အခန်း (၄၉-၅၀)
Vol. 5 Ch. 49-50
အခန်း(49)
ဘေးနားကျင်မှ ဆူညံသံများက ထောင်ထောင်ကို လုံးဝကို အနှောင့်အယှက် မပေးနိုင်ပေ။
လူတိုင်း၏ အကြည့်အောက်တွင် ထောင်ထောင်က မျက်လုံးလေးများကို မှိတ်လိုက်ပြီး နှာခေါင်းလေးကို ရှုံ့ပြီး အရပ်မျက်နှာအသီးသီးမှ လာသော အနံ့အသက်များကို သေချာစွာခွဲခြားနေသည်။
[ ထောင်ထောင်က ဘာကိုလုပ်နေတာလဲ၊ ဘာလို့ မျက်လုံးကိုမှိတ်ထားတာလဲ (အံ့သြလျက်) ]
[ သူမက အရှုံးပေးလိုက်ပြီလား၊ အင်းလေ၊ ထုတ်လုပ်ရေးအဖွဲ့က ပေးထားတဲ့ မေးခွန်းက တကယ်ကို ခက်လွန်းတာကိုး]
လူတိုင်းက ထောင်ထောင်၏ အပြုအမူကို နားမလည်ဖြစ်နေကြသည့် အချိန်တွင် လူစု၏ဘေး၌ ရပ်နေသော ဖုန်းကျားယန်က ဤမြင်ကွင်းကို မြင်လိုက်ရသည့်အချိန်တွင် တစ်ခုခုကို သတိရသွားသည့်အမူအရာဖြင့် မျက်လုံးလေးများက အနည်းငယ် ပြူးသွားပြီး ပြုံးလိုက်လေသည်။
“မဟုတ်ဘူး”
ဖုန်းကျားယန်၏ အသံကို တိုက်ရိုက်လွှင့်ထုတ်မှုတွင် ရှင်းလင်းစွာ ကြားလိုက်ရ၏။
“ထောင်ထောင်က အရှုံးပေးတာ မဟုတ်ဘူး”
ဖုန်းကျားယန်က စကားပြောပြီး မကြာမီမှာပင် ထောင်ထောင်က မျက်လုံးများကို ဖွင့်လိုက်ပြီး တိကျသော ဦးတည်ရာတစ်ခုသို့ ပြေးသွားတော့၏။
သူမက ဘယ်ဘက်မှ ဒုတိယမြောက် ပိတ်ကားဆီသို့ တည့်မတ်စွာ ပြေးသွားပြီးနောက် ကျယ်လောင်သော အသံဖြင့် ပြောလိုက်လေသည်။
“ထောင်ထောင်က ဒါကို ရွေးတယ်!”
ထောင်ထောင်၏ ရွေးချယ်မှုကို မြင်လိုက်ရသည့်အချိန်တွင် တင်ဆက်သူ၏ မျက်လုံးထဲတွင် အံ့သြရိပ်များက ဖြတ်ပြေးသွားရသည်။
“သေချာပြီလား”
တင်ဆက်သူက ထောင်ထောင်၏ စိတ်ကို ရည်ရွယ်ချက်ရှိရှိ တုန်လှုပ်စေရန်အတွက်ကို မေးလိုက်လေ၏။
သို့သော ထောင်ထောင်က တုန်လှုပ်ခြင်းမရှိဘဲ ပြောလိုက်လေသည်။
“အတည်ပြုပါတယ်~”
ရှိသမျှလူများနှင့် တိုက်ရိုက်လွှင့်ထုတ်မှုမှ ကြည့်ရှုသူတိုင်း၏ အကြည့်အောက်တွင် ပိတ်ကားကို ဆွဲချလိုက်၍ ရင်းနှီးသော ပုံရိပ်က လူတိုင်း၏ အရှေ့၌ ပေါ်လာတော့၏။
“ကောကော!”
ထောင်ထောင်က မည်သည်ကိုမျှမစဉ်းစားတော့ဘဲ အရှေ့သို့ ပြေးထွက်ပြီး စုကျင်း၏ ရင်ခွင်ထဲသို့ ခုန်ဝင်လိုက်ပြီး ချိုသာသော အပြုံးဖြင့်ပြောလိုက်လေသည်။
“ထောင်ထောင်က ကောကောကို ရှာတွေ့ပြီ!”
စုကျင်းက ခေါင်းကိုငုံ့၍ ထောင်ထောင်ကို ဖက်ထားလိုက်ပြီး သူမကို ငေးကြည့်နေသည့်အချိန်တွင် သူ၏ မျက်လုံးများက ခံစားချက်များဖြင့် ပြည့်နှက်နေလေ၏။
သို့သော် နောက်ဆုံးတွင် ထိုခံစားချက်တိုင်းက စကားတစ်ခွန်းအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
“ငါ့ကို ရှာတွေ့ပေးလို့ ကျေးဇူးတင်ပါတယ်”
သူတို့နှစ်ဦး ပွေ့ဖက်ထားချိန်မှာပင် တိုက်ရိုက်လွှင့်ထုတ်မှုမှ ကြည့်ရှုသူများက ဆူညံပွက်လောရိုက်သွားကြရသည်။
[ အို ဘုရားရေ! ဒါကို ဘယ်လိုလုပ်လိုက်တာလဲ! (မှင်သက်နေ) ]
[ ထောင်ထောင်က တကယ်ကြီး အနံ့နဲ့ ခွဲခြားလိုက်တာလား ]
[ ဒါက တကယ့်ကို ရူးချင်စရာပဲ! ဒီလောက်တောင် အကွာအဝေးကနေ အနံ့တစ်ခုတည်းနဲ့ ဘယ်လိုလုပ်ပြီးတော့ ခွဲခြားနိုင်မှာလဲ ]
ထိုနေရာ၌ပင် တင်ဆက်သူကလည်း မနေနိုင်တော့ဘဲ ဤမေးခွန်းကို မေးမြန်းလိုက်လေ၏။
“ထောင်ထောင်၊ မင်းရဲ့ ကောကောကို ဘယ်လိုမျိုး ခွဲခြားသိလိုက်တာလဲ”
“ဘာလို့လဲဆိုတော့”
ထောင်ထောင်က စုကျင်း၏ လက်သန်းလေးကို ဆွဲကိုင်လိုက်ပြီး ကင်မရာကို ကြည့်၍ ပါးချိုင့်လေးနှစ်ဖက်ကို ပေါ်လာသည်အထိ ပြုံး၍ ပြောလိုက်လေသည်။
“ထောင်ထောင်က ကောကောရဲ့ အနံ့ကို မှတ်မိနေလို့ပါ!”
“အနံ့.. စုကျင်းဆီက ဘာနံ့ထွက်လို့လဲ”
တင်ဆက်သူက ထိုမေးခွန်းကို မမေးရသေးခင်မှာပင် တစ်စုံတစ်ယောက်က ပို၍တိုက်ရိုက်ကျသော နည်းလမ်းကို သုံးလိုက်လေ၏။
ရှန်ထျန်းယွီက စုကျင်း၏ အနားသို့ လျှောက်သွားပြီးနောက် စုကျင်းက သတိမထားမိခင်မှာပင် သူ၏ လက်တိုအင်္ကျီလက်ကို မလိုက်ပြီး အားရပါးရ နမ်းကြည့်လိုက်လေသည်။
ထို့နောက် စိတ်ရှုပ်ထွေးစွာဖြင့်သူက အော်ပြောလိုက်တော့သည်။
“ဘာနံ့မှ မရှိပါဘူး”
ရှန်ထျန်းယွီ၏ အပြုအမူကြောင့် စုကျင်းတစ်ယောက် ထိတ်လန့်သွားရကာ မသိစိတ်ဖြင့် ထခုန်မိသွားရတော့သည်။
ဆဲရေးတိုင်းထွာသည့် စကားလုံးက သူ၏လျှာဖျားသို့ ရောက်နေပြီဖြစ်သော်လည်း ပြန်မျိုချလိုက်ရသောကြောင့် သူ၏ မျက်နှာအမူအရာက အမှန်တကယ့်ကို စိတ်ဝင်စားစရာကောင်းနေခဲ့လေ၏။
[ ဟားဟား၊ စုကျင်းက ခုနက အသံထွက်ပြီးတော့ ဆဲမိတော့မလို့ပဲ! ]
[ ရယ်ရတယ်၊ ရှန်ထျန်းယွီရဲ့ အပြုအမူက အရမ်းကိုမြန်တာပဲ! ]
[ ငါလည်း သိချင်မိတယ်၊ စုကျင်းဆီက ဘာအနံ့ထွက်လဲလို့ (ခွေးအပြုံး)၊ လူတိုင်းအတွက်ကို ငါသွားပြီးတော့ နမ်းကြည့်ပေးရမလား ]
[ ? ဒီစကားတစ်ခွန်းတည်းနဲ့တင် ဒီည စုကျင်းက ငါ့ကို ဘယ်လောက်ကြာကြာ ချော့ရမလဲဆိုတာကို မင်းတို့ကသိလား ]
[ လူတိုင်းပဲ သတိထားကြဦး! မင်းတို့က စုကျင်းဆီက ဘာအနံ့ထွက်လဲဆိုတာကိုတောင် မသိကြဘူးလေ! ]
တိုက်ရိုက်လွှင့်ထုတ်မှုမှ ကြည့်ရှုသူများက ပြဇာတ်ခင်းနေကြချိန်မှာပင် ရိုက်ကူးရေးနေရာမှ ဒါရိုက်တာ ကျိုးထင်က ထောင်ထောင်၏ အနံ့ခံအာရုံကို အာရုံစိုက်နေသည်။
တင်ဆက်သူ၏ မေးခွန်းကို ကြားသည့်အချိန်တွင် ထောင်ထောင်က ခေါင်းလေးကိုစောင်း၍ အလေးအနက် စဉ်းစားနေလေသည်။
ထို့နောက် သူမ၏ လက်ချောင်းလေးများဖြင့် သေချာရေတွက်ပြလေ၏။
“အင်း၊ ကောကောဆီမှာ အသိသာဆုံး အနံ့ကတော့ ဆောင်တော်ကူး ပန်းနံ့ပဲ၊
ပင်လယ်ဆားရနံ့ သင်းသင်းလေးရယ်၊ လိမ္မော်နံ့နဲ့ ကလျာဏီမြက်နံ့လေးရယ်၊ ပြီးတော့ သားရေနံ့ သင်းသင်းလေးလည်း ပါသေးတယ်”
ထောင်ထောင်၏ ခွဲခြမ်းစိတ်ဖြာမှုကို နားထောင်ရင်း ဘေးနားကျင်ရှိ လူများ၏ မျက်နှာက တဖြည်းဖြည်းနှင့် ကြောင်အမ်းအမ်းဖြစ်လာကြ၏။
စိတ်ရှုပ်ထွေးနေသော တင်ဆက်သူက စုကျင်း၏ ဘက်သို့ လှည့်၍ မေးလိုက်တော့သည်။
“ထောင်ထောင်က ပြောတာက မှန်လား”
စုကျင်းနှင့် တင်ဆက်သူတို့၏ အကြည့်ချင်း ဆုံသွားရပြီး နှစ်ယောက်လုံး၏ မျက်လုံးများထဲတွင် အံ့သြရိပ်များက ပြည့်နှက်နေလေ၏။
စုကျင်းက လုံးဝကို အံ့အားသင့်သွားရသည်။
အနံ့အသက်များကို မည်သည့်အချိန်မှ ဂရုမစိုက်တတ်သော ဤအေးတိအေးစက်နဲ့အမျိုးသားမှာ ခက်ခဲစွာ ပြန်လည်စဉ်းစားလိုက်ရလေ၏။
“ကျွန်တော် သုံးတဲ့ ရေချိုးဆပ်ပြာက ဆောင်တော်ကူးပန်းပဲ၊ အဝတ်လျှော်ဆပ်ပြာက လိမ္မော်နံ့”
“ကလျာဏီမြက်နဲ့ သားရေနံ့ကတော့ ရေမွှေးဆီကများလား”
“မင်းက ဘယ်တစ်ခုကို ဆွတ်ထားတာလဲ”
မန်နေဂျာက အမြဲပြင်ပေးလေ့ရှိသည့် ရေမွှေးကိုသာ သုံးနေကျဖြစ်သည့် စုကျင်းက အချိန်ကြာမြင့်စွာ ဆွံ့အသွားပြီးမှ စိတ်ကူးယဉ်ဆန်လွန်းသော ဖော်ပြချက်တစ်ခုကို ပေးလိုက်လေသည်။
“KING က ထုတ်တဲ့ အပြာရောင်အဖုံးနဲ့တစ်ခုလေ”
တိုက်ရိုက်လွှင့်ထုတ်မှုမှ စုံထောက် ရှားလော့ဟုမ်းများက စုကျင်းကပြောသော ရေမွှေးကို ချက်ချင်းပင် ရှာဖွေဖော်ထုတ်လိုက်ကြ၏။
[ KING အပြာရောင်အဖုံးနဲ့ ရေမွှေးဆိုတာက နှစ်(၁၀၀) ပြည့် အထိမ်းအမှတ် အမျိုးသားကန့်သတ်ထုတ် ပင်လယ်ပြင်ရဲ့နှလုံးသားပဲ ရှိတယ်၊ အဲဒါရဲ့ base notes မှာ ကလျာဏီနဲ့ သားရေရနံ့က တကယ်ပါတာပဲ ]
[ ဝိုး၊ ထောင်ထောင်ရဲ့ နှာခေါင်းက ဒီလောက်အထိတောင် စူးရှတာလား၊ အကုန်မှန်နေတာပဲ! ]
[ သမီးလေးက ခန့်မှန်းပြောတာလို့ ထင်ခဲ့ပေမယ့် မမျှော်လင့်ထားဘူး၊ ထောင်ထောင်က ရနံ့တိုင်းကို တကယ်ကြီး ရလိုက်တာလား ]
[ ဒါက မယုံနိုင်စရာပဲ! ]
တိုက်ရိုက်လွှင့်ထုတ်မှုမှ ကြည့်ရှုသူများသာမက ရိုက်ကူးရေးအဖွဲ့သားများကပါ အံ့အားသင့်သွားကြရသည်။
ထိုသို့ အံ့သြသွားပြီးနောက်တွင် ထုတ်လုပ်ရေးအဖွဲ့က ထောင်ထောင်၏ အတွက်ကို သီးသန့် အာရုံခံစိန်ခေါ်မှု အစီအစဉ်လေးတစ်ခုကို ချက်ချင်းပင် စီစဉ်လိုက်လေတော့၏။
“ငါတို့က မင်းရဲ့ မျက်လုံးကို စည်းထားပြီးတော့ (၅) မီတာ အကွာကနေ မတူညီတဲ့ သစ်သီးတွေကို အနံ့ခံခိုင်းမယ်၊
တကယ်လို့ သစ်သီးတစ်မျိုးကို မှန်အောင် ခန့်မှန်းနိုင်ရင် စားဖိုမှူးက ဒီညအတွက် သမီးကြိုက်တဲ့ ဟင်းတစ်ခွက်ကို ချက်ပေးမယ်၊ ဘယ်လိုလဲ”
ထောင်ထောင်က အစားပုတ်လေးဖြစ်ကြောင်းကို သိထားသောကြောင့် ခဏမျှ ညှိနှိုင်းပြီးနောက်တွင် တင်ဆက်သူက ထုတ်လုပ်ရေးအဖွဲ့၏ ကိုယ်စား ထောင်ထောင်က ငြင်းလို့မရမည့် အကြံပြုချက်ကို ပေးလိုက်ခြင်း ဖြစ်သည်။
မှတ်ချက်ပေးသည့်အတိုင်းပင် ထိုစကားကို ကြားလိုက်ရသည်နှင့် ထောင်ထောင်၏ မျက်လုံးလေးများ ဝင်းခနဲ ဖြစ်သွားတော့၏။
“စိန်ခေါ်မှုကို လက်ခံပါတယ်!”
ထောင်ထောင်၏ ချိုသာသော အသံလေးနှင့်အတူ ထုတ်လုပ်ရေးအဖွဲ့က သူမ၏ မျက်လုံးကို စည်းပြီး စိန်ခေါ်မှုကို စတင်လိုက်လေသည်။
ထုတ်လုပ်ရေးအဖွဲ့က ပြင်ဆင်ထားသော သစ်သီးများကို ကြည့်ရင်း ကြည့်ရှုသူများက မအောင့်နိုင်ဘဲ အော်ဟစ်လိုက်ကြ၏။
[ ပထမဆုံး သစ်သီးက ဖရဲသီးလား၊ နောက်နေတာလား၊ အဲဒီလောက် အဝေးကြီးကနေ ဘယ်လိုလုပ်ပြီးတော့ အနံ့ကို ရမှာလဲ ]
[ သခွားမွှေး၊ ငှက်ပျောသီး၊ သရက်သီး၊ ထုတ်လုပ်ရေးအဖွဲ့သားတွေကတော့ တကယ်ပဲ! ]
[ ဒါက အရမ်းကို ကောက်ကျစ်တာပဲ! ဒီသစ်သီးတွေက အနံ့သိပ်မပြင်းတဲ့အပြင် ထုတ်လုပ်ရေးအဖွဲ့က တမင်တကာ မလှီးဘဲ ထားထားတာ၊ ဒါကို ဘယ်လိုလုပ် အနံ့ရနိုင်မှာလဲ ]
[ ကြည့်ရင်းနဲ့တောင် ရင်တထိတ်ထိတ်ပဲ၊ ထောင်ထောင်ကရေ.. နိုင်ရမယ်နော်! ]
တိုက်ရိုက်ထုတ်လွှင့်မှုမှ ကြည့်ရှုသူများထက် ပို၍ ရင်ခုန်နေကြသည်က ရိုက်ကူးရေးနေရာမှ ဧည့်သည်များပင် ဖြစ်၏။
ခဏတာအတွင်း လူပေါင်းများစွာ၏ အာရုံက ထောင်ထောင်ထံသို့သာ ရောက်ရှိနေသည်။
မရေမတွက်နိုင်သော လူများ၏ အကြည့်အောက်တွင် ထောင်ထောင်က အတည်ငြိမ်ဆုံးလူ ဖြစ်နေ၏။
(၅)မီတာ အကွာမှနေ၍ သူမ၏ နှာခေါင်းလေးကို မြှောက်ပြီး အသာအယာ ရှုံ့လိုက်လေသည်။
သူမက ပထမဆုံး အဖြေကို ချက်ချင်း ပေးလိုက်လေသည်။
“ဖရဲသီး”
ကြည့်ရှုသူများ: !
ဧည့်သည်များ: ယေး!!
“သေချာပြီလား”
တင်ဆက်သူက လှည့်စားရန်အတွက် ကြိုးစားလေသည်။
ထောင်ထောင်က လှည့်စားမှုကို မခံဘဲ ပြတ်သားစွာပင်ပြောလိုက်လေ၏။
“ဖရဲသီးပါပဲ”
“အဖြေက.. မှန်ပါတယ်!”
တင်ဆက်သူမှာ တစ်ဝက်က အံ့သြနေပြီး တစ်ဝက်ကတော့ မကျေမနပ်ဖြစ်လျက် ကြေညာလိုက်လေသည်။
ထို့နောက်တွင် ဆက်တိုက်လာသော သစ်သီးများကိုလည်း ထောင်ထောင်က သနားညှာတာမှုမရှိဘဲ ခွဲခြားပြလိုက်လေ၏။
“သခွားမွှေး”
“ဒါကတော့.. ငှက်ပျောသီးနံ့!”
“သေချာပေါက် သရက်သီးပဲ”
ထောင်ထောင်က ထုတ်လုပ်ရေးအဖွဲ့၏ မျှော်လင့်ချက်ထက် ပို၍ မှန်အောင် ခန့်မှန်းနိုင်လာသည်နှင့်အမျှ ဒါရိုက်တာ ကျိုးထင်မှာ နောက်ကွယ်မှ ကြည့်ရှုနှုန်းက မြင့်တက်လာသည်ကို ကြည့်ပြီး လက်သီးကို ဆုပ်လိုက်လေ၏။
နောက်ဆုံးသစ်သီး၏ အလှည့်သို့ရောက်သည့်အချိန်တွင် စုကျင်းက လက်ကို မြှောက်၍ တောင်းဆိုချက်တစ်ခုကို ပြုလုပ်လိုက်လေသည်။
“တကယ်လို့ ဒီသစ်သီးကိုလည်း မှန်အောင် ပြောနိုင်ရင် ထုတ်လုပ်ရေးအဖွဲ့က ညစာစားပြီးတဲ့နောက်ပိုင်း ပန်းကန်ဆေးတာ၊ သန့်ရှင်းရေးလုပ်တာတွေကို တာဝန်ယူပေးနိုင်မလား”
နောက်ကွယ်မှ ကြည့်ရှုနှုန်းဇယားကို တစ်ချက်ကြည့်လိုက်ပြီး ကျိုးထင်က အံကို ကြိတ်ပြီး ခေါင်းကိုငြိမ့်ပြလိုက်လေသည် ။
“ရတာပေါ့”
နောက်ဆုံးသစ်သီးကို လှည်းလေးနှင့် တိုက်၍ ထောင်ထောင်၏ (၅)မီတာ အကွာတွင် ထားလိုက်လေ၏။
အနံ့ကို ရလိုက်သည်နှင့် ထောင်ထောင်က ပါးချိုင့်လေးနှစ်ဖက်ကို ပေါ်လာသည်အထိ ပြုံးလိုက်လေသည်။
“စပျစ်သီးလေးတွေ~”
မျက်စိစည်းကို ဖြုတ်လိုက်သည့်အချိန်တွင် (၅ )မီတာအကွာရှိ လင်ဗန်းပေါ်တွင် အရည်ရွှမ်းသော ခရမ်းရောင် စပျစ်သီးတွဲကြီးက ရှိနေလေ၏။
“ဝါး.. ထောင်ထောင်က အရမ်းတော်တာပဲ!”
*
အခန်း(50)
အလုပ်သင်မိဘများနှင့် ကလေးများက ထောင်ထောင်ကို ဝိုင်းအုံ၍ အားပေးနေကြချိန်မှာပင် ထုတ်လုပ်ရေးအဖွဲ့သားများမှာတော့ မိုးရွာနေသည့်ဘက်ခြမ်းသို့ ရောက်သွားသကဲ့သို့ မျက်နှာပျက်နေကြရသည်။
ကမ်းခြေတစ်ခုတည်းမှာပင် မတူညီသော ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုများ ရှိနေ၏။
ထောင်ထောင်၏ ထူးခြားသော အနံ့ခံအာရုံကြောင့် ဧည့်သည်များက ကျွန်းပေါ်ရှိ ပထမဆုံးညကပင် ထုတ်လုပ်ရေးအဖွဲ့မှ ကျွေးမွေးသော အလွန်သားနားသည့် ညစာကို စားသုံးခွင့် ရရှိခဲ့ကြသည်။
ဗီလာ၏ ပထမထပ် ခန်းမထဲတွင် ဧည့်သည်များက စားပွဲရှည်ကြီးတွင် ဝိုင်းထိုင်လျက် စားဖိုမှူးက စနစ်တကျ ပြင်ဆင်ထားသော စားဖွယ်စုံကို စားသုံးနေကြ၏။
မီးဖိုချောင်ထဲမှ ဟင်းပွဲကောင်းများက တစ်ခုပြီးတစ်ခု ထွက်လာကာ စားပွဲတစ်ခုလုံးက ပြည့်လျှံနေခဲ့သည်။
ဂဏန်းပြာ ဆန်မုန့်ကြော်၊ ငါးချဉ်ဟင်း၊ ပုစွန်ထုပ်ကြော်၊ ကပ်သီးနှံ ကင်၊ ဆားငရုတ်ကောင်း ပုစွန်ဆိတ်ကြော်...
[ (သရေယို) ဒီဂဏန်းပြာ ဆန်မုန့်ကြော်က တကယ့်ကို စားချင်စရာပဲ! အထဲက ဆန်မုန့်လေးတွေကို ကြည့်ဦး၊ ဟင်းရည်တွေ စိမ့်ဝင်နေတာပဲ ]
[ ဒီပုစွန်ထုပ်ကြီးက အရမ်းကိုမွှေးမှာပဲ! ]
[ ရုတ်တရက် ငါ့ရဲ့လက်ထဲက ပါဆယ်ထုတ်က အရမ်းစားလို့မကောင်းတော့သလိုပဲ (ဆွံ့အ) ]
[ အားး၊ ဒါက တကယ့်ကို ကမ်းခြေအားလပ်ရက်ပဲ (မျက်ရည်ကျနေ) အရမ်းကို မိုက်လွန်းတယ်! ]
တိုက်ရိုက်လွှင့်ထုတ်မှုမှ ကြည့်ရှုသူများကပင် သရေယိုနေကြသည်ဆိုလျှင် အရှေ့တွင် အစားအစာများနှင့် ရင်ဆိုင်နေရသည့် ဧည့်သည်များကို ပြောနေစရာပင် မလိုတော့ပေ။
တစ်နေ့ကုန် ရိုက်ကူးရေးကို လုပ်ထားရသောကြောင့် ပင်ပန်းနေကြသော ဧည့်သည်များက အနံ့ကို ရလိုက်သည်နှင့် အစားအစာမှလွဲ၍ မည်သည်ကိုမျှ မတွေးနိုင်ကြတော့ပေ။
လူပေါင်းများစွာက မသိစိတ်ဖြင့် တံတွေးကို မြိုချလိုက်ကြ၏။
ပထမဆုံး ဟင်းပွဲဖြစ်သော ဂဏန်းပြာ ဆန်မုန့်ကြော်က စားပွဲပေါ်သို့ ရောက်လာကတည်းက ထောင်ထောင်၏ မျက်လုံးများက စားပွဲပေါ်မှာပင် ကပ်နေတော့သည်။
စားဖိုမှူးက ဟင်းပွဲတိုင်းကို ချပေးပြီးချိန်မှာတော့ သူမက ပန်းကန်လုံးလေးကို ကိုင်ပြီး ထမင်းဝိုင်းစရန်အတွက် အသင့်စောင့်နေပြီ ဖြစ်၏။
တီဗီအစီအစဉ် ရိုက်ကူးရေးဖြစ်သောကြောင့် အလုပ်သင်မိဘများကလည်း ကလေးများနှင့်အတူ လတ်ဆတ်စွာ ညှစ်ထားသော သစ်သီးဖျော်ရည်များကို ငှဲ့သောက်နေကြသည်။
ထောင်ထောင်က ဖန်ခွက်ကို မြှောက်ပြီး ဖရဲသီးရည်ဖျော်ရည်ကို အားရပါးရ သောက်လိုက်လေ၏။
လန်းဆန်းသော ဖျော်ရည်ကြောင့် သူမက မျက်လုံးလေးများက မှေးသွားပြီး ပျော်ရွှင်သော အမူအရာက ပေါ်လာခဲ့သည်။
စုကျင်းက ထောင်ထောင်၏ တုံ့ပြန်မှုကို သတိပြုမိလိုက်ပြီး သူ့ကိုယ်သူပင် မသိလိုက်ဘဲ ပြုံးလိုက်မိခဲ့၏။
သူကလည်း ဖရဲသီးဖျောရည်ကို တစ်ငုံသောက်လိုက်လေသည်။
ကျွန်းပေါ်မှ သစ်သီးများက ပို၍ ချိုသောကြောင့်လားမသိပေ။
ဖရဲသီးဖျော်ရည်က ပုံမှန်ထက် ပို၍ ချိုမြိန်နေသကဲ့သို့ ခံစားရ၏။
ဟင်းပွဲတိုင်းက စုံလင်သွားပြီးနောက်တွင် တန်ကျစ်ရှီက အစီအစဉ်၏ ဝါရင့်တစ်ဦးအနေဖြင့် ဖန်ခွက်ကို မြှောက်ပြီး ညစာစားပွဲကို စတင်လိုက်လေသည်။
“လူတိုင်းပဲ ဒီနေ့ တစ်နေကုန် ပင်ပန်းခဲ့ကြတာ ကျေးဇူးတင်ပါတယ်၊ အခုလို ညစာကို စားခွင့်ရတာကို ဝမ်းသာပါတယ်”
တန်ကျစ်ရှီက စကားပြောပြီးနောက်တွင် စုကျင်းက ဝင်ရောက်၍ ဖြည့်စွက်လေသည်။
“ထောင်ထောင်ရဲ့ ကြိုးစားမှုအတွက်ကိုလည်း ကျေးဇူးတင်ရမှာပေါ့”
“ဟုတ်တယ်၊ ဟုတ်တယ်၊ ထောင်ထောင်ကြောင့်လည်း ပါတယ်”
ကုရှန်ရှန်က ပထမဆုံး ထောက်ခံလိုက်လေ၏။
“ထောင်ထောင်ကသာ မရှိရင် ငါတို့က ဒီနေ့ ဒီလို စားဖွယ်စုံကို စားရမှာ မဟုတ်ဘူး”
ကုန်းယောင်က ဆက်လက်၍ ပြောလိုက်ပြီး သူမ၏ ဖန်ခွက်ကို ထောင်ထောင်၏ ဘက်သို့ မြှောက်လိုက်လေသည်။
“ငါတို့က ထောင်ထောင်ကို ဂုဏ်ပြုလိုက်ကြရအောင်”
ဖုန်းကျားယန်က မည်သည်ကိုမျှမပြောဘဲ ဖန်ခွက်ကို မြှောက်ပြီး ထောင်ထောင်၏ ဖန်ခွက်နှင့် တိုက်လိုက်လေသည်။
လူတိုင်း၏ ချီးကျူးသံများကြား၌ ထောင်ထောင်က မျက်လုံးလေးများကို မှိတ်သည်အထိ ပြုံးလိုက်မိပြီး သူမ၏ စိတ်ထဲမှနေ၍ စနစ်ကို တိတ်တဆိတ် ကြွားဝါ လိုက်လေ၏။
ထောင်ထောင်: [ စနစ်ကျဲကျဲ၊ ကြည့်ပါဦး၊ ထောင်ထောင်ကို ချစ်တဲ့သူတွေက အများကြီး ရှိသေးတယ်နော်~ ]
ရက်အတော်ကြာအောင် တာဝန်တစ်ခုကိုမှ မပေးခဲ့သည့် စနစ်က အကြာကြီး တိတ်ဆိတ်နေပြီးမှ ပြန်လည်၍ စကားပြောလာခဲ့ပေ၏။
စနစ်: [ ထောင်ထောင်၊ မင်း တခြားလူတွေဆီက အချစ်ခံရတဲ့ ခံစားချက်ကို ကြိုက်လား ]
ထောင်ထောင်က တုံ့ဆိုင်းခြင်းမရှိ စိတ်ထဲမှ ပြန်ဖြေလိုက်လေသည်။
[ ကြိုက်တာပေါ့ ]
ထောင်ထောင်က အရင်က ချစ်ခြင်း ဆိုသည်ကို ဂရုမစိုက်ခဲ့ပေ။
သို့သော် လူတိုင်းနှင့် အတူ နေထိုင်လာရင်းဖြင့် အချစ်ခံရခြင်း ဆိုသည်က အလွန် အံ့သြစရာကောင်းသော အရာဖြစ်ကြောင်းကို သူမ တဖြည်းဖြည်း သတိပြုမိလာခဲ့၏။
ဤသည်က သူမကို နွေးထွေးသော တိမ်တိုက်များက ဝန်းရံထားပြီး ကောင်းကင်ပေါ်သို့ ဖြည်းဖြည်းချင်း မြှောက်တင်ပေးလိုက်သကဲ့သို့ ခံစားရစေသည်။
ထောင်ထောင်၏ အဖြေကို ကြားသည့်အချိန်တွင် စနစ်က အမှန်တကယ်တွင် ပြောစရာ စကားများစွာက ရှိနေပေသည်။
စနစ်က ပြောချင်နေသည်: ဒါပေမဲ့ အရန် ဇာတ်ကောင်ဗီလိန် ဆိုတာက နောက်ဆုံးမှာ လူတိုင်းရဲ့ မုန်းတီးမှုကို ခံရမှာဖြစ်ပြီးတော့ ဘယ်သူကမှ ချစ်မှာ မဟုတ်ဘူး။
စနစ်က ပြောချင်နေခဲ့သည်: တကယ်လို့ ထောင်ထောင်က တာဝန်တွေကို မပြီးမြောက်ဘဲ ဇာတ်လမ်းရဲ့အတိုင်းကို မသွားဘူးဆိုရင် စွမ်းအင်တွေကို လဲလှယ်ပြီး တံဆိပ်ခတ်ထားတာကို ဖြည်လို့ရမှာ မဟုတ်ဘူး။
စနစ်က ပြောချင်နေခဲ့သည်...
သို့သော် နောက်ဆုံးတွင် စနစ်က မည်သည်ကိုမျှ မပြောဖြစ်ခဲ့ပေ။
မူလဇာတ်လမ်းအရဆိုလျှင် သူမ၏ ရန်သူတော်ကြီးများ ဖြစ်လာမည့် ဇာတ်လိုက်၊ ဇာတ်လိုက်မနှင့် ဒုတိယဇာတ်လိုက်ဇာတ်၊ ဗီလိန် တို့နှင့်အတူ ထောင်ထောင်က ရယ်မောစွာ ဆော့ကစားနေသည်ကိုသာ စနစ်က တိတ်တဆိတ် စောင့်ကြည့် နေခဲ့တော့သည်။
ပျော်ရွှင်စရာကောင်းသော ညစာစားပွဲ၏ အပြီးတွင် ထောင်ထောင်နှင့် စိန်ခေါ်မှုတွင် အကြီးအကျယ် ရှုံးနိမ့်ခဲ့သောကြောင့် ထုတ်လုပ်ရေးအဖွဲ့က မျက်ရည်လည်ရွှဲဖြင့် ပန်းကန်ဆေးရန်အတွက် လူလွှတ်ခဲ့ရတော့၏။
ထုတ်လုပ်ရေးအဖွဲ့၏ နှိပ်စက်မှုကို အကြိမ်ကြိမ် ခံခဲ့ရသော အလုပ်သင်မိဘများအတွက်တော့ ယခုကဲ့သို့ ပြန်လည်၍ ခိုင်းစေရခြင်းက အလွန် စိတ်လှုပ်ရှားစရာ ကောင်းနေခဲ်သည်။
ညစာစားပြီးနောက်တွင် မိဘများက ကလေးများကို အခန်းထဲသို့ ချက်ချင်း ခေါ်မသွားကြပေ။
ထိုအစား စားသောက်ဆိုင်ထဲတွင် ရည်ရွယ်ချက်ရှိရှိဖြင့် ကျန်ရစ်နေပြီး ထုတ်လုပ်ရေးအဖွဲ့သားများက ပန်းကန်ဆေးရန်အတွက် လာရောက် မောင်းထုတ်မည့်အချိန်ကို စောင့်နေကြ၏။
ထုတ်လုပ်ရေးအဖွဲ့သားများက ရောက်လာသည့်အချိန်တွင် အလုပ်သင်မိဘများက ဝိုင်းဝန်း၍ အော်ဟစ် အားပေးကြတော့သည်။
“ဂုဏ်ယူပါတယ်!”
စုကျင်းက မာနကြီးစွာ ရယ်မောလိုက်လေ၏။
“ဒီလိုနေ့မျိုးလည်းရောက်လာသေးတာပဲ ၊ ပထမပိုင်းကို ရိုက်တုန်းက ဒါမျိုးကို ဖြစ်လာလိမ့်မယ်လို့ တစ်ခေါက်မှ မတွေးဖူးဘူးမလား”
ရှန်ထျန်းယွီကလည်း လက်ခုပ်တီးပြီး ရယ်မောလိုက်လေသည်။
ထိုသို့ ပျော်ရွှင်နေကြချိန်တွင် အရိပ်ထဲ၌ရှိသော ဒါရိုက်တာ ကျိုးထင်က အံကိုကြိတ်ပြီး မဲ့ပြုံး ပြုံးလိုက်လေ၏။
ဤမြင်ကွင်းကို နောက်ပိုင်း တည်းဖြတ်မှုတွင်ပင် ထည့်သွင်းထားပြီး စာတန်းထိုးထားသည်:
“စောင့်နေကြဦးပေါ့!”
အလုပ်သင်မိဘများကတော့ အရှေ့တွင် မည်သည့် စိန်ခေါ်မှုများက စောင့်ကြိုနေသည်ကို မသိကြဘဲ လက်ရှိ ပျော်ရွှင်မှုကိုသာ အာရုံစိုက်နေကြသည်။
ညစာစားပြီးနောက်တွင် မိဘများက သူတို့၏ ကလေးများကို ရေချိုးပေးပြီး အခန်းထဲသို့ ခေါ်ဆောင်သွားကြတော့၏။
ညစာကို စားပြီးနောက်တွင် ထောင်ထောင်က စိတ်အခြေအနေ အလွန်ပင် ကောင်းမွန်နေခဲ့သည်။
ခုတင်ပေါ်တွင် လဲလျောင်းနေသည့်တိုင် သူမက ပါးစပ်လေးကို လက်နဲ့အုပ်ပြီး ခြေထောက်လေးများကို ကန်လျက် သီချင်းတစ်ပုဒ်ကို ခပ်တိုးတိုး ဆိုနေသေးသည်။
စုကျင်းက ရေချိုးပြီးနောက် အခန်းထဲသို့ ဝင်လာပြီး ထောင်ထောင်က ခုတင်ပေါ်တွင် အပြုံးများဖြင့် လဲနေသည်ကို မြင်သည့်အချိန်တွင် သူကလည်း မပြုံးဘဲ မနေနိုင်တော့ဘဲ မေးလိုက်လေ၏။
“ဒီနေ့ အရမ်းကိုပျော်နေလား”
“ပျော်တာပေါ့~”
ပျော်ရွှင်နေသော ထောင်ထောင်က စောင်ထဲသို့ အမြန်တိုးဝင်ပြီး မကြာမီပင် အိပ်ပျော်သွားတော့သည်။
စုကျင်းက မျက်လုံးများကိုမှိတ်ထားသော်လည်း သူ၏ အမြဲတစေအိပ်မပျော်တတ်သည့် ရောဂါကြောင့် ခဏမျှ အိပ်မရဘဲ ဖြစ်နေ၏။
မှောင်မိုက်နေသော အခန်းထဲတွင် အိပ်တစ်ဝက် နိုးတစ်ဝက် ဖြစ်နေသော စုကျင်းက သူ့၏ ဘေးမှ ကလေးငယ်လေးက လှုပ်ရှားလာပြီး ခပ်တိုးတိုး ပြောလိုက်သံကို ကြားလိုက်ရလေ၏။
ထိုအသံက အလွန်တိုးသော်လည်း စုကျင်းက ရှင်းလင်းစွာ ကြားလိုက်ရသည်။
“လူတွေအများကြီးက ထောင်ထောင်ကို ချစ်ကြတယ်.. ထောင်ထောင်က ဘယ်သူကမှ မလိုချင်တဲ့ အရှုံးသမားလေးမဟုတ်တော့ဘူး”
စုကျင်း၏ အပြုံးက ထိုနေရာမှာပင် အေးခဲသွားရသည်။
မှောင်မိုက်နေသော အခန်းထဲ၌ သူက အိပ်ချင်စိတ်များက လုံးဝကို ပျောက်ကွယ်သွားပြီး မျက်လုံးများကို ဖွင့်လိုက်လေ၏။
စုကျင်းက အသာလှည့်လိုက်ပြီး ကလေးငယ်လေးကို သူ၏ ရင်ခွင်ထဲသို့ ထည့်ပြီး ဖက်ထားလိုက်သည်။
သူ၏ အသံက တိုးသော်လည်း ခိုင်မာလွန်း၏။
“လူတွေအများကြီးက ထောင်ထောင်ကို ချစ်ကြမှာပါ”
ထိုသို့ ပြောလိုက်ချိန်တွင် စုကျင်း၏ မျက်လုံးထဲတွင် အေးစက်သော အရိပ်အယောင်တစ်ခုက ဖြတ်ပြေးသွားလေသည်။
ကျွန်း၏ ရာသီဥတုက ခန့်မှန်းရခက်ခဲလွန်း၏။
ယမန်နေ့ညနေက နေသာခဲ့သော်လည်း သန်းခေါင်ယံအချိန်တွင် မိုးက သည်းထန်စွာ ရွာသွန်းခဲ့သည်။
ထိုမိုးရေတို့က ကောင်းကင်ယံကို ဆေးကြောသန့်စင်ပေးလိုက်သကဲ့သို့ ရှိလေ၏။
ယနေ့မနက် စောစောတွင် ပင်လယ်ပျော်ငှက်တို့က ပြာလွင်သော ကောင်းကင်ယံ၌ ပျံသန်းနေကြပြီး သူတို့၏ အော်မြည်သံများကလည်း ကြည်လင်၍ ပြတ်သားနေသည်။
နေရောင်ခြည်နွေးနွေးက ပါးလွှာသော လိုက်ကာများကို ဖြတ်သန်းဝင်ရောက်၍ ကလေးငယ်၏ နူးညံ့သော ပါးပြင်ပေါ်သို့ ကျရောက်နေ၏။
အိပ်မောကျနေဆဲဖြစ်သော ကလေးငယ်က မသိစိတ်ဖြင့် တအင်းအင်း ညည်းတွားရင်း အနီးအနားရှိ နွေးထွေးသည့် အရာတစ်ခုထံသို့ ဗီဇအရ တိုးကပ်၍ ခိုလှုံရာ ရှာနေရှာသည်။
အိပ်တစ်ဝက် နိုးတစ်ဝက်ဖြစ်နေသော စုကျင်းက သူ၏ မျက်ခုံးကို အနည်းငယ်တွန့်ချိုးလိုက်ပြီး ကလေးငယ်လေးကို သူ၏ ရင်ခွင်ထဲသို့ ဆွဲသွင်းပြီး အကာအကွယ်ပေးသည့် အနေအထားဖြင့် လက်ကို မြှောက်လိုက်မိလေ၏။
အစီအစဉ်၏ မနက်စောစော ရုတ်တရက်ဝင်ရောက်၍ စစ်ဆေးသည့်အဖွဲ့က စုကျင်းနှင့် ထောင်ထောင်တို့၏ အခန်းထဲသို့ ဝင်လိုက်သည်နှင့် နှလုံးသားကို အရည်ပျော်စေသည့် ဤမြင်ကွင်းကို ရိုက်ကူးမိသွားကြသည်။
[ အို ဘုရားရေ! ဒီလူကြီးနဲ့ ဒီကလေးလေးက အရမ်းကို ချစ်ဖို့ကောင်းလွန်းတယ်! ]
[ သူတို့က သွေးသားမတော်စပ်ဘူးဆိုတာကိုသာ ငါကမသိထားရင် သူတို့ကို မောင်နှမအရင်းတွေလို့ပဲ ထင်မိမှာ (အော်ဟစ်နေ) ]
[ စုကျင်းရဲ့ မသိစိတ်က အကာအကွယ်ပေးတဲ့ အနေအထားက.. ငါကမှတ်မိနေတဲ့ သူနဲ့ လုံးဝကို ကွဲပြားခြားနားနေတာပဲ! ]
[ စုကျင်းက ထောင်ထောင်နဲ့ရှိနေရင် အရမ်းကို နူးညံ့သွားပုံရတယ်၊ အရင်က BKING ပုံစံကို လုံးဝကို မမြင်ရတော့ဘူး (ရယ်နေရင်းနဲ့ ငိုနေ) ]
*