အခန်း (၂၉-၃၀)
Vol. 3 Ch. 29-30
အခန်း(29)
စမ်းသပ်ခံတစ်ယောက်ပေါ်လာသောကြောင့် အစီအစဉ်တင်ဆက်သူက ဒါရိုက်တာထံသို့ အကြည့်လွှဲလိုက်လေသည်။
ဒါရိုက်တာ ကျိုးထင်က ကြည့်ရှုသူဦးရေ၏ အချက်အလက်များကို အမြဲစောင့်ကြည့်နေသူ ဖြစ်၏။
ထောင်ထောင် အန်ထုတ်လိုက်သည့်အချိန်တွင် ကြည့်ရှုသူဦးရေက မြင့်တက်လာခဲ့သည်။
ထို့နောက်စုကျင်းက အန်ထုတ်လိုက်သည်အချိန်တွင် ကြည့်ရှုသူဦးရေက သိသာစွာပင် ထိုးတက်သွားခဲ့သည်။
ဤသို့ ကြည့်ရှုသူက များပြားလာခြင်းက မည်သည့်အကြောင်းကြောင့်ပင် ဖြစ်ပါစေ၊ ပရိသတ်များက ထူးဆန်းသော အစားအသောက်များ၏ စွမ်းအားကို အလွန်ပင်စိတ်ဝင်စားနေကြသည်က သိသာလွန်း၏။
အစီအစဉ်တင်ဆက်သူက အချက်ပြလိုက်သည့်အချိန်တွင် ဒါရိုက်တာ ကျိုးထင်က ပြတ်သားစွာပင်ပြောလိုက်လေသည်။
“ပြဿနာမရှိပါဘူး၊ တရားမျှတမှု ရှိအောင်လို့ အလုပ်သင်မိဘတိုင်းကို တစ်ကြိမ်စီ ပါဝင်ခွင့်ပေးပါမယ်”
“ကျွန်မလည်း ပါမယ်”
အစီအစဉ်တင်ဆက်သူ၏ စကားအဆုံးတွင် ထန်ကျစ်ရှီက ချက်ချင်းပင် အရှေ့သို့ တိုးလာခဲ့သည်။
ချင်ရွှမ်က အနည်းငယ် နှေးကွေးနေသော်လည်း နောက်ဆုံးမှ ကျန်ရစ်မည်ကို စိုးသောကြောင့် အရှေ့သို့ လှမ်းတက်လာခဲ့၏။
ကုန်းယာင်တစ်ယောက်တည်းကသာ ကျန်ရစ်တော့သည်။
သူမက ခေါင်းကိုငုံ့လိုက်ပြီး ခရမ်းချဉ်သီး အမဲသားစွပ်ပြုတ်၏ အနံ့ကို ရှူကြည့်လိုက်ပြီးနောက်တွင် လေးလံသော အမူအရာဖြင့်ပြောလိုက်လေသည်။
“ကျွန်မကတော့ ဒီအခွင့်အရေးကို လက်လွှတ်လိုက်ပါ့မယ်”
ဤသို့ဖြင့် မမျှော်လင့်ထားသော အရသာကို မြည်းစမ်းခြင်း ပြိုင်ပွဲ လေးက စတင်ခဲ့တော့၏။
တရားမျှတမှုကို ရှိစေရန်အတွက် အစီအစဉ်တင်ဆက်သူက ဧည့်သည်တစ်ဦးစီကို အရွယ်အစား တူညီသော အမဲသားတစ်တုံးစီကို ပန်းကန်လုံးငယ်လေးများထဲတွင် ထည့်ပေးလိုက်လေသည်။
ခရာကို မှုတ်လိုက်သည့် အချိန်တွင် ဧည့်သည် (၃)ဦးလုံးက တစ်ပြိုင်နက်တည်း သူတို့၏ တူများကို ယူပြီး အမဲသားကို ကောက်ယူပြီးနောက် သူတို့၏ ပါးစပ်ထဲ ထည့်လိုက်ကြတော့၏။
သူတို့၏ လျှာက အမဲသားနှင့် ထိတွေ့လိုက်ရသည့် အချိန်၌ ထောင်ထောင်နှင့် စုကျင်းတို့က အဘယ်ကြောင့် ထိုကဲ့သို့ ပြင်းထန်စွာ တုံ့ပြန်ခဲ့ရသည်ကို သူတို့ (၃) ဦးလုံးက နားလည်သွားကြခဲ့သည်။
ကယ်ကြပါဦး!
ဒီကမ္ဘာပေါ်မှာ ဒီလောက်တောင် ဆိုးဝါးတဲ့ အရသာမျိုးကို ဘယ်လိုလုပ်ပြီးတော့ ရှိနေနိုင်ရတာလဲ!
ရှန်ထျန်းယွီက ပထမဆုံး သည်းမခံနိုင်တော့ဘဲ ဖူးခနဲ အသံနှင့်အတူ အမဲသားတုံးကို ထွေးထုတ်လိုက်လေတော့သည်။
ထန်ကျစ်ရှီ၏ အမူအရာကလည်း ချက်ချင်းပင် တောင့်ခဲသွားခဲ့ရလေ၏။
သူက ခက်ခဲစွာဖြင့် နှစ်ချက်သုံးချက်ခန့်ကို ဝါးကြည့်လိုက်လေသည်။
သို့သော် အမဲသားထဲမှ သွေးညှီနံ့များက သွားကြားထဲသို့ စိမ့်ဝင်လာသည့်အချိန်တွင်တော့ သူမ၏မျက်နှာက ပြာနှမ်းသွားရတော့၏။
သူ ထပ်မံ၍ သည်းမခံနိုင်တော့ဘဲ ပါးစပ်ထဲမှ အမဲသားကို ပန်းကန်လုံးထဲသို့ ပြန်ထွေးထုတ်လိုက်ရတော့သည်။
“ရေ.. ရေပေးကြပါဦး!”
ချင်ရွှမ်က အကြာဆုံးအထိ တောင့်ခံနိုင်သူ ဖြစ်၏။
သူမက ပါးစပ်ထဲမှ အရသာကို အတင်းအောင့်အည်း သည်းခံပြီး မဝါးမိအောင် ကြိုးစားရင်း အမဲသားတုံးကို တိုက်ရိုက်ပင် မျိုချရန်အတွက်ကို ကြိုးပမ်းနေရှာသည်။
သို့သော် အမဲသားတုံးက အလွန်ကြီးမားနေသောကြောင့် အကြိမ်ကြိမ် မအောင်မြင်ဖြစ်ရပြီးနောက်တွင် သူက နောက်ဆုံးတွင် ပြန်လည်၍ ဝါးလိုက်ရပြန်၏။
စတုတ္ထအကြိမ်မြောက် ဝါးလိုက်သည့် အချိန်တွင် ချင်ရွှမ်၏ သည်းခံနိုင်စွမ်းက အဆုံးသတ်သို့ ရောက်ရှိသွားတော့သည်။
သူမက မျက်ဝန်းထဲတွင် မျက်ရည်များက ဝဲလျက် အမဲသားတုံးကို ထွေးထုတ်လိုက်ရရှာတော့၏။
ထိုတိုတောင်းလွန်းသော တစ်မိနစ်စာ အချိန်ကာလလေးက ထိုဧည့်သည် (၃) ဦးအတွက် ထာဝရကဲ့သို့ပင် ကြာမြင့်နေခဲ့ရသည်။
ဧည့်သည် (၃ )ဦးက သူတို့၏ ထိုင်ခုံများတွင် ပြန်ထိုင်နေကြပြီး တစ်ဦးချင်းစီက ကိုယ့်ကမ္ဘာနှင့်ကိုယ် ပျောက်ဆုံးနေကြကဲသို့ ရှိနေကြတော့၏။
ထိုဧည့်သည် (၃) ဦး၏ တုံ့ပြန်မှုများကို ကြည့်ရင်း ပြိုင်ပွဲတွင် မပါဝင်ခဲ့သော တစ်ဦးတည်းသောသူဖြစ်သည့် ကုန်းယာင်က သက်ပြင်းချလျက် စိတ်သက်သာရာရသွားသော အမူအရာက ပေါ်ထွက်လာသည်။
ဧည့်သည် (၃) ဦး အနည်းငယ် ပြန်လည်၍ တည်ငြိမ်သွားသည့်အချိန်တွင် အစီအစဉ်တင်ဆက်သူက အပြုံးတစ်ခုနှင့်ပြောလိုက်လေသည်။
“စိတ်မကောင်းစရာပါပဲ၊ ဧည့်သည် (၃) ဦးလုံးက စိန်ခေါ်မှုကို ရှုံးနိမ့်သွားခဲ့ပါပြီ”
“ကျွန်တော်က မေးပါရစေဦး၊ ဒီအမဲသားတုံးက တကယ်တော့ ဘယ်လို အရသာမျိုးကို ရှိလို့လဲ”
ထန်ကျစ်စ်ရှီက တောင့်တောင့်ကြီး ပြန်မေးလိုက်လေ၏။
“ငါးမြင်းခေါင်းရွက်၊ ဒိတ်ကုန်နေတဲ့ငါးသေတ္တာ၊ ပြီးတော့ Casu Marzu ဒိန်ခဲတို့ကို ရောနယ်ထားတဲ့ အရသာကို မြည်းစမ်းဖူးကြလား”
(Casu Marzu : ပိုးလောက်ကောင်တွေပါတဲ့ ဒိန်ခဲပါ)
ရှန်ထျန်းယွီ၏ အမူအရာက တည်ကြည်လေးနက်နေပြီး မျက်လုံးများကလည်း ပတ်ဝန်းကျင်ကိုလှည့်ပတ်နေသည်။
“ကျွန်တော်ကတော့ _ီးကို စားနေရသလိုပဲ၊ အဲဒီလိုပဲ ဖော်ပြရမလို ဖြစ်နေပြီ”
ချင်ရွှမ်က တိုက်ရိုက်ဖြေဆိုရန်အတွက်ကို ငြင်းဆန်လိုက်တော့သည်။
“အဲဒီအရသာကို နောက်တစ်ခေါက် ဘယ်တော့မှ ပြန်မစဉ်းစားချင်တော့ဘူး!”
“ကျွန်တော်က ထင်တာကတော့ ဒါကလည်း..”
စုကျင်းက ခေါင်းမာရန် ကြိုးစားနေသေး၏။
သို့သော် သူ၏ စကားက မဆုံးမီမှာပင် တခြားဧည့်သည် (၃) ဦးထံမှ သေလောက်အောင် စူးရှသော အကြည့်များနှင့် ရင်ဆိုင်လိုက်ရတော့သည်။
“ကျေးဇူးပြုပြီးတော့ နောက်ဆိုရင် မီးဖိုချောင်နဲ့ ဝေးဝေးမှာပဲ နေပါတော့”
ထန်ကျစ်ရှီ၏ မျက်နှာက ဖြူဖျော့နေလျက် ပြောလိုက်လေ၏။
ရှန်ထျန်းယွီက ခါးသီးလွန်းသော စိတ်မကောင်းခြင်းများဖြင့် ပြည့်နှက်နေပြီး ပြောလိုက်လေသည်။
“စုကျင်းကော၊ ကျွန်တော်ထင်တာကတော့ ကောက သရုပ်ဆောင်လုပ်ဖို့ကိုပဲ ပိုပြီးတော့ သင့်တော်ပါတယ်”
ချင်ရွှမ်ကလည်း မည်သည်ကိုမှ မပြောဘဲ သက်ပြင်းကိုသာ ချလိုက်သော်လည်း အရာအားလုံးကို စကားလုံးမပါဘဲ နားလည်နေကြသည်။
[ ဒါက တကယ့်ကို ကြောက်စရာကြီးပဲ! ဒါက ဘယ်လို အရသာမျိုးလဲ]
[ ငါးမြင်းခေါင်းရွက် + ဒိတ်ကုန်နေတဲ့ငါးသေတ္တာဘူးဟောင်း + Casu Marzu ဒိန်ခဲ ? ဒါက သေမင်းတမန် ပေါင်းစပ်မှုကြီးပဲ (တုန်လှုပ်လျက်) ]
[ စုကျင်းရဲ့ ဟင်းချက်စွမ်းရည်က တကယ်ကြီး အဲ့ဒီလောက်တောင် ဆိုးဝါးတာလား! ]
ရလဒ်များကို ကြေညာသည့် အချိန်တွင် ထောင်ထောင်က ကုန်းယာင် ချက်ထားသည့် ပုစွန်ဆီပြန်ချက်ကို စားပြီးခါစဖြစ်၏။
သူမက စုကျင်း၏ လက်ကို ခပ်ဖွဖွ ပုတ်ပေးလိုက်ပြီးပြောလိုက်လေသည်။
“ကောကော၊ ရပါတယ်၊ ထောင်ထောင်က ကောကောရဲ့ အပြစ်ပေးမှုကို ကူညီပေးမှာပေါ့”
လူတိုင်း၏ အကြည့်အောက်တွင် အစီအစဉ်တင်ဆက်သူက နောက်ဆုံးရရှိသူ၏အတွက်ကို အပြစ်ပေးမှုကို ကြေညာလိုက်တော့သည်။
“ဒီဟင်းချက်စိန်ခေါ်မှု မှာ နောက်ဆုံးရခဲ့တဲ့အတွက်၊ စုကျင်းနဲ့ ထောင်ထောင်တို့က မနက်ဖြန် မနက် (၇) နာရီ မတိုင်ခင်မှာ အိပ်ရာထပြီးတော့ ဧည့်သည်တိုင်းရဲ့အတွက်ကို မနက်စာကို ပြင်ဆင်ပေးရမှာပဲ ဖြစ်ပါတယ်”
ဤအပြစ်ပေးမှုကို ကြားလိုက်ရသည့်အချိန်တွင် စုကျင်းကို နှစ်သိမ့်ပေးနေသော ထောင်ထောင်၏ မျက်လုံးလေးများက ပြူးသွားရပြီး အစီအစဉ်တင်ဆက်သူထံသို့ စိုးရိမ်တကြီးဖြင့် လှည့်ကြည့်လိုက်လေသည်။
“ထောင်ထောင်က ကောကောကို မဲပေးလို့ရမလား၊ ကောကောက အပြစ်ပေးတာကို လက်မခံနိုင်ဘူး~”
ထိုအချိန်မှာပင် စုကျင်း၏ အမဲသားချက်ကို မြည်းစမ်းခဲ့ကြသော ဧည့်သည်များကလည်း အမူအရာများက ချက်ချင်းပင် ပြောင်းလဲသွားကြသည်။
ထို့နောက် သူတို့က ကလေးများနှင့် ဆွေးနွေးရန်အတွက်ကို ဆောင့်ကြောင့်ထိုင်လိုက်ကြတော့၏။
“မင်းတို့ စုကျင်းကောကောကို မဲပေးလို့ ရမလား”
ချင်ရွှမ်က ကုရှန်ရှန်ကို ကြည့်လိုက်ပြီး မေးလိုက်လေ၏။
“စုကျင်းကောကောကို ဒီလောက်အထိ အပင်ပန်း မခံခိုင်းသင့်ဘူး မဟုတ်ဘူးလား”
ရှန်ထျန်းယွီကလည်း မုန့်လျိုနှင့် ဆွေးနွေးနေလေ၏။
တစ်မိနစ်အတွင်းမှာပင် စုကျင်းက ချက်ချင်းပင် မဲ (၅) မဲကို ရရှိသွားခဲ့ပြီးနောက်တွင် နောက်ဆုံးအဆင့်မှ ပထမအဆင့်သို့ ရောက်ရှိသွားတော့သည်။
ပထမကို ရရှိသွားသော စုကျင်းကပြောလိုက်လေသည်။
“ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော်က အရမ်းတော့ မပျော်ဘူး”
ထောင်ထောင်က သူမ၏အရှေ့တွင် ရုတ်တရက် ပေါ်လာခဲ့သော မဲ (၅) မဲကို ကြည့်ပြီး ပါးစပ်လေး အဟောင်းသားဖြင့် ဖြစ်သွားရပြီးရေရွတ်မိလေသည်။
“ကောကောက တကယ့်ကို တော်တာပဲ~”
အစီအစဉ်တင်ဆက်သူက တားဆီးရန်အတွက်ကို ကြိုးစားသေးလေ၏။
“မင်းတို့က လုပ်နေတာက သိပ်ပြီးတော့ မမှန်ကန်သလိုပဲနော်”
“ကျွန်မတို့က ဘာကို လုပ်လို့လဲ”
ချင်ရွှမ်က ကုန်းယာင်ကို ကြည့်လိုက်ပြီးမေးလိုက်လေသည်။
“ကုန်းကျဲက မြင်လိုက်သလား”
ကုန်းယာင်ကလည်း မျက်လုံးပြူးလျက် လိမ်ညာလိုက်တော့၏။
“ကျွန်မက ဘာကိုမှ မမြင်ပါဘူး”
“ကျွန်တော်တို့က အစီအစဉ်ကို မှန်ကန်တဲ့ နည်းလမ်းနဲ့ပဲ ရိုက်ကူးနေတာပါ”
ရှန်ထျန်းယွီက မှန်ကန်သည့် နည်းလမ်းဆိုသည်ကို အဓိပ္ပာယ် အသစ်ဖွင့်ဆိုလိုက်လေသည်။
ထန်ကျစ်စ်ရှီကလည်း နူးညံ့သော အပြုံးတစ်ခုကို ပြုံးပြလိုက်လေ၏။
[ ဟားဟား၊ ဒီအစီအစဉ်မှာ မကြုံစဖူး စည်းလုံးမှုကို ယူဆောင်လာပေးတဲ့ စုကျင်းကို ကျေးဇူးတင်ရမယ် (ခွေးခေါင်း) ]
[ ရယ်ရလွန်းလို့ သေတော့မယ်၊ သူတို့က စုကျင်းရဲ့ မနက်စာကို စားရမှာကို ဘယ်လောက်တောင် ကြောက်နေကြတာလဲ! ]
[ စုကျင်း : ဟင်းချက်စွမ်းရည် နဲ့ ဖျော်ဖြေရေး အစီအစဉ်တွေရဲ့ အဆင့်အတန်းကို မြှင့်တင်ပေးခဲ့တဲ့ ပထမဆုံးလူ ]
ဧည့်သည်များ၏ ရှားပါးသည့် စည်းလုံးမှုကြောင့် ထုတ်လုပ်ရေးအဖွဲ့ကလည်း အလျှော့ပေးလိုက်ရတော့၏။
နောက်ဆုံးရရှိသူ၏အတွက် အပြစ်ပေးမှုကို မနက်ခင်းတွင် ကလေးများကို မနက်ခင်း ကိုယ်လက်လှုပ်ရှား အားကစားကို ဦးဆောင်လုပ်ပေးရန်အတွက်သာ ပြောင်းလဲလိုက်ရတော့သည်။
“ကိုယ်လက်လှုပ်ရှား အားကစားကို လုပ်ပေးရမှာလား”
ဤစကားလုံး (၃)လုံးကို ကြားလိုက်ရသည့်အချိန်တွင် စုကျင်းက မျက်မှောင်ကြုတ်သွားရပြီးပြောလိုက်လေသည်။
“ဒါက ခုနက အစီအစဉ်လောက်.. အင်း”
စုကျင်း၏ စကားက မဆုံးမီမှာပင် သူ၏ ပါးစပ်က လက်လေးတစ်ဖက်ဖြင့် ပိတ်ခြင်းကို ခံလိုက်ရတော့၏။
ထောင်ထောင်က သူမ၏ လက်လေးများဖြင့် စုကျင်း၏ ပါးစပ်ကို အသည်းအသန် ပိတ်ထားလိုက်ပြီး မျက်နှာတစ်ခုလုံးတွင်လည်း စိုးရိမ်မှုများက ပြည့်နှက်နေလေသည်။
“ကောကော၊ရှူး...”
ဤသည်ကို မြင်သည့်အချိန်တွင် အနားတွင် ရပ်နေကြသော ထန်ဇစ်ရှီ၊ ရှန်ထျန်းယွီ၊ ချင်ရွှမ်နှင့် ကုန်းယာင်တို့ လူတိုင်းက ထောင်ထောင်ကို လက်မထောင်ပြလိုက်ကြပြီးချီးကျူးလိုက်ကြလေ၏။
“ထောင်ထောင်လေး၊ တော်တယ်!”
ပါးစပ်ကို အပိတ်ခံထားရသော စုကျင်း : “...”
သူ့ရဲ့ သဘောထားကိုတော့ ဘယ်သူမှ ဂရုမစိုက်ကြတော့ဘူးလား!
ဆူညံလွန်းသော ဟင်းချက်တိုက်ပွဲက နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့ပြီး ဧည့်သည်များကလည်း စိတ်သက်သာရာ ရသွားကြသည်။
စုကျင်း တစ်ယောက်တည်းကသာ လုံးဝကို အထီးကျန်နေသည့်ပုံစံကို ဖြစ်နေတော့၏။
သူ၏ အိမ်လေးသို့ ပြန်ရောက်သည့်အချိန်တွင် စုကျင်း၏ ဘေ့ဘက်ပတ်ပတ်လည်ကို ကြည့်လိုက်သော်လည်း ရှေးဟောင်းစတိုင် အခန်းထဲတွင် ဂိမ်းဆော့စရာ ပစ္စည်းများကို ရှာမတွေ့ပေ။
သူက မနေနိုင်တော့ဘဲ စုတ်တစ်ချက် သပ်လိုက်လိုက်ပြီး ဆိုဖာပေါ်သို့ မှီချလိုက်တော့သည်။
*
အခန်း(30)
လမင်း၏ အလင်းတန်းက မှန်ပြတင်းပေါက်မှတစ်ဆင့် ကြမ်းပြင်ပေါ်သို့ ခြယ်မှုန်းထားသော အဝတ်စတစ်ခုကဲ့သို့ ညင်သာစွာ ကျရောက်နေ၏။
ဆိုဖာပေါ်ရှိ လူငယ်လေးက မျက်လွှာကို အနည်းငယ် ချထားပြီး တစ်စုံတစ်ခုကို တွေးတောနေပုံ ရသည်။
ရေချိုးပြီးခါစဖြစ်သော ထောင်ထောင်က အခန်းထဲသို့ အပြန် ဧည့်ခန်းကို ဖြတ်သွားချိန်တွင် မြင်ကွင်းကို မြင်တွေ့လိုက်ရ၏။
ဤသည်ကို မြင်သည့်အချိန်တွင် ထောင်ထောင်က စိတ်မကောင်းစွာဖြင့် ခေါင်းလေးကို အနည်းငယ် စောင်းလိုက်ပြီး စုကျင်းက အဘယ်ကြောင့် ထိုမျှလောက် ဝမ်းနည်းနေရသည်ကို ချက်ချင်းပင် သိရှိသွားတော့သည်။
ကောကော ဟင်းချက်တာက စားလို့မကောင်းလို့ ဝမ်းနည်းနေတာပဲ ဖြစ်ရမယ်။
စားသောက်ခြင်းကို ခုံမင်သော ထောင်ထောင်၏ စိတ်ထဲတွင် အရသာရှိသော ဟင်းလျာများကို မချက်တတ်ခြင်းက ဤကမ္ဘာကြီးတွင် အရသာရှိသော အစားအစာများကို မစားရခြင်းပြီးနောက် ဒုတိယမြောက် အကြီးမားဆုံး ဝမ်းနည်းစရာကိစ္စပင် ဖြစ်၏။
စုကျင်းက တစ်ယောက်တည်း အတွေးထဲတွင် နစ်မျောနေချိန်မှာပင် နူးညံ့ပြီး စိုစွတ်နေသော လက်လေးတစ်ဖက်က သူ၏ ပါးပြင်ကို ညင်သာစွာ ထိတွေ့လာခဲ့သည်။
မက်မွန်သီးနံ့ကဲ့သို့သော ချိုမြိန်သော နို့ရနံ့လေးကလည်း ပါလာခဲ့၏။
“ကောကော၊ စိတ်မကောင်း ဖြစ်နေတာလား”
စုကျင်းက အနည်းငယ် ခေါင်းကိုမော့ကြည့်လိုက်လျှင် ထောင်ထောင်က သူ၏ရှေ့တွင် ရပ်နေပြီး မျက်နှာလေးကို မော့၍ သူ့ကို ကြည့်နေသည်ကို မြင်လိုက်ရ၏။
စုကျင်း စကားမပြောသည်ကို မြင်သည့်အချိန်တွင် ထောင်ထောင်က သူမ၏ သံသယကို ပို၍ အခိုင်အမာ ယုံကြည်သွားတော့သည်။
“ရအဆင်ပြေပါတယ်”
ထောင်ထောင်က စုကျင်းကို နှစ်သိမ့်ရန်အတွက် ကြိုးစားလိုက်ပြီးပြောလိုက်လေသည်။
“ဟင်းချက်စွမ်းရည်က တိုးတက်လာမှာပါ၊ ကောကောကသာ ကြိုးစားရင် နောက်ပိုင်းဆိုရင် ပိုပြီးတော့ အရသာရှိအောင်လို့ သေချာပေါက် ချက်နိုင်မှာပါ”
“တကယ်လို့ .. တကယ်လို့ ကောကော ဟင်းချက်တာက စားလို့မကောင်းရင်တောင်၊ ထောင်ထောင်က ကောကောကို ချစ်နေမှာပါပဲ~”
ပန်းရောင် ယုန်လေးများပါသည့် အိပ်ယာဝင်ဝတ်စုံကို ဝတ်ထားသော ထောင်ထောင်လေးက သူမ၏ နူးညံ့သော မျက်နှာလေးကို မော့၍ ချိုမြိန်လွန်းသော ကလေးအသံလေးဖြင့် နှစ်သိမ့်ပေးနေလေ၏။
ဤပြကွက်က တိုက်ရိုက်လွှင့်ခန်းထဲရှိ ကြည့်ရှုသူများ၏ နှလုံးသားကို ချက်ချင်းပင် အရည်ပျော်သွားစေတော့သည်။
[ အို ဘုရားရေ၊ ထောင်ထောင်လေးက တကယ့်ကို ချိုသာလိုက်တာ~ ဒီလောက်တောင် ချစ်ဖို့ကောင်းပြီး အလိုက်သိတတ်တဲ့ ကလေးလေးက ရှိနိုင်ပါ့မလား (နှလုံးသား) ]
[ (မျက်နှာကို အုပ်လျက်) ပန်းရောင် အိပ်ယာဝင်ဝတ်စုံလေးနဲ့ ထောင်ထောင်က တကယ့်ကို ချစ်စရာကောင်းတဲ့ ယုန်ပေါက်လေးနဲ့ တူတယ် ]
[ ကြည့်စမ်းပါဦး၊ ဒီထောင်ထောင်လေးက အရမ်းကို ချစ်ဖို့ကောင်းနေတော့ ငါက တိတ်တဆိတ်ပဲ ခိုးသွားလိုက်တော့မယ် (တိုးတိုး၊တိုးတိုး) ]
[ ရှူး၊ နင့်အသံက ကျယ်နေသေးတယ်၊ ပိုပြီး၊ တိတ်.. တိတ်.. လေး လုပ်ရမှာ ]
ထောင်ထောင်က သူ့ကို နှစ်သိမ့်ရန်အတွက် ထိုမျှအထိ ကြိုးစားနေသည်ကို ကြားလိုက်ရသည့်အချိန်တွင် စုကျင်းက ထောင်ထောင်က တစ်ခုခုကို မှားယွင်းစွာ နားလည်နေကြောင်းကို ချက်ချင်းပင် သိလိုက်ရတော့၏။
ကလေးငယ်၏ စိုးရိမ်ပူပန်နေသော အကြည့်အောက်တွင် စုကျင်းက မနေနိုင်တော့ဘဲ အသံထွက်အောင် ရယ်မောလိုက်တော့သည်။
စုကျင်းက တက်ကြွစွာဖြင့် လက်ကို မြှောက်လိုက်ပြီး ထောင်ထောင်၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်လေသည်။
“ကောကောက စိတ်မကောင်းဖြစ်မနေပါဘူး၊ ဒါပေမဲ့ နှစ်သိမ့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ထောင်ထောင်လေး”
စုကျင်း၏ စကားကို ကြားသည့်အချိန်တွင် ထောင်ထောင်က စိတ်ရှုပ်ထွေးစွာဖြင့် မျက်တောင်လေးကို ခတ်နေမိတော့၏။
စိတ်မကောင်း ဖြစ်မနေဘူးလား။
ဒါပေမဲ့ ထောင်ထောင်ကို ကျေးဇူးတင်တယ် ဟုတ်လား။
ဤကဲ့သို့သော ဖော်ပြချက်မျိုးက အပြောင်းအလဲများကို အလွန် ရင်းနှီးခြင်းမရှိသေးသော ထောင်ထောင်ကို မျက်မှောင်ကြုတ်လျက် စိတ်ရှုပ်ထွေးသွားစေတော့သည်။
စုကျင်းက သူ၏ ပျင်းရိမှုများကို ဖယ်ရှားလိုက်ပြီးနောက် ထောင်ထောင်ကို ပွေ့ချီပြီး အခန်းထဲသို့ ခေါ်ဆောင်သွားခဲ့၏။
စုကျင်းက ထောင်ထောင်ကို ခုတင်ပေါ်တွင် တင်ပေးလိုက်ပြီးနောက် စောင်ကို သေချာစွာ ခြုံပေးပြီး ညင်သာစွာဖြင့်နှုတ်ဆက်လိုက်ပေသည်။
“ကောင်းသောညပါ”
“ကောင်းသောညပါ ကောကော~”
ထောင်ထောင်က နူးညံ့လွန်းသော ခေါင်းအုံးလေး၏အပေါ်တွင် မှီလျက် စုကျင်း၏ အကြည့်အောက်တွင် မျက်လုံးလေးများကို လိမ္မာစွာဖြင့် မှိတ်လိုက်တော့သည်။
ကလေးငယ်လေးက စောင်ပုံထဲတွင် နစ်မြုပ်နေပုံရပြီး တိုက်ရိုက်လွှင့်ခန်းမှ ကြည့်ရှုသူများကိုလည်း ကြင်နာသနားစိတ်များ ဖြစ်ပေါ်စေတော့၏။
[ ကောင်းသောညပါ ထောင်ထောင်လေး~ ]
[ ရှူး၊ လူတိုင်းပဲ တိတ်တိတ်နေကြနော်၊ ထောင်ထောင်ရဲ့ အိပ်စက်ခြင်းကို မနှောင့်ယှက်ကြနဲ့ ]
[ မနက်ဖြန်မှ တွေ့ကြမယ်နော် ထောင်ထောင်လေး~ ]
စုကျင်းက အခန်းထဲမှ ထွက်သွားပြီးနောက်၊ မျက်လုံးကိုမှိတ်ထားသော ထောင်ထောင်က တဖြည်းဖြည်း ပြန်လည်၍ လှုပ်ရှားလာခဲ့တော့သည်။
ဦးစွာ သူမက မျက်လုံးတစ်ဖက်ကို ဂရုတစိုက်ဖွင့်၍ ခုတင်၏ ဘေးသို့ အကဲခတ်ကြည့်ရှုလိုက်လေ၏။
ထိုနေရာတွင် မည်သူကမျှမရှိတော့ကြောင်းကို အတည်ပြုပြီးမှသာ ကျန်ရှိသောမျက်လုံးကိုပါ ဖြည်းဖြည်းချင်း အားယူ၍ အသာအယာ ဖွင့်လိုက်တော့သည်။
စုကျင်းက အခန်းထဲမှ ထွက်သွားသည်ကို သေချာစွာ သိလိုက်ရပြီးနောက်တွင် ထောင်ထောင်က ယုံကြည်မှုအပြည့်ဖြင့် ခုတင်ပေါ်မှ ခုန်ဆင်းလိုက်လေသည်။
ထောင်ထောင်က အိပ်ပျော်သွားပြီဟု ထင်မှတ်၍ တိုက်ရိုက်လွှင့်ခန်းမှ ထွက်ခွာရန် ပြင်ဆင်နေကြသော ကြည့်ရှုသူများက သူမ၏ ဤလှုပ်ရှားမှုများကြောင့် အံ့အားသင့်သွားကြရ၏။
[ နေဦး! ထောင်ထောင်က အိပ်နေတာ မဟုတ်ဘူးလား]
[ ? ]
[ သူက အိပ်ချင်ဟန်ဆောင်နေတာလား (ဆွံ့အနေ) ]
[ ဟင်၊ ထောင်ထောင်က ဘယ်ကို သွားမလို့ပါလိမ့် ]
ပရိသတ်များ၏ အံ့သြသောနေသော အကြည့်များ၏ အကြားတွင် ထောင်ထောင်က ဖုန်းကျားယန်၏ ခုတင်၏ ဘေးသို့ ခြေဖျားလေးထောက်၍ တိတ်တဆိတ် သွားလိုက်ပြီး ခပ်တိုးတိုး ခေါ်လိုက်လေသည်။
“ကျားကျား~ အိပ်ပျော်နေပြီလား”
ထောင်ထောင်၏ ရဲတင်းလွန်းသော လုပ်ရပ်ကြောင့် စနစ်က ထိတ်လန့်သွားရ၏။
ဇာတ်လမ်းအရ ဗီလိန် ဖုန်းကျားယန်က အကြောင်းအမျိုးမျိုးကြောင့် အိပ်ပျော်ရန်အတွက် ခက်ခဲသူဖြစ်ပြီး အိပ်ပျော်သွားလျှင်ပင် အလွယ်တကူ နိုးတတ်သူ ဖြစ်သည်။
ထို့ကြောင့် ငယ်စဉ်ကတည်းက ဖုန်းကျားယန်က အိပ်နေချိန်တွင် အနှောင့်အယှက်ပေးခြင်းကို အလွန်မုန်းတီးလွန်း၏။
ထောင်ထောင်က ဖုန်းကျားယန်၏ ခုတင်၏ ဘေးသို့ တိုက်ရိုက်ပြေးသွားပြီး ခေါ်လိုက်သည်ကို မြင်သည့်အချိန်တွင် စနစ်က အသက်ရှူပင် မှားသွားရသည်။
သို့သော် တစ်ဖက်တွင် မနေနိုင်ဘဲ စိတ်လှုပ်ရှားသွားရပြန်၏။
ယေဘုယျအားဖြင့် အဓိကဇာတ်ကောင်များက အရန်ဇာတ်ကောင်ဖြစ်သူ၏အပေါ်တွင် နှစ်သက်မြတ်နိုးမှုက နည်းပါးလေလေ၊ တာဝန်ပြီးမြောက်မှုက ပို၍ မြင့်မားလေလေ ဖြစ်သည်။
ဗီလိန်ကလည်း ဇာတ်လမ်း၏ အဓိကဇာတ်ကောင်တစ်ဦးပင် ဖြစ်၏။
အကယ်၍ သူတို့က ဗီလိန် ဖုန်းကျားယန်၏ ထောင်ထောင်အပေါ်တွင် နှစ်သက်မှုကို လျော့နည်းအောင် လုပ်နိုင်ပါက တာဝန်ပြီးမြောက်ရန်အတွက်ကို အခွင့်အလမ်းက အလွန်များပြားလွန်းသည်။
ခုတင်ပေါ်တွင် ပက်လက်အိပ်နေသော ဖုန်းကျားယန်က ထောင်ထောင်၏ အသံကို ကြားလိုက်ရသည့်အချိန်တွင် မျက်လုံးကာကို ချွတ်လိုက်ပြီး ထထိုင်လိုက်လေ၏။
“မင်း မအိပ်သေးဘူးလား၊ ဘာဖြစ်လို့လဲ”
ဖုန်းကျားယန်က ထထိုင်လိုက်သည်နှင့် စနစ်က ချက်ချင်းပင် စိတ်လှုပ်ရှားသွားတော့၏။
ဒါက ဖုန်းကျားယန်ရဲ့ ထောင်ထောင်ရဲ့အပေါ်ကို နှစ်သက်မှု သေချာပေါက် လျော့နည်းသွားပြီဆိုတဲ့ အဓိပ္ပာယ်ပဲ။
ဒါက တာဝန်ကို ပြီးမြောက်နှုန်းက မြင့်တက်လာတော့မယ်ဆိုတာကိုလည်း ဆိုလိုတာပဲ!
သို့သော် နောက်တစ်စက္ကန့်တွင် နှစ်သက်မှု အဆင့်အတန်းကို တိုင်းတာကြည့်လိုက်သည့်အချိန်တွင် စနစ်က အံ့အားသင့်သွားရပြန်သည်။
ဒါက ဘယ်လိုပြီးတော့ဖြစ်နိုင်မှာလဲ။
ဖုန်းကျားယန်ရဲ့ ထောင်ထောင်အပေါ်ကို နှစ်သက်မှုက ဘာကြောင့် တစ်စက်ကလေးမှ မပြောင်းလဲသွားရတာလဲ!
သို့ပေမဲ့ တစ်ချိန်တည်းမှာပင် တာဝန်ပြီးမြောက်နှုန်းကလည်း လျော့မသွားခဲ့ပေ။
စနစ်က ဤရလဒ်ကြောင့် အကြီးအကျယ် စိတ်ဓာတ်ကျနေချိန်မှာပင် ထောင်ထောင်က သူမက စိုးရိမ်နေသည့်အချက်များကို ဖုန်းကျားယန်ကို ရှင်းပြနေပြီ ဖြစ်သည်။
“မင်း ဆိုလိုတာက မင်းရဲ့ကောကောက ဟင်းချက်မကောင်းလို့ သူ့ရဲ့ ဂုဏ်သိက္ခာက ထိခိုက်သွားပြီလို့ ထင်နေတာလား”
ထောင်ထောင်က ခေါင်းလေးကို အားရပါးရ ငြိမ့်ပြလိုက်ပြီး သက်ပြင်းလေး တစ်ချက်ကိုချလိုက်လေ၏။
“ကောကောက ထောင်ထောင့်ရဲ့အရှေ့မှာ ပျော်နေသလို ဟန်ဆောင်နေပေမဲ့ သူက တကယ်ပျော်နေတာ မဟုတ်ဘူးလို့ ထောင်ထောင်က ထင်တယ်”
ဖုန်းကျားယန်က ညနေခင်း ဟင်းချက်ပြိုင်ပွဲ တုန်းက စုကျင်း၏ အမူအရာကို ပြန်လည်၍ စဉ်းစားကြည့်နေသည်။
သို့သော် စုကျင်းက မည်သည့်အချိန်တွင် စိတ်မကောင်းဖြစ်နေခဲ့သည်ကို သူက မမှတ်မိပေ။
“အဲဒါကြောင့် ထောင်ထောင်က ကောကောကို ယုံကြည်မှုပြန်ရအောင်လို့ ကူညီပေးချင်တယ်၊ သူ့ကို ပြန်ပြီး ပျော်ရွှင်စေချင်တယ်”
ထောင်ထောင်က တောက်ပနေသော မျက်လုံးလေးများဖြင့် ဖုန်းကျားယန်ကို ကြည့်လိုက်ပြီးမေးလိုက်လေသည်။
“ကျားကျား၊ နင် ထောင်ထောင့်ကို ကူညီမှာလား”
ထောင်ထောင်၏ မျှော်လင့်တကြီးဖြင့် အကြည့်နှင့် ဆုံလိုက်ရသည့်အချိန်တွင် ဖုန်းကျားယန်က ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ခေါင်းကို ငြိမ့်ပြလိုက်တော့၏။
ဖုန်းကျားယန် ခေါင်းကိုငြိမ့်ပြလိုက်သည်ကို မြင်ချိန်တွင် ထောင်ထောင်က ပါးချိုင့်လေး နှစ်ဖက်ကို ပေါ်လာသည်အထိ ပြုံးလိုက်ပြီး ပြောလိုက်လေသည်။
“ထောင်ထောင်သိသားပဲ၊ ကျားကျားက အကောင်းဆုံးပဲ~”
ဤသည်ကို ကြားလိုက်ရသည့်အချိန်တွင် ဖုန်းကျားယန်၏ မျက်နှာက အေးစက်နေဆဲပင် ဖြစ်သော်လည်း နားရွက်ဖျားလေးများက အနည်းငယ် နီရဲသွားခဲ့ရသည်။
“ဒါပေမဲ့ မင်း နည်းလမ်းကို စဉ်းစားမိပြီလား”
ဤမေးခွန်းကို ကြားလိုက်ရသည့်အချိန်တွင် ထောင်ထောင်က မသိစိတ်ဖြင့် ခဏမျှ တုန့်ခနဲ ဖြစ်သွားရသည်။
သူမ၏ ဖြူစင်နူးညံ့သော မျက်နှာလေးပေါ်ရှိ ဘယ်ဘက်ပါးပြင်တွင် စိတ်ရှုပ်ထွေးစွာဖြစ်ခြင်း နှင့် ညာဘက်ပါးပြင်တွင် ထုံပေပေဖြစ်ခြင်း အမူအရာများက ပေါ်ထွက်လာတော့၏။
ထောင်ထောင်၏ ဤတုံ့ပြန်မှုကို ခန့်မှန်းထားပြီးသား ဖြစ်သော ဖုန်းကျားယန်က ခေါင်းအုံးအောက်တွင် ဝှက်ထားသော ဖုန်းကို ထုတ်ယူလိုက်ပြီးပြောလိုက်လေသည်
“ငါတို့ စိတ်ကူးသစ်တွေကို ရှာကြည့်ကြတာပေါ့”
ဖုန်းကျားယန်နှင့် ထောင်ထောင်တို့က စိတ်ကူးအသစ်များကို ရှာဖွေနေချိန်မှာပင် သူတို့က ဗီဒီယိုအတိုလေး တစ်ခုကို ရုတ်တရက် တွေ့ရှိသွားကြသည်။
ထိုဗီဒီယိုက စုကျင်း၏ သရုပ်ဆောင်ဘဝတွင် ရှားပါးလွန်းသော မှောင်မည်းသော အတိတ် တစ်ခုပင် ဖြစ်၏။
အစောပိုင်းက ရိုက်ကူးခဲ့သော မန်ဂါအခြေခံ ရုပ်သံဇာတ်လမ်းတွဲ တစ်ခုတွင် စုကျင်းက ဖန်သားပြင်ကို မျက်နှာမူလျက် မောက်မာပြီး စတိုင်ကျသော BKING အပြုံးတစ်ခုကို ပြုံးပြပြီး ဂန္ထဝင် စကားလုံးကို ရွတ်ဆိုနေခဲ့သည်။
“မင်းတို့ အလင်းရဲ့ စွမ်းအားကို ယုံကြည်လား”
နောက်တစ်စက္ကန့်တွင် မျက်လုံးနှစ်စုံ၏ အောက်၌ စုကျင်းက ဈေးပေါသော အထူးဖန်တီးပြုလုပ်ချက်effectများ နှင့်အတူ ခမ်းနားစွာ အသွင်ပြောင်းလဲသွားတော့၏။
တစ်ချိန်တည်းမှာပင် ကလေးတစ်ဦးစီ၏ ရိုးတွင်းခြင်ဆီအထိကို
စွဲမြဲနေသော ဂန္ထဝင် နောက်ခံတေးဂီတဖြစ်သည့် အလင်း၏ စွမ်းအား ဆိုသည့် သီချင်းက ထွက်ပေါ်လာခဲ့လေသည်။
တောက်ပလွန်းသော အလင်းတန်းများ၏ ကြားတွင် ထောင်ထောင်၏ ပါးစပ်လေးက တဖြည်းဖြည်းနှင့် အို ပုံသဏ္ဍာန်သို့ ဖြစ်သွားခဲ့ရတော့၏။
သူမ၏ ကောကောကို ယုံကြည်မှုကို ပြန်လည်၍ တည်ဆောက်ပေးရန်အတွက်ကို မည်သို့ကူညီရမည်ကို သူမက သိသွားခဲ့လေပြီ။
*