အခန်း (၃၇-၃၈)
Vol. 4 Ch. 37-38
အခန်း(37)
ထောင်ထောင် တံခါးကို တွန်းမဖွင့်မီလေးတင် ချွေးများက ဒီးဒီးကျပြီး ညည်းတွားနေသော စုကျင်းက ထောင်ထောင်က ပေါ်လာသည်နှင့် ချက်ချင်းပင် ခန္ဓာကိုယ်ကို မတ်လိုက်ပြီး ဂရုမစိုက်သည့် အပြုံးမျက်နှာဖြင့်ပြောလိုက်လေသည်။
“ကောကောက အားခွိုက်ကို လုပ်နေတာလေ”
“အားခွိုက်!”
ထောင်ထောင်က အံ့သြသွားရကာ ပါးစပ်လေးက ဟသွားပြီး ဆုံထဲရှိ ဖြူဖွေး၍ စေးကပ်နေသော တိမ်တိုက်လေးများကို တောက်ပသောမျက်လုံးလေးများဖြင့် စိုက်ကြည့်နေတော့သည်။
“ဒီမနက်က ထောင်ထောင်က စားခဲ့တဲ့ ဆန်ခေါက်ဆွဲက ဒီအားခွိုက်ကို အမျှင်လေးတွေကို လှီးပြီးတော့ လုပ်ထားတာလေ”
“ဝါး”
ထောင်ထောင်က အားကျသော အကြည့်များဖြင့် စုကျင်းကို မော့ကြည့်လိုက်ပြီး မေးလိုက်လေသည်။
“ဒါဆိုရင် ထောင်ထောင်တို့က နေ့လယ်စာကို ဆန်ခေါက်ဆွဲကို စားရမှာလား”
“ဟုတ်တာပေါ့”
စုကျင်း၏ ဂရုမစိုက်သယောင် အဖြေကို ကြားလိုက်ရသည့်အချိန်တွင် ထောင်ထောင်က ချက်ချင်းပင် စိတ်လှုပ်ရှားသွားတော့၏။
“ကျားကျား! ထောင်ထောင်တို့က နေ့လယ်စာကို ဆန်ခေါက်ဆွဲ စားရတော့မယ်! ထောင်ထောင်ရဲ့ကောကောက လုပ်ပေးတာ!”
“ရှန်ရှန်! ထောင်ထောင်တို့က
ထောင်ထောင်ရဲ့ကောကော လုပ်ပေးတဲ့ ဆန်ခေါက်ဆွဲကို နေ့လယ်စာအတွက် စားရတော့မယ်!”
“မုန်လျို့၊ နင် ဆန်ခေါက်ဆွဲ ကြိုက်လား၊ ထောင်ထောင်ရဲ့ကောကော လုပ်ပေးမှာဆိုတော့ နောက်ကျရင် ငရုတ်သီးမပါဘဲ လုပ်စားလို့ ရတယ်နော်”
“ဟောက်ဟောက်ကောကော၊ ထောင်ထောင်ရဲ့ကောကောက ဆန်ခေါက်ဆွဲကို လုပ်တတ်တယ်!”
ထောင်ထောင်၏ မြှောက်ပင့်မှုများကြောင့် စုကျင်းက ရိုက်ကူးရေးနေရာတွင် ရုတ်တရက် အကျော်ကြားဆုံး အလုပ်သင်မိဘ ဖြစ်သွားခဲ့ရ၏။
သူ၏ လက်မောင်းများက နာကျင်မှုကြောင့် အနည်းငယ် တုန်ယင်နေသော်လည်း တည်ငြိမ်သော အမူအရာကို ဆက်လက်၍ ထိန်းသိမ်းထားရလေ၏။
[ ဟားဟား! စုကျင်း၊ ဟန်မဆောင်ပါနဲ့တော့၊ နင့်ရဲ့ပါးစပ်က နားရွက်တောင် တက်ချိတ်တော့မယ်! ]
[ ဒါက ညီအစ်ကို မောင်နှမ ချစ်ခြင်းမေတ္တာရဲ့ Filter လား၊ ငါက မားမားဖန်တစ်ယောက် ဖြစ်နေတာတောင် စုကျင်းရဲ့အပေါ်ကို ဒီလောက် ခိုင်မာတဲ့ Filter မျိုးမရှိဘူး (အံ့သြ) ]
[ တခြားကလေးတွေရဲ့ မျက်လုံးတွေကို ကြည့်ရတော့ အခုဆိုရင် ကလေးတွေရဲ့ကြားထဲမှာ စုကျင်းရဲ့ ရေပန်းစားမှုက ထိုးတက်သွားပြီဆိုတာကိုတော့ ငါ အာမခံတယ် ဟားဟား ]
နောက်ဆုံးတွင် ဆန်မုန့်ပြုလုပ်ရန်အတွက် သင့်တော်သော ပုံစံရအောင် ထောင်းပြီးသည့်အချိန်တွင် အလုပ်သင်မိဘများတိုင်းက ချွေးများဖြင့် ရွှဲနစ်နေကြပြီ ဖြစ်တော့၏။
ကလေးများကလည်း အပြင်တွင် နေပူထဲ၌ အချိန်ကြာမြင့်စွာ နေခဲ့ရသောကြောင့် ချွေးများ ထွက်နေကြသည်။
ထုတ်လုပ်ရေးအဖွဲ့က ဧည့်သည်များကို နောက်တစ်ဆင့်ကို မသွားမီ ရေချိုးခွင့်ကို ပေးလိုက်လေ၏။
ရေချိုးပြီးနောက်တွင် ထောင်ထောင်က အေးမြသော ဝတ်စုံလေးကို ဝတ်ဆင်ထားပြီး ဆံပင်ကို အထုံးလေး ထုံးထားလျက် ခြံထဲတွင် တခြားကလေးများနှင့်အတူ ဆော့ကစားနေခဲ့သည်။
ထိုအချိန်တွင် တင်ဆက်သူက အရှေ့သို့ ထွက်လာပြီး မေးလိုက်လေ၏။
“လူတိုင်းပဲ ဒီနေ့မနက်မှာ ပျော်ခဲ့ကြရဲ့လား”
မည်သူကမှ မတုံ့ပြန်မီမှာပင် ထောင်ထောင်က သူမ၏ လက်လေးကို အမြန် မြှောက်လိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်လေသည်။
“ပျော်ပါတယ်!”
တခြားကလေးများနှင့် ဆော့ကစားရခြင်းက အရာအားလုံးထဲတွင် အပျော်ဆုံးပင် ဖြစ်ပေသည်။
ထောင်ထောင်၏ တက်ကြွလွန်းသော အဖြေကို ကြားလိုက်ရသည့်အချိန်တွင် တင်ဆက်သူက မပြုံးဘဲ မနေနိုင်တော့ပေ။
“အလုပ်သင်မိဘတွေက ဆန်မုန့်တွေကို ပြင်ဆင်ပြီးသွားပြီ၊ ကလေးတွေကလည်း ပါဝင်ရဲ့ပစ္စည်း အမျိုးမျိုးကို ရှာတွေ့ခဲ့ကြပြီဆိုတော့၊
ကျွန်တော်တို့က နေ့လယ်စာ အစီအစဉ်ကို တရားဝင် စတင်လိုက်ရအောင်”
“ဆန်မုန့်တွေနဲ့ ပါဝင်ပစ္စည်းတွေကို သုံးပြီးတော့ ကိုယ်ပိုင် နေ့လယ်စာကို ကိုယ်တိုင် လုပ်ကြရအောင်!”
တင်ဆက်သူ၏ စကားကို ကြားသည့်အချိန်တွင် ထောင်ထောင်က ဝမ်းသာအားရဖြင့် မေးလိုက်လေ၏။
“ဘာမဆို လုပ်လို့ရတာလား”
တင်ဆက်သူက ခေါင်းကိုငြိမ့်ပြလိုက်ပြီး ပြောလိုက်လေသည်။
“အစာရေစာကို မဖြုန်းတီးသရွေ့တော့ ဆန်မုန့်တွေနဲ့ ပါဝင်ပစ္စည်းတွေကို သုံးပြီးတော့ ဘာမဆိုကို လုပ်လို့ရပါတယ်၊
ချက်ပြုတ်ဖို့အတွက် လိုအပ်တဲ့ ကိရိယာတိုင်းကိုလည်း ပြင်ဆင်ပေးထားပါတယ်”
တင်ဆက်သူက စကားပြောနေချိန်မှာပင် ဝန်ထမ်းများက ချက်ပြုတ်ကိရိယာများက ပါဝင်သောရွေ့လျားမီးဖိုချောင် တစ်ခုကို တွန်းထုတ်လာခဲ့၏။
ဤသည်ကို ရွေ့လျားမီးဖိုချောင် ဟု ခေါ်ဆိုခြင်းက အနည်းငယ် ချဲ့ကားပြောဆိုခြင်းပင် ဖြစ်သည်။
အမှန်တကယ်တွင် ဤသည်က လမ်းဘေးဆိုင်ငယ်တစ်ခု၏ ကိရိယာများအတိုင်းပင် ဒယ်အိုးများ၊ ဟင်းရည်အိုးများ၊ ပေါင်းအိုးများ စသည်ဖြင့် အစုံအလင် ပါရှိ၏။
ရွေ့လျားမီးဖိုချောင်က ထွက်လာပြီးနောက်တွင် အခြေအနေက ချက်ချင်းပင် သက်ဝင်လှုပ်ရှားလာတော့သည်။
တစ်မနက်ခင်းလုံး ကာယလုပ်အားကို စိုက်ထုတ်ခဲ့ရသောကြောင့် ဧည့်သည်များက နှုတ်မှ မပြောသော်လည်း လူတိုင်းက ဆာလောင်နေကြပြီ ဖြစ်၏။
မီးဖိုချောင်သုံး ကိရိယာများကို မြင်လိုက်ရသည့်အချိန်တွင် သူတို့၏ မျက်လုံးများက တောက်ပသွားခဲ့ကြသည်။
ယမန်နေ့ညက ချက်ပြုတ်ပြိုင်ပွဲ ပြီးနောက်တွင် ဧည့်သည်များက တစ်ဦးနှင့်တစ်ဦး၏ ဟင်းချက်စွမ်းရည်ကို ရှင်းလင်းစွာ နားလည်ထားကြပြီး ဖြစ်၏။
ထို့ကြောင့် သူတို့က ကုန်းယာင်ကို ချက်ချင်းပင် ဦးဆောင်စားဖိုမှူးနှင့် အထွေထွေမန်နေဂျာအဖြစ်သို့ တင်မြှောက်လိုက်ကြတော့သည်။
“တန်ကောက ဆီသတ်တာ ပိုတော်တာဆိုတော့၊ ဆီသတ်တဲ့ ဟင်းတွေကို တာဝန်ယူပေးပါဦး”
ကုန်းယာင်၏ စကားကို ကြားသည့်အချိန်တွင် တန်ကျစ်ရှီက အပြုံးတစ်ခုနှင့် ပြောလိုက်လေ၏။
“ရှောက်မေ့၊ ထျန်းယွီ၊ မင်းတို့နှစ်ယောက်က ဟင်းသီးဟင်းရွက်တွေကို လှီးပေးနိုင်မလား”
ရှန်ထျန်းယွီက ခေါင်းကိုငြိမ့်ပြလိုက်ပြီး ချင်းရွှမ်ကလည်း ပြန်ဖြေလိုက်လေသည်။
“ပြဿနာ မရှိပါဘူး”
“စုကျင်း”
ကုန်းယာင်က စုကျင်း၏ ဘက်သို့ လှည့်လိုက်သည့်အချိန်တွင် သူမ၏ အမူအရာက ခဏမျှ တုံ့ဆိုင်းသွားရသော်လည်း၊ မကြာမီမှာပင် နောက်ဆုံးဆုံးဖြတ်ချက်ကို ချလိုက်လေ၏။
“ရှင်က ကလေးတွေကို ခေါ်ပြီးတော့ ဟင်းသီးဟင်းရွက်တွေကို သွားဆေးလိုက်”
[ ရယ်ရတယ်၊ စုကျင်းကို ကြည့်တဲ့ ကုန်းယာင်ရဲ့ အကြည့်က အခက်တွေ့နေတဲ့ ပုံရိပ် ပဲ ]
[ ဟားဟား၊ ဒီအကြည့်က လှုပ်ရှားနေတဲ့ ပုံတောင် မဟုတ်ဘူး၊ ငါ့ရဲ့မျက်နှာပြင်က ရပ်သွားတာလားလို့တောင် ထင်မိတယ် ]
[ ဖူး.. စုကျင်းက စိတ်ပျက်နေတာကို ကြည့်ရတာ တကယ်စိတ်ကျေနပ်စရာပဲ ]
စုကျင်းက မပြန်ပြောနိုင်မီမှာပင် ထောင်ထောင်က ပျော်ရွှင်စွာဖြင့် အော်ဟစ်လိုက်လေသည်။
“ကောင်းပါပြီ!”
ထို့နောက်တွင် ထောင်ထောင်က စုကျင်း၏ အင်္ကျီလက်ကို ဆွဲပြီးမေးလိုက်လေ၏။
“ကောကော၊ ထောင်ထောင်တို့နဲ့အတူ ဟင်းသီးဟင်းရွက်တွေကို ဆေးရမှာဆိုတော့ ပျော်တယ်မလား”
“ပျော်ပါတယ်”
ဤစကားလုံး နှစ်လုံးကို စုကျင်းပ အံကြိတ်၍ ပြောလိုက်ရခြင်း ဖြစ်သည်။
ကလေးများက စုရုံးပြီးနောက်တွင် သူတို့၏ အသစ်ခန့်အပ်ခြင်းခံရသော ဗိုလ်မှူးအဖြစ် စုကျင်းက သူ၏ ပထမဆုံး ပြဿနာနှင့် လျင်မြန်စွာပင် ရင်ဆိုင်လိုက်ရပေသည်။
ပေးထားချက်: ခြံထဲတွင် ရေဘုံဘိုင် နှစ်ခု ရှိ၏။
ပေးထားချက်: ဟင်းသီးဟင်းရွက် ဆေးမည့်အဖွဲ့တွင် လူက (၆) ဦး ရှိသည်။
အကျိုးအရှိဆုံး ဖြစ်စေရန်အတွက် အဖွဲ့ကို အဖွဲ့ငယ် နှစ်ခုခွဲလိုက်ပြီး တစ်ဖွဲ့လျှင် ရေဘုံဘိုင် တစ်ခုစီမှ ရေယူ၍ ဆေးကြောသင့်သည်ဟု ကောက်ချက်ချနိုင်၏။
“ဒါဆိုရင် ငါတို့က အဖြူအမည်း ရွေးတဲ့ ကစားနည်းနဲ့ အဖွဲ့ခွဲကြရင် ဘယ်လိုလဲ”
စုကျင်းက အကြံပြုလိုက်လေသည်။
ထောင်ထောင်က အရင်ဆုံး ဝင်ပြောလိုက်ပြီး သူမ၏ လက်လေးကို အပေါ်သို့ မြှောက်လျက် အော်လိုက်လေ၏။
“အဖြူအမည်း! အဖြူအမည်း!” –
တခြားကလေးများ၏ အမူအရာက အမျိုးမျိုး ကွဲပြားနေကြသည်။
ကုရှန်ရှန်၏ အမူအရာက ချက်ချင်းပင် တင်းမာသွားရပြီး သူမ၏ လက်များကို ပြင်းထန်စွာ ပွတ်သပ်ပြီး ထပ်ခါတလဲလဲ ရေရွတ်နေတော့၏။
“ကျေးဇူးပြုပြီး၊ ကျေးဇူးပြုပြီး၊ငါက ထောင်ထောင်နဲ့ တစ်ဖွဲ့တည်း ဖြစ်ပါစေ!”
“ဟင်း”
ချောင်ဟောက်ယွီက သူ၏ မေးစေ့ကို ဂုဏ်ယူစွာဖြင့် မြှောက်ကာပြောလိုက်လေသည်။
“မင်းက အဲဒါကို မေ့လိုက်စမ်းပါ၊ ငါက ထောင်ထောင်နဲ့ သေချာပေါက် တစ်ဖွဲ့တည်း ဖြစ်မှာပါ!”
မုန်လျို့က သူ၏ လက်လေးများကို ဆန့်ထုတ်လိုက်ပြီး လက်ဖဝါးနှင့် လက်ဖမိုးကို လျင်မြန်စွာ ပြောင်းလဲနိုင်ရန် နောက်ဆုံးမိနစ်တွင် ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်နေတော့သည်။
ဖုန်းကျားယန်က မည်သည်ကိုမှမပြောသော်လည်း နှုတ်ခမ်းကို စေ့ထားပြီး သူ၏ အမူအရာက ပိုမို၍ တည်ကြည်လာခဲ့၏။
ရိုးရှင်းသော အဖြူအမည်း ရွေးသည့် ကစားနည်းလေးသာ ဖြစ်သော်လည်း တရားဝင် မစတင်မီမှာပင် အခြေအနေက ရုတ်တရက် လေးလံသွားသကဲ့သို့ထင်ရသည်။
[ ဟူး.. ဒါကို ကြည့်နေရင်းနဲ့ ငါတောင် နည်းနည်းလောက် စိတ်လှုပ်ရှားလာတယ် ]
[ ငါ ဘယ်လိုလုပ်ရမလဲ၊ ဒါက အဖြူအမည်း ရွေးတဲ့ ကစားနည်းလေးပဲကို၊ ဒါပေမဲ့ တစ်ခုခုကြောင့် အရမ်းကို ရင်ခုန်စရာ ကောင်းနေသလိုပဲ! ]
[ ရုတ်တရက်ကြီး နောက်ဆုံး အဖွဲ့ခွဲတဲ့ ရလဒ်က ဘယ်လိုထွက်လာမလဲဆိုတာကို ငါက အတော်လေးကို စပ်စုချင်လာပြီ ]
လူတိုင်းက တညီတညွတ်တည်း အဖြူအမည်း ရွေးချယ်မှုကို သုံးကြိမ် ပြုလုပ်ပြီးနောက်၊ စတုတ္ထအကြိမ်တွင် (၃:၃) ဆိုသော ပြီးပြည့်စုံသော ရလဒ်ကို နောက်ဆုံးတွင် ရရှိခဲ့၏။
ထိုခဏချင်းမှာပင် တချို့သူများက အလွန်ဝမ်းသာသွားကြပြီး တချို့က နှလုံးကြေကွဲသွားကြရသည်။
ကုရှန်ရှန်၏ မျက်လုံးများက ချက်ချင်းပင် ပြူးသွားပြီး ဖုန်းကျားယန်၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာခဲ့၏။
“ကောင်းလိုက်တာ! ထောင်ထောင်၊ ငါတို့က တစ်ဖွဲ့တည်းပဲ!”
တစ်ချိန်တည်းမှာပင် သူမ၏ ဘေးရှိ မုန်လျို့နှင့် ချောင်ဟောက်ယွီတို့က အနည်းငယ် စိတ်ပျက်သွားပုံ ရသည်။
“ဒါက ဘယ်လိုလိုက်ပြီးတော့ဖြစ်နိုင်မှာလဲ!”
ချောင်ဟောက်ယွီက ပါးစပ်လေးက အဟောင်းသား ဖြစ်သွားရပြီး သူ၏ လက်ကို စိုက်ကြည့်လျက်ပြောလိုက်လေသည်။
“ငါက ဘာလို့ ထောင်ထောင်နဲ့ တစ်ဖွဲ့တည်း မဖြစ်ရတာလဲ!”
“ဟီးဟီး”
ကုရှန်ရှန်က သူမ၏ နှာခေါင်းလေးကို ရှုံ့လိုက်ပြီး ဂုဏ်ယူစွာဖြင့် ဝါကြွားလိုက်လေသည်။
“ထောင်ထောင်နဲ့ ငါက တစ်ဖွဲ့တည်းပဲ၊ ဟားဟား”
မုန်လျို့က သူ၏ လက်ဖမိုးကို ကြည့်ပြီး အနည်းငယ် စိတ်ပျက်သွားရသည်။
ထိုခဏ၌ သူက သူ၏ လက်ကို လွှင့်ပစ်လိုက်ချင်စိတ်ပင် ဖြစ်သွားခဲ့ရသည်။
အဖြူအမည်း ရွေးချယ်မှုအပြီးတွင် အဖွဲ့ခွဲသည့် ရလဒ်များက နောက်ဆုံးတွင် ထွက်ပေါ်လာတော့၏။
ဟင်းသီးဟင်းရွက် ဆေးအဖွဲ့ (၁) : ထောင်ထောင်၊ ကုရှန်ရှန်၊ ဖုန်းကျားယန်။
ဟင်းသီးဟင်းရွက် ဆေးအဖွဲ့ (၂ ): စုကျင်း၊ ချောင်ဟောက်ယွီ၊ မုန်လျို့။
ထောင်ထောင်နှင့် သူမ၏ သူငယ်ချင်းများက ရေဘုံဘိုင်ဆီသို့ စကားပြောပြီး ရယ်မောရင်း လျှောက်သွားကြသည်။
ဤသည်က တခြားအဖွဲ့၏ လေးလံသော အခြေအနေနှင့် သိသာစွာ ကွာခြားနေ၏။
လမ်းတစ်လျှောက်တွင် ချောင်ဟောက်ယွီက တတွတ်တွတ် ရေရွတ်နေတော့သည်။
“ငါသာ လက်ဖဝါးကို ရွေးခဲ့ရင် ထောင်ထောင်နဲ့ တစ်ဖွဲ့တည်း ဖြစ်မှာ၊
တကယ်တော့ ပထမ သုံးခါလုံး ထောင်ထောင်နဲ့ ငါနဲ့က တူတူပဲကို၊
ဒုတိယအချီမှာ တခြားတစ်ယောက်ယောက်သာ လက်ဖမိုးကို ရွေးခဲ့ရင်”
စုကျင်းက သူ၏ ညည်းညူသံများကို (၁၀) မိနစ်တိတိ နားထောင်ပြီးနောက်၊ သူ၏ နဖူးပေါ်ရှိ သွေးကြောများက တဒိတ်ဒိတ် ခုန်လာရပြီး နောက်ဆုံးတွင် စိတ်မရှည်တော့ဘဲ အော်ပြောလိုက်လေ၏။
“ငါရော ထောင်ထောင်နဲ့ တစ်ဖွဲ့တည်း မဖြစ်ချင်ဘူးလို့ ထင်နေလို့လား!”
စုကျင်း၏ ထိုစကားများကို ကြားရပြီးနောက်တွင် တစ်ချိန်လုံး ညည်းညူနေခဲ့သော ချောင်ဟောက်ယွီက စကားစရပ်သွားရသည်။
ထို့နောက် တိတ်ဆိတ်နေခဲ့သော မုန်လျို့ကလည်း ရုတ်တရက် ခေါင်းကိုမော့လာခဲ့သည်။
ကလေးနှစ်ဦးက စုကျင်းကို တစ်ပြိုင်နက်တည်း ကြည့်လိုက်ကြပြီး ပါးစပ်လေးများက အဟောင်းသား ဖြစ်နေခဲ့ရရှာ၏။
တိုက်ရိုက်လွှင့်ခန်းထဲတွင်လည်း ရယ်မောသံများက ပြည့်နှက်သွားတော့သည်။
အခန်း(38)
[ ဟားဟား၊ စုကျင်းက နောက်ဆုံးတော့ သူ့ရဲ့ရင်ထဲက အမှန်တရားကို ပြောချလိုက်ပြီ! ]
[ စုကျင်း: မင်းတို့ ဘာတွေ ညည်းနေတာလဲ၊ ငါကရော ထောင်ထောင်နဲ့ တစ်ဖွဲ့တည်း မဖြစ်ချင်ဘူး ထင်နေလို့လား! ]
[ အရမ်းရယ်ရတာပဲ၊ စုကျင်းက အဲဒီလိုမျိုး ပြောလိုက်တဲ့အချိန်မှာ သူ့ရဲ့ မကျေမနပ်ဖြစ်မှုကို ငါက အပြည့်အဝကို ခံစားလိုက်ရတယ် ]
[ ရေဘုံဘိုင်က နှစ်ခုရှိတာနဲ့ပဲ အဖွဲ့ခွဲရမယ်လို့ မဆိုလိုပါဘူး! တစ်ဦးတည်းသော လူကြီးတစ်ယောက်အနေနဲ့ စုကျင်းက ကလေး (၅) ယောက်လုံးကို ခေါ်ပြီးတော့ ဟင်းသီးဟင်းရွက်ကို အတူဆေးလို့ ရတာပဲမဘား (စိတ်ရှုပ်ထွေးနေ) ]
[ (ရုတ်တရက် သဘောပေါက်သွား) အမြင်က ရုတ်တရက် ပွင့်သွားပြီ! ]
[ ဒါဆိုရင်၊ စုကျင်းက သူ့တွင်းကို သူတူးပြီး ပြန်ပိတ်မိနေတာပေါ့၊ (အော်ရယ်) ]
စုကျင်းက ဟင်းသီးဟင်းရွက်ဆေးအဖွဲ့ကို အူကြောင်ကြောင် လုပ်ရပ်များဖြင့် ဦးဆောင်နေချိန်မှာပင် ဒါရိုက်တာ ကျိုးထင်က မပြုံးဘဲ မနေနိုင်ပေ။
ဧည့်သည်ကို ဖိတ်ခေါ်သည့် အဆင့်တွင် ရိုက်ကူးရေးအဖွဲ့သားများက စုကျင်းကို ဖိတ်ခေါ်ရန်အတွက် အနည်းငယ် စိုးရိမ်ခဲ့ကြ၏။
မည်သို့ပင်ဖြစ်စေ ဤသည်က တိုက်ရိုက်လွှင့်ထုတ်မှု ဖြစ်ပြီး စုကျင်းက လုပ်ငန်းခွင်အတွင်း၌ စိတ်တိုတတ်သူအဖြစ် နာမည်ကြီးနေသောကြောင့်ပင်။
အကယ်၍ အစီအစဉ်တွင် တစ်ခုခုကို ဖြစ်ပွားခဲ့ပါက ပြဿနာဖြေရှင်းရန် တစ်ခုတည်းနှင့်တင် အကြီးအကျယ် ခေါင်းခဲရမည် ဖြစ်သည်။
နောက်ဆုံးတွင် ကျိုးထင်က ကျယ်ဆန်ကိုကိုက်၍ ဆုံးဖြတ်ချက်ချပြီး စုကျင်းထံသို့ ဖိတ်စာကို ပေးပို့ခဲ့ခြင်း ဖြစ်၏။
မထင်မှတ်ဘဲ...
ယမန်နေ့ညက တိုက်ရိုက်လွှင့်ထုတ်မှုက ပထမနေ့၏ အချက်အလက် စာရင်းဇယားများက ထွက်လာခဲ့သည်။
နောက်ကွယ်မှ အချက်အလက်များအရ စုကျင်းနှင့် ထောင်ထောင်တို့က ပါဝင်သော အခန်းက ပြန်လည်၍ ကြည့်ရှုနှုန်း အမြင့်ဆုံး ဖြစ်နေ၏။
ပြန်လည်ကြည့်ရှုနှုန်း အမြင့်ဆုံး ထိပ်တန်း အခန်း (၁၀) ခန်းတွင် စုကျင်းနှင့် ထောင်ထောင်တို့၏ အခန်းက ထက်ဝက်နီးပါးပင် ပါဝင်နေသည်။
ယနေ့မနက် စုကျင်းက ကလေး (၅) ဦးကို ဦးဆောင်ပြီး အလင်း၏ စွမ်းအား သီချင်းနှင့် ကပြခဲ့သော အခန်းက CCTV တရုတ်ဗဟိုရုပ်သံ ပေါ်တွင်ပင် ပျံ့နှံ့သွားခဲ့ပြီး CCTV ၏ ရေပန်းစားမှုစာရင်းတွင် ထိပ်ဆုံးသို့ တိုက်ရိုက် တက်လှမ်းသွားခဲ့၏။
ဤသည်က တခြားသော တိုက်ရိုက်လွှင့် ဖျော်ဖြေရေး အစီအစဉ်များစွာက ငွေပုံပေးလျှင်တောင် မရနိုင်သော အကျိုးသက်ရောက်မှု ဖြစ်သည်။
တိုးတက်လာသော အချက်အလက်များကို ကြည့်ရင်း ဆူညံနေသော ပတ်ဝန်းကျင်တွင်ပင် ကျိုးထင်က သူမ၏ မျက်နှာပေါ်မှ အပြုံးကို မထိန်းနိုင်တော့ပေ။
ယခုကြည့်ရသည်က စုကျင်းကို ဤအစီအစဉ်သို့ ဖိတ်ခေါ်ခဲ့ခြင်းက သေချာပေါက် မှန်ကန်သော ဆုံးဖြတ်ချက် ဖြစ်သည်။
တာဝန်များကို ခွဲဝေရာတွင် စုကျင်းက အသေးစိတ်ကြီး ခွဲဝေခြင်း မရှိပေ။
သူက ပါဝင်ပစ္စည်းများကို ခြင်းတောင်းငယ် နှစ်လုံးထဲသို့ ထည့်ပြီး တစ်ဖွဲ့လျှင် တစ်လုံးစီကို ပေးလိုက်ပြီး ကလေးများကိုယ်တိုင် ဆေးခိုင်းလိုက်ခြင်း ဖြစ်၏။
စုကျင်း၏ အဖွဲ့က ညည်းညူနေချိန်မှာပင် အာရုံစိုက်မှုတိုင်း၏ ဗဟိုချက်ဖြစ်သော ထောင်ထောင်က ရေဘုံဘိုင်နားရှိ ထိုင်ခုံလေးပေါ်တွင် ပျော်ရွှင်စွာ ထိုင်နေသည်။
ခြင်းတောင်းထဲတွင် ပါဝင်ပစ္စည်းများ ပြည့်နှက်နေသည်:
ပဲပင်ပေါက်၊ မုန်လာဥနီ၊ ကြက်သွန်နီ...
ထောင်ထောင်က ခြင်းတောင်းထဲရှိ ပစ္စည်းများကို သူမ၏ ဝိုင်းစက်နေသော မျက်လုံးလေးများဖြင့် သေချာစွာ စိုက်ကြည့်နေသည်က ဘဝ၏ အရေးကြီးသော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်နေသည့်ကဲ့သု့ပင်။
“ဒါဆို ဘယ်ဟာကနေ စပြီး ဆေးရမလဲ”
ထောင်ထောင်က စဉ်းစားနေချိန်မှာပင် ဖုန်းကျားယန်က မုန်လာဥနီတစ်လုံးကို တည်ငြိမ်စွာပင် ကောက်ကိုင်လိုက်လေ၏။
ထောင်ထောင်က ဖုန်းကျားယန်ကို ချက်ချင်းပင် လှည့်ကြည့်ပြီး မေးလိုက်လေသည်။
“ကျားကျား၊ နင်က မုန်လာဥနီကို ကြိုက်လို့လား”
“အင်း အများကြီးကြိုက်တယ်”
ဖုန်းကျားယန်က တည်ငြိမ်စွာဖြင့် ပြန်ဖြေလေသည်။
“ဒါပေမဲ့ ငါ ကြက်သွန်နီကိုတော့ မုန်းတယ်”
ထောင်ထောင်က ကြောင်တောင်တောင်လေးဖြင့် ခေါင်းကိုငြိမ့်ပြလိုက်ပြီးနောက် ရုတ်တရက် ပျော်ရွှင်သွားပြီးပြောလိုက်လေ၏။
“ဒါဆိုရင် ထောင်ထောင်လည်း မုန်လာဥနီကိုပဲ ဆေးမယ်!”
ထောင်ထောင်၏ ဦးနှောက်လေးထဲတွင် အများကြီး မတွေးပေ။
သူမက သူငယ်ချင်းများနှင့် အတူ လုပ်ဆောင်ရလျှင် ပျော်ရွှင်မည်ဟုသာ ရိုးရှင်းစွာ ခံစားမိခြင်းသာ ဖြစ်သည်။
ထောင်ထောင်က မုန်လာဥနီကို ပျော်ရွှင်စွာဖြင့် ကောက်ကိုင်လိုက်ပြီး ရေထဲတွင် ညင်သာစွာ ပွတ်တိုက်နေခဲ့ကာ သူမ၏ လက်ချောင်းလေးများဖြင့် အချိန်ယူ၍ ဆေးကြောနေ၏။
သူမက စိတ်တိုင်းကျပြီ ဆိုသည့်အချိန်မှ မုန်လာဥနီကို ဆယ်ယူ၍ ဘေးရှိ ခြင်းတောင်းလေးထဲသို့ ထည့်လိုက်လေသည်။
ထောင်ထောင်က မုန်လာဥနီကို အားသွန်ခွန်စိုက်ဖြင့် ရေချိုးပေးနေချိန်တွင် ဖုန်းကျားယန်ကတော့ လုံးဝကို ခြားနားသော အရာကို လုပ်ဆောင်နေ၏။
သူက အရင်ဆုံး မုန်လာဥနီကို ရေဆေးပြီး သိသာသော ဖုန်နှင့် အညစ်အကြေးများကို ဖယ်ရှားလိုက်လေသည်။
ထို့နောက် အသုံးမပြုတော့သော သွားပွတ်တံတစ်ခုကို သုံးပြီး မုန်လာဥနီပေါ်ရှိ အပေါက်ငယ်လေးများ၊ အစင်းကြောင်းများနှင့် အောက်ခြေမှ မြောင်းလေးများကိုပါ မကျန်အောင် အသေးစိတ်ကို တိုက်ချွတ် ဆေးကြောနေ၏။
ဤအဆင့် နှစ်ဆင့်အပြီးတွင် ဖုန်းကျားယန်က မုန်လာဥနီကို စီးဆင်းနေသော ရေအောက်တွင် ထပ်မံ၍ ဆေးကြောလိုက်လေသည်။
ခြင်းတောင်းထဲသို့ မထည့်မီ သူက မုန်လာဥနီကို နေရောင်၏ အောက်တွင် မြှောက်၍ လှည့်ပတ်ကြည့်ပြီး အညစ်အကြေးများက တစ်စက်ကလေးမျှ မကျန်တော့ကြောင်းကို သေချာအောင် လုပ်ဆောင်လေ၏။
ရလဒ်အနေဖြင့် ထွက်လာသော မုန်လာဥနီက ရေစက်ကလေးများဖြင့် ပြောင်လက်နေပြီး ဝင်းပသော အနီရောင်သန်းနေသည်။
ထောင်ထောင်က မုန်လာဥနီ သုံးလုံးကို လျင်မြန်စွာပင် ဆေးကြောပြီးသွား၏။
သူမက ခေါင်းကိုမော့ကြည့်လိုက်သည့်အချိန်တွင် ဖုန်းကျားယန်က သူက ပထမဆုံး ဆေးထားသော မုန်လာဥနီကို ခြင်းတောင်းထဲသို့ ထည့်နေသည်ကို တွေ့လိုက်ရ၏။
စပ်စုလိုစိတ်ဖြင့် ထောင်ထောင်က လှမ်းကြည့်လိုက်လျှင် သူမက အလောတကြီးဖြင့် ဆေးထားသော မုန်လာဥနီ သုံးလုံးနှင့် ဖုန်းကျားယန်၏ အသေးစိတ် ဆေးကြောထားသော မုန်လာဥနီက သိသာစွာ ကွာခြားနေသည်။
ဘေးမှ ကြည့်နေသော ကင်မရာမန်းက ရယ်မောလိုက်ပြီး ခြင်းတောင်းထဲမှ မုန်လာဥနီများကို အနီးကပ်ဆွဲပြလိုက်သည်။
ဤသို့ဖြင့် ပရိသတ်များက ကွာခြားချက်ကို အထင်အရှား မြင်တွေ့လိုက်ရတော့၏။
[ ဟားဟား၊ ကင်မရာသမားက အတော်လေး နောက်တာပဲ! ]
[ အရမ်းရယ်ရတယ်! မုန်လာဥနီတွေကတောင် ဒီလောက်တောင် သိသာတဲ့ ကွာခြားချက် ရှိလိမ့်မယ်လို့ ငါက လုံးဝကို ထင်မထားခဲ့ဘူး! ]
[ ထောင်ထောင်ရဲ့ မုန်လာဥနီတွေက ဈေးကနေ အခုပဲ ဝယ်လာတဲ့ ပုံစံမျိုး၊ ဖုန်းကျားယန်ရဲ့ မုန်လာဥနီတွေကတော့၊နိုင်ငံခြားက စူပါမားကတ်ကနေ အဆင့်မြင့် ပလတ်စတစ်နဲ့ ထုပ်ပိုးထားပြီး ဈေးကြီးတဲ့ တံဆိပ်ကပ်ထားတဲ့ ပုံစံမျိုးပဲ (စဉ်းစား) ]
[ ထောင်ထောင်ရဲ့ မုန်လာဥနီများ: ငါတို့လည်း နင်တို့ကို ဘာမှ မလုပ်ရပါဘူးနော် ]
သိသာသော ကွာခြားချက်က ရှိနေသော်လည်း ထောင်ထောင်က စိတ်ပျက်ခြင်း မရှိပေ။
ထို့အစား ချီးကျူးလိုက်လေ၏။
“ဝါး၊ ကျားကျားက ဆေးထားတာက အရမ်းကို ပြောင်တာပဲ!”
အနီးတွင် မုန်ညင်းဖြူကို ဆေးနေသော ကုရှန်ရှန်က ထိုအသံကို ကြားပြီး စပ်စုလိုစိတ်ဖြင့် လှမ်းကြည့်လိုက်လေ၏။
ခြင်းတောင်းထဲတွင် လဲလျောင်းနေသော မုန်လာဥနီများကို မြင်ပြီးနောက်တွင် ကုရှန်ရှန်၏ မျက်လုံးများက ပြူးသွားကာမေးလိုက်လေသည်။
“ထောင်ထောင်၊ ဒီမုန်လာဥနီတွေကို နင်က ဆေးတာလား၊ အရမ်း ပြောင်တာပဲ!”
ထောင်ထောင်က ကုရှန်ရှန်က ညွှန်ပြရာသို့ ကြည့်လိုက်ပြီး ကလေးအသံလေးဖြင့်ပြောလိုက်လေသည်။
“မဟုတ်ဘူး၊ ကျားကျားက ဆေးထားတာလေ”
ကုရှန်ရှန်က ခေါင်းကို လှည့်ကြည့်လိုက်၍ ဖုန်းကျားယန်၏ တည်ငြိမ်ပြီး ခံစားချက်မရှိသော မျက်လုံးများနှင့် ဆုံလိုက်ရသည်။
နောက်တစ်စက္ကန့်တွင် ကုရှန်ရှန်က ထောင်ထောင်၏ ဘက်သို့ ပြန်လှည့်လိုက်ပြီး ပြုံးလိုက်ပြီး ပြောလိုက်လေသည်။
“အရမ်း ပြောင်နေတော့ စားချင်စရာ မကောင်းတော့ဘူး၊ ငါကတော့ ထောင်ထောင်က ဆေးထားတဲ့ သုံးလုံးကိုပဲ ပိုကြိုက်တယ်”
[ ကုရှန်ရှန်ရဲ့ ဘက်လိုက်မှု စံနှုန်းတွေ စတင်လိုက်ပါပြီ! ]
[ ဟားဟား၊ မုန်လာဥနီတွေက အပြစ်မရှိပါဘူး! သန့်ရှင်းနေတဲ့ မုန်လာဥနီတွေက ဘာမှားလို့လဲ! ]
[ ငါကတော့ မကျေနပ်ဘူး! မုန်လာဥနီတွေအတွက် ငါက ပြောပေးရမယ်! ဒါက ဗြောင်ကျကျ ဘက်လိုက်တာပဲ! ]
[ ကုရှန်ရှန်: ငါက ဘက်လိုက်တယ် ဆိုတော့ရော ဘာဖြစ်လဲ (အော်ရယ်) ]
[ ငါ မမြင်ဘူးလို့ မထင်နဲ့နော်! ကုရှန်ရှန်က အစက ဖုန်းကျားယန်ကို ချီးကျူးမလို့ လုပ်နေပြီးမှ ရုတ်တရက် စိတ်ပြောင်းပြီးတော့ ထောင်ထောင်ကိုပဲ ချီးကျူးလိုက်တာ! ဒါက ဟန်ဆောင်တာ မဟုတ်ဘူးလား! (ခွေးခေါင်း အီမိုဂျီ) ]
[ အဆေးခံရတဲ့ မုန်လာဥနီများ: ..ဟန်ဆောင်တာက ဟန်ဆောင်တာပါ၊ ဒါပေမဲ့ ငါတို့ကို ဘာလို့ ကြားထဲကို ဆွဲထည့်ရတာလဲ! ]
[ ငါကတော့ ရယ်တာ ရပ်လို့မဝတော့ဘူး၊ ဟင်းသီးဟင်းရွက်ကို ဆေးတာလေးကနေ ဘာလို့ ဒီလောက်အထိ ဒရာမာတွေကို ဖြစ်ကုန်ရတာလဲ! ]
“ဟင်?”
ထောင်ထောင်၏ မျက်လုံးလေးများက ပြူးသွားရပြီး ခေါင်းလေးကို စောင်းလိုက်လေ၏။
“ရှန်ရှန်၊ နင့်ရဲ့ အကြိုက်က အတော်လေး ထူးခြားတာပဲ”
ဖုန်းကျားယန်က ကုရှန်ရှန်က ပြောသမျှကို လုံးဝကို ဂရုမစိုက်ပေ။
သူက ထောင်ထောင်၏ ယုံကြည်သွားပုံရသော မျက်လုံးလေးများကို ကြည့်ပြီး မသိမသာ သက်ပြင်းချလိုက်မိသည်။
ကလေးသုံးဦးက ဟင်းသီးဟင်းရွက်များကို ဆေးနေချိန်တွင် စုကျင်းက ဂရုမစိုက်သယောင် ဟန်ဆောင်နေသော်လည်း ခဏခဏ ထောင်ထောင်ကို လှမ်းကြည့်နေမိ၏။
ထောင်ထောင်က တခြားကလေးများနှင့် ရယ်မောပျော်ရွှင်နေသည်ကို မြင်သည့်အချိန်တွင် စုကျင်းက ဘရက်ရှ် လေးတစ်ခုကို သွားပေးချင်ယောင်ဆောင်ပြီး ထောင်ထောင်ဆီသို့ လျှောက်လာခဲ့သည်။
“ဘာတွေ ပြောနေကြတာလဲ”
ထောင်ထောင်က စုကျင်းကို မြင်သည့်အချိန်တွင် မျက်လုံးလေးများ တောက်ပသွား၏။
သူမက သူ၏ အင်္ကျီလက်ကို ဆွဲပြီး ခြင်းတောင်းထဲရှိ ဆေးပြီးသား မုန်လာဥနီ လေးလုံးကို ညွှန်ပြလိုက်လေသည်။
“ကောကော၊ ဒီမုန်လာဥနီတွေထဲမှာ ဘယ်ဟာကို အကြိုက်ဆုံးလဲ”
ထိုမေးခွန်းကို ကြားလိုက်ရသည့်အချိန်တွင် စုကျင်း၏ ဦးနှောက်က လျင်မြန်စွာ အလုပ်လုပ်တော့သည်။
သူ၏ အကြည့်က ထောင်ထောင်၏ ဘေးဘက်သို့ ကြည့်လိုက်သည့်အချိန်တွင် ညစ်ပတ်နေသော ရေဇလုံတစ်ခုမှလွဲ၍ တခြားမည်သည်မျှ မရှိဘဲ သူမ၏ လက်ကလေးများက စိုစွတ်နေ၏။
ကုရှန်ရှန်၏ ဘေးတွင် တစ်ဝက်တစ်ပျက် ဆေးထားသော မုန်ညင်းဖြူ ဇလုံတစ်ခုက ရှိနေသည်။
ဖုန်းကျားယန်၏ ဘေးတွင်တော့ အသုံးပြုထားသော သွားပွတ်တံတစ်ချောင်းနှင့် ပြောင်စင်နေသော ရေဇလုံတစ်ခုက ရှိနေ၏။
အကြည့်အနည်းငယ်အတွင်းမှာပင် စုကျင်းက အချက်အလက်တိုင်းကို လျင်မြန်စွာ စုဆောင်းပြီး သူ၏ စိတ်ထဲတွင် ပေါင်းစပ်လိုက်ပြီး ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်လေသည်။
စုကျင်းက လက်ညွှန်ပြလိုက်ပြီးပြောလိုက်လေသည်။
“ကောကောက ကြိုက်တာက..”
ထောင်ထောင်၏ အကြည့်အောက်တွင် စုကျင်းက သူ၏ ဆုံးဖြတ်ချက်အရ သိပ်ပြီးမပြောင်သေးသော မုန်လာဥနီ သုံးလုံးကို ညွှန်ပြလိုက်လေ၏။
“ဒီမုန်လာဥနီ သုံးလုံးကို ကြိုက်တယ်”
“ဟင်?”
ထောင်ထောင်၏ မျက်လုံးလေးများက ပြူးသွားရသည်။
စုကျင်းက သူက ခန့်မှန်းတာ မှားသွားပြီဟု ထင်လိုက်ချိန်မှာပင် ထောင်ထောင်၏ စကားသံကို ကြားလိုက်ရ၏။
“ကျားကျားရဲ့ မုန်လာဥနီကို ဘယ်သူကမှ မကြိုက်ကြဘူးလား”
စုကျင်းက ချက်ချင်းပင် သက်ပြင်းချပြီး စိတ်အေးသွားရတော့သည်။
တော်သေးတာပေါ့။
သူ မှန်အောင် ခန့်မှန်းနိုင်ခဲ့လို့။