← Chapters

အခန်း (၄၁-၄၂)

Vol. 5 Ch. 41-42

အခန်း (၄၁-၄၂)

Vol. 5 Ch. 41-42

အခန်း(41)

စုကျင်း၏ လေယာဉ်က မရောက်သေးသောကြောင့် သူက တစ်ဦးတည်း ရပ်နေသော မိန်းကလေးကို ငေးကြည့်နေခဲ့ကာ မျက်ခုံးကိုအနည်းငယ် တွန့်ချိုးလိုက်မိ၏။

လူအုပ်ကြီးထဲတွင် ရပ်နေသော ထိုပုံရိပ်လေးက တစ်ကမ္ဘာလုံး၏ စွန့်ပစ်ခြင်းကို ခံထားရသကဲ့သို့ပင်။

ဤမြင်ကွင်းနှင့် ရင်ဆိုင်ရသည့်အချိန်တွင် စုကျင်းက ရှင်းမပြတတ်အောင် စိတ်မသက်မသာ ဖြစ်သွားရ၏။

သူ၏ အကြည့်က နားနေခန်းထဲ၌ လှည့်ပတ်ကြည့်လိုက်၍ ထောင့်တစ်နေရာရှိ ရေခဲမုန့်စက်ဆီသို့ ရောက်သွားပြီး သူ၏ မျက်လုံးများကလည်း အနည်းငယ် လှုပ်ခတ်သွားရသည်။

ထောင်ထောင်က တခြားကလေးများကို ကြည့်ရင်း ရပ်နေချိန်မှာပင်၊ ရုတ်တရက် တစ်စုံတစ်ယောက်က သူမကို ပွေ့ချီလိုက်လေ၏။

“အာ့!”

လေထဲသို့ ရုတ်တရက် မြောက်တက်သွားသည့်အချိန်တွင် ထောင်ထောင်က အော်မိသွားရပြီး နွေးထွေးသော ခန္ဓာကိုယ်ကို မသိစိတ်ဖြင့် ဖက်ထားလိုက်မိသည်။

ထိုခဏချင်းမှာပင် ထောင်ထောင်၏ အမြင်အာရုံက ကျယ်ပြောသွားရပြီး ပတ်ဝန်းကျင်ရှိ အရာအားလုံးက ခြားနားသော အမြင်တစ်ခုသို့ ပြောင်းလဲသွားသည့်ကဲ့သို့ ခံစားလိုက်ရ၏။

ထောင်ထောင်က စုကျင်း၏ လည်ပင်းကို တင်းကျပ်စွာ ဖက်ထားရင်း ခေါင်းကို လှည့်ကြည့်လိုက်လျှင် စုကျင်း၏ ပြုံးနေသော မျက်လုံးများနှင့် ဆုံလိုက်ရသည်။

“ထောင်ထောင်၊ ရေခဲမုန့်စားချင်လား”

“စားချင်တယ်!”

ချက်ချင်းပင် ထောင်ထောင်၏ မျက်လုံးလေးများက တောက်ပသွားရပြီး အနည်းငယ်မျှပင်မစဉ်းစားဘဲ ဖြေလိုက်လေသည်။

ကျိုးယန်ရှား လေဆိပ်သို့ ရောက်ရှိလာသည့်အချိန်တွင် ဤမြင်ကွင်းကို မြင်တွေ့လိုက်ရ၏။

ကလေးထိန်းအစီအစဉ်တွင် လုံးဝကို ပါဝင်မည်မဟုတ်ဟု ယခင်က ကြုံးဝါးခဲ့သော ကြယ်ပွင့်တစ်ယောက်က ယခုအချိန်တွင် ထိုကလေးမလေးကို ကျွမ်းကျင်စွာ ပွေ့ချီထားခဲ့သည်။

သူက ရေခဲမုန့်ကို စားနေသော ကလေးမလေးကို ခေါင်းငဲ့၍ကြည့်နေခဲ့ကာ မျက်နှာပေါ်တွင်လည်း ရှားပါးသည့် နူးညံ့သိမ်မွေ့မှုများဖြင့် ပြည့်နှက်နေသည်။

မိန်းကလေးကလည်း သူ၏ ရင်ခွင်ထဲတွင် ငြိမ်သက်စွာနေလျက် ရေခဲမုန့်ကို အာရုံစိုက်၍စားနေလေ၏။

သို့သော် တစ်ခါတစ်ရံတွင် သူမ၏ ရေခဲမုန့်ကို မြှောက်ပြပြီး မခွဲနိုင်မခွာရက်သော မျက်လုံးလေးများဖြင့် စုကျင်းကို မျှဝေကျွေးမွေးနေသေးသည်။

တံခါးဝတွင် ရပ်ပြီး အရာအားလုံးကို ကြည့်နေသည့် ကျိုးယန်ရှားက ခဏမျှ တုံ့ဆိုင်းနေပြီး စုကျင်း လှည့်ကြည့်လိုက်သည့်အချိန်တွင်မှသာ စုကျင်း၏ ဘေးသို့ လျှောက်လာခဲ့၏။

ထောင်ထောင်က မကြာမီ ခွဲခွာရတော့မည်ကို မသိသေးသော်လည်း စုကျင်းကတော့ ဖြစ်လာတော့မည့်အရာကို နားလည်ပြီးသား ဖြစ်သည်။

စုကျင်းကိုယ်တိုင်ကပင် သူ၏ စိတ်အခြေအနေက ရုတ်တရက် ကျဆင်းသွားသည်ကို သတိမထားမိလိုက်ပေ။

ထောင်ထောင်က ဝမ်းသာအားရ လက်လေးမြှောက်လိုက်ပြီး ကျိုးယန်ရှားကို နှုတ်ဆက်လိုက်လေသည်။

“မင်္ဂလာပါ ယန်ချန်းကျဲကျဲ~”

ထောင်ထောင်၏ ခေါ်ဝေါ်သံကို ကြားသည့်အချိန်တွင်ကျိုးယန်ရှားက မရယ်ဘဲ မနေနိုင်တော့ပေ။

“မင်္ဂလာပါ ထောင်ထောင်”

သူမက ပြန်လည်၍ နှုတ်ဆက်လိုက်လေသည်။

သို့သော် သူ၏ အနုပညာရှင်က မျက်နှာပျက်ယွင်းနေသည်ကို သူက သတိပြုမိလိုက်လေ၏။

ထောင်ထောင်က ကျိုးယန်ရှားကို စပ်စုလိုစိတ်ဖြင့် ကြည့်၍မေးလိုက်လေသည်။

“ယန်ချန်းကျဲကျဲ ဒီကို ဘာလာလုပ်တာလဲ”

“ကျဲက..”

ကျိုးယန်ရှားက စုကျင်းကို တစ်ချက်ကြည့်ပြီးနောက် ပြုံးလိုက်ပြီး ပြောလိုက်လေသည်။

“ထောင်ထောင်ရဲ့ ကောကောကို အိမ်ပြန်ခေါ်ဖို့အတွက် လာတာလေ”

ဤစကားကို ကြားသည့်အချိန်တွင် ထောင်ထောင်က ထိတ်လန့်သွားရပြီး စုကျင်း၏ လည်ပင်းကို တင်းကျပ်စွာ ဖက်ထားလိုက်လေ၏။

သို့သော် ထောင်ထောင်က အခြေအနေကို လျင်မြန်စွာပင် သဘောပေါက်သွားရပြီး နှုတ်ခမ်းလေးကို စေ့ပြီး စုကျင်း၏ လည်ပင်းကို ဖက်ထားရာမှ ဖြည်းဖြည်းချင်း လွှတ်လိုက်ပြီး အလိုက်သိစွာဖြင့် ပြောလိုက်လေသည်။

“ဒါဆို ထောင်ထောင်က ဆင်းရတော့မှာပေါ့”

ထောင်ထောင်က စုကျင်း၏ နောက်ကျောကို ပုတ်လိုက်ပြီး သူမကို အောက်သို့ ချပေးရန်အတွက် အချက်ပြလိုက်လေ၏။

လက်ထဲတွင် ရေခဲမုန့်ကို ကိုင်ပြီး မြေပြင်ပေါ်တွင် ရပ်နေရင်း ထောင်ထောင်က မော့ကြည့်ပြီး စုကျင်း၏ အင်္ကျီလက်ကို ညင်သာစွာ ဆွဲလိုက်လေသည်။

စုကျင်းက နားမလည်နိုင်သော အမူအရာဖြင့် ငုံ့ကြည့်လိုက်သည့်အချိန်တွင် ချိုသာသော အသံလေးကို ကြားလိုက်ရ၏။

“ကောကော၊ ထောင်ထောင်တို့က ပြန်တွေ့ကြမှာမလားဟင်”

ထိုမျက်လုံးလေးများနှင့် ဆုံလိုက်ရသော ခဏတွင် စုကျင်း အံ့အားသင့် သွားရသည်။

ထိုမျက်လုံးလေးများထဲတွင် မျှော်လင့်ချက်များနှင့်အတူ ကြောက်ရွံ့မှုကို သူ မြင်လိုက်ရသည်။

ဒီလောက်ငယ်ရွယ်တဲ့ ကလေးတစ်ယောက်က ဘာကို ကြောက်နေတာလဲ။

ဤအတွေးက စုကျင်း၏ စိတ်ထဲတွင် ဖြတ်ခနဲ ပေါ်လာပြီးနောက် သူက ချက်ချင်းပင် ခေါင်းကိုငြိမ့်ပြလိုက်ပြီး အလေးအနက် ကတိပေးလိုက်လေသည်။

“ဒါပေါ့၊ ပြန်တွေ့မှာပေါ့”

သူမက လိုချင်သော အဖြေကို ရရှိသွားသောကြောင့် ထောင်ထောင်က စုကျင်း၏ အင်္ကျီလက်မှ သူမ၏ လက်ကလေးကို လွှတ်လိုက်ပြီး ပါးချိုင့်လေး နှစ်ဖက်ကို ပေါ်အောင် ပြုံးပြလိုက်လေသည်။

“တာ့တာ ကောကော~”

နားနေခန်းထဲမှ မထွက်ခွာမီလေးတွင် စုကျင်းက အနောက်လှည့်ကြည့်လိုက်လျှင် ထောင်ထောင်က လှုပ်ရှားခြင်းမရှိဘဲ တံခါးဆီသို့ ငေးကြည့်ရင်း ကျန်ရစ်ခဲ့သည်ကို တွေ့လိုက်ရ၏။

သူမ၏ အနောက်တွင် တခြားကလေးများက မိဘများနှင့်အတူ ထိုင်နေကြသော်လည်း၊ ထောင်ထောင်ကတော့ တစ်ဦးတည်း အထီးကျန်စွာ ရပ်နေသည်။

စုကျင်းက လှည့်ကြည့်သည်ကို မြင်သည့်အချိန်တွင် ထောင်ထောင်၏ မျက်လုံးလေးများက တောက်ပသွားပြီး သူမက ချိုသာစွာပြုံးပြလိုက်လေ၏။

ဤအပြုံးက စုကျင်းကို ပို၍ပင် စိတ်မသက်မသာ ဖြစ်စေတော့သည်။

လေယာဉ်ပေါ်သို့ တက်ပြီးသည့်တိုင်အောင် စုကျင်း၏ စိတ်အခြေအနေက မကောင်းသေးပေ။

ကျိုးယန်ရှားက သူမ၏ အနုပညာရှင်၏ မျက်နှာကို ကြည့်ပြီး မရယ်ဘဲ မနေနိုင်တော့ဘဲ မေးလိုက်လေသည်။

“ဘာလဲ၊ စိတ်မကောင်း ဖြစ်နေတာလား”

စုကျင်းက သူ၏ မန်နေဂျာကို အဖက်မလုပ်ချင်သောကြောင့် ခေါင်းကို တခြားဘက်သို့ လှည့်ထားလိုက်လေသည်။

သို့သော် ကျိုးယန်ရှားက ဆက်၍ စနောက်နေတော့၏။

“အဲဒီ ကလေးမလေးက ချစ်ဖို့ မကောင်းဘူးလား၊ အိမ်ကိုခေါ်ပြီးတော့ မွေးချင်စိတ် မဖြစ်ဘူးလား”

စုကျင်း မျက်မှောင်ကြုတ်လိုက်ပြီး:

“ခင်ဗျားက နှာဘူးလား”

စုကျင်း၏ မကျေမနပ်စကားသံကို ကြားသော်လည်း ကျိုးယန်ရှားက စိတ်မဆိုးသည့်အပြင် ပို၍ပင် ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။

သူမ၏ အနုပညာရှင်ကို သူမက ကောင်းကောင်းသိသည် မဟုတ်ပါလား။

သူက မကြိုက်ခြင်း မဟုတ်ဘဲ ထိုကလေးမလေး၏အပေါ် တွင်အမှန်တကယ်ပင် ဂရုစိုက်သွားခြင်းဖြစ်သည်။

ဟင်း..

စိတ်ဝင်စားစရာပဲ။

စုကျင်းက မျက်လုံးများကို မှိတ်ထားသော်လည်း ထွက်ခွာလာချိန်က မြင်ခဲ့ရသော ထောင်ထောင်၏ အထီးကျန်နေသည့် ပုံရိပ်က သူ၏ စိတ်ထဲတွင် ဖျောက်ဖျက်မရအောင် ကျန်ရစ်နေလေ၏။

ခဏအကြာတွင် စုကျင်းက မအောင့်နိုင်တော့ဘဲ မျက်မှောင်ကြုတ်လျက် ကျိုးယန်ရှားကို ညွှန်ကြားလိုက်လေသည်။

“ထောင်ထောင်တို့ရဲ့ မိသားစုထဲမှာ ဘာတွေကို ဖြစ်နေလဲဆိုတာကို စုံစမ်းကြည့်လိုက်ဦး”

စုကျင်းက ကျိုးယန်ရှားကို စုံစမ်းရန်အတွက် ညွှန်ကြားနေချိန်၌ ‘မင်း ဘယ်ကိုသွားမလဲ ဘေဘီ’ အစီအစဉ်၏ ဒါရိုက်တာ ကျိုးထင်ကလည်း ထောင်ထောင်ကို သူမ၏ နေထိုင်ရာ တိုက်ခန်းသို့ ကိုယ်တိုင်ကိုယ်ကျ လိုက်လံ၍ ပို့ဆောင်ပေးနေလေ၏။

တိုက်ခန်းနှင့် နီးကပ်လာလေလေ ထောင်ထောင်၏ အပြုံးများက မှေးမှိန်လာလေဖြစ်သည်။

အစောပိုင်းက တက်ကြွနေခဲ့သော သူမ၏ ခြေလှမ်းလေးများကလည်း လေးလံသော လှုပ်ရှားမှုလေးများအဖြစ်သို့ ပြောင်းလဲသွားသည်။

သူမက အိမ်ရှေ့တံခါးဝတွင် ရပ်လိုက်သည့်အချိန်တွင် ဖြူစင်နုနယ်သော မျက်နှာထက်၌ အပြုံးအရိပ်အယောင်ဟူ၍ လုံးဝကို မရှိတော့ပေ။

တံခါးဝတွင် ရပ်နေရင်း ထောင်ထောင်က ကျိုးထင်၏ အင်္ကျီလက်ကို ညင်သာစွာ ဆွဲလိုက်ပြီး တောက်ပသော မျက်လုံးကလေးများဖြင့် သူမကို ကြည့်၍ မေးရှာသည်။

“ကျဲကျဲ၊ ထောင်ထောင်တို့က အပြင်မှာပဲ ခဏလောက် ထပ်နေလို့ မရဘူးလား”

ကျိုးထင်က ထောင်ထောင်၏ မိဘများနှင့် တွေ့ဖူးပြီးဖြစ်၏။

သူမ၏ အနေဖြင့် သူတို့၏ မိသားစု၏ အခြေအနေကိုအသေးစိတ်ကို မသိရှိသော်လည်း ထိုသူတို့၏ အမူအရာများအရ ထောင်ထောင်၏ အပေါ် တွင်များစွာဂရုစိုက်ခြင်းမရှိကြောင်းကို ခန့်မှန်းမိသည်။

ပထမဆုံးအပိုင်းကို ရိုက်ကူးပြီးကတည်းက မင်း ဘယ်ကိုသွားမလဲ ဘေဘီအစီအစဉ်၏ အဖွဲ့သားတိုင်းထဲတွင် လိမ်မာ၍ ချစ်စဖွယ်ကောင်းသော ထောင်ထောင်ကို မချစ်မနှစ်သက်သူဟူ၍ တစ်ဦးမျှ မရှိပေ။

ယခုအချိန်တွင် ဖြူဖွေးသည့် ကိတ်မုန့်လုံးလေးက သနားစဖွယ်ကောင်းစွာ ခေါင်းလေးကိုမော့ကြည့်နေသည်ဖြစ်၍ မည်မျှပင် စိတ်နှလုံးမာကျောသူဖြစ်ပါစေ တုန်လှုပ်သွားမည်က အသေအချာပင် ဖြစ်၏။

ကျိုးထင်၏ စိတ်နှလုံးက နူးညံ့သွားရပြီး ထောင်ထောင်၏ ခေါင်းလေးကို ပုတ်ပေးလိုက်မိသည်။

သို့သော်လည်း...

ကျိုးကျင်းက သူမ၏ စိတ်ထဲ၌ တိတ်တဆိတ် သက်ပြင်းချလိုက်မိ၏။

မည်သို့ပင်ဖြစ်စေ ထောင်ထောင်၏ မိဘများက သူမ၏ အုပ်ထိန်းသူများ ဖြစ်နေဆဲပင်။

ကျိုးထင်က ထောင်ထောင်ကို မည်မျှပင် ချစ်ခင်ပါစေ သွေးသားတော်စပ်မှုနှင့် ဥပဒေကြောင်းအရ အရင်းအမြစ်မိဘများကို အစားထိုး၍ မရနိုင်ပေ။

ကျိုးထင်က ထောင်ထောင်၏ အရှေ့တွင် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး သူမ၏ မျက်လုံးများကို တည့်တည့်ကြည့်၍ ပြောလိုက်လေသည်။

“နောက် (၇) ရက်နေရင် ငါတို့က ပြန်တွေ့ရမှာပါ၊ အဲဒီအချိိန်ကျရင် ကျဲကျဲက လာကြိုမယ်၊ ဟုတ်ပြီလား”

ထောင်ထောင်က ကျိုးထင်၏ မျက်လုံးများကို အလေးအနက် စိုက်ကြည့်လိုက်ပြီး သူမ၏ လက်သန်းလေးကို ခိုင်မာစွာ ဆန့်ထုတ်လိုက်ပြီး ပြောလိုက်လေသည်။

“ဒါဆို၊ ကတိနော်”

ကျိုးထင်က အနည်းငယ်ပြုံးလိုက်ပြီးနောက် ထောင်ထောင်၏ လက်သန်းလေးနှင့် သူမ၏ လက်သန်းကို ချိတ်လိုက်ပြီးရဂတိပေးလိုက်လေ၏။

“ကောင်းပါပြီ၊ ကတိပေးပါတယ်”

မင်း ဘယ်ကိုသွားမလဲ ဘေဘီ အစီအစဉ်၏ အဓိက ဒါရိုက်တာတစ်ဦးအနေဖြင့် ကျိုးထင်က ပလက်ဖောင်း၏ စံနှုန်းများနှင့် အစီအစဉ်၏ ရေပန်းစားမှုကို အသိဆုံးသူပင် ဖြစ်သည်။

လက်ရှိတွင် အစီအစဉ်၏ တိုက်ရိုက်ထုတ်လွှင့်မှုက ပလက်ဖောင်း၏ KPI ညွှန်ကိန်းများထက် အဆပေါင်းများစွာ ကျော်လွန်နေပြီ ဖြစ်သည်။

တခြားပလက်ဖောင်းများပေါ်ရှိ ပြန်လည်မျှဝေမှုများနှင့် ဆွေးနွေးမှုများအရ ပထမပိုင်း၏ တည်းဖြတ်ပြီးဗားရှင်းက ကြည့်ရှုနှုန်းက ထွက်မလာသေးသော်လည်း လက်ရှိရေပန်းစားမှုအရ နောက်ထပ်အပိုင်းများကို တိုက်ရိုက်လွှင့်ခြင်းနှင့် ရိုက်ကူးခြင်းက သေချာပေါက် ဖြစ်လာမည်သာ ဖြစ်၏။

ဤသို့ အစီအစဉ်၏ အောင်မြင်မှုကို သိရှိထားသောကြောင့်သာ ကျိုးထင်က ဤကတိကို ရဲဝံ့စွာ ပေးဝံ့ခြင်းပင် ဖြစ်သည်။

ခုနစ်ရက်အကြာတွင် ပြန်တွေ့မည်ဟူသော ကျိုးထင်၏ ကတိကို ရရှိပြီးနောက်တွင် ထောင်ထောင်က ကျိုးထင်နှင့် လက်သန်းချင်းကို ချိတ်လိုက်ပြီး ပါးချိုင့်လေးများကို ပေါ်လာသည်အထိ ပြုံးလိုက်လေ၏။

ငှားရမ်းထားသော အခန်းတံခါးကို လှည့်ကြည့်လိုက်သည့်တိုင်အောင် မျှော်လင့်ချက်ကြောင့် အရင်ကလောက် စိတ်ပျက်စရာ မကောင်းတော့သကဲ့သို့ ခံစားရသည်။

သို့သော် ထောင်ထောင်က တံခါးခေါက်ရန်အတွက်ကို မသိစိတ်က တုံ့ဆိုင်းနေဆဲပင် ဖြစ်၏။

ထောင်ထောင်၏ မျက်နှာပေါ်မှ တုန်းဆိုင်းမှုကို မြင်ရသည့်အချိန်တွင် ကျိုးထင်က ထောင်ထောင်၏ လက်ကို တိတ်တဆိတ် ခပ်တင်းတင်း ဆုပ်ကိုင်ပေးလိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် ထောင်ထောင်၏အတွက် တံခါးကို ခေါက်ပေးလိုက်လေ၏။

*

အခန်း(42)

“ဒေါက်၊ ဒေါက်၊ ဒေါက်”

“ဘယ်သူလဲ”

စိတ်မရှည်သော အမျိုးသားတစ်ဦး၏ အသံတစ်သံက အထဲမှ ချက်ချင်း ထွက်ပေါ်လာခဲ့သည်။

ခဏအကြာတွင် ဘောင်းဘီအတိုကိုဝတ်ဆင်ထားပြီး မုတ်ဆိတ်မွေး ဗရပွနှင့် လူလတ်ပိုင်း အမျိုးသားတစ်ဦးက တံခါးကို ဖွင့်လိုက်လေ၏။သူ၏ မျက်နှာက ခက်ထန်နေ

၏။

သူက စကားမပြောခင်မှာပင် ပြင်းထန်လွန်းသော အရက်နံ့ကြီးက ထွက်ပေါ်လာသောကြောင့် ကျိုးထင်က မျက်ခုံးကိုအနည်းငယ် တွန့်ချိုးသွားရသည်။

အစမ်းလူရွေးပွဲများသို့ သွားသည့်အချိန်တွင် ချိုက်ရှို့လန်ကသာ လိုက်ပါလေ့ရှိသောကြောင့် ချွီခွန်က ကျိုးထင်းကို တစ်ခေါက်မျှ မတွေ့ဖူးသကဲ့သို့ သူမက ဒါရိုက်တာဖြစ်ကြောင်းကိုလည်း မသိရှိပေ။

တံခါးဝတွင် သူစိမ်းအမျိုးသမီးတစ်ဦးက ရပ်နေသည်ကို မြင်သည့်အချိန်တွင် ချွီခွန်က မသိစိတ်ဖြင့် မျက်မှောင်ကြုတ်လိုက်လေသည်။

သူ၏ အကြည့်က အောက်ဘက်သို့ ရောက်ရှိသွားပြီး ထောင်ထောင်ကို မြင်လိုက်သည့်အချိန်တွင်မှ မည်သူဖြစ်ကြောင့်ကို သိရှိသွား၏။

“အေ့..”

ချွိခွန်က အရက်များကို အလွန်အကျွံ သောက်ထားသောကြောင့် စကားမပြောနိုင်ခင်မှာပင် လေချဉ်တစ်ချက်ကို တက်လိုက်ရလေ၏။

ထွက်ပေါ်လာသော အရက်နံ့က ကျိုးထင်ကို အန်ချင်လာအောင်အထိ ပြင်းထန်လွန်းသည်။

သူမက ထောင်ထောင်ကို အကဲခတ်ကြည့်လိုက်၍ ထောင်ထောင်၏ မျက်နှာက တည်ငြိမ်နေဆဲပင်ဖြစ်လေ၏။

ထို့ကြောင့် ဤသည်က သူမအတွက် နေသားကျနေသော အရာဖြစ်မည်ဟု ထင်ရသည်။

တကယ်တမ်းတွင် ထောင်ထောင်က သတိမထားမိခြင်းသာ ဖြစ်လေ၏။

ဤနားလည်မှုလွဲမှားမှုလေးက ကျိုးထင်အား ထောင်ထောင်အပေါ် တွင် ပို၍သနားသွားစေပြီး မိဘများ အပေါ်တွင် ပို၍ရွံရှာသွားစေသည်။

ကျိုးကျင်းက တည်ငြိမ်စွာဖြင့် ပြောလိုက်လေ၏။

“ကျွန်မက ‘မင်းဘယ်ကိုသွားမလဲ ဘေဘီ’ အစီအစဉ်က ဝန်ထမ်းတစ်ယောက်ပါ၊ ထောင်ထောင်ကို အိမ်အရောက် ပြန်ပို့ပေးတာ”

“အိုး..”

ချွီခွန်က ကလေးတစ်ယောက်က တိုးဝင်နိုင်ရုံလေးကိုသာ လမ်းကိုဖယ်ပေးလိုက်လေ။ ထောင်ထောင်ကို ကြိုဆိုလိုသည့် အမူအရာကတော့ လုံးဝကို မရှိပေ။

ထောင်ထောင်က သူမ၏ လက်လေးမြှောက်ပြီး ကျိုးကျင်းကို ချိုသာစွာဖြင့် ပြုံးပြပြီး လက်ပြလိုက်လေသည်။

“တာ့တာ ကျဲကျဲ~”

ထောင်ထောင်တို့က (၇)ရက်နေရင် ပြန်တွေ့ကြမှာမလား။

ခုနစ်ရက်တာ ကာလအတွက် မျှော်လင့်ချက်များဖြင့် ထောင်ထောင်က အခန်းထဲသို့ ဝင်သွားခဲ့သည်။

ကျိုးထင်က တံခါးဝတွင် ရပ်နေဆဲဖြစ်ပြီး တံခါးကို မပိတ်ခင်မှာပင် အထဲမှ စူးရှပြီး စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသော အသံတစ်သံကို ကြားလိုက်ရ၏။

“ဟေ့! အသုံးမကျတဲ့ ကောင်မလေး ပြန်ရောက်ပြီလား”

အသုံးမကျတဲ့ ကောင်မလေး။

ကျိုးထင်၏ မျက်လုံးများက အနည်းငယ် ပြူးသွားရပြီး ဤနှိမ့်ချသော ခေါ်ဝေါ်သံက ထောင်ထောင်ကို ရည်ညွှန်းကြောင်းကို သိလိုက်ရသည့်အချိန်တွင် သူမ၏ စိတ်ထဲ၌ ဒေါသများက ချက်ချင်းပင် ထွက်ပေါ်လာလေတော့၏။

ဒါက ဘယ်လိုခေတ်ကြီးလဲ!

ဒီလို မိသားစုဝင်မျိုးက ရှိနေသေးတာလား!

ချွီခွန်က ကျိုးကျင်း၏ ဒေါသကို လုံးဝကို သတိမထားမိပေ။

သူက တံခါးဝတွင် မလှုပ်မယှက် ရပ်နေသော ဝန်ထမ်းကို ခေါင်းမော့ကြည့်လိုက်ပြီး မေးငေါ့ပြလိုက်လေ၏။

“လူ ရောက်ပြီဆိုတော့ ပြန်လို့ရပြီလေ”

ကျိုးကျင်းက သူမ၏ ဒေါသကို အတတ်နိုင်ဆုံး ထိန်းလိုက်ပြီး ယဉ်ကျေးသော အပြုံးဖြင့်ပြောလိုက်လေသည်။

“ခဏလောက်ပါ ထောင်ထောင်ရဲ့ မိဘတို့၊ ကျွန်မတို့ရဲ့ အစီအစဉ်က နောက်တစ်ပတ်မှာ ဒုတိယပိုင်းကို ရိုက်ကူးဖို့ ရှိပါတယ်၊

ထောင်ထောင်က ကျွန်မတို့ရဲ့ အစီအစဉ်ရဲ့အတွက် အရေးကြီးတဲ့ ဧည့်သည်တစ်ဦးပါ၊

ဒုတိယပိုင်းကို မရိုက်ကူးခင်မှာ သူမမှာ အညိုအမည်းစွဲတာ ဒါမှမဟုတ် ဒဏ်ရာရတာမျိုးကို အပါအဝင် ဘယ်လို မတော်တဆမှုမျိုးကိုမှ မဖြစ်စေချင်ပါဘူး၊

အဲဒီလို ဖြစ်လာခဲ့ရင် ဒါက စာချုပ်ဖောက်ဖျက်မှုကို ဖြစ်နိုင်ပြီး သူမရဲ့ အနုပညာကြေးအပေါ်မှာ အများကြီး ထိခိုက်နိုင်သလို လျှော်ကြေးလည်း ပေးရမှာပါ”

အမှန်တကယ်တွင် ဤစည်းကမ်းချက်များက စာချုပ်ထဲတွင် ပါဝင်ခြင်းမရှိပေ။ ကျိုးထင်က ခြောက်လှန့်လိုက်ခြင်းသာ ဖြစ်၏။

အရှေ့ပိုင်း စကားများကို ကြားသည့်အချိန်က ချွီခွန်၏ မျက်နှာက မပြောင်းလဲသော်လည်း နောက်ပိုင်းတွင် စိတ်မရှည်သော အမူအရာက ပေါ်လာခဲ့သည်။

သို့သော် အနုပညာကြေးဟူသော စကားကို ကြားလိုက်ရသည့်အချိန်၌ သူ၏ မျက်လုံးများက ချက်ချင်းပင် စူးရဲသွားလေ၏။

“ဒါက မတရားတဲ့ စည်းကမ်းတွေပဲ! လုံးဝကို ယုတ္တိမရှိဘူး!”

ချွီခွန်က ကျိုးထင်၏ နှာခေါင်းကို လက်ညှိုးထိုးပြီး အော်ဟစ်တော့၏။

ကျိုးကျင်းကတော့ အေးဆေးတည်ငြိမ်စွာဖြင့်ပင် ပြောလိုက်လေသည်။

“စိတ်မကောင်းပါဘူး၊ ရှင်တို့ကတစ်ခုခုကို မှားနေပုံရတယ်၊ ကျွန်မတို့က တရားဝင် ကုမ္ပဏီတစ်ခု ဖြစ်တဲ့အတွက် စည်းကမ်းချက်တွေ အားလုံးက ဥပဒေနဲ့အညီရှိတာပါ၊

သိချင်တာရှိရင် ကျွန်မတို့ရဲ့ ဥပဒေအကြံပေးတွေက ရှင်းပြပေးပါလိမ့်မယ်”

ကျိုးထင်၏ စကားကြောင့် ချွီခွန်၏ မျက်နှာက နီလိုက်ဖြူလိုက် ဖြစ်နေလေသည်။

“တခြား မေးစရာမရှိရင် ကျွန်မ သွားတော့မယ်”

ကျိုးကျင်းက သူ၏ မျက်နှာကို ဂရုမစိုက်တော့ဘဲ ထွက်လာခဲ့ပေသည်။

မထွက်ခွာမီ ကျိုးထင်၏ အကြည့်က ချွီခွန်ကို ကျော်လွန်၍ အခန်း၏ ထောင့်ရှိ ထောင်ထောင်ထံသို့ ရောက်သွားပြီး စိတ်မကောင်းဖြစ်သွားရ၏။

တစ်ဖက်တွင်လည်း၊

လှေကားမှ ဆင်းလာသော ကျိုးထင်က တံခါးပိတ်သံကို ကြားလိုက်ရသည့်အချိန်တွင် မျက်မှောင်ကြုတ်၍ ရွံရှာသော အမူအရာဖြင့် တံတွေးတစ်ချက်ကို တိတ်တဆိတ် ထွေးလိုက်မိ၏။

ဤလောကတွင် လူတိုင်းက မိဘဖြစ်ရန်အတွက် အရည်အချင်း မရှိကြပေ။

သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ မိဘဖြစ်ခြင်းဟူသော အရေးကြီးသော အလုပ်က စာမေးပွဲဖြေရန် သို့မဟုတ် လက်မှတ်ရရန်အတွက်ကိုမလိုအပ်ခြင်းပင် ဖြစ်သည်။

ကျိုးထင်၏ ခြိမ်းခြောက်စကားကြောင့်ပင် ဒုတိယပိုင်းကို မရိုက်ကူးမီ တစ်ပတ်အတွင်း၌ ချွီခွန်၏ ထောင်ထောင်အပေါ်တွင် ထားရှိသော သဘောထားက မကြုံစဖူး နူးညံ့နေခဲ့၏။

ဤနူးညံ့မှု ဆိုသည်က ဟောက်ဟောက်က ထောင်ထောင်ကို ရိုက်နှက်ခြင်းမျိုးကို မပြုလုပ်ရန်အတွက် တားမြစ်ပေးခြင်းမျှသာ ဖြစ်ပြီး ကျန်သည့်အချိန်များတွင် သူမကို အိမ်ထဲ၌ မရှိသကဲ့သို့သာ သဘောထားခြင်းပေသည်။

သို့သော် ထောင်ထောင်အတွက်တော့ ဤသို့ အရေးမစိုက်ခံရခြင်းကပင် အလွန်ပျော်စရာကောင်းသော အရာဖြစ်နေခဲ့၏။

နေ့တိုင်း ထောင်ထောင်က စနစ်နှင့်အတူ နောက်တစ်ကြိမ် ရိုက်ကူးရန်အတွက် ရက်မည်မျှကို လိုသေးသည်ကို ရင်ခုန်စွာဖြင့် ရေတွက်နေခဲ့တတ်သည်။

ရိုက်ကူးရေးကို စတင်မည့်နေ့တွင်တော့ မိုးမလင်းခင်ကတည်းက ထောင်ထောင်က အိပ်ရာမှ တိတ်တဆိတ် ထလိုက်ပြီး သူမ၏ လွယ်အိတ်လေးကို သေသေချာချ ထုပ်ပိုးကာ ခုတင်လေးပေါ်တွင် မျက်လုံး အဝိုင်းသားလေးနှင့် ထိုင်စောင့်နေခဲ့၏။

မနက်စော နေရောင်ခြည်လေး ပေါ်လာပြီးနောက် တံခါးခေါက်သံကို ကြားလိုက်ရသည့်အချိန်တွင် ထောင်ထောင်၏ မျက်လုံးလေးများက ချက်ချင်းပင် တောက်ပသွားသည်။

သူမက လွယ်အိတ်လေးကို ဆွဲ၍ တံခါးဆီသို့ ပြေးသွားလိုက်လေ၏။

တံခါးကို ဖွင့်လိုက်ပြီးနောက် ကျိုးထင်ကို မြင်လိုက်ရသည့်အချိန်တွင် ထောင်ထောင်က အံ့သြဝမ်းသာစွာဖြင့်အော်လိုက်မိလေသည်။

“ကျိုးထင်ကျဲကျဲ!”

ချိုသာသော ကလေးအသံလေးဖြင့် ခေါ်သံကို ကြားလိုက်ရသည့်အချိန်တွင် တစ်မနက်ခင်းလုံး ပင်ပန်းသမျှတို့က ချက်ချင်းပင် ပျောက်ကွယ်သွားသကဲ့သို့ ကျိုးထင်က ခံစားလိုက်ရ၏။

သူမက ထောင်ထောင်ကို ချီလိုက်ပြီးမေးလိုက်လေသည်။

“ဘယ်လိုလဲ၊ ကျဲကျဲက ကတိတည်တယ်မလား”

ထောင်ထောင်က ကျိုးထင်းကို ချစ်ခင်စွာဖြင့် ဖက်ထားပြီးပြောရှာသည်။

“ကျိုးထင်ကျဲကျဲက အကောင်းဆုံးပဲ!”

ကျိုးကျင်းက စနောက်ပြီး မေးလိုက်လေ၏။

“ဒါဆိုရင် ကျိုးထင်ကျဲကျဲနဲ့ စုကျင်းကောကောတို့နှစ်ယောက်မှာ ဘယ်သူက ထောင်ထောင်ရဲ့ စိတ်ထဲမှာ ပိုပြီးတော့ ကောင်းလဲ”

ဤသို့ ခက်ခဲသော မေးခွန်းနှင့် ရင်ဆိုင်လိုက်ရသည့်အချိန်တွင် ထောင်ထောင်က မျက်ခုံးလေးကို ကြုတ်လိုက်ပြီး စဉ်းစားခန်း ဝင်သွားလေ၏။

ကျိုးထင်ကျဲကျဲက သူမကို လာကြိုမည်ဟု ကတိပေးခဲ့သကဲ့သို့ ယခုလည်း အမှန်တကယ်ပင် လာကြိုသည် မဟုတ်ပါလား။

သို့သော် စုကျင်းကောကောကလည်း သူမ၏အပေါ်တွင်အလွန်ကောင်းသည်။ ထို့အပြင် သူက ဟင်းချက်လည်း သိပ်မတော်ရှာသောကြောင့် သူ့ကို စိတ်မကောင်းအောင် မလုပ်ချင်ပါပေ။

ထောင်ထောင်က စဉ်းစားပြီးမှ ခပ်တိုးတိုး ပြောလိုက်လေသည်။

“နှစ်ယောက်လုံးကို နံပါတ် (၁) ပေးလို့ မရဘူးလား”

“ဖူး..”

ဘေးမှ ဝန်ထမ်းများကလည်း မအောင့်နိုင်တော့ဘဲ ရယ်မောသွားကြကာ ကျိုးထင်၏ အပြုံးကလည်း ပို၍ပင် ကျယ်ပြန့်လာခဲ့၏။

ထောင်ထောင်က ရှက်ကိုးရှက်ကန်းဖြင့် ကျိုးထင်၏ ပုခုံးပေါ်တွင် မျက်နှာလေးကို ဝှက်ထားလိုက်မိပြီး သူမ၏ စိတ်ထဲ၌ အပြစ်မကင်းသကဲ့သို့ ခံစားနေရသည်။

တောင်းပန်ပါတယ် ကောကော..

ကောကောက တခြားတစ်ယောက်နဲ့ နံပါတ် (၁)ကို အတူပေးလိုက်မိပြီ။

(၇) ရက်တာကို အနားယူပြီးနောက်၌ မင်းဘယ်ကိုသွားမလဲ ဘေဘီ ၏ ဒုတိယပိုင်းကို တရားဝင် စတင်ရိုက်ကူးပြီ ဖြစ်သည်။

ခွဲခွာနေခဲ့ရသော တစ်ပတ်အကြာတွင် ဧည့်သည် ငါးဖွဲ့လုံးက (၄) ရက် (၃) ည ကြာမည့် ကျွန်းခရီးစဉ်၏အတွက်ကို ဆိပ်ကမ်းတစ်ခု၌ ပြန်လည်၍ ဆုံတွေ့ကြရ၏။

မနက်စောစောတွင် စုကျင်းက ဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့သည်။

သူ ကင်မရာထဲ၌ ပေါ်လာသည့်အချိန်တွင် ပြာလွင်သော မိုးကောင်းကင်၏ အောက်ရှိ ပင်လယ်ပြင်ကြီးကို နောက်ခံထားပြီး အပြာနှင့် အဖြူစပ် ရှပ်အင်္ကျီတိုနှင့် အဖြူရောင် ဘေ့စ်ဘောဦးထုပ်ကို ဆောင်းထားခဲ့လေဒ။ စုကျင်းကအမှန်တကယ့်ကို လန်းဆန်း၍ ချောမောနေ၏။

[ စုကျင်းရဲ့ ဝတ်စုံက ကျောင်းအိုင်ဒေါတစ်ယောက်လိုပဲ၊ ဘယ်သူက နားလည်နိုင်လဲ ]

[ ဟား.. ဒီလူက ဘယ်လိုလုပ်ပြီးတော့ ပိုပိုပြီးတော့ နုပျိုလာတာလဲ! ]

[ အံ့သြစရာပဲ၊ စုကျင်းက ဒီလိုဝတ်ထားတာကို အထက်တန်းကျောင်းသားလို့ ပြောရင်တောင် ယုံမိမှာပဲ! ]

[ ဒါပေမယ့် ဒီ ကျောင်းသားရဲ့ အကြည့်ကတော့ အေးစက်လွန်းနေတာပဲ ဟားဟား ]

နောက်တစ်စက္ကန့်တွင် ကင်မရာထဲ၌ အေးစက်နေသော စုကျင်းက သူ၏ အကြည့်များကို ရုတ်တရက် နူးညံ့သွားစေခဲ့သည်။

ပရိသတ်တိုင်းက ကြည့်နေချိန်မှာပင် စုကျင်းက ခေါင်းကိုငုံ့လိုက်၍ ဝါဝင်းသည့် အမွှေးပွလုံးလေးကဲ့သို့ ထောင်ထောင်က သူ၏ ရင်ခွင်ထဲသို့ ပျော်ရွှင်စွာဖြင့် ပြေးဝင်လာခဲ့လေ၏။

စုကျင်းက ထောင်ထောင်ကို ကျွမ်းကျင်စွာ ချီလိုက်သည့်အချိန်တွင် ထောင်ထောင်ထံမှ ချစ်စဖွယ် အော်သံလေးက ထွက်ပေါ်လာခဲ့သည်။

စုကျင်း၏ မျက်နှာက နေရောင်ခြည်၏ အောက်ရှိ ရေခဲတောင်ကဲ့သို့ပင် ချက်ချင်း အရည်ပျော်သွားတော့၏။

စုကျင်းက ထောင်ထောင်ကို ချီ၍ တစ်ချက်၊ နှစ်ချက်ခန့် မြှောက်ကြည့်လိုက်ပြီးပြောလိုက်လေသည်။

“ပေါ့လွန်းတယ်”

ထောင်ထောင်က စုကျင်း၏ လည်ပင်းကို ဖက်ထားရင်း အပြုံးလေးများက ပျောက်ကွယ်သွားပြီးနောက် တစ်ခုခုကို သတိရသွားပုံ ရ၏။

စုကျင်းက ထောင်ထောင်၏ စိတ်အခြေအနေက ပြောင်းလဲသွားသည်ကို သတိပြုမိပြီးမေးလိုက်လေသည်။

“ဘာဖြစ်လို့လဲ”

“ကောကော၊ တောင်းပန်ပါတယ်”

ထောင်ထောင်က စုကျင်း၏ လည်ပင်းကို တင်းကျပ်စွာ ဖက်ထားပြီး ဝမ်းနည်းနေသော အသံလေးဖြင့် ပြောလိုက်လေသည်။

“အခုတော့ ကောကောနဲ့ ကျဲကျဲက နံပါတ် (၁) အတူတူ ဖြစ်သွားပြီ”

ထောင်ထောင်၏ စကားကို ကြားလိုက်ရသည့်အချိန်တွင် စုကျင်းက မျက်ခုံးတစ်ချက်ကို အနည်းငယ် ပင့်လိုက်မိသွားရသည်။

*

All Chapters