← Chapters

အခန်း (၃၉-၄၀)

Vol. 4 Ch. 39-40

အခန်း (၃၉-၄၀)

Vol. 4 Ch. 39-40

အခန်း(39)

[ ရယ်ရလို့ သေတော့မယ်၊ စုကျင်းက အကဲခတ်နေတာကို ငါက မမြင်ဘူး မထင်နဲ့နော်! ]

[ ဖူး.. ဟားဟား၊ စုကျင်းက ခုနက ခိုးကြည့်နေတာက အရမ်းကို သိသာလွန်းတယ် ]

[ စုကျင်း: ဒါက သေတွင်းထဲက မေးခွန်းပဲ၊ ဒါပေမဲ့ ကံကောင်းလို့ ငါက ဘယ်လို ဖြေရမလဲဆိုတာကို သိသွားတယ် (ခွေးခေါင်း အီမိုဂျီ) ]

[ (ရယ်လွန်းပြီးမျက်ရည်များထွက်နေ) လူတိုင်းပဲ ထောင်ထောင်ကြောင့် စိတ်ရှုပ်ထွေးနေကြပြီ ထင်တယ်၊

ထောင်ထောင်ကတော့ အခု သူမရဲ့ အလှအပဆိုင်ရာ အမြင်ကိုတောင် သံသယဝင်နေလောက်ပြီ ]

[ စုကျင်းက အမှန်အတိုင်းကို ပြောလိမ့်မယ်လို့ ငါ ထင်ခဲ့တာ၊ ဒါပေမဲ့ မထင်ထားဘူး၊ စုကျင်းအပေါ်ကို ငါ့ရဲ့ အထင်အမြင်က အနည်းငယ် လွဲမှားနေပုံရတယ် ]

[ ကျားကျား ဆေးထားတဲ့ မုန်လာဥနီများ: ..ကျေးဇူးအများကြီးတင်ပါတယ်၊ ငါတို့က ဘယ်သူ့ကိုမှ မစော်ကားခဲ့ပါဘူး၊ ဘာလို့ ငါတို့ကိုပဲ ဒီလောက်တောင် ဝိုင်းနှိပ်ကွပ်နေကြတာလဲ! ]

သူ့၏ တာဝန်က ပြီးဆုံးသွားသောကြောင့် စုကျင်းက ဘရက်ရှ်ကို ချထားပြီး လှည့်ထွက်ရန် ပြင်လိုက်လေ၏။

“ဒါဆို ကောကောက အရင် ပြန်သွားတော့မယ်”

ခြေလှမ်းအနည်းငယ်ကို လျှောက်ပြီးနောက်တွင် စုကျင်းက မအောင့်နိုင်ဘဲ နောက်လှည့်ကြည့်လိုက်သည့်အချိန်တွင် ထောင်ထောင်က သူ့ကို လုံးဝကို မော့မကြည့်ဘဲ မျက်မှောင်ကြုတ်လျက် တစ်ခုခုကို စဉ်းစားနေသည်ကိုသာ တွေ့လိုက်ရသည်။

စုကျင်း: ...

ကျေးဇူးမသိတတ်တဲ့ ကလေးမလေး!

စုကျင်း ထွက်သွားပြီးနောက်တွင် ထောင်ထောင်က စိုးရိမ်စိတ်ဖြင့် မျက်မှောင်ကြုတ်ပြီး ခြင်းတောင်းထဲရှိ မုန်လာဥနီများကို ကြည့်နေလေ၏။

သိသိသာသာကြီးကို ကျားကျားရဲ့ မုန်လာဥနီက ပိုပြီး ကြည့်ကောင်းနေတာကို...

ဘာလို့ လူတိုင်းက ထောင်ထောင်ရဲ့ မုန်လာဥနီက ပိုကြည့်ကောင်းတယ်လို့ ပြောနေကြတာလဲ!

ခဏအကြာတွင် ထောင်ထောင်က ဖုန်းကျားယန်၏ အနားသို့ တိုးသွားပြီး ခပ်တိုးတိုး ကပ်ပြောလိုက်လေသည်။

“အဆင်ပြေပါတယ် ကျားကျား၊ ထောင်ထောင်ကတော့ ကျားကျားရဲ့ မုန်လာဥနီက ပိုကြည့်ကောင်းတယ်လို့ ထင်တယ်”

ဖုန်းကျားယန်က ပုံမှန်အားဖြင့် ထိုသို့သော အရာများကို ဂရုမစိုက်သော်လည်း ထောင်ထောင် ဤသို့ပြောသည်ကို ကြားသည့်အချိန်တွင် မပြုံးဘဲ မနေနိုင်တော့ပေ။

သူက ခေါင်းကို လှည့်လိုက်ပြီး ထောင်ထောင်၏ လက်ထဲရှိ တစ်ဝက်တစ်ပျက် ဆေးထားသော မုန်လာဥနီကို ကြည့်ပြီး နှုတ်ခမ်းကို စေ့၍ သူ၏ သွားပွတ်တံလေးကို မြှောက်ပြလိုက်လေ၏။

“မုန်လာဥနီကို အဲဒီလိုမျိုး ဆေးချင်လား”

“ဟုတ်!”

ထောင်ထောင်၏ မျက်လုံးလေးများက တောက်ပသွားပြီး ချက်ချင်းပင် အသံကျယ်ကျယ်ဖြင့် ဖြေလိုက်လေ၏။

ဖုန်းကျားယန်က ပြုံး၍ပြောလိုက်လေသည်။

“ငါ သင်ပေးမယ်”

ကင်မရာမှန်ဘီလူး၏ အောက်တွင် ကလေးငယ် နှစ်ဦး၏ ခေါင်းလေးများက ချက်ချင်းပင် နီးကပ်သွားကြပြီး တစ်ဦးကိုတစ်ဦး ခပ်တိုးတိုး ပြောဆိုနေကြတော့၏။

နွေးထွေးသော ရွှေရောင်နေခြည်တန်းတို့က ကမ္ဘာမြေပေါ်သို့ ကျရောက်နေပြီး ခပ်သိမ်းသော အရာဝတ္ထုတို့ကို တက်ကြွလန်းဆန်းစေသည်။

ဖုန်းကျားယန်က မုန်လာဥနီတစ်လုံးကို ကိုင်လျက် စိတ်ပါလက်ပါဖြင့် ရှင်းပြနေ၏။

“မုန်လာဥနီ တစ်လုံးကို ပြောင်စင်အောင် ဆေးဖို့ဆိုရင် အရင်ဆုံး အပေါ်ယံက ဖုန်တွေကို ဆေးချရမယ်၊

အဲဒီနောက် သွားပွတ်တံလေးနဲ့ ဒီလိုမျိုး အသေးစိတ် တိုက်ချွတ်ရမယ်”

ထောင်ထောင်က သူမ၏ လက်လေးနှစ်ဖက်ဖြင့် ပါးပြင်နုနုလေးများကို ပင့်မပြီး၊ ဝိုင်းစက်နေသော မျက်လုံးလေးများဖြင့် ဖုန်းကျားယန်၏ လက်ထဲမှ မုန်လာဥနီကို စိုက်ကြည့်နေ၏။

သူမက ဖုန်းကျားယန်၏ ရှင်းပြချက်ကို အာရုံစိုက်နားထောင်ရင်း အလေးအနက် ခေါင်းငြိမ့်ပြနေခဲ့သည်။

ထောင်ထောင်ကို လက်တွေ့ပြသရန်အတွက် ဖုန်းကျားယန်က မုန်လာဥနီတစ်လုံးကို အစက်အပြောက်ကလေးမျှ မကျန်အောင် အာရုံစိုက်ဆေးကြောနေသောကြောင့် သူ၏ နဖူးပေါ်တွင် ချွေးစက်ကလေးများပင် ထွက်ပေါ်လာရ၏။

“နားလည်ရဲ့လား”

“ထောင်ထောင် နားလည်ပြီ!”

ထောင်ထောင်က စိတ်လှုပ်ရှားစွာဖြင့် လက်လေးကို မြှောက်ပြီး အသံကျယ်ကျယ်ဖြင့် ဖြေလိုက်လေ၏။

“ဒါဆို ထောင်ထောင်၊ မုန်လာဥနီတစ်လုံးကို စမ်းပြီးတော့ ဆေးကြည့်ပါဦး”

“ကောင်းပါပြီ~”

ထောင်ထောင်က ပျော်ရွှင်စွာဖြင့် သဘောတူလိုက်ပြီးနောက်တွင် မုန်လာဥနီအသစ်တစ်လုံးကို ကောက်ကိုင်လိုက်ပြီး အသေးစိတ်ကို တိုက်ချွတ်ဆေးကြောတော့သည်။

ဖုန်းကျားယန်က ထောင်ထောင်၏ ဘေးတွင် ထိုင်ပြီး တစ်ခါတစ်ရံတွင် ခေါင်းကို လှည့်၍ သူမ၏ နားနားသို့ လမ်းညွှန်ချက်လေးများကို ခပ်တိုးတိုး ကပ်ပြောပေးနေ၏။

ကလေးငယ်နှစ်ဦးက နီးကပ်စွာ ပူးကပ်နေကြပြီး၊ နေရောင်၏ အောက်ဘက်တွင် သူတို့၏ ဆံပင်လေးများက ဖွာလန်နေသည်က အအေးဒဏ်မှ ကာကွယ်ရန်အတွက် ပူးကပ်နေကြသော အမွှေးပွ အကောင်လေး နှစ်ကောင်ကဲ့သို့ပင်။

[ 555 ဒီကလေးလေး နှစ်ယောက်က အရမ်းကို ချစ်ဖို့ကောင်းတာပဲ! ]

[ သူတို့လေးတွေကို ကြည့်ရတာက အရမ်းကို ဖက်ထားချင်စရာကောင်းလိုက်တာ၊ ထောင်ထောင်ရဲ့ ပါးဖောင်းဖောင်းလေးတွေကို ဆွဲဖြစ်လိုက်ချင်တယ်! ]

ကလေးများ၏ ကြိုးစားမှုကြောင့် သန့်စင်သွားသော ဟင်းသီးဟင်းရွက်များကို စားဖိုမှူးများ၏ နယ်ပယ်ဖြစ်သော မီးဖိုချောင်သို့ ပို့ဆောင်လိုက်ကြသည်။

ချင်းရွှမ်နှင့် ရှန်ထျန်းယွီတို့က ဟင်းသီးဟင်းရွက်များကို လှီးဖြတ်သည့် တာဝန်ကို ယူကြရ၏။

ချင်းရွှမ်က အသေးစိတ်ကျသူ ဖြစ်ပြီး ရှန်ထျန်းယွီက ခွန်အားသန်သူ ဖြစ်သည်။

သူတို့နှစ်ဦးထဲမှ တစ်ဦးက ဟင်းသီးဟင်းရွက် အပိုင်းအစလေးများကို တာဝန်ယူပြီး၊ တခြားတစ်ဦးက ကိုင်တွယ်ရခက်သော အရိုးပါသည့် အသားများကို တာဝန်ယူလေ၏။

သူတို့၏ အရှိန်က အလွန်မမြန်သော်လည်း အနောက်ဘက်မှ စားဖိုမှူးနှစ်ဦးက ချက်ပြုတ်ရန်အတွက် ပါဝင်ပစ္စည်းများကို အဆက်မပြတ် ထောက်ပံ့ပေးနေကြသည်။

တန်ကျစ်ရှီက လက်တစ်ဖက်တွင် ဒယ်အိုးကြီးကို ကိုင်ထားပြီး တခြားလက်တစ်ဖက်တွင် ယောက်မကို ကိုင်ထား၏။

ပူပြင်းသော ဆီများကို ဒယ်အိုးထဲသို့ လောင်းထည့်လိုက်ပြီး၊ မည်သည့် ပါဝင်ပစ္စည်းမျိုးကိုမဆို တန်ကျစ်ရှီ၏ လက်ထဲတွင် အလွန်ပင် နာခံမှုရှိသွားကြရ၏။

ကုန်းယာင်က တစ်ခြံလုံးတွင် အလုပ်အများဆုံးသူပင် ဖြစ်

သည်။

ဟင်းသီးဟင်းရွက်ကို ဆေးကြောခြင်း၊ လှီးဖြတ်ခြင်းနှင့် ဆီသတ်ခြင်းတို့မှလွဲ၍ ကျန်ရှိသမျှ အရာအားလုံးက သူမ၏ နယ်ပယ်ပင် ဖြစ်တော့၏။

ဟင်းသီးဟင်းရွက်များကို ဆေးသံ၊ လှီးဖြတ်သံနှင့် ဆီသတ်သံတို့က လေထုထဲတွင် ဆူညံစွာ ပျံ့လွင့်နေတော့သည်။

ဤသည်တို့က အငွေ့ပျံနေသော အငွေ့များနှင့်အတူ ခြံဝင်းထဲသို့ လွှမ်းခြုံသွားပြီး တစ်ချိန်က တိတ်ဆိတ်ခဲ့သော နေရာလေးကို သက်ဝင်လှုပ်ရှားပြီး စည်ကားသော နေရာတစ်ခုအဖြစ်သို့ ပြောင်းလဲပေးလိုက်လေ၏။

လူတိုင်းက အလုပ်ရှုပ်နေကြချိန်မှာပင် ဆန်ခေါက်ဆွဲကို အဓိက ဟင်းလျာအဖြစ်သို့ ထားရှိသော စားသောက်ပွဲကြီးကို စည်ကားသိုက်မြိုက်သော အခြေအနေတွင် စတင်လိုက်ကြသည်။

ကလေးများ၏ မတူညီသော အကြိုက်များကို ဖြည့်ဆည်းပေးရန်အတွက် ကုန်းယာင်က သူတို့ကကိုယ်တိုင် ထည့်စားနိုင်ရန်အတွက် မတူညီသော အချဉ်ရည် ဇလုံတချို့ကို အထူးပြင်ဆင်ပေးထား၏။

မနက်စာကို စားချိန်ကကဲ့သို့ပင် ကလေးများက လေးယောက်ထိုင် စားပွဲလေးတွင် ဆူညံစွာဖြင့် ဝိုင်းဖွဲ့ထိုင်နေကြပြီး လက်ထဲတွင် ဇလုံငယ်လေးများကို ကိုယ်စီ ကိုင်ထားကြသည်။

ထောင်ထောင်က ဆီသတ်ထားသော ဆန်ခေါက်ဆွဲ တစ်ကော်စာကို သူမ၏ တူဖြင့် ညှပ်ပြီး ပါးစပ်ထဲသို့ ထည့်လိုက်ပြီး ချက်ချင်းပင် အရသာတွေ့လွန်းသောကြောင့် မျက်လုံးလေးများက မှေးသွားရ၏။

အစပ်အချဉ်ရည် တစ်ဇွန်းကို ထည့်လိုက်ပြီးနောက်တွင် ထောင်ထောင်က ပြွက်ကနဲ အသံလေး ထွက်သွားသည့်အထိစားလိုက်ပြန်သည်။

ထို့နောက် သူမ၏ နှုတ်ခမ်းလေးများက နီရဲသွားရသော်လည်း မျက်လုံးလေးများက ပျော်ရွှင်မှုကြောင့် မှေးစက်လာခဲ့၏။

ကလေးများက ဆန်ခေါက်ဆွဲကို စားနေရင်း သူတို့၏ ခေါင်းလေးများက မသိစိတ်ဖြင့် နီးကပ်သွားကြပြီး စိတ်လှုပ်ရှားစွာဖြင့် စကားပြောနေကြလေသည်။

နေ့လယ်စာ စားပြီးနောက်တွင် ဧည့်သည်များက ခြံဝင်းထဲတွင် အနားယူနေချိန်တွင် တင်ဆက်သူက အရှေ့သို့ ထွက်လာပြီး မထင်မှတ်ထားသော သတင်းတချို့ကို ကြေညာလိုက်လေ၏။

“ချစ်လှစွာသော ကလေးတွေနဲ့ အလုပ်သင် မိဘတို့၊ ‘မင်း ဘယ်ကိုသွားမလဲ ဘေဘီ’ အစီအစဉ်ရဲ့ ပထမဆုံး မှတ်တိုင်ဖြစ်တဲ့ တိုင်းရင်းသားကျေးရွာ ခရီးစဉ်က အောင်မြင်စွာနဲ့ ပြီးဆုံးသွားပါပြီ၊

နောက်တစ်ပတ်မှာ ကျွန်တော်တို့ရဲ့ နောက်ထပ် ခရီးစဉ်ကို စတင်မှာပဲ ဖြစ်တဲ့အတွက် အထုတ်အပိုးလေးတွေကို ပြင်ဆင်ထားကြပါဦး”

တိုက်ရိုက်လွှင့်ခန်း၏ စကားပြောခန်းက ရုတ်တရက် ပေါက်ကွဲသွားတော့၏။

[ ဝါးးး ဘာလို့ ဒီလောက် စောစော လမ်းခွဲကြမှာလဲ! ]

[ ဒါက ဘယ်လိုလုပ်ပြီးတော့ဖြစ်နိုင်မှာလဲ! (အံ့သြ) နှစ်ရက်တောင် မပြည့်သေးဘူးလေ! ထုတ်လုပ်ရေးအဖွဲ့၊ ဒါက အရမ်းတိုလွန်းတယ်!! ]

[ ငါ့ရဲ့မျက်နှာပေါ်က အပြုံးက ရုတ်တရက် အေးခဲသွားပြီ၊ တကယ်ကို အံ့သြသွားတာပဲ! ]

[ မဟုတ်ဘူး၊ မဟုတ်ဘူး၊ နှစ်ရက်တောင် မပြည့်သေးဘူးလေ၊ ပထမဆုံး အပိုင်းက ဘယ်လိုလုပ်ပြီးတော့ ပြီးသွားနိုင်မှာလဲ၊ ငါက ကြည့်လို့ မဝသေးဘူး! ]

[ ဒါ..ဒါက ပြီးသွားပြီလား! ငါက ရူးနေတာလား ဒါမှမဟုတ် ထုတ်လုပ်ရေးအဖွဲ့က ရူးနေတာလား၊ ဘာလို့ ဒီလို လုပ်ကြတာလဲ?! 555 ]

[ အားးး- (မျက်ရည်များ စီးကျနေ) ငါ့ရဲ့ ကလေးလေးတွေကို တစ်ပတ်လုံး မမြင်ရတော့ဘူးလား! ]

တင်ဆက်သူ၏ စကားကို ကြားလိုက်ရသည့်အချိန်တွင် စုကျင်းက အနည်းငယ် အံ့အားသင့်သွားပြီးရနောက် တစ်ခုကို သတိရသွားသည်။

ပထမဆုံးအပိုင်းကို ရိုက်ကူးရေး မဝင်ခင်မှာပင် သူ၏ မန်နေဂျာက ‘မင်းဘယ်ကိုသွားမလဲ ဘေဘီ’၏ ပထမဆုံးအပိုင်းက စမ်းသပ်ကာလသာ ရှိသေးကြောင်းကို ပြောပြခဲ့ဖူး၏။

ပလက်ဖောင်းအနေဖြင့် တိုက်ရိုက်လွှင့်ထုတ်မှု၏ အပေါ်တွင် တုံ့ပြန်မှုနှင့် ကြိုတင်၍ ရိုက်ကူးထားသော ဗားရှင်း၏ ရေပန်းစားမှုအပေါ်ကို မူတည်ပြီးမှ ဆက်လက်၍ ရိုက်ကူးခြင်း ရှိမရှိကို ဆုံးဖြတ်မည် ဖြစ်သည်။

ထို့ကြောင့် ဧည့်သည်များက ချုပ်ဆိုထားသော စာချုပ်များက အနည်းငယ် ထူးခြား၏။

ပထမဆုံးအပိုင်း၏ အချက်အလက်များက အနိမ့်ဆုံး စံနှုန်းသို့ မမီပါက အစီအစဉ်ကို ချက်ချင်းပင် ဖျက်သိမ်းမည်ဟု အတိအလင်း ဖော်ပြထားသည်။

လွန်ခဲ့သော ရက်အနည်းငယ်က စုကျင်းက ဤစည်းကမ်းချက်ကြောင့် ပျော်ရွှင်နေခဲ့ရ၏။

သို့သော် ယခုတွင်...

ဤသတင်းကို ကြားလိုက်ရသည့်အချိန်တွင် စုကျင်းက မသိစိတ်ဖြင့် ထောင်ထောင်ရှိရာဘက်သို့ လှည့်ကြည့်လိုက်မိသည်။

ကြိုတင်၍ ပြင်ဆင်ထားသော အလုပ်သင်မိဘများနှင့် မတူဘဲ ထောင်ထောင်က ဤသတင်းကို ကြားလိုက်ရသည်နှင့် ချက်ချင်းပင် အံ့အားသင့် သွားခဲ့ရသည်။

“ဒါက.. ဘာကို ဆိုလိုတာလဲ”

ထောင်ထောင်က စိတ်ရှုပ်ထွေးနေသော အမူအရာဖြင့် ခေါင်းကိုလှည့်ပြီး သူမ၏ အတော်ဆုံး သူငယ်ချင်းဖြစ်သော ဖုန်းကျားယန်ကို အကူအညီတောင်းသော အကြည့်ဖြင့် ကြည့်လိုက်လေ၏။

ဖုန်းကျားယန်က နှုတ်ခမ်းကို စေ့ထားပြီး ထောင်ထောင်ကို ရှင်းပြလိုက်လေသည်။

“ဒါက တိုက်ရိုက်လွှင့်တာက ပြီးသွားပြီလို့ ဆိုလိုတာ၊ နောက်တစ်ပတ်ကြာတဲ့အထိ ငါတို့က ပြန်တွေ့ရမှာ မဟုတ်တော့ဘူး”

“တစ်ပတ်”

ထောင်ထောင်က သူမ၏ လက်လေးကို ဆန့်ထုတ်၍ သေချာစွာ ရေတွက်လိုက်လေ၏။

“၁ ရက်၊ ၂ ရက်၊ ၃ ရက်၊ ၄ ရက်...”

ထောင်ထောင်က ရေတွက်၍ မပြီးသေးခင်မှာပင် သူမ၏ လက်မောင်းက တစ်စုံတစ်ဦး၏ ဆွဲကိုင်ခြင်းကို ခံလိုက်ရသည်။

ကုရှန်ရှန်က ထောင်ထောင်၏ လက်မောင်းကို တင်းကျပ်စွာ ဖက်ထားပြီး တခြားသူများကို ကျယ်လောင်စွာ ကြေညာလိုက်လေ၏။

“မရဘူး! သမီးက ထောင်ထောင်နဲ့ မခွဲနိုင်ဘူး!”

*

အခန်း(40)

မုန်လျို့က ပြဿနာကို နားလည်သွားပြီ ဖြစ်သည်။

သူက တင်ဆက်သူကို မော့ကြည့်ပြီး မေးလိုက်လေ၏။

“ကျွန်တော်တို့ (၇) ရက်လောက် ခွဲနေကြရမှာလား”

တင်ဆက်သူက ခေါင်းကို ငြိမ့်ပြလိုက်ပြီး ပြန်မေးလိုက်လေ၏။

“မုန်လျို့လေး၊ မင်းရဲ့ အမေနဲ့ အဖေကို မတွေ့ချင်ဘူးလား”

“တွေ့ချင်တာပေါ့၊ ဒါပေမဲ့..”

မုန်လျို့က တွေဝေသွားရပြီး ထောင်ထောင်ကို တစ်ချက်ကြည့်ပြီး သူ၏ သူငယ်ချင်းများကို ကြည့်ကာ နှုတ်ခမ်းကို စေ့ပြီး ဝမ်းနည်းသော အမူအရာကို ပြလာခဲ့လေ၏။

ပုံမှန်အားဖြင့် ဂရုမစိုက်တတ်သော ချောင်ဟောက်ယွီကလည်း ယခုအကြိမ်တွင် အော်ဟစ်ခြင်း မရှိပေ။

ထိုသို့သာမကဘဲ သူ၏ လက်သီးကို တင်းကျပ်စွာ ဆုပ်ထားပြီး ခေါင်းကိုငုံ့လျက် အလွန်ပင် စိတ်ပျက်နေပုံ ရသည်။

ကုရှန်ရှန်က ထောင်ထောင်ကို တင်းကျပ်စွာ ဖက်ထားပြီး တစ်စုံတစ်ဦးက သူမကို ဆွဲထုတ်သွားမည်ကို စိုးရိမ်နေသည့်ကဲ့သို့ ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် ကြည့်နေရှာ၏။

“သမီးက ထောင်ထောင်နဲ့ပဲ နေချင်တယ်! အိမ်ကိုမပြန်ချင်ဘူး!”

ကုရှန်ရှန်၏ အသံက လေထဲတွင် ပဲ့တင်ထပ်သွားသော်လည်း မည်သူကမှ ပြန်မပြောလာခဲ့ကြပေ။

ကလေးများ၏ ဝမ်းနည်းနေသော မျက်လုံးများကြောင့် အခြေအနေက ရုတ်တရက် လေးလံသွားရသည်။

[ ဟူး.. ကလေးတွေက ဒီလောက်တောင် ဝမ်းနည်းနေတာကို မြင်ရတော့ အတော်လေး စိတ်မကောင်းဖြစ်မိတယ် ]

[ 555 ဘာလို့ ဒီလောက်တောင် အမြန် ပြီးသွားရတာလဲ! ဒါက အရမ်းကို ရုတ်တရက်ကြီးပဲ! ]

[ အစီအစဉ်ကို မပြီးသွားအောင် လုပ်လို့ မရဘူးလား! တိုက်ရိုက်လွှင့်ခန်းထဲက ကလေးတွေကို ငါကြည့်လို့ကို မဝနိုင်သေးဘူး! ]

[ (ဝမ်းနည်းနေသော ကြောင်လေး အီမိုဂျီ) နှစ်ရက်ပဲ ရှိသေးတယ်၊ ငါ့ရဲ့ ထမင်းစားရင်း ကြည့်နေကျ အစီအစဉ်လေးက မရှိတော့ဘူး၊ နောက်အပတ်မှပဲ ပြန်တွေ့ရတော့မယ် ]

[ နောက်အပတ်တောင် မဟုတ်ဘူး၊ နောက်ထပ်တစ်ပတ်အကြာမှ၊ ပြီးတော့ ငါတို့က နောက်အပတ်မှာ ပြန်တွေ့ရချင်မှတောင် တွေ့ရမှာ ]

[ ...ဒါက တကယ်ကို နာကျင်ရတယ်! ]

ဤကဲ့သို့ လေးလံသော အခြေအနေတွင် ထောင်ထောင်က ခေါင်းလေးကိုငုံ့ထားပြီး နောက်ဆုံးတွင် အားလုံးကို ရေတွက်ပြီးသွားသည်။

သူမက သူမ၏ လက်ညှိုးလေးကို ပျော်ရွှင်စွာဖြင့် မြှောက်ပြလိုက်လေ၏။

“ထောင်ထောင်က သိပြီ! ထောင်ထောင်တို့က (၂၁) နပ်လောက် ထမင်းစားပြီးရင် ပြန်တွေ့ရမှာပဲ!”

“(၂၁) နပ်၊ အဲဒါက အကြာကြီးပဲ”

ကုရှန်ရှန်က နှုတ်ခမ်းလေးကို ဆူလိုက်ပြီး မျက်လုံးလေးများက နီရဲလာပြီး မျက်ရည်များပင် ကျလာတော့မည့်ကဲ့သို့ပင်။

ထောင်ထောင်က ကုရှန်ရှန်ကို ကြည့်ပြီး သူမ၏ မျက်နှာလေးကို ညင်သာစွာ ပင့်မလိုက်လေဤ။

“ရှန်ရှန်၊ နင်က မင်းသမီးလေးပဲလေ”

“ခေါင်းကို မငုံ့ထားပါနဲ့၊ နင့်ရဲ့ ခေါင်းဆောင်းလေးက ပြုတ်ကျသွားလိမ့်မယ်”

ထောင်ထောင်၏ စကားကို ကြားသည့်အချိန်တွင် ကုရှန်ရှန်က မျက်ရည်များက ဝိုင်းနေသည့် မျက်လုံးများဖြင့် ချက်ချင်းပင် မော့ကြည့်ပြီး စိုးရိမ်တကြီးဖြင့် မေးလိုက်လေ၏။

“ပြုတ်ကျသွားလား”

ထောင်ထောင်က ရယ်မောလိုက်ပြီး ကုရှန်ရှန်၏ လက်လေးကို ပျော်ရွှင်စွာဖြင့် ပုတ်ပေးလိုက်လေသည်။

“ပြုတ်မကျပါဘူး၊ ပြုတ်မကျပါဘူး”

မူလက လေးလံနေသော အခြေအနေက ဤဖြစ်ရပ်လေးကြောင့် ရုတ်တရက် ပျော်ရွှင်သွားခဲ့ရ၏။

“ရပါတယ်၊ ထောင်ထောင်တို့က မကြာခင် ပြန်တွေ့ကြမှာပဲကို”

ထောင်ထောင်က သူမ၏ ခေါင်းလေးကို စောင်းပြီး သူငယ်ချင်းများ၏ ဝမ်းနည်းနေသော အမူအရာကို လှည့်ကြည့်လိုက်လေ၏။

“ဟောက်ဟောက်ကောကော၊ ကောကောက နန်ချကူကို (၇) ကြိမ်လောက် လေ့ကျင့်ပြီးရင် ထောင်ထောင်တို့က ပြန်တွေ့ရမှာပဲ”

ထောင်ထောင်၏ စကားကို ကြားလိုက်ရသည့်အချိန်တွင် ချောင်ဟောက်ယွီက ခေါင်းလေးကို အနည်းငယ် မော့လာခဲ့သည်။

“မုန်လျို့လေး၊ ထောင်ထောင်တို့က စာအုပ် (၇) အုပ်လောက်ကို ဖတ်ပြီးရင် ပြန်တွေ့ရမှာနော်”

မုန်လျို့က ထောင်ထောင်ကို ကြည့်ပြီး တစ်ရက်တည်းနှင့် စာအုပ် (၂) အုပ် ကုန်အောင် ဖတ်နိုင်မလားဆိုသည်ကို တိတ်တဆိတ် တွေးတောနေမိသည်။

“ရှန်ရှန်၊ အရုပ်လေးရဲ့ အင်္ကျီကို နေ့တိုင်း လဲပေးနော်၊ အင်္ကျီလေးက ခရမ်းရောင်ကို နောက်တစ်ကြိမ် ပြန်ဖြစ်သွားတဲ့အချိန်ကျရင် ထောင်ထောင်တို့က ပြန်တွေ့ရမှာပဲ”

ကုရှန်ရှန်က သူမ၏ မျက်ရည်များကို ထိန်းရင်း ခေါင်းလေးကို မော့ထားလေ၏။

“ကျားကျား”

ထောင်ထောင်က ဖုန်းကျားယန်ကို ကြည့်လိုက်သည့်အချိန်တွင် ဖုန်းကျားယန်က နှာတစ်ချက်ကို ရှုံ့လိုက်ပြီး တည်ငြိမ်စွာဖြင့်ပြောလိုက်လေသည်။

“ငါက ဝမ်းမနည်းပါဘူး”

ထောင်ထောင်က စကားအနည်းငယ်ဖြင့် တခြားကလေးများကို လျင်မြန်စွာပင် စိတ်ဓာတ်ကို တက်ကြွလာအောင် လုပ်ပေးနိုင်သည်ကို မြင်သည့်အချိန်တွင် စုကျင်းက မျက်ခုံးကို အနည်းငယ် တွန့်ချိုးလိုက်မိ၏။

ရိုက်ကူးရေးက တရားဝင် ပြီးဆုံးပြီး မထွက်ခွာမီ ဧည့်သည်များက သူတို့၏ အခန်းအသီးသီးသို့ ပြန်ပြီး အထုတ်အပိုးများကို ပြင်ဆင်ကြရသည်။

နံပါတ် (၁) အခန်းသို့ အပြန်လမ်းတွင် ထောင်ထောင်ကို ချီထားသည့် စုကျင်းက ခြေလှမ်းကို အနည်းငယ် သွက်လိုက်ပြီးနောက် ကုန်းယာင်နှင့် ဖုန်းကျားယန်တို့ အဖွဲ့နှင့် အနည်းငယ် ဝေးကွာအောင် လုပ်လိုက်လေ၏။

သူတို့ကို မမြင်ရတော့ကြောင်းကို သေချာမှသာ သူက မေးလိုက်လေသည်။

“ထောင်ထောင်၊ ခုနက တခြားသူတွေကို အားပေးနေတုန်းက မင်းရော ဝမ်းမနည်းဘူးလား”

ဤစကားကို ကြားသည့်အချိန်တွင်စုကျင်း၏ ရင်ခွင်ထဲမှ ခန္ဓာကိုယ်လေးက အနည်းငယ် တုန်ရင်သွား၏။

“သူငယ်ချင်းတွေနဲ့ ခွဲရမှာကို မင်းကရော ဝမ်းမနည်းဘူးလား”

စုကျင်းက ထူးခြားစွာ လေသံကို နှိမ့်၍ မေးလိုက်လေသည်။

အကြာကြီး တိတ်ဆိတ်နေပြီးနောက်တွင် သူ၏ ခေါင်းဘေးမှ ဗလုံးဗထွေး အသံလေးက ထွက်ပေါ်လာခဲ့၏။

“ဝမ်းနည်းတာပေါ့”

စုကျင်းက သတိမထားမိလောက်သော သက်ပြင်းတစ်ချက်ကို ချလိုက်လေသည်။

လူအများအပြားက စုကျင်းကို ဂရုမစိုက်တတ်သူဟု ထင်ကြသော်လည်း ဤသည်က သူက ဂရုမစိုက်လိုသောကြောင့်သာ ဖြစ်၏။

အကယ်၍ သူကသာ တစ်စုံတစ်ခု သို့မဟုတ် တစ်စုံတစ်ဦးကို အမှန်တကယ် ဂရုစိုက်လိုပါက သူ၏ အကဲခတ်နိုင်စွမ်းက တခြားသူများထက် ပိုမို၍ ထက်မြက်လေ့ ရှိပေသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း လူအများစုက ထောင်ထောင်ကို နာခံမှုရှိပြီး လိမ်မာသည့် ကလေးတစ်ဦးအဖြစ် မြင်ခဲ့ကြ၏။

သို့သော် စုကျင်းက သတိပြုမိသည်က ထောင်ထောင်က သူမကိုယ်တိုင် ဝမ်းနည်းနေချိန်တွင်ပင် ပတ်ဝန်းကျင်မှ တခြားကလေးများ၏ ခံစားချက်ကို ထည့်သွင်းစဉ်းစားပေးနေခြင်း ဖြစ်သည်။

မတိုင်မီကတင် ထောင်ထောင်က အလွန်ဝမ်းနည်းနေခဲ့သော်လည်း တခြားကလေးများကို အားပေးနေခဲ့သေး၏။

ဤသို့ ဖြစ်ရခြင်းက ထောင်ထောင်က သူမကိုယ်သူမ စွမ်းအားကြီးသော ထောင်တီလေးအဖြစ်သို့ မသိစိတ်မှ ခံစားမိပြီး သူမထက် အားနည်းသော သက်ရှိများကို ကာကွယ်ရမည်ဟု ထင်နေသောကြောင့်သာ ဖြစ်ကြောင်းကိုတော့ စုကျင်းက မသိပေ။

စုကျင်း၏ အမြင်တွင်တော့ ထောင်ထောင်၏ အလိုက်သိမှုက သူ၏ ရင်ကို နာကျင်စေသည်။

“အဆင်ပြေပါတယ်.. ငိုချင်ရင် ငိုလိုက်လေ”

စုကျင်းက ထောင်ထောင်၏ ခေါင်းလေးကို သူ၏ ပခုံးပေါ်သို့ ညင်သာစွာ ဖိကပ်ပေးလိုက်

လေ၏။

“ကောကောရဲ့ ပခုံးပေါ်မှာ မှီပြီးတော့ ငိုလိုက်၊ ဘယ်သူကမှ မမြင်ရဘူး”

မကြာမီမှာပင် သူ၏ နားထဲသို့ တရှုံ့ရှုံ့ ငိုသံလေးက တိုးဝင်လာခဲ့ပြီး သူ၏ ပခုံးပေါ်တွင် စိုစွတ်စွတ် ခံစားချက်လေးကို ခံစားလိုက်ရသည်။

စုကျင်းက မည်သည့်စကားကိုမှမပြောပေ။

ထို့အစား ငိုနေသော ကလေးငယ်လေးကို ချီလျက် လမ်းပေါ်တွင် တစ်လှမ်းချင်း တစ်လှမ်းချင်း ခိုင်မာစွာ လျှောက်လှမ်းနေခဲ့သည်။

တိုက်ခတ်နေသော လေပြင်းများ၏ ကြားတွင် စုကျင်းက သူ၏ လက်မောင်းကို မြှောက်ပြီး ထောင်ထောင်ကို သူ၏ ရင်ခွင်ထဲတွင် ကာကွယ်ပေးထား၏။

အတော်ကြာ တိတ်ဆိတ်နေပြီးနောက်တွင် မျက်ရည်သံက စွက်နေသော ကလေးအသံလေးကို စုကျင်းက ထပ်မံ၍ ကြားလိုက်ရသည်။

“ထောင်ထော်တို့အားလုံးက ပြန်တွေ့ရမှာ မဟုတ်လား”

စုကျင်းက ပါးစပ်လေးကို အနည်းငယ် ဟလိုက်ပြီး သူ၏အသံကိုညှိကာ တည်ငြိမ်သော အသံဖြင့် ပြန်ပြောလိုက်လေ၏။

“ဒါပေါ့၊ ကောတို့တွေ မကြာခင် ပြန်တွေ့ကြမှာပါ”

ကလေးများက မည်မျှပင် မခွဲနိုင်မခွာရက် ဖြစ်နေကြပါစေ၊ ‘မင်းဘယ်ကိုသွားမလဲ ဘေဘီ’ အစီအစဉ်၏ ပထမဆုံးအပိုင်း၏ တိုက်ရိုက်လွှင့်ထုတ်မှုက ထိုညနေခင်းတွင် တရားဝင် ပြီးဆုံးသွားခဲ့၏။

တင်ဆက်သူ၏ လမ်းညွှန်မှုဖြင့် အလုက်သင် မိဘများနှင့် ကလေးများက စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံကို ရိုက်ခဲ့ကြသည်။

ဓာတ်ပုံကို မရိုက်မီတခင် ကလေးများ၏ အကြားတွင် အငြင်းပွားမှုလေးတစ်ခုကို ဖြစ်ပွားခဲ့သေး၏။

ကလေးအတော်များများက ထောင်ထောင်၏ လက်ကို ဆွဲထားကြပြီး သူတို့နှင့်အတူ ရပ်စေချင်ကြသောကြောင့် ဆွေးနွေးညှိနှိုင်းပြီးနောက်တွင် လူတိုင်းကို ရယ်မောစေမည့် ဓာတ်ပုံတစ်ပုံက ထွက်ပေါ်လာတော့သည်။

ထောင်ထောင်က အလယ်ဗဟိုတည့်တည့်တွင် ရပ်နေ၏။

ကုရှန်ရှန်က ထောင်ထောင်၏ ဘယ်ဘက်တွင် ရပ်ပြီး လက်ချင်းချိတ်ထားသည်။

ချောင်ဟောက်ယွီက ထောင်ထောင်၏ ညာဘက်တွင် ရပ်ပြီး သူမ၏လက်ကို ကိုင်ထား၏။

မုန်လျို့က ထောင်ထောင်၏ အရှေ့တွင် ဆောင့်ကြောင့်ထိုင်လျက် ကင်မရာကို ရှက်ပြုံးလေး ပြုံးပြနေသည်။

ဖုန်းကျားယန်က ထောင်ထောင်၏ အနောက်တွင် တည်ငြိမ်စွာ ရပ်နေသော်လည်း သူ၏ လက်လေးများက သူမ၏ ပုခုံးပေါ်တွင် နေရာကျနေ၏။

အလုပ်သင် မိဘများက ကလေးများ၏ အနောက်တွင် မထိန်းနိုင်သော အပြုံးကိုယ်စီဖြင့် ရပ်နေကြလေသည်။

[ တကယ့်ကို မှော်ဆန်တဲ့ နေရာချထားမှုပဲ! ]

[ သေသေချာချာလေးကို ရိုက်လို့ရပါရက်နဲ့၊ သူတို့ကတော့ ထူးခြားအောင်ကို လုပ်ကြတာပဲ (ရယ်လည်းရယ်၊ ငိုလည်းငိုလျက်) ]

[ အနောက်က အလုပ်သင်မိဘတွေဆိုရင် ရယ်ချင်စိတ်ကို အတော်အောင့်ထားရပုံပဲ ဟားဟား ]

ကလစ် ဆိုသည့် အသံနှင့်အတူ ပထမဆုံးအပိုင်း၏ တိုက်ရိုက်လွှင့်ထုတ်မှုက တရားဝင် ပြီးဆုံးသွားခဲ့ပြီ ဖြစ်၏။

ထုတ်လွှင့်မှု၏ အပြီးတွင် ဧည့်သည်များက အိမ်သို့ပြန်ကြရမည် ဖြစ်သည်။

ထုတ်လုပ်ရေးအဖွဲ့က သူတို့၏ အတွက်ကို လေယာဉ်ဖြင့် ပြန်ရန်အတွက်ကို စီစဉ်ပေးခဲ့၏။

ထုတ်လုပ်ရေးအဖွဲ့၏ ကြိုပို့ဘတ်စ်ကားဖြင့် ဧည့်သည်များက လေဆိပ်သို့ ရောက်ရှိလာကြသည်။

“မေမေ!”

နားနေခန်းထဲသို့ ရောက်သည်နှင့် ကုရှန်ရှန်က မျက်လုံးလေးများက ပြူးသွားရပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်လျက် လှိုင်းတွန့်ဆံပင်နှင့် ကျော့ရှင်းနေသော အမျိုးသမီးတစ်ဦးထံသို့ ပြေးသွားတော့၏။

ထုတ်လုပ်ရေးအဖွဲ့က ကလေးများကို အိမ်သို့ အရောက်ပို့ပေးရန်အတွက်ကို ဝန်ထမ်းများက စီစဉ်ပေးထားသော်လည်း၊ တခြားကလေးများ၏ မိဘများက စိတ်မချနိုင်ကြသောကြောင့် လေဆိပ်သို့ ကိုယ်တိုင်လာကြိုကြသည်။

ကုရှန်ရှန်က ပြေးသွားပြီးနောက်တွင် မုန်လျို့နှင့် ချောင်ဟောက်ယွီတို့ကလည်း သူတို့၏ မိဘများကို လျင်မြန်စွာပင် ရှာတွေ့သွားကြ၏။

ဖုန်းကျားယန်ထံသို့ပင် ဝတ်စုံပြည့်ဝတ်ကို ထားသော လူငယ်တစ်ဦးက ရောက်ရှိလာပြီး သူ၏ လက်ထဲမှ အထုတ်အပိုးများကို လှမ်းယူပေးခဲ့သည်။

ထောင်ထောင်က နှုတ်ခမ်းလေးကို စေ့ထားပြီး တခြားကလေးများ၏ ကျောပြင်ကို ကြည့်ရင်း အားကျစိတ်များဖြင့် ပြည့်နှက်နေခဲ့၏။

....သိပ်ကောင်းမှာပဲ

စနစ်: [ ထောင်ထောင်... ]

ခဏမျှ စနစ်၏ အချက်အလက်များက အနည်းငယ် လှုပ်ခတ်သွားခဲ့သည်။

ဇာတ်လမ်းအရဆိုလျှင် ဤအရန်ဇာတ်ကောင် မိန်းကလေးက ဘေးပတ်ဝန်းကျင်ရှိ လူတိုင်း၏ စွန့်ပစ်ခြင်းကို ခံရပြီး နောက်ဆုံးတွင် တစ်ဦးတည်းသာ ကျန်ရစ်ရမည် ဖြစ်၏။

ဤသည်က စနစ်၏ သတ်မှတ်ချက်ထဲတွင် အကောင်းဆုံးသော ဇာတ်သိမ်းပင် ဖြစ်သည်။

သို့သော်...

ပြီးပြည့်စုံသည့် ဇာတ်သိမ်းဆိုသည်က လူတိုင်းက ပျော်ရွှင်ရမည်ဟု ဆိုလိုသည် မဟုတ်ပါလား။

အဘယ်ကြောင့် ဤအရန်ဇာတ်ကောင် မိန်းကလေးက ဤ ပြီးပြည့်စုံသော ဇာတ်သိမ်းထဲမှ ဖယ်ထုတ်ခံထားရမည်နည်း။

ပထမဆုံးအကြိမ်အဖြစ် စိတ်ရှုပ်ထွေးဖြစ်ခြင် ဟုခေါ်သည့် ခံစားချက်က စနစ်၏ ဒေတာထဲတွင် ပေါ်ပေါက်လာခဲ့သည်။

*

All Chapters