← Chapters

ဖုန်းမူ၏ အဆင့်တက်လှမ်းခြင်း

Vol. 31 Ch. 303

ဖုန်းမူ၏ အဆင့်တက်လှမ်းခြင်း

Vol. 31 Ch. 303

မိန်းကလေးနှစ်ဦး၏ အံ့အားသင့်နေသော မျက်နှာပေးများကို မြင်လိုက်ရသောအခါ ချူဖုန်း လက်တစ်ချက်ဝေ့ရမ်းလိုက်ပြီး ဖုန်းမူ ဘေးပတ်ပတ်လည်တွင် ကာကွယ်ရေးအတားအဆီးတစ်ခု ပြုလုပ်ပေးလိုက်သည်။

ယင်းသည် ဖုန်းမူကို အနှောင့်အယှက်များမှ ကာကွယ်ပေးရုံသာမက သူ့ အဆင့်တက်လှမ်းခြင်းကိုလည်း ဘေးကင်းအောင် စောင့်ရှောက်ပေး၏။

“မင်းတို့နှစ်ယောက် ဘာဖြစ်တာလဲ”

ပိုင်ကျင်း မေးမြန်းတော့သည်။

“ဆရာ စီနီယာအစ်ကိုက တကယ်ပဲ ခန္ဓာကိုယ်အသစ်နဲ့ ပြန်ရှင်လာတာလားဟင်”

“မဟုတ်ပါဘူး”

ချူဖုန်း ပြုံးပြီး ရှင်းပြသည်။

“ရှောင်မူက အင်မော်တယ်အဆင့်၊ သွေးတစ်စက်မှ တစ်ဖန်ပြန်လည်မွေးဖွားခြင်း ဆိုတဲ့ နတ်ဘုရားစွမ်းအားကို နားလည်သွားတာ”

သူ့ဘေးရှိ မိန်းကလေးသုံးဦးမှာ အသက်ရှူမှားသွားကြသည်။

သွေးတစ်စက်မှ တစ်ဖန်ပြန်လည်မွေးဖွားခြင်း ကဲ့သို့သော နတ်ဘုရားစွမ်းအားမျိုးသည် ကျင့်ကြံသူအားလုံး၏ အိပ်မက်ပင်။

ယခု တစ်စုံတစ်ယောက်က ထိုစွမ်းအားကို သူတို့မျက်စိရှေ့မှောက်တွင်ပင် သိမြင် နားလည်သွားတော့၏။

ပိုင်ကျင်း မေးသည်။

“ဒါဆိုရင် စီနီယာဖုန်းက ပြိုင်ဘက်ကင်း ဖြစ်သွားပြီပေါ့”

ချူဖုန်း ပြုံးပြီး ပြန်ဖြေသည်။

“အစွမ်းထက်၊ မထက်ဆိုတာကတော့ သူ့ရဲ့ အင်အားအပေါ်မှာပဲ မူတည်ပါသေးတယ်။ အင်မော်တယ်အဆင့်ဆိုတာက သူ့ကို သတ်ဖို့က ခက်သွားပြီလို့ပဲ ပြောတာ”

“စီနီယာအစ်ကို့ကို တကယ်ပဲ အားကျမိတယ်”

ချန်ကျင်းကျင်း အားကျသော မျက်လုံးများဖြင့် ကြည့်နေမိ၏။

ချူဖုန်း ရယ်မောလိုက်သည်။

“ရှောင်မူကို အားကျနေဖို့ မလိုပါဘူး။ မင်းတို့ ကျင့်ကြံမှု အထွတ်အထိပ်ကို ရောက်သွားတဲ့အခါ သူ့ထက် မနိမ့်တဲ့ အစွမ်းတွေ ရှိလာမှာပါ”

“ဟုတ်ကဲ့”

ချန်ကျင်းကျင်း ပြတ်သားစွာ ခေါင်းညိတ်လိုက်ပြီး ယခုထက်ပို၍ ကြိုးစားကျင့်ကြံမည်ဟု စိတ်ထဲမှ တိတ်တဆိတ် ဆုံးဖြတ်လိုက်တော့၏။

မျက်စိတစ်မှိတ်အတွင်း ခုနစ်ရက်တာ ကုန်လွန်သွားသည်။ ဖုန်းမူ သူ၏ ခြောက်သွေ့နေသော အခြေအနေမှ ပြန်လည်ကောင်းမွန်လာပြီး နုပျိုသော လူငယ်လေးတစ်ဦး၏ ရုပ်သွင်သို့ ပြန်လည်ရောက်ရှိသွားသည်။

သူ့ပတ်ပတ်လည်ရှိ စွမ်းအင်လှိုင်းများမှာ ပြင်းထန်လာပြီး မကြာမီမှာပင် စစ်မှန်ကံကြမ္မာအဆင့် အတားအဆီးများကို ချိုးဖျက်သွားတော့သည်။

ဝုန်း

သူ့ခန္ဓာကိုယ်အတွင်းမှ ပြင်းထန်သည့် စွမ်းအားတစ်ခု ပေါက်ကွဲထွက်လာ၏။ ဖုန်းမူ စစ်မှန်ကံကြမ္မာအဆင့်သို့ တိုက်ရိုက် တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။

ချူဖုန်း၏ စိတ်ထဲတွင် စနစ်၏ အသိပေးချက် အသံတစ်သံ ထွက်ပေါ်လာသည်။

“ပိုင်ရှင်ကို ဂုဏ်ပြုပါသည်။ သင့်တပည့်မှာ စစ်မှန်ကံကြမ္မာအဆင့်သို့ အဆင့်တက်လှမ်းနိုင်ခဲ့ပြီး ပျက်စီးမဲ့နတ်ဘုရားခန္ဓာကို နိုးထစေခဲ့ကာ ပျက်စီးမဲ့အစစ်အမှန်ဆန္ဒကို ထိုးထွင်းသိမြင်သွားပါသည်။ ပိုင်ရှင်ကို ဆုလာဘ်အဖြစ် ကျင့်ကြံမှုသက်တမ်း အနှစ်နှစ်ဆယ်၊ ပျက်စီးမဲ့ နတ်ဘုရားခန္ဓာ ပြီးပြည့်စုံခြင်းအဆင့်နှင့် ပျက်စီးမဲ့ အစစ်အမှန်ဆန္ဒ ပြီးပြည့်စုံခြင်းအဆင့်တို့ကို ချီးမြှင့်ပါသည်”

ဤနေရာသို့ လာသည့်လမ်းတွင် ချူဖုန်း အသိပေးချက်တစ်ခု ရရှိထား၏။ ဖုန်းမူသည် အင်မော်တယ်အဆင့် နတ်ဘုရားစွမ်းအားကို ထိုးထွင်းသိမြင်ထားသည်။

ထိုစွမ်းအား၏ အားသာချက်မှာ သွေးတစ်စက် သို့မဟုတ် နတ်ဘုရားအာရုံ အစအနလေးတစ်ခု ကျန်ရှိနေရုံဖြင့် ပြန်လည်မွေးဖွားနိုင်ခြင်းပင်။

သို့သော် ဤနတ်ဘုရားစွမ်းအား အမြင့်ဆုံးအဆင့်သို့ မရောက်မီ ကျင့်ကြံသူသည် အစအနမကျန် ဖျက်ဆီးခံရနိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်သေး၏။

အကယ်၍ မိုင်ပေါင်း သိန်းနှင့်ချီ ဝေးကွာသော နေရာမှပင် ထိုအစစ်အမှန်သွေးစက်ကိုပါ အမှုန့်ချေနိုင်သည့် အလွန်အမင်း အစွမ်းထက်သော ပြိုင်ဘက်နှင့် ရင်ဆိုင်ရပါက အရာအားလုံး အဆုံးသတ်သွားပေလိမ့်မည်။

သို့သော်ငြားလည်း စစ်မှန်ကံကြမ္မာအဆင့် ကျင့်ကြံသူတစ်ဦးက ဤကဲ့သို့သော နတ်ဘုရားစွမ်းအားကို နားလည်နိုင်ခြင်းမှာ ထူးခြားသော ဖြစ်ရပ်ပင်။

ထိုသို့ တွေးတောရင်း ချူဖုန်း၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာပြီး ဖုန်းမူကြောင့် ဖြစ်ပေါ်လာသော ကောင်းကင်ယံမှ ထူးခြားဖြစ်စဉ်များကိုပင် သူ မေ့လျော့နေခဲ့သည်။

ဝမ်တောက်ကျောင်းတော်မှ ကျောင်းသားများသည် မြောင်တောင်ပေါ်ရှိ ထူးခြားဖြစ်စဉ်များကို အမျိုးမျိုးသော မျက်နှာပေးများဖြင့် ငေးကြည့်နေကြသည်။

အသစ်ရောက်ရှိလာသော တပည့်အချို့မှာ အံ့အားသင့်လွန်းသဖြင့် အော်ဟစ်မိကြသည်။

“သောင်းပြောင်းပညာရပ်ဌာနမှာ ဘာတွေ ဖြစ်နေတာလဲ ဘယ်လိုလုပ်ပြီး ကောင်းကင်မှာ ထူးခြားဖြစ်စဉ်တွေ ပေါ်လာရတာလဲ”

‌ကျောင်းသားဟောင်းများက သူတို့ပခုံးကို ပုတ်ကာ ပြောလိုက်သည်။

“အခုမှ မမြင်ဖူးသလို လုပ်မနေကြနဲ့စမ်းပါ။ အဲဒါက သောင်းပြောင်းပညာရပ်ဌာနက ဂျူနီယာတစ်ယောက်ယောက်က သူ့နတ်ဘုရားခန္ဓာကို နိုးထသွားလို့ ဖြစ်မှာပါ”

တပည့်သစ်များ (´⊙ω⊙`)

“စီနီယာ... ကျွန်တော်တို့ကို နောက်နေတာ မဟုတ်ဘူးမလား”

စီနီယာကျောင်းသားက ပြန်ပြောသည်။

“ငါ ဘာလို့ လိမ်ရမှာလဲ။ ငါတို့က ဒီလိုမျိုးတွေ မြင်နေကျပဲ။ ငါတို့က မြင့်မြတ်နယ်မြေရဲ့ တပည့်တွေပဲလေ၊ လောကကြီးကို အခုမှ မမြင်ဖူးသလိုမျိုး မလုပ်ကြစမ်းနဲ့”

ထိုသို့ပြောနေစဉ် စီနီယာကျောင်းသားသည် ပို၍ပင် စိတ်လှုပ်ရှားလာပြီး သောင်းပြောင်းပညာရပ်ဌာနမှ ဤဖြစ်စဉ်ကို ပထမဆုံး မြင်စဉ်က မည်မျှ မှင်တက်သွားခဲ့သည်ကို လုံးဝ မေ့လျော့နေတော့၏။

ထပ်တူ အံ့အားသင့်နေကြသည်မှာ နတ်ဘုရားကျောင်းတော်မှ ဌာနမှူးကိုးဦးပင်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သူတို့၏ ပထမဆုံး တုံ့ပြန်မှုမှာ ယုံကြည်ရသော လက်ထောက်များကို ဆင့်ခေါ်လိုက်ကြခြင်းပင်။

ကောင်းကင်စိတ်ဝိညာဉ်ဌာနတွင်

လင်းမင်က ဆိုသည်။

“အကြီးအကဲဟုန်၊ ဘယ်တပည့်က နတ်ဘုရားခန္ဓာ နိုးထလာတာလဲဆိုတာ သွားပြီး စုံစမ်းစမ်း။ ငါတို့ ကောင်းကင်စိတ်ဝိညာဉ်ဌာနထဲကို သူတို့ကို ခေါ်ရမယ်။ ငါ့ရဲ့ လမ်းညွှန်မှုနဲ့ဆိုရင် သူတို့က နောင်တစ်ချိန်မှာ သူတော်စင်တစ်ယောက်ဖြစ်လာမှာ သေချာတယ်”

အကြီးအကဲဟုန်က တစ်ခဏ တုံ့ဆိုင်းသွား၏။

“ဌာနမှူး... ကျွန်တော် ထင်တာ မမှားဘူးဆိုရင် အဲဒီ နတ်ဘုရားခန္ဓာ နိုးထလာတဲ့သူက သောင်းပြောင်းပညာရပ်ဌာနက ဖုန်းမူ ဖြစ်လိမ့်မယ်”

“…”

လင်းမင် အကြီးအကဲဟုန်ကို ဇဝေဇဝါဖြင့် စိုက်ကြည့်လိုက်သည်။

“မင်း သေချာလို့လား”

အကြီးအကဲဟုန်က ပြန်ဖြေ၏။

“သေချာပါတယ်။ အဲဒီ ထူးခြားဖြစ်စဉ်က မြောင်တောင်ကနေ မြစ်ဖျားခံတာပါ။ ဌာနမှူးအနေနဲ့ တပည့်တစ်ယောက်အတွက် ဌာနမှူးချူနဲ့ ပြိုင်ဆိုင်ချင်မှာ မဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ ဟုတ်တယ်မလား”

လင်းမင် “…”

သူ စိတ်ထဲတွင် ပြောနေမိသည်။

‘ဒီလိုကိစ္စမျိုးကို မင်းသိရင်လည်း ပြီးတာပဲ၊ ဘာလို့ ထုတ်ပြောနေရတာလဲ အဲလိုပြောလိုက်တော့ ငါ မျက်နှာပျက်တာပေါ့’

သို့သော် နောက်ဆုံးတွင် ထိုစကားများကို ရိုးရှင်းစွာ ပြန်ဖြေ၏။

“ငါ နားလည်ပြီ။ ကောင်းကင်စိတ်ဝိညာဉ်ဌာနက တပည့်တွေကို ငါ တစ်လကို နှစ်ကြိမ် တာအိုပို့ချပေးမယ်လို့အသိပေးလိုက်”

“ဌာနမှူး တကယ့်ကို ပညာရှိတဲ့ ဆုံးဖြတ်ချက်ပါပဲ”

ဌာနမှူးလင်းသည် ရင်ထဲတွင် မကျေမနပ်ဖြစ်နေပြီး နတ်ဘုရားခန္ဓာ နိုးထလာသည့် တပည့်တစ်ယောက်ကို လေ့ကျင့်ပေးချင်စိတ် ပြင်းထန်နေသည်ကို အကြီးအကဲဟုန် ကောင်းကောင်းသိပါ၏။

သို့သော်လည်း ချူဖုန်းနှင့် နှိုင်းယှဉ်ပါက သူ့မှာ အဝေးကြီး ကျန်နေပါသေး၏။

ချူဖုန်းအကြောင်း ပြောလိုက်သည်နှင့် အကြီးအကဲဟုန်၏ ဝမ်းဗိုက်ထဲမှ ဝိုင်သောက်ချင်စိတ်များက လှုပ်ရှားလာခဲ့သည်။ ယခုချိန်သည် သွားရောက်၍ ဝိုင်ဂုန်းဆင်းရန် အကောင်းဆုံး အခွင့်အရေးပင်။

လင်းမင်မှာ ယုံကြည်ရသော လက်ထောက်ဖြစ်သူ၏ စိတ်ထဲတွင် သောင်းပြောင်းပညာရပ်ဌာနသို့ ရောက်နှင့်နေပြီကို လုံးဝ မသိရှိပေ။

အကယ်၍ သူ သိသွားပါက ဒေါသတကြီး ဖြစ်နေမည်မှာ ဧကန်ပင်။

ကျန်ရှိသော ဌာနမှူး ရှစ်ဦးမှာလည်း သောင်းပြောင်းပညာရပ်ဌာနတွင် ဖြစ်ပျက်ခဲ့သည်များကို သူတို့ လက်ထောက်များထံမှ သတင်းစကားများ ရရှိခဲ့ကြ၏။

သူတို့သည်လည်း လင်းမင်ကဲ့သို့ပင် ဆုံးဖြတ်ချက် ချလိုက်ကြသည်။ အဆုံးတွင်တော့ သူတို့သည် တစ်ချိန်က နတ်ဘုရားကျောင်းတော်၏ ထူးချွန်သော ပါရမီရှင်များ ဖြစ်ခဲ့ကြသည်။ အရာရာတွင် သူများက အသာစီးရခြင်းကို အမြဲတမ်း ခွင့်ပြုထား၍ မဖြစ်ပေ။

နေဝင်ရီတရော အချိန်တွင်

ဖုန်းမူသည် အဆင့်တက်လှမ်းခြင်းကို နောက်ဆုံးတွင် အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့၏။ သူ မျက်လုံးဖွင့်လိုက်သောအခါ ဆရာ၊ ဆရာကတော်နှင့် ဂျူနီယာညီမလေး နှစ်ဦးစလုံး ဂူအတွင်း၌ ရပ်နေသည်ကို မြင်လိုက်ရသည်။

သူ ချက်ချင်းပင် ထရပ်လိုက်ပြီး ရိုသေစွာ ဦးညွှတ်လိုက်သည်။

“ကျွန်တော့်ကို စောင့်ရှောက်ပေးခဲ့တဲ့အတွက် ဆရာ၊ ဆရာကတော်နဲ့ ဂျူနီယာညီမတို့ကို ကျေးဇူးတင်ပါတယ်”

ချူဖုန်း ပြုံးပြီး မေးသည်။

“ငါတို့ကြားမှာ ဒီလို အလေးအနက်တွေ လုပ်နေဖို့ မလိုပါဘူး။ အခု မင်း ဘယ်လို ခံစားရလဲ”

ဖုန်းမူ လေးလေးနက်နက် ပြန်ဖြေ၏။

“ဆရာ၊ တပည့်မှာ မေးစရာတစ်ခု ရှိပါတယ်။”

“မေးလေ”

ချူဖုန်းသည် ဤကဲ့သို့ နှိမ့်ချပြီး စူးစမ်းလိုစိတ်ရှိသော တပည့်မျိုးကို သဘောကျသည်။

ဖုန်းမူ တဖြည်းဖြည်း မေးလိုက်သည်။

“ကျွန်တော် ပျက်စီးမဲ့ဆန္ဒကို နားလည်သွားပြီ ဆိုပေမဲ့ တိုက်ပွဲမှာ ဘယ်လို အသုံးချရမလဲဆိုတာ မသိသေးဘူး”

ချူဖုန်းသည် တွေးတောနေသော မျက်နှာဖြင့် ဂူအတွင်း၌ ဖြည်းဖြည်းချင်း လမ်းလျှောက်နေသည်။ ခုနစ်လှမ်းခန့် လျှောက်ပြီးနောက် သူ ရပ်လိုက်၏။

“မင်း ပျက်စီးမဲ့အစစ်အမှန်ဆန္ဒကို ပြောင်းပြန်လှန်ပြီး အသုံးချကြည့်နိုင်တယ်”

“ဟင်”

ဖုန်းမူ ဇဝေဇဝါ ဖြစ်သွားသည်။ သူ့ဆရာက ဤကဲ့သို့သော အကြံပြုချက်မျိုး ပေးလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

“ဆရာ... အဲဒါက ကျွန်တော် လုပ်နိုင်တဲ့ အရာမျိုးလား”

ချူဖုန်း အေးဆေးစွာ ပြန်ဖြေသည်။ “မကြိုးစားကြည့်ဘဲ မင်း ဘယ်လိုလုပ် လုပ်နိုင် မလုပ်နိုင်ဆိုတာ သိမှာလဲ။ တကယ်လို့ မင်းက တစ်သက်လုံး တိုက်ခိုက် သတ်ဖြတ်နေရတဲ့ဘဝကို မလိုချင်ဘူးဆိုရင်တော့ မင်းရဲ့ ဆေးဖော်စပ်တဲ့ ပညာရပ်ကို ဆက်ပြီး ကျင့်ကြံနိုင်တယ်။ အခုချက်ချင်း ငါ့ကို အဖြေပေးဖို့ မလိုပါဘူး။ သေချာ စဉ်းစားပြီးမှ ဆုံးဖြတ်ပါ”

ဖုန်းမူ ခေါင်းညိတ်လိုက်သည်။

“ကျွန်တော် သေချာ စဉ်းစားပါ့မယ်”

“ကောင်းပြီ၊ အဲဒါကို ခဏထားလိုက်ဦး။ အခုတော့ ပြန်ပြီး အောင်ပွဲခံကြရအောင်။ သောင်းပြောင်းပညာရပ်ဌာနမှာ ဒီလို စည်စည်ကားကား မဖြစ်ခဲ့တာ ကြာပြီပဲ”

ထိုသို့ပြောပြီး ချူဖုန်းသည် အားလုံးကို ဂူအပြင်ဘက်သို့ ခေါ်ဆောင်သွားလေသည်။

သူတို့ အဓိကခြံဝင်းအတွင်းသို့ ပြန်ရောက်သောအခါ လူအုပ်ကြီး ရောက်ရှိနေပြီ ဖြစ်၏။

အားလုံးမှာ ချူဖုန်းနှင့် ရင်းနှီးသော အကြီးအကဲများ ဖြစ်ကြသည်။

မဟာပဏ္ဍိတရွှေတောင်ပံလင်းယုန်မှာ လူအုပ်ကြီးကို ကြွားဝါပြောဆိုနေ၏။

ချူဖုန်း ရောက်လာသည်ကို မြင်သောအခါ အားလုံးက ထရပ်ပြီး အလေးပြုကြသည်။

“ကျွန်တော်တို့ ဌာနမှူးချူနဲ့ အကြီးအကဲပင်းကို နှုတ်ခွန်းဆက်ပါတယ်”

ချူဖုန်း လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်၏။ “အားနာစရာ မလိုပါဘူး မိတ်ဆွေတို့။ စောစောက ငါ့တပည့်ကို စောင့်ရှောက်ပေးနေရလို့ ဧည့်ဝတ်မကျေတာကို ခွင့်လွှတ်ပေးကြပါ။ ဒီနေ့ ငါ စိတ်ကြည်လင်နေတယ်။ အတူတူ အရက်သောက်ကြရအောင်”

“ဒါ‌ပေါ့ဗျာ”

အကြီးအကဲများ စိတ်အားထက်သန်စွာ တုံ့ပြန်ကြပြီး ဖုန်းမူအတွက် လက်ဆောင်ကိုယ်စီ ပေးကြသည်။

မကြာမီမှာပင် ဌာန၏ အဓိကခြံဝင်းလေးသည် ပျော်ရွှင်မှုနှင့် အောင်ပွဲခံသံများဖြင့် စည်ကားသွားတော့၏။

All Chapters