← Chapters

အခန်း (၃၃-၃၄)

Vol. 4 Ch. 33-34

အခန်း (၃၃-၃၄)

Vol. 4 Ch. 33-34

အခန်း(33)

မနက်စာဆိုင်က အတော်လေး လူသူကွယ်ရာတွင် ရှိနေသည်။

ဧည့်သည်များက အဖွဲ့သားများ၏ အနောက်မှ လိုက်လာရင်း ကျေးရွာလမ်းလေးများအတိုင်းကို ကွေ့ကောက်၍ လျှောက်လှမ်းလာခဲ့ကြသည်။

ထို့နောက် နောက်ဆုံးတွင် ခြံဝင်းတစ်ခု၏ အရှေ့၌ ရပ်တန့်လိုက်ကြလေ၏။

အကယ်၍ အထဲမှ ထွက်ပေါ်လာသော ရနံ့များသာ မရှိပါက၊ အပြင်ပန်းကြည့်လျှင် ထိုခြံဝင်းက ပတ်ဝန်းကျင်ရှိ တခြားအိမ်များနှင့် မည်သို့မျှမခြားနားဘဲ ရှိနေသည်။

ထို့ကြောင့် ဤသာမန်တံခါးကြီး၏ နောက်ကွယ်တွင် မနက်စာဆိုင် တစ်ခုက ရှိနေလိမ့်မည်ဟု မည်သူကမျှ ခန့်မှန်းနိုင်ကြမည် မဟုတ်ပေ။

ခြံဝင်းထဲတွင် သစ်သားစားပွဲနိမ့်လေးများနှင့် ထိုင်ခုံပုလေးများသာ ရှိပြီး စားပွဲတစ်လုံးစီတွင် ထိုင်ခုံက (၄)လုံးသာ ရှိသည်။

သို့သော် ထိုင်ခုံကို ရွေးချယ်ရာတွင် မမျှော်လင့်ထားသော ငြင်းခုံမှုတစ်ခုက ပေါ်ပေါက်လာခဲ့တော့၏။

ကုရှန်ရှန်က ထောင်ထောင်၏ ဘယ်ဘက်လက်ကို ဆုပ်ကိုင်လိုက်ပြီး ချစ်ခင်စွာဖြင့် ပြောလိုက်လေသည်။

“ထောင်ထောင်၊ ငါတို့ အတူ ထိုင်ကြရအောင်”

ထောင်ထောင်က မဖြေနိုင်ခင်မှာပင် ချောင်ဟောက်ယွီက ထောင်ထောင်၏ ညာဘက်လက်ကို ဆွဲကိုင်လိုက်ပြီး ပြောလိုက်လေသည်။

“မရဘူး! ထောင်ထောင်နဲ့ ငါနဲ့ အတူ ထိုင်မှာ!”

“ငါ.. ငါလည်း ထောင်ထောင်နဲ့ အတူ ထိုင်ချင်တယ်”

မုန့်လျိုက သူ၏ ခေါင်းလေးကို စောင်းလိုက်သဆာကြောင့် နူးညံ့လွန်းသော ဆံပင်အနက်လေးများက သူ၏ ပါးပြင်ကို ညင်သာစွာ ထိတွေ့နေသည်။

တခြားသူများ၏ ဝန်းရံခြင်းကို ခံထားရသော ထောင်ထောင်က သူမ၏ အပြုံးကို အောင့်အီးထားရန် ကြိုးစားသော်လည်း၊ မနေနိုင်ဘဲ မောက်မာစွာဖြင့် ပြုံးလိုက်မိပြီး ခေါင်းကို ခါယမ်းလျက်ပြောလိုက်လေသည်။

“အိုး.. လူတိုင်းက ထောင်ထောင့်ကို ဒီလောက်အထိတောင် ချစ်ကြတာလား”

[ ထောင်ထောင်လေး ဂုဏ်ယူနေတဲ့ ပုံစံလေးကို ငါကတော့ တကယ်ကို သဘောကျနေပြီ ဟီးဟီး ]

[ ထောင်ထောင်လေးက ဒီလိုပုံစံနဲ့ အရမ်းချစ်ဖို့ကောင်းတယ် ]

[ ထောင်ထောင်က တကယ့်ကို လူကြိုက်များတာပဲ~ ကလေးတိုင်းက ထောင်ထောင်ကို ချစ်ကြတာပဲလို့ ခံစားရတယ် ]

[ ငါသာဆိုရင်လည်း ထောင်ထောင်ကို ချစ်မိမှာပဲ ]

[ +1.. ချစ်စရာကောင်းပြီးတော့ နူးညံ့ပြီး အလိုက်သိတတ်တဲ့ မိန်းကလေးကို ဘယ်သူက မချစ်ဘဲ နေနိုင်မှာလဲ ]

သူတို့ငြင်းခုံနေကြသည်ကို မြင်သည့်အချိန်တွင် ဖုန်းကျားယန်က ဘေးတွင်ရပ်နေကာ နှာခေါင်းကိုတစ်ချက် ရှုံ့လိုက်လေသည်။

“တကယ့် ကလေးတွေပဲ”

[ ဟီးဟီး ကျားကျား၊ မင်းလည်း ကလေးပဲဆိုတာကို မေ့နေပြီလား]

[ ပြောရဦးမယ်၊ တစ်ခါတလေ ဖုန်းကျားယန်ရဲ့ လူကြီးဆန်တဲ့ အမူအရာလေးက အတော်လေး ချစ်ဖို့ကောင်းတယ် ]

ဖုန်းကျားယန်၏ စကားကို ကြားသည့်အချိန်တွင် ထောင်ထောင်က ခေါင်းလေးကို စောင်းလိုက်ပြီးမေးလိုက်လေသည်။

“ဒါဆိုရင်.. ကျားကျားက ထောင်ထောင်တို့နဲ့ စားပွဲတစ်လုံးတည်းမှာ အတူ ထိုင်ချင်လား”

ဖုန်းကျားယန်: “...”

သုံးမိနစ်အကြာတွင် ကလေး (၅) ဦးက စားပွဲလေးတစ်လုံးတွင် ထိုင်နေကြပြီ ဖြစ်လေ၏။

မတိုင်လင်ကတင် တခြားကလေးများကို ကလေးဟု ခေါ်ခဲ့သော ဖုန်းကျားယန်က ထောင်ထောင်၏ မျက်နှာချင်းဆိုင်တွင် တည်တံ့စွာလေး ထိုင်နေတော့သည်။

[ ဖုန်းကျားယန်: အနံ့က အတော်လေးမွှေးတာပဲ! ]

[ ဟားဟား၊ အနံ့မွှေးတယ် ဆိုတဲ့စကားက နောက်ကျရင် နောက်ကျမယ်၊ ဒါပေမဲ့သေချာပေါက်တော့ ရှိနေမှာပဲ ]

ထိုင်ပြီးသည်နှင့် ထောင်ထောင်က နှာခေါင်းလေးကို တရှုံ့ရှုံ့လုပ်ပြီး တစ်ဖက်သို့ လှည့်ကြည့်လိုက်လေသည်။

စက္ကန့်အနည်းငယ်အကြာတွင် အိမ်ထဲမှ လူတစ်ယောက်က အငွေ့တထောင်းထောင်း ထွက်နေသော မနက်စာကို သယ်ဆောင်၍ ထွက်လာခဲ့၏။

ထောင်ထောင်၏ အကြည့်က မွှေးကြိုင်လွန်းသော ပန်းကန်ခွက်ယောက်များ၏ အပေါ်တွင်သာ စွဲမြဲနေပြီး မနက်စာကို စားပွဲပေါ်တွင် တင်လိုက်သည်နှင့် သူမက တူကို ချက်ချင်း ကောက်ကိုင်လိုက်တော့သည်။

“ဒီနေ့ရဲ့ မနက်စာကတော့ ထူးခြားတဲ့ ဆန်ခေါက်ဆွဲ အမျိုးအစား ဖြစ်ပါတယ်၊

ခင်ဗျားတို့ရဲ့ အရှေ့က စားပွဲပေါ်မှာ ပေါင်းထားတဲ့ ဆန်ခေါက်ဆွဲ၊ဆီသတ်ထားတဲ့ ဆန်ခေါက်ဆွဲနဲ့ အသားနှပ် ဆန်ခေါက်ဆွဲတွေက ရှိပါတယ်၊ ကိုယ့်ရဲ့စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်၊ မလောက်ရင်လည်း ထပ်တောင်းလို့ ရပါတယ်”

အစီအစဉ်တင်ဆက်သူက ဟင်းလျာများကို မိတ်ဆက်ပေးနေသည့်အချိန်မှာပင် ထောင်ထောင်က မအောင့်နိုင်တော့ဘဲ သူမ၏ ပန်းကန်လုံးလေးထဲသို့ ပေါင်းထားသော ဆန်ခေါက်ဆွဲများကို အပြည့်ထည့်လိုက်တော့၏။

ဆန်ခေါက်ဆွဲများကို ဝါးပိုးအိုးထဲတွင် စိတ်ရှည်စွာဖြင့် ပေါင်းထားခြင်း ဖြစ်သည်။

ထို့အပြင် ပဲပင်ပေါက်၊ အချဉ်တည်ထားသော ဟင်းသီးဟင်းရွက်များနှင့် ကြက်သွန်မြိတ်တို့ကို ရောနယ်၍ နောက်ဆုံးတွင် လက်လုပ် အသားဆော့စ်ကို အပေါ်မှ ဆမ်းပေးထားလေ၏။

ထောင်ထောင်က ပေါင်းထားသော ဆန်ခေါက်ဆွဲကို ပါးစပ်ထဲသို့ ထည့်လိုက်သည်နှင့် မျက်လုံးလေးများက ချက်ချင်းပင် တောက်ပသွားခဲ့ရသည်။

ဆန်ခေါက်ဆွဲက ဆန်နှင့် ဝါးရနံ့သင်းသင်းလေးက ရှိနေပြီး၊ အမြည်းဟင်းလျာများကလည်း လန်းဆန်းသော အရသာကို ပေးစွမ်းနေ၏။

အသားဆော့စ်တွင် ဒေသထွက် လတ်ဆတ်သော ဝက်သားနှင့် မှိုများကို အသုံးပြုထား၍၊ အရသာမျိုးစုံကို ပါဝင်သော်လည်း တစ်ခုနှင့်တစ်ခု ဆန့်ကျင်ခြင်းမရှိဘဲ အီခြင်းလည်း လုံးဝမရှိပေ။

ထောင်ထောင်က ပေါင်းထားသော ဆန်ခေါက်ဆွဲကို ပန်းကန်ဝက်ခန့်ကို လျင်မြန်စွာ စားသောက်လိုက်လေသည်။

ပန်းကန်ကို ချလိုက်ပြီးနောက်တွင် ထောင်ထောင်က အားမရသေးဘဲ နှုတ်ခမ်းလေးကို လျှာဖြင့် သပ်လိုက်ပြီး ကျန်ရှိနေသော ဆီသတ်ခေါက်ဆွဲနှင့် အသားနှပ်ခေါက်ဆွဲများဆီသို့ အကြည့်လွှဲလိုက်ပြန်၏။

ဒါတွေကလည်း စားလို့ကောင်းမယ့်ပုံပဲ။

တခြားသူများက မနက်စာကို စားရင်း စကားပြောနေကြသော်လည်း ထောင်ထောင်က တူကို ကိုင်လိုက်သည်နှင့် ပါးစပ်က တစ်ခေါက်မျှ မနားတော့ပေ။

အရသာရှိလွန်းသောကြောင့် စကားပင် မပြောချင်တော့သောကြောင့် ဖြစ်သည်။

ပေါင်းထားသော ဆန်ခေါက်ဆွဲ ပန်းကန်ဝက်၊ ဆီသတ်ခေါက်ဆွဲ ပန်းကန်ဝက်၊ အသားနှပ်ခေါက်ဆွဲ ပန်းကန်ဝက်...။

သူမက တစ်ပတ်ပြည့်အောင် စားပြီးနောက်တွင် အသစ်တစ်ကြိမ် ပြန်စပြန်သည်။

မည်သည့်အရသာကို စားသည်ဖြစ်စေ၊ ဆန်ခေါက်ဆွဲက ပါးစပ်ထဲသို့ ရောက်သွားသည့်အချိန်တွင် ထောင်ထောင်က ပျော်ရွှင်စွာဖြင့် မျက်လုံးလေးများကို မှေးသွားတတ်ပြီး ဝါးနေချိန်အတွင်း ခေါင်းလေးကိုလည်း ညင်သာစွာ ခါယမ်းနေတတ်၏။

ထောင်ထောင်က အားရပါးရ စားနေသည်ကို မြင်သည့်အချိန်တွင် တခြားကလေးများကလည်း သွားရည်ကျလာကြရသည်။

အစပ်ကို မစားနိုင်သော မုန့်လျိုပင်လျှင် အစပ်ကြောင့် ချွေးများက ထွက်နေသော်လည်း ဆန်ခေါက်ဆွဲ တစ်ပန်းကန်လုံးကို ကုန်အောင် စားလိုက်တော့၏။

[ ထောင်ထောင်က စားနေတာက အရမ်းကို အရသာရှိမယ့်ပုံပဲ! ဆန်ခေါက်ဆွဲက တကယ်ကြီး အဲဒီလောက် ကောင်းလို့လား၊

ငါတောင် သွားရည်ကျလာပြီ! (စပ်စုချင်နေသော ကြောင်လေး) ]

[ အရသာရှိတယ်! ဆန်ခေါက်ဆွဲကို လုပ်ပုံလုပ်နည်းက ဆန်မုန့် တွေနဲ့ တူတယ်၊ ဒါပေမဲ့ ကောက်ညှင်းဆန်ရဲ့အစား သာမန်ဆန်ကို အသုံးပြုထားတာ၊

အသားကတော့ အရမ်းမကျစ်ပေမဲ့ ပိုပြီးတော့ နုညံ့စေးပိုင်တယ်၊ အထူးသဖြင့် မီးကင်ထားတဲ့ ဆန်မုန့်တွေဆိုရင်တော့ ကာဗိုဟိုက်ဒရိတ် ကြိုက်တဲ့သူရဲ့တွေအတွက် အိပ်မက်ပဲ! ]

[ ဒီမနက် ငါက ထမင်းစားတဲ့ချင်စိတ်က အရမ်းမရှိဘူး၊ ဒါပေမဲ့ ထောင်ထောင်က စားနေတာကို မြင်တော့ မနေနိုင်တော့ဘူး! အပြင်ကိုထွက်ပြီးတော့ ပေါက်စီ အကြီးကြီး နှစ်လုံးကို သွားဝယ်လိုက်ရတယ် ]

[ ငါကလည်း အတူတူပဲ၊ အစားအသောက်ကို ဝယ်တဲ့ App ကနေ ဆီသတ်ခေါက်ဆွဲကို တိုက်ရိုက် မှာလိုက်ပြီ၊

သူတို့က စားလို့ မပြီးခင်မှာ မှာထားတာက ရောက်လာပါစေလို့တော့ ဆုတောင်းနေတယ် (ဝတ်ပြုဆုတောင်းလျက်) ]

[ အခုဆိုရင် “မင်း ဘယ်ကိုသွားမလဲ ဘေဘီ” ကို အစားအသောက်ကို ပြသတဲ့ အစီအစဉ် လိုမျိုး ကြည့်နေရပြီ ဟားဟား၊

အရင်က ထမင်းစားတိုင်း အဲဒီလို အစီအစဉ်တွေကို ကြည့်ရတာ ကြိုက်တာ၊

အခုနောက်ပိုင်းတော့ ထမင်းစားချိန် ရောက်တိုင်း “မင်း ဘယ်ကိုသွားမလဲ ဘေဘီ” တိုက်ရိုက်လွှင့်မှုကိုပဲ ဖွင့်ပြီးတော့ ထောင်ထောင် စားတာကိုပဲ ကြည့်ဖြစ်တော့တယ် ]

ထောင်ထောင်၏ လှုံ့ဆော်မှုကြောင့် ကလေးများက ပုံမှန်ထက်ပင် ပို၍ စားခဲ့ကြပြီး တခြားစားပွဲရှိ လူကြီးများပင်လျှင် မသိစိတ်ဖြင့် ပုံမှန်ထက် ပိုမို၍ စားသုံးမိခဲ့ကြသည်။

မနက်စာကို စားပြီးနောက်တွင် ဧည့်သည်များကို ဒေသခံတို့၏ ဓလေ့ထုံးတမ်းနှင့် ယဉ်ကျေးမှုများကို ပိုမို၍ သိရှိစေရန်အတွက် ထုတ်လုပ်ရေးအဖွဲ့က သူတို့ကို ဒေသခံ ဝတ်စုံများကို လဲလှယ်ဝတ်ဆင်စေခဲ့၏။

ဤဒေသတွင် တိုင်းရင်းသား လူနည်းစုများစွာက ရှိနေသောကြောင့် ထုတ်လုပ်ရေးအဖွဲ့က ဧည့်သည် တစ်ဖွဲ့ချင်းစီ၏အတွက်ကို မတူညီသော တိုင်းရင်းသား ဝတ်စုံများကို သေချာစွာ ပြင်ဆင်ပေးထား၍ လူကြီးနှင့် ကလေး ဝတ်စုံများကလည်း လိုက်ဖက်ညီလွန်းပေသည်။

အမျိုးသားဝတ်စုံများက ပို၍ပင် ရိုးရှင်း၏။

စုကျင်းက အရင်ဆုံး လဲလှယ်ဝတ်ဆင်လိုက်ပြီးနောက် အခန်းထဲမှ ထွက်လာပြီး ကင်မရာ၏ အရှေ့တွင် ပေါ်လာသည့်အချိန်တွင် မရေမတွက်နိုင်သော လူများက အံ့အားသင့်သွားခဲ့ရသည်။

သူက ရင်ဘတ်နှင့် လက်မောင်းများတွင် ကြီးမားသော ပန်းထိုးပုံစံများက ပါဝင်သည့် ကော်လံမဲ့၊ အရှေ့ပွင့် အပြာရင့်ရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည်။

သူက ဦးထုပ်ကို မဆောင်းထားဘဲ ငွေထည် အဆင်တန်ဆာများကိုသာ ဝတ်ဆင်ထားလေသည်။

ထို့ကြောင့် သူက လျှောက်လှမ်းလိုက်တိုင်း လေထဲတွင် တချွင်ချွင်နှင့် မြည်နေခဲ့၏။

သူက မျက်ခုံးကို အနည်းငယ် ပင့်လိုက်ပြီး သူ၏ မိတ်ကပ်မပါသော မျက်နှာကို နေရောင်ခြည်၏ အောက်ဘက်တွင် ပြသလိုက်သည်။

အကြည်ဓာတ်မြင့်မားလွန်းသော မှန်ဘီလူး၏ အောက်ဘက်တွင် သူ၏ မျက်နှာပေါ်ရှိ မွေးညင်းနုလေးများကိုပင် အထင်အရှား မြင်တွေ့နေရ၏။

[ အို ဘုရားရေ! သူက အရမ်းကို ချောတာပဲ! ]

[ ဝန်ခံရမယ်၊ စုကျင်းရဲ့ မျက်နှာက တကယ့်ကို အံ့သြဖို့ ကောင်းတယ် ]

[ ကျေးဇူးပြုပြီးတော့ စုကျင်းရေ၊ နင့်ရဲ့ မျက်နှာကို ကောင်းကောင်း ဂရုစိုက်ပါ၊

နုပျိုပြီးတော့ ချောမောနေတုန်းမှာ ချောမောတဲ့ ပုံရိပ်တွေကို များများ ချန်ထားခဲ့ပါဦး၊

မဟုတ်ရင် နောက်နှစ်အနည်းငယ်ကြာရင် အိုစာသွားနိုင်တယ် (တိုးတိုးလေး ရေရွတ်လျက်) ]

[ ဟားဟား၊ အိုစာသွားမယ် ဟုတ်လား! ]

[ ဘာပဲပြောပြော အမျိုးသား အနုပညာရှင်တွေရဲ့ ထိပ်တန်းအချိန်က အရမ်းတိုတာကိုး (ငိုလျက်) ]

[ ဟုတ်တယ်! ဒါ့အပြင် အမျိုးသား အနုပညာရှင် အများစုက အမှန်တရားကို သတိမပြုမိကြဘဲ သူတို့ရဲ့ လူကြိုက်များမှုက သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ အရည်အချင်းကြောင့်လို့ အမြဲ ယုံကြည်နေကြတာ၊

ကျေးဇူးပြုပြီး! ပရိသတ်က နင့်မျက်နှာကိုပဲ ကြိုက်ကြတာ၊ ဟုတ်ပြီလား! ]

ပရိသတ်များက ဆွေးနွေးနေချိန်မှာပင် တခြားဧည့်သည်များကလည်း တံခါးကို ဖြည်းဖြည်းချင်း ဖွင့်ပြီး ထွက်လာကြသည်။

ကုန်းယာင်က အစိမ်းနုရောင် ရင်စည်းနှင့် တောက်ပသော အဝါရောင် လုံချည်ဝတ်စုံကို ဝတ်ဆင်ထား၏။

သူမ ထွက်လာသည်နှင့် ခြံဝင်းတစ်ခုလုံးက တောက်ပသွားသကဲ့သို ခံစားရသည်။

သူမ၏ လက်ကို ဆွဲပြီးတော့ ထွက်လာသူက တိုင်းရင်းသား ဝတ်စုံလေးကို လဲလှယ်၍ ဝတ်ဆင်ထားသော ထောင်ထောင်လေးပင် ဖြစ်၏။

ပန်းရောင်ရင့်ရင့် လက်ရှည်အရှေ့ပွင့် ဝတ်စုံလေးပေါ်တွင် ရောင်စုံပန်းပွင့်ပုံစံများကို စိပ်စိပ်လေး ပန်းထိုးထားသည်။

ဆံပင်ကိုလည်း သေချာစွာ ပြင်ဆင်ထားပြီး ငွေရောင်ပန်းဦးရစ်လေးကို ဆောင်းထားသည့် ထောင်ထောင်လေးက ကုန်းယောင်၏ လက်ကို ဆွဲပြီး အခန်းထဲမှ ခုန်ပေါက်ထွက်လာခဲ့၏။

“ကောကော!”

အဝေးမှ စုကျင်းကို မြင်လိုက်ရသည့်အချိန်တွင် သူမ၏ မျက်လုံးလေးများက တောက်ပသွားပြီး အော်ဟစ်၍ ပြေးသွားတော့သည်။

စုကျင်းက ချက်ချင်းပင် လက်ကိုဆန့်ထုတ်လိုက်ပြီး ထောင်ထောင်ကို ပွေ့ချီ၍ အပေါ်သို့ မြှောက်လိုက်လေ၏။

ငွေထည် အဆင်တန်ဆာလေးများ၏ တချွင်ချွင်မြည်သံနှင့်အတူ ထောင်ထောင်၏ ကြည်လင်လွန်းသော ရယ်မောသံလေးက လှပသော တေးသွားတစ်ခုကဲ့သို ပေါင်းစပ်သွားတော့သည်။

*

အခန်း(34)

[ ဝါး၊ တိုင်းရင်းသား ဝတ်စုံလေးနဲ့ ထောင်ထောင်က အရမ်းကိုချစ်ဖို့ကောင်းတာပဲ! ]

[ ငါတော့ ဘယ်လိုလုပ်ရပါ့မလဲ၊ သူတို့နှစ်ယောက်ကို တိုင်းရင်းသား ဝတ်စုံနဲ့ မြင်ရတာက ငါ့နှလုံးသားလေး တုန်ခါသွားတာပဲ! ]

[ ပြောရမယ်ဆိုရင်တော့ ဒီအစီအစဉ်က ဝတ်စုံဒီဇိုင်နာတွေနဲ့ အလှပြင်ဆင်ပေးသူတွေက တကယ့်ကို ကြိုးစားထားတာပဲ၊

ဝတ်စုံတစ်ခုချင်းစီက မူလလက်ရာကို မပျက်စေဘဲနဲ့ ဧည့်သည်တွေရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ လိုက်ဖက်အောင် နည်းနည်း ပြုပြင်ထားတာ၊ ဆံပင်ပုံစံနဲ့ မိတ်ကပ်တွေကိုပါ လိုက်ဖက်အောင် လုပ်ပေးထားတာပဲ ]

[ ဟေး၊ ရုပ်သံဇာတ်လမ်းတွဲကို ရိုက်တဲ့သူတွေက လာကြည့်ကြစမ်း! ဒါက မိတ်ကပ်နဲ့ အလှပြင်ဆင်မှုရဲ့ စံပြပုံစံပဲ! ]

[ ရှန်ထျန်းယွီရဲ့ ပုံစံကို မြင်တော့ ငါ့မှာ မျက်ရည်တောင် ကျမိတယ်၊

ဒါက သူ့ရဲ့ ဖျော်ဖြေပွဲ ဝတ်စုံတွေထက်တောင် ပိုပြီးတော့ လက်ရာမြောက်နေသေးတယ် ]

[ အို ဘုရားရေ၊ ကုန်းယာင်က အရမ်းလှတာပဲ! ဟီးဟီး၊ သူ့အနားမှာပဲ ကပ်နေချင်တော့တယ်! ]

[ ကလေးတွေကလည်း ချစ်စရာကောင်းလိုက်တာ! ချစ်စရာကောင်းတာက တကယ့်တရားမျှတမှုပဲ! ]

ထောင်ထောင်က စုကျင်း၏ ပွေ့ချီခြင်းကို ခဏမျှ ခံယူပြီးနောက်တွင် တိုင်းရင်းသား ဝတ်စုံများကို ဝတ်ဆင်ထားသော သူငယ်ချင်းများကို မြင်လိုက်ရသောကြောင့် သူမ၏ မျက်လုံးလေးများက ပြူးသွားပြီး စုကျင်းကို အောက်ချပေးရန် ပြောဆိုလိုက်လေ၏။

သူမက သူငယ်ချင်းများကို ဝိုင်းပတ်ပြီး စပ်စုချင်စိတ်ဖြင့် ကြည့်ရှုနေတော့သည်။

ကလေးများက တစ်ဦးကိုတစ်ဦး ကြည့်ပြီး ရယ်မောလိုက်ကြ၏။

ဝတ်စုံများကို လဲလှယ်ပြီးနောက်တွင် ဝန်ထမ်းများက ဧည့်သည်များကို ပထမဆုံးသော မှတ်တိုင်သို့ ခေါ်ဆောင်သွားပြီး တာဝန်များကို ပေးအပ်လိုက်တော့သည်။

ယနေ့တွင် အလုပ်သင်မိဘများနှင့် ကလေးများက ခွဲခွာကြရမည် ဖြစ်၏။

အလုပ်သင်မိဘများက ခြံဝင်းထဲတွင် ကျန်ရစ်ခဲ့ရပြီး အားခွိုက်ပြုလုပ်နည်းကို သင်ယူရမည် ဖြစ်သည်။

(T/n: Erkuai - ဆန်ခေါက်ဆွဲ)

ကလေးများက ကျေးရွာထဲသို့ သွားရောက်ပြီး အားခွိုက်ကို ပြုလုပ်ရန်အတွက် လိုအပ်သော ပါဝင်ပစ္စည်းများကို ရှာဖွေရမည် ဖြစ်၏။

ဝန်ထမ်းများက ကလေးတစ်ဦးစီကို ခြင်းတောင်းလေး တစ်လုံးစီကို ပေးပြီး တံခါးဝသို့ ခေါ်သွားပြီး တံခါးကို ပိတ်လိုက်လေသည်။

အထဲမှ လူကြီးများနှင့် ခွဲခွာသွားသော ကလေး (၅) ဦးက တစ်ဦးကိုတစ်ဦး ကြည့်နေကြတော့၏။

“ဒီမနက် စားခဲ့တဲ့ အားခွိုက်ထဲမှာ ဘယ်လို ပါဝင်ပစ္စည်းတွေက ပါသလဲဆိုတာကို မှတ်မိတဲ့သူ ရှိလား”

ချောင်ဟောက်ယွီက စကားစလိုက်လေ၏။

မုန့်လျိုက ခဏမျှ တွေးတောပြီးမှပြောလိုက်လေသည်။

“ငါက မှတ်မိတာကတော့ ပေါင်းထားတဲ့ အားခွိုက်ထဲမှာ ပဲပင်ပေါက်နဲ့ အသားဆော့စ် ပါတယ်”

မုန့်လျိုက အစပ်ကို အလွန်မစားနိုင်သောကြောင့် ဆီသတ်ခေါက်ဆွဲ သို့မဟုတ် အသားနှပ်ခေါက်ဆွဲများကို အလွန်မစားခဲ့ပေ။

ထို့ကြောင့် ပေါင်းထားသော ခေါက်ဆွဲထဲမှ ပါဝင်ပစ္စည်း အ

တချို့ကိုသာ မှတ်မိနေခြင်း ဖြစ်သည်။

“ဆီသတ်ခေါက်ဆွဲထဲမှာ ကြက်ဥနဲ့ အချဉ်တည်ထားတဲ့ ဟင်းသီးဟင်းရွက်တွေက ပါပုံရတယ်”

ကုရှန်ရှန်ကလည်း စားရသည်ကိုသာ အာရုံစိုက်နေသောကြောင့် ဤအသေးစိတ်အချက်များကို သတိမထားမိခဲ့ပေ။

ခဏမျှ စဉ်းစားပြီးနောက်တွင် ခေါင်းကို ခါယမ်းလျက်ပြောလိုက်လေသည်။

“အိုး၊ ဒါက အရမ်းခက်တာပဲ!”

“ငါတို့က ရှာကြည့်ရင်ရမလား”

ဖုန်းကျားယန်က သူ၏ အိတ်ထဲမှ ဖုန်းကို ထုတ်လိုက်လေ၏။

ကုရှန်ရှန်၏ မျက်လုံးလေးများက တောက်ပသွားပြီးပြောလိုက်လေသည်။

“ဒါက အဓိပ္ပာယ်ရှိသားပဲ!”

သို့သော် နောက်တစ်စက္ကန့်တွင် ဖုန်းကျားယန်တစ်ယောက် သူ၏ ဖုန်းက ဝေးကွာသွားသည်ကို ကြည့်နေရတော့၏။

သူက တောင့်တောင့်ကြီး ခေါင်းကိုမော့ကြည့်လိုက်လျှင် ဒါရိုက်တာ ကျိုးထင်၏ ပြုံးနေသော မျက်လုံးများနှင့် ဆုံလိုက်ရသည်။

“ခိုးကြည့်လို့ မရဘူးနော်~ မိသွားပြီ~”

ကျိုးထင်က သိမ်းဆည်းလိုက်သော ဖုန်းကို လှုပ်ယမ်းပြလိုက်လေ၏။

ဖုန်းကျားယန်က လူကြီးလေးတစ်ယောက်ကဲ့သို့ သက်ပြင်းချလိုက်ပြီးမေးလိုက်လေသည်။

“မတတ်နိုင်ဘူးလေ၊ အခုတော့ ဖုန်းကို သိမ်းထားလိုက်ပါ၊ ဒါပေမဲ့ မနက်ဖြန် ညနေ (၄) နာရီမှာ ကျွန်တော့်ကို ခဏ ပြန်ပေးလို့ ရမလား”

“ညနေ ၄ နာရီ?”

ကျိုးထင်းက မျက်ခုံးကို ပင့်လိုက်ပြီးမေးလိုက်လေသည်။

“ဘာလို့ ၄ နာရီလဲ”

ဖုန်းကျားယန်က ခပ်တိုးတိုး ဖြေလိုက်လေ၏။

“ကျွန်တော်က တစ်ခုခုကို ကြည့်ဖို့ လိုလို့ပါ”

ကျိုးထင်က ခဏမျှ တွေးတောလိုက်ပြီးနောက်တွင် ကလေးတစ်ဦး၏ ပိုင်ဆိုင်မှုကို အမှန်တကယ်ကြီး အပြီးသိမ်းမထားချင်သောကြောင့် သဘောတူလိုက်လေ၏။

“ကောင်းပြီ၊ (၄) နာရီမှာ ပြန်ပေးမယ်”

သူတို့၏ တစ်ခုတည်းသော မျှော်လင့်ချက်က ပျောက်ဆုံးသွားသည်ကို မြင်သည့်အချိန်တွင် ကုရှန်ရှန် နှုတ်ခမ်းလေးကို ဆူသွားပြီးမေးလိုက်လေသည်။

“ငါတို့က ဘယ်လိုလုပ်ကြမလဲ၊ နင်တို့ ရော ခေါက်ဆွဲထဲမှာ ဘာတွေကို ပါလဲဆိုတာကို မှတ်မိသေးရဲ့လား”

သူငယ်ချင်းများက စိုးရိမ်နေသည်ကို မြင်သည့်အချိန်တွင် ထောင်ထောင်က စိတ်ရှုပ်ထွေးသော ပုံစံဖြင့် ခေါင်းလေးကို စောင်းလိုက်လေ၏။

ဟင်။ ဘယ်သူမှ မမှတ်မိကြဘူးလား။

“ပေါင်းထားတဲ့ ဆန်ခေါက်ဆွဲထဲမှာ ပဲပင်ပေါက်၊ အချဉ်ကို တည်ထားတဲ့ ဟင်းသီးဟင်းရွက်၊ကြက်သွန်မြိတ်၊ ပဲငပိချို၊ ငရုတ်ဆီနဲ့ မှိုအသားဆော့စ် ပါပါတယ်၊

ဆီသတ်ခေါက်ဆွဲထဲမှာတော့ ဝက်ပေါင်ခြောက်၊ နှမ်းအနှစ်၊ ငရုတ်သီးဆော့စ်နဲ့ ပဲပင်ပေါက်တွေပါတယ်၊

အသားနှပ်ခေါက်ဆွဲထဲမှာတော့ ဝက်သားမျှင်၊ အချဉ်တည်ထားတဲ့ ဟင်းသီးဟင်းရွက်နဲ့ ပဲပင်ပေါက်တွေကို ပါတာပါ”

ထောင်ထောင်က နှုတ်ခမ်းလေးကို စေ့လျက် အရသာကို ပြန်လည်၍ စဉ်းစားလိုက်ပြီး ထပ်ပေါင်း၍ ပြောပြလိုက်လေသည်။

“သူတို့က ပဲငပိချို၊ ပဲငပိငံ၊ ငရုတ်ဆီနဲ့ ဝက်ဆီတွေကိုလည်း ထည့်ထားသေးတယ်”

ထောင်ထောင်က ဤရှည်လျားလွန်းသော စာရင်းကို ပြောပြီးသွားသည့်အချိန်တွင် အခန်းထဲတွင် ခဏမျှ တိတ်ဆိတ်သွားတော့၏။

[ ဒါက.. ထောင်ထောင်က ပြောတာက မှန်သလားဆိုတာကို တစ်ယောက်ယောက် ပြောပြနိုင်မလား ]

[ တခြားဟာတွေကို ခဏထားဦး၊ ပေါင်းထားတဲ့ ဆန်မုန့်အကြောင်းကတော့ ထောင်ထောင်က ပြောတာနဲ့ အတိအကျပဲ ]

[ (ဆွံ့အ) ငါဆိုရင် ပဲငပိချိုနဲ့ ပဲငပိငံကိုတောင် ခွဲခြားနိုင်မှာ မဟုတ်ဘူး၊

သီးသန့်ဆိုရင်တော့ ဟုတ်ပါပြီ၊ ဒါပေမဲ့ ဟင်းထဲမှာ ရောနေတာကို သူက ဘယ်လိုများ မြည်းစမ်းနိုင်တာလဲ! ]

[ ဒါက တိုက်ရိုက်လွှင့်နေတာသာ မဟုတ်ရင်၊ ဒါက ကြိုတင်စီစဉ်ထားတဲ့ အခန်းလို့တောင် ငါကထင်မိတော့မယ် ]

[ ဘယ်သူက ဒီလို မေးခွန်းမျိုးနဲ့ အခန်းကို စီစဉ်မှာလဲ (ရယ်လည်းရယ်၊ ငိုလည်းငိုလျက်) ]

ဒါရိုက်တာ ကျိုးထင်က မေးခွန်းထုတ်ခဲ့သူများထဲမှ တစ်ဦးဖြစ်သောကြောင့် ထောင်ထောင်၏ အဖြေက မှန်ကန်ကြောင်းကို သူမက သိရှိသည်။

ဤအခန်း၏ မူလရည်ရွယ်ချက်က ကလေးများ၏ အနေဖြင့် ဆန်ခေါက်ဆွဲထဲတွင် ပါဝင်လေ့ရှိသော သာမန် ပစ္စည်းတချို့ကို ရှာဖွေစေပြီး နေ့လယ်စာ၏အတွက်ကို စုဆောင်းစေရန်သာ ဖြစ်၏။

မထင်မှတ်ဘဲ ထောင်ထောင်က ဆန်ခေါက်ဆွဲကို အမျိုးအစားအလိုက် ပါဝင်ပစ္စည်းများကို ခွဲခြားနိုင်ရုံသာမက ဆော့စ်များ၏ အခြေခံကိုပါ ခွဲခြမ်းစိတ်ဖြာနိုင်ခဲ့သည်။

တခြားသူများက အံ့သြနေချိန်တွင် ထောင်ထောင်၏ သူငယ်ချင်းများက အလွန်ပင် ဝမ်းသာသွားကြတော့၏။

“ဝါး”

ကုရှန်ရှန်က ပါးစပ်လေးက အဟောင်းသား ဖြစ်သွားပြီးနောက် မျက်လုံးလေးများက တောက်ပလျက် ထောင်ထောင်ကို ကြည့်ပြီး မေးလိုက်လေသည်။

“ထောင်ထောင်၊ နင်က ဒါကို ဘယ်လိုလုပ်ပြီးတော့ သိတာလဲ”

“အင်း”

ထောင်ထောင်က ထိုမေးခွန်းကြောင့် အနည်းငယ် စိတ်ရှုပ်ထွေးစွာ ဖြစ်သွားရပြီးပြန်ဖြေလိုက်ပေသည်။

“စားကြည့်လိုက်တော့ သိတာပဲလေ”

“နင်က ဆိုလိုတာက မြည်းစမ်းကြည့်ပြီးတာနဲ့ အကုန်လုံးကိုမှတ်မိသွားတာလား”

မုန့်လျိုက စပ်စုချင်စိတ်ဖြင့် မေးလိုက်လေ၏။

“မှတ်မိတာတော့ မဟုတ်ဘူး၊အဲဒါက.. အဲဒါက”

ထောင်ထောင်က မျက်မှောင်ကြုတ်ပြီး အချိန်ကြာမြင့်စွာ စဉ်းစားသော်လည်း သင့်တော်သော စကားလုံးကို ရှာမတွေ့ဘဲပြောလိုက်လေသည်။

“စားပြီးသွားတော့ အဲဒီအရသာကို မေ့လို့မရတော့တာ”

ထောင်ထောင်၏ ရှင်းပြချက်က ဝေဝါးနေသော်လည်း သူမ၏ သူငယ်ချင်းများက ထပ်မံ၍ မမေးကြတော့ပေ။

ကုရှန်ရှန်က အားကျသော အကြည့်များဖြင့် ချီးကျူးလိုက်လေသည်။

“ထောင်ထောင်၊ နင်က တကယ် တော်တာပဲ!”

“ဒီသဲလွန်စတွေက ရှိနေရင် ပစ္စည်းရှာရတာက ပိုလွယ်သွားပြီ”

ထောင်ထောင်က ရှင်းပြပြီးသည်နှင့် ဖုန်းကျားယန်က အရာအားလုံးကို တိတ်တဆိတ် မှတ်သားထားလိုက်လေပြီ။

မုန့်လျိုကလည်း ပြောလိုက်လေသည်။

“ထောင်ထောင်က ငါတို့ကို အများကြီး ကူညီပေးတာပဲ”

“ဟီးဟီး”

ထောင်ထောင်က ပါးချိုင့်လေး နှစ်ဖက်ကို ပေါ်လာသည်အထိ ရှက်ပြုံးလေးကို ပြုံးလိုက်တော့၏။

ထောင်ထောင်ဆိုသော ကုဒ် ရှိနေသောကြောင့် ကလေးများက လမ်းကြောင်းကို လျင်မြန်စွာပင် ရှာဖွေနိုင်ခဲ့ပြီး ခြင်းတောင်းလေးများဖြင့် ထွက်ခွာလာခဲ့ကြတော့သည်။

လမ်းတစ်ဝက်တွင် ချောင်ဟောက်ယွီက ထောင်ထောင်၏ အနားသို့ တိတ်တဆိတ် ကပ်လာပြီးမေးလိုက်လေသည်။

“ထောင်ထောင်၊ မင်းက အဲဒါကို ဘယ်လို လုပ်တာလဲ”

“ဘယ်လို လုပ်တာလဲ ဆိုတာက ဘာကို ပြောတာလဲ”

ထောင်ထောင်က စိတ်ရှုပ်ထွေးစွာဖြင့် ပြန်မေးလိုက်လေသည်။

“ခုနက အဲဒီ ပါဝင်ပစ္စည်းတွေကို ဘယ်လိုလုပ်ပြီးတော့ မြည်းစမ်းနိုင်တာလဲ”

ချောင်ဟောက်ယွီက စိတ်လှုပ်ရှားစွာဖြင့်ပြောလေသည်။

“ငါ့ကိုလည်း သင်ပေးပါဦး”

“ဟင်”

ထောင်ထောင်က ခေါင်းလေးကို စောင်းလိုက်လေ၏။

ထောင်ထောင်က စိတ်ရှုပ်ထွေး နေချိန်မှာပင် ထိုစကားကို ကြားသွားသော ကုရှန်ရှန်က ချက်ချင်းပင် ချောင်ဟောက်ယွီ၏ ကော်လံကို ဆွဲလိုက်ပြီးဟန့်တားလိုက်တော့သည်။

“ထောင်ထောင်ကို အနှောင့်အယှက် မပေးနဲ့!”

ချောင်ဟောက်ယွီက ကုရှန်ရှန်ကို ပြန်၍ စူးစိုက်ကြည့်လိုက်ပြီး ပြန်ပြောလိုက်လေ၏။

“ငါက အနှောင့်အယှက်ကို ပေးနေတာ မဟုတ်ပါဘူး၊ ငါက ထောင်ထောင်ကို သင်ပေးဖို့ပဲ ပြောတာပါ”

“ထောင်ထောင်လေးကို ငတုံးတစ်ယောက်ကို သင်ခိုင်းတာက အနှောင့်အယှက် ပေးတာ မဟုတ်လို့ ဘာလဲ”

ကုရှန်ရှန်က ပြောပြီး အရှေ့သို့ အမြန် လျှောက်သွားတော့၏။

ချောင်ဟောက်ယွီက ခဏမျှ အံ့အားသင့်သွားရပြီးမှ ချက်ချင်း ပြန်လည်၍ တုံ့ပြန်လိုက်ပြီး ဒေါသတကြီးဖြင့် နောက်မှ လိုက်သွားရင်း အော်ဟစ်နေတော့သည်။

“ကုရှန်ရှန်! အခု ချက်ချင်းပဲ ရပ်လိုက်စမ်း! မင်းက ဘယ်သူ့ကို ငတုံးလို့ ခေါ်တာလဲ!”

ချောင်ဟောက်ယွီနှင့် ကုရှန်ရှန်တို့က ရန်ဖြစ်နေသည့်အချိန်မှာပင် စနစ်က တာဝန်ပြီးမြောက်မှု အဆင့်က နောက်တစ်ကြိမ် မြင့်တက်လာသည်ကို သတိပြုမိလိုက်လေ၏။

စနစ်: [ ထောင်ထောင်! မင်း ဘာလုပ်လိုက်တာလဲ၊ တာဝန်ပြီးမြောက်မှု အဆင့်က ထပ်ပြီးတော့ တက်လာပြန်ပြီ! ]

ထောင်ထောင်က စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းလေးကို စောင်းလိုက်လေ၏။

[ ထောင်ထောင်က ဘာမှ မလုပ်ပါဘူး ]

သို့သော် တာဝန်ပြီးမြောက်မှု အဆင့်က မြင့်တက်လာကြောင်းကို စနစ်က အသိပေးလိုက်သည့်အချိန်တွင်၊ ထောင်ထောင်က သူမ၏ ကျောပေါ်ရှိ ခြင်းတောင်းလေးက ရုတ်တရက် ပေါ့ပါးသွားသကဲ့သို့ ခံစားလိုက်ရသည်။

ထို့အပြင် ပတ်ဝန်းကျင်၏ အခြေအနေကိုလည်း ပို၍ သတိပြုမိလာခဲ့၏။

*

All Chapters