ငါက အပျော်အပါးမက်တဲ့ သခင်လေးတစ်ယောက်လေ
Vol. 31 Ch. 301
“ဒီကလေးက ဦးနှောက်ထဲမှာ တစ်ခုခု ချို့ယွင်းနေတာလား”
ငရဲမြစ်ထဲမှ မုတ်ဆိတ်ဖြူအဘိုးအိုကြီးသည် ချောင်ရို့ချန်၏ စကားကို ကြားပြီးနောက် လွှတ်ခနဲ ပြောလိုက်မိသည်။
သူ့ရှေ့က ပြိုင်ဘက်များသည် သာမန် နီဗားနာရှင်သန်ခြင်းအဆင့် ဝိညာဉ်များ မဟုတ်ပေ။
‘ဒီကောင်လေး တကယ်ပဲ မသိတာလား။ သူတို့ထဲက တချို့ဆိုရင် အရင်ဘဝတုန်းက သူတော်စင်တစ်ပိုင်း အဆင့်ရှိခဲ့တဲ့ ပုဂ္ဂိုလ်တွေလေ’
‘ငရဲမြစ်ထဲ ကျနေတာ အချိန်တွေကြာလာလို့ သူတို့ကျင့်ကြံမှုတွေ တဖြည်းဖြည်း အရည်ပျော်ကုန်ပြီး နီဗားနားရှင်သန်ခြင်းအဆင့်ထိ နိမ့်ကျသွားတယ်’
ငရဲမြစ်ထဲမှ ဝိညာဉ်အိုကြီးများသည် တစ်ခဏ မှင်တက်သွားကြသော်လည်း ချက်ချင်းပင် သတိပြန်ဝင်လာပြီး ချောင်ရို့ချန်ဆီသို့ အလုံးအရင်းဖြင့် ပြေးဝင်လာကြ၏။
ခဏချင်းမှာပင် မြစ်အတွင်းတွင် ဝိညာဉ်အုပ်ကြီးသည် ရူးသွပ်စွာ ကခုန်နေကြသကဲ့သို့ ဖြစ်သွား၏။ စူးရှသော အော်ဟစ်သံများ ပဲ့တင်ထပ်လာပြီး ထူးဆန်းသည့် ဝိညာဉ်အငွေ့အသက်များသည် မြစ်တစ်ခုလုံးကို ကြောက်မက်ဖွယ် အရောင်အသွေးများနှင့် စွန်းထင်သွားစေသည့်အလားပင်။
ချောင်ရို့ချန်း၏ နှုတ်ခမ်းမှာ အနည်းငယ် တွန့်ကွေးသွားသည်။ သူ ဆရာဖြစ်သူ ချူဖုန်း ပေးထားသော ဓားကျောက်စိမ်းကို ခါးကနေ ဆွဲထုတ်လိုက်ပြီး ဝိညာဉ်အုပ်ကြီးဆီသို့ ဓားအလင်းတန်းတစ်ခု ပစ်လိုက်သည်။
ချွင်
ဓားအလင်းတန်းသည် တစ်ချက်တည်းဖြင့် ငရဲမြစ်ကို ထိုးခွဲသွားပြီး မြစ်ရေမှာ နှစ်ခြမ်း ကွဲထွက်သွား၏။
ဓားအလင်းတန်း ပျောက်ကွယ်သွားသည့်အခါ မြစ်တစ်ခုလုံးမှာ တိတ်ဆိတ်သွားတော့သည်။
ချောင်ရို့ချန်းသည် ကျဆုံးသွားသည့် ဝိညာဉ်များဆီမှ ဝိညာဉ်စွမ်းအားကို စုပ်ယူလိုက်ပြီး သူ့ခန္ဓာကိုယ်ထဲတွင် ဖြစ်ပေါ်လာတော့မည့် အဆင့်တက်လှမ်းမှုကို အတင်းအကျပ် ဖိနှိပ်ထားလိုက်၏။
သူ ငရဲမြစ်ကို တစ်ချက်ဝေ့ကြည့်ပြီး အေးဆေးစွာ မေးလိုက်သည်။
“နောက်ထပ် ဘယ်သူရှိသေးလဲ”
မုတ်ဆိတ်ဖြူအဘိုးအို ထိုမြင်ကွင်းကြောင့် ဆွံ့အသွားသည်။
အတော်ကြာမှ သူ စကားပြောနိုင်၏။
“လူငယ်လေး၊ မင်း မတရားဘူး။ သန်မာတဲ့ လက်သီးတစ်စုံနဲ့ ငရဲမြစ်ကို ထိုးဖောက်မယ်လို့ ပြောထားပြီးတော့... ဘယ်လိုဖြစ်လို့ ရတနာကို အသုံးပြုလိုက်တာလဲ”
ချောင်ရို့ချန် သူ့ကို အေးစက်စက် အပြုံးဖြင့် လှည့်ကြည့်လိုက်၏။
“စီနီယာ၊ ကျွန်တော့်ကို ရတနာ မသုံးရဘူးလို့ ဘယ်တုန်းက ပြောခဲ့လို့လဲ”
“…”
မုတ်ဆိတ်ဖြူအဘိုးအို တစ်ခဏ ဆွံ့အသွားပြီးမှ တီးတိုးလေး ရေရွတ်လိုက်သည်။
“တကယ်ပဲ... ဒီအဖိုးကြီးက အဲဒီလို မပြောခဲ့မိတာ မှန်ပါတယ်”
ချောင်ရို့ချန် ပခုံးတွန့်လိုက်သည်။
“ဒါဆိုရင် ကိစ္စပြတ်ပြီပေါ့”
“ဒါပေမဲ့... ဒါပေမဲ့ ဒါက မင်းရဲ့ မူလရည်ရွယ်ချက်နဲ့ ဆန့်ကျင်နေတာ မဟုတ်ဘူးလား။ မင်း စိတ်ထဲမှာ အတွင်းနတ်ဆိုး ကျန်ခဲ့မှာကို မစိုးရိမ်ဘူးလား”
မုတ်ဆိတ်ဖြူအဘိုးအို အစပိုင်းတွင်တော့ ထိုကလေးကို ပြင်းပြင်းထန်ထန် ဆူပူဖို့ ရည်ရွယ်ထားသော်လည်း ချောင်ရို့ချန် ကျောက်စိမ်းဆွဲပြားကို တဖြည်းဖြည်း ပြန်မြှောက်ပြလိုက်သည်ကို မြင်သောအခါ သူ့လေသံက ချက်ချင်း ပြောင်းလဲသွားခဲ့၏။
“ဒါပေါ့၊ မစိုးရိမ်ပါဘူး”
ချောက်ရို့ချန် လေးလေးနက်နက် ပြန်ဖြေလိုက်သည်။
“ကျွန်တော်က အမြဲတမ်း အပျော်အပါးမက်တဲ့ သခင်လေး တစ်ယောက်ပါ။ ကျွန်တော် မနိုင်တော့ဘူးဆိုရင် ကျွန်တော့်ဆရာ ပေးထားတဲ့ ရတနာကို သုံးတာက လုံးဝ ယုတ္တိရှိပါတယ်၊ မဟုတ်ဘူးလား”
“…”
မုတ်ဆိတ်ဖြူအဘိုးအိုမှာ လုံးဝ ဇဝေဇဝါ ဖြစ်သွား၏။ သူ ငရဲမြစ်ထဲတွင် ပိတ်မိနေခြင်းမှာ ကြာလွန်း၍ အပြင်လောကနှင့် အဆက်အသွယ် ပြတ်သွားသလော။
ရှေးဟောင်းခေတ်တွင် ဤမျှ ထူးချွန်သည့် ပါရမီရှိတဲ့သူဖြစ်လျှင် သမိုင်းတွင် နေရာတစ်ခု ရမှာ သေချာနေသည်။ သို့သော် ထိုကောင်လေးက သူကိုယ်သူ အပျော်အပါးမက်တဲ့သူပါဟု ပြောနေသေး၏။
“လူငယ်လေး မင်း စမ်းသပ်မှု အောင်မြင်ပြီလို့ သတ်မှတ်ပေးလိုက်မယ်။ ဒီမှာ ဆက်ပြီး လေ့ကျင့်နေဖို့ မလိုတော့ဘူး”
“ဟင်”
ချောင်ရို့ချန် ကြောင်တောင်တောင် ဖြစ်သွားပြီး ရေရွတ်လိုက်သည်။
“ဒါပေမဲ့ ကျွန်တော် ဆော့လို့ မဝသေးဘူးလေ။ ဒါမှမဟုတ် ကျွန်တော့်ရဲ့ ဓားကျောက်စိမ်းထဲမှာ ဓားစွမ်းအင် ကျန်သေးလား၊ မကျန်ဘူးလားဆိုတာကို လောင်းကြေးထပ်ချင်လို့လား”
“….”
မုတ်ဆိတ်ဖြူအဘိုးအို စကားပင်မပြောနိုင်တော့ချေ။
“လူငယ်လေး၊ မင်း လူစကားမပြောနိုင်ဘူးလား”
ချောက်ရို့ချန် ရှက်ကိုးရှက်ကန်း ရယ်လိုက်၏။
“ဟားဟား၊ နောက်တာပါ စီနီယာရယ်။ တခြား သင့်တော်တဲ့ စမ်းသပ်နယ်မြေတွေ ရှိသေးရင် ကျွန်တော့်ကို ပြောပြပေးပါဦး”
မုတ်ဆိတ်ဖြူဆီက ပြန်လာသော အဖြေသည် တိတ်ဆိတ်ခြင်းပင်။ အတော်ကြာမှ သူ ပြန်ပြော၏။
“လူငယ်လေး၊ မင်း တကယ်ပဲ ပိုပြီး သန်မာချင်တယ်ဆိုရင်တော့ ဒီငရဲမြစ်ထဲမှာ နတ်ဘုရားဆေးပင်တစ်ပင် ရှိတယ်။ အပင်က မင်းကို တာအိုပေါင်းစည်းခြင်းအဆင့်ထိ တက်လှမ်းနိုင်အောင် ကူညီပေးလိမ့်မယ်။ ဒါပေမဲ့ အဲဒါကို စားရင် သေနိုင်တဲ့အန္တရာယ် ရှိတယ်။ မင်း လောင်းကြေးထပ်ရဲလား”
“စီနီယာ၊ ကျွန်တော့်ကို အသေးစိတ် ရှင်းပြပေးပါဦး”
ချောင်ရို့ချန် ချက်ချင်း စိတ်ဝင်စားသွားပြီး မုတ်ဆိတ်ဖြူကို မျှော်လင့်တကြီးနှင့် ကြည့်လိုက်မိသည်။
“ငါ့နောက် လိုက်ခဲ့”
မုတ်ဆိတ်ဖြူက အချက်ပြပြီး ချောက်ရို့ချန်ကို ခေါ်ဆောင်သွားလိုက်၏။
သူတို့နှစ်ယောက် ပျောက်ကွယ်သွားပြီးမှ ငရဲမြစ်ထဲမှ တခြားဝိညာဉ်များ အပြင်ကို ထွက်ရဲကြတော့သည်။
စောစောက ဓားချက်တစ်ချက်သည် သူတို့ ဝိညာဉ်များကို အစအနမကျန် ပျောက်ကွယ်လုနီးပါး ထိတ်လန့်သွားစေခဲ့လေသည်။
ခဏအကြာမှာတော့ မုတ်ဆိတ်ဖြူသည် ငရဲမြစ်ထဲရှိ ရေဝဲတစ်ခုဆီကို ရောက်လာ၏။ သူ လက်ဟန်တစ်ခု လုပ်လိုက်ရုံဖြင့် ရေဝဲသည် ပျောက်ကွယ်သွားပြီး ရေထဲမှနေ၍ များပြားသည့် ယင်စွမ်းအင်များ လှိုင်းလုံးကြီးတစ်ခုပမာ ထိုးထွက်လာခဲ့သည်။
ချောင်ရို့ချန် စွမ်းအင်များ လာရာဘက်ကို ကြည့်လိုက်သည့်အခါ ထိုနေရာတွင် ပွင့်နေသော အမြွှာကြာပန်းတစ်ပွင့်ကို မြင်လိုက်ရ၏။
ပန်းတစ်ပွင့်သည် အနက်ရောင်ဖြစ်ပြီး နောက်တစ်ပွင့်က အဖြူရောင်ဖြစ်သည်။ အနက်ရောင်ပွင့်ချပ်များသည် ငရဲပြည်က ပန်းတစ်ပွင့်နှင့် တူနေ၏။ အနားကို မကပ်ရသေးခင်မှာတင် အလွန်အမင်း အေးစက်သည့် အငွေ့အသက်ကို ခံစားနေရသည်။
အဖြူရောင်ပွင့်ချပ်သည် ဆန့်ကျင်ဘက်ပင်။ မှောင်မည်းလှသော ငရဲမြစ်ထဲတွင် လုံးဝ ကွဲထွက်နေခဲ့၏။ ပွင့်ချပ်မျာသည် ပြင်းထန်သော အပူရှိန်တို့ ထွက်ပေါ်နေသည်။
“စီနီယာ ဒါက ဘာလဲ”
မုတ်ဆိတ်ဖြူ ပြောလိုက်၏။
“ဒါက သေခြင်းရှင်ခြင်း ကြာပန်း ပဲ။ ပန်းတစ်ပွင့်က ရှင်သန်ခြင်း နောက်တစ်ပွင့်က သေခြင်းတရားပဲ။ ဘယ်ဟာက ဘာလဲဆိုတာ ဘယ်သူမှ မသိကြဘူး။ အရင်ကလည်း ငရဲမြစ်ထဲမှာနေတဲ့ ဝိညာဉ်တချို့ ဒီကြာပန်းကို ယူဖို့ ကြိုးစားခဲ့ကြဖူးတယ်။ ဒါပေမဲ့ ဘယ်သူမှ မှန်အောင် မရွေးချယ်နိုင်ခဲ့ကြဘူး”
“ဒါမှ ကျွန်တော့်အတွက် တကယ့် စိန်ခေါ်မှု”
ပြောပြောဆိုဆိုနှင့် ချောင်ရို့ချန်း သေခြင်းရှင်ခြင်း ကြာပန်းဆီသို့ လျှောက်သွားလိုက်၏။
အနားမရောက်ခင်မှာတင် ကြာပန်းမှ ထွက်ပေါ်နေသော ဆန့်ကျင်ဘက် စွမ်းအင်နှစ်ခုကြောင့် သူ့စိတ်ထဲတွင် ဂယောက်ဂယက် ဖြစ်လာသည်။
သူ ခြေလှမ်းများကို ရပ်လိုက်ပြီး မုတ်ဆိတ်ဖြူဘက်ကို လှည့်ကြည့်လိုက်၏။
“စီနီယာ ကျွန်တော့်ကို လှည့်စားဖို့ ကြိုးစားနေတာတော့ မဟုတ်ဘူးမလား”
မုတ်ဆိတ်ဖြူ ရယ်မောလိုက်သည်။
“ငါ မင်းကို လှည့်စားနေစရာ အကြောင်းမရှိဘူး။ ငါသာ ဒီငရဲမြစ်ထဲမှာ တစ်သက်လုံး အကျဉ်းမကျနေဘူးဆိုရင် အဲ့ဒီ့ကြာပန်းကို ယူလိုက်တာ ကြာလှပြီ”
၎င်းကို ကြားတော့ ချောင်ရို့ချန် ရေရွတ်လိုက်၏။
“စီနီယာက နောက်ကြောင်းရှိတဲ့သူ ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”
“…”
မုတ်ဆိတ်ဖြူ၏ မျက်နှာ ပျက်သွားသည်။
“မင်းဘာသာမင်း ကိုင်တွယ်တော့ ကောင်လေး။ ငါတော့ ထပ်ပြီး စိတ်မရှည်နိုင်တော့ဘူး”
ပြောပြီးသည်နှင့် သူ လှည့်ထွက်သွားပြီး ငရဲမြစ်ထဲတွင် ပျောက်ကွယ်သွားတော့၏။
မုတ်ဆိတ်ဖြူ၏ အရှိန်အဝါ လုံးဝ ပျောက်ကွယ်သွားသော်လည်း ချောင်ရို့ချန် အမြွှာကြာပန်းကို ချက်ချင်း မခူးသေးပေ။
ထိုအစား သူ တင်ပျဉ်ခွေ ထိုင်လိုက်ပြီး စိတ်ဝိညာဉ်ပြည့်အင့်ခြင်း အဋ္ဌမအဆင့်သို့ စတင် တက်လှမ်းတော့သည်။
ရက်အနည်းငယ်အကြာတွင်
ချောင်ရို့ချန် ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လိုက်သည်။ သူ့အရှိန်အဝါသည် အဆင့်သစ်တစ်ခုကို ရောက်ရှိသွား၏။
“နောက်ဆုံးတော့ အဆင့်တက်သွားပြီ”
သူ အဘိုးကြီးကို မောင်းထုတ်ဖို့ ကြာပန်းကို အကြောင်းပြချက်အဖြစ် သုံးခဲ့ခြင်းပင်။
အမြွှာကြာပန်းကိုတော့ လက်လွှတ်ဖို့ စိတ်မကူးထားပေ။ သူ မတ်တပ်ရပ်လိုက်ပြီး ကြာပန်းဆီသို့ နောက်တစ်ကြိမ် လျှောက်သွားလိုက်သည်။
မကြာခင်မှာ ချောင်ရို့ချန်သည် အမြွှာကြာပန်းရှေ့သို့ ရောက်သွား၏။ သူ မျက်လုံးမှိတ်လိုက်ပြီး နတ်ဘုရား အာရုံဖြင့် သေခြင်းရှင်ခြင်း ကြာပန်း၏ အငွေ့အသက်ကို စတင် ခံစားကြည့်တော့သည်။
စက္ကန့်အနည်းငယ် အကြာတွင် ထိုကြာပန်းသည် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းကို ကိုယ်စားပြုခြင်း မဟုတ်ဘဲ ပြင်းထန်ယင်နှင့် ပြင်းထန်ယန်စွမ်းအားတို့ကို ကိုယ်စားပြုကြောင်း သူ သိလိုက်ရ၏။
သို့သော် ငရဲမြစ်ထဲမှ ဝိညာဉ်များအတွက်တော့ ပြင်းထန်ယန်စွမ်းအားမှာ သေစေနိုင်သည့် အဆိပ်တစ်ခုပင်။ ပွင့်ချပ်တစ်ခုကို မျိုချဖို့ မပြောနှင့် အနားမှာ ရှိနေရုံဖြင့်ပင် လောင်မြိုက်နေသည့် ဝေဒနာကို ခံစားရစေ၏။
၎င်းကို သိလိုက်ရသောအခါ ချောင်ရို့ချန်၏ နှုတ်ခမ်းထောင့်တွင် အပြုံးဖျော့ဖျော့လေး တစ်ခု ပေါ်လာသည်။ သူ ဆုံးဖြတ်ချက် ချလိုက်၏။
သူ လက်လှမ်းပြီး အနက်ရောင်ကြာပန်းကို ဆွတ်ခူးလိုက်သည်။ ထို့နောက် အဖြူရောင်ကြာပန်း ဘေးမှာ ထိုင်ပြီး ဆေးစွမ်းအင်များကို သန့်စင်ဖို့ ပြင်လိုက်၏။
ငရဲမြစ်ထဲမှ မရေမတွက်နိုင်သော ယ ဝိညာဉ်များသည် ထိုမြင်ကွင်းကို မုန်းတီးမှုများဖြင့် စိုက်ကြည့်နေကြသည်။
ဝိညာဉ်များသည် လူငယ်လေးမှ အဖြူရောင်ကြာပန်းကို ရွေးလိမ့်မည်ဟု ထင်ထားကြသည်။ သို့မှသာ သူတို့ အနက်ရောင်ကြာပန်းကို ဝိုင်းလု၍ရပေမည်။
မုတ်ဆိတ်ဖြူ ကြည့်နေရင်း တီးတိုး ရေရွတ်လိုက်သည်။
“ဒီကောင်လေးက သေမှာကို တကယ်ပဲ မကြောက်တာလား။ ဒါမှမဟုတ် ငါကပဲ ရှင်းပြတာ ညံ့သွားလို့လား။ ဘာပဲဖြစ်ဖြစ် အနက်ရောင်ကြာပန်းရဲ့ စွမ်းအားကို သူ မခံနိုင်ရင် သူက အလောင်း ဖြစ်သွားမှာပဲ။ အဲဒီကျမှ ဒီပါရမီရှင်ရဲ့ ခန္ဓာကိုယ်ကို သေခြင်းရှင်ခြင်း ကြာပန်းအတွက် မြေဩဇာအဖြစ် သုံးကြတာပေါ့”
ချောင်ရို့ချန်း အနက်ရောင်ကြာပန်းကို မျိုချလိုက်သည့် ခဏ၌ သူ့ခန္ဓာကိုယ်တစ်ခုလုံး အေးခဲသွား၏။ ရုပ်ခန္ဓာအပြင် သူ့ဝိညာဉ်ပါ ရေခဲထဲတွင် ပိတ်မိသွားသည်။
သူ့စိတ်ထဲမှ အော်ဟစ်လိုက်မိသည်။ ‘မဖြစ်ဘူး ငါ ပေါ့ဆသွားပြီ”
သေလုနီးပါး အချိန်လေးတွင် ချောင်ရို့ချန် ရုတ်တရက် အသိစိတ် ကြည်လင်လာပြီး လျှပ်စီးပမာ မြန်ဆန်လှသော အရှိန်ဖြင့် အဖြူရောင်ကြာပန်းကို လှမ်းဖမ်းပြီး ရော၍ မျိုချလိုက်တော့သည်။