်ချင်းပင် တောက်လောင်လာခဲ့တော့သည်။
ဤကြက်ကင်ထဲတွင် တခြားသော ဝါးခြမ်းပြားလေးများက သေချာပေါက်ပင် ရှိနေဦးမည် ဖြစ်၏။
ထိုဝါးခြမ်းပြားလေးများကို မည်သည့်အတွက် သုံးမည်ကို မသိသော်လည်း၊ ယမန်နေ့က ရိုက်ကူးမှုအပြီးတွင် စုကျင်းက ထုတ်လုပ်ရေးအဖွဲ့က ပေးအပ်သော တာဝန်တိုင်းက နောက်ပိုင်း အစီအစဉ်များနှင့် ဆက်စပ်နေကြောင်းကို နားလည်ထားပြီး ဖြစ်ပေ၏။
ဤသည်ကို သိရှိသွားသည့် အချိန်တွင် စုကျင်း၏ ကြက်ကင်အပေါ်တွင် ထားရှိသော သဘောထားက ချက်ချင်းပင် ပြင်းထန်သွားတော့၏။
စုကျင်းနှင့် ထောင်ထောင်တို့၏ ပူးပေါင်းအားထုတ်မှုဖြင့် သူတို့က ကြက်ကင် တစ်ကောင်လုံးကို အရေခွံခွာ၊ အရိုးနွှင်ပြီး အပိုင်းပိုင်းဖဲ့ပြီး ပြောင်စင်အောင် စားပစ်လိုက်ကြသည်။
နောက်ဆုံးတွင် သူတို့က ကြက်ကင်ထဲမှ ဝါးခြမ်းပြားလေး စုစုပေါင်း (၆) ခုကို ထုတ်ယူနိုင်ခဲ့ကြ၏။
စုကျင်းက ထိုဝါးခြမ်းပြားလေး (၆ )ခုကို သန့်ရှင်းအောင် ဆေးကြောလိုက်ပြီး၊ အခြောက်လှန်းကာ သူ၏ အိတ်ကပ်ထဲသို့ ထည့်လိုက်လေသည်။
ကောင်းကင်ယံတွင် နီရဲသော နေဝင်ဆည်းဆာက ပန်းချီကားတစ်ချပ်သဖွယ် ခြယ်မှုန်းထားပြီး၊ နေမင်းက နောက်ဆုံးသော အလင်းတန်းများကို ဖြာကျစေလျက် ရှိ၏။
စုကျင်းက ထောင်ထောင်ကို ပွေ့ချီလျက် ယမန်နေ့က လူစုခဲ့သော နေရာသို့ ပြန်လာခဲ့သည်။
ကျန်ရှိသော အဖွဲ့လေးဖွဲ့ကလည်း တစ်ဖွဲ့ပြီးတစ်ဖွဲ့ ရောက်ရှိလာကြ၏။
စားပွဲ (၆) လုံးကို ပြင်ဆင်ထားပြီး၊ စားပွဲတစ်ခုစီ၏ အပေါ်တွင် တစ်ခုခုကို တင်ထားကာ အနက်ရောင် အဝတ်စကြီးများဖြင့် ဖုံးအုပ်ထားသောကြောင့် အောက်ဘက်တွင် မည်သည့်အရာကရှိနေမည်ကို မသိနိုင်ပေ။
အဝေးမှ ထောင်ထောင်ကို မြင်လိုက်ရသည်နှင့် ကုရှန်ရှန်၏ မျက်လုံးလေးများက တောက်ပသွားခဲ့၏။
သူမက အမြောက်ဆံလေးတစ်ခုကဲ့သို့ ထောင်ထောင်ထံသို့ ပြေးသွားပြီး သူမ၏ သူငယ်ချင်းလေးကို တင်းကျပ်စွာ ဖက်လိုက်တော့သည်။
“ထောင်ထောင်၊ မတွေ့ရတာကြာပြီနော်! ငါ နင့်ကို အရမ်း လွမ်းနေတာ!”
ဤကဲ့သို့ နွေးထွေးလွန်းသော အပြုအမူကို လက်ခံလိုက်ရသောကြောင့် ထောင်ထောင်ကလည်း စိတ်လှုပ်ရှားသွားခဲ့ရသည်။
ထို့နောက် သူမက ချိုသာသော အပြုံးလေးကို မထိန်းနိုင်တော့ဘဲ ကူးရှန်းရှန်းကို ပြန်လည်၍ တင်းတင်းဖက်လိုက်လေသည်။
“ရှန်ရှန်~ ထောင်ထောင်ကလည်း ရှန်ရှန်ကို လွမ်းနေတာ~”
ထိုကလေးငယ်နှစ်ဦးက တစ်ဦးကိုတစ်ဦး တင်းကြပ်စွာဖက်ထားကြပေသည်။
သူတို့နှစ်ဦးက ခွဲခွာနေရသည်က (၆) နာရီပင် မပြည့်သေးသော်လည်း၊ အလွန်ပင် ကြာမြင့်လွန်းသော အချိန်ကာလတစ်ခုအထိကို ခွဲခွာနေခဲ့ရသည့်ကဲ့သို့ ပြုမူနေကြ၏။
အိုင်ဒေါ ဇာတ်လမ်းတွဲများထဲမှ ကမ္ဘာကျော် ကြာမြင့်စွာ ခွဲခွာရပြီးနောက် ပြန်လည်ဆုံတွေ့ခြင်း ပြကွက်ကို ကြည့်နေရသကဲ့သို့ပင်။
ထိုပြကွက်၏ အလယ်ဗဟိုတွင် ရှိနေသော ကလေးငယ်နှစ်ဦးက အလွန်ပင် တည်ကြည်လေးနက်နေကြသော်လည်း၊ ဘေးနားရှိ လူကြီးများက မအောင့်နိုင်တော့ဘဲ ပါးစပ်ကို ပိတ်လျက် အတော်ကြာအောင် ရယ်သံများကို အတင်းအောင့်ထားကြရတော့သည်။
ကျန်ရှိသော မိသားစုများက ရောက်ရှိလာကြသည့်အချိန်တွင် ကလေး (၅) ဦးက လျင်မြန်စွာပင် စုဝေးမိသွားကြ၏။
ရှက်တတ်သော မုန့်လျိုနှင့် အေးစက်စက်နိုင်လွန်းသော ဖုန်းကျားယန်တို့ပင်လျှင် ထောင်ထောင်၏ လက်တစ်ဖက်စီဖြင့် လျိုလျိုနှင့် ကျားကျားဟု ချစ်စနိုး ခေါ်ယူပြီး ကလေးဝိုင်းထဲသို့ ဆွဲခေါ်ခြင်းကို ခံလိုက်ရသည်။
မိသားစု (၅) စုလုံးက စုံလင်သွားပြီးနောက်တွင် အစီအစဉ်တင်ဆက်သူက အရှေ့ရှိ ကွင်းပြင်အလွတ်ထဲတွင် ရပ်ပြီး ညနေခင်းအတွက်ကို စည်းမျဉ်းများကို ကြေညာခဲ့၏။
“ဒီနေ့ တာဝန်တွေက ပြီးဆုံးသွားပြီဆိုတော့ လူတိုင်းက ကိုယ့်ရဲ့ ရတနာ တွေကို ရရှိခဲ့ကြပြီ မလား”
အစီအစဉ်တင်ဆက်သူ၏ အသံကို ကြားသည့်အချိန်တွင် ချောင်ဟောက်ယွီက ပထမဆုံးအကြိမ်အဖြစ် တက်ကြွစွာ လက်ထောင်လိုက်လေ၏။
“ကျွန်တော်တို့ ရခဲ့ပါတယ်!”
ချောင်ဟောက်ယွီက စကားပြောပြီးနောက်၊ မူလက စကားပြောရန် အစီအစဉ်မရှိသော ကုရှန်ရှန်ကလည်း လှည့်ကြည့်ပြီး သူ့ကို မကျေမနပ် စိုက်ကြည့်လိုက်လေသည်။
နင့်ရဲ့ အသံကျယ်တော့ ဘာဖြစ်လဲ။
ချက်ချင်းပင် ကုရှန်ရှန်က အရှုံးမပေးလိုသောကြောင့် လက်ကို မြင့်မြင့်ထောင်လိုက်ပြီး ချောင်ဟောက်ယွီထက်ပင် ပို၍ ကျယ်လောင်သော အသံဖြင့် အော်လိုက်လေတော့သည်။
“ကျွန်မတို့လည်း ရခဲ့ပါတယ်!”
တခြားကလေးများကလည်း သူတို့ကလည်း ရခဲ့ကြောင်း တစ်ယောက်တစ်ပေါက် ဝင်ပြောကြလေသည်။
ဇာတ်လိုက်နှင့် ဇာတ်လိုက်မတို့ကြားရှိ တင်းမာသော အခြေအနေကို ကြည့်ရင်း စနစ်က ကျေနပ်အားရစွာဖြင့် တုန်ခါသွားခဲ့၏။
[ မူလဇာတ်လမ်းထဲက ဇာတ်လိုက်နဲ့ ဇာတ်လိုက်မတွေက ပီသပါပေတယ်၊
ငယ်သူငယ်ချင်းတွေ ဖြစ်ကြတဲ့အတိုင်းပဲ ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့တင် ရန်ဖြစ်လိုက် ချစ်လိုက်စုံတွဲလေးတွေရဲ့ လက္ခဏာကို ပြနေကြပြီ ]
[ ကြည့်ရတာက ဒီအရန်ဇာတ်ကောင်လေးရဲ့ တာဝန်ကလည်း ပြီးမြောက်ဖို့အတွက်က လွယ်ကူမှာပါ၊ အရင်အကြိမ်တွေကတော့ မတော်တဆမှုတွေပဲ ဖြစ်လိမ့်မယ် ]
စနစ်က အလွန်ပင် အကောင်းမြင်စိတ်ဖြင့် ခန့်မှန်းလိုက်လေသည်။
“အခုတော့ ဧည့်သည်အဖွဲ့ တစ်ဖွဲ့ချင်းစီအနေနဲ့ ကိုယ့်ရဲ့ ရတနာ တွေကို ထုတ်ယူပြီးတော့ အရှေ့က သံပြားလေးတွေပေါ်မှာ တင်ပေးကြပါဦး”
ထုတ်လုပ်ရေးအဖွဲ့၏ ရည်ရွယ်ချက်ကို နားမလည်ကြသော်လည်း ဧည့်သည်များက သူတို့က ရရှိထားသော ဝါးခြမ်းပြားလေးများကို သံပြားပေါ်တွင် တင်လိုက်ကြလေ၏။
“ဒီဝါးခြမ်းပြားလေးတွေက ဘာကို ကိုယ်စားပြုသလဲဆိုတာကို လူတိုင်းပဲ သိချင်နေကြမယ်လို့ ကျွန်တော်က ထင်ပါတယ်”
အစီအစဉ်တင်ဆက်သူက အပြုံးတစ်ခုနှင့် ဝန်းကျင်ကို ကြည့်လိုက်ပြီး အဖြေကို ကြေညာလိုက်တော့သည်။
“ဝါးခြမ်းပြား တစ်ခုချင်းစီက တကယ်တော့ ဟင်းချက်ကုန်ကြမ်း တစ်ခုချင်းစီကို ကိုယ်စားပြုတာပါ၊ ဒီညရဲ့ တာဝန်ကတော့... “
“ဟင်းချက်ပြိုင်ပွဲပါပဲ!”
ဤစကားလုံးများကို ကြားလိုက်ရသည့်အချိန်တွင် ကလေးများက ပျော်ရွှင်နေကြဆဲပင် ဖြစ်သော်လည်း လူကြီးများ၏ တုံ့ပြန်မှုက အမျိုးမျိုး ကွဲပြားသွားခဲ့ရ၏။
ပုံမှန် ဟင်းချက်တတ်သူများ ဖြစ်ကြသော ကုန်းယာင်နှင့် ထန်ကျစ်ရှီတို့၏ မျက်ခုံးများက ပြေလျော့သွားပြီး ပြုံးနိုင်ကြသော်လည်း၊ ပုံမှန် ဟင်းမချက်တတ်ကြသော ချင်ရွှမ်နှင့် ရှန်ထျန်းယွီတို့က အနည်းငယ် နေရခက်သော အမူအရာများ ဖြစ်ပေါ်သွားခဲ့ရသည်။
လူတစ်ယောက်တည်းကသာ ကျောက်ရုပ် ကဲ့သို့ ငြိမ်သက်နေပြီး မည်သည့်အမူအရာမှ မရှိပေ။
စုကျင်းက လူအုပ်ထဲတွင် ရပ်နေရင်း ဒါရိုက်တာနှင့် အဓိပ္ပာယ်ပါပါ အကြည့်ချင်း ဖလှယ်လိုက်မိသည်။
ဒီကဏ္ဍက သူ့ကို ပညာပေးဖို့ သက်သက် ဖန်တီးထားတာပဲ!
သူက ကျိန်ပြောရဲတယ်!
[ ဟားဟား၊ ဒီနေ့ စုကျင်းရဲ့ ဟင်းချက်စွမ်းရည်ကို တစ်ကျော့ပြန် ရှုစားရတော့မှာလား ]
[ ရယ်ရတယ်၊ ထုတ်လုပ်ရေးအဖွဲ့ထဲက တစ်ယောက်ယောက်ကတော့ စုကျင်းရဲ့ အရင်ဖျော်ဖြေရေး အစီအစဉ်ကို ကြည့်ဖူးတာ သေချာတယ်! ]
[ ဟိုတစ်ခေါက် ရိုက်ကူးတုန်းက အာလူးချောင်းကြော်ကို တူးအောင်ကြော်ပြီး ဒယ်အိုးကို ဆေးလိပ်ပြာခွက် အဖြစ် သုံးခဲ့တဲ့ အကြောင်းကို ပြောနေတာလား (ခွေးခေါင်း) ]
[ ? ရုတ်တရက် သိချင်လာပြီ၊ ဘယ်အစီအစဉ်ကို ပြောတာလဲ ]
[ စုကျင်းက ပွဲဦးထွက်ပြီးခါစက ရိုက်ခဲ့တဲ့ New Star Chef ရဲ့ ပထမဆုံး အပိုင်းကို သွားကြည့်လိုက်ပါ၊
ဗီဒီယိုအတိုလေးတွေကို ကြည့်ပြီးရင် ငါ့ကို လာကျေးဇူးတင်ကြ (ပြုံးနေ) ]
[ ဖူးးး ဟားဟား၊ သွားကြည့်ပြီး ပြန်လာပြီ၊ စုကျင်းက တကယ့်ကို ပါရမီရှင်ပဲ! ]
[ ငါလည်း ဗီဒီယိုတချို့ကို ကြည့်ခဲ့တယ်၊ တကယ်ကြီး အံ့သြသွားတာပဲ၊
ဒါက ပုံမှန်လူသားတစ်ယောက်က လုပ်နိုင်တဲ့ အရာလား၊ ဒါက ကာဗွန်အခြေခံ သက်ရှိတွေပဲ လုပ်နိုင်တဲ့ စွမ်းဆောင်ရည်ထက်တောင် ကျော်လွန်နေပြီ! ]
[ နယ်ပယ်ထဲက သူငယ်ချင်းတွေ ပြောပြတာကတော့ New Star Chef က အစတုန်းက စုကျင်းရဲ့ လူကြိုက်များမှုကြောင့် သူ့ကို ပုံမှန်ဧည့်သည်အဖြစ် ဖိတ်ချင်ခဲ့တာတဲ့၊
ဒါပေမဲ့ ပထမဆုံးအပိုင်းကို ရိုက်ပြီးတာနဲ့ ဒိုင်လူကြီးအဖြစ်ကို ပါဝင်တဲ့ စားဖိုမှူးတွေနဲ့ တခြားဧည့်သည်တွေ အားလုံးက စိတ်ဒဏ်ရာ အကြီးအကျယ်ကို ရသွားကြလို့ နောက်ဆုံးမှာ ထုတ်လုပ်ရေးအဖွဲ့က စုကျင်းကို အစီအစဉ်ကနေ ထွက်ခိုင်းလိုက်ရတယ်ဆိုပဲ ]
[ ကယ်ကြပါဦး! ]
[ ငါ့ရဲ့စိတ်ထဲက စုကျင်းရဲ့ ပုံရိပ်က မင်းသားထက် လူရွှင်တော်နဲ့ ပိုပိုတူလာပြီ (ရယ်ရင်းနဲ့ ငိုနေ) ]
တိုက်ရိုက်လွှင့်ခန်းမှ ကြည့်ရှုသူများကသာ ဤရှက်ဖွယ်ကောင်းသော အတိတ်ကို သိကြသည်မဟုတ်ပေ။
အစီအစဉ်တွင် ပါဝင်သည့် တခြားဧည့်သည်တချို့ကလည်း ထိုအကြောင်းကို ကြားဖူးကြ၏။
ခဏမျှ စုကျင်းက ထိုနေရာတွင် ရပ်နေရင်း အရပ်မျက်နှာအနှံ့မှ သူ့ဆီသို့ ရောက်ရှိလာသော အကြည့်များကို ခံစားလိုက်ရသည်။
ထောင်ထောင်ကတော့ စုကျင်း၏ ယခင်က စွမ်းဆောင်ချက်များကို မသိရှာပေ။
သူမက စည်းမျဉ်းများကို ကြားပြီးနောက်တွင် လက်လေးကို မြှောက်ပြီး စုကျင်း၏ အင်္ကျီလက်ကို ဖွဖွလေး ဆွဲလိုက်ပြီး တောက်ပသော မျက်လုံးလေးများဖြင့် အားပေးလိုက်လေ၏။
“ကောကော၊ ထောင်ထောင်က ကောကော လုပ်နိုင်မယ်လို့ ယုံတယ်နော်!”
ထောင်ထောင်၏ အားပေးမှုကြောင့် စုကျင်း၏ တိုက်ပွဲဝင်လိုစိတ်က ဟုန်းဟုန်းတောက် လောင်မြိုက်လာခဲ့တော့၏။
ဟင်းချက်တာပဲလေ!
ဘယ်သူက မလုပ်တတ်ဘဲ နေမလဲ!
သူက ဆီသတ်တာ၊ ကြော်တာတွေကို အရမ်းမကျွမ်းကျင်ပေမဲ့ ဟင်းချက်ဖို့အတွက်က ရိုးရှင်းတဲ့ နည်းလမ်းတွေက အမြဲရှိတာပဲ။
နောက်ပိုင်းကျရင်တော့ ပေါင်းတာ ဒါမှမဟုတ် ပြုတ်တာမျိုးပဲ လုပ်လိုက်လို့ ရတာပဲမလား။
ထောင်ထောင်၏ အားပေးမှုကြောင့် စုကျင်းက စိတ်ဓာတ်ကို ပြန်လည်၍ ပြင်ဆင်လိုက်ပြီး လာမည့် ဟင်းချက်ပြိုင်ပွဲကို အသစ်တစ်ဖန် ရင်ဆိုင်ရန်အတွက် အသင့်ဖြစ်သွားခဲ့ရ၏။
“ဒီညရဲ့ အနိုင်ရရှိသူကို ဆုံးဖြတ်ဖို့ ဒိုင်လူကြီးအဖြစ်ကတော့ ကလေး (၅) ယောက်ပဲ ရှိပါမယ်”
“ကုရှန်ရှန်၊ ချောင်ဟောက်ယွီ၊ မုန့်လျို၊ ဖုန်းကျားယန်နဲ့ ထောင်ထောင်!”
သူတို့၏ နာမည်များကို ခေါ်လိုက်သည်နှင့် ပုံမှန်အားဖြင့် အေးစက်လွန်းသော ဖုန်းကျားယန်ပင်လျှင် မသိစိတ်ဖြင့် ကိုယ်ကို မတ်လိုက်မိသည်။
“ကောင်းပါပြီ!”
ထောင်ထောင်၏ နာမည်ကို ခေါ်လိုက်သည့်အချိန်တွင် ထောင်ထောင်က စိတ်လှုပ်ရှားစွာဖြင့် လက်ကို မြင့်မြင့်ထောင်လိုက်ပြီး ကျယ်လောင်သော အသံဖြင့်ဟု ပြန်ထူးလိုက်၏။
“ကလေးတစ်ယောက်စီမှာ မဲတစ်မဲစီ ရှိပါမယ်၊ သူတို့ရဲ့ အကြိုက်ဆုံးလို့ ထင်တဲ့ ဟင်းလျာကို မဲပေးနိုင်ပါတယ်၊
ဒီညရဲ့ ရလဒ်အပေါ် ကိုမူတည်ပြီးတော့ မဲအများဆုံးရတဲ့ ဧည့်သည်က ဆုလာဘ်ကို ရရှိမှာဖြစ်ပြီး၊
ဆန့်ကျင်ဘက်အနေနဲ့ မဲအနည်းဆုံးကို ရတဲ့သူကတော့ အပြစ်ပေးခံရမှာပဲ ဖြစ်ပါတယ်”
ဆုလာဘ်ဟု ကြားသောအချိန်တွင် စုကျင်းက အေးဆေးစွာပင် ရှိနေသော်လည်း အပြစ်ပေးခြင်း ဟု ကြားလိုက်ရသည့် အချိန်တွင်တော့ သူ၏ မျက်နှာအမူအရာက ချက်ချင်းပင် လေးနက်သွားတော့၏။
**
အခန်း(26)
ထို့နောက်တွင် အစီအစဉ်တင်ဆက်သူက စည်းမျဉ်းများကို ဆက်လက်၍ ကြေညာခဲ့လေ၏။
“ဝါးခြမ်းပြား တစ်ခုစီမှာ ပါတဲ့ နံပါတ်တွေက မတူညီတဲ့ ကုန်ကြမ်းတွေကို ကိုယ်စားပြုပါတယ်၊
မကိန်းတွေက အသား၊ ငါး စတဲ့ အသားဟင်း ကုန်ကြမ်းတွေဖြစ်ပြီး၊
စုံကိန်းတွေကတော့ ဟင်းသီးဟင်းရွက်တွေနဲ့ တခြား သက်သတ်လွတ် ကုန်ကြမ်းတွေ ဖြစ်ပါတယ်၊
နံပါတ်(0) နဲ့ ဆုံးတဲ့ ဝါးခြမ်းပြားကတော့ အဓိက အစားအစာ ထမင်း၊ ဂျုံတို့ကို ကိုယ်စားပြုပါတယ်”
“အဖြေတွေက ထွက်လာပြီးရင် တခြားအဖွဲ့တွေနဲ့ ကုန်ကြမ်းချင်း လဲလှယ်ဖို့အတွက် (၁၀) မိနစ် အချိန်ရပါမယ်”
အစီအစဉ်တင်ဆက်သူက စည်းမျဉ်းများကို ကြေညာနေချိန်မှာပင် ဧည့်သည်များက သူတို့၏ ဝါးခြမ်းပြားပေါ်ရှိ နံပါတ်များကို စစ်ဆေးရန်အတွက် အလုပ်ရှုပ်နေကြ၏။
“ကောင်းပြီ၊ အခု နံပါတ်တွေနဲ့ ကိုက်ညီတဲ့ ကုန်ကြမ်းတွေကို ဖော်ပြပေးပါတော့မယ်”
“ဝါး”
ဝန်ထမ်းများက အနက်ရောင်အဝတ်စကို မလိုက်သည်နှင့် ထောင်ထောင်၏ မျက်လုံးလေးများက ပြူးသွားရပြီး အံ့သြတသစွာ ရေရွတ်လိုက်မိသည်။
အနက်ရောင် အဝတ်စအောက်တွင် သေသပ်စွာ စီထားသော ကုန်ကြမ်းများက ရှိနေသည်။
ကြက်ဥ၊ အမဲသား၊ ဝက်သားသုံးထပ်သား၊ ငါး။
ဂေါ်ဖီထုပ်၊ မုန်ညင်းစိမ်း၊ မုန်လာဥနီ၊ ခရမ်းချဉ်သီး။
ထို့ပြင် အောက်ခြေက ဆန်၊ ဂျုံမှုန့်နဲ့ တခြား အဓိက အစားအစာ ကုန်ကြမ်းများ။
စားပွဲတစ်ခုလုံးက အရောင်အသွေးစုံလင်သော ကုန်ကြမ်းများဖြင့် ပြည့်နှက်နေတော့၏။
“နံပါတ် (၂၁) ကတော့ အမဲသား ပါ!”
“ကျွန်တော်တို့ဆီမှာက မုန်လာဥနီနဲ့ ငါး ရှိတယ် ထင်တယ်”
“နံပါတ် (၁၀) က ဆန်ပဲ! ငါတို့ ထမင်းကြော် ဒါမှမဟုတ် တခြားတစ်ခုခုကို လုပ်လို့ရတာပေါ့”
လူကြီးများက ကုန်ကြမ်းများကို မြင်သည်နှင့် စိတ်ထဲမှ နေ၍ အစီအစဉ်များကို ရေးဆွဲနေကြပြီ ဖြစ်သည်။
ကလေးများ၏ အတွေးက လူကြီးများနှင့် အနည်းငယ် ကွဲပြား၏။
“ဟို ပြောင်းဖူးလေးက အရမ်းလှတာပဲ!”
ကုရှန်ရှန်၏ မျက်လုံးလေးများက ထောင့်နားက ပြောင်းဖူးလေးကို ကြည့်ရင်း တောက်ပနေသည်။
ထုတ်လုပ်ရေးအဖွဲ့က အထူးရွေးချယ်ထားသော အဆင့်မြင့် ပြောင်းဖူးများက အစေ့ငယ်လေးရှိပြီး အတံလေးက သေးသော်လည်း ပလတ်စတစ်ဖြင့် သေချာစွာ ထုပ်ပိုးထားသောကြောင့် အလွန်ကြည့်ကောင်းနေ၏။
“ဟွန်း၊ အပြင်ပန်းကိုကြည့်ပြီးတော့ ဆုံးဖြတ်နေကြတာ၊ တကယ်ပဲ ကလေးတွေပဲ”
ချောင်ဟောက်ယွီက နှာခေါင်းကိုရှုံ့လျက် ကုရှန်ရှန်ကို ငြင်းခုံလိုက်လေ၏။
“အသားက ပိုပြီးတော့ အသုံးဝင်တာပေါ့”
ဤသည်ကို ကြားသည့်အချိန်တွင် မုန့်လျိုကလည်း ညင်သာသော အသံလေးဖြင့် ဆွေးနွေးပွဲထဲတွင် ပါဝင်လာခဲ့သည်။
“ဒါပေမဲ့ ဟင်းသီးဟင်းရွက်တွေက ပိုပြီးတော့ စားကောင်းမယ် ထင်တယ်နော်”
ဖုန်းကျားယန်က ရုတ်တရက် ဝင်ပြောလိုက်လေ၏။
“အရေးအကြီးဆုံးကတော့ အဓိက အစားအစာပဲ”
ခဏချင်းမှာပင် ကလေးငယ်များ၏ အကြည့်တိုင်းက ထောင်ထောင်ထံသို့ ရောက်ရှိသွားပြီး တစ်ပြိုင်နက်တည်း မေးလိုက်ကြတော့သည်။
“ထောင်ထောင်၊ မင်းကရော ဘယ်လိုထင်လဲ”
အကြည့် (၄) စုံ၏ အောက်တွင် ထောင်ထောင်က ကုန်ကြမ်းများကို စူးစိုက်စွာ ကြည့်လိုက်ပြီး ပါးချိုင့်လေး နှစ်ဖက်က ပေါ်လာသည်အထိ ပြုံးပြလိုက်လေ၏။
“အရသာရှိသရွေ့တော့ ထောင်ထောင်က အကုန်လုံးကို သဘောကျတယ်~”
အနည်းငယ် ဖြစ်ပေါ်ခဲ့သော ဆူညံမှုလေးက ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့၏။
တိုက်ရိုက်လွှင့်ခန်းမှ ကြည့်ရှုသူများက ကလေးများ၏ ဆွေးနွေးမှုကို ကြည့်ရင်း မပြုံးဘဲ မနေနိုင်ကြပေ။
[ ဘယ်အရာက ပိုစားကောင်းလဲဆိုတာကို အလေးအနက် ဆွေးနွေးနေကြတာပဲ၊ ဒီကလေးတွေက တကယ့်ကို ချစ်ဖို့ကောင်းလိုက်တာ! ]
[ ထောင်ထောင် ပြောတာက မှန်တယ်၊ ငါလည်း အရသာရှိရင် အကုန်ကြိုက်တယ် kkk ]
[ ဒီအသားကြိုက်တဲ့သူကလည်း စစ်ပွဲထဲမှာ ပါဝင်ပါရစေ (တည်ကြည်သောမျက်နှာ) အသားက ကမ္ဘာပေါ်မှာ အစားအကောင်းဆုံးပဲ! ]
[ ? ဟင်းသီးဟင်းရွက်ကို ကြိုက်သူများက အပြင်းအထန်ကို ကန့်ကွက်ပါတယ်! ]
[ အသားဟင်းမှာ ဟင်းသီးဟင်းရွက် မပါရင် အဆင်မပြေဘူးလေ၊ ခဏလေး စားပြီးတာနဲ့ အီသွားလိမ့်မယ် ]
[ ကာဗိုဟိုက်ဒရိတ် ကြိုက်သူတွေကတော့ တကယ်ကို စိတ်ဆိုးနေပြီ! ကာဗိုတွေကို ဘယ်မှာ ထားခဲ့တာလဲ၊
အသားနဲ့ ဟင်းရွက်တွေက သူ့ချည်းပဲ ဘယ်လိုလုပ်ပြီးတော့ စားကောင်းမှာလဲ၊ ကာဗိုတွေက သူ့ချည်းပဲတောင် အရမ်း စားကောင်းတာကို! ]
[ ဟေး! Comment ထဲမှာ တကယ်ကြီး ရန်ဖြစ်နေစရာ မလိုပါဘူးနော် (ရယ်ရလွန်းလို့ မျက်ရည်ကျနေ) ]
ရိုက်ကွင်းပေါ်က ကလေးများက ပြန်တည့်သွားကြပြီ ဖြစ်သော်လည်း တိုက်ရိုက်လွှင့်ခန်းထဲက ကလေးဆန်လွန်းသော လူကြီးတစ်စုက ရန်ဖြစ်နေကြဆဲပင် ဖြစ်၏။
“ကောင်းပြီ၊ အခု ကုန်ကြမ်းတွေကို လဲလှယ်ဖို့အတွက် (၁၀) မိနစ် အချိန်စပါပြီ”
အစီအစဉ်တင်ဆက်သူက လဲလှယ်ချိန်ကို စတင်ကြောင်းကို ကြေညာလိုက်သည်နှင့် လူကြီးများက ဈေးထဲသို့ ရောက်သွားသကဲ့သို့ ချက်ချင်းပင် အလုပ်ရှုပ်သွားကြတော့၏။
ကုန်းယာင်က ကုန်ကြမ်းများကို မြင်ကတည်းက မည်သို့ချက်မည်ကို ဆုံးဖြတ်ထားပြီးသာပင် ဖြစ်သည်။
သူမက ချင်ရွှမ်ထံသို့ လျှောက်သွားပြီး ကမ်းလှမ်းလိုက်လေ၏။
“ကျွန်မ ကြက်သွန်မြိတ် တချို့ ရှိတယ်၊ ရှင့်ဆီမှာ ရှိတဲ့ ဂျင်းနဲ့ လဲမလား”
ထုတ်လုပ်ရေးအဖွဲ့က ဟင်းတစ်မျိုးချင်းစီ၏ အတွက်ကို ကုန်ကြမ်းများကို အပိုအလျှံ ပြင်ဆင်ပေးထားသောကြောင့် သူတို့က အကုန်လုံးကို မသုံးနိုင်ကြပေ။
ချင်ရွှမ်က သူမ၏ လက်ထဲရှိ ကြက်သွန်မြိတ်ကို တစ်ချက်ကြည့်ပြီး ဝန်မလေးဘဲ သဘောတူလိုက်လေ၏။
“ရပါတယ်၊ ပြဿနာမရှိဘူး”
သို့သော် တခြားသူများက တက်ကြွစွာဖြင့် လဲလှယ်နေကြသော်လည်း စုကျင်းက ငြိမ်သက်နေပြီး လဲလှယ်ခြင်းတွင် မပါဝင်ဘဲ သူ၏ ဖုန်းကိုသာ ထုတ်ကြည့်နေသည်။
စုကျင်း၏ တုံ့ပြန်မှုကို မြင်သည့်အချိန်တွင် တိုက်ရိုက်လွှင့်ခန်းမှ သူ့ကို မုန်းတီးသူများက ချက်ချင်းပင် အခွင့်အရေးကို ယူလိုက်ကြတော့သည်။
[ ဟွန်း၊ ရိုက်ကူးနေတုန်းမှာ ဒီလောက်တောင် အလုပ်အပေါ်ကို မလေးမစား လုပ်တာလား၊ ကင်မရာရဲ့အရှေ့ တည့်တည့်မှာတောင် ဖုန်းကို ထိုင်ကြည့်နေတယ်ပေါ့ ]
[ ကင်မရာရဲ့အရှေ့မှာတောင် ဒီလောက် ဖြစ်နေတာ၊ ရိုက်ကူးထားတဲ့ အစီအစဉ်ကျရင် ဘယ်လိုတွေတောင် ဖြစ်နေမလဲ မသိဘူး ]
[ အခုခေတ် မင်းသားငယ်လေးတွေက လူကြိုက်များရုံနဲ့ သူတို့ကိုယ်သူတို့ အရမ်းကိုတော်နေပြီ ထင်နေကြတာ၊ အရင်က ဝါရင့်အနုပညာရှင်တွေနဲ့တော့ တကယ်ကို မတူဘူး ]
မနာလိုသူများက မှတ်ချက်တွင် တိုက်ခိုက်နေကြချိန်မှာပင်၊ တိုက်ရိုက်လွှင့် ကင်မရာက စုကျင်း၏ အနားသို့ တိတ်တဆိတ် ကပ်သွားခဲ့သောကြောင့် လူတိုင်းက စုကျင်း၏ ဖုန်းမျက်နှာပြင်ကို ရှင်းလင်းစွာ မြင်လိုက်ရတော့သည်။
ဖုန်းမျက်နှာပြင်ပေါ်တွင် ရင်းနှီးနေသော Search Page ပေါ်လာခဲ့၏။
စုကျင်းက ‘အမဲသားကို အကောင်းဆုံး အရသာဖြစ်အောင် ဘယ်လိုချက်မလဲ’၊ ‘အိမ်တွင်းဖြစ် နည်းလမ်း ၃ မျိုး’ဆိုသည့် ဆောင်းပါးကို နှိပ်လိုက်လေသည်။
အောက်သို့ ဆွဲကြည့်လိုက်သည့်အချိန်တွင် ‘အိမ်တွင်းဖြစ်၊ ရိုးရှင်းသော၊ ပျင်းရိသူများ၏အတွက် နည်းလမ်း နှင့် ငတုံးတစ်ယောက်တောင် ချက်တတ်စေမယ့် နည်းလမ်း’ စသည့် Keyword များပါသော ဟင်းချက်နည်းများကို မြင်တွေ့လိုက်ရသည်။
မှတ်ချက်တွင် တက်ကြွစွာ တိုက်ခိုက်နေကြသော မနာလိုသူများက ရုတ်တရက် ဆို့နင့်သွားကြပြီး ချက်ချင်းပင် တိတ်ဆိတ်သွားကြတော့၏။
စုကျင်း၏ ပရိသတ်များက လုံးဝကို အလျှော့မပေးဘဲ တိုက်ရိုက်လွှင့်ခန်းထဲရှိ မည်သူ့ထက်မဆို ပို၍ကျယ်လောင်စွာ ရယ်မောလိုက်ကြ၏။
[ အသည်းအသန် လက်တန်းလေ့ကျင့်နေတာပဲ၊ ဒါက အရမ်းကို အလျင်စလို ဖြစ်မနေဘူးလား! ]
[ အဆင်ပြေပါတယ်၊ မင်း ဟင်းမချက်တတ်တာကို လူတိုင်း သိတယ် (ခွေးခေါင်း) ]
[ ငါတောင် အသည်းယားလာပြီ! ဒီလောက် အလျင်စလို ဖြစ်နေတာကို ဘာလို့ အိမ်တွင်းဖြစ် နည်းလမ်းတွေကို ကြည့်နေတာလဲ၊
ငါပြောတာကို နားထောင်! ငတုံးတစ်ယောက်တောင် ချက်တတ်စေမဲ့ နည်းလမ်းကိုပဲ နှိပ်လိုက်စမ်းပါ! ]
[ ရယ်ရတယ်၊ မင်းတို့ကတော့ တောင်ပေါ်က ဝါးမျှစ်တွေကို အကုန်ခိုးယူနေကြတာပဲ! ]
စုကျင်းက ဟင်းချက်နည်းထဲမှ အဆင့်ဆင့်ကို ကြည့်ရင်း သူ၏ ယုံကြည်မှုက တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။
ဟင်းချက်တာက ထင်သလောက်တော့ မခက်ပါဘူး။
ပထမဆုံး ဟင်းချက်နည်းက အဆင့် (၇) ဆင့်သာ ရှိသည်။
ဒုတိယ နည်းလမ်းက ပို၍ပင် ရိုးရှင်းပြီး (၅) ဆင့်သာ ရှိတော့၏။
စုကျင်းက အသည်းအသန် လေ့ကျင့်နေချိန်မှာပင်၊ တခြားကုန်ကြမ်းများကို လဲလှယ်ပြီးသော ကုန်းယာင်က သူ၏ အနားသို့ လျှောက်လာခဲ့သည်။
“လဲလှယ်ချင်တာ ရှိလား”
စုကျင်းက ရုတ်တရက် ခေါင်းကိုမော့ကြည့်လိုက်လေ၏။
“လဲလှယ်ဖို့လား”
“အမဲသားက တကယ်တော့ ချက်ရတာက အတော်လေး ခက်တယ်၊ အသားတွေထဲမှာဆိုရင် ပုစွန်က ကိုင်တွယ်ရတာက ပိုလွယ်ကူပြီးတော့ ချက်ရတာလည်း အရမ်းမြန်တယ်၊
အရင်ဆုံး ပြုတ်ပြီးမှ ဆီသတ်ချက်ရင်လည်း အရမ်း အဆင်ပြေတယ်”
ကုန်းယာင်က သူမ၏ လဲလှယ်လိုသော အစီအစဉ်ကို ကမ်းလှမ်းလိုက်လေ၏။
“အမဲသား တစ်ဖက်နဲ့ ကျွန်မဆီက ပုစွန်တစ်အိတ်ခွဲကို လဲမလား”
ဟင်းချက်နည်းကို ဖတ်ပြီးခါစဖြစ်သော စုကျင်းက ယုံကြည်မှုများ ပြည့်နှက်နေသောကြောင့် ကုန်းယာင်၏ လဲလှယ်မှုကို ငြင်းပယ်လိုက်လေသည်။
“မလိုပါဘူး၊ အမဲသားကိုချက်တာက အရမ်းရိုးရှင်းတယ်လို့ ထင်တယ်၊ ဒါကြောင့် အမဲသားကိုပဲ ချက်တော့မယ်”
ဤအဖြေကို ကြားရသည့်အချိန်တွင် Cooking Star အစီအစဉ်တွင် စုကျင်း၏ စွမ်းဆောင်ရည်ကို မြင်ဖူးထားသော ကုန်းယာင်က မျက်ခုံးလေးကို ပင့်လိုက်မိ၏။
“ရှင် အမဲသားကို ချက်မယ်ဆိုတာက သေချာရဲ့လား”
ကုန်းယာင်၏ အကြည့်ထဲတွင် စနောက်နေသည့် အရိပ်အယောင်များကို မြင်လိုက်ရသည့်အချိန်တွင် စုကျင်းက ချက်ချင်းပင် အလျှော့မပေးလိုသောစိတ် ဖြစ်ပေါ်လာခဲ့သည်။
သူက နှာခေါင်းကိုရှုံ့လျက် ကြွားဝါလိုက်တော့၏။
“ကျွန်တော့်ရဲ့ အမဲသားချက်က ဒီည ကလေးတွေရဲ့ကြားမှာ လူကြိုက်အများဆုံး ဟင်းလျာ ဖြစ်စေရမယ်!”
ထိုသို့ ကြွားဝါပြီးနောက်တွင် စုကျင်းက ထောင်ထောင်ကို တိတ်တဆိတ် ဘေးသို့ ဆွဲခေါ်သွားခဲ့သည်။
“ထောင်ထောင်လေး၊ ခဏနေ မဲပေးရင် ကောကောကိုပဲ မဲပေးမှာ မလား”
[ ? ခုနက ကြွားဝါနေတဲ့ သတ္တိတွေက ဘယ်ကိုရောက်ကုန်ပြီလဲ ]
[ ရယ်ရလွန်းလို့.. ဒါက လာဘ်ထိုးနေတဲ့ ပြကွက်လား (ခွေးခေါင်း) ]
[ ဘာကို လာဘ်ထိုးတာလဲ၊ ဒါက သိသာထင်ရှားတဲ့ မျက်နှာသာပေးဖို့ကို တောင်းဆိုနေတာပဲ ]
[ (စပီကာ) ထုတ်လုပ်ရေးအဖွဲ့၊ ဒီကို လာခဲ့ကြပါဦး! (စပီကာ) ဒီမှာ တစ်ယောက်ယောက်က မရိုးမသား လုပ်နေပါတယ်!
(စပီကာ) စုကျင်း၊ အမြန်ဆုံး ဝန်ခံလိုက်စမ်းပါ၊ ဒါမှ ညှာတာမှုကို ခံရမှာ၊
အလျှော့မပေးရင်တော့ အပြင်းအထန် အပြစ်ပေးခံရလိမ့်မယ်! (စပီကာ) အကျိုးမရှိတဲ့ ခုခံမှုတွေကို ရပ်တန့်လိုက်စမ်း! ]
ထောင်ထောင်က ခေါင်းကို အားရပါးရ ငြိမ့်ပြလိုက်ပြီး လက်သီးလေးကို ကျစ်ကျစ်ဆုပ်၍ စုကျင်းကို အားပေးလိုက်လေသည်။
“ကောကော၊ ကြိုးစားထား!”
(၁၀) မိနစ်စာ ဟင်းချက်ကုန်ကြမ်း လဲလှယ်သည့် အစီအစဉ်က လျင်မြန်စွာပင် ပြီးဆုံးသွားခဲ့လေတော့၏။
ယခုအချိန်တွင် ဒီည၏ အဓိကပွဲကြီးဖြစ်သော ဟင်းချက်တိုက်ပွဲကို စတင်ချိန်သို့ ရောက်ရှိလာတော့သည်။
လူကြီးအုပ်စုထဲတွင် ဟင်းချက်ကျွမ်းကျင်သူများနှင့် မချက်တတ်သူများက တစ်ဝက်စီလောက် အချိုးကျနေ၏။
စုကျင်း၏ အခြေအနေက အစီအစဉ်၏ သတ်မှတ်ချက်အရ ဟင်းချက်ညံ့သူ အဆင့်တွင်ပင် မရှိပေ။
သူက လုံးဝကို မချက်တတ်သူ သက်သက်သာ ဖြစ်သည်။
တရားဝင် ရိုက်ကူးမှုက မစတင်မီတွင် ဒါရိုက်တာနှင့် ဝန်ထမ်းများက ဧည့်သည်များက ယခင်က ပါဝင်ခဲ့ဖူးသော ဖျော်ဖြေရေး အစီအစဉ်များကို အကျဉ်းချုပ် လေ့လာခဲ့ကြသောကြောင့် တစ်ဦးချင်းစီ၏ အားသာချက်နှင့် အားနည်းချက်များကို ကြိုတင်၍ သိရှိထားကြပြီး ဖြစ်၏။
သို့သော် ပြိုင်ပွဲက စတင်ချိန်တွင် စုကျင်း၏ ယုံကြည်မှုအပြည့်ရှိနေသော အမူအရာကို မြင်လိုက်ရသည့်အချိန်တွင် ဒါရိုက်တာကပင် သံသယဝင်လာမိတော့သည်။
စုကျင်းက တကယ်ကြီး ချက်တတ်သွားတာလား။
**