အခန်း (၃၁-၃၂)
Vol. 4 Ch. 31-32
အခန်း(31)
နောက်တစ်နေ့ မနက်ခင်းတွင်အလင်းရောင်များ စတင်ထွက်ပေါ်လာပြီးနေရောခြည်က ကြမ်းပြင်ပေါ်သို့ ဖြာကျနေခဲ့သည်။
ဧည့်သည် (၅) ဖွဲ့လုံးက ယမန်နေ့က ဟင်းချက်ပြင်ပွဲကို ပြုလုပ်ခဲ့သည့် နေရာတွင် ပြန်လည်၍ စုရုံးရန်အတွက် ထုတ်လုပ်ရေးအဖွဲ့ထံမှ သတင်းစကားကို ရရှိခဲ့ကြ၏။
ထောင်ထောင်က ယနေ့တွင် ထူးခြားစွာ စိတ်လှုပ်ရှားနေပုံရပြီး လမ်းတစ်လျှောက်လုံးတွင် ခုန်ပေါက်ပြေးလွှား၍ အရှေ့မှ ဦးဆောင်သွားနေခဲ့သည်။
ထိုနေရာသို့ ရောက်ရှိသည့်အချိန်တွင် တခြားကလေးများကို မြင်လိုက်ရသောကြောင့် ထောင်ထောင်၏ မျက်လုံးလေးများက တောက်ပသွားလေတော့၏။
သူမက ဖုန်းကျားယန်ကို ဆွဲခေါ်ပြီး ထိုအုပ်စုထဲသို့ ဝင်သွားတော့သည်။
ခေါင်းအသေးလေး (၅)လုံးက စုရုံးနေကြပြီးနောက် တစ်ဦးနှင့်တစ်ဦး ခပ်တိုးတိုး ပြောဆိုနေကြလေ၏။
ကုန်းယာင် သူတို့ကို လှမ်းကြည့်လိုက်လေ၏။
သူတို့က ဘယ်လို ကိစ္စအကြီးစား မျိုးကို ဆွေးနွေးနေကြတာပါလိမ့်။
စပ်စုလိုစိတ်ဖြင့် ကုန်းယာင်က ခေါင်းအသေးလေး (၅) လုံးက စုနေသော ထောင့်နားသို့ တိုးသွားလိုက်ပြီး နားစွင့်ကြည့်လိုက်လေသည်။
ကလေးများ၏ ဆွေးနွေးမှုကို နားထောင်ပြီးနောက်တွင် ကုန်းယာင်က သူမ၏ မျက်ခုံးလေးများကို မသိမသာ ပင့်လိုက်မိ၏။
သူမက စုကျင်းရှိရာဘက်သို့ အဓိပ္ပာယ်အပြည့်ရှိနေသော အပြုံးတစ်ခုနှင့် လှမ်းကြည့်လိုက်မိတော့သည်။
တိုက်ရိုက်လွှင့်မှုက စတင်ကာစသာ ရှိသေးသောကြောင့် ကြည့်ရှုသူများက အလွန်မများသေးပေ။
စုကျင်း၏ အပေါ်တွင် ကုန်းယာင်၏ အကြည့်ကို လူအနည်းငယ်ကသာ သတိပြုမိကြသည်။
[ ကလေးတွေက ဘာတွေကို ဆွေးနွေးနေကြသလဲဆိုတာကို ငါတစ်ယောက်တည်းပဲ သိချင်နေမိတာလား ]
[ ကုန်းယာင်က တစ်ခုခုကို သိနေသလိုပဲ၊ သူက ခုနက စုကျင်းကို လှမ်းကြည့်လိုက်တာ မဟုတ်ဘူးလား ]
[ ဟင်၊ တိုက်ဆိုင်တာပဲ ဖြစ်မှာပါနော် ]
တိုက်ရိုက်လွှင့်မှုက စတင်ပြီးနောက်တွင် အစီအစဉ်တင်ဆက်သူက ဧည့်သည်များ၏ အရှေ့တွင် ရပ်လိုက်လိုက်ပြီး ပြောလိုက်လေသည်။
“ဒီနေ့က မနက်စာကို မစားခင်မှာ မနေ့က ဟင်းချက်စိန်ခေါ်မှုက အပြစ်ပေးမှုကို အရင်ဆုံး လုပ်ဆောင်သွားမှာပဲ ဖြစ်ပါတယ်၊
အလုပ်သင်မိဘ စုကျင်းရဲ့အနေနဲ့ ကလေးတွေကို မနက်ခင်း ကိုယ်လက်လှုပ်ရှား အားကစားကို ဦးဆောင်ပြီးတော့ လုပ်ပေးပါ”
အစီအစဉ်တင်ဆက်သူ၏ စကားအဆုံးတွင် လက်လေးတစ်ဖက်က အထက်သို့ မြင့်မားစွာ မြောက်တက်လာခဲ့တော့သည်။
နေရောင်ခြည်၏ အောက်တွက် ထောင်ထောင်၏ မျက်လုံးလေးများက ဖြူဖွေးနေပြီး နုနယ်သော ပါးပြင်လေးများကလည်း အနည်းငယ် နီရဲနေ၏။
“အစီအစဉ်တင်ဆက်တဲ့ကောကော၊ ထောင်ထောင်တို့က ကိုယ်လိုချင်တဲ့ မနက်ခင်း ကိုယ်လက်လှုပ်ရှား အားကစားကို ရွေးချယ်လို့ ရမလား”
ရုတ်တရက် မေးလိုက်သော မေးခွန်းကြောင့် အစီအစဉ်တင်ဆက်သူက ခဏမျှ အံ့အားသင့်သွားရပြီး စုကျင်းထံသို့ လှည့်ကြည့်လိုက်လေ၏။
စုကျင်းကလည်း အလားတူပင် အံ့အားသင့်နေသည်ကို သူက တွေ့လိုက်ရသည်။
အစီအစဉ်တင်ဆက်သူက သူ၏ စိတ်ကို ပြန်လည်၍ စုစည်းလိုက်ပြီး ထောင်ထောင်ကို ပြုံး၍ ခေါင်းကို ငြိမ့်ပြလိုက်လေတော့၏။
“ရတာပေါ့၊ ဒါပေမဲ့ တခြားကလေးတွေရဲ့ သဘောတူညီချက်ကိုတော့ လိုမယ်နော်”
“ပြဿနာမရှိပါဘူး”
ကုရှန်ရှန်က ပထမဆုံး တုံ့ပြန်လိုက်လေသည်။
“ကျွန်တော်ကလည်း သဘောတူတယ်”
ချောင်ဟောက်ယွီကလည်း အရှုံးမပေးဘဲ ဒုတိယမြောက် ဖြေဆိုလိုက်လေ၏။
မုန့်လျိုက ရှက်ပြုံးလေးဖြင့် ပြောလိုက်လေသည်။
“ကျွန်တော်ကတော့ ထောင်ထောင်က ပြောတဲ့အတိုင်းကိုပဲ လုပ်ပါ့မယ်”
ဖုန်းကျားယန်ကလည်း တည်ငြိမ်စွာဖြင့် ခေါင်းကို ငြိမ့်ပြလျက်ပြောလိုက်လေသည်။
“ကျွန်တော့်အတွက် ဘာပြဿနာမှ မရှိပါဘူး”
“ဒါဆိုရင် ထောင်ထောင်က ဘယ်လိုမျိုး ကိုယ်လက်လှုပ်ရှား အားကစားမျိုးနဲ့ ဦးဆောင်ပေးစေချင်တာလဲ”
ထောင်ထောင်၏ စိတ်လှုပ်ရှားနေသော အမူအရာကို ကြည့်ရင်း စုကျင်းက ရုတ်တရက် မကောင်းသော အငွေ့အသက်ကို ခံစားလိုက်ရသည်။
နောက်တစ်စက္ကန့်တွင် ထောင်ထောင်က စုကျင်း၏ ယုံကြည်မှုကို ပြန်လည်၍ တည်ဆောက်ပေးရန်အတွက် သူမက သေချာစွာ ပြင်ဆင်ထားသည့် မနက်ခင်း ကိုယ်လက်လှုပ်ရှား အားကစားကို မျှော်လင့်တကြီးဖြင့် ပြောပြလိုက်တော့၏။
“ထောင်ထောင်တို့က စုကျင်းကောကောကို အလင်း၏ စွမ်းအားကခုန်ခြင်းနဲ့ ဦးဆောင်ပေးစေချင်တာပါ”
စုကျင်း: ?
ဒါက ဘာကြီးလဲ!
စုကျင်းက တိတ်ဆိတ်နေချိန်မှာပင် သူ၏ ဘေးနားရှိ တခြားဧည့်သည်များကလည်း စိတ်ရှုပ်ထွေးသော အမူအရာများက ရှိနေကြသည်။
ချင်းရွှမ်က မျက်ခုံးလေးကို အနည်းငယ် ကြုတ်လိုက်ပြီးမေးလိုက်လေသည်။
“’အလင်း၏ စွမ်းအား ဆိုတာက၊ကိုယ်လက်လှုပ်ရှား အားကစားရဲ့ နာမည်လား”
ထောင်ထောင်က သူ၏ ခေါင်းလေးကိုခါပြလိုက်ပြီး အလေးအနက် ရှင်းပြလိုက်လေသည်။
“အလင်း၏ စွမ်းအားဆိုတာက ကာတွန်းရုပ်ရှင်တစ်ခုရဲ့ အဖွင့်သီချင်းပါ၊ အဲဒီထဲက သူရဲကောင်းတွေက အရမ်းကို မိုက်တဲ့ ပုံစံနဲ့ အသွင်ပြောင်းကြတယ်လေ၊
ပြီးတော့မှ သူတို့က မိစ္ဆာကောင်တွေကို နှိမ်နင်းပြီးတော့ ကမ္ဘာကြီးကို ကယ်တင်ကြတာ၊ သူရဲကောင်းတွေက အသွင်ပြောင်းတိုင်း အလင်းရဲ့ စွမ်းအား သီချင်းက ထွက်ပေါ်လာတာလေ”
[ ဒါဆိုရင် ဒါက ကာတွန်းကားထဲက ကကွက်ပေါ့၊ နည်းနည်းတော့ လူသိနည်းတာလား၊
အလင်း၏ စွမ်းအား ဆိုတဲ့ နာမည်ကို ငါကတစ်ခေါက်မှ မကြားဖူးသလိုပဲ (စိတ်ပျက်) ]
[ သီချင်းရဲ့နာမည်ကိုတော့ နင်တို့က ရင်းနှီးမှာ မဟုတ်ပေမဲ့၊ အဲဒီသီချင်းထဲက စာသားကတော့ တကယ့်ကို နာမည်ကြီးတယ်၊
ဥပမာ - မင်း အလင်းရဲ့ စွမ်းအားကို ယုံကြည်လား ဆိုတဲ့ စာသားမျိုးပေါ့ ]
[ !! အို ဘုရားရေ!အဲဒီသီချင်းလား! ဒါက Mech Hero ထဲက အသွင်ပြောင်းတဲ့ အချိန်မှာ ပါတဲ့ နောက်ခံသီချင်း (BGM) မဟုတ်ဘူးလား! ]
[ အမလေး! ဒါက တကယ့်ကို ကလေးဘဝက အမှတ်တရပဲ ]
[ အခုခေတ် ကလေးတွေရဲ့ကြားထဲမှာ Mech Hero က ခေတ်စားနေတုန်းပဲလား၊
ထောင်ထောင်က ဘာလို့ ဒီသီချင်းကို ရုတ်တရက်ကြီး ပြောထွက်လာတာပါလိမ့် ]
ဤမေးခွန်းနှင့် ပတ်သက်၍ ကာယကံရှင်ဖြစ်သော စုကျင်းကသာ အသိဆုံးသူ ဖြစ်ပေလိမ့်မည်။
အလင်း၏ စွမ်းအား ဆိုသည့် နာမည်ကို ကြားလိုက်ရသည်နှင့် စုကျင်းက တောင့်ခဲသွားသည်။
သူ၏ စိတ်ထဲတွင် သူက အကြိမ်ပေါင်းများစွာ ရွတ်ဆိုခဲ့ဖူးသော စကားလုံးက မသိစိတ်ဖြင့် ပြန်လည်၍ ထွက်ပေါ်လာခဲ့တော့သည်။
“မင်း အလင်းရဲ့ စွမ်းအားကို ယုံကြည်လား”
ဤသည်က စုကျင်းက အနုပညာလောကထဲသို့ တရားဝင် မဝင်ရောက်ခင်က ဖြစ်၏။
Mechanical Hero ၏ ဒါရိုက်တာနဲ့ သူက သူငယ်ချင်းများ ဖြစ်နေသောကြောင့်၊ ဒါရိုက်တာက သူတို့၏ ရင်းနှီးမှုကို အသုံးချပြီး သူ့ကို ဒီဇာတ်လမ်းထဲတွင် ပါဝင်ဖို့အတွက် ချော့မော့ဖြားယောင်းခဲ့ခြင်း ဖြစ်သည်။
အစတုန်းကတော့ ရိုက်ကူးရေးက တစ်ရက်သာကြာမည်ဟု ပြောခဲ့လေ၏။
သို့သော် နောက်ပိုင်းတွင် ခုနစ်ရက် ဖြစ်သွားပြီး၊ အဆုံးတွင်တော့ စုကျင်းက Mechanical Hero ရိုက်ကူးရေးတွင် သုံးလတိတိပါဝင်ခဲ့ရသည်။
သူက ဧည့်သည်သရုပ်ဆောင်ဘဝမှ အဓိကဇာတ်ဆောင် ဘဝအထိသို့ ရောက်ရှိသွားခဲ့ရ၏။
နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင် စုကျင်းက ဤ မှောင်မည်းသောအတိတ် နှင့် မမျှော်လင့်ဘဲ ပြန်လည်၍ ဆုံတွေ့ရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ထောင်ထောင်၏ မျှော်လင့်တကြီးဖြင့် အကြည့်နှင့် ဆုံလိုက်ရသည့်အချိန်တွင် စုကျင်းက ခဏမျှ တုံ့ဆိုင်းသွားသော်လည်း နောက်ဆုံး အားထုတ်မှုအဖြစ် ပြောလိုက်လေသည်။
“ကောကောက ဘယ်လိုကရမလဲ မသိဘူးလေ”
“ရပါတယ်၊ ကျွန်တော်တို့က ဖန်သားပြင် တစ်ခုကို ပြင်ဆင်ထားတယ်လေ၊ အဲဒီမှာ ကြည့်ပြီးတော့ ချက်ချင်းသင်၊ ချက်ချင်းကလို့ ရတာပေါ့”
ပြဿနာ ဖြစ်လာသည်ကို ထိုင်ကြည့်နေသော အစီအစဉ်တင်ဆက်သူက အချိန်ကိုက်ပင် ပြောလိုက်လေသည်။
စုကျင်း: “...”
အကယ်၍ အကြည့်နှင့် လူသတ်၍ ရမည်ဆိုရင်၊ အစီအစဉ်အဖွဲ့သားတိုင်းက စုကျင်း၏ လက်ချက်နဲ့ သေဆုံးနေကြလောက်ပြီ ဖြစ်၏။
စုကျင်း၏ သေလောက်အောင် စူးရှသော အကြည့်အောက်တွင် ဝန်ထမ်းများက ရွေ့လျား စခရင်ကြီးကို ရိုက်ကွင်းဆီသို့ အမြန်ယူဆောင်လာခဲ့ကြသည်။
ဗီဒီယိုကို ပြသလိုက်သည်နှင့် စုကျင်းက မကောင်းသော ခံစားချက်ကို ရရှိလိုက်တော့၏။
ဖန်သားပြင်ကြီး၏ အပေါ်တွင် သူ၏ ငယ်ရွယ်နုပျိုသော မျက်နှာက ပေါ်ထွက်လာသည့် အချိန်တွင် စုကျင်း၏ စိတ်ထဲတွင် ဗလာနတ္ထိ ဖြစ်သွားခဲ့ရသည်။
ဖန်သားပြင်ပေါ်ရှိ စုကျင်းကို မြင်လိုက်ရသည့်အချိန်တွင် ရောက်ရှိနေသူ အားလုံးက တစ်မျိုးစီ တုံ့ပြန်ကြလေ၏။
ဤကိစ္စကို ကြိုတင်၍ သိရှိထားသော ကုန်းယာင်က ခေါင်းကိုငုံ့လိုက်ပြီး ပုခုံးများက သိသာစွာ တုန်ခါနေသည်အထိ ရယ်ချင်စိတ်ကို အသည်းအသန် အောင့်ထားရတော့သည်။
“ဝါး!”
ရှန်ထျန်းယွီက မသိစိတ်ဖြင့် အော်မိခဲ့လေသည်။
ချင်ရွှမ်ကလည်း မျက်လုံးများက ပြူးသွားခဲ့ရ၏။
“ဒါက...”
ထန်ကျစ်စ်ရှီ၏ အကြည့်က စုကျင်းထံသို့ မသိစိတ်ဖြင့် ရောက်ရှိသွာရပြီး လုံးဝကို အသက်မပါတော့သော မျက်နှာတစ်ခုနှင့်သာ ဆုံတွေ့လိုက်ရတော့သည်။
[ ဟားဟား၊ ရယ်ရလွန်းလို့ ဗိုက်တောင် နာလာပြီ! ]
[ ရယ်ရလွန်းလို့ သေတော့မယ်! စုကျင်းက ဘာလို့ ခုနက အမူအရာကို ဖြစ်သွားရသလဲဆိုတာကို အခုမှပဲ နားလည်တော့တယ်၊ ဒါက တကယ့် အမှန်တရားပဲကိုး! ]
[ စုကျင်း : ငါက အဲဒါကို ဘယ်လိုကရမလဲဆိုတာကို မသိပေမဲ့.. အဲဒီတုန်းက ဒီမန်ဂါဇာတ်လမ်းတွဲမှာ ငါက သရုပ်ဆောင်ခဲ့တာပဲ! ]
[ SOS ဟားဟား၊ တကယ့်ကို 4K အကြည်ဓာတ်နဲ့ အရှက်ရစရာ အတိတ်ဟောင်းကြီးပဲ! ]
[ (လေးလံလျက်) စုကျင်းရဲ့ ပရိသတ်တစ်ယောက်အနေနဲ့ သူက Mechanical Hero ရုပ်ရှင်မှာ သရုပ်ဆောင်ခဲ့ဖူးတယ်ဆိုတာကို ငါတောင် မသိခဲ့ပါလား၊
ဒါက ငါ့ရဲ့ အမှားကြီးပဲ၊ ငါ့ကိုယ်ငါ အပြစ်ပေးတဲ့အနေနဲ့ Mechanical Hero ကို ၁၀ ကြိမ် ပြန်ကြည့်လိုက်တော့မယ် (ခွေးခေါင်း) ]
[ ဖူးး .. ဒါက ပရိသတ် မဟုတ်ဘူး၊ ဒါက သေချာပေါက် antifanဖြစ်ရမယ်ပဲ (အသံထွက်လျက်) ]
[ ငါ့ရဲ့ (၅) နှစ်အရွယ် တူလေးက ငါ့ရဲ့ဘေးမှာ ရှိနေပြီးတော့ သူက Mechanical Hero ကို ကြည့်ဖို့ ငါ့ကို အသည်းအသန် တိုက်တွန်းနေပြီ (ရယ်လည်းရယ်၊ ငိုလည်းငိုလျက်) ]
ထိုအချိန်မှာပင် ဖန်သားပြင်ကြီးပေါ်တွင် ငယ်ရွယ်သော မျက်နှာအမူအရာဖြင့် စုကျင်းက ထိုဂန္ထဝင် စကားလုံးကို ယုံကြည်ချက်အပြည့်ဖြင့် အော်ဟစ်လိုက်တော့၏။
“မင်း အလင်းရဲ့ စွမ်းအားကို ယုံကြည်လား”
ချက်ချင်းပင် စုကျင်း၏ ခြေချောင်းများက မြေကြီးထဲသို့ နစ်ဝင်သွားချင်လောက်အောင်ပင် ရှက်ရွံ့လာခဲ့ရသည်။
သူ၏ လက်ကျန်ဘဝကို မည်သည့်နေရာတွင် မြှုပ်နှံလိုက်ရမည်လဲဟုပင် တွေးတောနေမိလေ၏။
ဗီဒီယိုကို ကြည့်ပြီးနောက်တွင် စုကျင်းမှလွဲ၍ လူတိုင်း၏ မျက်နှာပေါ်တွင် အပြုံးများက ပြည့်နှက်နေကြ၏။
ထောင်ထောင်က စုကျင်း၏ အမူအရာကို မော့ကြည့်လိုက်ပြီးမေးလိုက်လေသည်။
“ကောကော၊ အခု ပျော်နေပြီ မဟုတ်ဘူးလား”
စုကျင်းက အံကို တင်းတင်းကြုတ်လျက် ပြန်ပြောလိုက်လေ၏။
“ပျော်.. ပျော်တာပေါ့”
*
အခန်း(32)
[ စုကျင်းက အဲဒီစကားလုံး နှစ်လုံးကို ပြောလိုက်တဲ့ အချိန်မှာ ဖန်သားပြင်ကတစ်ဆင့် လူသတ်ချင်တဲ့ အငွေ့အသက်တွေကို ငါ ခံစားလိုက်ရတယ် ]
[ ကျယ်မေ့တို့၊ ငါကတော့ အတော်လေး ရယ်နေရပြီ၊ ထုတ်လုပ်ရေးအဖွဲ့က တကယ်ကို ရက်စက်တာပဲ၊ သူတို့က အဲဒါကို နောက်တစ်ခေါက် ထပ်ပြနေပြန်ပြီ! ]
[ စုကျင်းရဲ့ မျက်နှာကို ကြည့်ရတာက၊ ဒီအပိုင်းရိုက်ပြီးရင် သူက စားပွဲကို ရိုက်ပြီး စာချုပ်ကို ဖျက်လိမ့်မယ်လို့ ငါ အပြင်းအထန် သံသယဝင်မိတယ် ]
ထုတ်လုပ်ရေးအဖွဲ့က စတုတ္ထအကြိမ်မြောက် ထပ်ပြရန်အတွက် ကြိုးစားသောအချိန်တွင် စုကျင်းက နောက်ဆုံးတွင် သည်းမခံနိုင်တော့ပေ။
သူက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ဝန်ထမ်းများ၏ ရူးသွပ်သော လုပ်ရပ်များကို တားဆီးလိုက်တော့သည်။
“တော်ပြီ”
အစီအစဉ်တင်ဆက်သူက ရယ်ချင်စိတ်ကို အောင့်ထားရင်း မေးလေသည်။
“ဆောရီးပါ၊ အလုပ်သင်မိဘ စုကျင်းက အဆင်သင့် ဖြစ်ပြီလား”
စုကျင်း၏ မျက်နှာက သူရဲကောင်းတစ်ယောက်ကဲ့သို့ အလျှော့မပေးလိုသော အမူအရာနှင့်ဖြေလိုက်လေ၏။
“အဆင်သင့် ဖြစ်ပါပြီ”
ထိုစကားလုံးများက သူ၏ သွားကြားထဲမှ အတင်းညှစ်ထုတ်လိုက်ရခြင်း ဖြစ်သည်။
ကွင်းပြင်၏ အလယ်တွင် စုကျင်းက အရှေ့ဆုံးမှ ရပ်နေပြီး၊ သူ၏ အနောက်တွင် ကလေး (၅) ဦးက တန်းစီ၍ ရပ်နေကြ၏။
ရင်းနှီးလွန်းသော နောက်ခံတေးဂီတက စတင်လာခဲ့လေ၏။ စုကျင်း၏ အမူအရာက စိတ်မပါသကဲ့သို့ရှိနေခဲ့သည်။။
သို့သော် သူ၏ ခန္ဓာကိုယ်က မှတ်ဉာဏ်များ၏ ဦးဆောင်မှုဖြင့် လက်မောင်းများကို ဖြည်းဖြည်းချင်း မြှောက်လိုက်တော့သည်။
လှုပ်ရှားမှု တစ်ခုချင်းစီက အနည်းငယ် တောင့်တင်းနေသော်လည်း ဖန်သားပြင်ပေါ်ရှိ လှုပ်ရှားမှုများနှင့် အတိအကျ တူညီနေခဲ့လေ၏။
စုကျင်းက အစပိုင်းတွင် အနည်းငယ် စိတ်မသက်မသာ ဖြစ်နေခဲ့သော်လည်း ဂီတသံစဉ်များတွင် စီးမျောလာသည်နှင့်အမျှ ထိုကဲ့သို့သော အသေးအဖွဲအချက်များကို ဂရုမစိုက်နိုင်တော့ပေ။
သူ၏ စိတ်အာရုံက နောက်ထပ်လှုပ်ရှားမှုများ၏ အပေါ်၌သာ အာရုံစိုက်ထားသောကြောင့် သူ၏ အမူအရာကလည်း ပြန်လည်၍ တည်ငြိမ်လာခဲ့၏။
ကလေး (၅) ဦးကလည်း စုကျင်း၏ အနောက်မှလိုက်၍ လက်ခြေများကို လှုပ်ယမ်းပြီး သူ၏ လှုပ်ရှားမှုများကို အမှီလိုက်ရန်အတွက် ကြိုးစားနေကြတော့သည်။
တက်ကြွလွန်းသော ဂီတသံများ၏အကြားတွင် တူရိယာသံစဉ်များက အလွှာလိုက် အရှိန်အဟုန်ဖြင့် မြင့်တက်လာပြီး အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့၏။
ထိုဂန္ထဝင် စကားစုက ထွက်ပေါ်လာသည့်အချိန်တွင် စုကျင်းက လေထဲသို့ မြင့်မားစွာ ခုန်လိုက်ပြီး လက်ညှိုးတစ်ချောင်းကို ကောင်းကင်ယံသို့ ညွှန်ပြလိုက်တော့သည်။
မနက်ခင်း၏ အလင်းတန်းက ဘေးတိုက် ကျရောက်လာပြီး စုကျင်း၏ အပေါ်သို့ ဖြာကျနေလေ၏။
ထို့ကြောင့် သူ့ကို ရွှေရောင်အနားသတ်လေးများက ကွပ်ပေးထားကသို့ တောက်ပနေစေ၏။
ထောင်ထောင်က စုကျင်း၏ ကျောပြင်ကို ခေါင်းကို မော့ကြည့်လိုက်ရင်း သူမ၏ ပါးစပ်လေးက အနည်းငယ် ဟသွားခဲ့ရသည်။
ထိုအချိန်၌ ထောင်ထောင်၏ မျက်ဝန်းများထဲတွင် စုကျင်း၏ ပုံရိပ်က Mech Hero ထဲမှ သာမန်လူသားများကို ကယ်တင်ရန်အတွက် သတ္တိရှိရှိ ထရပ်ခဲ့သော သူရဲကောင်းနှင့် ထပ်တူကျနေသည့်ကဲ့သို့ ခံစားလိုက်ရ၏။
ဤပြကွက်ကို တိုက်ရိုက်လွှင့် ကင်မရာမှတစ်ဆင့် သစ္စာရှိစွာဖြင့် မှတ်တမ်းတင်ပြီး ကြည့်ရှုသူများထံသို့ ထုတ်လွှင့်ပေးလိုက်လေသည်။
[ အာ.. ခုနကတော့ ပျော်ပျော်ပါးပါး ရယ်နေမိတာ၊ ဒါပေမဲ့ ဒီပြကွက်ကို မြင်လိုက်ရတော့ ရုတ်တရက် စိတ်လှုပ်ရှားသွားရတယ် ]
[ အမှန်အတိုင်း ပြောရရင် ဒါက ကာတွန်းကားရဲ့ အဖွင့်သီချင်းဆိုတာကိုသာ မသိထားရင်တောင် ဒီသီချင်းက တကယ့်ကို စိတ်ဓာတ်ခွန်အား ပေးနိုင်တာပဲ! ]
[ ငယ်ငယ်တုန်းက သူရဲကောင်းတစ်ယောက် ဖြစ်ချင်တဲ့ အိပ်မက် မရှိခဲ့ဖူးတဲ့သူ ဘယ်သူရှိလို့လဲ ]
အလင်း၏ စွမ်းအား သီချင်းက ပြီးဆုံးသွားသည့်အချိန်တွင် ကြည့်ရှုသူများထံမှ အားပေးသည့် လက်ခုပ်သံများက ချက်ချင်းပင် ထွက်ပေါ်လာခဲ့လေ၏။
အပြစ်ပေးမှုမှ နောက်ဆုံးတွင် လွတ်မြောက်နိုင်ခဲ့ပြီဖြစ်သော စုကျင်းက အနည်းငယ် ရှုံးနိမ့်နေသော အမူအရာဖြင့် ဘေးသို့ ပြန်လျှောက်လာခဲ့တော့သည်။
နောက်တစ်နေရာသို့ ရွှေ့ပြောင်းကြသည့်အချိန်တွင် စုကျင်းထံမှ ပွေ့ချီထားခြင်းကိုခံထားရသော ထောင်ထောင်က သူ၏ နားအနီးသို့ ကပ်၍ ခပ်တိုးတိုး ပြောလိုက်လေ၏။
“ကောကော၊ ခုနက ကနေတာက တကယ့်ကို မိုက်တာပဲ၊ Mech Warrior ထဲက ထွက်လာတဲ့အတိုင်းပဲ!”
ထောင်ထောင်၏ ချီးကျူးမှုကို ရရှိခဲ့သော်လည်း စုကျင်းတစ်ယောက် လက်ရှိတွင် မပျော်ရွှင်နိုင်ခဲ့ပေ။
“တကယ်လား”
ထောင်ထောင်က စုကျင်း၏ လည်ပင်းကို ဖက်လိုက်ပြီးနောက်တွင် သူမ၏ ပါးပြင်လေးကို သူ၏ ပါးနှင့် ညင်သာစွာ ထိကပ်လိုက်ပြီး နှစ်သိမ့်မှုကို ပေးရန်အတွက်ကို ကြိုးစားလိုက်လေသည်။
“တစ်ယောက်ယောက်က ထောင်ထောင့်ကို ပြောဖူးတယ်၊ လူတိုင်းမှာက အားသာချက်နဲ့ အားနည်းချက်က ကိုယ်စီ ရှိကြတယ်တဲ့၊
ကောကောက မကျွမ်းကျင်တဲ့ အရာတွေက ရှိပေမဲ့လည်း ကောကောက ကနေတဲ့ အချိန်မှာ အရမ်းမိုက်တာမို့လို့ လူအများကြီးက ကောကောကို ချစ်ကြမှာပါ~”
ထောင်ထောင်၏ စကားကို ကြားလိုက်ရသည့်အချိန်တွင် စုကျင်း၏ ခြေလှမ်းများက ရုတ်တရက် အနည်းငယ် တုံ့ဆိုင်းသွားခဲ့ရ၏။
သူ့အနေဖြင့် ယမန်နေ့ညက ထောင်ထောင်က ပြောခဲ့သည့် နှစ်သိမ့်စကားများကို ပြန်လည်၍ သတိရသွားတော့သည်။
ထိုအချိန်၌ မယုံကြည်နိုင်စရာကောင်းသော အတွေးတစ်ခုက စုကျင်း၏ စိတ်ထဲတွင် လက်ခနဲ ဖြတ်ပြေးသွားခဲ့၏။
ထောင်ထောင်က သူ့ကို အားပေးဖို့အတွက် ဒီသီချင်းကို အထူးတလည် ရွေးချယ်ခဲ့တာများလား။
“ထောင်ထောင်.. ဘာလို့ ရုတ်တရက်ကြီး အလင်းရဲ့ စွမ်းအားကို ကချင်ရတာလဲ”
စုကျင်းက ထောင်ထောင်ကို ပွေ့ချီထားရင်း အကဲခတ်၍ မေးလိုက်လေသည်။
ထောင်ထောင်က မျက်တောင်လေး ခတ်လျက် ပြန်ဖြေလေ၏။
“ဘာလို့လဲဆိုတော့ ကနေတဲ့ ကောကောက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိပုံရလို့..”
သူ၏ သံသယကို အတည်ပြုနိုင်ခဲ့သောကြောင့် စုကျင်းက ထောင်ထောင်ကို ပွေ့ထားသော လက်မောင်းများကို ပို၍ တင်းကျပ်လိုက်လေတော့သည်။
ထောင်ထောင် မမြင်နိုင်သော နေရာတွင်တော် သူ၏ နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခုက မသိစိတ်ဖြင့် ပေါ်ထွက်လာခဲ့ပြီး ခြေလှမ်းများကလည်း မသိမသာ ပေါ့ပါးသွားခဲ့ရတော့၏။
တိုက်ရိုက်လွှင့်မှုက ဆက်လက်၍ ရှိနေဆဲဖြစ်သော်လည်း အင်တာနက် အသုံးပြုသူများက စုကျင်းက ကလေးများကို ဦးဆောင်၍ အလင်း၏ စွမ်းအား ကပြနေသော ဗီဒီယိုကို တည်းဖြတ်ပြီး C-site ပေါ်သို့ တင်လိုက်ကြလေပြီ။
အလင်း၏ စွမ်းအား သီချင်းက တခြားပလက်ဖောင်းများမှ ကြည့်ရှုသူများ၏အတွက် စိမ်းနေနိုင်သော်လည်း C-site တွင် သစ္စာရှိသော ပရိသတ်အုပ်စုလေးက ရှိနေလေ၏။
ဤဗီဒီယိုကို မြင်လိုက်ရပြီးနောက်တွင် မရေမတွက်နိုင်သော အင်တာနက် အသုံးပြုသူများက စပ်စုလိုစိတ်ဖြင့် ဝင်ရောက်၍ ကြည့်ရှုကြတော့သည်။
ဗီဒီယိုကို ဖွင့်လိုက်သည်နှင့် နောက်ခံတေးဂီတ စတင်လာသည်နှင့်အမျှ စုကျင်းက တည်ငြိမ်သော မျက်နှာအမူအရာဖြင့် စတင်၍ ကပြနေပြီး သူ၏အနောက်မှ ကလေး (၅) ဦးကလည်း လိုက်ပါ၍ ကပြနေကြ၏။
စုကျင်း၏ မျက်နှာပေါ်တွင် မည်သည့် အမူအရာကမျှ မရှိသော်လည်း၊ ဤကကွက်၏ ကွဲပြားခြားနားမှုကပင် ဆွဲဆောင်မှု ရှိနေခဲ့သည်။
ဗီဒီယိုကို နှိပ်ကြည့်မိသူများက မမြင်နိုင်သော မှော်အတတ်တစ်ခု၏ ဆွဲဆောင်ခြင်းကို ခံလိုက်ရသကဲ့သို့ ဗီဒီယိုတစ်ခုလုံးကို ဆုံးအောင် ကြည့်မိသွားကြတော့၏။
ဗီဒီယိုကို ပထမဆုံး တင်လိုက်သူက အနည်းငယ်ရယ်စရာကောင်းသည်ဟုသာ ရိုးသားစွာ တွေးခဲ့မိသည်။
သို့သော် ဗီဒီယိုက ထွက်လာပြီးနောက်တွင် အလွန်ပင် ရယ်ရသောကြောင့် ပင်မစာမျက်နှာ၏ ထိပ်တန်းဇယားများထဲသို့ ချက်ချင်းပင် ရောက်ရှိသွားခဲ့၏။
[ ဒါကို ငါက အကြိမ်ပေါင်းများစွာ ကြည့်ပြီးပြီ! ကြည့်လို့ကို မဝနိုင်ဘူး၊ ဒီဗီဒီယိုက စွဲလမ်းဖို့ ကောင်းလွန်းတယ်! ]
[ ဟားဟား.. ဒီဗီဒီယိုကို ငါက ဘယ်နှစ်ခေါက်တောင် ကြည့်မိမှန်း ဘယ်သူက သိမလဲ! ]
[ ဒါကို မကြည့်ဖူးသေးတဲ့သူနဲ့ အကြိမ်ကြိမ် ကြည့်ဖူးတဲ့သူပဲ ရှိတယ်၊ တစ်ခေါက်ပဲ ကြည့်ပြီး ရပ်နိုင်တဲ့သူ မရှိဘူး ]
[ ငါကတော့ (၅) ခေါက်လောက်တောင် ကြည့်ပြီးပြီ၊ မင်း အလင်းရဲ့ စွမ်းအားကို ယုံကြည်လား ဆိုတဲ့ အသံကို ကြားတိုင်း မသိစိတ်ကနေ အသွင်ပြောင်း! လို့ လိုက်အော်ချင်နေပြီ ဟီးဟီး ]
[ ငါကတော့ တကယ့်ကို အောင့်ထားလို့ မရတော့ဘူး ဟားဟား၊ အဓိကအချက်က စုကျင်းနဲ့ အနောက်က ကလေး (၅) ယောက်က အရမ်းကို တည်တည်တံ့တံ့ ရှိနေတာက ရယ်ချင်စိတ်ကို နှစ်ဆ ဖြစ်စေတာပဲ ]
[ စုကျင်းက Mechanical Hero မန်ဂါအခြေခံ ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်ခဲ့ဖူးတာကို မသိတဲ့သူက ရှိသေးလား (ကြောင်လေး အပြင်ကို ချောင်းကြည့်နေသည့် ပုံ) ]
[ ?! တကယ်ကြီးလား ]
[ ငါ အတော်လေး အံ့သြသွားလို့ စွယ်စုံကျမ်းမှာ အမြန်သွားစစ်ကြည့်တာ၊ တကယ်ကြီး ဖြစ်နေတယ် (ဆွံ့အနေ) ]
[ ရုတ်တရက်ကြီး ဒီအစီအစဉ်ကို ကြည့်ချင်လာပြီ၊ အစီအစဉ်နာမည်လေးကို ပြောပြပေးနိုင်မယ့်သူ ရှိမလား ]
[ ခွေးခေါင်း အီမိုဂျီ ]
ဤဗီဒီယိုက C-site ၏ ထိပ်တန်းသို့ တက်လှမ်းသွားသည်နှင့်အမျှ အင်တာနက် အသုံးပြုသူ အများအပြားက ‘မင်းဘယ်ကိုသွားမလဲဘေဘီ’ တိုက်ရိုက်လွှင့်ခန်းထဲသို့ စပ်စုလိုစိတ်ဖြင့် ဝင်ရောက်လာကြရုံသာမက၊ အတိတ်ကို လွမ်းဆွတ်တမ်းတမှုများကလည်း ဖြစ်ပေါ်လာခဲ့သည်။
ရုတ်တရက်ဆိုသကဲ့သို့ C-site ပေါ်တွင် ဤ အလင်း၏ စွမ်းအား ကကွက်ကို အခြေခံထားသော ပရိသတ်ဖန်တီးမှု ဗီဒီယို ပုံစံအမျိုးမျိုးက ပေါ်ထွက်လာခဲ့တော့၏။
တချို့သော တည်းဖြတ်မှုများက ကျွမ်းကျင်မှုအပေါ်တွင် အာရုံစိုက်ပြီး ကကွက်ထဲသို့ မိုက်လွန်းသော အထူးပြုလုပ်ချက်များကို ထည့်သွင်းကြပြီး၊ တချို့က သူတို့၏ ဆန်းသစ်လွန်းသော တည်းဖြတ်မှုများဖြင့် စင်မြင့်ပေါ်တွင် ဖျော်ဖြေနေသကဲ့သို့သော အကျိုးသက်ရောက်မှုများကို ဖန်တီးကြသည်။
တခြားသူများက ဟာသဘက်သို့ အာရုံစိုက်ပြီး ကကွက်ကို လူကြိုက်များသော နောက်ခံတေးဂီတ အမျိုးမျိုးနှင့် တွဲဖက်ပေးထားကြသည်။
ဤသို့ဖြင့် ခဏမျှ ကြည့်ပြီးနောက်တွင် ထိုဗီဒီယိုများက အမှန်တကယ်ပင် ဆွဲဆောင်မှု ရှိနေခဲ့၏။
နောက်ထပ်သော ဖန်တီးသူများက ပို၍ပင် လက်စွမ်းပြကြပြီး ကကွက် ဗီဒီယိုထဲမှ အပိုင်းအစများကို တခြားသော ရုပ်သံဇာတ်လမ်းတွဲများ၊ ကာတွန်းကားများနှင့် ပေါင်းစပ်ပြီး ဝမ်းနည်းစရာ အချစ်ဇာတ်လမ်းများ၊ ပြန်လည်၍ သင့်မြတ်ခြင်း ဇာတ်လမ်းများကို ဖန်တီးကြသော်လည်း၊ အများစုက သူရဲကောင်းက မင်းသမီးလေးကို ကယ်တင်သည့် ဇာတ်လမ်းမျိုးပင် ဖြစ်သည်။
ရုတ်တရက်ဆိုသကဲ့သို့ စုကျင်း၏ Mechanical Hero ဗားရှင်းက ရုပ်ရှင်နှင့် ရုပ်သံတည်းဖြတ်သူများအတွက် အလွန်ပင် ရေပန်းစားသော အရာ ဖြစ်လာခဲ့လေ၏။
အကယ်၍ တစ်စုံတစ်ယောက်က စုကျင်း၏ Mechanical Hero ဗားရှင်း ဗီဒီယိုကို တစ်ခု သို့မဟုတ် နှစ်ခုလောက်ကို မတည်းဖြတ်ရသေးဘူးဆိုလျှင်၊ ထိုသူက C-site ၏ တည်းဖြတ်မှု အသိုင်းအဝိုင်းတွင် ပါဝင်သူတစ်ဦးဟု အမှန်တကယ် မပြောနိုင်ပေ။
စုကျင်း၏ ကကွက်က မမျှော်လင့်ဘဲ အကြီးအကျယ် လူကြိုက်များသွားခဲ့ရပြီး ‘မင်း ဘယ်ကိုသွားမလဲ ဘေဘီ’ ၏ တိုက်ရိုက်လွှင့်မှုဆီသို့ မထင်မှတ်ထားသော ကြည့်ရှုသူများကို ဆွဲဆောင်လာခဲ့သည်။
အစီအစဉ်က ဧည့်သည်များကို ဘဝ၏ အတွေ့အကြုံများကို ရရှိစေရန်အတွက် ရည်ရွယ်သော်လည်း ထုတ်လုပ်ရေးအဖွဲ့က သူတို့ကို အမှန်တကယ်ကြီး ဗိုက်ဆာအောင် မထားနိုင်ပေ။
မနက်ခင်း ကိုယ်လက်လှုပ်ရှား အားကစားက ပြီးဆုံးသွားသည့်အချိန်တွင် ထုတ်လုပ်ရေးအဖွဲ့က ပုံမှန်မဟုတ်ဘဲ ရက်ရောစွာဖြင့် ဧည့်သည်များကို ကျေးရွာ၏ တစ်ခုတည်းသော မနက်စာဆိုင်သို့ ခေါ်ဆောင်သွားပြီး ဒေသထွက် မနက်စာကို ထိုင်၍ သုံးဆောင်ခွင့် ပေးလိုက်လေ၏။
*