အခန်း (၂၇-၂၈)
Vol. 3 Ch. 27-28
အခန်း(27)
ထုတ်လုပ်ရေးအဖွဲ့က ပြင်ဆင်ပေးထားသော ဟင်းချက်ကိရိယာများက အလွန်ရိုးရှင်းသည်။
အနက်ရောင်အဝတ်စ (၅) ထည်ကို ဆွဲဖွင့်လိုက်သည့်အချိန်တွင် ဂတ်စ်မီးဖို၊ စဉ်းတီတုံး၊ ဒယ်အိုး၊ ဟင်းရည်အိုးနှင့် တခြားလိုအပ်သော ပစ္စည်းများကို စုံလင်စွာ ပါဝင်သည့် ထပ်တူညီသော မီးဖိုချောင် (၅ )ခုက ပေါ်ထွက်လာခဲ့သည်။
ဧည့်သည်တစ်ဦးစီကို ယနေ့ညပြိုင်ပွဲအတွက် မီးဖိုချောင်တစ်ခုစီကို သတ်မှတ်ပေးထားသည်။
ခရာသံက ထွက်ပေါ်လာသည်နှင့်အတူ ယနေ့ည၏ ဟင်းချက်ပြိုင်ပွဲက တရားဝင် စတင်ခဲ့လေပြီ။
စုကျင်းက အက်ပရွန်ကို သေသေချာချာ ပတ်လိုက်ပြီး မီးဖို၏အရှေ့တွင် ရပ်လိုက်လေ၏။
ထောင်ထောင်က မျက်နှာလေးကို မော့၍ တောက်ပနေသော မျက်လုံးလေးများဖြင့် စုကျင်းကို ကြည့်လျက် ချီးကျူးလိုက်လေ၏။
“ဝါး~ ကောကောက တကယ့်ကို တော်တာပဲ~”
ထောင်ထောင်၏ ချီးကျူးမှုကို ကြားလိုက်ရသည့်အချိန်တွင် စုကျင်းက ခန္ဓာကိုယ်ကို ပို၍ပင် မတ်လိုက်ပြီး ဖုံးဖိမရသော အပြုံးတစ်ခုကလည်း သူ၏ နှုတ်ခမ်းပေါ်တွင် ပေါ်ပေါက်လာတော့သည်။
သို့သော်က နောက်တစ်စက္ကန့်တွင် စုကျင်းက အမဲသားကို စဉ်းတီတုံးပေါ်တွင် တင်လိုက်သည်နှင့် သူ၏ အမူအရာက ချက်ချင်းပင် တောင့်ခဲသွားခဲ့ရ၏။
ဟင်းချက်နည်းရဲ့ ပထမဆုံးအဆင့်က ဘာဖြစ်မလဲ။
မတိုင်ခင်က ယုံကြည်မှုများက အပြည့်ရှိနေပုံရသော စုကျင်းက အိတ်ကပ်ထဲသို့ လက်နှိုက်လိုက်ပြီး သူ၏ ဖုန်းကို ထုတ်ယူလိုက်လေသည်။
[ ဟားဟား၊ နည်းနည်းလောက်တောင် ထပ်ပြီးတော့ အောင့်မထားနိုင်တော့ဘူးလား! (စိတ်ပျက်) ]
[ စုကျင်းကို ခွင့်လွှတ်ပေးလိုက်ပါဦး၊ ဒီလောက်အထိ အောင့်ထားနိုင်တာကိုပဲ တော်လှပါပြီ ]
[ ငါတစ်ယောက်တည်းကပဲ သိချင်နေတာလား၊ စုကျင်းက အမဲသားနဲ့ ဘာချက်ဖို့ကို စဉ်းစားထားတာလဲ၊
အမဲသားဆီပြန်လား၊ အမဲသားစွပ်ပြုတ်လား၊ ဒါမှမဟုတ် အမဲသားစတူးလား ]
စုကျင်းတစ်ယောက် ဟင်းချက်နည်းကို ဖုန်းထဲတွင် ပြန်စစ်နေချိန်မှာပင်၊ ဘေးနားရှိ ကုန်းယာင်က ကုန်ကြမ်းများကို ပြင်ဆင်နေပြီ ဖြစ်၏။
သူမက လက်တစ်ဖက်ဖြင့် အာလူးကို ကိုင်ထားပြီး ကျန်လက်တစ်ဖက်က ဓားကို အာလူးမျက်နှာပြင်နှင့် အနီးကပ်ဆုံးတွင် ထိန်းထားလေသည်။
သူမ၏ ဘယ်ဘက်လက်က အာလူးကို လျင်မြန်စွာ လှည့်ပေးနေချိန်၊ ညာဘက်လက်က ဓားကို အာလူး၏ အနိမ့်အမြင့်အတိုင်း အနည်းငယ်စီ လိုက်ညှိပေးနေ၏။
မိနစ်ဝက်ပင် မပြည့်မီမှာပင် မီးဖိုချောင် အသစ်စက်စက်များ၏ အတွက် အခက်ခဲဆုံးဖြစ်သော အာလူးအခွံနွှာခြင်းကို အလွယ်တကူ ပြုလုပ်သွားပြီး၊ အခွံများကလည်း အမှိုက်ပုံးထဲသို့ တိကျစွာပင် ကျရောက်သွားတော့သည်။
ကုန်းယာင်က အာလူးကို အခွံနွှာနေချိန်ကတည်းက ဘေးနားရှိ ကလေးငယ်ချို့၏ အာရုံက သူမထံသို့ မသိစိတ်ဖြင့် ရောက်ရှိသွားခဲ့ကြရ၏။
ထောင်ထောင်၏ အကြည့်က ကုန်းယာင်၏ လက်လှုပ်ရှားမှုများ၏ အပေါ်တွင် ရပ်တန့်သွားခဲ့ပြီး၊ ပါးစပ်လေးကလည်း မသိမသာပွင့်ဟလာ ရသည်။
နောက်ထပ် အာလူးတချို့ကိုလည်း ထိုနည်းအတိုင်းပင် ပြုလုပ်ပြီးနောက်၊ ကုန်းယာင်က ဓားကို အမြန်ဆေးကြောလိုက်ပြီး ထိုဓားဖြင့်ပင် အာလူးများကို လျင်မြန်ပြီး ညီညာလွန်းသော အမျှင်လေးများအဖြစ်သို့ လှီးဖြတ်လိုက်လေသည်။
အာလူးတစ်လုံးကို လှီးပြီးနောက်တွင် အမျှင်များကို ဆားရည်ထဲသို့ ထည့်လိုက်ပြီး လက်ဖြင့် ဖွဖွလေး မွှေလိုက်သည့်အချိန်တွင် အမျှင်လေးများက ဆားရည်ထဲတွင် စာအုပ်၏ စာမျက်နှာများကဲ့သို့ ဖြန့်ကျက်သွားတော့သည်။
ဤလှုပ်ရှားမှုများကြောင့် တိုက်ရိုက်လွှင့်ခန်းထဲတွင် (666) ဆိုသည့် မှတ်ချက်များက တသီတတန်းကြီး တက်လာခဲ့တော့သည်။
[ အို ဘုရားရေ! ဒါကတော့ တကယ့်ကို အံ့မခန်းပါပဲ! (ဆွံ့အနေ) ]
[ စိတ်မကောင်းစရာပဲ၊ ငါက ပညာအရမ်းမတတ်တော့ ကုန်းယာင်ကို ကြည့်ပြီးတော့ တကယ်ကြီးလားလို့ပဲ ရင်ထဲကနေ ပြောနိုင်တော့တယ် ]
[ ဒါက တိုက်ရိုက်လွှင့်နေတာ မဟုတ်ရင် ထုတ်လုပ်ရေးအဖွဲ့က စားဖိုမှူးတစ်ယောက်ကို လူစားထိုး ခိုင်းထားတယ်လို့တောင် ငါကထင်မိမှာပဲ! ]
[ ကျွမ်းကျင်သူတွေရှိနေရင် ကုန်းယာင်ရဲ့ ခုနက ဓားကိုင်ပုံကို ဝေဖန်ပေးကြပါဦး ]
[ တစ်ပိုင်းတစ်စကို ကျွမ်းကျင်သူ တစ်ယောက်အနေနဲ့ ပြောရရင်တော့၊ ထိပ်တန်းစားဖိုမှူးကြီးတွေနဲ့ ယှဉ်လို့ရတယ်လို့တော့ မပြောရဲပေမဲ့ ပုံမှန်လူထက်တော့ အများကြီးကို ပိုတော်ပါတယ်၊
ဓားကို ကိုင်တဲ့အတတ် တစ်ခုတည်းကိုပဲ ပြောမယ်ဆိုရင် ဆိုင်အသေးလေးတစ်ဆိုင်ရဲ့ ခေါင်းဆောင်စားဖိုမှူးတော့ ဖြစ်ဖို့ အေးဆေးပဲလို့ ကျွန်တော်က ထင်မိပါတယ် ]
ကုန်းယာင်၏ ပြောင်မြောက်လွန်းသော လက်စွမ်းကို မြင်ပြီးနောက်တွင် ကြည့်ရှုသူများ၏ အာရုံက ကင်မရာနှင့်အတူ၊ ဘေးနားရှိ စုကျင်းထံသို့ ရောက်ရှိသွားပြန်၏။
[ ရယ်လိုက်ရတာ! အစီအစဉ်က နေရာချပေးတာက တမင်သက်သက်ပဲလား၊ စုကျင်းနဲ့ ကုန်းယာင်ကို တမင် အနီးကပ် ထားပေးထားတာ ]
[ ဟားဟား၊ မင်းတို့ပြောမှပဲ သတိထားမိတော့တယ်၊ ငါ့ရဲ့အာရုံတွေက ကုန်းယာင်ဆီမှာပဲ ရောက်နေတာ ]
[ ဘေးက စုကျင်းကိုတောင် မမြင်လိုက်ဘူး (ခွေးခေါင်း) ]
[ အခုမှ သတိထားမိတာကလည်း နောက်မကျပါဘူး၊ ကုန်းယာင်က ကုန်ကြမ်းနှစ်မျိုးကို ပြင်ဆင်ပြီးသွားတဲ့ အချိန်မှာတော့ စုကျင်းက အမဲသားကို စတင်လှီးဖြတ်နေပါပြီ၊ ဂုဏ်ယူပါတယ်! (လက်ခုပ်တီးလျက်) ]
[ ဖူးးး၊ တိုက်ရိုက်လွှင့်ခန်းထဲက ခနဲ့တဲ့တဲ့ မှန်ချက် တွေကတော့ တကယ့်ကို ထိပ်တန်းပဲ ]
တိုက်ရိုက်လွှင့်ခန်းထဲမှ တုံ့ပြန်မှုများက စုကျင်း၏အပေါ်သို့ မည်သည့်သက်ရောက်မှုမှ မရှိပေ။
သူက ဟင်းချက်နည်းအတိုင်း
ပင် တစ်ဆင့်ချင်းစီကို ဂရုတစိုက် လိုက်နာနေ၏။
ဟင်းချက်နည်း: လုံးဝကို အရည်ပျော်သွားသော အမဲသားကို အိုးထဲသို့ ထည့်ပါ။
စုကျင်းက သူ၏ လက်ထဲရှိ အမဲသားကို သေချာစွာ စစ်ဆေးကြည့်လိုက်လေ၏။
“ဒါက အရည်ပျော်သွားပြီ ထင်တာပဲ”
ထိုသို့ပြောပြီးနောက်တွင် သူက အမဲသားတစ်တုံးလုံးကို ယုံကြည်မှုရှိရှိဖြင့် အိုးထဲသို့ လောင်းထည့်လိုက်လေသည်။
ဟင်းချက်နည်း : ခရမ်းချဉ်သီးကို ရေနွေးပူပူထဲတွင် (၂) မိနစ်ခန့် ပြုတ်ပေးပါ။
ဤသည်က အခွံနွှာရ လွယ်ကူစေရန်အတွက် ဖြစ်သည်။
စုကျင်းက ခရမ်းချဉ်သီးကို ရေနွေးထဲတွင် (၂) မိနစ်ခန့် ပြုတ်လိုက်သော်လည်း၊ ဓားဖြင့် အမှတ်အသား မလုပ်မိဘဲ လက်ဖြင့် တိုက်ရိုက် ခွာရန်အတွက် ကြိုးစားနေတော့သည်။
“ဒီလမ်းညွှန်ချက်တွေက အရမ်း အသုံးမဝင်သလိုပဲ”
စုကျင်းတစ်ယောက် ကုန်ကြမ်းတွေနဲ့ ရုန်းကန်နေရချိန်မှာပင်၊ တခြားအဖွဲ့များကလည်း တိုးတက်မှု အသီးသီး ရှိနေကြ၏။
ချင်ရွှမ်နှင့် ရှန်ထျန်းယွီတို့ကလည်း ဟင်းချက် သိပ်မကျွမ်းကျင်ကြသောကြောင့် ပို၍ ရိုးရှင်းသော ဟင်းလျာများကိုသာ ရွေးချယ်ခဲ့ကြသည်။
ရှန်ထျန်းယွီက ပုစွန်ကြက်ဥပေါင်းကို ရွေးချယ်ခဲ့၏။
ဤဟင်းလျာက အမှားနည်းသော ဟင်းလျာဖြစ်သည်။
သူက အထူးအဆန်းဖြစ်ရန်အတွက်ကို မရည်ရွယ်ဘဲ နောက်ဆုံးအဆင့်သို့ မရောက်ရန်ကိုသာ မျှော်လင့်နေ၏။
ချင်ရွှမ်ကလည်း ပါးနပ်စွာပင် ချဉ်းကပ်ခဲ့သည်။
ရာသီဥတုက ပူပြင်းသောကြောင့် သူမက ဟင်းသီးဟင်းရွက် တစ်မျိုးကို ပြုတ်၍ အမျှင်လေးများဖြစ်အောင် လှီးပြီးနောက် အရသာများဖြင့်နယ်ထားသော အေးမြသည့် အိမ်တွင်းဖြစ် ဟင်းလျာတစ်မျိုးကို ပြင်ဆင်ရန်အတွက်ကို စီစဉ်၏။
ပုံမှန် ဟင်းချက်တတ်ကြသော ထန်ကျစ်ရှီနှင့် ကုန်းယာင်တို့က ပြိုင်ပွဲကို အလေးအနက်ထားပုံ ရသည်။
သူတို့က ပြင်ဆင်ထားသော ကုန်ကြမ်းပမာဏကို ကြည့်ခြင်းအားဖြင့် ဟင်းတစ်မျိုးတည်းနှင့် ရပ်တန့်မည့်ပုံ မပေါ်ပေ။
အချိန်ကုန်လွန်လာသည်နှင့်အမျှ မီးဖိုချောင်အသီးသီးမှ မွှေးကြိုင်လွန်းသော ရနံ့များ ထွက်ပေါ်လာခဲ့သည်။
ကလေးငယ်များကလည်း ထိုရနံ့များကို ရရှိပြီးနောက်တွင် ငြိမ်ငြိမ်မထိုင်နိုင်ကြတော့ပေ။
ထောင်ထောင်၏ အာရုံက မီးဖိုချောင်များထံသို့ လုံးဝကို ရောက်ရှိနေတော့၏။
သူမက မျက်လုံးလေးများကို ပြူးပြီး ဘယ်ညာလှည့်ကြည့်လိုက်ရင်း၊ ဟိုနားဒီနား ရှူကြည့်လေသည်။
လေထဲတွင် မွှေးကြိုင်လွန်းသော ရနံ့များစွာက ရှိနေသောကြောင့် သူမ၏ နှာခေါင်းလေးဖြင့်ပင် အကုန်လုံးကို အာရုံမခံနိုင်လောက်အောင် ဖြစ်နေရ၏။
“တီ...”
အစီအစဉ်တင်ဆက်သူက ခရာကို မှုတ်လိုက်သည်နှင့် ဟင်းချက်ချိန်က တရားဝင် ပြီးဆုံးသွားခဲ့တော့သည်။
လူကြီးများက ဟင်းလျာများကို လင်ဗန်းများပေါ်တွင် တင်ပြီး ရှင်းလင်းထားသော စားပွဲဆီသို့ ယူဆောင်လာခဲ့ကြ၏။
“သုံး၊ နှစ်၊ တစ်၊ အဖုံးဖွင့်လိုက်ပါ!”
“ဝါး”
အဖုံးကို ဖွင့်လိုက်သည့် ခဏ၌ ထောင်ထောင်က မအောင့်နိုင်တော့ဘဲ အော်လိုက်မိတော့၏။
ထွက်ပေါ်လာသော အငွေ့များနှင့်အတူ ရနံ့အမျိုးမျိုးက လေထဲတွင် ရောယှက်နေသော်လည်း ဤသည်တို့၏ ကိုယ်ပိုင် အနံ့အသက်လေးများကိုတော့ မသိမသာ ထိန်းသိမ်းထားကြဆဲပင် ဖြစ်သည်။
သို့သော် ထောင်ထောင်က အနည်းငယ် ရှူကြည့်လိုက်ပြီးနောက်တွင် ထိုမွှေးရနံ့များ၏ကြားတွင် အနည်းငယ် ထူးဆန်းသော အနံ့တစ်ခုကို သတိပြုမိလိုက်လေ၏။
ထို့ကြောင့် မျက်ခုံးလေးကို အနည်းငယ် ကြုတ်သွားခဲ့ရသည်။
ထန်ကျစ်စ်ရှီက ကုန်းယာင်၏ လင်ဗန်းပေါ်ရှိ ဟင်းလျာ (၄) မျိုးကို ကြည့်လိုက်လေ၏။
“ကြည့်ရတာက ကုန်းယာင်ကျဲက အဆင်သင့် ပြင်လာပုံပဲနော်”
ကုန်းယာင်က ထန်ကျစ်ရှီ၏ လင်ဗန်းပေါ်ရှိ အဓိကဟင်းလျာဖြစ်သော အမဲသားဆီပြန်ချက်နှင့်အတူ ကလေးများ၏ အကြိုက်ဖြစ်သော အာလူးချောင်းကြော်၊ ငါးကြော်များကို ကြည့်လိုက်ပြီး မချိပြုံးကို ပြုံးလိုက်လေ၏။
“နင်လည်း အတူတူပါပဲ”
သူတို့နှစ်ဦးက အကြည့်ချင်း ဖလှယ်လိုက်ပြီးနောက်တွင် ချက်ချင်းပင် အကြည့်လွှဲလိုက်ကြလေသည်။
ဒီညရဲ့ ပြိုင်ပွဲက သူတို့နှစ်ယောက်ရဲ့ကြားမှာပဲ ဖြစ်တော့မယ့်ပုံပဲ။
ဘယ်ဘက်တွင် ရပ်နေသော ချင်ရွှမ်နှင့် ရှန်ထျန်းယွီတို့ကလည်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး၊ တစ်ဦး၏ မျက်ဝန်းထဲမှ ဆိုလိုရင်းကို တစ်ဦးက နားလည်နေကြ၏။
“နိုင်ဖို့အတွက် ယုံကြည်ချက် ရှိရဲ့လား”
ချင်ရွှမ်က ခပ်တိုးတိုး မေးလိုက်လေ၏။
ရှန်ထျန်းယွီက ခေါင်းကို ခါရင်းပြောလိုက်လေသည်။
“နောက်ဆုံးအဆင့်ကို မရောက်ဖို့ကိုပဲ မျှော်လင့်ပါတယ်”
ချင်ရွှမ်ကလည်း သက်ပြင်းကိုချလိုက်လေ၏။
“ကျွန်မကလည်း အတူတူပါပဲ”
ရှန်ထျန်းယွီက စားပွဲ၏ တခြားတစ်ဖက်ကို လှမ်းကြည့်လိုက်ပြီး မပြုံးဘဲ မနေနိုင်တော့ပေ။
“ဒါပေမဲ့ ကျွန်တော်က နောက်ဆုံးတော့ မဖြစ်နိုင်ဘူးလို့ ထင်တာပဲ”
ချင်ရွှမ်ကလည်း ရှန်ထျန်းယွီ၏ အကြည့်အတိုင်းပင် လိုက်ကြည့်လိုက်လေသည်။
ထို့နောက် ချက်ချင်းပင် ရယ်ချင်စိတ်ကို အောင့်ထားရသော အမူအရာကို ပေါ်ထွက်လာတော့သည်။
“ကျွန်မလည်း အဲဒီလိုပဲလို့ ထင်တယ်”
စားပွဲ၏ တခြားတစ်ဖက်တွင် စုကျင်းက စားပွဲ၏ ဘေးတွင် ရပ်နေရင်း ထောင်ထောင်ကို တက်ကြွစွာဖြင့် လက်ယပ်ခေါ်နေလေ၏။
“ထောင်ထောင်လေး၊ မြည်းကြည့်ပါဦး၊ စားလို့ကောင်းလား”
စုကျင်းက သူက ချက်ထားသော ခရမ်းချဉ်သီး အမဲသားစွပ်ပြုတ်ကို ယုံကြည်မှုရှိရှိဖြင့် စားပွဲပေါ်သို့တင်လိုက်ပြီး အိုး၏ အဖုံးကို ဖွင့်လိုက်လေသည်။
ဒီတစ်ခေါက်တော့ သူက အင်တာနက်ပေါ်က နာမည်အကြီးဆုံး ဟင်းချက်နည်းကို အစမှ အဆုံးအထိ သေချာစွာ လိုက်နာထားခဲ့ခြင်း ဖြစ်သည်။
သေချာပေါက် ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူး!
*
အခန်း(28)
“ကောင်းပါပြီ”
ထောင်ထောင်က စုကျင်း၏စကားကြောင့် ခေါင်းလေးကို အားရပါးရ ငြိမ့်ပြလိုက်လေသည်။
သို့သော် ရနံ့များက ထွက်ပေါ်လာသည့် အချိန်၌ ထောင်ထောင်၏ ခြေလှမ်းများက အနည်းငယ် တုံ့ဆိုင်းသွားခဲ့ရ၏။
ထို့ပြင် သူမ၏ မျက်နှာအမူအရာကလည်း တစ်ဝက်သာ ပျော်ရွှင်တော့သည့် ပုံစံမျိုးကို ဖြစ်သွားခဲ့ရသည်။
ခဏတာ တုံ့ဆိုင်းသွားခဲ့ရရှာသည်။
ဒီအနံ့က နည်းနည်းတော့။
သို့သော် စုကျင်း၏ မျှော်လင့်တကြီးဖြင့် စိုက်ကြည့်နေသော အကြည့်အောက်တွင် ထောင်ထောင်က အရှေ့သို့ တိုးသွားလိုက်ပြီး စုကျင်း၏ အနားသို့ ရောက်လာခဲ့၏။
သူမက အိုးထဲမှ အမဲသားတစ်တုံးကို တုန်ယင်စွာဖြင့် ကောက်ယူလိုက်ပြီး မျက်စိမှိတ်၍ ပါးစပ်ထဲသို့ အတင်း ထည့်လိုက်တော့သည်။
ပါးစပ်ထဲသို့ ရောက်သွားရသည့် ခဏ၌ ထောင်ထောင်၏ အမူအရာက ခဏမျှ တောင့်တင်းသွားခဲ့ရ၏။
ဤသည်က စကားလုံးဖြင့် ဖော်ပြရန်အတွက် အလွန်ခက်ခဲသော အရသာမျိုးပင် ဖြစ်သည်။
ချဉ်၊ ချို၊ ခါး၊ စပ်၊ ငန် ဆိုသည့် အရသာငါးမျိုးက ၁၀%၊ ၃၂%၊ ၂၁%၊ ၁၈% နှင့် ၁၉% အချိုးအစားအသီးသီးဖြင့် သူမ၏ ပါးစပ်ထဲတွင် လျင်မြန်စွာ ပျံ့နှံ့သွားတော့သည်။
ရှုပ်ထွေးလွန်းသော အရသာမျိုးစုံက ပါးစပ်ထဲတွင် ပြည့်နှက်သွားပြီးနောက်တွင် ထောင်ထောင်၏ မျက်ဝန်းထဲတွင် မျက်ရည်များက ချက်ချင်းပင် ဝဲတက်လာခဲ့ရ၏။
ဤအချဉ်ဓာတ်က ခရမ်းချဉ်သီးမှ သာမက ရှာလကာရည်ဖြူနှင့် သံပရာရည် အစအနများပင် ပါဝင်နေသည့်ကဲ့သို့ ခံစားရသည်။
ထိုကဲ့သို့သော ရှုပ်ထွေးလွန်းသည့် အချဉ်ဓာတ်က အလွှာလိုက် အရသာကို မဖော်ပြနိုင်ဘဲ လျှာဖျားပေါ်တွင် အချဉ်လှိုင်းများက ပုတ်ခတ်နေသကဲ့သို့ ရှိနေ၏။
အချိုဓာတ်က လွှမ်းမိုးထားသော အရသာဖြစ်ပြီး သကြားဖြူကို အိတ်တစ်ဝက်ခန့်ကို လောင်းထည့်ထားသည့်ကဲ့သို ခံစားရသည်။
အငန်ဓာတ်နှင့် ပေါင်းစပ်လိုက်သည့်အချိန်တွင် ထိုအလွန် ချိုငန်လွန်းသော အရသာက တရုတ်တိုင်းရင်းဆေး၏ အခါးဓာတ်နှင့်ပင် ဆင်တူနေတော့သည်။
ထောင်ထောင်၏ မျက်နှာလေးက ချက်ချင်းပင် ရှုံ့မဲ့သွားခဲ့ရရှာ၏။
ထို့အပြင် အပေါ်ယံကြည့်လျှင် ငရုတ်သီး လုံးဝကို မပါသော ခရမ်းချဉ်သီး အမဲသားစွပ်ပြုတ်ထဲ၌ ထောင်ထောင်က အစပ်အရသာကိုပင် ခံစားလိုက်ရသေးသည်။
ဤသည်က လျှာဖျားပေါ်တွင် အနည်းငယ် စပ်ဖျဉ်းဖျဉ်းဖြစ်ရာမှ စတင်၍ ပါးစပ်တစ်ခုလုံးနှင့် လည်ချောင်းထဲအထိပါ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့တော့၏။
ထောင်ထောင်က ထိုရှုပ်ထွေးလွန်းသော အရသာများကို အတင်းအောင့်အည်း သည်းခံ၍၊ စုကျင်း၏ မျှော်လင့်တကြီးဖြင့် အကြည့်အောက်တွင် အမဲသားတုံးကို ကိုက်လိုက်လေသည်။
သူမက သုံးပုံတစ်ပုံခန့်ကို ကိုက်လိုက်မိသည့် အချိန်မှာပင်၊ မကျက်တကျက် အမဲသား၏ သွေးညှီနံ့က ပါးစပ်ထဲတွင် ပြည့်နှက်သွားသောကြောင့် ထောင်ထောင်က ထပ်မံ၍ သည်းမခံနိုင်တော့ပေ။
ဝေါ့ ခနဲ အသံနှင့်အတူ သူမက ကိုက်လိုက်မိသော အမဲသားတုံးကို ပန်းကန်လုံးထဲသို့ ပြန်ထွေးထုတ်လိုက်ရတော့၏။
“ကောကော တောင်းပန်ပါတယ်”
ထောင်ထောင်က နှာခေါင်းလေးကို ရှုံ့ကာ နှုတ်ခမ်းလေးကို စူပြီး မျက်ရည်ဝဲနေသော မျက်လုံးလေးများဖြင့် စုကျင်းကို ကြည့်လိုက်လေ၏။
“ဒါပေမဲ့ ထောင်ထောင်က ရိုးသားတဲ့ ကလေးပဲလေ”
စုကျင်း၏ မယုံကြည်နိုင်သော အကြည့်အောက်တွင် ထောင်ထောင်က မျက်စိမှိတ်လိုက်ပြီး အော်ပြောလိုက်တော့သည်။
“ကောကော.. ကောကောချက်တာက စားလို့မရအောင် ဆိုးဝါးလွန်းတယ်”
စားလို့မရအောင် ဆိုးဝါးလွန်းတယ်။
စားလို့မရအောင် ဆိုးဝါးလွန်းတယ်။
ဆိုးဝါးလွန်းတယ်။
စုကျင်း၏ မျက်လုံးများက ချက်ချင်းပင် ပြူးကျယ်သွားခဲ့ရပြီး၊ ကြီးမားသော စိတ်ဒဏ်ရာကို ရရှိသွားသကဲ့သို့ သူ၏ စိတ်ထဲတွင် ဗလာနတ္ထိ ဖြစ်သွားခဲ့ရ၏။
*
သူက ခေါင်းကိုငုံ့၍ သူ၏ လက်ထဲရှိ အပြင်ပန်းကြည့်လျှင် အလွန်ပုံမှန်ဖြစ်နေသော ခရမ်းချဉ်သီး အမဲသားစွပ်ပြုတ် အိုးကို မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်နေမိတော့သည်။
သူက သူ့ဘာသာ ခပ်တိုးတိုး ရေရွတ်နေမိ၏။
“မဖြစ်နိုင်တာ၊ ငါက ဟင်းချက်နည်းအတိုင်းကို အတိအကျ လုပ်ခဲ့တာပဲလေ”
မကျေနပ်နိုင်သေးသော စုကျင်းက သူ၏ တူကို ယူလိုက်ပြီး အမဲသားတစ်တုံးကို ကောက်ယူပြီး ပါးစပ်ထဲ ထည့်လိုက်လေသည်။
နောက်တစ်စက္ကန့်မှာပင် ။
“အု.. ဝေါ့..”
တိုက်ရိုက်လွှင့်ထုတ်လွှင့်မှုထဲရှိ ကြည့်ရှုသူများ၏ မှတ်ချက်များကလည်း တရိပ်ရိပ် တက်လာလေသည်။
[ ရယ်ရလွန်းလို့ သေတော့မယ်၊ ဒါက ဘယ်လောက်တောင် ဆိုးဝါးနေလို့လဲ! ]
[ လွန်ခဲ့တဲ့ တစ်စက္ကန့်က စုကျင်း: ငါက ဟင်းချက်နည်းအတိုင်းကို အတိအကျ လုပ်ခဲ့တာပဲ၊ ဘယ်လိုလုပ်ပြီးတော့ စားလို့မကောင်းဘဲ နေမလဲ!
နောက်တစ်စက္ကန့်မှာစုကျင်း : ဝေါ့.. ]
[ ထောင်ထောင်လေးခမျာ တကယ့်ကို ဒုက္ခများရှာတယ် (သနားစရာလေး)
စုကျင်းချက်တဲ့ ဟင်းကို စားဖို့အတွက် ဘယ်လိုတောင် သတ္တိတွေ ရှိခဲ့တာပါလိမ့် ]
[ (တုန်လှုပ်လျက်) Cooking Star အစီအစဉ်တုန်းက တခြားသူတွေရဲ့ တုံ့ပြန်မှုတွေက သရုပ်ဆောင်နေတာလို့ပဲ ငါက ထင်ခဲ့တာ၊ အခုကြည့်ရတာက တကယ်ကြီး ဖြစ်နေတာပဲ]
[ SOS! ဒီခရမ်းချဉ်သီး အမဲသားစွပ်ပြုတ်အိုးထဲကနေ အမည်းရောင်မီးခိုးတွေ ထွက်လာနေသလိုတောင် ငါခံစားနေရတယ် (ကြောက်လန့်လျက်) ]
ထောင်ထောင်နှင့် စုကျင်းတို့၏ တုံ့ပြန်မှုကို မြင်သည့်အချိန်တွင် လူကြီးများနှင့် ကလေးများ၏ တုံ့ပြန်မှုက တစ်မျိုးစီ ကွဲပြားသွားကြသည်။
“ထောင်ထောင်၊ နင် အဆင်ပြေရဲ့လား”
ကုရှန်ရှန်က ထောင်ထောင်၏ ဘေးသို့ ပြေးသွားပြီး သူမ၏ လက်လေးကို စိုးရိမ်တကြီးဖြင့် ဆုပ်ကိုင်ထားမိသည်။
မုန့်လျိုကလည်း ချက်ချင်းပင် ဘေးသို့ ပြေးသွားပြီး သူ့၏ ရေဘူးလေးကို လှမ်းယူလိုက်ပြီးပြောလိုက်လေသည်။
“အမြန်.. ရေလေးကို သောက်ပြီးတော့ ပလုတ်ကျင်းလိုက်ဦး”
ထောင်ထောင်က ရေဘူးကိုယူ၍ ခေါင်းကိုမော့ပြီး ရေအတော်များများကို ဂလုဂလုနှင့် သောက်ချလိုက်မှသာ သူမ၏ ပါးစပ်ထဲရှိ ထူးဆန်းသော အရသာတချို့က ပျောက်သွားတော့သည်။
ထို့နောက် တင်းတင်းကြုတ်ထားသောသူမ၏ မျက်ခုံးလေးများကလည်း အနည်းငယ် ပြေလျော့သွားလေ၏။
ချောင်ဟောက်ယွီက အပြေးလာရင်း သူ၏ လွယ်အိတ်ထဲမှ နံချပ်ကူကို ထုတ်ပေးလိုက်ပြီးပြောလိုက်လေသည်။
“ရော့.. ဒါကို ယူထားလိုက်၊ နည်းနည်းလောက်ကို ဝှေ့ယမ်းလိုက်ရင် နေလို့ကောင်းသွားလိမ့်မယ်!”
ဤကဲ့သို့သော နှစ်သိမ့်မှု အကြီးစားကြီးနှင့် ရင်ဆိုင်လိုက်ရသည့်အချိန်တွင် ထောင်ထောင်က မျက်တောင်လေးကို ခတ်လျက် မည်သို့ ငြင်းပယ်ရမည်ကိုပင် မသိ ဖြစ်နေရ၏။
ထိုအချိန်မှာပင် ဘေးနား၌ တိတ်တဆိတ် ရှိနေသော ဖုန်းကျားယန်က လက်သီးကို ဆုပ်လျက် ထောင်ထောင်၏ အရှေ့သို့ လှမ်းပေးလိုက်လေသည်။
နောက်တစ်စက္ကန့်တွင် ဖုန်းကျားယန်က သူ၏ လက်သီးလေးကို အပေါ်သို့ လှန်လိုက်ပြီးနောက် လက်ဖဝါးကို ဖြည်းဖြည်းချင်း ဖြန့်လိုက်လေသည်။
ထိုအချိန်တွင် ကြည်လင်တောက်ပသော အဝါရောင် အခွံလေးဖြင့် ထုပ်ပိုးထားသည့် သံပရာသကြားလုံးလေး တစ်လုံး ပေါ်ထွက်လာခဲ့၏။
ထောင်ထောင်၏ မျက်လုံးလေးများက တောက်ပသွားရပြီး မေးလိုက်လေသည်။
“ဒါက ထောင်ထောင့်အတွက်လား”
ဖုန်းကျားယန်က ခေါင်းကိုငြိမ့်ပြလိုက်လေ၏။
ထောင်ထောင်က သကြားလုံးလေးကို ယူလိုက်ပြီး အခွံကို ခွာလိုက်ပြီးလျှင် သံပရာသကြားလုံးလေးကို သူမ၏ ပါးစပ်ထဲ ထည့်လိုက်လေသည်။
သကြားလုံးလေးက သူမ၏ လျှာပေါ်တွင် လျင်မြန်စွာ အရည်ပျော်သွားပြီး သံပရာသီး၏ လန်းဆန်းသော ရနံ့နှင့်အတူ ချိုချိုချဥ်ချဉ် အရသာက သူမ၏ ပါးစပ်တစ်ခုလုံးကို ချက်ချင်းပင်ပြည့်နှက်သွားစေတော့သည်။
ဤသည်က ကျောက်လမ်းပေါ်ရှိ အညစ်အကြေးများကို မိုးရေဖြင့် ဆေးကြောပစ်လိုက်သည့်ကဲ့သို့ ခံစားရ၏။
ထောင်ထောင်က ပါးစပ်ထဲတွင် သကြားလုံးလေးကို ငုံထားလျက် ပြုံးလိုက်ပြီး ဖုန်းကျားယန်ကို မော့ကြည့်ပြီး ဗလုံးဗထွေး ပြောလိုက်လေသည်။
“ကျေးဇူးတင်ပါတယ် ကျားကျား~”
ချောင်ဟောက်ယွီက အလျှော့မပေးလိုသေးဘဲ သူ၏ နံချပ်ကူကိုသာ ထပ်မံ၍ ပေးနေသောကြောင့် ဘေးမှ ကြည့်နေသော ကုရှန်ရှန်က ဆက်လက်၍ သည်းမခံနိုင်တော့ဘဲ သူ့ကို ငေါက်လိုက်လေသည်။
“နင့်ရဲ့ နံချပ်ကူကြီးကို ပြန်သိမ်းလိုက်စမ်းပါ၊ အဲဒါက စားလို့ရလို့လား”
“ငါ့ရဲ့ နံချပ်ကူကို လာပြီးတော့ မစော်ကားနဲ့!”
ချောင်ဟောက်ယွီ ချက်ချင်းပင် ဒေါသထွက်သွားရပြီး ဆံပင်များပင် ထောင်ထွက်မတတ် ဖြစ်သွားရသည်။
သူက ဒေါသထွက်နေသော ခြင်္သေ့ပေါက်လေးတစ်ကောင်ကဲ့သို့ ကုရှန်ရှန်ကို စိုက်ကြည့်နေတော့၏။
ပါးစပ်ထဲတွင် သံပရာသကြားလုံးကို ငုံထားဆဲဖြစ်သော ထောင်ထောင်က ရန်ပွဲကို ဝင်ရောက်၍ ဖျန်ဖြေရန်အတွက် အမြန်ထရပ်လိုက်လေသည်။
“ နင်တို့က ရန်မဖြစ်ကြနဲ့နော်”
ပါးစပ်ထဲတွင် သကြားလုံးက ရှိနေသောကြောင့် သူမ၏ စကားသံများက အနည်းငယ် မပီမသ ဖြစ်နေလေ၏။
[ ကလေးလေးတွေ စုဝေးနေကြတဲ့ ပုံရိပ်လေးက တကယ့်ကို နွေးထွေးဖို့ ကောင်းလိုက်တာ ]
[ ကုရှန်ရှန် တစ်ယောက်တည်းပဲ လာတာလားလို့ ငါကတွေးနေတာ၊
တခြားကလေး (၃) ယောက်က ထောင်ထောင်ကို ကူညီဖို့အတွက် ပစ္စည်းတွေကို သွားရှာနေကြတာကိုး ]
[ မုန့်လျိုရဲ့ ရေနဲ့ ဖုန်းကျားယန်ရဲ့ သံပရာသကြားလုံးကတော့ ပုံမှန်ပါပဲ၊ ဒါပေမဲ့ ချောင်ဟောက်ယွီ .. မင်းရဲ့ နံချပ်ကူက ဘာကြီးလဲ! ]
[ ဟားဟား၊ ပြောရဦးမယ်၊ ချောင်ဟောက်ယွီရဲ့ နံချပ်ကူက ထွက်လာတဲ့ အချိန်မှာ ငါက စခရင်အရှေ့မှာတင် ရေသောက်နေရင်းနဲ့ ဖူးခနဲ ထွေးထုတ်မိသွားတယ် ]
[ ဘယ်လိုပြောရမလဲ၊ ဒါက ယောက်ျားလေးတွေရဲ့ အတွေးအခေါ်မျိုးလားပဲ (ကောင်းကင်ကို မော့ကြည့်လျက်) ]
[ ထောင်ထောင်က သကြားလုံးလေးကို စုပ်ရင်းနဲ့ ရန်ပွဲကို ဖျန်ဖြေဖို့ လုပ်နေပြီ ဟီးဟီး ]
[ ထောင်ထောင်: ဒီလောက်တောင် သေးသေးလေးနဲ့ လူတိုင်းကိုစည်းလုံးဖို့အတွက်ကို ငါ စတေးခဲ့ရတာတွေက များလွန်းနေပြီ (သက်ပြင်းချလျက်) (ခေါင်းခါလျက်) ]
[ ထောင်ထောင်နဲ့ ယှဉ်ရင် စုကျင်းရဲ့ အခြေအနေကတော့ သိပ်မကောင်းဘူး ဟားဟား ]
[ အဲဒါကတော့ ဟုတ်တယ်လေ၊ ဘာပဲပြောပြော သူက တရားခံပဲလေ ]
စုကျင်း၏ တုံ့ပြန်မှုကို မြင်သည့်အချိန်တွင် တခြားသူများက သူ့ကို မျက်နှာသာပေးသည့်အနေဖြင့် ရယ်ချင်စိတ်ကို အနည်းငယ် ဖုံးကွယ်ထားကြရသည်။
သို့သော် အသံအနည်းငယ်ကတော့ လွတ်ထွက်သွားကြလေ၏။
ရှန်ထျန်းယွီက စုကျင်း၏ အနားသို့ လျှောက်သွားပြီးနောက် ခရမ်းချဉ်သီး အမဲသားစွပ်ပြုတ်ကို စပ်စုသော အကြည့်ဖြင့် ကြည့်လိုက်ပြီး ပြောလိုက်လေသည်။
“တကယ်ကြီး အဲဒီလောက် ဆိုးလို့လား၊ ကြည့်ရတာကတော့ အတော်လေး ပုံမှန်ပါပဲ”
ဤသည်ကို ကြားလိုက်ရသည့်အချိန်တွင် အမြဲတမ်း ပြဿနာရှာချင်နေသော အစီအစဉ်တင်ဆက်သူက ချက်ချင်းပင် မီးလောင်ရာသို့လေပင့်လိုက်မေးလိုက်လေသည်။
“မြည်းကြည့်ချင်လား”
“မြည်းကြည့်လို့ကတော့ ရပါတယ်၊ ဒါပေမဲ့ ဘာဆုလာဘ်က ရှိမှာလဲ”
ရှန်ထျန်းယွီက အလွယ်တကူ အရှုံးပေးမည့်သူ မဟုတ်ပေ။
Boy band audition မှတစ်ဆင့် ပွဲဦးထွက်ခဲ့သူဖြစ်သောကြောင့် အစီအစဉ်ရိုက်ကူးရာတွင် အသုံးပြုလေ့ရှိသည့် လှည့်ကွက်များကို သူက ကောင်းစွာ နားလည်ထား၏။
သူက ထုတ်လုပ်ရေးအဖွဲ့နှင့် ချက်ချင်းပင် ဈေးညှိတော့သည်။
“ဘယ်လို ဆုလာဘ်မျိုး လိုချင်လို့လဲ?”
အစီအစဉ်တင်ဆက်သူက ပြန်မေးလေသည်။
ရှန်ထျန်းယွီက ဒီည၏ ပြိုင်ပွဲစည်းမျဉ်းကို သတိရသွားပြီး မျက်လုံးများ တောက်ပသွားရပြီးပြောလိုက်လေသည်။
“ရိုးရိုးလေးပါပဲ၊ တကယ်လို့ ကျွန်တော်က အမဲသား တစ်တုံးကို အန်မထုတ်ဘဲနဲ့ ကုန်အောင် စားနိုင်ရင် စိန်ခေါ်မှုကို အောင်မြင်တယ်လို့ သတ်မှတ်ပေးပါ၊ ပြီးတော့ ခဏနေ မဲပေးတဲ့အချိန်မှာ အပိုမဲတစ်မဲကို ပေးလေ”