အခန်း (၅၉-၆၀)
Vol. 6 Ch. 59-60
အခန်း(59)
လူမှုကွန်ရက်ပေါ်တွင် ရေပန်းစားလာခဲ့သည်နှင့်အမျှ ချွီခွန်နှင့် ချိုက်ရှို့လန်တို့ မသိလိုက်ဘဲ များပြားလွန်းသော မီဒီယာများနှင့် သတင်းထောက်များမှာ ပတ်ဝန်းကျင်၌ ပုန်းကွယ်စောင့်ဆိုင်းနေခဲ့ကြပေသည်။
ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီးနောက် မကြာမီမှာပင် အချို့သော မီဒီယာသမားများသည် တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်ပြုလုပ်လာကြပြီး၊ ရဲများက ချွီခွန်နှင့် ချိုက်ရှို့လန်တို့ကို ဖမ်းဆီးခေါ်ဆောင်သွားသည့် မြင်ကွင်းကို အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့်ပြသခဲ့ကြ၏။
ဤကိစ္စမှာ လူထုစိတ်ဝင်စားမှု အမြင့်ဆုံးသို့ ရောက်ရှိနေချိန်ဖြစ်၍ အွန်လိုင်းအသုံးပြုသူများက ခေါင်းစဉ်အောက်ရှိ တိုက်ရိုက်ထုတ်လွှင့်မှုကို လျင်မြန်စွာ သတိပြုမိသွားကြတော့သည်။
အစပိုင်းတွင် တိုက်ရိုက်ထုတ်လွှင့်မှုထဲသို့ ဝင်ကြည့်ကြသူများမှာ လူကြည့်များစေရန်အတွက် ကျင့်ဝတ်များကို ချိုးဖောက်နေသော မီဒီယာသမားများကို ဝေဖန်ရန် ရည်ရွယ်ခဲ့ကြသော်လည်း၊ မြင်ကွင်းကို အသေးစိတ် မြင်လိုက်ရသည့်အချိန်တွင်တော့ မှင်သက်သွားကြရပြီး မှတ်ချက်ပေးသည့်နေရာ၌ အာမေဍိတ်လက္ခဏာများဖြင့်သာ ပြည့်နှက်သွားတော့၏။
[ ???!!! ]
[ ခဏလေး! ဒါ တကယ်ကြီးလား? ရဲတွေက သူတို့ကို တကယ် လာဖမ်းတာလား? ]
[ ဝါးးး? အစကတော့ ဟာသတစ်ခုလို့ပဲ ထင်နေတာ၊ ဒါပေမဲ့ ဒီမြင်ကွင်းကို ကြည့်ရတာတော့ အစစ်ဖြစ်နိုင်တယ် ]
[ တကယ်လို့ ဒါက အတုဆိုရင်တောင် အစစ်ဖြစ်ပါစေလို့ ငါ ဆုတောင်းတယ်၊ အစစ်ဆိုရင်တော့ ငါ လက်ခုပ်တီးပြီး အားပေးမှာ! ဟားဟားဟား ]
[ ဝါးးး မြန်ဆန်လိုက်တာ! ]
[ ဒါပေမဲ့ ရဲတွေက သူတို့ကို လာဖမ်းတယ်ဆိုကတည်းက အကြောင်းပြချက် တစ်ခုခုရှိရမယ်၊ တစ်ခုခု ရှာတွေ့သွားလို့လား? ]
[ လက်တွေ့ဘဝ အစီအစဉ်ရှိုးတစ်ခုကနေ လူမှုရေး သတင်းကဏ္ဍထဲ ရောက်သွားလိမ့်မယ်လို့ အိမ်မက်တောင် မမက်ဖူးဘူး (အတင်းအဖျင်း)
[ အားးး! ငါ့နှလုံးသားကို ကြောင်ကုတ်သလိုမျိုး တဒိတ်ဒိတ် ခုန်နေပြီ... ဘာဖြစ်တာလဲ သိတဲ့သူရှိလား? ]
ထိုအွန်လိုင်းအသုံးပြုသူသည်က ချွီခွန်နှင့် ချိုက်ရှို့လန်တို့ကို ရဲများက ခေါ်ဆောင်သွားသည့်တိုင်အောင် အဖြေကို မရရှိခဲ့ချေ။
ချိုက်ရှို့လန်နှင့် ချွီခွန်တို့ အဖမ်းခံရချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေသူများမှာ ပွက်လောရိုက်သွားကြတော့၏။
တခြားသော အွန်လိုင်းအသုံးပြုသူများနှင့် နှိုင်းယှဉ်လျှင် “မင်းဘယ်ကိုသွားမလဲ ဘေဘီ?” အစီအစဉ်ကို စောင့်ကြည့်နေသူများမှာ ဤအချက်ကို ပထမဆုံး သတိပြုမိခဲ့ကြလေ၏။
သို့သော်လည်း နောက်ဆက်တွဲ ဖြစ်ရပ်များမှာတော့ လမ်းကြောင်းလွဲသွားသော မြင်းရိုင်းတစ်ကောင်ကဲ့သို့ပင် အံ့အားသင့်ဖွယ် ကောင်းလှသော ဘက်သို့ ဦးတည်သွားတော့သည်။
အွန်လိုင်းအသုံးပြုသူများသာမက များပြားလွန်းသော သတင်းထောက်များနှင့် မီဒီယာသမားများသည်လည်း ထောင်ထောင်ကို မျက်စိကျနေကြသည်။
“မင်းဘယ်ကိုသွားမလဲ ဘေဘီ?” အစီအစဉ်၏ ယခုအပိုင်း ရိုက်ကူးရေးမှာ ယနေ့တွင်ပင် ပြီးဆုံးသွားခြင်းဖြစ်ပြီး လက်ရှိတွင် ရေပန်းစားနေသော ခေါင်းစဉ်(20)အနက် နှစ်ခုမှာ ဤဖြစ်ရပ်နှင့် သက်ဆိုင်နေသည်ကို သတိပြုသင့်သည်။
အကယ်၍ သူတို့သာ လေဆိပ်တွင် ထောင်ထောင်ကို မိအောင် ဖမ်းနိုင်ပါက ဤလအတွက် သူတို့၏ အလုပ်ရလဒ်အတွက် စိတ်ပူစရာ လိုတော့မည်မဟုတ်ချေ။
ဤအချက်ကို ရည်ရွယ်၍ သတင်းထောက်များနှင့် မီဒီယာသမား အများအပြားက “မင်းဘယ်ကိုသွားမလဲ ဘေဘီ?” အဖွဲ့နှင့် ပတ်သက်နိုင်သည့် လှုပ်ရှားမှုမှန်သမျှကို စောင့်ကြည့်နေကြပြီး၊ အဖွဲ့သားများ ရှိနေသည်ဟု သတင်းထွက်နေသော လေဆိပ်ကိုပင် ဝိုင်းရံထားကြတော့၏။
သို့သော်လည်း “မင်းဘယ်ကိုသွားမလဲ ဘေဘီ?” အဖွဲ့သားများ နောက်ဆုံးတွင် ထွက်ပေါ်လာသောအချိန်တွင်တော့ သတင်းဦးတင်ရန် စောင့်ဆိုင်းနေကြသည့် မီဒီယာသမားများအားလုံးမှာ ချက်ချင်းပင် ဆွံ့အသွားကြရသည်။
ရိုက်ကူးရေးတွင် ပါဝင်ခဲ့သည့် ဧည့်သည်များအားလုံးနီးပါး ရှိနေကြသော်လည်း သူတို့ စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေသည့် ထောင်ထောင်မှာတော့ သူတို့ကြားတွင် ပါမလာခဲ့ချေ။
မျက်စိလျင်သူများမှာတေား အစီအစဉ်တွင် ထောင်ထောင်၏ ယာယီအုပ်ထိန်းသူအဖြစ် ပါဝင်ခဲ့သည့် စုကျင်းပါ ပျောက်ကွယ်နေသည်ကို သတိပြုမိသွားကြပေသည်။
သူမ ဘယ်ရောက်သွားတာလဲ။
သတင်းထောက်များနှင့် မီဒီယာသမားများ လေဆိပ်တွင် စိတ်ပျက်နေကြစဉ်မှာပင် စုကျင်းက အားလုံးကို ရှောင်တိမ်းကာ ဆေးရုံသို့ တိတ်တဆိတ် ရောက်ရှိနေခဲ့ပြီ ဖြစ်၏။
အွန်လိုင်းပေါ်မှ ဆူညံမှုများမှာ သူ မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်ပေသည်။
သတင်းထောက်များနှင့် မီဒီယာသမားများသည်က လင်းနို့များကဲ့သို့ပင် အနံ့ခံကာ လိုက်လာကြမည်ကို သူသိသည်။
သူတို့ ရှိနေမည့် လေဆိပ်ဟူသည်မှာ ကျိုးကျင်း၏ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ချက်တစ်ခုဖြစ်ပြီး မီဒီယာသမားများကို အငိုက်မိစေရန် ကြိုတင်တွက်ချက်ထားသည့် အစီအစဉ်တစ်ခုသာ ဖြစ်ပေသည်။
စုကျင်းတို့မှာတော့ အခြားလေဆိပ်တစ်ခုသို့ ဆင်းသက်ခဲ့ကြခြင်း ဖြစ်၏။ လေဆိပ်သို့ ဆိုက်ရောက်သည်နှင့် ကျိုးယန်ရှား စီစဉ်ထားသော ကားက သူတို့ကို ဆေးရုံသို့ တိုက်ရိုက် ခေါ်ဆောင်သွားခဲ့ပေသည်။
စိမ်းသက်သော ပတ်ဝန်းကျင်ကို ကြည့်ရင်း ထောင်ထောင်ကစုကျင်း၏ အင်္ကျီကော်လံကို အသာအယာ ဆွဲကိုင်ကာ မော့ကြည့်လိုက်သည် ။
“ကောကော၊ ထောင်ထောင်တို့ ဘယ်သွားကြမလို့လဲ”
“ဆေးရုံမှာ ကျန်းမာရေး စစ်ဆေးမှုလေး လုပ်မလို့လေ”
စုကျင်းက ထောင်ထောင်၏ ခေါင်းကို ပွတ်ပေးရင်း ပြုံးလျက် ချော့မော့ပြောလိုက်သည်။
“ထောင်ထောင် ကြောက်နေလား”
ထိုစကားကို ကြားသောအခါ ထောင်ထောင်က ခေါင်းခါပြသည်။
“မကြောက်ပါဘူး”
“ကောကော ဘေးမှာ ရှိနေတာပဲ၊ ထောင်ထောင် မကြောက်ပါဘူး”
ထောင်ထောင်၏ ယုံကြည်မှုအပြည့်ရှိသော မျက်လုံးများကို မြင်လိုက်ရသောကြောင့် စုကျင်း ပြုံးလိုက်ပြီး သူမကို သူ့ပေါ် သိားမှီထားစေလိုက်၏။
ထောင်ထောင်အနေဖြင့် စုကျင်း၏ မျက်လုံးများထဲရှိ အေးစက်သော အရိပ်အယောင်ကိုတော့ မမြင်လိုက်ပါချေ။
မကြာမီ အရာအားလုံးက ရှင်းလင်းသွားလိမ့်မည်။
စုကျင်း ဘေးတွင် ရှိနေသဖြင့် ထောင်ထောင်က ကောင်းစွာ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ဝန်ထမ်းများ၏ ညွှန်ကြားချက်ကို လိမ္မာစွာ လိုက်နာကာ စစ်ဆေးမှုအတွက် လိုအပ်သည်များကို လျင်မြန်စွာ ပြုလုပ်ခဲ့ပေသည်။
ချိုက်ရှို့လန်နှင့် ချွီခွန်တို့ထံမှ ရရှိထားသော ဆံပင်များကိုတော့ ရဲများက သိမ်းဆည်းကာ ဆေးရုံသို့ ပေးပို့ထားပြီး ဖြစ်၏။
နောက်တစ်ဆင့်မှာ စစ်ဆေးမှုရလဒ်များကို စောင့်ဆိုင်းရန်သာ ကျန်တော့ပေသည်။
ဤအရာများ အားလုံး ပြီးဆုံးသွားပြီးနောက် စုကျင်းက ထောင်ထောင်ကို သူ၏ တိုက်ခန်းသို့ ခေါ်ဆောင်သွားရန် ပြင်ဆင်နေချိန်တွင် တံခါးအပြင်သို့ ထွက်လိုက်သည်နှင့် ရင်းနှီးသော ပုံရိပ်တစ်ခုကို မြင်လိုက်ရလေ၏။
သူ အံ့အားသင့်စွာဖြင့် ရပ်တန့်သွားရသည်။
“ဦးလေးကျန်း၊ ဘာကိစ္စရှိလို့ ဒီကို ရောက်လာတာလဲ”
ဝတ်စုံအပြည့် ဝတ်ဆင်ထားသော လူလတ်ပိုင်း အမျိုးသားတစ်ဦးက အနက်ရောင် ကားအရှည်ကြီး၏ ရှေ့တွင် ရပ်နေပြီး ယဉ်ကျေးသော အပြုံးဖြင့် ပြောလာသည်။
“သခင်လေးကျင်း၊ သခင်ကြီးနဲ့ သခင်မကြီးတို့က သတင်းကို မြင်ပြီး သခင်လေးကို လာကြိုဖို့ ကျွန်တော့်ကို ခိုင်းလိုက်တာပါ”
စကားပြောနေချိန်မှာပင် ဦးလေးကျန်း၏ အကြည့်မှာ အောက်သို့ အနည်းငယ် ရောက်ရှိသွားပြီး စုကျင်း ပွေ့ချီထားသော ထောင်ထောင်ထံသို့ ကျရောက်သွားကာ ရယ်မောလိုက်သည်။
“ဒါပေါ့၊ ဒီမိန်းကလေးငယ်လေးလည်း ပါတာပေါ့”
“ကိုယ့်အလုပ်ကိုယ် လုပ်စမ်းပါ”
စုကျင်းက မျက်ခုံးပင့်ရင်း ရေရွတ်လိုက်သည်။
“ကျွန်တော့်ဘာသာ ကျွန်တော် ကိုင်တွယ်နိုင်တယ်လို့ သူတို့ကို သွားပြောလိုက်ပါ၊ ကျွန်တော် ပြန်မလာဘူး”
စုကျင်း လှည့်ထွက်ရန် ပြင်လိုက်သော်လည်း ဦးလေးကျန်းက ထပ်မံ ပြောလာသည်။
“ပွင့်ပွင့်လင်းလင်း ပြောရရင် သခင်လေးကျင်း၊ ကလေးတွေကို ဘာကျွေးရမလဲဆိုတာ သခင်လေး သိလား၊ သူတို့အတွက် အာဟာရဖြစ်မယ့် အစားအစာတွေကို ပြင်ဆင်ပေးနိုင်လား
ကလေးတွေ သူငယ်တန်းမှာ ဘာတွေ သင်နေရလဲဆိုတာ သခင်လေး သိသလား၊ ကလေးတွေ ဖျားတာ၊ ချောင်းဆိုးတာ ဖြစ်လာရင်ရော ဘာလုပ်ရမလဲ သိသလား”
“ဒါမှမဟုတ်...”
ဦးလေးကျန်းက ပြုံးလိုက်သော်လည်း သူ၏ မျက်လုံးများမှာမူ နူးညံ့ခြင်းမရှိတော့ချေ။
“ဒီမိန်းကလေးကို သခင်လေးနဲ့အတူ အပြင်စာတွေပဲ ဝယ်ကျွေးဖို့ စိတ်ကူးထားတာလား”
ဤမေးခွန်းများက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး စုကျင်းမှာ ပြန်မပြောနိုင်ဘဲ ဆွံ့အသွားရတော့၏။
စုကျင်း မည်သို့ ပြန်ပြောရမည်ကို မသိဖြစ်နေစဉ်မှာပင် ထောင်ထောင်ကတော့ ထိုအဘိုးကြီးက သူမ၏ ကောကောကို အခက်တွေ့အောင် လုပ်နေသည်ဟု ခံစားလိုက်ရသည်။
စုကျင်း၏ ရင်ခွင်ထဲတွင် ငြိမ်သက်နေသော ထောင်ထောင်လေးက ချက်ချင်းပင် မတ်မတ်ထိုင်လိုက်ကာ စုကျင်း၏ လည်ပင်းကို ဖက်လိုက်ပြီး တစ်ဖက်သို့ လှည့်ကာ ကျယ်လောင်စွာ ကြေညာလိုက်တော့သည် ။
“ရပါတယ်! ကောကောက ဟင်းမချက်တတ်ပေမဲ့၊ ငါးဖမ်းတာကလည်း သာမန်ပဲဆိုပေမဲ့...”
“ဒါပေမဲ့.. ကောကောနဲ့အတူ ရှိနေသရွေ့တော့ ထောင်ထောင်က... ထောင်ထောင်က...”
ထောင်ထောင်သည် အံသွားလေးများကို ကြိတ်ကာ ကျယ်လောင်စွာ ပြောလိုက်သည် ။
“ထောင်ထောင်က အရသာမရှိတဲ့ အစားအစာတွေကိုတောင် စားဖို့ အဆင်သင့်ပဲ!”
ထောင်ထောင်၏ စကားကို ကြားလျှင် ဘေးပတ်ဝန်းကျင်ရှိ လူများက လှည့်ကြည့်လာကြတော့၏။
ဦးလေးကျန်းမှာ အစပိုင်းတွင် အံ့အားသင့်သွားသော်လည်း နောက်ပိုင်းတွင် သူ၏ အပြုံးမှာ ပိုမို ကျယ်ပြန့်လာပြီး ထောင်ထောင်အပေါ် ထားရှိသော သူ၏ အကြည့်မှာလည်း နူးညံ့သွားတော့သည်။
စုကျင်းသည်လည်း ထောင်ထောင်လေးကို တင်းကျပ်စွာ ပွေ့ဖက်လိုက်ပြီး သူ၏ အပြုံးကို ဖုံးကွယ်မထားနိုင်တော့ချေ။
သို့သော်လည်း ဦးလေးကျန်း ပြောခဲ့သည့် စကားများကိုတော့ သူ နားဝင်သွားခဲ့ပေသည်။
“ရပါပြီ၊ အဲဒီလိုဆိုရင်လည်း သွားကြတာပေါ့”
စုကျင်းက ဦးလေးကျန်းကို မျက်ခုံးပင့်ပြလိုက်လေ၏။ ဤသည်မှာ အစီအစဉ်ကို သဘောတူလိုက်ခြင်းပင် ဖြစ်ပေသည်။
စုကျင်း၏ ပွေ့ချီခြင်းကို ခံထားရသော ထောင်ထောင်မှာတော့ ဘယ်နှင့်ညာကြည့်ရင်း သူမ၏ မျက်လုံးထဲတွင် ဇဝေဇဝါ ဖြစ်နေသည့် အရိပ်အယောင်များ ရှိနေ၏။
လူကြီးတွေက တကယ် ထူးဆန်းတာပဲ။
တစ်ချိန်တည်းမှာပင် စနစ်၏ ဟင်းလင်းပြင်အတွင်း၌ လုပ်ဆောင်ချက်များက ရုတ်တရက် မြင့်တက်လာသည်ကို ကြည့်ရင်း စနစ်၏ စီပီယူမှာ အပူလွန်ကဲလုနီးပါး ဖြစ်သွားတော့သည်။
စုကျင်းက ထောင်ထောင်ကို အိမ်သို့ ခေါ်ဆောင်လာသောအချိန်တွင် သန်းခေါင်ကျော်နေပြီ ဖြစ်သော်လည်း ဧည့်ခန်းမှာတော့ လင်းထိန်နေဆဲပင်။
စုကျင်းသည် ထောင်ထောင်ကို ပွေ့ချီကာ အိမ်ရှေ့တံခါးတွင် ပေါ်လာသောအခိုက်တွင် ဧည့်ခန်းထဲတွင် စောင့်နေသော အမျိုးသမီးက ထရပ်လိုက်၏။
အချိန်ကာလများက သူမ၏ မျက်နှာပေါ်တွင် အမှတ်အသားအချို့ ချန်ထားခဲ့သော်လည်း ၎င်းကပင် သူမကို ပိုမို တင့်တယ်စေခဲ့ပေသည်။
သူမ၏ အကြည့်မှာ ပထမဆုံး စုကျင်း၏ မျက်နှာပေါ်သို့ ကျရောက်သွားပြီးနောက် ထောင်ထောင်ထံသို့ လျင်မြန်စွာ ရောက်ရှိသွားကာ သူမ၏ မျက်လုံးထဲတွင် အပြုံးရိပ်လေးတစ်ခု ပေါ်လာတော့၏။
“သမီးက ထောင်ထောင် ဖြစ်ရမယ်”
ထောင်ထောင် မော့ကြည့်လိုက်ချိန်တွင် ထိုအမျိုးသမီးကို မြင်လိုက်ရပြီး သူမ၏ မျက်လုံးများက တောက်ပသွားတော့သည်။
ဘယ်လောက်တောင် လှပပြီး တင့်တယ်တဲ့ အန်တီကြီးလဲ!
မေးခွန်းကို ကြားသောအချိန်တွင် သူမက ခေါင်းငြိမ့်ပြပြီး ကလေးသံလေးဖြင့် ပြောလိုက်သည် ။
“ထောင်ထောင်က ထောင်ထောင်ပါ၊ အန်တီက...”
ထောင်ထောင်က သူမကို “အန်တီ” ဟု ခေါ်သည်ကို ကြားသောအခါ အမျိုးသမီးက ရယ်မောလိုက်ပြီး ညင်သာစွာ ပြောသည် ။
“အန်တီက သမီးရဲ့ ကောကော စုကျင်းရဲ့ အမေပါ၊ လောလောဆယ်တော့ အန်တီချင်းလို့ပဲ ခေါ်နိုင်ပါတယ်”
ထောင်ထောင်ာ “လောလောဆယ်တော့” ဆိုသည့် စကားလုံးကို သတိမပြုမိဘဲ မျက်လုံးလေးများ မှိတ်သွားသည်အထိ ပြုံးလိုက်ကာ။
“အန်တီချင်း~”
“သမီး ခရီးအဝေးကြီး လာရတာ ပင်ပန်းနေပြီ မဟုတ်လား၊ အန်တီချင်းက သမီးကို အပေါ်ထပ် ခေါ်သွားပြီး အနားယူခိုင်းရမလား?”
ထောင်ထောင်ာ စုကျင်းကို တစ်ချက်ကြည့်လိုက်ပြီး စုကျင်း ခေါင်းငြိမ့်ပြမှသာ ပြန်လှည့်ကြည့်ကာ ပြုံးလိုက်သည် ။
“ဟုတ်ကဲ့~”
ချင်းကျင့်ကျူးက ထောင်ထောင်ကို အပေါ်ထပ်သို့ ခေါ်သွားစဉ် ဧည့်ခန်းထဲတွင် ထိုင်နေသော လူလတ်ပိုင်း အမျိုးသားက ခေါင်းမော့ကြည့်လိုက်ကာ စုကျင်း၏ မျက်လုံးများနှင့် ဆုံလိုက်၏။
“ကလေးတစ်ယောက်ကို မွေးစားတယ်ဆိုတာ သေးငယ်တဲ့ ကိစ္စမဟုတ်ဘူး၊ တကယ်လို့ မင်း တကယ် မွေးစားမယ်ဆိုရင် သူမရဲ့ အနာဂတ်အတွက် မင်းမှာ တာဝန်ရှိတယ်၊ မင်း အဆင်သင့် ဖြစ်ပြီလား”
စုကျင်း အခြေအနေကို ချက်ချင်း နားလည်သွားတော့သည်။
ကျိုးယန်ရှား..
အဲဒီ လျှာရှည်တဲ့တစ်ယောက်ကတော့!
သူ့ဖခင်၏ အကြည့်ကို ပြန်ကြည့်ရင်း စုကျင်းပ သူ၏ ပုံမှန် အလေးအနက်မထားတတ်သော ပုံစံမျိုးမဟုတ်ဘဲ အသက်ကို ပြင်းပြင်းရှူကာ လေးနက်စွာပြောလိုက်သည် ။
“အတားအဆီးတွေ အများကြီး ရှိနိုင်တယ်ဆိုတာ ကျွန်တော် သိပါတယ်၊ ဒါပေမဲ့...”
“ကျွန်တော် ကြိုးစားကြည့်ချင်သေးတယ်”
ထိုညက စုအိမ်တော်ရှိ မီးလုံးများမှာ ညဉ့်နက်သည်အထိ လင်းထိန်နေခဲ့ပေတော့၏။
ဆေးရုံ၏ လုပ်ဆောင်ချက်မှာ မြန်ဆန်လှပေသည်။
နောက်တစ်နေ့တွင် (DNA) စစ်ဆေးမှု ရလဒ် ထွက်ပေါ်လာခဲ့ချေပြီ။
ထောင်ထောင်သည်က ချွီခွန် သို့မဟုတ် ချိုက်ရှို့လန်တို့နှင့် သွေးသားတော်စပ်မှုမျှ မရှိပါချေ။
*
အခန်း(60)
ချွီခွန်နှင့် ချိုက်ရှို့လန်တို့ကို ရဲများက ဖမ်းဆီး၍ ခေါ်ဆောင်သွားသည့် မြင်ကွင်းကို ဆယ်လ်ဖီမီဒီယာများစွာက အချိန်နှင့်တစ်ပြေးညီ တင်ခဲ့ကြ၏။
ထို့ပြင် စျေးကွက်ရှာဖွေရေး အကောင့်အမျိုးမျိုးကလည်း ဤရေပန်းစားနေသော သတင်းကို အပူတပြင်း လိုက်နေကြသည်။
သို့သော် ရဲတပ်ဖွဲ့က ထောင်ထောင်၏ DNA အချက်အလက်များကို ဒေတာဘေ့စ်တွင် တိုက်ဆိုင်စစ်ဆေးခဲ့သော်လည်း ရလဒ်က ထွက်မလာသေးပေ။
ဤအခြေအနေမျိုးတွင် ထောင်ထောင်၏ မိဘအရင်းများက ရဲတပ်ဖွဲ့၏ ဒေတာဘေ့စ်တွင် သူတို့၏ အချက်အလက်များကို တစ်ခေါက်မျှ ထည့်သွင်းထားခြင်း မရှိခဲ့ခြင်း အလွန်ပင် ဖြစ်နိုင်ခြေရှိသည်။
အရာအားလုံးက ရှေ့မတိုးသာ နောက်မဆုတ်သာ ဖြစ်နေချိန်မှာပင်၊ ချွီခွန်နှင့် ချိုက်ရှို့လန်တို့၏ ဇာတိမြေတွင် စုံစမ်းစစ်ဆေးနေသော ရဲတပ်ဖွဲ့က မမျှော်လင့်ထားသော သဲလွန်စတချို့ကို ရှာဖွေတွေ့ရှိခဲ့၏။
ချွီခွန်နှင့် ချိုက်ရှို့လန်တို့က ဒေသတစ်ခုတည်းမှ ဖြစ်ကြသည်။
သူတို့၏ အိမ်နီးချင်းဟောင်းများ၏ ပြောစကားအရ ချွီခွန်နှင့် ချိုက်ရှို့လန်တို့၏ အသက်မွေး ဝမ်းကျောင်းအတွက်ကို မည်သည့်အရာကိုလုပ်ကိုင်ကြသည်ကို သူတို့ လုံးဝကို မသိကြပေ။
သူတို့ သိသည်က ထိုနှစ်ယောက်က ရံဖန်ရံခါတွင် အပြင်သို့ ခေတ္တ ထွက်သွားတတ်ကြပြီး ပြန်လာလျှင် အထုပ်အပိုးများကို ဖောင်းကားနေအောင် သယ်ဆောင်လာတတ်ကြသည်ဟူ၍သာ ဖြစ်သည်။
ချွီခွန်နှင့် ချိုက်ရှို့လန်တို့တွင် ထောင်ထောင်၏ အရွယ်ခန့်ရှိသော သမီးတစ်ယောက်ကို ရှိသည်ဟု ရဲများက ပြောပြသည့်အချိန်တွင် အိမ်နီးချင်းများမှာ အံ့သြသွားကြ၏။
သူတို့က စုံစမ်းစစ်ဆေးနေသော ရဲများကို အခိုင်အမာ ပြောပြလာသည်။
သူတို့၏ မှတ်ဉာဏ်များအရ ထိုကာလအတွင်း ချိုက်ရှို့လန်တွင် ကိုယ်ဝန်ရှိခဲ့ခြင်းမရှိပေ။
ထောင်ထောင်က မည်သည့်နေရာမှ ရောက်ရှိလာသည်ကိုလည်း ထိုအိမ်နီးချင်းများက မသိကြပေ။
အိမ်နီးချင်းများ၏ အဖြေက ပဟေဠိတချို့ကို ဖြေရှင်းပေးလိုက်သကဲ့သို့ ရှိသော်လည်း၊ ထောင်ထောင်၏ ဇာစ်မြစ်အမှန်ကို ပိုမို၍ ရှုပ်ထွေးသွားစေခဲ့၏။
ယခုအချိန်တွင် စောင့်ကြည့်ကင်မရာများက များစွာ တိုးတက်လာပြီ ဖြစ်သော်လည်း၊ ချွီခွန်နှင့် ချိုက်ရှို့လန်တို့က စောင့်ကြည့်ကင်မရာ နည်းပါးသော သို့မဟုတ် လုံးဝမရှိသော ဟောင်းနွမ်းစုတ်ပြတ်နေသည့် လူနေအဆောက်အအုံများတွင်သာ အမြဲတစေနေထိုင်ခဲ့ကြခြင်း ဖြစ်သည်။
စုံစမ်းစစ်ဆေးမှုများအရ သူတို့က လွန်ခဲ့သော အနှစ်နှစ်ဆယ်အတွင်း သူတို့၏ နေရပ်လိပ်စာကို ဆယ်ကြိမ်မက ပြောင်းလဲခဲ့ကြ၏။
ထို့ပြင် အမြဲတမ်း စောင့်ကြည့်ကင်မရာများက မရှိသော နေရာများကိုသာ ရွေးချယ်ခဲ့ကြသည်။
ဤစုံစမ်းစစ်ဆေးမှုက ထောင်ထောင်၏ ဇာစ်မြစ်ကို ရှာမတွေ့ခဲ့သော်လည်း၊ စုံစမ်းစစ်ဆေးနေသော ရဲများကို ပိုမို၍ သတိရှိလာစေခဲ့၏။
သာမန်ဟု ထင်ရသော ဤလင်မယား၏ နောက်ကွယ်တွင် ကြီးမားသော လျှို့ဝှက်ချက်တစ်ခုကို ဖုံးကွယ်နေသည်ကို သူတို့က ခပ်သဲ့သဲ့ ခံစားမိလိုက်ကြသည်။
ရဲများက ပြန်ရန်အတွက် ပြင်ဆင်နေချိန်မှာပင်၊ ထောင့်တစ်နေရာမှ ချောင်းကြည့်နေသော ပုံရိပ်တစ်ခုကို သူတို့က မြင်လိုက်ရ၏။
“ဘာဖြစ်လို့လဲ”
ရဲများက မေးလိုက်သော်လည်း ထိုသူ၏ မျက်ဝန်းများက ချက်ချင်းပင် ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားရပြီး၊ စကားတစ်လုံးကိုမျှ မပြောဘဲ လှည့်ပြေးသွားတော့သည်။
ဤထူးဆန်းသော တုံ့ပြန်မှုက ရဲများ၏ အာရုံကို ချက်ချင်းပင် ဖမ်းစားလိုက်လေ၏။
“ရပ်စမ်း! မပြေးနဲ့!”
မည်သည့် တွန့်ဆုတ်မှုမျှမရှိဘဲ ရဲတပ်ဖွဲ့ဝင်များက ထိုသူ၏ အနောက်သို့ လိုက်လံ၍ ဖမ်းဆီးခဲ့ကြသည်။
ထိုအမျိုးသားကို ဖမ်းမိပြီးနောက်တွင် သူက နှုတ်ဆိတ်နေသော်လည်း အတူပါလာသော ဒေသခံရဲများက သူ့ကို ရဲစခန်း၏ ပုံမှန် ဧည့်သည်အဖြစ် မှတ်မိလိုက်ကြ၏။
သူက ခိုးမှုငယ်လေးများဖြင့် မကြာခဏ ဖမ်းဆီးခံရလေ့ရှိသူ ဖြစ်သည်။
ထိုသူ၏ ထိတ်လန့်နေသော်လည်း နှုတ်ဆိတ်နေသည့် အမူအရာကို မြင်သည်အချိန်တွင် ရဲအရာရှိက အကြံတစ်ခုကို ရလာပြီး သူ့ကို နာမည်တစ်ခု ပြောလိုက်လေ၏။
“ချွီခွန်”
ထိုနာမည်ကို ကြားလိုက်ရသည့်အချိန်တွင် အမျိုးသားက မသိစိတ်ဖြင့်ပင် တုန်ရီသွားလေတော့သည်။
အမှုက အဖြေထွက်သွားခဲ့၏။
ထိုအမျိုးသားကို ရဲစခန်းသို့ ခေါ်ဆောင်လာခဲ့ပြီးနောက်တွင် အစပိုင်းတွင် သူက စကားပြောရန်အတွက်ကို ငြင်းဆန်နေသည်။
“ချွီခွန်နဲ့ ချိုက်ရှို့လန်တို့က မင်းအကြောင်းကို အကုန်လုံးဝန်ခံသွားကြပြီဆိုတာကို မင်းသိလား”
ရဲများက ပြောလိုက်သည့်အချိန်မှသာ ထိုသူ၏ မျက်ဝန်းများက အနည်းငယ် လှုပ်ခတ်သွားလေ၏။
အခွင့်အရေးကို ရသည်နှင့် ရဲများက ဆက်လက်၍ ခြိမ်းခြောက်လိုက်လေသည်။
“သူတို့ ပြောတာကတော့ မင်းကပဲ အဲဒီကိစ္စတွေကို လုပ်ဖို့အတွက် သူတို့ကို ဦးဆောင်ခဲ့တာလို့ ပြောနေကြတယ်”
ဤသည်ကို ကြားသည့်အချိန်တွင် အမျိုးသားက နောက်ဆုံးတွင် မအောင့်နိုင်တော့ဘဲ အော်ဟစ်လိုက်ပေတော့၏။
“ခွေးမသားတွေ!”
ချွီခွန်နှင့် ချိုက်ရှို့လန်တို့က သူ့ကို သစ္စာဖောက်လိုက်ပြီဟု ယုံကြည်သွားပြီးနောက်၊ သူက နောက်ဆုံးတွင် နှုတ်ဖွင့်လာပြီး ထိုအချိန်က မည်သို့ဖြစ်ခဲ့သည်ကို ဖော်ထုတ်ပြောပြခဲ့သည်။
သူက သူကိုယ်သူ ချွီခွန်နှင့် ချိုက်ရှို့လန်တို့၏ လက်ထောက်ဖြစ်ပြီး၊ အဓိကအားဖြင့် သူတို့၏ ကိစ္စအရှုပ်အထွေးများကို လိုက်လံ၍ ရှင်းလင်းပေးရသူဖြစ်ကြောင်းကို ပြောပြခဲ့၏။
ချွီခွန်နှင့် ချိုက်ရှို့လန်တို့က မြို့မှ ထွက်ခွာသွားခဲ့ပြီးနောက်တွင် သူက ထိုနေရာမှာပင် ဆက်နေချင်သောကြောင့် သူတို့နှင့် ခွဲခဲ့ခြင်းဖြစ်ကြောင်း၊ ထိုအချိန်မှစ၍ သူက ခိုးမှုငယ်လေးများကိုသာ လုပ်ကိုင်ခဲ့ခြင်းဖြစ်ကြောင်းကို ပြောပြခဲ့သည်။
ချွီခွန်နှင့် ချိုက်ရှို့လန်တို့၏ အလုပ် နှင့် ပတ်သက်လျှင်တော့ ထိုအမျိုးသားက အတော်ကြာအောင် တိတ်ဆိတ်နေပြီးမှ စကားလုံး နှစ်လုံးကို ပြောလိုက်လေ၏။
ထိုစကားလုံးများက ရဲများကိုပင် အံ့သြတကြီး ဖြစ်သွားစေခဲ့သည်။
“ကလေး ခိုးယူခြင်း”
ထိုအမျိုးသား၏ ပြောစကားအရ ချွီခွန်နှင့် ချိုက်ရှို့လန်တို့က ရုပ်ရည်လှပသော ကလေးများကို ခိုးယူပြီးနောက် ချမ်းသာသော မိသားစုများထံသို့ တိတ်တဆိတ် ပြန်လည်၍ ရောင်းချခြင်းကို လုပ်ခဲ့ကြသူများ ဖြစ်၏။
သူက ထောင်ထောင်ကို မှတ်မိနေပုံရသော်လည်း သူမက မည်သည့်နေရာမှ ရောက်ရှိလာသည်ကိုတော့ မသိရှိပေ။
“တစ်နေ့မှာ သူတို့က သူမကို ရုတ်တရက် ခေါ်လာခဲ့ကြတာကိုပဲ မှတ်မိတော့တယ်”
တစ်ဖက်လူ၏ ပြောပြချက်က တိုတောင်းလွန်းသော်လည်း၊ ရဲတပ်ဖွဲ့က ထိုအချက်အလက်များကို အသုံးပြု၍ ဖြစ်နိုင်ခြေရှိသော လမ်းကြောင်းများကို လိုက်လံ၍ ရှာဖွေခဲ့ကြ၏။
ထိုအချိန်က ဆေးရုံနှင့် ဆေးမှတ်တမ်းများကို ရှာဖွေတွေ့ရှိခဲ့ပြီး၊ ထောင်ထောင်၏ မိဘအရင်းများ ဖြစ်နိုင်သည့် ဇနီးမောင်နှံကို ဖော်ထုတ်နိုင်ခဲ့သည်။
“ဟယ်လို”
စုကျင်းက ဖုန်းကို ဖြေလိုက်ပြီးနောက် ပထမဆုံး စကားကို ကြားလိုက်ရသည့်အချိန်တွင် ခဏမျှ ရပ်တန့်သွားသည်။
“ရှာတွေ့ပြီလား”
“ဟုတ်တယ်၊ ဒါပေမဲ့..”
ကျိုယန်ရှားက သူမက ကြားခဲ့ရသည့် သတင်းကို ပြန်တွေးမိပြီး သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။
သူမ၏ ခံစားချက်များကလည်း ရှုပ်ထွေးနေသည်။
“ထောင်ထောင်ရဲ့ မိဘတွေက ဆုံးပါးသွားကြပြီ”
ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုများအရ၊ ကလေးကို ခိုးယူခံလိုက်ရသည်ကို သိရှိပြီးနောက်တွင် ထောင်ထောင်၏ မိခင်ဖြစ်သူက နှလုံးကွဲမတတ် ခံစားခဲ့ရသည်။
သူမ၏ ဖခင်ဖြစ်သူကလည်း ထိုနေရာမှာပင် ငိုကြွေးခဲ့ရရှာ၏။
သူတို့က ရဲစခန်းသို့ သွားရောက်၍ တိုင်ကြားရန်အတွက် သွားကြသည့်အချိန်တွင် ထိုဇနီးမောင်နှံက ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး ထိုနေရာမှာပင် ပွဲချင်းပြီး ကွယ်လွန်သွားခဲ့ကြခြင်း ဖြစ်သည်။
ထိုယာဉ်တိုက်မှုက အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလွန်းသောကြောင့် ဒေသထဲ၌ ခေတ္တမျှ ဆူညံသွားခဲ့၏။
ထို့ကြောင့် ချွီခွန်နှင့် ချိုက်ရှို့လန်တို့က ထောင်ထောင်ကို ထိုဒေသတွင် မရောင်းချရဲတော့ဘဲ တခြားမြို့တစ်မြို့သို့ အလျင်အမြန် ပြောင်းရွှေ့သွားခဲ့ကြခြင်းသာ ဖြစ်နိုင်သည်ဟု ယူဆရပေသည်။
သူတို့က ကွယ်လွန်သွားခဲ့ပြီးနောက်တွင်လည်း ကလေး ပျောက်ဆုံးသွားမှုကြောင့် နှစ်ဖက် မိဘများက အကြီးအကျယ် စိတ်ထိခိုက်ခဲ့ကြရ၏။
ယခုအချိန်တွင် ထောင်ထောင်၏ အဘွားအရင်းသာ အသက်ရှင်ကျန်ရစ်တော့သည်။
သူမက အယ်လ်ဇိုင်းမား ရောဂါကြောင့် ဂေဟာတစ်ခုသို့ ပို့ဆောင်ထားခြင်းကို ခံထားရ၏။
DNA စစ်ဆေးမှုများ၏ အရလည်း သူတို့နှစ်ဦးက အမှန်တကယ်ပင် သွေးသားတော်စပ်ကြောင်းကို အတည်ပြုနိုင်ခဲ့သည်။
ထောင်ထောင်က ခြံထဲတွင် ဆော့ကစားနေချိန်တွင် တစ်ယောက်ယောက်က သူမကို အနောက်ကနေ ပွေ့ချီပြီး လေထဲသို့ မြှောက်လိုက်လေ၏။
“ဟေး.. ဟေး.. ဘာလုပ်နေတာလဲ၊ ကလေးကို လန့်အောင် မလုပ်နဲ့လေ!”
ချင်းကျင့်ကျူးက လန့်သွားရပြီး အလျင်အမြန် ပြောလိုက်လေ၏။
ထောင်ထောင်က ခဏမျှ ကြောင်အ သွားရသော်လည်း၊ ရင်းနှီးနေသော အနံ့ကို ရလိုက်သည်နှင့် ချက်ချင်းပင် ပြုံးလိုက်လေတော့သည်။
သူမက စုကျင်းကို တင်းတင်းလေး ဖက်ထားလိုက်ပြီး၊ စုကျင်း၏ မျက်ဝန်းထဲမှ ခံစားချက်ကို သတိပြုမိသွား၍ သူမ၏ လက်လေးဖြင့် စုကျင်း၏ မျက်ခုံးများကို အသာအယာ ပြန်ဖြန့်ပေးချင်နေမိ၏။
“ကောကော၊ စိတ်မကောင်းဖြစ်နေတာလား”
“နည်းနည်းပေါ့”
စုကျင်းက သက်ပြင်းအတုကို ချလိုက်လေသည်။
“ထောင်ထောင်က ငါတို့ရဲ့အိမ်မှာ ဆက်နေလို့ မရတော့ဘူးလို့ တွေးမိတော့ အရမ်း စိတ်မကောင်းဖြစ်သွားတာပဲ”
“ကောကောကစိတ်မကောင်းမဖြစ်ပါနဲ့”
ထောင်ထောင်က ချက်ချင်းပင် ဝင်ပြောလိုက်လေသည်။
“ကောကော စိတ်မကောင်းမဖြစ်တော့ဘူးဆိုရင် ထောင်ထောင်က ဘာမဆို လုပ်ပေးမယ်”
ဤသည်ကို ကြားသည့်အချိန်တွင် စုကျင်းက မျက်ခုံးကို ပင့်လိုက်လေသည်။
“တကယ်လား”
ထောင်ထောင်က အားပါးတရ သူမ၏ ခေါင်းလေးကိုငြိမ့်ပြလိုက်လေ၏။
“တကယ်ပါ”
သူက လိုချင်သော အဖြေကို ရရှိလိုက်ပြီးနောက်တွင်၊ စုကျင်းက သူက အမှန်တကယ် မေးချင်နေသော မေးခွန်းကို နောက်ဆုံးတွင် မေးလိုက်လဆတော့သည်။
“ဒါဆိုရင် ထောင်ထောင်က ကောကောရဲ့ အိမ်မှာပဲ ဆက်နေမယ်ဆိုရင်ရော အဆင်ပြေမလား”
“ဟင်?”
ဤမမျှော်လင့်ထားသော မေးခွန်းကို ကြားသည့်အချိန်တွင်၊ ထောင်ထောင်၏ ပါးစပ်လေးက အနည်းငယ် ဟသွားရသည်။
သူမ၏ စိတ်ထဲ၌ရှိနေသော စနစ်ကတော့ စုကျင်က လွန်ခဲ့သည့် ရက်အနည်းငယ်က လုပ်နေခဲ့သည့်အရာများကို သိနေသောကြောင့် မကျေမနပ် အချက်ပြမှုလေး တစ်ခုကိုသာ ပေးပို့လိုက်ပေသည်။
[ သူက ငါ့ထက်တောင် အရင် ဦးသွားတာပဲ! ]
နောက်တစ်ခဏတွင် စနစ်က အနည်းငယ် စိတ်ရှုပ်ထွေးသွား၏။
[ အခု ငါ့တာဝန်ကို ဘယ်လိုလုပ်ပြီးတော့ ပြီးမြောက်အောင် လုပ်ရတော့မလဲ ]
သို့သော် စနစ်က သူ၏ ရုန်းကန်မှုများကြားမှ အချက်တစ်ချက်ကို သတိမမူမိခဲ့ပေ။
ဤသည်က စုကျင်းက ထောင်ထောင်ကို မွေးစားမည့်အပေါ်တွင် တားဆီးရန် တစ်ခေါက်မျှ မစဉ်းစားခဲ့ဖူးခြင်းပင် ဖြစ်သည်။
ထောင်ထောင်က စနစ်၏ စိတ်ရှုပ်ထွေးနေမှုများကို မသိရှိပေ။
သူမ၏ စိတ်ထဲတွင် စုကျင်းနှင့်အတူ ရှိခဲ့သည့် အချိန်များနှင့် သူမ၏ အိမ်ဟောင်းမှ ဘဝများကို ပြန်လည်၍ မြင်ယောင်နေ၏။
သူမ၏ မျက်ဝန်းလေးများက တောက်ပလာသော်လည်း နှုတ်ခမ်းလေးကို စေ့ပြီး မေးလိုက်လေသည်။
“တကယ်ပဲ အဆင်ပြေရဲ့လား”
ထောင်ထောင်၏ တုံ့ပြန်မှုကို မြင်သည့်အချိန်တွင် စုကျင်းက မပြုံးဘဲ မနေနိုင်တော့ပေ။
“ဒါပေါ့”
စုကျင်းက သူ၏ ပါးကို ထောင်ထောင်၏ ပါးလေးနှင့် အသာအယာ ထိလိုက်လေ၏။
“ဒီနေ့ကနေစပြီးတော့.. ကောကောရဲ့ သမီးလေး ဖြစ်လာဖို့အတွက် ကြိုဆိုပါတယ်”
“ဟင်”
*
အခန်း(61)
ထောင်ထောင်၏ မျက်လုံးလေးများ ဝိုင်းသွားပေသည်။
“ထောင်ထောင်က ကောကောရဲ့ ညီမလေး မဟုတ်ဘူးလား”
ချင်းကျင့်ကျူးက အားပါးတရ ရယ်မောလိုက်ရင်း ထောင်ထောင်၏ ဘေးသို့ လျှောက်လာခဲ့သည်။
သူမက စုကျင်း၏ မျက်နှာ ပျက်သွားသည်ကို လုံးဝကို ဂရုမစိုက်ဘဲ အပြုံးလေးဖြင့် ပြောလိုက်လေ၏။
“ထောင်ထောင်၊ အန်တီ့ကို မားလို့ ခေါ်ကြည့်ရင် ဘယ်လိုလဲ”
ရွေးချယ်စရာ နှစ်ခု၏ ကြားတွင် စုကျင်းက ကောကောဟု ခေါ်ဆိုခြင်းကိုသာ ရွေးချယ်ခဲ့သည်။
ချွီခွန်နှင့် ချိုက်ရှို့လန်တို့က ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုများအရ နှစ်ရှည်လများ ကလေးလူကုန်ကူးမှု ကျူးလွန်ခဲ့ကြောင်းကို ပေါ်ပေါက်ခဲ့သောကြောင့် တရားရင်ဆိုင်ရပြီး ထောင်ဒဏ် နှစ်ရှည် ချမှတ်ခြင်းကို ခံခဲ့ရ၏။
သူတို့၏ လက်ရှိအသက်အရဆိုလျှင် ထောင်ထဲမှ ပြန်လည်၍ လွတ်မြောက်လာချိန်အထိ အသက်ရှင်ပါ့မည်လားဆိုသည်ကပင် မသေချာပေ။
ဤအပြောင်းအလဲကြီး၏ အပြီးတွင် စုကျင်းက သေသေချာချာ စဉ်းစားပြီး မင်းဘယ်ကိုသွားမလဲ ဘေဘီ အစီအစဉ်မှ နုတ်ထွက်ရန်အတွက် တရားဝင် တောင်းဆိုခဲ့၏။
အကြောင်းက ဤကဲ့သို့ အရေးကြီးသည့် အချိန်ကာလတွင် ထောင်ထောင်သာ ကင်မရာရှေ့တွင် ဆက်လက်၍ ရှိနေပါက သူမ၏အပေါ်တွင် အွန်လိုင်းမှ သံသယဖြစ်မှုများနှင့် ဆွေးနွေးငြင်းခုံမှုများက လျော့ပါးသွားလိမ့်မည်မဟုတ်ကြောင်းကို သေချာနေသောကြောင့်ပင် ဖြစ်သည်။
စုမိသားစုက သူမကို ဘေးကင်းလုံခြုံစွာနှင့် ပျော်ရွှင်စွာ ကြီးပြင်းလာနိုင်ရန်အတွက် လိုအပ်သော ကာကွယ်စောင့်ရှောက်မှုများကို အပြည့်အဝကို ပေးသွားမည်ဖြစ်၏။
ဤမျှ ငယ်ရွယ်သည့် အသက်အရွယ်ဖြင့် မလိုအပ်သော ဖိအားများကို ခံစားရစေမည် မဟုတ်ပေ။
ဤဆုံးဖြတ်ချက်ကို မချမီတွင် စုကျင်းက ထောင်ထောင်ကို အလေးအနက်ထား၍ အသိပေးခဲ့သည်။
စနစ်၏ ရှင်းပြချက်ကြောင့်လည်း ထောင်ထောင်က ဤသည်က စုကျင်းက သူမကို ကာကွယ်ပေးသည့် နည်းလမ်းဖြစ်ကြောင်းကို နားလည်ခဲ့၏။
သို့ပေမဲ့…
ထောင်ထောင်က သနားစရာကောင်းသော အမူအရာလေးဖြင့် စုကျင်းကို မော့ကြည့်လိုက်လေသည်။
“ကောကော၊ ဒါဆိုရင် ထောင်ထောင်က သူငယ်ချင်းတွေကို နောက်ထပ် မတွေ့ရတော့ဘူးလား၊
ရှန်ရှန်ရယ်၊ လျို့လျို့ရယ်၊ ရှောင်ယွီရယ်၊ ပြီးတော့ ကျားကျားရယ်”
စုကျင်းက ထောင်ထောင်၏ ခေါင်းလေးကို ပုတ်ပေးလိုက်လေသည်။
သူ၏ မျက်ဝန်းထဲတွင် တွန့်ဆုတ်မှု အရိပ်အယောင်လေးက ဖြတ်ပြေးသွားသော်လည်း ထောင်ထောင်လေးက ဝမ်းနည်းနေသည်ကို သူက မကြည့်ရက်ပေ။
“ထောင်ထောင် တကယ်တွေ့ချင်တယ်ဆိုရင် ကောကောတို့က သူတို့ကို အိမ်ကို လာလည်ဖို့အတွက် ဖိတ်လို့ရတာပဲလေ”
“တကယ်လား”
ထောင်ထောင်၏ မျက်လုံးလေးများက ချက်ချင်းပင် တောက်ပသွားတော့၏။
မူလက သူမကို နှစ်သိမ့်ရန်အတွက်ကိုသာ ရည်ရွယ်ခဲ့သော်လည်း သူမ၏ ပျော်ရွှင်နေသော အမူအရာကို မြင်လိုက်ရသည့်အချိန်တွင် စုကျင်း၏ နှလုံးသားက ချက်ချင်းပင် နူးညံ့သွားရပြန်သည်။
“ဒါပေါ့ တကယ်ပြောတာ”
“ဝိုး “
ထောင်ထောင်က တောက်ပနေသော မျက်ဝန်းလေးများဖြင့် စုကျင်း၏ ရင်ခွင်ထဲသို့ ချက်ချင်း ခုန်ဝင်လိုက်လေ၏။
“ထောင်ထောင် သိသားပဲ၊ ကောကောက အကောင်းဆုံးပဲ!”
ထောင်ထောင်၏ ချိုသာသော အသံလေးကြောင့် စုကျင်း၏ နှုတ်ခမ်းများက မပြုံးဘဲ မနေနိုင်ခဲ့ပေ။ သူက ပျော်ရွှင်မှုကြောင့် မူးဝေသွားရတော့သည်။
ထိုနှစ်ယောက်က ပျော်ရွှင်နေကြသော်လည်း စနစ်က (၂၀) ရာခိုင်နှုန်းကျော် ကျန်နေသေးသည့် တိုးတက်မှုဘားကို ကြည့်ပြီး တိတ်တဆိတ် သက်ပြင်းချနေမိ၏။
ထောင်ထောင်အနေဖြင့် ယခင် ပတ်ဝန်းကျင်ဆိုးမှ လွတ်မြောက်နိုင်ခဲ့သည်ကို စနစ်က အမှန်တကယ် ဝမ်းသာမိပါသည်။
သို့သော် အစီအစဉ်မှ နုတ်ထွက်ပြီးနောက်တွင် သူမက တာဝန်များကို မည်သို့ ဆက်လက်၍ ပြီးမြောက်အောင် လုပ်ရပါ့မည်နည်း။
ကံမကောင်းစွာဖြင့်ပင် စနစ်၏ သောကများကို မည်သည့်လူသားကမျှ နားမလည်နိုင်ကြပေ။
မွေးစားခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို တရားဝင် အပြီးသတ်ပြီးသည့်နောက်တွင် စုမိသားစုက ပထမဆုံး စီစဉ်ပေးခဲ့သည်မှာ ထောင်ထောင်ကို အနီးဆုံး မူကြိုကျောင်းတွင် အပ်နှံပေးလိုက်ခြင်းပင်။
မနက်စောစောတွင် ထောင်ထောင်က သူမ၏ ဂါဝန်လေးကို ဝတ်ဆင်ပြီး ချင်းကျင့်ကျူးက သူမ၏ ဆံပင်များကို နတ်သမီးလေးပုံစံ ပြင်ဆင်ပေးခြင်းကို ငြိမ်သက်စွာ ခံယူနေသည်။
သူမ၏ ခေါင်း၏ အနောက်ဘက်တွင် တောက်ပသော အနီရောင် ဖဲပြားလေးကိုပင် ထည့်ပေးထားသေး၍ သူမလေးက ပုံပြင်ထဲမှ မင်းသမီးလေးတစ်ပါးနှင့်ပင် တူနေတော့၏။
စုကျင်းက ထောင်ထောင်၏ လက်ကို ဆွဲပြီး မူကြိုကျောင်းတံခါးဝသို့ ခေါ်ဆောင်လာခဲ့သည်။
အပေါ်ရှိ နေကြာပန်း မူကြိုကျောင်း ဟူသော ရွှေရောင်စာလုံးများကို မော့ကြည့်ရင်း ထောင်ထောင်က နှုတ်ခမ်းကို စေ့ပြီး သူမ၏ ကျောပိုးအိတ်ကြိုးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားမိသည်။
လုံးဝကို မရင်းနှီးသည့် ပတ်ဝန်းကျင်နှင့် ရင်ဆိုင်ရချိန်တွင် ထောင်ထောင်က အသက်ကို ပြင်းပြင်းရှူပြီး လှည့်ကြည့်ပြီး စုကျင်းကို လက်ပြလိုက်လေ၏။
“ထောင်ထောင် သွားပြီနော်၊ တာ့တာ ကောကော”
သူမက စာသင်နှစ်ဝက်မှ ဝင်လာခြင်းဖြစ်သောကြောင့် အထဲသို့ လျှောက်သွားချိန်တွင် အတန်းပိုင်ဆရာမက သူမကို နူးညံ့စွာ နှစ်သိမ့်ပေးခဲ့၏။
“တခြားကလေးတွေလည်း အရမ်းကို လိမ္မာကြပါတယ်၊ ထောင်ထောင်လေးက သူငယ်ချင်းအသစ်တွေကို ချက်ချင်း ရသွားမယ်လို့ ဆရာမ ယုံကြည်တယ်”
စကားပြောရင်းနှင့်ပင် ဆရာမက ထောင်ထောင်ကို အငယ်တန်းအခန်း၏ အဝင်ဝသို့ ခေါ်ဆောင်သွားခဲ့၏။
ထောင်ထောင်က တံခါးကို တွန်းဖွင့်လိုက်သည့် ခဏ၌ သူမ၏ အကြည့်က အထဲမှ မော့ကြည့်လိုက်သော ကောင်လေးတစ်ယောက်နှင့် အကြည့်ဆုံသွားခဲ့ကာသူမ၏ စိုးရိမ်မှုများက ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
ထောင်ထောင်၏ မျက်လုံးလေးများက တောက်ပသွားရပြီး သူ၏ နာမည်ကို စိတ်လှုပ်ရှားစွာဖြင့် ခေါ်လိုက်လေ၏။
“ကျားကျား!”
ထောင်ထောင်၏ အသံကို ကြားလိုက်ရသည့်အချိန်တွင် ဖုန်းကျားယန်က အသာပြုံးလိုက်ပြီး မတ်တပ်ရပ်လိုက်လေသည်။
ထောင်ထောင်က ဖုန်းကျားယန်၏ ဘေးသို့ အပြေးသွားလိုက်ပြီး အံ့သြဝမ်းသာစွာဖြင့် မေးလိုက်လေ၏။
“နင်လည်း ဒီအတန်းမှာပဲလား”
“အင်း”
ဖုန်းကျားယန်က ခေါင်းလေးကိုငြိမ့်ပြလိုက်လေသည်။
“တိုက်ဆိုင်လိုက်တာ! ထောင်ထောင်တို့တွေ ဒီနေ့ကစပြီးတော့ အတန်းဖော်တွေ ဖြစ်သွားပြီပေါ့!”
သူမ၏ သူငယ်ချင်းကို မြင်လိုက်ရသောကြောင့် ထောင်ထောင်က မျက်လုံးလေးများကို မှေးသွားရသည်အထိ ပြုံးနေခဲ့သည်။
သူမ၏စကားကို ကြားသည့်အချိန်တွင် ဖုန်းကျားယန်က ပြန်ပြုံးပြလိုက်လေသည်။
“ဒါက တကယ်ကို တိုက်ဆိုင်တာပဲ”
တခြားကလေးများ မရောက်လာခင်မှာပင် ထောင်ထောင်က ဖုန်းကျားယန်၏ ဘေးတွင် ဝင်ထိုင်လိုက်လေ၏။
မကြာမီ လူစုံသွားသည့်အချိန်တွင် အတန်းပိုင်ဆရာမကျိက စင်ပေါ်သို့ တက်လာခဲ့သည်။
ယနေ့၏ သင်ခန်းစာကို မစတင်မီ သူမက ကျောင်းသားသစ်များကို မိတ်ဆက်ပေးလေ၏။
“ဒီနေ့ ငါတို့ရဲ့ အတန်းထဲကို ကျောင်းသားသစ် နှစ်ယောက် ပြောင်းလာခဲ့တယ်”
ဆရာမ၏ စကားကို ကြားသည့်အချိန်တွင် ထောင်ထောင်က ဖုန်းကျားယန်ကို စပ်စုချင်စိတ်ဖြင့် ခပ်တိုးတိုး ကပ်မေးလိုက်လေသည်။
“ထောင်ထောင်အပြင် တခြား ကျောင်းသားသစ်ကလည်း ရှိသေးတာပဲ၊ ဘယ်သူလဲမသိဘူး”
ထောင်ထောင်၏ စကားကို ကြားချိန်တွင် ဖုန်းကျားယန်၏ အပြုံးက ပိုမို၍ ကျယ်ပြန့်သွားရသည်။
“ကောင်းပြီ၊ အခု သူတို့ကို တစ်ယောက်ချင်းစီကို စင်ပေါ်ကို တက်ပြီးတော့ မိတ်ဆက်ခိုင်းရအောင်၊ ထောင်ထောင်၊ သမီးက အရင်လာပါဦး”
တခြားကလေးများ၏ စပ်စုလိုသော အကြည့်များ၏အကြားတွင် ထောင်ထောင်က မတ်တပ်ရပ်လိုက်ပြီး အတန်းထဲရှိ သူငယ်ချင်းများကို ကြည့်ပြီး ချိုသာသော ကလေးသံလေးဖြင့်ပြောလိုက်လေသည်။
“လူတိုင်းပဲ မင်္ဂလာပါ၊ ထောင်ထောင်ရဲ့နာမည်က ထောင်ထောင်ပါ၊ အသက်က (၅ )နှစ်ရှိပါပြီ၊
ထောင်ထောင်က စားရတာကို သိပ်အရမ်း ဝါသနာပါတယ်၊ ထောင်ထောင်တို့က အရသာရှိတာတွေကို အတူ ဝေမျှစားကြမယ်နော်!”
ထောင်ထောင်၏ မိတ်ဆက်မှုအပြီးတွင် အောက်မှ ကလေးများက လျင်မြန်စွာပင် လက်ခုပ်တီးပေးကြလေ၏။
လက်ခုပ်သံများ၏ အကြားတွင် ဆရာမကျိကပြောလိုက်လေသည်။
“အခု နောက်ထပ် ကျောင်းသားသစ် တစ်ယောက်ကို မိတ်ဆက်ခိုင်းဦးမယ်၊ ဖုန်းကျားယန်”
သူမ၏ သူငယ်ချင်း၏ နာမည်ကို ကြားလိုက်ရသည့်အချိန်တွင် လက်ခုပ်တီးနေသော ထောင်ထောင်၏ မျက်လုံးလေးများက ဝိုင်းစက်သွားရတော့သည်။
ထောင်ထောင်က ဖုန်းကျားယန်၏ ဘက်သို့ လှည့်ကြည့်လိုက်လျှင် သူမ၏ သူငယ်ချင်းက နေရာမှ ထလိုက်သည်ကို မြင်လိုက်ရ၏။
ထောင်ထောင်က သူငယ်ချင်းဖြစ်သူ၏ မတိုင်မီက အပြုံးနှင့် ထိုတိုက်ဆိုင်မှုကို ရုတ်တရက် သတိရသွားတော့သည်။
မူကြိုကျောင်းတွင် ရင်းနှီးသော သူငယ်ချင်းတစ်ယောက်က ရှိနေခြင်းက အလွန်ပင်ပျော်စရာကောင်းသော အရာဖြစ်၏။
အထူးသဖြင့် ထောင်ထောင်တစ်ယောက် သူမ၏ အိမ်အပြန်လမ်းက ဖုန်းကျားယန်နှင့် တူနေကြောင်းကို သိလိုက်ရချိန်တွင် ပိုမိုပျော်ရွှင်လာရသည်။
ထို့နောက်တွင် ထိုနှစ်ယောက်က နေ့တိုင်း အတူတကွကျောင်းတက် ကျောင်းဆင်းခဲ့ကြ၏။
မူကြိုကျောင်းကို တက်သည့် ပထမဆုံးအပတ်၏ သောကြာနေ့တွင် ထောင်ထောင်နှင့် ဖုန်းကျားယန်တို့က အတူ အိမ်ပြန်လာခဲ့ကြသည်။
အိမ်နှင့် နီးလာသည့်အချိန်တွင် ထောင်ထောင်က ခြေလှမ်းလေးကို နှေးလိုက်ပြီး နှာခေါင်းလေးကို ရှုံ့၍ အနံ့ခံကြည့်လိုက်လေ၏။
“အနံ့က အရမ်းကိုမွှေးတာပဲ”
ထောင်ထောင်၏ မျက်လုံးလေးများက တောက်ပသွားရသည်။
“ကိတ်မုန့် အနံ့လေးပဲ!”
ချိုမြိန်သော အနံ့၏ ဆွဲဆောင်မှုကြောင့် ထောင်ထောင်က သူမ၏ သူငယ်ချင်းကို ချက်ချင်းပင် ဖိတ်ခေါ်လိုက်လေသည်။
“ကျားကျား၊ ထောင်ထောင်တို့ရဲ့အိမ်ကို အရင်လိုက်ခဲ့မလား”
ဖုန်းကျားယန်က ချက်ချင်းပင် ပြန်ဖြေလေ၏။
“ရတာပေါ့”
သို့သော် ထောင်ထောင် တံခါးကို ဖွင့်လိုက်သည့်အချိန်တွင် တဒိုင် ဒိုင်း အသံများနှင့်အတူ ရောင်စုံဖဲကြိုးလေးများက လွင့်ပျံကျလာခဲ့လေ၏။
ထောင်ထောင် အံ့သြတကြီးဖြင့် အော်လိုက်မိသည်။
“ဝိုး!”
ရောင်စုံပူဖောင်းလေးများနှင့် အလှဆင်မှုများက နေရာအနှံ့တွင် ရှိနေပြီး ဧည့်ခန်းတစ်ခုလုံးက ကြီးမားသော ကစားကွင်းကြီးတစ်ခုကဲ့သို့ ပြောင်းလဲနေလေတော့သည်။
ထောင်ထောင်၏ အံ့သြနေသော မျက်နှာလေးကို ကြည့်ရင်း စုကျင်းက ပထမဆုံး အရှေ့သို့တက်လာပြီး သူမကို ပွေ့ဖက်ပြီး ပြောလိုက်လေ၏။
“ထောင်ထောင်လေး၊ မွေးနေ့မှာ ပျော်ရွှင်ပါစေ!”
ထောင်ထောင်က စုမိသားစုဆီသို့ ရောက်လာသည့် ပထမဆုံးနေ့ကတည်းက စုကျင်းက ထောင်ထောင်၏ မွေးနေ့ကို မည်သို့ ကျင်းပပေးရမည်ကို တွေးတောနေခဲ့သည်။
စုကျင်း၏ စကားကို ကြားသည့်အချိန်တွင် ထောင်ထောင်တစ်ယောက် အံ့သြခြင်းတစ်ဝက်နှင့် ပျော်ရွှင်သွားရ၏။
“ဒီနေ့က ထောင်ထောင်ရဲ့ မွေးနေ့လား”
စနစ် : [ ဟုတ်တယ်၊ မွေးနေ့မှာ ပျော်ရွှင်ပါစေ၊ ထောင်ထောင်လေး ]
ယနေ့က သူမ၏ မွေးနေ့ဖြစ်ကြောင်းကို အတည်ပြုနိုင်ခဲ့ပြီးနောက် ထောင်ထောင်က မရေမတွက်နိုင်သော အံ့သြစရာများဖြင့် ဝန်းရံခြင်းကို ခံလိုက်ရတော့သည်။
စုကျင်းကသာမက စုပါးပါး၊ စုမားမား၊ စုဖိုးဖိုး.. လူတိုင်းက ထောင်ထောင်၏အတွက်ကို လှပသည့် လက်ဆောင်ဗူးလေးများကို အသီးသီး ပြင်ဆင်ပေးထားကြ၏။
ဖုန်းကျားယန်ကပင်လျှင် သူ၏ ကျောပိုးအိတ်ထဲမှ ထုပ်ပိုးထားသော လက်ဆောင်ဗူးလေး တစ်ဗူးကို ထုတ်ပေးခဲ့သည်။
အံ့သြစရာများက ထိုမျှနှင့် မရပ်သေးပေ။
အိမ်ရှေ့ဘဲလ်သံက တစ်ခုပြီးတစ်ခု မြည်လာပြီးနောက် တံခါး၏ နောက်ကွယ်တွင် ရင်းနှီးသော မျက်နှာများက ပေါ်လာပေတော့၏။
“မွေးနေ့မှာ ပျော်ရွှင်ပါစေ၊ ထောင်ထောင်လေး!”
ကုရှန်ရှန်က အမြောက်ဆံတစ်ခုကဲ့သို့ အိမ်ထဲသို့ ပြေးဝင်လာခဲ့သည်။
“ခွင့်ပြုပါဦး”
ကျိုးထင်က လက်ဆောင်တစ်ခုကို ကိုင်လျက် တံခါးဝတွင် ပေါ်လာလေ၏။
“ထောင်ထောင်အတွက် မွေးနေ့လက်ဆောင် လာပေးတာ”
“မွေးနေ့မှာ ပျော်ရွှင်ပါစေ၊ ထောင်ထောင်လေး!”
ချောင်ဟောက်ယွီက တံခါးဝသို့ ရောက်သည်နှင့် အော်ဟစ်လိုက်လေသည်။
“ထောင်ထောင်လေးကို နေ့တိုင်း ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်”
မုန်လျို့က လက်ဆောင်သေးသေးလေး တစ်ခုကို ကိုင်ထားလေ၏။
ထောင်ထောင်က မပြုံးဘဲ မနေနိုင်တော့ပေ။
လူတိုင်း၏ အကြည့်များအောက်တွင် ထောင်ထောင်က မျက်လုံးလေးများကို မှိတ်ပြီး စိတ်ထဲမှ ဆုတောင်းတစ်ခုကို အလေးအနက် ပြုလိုက်ပေတော့သည်။
ဒီအချိန်လေးက ထာဝရ တည်မြဲနိုင်ပါစေ။
(ပြီးပါပြီ)