သေခြင်းတရားမှ တစ်ဖန်ပြန်လည်မွေးဖွားခြင်း
Vol. 31 Ch. 302
အဖြူရောင်ကြာပန်းသည် ဝမ်းဗိုက်ထဲသို့ ရောက်ရှိသွားသည်နှင့် ချောက်ရို့ချန်မှာ ပြင်းထန်သော မီးတောက်များအတွင်း ရောက်ရှိသွားသည့်အလား ခန္ဓာကိုယ်တစ်ခုလုံး ပူလောင်လာသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။
သူ့ခန္ဓာကိုယ် တစ်ဝက်မှာ အေးစက်နေပြီး ကျန်တစ်ဝက်မှာ အငွေ့များပင် ထွက်နေသည်။ သူ့မျက်နှာမှာ နှစ်ခြမ်းကွဲနေပြီး တစ်ဖက်မှာ ဖြူဖျော့နေပြီး အခြားတစ်ဖက်မှာ နီမြန်းနေ၏။
ဘေးပတ်ဝန်းကျင်ရှိ ဝိညာဉ်များသည် ထိုမြင်ကွင်းကို ကြည့်ပြီး အံ့အားသင့်လွန်းသဖြင့် စကားတစ်လုံးမှ မဟနိုင်ကြချေ။
သို့သော် ထိုကောင်လေးကို မည်သူမျှ မနှောင့်ယှက်ရဲကြပေ။ အမြွှာကြာပန်းကို စားသုံးလိုက်သော်လည်း ၎င်းအတွင်းရှိ ရှင်သန်ခြင်းနှင့် သေဆုံးခြင်း၏ စွမ်းအားကို သူ မတွန်းလှန်နိုင်ပါက သူ့ခန္ဓာကိုယ်သည် ကြာစေ့တစ်ခုအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။
အမြွှာကြာပန်းသည် သူ့ အသွေးအသားကို စုပ်ယူပြီး အသစ်တစ်ဖန် ပြန်လည်ကြီးထွားလာမည်ဖြစ်သည်။
ဤတစ်ကြိမ်တွင်မူ ၎င်းသည် နတ်ဘုရားကြာပန်းအဖြစ်ပင် ဆင့်ကဲပြောင်းလဲသွားနိုင်၏။
ဤသည်ကို တွေးတောရင်း မုတ်ဆိတ်ဖြူအဘိုးအို၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
သို့သော် ချောင်ရို့ချန် စိတ်ပျက်အားငယ်ခြင်း မရှိပေ။ ထိုအစား သူ ပို၍ပင် စိတ်လှုပ်ရှားလာ၏။
သူ ခန့်မှန်းခဲ့သည်မှာ မှန်နေ၏။ အမြွှာကြာပန်းသည် သေခြင်းရှင်ခြင်းကိုသာမက ယင်နှင့်ယန် ကိုလည်း ကိုယ်စားပြုနေခြင်းပင်။
ယင်၊ ယန် နှစ်မျိုးလုံးကို တစ်ပြိုင်နက်တည်း အသုံးပြု၍ သူ့ခန္ဓာကိုယ်ကို လေ့ကျင့်ပေးရခြင်းမှာ ထူးခြားသည့် အတွေ့အကြုံတစ်ခုပင်။
သူ ဆရာဖြစ်သူ သင်ကြားပေးထားသော ထိုက်ချီ စိတ်ကူးပုံဖော်ကားချပ်အတိုင်း ခန္ဓာကိုယ်အတွင်းရှိ ယင်နှင့် ယန် စွမ်းအားများကို စတင်ထိန်းချုပ် လှည့်ပတ်တော့သည်။
အချိန်ကုန်လွန်လာသည်နှင့်အမျှ သူ့ခန္ဓာကိုယ်အတွင်းရှိ နာကျင်မှုများမှာ တဖြည်းဖြည်း လျော့ပါးသွား၏။
ချောင်ရို့ချန် မတ်တပ်ရပ်လိုက်သည်။ ဝိညာဉ်များ၏ ရှေ့မှောက်တွင် သူ ထိုက်ချီလက်သီးကို စတင်လေ့ကျင့်သည်။
ဤမြင်ကွင်းက ဝိညာဉ်များကို ပါးစပ်အဟောင်းသား ဖြစ်သွားစေ၏။
သူတို့အားလုံးသည် မုတ်ဆိတ်ဖြူအဘိုးအိုကို ကြည့်လာကြသည်။
အဘိုးအိုမှာ ထပ်တူပင် မှင်တက်နေမိသည်။ သေခြင်းရှင်ခြင်း၏ စွမ်းအားကို တစ်ပြိုင်နက် ထိန်းချုပ်နိုင်မည့်သူ ရှိလိမ့်မည်ဟု သူ တစ်ခါမျှ မတွေးထားပေ။
ချောင်ရို့ချန် ထိုက်ချီလက်သီးကို ဆက်လက်ကစားနေစဉ် သူ့ခန္ဓာကိုယ်ပတ်လည်တွင် ထိုက်ချီပုံရိပ်တစ်ခု တဖြည်းဖြည်း ပေါ်ထွက်လာသည်။
တစ်ချိန်တည်းမှာ အမြွှာကြာပန်းမှ ဆေးဖက်ဝင် စွမ်းအင်များသည် သူ့ ခန္ဓာကိုယ်ကို အဆက်မပြတ် သန့်စင်ပေးနေခဲ့၏။
ဘေးပတ်ဝန်းကျင်မှ ဝိညာဉ်များသည် ဆက်လက်အောင့်အည်းမထားနိုင်တော့ဘဲ သူ့ထံသို့ ဗီဇအရ ဝိုင်းအုံတိုက်ခိုက်ကြတော့သည်။
သို့သော် သူတို့ အနားသို့ မရောက်သေးမီမှာပင် သူ့ခေါင်းပေါ်က ထိုက်ချီပုံရိပ်သည် သူတို့ကို ဝါးမျိုလိုက်သည်။
ကံဆိုးသူ ဝိညာဉ်တစ်ကောင် ဝါးမျိုခံလိုက်ရပြီးနောက် ကျန်ရှိသော ဝိညာဉ်များသည် နောက်တစ်ကြိမ် ရှေ့သို့မတိုးရဲကြတော့ပေ။
မုတ်ဆိတ်ဖြူအဘိုးအို ရပ်နေသည့်နေရာ၌ပင် ခွေကျသွားလေ၏။
“ဒီတစ်ခါတော့ ငါ တကယ်ပဲ အားလုံးဆုံးရှုံးသွားပြီ။ မယားလည်းဆုံး၊ သားလည်းဆုံးပြီ”
ချောင်ရို့ချန် အပြင်လောကတွင် ဘာဖြစ်နေသည်ကို သတိမထားမိပေ။ သူ ကျင့်ကြံခြင်းတွင်သာ နစ်မြောနေ၏။
မြောင်တောင်ပေါ်တွင်
ဖုန်းမူသည် တာအိုတည်ဆောက်ခြင်း နဝမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သို့သော် သူ အဟန့်အတားတစ်ခု ပိတ်ဆိုနေသည်ဟု ခံစားနေရ၏။
သူ့ဆရာ တစ်ခါက ပြောဖူးသည်မှာ နတ်ဘုရားစွမ်းအားကို နားလည်သဘောပေါက်မှသာ အသေစားကံကြမ္မာကျမ်းကို အပြည့်အဝ အသုံးချနိုင်လိမ့်မည် ဟူ၍ပင်။
လက်ရှိတွင် သူသည် နတ်ဘုရားစွမ်းအား နှစ်မျိုးဖြစ်သော မိုင်ထောင်ချီ မြင်ကွင်း နှင့် ကောင်းကင်တွင်ပျံလွှားခြင်း တို့ကို တတ်မြောက်ထားပြီး ဖြစ်၏။
သို့သော် သူ့အတွက် ထိုနတ်ဘုရားစွမ်းအားများသည် အပေါ်ယံ အလှသက်သက်သာ။ ၎င်းတို့အတွက် သူ့သက်တမ်း ဆယ်စုနှစ်ပေါင်းများစွာကို ပေးဆပ်ခဲ့ရသည်။
ယနေ့သည် ဆရာဖြစ်သူ၏ လစဉ် တာအိုဟောကြားသော နေ့ဖြစ်သည်။ နေထွက်ပြီးနောက် ဖုန်းမူ ပင်မခြံဝင်းအတွင်းသို့ လျှောက်လှမ်းလာခဲ့၏။
ချူဖုန်းသည် အိပ်ရာမှ နိုးကာစ ဖြစ်သည်။ အကြီးအကဲပင်း ပြင်ဆင်ပေးထားသော အေးစက်စက် ဆန်ပြုတ်ကို သောက်ရင်း သူ ပိုင်ကျင်းနှင့် ချန်ကျင်းကျင်းတို့ကို ပုံပြင်ပြောပြနေ၏။
“တပည့်က ဆရာနဲ့ ဆရာကတော်ကို ဂါရဝပြုပါတယ်”
ဖုန်းမူ ချူဖုန်းနှင့် ပင်းယန်တို့ကို ရိုသေစွာ ဦးညွှတ်လိုက်သည်။
ချူဖုန်းက မေးလိုက်၏။
“ထပါဦး။ မင်းရဲ့ ကျင့်ကြံမှုမှာ ဘာတွေ ထူးခြားမှုရှိလဲ”
“ဆရာ၊ တပည့် ဘာကြောင့် နတ်ဘုရားစွမ်းအားကို အခုထိ နားမလည်နိုင်သေးတာလဲ ဆိုတာ မသိပါဘူး။ တပည့်ကို လမ်းညွှန်ပေးပါဦး။ တပည့် ဘာလုပ်သင့်လဲ”
ချူဖုန်း၏ မျက်နှာမှာ စဉ်းစားတွေးတောဟန် ဖြစ်သွားသည်။ သူ့ဘေးနားရှိ မိန်းကလေး နှစ်ဦးမှာလည်း စူးစမ်းလိုစိတ်ဖြင့် ကြည့်နေကြ၏။
သူတို့ ဆရာ၏အစွမ်းထက်ပုံကို သိထားသော်လည်း စီနီယာအစ်ကိုဖုန်း ပြောသော နတ်ဘုရားစွမ်းအားသည် ကောင်းကင်ကိုပင် ဆန့်ကျင်နိုင်လောက်သည့် အရာဟု ထင်ရသည်။
‘သူတို့ဆရာက အဖြေကို တကယ်ပဲ ရှာတွေ့နိုင်ပါ့မလား’
နာရီဝက်ခန့် ကြာပြီးနောက် ချူဖုန်း တဖြည်းဖြည်း စကားပြောလာသည်။
“မပျက်စီးနိုင် မသေဆုံးနိုင်တဲ့ အင်မော်တယ်ကို ရောက်ဖို့ဆိုရင် သေစေနိုင်တဲ့ အန္တရာယ်တွေထဲကို အရင်ဆုံး ပစ်ဝင်ရလိမ့်မယ်။ ရှင်သန်ခြင်းနဲ့သေဆုံးခြင်း ကြားမှာ မင်း သေချာပေါက် နားလည်လာလိမ့်မယ်”
ဖုန်မူ မျက်လုံးများ တောက်ပသွားသည်။ “ဆရာ ဆိုလိုတာက သေခြင်းတရားကနေ တစ်ဆင့် ပြန်လည်မွေးဖွားဖို့ပေါ့”
“မှန်တယ်”
ချူဖုန်း ခဏတာ ရပ်လိုက်၏။
“ဒါပေမဲ့ အဲဒီမတိုင်ခင်မှာ မင်း အသေအချာ ပြင်ဆင်ထားရမယ်၊ ပြီးတော့ ခိုင်မာတဲ့ တာအိုနှလုံးသား ရှိရမယ်”
ဖုန်းမူ၏ မျက်နှာတွင် အလေးအနက် စဉ်းစားနေသည့် အရိပ်အယောင်များ ပေါ်လာပြီး ဆရာ့ စကားများကို တစ်ခါပြီးတစ်ခါ ပြန်လည်တွေးတောနေမိသည်။
နာရီဝက်ခန့် ကြာပြီးနောက် ဖုန်းမူ နောက်ဆုံးတွင် အဓိကသော့ချက်ကို သဘောပေါက်သွား၏။
“ဆရာ၊ တပည့် ဘာလုပ်ရမလဲဆိုတာ သိပါပြီ။”
“အို”
ချူဖုန်း ပြုံးလိုက်သည်။
“ဒီတစ်ခါတော့ မင်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပြီလား”
“ဒီတစ်ခါတော့ အောင်မြင်ရင် အောင်မြင်၊ မအောင်မြင်ရင် သေရုံပါပဲ”
ဖုန်းမူ ပြတ်သားသော ဆုံးဖြတ်ချက်ဖြင့် ပြန်ဖြေ၏။
“မင်း စိတ်ဆုံးဖြတ်ပြီးပြီဆိုရင်တော့ ငါ မတားတော့ဘူး”
ချူဖုန်း နွေးထွေးသော နွေဦးလေပြေအလား ပြုံးကာ ပြောလိုက်သည်။
“ဆရာ၊ တပည့် သွားခွင့်ပြုပါဦး၊ တံခါးပိတ်ကျင့်ကြံမှုကို စတင်ပါတော့မယ်”
ထိုသို့ပြောပြီး ဖုန်းမူသည် လှည့်ထွက်သွားလေတော့သည်။
ပိုင်ကျင်းနှင့် ချန်ကျင်းကျင်းတို့ သူ့ကျောပြင်ကို ကြည့်ရင်း မျက်လုံးများတွင် စိုးရိမ်စိတ်များ ပြည့်နေကြသည်။
ချန်ကျင်းကျင်း ပြောလိုက်၏။
“ဆရာ၊ စီနီယာက သေခြင်းတရားဆီကို ကိုယ့်သဘောနဲ့ကိုယ် လျှောက်သွားနေသလိုမျိုး ဘာလို့ ခံစားနေရတာလဲ”
ချူဖုန်း ရယ်မောလိုက်၏။
“မင်း ထင်တာ မမှားပါဘူး”
“ဟင်”
ချန်ကျင်းကျင်း၏ မျက်နှာမှာ သိချင်စိတ်များဖြင့် ပြည့်နှက်သွားသည်။
“ဆရာ... ဆရာက သူ တစ်ခုခု ဖြစ်သွားမှာကို မစိုးရိမ်ဘူးလား”
ချူဖုန်း သူမ ခေါင်းကို ညင်သာစွာ ပုတ်လိုက်သည်။ “မြောင်တောင်ပေါ်က အရာအားလုံးက ငါ့လက်ခုပ်ထဲမှာပါ။ ဆရာက မင်း စီနီယာကို တစ်ခုခု ဖြစ်ခွင့် ပေးပါ့မလား”
“အော်...”
ချန်ကျင်းကျင်း အနည်းငယ် စိုးရိမ်နေဆဲ ဖြစ်သော်လည်း သူမ မျက်လုံးထဲတွင် ဆရာသည် ကမ္ဘာပေါ်တွင် အင်အားအကြီးဆုံးသူ ဖြစ်သည်။ ဆရာ ရှိနေသရွေ့ စီနီယာ ဘာမှဖြစ်မည်မဟုတ်ဟု သူမ ယုံကြည်၏။
ချူဖုန်းသည် မိန်းကလေး နှစ်ဦးကို ပုံပြင်များ ဆက်ပြောပြနေပြီး ဖုန်းမူသည် တောင်အနောက်ဘက်သို့ သွားကာ သီးသန့်ကျင့်ကြံရန် တိတ်ဆိတ်သော နေရာတစ်ခုကို ရှာလိုက်သည်။
ဤတစ်ကြိမ်တွင် သူ နတ်ဘုရားစွမ်းအားကို နားလည်သဘောပေါက်ရန်အတွက် သူ့ကျန်ရှိသော သက်တမ်းအားလုံးကို သုံးစွဲရန် ဆုံးဖြတ်ထားခဲ့၏။
ရက်များ ကုန်လွန်သွားသည်။
ဖုန်းမူသည် လူငယ်တစ်ဦးအဖြစ်မှ ဆံပင်များဖြူဖွေးနေသော အဘိုးအိုတစ်ဦးအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲလာသည်။ သူ့ဇီဝအသက်ဓာတ်များ တစ်စစ ဆုတ်ယုတ်သွားသည်ကို ရှင်းလင်းစွာ ခံစားနေရ၏။
သို့သော် သူ နတ်ဘုရားစွမ်းအားကို နားလည်ရန် ကြိုးစားမှုကို လက်မလျှော့ပေ။ ထို့ပြင် သူ့ ဆုံးဖြတ်ချက်မှာ ပို၍ပင် ခိုင်မာလာခဲ့၏။
မျက်စိတစ်မှိတ်အတွင်း သုံးလတာ ကုန်ဆုံးသွားသည်။ ဖုန်းမူသည် ခြောက်သွေ့နေသော သစ်ပင်တစ်ပင်ကဲ့သို့ လှုပ်ရှားမှုမရှိဘဲ ထိုင်နေ၏။ သူ့ခန္ဓာကိုယ်အတွင်းရှိ နောက်ဆုံး အသက်ဓာတ်မှာ ပျောက်ကွယ်တော့မည် ဖြစ်ပြီး သူ့အသိစိတ်များမှာလည်း ဝေဝါးလာခဲ့သည်။
သို့သော်လည်း သူ မရပ်တန့်ခဲ့ပေ။ သူ အသေးစားကံကြမ္မာကျမ်းကို ဆက်လက် ကျင့်ကြံနေဆဲပင်။
သူ၏ အသက်ဓာတ် ကုန်ဆုံးပြီး သေခြင်းတရား ရောက်ရှိလာသည့် အချိန်တွင် အသိစိတ်ပင်လယ်ထဲ၌ ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခု ရုတ်တရက် ပဲ့တင်ထပ်သွားသည်။
သူ့စိတ်ထဲတွင် စာသားတစ်ကြောင်း ပေါ်လာသည်။
“မသေနိုင် မပျက်စီးနိုင်သော အင်မော်တယ်အဆင့် သွေးတစ်စက်မှ တစ်ဖန်ပြန်လည် မွေးဖွားခြင်း”
ထိုစာသားများ ပေါ်လာသည်နှင့် ဖုန်းမူ၏ နှလုံးသားထဲက နောက်ဆုံးသော သွေးတစ်စက်သည် သူ့ခန္ဓာကိုယ်ကို စတင်ပြန်လည် တည်ဆောက်တော့သည်။
သူ၏ ခြောက်သွေ့ပြီး အသက်မဲ့နေသော ခန္ဓာကိုယ်သည် အသက်ဓာတ်များဖြင့် ပြန်လည် တောက်ပလာ၏။
ပင်မခြံဝင်းအတွင်း၌ ချန်ကျင်းကျင်းနှင့် စစ်တုရင်ကစားနေသော ချူဖုန်းသည် ရုတ်တရက် အဆုံးအဖြတ်ပေးနိုင်သည့် နယ်ရုပ်တစ်ခုကို ချလိုက်သည့်အတွက် ချန်ကျင်းကျင်း၏ အုပ်စုကြီး တစ်ခုလုံး အပြတ်အသတ် ရှုံးနိမ့်သွားတော့သည်။
ချန်ကျင်းကျင်း ပါးစပ်အဟောင်းသားဖြစ်သွားတော့၏။
“ဆရာ၊ နောက်ထပ် သုံးကွက် ပိုကစားခွင့်ပေးမယ်လို့ ကတိပေးထားတယ်လေ”
ချူဖုန်း ပြုံးလိုက်၏။
“ငါ အဲဒီလို ပြောခဲ့ပါတယ်။ ဒါပေမဲ့ မင်း စီနီယာက အခု အသွင်ပြောင်းလဲမှု ဖြစ်စဉ်ကို ဖြတ်သန်းနေပြီ။ လာ... သူ ဘယ်လိုတွေ ပြောင်းလဲသွားလဲဆိုတာ သွားကြည့်ရအောင်”
ချန်ကျင်းကျင်း၏ မကျေနပ်မှုများမှာ ချက်ချင်း ပျောက်ကွယ်သွားပြီး ဝမ်းသာအားရ ဖြစ်သွားသည်။
“တကယ်လား”
“အဲဒီကို ရောက်ရင် မြင်ရမှာပေါ့”
ချူဖုန်း ပြောရင်းနှင့် မတ်တပ်ရပ်လိုက်ပြီး ပိုင်ကျင်းနှင့် ပင်းယန်တို့လည်း နောက်မှကပ်၍ လိုက်ပါလာကာ မြောင်တောင်၏ အနောက်ဘက်သို့ သွားကြသည်။
မိန်းကလေးနှစ်ဦးသည် ချူဖုန်းတို့ ဇနီးမောင်နှံနှင့်အတူ ရောက်ရှိလာပြီး ဂူအတွင်းရှိ ဖုန်းမူ၏ ခန္ဓာကိုယ်တွင် ဖြစ်ပေါ်နေသော ပြောင်းလဲမှုများကို မြင်လိုက်ရသောအခါ အားလုံးမှာ မှင်တက်သွားကြ၏။
အချိန်အတော်ကြာပြီးမှသာ သူတို့ ချူဖုန်းကို မော့ကြည့်လိုက်ကြသည်။