← Chapters

အခန်း (၅၅-၅၆)

Vol. 6 Ch. 55-56

အခန်း (၅၅-၅၆)

Vol. 6 Ch. 55-56

အခန်း(55)

လူကြီးများ ငါးဖမ်းနေကြသည်မှာ အတော်ကြာပြီဖြစ်သော်လည်း ထောင်ထောင်တို့ ကလေးတစ်စုကတော့ ဤအချိန်မှသာ ကျွမ်းကျွမ်း၏ ညွှန်ကြားချက်အတိုင်း ငါးဖမ်းကြိုးကို ပင်လယ်ထဲသို့ ချလိုက်ကြသည်။

“နောက်လာမှာကတော့ နင်တို့ရဲ့ စိတ်ရှည်မှုကို စမ်းသပ်မယ့် အချိန်ပဲ”

ကျွမ်းကျွမ်းက ငါးဖမ်းတံကို ကိုင်ရင်း အလေးအနက် ပြောလိုက်လေ၏။

“မှတ်ထားနော်၊ စိတ်ရှည်ရမယ်၊ စိတ်ရှည်ရမယ်၊ ပြီးတော့ ပိုပြီး စိတ်ရှည်ရမယ်”

ကျွမ်းကျွမ်း၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ငါးဖမ်းတံကို ပုံစံတူ ကိုင်ထားကြသော ကလေးငါးဦးက တစ်ပြိုင်နက် ခေါင်းငြိမ့်လိုက်ကြသည်။

“နားလည်ပါပြီ! ကျွမ်းကျွမ်းကော!”

ကလေးခြောက်ဦးက ငါးဖမ်းလှေနားတွင် တစ်တန်းတည်း ထိုင်နေကြပြီး သူတို့၏ တည်ကြည်လွန်းသော မျက်နှာအမူအရာများက ကြည့်ရှုသူများကို အချစ်ပိုစေသည်။

[ အို.. ဒီမြင်ကွင်းက အရမ်းကို ချစ်ဖို့ကောင်းလွန်းတယ်! ]

[ အမှန်အတိုင်း ပြောရရင် သူတို့တွေက ခွေးပေါက်လေးတွေက တစ်တန်းတည်း ထိုင်နေတာနဲ့တောင် တူနေတယ် (အော်ဟစ်) ]

[ ဒီလို တင်စားလိုက်တာက ပိုပြီးတော့တောင် ချစ်ဖို့ကောင်းသွားစေတယ် ]

ထောင်ထောင်က မျက်လုံးလေးများကိာ ပြူးပြီး ငါးဖမ်းတံကို တင်းကျပ်စွာဆုပ်ကိုင်ထား၏။

ရုတ်တရက် တစ်ခုခုက သူမ၏ ငါးဖမ်းတံကို အားပြင်းပြင်းဖြင့် အောက်သို့ ဆွဲချလိုက်သည်ကို ခံစားလိုက်ရသောကြောင့် သူမက မသိစိတ်ဖြင့် အော်လိုက်မိပေသည်။

“အား! တစ်ခုခုကို မိနေပြီ!”

ထောင်ထောင်၏ အသံကို ကြားသည့်အချိန်တွင် ကျွမ်းကျွမ်းက ချက်ချင်း လှည့်ကြည့်လိုက်ပြီး မျက်ဝန်းများက ဝင်းခနဲ ဖြစ်သွားသည်။

“အမြန်၊ အမြန်၊ ငါက သင်ပေးထားတဲ့အတိုင်း အပေါ်ကို ဆွဲလိုက်!”

ထောင်ထောင်က အသက်ကို ပြင်းပြင်းရှူ၍ ကျွမ်းကျွမ်း၏ နည်းလမ်းအတိုင်းပင် အားစိုက်၍ ဆွဲတင်လိုက်လေ၏။

အလင်းရောင်တစ်ခုက တောက်ပသွားပြီး ဖြတ်ခနဲအသံနှင့်အတူ ငါးလေးက လှေပတ်လမ်းပေါ်သို့ ကျရောက်သွားတော့သည်။

တခြားကလေးများကလည်း ထိုနေရာသို့ စုရုံးလာကြပြီး ငါးလေးကို စူးစမ်းစွာဖြင့် ဝိုင်းကြည့်လိုက်ကြ၏။

“ရုပ်ဆိုးလိုက်တာ”

ကုရှန်ရှန်က နှာခေါင်းကိုရှုံ့လိုက်ပြီး မှတ်ချက်ပေးလေသည်။

ကျွမ်းကျွမ်းက ထိုငါးကို ချက်ချင်း မှတ်မိလိုက်လေ၏။

“ဒါက ငါးမည်းပဲ”

“ငါးမည်းဆိုတာက ဘာလဲ”

ထောင်ထောင်က ခေါင်းလေးကိုစောင်းလိုက်လေသည်။

“စားလို့ ကောင်းလား”

ကျွမ်းကျွမ်းက ထိုမေးခွန်းကြောင့် ခဏမျှ အံ့အားသင့် သွားရပြီးပြန်ဖြေလိုက်လေသည်။

“..စားလို့ ကောင်းတယ်”

[ ဟားဟား၊ ထင်တဲ့အတိုင်းပဲ၊ ဒါက ထောင်ထောင်က မေးမဲ့ မေးခွန်းမျိုးပဲ! ]

[ ငါးမည်းက စားလို့ကောင်းတယ်!

အထူးသဖြင့် အခုလို လတ်လတ်ဆတ်ဆတ် ဖမ်းမိတာကို ပေါင်းစားလိုက်ရင် အရမ်းကို ချိုတာပဲ!]

[ အား၊ တွေးကြည့်ရုံနဲ့တင် သွားရည်ကျလာပြီ ]

ထောင်ထောင်က ငါးမည်းတစ်ကောင်ကို ဖမ်းမိသွားပြီးနောက်တွင် တခြားကလေးများကလည်း စိတ်အားတက်ကြွသွားပြီး သူတို့၏ ငါးဖမ်းတံများထံသို့ ပြန်သွားကြ၏။

တစ်မိနစ်အကြာတွင် ကလေးခြောက်ယောက်လုံးက ယုံကြည်မှုရှိရှိ ငါးဖမ်းတံကို ကိုင်ထားကြသည်။

ငါးမိနစ်အကြာတွင် ကုရှန်ရှန်က တိတ်တဆိတ် သမ်းဝေလိုက်လေ၏။

ဆယ်မိနစ်အကြာတွင် မုန်လျို့က ပျင်းရိစွာဖြင့် ရေသောက်ရန်အတွက် ထွက်သွားခဲ့သည်။

မိနစ်နှစ်ဆယ်အကြာတွင် ထောင်ထောင်က ပင်လယ်ပြင်ကို ကြည့်ပြီး ခေတ္တမျှ စဉ်းစားလိုက်ပြီးမှမေးလိုက်လေ၏။

“ထောင်ထောင်ရဲ့ကောကောကို ထောင်ထောင်တို့ကို ဆုတောင်းပေးခိုင်းရင် ကောင်းမလား”

ထောင်ထောင်၏ စကားကို ကြားသည့်အချိန်တွင် ဖုန်းကျားယန်၏ မျက်နှာအမူအရာက ချက်ချင်း ပြောင်းလဲသွားရသည်။

“ဒါက ပြောင်းပြန်တွေကို ဖြစ်ကုန်မှာ မဟုတ်ဘူးလား”

“ဒါပေါ့၊ ထောင်ထောင်တို့က ငါးတစ်ကောင်မှ မမိပါစေနဲ့လို့ပဲ သူ့ကို ဆုတောင်းခိုင်းလိုက်မှာပေါ့!”

ထောင်ထောင်က သူမ၏ ထူးချွန်သော အကြံဉာဏ်ကို ဂုဏ်ယူစွာဖြင့် ပြောလိုက်လေသည်။

ထိုအကြံကို ကြားသည့်အချိန်တွင် ဖုန်းကျားယန်၏ မျက်လုံးများက တောက်ပသွားရ၏။

“တကယ့်ကို အကြံကောင်းပဲ!”

ထောင်ထောင်နှင့် ဖုန်းကျားယန်တို့က သူတို့၏ အစီအစဉ်ကို မစတင်နိုင်ခင်မှာပင် အနားရှိ ကျွမ်းကျွမ်းက ရုတ်တရက် တက်ကြွလာပြီးစိတ်လှုပ်ရှားစွာဖြင့် အော်လိုက်လေသည်။

“မိပြီ! မိပြီ!”

“ငါက ကူညီပေးမယ်!”

ဆူညံသံကို ကြားသည့်အချိန်တွင် ငြိမ်မနေနိုင်ဖြစ်နေသော ကုရှန်ရှန်က ကျွမ်းကျွမ်း၏ ဘေးသို့ ချက်ချင်း ပြေးသွားပြီး ကျွမ်းကျွမ်း၏ ငါးဖမ်းတံကို လှမ်းကိုင်လိုက်လေသည်။

“မင်း.. မလုပ်နဲ့!”

ကျွမ်းကျွမ်းက တားဆီးရန်အတွက် အချိန်မရလိုက်ဘဲ ကုရှန်ရှန်နှင့် ငါးဖမ်းတံကို လုသကဲ့သို့ဖြစ်သွားရသည်။

နောက်ဆုံးတွင် နှစ်ယောက်သားက ငါးဖမ်းတံကို အတူ ဆွဲတင်လိုက်သည့်အချိန်တွင် ငါးစာက ကုန်သွားပြီဖြစ်သော်လည်း ငါးတစ်ကောင်မှ မပါဘဲ ငါးချိတ်အလွတ်ကြီးသာ ပါလာခဲ့လေသည်။

ကျွမ်းကျွမ်းက ဒေါသထွက်လွန်းသောကြောင့် မျက်နှာတစ်ခုလုံးကနီရဲလာပြီး ကုရှန်ရှန်ကို ဂရုမစိုက်ဘဲ အော်ဟစ်လိုက်လေတော့သည်။

“မင်းကြောင့် အကုန်ဖြစ်ရတာ! မင်းသာ ဝင်မရှုပ်ရင် ငါငါးကြီးတစ်ကောင် ရနေပြီ”

ကျွမ်းကျွမ်း၏ အော်ဟစ်သံကြောင့် ကုရှန်ရှန်က ထိုနေရာတွင်တင် အံ့အားသင့်သွားပြီး စက္ကန့်အနည်းငယ်အကြာတွင် သူမ၏ မျက်ဝန်းထဲ၌ မျက်ရည်များက ဝိုင်းလာပေတော့၏။

“ဝူး.. ငါက..ငါက နင့်ကို ကူညီပေးချင်လို့ပါ”

ကုရှန်ရှန်က ခဏမျှ ရှိုက်ငိုနေပြီးမှ ဝမ်းနည်းစွာ ငိုချလိုက်လေတော့သည်။

တခြားကလေးတိုင်းက သူမကို ဝိုင်းအုံလာကြသော်လည်း သူမကို ငိုအောင်လုပ်ခဲ့သည့် ကျွမ်းကျွမ်းကတော့ ထိုနေရာတွင် ရပ်နေရင်း လက်ကို တင်းကျပ်စွာဆုပ်ပြီး အနောက်သို့ လှည့၍ပင် မကြည့်ဘဲ ထွက်ပြေးသွားခဲ့၏။

ထောင်ထောင်က လှည့်ကြည့်လိုက်၍ ကျွမ်းကျွမ်း၏ ထွက်ခွာသွားသော ပုံရိပ်ကို မြင်လိုက်ရသောကြောင့် မသိစိတ်ဖြင့် သူ့၏ အနောက်သို့ လိုက်သွားမိသည်။

ထောင်ထောင်က ကျွမ်းကျွမ်းကို ရှာတွေ့သည့်အချိန်တွင် သူက ငါးဖမ်းလှေ၏ ထောင့်တစ်နေရာတွင် ဆောင့်ကြောင့်ထိုင်ပြီး ခေါင်းကို ဒူးနှစ်ဖက်၏အကြားတွင် မြှုပ်ထားလေ၏။

ထောင်ထောင်က ခေတ္တမျှ တွန့်ဆုတ်သွားပြီးမှ ခေါ်လိုက်လေသည်။

“ကျွမ်းကျွမ်းကော”

“ငါ့ကို မခေါ်နဲ့!”

ကျွမ်းကျွမ်းက ဗီဇအရ ပြန်ဖြေလိုက်သော်လည်း ခေါင်းကိုမော့ကြည့်လိုက်သည့်အချိန်တွင် ထောင်ထောင် ဖြစ်နေသည်ကို မြင်သည့်အချိန်တွင် အနေခက်စွာဖြင့် ခေါင်းကိုလွှဲသွား၏။

ထောင်ထောင်က ကျွမ်းကျွမ်း၏ ဘေးတွင် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ခေါင်းလေးစောင်း၍ သူ့ကို ကြည့်လိုက်လေသည်။

“ကျွမ်းကျွမ်းကောက စိတ်မကောင်းဖြစ်နေတာလား”

“မဟုတ်ပါဘူး”

ကျွမ်းကျွမ်းက ဇွတ်ငြင်းလိုက်လေ၏။

သူက ထောင်ထောင်ကို မော့ကြည့်ပြီးမေးလေသည်။

“ငါက လူဆိုး တစ်ယောက်လား”

ထောင်ထောင်က ခေါင်းလေးကိုစောင်းလိုက်လေ၏။

“ကျွမ်းကျွမ်းကောက တခြားလူတွေကို ပိုက်ဆံဖြုန်းတီးတဲ့သူလို့ ခေါ်တတ်လို့လား”

“မခေါ်ပါဘူး”

ထိုမေးခွန်းကို ကြားသည့်အချိန်တွင် ကျွမ်းကျွမ်းက ခဏမျှ ဆွံ့အသွားပြီးမှ မသိစိတ်ဖြင့် ဖြေလိုက်လေသည်။

“ကျွမ်းကျွမ်းကောက ရှန်ရှန်ကို တမင်တကာ စိတ်ဆိုးအောင် လုပ်တာလား၊ သူ့ကို တမင်တကာ အော်လိုက်တာလား”

ထောင်ထောင်က မျက်တောင်ခတ်ရင်း ဆက်မေးလေ၏။

“မဟုတ်ပါဘူး!”

ကျွမ်းကျွမ်းက မသိစိတ်ဖြင့် ပြန်အော်လိုက်ပြီး နှုတ်ခမ်းကို တင်းတင်းစေ့၍ ဝမ်းနည်းနေသည့်အမူအရာဖြင့် ပြောလိုက်လေသည်။

“ငါက..ငါက..တကယ်ပဲ ငါးရချင်လို့ပါ”

“ဒါဆို၊ ကျွမ်းကျွမ်းကောက ရှန်ရှန်နဲ့ ပြန်တည့်အောင် လုပ်မှာလား”

ကျွမ်းကျွမ်းက ခေါင်းကို ငုံ့လိုက်ပြီး ခဏမျှ တိတ်ဆိတ်သွားပြီးမှခပ်တိုးတိုး ပြောလိုက်လေ၏။

“အင်း...”

ထိုအဖြေကို ကြားသည့်အချိန်တွင် ထောင်ထောင်က ပါးချိုင့်လေးနှစ်ဖက်ကို ပေါ်လာသည်အထိ ပြုံးလိုက်လေသည်။

“ဒါဆိုရင်တော့ ကျွမ်းကျွမ်းကောက အစ်ကိုကောင်း တစ်ယောက်ပါပဲ!”

ထိုသို့ပြောရင်း ထောင်ထောင်က ကျွမ်းကျွမ်းထံသို့ လက်ကို လှမ်းပေးလိုက်ပြီး မျက်လုံးလေးများက မှေးသွားသည်အထိ ပြုံးပြလိုက်လေ၏။

“ကျွမ်းကျွမ်းကော၊ ထောင်ထောင်တို့က အတူ ပြန်သွားကြရအောင်”

ကျွမ်းကျွမ်းက ထောင်ထောင်ကို မော့ကြည့်လိုက်ပြီး ခေတ္တမျှ တွန့်ဆုတ်နေသော်လည်း နောက်ဆုံးတွင် သူမ၏ လက်ကို ကိုင်လိုက်လေတော့သည်။

နေရောင်ခြည်၏ အောက်တွင် လက်လေးနှစ်ဖက်က တင်းကျပ်စွာ ဆုပ်ကိုင်ထားကြပေ၏။

ဤမြင်ကွင်းက အလွန်ကို လှပနေသော်လည်း တိုက်ရိုက်လွှင့်ထုတ်မှုမှ ကြည့်ရှုသူများက ထောင်ထောင်နှင့် ကျွမ်းကျွမ်းတို့၏ စကားဝိုင်းကြောင့် ဆူညံပွက်လောရိုက်သွားကြတော့သည်။

အစပိုင်းတွင် အင်တာနက်အသုံးပြုသူများက ထောင်ထောင်နှင့် ကျွမ်းကျွမ်းတို့၏ အပြန်အလှန် ဆက်ဆံပုံကို ကြည့်ရှုပြီး အံ့သြရုံမျှသာ ရှိခဲ့ကြ၏။

သို့သော် မကြာမီမှာပင် တချို့သူများက စကားဝိုင်းထဲမှ သိသာထင်ရှားသော စကားလုံးများကို သတိပြုမိသွားကြသည်။

[ ထောင်ထောင်ရဲ့ ပထမဆုံးမေးခွန်းက ကျွမ်းကျွမ်းကောက တခြားလူတွေကို ပိုက်ဆံဖြုန်းတီးတဲ့သူလို့ ခေါ်တတ်သလားဆိုတာ ဘာလို့ဖြစ်နေရတာလဲဆိုတာကို ငါက အစကတည်းက စဉ်းစားနေတာ ]

[ နောက်ဆုံးတော့ တစ်ယောက်ယောက်က ဒါကို ထောက်ပြလိုက်ပြီပဲ!

ထောင်ထောင်လို အရွယ်နဲ့ ဒီလိုစကားလုံးမျိုးကို ဘယ်လိုလုပ်ပြီး ကြားဖူးနေရတာလဲ ]

[ ထောင်ထောင်ရဲ့ ပထမဆုံးမေးခွန်းက အဲဒါဖြစ်နေတယ်ဆိုတာက သူမရဲ့အတွက်ကတော့ ဒါက မသိစိတ်ရဲ့ တုံ့ပြန်မှုတစ်ခု ဖြစ်နေပြီဆိုတဲ့ အဓိပ္ပာယ်ပဲ၊

ထောင်ထောင်ရဲ့ စိတ်ထဲမှာ ပိုက်ဆံဖြုန်းတီးတဲ့သူ လို့ ခေါ်တဲ့သူက အစ်ကိုဆိုးဖြစ်ပြီး၊ အဲဒီလိုမပြောတဲ့သူကမှ အစ်ကိုကောင်းလို့ သတ်မှတ်ထားတာနေမှာ ]

[ ဟား မင်းတို့ရဲ့ ခွဲခြမ်းစိတ်ဖြာမှုကို နားထောင်ကြည့်ရတာ ဒါက ပိုပြီးတော့တောင် ရှုပ်ထွေးလာသလိုပဲ ]

သို့သော် ဤသည်က စကားဝိုင်းတစ်ခုမျှသာ ဖြစ်သောကြောင့် သံသယတချို့က ရှိနေသော်လည်း အင်တာနက်အသုံးပြုသူများက မှတ်ချက်ကဏ္ဍတွင် ဆွေးနွေးရုံမျှသာ တတ်နိုင်ကြ၏။

ထောင်ထောင်က ဖျောင်းဖျပြောဆိုပြီးနောက်တွင် ကျွမ်းကျွမ်းကလည်း အမြန်ပင် ပြန်လာခဲ့သည်။

အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေသော်လည်း သူက ထောင်ထောင်၏ အကြံပေးချက်အတိုင်းပင် ကုရှန်ရှန်ကို ပွင့်လင်းစွာ တောင်းပန်လိုက်လေ၏။

ကျွမ်းကျွမ်း၏ တောင်းပန်မှုကို ကြားလိုက်ရသည့်အချိန်တွင် ကုရှန်ရှန်၏ မျက်ဝန်းထဲတွင် အံ့သြသွားသည့် အရိပ်အယောင်လေး တစ်ခုက ဖြတ်ပြေးသွား၏။

“ရပါတယ်”

ကုရှန်ရှန်က နှုတ်ခမ်းလေးကို စေ့လိုက်ရင်းပြောလေသည်။

“တကယ်တော့ ငါကလည်း ကျွမ်းကျွမ်းကောကို ပြန်တောင်းပန်ရမှာပါ၊

ခုနက ငါက ဝင်ရှုပ်လိုက်မိလို့ အကုန်ပျက်ကုန်တာ၊ တောင်းပန်ပါတယ်နော်”

ကလေးများဆိုသည်က ရန်ငြိုးကို တစ်ညထက်ပို၍ မထားတတ်ကြပေ။

အရာအားလုံးက ရှင်းလင်းသွားပြီးနောက်တွင် သူတို့က လျင်မြန်စွာပင် ပြန်လည်၍ စနောက်ဆော့ကစားနေကြတော့သည်။

တစ်ဖက်တွင် လူကြီးများက သူတို့က မထွက်ခွာမီ ထောင်ထောင်၏ မှတ်ချက်ကြောင့်ဟု ထင်ရသည်။

ယနေ့တွင် ကံကောင်းခြင်းများက ဆက်တိုက် ရောက်ရှိလာပြီး ငါးများကို တစ်ကောင်ပြီးတစ်ကောင် ဖမ်းမိနေကြ၏။

တခြားဧည့်သည်များကလည်း အသီးသီး ငါးမိနေကြသည်။

မွန်းတည့်ချိန်တွင် သူတို့က ကိုယ်တိုင်ဖမ်းမိထားသော ပင်လယ်စာများဖြင့် ချက်ပြုတ်ထားသည့် နေ့လယ်စာကို ငါးဖမ်းလှေပေါ်တွင်ပင် သုံးဆောင်ကြ၏။

အခြေအနေများကို ကန့်သတ်ချက်ရှိသောကြောင့် ပင်လယ်စာများက လတ်ဆတ်နေသော်လည်း ချက်ပြုတ်ပုံနှင့် ဟင်းခတ်အမွှေးအကြိုင်များက လိုအပ်ချက်များ ရှိနေသည်။

သို့သော် သူတို့၏ လုပ်အားဖြင့် ရရှိထားသော ပါဝင်ပစ္စည်းများ ဖြစ်သောကြောင့်လားတော့ မသိပေ။

ဧည့်သည်တိုင်းက အလွန်ပင် မြိန်ယှက်စွာ စားသောက်နေကြသည်။

အချိန်များက ကုန်လွန်သွားခဲ့၍ မကြာမီမှာပင် ကျွန်းပေါ်ရှိ ဤအပိုင်းကို ရိုက်ကူးရန်အတွက် နှစ်ရက်သာ လိုတော့၏။

တတိယမြောက်ညတွင် တည်းခိုခန်းသို့ ပြန်ရောက်ရှိကြပြီးနောက်တွင် စုကျင်းက ထောင်ထောင်နှင့်အတူ အခန်းထဲတွင် မနေခဲ့ပေ။

ထိုအစား သူက မိုက်ခရိုဖုန်းကို ပိတ်၊ ကင်မရာများကို ရှောင်ကွင်းပြီး ဒါရိုက်တာ ကျိုးထင်ကို သွားရောက်ရှာဖွေခဲ့သည်။

“ခင်ဗျားနဲ့ ဆွေးနွေးစရာ တစ်ခုရှိတယ်”

စုကျင်း၏ စကားကို ကြားသည့်အချိန်တွင် ကျိုးထင်၏ မျက်နှာပေါ်တွင် ပထမဆုံး အံ့သြသွားသည့် အရိပ်အယောင်က ပေါ်လာခဲ့ပြီးနောက်တွင် ဒေါသနှင့် တုံ့ဆိုင်းမှုတို့ ရောပြွမ်းသွားသည်။

သို့သော် နောက်ဆုံးတွင် သူမက ခေါင်းကို ငြိမ့်လိုက်လေတော့သည်။

အခန်း(56)

နောက်တစ်နေ့ မနက်တွင် မည်သို့ဖြစ်ပျက်ခဲ့သည်ကို လုံးဝကို မသိရှာသော ထောင်ထောင်က စုကျင်း၏ လက်ကို ကိုင်ပြီး ပျော်ရွှင်စွာဖြင့် လှေကားပေါ်မှ ခုန်ဆင်းလာခဲ့၏။

အလုပ်သင်မိဘများက ဦးဆောင်သော တာဝန်များကို တစ်နေ့ကုန် လုပ်ဆောင်ပြီးနောက်တွင် ကမ်းခြေရှိ တဲများနှင့် ဤသည်တို့၏ ဘေးတွင် ပြင်ဆင်ထားသော ယာယီရုပ်ရှင်ရုံလေးက သူတို့ကို ကြိုဆိုနေခဲ့သည်။

ဒါရိုက်တာ ကျိုးထင်က တစ်ညလုံး မအိပ်ဘဲ အလုပ်လုပ်ထားပုံရသည်။ ကလေးများက ပြန်လာသည့်အချိန်တွင် သူမ၏ မျက်လုံးများက နီရဲနေပြီး အသံကလည်း ဗလုံးဗထွေး ဖြစ်နေလေ၏။

အဝေးမှ ထောင်ထောင်ကို မြင်လိုက်ရသည့်အချိန်တွင် ထိုကလေးမလေး၏ မျက်လုံးများက တောက်ပနေခဲ့ပြီး သူမကို ချက်ချင်းပင် ပျော်ရွှင်စွာ လက်ဝှေ့ယမ်းပြလာသည်။

ဆူညံနေသော ပတ်ဝန်းကျင်ကြောင့် ထောင်ထောင်၏ အသံကို လုံးဝကို မကြားရသော်လည်း ကျိုးထင်က ထောင်ထောင်၏ နှုတ်ခမ်းလှုပ်ရှားမှုကို ကြည့်ရုံဖြင့် သိနိုင်၏။

ထောင်ထောင်၏ တက်ကြွမှုကို အပြုံးဖြင့် တုံ့ပြန်ပြီးနောက်၊ ယမန်နေ့ညက စုကျင်းနှင့် ဆွေးနွေးခဲ့သည်များကို ပြန်တွေးမိပြီး ကျိုးထင်၏ နှုတ်ခမ်းများက တဖြည်းဖြည်း တင်းတင်းစေ့သွားရလေသည်။

ဤနည်းလမ်းက မှန်သည်လား၊ မှားသည်လားဆိုသည်ကို သူမက မသိပေ။

သို့သော်လည်း…

ပြီးခဲ့သည့်တစ်ခေါက် ထောင်ထောင်ကို အိမ်သို့ လိုက်ပို့ချိန်က သူမ၏ မသိစိတ်က တုံ့ပြန်မှုကို ပြန်လည်၍ အမှတ်ရလိုက်မိသည်။

ထို့ကြောင့် ကျိုးထင်က Hard drive ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်လေ၏။ သူမ၏ မျက်ဝန်းများကလည်း ပြတ်သားသော ဆုံးဖြတ်ချက်များဖြင့် မာကျောသွားတော့၏။

အလုပ်သင်မိဘများနှင့် သူတို့၏ ကလေးများက တဲငယ်လေးများ၏ အရှေ့တွင် ထိုင်နေကြသည်။

မကြာမီ ရှေးဟောင်းအသံတစ်ခုနှင့်အတူ စက်ကိရိယာများက စတင်၍လည်ပတ်လာလေတော့၏။

ထို့နောက်တွင် ကြိုတင်၍ ပြင်ဆင်ထားသော ဗီဒီယိုအပိုင်းအစများက မျက်နှာပြင်အကြီးကြီးပေါ်တွင် ပေါ်လာခဲ့သည်။

တရားဝင် ရိုက်ကူးရေးကို မစတင်မီက ထုတ်လုပ်ရေးအဖွဲ့က ကလေးများ၏ မိဘများက ပါဝင်သော ဗီဒီယိုအပိုင်းအစများကို အပါအဝင် အရန်ရိုက်ချက်များစွာကို ရိုက်ကူးထားခဲ့သည်။

ထိုအပိုင်းအစများကို ရိုက်ကူးချိန်က ကျိုးထင်အနေဖြင့် မည်သည့်ရည်ရွယ်ချက်အတွက် သုံးမည်ကို သေချာစွာ မဆုံးဖြတ်ရသေးပေ။

နောက်ပိုင်းတွင် တရားဝင် Weibo အကောင့်တွင် တင်ရန်အတွက်ကိုသာ ရွေးချယ်မည်ဟု စဉ်းစားထားခဲ့ခြင်း ဖြစ်၏။

သို့သော် စုကျင်းနှင့် စကားပြောပြီးနောက်တွင် စုကျင်းက အကြံသစ်တစ်ခုကို ပေးခဲ့ရာမှ ယနေ့၏ အစီအစဉ်မရှိသော ပြသမှုကို ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ရင်းနှီးသော မျက်နှာများက မျက်နှာပြင်ပေါ်တွင် ပေါ်လာသည့်အချိန်တွင် ထိုင်နေကြသော ကလေးများက ချက်ချင်းပင် ခါးကို မတ်မတ် ထိုင်လိုက်ကြ၏။

ကုရှန်ရှန်က မျက်နှာပြင်ကို တိုက်ရိုက်ညွှန်ပြ၍ စိတ်လှုပ်ရှားစွာဖြင့် အော်လိုက်လေသည်။

“မား”

တခြားကလေးများနှင့် လုံးဝကို ဆန့်ကျင်ဘက်ဖြစ်နေသူက စုကျင်း၏ ဘေးတွင် ထိုင်နေသော ထောင်ထောင်သာ ဖြစ်၏။

သူမ၏ မိဘများက မျက်နှာပြင်ပေါ်တွင် ပေါ်လာသည့်အချိန်တွင် ထောင်ထောင်က ပျော်ရွှင်မှု အလျှင်းမရှိပေ။

ထိုအစား သူမက စုကျင်း၏ အနံ့က သူမကို လွှမ်းခြုံသွားသည်အထိ စုကျင်း၏ အနားသို့ မသိစိတ်ဖြင့် တိုးကပ်သွားပြီးမှသာ သတိကြီးစွာဖြင့် သက်ပြင်းချပြီး စိတ်အေးသွားရှာ၏။

ကြည့်ရှုသူ အနည်းငယ်ကသာ ဤအသေးစိတ်အချက်ကို သတိပြုမိကြသော်လည်း သတိပြုမိသူတိုင်းက စိတ်မသက်မသာ ဖြစ်မှုများကို ခံစားလိုက်ရသည်။

[ ထောင်ထောင်က ဘာလို့ ဒီလောက်တောင် တည်ငြိမ်နေရတာလဲ၊ ဘာကိုမျှ မျှော်လင့်မနေသလိုပဲ ]

[ အခုလို ပြောလိုက်မှပဲ သတိထားမိတော့တယ်၊ တကယ်ပဲ အဲဒီအတိုင်းပဲ ]

[ ပြောရဦးမယ်၊ ရိုက်ကူးရေးကိုလုပ်နေတုန်းက တခြားကလေးတွေရဲ့ မိဘတွေက လာကြိုတာကို မြင်ဖူးတယ်လို့ ပြောကြပေမဲ့ထောင်ထောင်ရဲ့ မိဘတွေက လာကြိုတာကိုရော တစ်ယောက်ယောက်က ရိုက်မိတာ ရှိလား ]

ဤအရာများက သေးငယ်သော အချက်အလက်များသာ ဖြစ်သော်လည်း အရာအားလုံးကို ပေါင်းစပ်လိုက်သည့်အချိန်တွင် ထိုးထွင်းသိမြင်တတ်သော ကြည့်ရှုသူတိုင်းက တစ်ခုခုက မှားယွင်းနေပြီကို ချက်ချင်းပင် ခံစားမိလိုက်ကြ၏။

တခြားကလေးများ၏ မိဘများက မျက်နှာပြင်ပေါ်တွင် ပေါ်လာသည့်အချိန်တွင် ထိုကလေးများက မိဘများကို မြင်ရသောကြောင့် လူတိုင်းက ပြုံးပျော်နေကြသည်။

အမြဲတမ်း တည်ငြိမ်နေတတ်သော ဖုန်းကျားယန်ပင်လျှင် ကင်မရာထဲတွင် အပြုံးလေးတစ်ခု ပေါ်နေသည်ကို တွေ့ရ၏။

တခြားကလေးများက စိတ်လှုပ်ရှားနေချိန်တွင် ထောင်ထောင်က စုကျင်းကို မှီထားရုံမျှသာ ရှိပြီး သူမ၏ မျက်နှာတွင် မည်သည့် မျှော်လင့်ချက်မျိုးမျှ မရှိပေ။

ဗီဒီယိုထဲတွင် ထောင်ထောင်၏ မိဘများက အတူ ပေါ်လာသည့်အချိန်တွင် ကြိုတင်၍ ပြင်ဆင်ထားသော စုကျင်းနှင့် ကျိုးထင်တို့မှလွဲ တခြားလူတိုင်းက မျက်မှောင်ကြုတ်မိသွားကြသည်။

ထောင်ထောင်၏ ဖခင်နှင့် မိခင်ဟု ဆိုကြသော ထိုလူလတ်ပိုင်း အမျိုးသားနှင့် အမျိုးသမီးက အလွန်ပင် လှပလွန်းသော ထောင်ထောင်နှင့် မည်သည့်နေရာမျှပင် မတူကြပေ။

[ အင်း.. တစ်ခုခုကို ပြောချင်ပေမယ့် ရိုင်းရာကျမှာ စိုးလို့ ဘာမှ မပြောတော့ဘူး ]

[ ငါ ထောင်ထောင်ကို တစ်ခေါက်ပြန်ကြည့်မိတယ်၊ သူမရဲ့ ရုပ်ရည်ကို တိုက်ခိုက်နေတာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဒါက တကယ့်ကို အံ့သြစရာကြီး ဖြစ်နေသလိုပဲ]

[ ထောင်ထောင်က ဘယ်လိုလုပ်ပြီးတော့ ဒီလောက်တောင် ချစ်ဖို့ကောင်းအောင် ကြီးပြင်းလာရတာလဲ! (ဒီနေ့ကလည်း ထောင်ထောင်ကို အိမ်ကို ခိုးယူသွားချင်တဲ့ နောက်ထပ်နေ့တစ်နေ့ပါပဲ!) ]

[ ငါက ရုပ်ရည်ကို အသားပေးကြည့်တတ်တဲ့သူ မဟုတ်ပါဘူး၊

ဒါပေမဲ့ ပြောရဦးမယ်၊ ထောင်ထောင်ရဲ့ မိဘတွေနဲ့ သူမရဲ့ ရုပ်ရည်က ကွာခြားချက် အရမ်းကိုကြီးလွန်းတယ်! သူတို့က တကယ်ပဲ သွေးသားတော်စပ်တာ သေချာလို့လား ]

သို့သော် ရုပ်ရည်က မတူညီမှုထက် ပို၍ အရေးကြီးသည်က သူတို့၏ မျက်ဝန်းများပင် ဖြစ်၏။

ထောင်ထောင်၏ မိဘနှစ်ပါးလုံး၏ ထင်ရှားလွန်းသော မျက်ခွံတစ်ထပ်နှင့် ထောင်ထောင်၏ အထင်းသား ပေါ်လွင်နေသော မျက်ခွံနှစ်ထပ်တို့က လူတိုင်း၏ အတွက် ငြင်းမရသော သက်သေအထောက်အထားများ ဖြစ်နေလေသည်။

တခြားဧည့်သည်တချို့က မည်သည်ကိုမှမသိသေးသော်လည်း ကုန်းယောင်ကဲ့သို့ သတိထားမိသွားသူများက မသိစိတ်ဖြင့် အံ့သြတကြီး ရေရွတ်လိုက်မိကြ၏။

တစ်ချိန်တည်းမှာပင် ဖုန်းကျားယန်ကလည်း ဤအချက်ကို သတိပြုမိသွားလေသည်။

ထို့ကြောင့် မသိစိတ်ဖြင့် မျက်လုံးများက ပြူးသွားရပြီး ထောင်ထောင်ထံသို့ ချက်ချင်းပင် လှည့်ကြည့်လိုက်လေ၏။

သူက ပါးစပ်လေးကိုဟလိုက်သော်လည်း မည်သည်ကိုပြောရမည်ကို မသိတော့ပေ။

သူတို့က ထောင်ထောင်ရဲ့ မိဘအရင်းများ မဟုတ်နိုင်ကြောင်း ထောင်ထောင်ကို ပြောပြသင့်လား။

သူ၏ အကြည့်ကို ခံစားမိသောကြောင့် ထောင်ထောင်က ဖုန်းကျားယန်၏ ဘက်သို့ လှည့်ကြည့်လိုက်လေသည်။

သူမက ခေါင်းလေးကို စောင်း၍ သူငယ်ချင်းတစ်ယောက်နှင့် စကားပြောနေသကဲ့သို့ အပြစ်ကင်းစင်၍ အပူအပင်ကင်းသော အပြုံးလေးတစ်ခုကို ပြသလိုက်ပေတော့သည်။

ကလေးနှစ်ယောက်က အကြည့်ချင်း ဆုံနေချိန်မှာပင် တိုက်ရိုက်လွှင့်ထုတ်မှု၏ စကားပြောခန်းက ပေါက်ကွဲသွားတော့ပေသည်။

[ အင်း၊ ငါ မမှားဘူးဆိုရင် ထောင်ထောင်ရဲ့ မိဘနှစ်ယောက်လုံးက မျက်ခွံတစ်ထပ်တွေပဲ ဖြစ်နေကြတာလား ]

[ ? မျက်ခွံတစ်ထပ်ဖြစ်တော့ ဘာဖြစ်လဲ ]

[ တစ်ယောက်တည်းက မျက်ခွံတစ်ထပ်ဆိုရင်တော့ ကိစ္စမရှိပါဘူး၊

ဒါပေမဲ့ အခုက ထောင်ထောင်ရဲ့ မိဘနှစ်ယောက်လုံးက မျက်ခွံတစ်ထပ်တွေ ဖြစ်နေကြတာလေ (ကြောင်အနေသော အမူအရာ) ]

[ ကျွန်တော်က ဇီဝဗေဒသင်ခန်းစာတွေကို အကုန်နီးပါး မေ့နေပြီဆိုပေမဲ့၊

မျက်ခွံတစ်ထပ်ရှိတဲ့သူ နှစ်ယောက်ကနေ မျက်ခွံနှစ်ထပ်ရှိတဲ့ကလေးကို မမွေးနိုင်ဘူးဆိုတာကိုတော့ မှတ်မိနေသေးတယ် ]

[ သေစမ်း! ]

[ နေဦး! ဒါက ဘာကို ဆိုလိုတာလဲ ]

[ ဒါဆို ထောင်ထောင်က သူတို့ရဲ့ကလေးမဟုတ်ဘူးပေါ့ ဟုတ်လား! ]

[ အဲဒီလိုသာဆိုရင်တော့ အရာအားလုံးက အဓိပ္ပာယ်ရှိသွားပြီ! ဒီလူနှစ်ယောက်က ထောင်ထောင်နဲ့ လုံးဝကို မတူတာ! ]

[ သိပ်ပြီးတော့ စိတ်မလှုပ်ရှားကြပါနဲ့ဦး၊ ထောင်ထောင်ရဲ့ မိဘတွေက နောက်အိမ်ထောင်နဲ့ ဖြစ်နေတာမျိုးလည်း ဖြစ်နိုင်တာပဲ၊

ထောင်ထောင်က သူတို့ရဲ့ အရင်အိမ်ထောင်က ကလေးလည်း ဖြစ်နိုင်တာပဲလေ ]

[ ထောင်ထောင်က ဒီဇနီးမောင်နှံနဲ့ မတူဘူးဆိုပေမဲ့၊ သူတို့က ဒီလောက်အကြီးအကျယ်တော့ လိမ်မှာမဟုတ်ပါဘူး ]

အင်တာနက်အသုံးပြုသူများက ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ ဤကိစ္စက တိုက်ရိုက်လွှင့်ထုတ်မှုထဲက ဆွေးနွေးမှုများကြောင့် အွန်လိုင်းပေါ်တွင် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

ဤသည်က လူမှုကွန်ရက်၌ ရေပန်းစားခေါင်းစဉ်ပင် ဖြစ်လာခဲ့၏။

#မင်းဘယ်ကိုသွားမလဲ၊ ထောင်ထောင်၏နောက်ကြောင်း#

ရိုက်ကူးရေးစတူဒီယိုနှင့် ကပ်လျက်ရှိသော ငှားရမ်းထားသည့် အခန်းတစ်ခုထဲ၌ တစ်နေ့တာ ရိုက်ကူးရေးက ပြီးဆုံးပြီးနောက်တွင် ယွီရှောက်မေ့က အမှိုက်ပုံမှ ကောက်ထားသော တစ်ပတ်ရစ် ဆိုဖာဟောင်းလေးကို မှီလျက် ဖုန်းထဲမှ စာများကို ကြည့်နေမိ၏။

ဖုန်း၏ မျက်နှာပြင်ပေါ်တွင် သူမ၏ အခန်းဖော်ထံသို့ ပို့ထားသော စာတိုလေးက ပေါ်နေဆဲဖြစ်သည်။

[ ငါးလေးဝိုင်းဝိုင်း - နင်က ရိုက်ကူးရေးက ပြီးတော့မှာလား ]

[ ငါးလေးဝိုင်းဝိုင်း - ဘယ်တော့ ပြန်လာမှာလဲ ]

အတော်ကြာမှ သူမ၏ ဖုန်းမျက်နှာပြင်က လင်းလာလေ၏။

[ တည်ငြိမ်အေးဆေး : ခေါင်းဆောင်မင်းသားက ရုတ်တရက် ရူးကြောင်ကြောင်ထလုပ်ပြီး အဲဒီအခန်းက မကောင်းသေးဘူးဆိုပြီး ပြန်ရိုက်ခိုင်းနေတယ်! ]

[ တည်ငြိမ်အေးဆေး : အဲဒါနဲ့ပဲ နောက်ဆုံးမိနစ်ကျမှ ဇာတ်ညွှန်းကို ပြန်ပြင်ကြပြီးတော့ ဇာတ်ပို့တွေရဲ့ စကားပြောခန်းကို အကုန်နီးပါးကို ဖြတ်ပစ်လိုက်ကြတယ်! ]

[ တည်ငြိမ်အေးဆေး :ငါတို့ အပိုသရုပ်ဆောင်တိုင်းက ပြန်ရိုက်ပေးခဲ့ရတယ်၊ အခုမှ ပြီးတာ၊ ပြန်လာနေပြီ ]

[ တည်ငြိမ်အေးဆေး: နင် ဗိုက်ဆာရင် အရင်စားနှင့်တော့၊ ငါ့ကို မစောင့်နဲ့တော့နော်! ]

ယွီရှောက်မေ့က သူမ၏ အခန်းဖော်ထံမှ စာကို ကြည့်ပြီး ခေတ္တရပ်ပြီး စာပြန်ပို့လိုက်လေသည်။

[ ငါးကလေးဝိုင်းဝိုင်း : ရပါတယ်၊ ငါ စောင့်နေပါ့မယ် ]

စာမျက်နှာကို ပိတ်လိုက်ပြီးနောက်တွင် ယွီရှောက်မေ့က ဖုန်းကို ပွတ်နေမိ၏။

ငှားရမ်းထားသော ထိုအခန်း၏ အသံလုံစနစ်က မကောင်းလွန်းသောကြောင့် ယွီရှောက်မေ့က ဘေးခန်းမှ ထွက်ပေါ်လာသော အသံများကို ခပ်သဲ့သဲ့ ကြားနေရဆဲဖြစ်ကာ သူမကို မျက်မှောင်ကြုတ်မိစေသည်။

ဘေးခန်းမှ ကလေးမလေး၏ အခြေအနေကို မြင်တွေ့ခဲ့ရသည့် အချိန်မှစ၍ သူမက ထိုဘေးခန်းမှ မိသားစုကိုလည်း သည်းမခံနိုင်တော့ပေ။

ကံမကောင်းစွာဖြင့် သူမက မည်သည်ကိုမျှ မတတ်နိုင်ခဲ့ပေ။

ယွီရှောက်မေ့က နှုတ်ခမ်းကို တင်းတင်းစေ့လိုက်မိသည်။

ထိုနေ့က လှေကား၏ အောက်တွင် ကလေးမလေးနှင့် ဆုံခဲ့ချိန်က ထိုမျက်ဝန်းများကို ကြည့်ရင်း သူမ၏ အတိတ်က ပုံရိပ်ကို ပြန်မြင်နေရသကဲ့သို့ ခံစားခဲ့ရ၏။

သို့သော်…

သူမက လုပ်နိုင်ခဲ့သည်က အိတ်ထဲမှ Lollipop တစ်ချောင်းကိုထုတ်၍ ပေးခဲ့ရုံသာရှိပြီး၊ သူမကိုယ်တိုင်က ကြောက်ရွံ့နေသောကြောင့် ထိုထက်ပို၍ မကူညီနိုင်ခဲ့ပေ။

ထိုအချိန်မှာပင် ယွီရှောက်မေ့ကရုတ်တရက် ရေပန်းစားနေသော ခေါင်းစဉ်တစ်ခုကို တွေ့လိုက်ရ၏။

ထိုခေါင်းစဉ်ပေါ်ရှိ ရင်းနှီးနေသော

နာမည်ကြောင့် သူမက ခဏမျှ တုန့်ခနဲ ဖြစ်သွားရ၏။

သူမက သတိဝင်လာချိန်တွင် ထိုခေါင်းစဉ်ကို မသိစိတ်ဖြင့် နှိပ်ကြည့်မိပြီးသား ဖြစ်နေလေပြီ။

*

All Chapters