← Chapters

အခန်း (၄၇-၄၈)

Vol. 5 Ch. 47-48

အခန်း (၄၇-၄၈)

Vol. 5 Ch. 47-48

အခန်း(47)

ကျွန်းပေါ်သို့ မရောက်မီ ပြင်ဆင်မှုများစွာကို လုပ်ခဲ့ရသော်လည်း အလုပ်သင်မိဘများက အိမ်ကြီးကို မြင်လိုက်ရသည့်တိုင်အောင် စိတ်အေးခြင်းမရှိကြသေးပေ။

ရှန်းထျန်ယွီက ဘေးပတ်ဝန်းကျင်ကို စိုးရိမ်တကြီးဖြင့် ကြည့်နေရင်း အနီးရှိ သေးငယ်သော အိမ်နိမ့်လေးတစ်လုံးကို မြင်လိုက်ရသည့်အချိန်တွင် သူ၏ မျက်နှာက ချက်ချင်း တင်းမာသွားရသည်။

သူက စုကျင်း၏ အနားသို့ ကပ်ပြီးပြောလိုက်လေသည်။

“စုကျင်းကော၊ ဟိုဘက်ကို ကြည့်ဦး”

ရှန်းထျန်ယွီက လက်ညှိုးထိုးရာသို့ ကြည့်လိုက်သည့်အချိန်တွင် တခြားအလုပ်သင်မိဘများကလည်း မျက်မှောင်ကြုတ်သွားကြရလေ၏။

ထုတ်လုပ်ရေးအဖွဲ့က မည်သည်ကိုမျှ မပြောရသေးသော်လည်း ဧည့်သည်များက တစ်ဦးကိုတစ်ဦး ကြည့်ပြီး အဆိုးဆုံးကို ကြိုတင်၍ ခန့်မှန်းနေကြသည်။

ထန်ကျစ်ရှီက အရင်ပြောလာခဲ့လေသည်။

“ဒါရိုက်တာ၊ လူကြီး (၅) ယောက်နဲ့ ကလေး (၅) ယောက်ကို ဒီလို အိမ်အသေးလေးမှာ ထားတာက နည်းနည်းတော့ လွန်မနေဘူးလား”

“ဟုတ်တယ်”

ချင်းရွှမ်ကလည်း မျက်မှောင်ကြုတ်၍ပြောလေသည်။

“ကလေး (၅) ယောက်ကတောင် ဒီအိမ်ထဲမှာ ဆံ့မှာ မဟုတ်ဘူး၊ လူကြီးတွေဆိုရင်တော့ပိုဆိုးမှာပဲ!”

“ဒါက အစီအစဉ်ကို ရိုက်တာဖြစ်ပေမယ့် အခြေခံ နေထိုင်မှုကိုတော့ ရှိသင့်တာပေါ့၊

ဒီလို နေရာမျိုးမှာဆိုရင် တစ်ယောက်ယောက်က နေမကောင်းဖြစ်သွားရင် ဘယ်လိုလုပ်မလဲ”

ကုန်းရောင်က ယုတ္တိရှိရှိ တောင်းဆိုလေသည်။

ဒါရိုက်တာ ကျိုးထင်က စကားပင် မပြောရသေးခင်မှာ ဧည့်သည်များ၏ ဝိုင်းအုံခြင်းကို ခံလိုက်ရသောကြောင့် အနည်းငယ် ကြောင်အ,သွားရ၏။

“အလုပ်သင်မိဘတို့၊ တစ်ခုခုကို နားလည်မှု လွဲနေပုံရတယ်၊ ကျွန်မတို့က ဒီတစ်ခေါက် နေရမှာက ဟိုဘက်က နှစ်ထပ်ဗီလာအိမ်ကြီးထဲမှာပါ”

ကျိုးထင်၏ စကားကို ကြားမှသာ အလုပ်သင်မိဘများက သက်ပြင်းချနိုင်တော့သည်။

“ဒါဆိုရင်တော့ တော်သေးတာပေါ့”

တချို့က ပြောကြလေသည်။

“ထုတ်လုပ်ရေးအဖွဲ့က ဒီလောက်အထိတော့ မဆိုးပါဘူးလို့ ငါထင်သားပဲ”

တချို့ကလည်း ထုတ်လုပ်ရေးအဖွဲ့ဘက်မှ ပြန်လည်၍ ကာကွယ်ပြောဆိုကြလေ၏။

စုကျင်းကတော့ လက်ပိုက်၍ပြောလိုက်လေသည်။

“မတတ်နိုင်ဘူးလေ၊ တစ်ခေါက်ခံဖူးထားတော့ အမြဲကြောက်နေရတာပေါ့”

အလုပ်သင်မိဘများနှင့် ထုတ်လုပ်ရေးအဖွဲ့တို့၏အကြားတွင် အငြင်းပွားမှုက အဆုံးသတ်သွားခဲ့ပြီ ဖြစ်သည်။

ထောင်ထောင်က ခေါင်းလေးကိုမော့ကြည့်နေသော်လည်း ဖြစ်ပျက်နေသည့်အရာကို သေချာနားမလည်သေးပေ။

အလုပ်သင်မိဘများက ထုတ်လုပ်ရေးအဖွဲ့ကို အဘယ်ကြောင့် ရုတ်တရက် ဝိုင်းအုံ၍ ပြောဆိုကြသည်ကို ပရိသတ်များလည်းနားမလည်ခဲ့ကြပါချေ။

သို့သော် စုကျင်း၏ စကားကို ကြားပြီးနောက်တွင် တိုက်ရိုက်လွှင့်ထုတ်မှုမှ ကြည့်ရှုသူများ အားလုံးက သဘောပေါက်သွားကြတော့၏။

[ ဧည့်သည်တွေက ဘေးနားက အုတ်အိမ်အစုတ်လေးကို ထုတ်လုပ်ရေးအဖွဲ့က စီစဉ်ပေးတဲ့ နေရာလို့ ထင်နေကြတာကိုး ]

[ ငါတော့ အစကတည်းက အဖြူရောင် ဗီလာအိမ်ကြီးကိုပဲ မြင်တာ၊

အကြာကြီး လိုက်ရှာကြည့်တော့မှ ဘေးနားက အိမ်ပုလေးကို မြင်ရတော့တယ် (ရယ်လည်းရယ်၊ ငိုလည်းငိုလျက်) ]

[ ရှန်းထျန်ယွီရဲ့ မျက်စိကတော့ တကယ့်ကို စူးရှတာပဲ၊ ခုနကလည်း အဝါရောင် ငါးဖမ်းလှေကို သူပဲ အရင် မြင်တာလေ ]

[ ခန့်မှန်းရသလောက်ဆိုရင် အဲဒီအုတ်အိမ်လေးက စတုရန်းမီတာ (၃၀) တောင် ပြည့်ပါ့မလားမသိဘူး၊

ရိုက်ကူးရေးအဖွဲ့သားတွေအကုန် ဆံ့ဖို့မပြောနဲ့ ဧည့်သည်တွေတောင် မဆံ့နိုင်ဘူး၊ ဒါက ဘယ်လိုလုပ် ဒီတစ်ခေါက် နေရမယ့်နေရာ ဖြစ်နိုင်မှာလဲ ]

[ မပြောနိုင်ဘူးလေ၊ စောစောက ဇိမ်ခံသင်္ဘောကြီးက ပေါ်လာတုန်းကလည်း ငါတို့ရော ဧည့်သည်တွေကပါ အဲဒါနဲ့ သွားရမယ်လို့ ထင်ခဲ့ကြတာပဲကို (ခွေးအပြုံး) ]

[ ဟားဟား၊ စုကျင်းက ပြောသလိုပါပဲ ‘မြွေကိုက်ဖူးတဲ့သူက ကြိုးမြင်ရင်တောင် လန့်နေတာ’ ဆိုတော့၊ (၁၀) နှစ်တောင် မကြာသေးတဲ့ အဖြစ်အပျက်ဆိုတော့ ပိုဆိုးတာပေါ့ ]

[ ဒါက ဟိုပြောနေကြတဲ့ ‘ကိုယ့်ခြေထောက်ပေါ် ကိုယ် ကျောက်ခဲနဲ့ ထုမိခြင်း’ ဆိုတာမျိုးလား ]

အလုပ်သင်မိဘများနှင့် ထုတ်လုပ်ရေးအဖွဲ့တို့၏ ဟာသဆန်သော အငြင်းပွားမှုအပြီးတွင် ဒါရိုက်တာ ကျိုးထင်ထံမှ အတည်ပြုချက်ကို ရရှိခဲ့သောကြောင့် မိဘများက စိတ်အေးစွာဖြင့် ကလေးများကို ခေါ်ဆောင်ပြီး ဗီလာအိမ်ကြီးထဲသို့ ဝင်ခဲ့ကြ၏။

ဗီလာထဲသို့ ဝင်လိုက်သည်နှင့် ပထမထပ် ဧည့်ခန်းရှိ မျက်နှာကြက်မှ ကြမ်းပြင်အထိ အပြည့်တပ်ဆင်ထားသော မှန်ပြတင်းပေါက်ကြီးများက မျက်စိကို ဖမ်းစားလိုက်လေသည်။

ပြတင်းပေါက်၏ အပြင်ဘက်တွင် ရှုခင်းကြည့် ပလတ်ဖောင်းရှိပြီး ရွှေရောင်သဲသောင်ပြင်နှင့် အဆုံးမဲ့ ပြာလွင်သော ပင်လယ်ပြင်ကြီးကို မြင်တွေ့ရ၏။

ထောင်ထောင်က စပ်စုလိုစိတ်ဖြင့် မှန်တံခါးကို အသာအယာ တွန်းဖွင့်လိုက်လေသည်။

ပင်လယ်ရနံ့ပါသော လေပြေများက အခန်းထဲသို့ တိုးဝင်လာသောကြောင့် ဧည့်ခန်းတစ်ခုလုံးက ပင်လယ်ပြင်ကြီး၏ ရင်ခွင်ထဲသို့ ရောက်ရှိသွားသကဲ့သို့ ခံစားရ၏။

ထောင်ထောင်က ဧည့်ခန်းထဲတွင် ရှိနေချိန်မှာပင် စုကျင်းက လှေကားပေါ်သို့တက်လိုက်၊ ဆင်းလိုက်ဖြင့် အခန်းတိုင်း၏ တံခါးကို ဖွင့်ကြည့်ပြီး အခန်းဖွဲ့စည်းပုံနှင့် အားသာချက်၊ အားနည်းချက်များကို တိတ်တဆိတ် မှတ်သားနေသည်။

စုကျင်းကသာမက တခြားအလုပ်သင်မိဘများကလည်း ပထမပိုင်းမှ သင်ခန်းစာကို ယူ၍ ပိုမို၍ သတိကြီးစွာ ထားနေကြ၏။

ထုတ်လုပ်ရေးအဖွဲ့က အခန်းရွေးချယ်မှု၏ စည်းကမ်းကို မကြေညာသေးသော်လည်း ကြိုတင်၍ ပြင်ဆင်ထားခြင်းက အမြဲတမ်း အကောင်းဆုံးပင် ဖြစ်သည်။

ဧည့်သည်များက ဗီလာကို လှည့်ပတ်၍ ကြည့်ရှုပြီးနောက် ဒါရိုက်တာ ကျိုးထင်က သူတို့ကို ပထမထပ် ဧည့်ခန်းသို့ ပြန်လည်၍ စုစည်းလိုက်လေ၏။

“လူတိုင်းက မြင်တွေ့ခဲ့တဲ့အတိုင်းပါပဲ၊ ပြီးခဲ့တဲ့ အခေါက်ကလိုပဲ ဒီတစ်ခေါက်လည်း မင်းတို့အတွက်ကို မတူညီတဲ့ အခန်းတွေကို ပြင်ဆင်ပေးထားပါတယ်၊

အခန်းနံပါတ် (၁) ကနေ (၅) အထိ ရှိပြီး အလုပ်သင်မိဘတစ်ဦးနဲ့ ကလေးတစ်ဦးရဲ့အတွက် suite အခန်းတွေပဲ ဖြစ်ပါတယ်”

ပထမပိုင်းနှင့် ယှဉ်လျှင် ယခုတစ်ခေါက် အခန်းများ၏ အခြေအနေက အလွန် ကွာခြားခြင်း မရှိပေ။

အနည်းဆုံးတော့ ပြီးခဲ့သည့် အခေါက်က နံပါတ် (၅) အခန်းကဲ့သို့ ရွှံ့ပုံလေးကို ဖြစ်နေသည့် အဓိပ္ပာယ်မရှိသော အခြေအနေမျိုး မရှိပါချေ။

အခန်းငါးခန်းထဲတွင် အကောင်းဆုံးက ဒုတိယထပ်ရှိ အခန်းနံပါတ် (၁) ဖြစ်ပြီး ပင်လယ်ပြင် တစ်ခုလုံးကို မြင်တွေ့ရသည့် မြင်ကွင်းကျယ် အခန်းကြီး ဖြစ်သည်။

ပြတင်းပေါက်မှတစ်ဆင့် အခန်းထဲက မထဘဲ ကမ်းခြေရှုခင်းကို ခံစားနိုင်ပြီး ပန်းများဖြင့် အလှဆင်ထားသော လသာဆောင်လေးလည်း ပါဝင်၏။

ပထမထပ်ရှိ အခန်းနံပါတ် (၄)နှင့် (၅) တို့က အနည်းငယ် ညံ့ဖျင်း

သည်။

ပြတင်းပေါက်များက ဒုတိယထပ်ထက် သေးငယ်ရုံသာမက ပရိဘောဂများကလည်း အနည်းငယ် ညံ့ဖျင်းသောကြောင့် ခြင်ကိုက်နိုင်ခြေ ပိုများ၏။

“ဒီတစ်ခေါက်် အခန်းရွေးချယ်မယ့် နည်းလမ်းကတော့ နည်းနည်း ထူးခြားပါတယ်”

ဒါရိုက်တာ ကျိုးထင်က လျှို့ဝှက်ဆန်းပြားသော အပြုံးဖြင့် ပြောလိုက်လေသည်။

သူမက လက်ခုပ်ကို တီးလိုက်သည်နှင့် လူတိုင်း၏ မြင်ကွင်းထဲသို့ ဝန်ထမ်းများထဲမှ ဝတ်စုံနက်ဝတ် အမျိုးသားတစ်စု ရုတ်တရက် ပြေးထွက်လာပြီး ဧည့်သည်များကို အတင်းအဓမ္မ ဖမ်းဆီးကြတော့၏။

“နေဦး! ဘာလုပ်ကြတာလဲ!”

ချင်းရွှမ်က ရုတ်တရက် ဖမ်းဆီးခြင်းကို ခံလိုက်ရသောကြောင့် သူ၏ မျက်နှာက ဖြူလျော်သွားရပြီး အော်ဟစ်လိုက်မိလေသည်။

“ဟေး ဟေး ဟေး.. ဒီလောက်အထိတောင် လုပ်ကြမှာလား၊ ကြိုတင်သတိပေးတာတောင် မရှိဘူး!”

ရှန်းထျန်ယွီက အလစ်အငိုက်ကို မိသွားပြီး ထွက်ပြေးရန်အတွက် ကြိုးစားခဲ့လေ၏။

သို့သော် သူ၏ တုံ့ပြန်မှုက အလွန်နှေးကွေးလွန်းသောကြောင့် ထုတ်လုပ်ရေးအဖွဲ့မှ လွှတ်လိုက်သည့် သန်မာသည့် ဝတ်စုံမည်းဝတ်အမျိုးသားများ၏ လက်ထဲသို့ ချက်ချင်းပင် ရောက်ရှိသွားတော့သည်။

ထန်ကျစ်ရှီနှင့် ကုန်းယောင်တို့က ဤသည်မှာ ထုတ်လုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြစ်ကြောင်းကို သိရှိလိုက်ကြသည်။

သူတို့က ခဏမျှ ရုန်းကန်ပြီးနောက်တွင် ဝန်ထမ်းများ၏ ဖမ်းဆီးမှုကို ငြိမ်သက်စွာ ခံလိုက်ကြပြီး မျက်စိများကိုလည်း အစည်းခံလိုက်ကြရ၏။

[ ဟာ! ထုတ်လုပ်ရေးအဖွဲ့က တကယ်ကြီး ဒီလောက်အထိကို လုပ်မှာလား ]

[ သူတို့က ဘာလုပ်ဖို့ကို ကြံနေတာလဲ (အံ့သြမှင်တက်လျက်) ]

[ ဧည့်သည်တွေကလည်း လန့်သွားပုံရတယ်၊ ဒီအပိုင်းကို ကြိုတင်ဆွေးနွေးထားပုံ မရဘူး ]

[ လုံးဝကို မသိထားတာ! ချင်းရွှမ်ဆိုရင် လန့်လွန်းလို့ ငိုတောင် ငိုတော့မယ် ]

[ ဘေးနားက ကလေးတွေကလည်း အကုန်လုံးလန့်နေကြပြီ ]

အနက်ရောင် ဝတ်စုံကို ဝတ်ထားသော အမျိုးသားများက ပြေးထွက်လာသည့်အချိန်တွင် ကလေးငယ်တချို့က အော်ဟစ်ကြသည်။

ထောင်ထောင်က မျက်လုံးလေးများက ပြူးသွားရပြီး လန့်လွန်း၍ ခုန်ပေါက်လိုက်ပြီး စုကျင်းကို သတိပေးရန်အတွက် ချက်ချင်း အော်လိုက်လေသည်။

“ကောကော! ပြေး! အမြန်ပြေး!”

ထောင်ထောင်၏ သတိပေးမှုကြောင့် စုကျင်းက ဧည့်သည်များထဲတွင် ပထမဆုံး တုံ့ပြန်နိုင်သူ ဖြစ်ခဲ့၏။

အနက်ရောင် တစ်စုံကို ဝတ်ထားသော အမျိုးသားများက သူ့ထံသို့ မရောက်မီမှာပင် စုကျင်းက ကြမ်းပြင်ကို အားပြုကန်လိုက်ပြီး အရှိန်အဟုန်ဖြင့် ပြေးထွက်သွားတော့၏။

စုကျင်း၏ တုံ့ပြန်မှုကို မြင်သည့်အချိန်တွင် ဒါရိုက်တာ ကျိုးထင်သာမက သူ့ကို လိုက်ဖမ်းသော အမျိုးသားများပါ ခဏမျှ ကြောင်သွားပြီးမှ အနောက်က လိုက်ပြေးကြလေသည်။

ထောင်ထောင်က ထိုနေရာမှာပင် ရပ်လျက် လက်ခုပ်တီးပြီး စုကျင်းကို အစွမ်းကုန် အားပေးနေလေ၏။

“ကောကော လုပ်ပါ! ပြေး၊ အမြန်ပြေး!”

စောစောက လန့်နေကြသော ကလေးများကလည်း စုကျင်း၏ ပြေးပွဲကို အာရုံရောက်သွားကြပြီး ထောင်ထောင်နှင့်အတူ ဝိုင်းဝန်းအားပေးနေကြတော့သည်။

ထောင်ထောင်၏ အားပေးသံကို ကြားရသည့်အချိန်တွင် စုကျင်းက ဤအပိုင်းက ထုတ်လုပ်ရေးအဖွဲ့၏ အစီအစဉ်ဖြစ်ကြောင်းကို သိသော်လည်း အလျှော့ပေးရန် စိတ်ကူးမရှိပေ။

အလျှော့ပေးရမှာလား!

ထုတ်လုပ်ရေးအဖွဲ့မှာ ကိုယ်ပိုင်အစီအစဉ်ရှိသလို သူက ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကိုလည်း သူတို့က အမိန့်ပေးလို့ မရဘူးမလား။

သူတို့က သူ့ကို အစီအစဉ်အတိုင်းပဲ လိုက်လုပ်စေချင်တယ်ဆိုရင်တောင် အနည်းဆုံးတော့၊ သူ့ကို မိအောင် အရင်ဖမ်းရမှာပေါ့။

ဤသို့ တွေးတောရင်း ကလေးများ၏ အားပေးသံကြောင့် စုကျင်းက သူ၏ ခြေလှမ်းများကို မြှင့်တင်လိုက်ပြီး အနက်ရောင်ဝတ်စုံကိုဝတ်ထားသောအမျိုးသားများကို ပထမထပ်တွင် ပတ်ပြေးခိုင်းနေခဲ့၏။

တခြားဧည့်သည် လေးဦးလုံးမှာ ဖမ်းဆီးခံရပြီး မျက်စိကို အစည်းခံလိုက်ရသည့်တိုင် စုကျင်းက ပြေးနေဆဲပင်။

နောက်ဆုံးတွင် ဒါရိုက်တာ ကျိုးထင်၏ ညွှန်ကြားချက်ဖြင့် အနက်ရောင် ဝတ်စုံကို ဝတ်ထားသောအမျိုးသားများက လေးဦးထက်မနည်း စုပေါင်းဝိုင်းဝန်း၍ တိုက်ခိုက်ဖမ်းဆီးမှသာ စုကျင်းကို ခက်ခဲစွာ ဖမ်းဆီးနိုင်တော့၏။

“အား! ကောကော!”

ထောင်ထောင်က မအောင့်နိုင်ဘဲ ခုန်ပေါက်ပြီး စုကျင်းထံသို့ ပြေးသွားချင်နေခဲ့သည်။

တခြား ကလေးများကလည်း စိုးရိမ်တကြီးဖြင့် သက်ပြင်းချလိုက်ကြလေ၏။

*

အခန်း(48)

ဧည့်သည် (၅) ဦးလုံးကို ဖမ်းဆီးပြီးနောက်တွင် ကလေးများ၏ အံ့သြတုန်လှုပ်သံများကြား၌ အနက်ရောင် ဝတ်စုံကို ဝတ်ထားသောအမျိုးသားများက သူတို့၏ မျက်စိများကို စည်း၍ ခေါ်ဆောင်သွားကြတော့သည်။

ထိုအချိန်မှာပင် နတ်ဆိုးမျက်နှာဖုံးကို စွပ်ထားသော အမျိုးသားတစ်ဦးက ထွက်လာခဲ့၏။

“ဟားဟားဟား၊ ငါက အထုထဲက ဖြစ်လာတဲ့ နတ်ဆိုးဘုရင်ကြီးပဲ၊

ငါ့ရဲ့ စမ်းသပ်မှုကို အောင်မြင်မှသာ မင်းတို့ရဲ့ ကောကောတွေ၊ ကျဲကျဲတွေကို ပြန်ခေါ်သွားနိုင်မယ်”

နတ်ဆိုးမျက်နှာဖုံးနှင့် အမျိုးသားက ပေါ်လာသည့် အချိန်၌ တိုက်ရိုက်လွှင့်ထုတ်မှုမှ ပရိသတ်များက ဝေဖန်ချင်စိတ်များ အုံကြွလာကြသည်။

[ ထုတ်လုပ်ရေးအဖွဲ့! ပိုက်ဆံတွေက ကုန်သွားပြီလား! ဒါက ဘယ်လိုတောင် ညံ့ဖျင်းတဲ့ ပစ္စည်းတွေလဲ! ]

[ ရှက်စရာကောင်းလိုက်တာ၊ ဒီလို စာသားမျိုးကို မကြားရတာ နှစ်ပေါင်းများစွာ ရှိပြီ! ]

[ အမှန်အတိုင်း ပြောရရင် စုကျင်းရဲ့ အရင်က စက်ရုပ်သူရဲကောင်း ထဲက စာသားတွေတောင် ဒီထက် အများကြီး ပိုကောင်းသေးတယ် ]

[ မဟုတ်တာ! စက်ရုပ်သူရဲကောင်း က ကလေးတွေရဲ့အတွက်မို့လို့ပါ၊

စာသားတွေနဲ့ ဇာတ်လမ်းက အခုခေတ်က တချို့သော ပြဇာတ်အညံ့စားတွေထက် အများကြီး ပိုကောင်းပါတယ်နော်! ]

ပေါ်လာသည့် နတ်ဆိုးဘုရင်ကြီး ကို ကြည့်ရင်း ထောင်ထောင်က ခေါင်းလေးကို စောင်းလိုက်လေ၏။

ထူးဆန်းလိုက်တာ...

ဒီအရှိန်အဝါက.. ခုနက အစီအစဉ်တင်ဆက်သူနဲ့ အတူတူပဲ မဟုတ်ဘူးလား!

ဘာလို့ သူ့ကိုယ်သူ နတ်ဆိုးဘုရင် လို့ ခေါ်နေတာလဲ!

ထောင်ထောင်က ရုတ်တရက် မျက်လုံးလေးများက ပြူးသွားရပြီး တစ်ခုခုကို သဘောပေါက်သွားအမူအရာဖြင့် :

အစီအစဉ်တင်ဆက်သူမှာလည်း ထောင်ထောင်လိုပဲ စနစ် တစ်ခု ရှိနေတာလား!

စနစ်: [...]

ထောင်ထောင်က မည်သည်ကို တွေးနေသည်ကို သိရှိလိုက်ရသော စနစ်က နောက်ဆုံး၌ စကားပြောလိုက်လေသည်။

စနစ်: [ မဟုတ်ဘူး၊ အဲဒါက ပြီးခဲ့တဲ့အကြိမ်က အစီအစဉ်တင်ဆက်သူပဲ၊ သူ့မှာ စနစ် မရှိပါဘူး ]

ထောင်ထောင်က နောက်တစ်ကြိမ်စိတ်ရှုပ်ထွေးသွားရပြန်သည်။

[ ဒါဆိုရင် ဘာလို့ သူ့ကိုယ်သူ နတ်ဆိုးဘုရင် လို့ ခေါ်တာလဲ ]

မကြာမီမှာပင် နတ်ဆိုးဘုရင်က စကားပြောလိုက်သောကြောင့်ထောင်ထောင်၏ အာရုံက လွှဲသွားသည်။

“ကောင်းပြီ၊ အခု ငါက မင်းတို့ရဲ့ တကယ့် ကောကော၊ ကျဲကျဲတွေနဲ့ အတုတွေကို တစ်ပြိုင်တည်း ခေါ်လာမယ်”

မျက်နှာဖုံးကို စွပ်ထားသော တင်ဆက်သူက လက်ညှိုးသုံးချောင်းကို ထောင်ပြပြီးပြောလိုက်လေသည်။

“မင်းတို့တစ်ယောက်ချင်းစီမှာ မင်းတို့ရဲ့ ကောကော၊ ကျဲကျဲ အစစ်ကို ရှာဖို့အတွက် အခွင့်အရေးက (၃) ကြိမ်စီပဲ ရှိမယ်”

“တစ်ကယ်လို့ မှန်အောင် ခန့်မှန်းနိုင်ရင်၊ မှန်တဲ့အကြိမ်အရေအတွက်နဲ့ ကြာချိန်ပေါ်ကို မူတည်ပြီးတော့ မင်းတို့ရဲ့ အခန်းကို အရင်ဆုံး ရွေးချယ်ပိုင်ခွင့် ရလိမ့်မယ်”

“တကယ်လို့ (၃) ကြိမ်လုံး မှားသွားရင်တော့”

နတ်ဆိုးဘုရင်က ကျယ်လောင်စွာ ရယ်မောလိုက်လေသည်။

“မင်းတို့ရဲ့ ကောကော၊ ကျဲကျဲတွေကို ငါက ဘယ်သူကမှ ရှာမတွေ့နိုင်တဲ့ နေရာတစ်ခုကို ခေါ်သွားမယ်! ဟားဟားဟား”

ထိုစကားကို ကြားသည့်အချိန်တွင် ကုရှန်ရှန်နှင့် ချောင်ဟောက်ယွီတို့က လက်သီးကို မသိစိတ်ဖြင့် ဆုပ်လိုက်ကြ၏။

ကာတွန်းကားများ၏ လွှမ်းမိုးမှုကို ခံထားရသော ကလေးနှစ်ဦးက ထိုစကားကို အပြည့်အဝကို ယုံကြည်သွားကြသည်။

မုန်လျို့ကလည်း မျက်မှောင်ကြုတ်ပြီး စိုးရိမ်သော အမူအရာက ပေါ်လာခဲ့၏။

ထောင်ထောင်က အသက်ရှုမှားသွားရပြီး သူမ၏ သူငယ်ချင်း ဖုန်းကျားယန်ထံသို့ လှည့်ကြည့်လိုက်မိသည်။

“ကျားကျား၊ ထောင်ထောင်တို့က ဘယ်လိုလုပ်ကြမလဲ”

ကလေး (၅) ဦးထဲတွင် ဖုန်းကျားယန် တစ်ဦးတည်းကသာ အစကတည်းက အမူအရာ မပျက်ဘဲ ရှိနေ၏။

နတ်ဆိုးဘုရင် ၏ စကားကို ကြားသော်လည်း ဖုန်းကျားယန်က လက်ပိုက်ပြီး တည်ငြိမ်စွာပင်ပြောလိုက်လေသည်။

“ဘာမှ မဖြစ်ပါဘူး၊ သူက ငါတို့ကို ခြောက်နေတာ”

“ဟင်?”

ထောင်ထောင်က ခေါင်းလေးကိုစောင်းငဲ့လိုက်ပြီး တခြားကလေး (၃) ဦးကလည်း လှမ်းကြည့်လိုက်ကြသည်။

“ဒါပေမယ့်”

ချောင်ဟောက်ယွီက လက်ကိုမြှောက်ပြီး ခေါင်းကို ကုတ်လျက် ပြောလေ၏။

“ငါတို့ရဲ့ ကောကော၊ ကျဲကျဲတွေကို ခေါ်သွားကြပြီလေ၊ ငါတို့က မမြင်ရတဲ့ နေရာကို ခေါ်သွားတာ၊

တကယ်လို့ မှန်အောင် မခန့်မှန်းနိုင်ရင် တကယ်ကြီး ပြန်မလာတော့ဘူးလား”

“ဟုတ်တယ်၊ ဟုတ်တယ်”

ကုရှန်ရှန်ကလည်း ချောင်ဟောက်ယွီ၏ ဘက်က ပါဝင်၍ နှုတ်ခမ်းလေးကို စူပြီးပြောလေသည်။

“ငါတို့ရဲ့ ကောကော၊ ကျဲကျဲတို့ကို ရှာမတွေ့မှာကို မလိုချင်ဘူး”

“တကယ်လို့ အဲဒီလိုသာ ဖြစ်လာမယ်ဆိုရင်..”

ဖုန်းကျားယန်က ခေါင်းကို မော့လိုက်ပြီး တုန်လှုပ်ဖွယ်ကောင်းသော စကားတစ်ခွန်းကို ပြောလိုက်လေ၏။

“ဒါဆိုရင်တော့ ရဲကို ဖုန်းဆက်လိုက်ကြတာပေါ့”

ရဲကို ဖုန်းဆက်မယ် ဆိုသော စကားကို ကြားလိုက်ရသည့် အချိန်၌ နတ်ဆိုးဘုရင်သာမက ဘေးနားကျင်ရှိ ဝန်ထမ်းများကပါ မျက်လုံးပြူးသွားကြရတော့၏။

ရဲ..ရဲကို ဖုန်းဆက်မယ် ဟုတ်လား!

[ ဟားဟား၊ ရဲကို ဖုန်းဆက်မယ်ဆိုတာက တကယ့်ကို အလန်းစားပဲ! ]

[ ထုတ်လုပ်ရေး အဖွဲ့သားတစ်စုလုံးက ဆွံ့အသွားတာပဲ (ရယ်လွန်းလို့ သေတော့မယ်) ]

[ တစ်ခုကိုတော့ ပြောရမယ်၊ ဒါက တကယ်တော့ အကြံကောင်းပဲ! နေ့ခင်းကြောင်တောင်ကြီးတောင် လူကို အတင်းအဓမ္မ ဖမ်းသွားတာဆိုတော့ ရဲကိုတိုင်တာပေါ့! (ခွေးအပြုံး) ]

တိုက်ရိုက်လွှင့်ထုတ်မှုမှ ကြည့်ရှုသူများက ရယ်မော၍ လှောင်ပြောင် နေကြပြီး ဘေးနားကျင်ရှိ ဝန်ထမ်းများကလည်း ကြောင်တောင်တောင် ဖြစ်နေချိန်တွင်၊ ထောင်ထောင်က ထိုအကြံဉာဏ်ကို ကြားလိုက်ရသည့်အချိန်တွင် မျက်လုံးလေးများက ချက်ချင်းပင် တောက်ပသွားတော့၏။

“ဟုတ်သားပဲ!”

ထောင်ထောင်က တစ်ခုခုကို သဘောပေါက်သွားသည့်အမူအရာဖြင့် ဝိုင်းစက်နေသော မျက်လုံးလေးများဖြင့် ဖုန်းကျားယန်ကို အားကျတကြီး ကြည့်လိုက်လေသည်။

“ကျားကျား၊ နင်က အရမ်းကိုတော်တာပဲ! လာ အခုပဲ ရဲကို ဖုန်းသွားဆက်ကြရအောင်!”

ဖုန်းကျားယန်က သူ၏ လွယ်အိတ်ထဲမှ ဖုန်းကို ထုတ်လိုက်သည်ကို မြင်သည့်အချိန်တွင် ကလေးခေါင်းလေး (၅) လုံးက စုပြုံသွားပြီး ရဲစခန်းကို ဖုန်းခေါ်တော့မည့် အနေအထားသို့ ရောက်ရှိသွားသည်။

ထိုအချိန်တွင်မှ ဒါရိုက်တာ ကျိုးထင်က မနေနိုင်တော့ဘဲ အရှေ့သို့ အပြေးအလွှား လာရောက်၍ တားဆီးရတော့၏။

“နေဦး၊ နေဦး”

ကျိုးထင်၏ မျက်နှာအမူအရာက ရယ်ရခက်၊ ငိုရခက် ဖြစ်နေလေသည်။

“သူတို့က တကယ် ပျောက်သွားတာ မဟုတ်ပါဘူး”

ကျိုးထင်က အချိန်ကြာမြင့်စွာ ရှင်းပြပြီးမှသာ ကလေးများ၏ ကောကော၊ ကျဲကျဲများက ဘေးကင်းကြောင်းနှင့် ဤသည်က အစီအစဉ် ရိုက်ကူးရေး၏ အစိတ်အပိုင်းတစ်ခုသာ ဖြစ်ကြောင်းကို နားဝင်အောင် ပြောနိုင်ခဲ့၏။

ဖုန်းကျားယန်က သူ၏ ဖုန်းကို ပြန်သိမ်းလိုက်သည်ကို မြင်မှသာ ကျိုးထင် သက်ပြင်းကို ချနိုင်တော့သည်။

ဤဖြစ်ရပ်လေးကြောင့် ထုတ်လုပ်ရေးအဖွဲ့က အချိန်ဆွဲမနေတော့ဘဲ ကလေးများကို စိန်ခေါ်မှုပြုလုပ်မည့် နေရာသို့ အမြန်ခေါ်ဆောင်သွားကြတော့၏။

မတိုင်ခင်က အလွတ်ဖြစ်နေသော ကမ်းခြေတွင် ယခုအချိန်တွင် ဂိမ်းကစားရန်အတွက် ပစ္စည်းများကို ဆင်ယင်ထားပြီး ဖြစ်သည်။

ကြီးမားသော အဖြူရောင် ပိတ်ကား (၅) ခုကို တိုင်များဖြင့် ထောင်ထားပြီး ဒါရိုက်တာက ကလေးများကို ဗီလာ၏ အပြင်ဘက်သို့ ခေါ်လာချိန်တွင် မီးများက လင်းလာပြီး ပိတ်ကားများပေါ်သို့ အရိပ် (၅) ခုက ကျရောက်လာလေ၏။

ဘယ်ဘက်မှ ညာဘက်အထိကို မြင်တွေ့ရသော အရိပ် (၅) ခုလုံးက အရပ်အမောင်း၊ ကိုယ်လုံးကိုယ်ပေါက်နှင့် အနေအထားပါ ထပ်တူနီးပါး တူညီနေကြသည်။

နတ်ဆိုးမျက်နှာဖုံးနှင့် တင်ဆက်သူက ဂိမ်း၏ စည်းကမ်းကို

နောက်တစ်ကြိမ် ပြန်လည်၍ ပြောလေသည်။

“ကလေးတစ်ယောက်ချင်းစီမှာ ကိုယ့်ရဲ့ ကောကော၊ ကျဲကျဲ အစစ်အမှန်ကို ရှာဖို့အတွက် အခွင့်အရေးက (၃) ကြိမ်စီ ရှိပါမယ်၊

ဂိမ်းရဲ့အပြီးမှာတော့ ဘယ်နှစ်ကြိမ်မြောက်မှာ မှန်လဲဆိုတာနဲ့ ကြာချိန်ရဲ့ပေါ်ကို မူတည်ပြီးတော့ အခန်းကို အရင်ဆုံး ရွေးချယ်ခွင့် ရပါမယ်”

[ ? ဒါက ဘာကြီးလဲ၊ ထုတ်လုပ်ရေးအဖွဲ့ရဲ့ ဒီအစီအစဉ်က တကယ့်ကို လွန်လွန်းတယ်! ]

[ ငါ့ရဲ့မျက်လုံးတွေကတောင် ဝေဝါးကုန်ပြီ၊ ဒီအရိပ်တွေကို လုံးဝကို ခွဲလို့မရဘူး၊ ကလေးတစ်ယောက်က ဒါကို ဘယ်လိုလုပ် ခွဲခြားနိုင်မှာလဲ! ]

[ ထုတ်လုပ်ရေးအဖွဲ့က ဒီလောက်တောင် ကိုယ်လုံးကိုယ်ပေါက်ကို တူတဲ့လူတွေကို ဘယ်ကနေ သွားရှာလာတာလဲ (စကားမပြောနိုင်တော့ပုံ) ]

[ ဒါကတော့ တောင်းဆိုတာက နည်းနည်း လွန်သွားပြီ ]

တိုက်ရိုက်လွှင့်ထုတ်မှုမှ ပရိသတ်များက ထိုစိန်ခေါ်မှုကြောင့် အံ့အားသင့်နေကြချိန်တွင် ကလေးများကလည်း မဲနှိုက်ထားသည့် အလှည့်ကျအတိုင်း

စိန်ခေါ်ကြလေသည်။

ကုရှန်ရှန်က ပထမဆုံး မဲပေါက်

လေသည်။ ပုံမှန်အားဖြင့် လိမ္မာပါးနပ်သော မိန်းကလေးငယ်က အရှေ့သို့ ရောက်သည့်အချိန်တွင် မကြုံစဖူး တုန်လှုပ်နေရှာသည်။

သူမက အဝေးမှ ခဏမျှ ကြည့်လိုက်၊ ပိတ်ကား၏ အနားသို့ ပြေးသွားပြီး အနီးကပ် ကြည့်လိုက်ဖြင့် အချိန်ကြာမြင့်စွာ စောင့်ကြည့်ပြီးမှ မသေချာသော အသံဖြင့်ပထမဆုံးအကြိမ်ကို ရွေးချယ်လိုက်လေ၏။

“သမီးက အလယ်တည့်တည့်က တစ်ခုကို ရွေးမယ်”

ပိတ်ကားက ကျသွားသည့်အချိန်တွင် မရင်းနှီးသော မျက်နှာကို မြင်လိုက်ရသောကြောင့် ကုရှန်ရှန်က နှုတ်ခမ်းလေးကို စူပြီး မကျေမနပ် ဖြစ်သွားရသည်။

တတိယအကြိမ်မြောက်သို့ ရောက်မှသာ ကုရှန်ရှန်က မှန်ကန်သော ပိတ်ကားကို ရှာတွေ့ခဲ့၏။

ကုရှန်ရှန်ကသာမက တခြားကလေးများကလည်း အခက်တွေ့နေကြရသည်။

အမှတ်အကောင်းဆုံးဖြစ်သော ဖုန်းကျားယန်ပင်လျှင် ပထမအကြိမ်တွင် မှားယွင်းခဲ့ပြီး တတိယအကြိမ်မြောက်မှသာ မှန်ကန်သော ပိတ်ကားကို ရှာတွေ့ခဲ့၏။

တခြားကလေးများက စိန်ခေါ်မှုကိုပြီးဆုံးသည့်အချိန်တွင် နောက်ဆုံးတွင် ထောင်ထောင်၏ အလှည့် ရောက်ရှိလာခဲ့သည်။

ဘေးနားကျင်မှ ဆူညံသံများက ထောင်ထောင်ကို လုံးဝကို အနှောင့်အယှက် မပေးနိုင်ပေ။

လူတိုင်း၏ အကြည့်အောက်တွင် ထောင်ထောင်က မျက်လုံးလေးများကို မှိတ်လိုက်ပြီး နှာခေါင်းလေးကို ရှုံ့ပြီး အရပ်မျက်နှာအသီးသီးမှ လာသော အနံ့အသက်များကို သေချာစွာခွဲခြားနေသည်။

[ ထောင်ထောင်က ဘာကိုလုပ်နေတာလဲ၊ ဘာလို့ မျက်လုံးကိုမှိတ်ထားတာလဲ (အံ့သြလျက်) ]

[ သူမက အရှုံးပေးလိုက်ပြီလား၊ အင်းလေ၊ ထုတ်လုပ်ရေးအဖွဲ့က ပေးထားတဲ့ မေးခွန်းက တကယ်ကို ခက်လွန်းတာကိုး]

လူတိုင်းက ထောင်ထောင်၏ အပြုအမူကို နားမလည်ဖြစ်နေကြသည့် အချိန်တွင် လူစု၏ဘေး၌ ရပ်နေသော ဖုန်းကျားယန်က ဤမြင်ကွင်းကို မြင်လိုက်ရသည့်အချိန်တွင် တစ်ခုခုကို သတိရသွားသည့်အမူအရာဖြင့် မျက်လုံးလေးများက အနည်းငယ် ပြူးသွားပြီး ပြုံးလိုက်လေသည်။

“မဟုတ်ဘူး”

ဖုန်းကျားယန်၏ အသံကို တိုက်ရိုက်လွှင့်ထုတ်မှုတွင် ရှင်းလင်းစွာ ကြားလိုက်ရ၏။

“ထောင်ထောင်က အရှုံးပေးတာ မဟုတ်ဘူး”

ဖုန်းကျားယန်က စကားပြောပြီး မကြာမီမှာပင် ထောင်ထောင်က မျက်လုံးများကို ဖွင့်လိုက်ပြီး တိကျသော ဦးတည်ရာတစ်ခုသို့ ပြေးသွားတော့၏။

သူမက ဘယ်ဘက်မှ ဒုတိယမြောက် ပိတ်ကားဆီသို့ တည့်မတ်စွာ ပြေးသွားပြီးနောက် ကျယ်လောင်သော အသံဖြင့် ပြောလိုက်လေသည်။

“ထောင်ထောင်က ဒါကို ရွေးတယ်!”

ထောင်ထောင်၏ ရွေးချယ်မှုကို မြင်လိုက်ရသည့်အချိန်တွင် တင်ဆက်သူ၏ မျက်လုံးထဲတွင် အံ့သြရိပ်များက ဖြတ်ပြေးသွားရသည်။

“သေချာပြီလား”

တင်ဆက်သူက ထောင်ထောင်၏ စိတ်ကို ရည်ရွယ်ချက်ရှိရှိ တုန်လှုပ်စေရန်အတွက်ကို မေးလိုက်လေ၏။

သို့သော ထောင်ထောင်က တုန်လှုပ်ခြင်းမရှိဘဲ ပြောလိုက်လေသည်။

“အတည်ပြုပါတယ်~”

ရှိသမျှလူများနှင့် တိုက်ရိုက်လွှင့်ထုတ်မှုမှ ကြည့်ရှုသူတိုင်း၏ အကြည့်အောက်တွင် ပိတ်ကားကို ဆွဲချလိုက်၍ ရင်းနှီးသော ပုံရိပ်က လူတိုင်း၏ အရှေ့၌ ပေါ်လာတော့၏။

“ကောကော!”

ထောင်ထောင်က မည်သည်ကိုမျှမစဉ်းစားတော့ဘဲ အရှေ့သို့ ပြေးထွက်ပြီး စုကျင်း၏ ရင်ခွင်ထဲသို့ ခုန်ဝင်လိုက်ပြီး ချိုသာသော အပြုံးဖြင့်ပြောလိုက်လေသည်။

“ထောင်ထောင်က ကောကောကို ရှာတွေ့ပြီ!”

စုကျင်းက ခေါင်းကိုငုံ့၍ ထောင်ထောင်ကို ဖက်ထားလိုက်ပြီး သူမကို ငေးကြည့်နေသည့်အချိန်တွင် သူ၏ မျက်လုံးများက ခံစားချက်များဖြင့် ပြည့်နှက်နေလေ၏။

သို့သော် နောက်ဆုံးတွင် ထိုခံစားချက်တိုင်းက စကားတစ်ခွန်းအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

“ကောကောကို တွေ့အောင်ရှာပေးလို့ ကျေးဇူးတင်ပါတယ်”

*

All Chapters