← Chapters

အခန်း (၅၃-၅၄)

Vol. 6 Ch. 53-54

အခန်း (၅၃-၅၄)

Vol. 6 Ch. 53-54

အခန်း(53)

“နင် ဘာပြောလိုက်တာလဲ!”

ကုရှန်ရှန်က မျက်ခုံးကို ဒေါသတကြီးပင့်လိုက်ပြီး ချောင်ဟောက်ယွီကလည်း ဖုန်းကျားယန်ကို စိုက်ကြည့်လိုက်လေသည်။

ပုံမှန်အားဖြင့် စိတ်သဘောထားကောင်းသော မုန်လျို့ပင်လျှင် မကျေနပ်သည့်အမူအရာဖြင့် မျက်မှောင်ကြုတ်လိုက်လေ၏။

ဖုန်းကျားယန်က နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး ထောင်ထောင်၏ မျက်လုံးများကို တည့်တည့်စိုက်ကြည့်လိုက်လေသည်။

“ထောင်ထောင်၊ လူတိုင်းက မင်း တစ်ခုခုကို ဖြစ်သွားမှာကို စိတ်ပူနေကြတာ”

ထောင်ထောင်၏ လက်လေးများက အနည်းငယ် တုန့်ခနဲ ဖြစ်သွားရပြီး ခေါင်းလေးစောင်းလိုက်လေသည်။

“စိုးရိမ်လို့လား”

ဖုန်းကျားယန်က ခေါင်းကိုငြိမ့်ပြလိုက်လေသည်။

“မင်း ဒဏ်ရာရမှာကို ငါတို့က စိုးရိမ်တယ်၊ မင်း ပြုတ်ကျမှာကို ကြောက်တယ်၊ မင်း အန္တရာယ်ဖြစ်မှာကို ထိတ်လန့်နေတာ၊ ငါတို့က...”

သူက စကားကို ရပ်လိုက်လေသည်။

ကျန်ရှိနေသော စကားစုကို အဆုံးသတ်ရန်က သူ့အတွက် အလွန်ပင် ရှက်စရာကောင်းနေပုံရ၏။

“ဘာဖြစ်မှာလဲ”

ထောင်ထောင်က တွန့်ဆုတ်နေသော ဖုန်းကျားယန်ကို ကြည့်ရင်း စူးစမ်းလိုစိတ်ဖြင့် သူ၏ အနားသို့ တိုးကပ်သွားလေ၏။ ဖုန်းကျားယန်တစ်ယောက် မသိစိတ်ဖြင့် မျက်နှာလေး နီရဲသွားရတော့သည်။

သူတို့၏ စကားဝိုင်းကို ကြားသည့်အချိန်တွင် ကုန်းယောင်က ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ဖုန်းကျားယန်၏ ဦးခေါင်းလေးကို အသာအယာ ပွတ်သပ်ပေးပြီး အပြုံးတစ်ခုနှင့် ပြောလိုက်လေ၏။

“ကျားကျားက ပြောချင်တာက.. သူက သမီးကို ဂရုစိုက်တယ်တဲ့”

“ကုန်းကျဲကျဲ!”

သူ၏ စိတ်ကူးများက ပေါ်သွား

သောကြောင့် ဖုန်းကျားယန်က မျက်နှာနီရဲလျက် မော့ကြည့်ပြီး အော်လိုက်လေသည်။

ကုန်းယောင်က အပြုံးတစ်ခုနှင့် ပြောလိုက်လေသည်။

“စောတာ နောက်ကျတာက အရေးမကြီးပါဘူး”

“ဒါပေါ့၊ ကျဲကျဲတို့ အားလုံးက သမီးကို ဂရုစိုက်ကြတယ်”

ထောင်ထောင်က စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းကို ငြိမ့်ပြလိုက်လေ၏။

ထိုသို့ဆိုလျှင် သူမ သစ်ပင်ပေါ်သို့ ရောက်နေချိန်တွင် လူတိုင်း၏ တုံ့ပြန်မှုက သူမအတွက်စိုးရိမ်နေကြခြင်းများလား။

ထောင်ထောင်က ဖုန်းကျားယန်တစ်ယောက် ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကို လွှဲသွားသည်ကို ကြည့်ပြီး သူ့အနားသို့ လျှောက်သွားလိုက်လေသည်

ထို့နောက် သူမက သူ၏ လက်လေးကို ကိုင်လျက် အသာအယာ လှုပ်ယမ်းလိုက်လေ၏။

“ကျားကျား၊ ထောင်ထောင် တောင်းပန်ပါတယ်၊ ထောင်ထောင်ကြောင့် စိတ်ပူသွားစေမိပြီ”

ဖုန်းကျားယန်က ထောင်ထောင်ကို ချက်ချင်းပင် မော့ကြည့်လိုက်ပြီးနောက် အနေရခက်စွာဖြင့် မျက်နှာကို လွှဲလိုက်ပြန်သည်။

“ရ..ရပါတယ်”

“ဒါဆို ထောင်ထောင်တို့က ပြန်တည့်သွားပြီလား”

ထောင်ထောင်က ခေါင်းလေးစောင်း၍ မေးလိုက်လေ၏။

ဖုန်းကျားယန်က မရိုးမသားဖြင့် ခပ်တိုးတိုး ရေရွတ်လိုက်လေသည်။

“ငါတို့က ဘယ်တုန်းက မတည့်ဘဲ နေလို့လဲ”

“ဘာပြောတာလဲ”

ထောင်ထောင်က ဖုန်းကျားယန်၏ စကားကို ကြားလိုက်သော်လည်း ရည်ရွယ်ချက်ရှိရှိဖြင့် ခေါင်းလေးကို စောင်းငဲ့၍ သူ့ကို ကြည့်လိုက်လေ၏။

“ငါက ပြောတာက..”

ဖုန်းကျားယန်က ခေါင်းလေးကိုလှည့်လိုက်၍ ထောင်ထောင်၏ မျက်နှာပေါ်ရှိ အပြုံးကို မြင်လိုက်ရသောကြောင့် ချက်ချင်းပင် သဘောပေါက်သွားရတော့သည်။

“မင်းက ခုနက ကြားလိုက်တယ် မဟုတ်ဘူးလား!”

ထောင်ထောင်က အပြစ်ရှိသကဲ့သို့သူမ၏ မျက်နှာလွှဲလိုက်လေ၏။

“မကြားပါဘူး”

“ကြားပါတယ်!”

“မကြားပါဘူးဆို”

*

ကလေးများက ဆော့ကစားနေကြချိန်မှာပင် စုကျင်းက ဒါရိုက်တာ ကျိုးထင်နှင့် အရေးတကြီး ညှိနှိုင်းနေခဲ့၏။

ထိုရိုက်ကူးချက်က အလွန်ပင် ဆွဲဆောင်မှုရှိပြီး ထုတ်လွှင့်လိုက်ပါက အစီအစဉ်၏ အဓိက အသားပေးတင်ဆက်မှု ဖြစ်လာမည်က သေချာသည်။

သို့သော် ဤသည်က ထောင်ထောင်ကို လူအများ၏ အာရုံစိုက်မှုအောက်သို့ ရောက်ရှိသွားစေမည် ဖြစ်၏။

စုကျင်းနှင့် ထုတ်လုပ်ရေးအဖွဲ့တို့က ထောင်ထောင်နှင့် ပတ်သက်သည့် အများပြည်သူ၏ ထင်မြင်ယူဆချက်များကို စုကျင်း၏ စီမံခန့်ခွဲရေးအဖွဲ့က တာဝန်ယူဖြေရှင်းရန်နှင့် အွန်လိုင်းပေါ်ရှိ အဆိုးမြင်မှတ်ချက်များကို အနည်းဆုံးဖြစ်အောင် လျှော့ချရန်အတွက် သဘောတူညီခဲ့ကြသည်။

ကျိုးထင်ကလည်း ကလေးများကို အလွန်အကျွံ အမြတ်ထုတ်လိုခြင်း မရှိသည့်အပြင် ဤအစီအစဉ်ကလည်း စရိတ်သက်သာလွန်းသောကြောင့် စုကျင်းနှင့် ကနဦး ညှိနှိုင်းပြီးနောက်တွင် သဘောတူလိုက်လေ၏။

သို့သော် စုကျင်းက မိုက်ခရိုဖုန်းကို ပြန်တပ်လိုက်ချိန်မှာပင် ကျိုးထင်က သူ့ကို ကြည့်ပြီး ရုတ်တရက် ပြုံးလိုက်လေသည်။

“မင်း တကယ်ကြီးအစ်ကိုကောင်း တစ်ယောက်လိုမျိုး ပြုမူလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး”

“ဘာပြောလိုက်တာလဲ”

စုကျင်းက အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်ပြီး မျက်မှောင်ကြုတ်လိုက်သော်လည်း ကျိုးထင်၏ မျက်နှာက ရုတ်တရက် လေးနက်သွားသည်ကို မြင်လိုက်ရ၏။

“မင်း တကယ်ပဲ ထောင်ထောင်ကို ဂရုစိုက်တာဆိုရင် အစီအစဉ်ထဲမှာရော ..အပြင်မှာရော၊ အခုရော.. နောက်ပိုင်းမှာရော ဒီစိတ်ဓာတ်ကိုပဲ ထားပေးပါ”

ကျိုးထင်၏ အကြည့်က စတူဒီယိုထဲရှိ ထောင်ထောင်ထံသို့ ကျရောက်သွားပြီး သူမ၏ မျက်ဝန်းထဲတွင် သတိမမူမိနိုင်လောက်သော သနားကြင်နာမှု အရိပ်အယောင်လေး တစ်ခုက ပေါ်လာခဲ့သည်။

“သူမကို သူမရဲ့ မိသားစု ဆီကနေ နောက်ထပ် ဒဏ်ရာမရပါစေနဲ့တော့”

စတူဒီယိုသို့ ပြန်ရောက်သည့်တိုင်အောင် စုကျင်းက ကျိုးထင်၏ စကားများကို စဉ်းစားနေမိ၏။

ကျိုးထင််က ထောင်ထောင်၏ မိသားစုအကြောင်းကို တစ်ခုခုကို သိထားသည်က သေချာလွန်းပေသည်။

ထိုနေ့ညနေတွင် ကင်မရာတိုင်းကို ဖယ်ရှားပြီးနောက်တွင် စုကျင်းက ကျိုယန်ရှားထံမှ ထောင်ထောင်နှင့် ပတ်သက်သော စုံစမ်းစစ်ဆေးမှု အချက်အလက်များကို လက်ခံရရှိခဲ့၏။

စုံစမ်းစစ်ဆေးမှု အချက်အလက်များကို ဖွင့်ကြည့်လိုက်သည့်အချိန်တွင် စုကျင်းတစ်ယောက် မှောင်မိုက်နေသော အခန်းထဲတွင် မျက်လုံးများစူးရဲသွားခဲ့ရသည်။

“ဒါက.. “

သတင်းအချက်အလက်များ လွှမ်းမိုးနေသော ဤခေတ်ကြီးတွင် မိသားစုတစ်ခု၏ နောက်ကြောင်းကို စုံစမ်းရန်အတွက် ခက်ခဲလွန်းသည်ဟု ထင်ရသည်။

သို့သော် ထိုးထွင်းသိမြင်တတ်သော မျက်လုံးမျိုးရှိပါက အမှန်တရားက မကြာမီတွင် ပေါ်ထွက်လာမြဲပင်။

ဒါရိုက်တာ ကျိုးထင်က ထောင်ထောင်ကို အိမ်သို့လိုက်ပို့ရုံမျှဖြင့် ရိပ်မိခဲ့သော အကြောင်းအရာများကို ကျိုယန်ရှားက စေလွှတ်လိုက်သော ကိုယ်ပိုင်စုံစမ်းရေးမှူးက ပိုမို၍ မြန်ဆန်ရှင်းလင်းစွာ ဖော်ထုတ်ပေးလိုက်နိုင်သည်။

စုကျင်း၏ ဖုန်းထဲသို့ ပထမဆုံး ပေးပို့လာသော သဲလွန်စက ရိုက်ကူးရေးအဖွဲ့သားတစ်ဦးက ရိုက်ကွင်းတစ်ခုတွင် တိတ်တဆိတ် ရိုက်ကူးထားသော ဗီဒီယိုဖိုင်ဖြစ်ပြီး ဤသည်ကို စုံစမ်းရေးမှူးက ငွေပေး၍ ဝယ်ယူခဲ့ခြင်းဖြစ်၏။

ထိုအဖွဲ့သားက မူလက ထိုဗီဒီယိုဖြင့် မိဘများထံမှ ငွေညှစ်ရန်အတွက် ကြံစည်ခဲ့သော်လည်း မိဘများက လုံးဝကို ဂရုမစိုက်ခဲ့ကြပေ။

ထို့ကြောင့်ပင် စုံစမ်းရေးမှူး၏ အနေဖြင့် ဤဗီဒီယိုကို အမှတ်မထင် ရရှိခဲ့ခြင်း ဖြစ်သည်။

စုကျင်းက ဗီဒီယိုကို ဖွင့်လိုက်သည်နှင့် အပေါ်ထပ်ဝတ်အင်္ကျီကို ဝတ်ဆင်ထားသော သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးက အရှေ့မှလူကို အော်ဟစ်ဆဲဆိုပြီး အကြီးအကျယ် စကားများနေသည်ကို မြင်လိုက်ရ၏။

စုကျင်းက နားကြပ်ကို တပ်လိုက်ပြီး အသံကို အဆုံးထိ မြှင့်လိုက်မှသာ ထိုအမျိုးသမီးက အော်ဟစ်နေသော အကြောင်းအရာကို ကြားလိုက်ရတော့သည်။

“ဒီလောက် အေးနေတာကို! ငါ့ကလေးကို ရိုက်ကူးရေးအတွက်ကို အဝတ်အစားပါးပါးလေးကိုပဲ ဝတ်ခိုင်းထားတယ်!

တကယ်လို့ သူ အအေးမိသွားရင် ဘယ်လိုလုပ်မလဲ၊ မင်းတို့တွေ ဆေးဖိုးပေးရမှာနော်၊ ဟုတ်တယ်မလား၊ ပြီးတော့ အရင်က ပြောထားတဲ့ အခကြေးငွေတွေကရော”

ဤစကားကိုသာ ကြားရပါက တချို့လူများက သူမအနေဖြင့် ကလေးကို အမှန်တကယ်ပင် စိုးရိမ်နေသည်ဟု ထင်မှတ်ပြီး လှည့်စားခြင်းကိ ခံရနိုင်၏။

သို့သော် စုကျင်း၏ အကြည့်က ဗီဒီယို၏ ထောင့်စွန်းတစ်နေရာသို့ ချက်ချင်းပင် ကျရောက်သွားရ၏။

ခိုက်ခိုက်တုန်အောင် အေးလွန်းသော ရာသီဥတုတွင် ပတ်ဝန်းကျင်ရှိ ဝန်ထမ်းများအားလုံးက ထူထဲသောအပေါ်ထပ်အင်္ကျီများနှင့် ဂွမ်းကပ်အင်္ကျီများကို ဝတ်ဆင်ထားကြ၏။

သို့သော် ထိုမိန်းကလေးက နွေရာသီဝတ်စုံလေးကိုသာ ဝတ်ဆင်ထားရပြီး အအေးဒဏ်ကြောင့် တုန်ရီနေရှာသည်။

ရိုက်ကွင်းရှိ ဓာတ်ပုံဆရာကပင်လျှင် စကားများနေရင်းမှ ကလေးငယ်လေးရှိရာသို့ လှမ်းကြည့်ပြီး မျက်မှောင်ကြုတ်မိသွားရ၏။

သို့သော် သူ၏အရှေ့တွင်ရှိသော ထိုအမျိုးသမီးက ပိုက်ဆံအကြောင်းကိုသာ မရပ်မနား ပြောဆိုနေပေသည်။

ဤကဲ့သို့သော မိခင်မေတ္တာမျိုးကို မြင်လိုက်ရသည့်အချိန်တွင် စုကျင်း၏ နှလုံးသားထဲတွင် ဖော်ပြမတတ်သော ဒေါသများက အရှိန်အဟုန်ဖြင့် တက်လာရပြီး နှုတ်ခမ်းဖျားတွင် အေးစက်သော အပြုံးတစ်ခုက ပေါ်လာခဲ့၏။

“ဟုတ်တယ်၊ အရမ်းကိုအေးလွန်းတယ်”

မျက်နှာပြင်၏ ထောင့်တစ်နေရာတွင် တုန်ရီနေသော ထိုမိန်းကလေးငယ်က ထောင်ထောင် ဖြစ်ကြောင်းကို သူက ချက်ချင်းပင် မှတ်မိလိုက်လေ၏။

စုကျင်း နှာခေါင်းကို ရှုံ့လိုက်ချိန်မှာပင် သူ၏ဘေးရှိ ထောင်ထောင်က သက်သောင့်သက်သာမရှိဟန်ဖြင့် အနည်းငယ် လှုပ်ရှားလာပေသည်။

စုကျင်းက ချက်ချင်းပင် မျက်လွှာကို ချလိုက်ကာ ပါးစပ်ကို ပိတ်ပြီး ထောင်ထောင်၏ မျက်ခုံးများကို ပြေလျော့သွားသည်အထိ စောင်ပေါ်မှနေ၍ အသာအယာ ပွတ်သပ်ပေးနေမိ၏။

အလင်းရောင် မှိန်ပျပျအောက်တွင် ကလေးငယ်က လုံးဝကို ပြန်လည်၍ တည်ငြိမ်သွားမှသာ စုကျင်းက ဖုန်းမျက်နှာပြင်ထံသို့ အကြည့်ပြန်ပို့လိုက်လေသည်။

ထိုမိဘများက ရိုက်ကွင်းပေါ်တွင်ပင် မည်သည့်အရာကိုမျှ ဖုံးကွယ်ရန် မကြိုးစားခဲ့ကြပေ။

စုံစမ်းရေးမှူး၏ စုံစမ်းမှုအရ ထိုကဲ့သို့သော ဗီဒီယိုပေါင်းများစွာကို ရှာဖွေတွေ့ရှိခဲ့ရပြီး ၎င်းတို့ကို သိမ်းဆည်းရန်အတွက် Cloud Drive ထဲတွင် ဖိုဒါတစ်ခုပင် သီးသန့် ပြုလုပ်ထားကြသေးသည်။

ထို့အပြင် စုံစမ်းရေးမှူးက လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ထောင်ထောင်၏ အလုပ်အချိန်ဇယားကိုပါ စုံစမ်း၍ ပြက္ခဒိန်တစ်ခု ပြုလုပ်ပေးခဲ့၏။

စုကျင်းက ထိုအချိန်ဇယားကို မြင်လိုက်ရသော ခဏ၌ မသိစိတ်ဖြင့် မျက်မှောင်ကြုတ်မိသွားရသည်။

ဤသည်က အလွန်ကို ပြည့်နှက်လွန်းနေ၏။

ထောင်ထောင်၏ အချိန်ဇယားက စိပ်နေအောင် ပြည့်နေပြီး တစ်ခါတစ်ရံတွင် တစ်နေ့တည်းမှာပင် ရိုက်ကွင်းနှစ်နေရာသို့ သွားရောက်ခဲ့ရသည်ကို တွေ့ရသည်။

နာမည်ကျော် ကြယ်ပွင့်များ၏ အတွက် ဤကဲ့သို့သော အချိန်ဇယားက ရေသောက်သကဲ့သို့ ဓမ္မတာဖြစ်နိုင်၏။

ဒါပေမဲ့ ထောင်ထောင်က အခုမှ အသက်ဘယ်လောက်ရှိသေးလို်လဲ။

ထို့အပြင် ထောင်ထောင်ကဲ့သို့သော အရွယ်မရောက်သေးသူကလေးငယ်၏ ရရှိလာသော အကျိုးအမြတ်များကို မည်သူက ခံစားနေသနည်းဆိုသည်က ပြောနေစရာပင် မလိုတော့ပေ။

ဟင်း…

ဤကမ္ဘာပေါ်တွင် စာမေးပွဲပေါင်းများစွာက ရှိသော်လည်း မိဘဖြစ်လာရန်အတွက် မည်သည့်စာမေးပွဲကိုမျှ ဖြေဆိုရန်အတွက်ကို မလိုခဲ့ကြပေ။

စုံစမ်းစစ်ဆေးမှုရလဒ်က သူ၏ ကနဦးခန့်မှန်းချက်နှင့် ထပ်တူနီးပါး ဖြစ်နေသော်လည်း စုကျင်း၏ စိတ်ထဲတွင် ပျော်ရွှင်မှု အလျှင်းမရှိခဲ့ပေ။

မှောင်မိုက်နေသော အခန်းထဲတွင် သူက ခြေသံကိုဖော့ပြီး အပြင်သို့ ထွက်လာပြီး ဝရံတာသို့ လျှောက်သွားသည်။

သူက လက်ရန်းကို မှီလျက် မော့ကြည့်ပြီး လမင်းကို ငေးမောနေမိ၏။

တိတ်တဆိတ် စီးကရက်တစ်လိပ်ကို သောက်ပြီးနောက်တွင် စုကျင်းက ကျိုယန်ရှား၏ ဖုန်းကို ခေါ်လိုက်လေသည်။

“စုံစမ်းစစ်ဆေးမှု ရလဒ်တွေကို ကျွန်တော် လက်ခံရရှိပြီ”

ဤသို့ ပြောပြီးနောက်တွင် စုကျင်းက ဆက်မပြောဘဲ ခေတ္တရပ်လိုက်လေ၏။

ထိုတိတ်ဆိတ်မှု၏ ကြားတွင် ကျိုယန်ရှားက သက်ပြင်းတစ်ချက်ကို တိတ်တဆိတ် ချလိုက်မိသည်။

*

အခန်း(54)

နှစ်ပေါင်းများစွာ အတူအလုပ်လုပ်ခဲ့ကြသောကြောင့် ကျိုယန်ရှားက စုကျင်း၏ စရိုက်ကို ကောင်းစွာသိထားသည်။

သူက မတရားမှုကို လုံးဝကို သည်းမခံတတ်သူဖြစ်ပြီး သူ၏ အကာအကွယ်အောက်သို့ ရောက်လာသူတိုင်းကို အလွန်ကာကွယ်တတ်သူလည်း ဖြစ်၏။

ယခုအချိန်တွင် ထောင်ထောင်ကလည်း ထိုအမျိုးအစားထဲတွင် ပါဝင်နေချေပြီ။

ထို့အပြင် စုကျင်းက ယခုအကြိမ် အကြီးအကျယ် ဒေါသထွက်ရခြင်းကလည်း မဆန်းပေ။

အချက်အလက်များကို စုကျင်းထံသို့ မပို့မီတွင် ကျိုယန်ရှားကိုယ်တိုင်ကလည်း ဖတ်ကြည့်ခဲ့သည်။

ဤလောကတွင် တာဝန်မကျေသော မိဘများစွာ ရှိသည်ကို သိထားသော်လည်း ဤကဲ့သို့သော အဖြစ်အပျက်မျိုးက သူတို့နှင့် ဤမျှနီးကပ်စွာရှိနေလိမ့်မည်ဟု ကျိုယန်ရှားကိုယ်တိုင်ပင် ကိုယ်တိုင်မမြင်ရခင်အထိ စိတ်ကူးမိရန်အတွက် ခက်ခဲခဲ့သည်။

“မင်း ဘာလုပ်ဖို့ကို ရည်ရွယ်ထားလဲ”

စုကျင်းက ခေါင်းကို ငုံ့ထားသောကြောင့် အရိပ်ထဲတွင် သူ၏ မျက်နှာအမူအရာကို ရှင်းလင်းစွာ မမြင်ရပေ။

အတော်ကြာမှ ဝရံတာဆီမှ တိုးညှင်းသော ရယ်သံတစ်ခုက ထွက်ပေါ်လာခဲ့၏။

“ဒါပေါ့.. သူတို့ကို သင်ခန်းစာ ကောင်းကောင်း ပေးရမှာပေါ့”

ထောင်ထောင်ကတော့ အိပ်ပျော်နိုင်သော်လည်း စနစ်ကတော့ အိပ်မပျော်နိုင်ပေ။

ဤမမျှော်လင့်ထားသော ဇာတ်လမ်းလှည့်ကွက်ကြောင့် စနစ်က စိုးရိမ်တကြီးဖြင့် အချက်အလက် များကို လှုပ်ခတ်နေချိန်မှာပင် စုကျင်းက စီးကရက်နံ့များကို အကုန်ဖျောက်ပြီးနောက် ဝရံတာမှ အိပ်ခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။

သူက လိုက်ကာများကို အလင်းရောင် အနည်းအကျဥ်းလေးပင် မဝင်နိုင်အောင် သေသေချာချာ ပိတ်လိုက်ပြီးမှ ခုတင်ပေါ်သို့ ပြန်လည်၍ လဲလျောင်းလိုက်လေ၏။

သို့သော် စုကျင်းက ချက်ချင်း မျက်လုံးကို မမှိတ်သေးဘဲ ထောင်ထောင်ကို တိတ်တဆိတ် ငေးကြည့်နေရင်း သူမ၏ ဦးခေါင်းကို အသာအယာ ပွတ်သပ်ပေးနေမိသည်။

“မကြာခင်မှာ အရာအားလုံး အဆင်ပြေသွားမှာပါ”

ဤစကားကို ကြားလိုက်ရသည့်အချိန်တွင် စနစ်က အကြောင်းအရင်းကို နားမလည်သော်လည်း တာဝန်ပြီးမြောက်မှု တိုးတက်မှုပြတန်းက ရုတ်တရက် ခုန်တက်သွားသည်ကို အံ့သြစွာ တွေ့လိုက်ရ

သည်။

ဒါင..ဘာဖြစ်တာလဲ

ညက ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို မည်သူကမျှ မသိရှိကြပေ။

နောက်တစ်နေ့ မနက်စောစောတွင် ထောင်ထောင်က သမ်းဝေရင်း လိမ္မာစွာဖြင့် အိပ်ရာထပြီး မျက်နှာသစ်ပြီးနောက်တွင် ကုန်းယောင်၏ အခန်းသို့ သွားကာ ဆံပင်ကျစ်ခဲ့၏။

ထို့နောက် သူမနှင့် ဖုန်းကျားယန်တို့က လက်ချင်းချိတ်ပြီး အောက်ထပ်သို့ ဆင်းလာခဲ့ကြသည်။

ကျွန်းပေါ်ရှိ ခရီးစဉ်က တစ်ဝက်ကျော် ကျော်လွန်ခဲ့ပြီဖြစ်၍ ယနေ့တွင် ထုတ်လုပ်ရေးအဖွဲ့က ဧည့်သည်များ၏ အတွက်ကို အပန်းဖြေ ခရီးစဉ်လေးတစ်ခုကို စီစဉ်ထား၏။

ငါးဖမ်းထွက်ခြင်း။

တင်ဆက်သူ၏ စကားကို ကြားသည့်အချိန်တွင် စုကျင်းက မျက်ခုံးတစ်ဖက်ကို အသာအယာ ပင့်လိုက်ပြီး မေးလိုက်ပေသည်။

“ဒါက တကယ်ပဲ အပန်းဖြေတဲ့ ခရီးစဉ်ဆိုတာ သေချာရဲ့လား”

တင်ဆက်သူက စုကျင်းကို စိန်ခေါ်သည့်ပုံစံဖြင့် ကြည့်၍ပြောလိုက်လေသည်။

“ဘာလဲ၊ ကျွန်တော့ရဲ့ အလုပ်သင်မိဘ စုကျင်းက သိပ်ပြီး ယုံကြည်မှု မရှိသလိုပဲလား”

“ဒါပေါ့”

“ကောကော!”

စုကျင်းက စကားပြောရန်အတွက်ပြင်လိုက်ချိန်မှာပင် သူ၏ဘေးတွင် ရပ်နေသော ထောင်ထောင်က တစ်ခုခုကို ရုတ်တရက် သတိရသွားသည့်အမူအရာဖြင့် မျက်လုံးလေးများက ပြူးသွားရပြီး အော်ဟစ်လိုက်လေသည်။

အကြည့်ချင်း ဆုံသွားသည့် ခဏ၌ ထောင်ထောင်က ရှင်းပြရန်အတွက်ကို ကြိုးစားလိုက်လေ၏။

“မနေ့က မဲနှိုက်တုန်းက..”

စုကျင်း၏ မျက်နှာအမူအရာက ပြောင်းလဲခြင်းမရှိဘဲ သူ၏ နှုတ်ခမ်းဖျားမှ စကားလုံးများက တိတ်တဆိတ် ပြောင်းလဲသွားသည်။

“..သိပ်ပြီး ယုံကြည်မှု မရှိပါဘူး”

ထိုခဏ၌ ထောင်ထောင်က သက်ပြင်းချပြီး စိတ်အေးသွားရ၏။

သို့သော် တိုက်ရိုက်လွှင့်ထုတ်မှု၏ စကားပြောခန်းတွင် ‘ဟားဟား’ ဆိုသော စာသားများဖြင့် ပြည့်နှက်သွားတော့သည်။

[ ဟားဟား၊ ခုနက စုကျင်းရဲ့ မျက်နှာအမူအရာက တကယ့်ကို ရယ်ရလွန်းတယ်! ]

[ ဒါဆို စုကျင်းကိုယ်တိုင်ကတောင် သူကနုတ်စွမ်းရည် တစ်ယောက်ဆိုတဲ့အချက်ကို လက်ခံသွားပြီပေါ့လေ ]

[ ဘာနုတ်စွမ်းရညာလဲ၊ ဒါက လက်တွေ့မှာ ပြောင်းပြန်ဖြစ်စေတဲ့ ကျီးကန်းစကား နိမိတ်ဖတ်ခြင်းပဲ (ခွေးအပြုံး) ]

[ (ရှိုက်ကြီးတငင် ငိုလျက်) ငါ ဘယ်လိုလုပ်ရမလဲ! ငါ့မှာ မကြာခင် စာမေးပွဲရှိတယ်၊

ပြီးခဲ့တဲ့တစ်ခေါက်က စုကျင်းရဲ့ မှတ်ချက်ကဏ္ဍမှာ ငါ့ကို စာမေးပွဲရဲ့အတွက်ကို ဆုတောင်းပေးပါဦးလို့ သွားပြောမိတယ်၊ သူကလည်း ပြန်ဖြေထားတယ်လေ ]

[ အား... ]

[ ဝမ်းနည်းလိုက်တာ ]

[ အာမင်! နမော တဿ! ကောင်းကင်နဲ့ မြေကြီးကတော့ မင်းကို မကာကွယ်နိုင်တော့ဘူး (သနားကရုဏာသက်သော အကြည့်) ]

တိုက်ရိုက်လွှင့်ထုတ်မှုတွင် ပျော်ရွှင်မှုနှင့် ဝမ်းနည်းမှုတို့ ပြွမ်းနေချိန်မှာပင် ဧည့်သည်များက အသက်ကယ်အင်္ကျီများကို ဝတ်ဆင်ပြီး ငါးဖမ်းလှေပေါ်သို့ တက်ခဲ့ကြသည်။

“သွားကြရအောင်”

ကလေးများ၏ စိတ်လှုပ်ရှားစွာ အော်ဟစ်သံများနှင့်အတူ ငါးဖမ်းလှေက ဆိပ်ကမ်းမှ ဖြည်းညှင်းစွာ ထွက်ခွာခဲ့ပြီး ရည်မှန်းထားသော ပင်လယ်ပြင်ဆီသို့ ဦးတည်သွားပေတော့၏။

“ဝိုး”

ထောင်ထောင်က လက်နှစ်ဖက်ဖြင့် လက်ရန်းကို တင်းကြပ်စွာဆုပ်ကိုင်ထားပြီး သူမ၏ရှေ့ရှိ ပင်လယ်ပြင်ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်။

သူမ၏ မျက်ဝန်းလေးများကလည်း ဝင်းလက်နေ၏။

“ထောင်ထောင်၊ နင်က မကြောက်ဘူးလား”

ကုရှန်ရှန်က ထောင်ထောင်ကို လှည့်ကြည့်လိုက်လေ၏။

ဤငါးဖမ်းလှေက ယခင်က စီးခဲ့သော လှေထက် ပိုမို၍ သေးငယ်လွန်းသည်။

ကုရှန်ရှန်က လှေပေါ်တွင် ရပ်နေရင်း စူးစမ်းလိုစိတ်နှင့် ကြောက်ရွံ့မှုတို့က ရောပြွမ်းလျက် ပင်လယ်ပြင်ကို ကြည့်နေမိ၏။

ထောင်ထောင်က ခေါင်းလေးကိုခါပြလိုက်လေသည်။

“မကြောက်ပါဘူး!”

သူမက ထောင်တီလေး ဖြစ်နေချိန်တုန်းက ပင်လယ်ပြင်ကို တိုက်ရိုက်တောင် ပျံသန်းနိုင်ခဲ့တာလေ!

ထောင်ထောင်က ကောင်းကင်ယံကို မော့ကြည့်လိုက်ပြီး သူမကိုယ်သူမ ထောင်တီလေးအဖြစ် ပြန်လည်၍ ပြောင်းလဲပြီး ပင်လယ်ပြင်ကို ဖြတ်ကျော်ပျံသန်းနေသည်ဟု စိတ်ကူးမိနေပုံရ၏။

သူမ၏ နှုတ်ခမ်းဖျားတွင် အပြုံးတစ်ခုက အလိုလို ပေါ်လာခဲ့ပြီး ခြေဖျားလေးထောက်လျက် လက်ချောင်းငါးချောင်းကို ကောင်းကင်ယံသို့ ဖြန့်ကားပြနေမိတော့သည်။

ထောင်ထောင်၏ အပြုံးကို မြင်သည့်အချိန်တွင် ကုရှန်ရှန်က အနည်းငယ် စိတ်ရှုပ်ထွေးသွားရ၏။

ထောင်ထောင်က မည်သည်ကို တွေးပြီး ဤမျှအထိ ပျော်နေသည်ကို မသိသော်လည်း ကုရှန်ရှန်ကလည်း အလိုလို ပြုံးမိသွားရ၏။

နေရောင်ခြည်က ကလေးနှစ်ဦး၏ တောက်ပနေသော အပြုံးများပေါ်သို့ ကျရောက်နေပြီး အနားရှိ လူကြီးများကိုလည်း ပြုံးမိစေသည်။

သူငယ်ချင်းများနှင့် ဆော့ကစားနေချိန်တွင် ထောင်ထောင်က သူမ၏အနောက်ဘက်မှ အကြည့်တစ်ခုကို ခံစားလိုက်ရ၏။

သူမက အနောက်သို့ လှည့်ကြည့်လိုက်၍ လှေခန်း၏ နောက်ကွယ်မှ ချောင်းကြည့်နေသော မျက်ဝန်းများနှင့် ဆုံသွားခဲ့လေ၏။

ယောကျ်ားလေးတစ်ဦးဖြစ်ပြီး မျက်နှာတစ်ဝက်ကိုသာ ဖော်ပြထားသည်။

သူ၏ အသားအရေက နေပူထဲတွင် အလုပ်လုပ်ရသောကြောင့် ဂျုံရောင်သန်းနေ၏။

သူ၏ နက်မှောင်သော မျက်ဝန်းလေးများက ပုလဲနက်များကဲ့သို့ နေရောင်အောက်တွင် တောက်ပနေသည်။

ထောင်ထောင်နှင့် အကြည့်ချင်း ဆုံသွားသည့်အချိန်တွင် သူက ထိတ်လန့်သွားသည့်အမူအရာဖြင့် လုံခြုံမှုရှိစေရန်အတွက် လှေခန်းထဲသို့ ဗီဇအရ ပြန်လည်၍ ဆုတ်ခွာသွားလေ၏။

ထောင်ထောင်က ခေါင်းလေးကိုစောင်းငဲ့လိုက်ပြီး သူ၏ မျက်ဝန်းထဲမှ တောင့်တမှုကို သတိထားမိ၍ လက်ကို အရင်လှမ်းလိုက်လေသည်။

“မင်္ဂလာပါ၊ အတူ ဆော့ကြမလား”

ထိုကောင်လေးက တံငါသည်တစ်ဦး၏ သားဖြစ်၏။

ဧည့်သည်များက လှေပေါ်တက်လာသည့် အချိန်မှစ၍ သူက လှေခန်းထဲတွင် ပုန်းအောင်းနေပြီး စူးစမ်းလိုစိတ်ဖြင့် ကြည့်နေခဲ့ခြင်း ဖြစ်ပေသည်။

ထောင်ထောင်၏ စကားကို ကြားသည့်အချိန်တွင် သူက ခဏမျှ တွန့်ဆုတ်သွားရသော်လည်း တောင့်တစိတ်က ကြောက်ရွံ့မှုကို ကျော်လွှားသွားခဲ့၏။

သူက တုံ့ဆိုင်းစွာဖြင့် အရှေ့သို့ တစ်လှမ်းတိုးလာခဲ့ပြီးနောက်တွင် ထောင်ထောင်၏ စိတ်အားထက်သန်သော ဖိတ်ခေါ်မှုကြောင့် သူငယ်ချင်းများ အုပ်စုထဲသို့ လျင်မြန်စွာ ပါဝင်သွားတော့သည်။

ကလေးများ၏ကြားမှ ခင်မင်မှုက အမြဲတမ်း လျင်မြန်စွာ ဖြစ်ပေါ်တတ်၏။

ရည်မှန်းထားသော နေရာသို့ ရောက်သည့်အချိန်တွင် ထောင်ထောင်နှင့် ကုရှန်ရှန်တို့က တံငါသည်လေးကို ကျွမ်းကျွမ်းကောဟု ခေါ်ဆိုနေခဲ့ချေပြီ။

ပြီ

“ဒါက နင်တို့ ပထမဆုံးအကြိမ် ပင်လယ်ထဲမှာ ငါးဖမ်းတာလား”

ကျွမ်းကျွမ်းက သူငယ်ချင်းများ၏ ဖြူဖွေးသော အသားအရေကို ကြည့်ပြီး ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်လေသည်။

“ဟုတ်တယ်၊ ဟုတ်တယ်!”

ထောင်ထောင်က စိတ်လှုပ်ရှားစွာဖြင့် ခေါင်းလေးကိုငြိမ့်လိုက်ပြီးမှ ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်လေ၏။

“ဒါပေမဲ့ ငါးဖမ်းတံကို ဘယ်လိုသုံးရမလဲဆိုတာကို မသိဘူး”

ကျွမ်းကျွမ်း၏ စိတ်ထဲတွင် တာဝန်သိစိတ်တစ်ခုကရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။

သူက သူ၏ ရင်ဘတ်ကို ပုတ်လိုက်ပြီးပြောလိုက်လေသည်။

“စိတ်မပူနဲ့၊ ငါ့ကိုသာ လွှဲထားလိုက်! ငါက သင်ပေးမယ်!”

“တကယ်လား”

“ကျွမ်းကျွမ်းကောက တကယ့်ကို တော်တာပဲ!”

ရုတ်တရက် လူတိုင်း၏ အာရုံစိုက်မှုကို ခံလိုက်ရသောကြောင့် ကျွမ်းကျွမ်းက ခေါင်းထဲတွင် မူးနောက်သွားပြီး ခေါင်းနောက်ဘက်ကို ကုပ်ရင်း ခပ်တိုးတိုးရယ်နေမိပေတော့သည်။

ထိုရယ်မောသံများ၏ ကြားမှာပင် ငါးဖမ်းလှေက ရောက်ရှိလိုသော နေရာသို့ လျင်မြန်စွာ ဆိုက်ရောက်သွား၏။

လှေပေါ်ရှိ တခြားတံငါသည်များက ကလေးများကို သင်ပေးရန်အတွက်ကို ကမ်းလှမ်းသော်လည်း ကျွမ်းကျွမ်းက ဂုဏ်ယူစွာဖြင့် ငြင်းပယ်လိုက်လေသည်။

“ရပါတယ်၊ ကျွန်တော့်ရဲ့ သူငယ်ချင်းတွေကို ကျွန်တော်ပဲ သင်ပေးမယ်!”

“ဟုတ်တယ်!”

တခြားကလေးများကလည်း ဝိုင်းပြောကြလေသည်။

လူကြီးများက ကလေးများ၏ နားလည်မှုရှိပုံကို ကြည့်ပြီး သဘောကျနေကြ၏။

လှေသူကြီးဖြစ်သော ကျွမ်းကျွမ်း၏ ဖခင်ပင်လျှင် အကူအညီမဲ့စွာဖြင့် ပြုံးနိုင်ရုံသာရှိသည်။

“ကောင်းပြီလေ၊ မသိတာရှိရင် ငါတို့ကို အချိန်မရွေး မေးလို့ရတယ်နော်”

“အရာအားလုံးကို သိပါတယ်”

ကျွမ်းကျွမ်းက အလေးအနက် ပြောလိုက်ပြီးနောက် သူ၏ သူငယ်ချင်းများ၏ ဘက်သို့ လှည့်လိုက်လေသည်။

“နင်တို့က ငါးဖမ်းတံကို ဘယ်လိုကိုင်ရမလဲဆိုတာကို သိကြလား”

လူတိုင်းက ခေါင်းကိုခါကြပေသည်။

ထောင်ထောင်က ရှေ့ဆုံးမှနေ၍ဖြေလိုက်လေ၏။

“မသိဘူး!”

“…”

ကျွမ်းကျွမ်းက သက်ပြင်းကိုအသာချလိုက်ပြီး ငါးဖမ်းတံကို ကောက်ကိုင်၍ အခြေခံမှစ၍ သူ၏ သူငယ်ချင်းများကို ငါးဖမ်းနည်းကို သင်ပေးတော့သည်။

အဆင့်တစ်ခုပြီးတိုင်း ကျွမ်းကျွမ်းက သူ၏ သူငယ်ချင်းများ၏ ဘက် လှည့်ပြီးမေးလိုက်လေသည်။

“နင်တို့ တတ်ပြီလား”

သူငယ်ချင်း တစ်ယောက်ယောက်က ခေါင်းကို ခါပြလျှင်ပင် ကျွမ်းကျွမ်းက လူတိုင်းက ခေါင်းငြိမ့်ပြသည်အထိ ထပ်ခါတလဲလဲ ရှင်းပြပေးပြီးမှ နောက်တစ်ဆင့်သို့ ကူးလေ၏။

ကျွမ်းကျွမ်း၏ စိတ်ရှည်စွာ ရှင်းပြမှုကြောင့် ကလေးများကသာမက တိုက်ရိုက်လွှင့်ထုတ်မှုကို ကြည့်နေသူများကပါ ငါးဖမ်းနည်းကို တတ်မြောက်သွားသကဲ့သို့ ခံစားနေရလေ၏။

[ ဒီသင်ခန်းစာက အွန်လိုင်းပေါ်က ငါးဖမ်းနည်း ဗီဒီယိုတွေထက်တောင်ပိုပြီးတော့ အသေးစိတ်တယ်လို့ ငါ ပြောရမယ်! ]

[ ငါ့ရဲ့ဦးနှောက်က ငါးဖမ်းနည်းကို တတ်သွားပြီလို့ ပြောနေတယ်! ]

[ အစာတပ်နည်းက ဒီလိုမျိုး နည်းစနစ် ရှိတာကိုး! ]

[ နောက်ဆုံးတော့ တတ်သွားပြီ! ]

*

All Chapters