← Chapters

အခန်း (၅၁-၅၂)

Vol. 6 Ch. 51-52

အခန်း (၅၁-၅၂)

Vol. 6 Ch. 51-52

အခန်း(51)

ထုတ်လုပ်ရေးအဖွဲ့၏ မနက်စောစော ရုတ်တရက်ဝင်ရောက် စစ်ဆေးသည့်အဖွဲ့က တတ်နိုင်သမျှ အသံတိတ်အောင် လှုပ်ရှားခဲ့ကြသည်။

သို့သော် ရိုက်ကူးရေးအဖွဲ့သား တစ်စုလုံး၏ လှုပ်ရှားမှုက အလွယ်တကူ နိုးတတ်သော စုကျင်း၏ အာရုံမှ လုံးဝ မလွတ်ကင်းနိုင်ခဲ့ပေ။

ပြတင်းမှ တိုးဝင်လာခဲ့သော နေရောင်ခြည်၏အောက်ဘက်တွင် စုကျင်းက မျက်ခုံးကို တွန့်ချိုးလိုက်ပြီး မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်လေသည်။

မှုန်မှိုင်းနေသော အိပ်စက်ခြင်း၏ ကြားမှ အရိပ်မည်းတစ်ခုက ပေါ်လာခြင်းကြောင့် စုကျင်း၏ မျက်လုံးများက ချက်ချင်းပင် ပြူးကျယ်သွားရတော့၏။

အခန်းထဲ၌ လူအုပ်ကြီးကို မြင်လိုက်ရသောကြောင့် စုကျင်း၏ ဝေဝါးနေသော စိတ်တို့က ချက်ချင်းပင် ကြည်လင်သွားရလေသည်။

“ခင်ဗျားတို့.. “

သူက ပါးစပ်ကို ဟလိုက်ရုံသာရှိသေးသော်လည်း ရင်ခွင်ထဲမှ ကလေးငယ်လေးက အသာ လှုပ်ရှားလိုက်လေသည်။

ထို့ကြောင့် စုကျင်းက သူ၏ နှုတ်ခမ်းဖျားသို့ ရောက်ရှိနေပြီဖြစ်သော ဒေါသကို အတင်းအကျပ် ထိန်းချုပ်လိုက်ရပြီး ဖြည်းဖြည်းချင်း ပြန်မျိုချလိုက်ရ၏။

“ခင်ဗျားတို့နဲ့ နောက်မှ စာရင်းရှင်းမယ်!”

ဤစကားလုံးများကို အံကြိတ်၍ ပြောလိုက်ခြင်းဖြစ်သော်လည်း အိပ်ချင်မူးတူးဖြစ်နေဆဲ ကလေးငယ်ကို ငဲ့ညှာသောကြောင့် စုကျင်းက သူ၏ အသံကို မသိစိတ်ဖြင့် လျှော့ချလိုက်လေသည်။

ထို့ကြောင့် သူက ပြောလိုက်သော စကား၏ ပြင်းထန်မှုက ချက်ချင်းပင် လျော့ပါးသွားရ၏။

သို့သော် ထိုအသံကြောင့် ခုတင်ပေါ်၌ ကွေးကွေးလေးအိပ်နေသော ကလေးငယ်လေးက နိုးလာခဲ့လေသည်။

နေရောင်ခြည်က ကလေးငယ်၏ မျက်တောင်ဖျားလေးများပေါ်သို့ ကျရောက်နေပြီး မျက်ဝန်း၏ အောက်တွင် နူးညံ့သော အရိပ်များကို ထင်ဟပ်စေ၏။

အိပ်မောကျနေသော ကလေးငယ်လေးက မျက်ခုံးကို အနည်းငယ်ကြုတ်လိုက်ပြီး လက်သီးဆုပ်လေးများဖြင့် သူမ၏ မျက်လုံးလေးကို ပွတ်သပ်ရင်း အိပ်ချင်မူးတူးဖြင့် ဖွင့်ကြည့်လိုက်၏။

သူမ၏ ဆံပင်များက ဖရိုဖရဲဖြစ်နေပြီး ဦးခေါင်း၏ အနောက်ဘက်သို့ ရောက်နေခဲ့သည်။

စုကျင်း၏ ဘေးတွင်ရှိနေသော ထိုကလေးငယ်လေးမှာ အလွန်ပင် ချစ်စဖွယ် ကောင်းနေလေ၏။

ထောင်ထောင်က မျက်တောင်ခတ်လိုက်ပြီးမှ အခန်းထဲရှိ လူများကို သေချာစွာ မြင်တွေ့သွားသည်။

ရိုက်ကူးရေးအဖွဲ့သားများက မျက်နှာဖုံးများကို လူတိုင်းက စွပ်ထားကြ၏။

သို့သော် ထောင်ထောင်က သူတို့၏ ရင်းနှီးနေသော အနံ့ကို ချက်ချင်းပင် ခွဲခြားသိရှိလိုက်လေသည်။

သူမက နှာခေါင်းလေးကို ရှုံ့လိုက်ပြီး ပါးချိုင့်လေးနှစ်ဖက်ကို ပေါ်လာသည်အထိ ပြုံးပြလိုက်ပြီး ချိုသာလွန်းသော ကလေးသံလေးဖြင့် နှုတ်ဆက်လိုက်လေ၏။

“ကောကောတို့၊ ကျဲကျဲတို့၊ မင်္ဂလာမနက်ခင်းပါ~”

[ အို ဘုရားရေ! ]

[ အဲဒီအသံလေးက ငါ့ရဲ့နှလုံးသားကို အရည်ပျော်စေတာပဲ! ]

[ ထောင်ထောင်ရဲ့ ချိုသာတဲ့ ခေါ်သံလေးကို ဘယ်သူက အောင့်အည်းနိုင်မှာလဲ (မြေခွေး အော်သံ) ]

[ ငါက ဂရုမစိုက်ဘူး! ထောင်ထောင်က ငါတို့ကို ပြောနေတာ သေချာတယ်! ]

ခဏချင်းမှာပင် ထိုနေရာရှိ ဝန်ထမ်းများနှင့် တိုက်ရိုက်လွှင့်ထုတ်မှုမှ ကြည့်ရှုသူများ အားလုံးက ထောင်ထောင်၏ အစ်ကိုကြီးများ၊ အစ်မကြီးများ အဖြစ်သို့ ကူးပြောင်းသွားကြတော့၏။

မနက်ခင်း အလစ်အငိုက် စစ်ဆေးခြင်း ပြီးသည့်နောက်တွင် ဧည့်သည်များက ပထမထပ်ရှိ ခန်းမဆောင်တွင် စုဝေးခဲ့ကြသည်။

နတ်ဆိုးမျက်နှာဖုံးကို ချွတ်လိုက်ပြီဖြစ်သော တင်ဆက်သူက ယနေ့၏ တာဝန်ကို ကြေညာလိုက်လေ၏။

“ကျွန်းပေါ်မှာ သစ်သီးမျိုးစုံက ရှိပါတယ်၊ ကျွန်တော်တို့က လူတိုင်းအတွက်ကို မတူညီတဲ့ သွားလာရေးယာဉ်တွေကို ပြင်ဆင်ထားပါတယ်၊

ကျေးဇူးပြုပြီးတော မင်းတို့ရရှိတဲ့ ယာဉ်နဲ့ သစ်သီးခြံကို သွားကြပြီးတော့ ဒီနေ့ရဲ့ သစ်သီးခူးတဲ့ တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်ကြပါ”

တင်ဆက်သူက စကားပြောနေချိန်မှာပင် ဝန်ထမ်းများက မဲနှိုက်မည့် ပုံးကို ယူဆောင်လာခဲ့ကြသည်။

“ဒီမှာ သွားလာရေးကတ် (၅) မျိုး ရှိပါတယ်၊ တစ်ခုချင်းစီက မတူညီတဲ့ သွားလာရေးပုံစံတွေကို ကိုယ်စားပြုပါတယ်”

တင်ဆက်သူက ဧည့်သည် (၅) အုပ်စုကို အဓိပ္ပာယ်ပါပါ ပြုံးပြလိုက်လေသည်။

“ကောင်းပြီ၊ အခု အရှေ့ကိုလာပြီးတော့ ဒီနေ့အတွက် သွားလာရေးကတ်ကို မဲနှိုက်ကြပါဦး”

ကုန်းယောင်က မည်သည့်အချိန်ကမှ အချိန်ဆွဲတတ်သူ မဟုတ်ပေ။

တခြားဧည့်သည်များက အရှေ့သို့မထွက်ကြသည်ကို မြင်သည့်အချိန်တွင် သူမက ပထမဆုံး လက်လှမ်းလိုက်လေ၏။

“ကျွန်မက အရင်သွားမယ်”

သွားလာရေးကတ်ကို နှိုက်ပြီးနောက်တွင် ကုန်းယာင်က ကင်မရာသို့ ယုံကြည်မှုရှိရှိ ပြသလိုက်လေသည်။

“ဘတ်စ်ကား”

“အဲဒါက အတော်လေးကောင်းတာပဲ၊ အနည်းဆုံးတော့ နေပူထဲမှာ မရှိတော့ဘူးပေါ့”

စုကျင်းက ဝင်ရောက် မှတ်ချက်ပေလေ၏။

“ဒါပေမယ့်လည်း ဒီလောက်အထိ ပူအိုက်နေတဲ့ ရာသီဥတုမှာ ထုတ်လုပ်ရေးအဖွဲ့က မင်းတို့ကို နေပူခံရမဲ့ သွားလာရေးယာဉ်မျိုးကို ပြင်ဆင်ထားမှာ မဟုတ်ပါဘူး”

နောက်တစ်ခဏတွင် ဒုတိယမြောက်ကတ်ကို နှိုက်လိုက်သော ရှန်ထျန်းယွီ၏ မျက်နှာက ပျက်သွားရကာ မေးလိုက်လေသည်။

“စုကျင်းကော၊ ကောရဲ့ပါးစပ်က ကျီးကန်းပါးစပ်များလား”

ထိုသို့ပြောပြီးနောက်တွင် ရှန်ထျန်းယွီက သူ၏လက်ထဲမှ ကတ်ကို လှန်ပြလိုက်၍ စာလုံးသုံးလုံး ရေးထားသည်။

စက်ဘီး။

[ အား.. အား .. အား ]

[ ဒါက တိုက်ဆိုင်မှုတစ်ခုပဲ ဖြစ်မှာပါ၊ ဟုတ်တယ်မလား ]

သို့သော် ဤတိုက်ဆိုင်မှုက ဧည့်သည်များ၏ စိတ်ဝင်စားမှုကို နှိုးဆွပေးလိုက်လေ၏။

ချင်းရွှမ်က အရှေ့သို့ တိုးလာပြီးမေးလိုက်လေသည်။

“စုကျင်းကော၊ ကျွန်မကအခုကံမဲနှိုက်တော့မယ်၊ ကျွန်မကို ဘာပြောချင်သေးလဲ”

စုကျင်းက ခဏမျှ စဉ်းစားပြီးပြောလိုက်လေသည်။

“အင်း၊ ကံကောင်းပါစေ”

ချင်းရွှမ်က ကတ်ကို နှိုက်လိုက်ပြီးနောက် မျက်ရည်ပင် ကျလုနီးပါးဖြစ်သွားရ၏။

သူမ၏ လက်များက တုန်ယင်နေလျက် ကတ်ကို မြှောက်ပြလိုက်၌ ရှင်းလင်းစွာ ရေးထားသည်။

လမ်းလျှောက်ခြင်း။

“ဟား... ဟားဟား...”

စုကျင်းက ခြောက်ကပ်ကပ် ရယ်မောလိုက်ပြီး ပြောလိုက်လေသည်။

“တိုက်ဆိုင်မှုပါ၊ ဒါက သေချာပေါက် တိုက်ဆိုင်မှုပဲ ဖြစ်ရမယ်”

တန်ကျစ်ရှီ၏ အလှည့်သို့ ရောက်သည့်အချိန်တွင် သူက စုကျင်းကို အပြုံးတစ်ခုနှင့် ပြောလိုက်လေသည်။

“နှစ်ခုပဲ ကျန်တော့တယ်၊ မင်း ငါ့ကို နေပူထဲမှာ ခက်ခက်ခဲခဲ သွားရပါစေလို့ ဆုတောင်းပေးလို့ရမလား”

စုကျင်းက သူ၏ နှာခေါင်းကို တို့လိုက်ပြီး တန်ကျစ်ရှီ၏ စကားကို ထပ်ဆင့် ပြောလိုက်လေ၏။

တန်ကျစ်ရှီက ကတ်ကို နှိုက်လိုက်လေ၏။

ကား။

နောက်ဆုံးတွင် စုကျင်း၏ အလှည့်သို့ ရောက်ရှိလာခဲ့လေ၏။ သူက နှိုက်မိသော ကတ်က တက္ကစီ ဖြစ်လေသည်။

ခဏချင်းမှာပင် တိုက်ရိုက်ထုတ်လွှင့်မှု၏ စကားပြောခန်း တစ်ခုလုံးတွင် အာမေဍိတ်အမှတ်အသားများဖြင့် ပြည့်နှက်သွားတော့၏။

[ ငါ့ရဲ့အနေနဲ့ သိပ္ပံပညာကို ယုံကြည်ခဲ့ဖူးပါတယ်၊ စုကျင်းနဲ့ မတွေ့ခင်အထိပေါ့ ]

[ အခုလို တိုက်ရိုက်လွှင့်တာကိုသာ ကိုယ်တိုင်မကြည့်ရရင် ဒီကမ္ဘာမှာ ဒီလောက်အထိ ကံဆိုးတဲ့လူ ရှိတယ်ဆိုတာကို ယုံမှာမဟုတ်ဘူး ]

[ သူက ဒါကို ဘယ်လိုလုပ်လိုက်တာလဲ! လောကီပညာရပ်တွေကိုပဲ ယုံကြည်ဖို့ ရှိတော့တာလား (ဘဝကို သံသယဖြစ်နေ) ]

[ တစ်နည်းအားဖြင့် ပြောရရင် စုကျင်းရဲ့ လုပ်ရပ်က နှုတ်ထွက်စကား နိမိတ်ဖတ်ခြင်း တစ်မျိုးလို့တောင် ပြောလို့ရတယ် မဟုတ်လား ]

[ ဟားဟား၊ သူက ဘာပြောပြော တကယ်ကြီးပြောင်းပြန်ဖြစ်လာတာပဲ! ]

[ ယဉ်ယဉ်ကျေးကျေး ပြောရရင်တော့ ဒါကို၊ နုတ်စီးတာလို့ ခေါ်ကြတာမလား(ခွေးအပြုံး) ]

တိုက်ရိုက်ထုတ်လွှင့်မှုတွင် ဆူညံပွက်လောရိုက်နေကြသော်လည်း ရိုက်ကူးရေးစတူဒီယိုထဲ၌ ရုတ်တရက် ခဏတာ တိတ်ဆိတ်သွားခဲ့ရ၏။

စုကျင်းက သူ၏လက်ထဲမှ တက္ကစီ ကတ်ပြားကို ကိုင်ထားရင်း သူ၏ ဘဝအဓိပ္ပာယ်ကို သံသယဖြစ်နေသော အခြေအနေသို့ ရောက်ရှိနေသည်။

သူ့ဘေးရှိ ထောင်ထောင်က စုကျင်းကို မျက်လုံး ပြူးလေးများဖြစ်ကြည့်နေပြီး သူမ၏ စိတ်ထဲမှနေ၍ တိတ်တဆိတ် မေးမြန်းနေမိပေသည်။

[ စနစ်ကျဲကျဲ၊ ကောကောကလည်း ထောင်ထောင်လိုပဲ နတ်ဘုရားသားရဲတစ်ကောင်လား ]

စနစ်: [ မဟုတ်ပါဘူး၊ ဇာတ်လမ်းထဲမှာ ဒီလိုမျိုး နောက်ခံအကြောင်းအရာက မရှိဘူးဆိုတာသေချာပါတယ် ]

ထိုတိတ်ဆိတ်မှုအား တင်ဆက်သူက စကားပြော၍ ဖြိုခွဲလိုက်လေ၏။

“ကောင်းပါပြီ၊ အခုဆိုရင် ဧည့်သည်တိုင်းက သွားလာရေးပုံစံတွေကို မဲနှိုက်ပြီးကြပြီ၊

သွားရမယ့်နေရာတွေကိုလည်း အလုပ်သင်မိဘတွေရဲ့ ဖုန်းထဲကို ပို့ပေးထားပြီးဖြစ်လို့ အခုပဲ စတင်ထွက်ခွာနိုင်ပါပြီ”

တင်ဆက်သူက စကားပြောပြီးနောက်တွင် စုကျင်းက ထောင်ထောင်ကို ခေါ်ဆောင်ပြီး ထွက်ခွာရန် ပြင်လိုက်လေသည်။

ထိုချိန်မှာပင် တန်ကျစ်ရှီက တိတ်တဆိတ် သူ၏ အနောက်မှလိုက်လာပြီး မိုက်ခရိုဖုန်းကို လက်ဖြင့်အုပ်၍ ခပ်တိုးတိုး ပြောလိုက်လေ၏။

“စုကျင်းကော၊ ကျွန်တော်တို့က အပေးအယူတစ်ခုကို လုပ်ကြမလား၊ ကျွန်တော့်ကို တစ်သက်လုံး အလုပ်အကိုင်တွေကို အဆင်မပြေဘဲ၊ မိသားစုကို ပြိုကွဲပြီး ပျက်စီးသွားပါစေလို့ ဆုတောင်းပေးစမ်းပါဦး”

သို့သော် တန်ကျစ်ရှီက သူ၏ မိုက်ခရိုဖုန်းကိုသာ အုပ်ထားခဲ့ပြီး စုကျင်း၏ မိုက်ခရိုဖုန်းကို မအုပ်ထားခဲ့ပေ။

တစ်ချိန်တည်းမှာပင် တိုက်ရိုက်ထုတ်လွှင့်မှုမှ ကြည့်ရှုသူတိုင်းက တန်ကျစ်ရှီ၏ စကားကို ကြားလိုက်ရလေတော့၏။

[ (ဆွံ့အလျက်) ကိုယ့်ကိုယ်ကိုယ် ဒီလောက်အထိ ပြင်းပြင်းထန်ထန် ကျိန်ဆဲခိုင်းတဲ့လူမျိုးကို ပထမဆုံး မြင်ဖူးတာပဲ ]

[ ဟားဟား၊ ဒီစကားကို ပြောဖြစ်ရတဲ့ အကြောင်းရင်းကိုသာ မသိထားဘါ ဒီဗီဒီယိုအတိုလေးကိုပဲ မြင်ရရင် တန်ကျစ်ရှီကို ရူးသွားပြီလို့ လူတိုင်းက ထင်ကြမှာပဲ! ]

[ အမှန်အတိုင်း ပြောရရင် ငါတောင် နည်းနည်း စိတ်ဝင်စားမိတယ်၊

ငါက အရမ်းလောဘမကြီးပါဘူး၊ စုကျင်းက ငါ့ကို နောက်ထပ် (၁၀) နှစ်လောက် ဆင်းရဲပါစေလို့ပဲ ဆုတောင်းပေးစေချင်တာ (ရှက်ကိုးရှက်ကန်းလျက်) ]

[ ဒါဆိုရင်တော့ ငါက စုကျင်းကို ငါသိန်းပေါင်းများစွာကို ထီမပေါက်ပါစေနဲ့လို့ပဲ ဆုတောင်းခိုင်းပြီး ချက်ချင်း ထီသွားထိုးလိုက်တော့မယ် (ခွေးအပြုံး) ]

[ ရယ်ရတယ်၊ ဒါက စုကျင်းရဲ့ နုတ်စွမ်းအားကို အသုံးချတဲ့ နည်းလမ်းပေါင်း တစ်သောင်းထဲက တစ်ခုလား ]

[ စုကျင်းရဲ့ မျက်နှာအမူအရာ: မင်းက ငါ့ကို နောက်နေတာလား! ]

စုကျင်း: “...”

စုကျင်းက တန်ကျစ်ရှီ၏ အကြံပြုချက်ကို ပြတ်သားစွာ ငြင်းပယ်လိုက်လေ၏။

တန်ကျစ်ရှီ၏ အကြံပြုချက်က ငြင်းပယ်ခြင်းကို ခံလိုက်ရသော်လည်း သူ၏ လုပ်ရပ်က အင်တာနက်အသုံးပြုသူများ၏ အတွက် အမြင်သစ်တစ်ခုကို ပေးစွမ်းလိုက်သကဲ့သို့ ရှိလေသည်။

ခဏချင်းမှာပင် တိုက်ရိုက်ထုတ်လွှင့်မှု၌ ပြောင်းပြန်ဆုတောင်းခြင်း လုပ်ဆောင်ချက်မျိုးစုံဖြင့် ပြည့်နှက်သွားရုံသာမက စုကျင်း၏ ပုဂ္ဂိုလ်ရေး ဘလော့ဂ်မှ မှတ်ချက်ကဏ္ဍကလည်း လျင်မြန်စွာ ကျူးကျော်ခြင်းကို ခံလိုက်ရတော့၏။

[ ကျေးဇူးပြုပြီး! ကျွန်မ နောက်အပတ်မှာ စာမေးပွဲရှိလို့၊ ဒီတစ်ခေါက် သေချာပေါက် ကျရှုံးပါစေလို့ ဆုတောင်းပေးပါဦး! ]

[ ကျွန်တော်က အစိုးရဝန်ထမ်း စာမေးပွဲအတွက်ကို ပြင်ဆင်နေတာပါ၊

ကျေးဇူးပြုပြီး၊ ကျေးဇူးပြုပြီး ကျွန်တော်က သေချာပေါက် အောင်မှာမဟုတ်ဘူးလို့ ပြောပေးပါလား ]

[ စုကျင်း၊ ကျွန်မက ရှင့်ရဲ့ (၁၀) နှစ်တာ ပရိသတ်ပါ၊ ကျွန်မကို အရင်ဆုံး ဆုတောင်းပေးလို့ ရမလား၊

နောက်လထဲမှာ ကျွန်မကို အလုပ်ကောင်းကောင်း မရပါစေနဲ့လို့ပဲ ဆုတောင်းပေးပါနော် ]

[ ရယ်လွန်းလို့ သေတော့မယ်၊ စုကျင်း အနုပညာလောကထဲကို ရောက်တာ (၁၀) နှစ်တောင် မပြည့်သေးဘူးလေ! မင်းက လောဘကြီးတဲ့ ပရိသတ်အတုပဲ! (ကြောင်လေး ရယ်နေ) ]

[ စုကျင်း၊ ဒီကိုကြည့်ပါဦး! ဒီမှာ ကြည့်စမ်း! သူတို့တွေက လောဘကြီးတဲ့ လူသားတွေချည်းပဲ! ကျွန်မကတော့ မတူဘူး၊

ကျွန်မက နောက်လထဲမှာ ကျွန်မရဲ့ ဖူးစာဖက်ကို မတွေ့ပါစေနဲ့လို့ပဲ ဆုတောင်းချင်တာ! ]

[ စုကျင်း၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို ပြောပေးပါ ၊ ငါ နောက်ထပ် (၁၀) နှစ်လောက်အထိ ဘာလုပ်လုပ် ကံဆိုးပါစေလို့လေ၊ ရမလား (ရှက်နေ) ]

ဤထူးဆန်းသော မြင်ကွင်းက တခြားသော အင်တာနက်အသုံးပြုသူများကိုလည်း လာရောက်၍ ကြည့်ရှုရန်အတွက်ကို ဆွဲဆောင်လိုက်လေ၏။

[ ? ဒီဘက်ခေတ်မှာ ကိုယ့်ကိုယ်ကိုယ် အရှုံးပေးတဲ့ နည်းလမ်းတွေက ဒီလောက်တောင် ဆန်းသစ်နေတာလား ]

[ နာမည်ကြီးနေလို့ လာကြည့်တာ၊ ဒါက ဘာကြီးလဲ ဟားဟား ]

[ (မှင်သက်နေ) ဒါက ဘယ်လိုမျိုး ထူးဆန်းတဲ့ လုပ်ရပ်ကြီးလဲ! ]

*

အခန်း(52)

ကြည့်ရှုသူ အင်တာနက်အသုံးပြုသူများက အကြောင်းရင်းကို နားလည်သွားကြပြီးနောက်တွင် စုကျင်း၏ မှတ်ချက်ကဏ္ဍတွင် ပြောင်းပြန်ဆုတောင်းသံများဖြင့် လျင်မြန်စွာ လွှမ်းမိုးသွားတော့သည်။

ထို့မျှသာမက ခေတ်စားနေသော ရှာဖွေမှုဇယား၏ ထိပ်ဆုံးသို့ပင် တိုက်ရိုက် ရောက်ရှိသွားတော့၏။

စုကျင်းက အွန်လိုင်းပေါ်ရှိ ရုတ်ရုတ်သဲသဲ ဖြစ်နေမှုများကို မသိရှိပါချေ။

သူ၏ မတိုင်မီက နုတ်စွမ်းအားကြောင့် အင်တာနက်အသုံးပြုသူပေါင်းများစွာ၏ မျက်စိထဲတွင် သူက နိမိတ်မကောင်းသော ကံကောင်းခြင်းသင်္ကေတတစ်ခု ဖြစ်နေသည်ကိုလည်း မသိရှာပေ။

သူက သွားလာရေးကတ်ကို အသုံးပြု၍ သူတို့၏ တာဝန်နေရာသို့ ရောက်ရှိသွားပြီဖြစ်သည်။

သစ်သီးခြံ။

သစ်သီးခြံ၏ အဝင်ဝတွင် ရပ်နေရင်း ထောင်ထောင်၏ ပါးစပ်လေးက ဟောင်းလောင်း ပွင့်နေရုံသာမက စုကျင်းသည်လည်း အံ့သြလွန်းသောကြောင့် မျက်လုံးများက ပြူးကျယ်သွားရသည်။

ကင်မရာထဲတွင် ပေါ်လာသည်က ကြီးမားလွန်းသော သစ်သီးခြံကြီး ဖြစ်၏။

ပထမဆုံး အုပ်စုဖြစ်သည့် စုကျင်းနှင့် ထောင်ထောင်တို့က ရောက်ရှိလာသည့်အချိန်တွင် ထုတ်လုပ်ရေးအဖွဲ့က ဒရုန်းကို အသုံးပြု၍ ကောင်းကင်ယံမှ ရိုက်ချက်ဖြင့် သစ်သီးခြံ၏ လှပသော မြင်ကွင်းကို တိုက်ရိုက်လွှင့်ထုတ်မှုမှ ပရိသတ်များကို ပြသလိုက်လေသည်။

[ အို ဘုရားရေ! ဒါက သစ်သီးခြံလား၊ အရမ်းကို ကြီးမားတာပဲ! ]

[ ဒါက အတော်လေးကို ကျယ်ဝန်းတဲ့ ဧရိယာပဲ၊ နာမည်ကြီး ကမ္ဘာလှည့်ခရီးသွားနေရာ မဟုတ်ပေမယ့် အဆောက်အဦးတွေကတော့ အတော်လေး စုံလင်ပုံရတယ်၊

ထုတ်လုပ်ရေးအဖွဲ့က ဒီလိုနေရာမျိုးကို ဘယ်လို ရှာတွေ့တာလဲ ]

[ ငါကတော့ လယ်တောထဲက အိမ်လေးတစ်လုံးလောက်ပဲ ထင်ထားတာ၊ ငါ့ရဲ့ အသိပညာက အရမ်းကို နည်းပါးလွန်းနေပြီ ထင်တယ် ]

[ ဂျမ်ဘူသီး၊ စတော်ဘယ်ရီ၊ စပျစ်သီး၊ မက်မွန်သီး၊ အုန်းသီး၊ ဒါက သစ်သီးချစ်သူတွေအတွက်တော့ ကောင်းကင်ဘုံပဲ! ]

[ ဟေး.. ငါက ဗီဒီယိုထဲမှာ စားသောက်ဆိုင်နဲ့ အကင်ဘူဖေးကိုတောင် မြင်လိုက်ရတယ် ]

[ ငါက အခုပဲ စစ်ကြည့်လိုက်တာ၊ ဒီသစ်သီးခြံရဲ့ ဝင်ကြေးက အရမ်းမကြီးဘူး၊

တကယ်လို့ သစ်သီးခူးပြီးတော့ အထဲမှာတင် အကုန်စားရင် အခမဲ့ပဲတဲ့၊

အိမ်ပြန်ယူချင်ရင်တော့ ဒေသတွင်း လက်ကားဈေးနဲ့ ဝယ်လို့ရတယ်၊ တကယ့်ကို တန်တာပဲ! ]

[ ?! တကယ်လား၊ ငါ ရုတ်တရက် စိတ်ဝင်စားသွားပြီ! ]

[ မကြာခင်မှာ အားလပ်ရက် အတိုလေးက လာတော့မှာပဲ၊ သွားပြီးတော့ အနားယူဖို့အတွက် တကယ့်ကို အခွင့်အရေးကောင်းပဲ ]

ထိုနေ့တွင် မင်းဘယ်ကိုသွားမလဲဘေဘီ အစီအစဉ်နှင့် သစ်သီးခြံတို့၏ ပူးပေါင်း၍ ဆောင်ရွက်ထားသော ဝန်ဆောင်မှု ဖုန်းလိုင်းက အင်တာနက်အသုံးပြုသူများ၏ စိတ်အားထက်သန်စွာ ဆက်သွယ်မေးမြန်းမှုများကြောင့် အလုပ်များလွန်း၍ ပြတ်တောက်လုနီးပါး ဖြစ်ခဲ့ရ၏။

ထောင်ထောင်က သစ်သီးခြံ၏ ကြီးမားပုံကို အံ့သြနေချိန်မှာပင် တခြားအုပ်စုများမှ ဧည့်သည်များကလည်း တစ်ဖွဲ့ပြီးတစ်ဖွဲ့ ရောက်ရှိလာကြသည်။

ကလေးများ၏ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်သံများနှင့်အတူ သူတိုက ခြင်းတောင်းများကို ကိုင်ဆောင်ပြီး သစ်သီးခြံထဲသို့ ပြေးဝင်သွားကြ၍ အလုပ်သင်မိဘများက လိုက်နိုင်ရန်ပင် ခဲယဉ်းနေ၏။

သစ်သီးခြံထဲတွင် သစ်သီးမျိုးစုံကရှိနေသောကြောင့် ကလေးများက မည်သည်ကိုရွေးရမည်ကိုပင်မသိအောင် ဖြစ်နေကြသည်။

“ဝိုး! သရက်သီးတွေ!”

မုန်လျို့က ခေါင်းကိုမော့ကြည့်လိုက်ပြီး သစ်ပင်ပေါ်ရှိ သရက်သီးများကို မြင်သည့်အချိန်တွင် မျက်လုံးလေးများက တောက်ပသွားရ၏။

ကုရှန်ရှန်၏ အာရုံက ဖန်လုံအိမ်ထဲရှိ စတော်ဘယ်ရီသီးများထံသို့ ချက်ချင်းပင် ရောက်ရှိသွားသည်။

“စတော်ဘယ်ရီတွေက အများကြီးပဲ”

ချောင်ဟောက်ယွီက ဖရဲသီးစိုက်ခင်း၏ ဘေးတွင် ဆောင့်ကြောင့်ထိုင်ပြီး အလေးအနက် စဉ်းစားနေသည်။

“သူငယ်ချင်းတို့.. ဘယ်လိုထင်လဲ၊ ငါတို့က ဖရဲသီးတစ်လုံးကို ခူးပြီးတော့ အိမ်ကို ပြန်ယူသွားရင် ကောင်းမလား”

ကလေးများထဲတွင် ဖုန်းကျားယန်က အတည်ငြိမ်ဆုံးပင် ဖြစ်၏။

တခြားကလေးများက ပြေးထွက်သွားကြသော်လည်း ဖုန်းကျားယန် တစ်ဦးတည်းကသာ ကုန်းယောင်၏ ဘေးတွင် တိတ်ဆိတ်စွာ လျှောက်လှမ်းနေသည်။

သူက သူကိုယ်သူ မသိလိုက်ဘဲ အလုပ်သင်မိဘများ၏ အုပ်စုထဲသို့ ရောက်ရှိနေခဲ့၏။

ကုန်းယောင်က ဖုန်းကျားယန်ကို ငုံ့ကြည့်လိုက်ပြီးမေးလိုက်လေသည်။

“ကျားကျား၊ မင်းကလည်း သူတို့နဲ့အတူ သွားမဆော့ချင်ဘူးလား”

ဖုန်းကျားယန်က တည်ငြိမ်စွာဖြင့် ခေါင်းကို ခါပြလိုက်ပြီး ပြောလိုက်လေသည်။

“ဒါက ကုန်သည်တွေရဲ့ ကြော်ငြာနည်းဗျူဟာ တစ်ခုပါပဲ၊

တကယ်လို့ ကျွန််တော်တို့ စားတဲ့ သစ်သီးကို လက်ကားဈေးနဲ့ တွက်ကြည့်မယ်ဆိုရင် ပုံမှန်အားဖြင့် ဝင်ကြေးကိုတောင် ပြန်ကာမိမှာ မဟုတ်ဘူးလေ၊

တကယ်လို့ အပြင်ကို သစ်သီးကိုယူသွားချင်ရင်လည်း လက်ကားဈေးနဲ့ပဲ ပြန်ဝယ်ရမှာဆိုတော့ ခြံရဲ့အတွက် သယ်ယူပို့ဆောင်ရေးစရိတ်က သက်သာသွားတာပေါ့”

ဖုန်းကျားယန်၏ ခွဲခြမ်းစိတ်ဖြာမှုကို နားထောင်ပြီးနောက်တွင် ကုန်းယောင်၏ နှုတ်ခမ်းဖျားတွင် အကူအညီမဲ့သော အပြုံးလေးတစ်ခုက ပေါ်လာခဲ့သည်။

သူမက လက်ကို မြှောက်လိုက်ပြီး ဖုန်းကျားယန်၏ ဦးခေါင်းလေးကို အသာအယာ ပွတ်သပ်ပေးလိုက်ပေသည်။

ဖုန်းကျားယန်က ခဏမျှ အံ့အားသင့် သွားချိန်မှာပင် ကုန်းယောင်၏ အသံကို ကြားလိုက်ရ၏။

“တကယ်တော့ တစ်ခါတလေကျရင် အဲဒီလောက်အထိ အများကြီးကို တွေးနေဖို့ မလိုပါဘူး၊

မင်း သူငယ်ချင်းတွေနဲ့အတူ သွားဆော့ချင်လားဆိုတာကိုပဲ ကိုယ့်ကိုယ်ကိုယ် မေးကြည့်လိုက်လေ”

ကုန်းယောင်၏ စကားကို ကြားသည့်အချိန်တွင် ဖုန်းကျားယန်က တိတ်ဆိတ်သွားရသည်။

နောက်တစ်စက္ကန့်တွင် ဖုန်းကျားယန်က လက်ကို တိတ်တဆိတ် မြှောက်ပြီး မလှမ်းမကမ်းရှိ နေရာတစ်ခုသို့ ညွှန်ပြလိုက်လေ၏။

“ထောင်ထောင်လိုမျိုး ဆော့ရမှာလား”

“ဟုတ်တယ်.. ထောင်ထောင်လိုမျိုး...”

ကုန်းယောင်၏ စကားလုံးများက ထောင်ထောင်၏ အခြေအနေကို မြင်လိုက်ရသည့် ခဏ၌ ရပ်တန့်သွားပြီး သူ၏မျက်လုံးများက ကျယ်သွားရတော့သည်။

“အို ဘုရားရေ! ထောင်ထောင်မှာ အန္တရာယ်ရှိနေပြီ!”

ထောင်ထောင်က သူ့ကိုယ်သူ မသိလိုက်ဘဲ အဓိက အုပ်စုနှင့် ဝေးရာသို့ ရောက်သွားခဲ့ပြီး ဒါရိုက်တာကိုပင် မျက်ခြေပြတ်သွားခဲ့၏။

တိုက်ရိုက်ထုတ်လွှင့်မှု ကင်မရာက ထောင်ထောင်ထံသို့ ပြန်လည်၍ ရောက်ရှိလာသည်အချိန်တွင် သူမက အုန်းပင်တစ်ပင်၏ ပင်စည်ကို ဖက်တွယ်လျက် အပေါ်သို့ တက်နေသည်ကို ပြသနေသည်။

စုကျင်းက ခေါင်းကို မော့ကြည့်လိုက်ပြီး ပင်စည်ပေါ်ရှိ ထောင်ထောင်ကို မြင်လိုက်ရသည့် ခဏ၌ သူ၏ နှလုံးခုန်သံက ရပ်တန့်လုနီးပါးပင် ဖြစ်သွားရ၏။

“ထောင်ထောင်!”

စုကျင်းကအော်ဟစ်လိုက်သော်လည်း ထောင်ထောင်ကို လန့်သွားမည် စိုးသောကြောင့် ခဏမျှ တုံ့ဆိုင်းသွားရပြန်သည်။

ထောင်ထောင်က ရပ်တန့်မည့် အရိပ်အယောင်မရှိဘဲ အပေါ်သို့သာ ဆက်လက်၍ တက်နေသည်ကို မြင်သည့်အချိန်တွင် စုကျင်းက အံကို ကြိတ်ပြီး ဒါရိုက်တာဘက်သို့ လှည့်ကြည့်လိုက်လေ၏။

“လှေကား ရှိလား”

[ အို ဘုရားရေ၊ စုကျင်းက ဘာလုပ်ဖို့ကို ကြံနေတာလဲ ]

မကြာမီမှာပင် ခြံ၏ ဝန်ထမ်းများက လှေကားတစ်စင်းကို ယူဆောင်လာကြသည်။

ထိုအချိန်တွင် ထောင်ထောင်ကအုန်းပင်၏ အပေါ်ဖျားသို့ ရောက်လုနီးပါးပင် ဖြစ်နေပြီ ဖြစ်နေ၏။

ဝန်ထမ်းများက စုကျင်းကို အုန်းပင်၏ ဘေးတွင် လှေကားထောင်ပေးရန်အတွက်ကို ကူညီပေးကြသည်။

စုကျင်းက လှေကားပေါ်သို့ သတိကြီးစွာဖြင့် တက်သွားပြီး ပင်စည်၏ အနားသို့ ချဉ်းကပ်လိုက်လေ၏။

သူ၏ ကျောပြင်တစ်ခုလုံးကလည်း အေးစက်သော ချွေးအေးများဖြင့် စိုရွှဲနေလေသည်။

သူက ထောင်ထောင်ထံသို့ လက်လှမ်းလိုက်ပြီးပြောလိုက်လေ၏။

“ထောင်ထောင်၊ အဲဒါကို ငါ့ကိုပေး”

လောနေသောကြောင့် စုကျင်းက သူ၏ စကားကို အဆုံးအထိ မပြောနိုင်ခဲ့ပေ။

အုန်းပင်၏ အထက်သို့ ရောက်နေသော ထောင်ထောင်က ခေါင်းကိုငုံ့ကြည့်လိုက်သည့်အချိန်တွင် ရုတ်တရက် မျက်လုံးလေးများက ပြူးသွား၏။

သူမရဲ့ ကောကောက ဘယ်လိုလုပ်ပြီးတော့ ဒီအပေါ်ကို ရောက်လာတာလဲ။

အပေါ်သို့ တက်ခြင်းကိုသာ အာရုံစိုက်နေသောကြောင့် ထောင်ထောင်က အောက်မှ ဆူညံပွက်လောရိုက်နေမှုများကို သတိမထားမိခဲ့ပေ။

သူမက မျက်တောင်ခတ်လိုက်ပြီးနောက် စုကျင်း၏ စကားကို ကြားလိုက်ရသည်။

ငါ့ကိုပေး ဟုတ်လား!

ထောင်ထောင်က သစ်ပင်ပေါ်ရှိ အုန်းသီးများကို မော့ကြည့်လိုက်ပြီး သူက မည်သည်ကို ဆိုလိုသည်ဆိုသည်ကို ချက်ချင်းပင် သဘောပေါက်သွားတော့၏။

နောက်တစ်စက္ကန့်တွင် လူတိုင်း၏ စိုးရိမ်ထိတ်လန့်နေသော အကြည့်အောက်၌ ထောင်ထောင်က မည်သည်ကိုမျှ အားစိုက်စရာ မလိုဘဲ အုန်းသီးတစ်လုံးကို လက်ဗလာဖြင့် ဆွဲခူးလိုက်ပြီး စုကျင်းထံသို့ လှမ်းပေးလိုက်လေတော့သည်။

အုန်းသီးကို လက်ခံရရှိလိုက်သော စုကျင်း: ?

တိုက်ရိုက်လွှင့်ထုတ်မှုမှ ကြည့်ရှုသူများ: !

[ အံ့သြစရာကြီး၊ ဒါမျိုးက တကယ့်လက်တွေ့ဘဝမှာ တကယ်ရော ဖြစ်နိုင်လို့လား ]

[ ..တကယ်လို့ ဒါက တိုက်ရိုက်လွှင့်နေတာသာ မဟုတ်ရင် ငါ ကန့်ကွက်မိမှာ သေချာတယ်၊

လက်တွေ့ဘဝရိုက်ချက်ထဲက ဒီလိုမျိုးကို ကြိုတင်စီစဉ်ထားတဲ့ အခန်းကတော့ သိပ်ကို အဓိပ္ပာယ်မရှိလွန်းဘူး ]

[ @သိပ္ပံပညာသို့ ချဉ်းကပ်ခြင်း အစီအစဉ်အဖွဲ့သားတို့၊ ဒီမှာကြည့်ကြပါဦး! တစ်ယောက်ယောက်ကတော့ လူလိမ်လုပ်နေပြီ! ]

[ ဘုရားရေ၊ ဒါက အရမ်းကို လွန်လွန်းတယ်! လူကြီးတွေက တောင် သစ်ပင်တက်ပြီး အုန်းသီးခူးဖို့အတွက် ခက်ခဲတာ၊ အခုဟာက ကလေးလေးတစ်ယောက်လေ ]

[ ငါ့ရဲ့ မျက်နှာအမူအရာက စုကျင်းနဲ့ ထပ်တူပဲ၊ စုကျင်းက ဆွံ့အသွားတာကို မပြောနဲ့၊ ငါလည်း ဆွံ့အသွားပြီ! ]

ဤတိုက်ရိုက်ထုတ်လွှင့်မှုက အွန်လိုင်းပေါ်တွင် တဖြည်းဖြည်းနှင့် ရုတ်ရုတ်သဲသဲ ဖြစ်လာခဲ့၏။

ရိုက်ကူးရေးနေရာ၌ အုန်းသီးကို လက်ခံရရှိပြီးနောက်တွင် စုကျင်းက ခဏမျှ အံ့အားသင့် သွားရပြီးမှ တခြားဝန်ထမ်းများထံသို့ ချက်ချင်း လွှဲပေးလိုက်လေသည်။

ထို့နောက်တွင် သူက ထောင်ထောင်ကို အုန်းပင်ပေါ်မှ ချက်ချင်း ပြန်ခေါ်ချလိုက်တော့၏။

စုကျင်းက ထောင်ထောင်ကို ပွေ့ချီထားသော်လည်း သူကိုယ်တိုင် စစ်ဆေးရန်အတွက် မသင့်တော်သောကြောင့် ကုန်းယောင်ကို ကလေးကို ကြည့်ရှုပေးရန်အတွက် အကူအညီတောင်းလိုက်လေ၏။

ထောင်ထောင်တွင် ဒဏ်ရာအနာတရ မရှိကြောင်းကို အတည်ပြုပြီးနောက်မှသာ ဘေးနားရှိ လူကြီးများက သက်ပြင်းချနိုင်ကြတော့သည်။

ထောင်ထောင်က မြေပြင်ပေါ်သို့ ရောက်သည်နှင့် ကလေးများစွာက သူမကို ဝိုင်းအုံလာကြပေ၏။

“ဝိုး! ထောင်ထောင်က အရမ်းကိုတော်တာပဲ!”

ကုရှန်ရှန်က မျက်လုံးလေးများက တောက်ပလျက် အံ့သြတကြီးဖြင့် ရေရွတ်ရင်း ထောင်ထောင်ကို ပတ်ကြည့်နေ၏။

တခြားကလေးများ၏ ချီးကျူးသံများ၏ ကြား၌ ထောင်ထောင်ကဒါရိုက်တာ ကျိုးထင်နှင့် မျက်မှောင်ကြုတ်၍ စကားပြောနေသော စုကျင်းကို မော့ကြည့်လိုက်မိသည်။

သူမ၏ လက်ချောင်းလေးများကလည်း စိုးရိမ်တကြီးဖြင့် တစ်ခုနှင့်တစ်ခုကို လိမ်ယှက်နေမိ၏။

“ထောင်ထောင်က တစ်ခုခုကို မှားသွားလို့လား”

“မမှားပါဘူး၊ အဲဒီအပင်ပေါ်ကိုတက်တာက တကယ့်ကို မိုက်တယ်!”

ချောင်ဟောက်ယွီက မျက်လုံးအဝိုင်းသားဖြင့် အော်ပြောလိုက်လေ၏။

တခြားကလေးများက ထောင်ထောင်ကို နှစ်သိမ့်နေကြချိန်တွင် ဖုန်းကျားယန်က တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။

“ဟုတ်တယ်၊ မင်းလုပ်တာ မှားတယ်”

*

All Chapters