အခန်း (၄၃-၄၄)
Vol. 5 Ch. 43-44
အခန်း(43)
“ကောကောနဲ့ ကျဲကျဲလား”
စုကျင်းက ထောင်ထောင်၏ကောကောက သူ့ကို ဆိုလိုခြင်းဖြစ်ကြောင်းကို ချက်ချင်း သဘောပေါက်လိုက်လေ၏။
သို့ သော်လည်း ကျဲကျဲ ဆိုသည်ကမည်သူနည်း။
သူ့မ၏ ခံစားချက်ကို ဖုံးကွယ်ထားနိုင်ခြင်းမရှိသော ကိတ်မုန့်လုံးလေးကို ချီထားရင်း စုကျင်းက တည်ငြိမ်စွာဖြင့်ပင် မေးမြန်းလိုက်လေ၏။
“ကျဲကျဲက ဘယ်ကျဲကျဲလဲ”
စုကျင်းက ဖြစ်နိုင်ခြေရှိသော ရွေးချယ်စရာတိုင်းကို သူ၏ ဦးနှောက်ထဲ၌ လျင်မြန်စွာ စဉ်းစားပြီးဖြစ်လေ၏။
စုကျင်း၏ ခန့်မှန်းချက်အရ ထောင်ထောင်က ပြောဆိုနေသော ကျဲကျဲက မင်းဘယ်ကိုသွားမလဲ ဘေဘီ အစီအစဉ်မှ တခြားဧည့်သည်တစ်ဦး ဖြစ်နိုင်သကဲ့သို့ အစီအစဉ်တွင်မပါဝင်သူတစ်ဦးလည်း ဖြစ်နိုင်သည်။
“ဟုတ်တယ်”
ထောင်ထောင်က သူ၏ခေါင်းလေးကို အသာအယာ ညိတ်ပြလိုက်ပြီး တုံ့ဆိုင်းခြင်းမရှိဘဲ ထိုအမည်ကို ပြောလိုက်လေ၏။
“ကျိုးထင်ကျဲကျဲလေ”
ကျိုးထင်?
ရင်းနှီးသယောင်ရှိသော်လည်း မရင်းနှီးသော ထိုနာမည်ကို ကြားလိုက်ရသည့်အချိန်တွင် စုကျင်း၏ မျက်နှာအမူအရာက အနည်းငယ် ပျက်ယွင်းသွားရသည်။
ဒီနာမည်က နည်းနည်းတော့ ရင်းနှီးနေသလိုပဲ။
မကြာမီမှာပင် စုကျင်းက သူ၏ဘေးရှိ ဝန်ထမ်းတစ်ဦးကို လှမ်းကြည့်လိုက်မိကာ ထိုအမည်ကို မည်သည့်နေရာ၌ ကြားဖူးသည်ကို ပြန်လည် သတိရသွားတော့၏။
ကျိုးထင်ဆိုသည်မှာ မင်းဘယ်ကိုသွားမလဲ ဘေဘီ အစီအစဉ်၏ ဒါရိုက်တာ မဟုတ်ပါလား။
ထိုအချက်ကို သတိပြုမိလိုက်သည့် ခဏ၌ စုကျင်း၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားရသည်။
ဤအချိန်တွင် သူ၏ အခြေခံသရုပ်ဆောင် အရည်အချင်းများက အသုံးတည့်လာလေသည်။
သူ၏ စိတ်ခံစားချက်များက လှုပ်ခတ်နေသော်လည်း စုကျင်း၏ လေယူလေသိမ်းက တည်ငြိမ်နေဆဲပင်။
“ကျိုးထင်ကျဲကျဲက ထောင်ထောင့်အပေါ်ကို ကောင်းရဲ့လား”
“ကောင်းပါတယ်”
ထောင်ထောင်က စုကျင်းကို အားကိုးတကြီးဖြင့် မှီထားရင်း ဘေးနားရှိ ကျိုးထင်ကို ယုံကြည်မှုအပြည့်ရှိသော မျက်လုံးများဖြင့် ကြည့်ပြီးပြောလေသည်။
“ကျိုးထင်ကျဲကျဲက ထောင်ထောင်ကို လာကြိုတယ်၊ ပြီးတော့ ထောင်ထောင်ကိုလည်း ကူညီပေးတယ်”
ထောင်ထောင်၏ ကလေးသံလေးကို ကြားရသည့်အချိန်တွင် စုကျင်းက မျက်ခုံးကို အနည်းငယ် ပင့်လိုက်ပြီးနောက် ကျိုးထင်ရှိရာဘက်သို့ လှမ်းကြည့်လိုက်လေ၏။
“ဟုတ်လား၊ ဒါဆိုရင်တော့ ကောကောက ထောင်ထောင့်ကိုယ်စား အဲဒီကျဲကျဲကို သေသေချာချာ ကျေးဇူးတင်ရမှာပေါ့”
“ဘာပဲဖြစ်ဖြစ် သူက ထောင်ထောင်ကို ကောကောကိုယ်စား အများကြီး ဂရုစိုက်ပေးခဲ့တာပဲလေ”
[ စုကျင်းရဲ့ စကားတွေကတော့ တကယ့်ကို စကားပြောအနုပညာနဲ့ ပြည့်စုံလွန်းတယ်~~~ ]
[ ဟင်.. ငါတော့ စုကျင်းရဲ့ စကားတွေက ပုံမှန်ပဲလို့ ခံစားရတယ်၊ ငါမမြင်မိတဲ့ အချက်တစ်ခုခုက ရှိနေလို့လား၊ (ကြောင်လေး ဝေခွဲမရဖြစ်နေ) ]
[ အဲဒ အမျိုးသမီး ထောင်ထောင်ကို ကူညီတာက သူမကိုယ်တိုင် ကူညီချင်လို့လေ၊ စုကျင်းနဲ့ ဘာမှမဆိုင်ဘူး၊
ဒါပေမယ့် စုကျင်းရဲ့ စကားအရ ထောင်ထောင်နဲ့ သူ့ကို တစ်အုပ်စုတည်း ဖြစ်သွားစေတယ်၊ သူက ထောင်ထောင်ကိုယ်စား တစ်ဖက်ကိုကျေးဇူးတင်လို့ ရသွားတာပဲ (ခွေးလေးပြုံးနေ) ]
[ စကားလုံးနည်းနည်းနဲ့တင် ရင်းနှီးမှုရဲ့ ကွာခြားချက်ကို အထင်အရှား ပြလိုက်တာလား ]
[ ဟာ! ငါ အသစ်တစ်ခုကို သင်ယူနိုင်သွားရပြီ! ဒီလို နည်းလမ်းမျိုးလည်း ရှိတာပဲလား! (ရုတ်တရက် သဘောပေါက်သွား) ]
[ ဒီလိုကြည့်မယ်ဆိုရင်တော့ စုကျင်းရဲ့ ခုနက စကားတွေက တကယ့်ကိုဆူးတွေပြည့်နေတာပဲ ဟားဟား (ကောင်းတဲ့သဘောနဲ့ပြောတာပါ) ]
တိုက်ရိုက်ထုတ်လွှင့်မှုမှ ပရိသတ်များက စုကျင်း၏ လှည့်ကွက်လေးများကို အထင်အရှား မြင်တွေ့နေရသည့်အချိန်၌ တခြားဧည့်သည်များကလည်း တစ်ဦးပြီးတစ်ဦး ရောက်ရှိလာကြသည်။
သူတို့က ဆိပ်ကမ်းသို့ ချဉ်းကပ်လာသည့်အချိန်တွင် ဧည့်သည်ကလေးငယ်များ အားလုံးက ထောင်ထောင်ထံသို့ ပြေးလာကြလေ၏။
“ထောင်ထောင်! ရောက်နေပြီလား!”
“မတွေ့ရတာကကြာပြီ ထောင်ထောင်!”
“အား၊ ထောင်ထောင်! ငါ နင့်ကို အရမ်းသတိရနေတာ!”
သူမ၏ သူငယ်ချင်းများနှင့် ခွဲခွာခဲ့ရသည်က (၇) ရက်သာ ရှိသေးသော်လည်း ထောင်ထောင်အတွက်တော့ (၇) ရက်ဆိုသည်က အလွန်ရှည်လျားသော အချိန်ကြီးကဲ့သို့ ခံစားရပေသည်။
ထို့ကြောင့် ထောင်ထောင်လည်း သူတို့ကို သတိရနေသည်ပင်။
ကလေးများ ရောက်ရှိလာပြီးနောက်တွင် ထောင်ထောင်က သူတို့နှင့်အတူ ဝိုင်းဖွဲ့ပြီး စကားပြောနေခဲ့သည်။
ကလေးများက ဝိုင်းဖွဲ့နေကြချိန်တွင် အလုပ်သင်မိဘ (၅) ဦးကလည်း တစ်ဦးနှင့်တစ်ဦး နှုတ်ဆက်နေကြ၏။
ပထမဆုံးအပိုင်းကို ရိုက်ကူးပြီးနောက်တွင် အလုပ်သင်မိဘများက တစ်ဦးနှင့်တစ်ဦး ရင်းနှီးနေကြပြီ ဖြစ်သည်။
ဤခရီးစဉ်က ပထမအကြိမ်ထက် ပိုမို၍ ရှည်လျားလာခဲ့်၏။
ပထမအကြိမ် ရိုက်ကူးရေးမှ အတွေ့အကြုံများကို သင်ခန်းစာယူပြီး အလုပ်သင်မိဘများက သူတို့၏ ပြင်ဆင်မှုများကို အလျင်အမြန်ပင် ဆွေးနွေးနေကြသည်။
ချင်းရွှမ်က စကားစလိုက်ပေသည်။
“ကျွန်တော်တော့ ဒီတစ်ခေါက် အကုန်လုံးကို အပြည့်အစုံကို ယူလာခဲ့တယ်၊
တကယ်လို့ ဒီတစ်ခေါက်လည်း ခရီးဆောင်အိတ်ကို နည်းနည်းပဲယူ ထားရမယ်ဆိုရင် ဘယ်လိုလုပ်မလဲ”
“ဟုတ်သားပဲ”
ရှန်းထျန်ယွီက သူ၏နဖူးကို စိတ်ပျက်စွာဖြင့် ရိုက်လိုက်ပြီးပြောလိုက်လေသည်။
“ငါ ဘာလို့ အဲဒါကို မစဉ်းစားမိတာလဲ၊ ငါကတော့ ကျွန်းပေါ်မှာ လိုအပ်နိုင်တာလေးတွေကိုပဲ ယူလာတာ”
ထန်ကျစ်ရှီက ခန့်မှန်းပြောဆိုလေ၏။
“ပထမအကြိမ် ရိုက်ကူးပြီးသွားပြီဆိုတော့ ထုတ်လုပ်ရေးအဖွဲ့က ဒီနည်းလမ်းဟောင်းကြီးကိုပဲ နှစ်ခေါက်တော့ ပြန်သုံးမှာ မဟုတ်ပါဘူးနော်”
“မပြောနိုင်ဘူးလေ၊ ထုတ်လုပ်ရေးအဖွဲ့က ပထမပိုင်းမှာ ဒီစည်းကမ်းတွေက အလုပ်ဖြစ်တယ်လို့ ယူဆရင် ဒီတစ်ခေါက်လည်း ဆက်သုံးနိုင်တာပဲ မဟုတ်လား”
ကုန်းယောင်က ကန့်ကွက်လေ၏။
အဖွဲ့ထဲတွင် စုကျင်းက တည်ငြိမ်စွာဖြင့်ပင် ပြောလေသည်။
“ငါကတော့ ဘယ်အခြေအနေမျိုးမှာမဆို အသုံးတည့်မယ့် ပစ္စည်းတစ်ခုကို ယူလာခဲ့တယ်”
သို့သော် တခြားဧည့်သည်များက မည်မျှပင် စပ်စုကြပါစေ စုကျင်းက လျှို့ဝှက်ဆန်းပြားသော အပြုံးတစ်ခုကိုသာ ပြုံးနေပြီး ထုတ်ဖော်မပြောခဲ့ပေ။
ဧည့်သည်များ ဆွေးနွေးနေကြချိန်မှာပင် ကျယ်လောင်သောအသံကြီးနှင့်အတူ ကြီးမားသော ဇိမ်ခံအပျော်စီးသင်္ဘောကြီးတစ်စင်းက ဆိပ်ကမ်းသို့ ဖြည်းညှင်းစွာ ဆိုက်ကပ်လာခဲ့၏။
ဤထူးခြားသောအသံကို ကြားလိုက်ရသည့်အချိန်တွင် အလုပ်သင် မိဘများသာမက ကလေးများပါ မသိစိတ်ဖြင့် မော့ကြည့်လိုက်ကြသည်။
ထောင်ထောင်က ခေါင်းကိုမော့ကြည့်လိုက်သည့်အချိန်တွင် ကြီးမားသော အရိပ်မည်းကြီးတစ်ခုကို မြင်လိုက်ရလေ၏။
မျက်စိတစ်ဆုံး ကျယ်ပြောလွန်းသော သင်္ဘောကြီးတစ်စင်းက ဆိပ်ကမ်းသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာနေသည်။
မနက်ခင်း၏ နေရောင်ခြည်က နှင်းကဲ့သို့ ဖြူဖွေးသော သင်္ဘောကိုယ်ထည်ပေါ်သို့ ကျရောက်နေပြီး ဆွဲဆောင်မှုရှိသော အလင်းပြန်မှုများကို ဖြစ်ပေါ်စေ၏။
သင်္ဘော၏ ဦးပိုင်းမှ အမြီးပိုင်းအထိကို အရွယ်အစားစုံလင်သော ပြတင်းပေါက်များစွာ ရှိနေပြီး ဤတစ်ခုချင်းစီက မတူညီသော အခန်းများဆီသို့ ဦးတည်နေသည်။
ထောင်ထောင်တစ်ယောက် ပါးစပ်ကလေးက အဟောင်းသားဖြင့် အံ့သြစွာကြည့်နေခဲ့သည်။
သူမက သင်္ဘောကြီးရှိရာဘက်သို့ လက်လေးကို မြှောက်ပြီး စိတ်လှုပ်ရှားစွာဖြင့်အော်ဟစ်လိုက်လေသည်။
“ကြည့်ဦး! သင်္ဘောကြီးက အကြီးကြီးပဲ!”
တိုက်ရိုက်ထုတ်လွှင့်မှုမှ ပရိသတ်များကလည်း အံ့အားသင့်လျက် ရှိကြ၏။
[ ဟာ! ထုတ်လုပ်ရေးအဖွဲ့က ဒီတစ်ခေါက်တော့ တကယ်ကို အကုန်အကျခံတာပဲ! ]
[ ဒီလိုမျိုး ဇိမ်ခံသင်္ဘောကြီးကို တစ်ခေါက်စီးဖို့နဲ့တင် ဂဏန်းလေးလုံးကျော်ကို ကုန်ကျတာလေ၊
ထုတ်လုပ်ရေးအဖွဲ့က ဒီတစ်ခေါက် သင်္ဘောတစ်စင်းလုံးကို ငှားလိုက်တာလား! ]
[ သင်္ဘောတစ်စင်းလုံးကို မငှားထားဘူးဆိုရင်တောင်မှ ဝန်ထမ်းတိုင်းက သင်္ဘောပေါ် ကိုတက်ရမယ်ဆိုရင် လက်မှတ်ဖိုးတင် မနည်းဘူးနော်! ]
[ (ဆွံ့အနေ) ဒါက ဟိုပြောနေကြတဲ့ အစိုးရဘတ်ဂျက်နဲ့ အပျော်စီးသင်္ဘောစီးခြင်းလား ]
[ အားကျလိုက်တာ! ‘မင်းဘယ်ကိုသွားမလဲ ဘေဘီ’ အစီအစဉ်က အလုပ်သင်တွေကို ထပ်ခေါ်သေးလား၊
ငါက အခုသွားရင် ဇိမ်ခံသင်္ဘောကို စီးခွင့်ရမလား (ရှက်ပြုံး) ]
ဇိမ်ခံအပျော်စီးသင်္ဘောကြီးက ပေါ်လာသည့်အချိန်တွင် ကလေးများသာမက အနုပညာရှင်ဧည့်သည်များ၏ မျက်လုံးများပင် တောက်ပသွားကြ၏။
သူတို့၏ အနေဖြင့် ဇိမ်ခံသင်္ဘောနှင့် ခရီးသွားရန်အတွက်တတ်နိုင်ကြသော်လည်း အစီအစဉ်တွင် ပါဝင်ရင်း သူတို့၏ ငွေတစ်ပြားကိုမျှ မကုန်ဘဲ ဇိမ်ခံသင်္ဘောကို စီးရခြင်း၏ ခံစားချက်ကတော့ လုံးဝကို ခြားနားသည်။
ရှန်းထျန်ယွီက လေချွန်လိုက်ပြီး သင်္ဘောကြီးကို လက်ညှိုးထိုး၍ မေးလိုက်လေ၏။
“ဒါရိုက်တာ၊ ကျွန်တော်တို့က ဒီတစ်ခေါက် ဒီသင်္ဘောကြီးနဲ့ သွားရမှာလား”
ဤသည်က မေးခွန်းတစ်ခုသာ ဖြစ်သော်လည်း ဧည့်သည်များကတော့ ဤဇိမ်ခံသင်္ဘောကြီးက သူတို့၏ သွားလာရေးယာဉ် ဖြစ်မည်ဟု ဆုံးဖြတ်ထားကြပြီး ဖြစ်လေသည်။
ထန်ကျစ်ရှီက ဒါရိုက်တာကဝ ပြန်ဖြေသည်နှင့် သင်္ဘောပေါ်သို့တက်ရန်အတွက် အဆင်သင့်ဖြစ်အောင် သူ၏ အိတ်များကိုပင် ပြင်ဆင်ထားပြီး ဖြစ်လေ၏။
ဧည့်သည်များ၏ မျှော်လင့်တကြီးဖြင့် ကြည့်နေသော အကြည့်များ၏ အောက်တွင် ဒါရိုက်တာ ကျိုးထင်က မိုက်ခရိုဖုန်းကို ကိုင်လိုက်ပြီး လိမ္မာပါးနပ်သော အပြုံးဖြင့်ပြောလိုက်လေသည်။
“ရှင်တို့ အားလုံးကို ပြောပြရလို့ ဝမ်းသာပါတယ်၊ ဒီဇိမ်ခံသင်္ဘောကြီးက..”
“..ကျွန်မတို့ရဲ့ ဒီတစ်ခေါက် ခရီးစဉ်အတွက် သွားလာရေးယာဉ် မဟုတ်ပါဘူး!”
စကား တစ်ခွန်းတည်းနှင့်ပင် ဧည့်သည်တိုင်း၏ စိတ်လှုပ်ရှားနေသော နှလုံးသားများကို နှစ်ခြမ်းခွဲပစ်လိုက်သကဲ့သို့ပင်။
ထိုဒဏ်ချက်က မလုံလောက်သေးသကဲ့သို့ ကျိုးထင်က ဇိမ်ခံသင်္ဘောကြီး၏ ဘေးဘက်သို့ လက်ညှိုးထိုးပြလိုက်လေသည်။
“ဟိုဘက်က အဝါရောင်လှေလေးကို မြင်လား၊ အဲဒါက ဒီနေ့ ကျွန်းကို သွားမယ့် ကျွန်မတို့ရဲ့ ယာဉ်ပဲ”
“ဘယ်မှာလဲ”
ချင်းရွှမ်က မျှော်လင့်ချက်အနည်းငယ်ဖြင့် လှမ်းကြည့်လိုက်သော်လည်း အဝါရောင်လှေကို ရှာမတွေ့ပေ။
ကုန်းရောင်ကတော့ လူတိုင်းထက် အရင် ထိုအဝါရောင်လှေကို မြင်သွားရပြီး စိတ်ကူးယဉ်မှုအားလုံးက ပျက်စီးသွားရတော့၏။
“ငါးဖမ်းလှေကြီးလား”
ဘာ?!
ခဏချင်းမှာပင် အလုပ်မိဘများအားလုံး၏ မျက်နှာက တောင့်တင်းသွားရသည်။
နှင်းကဲ့သို့ ဖြူဖွေးသော ဇိမ်ခံသင်္ဘောကြီး၏ ဘေးတွင် ဆိုက်ကပ်ထားသော အဝါရောင်ငါးဖမ်းလှေက မရိုးသားသော ကုန်သည်တစ်ဦး၏ တစ်ခုဝယ် တစ်ခုလက်ဆောင် အစီအစဉ်မှ အပိုလက်ဆောင်တစ်ခုကဲ့သို့ ဖြစ်နေခဲ့၏။
[ တကယ်ကို ကမောက်ကမဖြစ်သွားတာပဲ! ထုတ်လုပ်ရေးအဖွဲ့ရေ သိက္ခာလေးကိုလည်း ငဲ့ကြပါဦး! ]
[ တကယ်ကြီးလား၊ ဒါကတော့ တကယ့်ကို ဟာသပဲ! ]
[ ဟားဟား.. ဧည့်သည်တွေရဲ့ မျက်နှာအမူအရာတွေက တကယ့်ကို ကြည့်ကောင်းနေတာပဲ! ]
[ ပထမတစ်စက္ကန့် ဧည့်သည်: ဝိုး! ထုတ်လုပ်ရေးအဖွဲ့က နောက်ဆုံးတော့ ရက်ရောပြပြီပဲ၊
နောက်တစ်စက္ကန့်တွင် ဧည့်သည်: ? ထုတ်လုပ်ရေးအဖွဲ့! ငါတို့ကို နောက်နေတာလား! ]
[ နတ်ပြည်ကနေ ငရဲကို ရောက်ဖို့အတွက်က ခဏလေးပဲ လိုတာပါလား (လက်အုပ်ချီ) ]
[ (ရယ်ရလွန်းလို့ မျက်ရည်များထွက်နေ) ထုတ်လုပ်ရေးအဖွဲ့က တကယ့်ကို ရက်ရောပြီးတော့ ဇိမ်ခံသင်္ဘောကြီးကို စီးခိုင်းတော့မယ်လို့ ထင်နေတာ၊ ငါက ထင်တာ မှားသွားတာပဲ၊ ငါက အရမ်းကိုရိုးအမိတယ် ]
[ ဒီအချိန်မှာ ဒီသင်္ဘောကြီးက ရောက်နေတာက တိုက်ဆိုင်မှုမဟုတ်ဘူးလို့ ထင်မိတာက ငါတစ်ယောက်တည်းလား (စဉ်းစားဟန်) ]
[ ထုတ်လုပ်ရေးအဖွဲ့က ဧည့်သည်တွေရဲ့ တုံ့ပြန်မှုကို ကြည့်ချင်လို့ သက်သက်စီစဉ်ထားတာများလား ]
[ ရယ်လိုက်ရတာ သေတော့မယ်၊ ဧည့်သည်တွေကို တစ်စက္ကန့်လောက်တော့ သနားပေးလိုက်မယ် ]
*
အခန်း(44)
လေပြေတစ်ချက် တိုက်ခတ်သွားခဲ့လေ၏။ ဆိပ်ကမ်းပေါ်ရှိ ဧည့်သည်များကတော့ ရုပ်တုများကဲ့သို့ တောင့်တင်းနေကြသည်။
အကယ်၍ သူတို့ကို အစကတည်းက ဤငါးဖမ်းလှေငယ်လေးနှင့် သွားရမည်ဟု ပြောခဲ့လျှင် ရိုက်ခတ်မှုက ဤမျှအထိ ပြင်းထန်မည်မဟုတ်ပေ။
သို့သော် ဇိမ်ခံသင်္ဘောကြီးကို ပြသပြီးမှ အမှန်တကယ် စီးရမည့်ယာဉ်က ဘေးနားရှိ ငါးဖမ်းလှေငယ်လေး ဖြစ်ကြောင်းကို ပြောလိုက်ခြင်းက ဧည့်သည်များကို နတ်ပြည်မှ ငရဲသို့ ချက်ချင်း ပစ်ချလိုက်သကဲ့သို့ ဖြစ်သွားရ၏။
“တကယ်ကြီးလား”
ရှန်းထျန်ယွီက မျက်လုံးအဝိုင်းသားဖြင့် ဒါရိုက်တာ ကျိုးထင်ကို ကြည့်ပြီးမေးလိုက်လေသည်။
“ဒါရိုက်တာ၊ ကျွန်တော်တို့ကို နောက်နေတာလား”
“နောက်နေတာပဲ ဖြစ်မှာပါ ဟားဟား”
ထန်ကျစ်ရှီက ရယ်မောလိုက်သော်လည်း ကျိုးထင်၏ မျက်နှာအမူအရာကို မြင်လိုက်ရသည့် ခဏ၌ သူ၏ စိတ်ထဲတွင် မကောင်းသော အငွေ့အသက်ကို ခံစားလိုက်ရပြီး သူ၏ ရယ်သံကလည်း တဖြည်းဖြည်းဖြင့် တိတ်သွားရတော့၏။
ခဏမျှ ဆိပ်ကမ်းတစ်ခုလုံးကို တိတ်ဆိတ်မှုက လွှမ်းမိုးသွားသည်။
ဧည့်သည်များနှင့် ထုတ်လုပ်ရေးအဖွဲ့သားများက တစ်ဦးကိုတစ်ဦး ကြောင်တောင်တောင်ဖြင့် ကြည့်နေကြလေ၏။
တစ်ဖက်က ရက်စက်လွန်းသော လက်တွေ့ဘဝကို လက်မခံနိုင်ဖြစ်နေကြပြီး တခြားတစ်ဖက်က ရယ်ချင်စိတ်ကို အတတ်နိုင်ဆုံး အောင့်ထားကြရသည်။
လူအုပ်ထဲရှိ ကလေးများကပင်လျှင် သိသာလွန်းသော ကွာခြားချက်ကို သတိပြုမိသွားကြပြီး တစ်ဦးကိုတစ်ဦး တိတ်တဆိတ် ကြည့်နေကြ၏။
ထောင်ထောင် တစ်ဦးတည်းကသာ မျက်တောင်လေးကို ခတ်လျက် သတိပြုမိဟန်ဖြင့် ပြောလိုက်လေသည်။
“ဟေး၊ ဒီအဝါရောင် လှေလေးက ချစ်စရာလေးပဲ!”
[ ထောင်ထောင်၊ မင်းသတိထားသင့်ပြီနော် (ရယ်လည်းရယ်၊ ငိုလည်းငို) ]
[ (မျက်နှာကို လက်နှင့်ဖုံးအုပ်) ထောင်ထောင်က သင်္ဘောကြီးနဲ့ ငါးဖမ်းလှေလေးရဲ့ ကွာခြားချက်ကို နားမလည်တာ ထင်တယ်၊
ထောင်ထောင်ရဲ့ စိတ်ထဲမှာတော့ အဖြူရောင် သင်္ဘောကြီးနဲ့ အဝါရောင် လှေလေးက ဘာမှမခြားနားဘဲ အတူတူပဲ ဖြစ်နေမှာ ]
[ ဟားဟားဟား၊ ထောင်ထောင် ပြောမှပဲ သတိထားမိတယ်၊ တကယ်တော့ ဒီအဝါရောင် ငါးဖမ်းလှေလေးက တကယ့်ကို ချစ်စရာလေးပါပဲ ]
[ ဝိုး၊ ကလေးတွေရဲ့ ကမ္ဘာက တကယ့်ကို အံ့သြစရာတွေနဲ့ ပြည့်နေတာပဲ ]
ထောင်ထောင်၏ အာမေဍိတ်အသံလေးက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်၍ တောင့်တင်းနေသော လေထုက ပြန်လည်၍ လှုပ်ခတ်လာခဲ့သည်။
ထုတ်လုပ်ရေး အဖွဲ့သားများကလည်း မအောင့်နိုင်တော့ဘဲ ရယ်မောလိုက်ကြတော့၏။
ဆိပ်ကမ်းမှ ရယ်သံများနှင့်အတူ ဧည့်သည်များ၏ တောင့်တင်းနေသော မျက်နှာများကလည်း ပြိုလဲသွားရတော့သည်။
စုကျင်းက သူ၏ မျက်နှာကို အုပ်ပြီး ထောင်ထောင်၏ ဆံပင်လေးများကို ဖွဖွလေး ပွတ်သပ်ပေးလိုက်လေ၏။
ကြောင်တောင်တောင်လေး ဖြစ်နေသော ကိတ်မုန့်လုံးလေး၏ အမူအရာကို ကြည့်ပြီး သူ မပြုံးဘဲ မနေနိုင်တော့ပေ။
လေထုက ပေါ့ပါးသွားသည့်အချိန်တွင်မှသာ ဒါရိုက်တာ ကျိုးထင်လည်းသက်ပြင်းချနိုင်သွားတော့သည်။
ဧည့်သည်များအနေဖြင့် ဤသည်က အစီအစဉ်အတွက်ဖြစ်ကြောင်းကို နားလည်ကြသော်လည်း မတိုင်မီက တချို့က အမှန်တကယ်ပင် ဒေါသထွက်သွားခဲ့ကြ၏။
သို့သော် ယခုကဲ့သို့ တိုက်ရိုက်ထုတ်လွှင့် နေချိန်တွင် စိတ်တိုဒေါသထွက်ခြင်းက အနုပညာရှင်အတွက်ရော အစီအစဉ်အတွက်ကိုပါ မကောင်းကြောင်းကို သူတို့ ကောင်းစွာ သိရှိကြသည်။
အကယ်၍ ထိုတင်းမာမှုကသာ ဆက်ရှိနေပါက ပြိုင်ဘက်များအတွက် အချက်အလက်ကောင်း ဖြစ်သွားနိုင်သည်။
ကံကောင်းစွာဖြင့် ထောင်ထောင်၏ စကားလေးတစ်ခွန်းက တင်းမာနေသော လေထုကို မရည်ရွယ်ဘဲ ဖြိုခွင်းပေးလိုက်သောကြောင့် အစီအစဉ်က ပုံမှန်အတိုင်း ဆက်လက်၍ လည်ပတ်နိုင်ခဲ့သည်။
စိတ်အေးသွားရသော ကျိုးထင်က ပေါ့ပါးနေသော လေထုကို အခွင့်ကောင်းယူပြီး ဧည့်သည်များအတွက် ခံစားခွင့်များကို ကြေညာလိုက်လေ၏။
“ဒီတစ်ခေါက် ကျွန်းခရီးစဉ်ရဲ့အတွက်ကို ထုတ်လုပ်ရေးအဖွဲ့က အလုပ်သင်မိဘနဲ့ ကလေး အုပ်စုတစ်ခုချင်းစီရဲ့အတွက်ကို အခြေခံ ထောက်ပံ့ရေးပစ္စည်းတွေကို ပြင်ဆင်ပေးထားပါတယ်၊
အထဲမှာတော့ ကျွန်းပေါ်မှာ အသုံးဝင်မယ့် ခြင်ဆေး၊ ယားနာပျောက်ဆေး၊ ပတ်တီး၊ နေလောင်ကာခရမ် စတာတွေကို ပါဝင်ပါတယ်”
ကျိုးထင်က စကားပြောနေချိန်မှာပင် ဝန်ထမ်းများက ထိုပစ္စည်းများကို ဧည့်သည်များကို ပြသကြသည်။
ပုံမှန်အားဖြင့် ဤအစီအစဉ်ကို နောက်မှ လုပ်လေ့ရှိ၏။
သို့သော် ဧည့်သည်များ၏ စိတ်အခြေအနေကို ကောင်းမွန်သွားစေရန်အတွက် ကျိုးထင်က အရှေ့သို့ အရေးပေါ် တိုးလိုက်ခြင်း ဖြစ်သည်။
အစောပိုင်းက စိတ်အနည်းငယ် အနှောင့်အယှက် ဖြစ်နေသော ဧည့်သည်များက ထောင်ထောင်၏ ကြားဝင်မှုနှင့် ထုတ်လုပ်ရေးအဖွဲ့၏ ပြင်ဆင်မှုများကို မြင်တွေ့ရသည့်အချိန်တွင် တဖြည်းဖြည်း စိတ်ငြိမ်သွားကြတော့၏။
“ကြည့်ရတာကတော့ ကျွန်မတို့ကို စခန်းချခိုင်းတော့မယ့် ပုံပဲ”
ကုန်းယောင်က ခြင်ဆေးဘူးကို မြင်သည့်အချိန်တွင် အပြုံးတစ်ခုနှင့် ပြောလေသည်။
“ဟင်.. စခန်းချမှာလား”
ကုန်းယာင်က ပုံမှန်အတိုင်းသာ ပြောလိုက်ခြင်းဖြစ်သော်လည်း ကလေးများကတော့ အလေးအနက် မှတ်ယူသွားကြလေ၏။
“စခန်းချရင် လိပ်ပြာလေးတွေကို ဖမ်းလို့ရမလား”
ကုရှန်ရှန်၏ မျက်လုံးလေးများက ချက်ချင်းပင် တောက်ပသွားလေ၏။
ကုရှန်ရှန်၏ စကားကို ကြားသည့်အချိန်တွင် သူမ၏ ရန်ဘက် ဖြစ်သူ ချောင်ဟောက်ယွီက ချက်ချင်းပင် နှာခေါင်းကိုရှုံ့ပြီး လူကြီးလူကောင်းပုံစံဖြင့် ပြောလိုက်လေသည်။
“စခန်းမချရလည်း လိပ်ပြာကို ဖမ်းလို့ ရတာပဲလေ၊ မင်းက တုံးအလွန်းတယ်”
“နင်ပဲ တုံးအတာ! နင်က ဒီကမ္ဘာမှာ အတုံးအဆုံးပဲ!”
ကုရှန်ရှန်က မျက်စောင်းထိုးလိုက်ပြီး ချောင်ဟောက်ယွီနှင့် ချက်ချင်းပင် ငြင်းခုံတော့၏။
စခန်းချခြင်း ဟူသော စကားလုံးကို ကြားရသည့်အချိန်တွင် မုန်လျို့၏ မျက်နှာက စိုးရိမ်စိတ်များဖြင့် ပြည့်နှက်သွားရသည်။
“စခန်းချမယ်ဆိုရင်၊ ရေချိုးလို့ မရတော့ဘူးပေါ့နော်”
မုန်လျို့၏ ခန့်မှန်းချက်ကို ကြားလိုက်ရသည့်အချိန်တွင် ဖုန်းကျားယန်က ချက်ချင်းပင် တောင့်တင်းသွားရတော့၏။
သန့်ရှင်းမှုကို မြတ်နိုးသော ကလေးများအတွက် နွေရာသီတွင် တစ်ရက်မျှ ရေမချိုးရခြင်းက အလွန်ပင် စိတ်မသက်မသာ ဖြစ်စရာဖြစ်ပြီး လက်ခံနိုင်ရန်အတွက် ခက်ခဲပေလိမ့်မည်။
ထောင်ထောင်က အခြားကလေးများနှင့် မတူဘဲ အာရုံစိုက်မှုက တစ်မျိုးဖြစ်နေ၏။
သူမက ခေါင်းလေးကို စောင်းငဲ့ပြီး စုကျင်း၏ အင်္ကျီလက်ကို ဆွဲ၍မေးရှာသည်။
“စခန်းချမယ်ဆိုတာ တောရိုင်းသစ်သီးလေးတွေကို ခူးစားလို့ရမယ်လို့ ပြောတာလား”
ထောင်ထောင်၏ မျက်လုံးလေးများက အလွန်ပင် တောက်ပလျက် ရှိ၏။
ကလေးများက စကားပြောနေကြသည့်ချိန်တွင် ဒါရိုက်တာ ကျိုးထင် တစ်ယောက် တွေးနေမိရသည်။
ဒီတစ်ခေါက်ရဲ့ ကျွန်းခရီးက စခန်းချမယ်လို့ ငါ ပြောမိလို့လား!
ဘယ်လိုဖြစ်ပြီးတော့ ဒီအကြောင်းအရာဆီကို ရောက်သွားတာလဲ!
[ ဟားဟား၊ ဒါရိုက်တာကတော့ တကယ်ကို စိတ်ပျက်နေရှာပြီ ]
[ ကလေးတွေရဲ့ အတွေးက အရမ်းကို မြန်တာပဲ၊ တစ်စက္ကန့်မှာ လိပ်ပြာရဲ့အကြောင်း၊
နောက်တစ်စက္ကန့်မှာ ရေချိုးဖို့အကြောင်း၊ ပြီးတော့ တောရိုင်းသစ်သီးအကြောင်းကို ဖြစ်သွားရော ]
[ ငါက တစ်ခုခုကို လွဲသွားတာလား၊ ဒါရိုက်တာက ဒီတစ်ခေါက် စခန်းချမယ်လို့ ပြောခဲ့လို့လား ]
[ ဟားဟား၊ ဒါရိုက်တာ: မပြောဘူး! ငါမပြောဘူး! လျှောက်မပြောကြနဲ့! ]
ကျိုးထင်က အစွမ်းကုန် ကြိုးစားပြီး ကလေးများ၏ အတွေးကို ပြန်လည်၍ ပြင်ဆင်ပေးခဲ့သောကြောင့် ကျွန်းခရီးစဉ်တွင် စခန်းချရန်မသေချာကြောင်းကို သူတို့က နားလည်သွားကြသည်။
ယခုအခေါက်တွင် မျှော်လင့်နေသော ထောင်ထောင်နှင့် တခြားကလေးနှစ်ဦးကသာမက ရေချိုးရန်အတွက်ကို စိုးရိမ်နေသော မုန်လျို့နှင့် ဖုန်းကျားယန်တို့ကပါ စိတ်ပျက်သော အမူအရာများ ပေါ်လာကြသည်။
“ဟင်၊ စခန်းမချတော့ဘူးလား”
မျှော်လင့်တကြီးဖြင့် ကြည့်နေသော မျက်လုံးငါးစုံနှင့် ဆုံတွေ့လိုက်ရသည့်အချိန်တွင် ကျိုးထင်က သူမအနေဖြင့် ကြီးလေးသောအမှားတစ်ခုကို ကျူးလွန်လိုက်သကဲ့သို့ ခံစားလိုက်ရလေ၏။
အနီးရှိ အလုပ်သင်မိဘများက တစ်စုံတစ်ရာကို မပြောနိုင်ခင်မှာပင် တိုက်ရိုက်လွှင့်ထုတ်မှု မှတ်ချက်ထဲမှအလုပ်သင်မိဘများက မအောင့်နိုင်တော့ပေ။
[ အားးး စခန်းချလိုက်ပါတော့! ရတယ်လို့ ပြောလိုက်ပါ! ]
[ စခန်းချတာက အရမ်းကောင်းတာပဲ! ကျွန်းပေါ်မှာ စခန်းချရင်း လိပ်ပြာကို မဖမ်းရရင်တောင် ကမ်းခြေမှာ ကဏန်းလေးတွေကို ဖမ်းတာ၊
ခရုခွံလေးတွေကို ကောက်တာ၊ ကျောက်ခဲလှလှလေးတွေကို ရှာတာတွေကို လုပ်လို့ရတာပဲ၊ ဒါက တကယ်ကို အမှတ်တရကောင်းတွေ ဖြစ်လာမှာ! ]
[ ကလေးတွေရဲ့ မျက်လုံးလေးတွေက သနားစရာပဲ၊ ဘယ်သူက ဒီအကြည့်တွေရဲ့အောက်မှာ မပျော့ညံ့ဘဲ နေနိုင်မှာလဲ ]
[ အိုဘုရားရေ၊ ထောင်ထောင်တစ်ယောက်တည်းရဲ့ အကြည့်ကိုတောင် ငါ မခံနိုင်ဘူး၊
အခု ကလေးငါးယောက်လုံးက ငါ့ကို ကြည့်နေကြတာ (ရင်ဘတ်ကို ဖိထား) ]
[ သူတို့ကို ကောင်းပါပြီလို့ ပြောလိုက်ပါ! ကောင်းပါပြီ လို့ ပြောလိုက်ပါ! ]
တိုက်ရိုက်ထုတ်လွှင့်မှုမှ ပရိသတ်များက အစွမ်းကုန် အော်ဟစ်နေကြချိန်မှာပင် ကလေးများ၏ အကြည့်နှင့် တိုက်ရိုက်ရင်ဆိုင်နေရသော ကျိုးထင်လည်း ကြာရှည်မတောင့်ခံနိုင်တော့ဘဲ အရှုံးပေးလိုက်ရ၏။
“..စခန်းချဖို့က လုံးဝကို အခွင့်အရေးမရှိတာတော့ မဟုတ်ပါဘူး”
ကျိုးထင်က ခက်ခဲစွာပင် မြိုသိပ်၍ ပြောလိုက်ရသည်။
ကျိုးထင်၏ စကားကို ကြားလိုက်ရသည်နှင့် ကလေးများ၏ မျက်လုံးများက စိတ်ပျက်ရာမှ မျှော်လင့်ချက်အပြည့်သို့ ချက်ချင်းပင် ပြောင်းလဲသွားလေ၏။
ထောင်ထောင်က လက်ခုပ်တီးပြီး ပျော်ရွှင်စွာဖြင့် ပြောလေသည်။
“ထောင်ထောင် ပြောသားပဲ၊ ကျိုးထင်ကျဲကျဲက အရမ်းအရမ်းကို ကောင်းတယ်လို့! ကျဲကျဲက ထောင်ထောင်တို့ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးမှာပါ!”
“အမှန်ပဲ.. ကျိုးထင်ကျဲကျဲက လူကောင်းတစ်ယောက်ပဲ”
ကုရှန်ရှန်က စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်လေ၏။
ထောင်ထောင်က ချိုသာစွာ ပြုံးပြနေချိန်တွင် ဖုန်းကျားယန်က ကျိုးထင်၏ မျက်နှာအမူအရာကို တိတ်တဆိတ် အကဲခတ်ပြီး အခွင့်အရေးကို အရယူကာ စကားပြောလိုက်လေသည်။
“ဒါဆိုရင်တော့ ငါတို့အားလုံးက စုပေါင်းပြီးတော့ ကျိုးထင်ကျဲကျဲကို ကျေးဇူးတင်သင့်တာ မဟုတ်ဘူးလား”
“ဟုတ်သားပဲ”
ထောင်ထောင်၏ မျက်လုံးလေးများက ချက်ချင်းပင် ဝင်းခနဲ ဖြစ်သွားရသည်။
“နေပါဦး၊ မလိုပါဘူး”
ကျိုးထင်က စကားမဆုံးခင်မှာပင် နေမင်းကြီးကဲ့သို့ တောက်ပနေသော မျက်နှာလေးငါးခုက သူမထံသို့ လှည့်လာကြပြီး ဖြစ်၏။
“ကျေးဇူးတင်ပါတယ် ကျိုးထင်ကျဲကျဲ”
ထောင်ထောင်က ကျိုးထင်ထံသို့ လျှောက်သွားပြီး သူမ၏ အင်္ကျီလက်ကို ဆွဲလိုက်လေ၏။
ကျိုးထင်က အနည်းငယ် ကြောင်အမ်းသွားသော်လည်း အမူအကျင့်အရပင် ငုံ့ပေးလိုက်သည်။
နောက်တစ်စက္ကန့်တွင် ထောင်ထောင်က ခြေဖျားထောက်ပြီး ကျိုးထင်၏ ဘယ်ဘက်ပါးပြင်ကို ခပ်ဖွဖွ နမ်းလိုက်လေ၏
ကျိုးကျင်းက ထိုနူးညံ့သော အနမ်းကြောင့် ခဏမျှ အံ့အားသင့်သွားရသည်။
ထို့နောက်တွင် ကျန်ရှိနေသော ကလေးငယ်များကလည်း တစ်ဦးပြီးတစ်ဦး အရှေ့သို့ လာကြ၏။
“ကျေးဇူးတင်ပါတယ် ကျိုးထင်ကျဲကျဲ”
“အရမ်းကောင်းတာပဲ၊ ကျေးဇူးတင်ပါတယ် ကျိုးထင်ကျဲကျဲ၊ ကျွန်တော်တို့က နောက်ဆုံးတော့ စခန်းချရတော့မယ်!”
“ကျွန်းပေါ်မှာ စခန်းချရမယ်လို့ မထင်ထားဘူး၊ အရမ်းကိုကျေးဇူးတင်ပါတယ် ကျိုးထင်ကျဲကျဲ”
ကျိုးထင်က ကျဲကျဲ ဟု အကြိမ်ကြိမ် ခေါ်ဆိုမှုများကြားတွင် တဖြည်းဖြည်း သတိလက်လွတ် ဖြစ်လာရ၏။
ထိုအချိန်မှာပင် ဖုန်းကျားယန်က နောက်ဆုံးမှ ရောက်လာပြီးနောက် ကျိုးထင်ကို လိမ္မာပါးနပ်စွာဖြင့် ပြုံးပြလိုက်ပြီး ပြောလိုက်လေသည်။
“ကျေးဇူးတင်ပါတယ် ကျိုးထင်ကျဲကျဲ၊ ကျွန်းပေါ်မှာ စခန်းချခွင့်ပေးလို့၊ ပင်လယ်ရဲ့ဘေးမှာ အကင်စားခွင့်ပေးလို့၊ နေ့တိုင်း ရေနွေးနဲ့ ရေချိုးခွင့်ပေးလို့၊
ပြီးတော့ လေတိုက်မိုးရွာရင်လည်း တည်းခိုခန်းမှာ နေခွင့်ပေးလို့ ကျေးဇူးတင်ပါတယ်”
ဖုန်းကျားယန်က ကျွန်းပေါ်ရှိ ခံစားခွင့်များကို တသီတတန်းကြီး ရွတ်ဆိုပြပြီးနောက်တွင် နှုတ်ခမ်းကလေးကို စု၍ နောင်တရသကဲ့သို့ပုံစံလေးဖြင့် ပြောလိုက်လေ၏။
“ဒါတွေအားလုံးရဲ့အတွက်ကို ကျိုးထင်ကျဲကျဲကို ကျေးဇူးတင်ရမှာပါ”
ဖုန်းကျားယန်၏ ပွေ့ဖက်လိုက်သည်ကို ခံလိုက်ရပြီးနောက်တွင် ကျိုးထင်က သူ၏ ကျောပြင်ကို ကြည့်ရင်း သူကပြောသွားသော စကားများကို ရုတ်တရက် သတိပြုမိသွား၏။
နေဦး! ဖုန်းကျားယန်က ပြောသွားတဲ့ အချက်တွေကို သူမ ဘယ်တုန်းက သဘောတူလိုက်လို့လဲ!
*