အခန်း (၄၅-၄၆)
Vol. 5 Ch. 45-46
အခန်း(45)
[ ဟားဟား၊ ဖုန်းကျားယန်ရဲ့ စကားပြောစွမ်းရည်ကတော့ အံ့မခန်းပဲ! ]
[ ငါ သောက်နေတဲ့ ရေတောင် သီးသွားပြီ၊ သူက ထုတ်လုပ်ရေးအဖွဲ့ကို အပိုင်ကိုင်လိုက်တာပဲ! (ဆွံ့အနေ) ]
[ ဒါက တိုက်ရိုက်လွှင့်နေတာသာ မဟုတ်ရင် ထုတ်လုပ်ရေးအဖွဲ့က တကယ်ပဲ ဒီခံစားခွင့်တွေကို သဘောတူလိုက်ပြီလို့ ငါ ထင်မိမှာ ]
[ တကယ့်ဟာသပဲ! ဖုန်းကျားယန်က အဲဒီအချက်တွေကို ချက်ချင်းပဲ လုပ်ကြံပြောလိုက်တာ မဟုတ်ဘူးလား ]
[ သေချာတာပေါ့! ဖုန်းကျားယန်ဆိုတဲ့ ဒီစာကလေးက သူ အရင်က စိုးရိမ်ခဲ့တဲ့ ရေချိုးဖို့ အကြောင်းကိုပါ စကားထဲကို ထည့်ပြောသွားတာ ]
[ ဟားဟား၊ ကလေးတွေကလည်း သတိထားမိကြပုံပဲ၊ ဖုန်းကျားယန် ပြန်လာတော့ မုန်လျို့က သူ့ကို လက်မထောင်ပြနေတာ (တိတ်တဆိတ်တော့ မဟုတ်ဘူး၊ လူတိုင်း မြင်နေရတယ်) ]
[ ထုတ်လုပ်ရေးအဖွဲ့က အခုချိန်မှာ ဘယ်လိုခံစားနေရမလဲဆိုတာကို ငါ သိချင်မိတယ် (ခွေးအပြုံး) ]
ထုတ်လုပ်ရေးအဖွဲ့က ယခုအချိန်တွင် အလွန်ပင် နောင်တရနေကြရသည်။
ကမ်းခြေခရီးစဉ်က အမှန်တကယ်တွင် ထုတ်လုပ်ရေးအဖွဲ့မှ ဧည့်သည်များအတွက်ကို ပြင်ဆင်ထားသော အံ့အားသင့်စရာ တစ်ခု ဖြစ်၏။
မမျှော်လင့်ဘဲ နောက်ဆုံးမိနစ်တွင် ကလေးများက ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ အခြေအနေကို ပြောင်းပြန်လှန်လိုက်နိုင်ကြလေသည်။
ဤသို့ဖြင့် ဆူညံပွက်လောရိုက်ပြီးနောက်တွင် ဧည့်သည်များက ထုတ်လုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ကျွန်းသို့သွားမည့် အဝါရောင်ငါးဖမ်းလှေငယ်ပေါ်သို့ တက်ခဲ့ကြ၏။
ငါးဖမ်းလှေက ဆိပ်ကမ်းမှ ဖြည်းညှင်းစွာ ထွက်ခွာလာ၍ လေထုထဲ၌ ပင်လယ်၏ ငန်ကျိကျိ ငါးညှီနံ့က သိသာစွာ ပေါ်လွင်လာသောကြောင့် ကလေးငယ်များ၏ စပ်စုလိုစိတ်ကို နှိုးဆွပေးနေသည်။
အပြင်တွင် အန္တရာယ်ရှိသည်ဟု ခံစားရသောကြောင့် ကလေးများအားလုံးက လှေထဲ၌သာ ထိုင်နေကြ၏။
ခေါင်းလေးငါးလုံးက ပြတင်းပေါက်နားတွင် စုပြုံပြီး အပြင်ဘက်မှ အရာအားလုံးကို မျက်လုံးအဝိုင်းသားဖြင့် ငေးကြည့်နေကြသည်။
လှေက ဆိပ်ကမ်းနှင့် ဝေးကွာလာသည်နှင့်အမျှ ပြတင်းပေါက်အပြင်မှ မြင်ကွင်းက တဖြည်းဖြည်း ငြီးငွေ့ဖွယ်ကောင်းသော်လည်း စင်ကြယ်လာ၏။
မိုးကုပ်စက်ဝိုင်း၌ မိုးကောင်းကင်နှင့် သမုဒ္ဒရာတို့က တစ်သားတည်း ဖြစ်နေပြီး ကမ္ဘာတစ်ခုလုံးကို အပြာရောင် ဆိုးထားသကဲ့သို့ပင်။
အကွာအဝေးနှင့် အရွယ်အစားဆိုင်ရာ ဆက်နွှယ်မှုတိုင်းက ထိုအပြာရောင်လွင်ပြင်ကြီးထဲ၌ တိတ်တဆိတ် ပျောက်ကွယ်သွားသကဲ့သို့ ခံစားရလေသည်။
ထောင်ထောင်က သူမ ပထမဆုံးအကြိမ် မြင်တွေ့ရသော ဤအပြာရောင်ကြီးကို မျက်လုံးအဝိုင်းသားလေးဖြင့် ကြည့်နေရင်း စပ်စုလိုစိတ်များဖြင့် ပြည့်နှက်နေ၏။
ထိုအချိန်တွင် ထောင်ထောင်က ရုတ်တရက် သူမ၏ လက်လေးကို မြှောက်လိုက်ပြီး ပြတင်းပေါက်၏ အပြင်ဘက်သို့ လက်ညှိုးထိုးလျက် အံ့သြစွာဖြင့် မေးလိုက်လေသည်။
“အဲဒါက ဘာကြီးလဲ”
“ဘာလဲ”
“အစက်လေး တစ်စက်ပဲ! အဖြူရောင် အစက်လေး!”
ထောင်ထောင်က စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်လေ၏။
ထောင်ထောင်၏ အော်ဟစ်သံက အပြင်ဘက်ရှိ လူကြီးများ၏ အာရုံကို ဆွဲဆောင်လိုက်ပြီး ခဏချင်းမှာပင် ခေါင်းများစွာက ပြတင်းပေါက်သို့ စုပြုံရောက်ရှိလာလေတော့သည်။
တိုက်ရိုက်ထုတ်လွှင့်မှုမှ ပရိသတ်များကပင် ကင်မရာမှတစ်ဆင့် ထောင်ထောင်ကပြောသော အဖြူရောင်အစက်လေးကို လိုက်လံ၍ ရှာဖွေနေကြ၏။
[ အဖြူရောင်အစက်လေးက ဘယ်မှာလဲ၊ ငါကတော့ မမြင်မိဘူး ]
[ ထောင်ထောင်က မျက်စိမှားတာများလား ]
[ ဖြစ်နိုင်တာပဲ၊ ငါ့ရဲ့မျက်လုံးတွေကတောင် မှုန်လာပြီ၊ အစက်လေးကို ရှာမတွေ့သေးဘူး ]
[ ဝိုး၊ ကြည့်ဦး! ပင်လယ်ပြင်ရဲ့အပေါ်မှာ အဖြူရောင် အစက်လေး တကယ်ရှိတာပဲ! ]
ဘေးပတ်ဝန်းကျင်မှ အံ့သြသံများ၏ ကြား၌ ထောင်ထောင်က ပင်လယ်ပြင်ပေါ်တွင် ခုန်ပေါက်နေသော၊ ငါးဖမ်းလှေဆီသို့ ဦးတည်၍ လာနေသော အဖြူရောင်အစက်လေးကို မျက်လုံးအဝိုင်းသားဖြင့် စိုက်ကြည့်နေလေ၏။
သူမက မသိစိတ်ဖြင့် သူမ၏ လက်လေးကို ဆန့်ထုတ်လိုက်ပြီး လက်လှမ်း၍ မမီနိုင်သော ထိုအဖြူရောင်အစက်လေးကို ထိတွေ့ရန်အတွက်ကို ကြိုးစားနေမိသည်။
ထိုအချိန်မှာပင် ငါးဖမ်းလှေနှင့် ပိုမို၍ နီးကပ်လာသော အဖြူရောင်အစက်လေးက မြောက်တက်လာပြီး လူတိုင်းကို သူ၏ ပုံသဏ္ဌာန်အမှန်ကို ပြသလိုက်လေ၏။
“အဲဒါက လင်းပိုင်ဖြူလေးပဲ!”
လင်းပိုင်ဖြူလေးက အနီးသို့ ရောက်ရှိလာသည့်အချိန်မှသာ ဤသည်က အမှန်တကယ်တွင် အဖြူရောင် သက်သက်မဟုတ်ဘဲ ပန်းရောင်သန်းနေသော အဖြူရောင်ဖြစ်ကြောင်းကို လူတိုင်းက သိလိုက်ကြရသည်။
လှိုင်းလုံးများ၏ အကြားတွင် ပန်းရောင်လင်းပိုင်လေးက ပင်လယ်စောင့်နတ်သမီးလေးတစ်ပါးကဲ့သို့ပင် ရေပြင်၏ အထက်သို့ မြင့်မားစွာ ခုန်တက်လိုက်လေ၏။
ရွှေရောင်သန်းသောနေရောင်ခြည်က သူ၏ ကိုယ်ထည်ပေါ်သို့ ကျရောက်နေသည်က ဒဏ္ဍာရီပုံပြင်တစ်ပုဒ်ထဲမှ မြင်ကွင်းတစ်ခုကဲ့သို့ပင်။
လေထဲသို့ ပျံတက်သွားသော လင်းပိုင်လေး၏ တောက်ပပြီး နက်မှောင်သော မျက်လုံးများက ပြုံးပြနေသယောင် ထင်မှတ်ရလေ၏။
ပတ်ဝန်းကျင်၌ အံ့သြသံများက ထွက်ပေါ်လာပြီး ငါးဖမ်းလှေပေါ်ရှိ လူတိုင်းက ရုတ်တရက် ပေါ်လာသော လင်းပိုင်ဖြူလေး၏ ဆွဲဆောင်မှုတွင် လုံးဝကို နစ်မျောသွားကြတော့သည်။
[ အို ဘုရားရေ! ဖျော်ဖြေရေး အစီအစဉ်တစ်ခုမှာ လင်းပိုင်ဖြူအရှင်ကို မြင်ရလိမ့်မယ်လို့ တစ်ခေါက်မှကို မတွေးခဲ့ဖူးဘူး! ]
[ လင်းပိုင်ဖြူလား၊ တကယ်ကြီးကို လင်းပိုင်ဖြူလား၊ အို၊း ကံကောင်းလိုက်တာ! ]
[ ဒါမျိုးကို မမျှော်လင့်ထားဘူး၊ လင်းပိုင်ဖြူတွေက ဟိုးအရင်ကတည်းက ပထမတန်းစား ကာကွယ်စောင့်ရှောက်ရမယ့် သတ္တဝါတွေအဖြစ်ကို သတ်မှတ်ခံထားရတာ၊
မျိုးသုဉ်းပျောက်ကွယ်လုနီးပါး ဖြစ်နေပြီးတော့ အရေအတွက်ကလည်း အရမ်းကို နည်းနေပြီလေ၊ အခုလို အင်ဒို _ပစိဖိတ် လင်းပိုင်အရှင်ကို မြင်ရလိမ့်မယ်လို့ မထင်ထားမိဘူး ]
[ သူ့ရဲ့ အရောင်အရဆိုရင် ဒါက အရွယ်ရောက်ပြီးသား လင်းပိုင်ဖြူတစ်ကောင်ပဲ ဖြစ်ရမယ် ]
[ အားး အရမ်းကို အားကျတာပဲ! ငါက အခေါက်ခေါက် သွားဖူးပေမယ့် လင်းပိုင်ဖြူအရှင်ကို တစ်ခေါက်မှကို မမြင်ဖူးဘူး! ]
ငါးဖမ်းလှေပေါ်ရှိ ရိုက်ကူးရေးအဖွဲ့သားများကပင်လျှင် အဝေးမှ လင်းပိုင်ဖြူလေးကို ကြည့်ရန်အတွက်ကို လှေကို အရှိန်လျှော့လိုက်ကြ၏။
“ဝိုး၊ တကယ်ပဲ လင်းပိုင်ဖြူလေးပဲ! ဒီဘက်ခေတ်မှာ ဒါမျိုးကိုမြင်ရဖို့က အရမ်းကို ခက်သွားပြီ”
“ဘာလို့လဲ”
အဖွဲ့သားတစ်ဦး၏ စကားကို ကြားသည့်အချိန်တွင် ထောင်ထောင်က စပ်စုလိုစိတ်ဖြင့် လှည့်မေးလိုက်လေသည်။
အဖွဲ့သားက သက်ပြင်းကိုချလိုက်ပြီးပြောလိုက်လေသည်။
“ပင်လယ်ပြင်ရဲ့ ညစ်ညမ်းမှုတွေက ပိုပိုပြီးတော့ ဆိုးရွားလာတော့ လင်းပိုင်ဖြူတွေရဲ့ နေထိုင်ဖို့ နေရာတွေက နည်းလာတာပေါ့၊
လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာပဲ ငါတို့လည်း လင်းပိုင်ဖြူတွေကို အရမ်းမတွေ့ရတော့ဘူး၊
မင်းတို့ကတော့ ပထမဆုံး ခရီးစဉ်မှာတင် တွေ့ရတာဆိုတော့ အရမ်းကံကောင်းတာပဲ”
ထိုစကားကို ကြားပြီးနောက်တွင် ထောင်ထောင်က အဝေးမှ ပန်းရောင်အစက်ကလေးဆီသို့သာ အာရုံကို ပြန်စိုက်လိုက်လေသည်။
ထောင်ထောင်၏ ခန္ဓာကိုယ်အထက်ပိုင်းက မှန်တံခါးနှင့် ကပ်နေသလောက်ပင် ဖြစ်နေ၏။
သူမ၏ ပါးစပ်လေးက အဟောင်းသားလေးဖြင့် အဝေးမှ ခုန်ပေါက်၍ လာနေသော လင်းပိုင်ဖြူလေးကို ငေးကြည့်နေလသည်။
“အရမ်းကိုလှတာပဲ”
ထောင်ထောင်က ပင်လယ်ပြင်ပေါ်မှ လင်းပိုင်ဖြူလေးကို အကြည့်မခွာဘဲ သူမ၏ စိတ်ရင်းအတိုင်းပင် ချီးကျူးလိုက်လေ၏။
သူမ၏ စိတ်ကူးယဉ်မှုကြောင့်လားတော့ မသိပေ။
သူမက ထိုသို့ပြောလိုက်ပြီးသည်နှင့် လေထဲသို့ ခုန်တက်သွားသော လင်းပိုင်ဖြူလေးက သူမရှိရာဘက်သို့ လှမ်းကြည့်လိုက်သကဲ့သို့ ရှိနေလေသည်။
ငါးဖမ်းလှေ၏ လမ်းကြောင်းအရဆိုလျှင် လင်းပိုင်ဖြူလေးက လှေ၏ ဘေးမှ ဖြတ်ကျော်သွားရမည် ဖြစ်၏။
သို့သော် ထိုသို့ အကြည့်ချင်း ဆုံပြီးနောက်တွင် လင်းပိုင်ဖြူလေးက လမ်းကြောင်းကို ပြောင်းလိုက်ပြီး ငါးဖမ်းလှေရှိရာဘက်သို့ ခုန်ပေါက်၍ လာနေတော့သည်။
မည်သည့် အကြောင်းကြောင့်ကို မသိသော်လည်း လင်းပိုင်ဖြူလေးက သူမထံသို့ လာနေခြင်းဖြစ်ကြောင်းကို ထောင်ထောင်က မသိစိတ်က ခံစားလိုက်ရလေ၏။
“နေဦး! ထောင်ထောင်၊ ဘယ်သွားမလို့လဲ”
လူတိုင်းက လင်းပိုင်ဖြူလေးကို အံ့သြတကြီးဖြင့် ကြည့်နေကြသည့်အချိန်တွင် ထောင်ထောင်က ရုတ်တရက် ပြတင်းပေါက်မှ ထွက်ခွာပြီး ထိုင်ခုံပေါ်မှ ဆင်းပြီးနောက် တံခါးဆီသို့ လျှင်မြန်စွာပြေးသွားတော့သည်။
ထောင်ထောင်၏ ရုတ်တရက် ရဲတင်းမှုကြောင့် စုကျင်းတစ်ယောက် လန့်သွားရလေ၏။
သူက မည်သည်ကိုမှ မမေးတော့ဘဲ ထောင်ထောင်၏ အနောက်သို့သာ ချက်ချင်း လိုက်သွားခဲ့တော့သည်။
ထောင်ထောင်က လူစုကြားမှ တိုးဝှေ့ထွက်လာပြီး ကုန်းပတ်ပေါ်သို့ ပြေးထွက်သွားပြီး လက်ရန်းကို အားပြုကိုင်လိုက်လေ၏။
သူမ၏ အနောက်သို့ လိုက်လာသော စုကျင်းက ထောင်ထောင်ကို ချက်ချင်းပင် ဖက်ထားပေးလိုက်ပြီး ဟန်ချက်ညီအောင် ကူညီပေးလိုက်နိုင်ပြီးမှသာ သက်ပြင်းချနိုင်တော့သည်။
“ဘာလို့ ရုတ်တရက်ကြီး ပြေးထွက်လာတာလဲ”
ထောင်ထောင်က စုကျင်း၏ မေးခွန်းကို ချက်ချင်း အဖြေမပေးပေ။
သူမက အနီးသို့ ရောက်ရှိလာသည့် ပန်းရောင်အစက်လေးကိုသာ မျက်လုံးလေးများတောက်ပလျက် ငေးကြည့်နေသည်။
ထောင်ထောင် ကြည့်နေချိန်ပင် လင်းပိုင်ဖြူလေးက သူတို့ရှိရာဘက်သို့ ခုန်တက်လာလေ၏။
လင်းပိုင်လေးက မြောက်တက်လာသည့် အချိန်၌ ထောင်ထောင်က မသိစိတ်ဖြင့် လက်လေးကိုမြှောက်ပြီး လင်းပိုင်လေးထံသို့ အစွမ်းကုန် ဆန့်ထုတ်လိုက်လေ၏။
နွေးထွေးသော နေရောင်ခြည်နုနုလေးများ၏ အောက်တွင် ရေစက်ကလေးများက မိုးဖွဲဖွဲလေးရွာနေသကဲ့သို့ လေထဲ၌ လွင့်စင်နေသည်။
ထိုမိုးဖွဲ လေးများ၏ ကြား၌ မိန်းကလေးက လက်ရန်းကို ကိုင်ထားရင်း သူမ၏ အရှေ့မှ မှော်ဆန်လွန်းသော သတ္တဝါလေးကို ကြည့်ပြီး ပါးချိုင့်လေးများကို ပေါ်လာသည်အထိ ပြုံးလိုက်လေ၏။
ထိုပင်လယ်ပြင်၏ စောင့်ရှောက်သူ နတ်သမီးလေးကလည်း ပြာလွင်သော ရေပြင်ထက်မှ ခုန်တက်လာပြီး မိန်းကလေးငယ်၏ လက်ချောင်းထိပ်လေးများကို သူ၏ ဦးခေါင်းဖြင့် ညင်သာစွာ ထိတွေ့လိုက်လေသည်။
လက်ချောင်းထိပ်လေးများနှင့် လင်းပိုင်ဖြူလေးကို ထိတွေ့မိသည့်အချိန်တွင် ထောင်ထောင်၏ နက်မှောင်သော မျက်လုံးလေးများက လင်းပိုင်လေး၏ မျက်လုံးများနှင့် ဆုံတွေ့သွားလေ၏။
ထိုအချိန်၌ သူမက သာယာနူးညံ့သော အသံလေးတစ်ခုကို ကြားလိုက်ရသည်။
“မင်္ဂလာပါ”
ထောင်ထောင်က မသိစိတ်ဖြင့် မျက်လုံးလေးများက ပြူးသွားရသော်လည်း သူမက ပြန်လည်၍ မတုံ့ပြန်နိုင်ခင်မှာပင် လင်းပိုင်ဖြူလေးက ပင်လယ်ထဲသို့ ပြန်လည်၍ ငုပ်လျှိုးသွားပြီး ငါးဖမ်းလှေနှင့် ဝေးရာသို့ ခုန်ပေါက် ထွက်ခွာသွားလေ၏။
ထိုအသံလေးက ထောင်ထောင်၏ စိတ်ထဲ၌ အဝေးမှ လှပသော အိပ်မက်တစ်ခုကဲ့သို့ ကျန်ရစ်ခဲ့လေသည်။
လင်းပိုင်ဖြူလေးက ထွက်ခွာသွားသော်လည်း တိုက်ရိုက်လွှင့်ထုတ်မှုမှ ပရိသတ်များက ထိုခဏတာ ထိတွေ့မှုတွင် နစ်မျောနေကြဆဲပင်။
*
အခန်း(46)
[ ဒီမြင်ကွင်းက တကယ့်ကို လှလွန်းတယ်၊ ဒဏ္ဍာရီပုံပြင်ထဲက အတိုင်းပဲ! ]
[ ထောင်ထောင်နဲ့ လင်းပိုင်ဖြူလေးရဲ့ ပုံရိပ်က အရမ်းကို ကြည့်လို့ကောင်းတာပဲ! ]
[ အဲဒီခဏမှာ ငါ့ရဲ့ စိတ်နှလုံးတွေက သက်သာရာရသွားသလိုပဲ၊ တကယ့်ကို လှပလွန်းတယ် ]
[ ငါပဲ စိတ်ကူးယဉ်ဆန်လွန်းလို့လား မသိဘူး၊ ထောင်ထောင်က လင်းပိုင်ဖြူလေးကို ထိလိုက်တဲ့အချိန်မှာ ငါ့ရင်ထဲ တစ်ခုခုကို ခံစားလိုက်ရတယ် ]
[ လင်းပိုင်ဖြူလေးရဲ့ မျက်လုံးတွေနဲ့ ထောင်ထောင်ရဲ့ မျက်လုံးတွေ၊ တကယ်တော့ ကမ္ဘာပေါ်မှာ အစင်ကြယ်ဆုံး အရာနှစ်ခုက ဆုံတွေ့ခဲ့တာပဲ! ]
[ လင်းပိုင်ဖြူလေးနဲ့ ထောင်ထောင်က ထိတွေ့လိုက်တဲ့ ခဏမှာ စင်ကြယ်တဲ့ ဝိညာဉ်နှစ်ခုက ဆက်သွယ်လိုက်သလို ငါ ခံစားရတယ် ]
အလုပ်များလွန်းသော လူအများစု၏ အတွက်တော့ ထောင်ထောင်နှင့် လင်းပိုင်ဖြူလေး၏ ပုံရိပ်က အလိုအလျောက် ပြုံးမိစေလောက်အောင် လှပလွန်း၏။
ပြာလွင်နေသော ပင်လယ်ပြင်၊ တောက်ပနေသော နေရောင်ခြည်၏ အောက်ရှိ မြို့ပြ၏ ရုန်းကန်မှုများနှင့် လူမှုပတ်ဝန်းကျင်၏ ရှုပ်ထွေးမှုများနှင့် ဝေးကွာလျက် စင်ကြယ်သော လူသားနှင့် သတ္တဝါတို့၏ ပြုံးရွှင်သော ပုံရိပ်လေးသာ ကျန်ရှိနေခဲ့၏။
ကြည့်ရှုသူများက ထိုမြင်ကွင်းကို ဓာတ်ပုံရိုက်ယူခဲ့ကြပြီး မကြာမီမှာပင် အဆိုပါပုံက အင်တာနက်အသုံးပြုသူများ၏ကြား၌ ပျံ့နှံ့သွားတော့သည်။
ပန်းချီဆရာများစွာကလည်း ဤပုံရိပ်ကို အခြေခံ၍ ချစ်စဖွယ်ကောင်းသော၊ နွေးထွေးသော၊ မှော်ဆန်သော ပန်းချီကားများစွာကို ဖန်တီးခဲ့ကြ၏။
အင်တာနက်ပေါ်၌ ထိုပုံကို မျှဝေနေသူတိုင်းက မိန်းကလေးငယ်၏ နာမည်ကို မသိကြသော်လည်း သူမ၏ မျက်နှာပေါ်မှ အပြုံးကို လူတိုင်းက မှတ်မိနေကြသည်။
ထိုအပြုံးက ထိုခဏ၌ ကမ္ဘာတစ်ခုလုံးကို ပိုင်ဆိုင်ထားသကဲ့သို့ပင်။
ငါးဖမ်းလှေပေါ်၌။
လင်းပိုင်ဖြူလေးက ထွက်ခွာသွားခဲ့ သော်လည်း ထောင်ထောင်က သူမ၏ လက်လေးကို မရုပ်သိမ်းဘဲ အချိန်ကြာမြင််စွာ ဆန့်ထုတ်ထားဆဲပင်။
“ထောင်ထောင်?”
စုကျင်းက သူမ၏ နာမည်ကို ခေါ်လိုက်မှသာ ထောင်ထောင်က သတိပြန်ဝင်လာခဲ့သည်။
သူမက စုကျင်းကို မော့ကြည့်ပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေ၏။
“ကောကော! ခုနက လင်းပိုင်ဖြူလေးက ထောင်ထောင်ကို စကားပြောတယ်!”
“ဟုတ်လား”
စုကျင်းက ဤသည်က ကလေးတစ်ယောက်၏ စိတ်ကူးယဉ်မှုသာ ဖြစ်မည်ဟု ထင်မိသော်လည်း မဖြစ်နိုင်ဟု ပြောပြီး သူမ၏ စိတ်ကူးကို ဖြိုခွင်းခြင်း မပြုပေ။
ထို့အစား ထောင်ထောင်၏ စကားကို ဆက်လက်၍ မေးလိုက်လေသည်။
“လင်းပိုင်ဖြူလေးက ဘာပြောသွားလဲ”
“ထောင်ထောင်ကို မင်္ဂလာပါ တဲ့”
စုကျင်းက သူမ၏ စကားကို နားထောင်ပေးသောကြောင့် ထောင်ထောင်က ပျော်ရွှင်ကျေနပ်စွာ ပြုံးလိုက်လေ၏။
“ဟုတ်ပြီ.. ကြည့်ရတာက အဲဒီလင်းပိုင်ဖြူလေးက ယဉ်ကျေးတဲ့ လင်းပိုင်လေးပဲ ဖြစ်ရမယ်”
စုကျင်းက ထောင်ထောင်ကို ပွေ့ချီလိုက်ပြီး အခန်းထဲသို့ ပြန်ခေါ်သွားလိုက်လေသည်။
အခန်းထဲသို့ ရောက်ရောက်ချင်းမှာပင် တခြားကလေးများက ထောင်ထောင်ထံသို့ ပြေးလာကြပြီး ဝိုင်းအုံမေးမြန်းကြ၏။
သူတို့အားလုံးက ထောင်ထောင်က လင်းပိုင်ဖြူလေးကို ထိတွေ့လိုက်သည်ကို မြင်တွေ့ခဲ့ကြသောကြောင့် အံ့သြနေကြခြင်းပင် ဖြစ်သည်။
“ထောင်ထောင်၊ လင်းပိုင်ဖြူလေးကို ကိုင်ရတာက ဘယ်လိုမျိုး ခံစားရလဲ”
ကုရှန်ရှန်က သူမက သိချင်နေသော မေးခွန်းကို ထောင်ထောင်ကို မေးလိုက်လေသည်။
ထောင်ထောင်က ခေါင်းလေးစောင်းငဲ့ပြီး စဉ်းစားလိုက်ပြီးပြောလိုက်လေ၏။
“စိုစိုအိအိလေးနဲ့၊ ခပ်အိအိလေးပဲ၊ ဂျယ်လီရဲ့ မျက်နှာပြင်လေးကို ကိုင်ရသလိုမျိုးပဲ”
“ဒါဆိုရင်၊ လင်းပိုင်ဖြူလေးရဲ့ အော်သံကိုရော ကြားလိုက်ရလား”
အမြဲတမ်း ရှက်တတ်သော မုန်လျို့ပင်လျှင် စပ်စုလိုစိတ်ကို မထိန်းနိုင်တော့ဘဲ မေးလိုက်လေ၏။
ထောင်ထောင်က ခေါင်းလေးကိုယမ်းပြလိုက်လေသည်။
“မကြားလိုက်ပါဘူး”
မုန်လျို့က စိတ်ပျက်သွားသည့်အမူအရာကို မပြနိုင်သေးခင်မှာပင် ထောင်ထောင်က ဆက်လက်၍ ပြောလိုက်လေသည်။
“ဒါပေမဲ့”
“လင်းပိုင်ဖြူလေးက ထောင်ထောင်ကို နှုတ်ဆက်တာကိုတော့ ကြားလိုက်ရတယ်!”
“ဟင် တကယ်ကြီးလား!”
“ဝိုး.. ထောင်ထောင်၊ မင်းကတော့ တကယ့်ကို အံ့သြစရာပဲ!”
ကလေးများ၏ အံ့သြနေသော မျက်လုံးများကြား၌ ထောင်ထောင်က နှုတ်ခမ်းလေးကို စုပြီး ပြုံးလိုက်မိ၏။
သို့သော် ထိုအချိန်တွင် ချောင်ဟောက်ယွီက ဖြတ်ပြောလိုက်သည်။
“လင်းပိုင်ဖြူလေးက ဘယ်လိုလုပ်ပြီးတော့ စကားပြောမှာလဲ၊ လူတွေက လင်းပိုင်ရဲ့ အသံကို လုံးဝကို မကြားနိုင်ပါဘူး”
“ဘာလို့ မကြားနိုင်ရမှာလဲ”
ကုရှန်ရှန်က ထောင်ထောင်၏ ဘက်မှ ချက်ချင်းပင် ပါဝင်၍ ပြောဆိုပေးလေသည်။
“မကြားနိုင်လို့ပေါ့!”
ချောင်ဟောက်ယွီက မျက်လုံးလေးကိုပြူးပြီး ပြန်ပြောလေ၏။
“ကြားနိုင်တယ်လို့ ငါ ပြောနေတယ်လေ!”
ကုရှန်ရှန်က ခါးလေးကိုထောက်လိုက်ပြီး ပြန်လည်၍ ရန်တွေ့တော့သည်။
ကလေးများက ရန်ဖြစ်တော့မည်ကို မြင်သည့်အချိန်တွင် အလုပ်သင်မိဘများက ချက်ချင်းပင် အာရုံလွှဲရန်အတွက် ကြိုးစားကြလေ၏။
“ခုနက ငါ့ရဲ့ ဆရာက ပြောတာကို ကြားလိုက်ရတယ်၊ ဒီလို ရေပြင်မှာက လင်းပိုင်ဖြူကို မြင်ရဖို့ဆိုတာက အင်မတန် ခဲယဉ်းတဲ့ အရာတဲ့၊
ကြည့်ရတာက ဒီကျွန်းခရီးစဉ်က ငါတို့က အရမ်းကိုကံကောင်းတော့မယ့် ပုံပဲ”
ကုန်းယောင်က ကလေးများ၏ အာရုံကို လွှဲပြောင်းလိုက်လေသည်။
“ဟုတ်တယ်”
ချင်းရွှမ်ကလည်း ဝင်ရောက်ပြောဆိုလေသည်။
“ဖြစ်နိုင်တာက လင်းပိုင်ဖြူလေးကို ထိခဲ့တဲ့ ထောင်ထောင်ရဲ့ လက်ချောင်းလေးက ကံကောင်းစေတဲ့ လက်ချောင်းလေးများ ဖြစ်နေလို့လား မသိဘူး”
ကံကောင်းစေတဲ့ လက်ချောင်းလေး!
ပြောသည့်သူက သာမန်သာပြောလိုက်ခြင်း ဖြစ်သော်လည်း နားထောင်နေသည့် ထောင်ထောင်ကတော့ အလေးအနက် မှတ်ယူသွားလေ၏။
သူမက ခေါင်းလေးကိုငုံ့ပြီး သူမ၏ လက်ချောင်းလေးကို စဉ်းစားသည့်အမူအရာဖြင့် စိုက်ကြည့်နေသည်။
နောက်ဆုံးတွင် ကလေးများ၏ အာရုံက လွှဲသွားပြီး ခဏမျှ ဆော့ကစားပြီးနောက်တွင် ဗိုက်ဆာလာသောကြောင့် အလုပ်သင်မိဘများက လွယ်အိတ်ထဲမှ မုန့်များကို ထုတ်၍ ဝေမျှပေးကြ၏။
စုကျင်းကလည်း သူ၏ အိတ်ထဲမှ ချိုချဉ်လေးကို ထုတ်၍ ထောင်ထောင်ကို ပေးလိုက်လေသည်။
ထိုအချိန်မှာပင် ထောင်ထောင်က တုံ့ဆိုင်းခြင်းမရှိဘဲ လင်းပိုင်ဖြူလေးကို ထိခဲ့သည့် သူမ၏ လက်ချောင်းလေးဖြင့် စုကျင်း၏ နဖူးအလယ်ကို ညင်သာစွာ ထိတွေ့လိုက်လေ၏။
ရုတ်တရက် ထိတွေ့မှုကြောင့် စုကျင်းက အနည်းငယ် အံ့သြသွားရ သော်လည်း ဒေါသထွက်သည့်အမူအရာမရှိဘဲ အပြုံးတစ်ခုနှင့် မေးလိုက်လေသည်။
“ဘာဖြစ်လို့လဲ”
စုကျင်းက ထောင်ထောင်ကို ပွေ့ချီလိုက်သောကြောင့် ထောင်ထောင်က စုကျင်း၏ ရင်ခွင်ထဲ၌ ခိုလှုံရင်း သူမ၏ ပါးချိုင့်လေးများကိုပေါ်လာသည်အထိ ပြုံးပြလိုက်လေ၏။
သူမက စုကျင်း၏ နားရွက်အနီးသို့ ကပ်ပြီး ခပ်တိုးတိုး ပြောလိုက် လေ၏။
“လင်းပိုင်ဖြူလေးကို ကိုင်ခဲ့တဲ့ လက်နဲ့ ကောကောကို ထိလိုက်ရင် ကောကောဆီကို ကံကောင်းခြင်းတွေကို ကူးစက်သွားမှာလေ”
ထောင်ထောင်က သူမ၏ အသံလေးက အလွန်တိုးသည်ဟု ထင်နေခဲ့သည်။
သို့သော် မိုက်ခရိုဖုန်းမှတစ်ဆင့် ကြည့်ရှုသူတိုင်း၏ နားထဲသို့ ထိုစကားက ရောက်ရှိသွားလေ၏။
[ ဝါး.. ထောင်ထောင်က တကယ့်ကို ချစ်စရာကောင်းတဲ့ ကလေးလေးပဲ၊ ဒါက အရမ်းကို နွေးထွေးစရာကောင်းလွန်းတယ်! ]
[ အိုး ထောင်ထောင်က ချစ်စရာကောင်းအောင် လုပ်နေတာလို့ပဲ ငါထင်ခဲ့တာ၊ သူမက သူမရဲ့ကောကောကို ကံကောင်းခြင်းတွေ ပေးချင်နေတာကိုး ]
[ အကူအညီ လိုအပ်နေပြီ! စုကျင်း.. မင်းက ဘာတွေကို လုပ်ခဲ့လို့ ထောင်ထောင်လို ချစ်စရာကောင်းတဲ့ ညီမလေးမျိုးကို ရထားတာလဲ၊ (မနာလိုဖြစ်ပြီး လက်ကိုင်ပုဝါကို ကိုက်နေ) ]
[ စုကျင်းလို အလုပ်သင်ကောကောမျိုးကို ရထားတာကို ငါ မနာလို မဖြစ်တော့ပါဘူး၊
ထောင်ထောင်လို အလုပ်သင် ညီမလေးမျိုးပဲ လိုချင်တော့တယ် (မနာလိုလို့ မျက်ရည်ကျနေ) ]
[ ထောင်ထောင်က ခုနက ဝေမျှတယ် လို့ မပြောဘဲ ကူးစက်စေတယ်/ပေးလိုက်တယ် လို့ ပြောတာနော်၊
ထောင်ထောင်က သူမရဲ့ ကံကောင်းခြင်းတိုင်းကို သူမရဲ့ကောကောကို ပေးလိုက်ပြီး သူမရဲ့အတွက်ကို ဘာမှမချန်ထားသလိုမျိုး ခံစားရတယ် ]
[ အို၊ အဲဒီလို တွေးကြည့်လိုက်တော့ ပိုပြီးတော့ စိတ်မကောင်းဖြစ်ရတယ် ]
[ ရုတ်တရက် စကားပုံတစ်ခုကို သတိရသွားတယ်၊ တချို့လူတွေမှာ ချစ်ခြင်းမေတ္တာ (၁၀၀) ရှိပေမယ့် ၁ ပဲ ပေးချင်ကြတယ်၊
တချို့လူတွေကတော့ ချစ်ခြင်းမေတ္တာ (၁) ပဲ ရှိပေမယ့် အဲဒီ (၁) စလုံးကို ပေးချင်ကြတယ်တဲ့ ]
[ ငါကတော့ မျက်ရည်ကို မထိန်းနိုင်တော့ဘူး၊ ထောင်ထောင်ရဲ့ တုံ့ပြန်မှုက အရမ်းကို နွေးထွေးလွန်းတယ် ]
[ ထောင်ထောင်ကို ခိုးဖို့အတွက် အဖွဲ့ဖွဲ့ရအောင်၊ ဘယ်သူတွေက ပါမလဲ ]
[ ပါမယ် +၁ ]
[ ပါမယ် +၂ ]
[ ပါမယ် +၁၀၀၈၆ ]
ထောင်ထောင်၏ စကားကို ကြားသည့်အချိန်တွင် စုကျင်းက ခဏမျှ အံ့အားသင့်သွားရပြီးနောက် သူ၏ စိတ်ထဲ၌ နွေးထွေးမှုများက ပြည့်လျှံသွားရ၏။
သူမက ကလေးလေးတစ်ယောက်မျှသာ ဖြစ်သော်လည်း သူမ၏ စိတ်ထားက အံ့မခန်းပေ။
စုကျင်းက ပြုံးလိုက်မိသည်။
ပင်လယ်လေပြေများနှင့် လင်းပိုင်ဖြူလေးများနှင့် ဆုံတွေ့ခဲ့ပြီးနောက်တွင် မင်းဘယ်ကိုသွားမလဲ ဘေဘီ အဖွဲ့သားများက ရိုက်ကူးရေးလုပ်မည့် ကျွန်းသို့ နောက်ဆုံး၌ ရောက်ရှိလာကြ၏။
ဤကျွန်းက မကြာသေးမီကမှ အကောင်အထည်ဖော်ထားခြင်းဖြစ်သောကြောင့် ခရီးသွားများ များစွာက မရှိသေးဘဲ ဒေသခံများသာ အများစု ရှိသည်။
ကျွန်း၏ အာဏာပိုင်များကလည်း အစီအစဉ်မှတစ်ဆင့် ကျွန်း၏ ခရီးသွားလုပ်ငန်းကို မြှင့်တင်ရန်အတွက် ရည်ရွယ်၍ ရိုက်ကူးခွင့်ကို ပေးထားခြင်း ဖြစ်၏။
ဧည့်သည်များက ကျွန်းသို့ ရောက်ရှိပြီး ထုတ်လုပ်ရေးအဖွဲ့မှ စီစဉ်ထားသည့် နေရာသို့ သွားနေကြချိန်မှာပင် တိုက်ရိုက်လွှင့်ထုတ်မှုက သူတို့၏ ခြေလှမ်းများကို လိုက်လံ၍ ရိုက်ကူးပြနေသည်။
လှိုင်းသံများနှင့် သစ်ရွက်လှုပ်ခတ်သံများ၊ ပင်လယ်ရနံ့နှင့် ပန်းရနံ့များက လေထဲ၌ ပျံ့လွင့်နေ၏။
ရေငှက်လေးများက ရေပြင်ထက်တွင် ပျံဝဲနေကြပြီး သစ်ပင်များနှင့် ချုံနွယ်များကလည်း သဘာဝအတိုင်း လှပစွာ ပေါက်ရောက်နေသည်။
ဤကျွန်းပေါ်တွင် လမ်းလျှောက်ရခြင်းက အိပ်မက်ဆန်သော နတ်ပြည်သို့ ရောက်နေသကဲ့သို့ပင်။
[ အိုး ဒီနေရာရဲ့ မြင်ကွင်းက အရမ်းကိုလှတာပဲ! ]
[ ဒါက ဘယ်နေရာလဲ၊ ငါကလည်း သွားချင်လာပြီ၊ ပတ်ဝန်းကျင်က အရမ်းကောင်းပြီးတော့ လူကလည်း အရမ်းမများဘူး ]
[ ဖန်သားပြင်ကနေ ကြည့်ရုံနဲ့တင် ဒီနေရာရဲ့ လေထုက အရမ်းကိုကောင်းမယ်ဆိုတာ သိသာတယ်၊ အရမ်းကို သက်သောင့်သက်သာ ရှိမှာပဲ! ]
[ ငါက အမြန်ရှာကြည့်လိုက်တာ၊ ဒီကျွန်းရဲ့ ဈေးနှုန်းတွေက တကယ့်ကို သင့်တင့်တယ်၊ ငါ့ရဲ့ ခရီးစဉ်စာရင်းထဲ ထည့်လိုက်ပြီ ]
တိုက်ရိုက်ထုတ်လွှင့်မှု၏ ခဏတာ မြင်ကွင်းလေးကြောင့်ပင် ဤကျွန်းလေး၏ ခရီးသွားလာမှုဆိုင်ရာ ရှာဖွေမှုများက သိသာစွာ မြင့်တက်သွားတော့သည်။
ထိုအချိန်တွင် ဧည့်သည်များက ဝန်ထမ်းများ၏ လမ်းညွှန်မှုဖြင့် သူတို့ နေထိုင်ရမည့် နေရာသို့ ရောက်ရှိလာကြ၏။
ထုတ်လုပ်ရေးအဖွဲ့က ကမ်းခြေရှိ နှစ်ထပ် ဗီလာအိမ်ဖြူလေးတစ်လုံးကို ဧည့်သည်များ၏ အတွက် ပြင်ဆင်ပေးထား၏။
“ဝိုး!”
ထောင်ထောင်က ထိုအိမ်ကြီးကို မြင်လိုက်ရသည့်အချိန်တွင် သူမ၏ မျက်လုံးလေးများက ပြူးသွားရပြီး အံ့သြသွားရလေသည်။
*