← Chapters

အခန်း (၅၇-၅၈)

Vol. 6 Ch. 57-58

အခန်း (၅၇-၅၈)

Vol. 6 Ch. 57-58

အခန်း(57)

အစပိုင်းတွင် ယွီရှောက်မေ့က နာမည်တူခြင်းသာ ဖြစ်လိမ့်မည်ဟု ထင်ခဲ့၏။

သို့သော် ရင်းနှီးနေသော နာမည်ကို မြင်လိုက်ရသည့်အချိန်တွင် ဤသည်က သူမ၏ စိတ်ကူးယဉ်မှု မဟုတ်ကြောင်း၊ ရေပန်းစားနေသော ထိုသူက သူမက သိသော ကလေးမလေးပင် ဖြစ်ကြောင်းကို သဘောပေါက်သွားရတော့သည်။

ယွီရှောက်မေ့က ဖုန်းကို တင်းကျပ်စွာဆုပ်ကိုင်ထားလိုက်မိသည်။ ဘေးခန်းရှိ မိသားစုထံမှ ရယ်မောဆော့ကစားနေသံများကို ခပ်သဲ့သဲ့ ကြားနေရဆဲပင်။

သူတို့က ဤရေပန်းစားနေသော သတင်းကို မတွေ့ကြသေးပုံရ၏။

ဤသည်ကို တွေးမိသည့်အချိန်တွင် ယွီရှောက်မေ့က နှုတ်ခမ်းထောင့်ကို အသာအယာ တွန့်ကွေးလိုက်ရင်း လှောင်ပြုံးတစ်ခုကို ဖော်ပြလိုက်လေမိသည်။

ဒါပေမဲ့လည်း...

သူတို့က ဒီသတင်းကို တွေ့ရင်တောင်မှ အဲဒီမိသားစုက ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ဘူး။

ဟုတ်တယ်မလား!

“ဒေါက် ဒေါက် ဒေါက် “

ထိုအချိန်မှာပင် ရုတ်တရက် တံခါးခေါက်သံကြောင့် ယွီရှောက်မေ့က လန့်သွားရသည်။

သူမက တံခါးကို ဖွင့်လိုက်သည့်အချိန်တွင် သူမ၏ အခန်းဖော် ကွမ်းယွီရွှမ်းက အိတ်တစ်အိတ်ကို ကိုင်လျက် အပြေးအလွှား ဝင်လာပေတော့သည်။

“လာပြီ အချိန်တွေက ကြာသွားလို့ ကံမကောင်းပေမဲ့ ညစာစားချိန်နဲ့ တိုးနေတာဆိုတော့ ငါတို့အတွက် ညစာကိုပါ ပြင်ဆင်ပေးလိုက်ကြတယ်၊

ငါက သူတို့ကို နှစ်ပွဲတောင်းပြီး နင်နဲ့ အတူစားဖို့ ယူလာခဲ့တယ်”

ကွမ်းယွီရွှမ်းက စိတ်လှုပ်ရှားစွာဖြင့် အိတ်ကို စားပွဲပေါ်သို့တင်ပြီး ထမင်းဘူးများကို တစ်ခုပြီးတစ်ခု ဖြန့်ခင်းလိုက်လေ၏။

ထို့နောက်တွင် ခေါင်းကိုလှည့်ကြည့်လိုက်လျှင် ယွီရှောက်မေ့က သူမ၏ ဖုန်းကို စိုက်ကြည့်ရင်း တစ်ခုခုကို စဉ်းစားနေသည်ကို တွေ့လိုက်ရသည်။

“ဘာဖြစ်လို့လဲ”

သူမ၏ အခန်းဖော်၏ အသံကို ကြားသည့်အချိန်တွင် ယွီရှောက်မေ့က အိပ်မက်မှ နိုးလာသကဲ့သို့ ခေါင်းကို စောင်းငဲ့ကြည့်လိုက်လေသည်။

သူမက ဖုန်းကို တင်းကျပ်စွာဆုပ်ကိုင်ထားရင်း ပုံမှန်အတိုင်းပင် ပြောလိုက်လေ၏။

“ဘာမှမဟုတ်ပါဘူး၊ ဘေးအခန်းက ကလေးမလေးအကြောင်းကို စဉ်းစားနေမိလို့ပါ”

“အာ၊ ထောင်ထောင်ကို ပြောတာလား”

ကွမ်းယွီရွှမ်းက သက်ပြင်းချလိုက်လေ၏။

“သူမကလည်း သနားဖို့ကောင်းပါတယ်၊ အဲဒီလင်မယားက သူတို့ရဲ့ သမီးကြီးကို ရပြီးတဲ့နောက် သားတစ်ယောက်ကို ရလာကြတယ်လေ၊

အဲဒီသားလေးကို မွေးပြီးတဲ့နောက်မှာတော့ သူမကို လုံးဝကို ပစ်ထားကြတော့တာပဲ”

“ခနလေး”

ယွီရှောက်မေ့က ကွမ်းယွီရွှမ်း၏ စကားကို လမ်းတစ်ဝက်တွင် ဖြတ်ပြောလိုက်လေ၏။

“နင်က ပြောချင်တာက ထောင်ထောင်က အဲဒီဘေးခန်းက လူတွေရဲ့ သမီးလို့ ပြောတာလား”

ယွီရှောက်မေ့၏ စိတ်လှုပ်ရှားနေသည့် အသံကို ကြားသည့်အချိန်တွင် ကွမ်းယွီရွှမ်းက စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းကိုငြိမ့်ပြလေသည်။

“အင်းလေ၊ ငါက နင့်ရဲ့ ဘေးအခန်းက လင်မယားတွေက တခြားလူတွေနဲ့ အတင်းပြောနေတာကို ကြားခဲ့တာ၊

သူတို့က တစ်ကြိမ်ပဲ လက်ထပ်ဖူးတာဆိုတော့ ထောင်ထောင်က သူတို့သမီး ဖြစ်မှာပေါ့”

ကွမ်းယွီရွှမ်း၏ စကားအဆုံးတွင် ယွီရှောက်မေ့က တွန့်ဆုတ်သွားပြီးမှ သူမ၏ ဖုန်းမျက်နှာပြင်ကို အခန်းဖော်ကို ပြလိုက်လေသည်။

“တကယ်တော့၊ ငါက အခုပဲ ရေပန်းစားနေတဲ့ သတင်းတစ်ခုကို တွေ့လိုက်တယ်”

ရေပန်းစားနေသော ထိုသတင်းကို မြင်ပြီးနောက်တွင် ကွမ်းယွီရွှမ်း၏ မျက်နှာတွင် အံ့သြမှုများဖြစ်ပေါ်လာရသည်။

သို့သော် မကြာမီမှာပင် ယွီရှောက်မေ့၏ အကြည့်ကို ဆုံလိုက်ရပြီး သူမ၏ ဆိုလိုရင်းကို ချက်ချင်းပင် သဘောပေါက်သွားတော့၏။

“နင်က ပြောချင်တာက.. ထောင်ထောင်က သူတို့ရဲ့...”

ဘေးအခန်းမှ အသံတစ်ခုကြောင့် သူမ၏ စကားက ပြတ်တောက်သွားပြီး ကွမ်းယွီရွှမ်းက သူမ၏ အလျင်စလိုဖြစ်မှုကို ချက်ချင်း သတိပြုမိသွား၏။

သူမက ပါးစပ်ကို ပိတ်ပြီး အသံကို အတတ်နိုင်ဆုံး လျှော့လိုက်ပြီးမှ သူမ၏ ကျန်ရှိသော ခန့်မှန်းချက်ကို ပြောလိုက်လေသည်။

“အဲဒီလင်မယားရဲ့ သမီးအရင်း မဟုတ်ဘူးလို့ ပြောချင်တာလား”

ယွီရှောက်မေ့က ခေါင်းကိုငြိမ့်ပြလိုက်လေသည်။

“ဒါက..”

ကွမ်းယွီရွှမ်းက ပါးစပ်အဟောင်းသားဖြစ်သွားပြီးနောက် ရုတ်တရက် မည်သို့ပြောရမည်ကို မသိဖြစ်သွား၏။

“နင် သူမကို ကူညီချင်တာလား”

ယွီရှောက်မေ့နှင့် ကွမ်းယွီရွှမ်းတို့က အကြည့်ချင်း ဆုံလိုက်ကြလေ၏။ သူမက မည်သည်ကိုမျှ မပြောသော်လည်း ကွမ်းယွီရှုအန်းက သူမ၏ ပြတ်သားမှုကို ခံစားလိုက်ရသည်။

“ဒါပေမဲ့ ငါတို့က..”

ကွမ်းယွီရွှမ်းက စကားမဆုံးမီ ယွီရှောက်မေ့က တည်ငြိမ်စွာဖြင့် ပြောလိုက်လေ၏။

“ငါ့ရဲ့ နယ်မြို့လေးမှာတုန်းက ငါ့ရဲ့အဖေက ငါ့ကို သေလုမတတ် ရိုက်နှက်နေချိန်မှာ ဘေးအခန်းက အဒေါ်ကသာ အပြေးအလွှား ရောက်မလာခဲ့ရင် ငါက ဒီကနေ လွတ်မြောက်လာနိုင်မှာ မဟုတ်ဘူး၊

အဲဒီအချိန်တုန်းက ဘေးခန်းက ပိန်ပိန်ပါးပါး အဒေါ်ကြီးက ငါ့ရဲ့ မှောင်မိုက်နေတဲ့ ကမ္ဘာထဲမှာ တစ်ဦးတည်းသော အလင်းရောင်ပဲ”

“ဒီတစ်ကြိမ်မှာတော့ ငါက တခြားကလေးမလေး တစ်ယောက်ရဲ့ အလင်းရောင် ဖြစ်ပေးချင်တယ်”

ကွမ်းယွီရွှမ်းက ယွီရှောက်မေ့၏ မျက်လုံးများကို ကြည့်ရင်း ယွီရှောက်မေ့၏ မျက်လုံးများက ဤမျှအထိ တောက်ပနိုင်သည်ကို ပထမဆုံးအကြိမ်အဖြစ် သတိထားမိလိုက်လေ၏။

ကွမ်းယွီရွှမ်း ယွီရှောက်မေ့၏ လက်ကို ကိုင်လိုက်သည့်အချိန်တွင် သူမ၏ လက်များက အလွန်ပင် အေးစက်နေပြီး မသိစိတ်ဖြင့် တုန်ရီနေသည်ကို တွေ့လိုက်ရသည်။

သို့သော် ထိုမျက်ဝန်းများက ဤဟောင်းနွမ်းနေသော အခန်းလေးထဲတွင်ပင် အလွန်တရာ တောက်ပနေဆဲ ဖြစ်၏။

“ဂရုစိုက်နော်”

ခဏမျှ တွန့်ဆုတ်ပြီးနောက်တွင် ကွမ်းယွီရွှမ်း သူမကို ဆက်ပြီး မတားတော့ဘဲ အကြံတစ်ခုကို ထပ်ပေးလိုက်လေသည်။

“ငါတို့က အင်တာနက်ဆိုင်ကို တက္ကစီနဲ့ သွားကြရအောင်၊ ဒါမှ အချက်အလက်တွေကို ပေါက်ကြားအောင်လုပ်တာက ငါတို့ဆိုတာကို သူတို့ မသိမှာ”

“ပြီးတော့..”

ကွမ်းယွီရွှမ်း စကားကို ခေတ္တရပ်ပြီး အံကြိတ်၍ ပြောလိုက်လေ၏။

“ငါတို့က အချိန်မရွေး အိမ်ပြောင်းဖို့ကိုလည်း အဆင်သင့် ပြင်ထားရမယ်”

ကွမ်းယွီရွှမ်း၏ စကားကို ကြားသည့်အချိန်တွင် ယွီရှောက်မေ့ မပြုံးဘဲ မနေနိုင်တော့ပေ။

ညအချိန်.. ကျွန်းပေါ်၌။

“အွန်လိုင်းပေါ်က ဆွေးနွေးမှုတွေက စပြီးတော့ ငြိမ်သွားပြီ”

ဒါရိုက်တာ ကျိုးထင်က စုကျင်း၏ ဘေးတွင် ရပ်နေရင်း စုကျးကို လှည့်ကြည့်ပြီး မမေးဘဲ မနေနိုင်တော့ပေ။

“မင်း မစိုးရိမ်ဘူးလား”

ကျိုးထင်၏ မေးခွန်းကို ကြားသည့်အချိန်တွင် စုကျင်းက ခပ်တိုးတိုး ရယ်လိုက်သည်။

“ဘာကို စိုးရိမ်ရမှာလဲ”

သို့သော် စုကျင်း၏ အမူအရာက တည်ငြိမ်နေသော်လည်း သူ၏ လက်ဖဝါးများက အမှန်တကယ်တွင် ချွေးများက အနည်းငယ် ထွက်နေသည်။

“မင်းရဲ့ စိတ်နေစိတ်ထားက တကယ်ကို ကောင်းတာပဲ”

ကျိုးကျင်းက သက်ပြင်းချလိုက်လေသည်။

“အင်တာနက်အသုံးပြုသူ အများအပြားက သံသယဖြစ်နေကြတာက မှန်ပေမဲ့ အထောက်အထားကတော့ မရှိသေးဘူးလေ၊ အလွန်ဆုံးရှိ သံသယအဆင့်မှာပဲ ရှိနေဦးမှာပဲ”

“အွန်လိုင်း ရေပန်းစားမှုတွေက အရမ်းမြန်တယ်၊ ခိုင်လုံတဲ့ သက်သေမရှိရင် ဒီကိစ္စက မနက်ဖြန် မနက်လောက်ဆိုရင်ပဲ တခြားသတင်းအသစ်တွေအောက်မှာ ဖုံးကွယ်သွားတော့မှာပဲ”

ပင်လယ်လေကို ခံစားရင်း ကျိုးထင်၏ မျက်ဝန်းထဲတွင် အကူအညီမဲ့သည့် အရိပ်အယောင်လေးတစ်ခုက ပေါ်လာခဲ့သည်။

သူမနှင့် စုကျင်းတို့ နှစ်ယောက်လုံးက ထိုလင်မယား၏ အပေါ်တွင် အသာစီးရနေသကဲ့သို့ ထင်ရသော်လည်း၊ လက်တွေ့တွင် ထိုလင်မယားက ချိုးဖောက်ရန်အတွင် အခက်ခဲဆုံးဖြစ်သော လူမှုရေး စည်းမျဉ်းတစ်ခုကို ဆုပ်ကိုင်ထားကြသည်။

မိသားစု ကျင့်ဝတ် သိက္ခာ။

ခိုင်လုံသော သက်သေမရှိပါက ထိုလင်မယားက ထောင်ထောင်၏ တရားဝင် အုပ်ထိန်းသူများ ဖြစ်နေကြပြီး၊ ရဲကို တိုင်ကြားလျှင်ပင် သက်သေအထောက်အထားက အမှန်တကယ် ရရှိရန်က ခက်ခဲလွန်းသည်။

အချိန်များက တစ်စက္ကန့်ပြီး တစ်စက္ကန့် ကုန်လွန်သွားခဲ့ကာ စုကျင်းကတော့ ကမ်းခြေတွင် ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ မတ်တပ်ရပ်နေဆဲ ဖြစ်၏။

သူ၏ ဖုန်းက မြည်လာသည့်အချိန်တွင်တော့ သူ၏ ခန္ဓာကိုယ်က ချက်ချင်းပင် တောင့်တင်းသွားပေသည်။

ကျိုးထင်၏ စောင့်ကြည့်မှုအောက်တွင် သူက ဖုန်းလက်ခံသည့် ခလုတ်ကို နှစ်ကြိမ်တိုင်တိုင် နှိပ်ပြီးမှ နောက်ဆုံးတွင် Speaker ကို ဖွင့်လိုက်လေ၏။

ဖုန်းကို ဖြေလိုက်သည်နှင့် သူ၏ မန်နေဂျာ ကျိုယန်ရှားက ပြောလိုက်လေသည်။

“တစ်ယောက်ယောက်က သတင်းအချက်အလက်တွေကို ပေါက်ကြားအောင် လုပ်လိုက်ပြီ၊

ထောင်ထောင်ရဲ့ မိဘတွေက တစ်ကြိမ်ပဲ လက်ထပ်ဖူးတာလို့ သူတို့က ပြောနေကြတယ်၊ ပြီးတော့..”

“သူတို့က ထောင်ထောင်ရဲ့ မိဘတွေက သူမကို ရိုက်နှက်နေတဲ့ အသံဖိုင်ကိုပါ တင်လိုက်ကြပြီ!”

ဤသည်ကို ကြားလိုက်ရသည့်အချိန်တွင် စုကျင်းက မျက်လုံးကို အသာအယာ မှိတ်လိုက်ပြီး သက်ပြင်းရှည်ကြီး တစ်ချက်ကို ချလိုက်ပေတော့၏။

နောက်ဆုံးတော့...

သူက စောင့်နေခဲ့တဲ့အရာက ရောက်လာပြီ။

*

အွန်လိုင်းပေါ်ရှိ စွပ်စွဲချက်များမှာ အဓိကအားဖြင့် အချက်နှစ်ချက်ကို ဦးတည်နေ၏။

ပထမအချက်မှာ ထိုလင်မယားသည်က တစ်ကြိမ်သာ လက်ထပ်ဖူးခြင်းဖြစ်ရာ ထောင်ထောင်သည်က သူတို့၏ အရင်းအချာ သမီးဖြစ်ရန် မဖြစ်နိုင်သလောက်ပင် ရှိသည်။

သို့သော် ဤစွပ်စွဲချက်မှာ ခိုင်မာသော သက်သေအထောက်အထား မရှိသေးဘဲ အွန်လိုင်းအသုံးပြုသူများ၏ သံသယကိုသာ အမြင့်ဆုံးသို့ ရောက်ရှိစေပေသည်။

အင်တာနက်အသုံးပြုသူများကို အမှန်တကယ် ဒေါသထွက်စေခဲ့သည်မှာ ဒုတိယမြောက် စွပ်စွဲချက်ဖြစ်သော အသံဖိုင်တစ်ခုပင် ဖြစ်၏။

ထိုအသံဖိုင်ကို တင်ပေးသူ၏စကားအရ ဤမှတ်တမ်းမှာ မတော်တဆ အသံဖမ်းမိခဲ့ခြင်းဖြစ်ပြီး ထောင်ထောင်မှာ သူမ၏ “မိဘများ” ဟု ဆိုသူများ၏ ရိုက်နှက်ခြင်းနှင့် ဆဲဆိုခြင်းကို ခံနေခဲ့ရသည်။

အသံဖိုင်ထဲတွင် ရိုက်နှက်သံများ၊ ဆဲဆိုသံများနှင့်အတူ မိန်းကလေး၏ ငိုယိုကာ အသနားခံနေသည့် အသံများမှာ ရောထွေးနေပြီး နားထောင်ရုံမျှဖြင့် ကျောချမ်းဖွယ် ကောင်းလှချေသည်။

စိတ်ခံစားလွယ်သော အွန်လိုင်းအသုံးပြုသူအချို့မှာမူ ထိုအသံကို နားထောင်ရင်း မျက်ရည်ပင် ကျလာကြတော့၏။

[ ဘုရားရေ... ငါတော့ တစ်ဝက်လောက်ပဲ နားထောင်နိုင်တယ်၊ ဆက်နားမထောင်ရဲတော့ဘူး! ]

[ ဘယ်လို နှလုံးသားမရှိတဲ့ မိဘတွေကများ ဒီလောက် ယုတ်မာတဲ့အလုပ်ကို လုပ်နိုင်ရတာလဲ! ]

[ ငါတော့ ဆဲမိတော့မယ်! တချို့လူတွေက မိဘမလုပ်တတ်ရင် မလုပ်သင့်ဘူး! ကလေးဆိုတာ နင်တို့ ပျော်ရင် ကစားဖို့၊ မပျော်ရင် ပစ်ထားဖို့ ဒါမှမဟုတ် ရိုက်နှက်ဆဲဆိုဖို့ အရုပ်မဟုတ်ဘူး! ]

[ အချို့လူတွေက တကယ်ကို မိဘဖြစ်ဖို့ မထိုက်တန်ကြဘူး! ]

[ အသံတွေ နားထောင်ရုံနဲ့တင် ရင်ကွဲမတတ်ပဲ... အသံဖိုင်ထဲက မိန်းကလေးငယ်လေးက အရမ်းသနားဖို့ကောင်းအောင် ငိုနေတာ ]

အချို့သော အွန်လိုင်းအသုံးပြုသူများမှာတော့ သံသယရှိနေကြဆဲ ဖြစ်ပေသည်။

[ စိတ်မရှိပါနဲ့၊ ဒါက အသံဖိုင်ပဲလေ၊ မျက်နှာလည်း မမြင်ရဘဲနဲ့ ဒါက ထောင်ထောင်နဲ့ သူမရဲ့ မိဘတွေလို့ ဘယ်လို အတည်ပြုမှာလဲ? ]

[ ငါလည်း အဲဒီလို သံသယရှိလို့ အသံစစ်ဆေးတဲ့ ဆော့ဖ်ဝဲလ်ကို သုံးပြီး အစီအစဉ်ထဲက ထောင်ထောင်ရဲ့ အဖေ၊ အမေနဲ့ ထောင်ထောင်တို့ရဲ့ အသံကို ဒီအသံဖိုင်ထဲက အသံတွေနဲ့ နှိုင်းယှဉ်ကြည့်ပြီးပြီ (ပုံ _1) (ပုံ -2)၊ ဒီအသံဖိုင်ထဲက အသံတွေဟာ ထောင်ထောင်နဲ့ သူမရဲ့ မိဘတွေ ဖြစ်ဖို့ ၉၉ ရာခိုင်နှုန်းကျော် သေချာတယ်! ]

[ ဝါးးး... အစီအစဉ်ထဲမှာ ထောင်ထောင်ရဲ့ ဖျော်ဖြေမှုကို ကြည့်ပြီး ဘယ်လို မိသားစုမျိုးက ဒီလို နတ်သမီးလေးကို ပျိုးထောင်ပေးခဲ့တာလဲလို့ ငါ တွေးနေခဲ့တာ၊

ဒီနတ်သမီးလေးက ငရဲခန်းထဲမှာ ရှင်သန်နေခဲ့ရလိမ့်မယ်လို့ အိမ်မက်တောင် မမက်ဖူးဘူး... ]

[ အို... ငါ မငိုချင်ပေမဲ့ နင်တို့ရဲ့ မှတ်ချက်တွေကို ဖတ်ပြီး မျက်ရည်တွေကို မထိန်းနိုင်တော့ဘူး... ]

[ ငါ အသံဖိုင်ကို သေချာနားထောင်ကြည့်တော့ “အသုံးမကျတဲ့ ကောင်းကျိုးမရှိတဲ့ကလေး” ဆိုတဲ့ စကားကို အကြိမ်ကြိမ် ကြားလိုက်ရတယ်... အခုမှပဲ ထောင်ထောင်က ဘာလို့ အဲဒီစကားလုံးအပေါ် အရမ်း ခံစားလွယ်နေရသလဲဆိုတာ နားလည်သွားတော့တယ်]

[ သူတို့က မိဘဖြစ်ဖို့ လုံးဝ မထိုက်တန်ဘူး!!! ]

အခန်း(58)

အင်တာနက်ဆိုင်တစ်ခုအတွင်း၌။

ဖော်ထုတ်ချက်ကို တင်ပြီးနောက် အွန်လိုင်းပေါ်ရှိ တုံ့ပြန်မှုများကို ကြည့်ရင်း ယွီရှောက်မေ့ သက်ပြင်းချနိုင်သွားရ၏။

သူမက ကွမ်းယွီရွှမ်းဘက်သို့ လှည့်လိုက်သည်ရ။

“ကျေးဇူးပဲနော် ရွှမ်းရွှမ်း”

ယွီရှောက်မေ့အနေဖြင့် ကွမ်ယွီရွှမ်း မည်မျှ သတိကြီးသည်ကို သိပေသည်။ ဤတစ်ကြိမ်တွင် အမည်မဖော်ဘဲ တင်ခဲ့သော်လည်း သူတို့ ဖော်ထုတ်ခံရမည်ကို လုံးဝ အာမမခံနိုင်ချေ။

ကွမ်ယွီရွှမ်းက သူမ၏ လုပ်ရပ်ကို ခွင့်ပြုပေးရုံသာမက စွန့်စားမှုကိုပါ လက်ခံခဲ့ခြင်းမှာ သူမ မျှော်လင့်ထားသည်ထက် များစွာ ကျော်လွန်ခဲ့ပေသည်။

“ကောင်းပြီ၊ အခုတော့ ကိစ္စတွေ ပြေလည်သွားပြီဆိုတော့ အရင်ဆုံး သွားစားကြရအောင်”

ကွမ်ယွီရွှမ်းက လေးလံနေသော အခြေအနေကို ဖြတ်တောက်ပစ်လိုက်၏။

ကွမ်ယွီရွှမ်း၏ အသံကို ကြားသောအခါ ယွီရှောက်မေ့လည်း အနည်းငယ် ကြောင်အသွားပြီးမှ နှုတ်ခမ်းကို စေ့ကာ ပြုံးလိုက်လေသည်

“အင်း

#မင်းဘယ်ကိုသွားမလဲဘေဘီထောင်ထောင်၏နောက်ခံအကြောင်း# ဆိုသည့် ခေါင်းစဉ်မှာ ဝေ့ပေါ်ပေါ်တွင် ပထမဆုံး စတင်ရေပန်းစားလာချိန်က အွန်လိုင်းအသုံးပြုသူများမှာ ဘက်လိုက်ခြင်းမရှိဘဲ ကြည့်နေရုံသာ ရှိကြသေး၏။

အစီအစဉ်ကို ကြည့်ဖူးသည့် ပရိသတ်များသာလျှင် မသိစိတ်ဖြင့် ထောင်ထောင်၏ ဘက်တော်သားများ ဖြစ်နေကြပေသည်။

ဤဖော်ထုတ်ချက်နှစ်ခု ထွက်ပေါ်လာပြီးနောက်တွင်တော့ ထောင်ထောင်၏ မိသားစုနှင့် ပတ်သက်ဖူးသူ အခြားလူများမှာလည်း သတ္တိရှိလာကြပြီး အွန်လိုင်းပေါ်တွင် အမည်မဖော်ဘဲ သူတို့၏ အမြင်များကို စတင်ပြောဆိုလာကြတော့သည်။

[ ငါက အလုပ်ကိစ္စကြောင့် ရုပ်ရှင်ရိုက်ကွင်းတွေမှာ ခဏခဏ ရှိနေတတ်ပေမဲ့ ဘယ်သူလဲဆိုတာတော့ မပြောတော့ဘူး၊

ထောင်ထောင်က ရိုက်ကွင်းမှာ အရမ်းနာမည်ကြီးတဲ့ ကလေးသရုပ်ဆောင်ပဲ၊ ဘာလို့လဲဆိုတော့ သူမက ရိုက်ကွင်းနဲ့ နီးတယ်၊

ဈေးလည်းချိုတယ်၊ ဘယ်လိုအခန်းမျိုးမဆို လက်ခံတာကြောင့် ရိုက်ကူးရေးအဖွဲ့ အများစုက သူမကို ရှာကြတယ်၊

ဒါပေမဲ့ ဘယ်ကလေးသရုပ်ဆောင်ကများ သူတို့ရဲ့ အခန်းကဏ္ဍကို စိတ်ကြိုက်ရွေးချယ်နိုင်လို့လဲ? ပြီးတော့ ကလေးသရုပ်ဆောင် ရှာသမျှ ပိုက်ဆံတွေကလည်း သူတို့မိဘတွေရဲ့ အိတ်ထဲကိုပဲ ရောက်သွားတာ မဟုတ်ဘူးလား? ]

[ ငါ့ရဲ့ အလုပ်အကိုင်ကိုတော့ ထုတ်မပြောနိုင်ပေမဲ့ ထောင်ထောင်နဲ့ အလုပ်အတူတူ လုပ်ဖူးတယ်၊ ရိုက်ကွင်းမှာ သူမရဲ့ မိဘတွေက သူမကို လုံးဝ ဂရုမစိုက်ကြဘူး...

ဒါကြောင့် အွန်လိုင်းက ဖော်ထုတ်ချက်တွေကို မြင်ရတာ မထူးဆန်းပေမဲ့ မိန်းကလေးငယ်လေးအတွက်တော့ တကယ် သနားဖို့ကောင်းပါတယ် ]

[ ရေပန်းစားနေတဲ့ အကြောင်းအရာကို မြင်တော့ လက်ခုပ်တီးပေးချင်သွားတယ်၊ ထောင်ထောင်က တကယ် သနားစရာကောင်းတာ၊ ပွင့်ပွင့်လင်းလင်း ပြောရရင် ရှေးခေတ်က ကျွန်ပိုင်ရှင်တွေတောင် သူတို့ရဲ့ အစေခံတွေကို အဲဒီလောက် မနှိပ်စက်ဘူး!

အများကြီးတော့ ထုတ်မပြောနိုင်ပေမဲ့ စေတနာနဲ့ သတိပေးရရင် ထောင်ထောင်ရဲ့ အလုပ်အချိန်ဇယားကိုသာ ရှာကြည့်လိုက်ကြပါ... တကယ်ကို... ဝါးးး... ]

[ အရင်တုန်းက တခြားအနုပညာရှင်တွေကို အင်တာဗျူးဖို့ ရိုက်ကွင်းကို သွားခဲ့ဖူးတယ်၊ အဲဒီမှာ ထောင်ထောင်နဲ့ သူမရဲ့ မိဘတွေကို တွေ့ခဲ့တယ်၊ သူမရဲ့... သူမ အမေထင်တယ်၊

ရှေ့ကနေ လျှောက်သွားပြီး နောက်က ထောင်ထောင်ကို လုံးဝ လှည့်မကြည့်ဘူး၊ ထောင်ထောင်ခမျာ မှီအောင် ပြေးလိုက်နေရတာ၊

အဲဒီတုန်းကတော့ ကောင်မလေးကို သနားရုံပဲ ရှိခဲ့ပေမဲ့ အခုမှပဲ အဲဒါ ထောင်ထောင် ဖြစ်နေမှန်း သိတော့တယ်]

လူအများက ဖော်ထုတ်ချက်များနှင့် ထွက်ပေါ်လာကြသောအခါ အွန်လိုင်းလူထု၏ အမြင်မှာ ထောင်ထောင်၏ ဘက်သို့ တဖြည်းဖြည်း ယိမ်းယိုင်လာခဲ့ချေပြီ။

အွန်လိုင်းအသုံးပြုသူများက အလုပ်အချိန်ဇယားကို ရှာဖွေရန် စောင့်မနေတော့ဘဲ ကျိုးယန်ရှားက စုံစမ်းထားသည့် အချက်အလက်များကို “နယ်ပယ်အတွင်းမှ လူတစ်ဦး” အသွင်ဖြင့် အွန်လိုင်းပေါ်သို့ တင်လိုက်ပေတော့၏။

တခြားသော ဗီဒီယိုဖိုင်များကိုမူ ကျိုးယန်ရှားသည် တစ်ပြိုင်နက်တည်း မထုတ်ပြန်ခဲ့ချေ။

အဘယ်ကြောင့်ဆိုသော် လူထုအမြင် စစ်ပွဲတစ်ခုတွင် အချက်အလက်အားလုံးကို တစ်ကြိမ်တည်း မထုတ်ရဘဲ အခြေအနေအပေါ် မူတည်၍ တစ်စစီ ထုတ်ပြန်ခြင်းဖြင့် လူအများ၏ အာရုံစိုက်မှုကို အမြင့်ဆုံး ရရှိစေသည်။

ထူထပ်သိပ်သည်းလှသော အလုပ်အချိန်ဇယားကို မြင်လိုက်ရသောအခါ ဤအကြောင်းအရာကို စောင့်ကြည့်နေကြသည့် အွန်လိုင်းအသုံးပြုသူတိုင်းမှာ အံ့အားသင့်သွားကြရသည်။

တချို့မှာတော့ မျက်စိမှားသည်ဟု ထင်ကာ မျက်လုံးကိုပင် ပွတ်ကြည့်လိုက်ကြ၏။

[ ဒါက ပုံမှန် အချိန်ဇယားလား? ဒါက ဖြစ်သင့်လို့လား? ]

[ ငါတော့ စကားတောင် မပြောနိုင်တော့ဘူး၊ ပွင့်ပွင့်လင်းလင်း ပြောရရင် လူကြီးအနုပညာရှင်တွေတောင် ဒီလောက် အလုပ်မများဘူး၊ ကလေးတစ်ယောက်ဖြစ်တဲ့ ထောင်ထောင်ကိုတော့ ထားလိုက်ပါဦး! ]

[ နာမည်ကြီးမဟုတ်တဲ့ အနုပညာရှင်တွေကို စောင့်ကြည့်ဖူးတဲ့သူက ပြောမယ်... ငါ့အနုပညာရှင်ရဲ့ အချိန်ဇယားက ထောင်ထောင်ထက် အများကြီး လျော့သေးတယ်(စကားမဲ့သွား) ]

[ ဒီလိုအချိန်ဇယားမျိုးက... လူသတ်နေတာ မဟုတ်ဘူးလား၊ ကလေးရဲ့ ခန္ဓာကိုယ်က ဘယ်လိုလုပ် ခံနိုင်မှာလဲ? ]

[ ထောင်ထောင်ရဲ့ သရုပ်ဆောင်ချက်တချို့ကို ငါ ကြည့်ဖူးတယ်... တကယ်တော့ ရိုက်ကူးရေးက အားစိုက်ရတာ မနည်းဘူး၊ ဒီလိုအချိန်ဇယားမျိုးကတော့ လုံးဝ ဝန်ပိနေတာပဲ ]

[ အင်း... သတိပေးရရင် ထောင်ထောင်က အသက်မပြည့်သေးဘူး၊ ဆိုလိုတာက သူမရဲ့ စာချုပ်အားလုံးကို အုပ်ထိန်းသူတွေက လက်မှတ်ထိုးပေးခဲ့တာ

သူမ ရှာသမျှ ပိုက်ဆံတွေ ဘယ်ရောက်ကုန်သလဲဆိုတာကတော့ ပြောဖို့တောင် မလိုတော့ဘူး မဟုတ်လား? ]

[ “ကျားဆိုးကတောင် သားသမီးကို မစား” ဆိုတဲ့ စကားကို ပြောမလို့ပဲ၊ ဒါပေမဲ့ ထောင်ထောင်က သူတို့ရဲ့ သမီးအရင်း မဟုတ်ဘူးဆိုရင်တော့ အားလုံးက ဖြစ်နိုင်သွားပြီပေါ့...]

[ !! ဒါက တွေးကြည့်ရင်တောင် ကြောက်စရာကြီး! ]

[ ရုတ်တရက်ပဲ အရာအားလုံးက ငါ ထင်ထားတာထက် ပိုရှုပ်ထွေးနေသလိုပဲ၊ ကြီးမားတဲ့ ထောင်ချောက်ကြီး တစ်ခုလိုမျိုး... ]

[ ဒါပေမဲ့ ဘယ်လိုဖြစ်နိုင်ခြေမျိုးပဲဖြစ်ဖြစ် ထောင်ထောင်ကတော့ အသနားစရာ အကောင်းဆုံးပဲ... ]

[ ငါ့ရဲ့ ထောင်ထောင်လေး၊ သူမက ငယ်ငယ်လေးပဲ ရှိသေးတာ၊ ဘာတွေ သိဦးမှာလဲ... ]

အွန်လိုင်းအသုံးပြုသူများမှာ တုံးအကြသူများ မဟုတ်ပေ။ လိမ်လည်လှည့်ဖြားသည့် သတင်းအများအပြားကို ကြုံတွေ့ဖူးပြီးနောက် မိဘနှင့် သားသမီး ဆက်ဆံရေးအပေါ် အခြေခံကာ မိဘက အမြဲမှန်ပြီး သားသမီးက အမြဲမှားသည်ဟု မျက်စိမှိတ် ဆုံးဖြတ်မည့်သူမှာ အနည်းငယ်သာ ရှိပေတော့သည်။

ထို့အပြင် ထောင်ထောင်မှာ ငယ်လွန်းသေးသည်။

ထိုမျှ ငယ်ရွယ်သော ကလေးတစ်ဦးနှင့် အရွယ်ရောက်ပြီးသူ မိဘများကို ချိန်ခွင်လျှာ တစ်ဖက်စီတွင် တင်လိုက်ပါက အွန်လိုင်းအသုံးပြုသူများ၏ စိတ်မှာ ဘက်လိုက်သွားနိုင်သည်။

သက်သေအထောက်အထားများကလည်း အခိုင်အလုံ ရှိနေသည် မဟုတ်ပါလား။

လူထု၏ ဝေဖန်မှုများ ပြင်းထန်လာသည်နှင့်အမျှ ကျိုးယန်ရှားသည်က ထောင်ထောင်၏ ကြောက်ရွံ့နေသည့် အမူအရာနှင့် သူမ၏ မိဘများ၏ ခံစားချက်ကင်းမဲ့သော မျက်နှာထားများ ပါဝင်သည့် ဗီဒီယိုများအပါအဝင် အခြားသော အချက်အလက်များကို တဖြည်းဖြည်း ထုတ်ပြန်လိုက်ပေသည်။

ဤဗီဒီယိုများက ပရိသတ်များ၏ အမြင်တွင် လူထုအမြင်ကို ပိုမို၍ ပြောင်းလဲစေခဲ့၏။

အွန်လိုင်းပေါ်ရှိ ဆွေးနွေးမှုများကြားတွင် လူထုအမြင်မှာ ထောင်ထောင်၏ ဘက်သို့ လုံးဝ ရောက်ရှိသွားသည်ကို မြင်သောအခါ စုကျင်းက သူ၏ မန်နေဂျာ ကျိုးယန်ရှားထံသို့ ဖုန်းဆက်လိုက်သည်။

“အခု အဆုံးသတ်လို့ ရပြီ”

ဖုန်းချပြီးနောက် စုကျင်း ရိုက်ကူးရေးနေရာသို့ ပြန်လာခဲ့သည်။

ယနေ့သည်က ကျွန်းပေါ်တွင် ရိုက်ကူးရေးလုပ်သည့် နောက်ဆုံးနေ့ ဖြစ်ပေသည်။

သူ ရိုက်ကူးရေးနေရာသို့ ချဉ်းကပ်သွားစဉ်မှာပင် ထောင်ထောင်က စုကျင်းကို အဝေးမှ မြင်လိုက်ရသဖြင့် လက်ကို မြှောက်ကာ ပါးချိုင့်လေးနှစ်ဖက် ပေါ်အောင် ပြုံးပြလိုက်သည်။

“ကောကော! ဒီမှာ!”

ထောင်ထောင်၏ အသံကို ကြားလိုက်ရလျှင် စုကျင်း၏ တွန့်ချိုးနေသော မျက်ခုံးများက ပြေလျော့သွားရလေ၏။

“အင်း..”

စုကျင်းထောင်ထောင်ထံသို့ လျှောက်သွားရင်း ဤလူထုအမြင်တိုက်ပွဲမစတင်မီက သူ၏ မန်နေဂျာ ကျိုးယန်ရှားနှင့် ပြောခဲ့သော စကားကို ရုတ်တရက် သတိရလိုက်မိသည်။

“ဒါက အမှန်ပဲဆိုရင်တောင် ထောင်ထောင်အတွက် သူမရဲ့ မိဘအရင်းတွေကို ရှာဖို့က အရမ်း ခက်ခဲလိမ့်မယ်”

ကျိုးယန်ရှားက သက်ပြင်းချရင်း ပြောခဲ့သည်

“ဘာပဲဖြစ်ဖြစ် နှစ်တွေ အများကြီး ကုန်သွားပြီလေ၊ သူမရဲ့ မိဘအရင်းတွေကို ရှာမတွေ့ရင် သူမကို မိဘမဲ့ဂေဟာ ပို့ရတာမျိုး ဒါမှမဟုတ် သူမကို စောင့်ရှောက်မယ့်သူ ရှိမလားဆိုတာ ကြည့်ရလိမ့်မယ်”

“ကျွန်တော့်ကို ဘယ်လို ထင်သလဲ”

စုကျင်းက တွေဝေခြင်းမရှိဘဲ ထိုမေးခွန်းကို မေးခဲ့ပေသည်။

“မင်း ရူးနေတာလား?”

ကျိုးယန်ရှား၏ မယုံကြည်နိုင်သော အသံမှာ သူ၏ နားထဲတွင် ပဲ့တင်ထပ်နေဆဲ ဖြစ်ပေသည်။

စုကျင်းတစ်ယောက် ထောင်ထောင်၏ အပြုံး၊ တောက်ပသော နေရောင်ခြည်နှင့် ကျွန်းပေါ်မှ နွေးထွေးသော လေပြေညင်းတို့ကို ကြည့်ရင်း နှုတ်ခမ်းထောင့်ကို အနည်းငယ် ကွေးညွှတ်ကာ ပြုံးလိုက်မိသည်။

သူ့ထံသို့ ပြေးလာသော ထောင်ထောင်ကို ပွေ့ဖက်လိုက်သည့် ခဏတွင် စုကျင်း၏ မျက်ခုံးများမှာ ချက်ချင်းပင် နူးညံ့သွားတော့၏။

သူ တကယ်ပဲ ရူးနေတာ ဖြစ်နိုင်တယ်။

ဒါပေမဲ့လည်း...

စုကျင်းက ထောင်ထောင်ကို ပွေ့ဖက်ထားသည့် သူ၏ လက်မောင်းများကို အနည်းငယ် ပိုမို တင်းကျပ်လိုက်မိ၏။

ယခုကဲ့သို့ မြင်တွေ့ခဲ့ရပြီဖြစ်၍ သူကတော့ လက်ပိုက်ကြည့်မနေနိုင်တော့ချေ။

အစပိုင်းတွင် ချွီခွန်နှင့် ချိုက်ရှို့လန်တို့မှာ ဖြစ်ပျက်နေသည့်အရာများကို မသိကြပါချေ။

သို့သော်လည်း သူတို့ပတ်ဝန်းကျင်ရှိ လူများ၏ အကြည့်မှာ ထူးဆန်းလာသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။

ချိုက်ရှို့လန် ဟင်းသီးဟင်းရွက် သွားဝယ်သည့် အချိန်တွင်ပင် ဆိုင်ရှင်က သူမကိုကြာမြင့်စွာ ကြည့်နေပြီး ထောင်ထောင်မှာ သူတို့၏ သမီးအရင်း ဟုတ်မဟုတ်ကို မေးလာခဲ့သည်။

အပြန်လမ်းတွင်လည်း ချိုက်ရှို့လန်တစ်ယောက် တစ်စုံတစ်ယောက်က သူမကို စောင့်ကြည့်နေသည်ဟု ခံစားရသဖြင့် စိတ်မသက်မသာ ဖြစ်လာခဲ့၏။

သူတို့အနေဖြင့် သူတို့က လူမှုကွန်ရက်ပေါ်တွင် ရေပန်းစားနေပြီးနောက် သူတို့ ငှားရမ်းနေထိုင်သည့် အိမ်လိပ်စာမှာ ချက်ချင်းပင် ပေါက်ကြားသွားခဲ့ကြောင်းကို မသိခဲ့ပေ။

များပြားလှသော မီဒီယာများနှင့် သတင်းထောက်များမှာ ထိုနေရာတွင် စောင့်ဆိုင်းနေကြပြီ ဖြစ်၏။

အိမ်သို့ ပြန်ရောက်၍ အင်တာနက်ကို ကြည့်လိုက်သည့် အချိန်မှသာ ချိုက်ရှို့လန်နှင့် ချွီခွန်တို့လည်း ဖြစ်ပျက်ခဲ့သည်များကို သိရှိသွားကြတော့သည်။

“ဒီ ကောင်းကျိုးမရှိတဲ့ကလေးမ!”

ချိုက်ရှို့လန်က ကြမ်းတမ်းစွာ ဆဲဆိုလိုက်လေသည်။

“အဲဒီ အစီအစဉ်ကို မသွားသင့်တာကို ငါသိနေတယ်! မသွားပါနဲ့လို့ ငါ ပြောသားပဲ!”

ချွီခွန်က စိုးရိမ်တုန်လှုပ်နေသဖြင့် ချိုက်ရှို့လန်အပေါ် ဒေါသပုံချလိုက်၏။

ဤသို့ အပြစ်လွှဲချနေသည်ကို ကြားသောအခါ ချိုက်ရှို့လန်မှာလည်း ချက်ချင်းပင် မကျေမနပ် ဖြစ်သွားတော့သည်။

“နင် ဘာပြောလိုက်တာလဲ? ပိုက်ဆံတွေ ရေတွက်နေတုန်းကတော့ နင်လည်း ပျော်နေတာ မဟုတ်ဘူးလား?”

“ဒီလို ဖြစ်လာမယ်လို့ ငါက ဘယ်လိုလုပ် သိမှာလဲ?”

ချွီခွန်က သူ မှန်နေသကဲ့သို့ ထင်ရစေရန် အသံကို ပိုမိုမြှင့်၍ အော်ဟစ်လိုက်ပေသည်။

မကြာမီမှာပင် ထိုနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး အပြစ်တင်ရင်း ငြင်းခုံနေကြတော့၏။

သူတို့ ငြင်းခုံနေကြစဉ်မှာပင် သူတို့ ငှားနေသည့် အိမ်တံခါးကို တစ်စုံတစ်ယောက်က လာခေါက်ပေသည်။

“ဘယ်သူလဲ?”

ချွီခွန်က စိတ်မရှည်စွာဖြင့် သွားဖွင့်လိုက်ရာ တစ်စုံတစ်ယောက်က သူ၏ မျက်နှာရှေ့သို့ ကတ်တစ်ခုကို ထိုးပြလိုက်လေသည်။

တစ်ချိန်တည်းမှာပင် လေးနက်သော အသံတစ်သံက သူ၏ နားထဲတွင် မြည်ဟည်းသွားတော့၏။

“တစ်ယောက်ယောက်က ခင်ဗျားတို့ကို ကလေးသူငယ် လူကုန်ကူးမှု သံသယနဲ့ ရဲတိုင်ထားတယ်၊ အခု ကျွန်တော်နဲ့အတူ လိုက်ခဲ့ပါ”

ချွီခွန်က မော့ကြည့်လိုက်ပြီး သူ၏ရှေ့တွင် တောက်ပနေသော ရဲဝတ်စုံကို မြင်လိုက်ရသည့် ခဏ၌ သူ၏ အမြင်အာရုံများမှာ မှောင်မိုက်သွားပြီး သူ၏ စိတ်ထဲတွင် စကားသုံးခွန်းသာ ကျန်ရစ်တော့ပေသည်။

ငါတော့ သွားပြီ!

All Chapters