← Chapters

ရွှေအိမ်ကြီး နှင့် ကျောက်စိမ်းနတ်မိမယ်

Vol. 31 Ch. 304

ရွှေအိမ်ကြီး နှင့် ကျောက်စိမ်းနတ်မိမယ်

Vol. 31 Ch. 304

အပျက်အစီးရှေးဟောင်းမြို့ ၏ သောင်းပြောင်းစာလိပ်ခန်းမ အတွင်း၌

တတိယထပ်တွင် စာအုပ်မည်မျှ ဖတ်ပြီးသွားသလဲ ဆိုသည်ကို ရွှီချိုက်ချန် မသိတော့ပေ။ စာပေအားလုံးသည် မြို့တော်၏ အတိတ်နေ့ရက်များက ချန်ရစ်ခဲ့သော ရှေးဟောင်း ဂန္ထဝင်လက်ရာများ ဖြစ်ကြပြီး အများစုမှာ ရှားပါးပြီး ပြိုင်ဘက်ကင်းသော လက်ရာများ ဖြစ်ကြသည်။

သူ ဖတ်လေ ပို၍ စိတ်လှုပ်ရှားလာလေ ဖြစ်ပြီး အသိပညာသမုဒ္ဒရာကြီးထဲတွင် လုံးဝ နစ်မြုပ်သွားခဲ့သည်။ သူ့ကျင့်ကြံမှုသည်လည်း မသိမသာ တိုးတက်လာခဲ့သည်။

ရွှီချိုက်ချန် နောက်ဆုံးစာအုပ်ကို ချထားလိုက်ချိန် သူ့နှလုံးသားထဲတွင် အသိအမြင်တစ်ခု ပေါ်လာသည်။

သူ ချက်ချင်း တင်ပျဉ်ခွေ ထိုင်ပြီး စတင် ကျင့်ကြံတော့၏။ နေ့ရက်ပေါင်း ဒါဇင်ချီ ကုန်ဆုံးသွားခဲ့သည်။

ရွှီချိုက်ချန် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။ “နောက်ဆုံးတော့ စိတ်ဝိညာဉ်ပြည့်အင့်ခြင်း ဒုတိယအဆင့်ကို ရောက်ပြီ”

သူ စကားပြောပြီးသည်နှင့် စောင့်ရှောက်သူဝိညာဉ်၏ အသံ သူ့ ဘေးတွင် ထွက်ပေါ်လာသည်။

“ချိုက်ချန် မင်း အဆင့်တက်သွားရုံတင် မကဘူး။ စာပေဆန္ဒကလည်း အဆင့်သစ်တစ်ခုကို ရောက်သွားတယ်”

ရွှီချိုက်ချန် မတ်တပ်ရပ်ပြီး စောင့်ရှောက်သူဝိညာဉ်ကို လက်သီးဆုပ်ကာ အရိုအသေပေးလိုက်သည်။

“စီနီယာ ကျွန်တော့်ရဲ့ စာပေဆန္ဒက တကယ်ပဲ ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်သွားပါပြီ။ ပြီးတော့ ကျွန်တော် ကျင့်ကြံခဲ့တဲ့ ဟောက်ရန်ဖြောင့်မတ်ခြင်းကျမ်းကလည်း ပြီးမြောက်သွားပါပြီ။ ဒီတိုးတက်မှုက စီနီယာ့ရဲ့ လမ်းညွှန်ပေးမှုကြောင့်ပါ”

စောင့်ရှောက်သူဝိညာဉ် လက်ဝှေ့ယမ်းလိုက်သည်။ “နေ... နေ... အဲဒါတွေ လုပ်မနေနဲ့။ မင်း ငါ့ကို ပြောင်မြောက်လှတဲ့ စာစီကုံးတွေ ဖတ်ခွင့်ပေးတာကတင် ငါ့အတွက် အများကြီး အကျိုးရှိစေတယ်”

သူ ခဏ ရပ်တန့်ပြီး ဆက်ပြောသည်။ “သောင်းပြောင်းစာလိပ်ခန်းမ ရဲ့ စည်းမျဉ်းတွေအရ ငါ မင်းကို စမ်းသပ်ရဦးမယ်။ တကယ်လို့ အောင်မြင်ရင် ခန်းမထဲကနေ ရတနာတစ်ခုကို ရွေးချယ်နိုင်တယ်”

၎င်းကို ကြားသောအခါ ရွှီချိုက်ချန် နောက်တစ်ကြိမ် လက်သီးဆုပ်လိုက်သည်။ “ကျေးဇူးပြုပြီး ကျွန်တော့်ကို စမ်းသပ်ပါ စီနီယာ”

“ကောင်းပြီလေ”

စောင့်ရှောက်သူဝိညာဉ်က ရွှီချိုက်ချန်၏ အသိပညာကို စတင် စမ်းသပ်တော့သည်။

လူတစ်ယောက်နှင့် စောင့်ရှောက်သူဝိညာဉ်

အမေးနှင့် အဖြေ

သူတို့ မသိလိုက်မီမှာ ခုနစ်ရက်နှင့် ခုနစ်ည ကုန်လွန်သွားခဲ့သည်။

“အရမ်း ကောင်းတယ်။ အရမ်း ကောင်းတယ်”

ရွှီချိုက်ချန်၏ နောက်ဆုံး အဖြေကို ကြားပြီးနောက် အစောင့်ဝိညာဉ် သူ့ကို နှစ်ကြိမ်တိုင်တိုင် ချီးကျူးလိုက်သည်။

“သောင်းပြောင်းစာလိပ်ခန်းမထဲမှာ ငါ နေလာခဲ့တဲ့ နှစ်တွေတစ်လျှောက်လုံးမှာ လေ့လာသင်ယူဖို့ ဒီလောက် စိတ်အားထက်သန်တဲ့သူမျိုး မင်းက ပထမဆုံးပဲ။ အပျက်အစီးရှေးဟောင်းမြို့ မှာ မင်းလို တပည့်မျိုး မရှိခဲ့တာ နှမြောစရာပဲ”

၎င်းကို ကြားသောအခါ ရွှီချိုက်ချန် အလိုလို မေးလိုက်သည်။ “စီနီယာ ကျွန်တော်က အပျက်အစီးရှေးဟောင်းမြို့ ရဲ့ တပည့် မဟုတ်မှန်း သိတာကို ဘာလို့ ကျွန်တော့်ကို ဒီလောက် ရက်ရက်ရောရော လမ်းညွှန်နေရတာလဲ”

စောင့်ရှောက်သူဝိညာဉ် ပြုံးလိုက်သည်။ “အပျက်အစီးရှေးဟောင်းမြို့က လွန်ခဲ့တဲ့ ခေတ်ကာလတွေတည်းက ဖျက်ဆီးခံခဲ့ရတာ။ ငါက အစောင့်အရှောက်ဝိညာဉ်ဖြစ်နေလို့သာ အသက်ရှင် ကျန်ရစ်ခဲ့တာ။ မြို့တော်နဲ့ သက်ဆိုင်သလား မသက်ဆိုင်ဘူးလား ဆိုတာ စွဲလမ်းနေလို့ ဘာအဓိပ္ပာယ် ရှိမှာလဲ”

၎င်းကို ကြားသောအခါ ရွှီချိုက်ချန် လေးစားစွာ ဦးညွှတ်လိုက်သည်။ “စီနီယာ သဘောထား ကြီးမြတ်မှုက လေးစားစံပြုလောက်စရာပါပဲ’

“အဲဒါတွေ တော်ပါတော့။ ငါ့နောက် လိုက်ခဲ့”

ပြောနေရင်း စောင့်ရှောက်သူဝိညာဉ် သူ့ကို သောင်းပြောင်းစာလိပ်ခန်းမ၏ တတိယထပ် အနက်ပိုင်းသို့ ခေါ်ဆောင်သွားသည်။ မကြာမီ လျှို့ဝှက်ခန်းမ တစ်ခု ပွင့်လာ၏။

အထဲတွင် သေတ္တာ နှစ်လုံး ရှိနေသည်။ စောင့်ရှောက်သူဝိညာဉ် နှစ်လုံးစလုံးကို ပေါ့ပေါ့ပါးပါး ဖွင့်လိုက်၏။

သေတ္တာနှစ်လုံးထဲမှ တစ်လုံးမှာ ရွှေရောင် အလင်းတန်းများ ဖြာထွက်လာ၏။ မြင့်မြတ်အလင်းတန်းများ ထုတ်လွှတ်နေသည့် ရွှေစင်ရွှေသားဖြင့် ပြုလုပ်ထားသော အသေးစားရွှေရောင်နန်းတော်တစ်ခု ရွှီချိုက်ချန် ရှေ့တွင် ပေါ်လာသည်။

အခြားသေတ္တာတစ်လုံးထဲတွင် ရှားပါး လှပသော ကျောက်စိမ်းတစ်တုံး ရှိနေပြီး သယ်ဆောင်သွားချင်စိတ် ပေါက်စေသော နွေးထွေးသည့် စွမ်းအင်တစ်ခု ထုတ်လွှတ်နေသည်။

စောင့်ရှောက်သူဝိညာဉ် မိတ်ဆက်ပေးလိုက်သည်။ “စကားပုံ ရှိတယ်လေ။ စာအုပ်တွေ ထဲမှာ ရွှေအိမ်ကြီးတွေနဲ့ ကျောက်စိမ်းလို လှပတဲ့ မိန်းမလှလေးတွေ ရှိတယ် တဲ့။ ဒီရွှေအိမ်ကြီးက နတ်ဘုရားတစ်ပိုင်းအဆင့် ရတနာ တစ်ခုပဲ။ တိုက်ပွဲမှာ ဖြစ်ဖြစ်၊ စံအိမ် ဖြစ်ဖြစ် အသုံးပြုနိုင်တယ်။ တစ်နေ့ကို လီ တစ်သိန်း အထိ ခရီးသွားနိုင်တယ်။တကယ်ကို ပြိုင်ဘက်ကင်းတဲ့ ရတနာ တစ်ခုပဲ”

“ဒီကျောက်စိမ်း နဲ့ ပတ်သက်ပြီး ပြောရရင်တော့ အင်မော်တယ်ကျောက်စိမ်း လို့ ခေါ်တယ်။ အပျက်အစီးရှေးဟောင်းမြို့ ရဲ့ ပထမဆုံးမြို့အရှင်က အဲဒါကို ရှေးဟောင်းဧကရာဇ်ဆီကနေ ရခဲ့တယ်လို့ ပြောကြတယ်။ အင်မော်တယ်ဧကရာဇ်တစ်ပါးရဲ့ အရှိန်အဝါကို သယ်ဆောင်ထားတော့ ဝိညာဉ်ရုပ်ခန္ဓာကို ပြန်လည် တည်ဆောက်ပေးနိုင်သလို သေဆုံးသွားတဲ့သူကိုလည်း အသက်ပြန်ရှင်လာစေနိုင်တဲ့ စွမ်းအား ရှိတယ်လို့ ဆိုတယ်။ ဒါပေမဲ့ အမျိုးသမီးတွေပဲ အသုံးပြုလို့ ရတယ်”

စောင့်ရှောက်သူဝိညာဉ် ရှင်းပြချက်ကို ကြားပြီးနောက် ရွှီချိုက်ချန် မတုံ့ဆိုင်းဘဲ ပြောလိုက်သည်။ “စီနီယာ ကျွန်တော် အင်မော်တယ်ကျောက်စိမ်းကို ရွေးချယ်ပါတယ်”

“အိုး”

စောင့်ရှောက်သူဝိညာဉ် စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည် “မင်းရဲ့ ရွေးချယ်မှု အနောက်က အကြောင်းရင်းကို ဒီအဘိုးကြီး သိခွင့်ရှိမလား”

ရွှီချိုက်ချန် ပြုံးပြီး ပြောလိုက်သည်။ “တခြား အကြောင်းရင်း မရှိပါဘူး။ ကျွန်တော့်ဇနီးကို သေရာကနေ ပြန်ရှင်လာအောင် လုပ်ပေးချင်လို့ပါ”

သူ ဇနီးဟူသော စကားလုံးကို ပြောလိုက်စဉ် ချစ်ခင်မြတ်နိုးမှုတို့သည် သူ့အမူအရာနှင့် မျက်ဝန်းတို့တွင် ပေါ်လာသည်။

“မင်းရဲ့ အချစ်ဇာတ်လမ်းကို ဒီအဘိုးကြီးကို ပြောပြနိုင်မလား။ ငါ အချစ်ဇာတ်လမ်းတွေကို ဖတ်ရတာ ကြိုက်တယ်”

ထိုသို့ ပြောပြီးနောက် စောင့်ရှောက်သူဝိညာဉ် သူ စကားမှားသွားကြောင်း သတိပြုမိပြီး ကြောင်တောင်တောင် ပြုံးလိုက်၏။

ရွှီချိုက်ချန် ဘာကိုမျှ မဖုံးကွယ်ခဲ့ပေ။ သူ့ဇာတ်လမ်းတစ်ခုလုံးကို စောင့်ရှောက်သူဝိညာဉ်အား မချန်မလှပ်ဘဲ ပြန်ပြောပြခဲ့သည်။

ယခင်က ဤလူငယ်လေး၏ သစ္စာရှိမှုသည် စကားလုံးများသာ ဖြစ်သည်ဟု စောင့်ရှောက်သူဝိညာဉ် ထင်မှတ်ထားသည်။ သို့သော် ယခုအခါ သူ သဘောကျ အထင်ကြီးသွားတော့သည်။

“ချိုက်ချန်... မင်း ဘဝက ဒီအဘိုးကြီးကို မနာလို ဖြစ်စေတယ်။ အဲဒီလိုဆိုမှတော့ ရွှေအိမ်ကြီးရော အင်မော်တယ်ကျောက်စိမ်းကိုပါ မင်းနဲ့အတူ ယူသွားလိုက်ပါ”

ရွှီချိုက်ချန် ဦးညွှတ်လိုက်သည်။ “စီနီယာ့ ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ နှစ်ခုစလုံးကိုတော့ ကျွန်တော် လက်မခံနိုင်ပါဘူး။ ဘာပဲဖြစ်ဖြစ် သောင်းပြောင်းစာလိပ်ခန်းမက စည်းမျဉ်းတွေလေ”

၎င်းကို ကြားသောအခါ စောင့်ရှောက်သူဝိညာဉ် စိတ်မရှည်သော လေသံဖြင့် ပြောလိုက်သည် “ဘာစည်းမျဉ်းတွေလဲ။ အဲဒါတွေကို ငါ သတ်မှတ်ရတာလေ။ မင်း ထွက်သွားပြီးရင် နောက်ထပ်ဝိညာဉ်တစ်ခုကို မြင်ရဖို့ ဘယ်နှနှစ် ကြာဦးမလဲဆိုတာ ဘယ်သူကသိမှာလဲ။ ငါ့အကြိုက်နဲ့ ကိုက်ညီတဲ့ သူတစ်ယောက်က်ို တွေ့ရတာ ရှားတယ်။ ရွှေအိမ်ကြီးကိုပါ ယူသွားလိုက်”

အကြီးအကဲ စိတ်ဆိုးသွားသည်ကို မြင်သောအခါ ရွှီချိုက်ချန် ချက်ချင်း ပြန်ဖြေသည်။ “လူကြီးသူမတွေဆီက လက်ဆောင်ကို ငြင်းဆန်လို့ မကောင်းပါဘူး။ ဒါဆို ကျွန်တော် လက်ခံလိုက်ပါ့မယ်”

“ကောင်းတယ်”

စောင့်ရှောက်သူဝိညာဉ် ရယ်မောလိုက်ပြီး လက်ကို ဝှေ့ယမ်းကာ သေတ္တာနှစ်လုံးကို ပိတ်လိုက်ပြီး ရွှီချိုက်ချန် ထံ ပေါ့ပေါ့ပါးပါး ကမ်းပေးလိုက်၏။

ရတနာနှစ်ခုကို သိုလှောင်လက်စွပ်ထဲတွင် သိမ်းဆည်းပြီး ရွှီချိုက်ချန်သည် ဆရာပေးထားသော မြင့်မြတ်ဝိုင်ကို ထုတ်ယူလိုက်သည်။

“စီနီယာ ကျွန်တော်တို့ ဒီနေ့ ခွဲခွာရတော့မယ်။ ဘယ်တော့ ထပ်တွေ့ရမလဲ ဆိုတာ ဘယ်သူမှ သိနိုင်မှာ မဟုတ်ဘူး။ ကျွန်တော် နှစ်သက်တဲ့ အရာသုံးခု ရှိတယ်။ အလှလေးတွေ၊ စာပေနဲ့ ဝိုင်ကောင်းပဲ။ စီနီယာ စိတ်မရှိဘူးဆိုရင် ဒီနေ့ ကျွန်တော်တို့ အတူတူ သောက်ကြရအောင်”

“ကောင်းတာပေါ့ကွာ”

စောင့်ရှောက်သူဝိညာဉ် မတုံ့ဆိုင်းဘဲ သဘောတူလိုက်သည်။

တော်ဝင်နန်းတော်၏ ထောင့်တစ်နေရာတွင်

ယဲ့ပေရွှမ် သူ ရထားသည့် ရိတ်သိမ်းမှုများကို ကြည့်လိုက်ပြီး ပြုံးလိုက်မိသည်။ သူ့ ယခင်ဘဝက ဤမျှလောက် ကောင်းမွန်သော ရတနာများကို မရခဲ့ဖူးချေ။ ဟုန်မန်ကြေးမုံ အတွင်းရှိ လျှို့ဝှက်ချက်ကိုလည်း သူ မဖော်ထုတ်နိုင်ခဲ့ပေ။

လွန်ခဲ့သော ရက်အနည်းငယ်က သူ ဟုန်မန်ဆန္ဒကို ပြီးပြည့်စုံခြင်း အဆင့်သို့ တက်သွားပြီး ကြေးမုံ၏ ဝိညာဉ်ကို နိုးထစေခဲ့မိသည်။

ဝိညာဉ်ထံမှ သူ သိလိုက်ရသည်မှာ သူ ပိုင်ဆိုင်ထားသော အတုအယောင်ဟုန်မန်ကြေးမုံသည် တစ်ချိန်က အင်မော်တယ်ရတနာတစ်ခု ဖြစ်ခဲ့သည့် ဟုန်မန်၏ အပိုင်းအစများမှ သွန်းလုပ်ထားခြင်း ဖြစ်ကြောင်းပင်။

စစ်မှန်ဟုန်မန်ကြေးမုံကို ရရှိရန် သူ ကျန်ရှိနေသော အပိုင်းအစ ရှစ်ခုကို ရှာဖွေရန် လိုအပ်သည်။

သူ့ပစ္စည်းများကို သေသပ်စွာ ရှင်းလင်းပြီးနောက် ယဲ့ပေရွှမ် ဂိုဏ်းတူညီကိုမောင်နှမများကို ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။ သူ့ဆရာ ဓားကျောက်စိမ်းသည် သူတို့ကို ကာကွယ်ပေးထားသဖြင့် သူတို့ ဘေးကင်းမည်ဟု သေချာပါ၏။

တော်ဝင်ကိုယ်လုပ်တော် နန်းတော်အတွင်း၌

“ကောင်မလေး ငါ့နာမည်က သံသရာ လို့ ခေါ်တယ်။ သံသရာ ဆိုတာ အဆုံးအစ မရှိဘူး”

ချူချိုက်ယီ သံသရာနတ်ဆိုးဘုရား၏ အသံကို နားထောင်ရင်း သံသရာ၏ အနှစ်သာရကို နားလည် သဘောပေါက် ဆင်ခြင်နေသည်။ အသံ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်နှင့် သူမ အတွင်း၌ စစ်မှန်ဆန္ဒ အသစ်တစ်ခု ထွက်ပေါ်လာသည်ကို ခံစားလိုက်ရသည်။

သူမ၏ နတ်ဘုရားပင်လယ်အတွင်း၌ လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီး၏ ခန္ဓာကိုယ်ပေါ်က ချိတ်ပိတ်မှု နောက်ထပ်အလွှာတစ်ခု ကွဲအက်သွားသည်ကို သူမ သတိမပြုမိခဲ့ချေ။

သူမ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သောအခါ အနီးနားရှိ ချင်းချင်းကို မြင်လိုက်ရပြီး မတ်တပ်ထရပ်ကာ ဦးညွှတ်လိုက်သည်။ “ကျွန်မကို ကာကွယ်ပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ် စီနီယာအစ်မ”

ချင်းချင်း ပြုံးပြီး ပြန်ဖြေသည်။ “ယဉ်ကျေးနေစရာ မလိုပါဘူး ဂျူနီယာညီမလေး။ ဒီတစ်ကြိမ်မှာ တစ်ခုခု ရလိုက်သေးလား”

ချူချိုက်ယီ ပြောလိုက်သည်။ “ရိုးရိုးသားသား ပြောရရင် ကျွန်မ နောက်ထပ် ဖရိုဖရဲနတ်ဆိုးဘုရားတစ်ပါးနဲ့ အဆက်အသွယ် ရပြီး သူ့နတ်ဆိုးစွမ်းအားကို နားလည်သွားတယ်”

ချင်းချင်း “...”

ယခု သူမ ခံစားရသမျှမှာ မနာလို အားကျမှု သက်သက်သာ ဖြစ်သည်။ ဂျူနီယာညီမလေးချိုက်ယီသည် ကျောင်းအုပ်ကြီးကိုပင် တုန်လှုပ်သွားစေနိုင်သော တပည့်တစ်ယောက်ဖြစ်ရန် ထိုက်တန်ပေသည်။

သို့တိုင်အောင် သူမ အလျင်အမြန် စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်သည်။ လွန်ခဲ့သော နှစ်နှစ်ခွဲ ကာလအတွင်း သူမကိုယ်တိုင်လည်း အများကြီး အောင်မြင်ခဲ့သည်။ သူမ၏ ဂီတဆန္ဒသည် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်သွားခဲ့ပြီး ကမ္ဘာပျက်မျက်ဝန်းပင် အဆင့်တက်မည့် လက္ခဏာများ ပြသလာသည်။

ချင်းချင်း ပြုံးလိုက်ပြီး ပြောသည်။ “အဲဒီလို ဆိုမှတော့ ဂျူနီယာညီမလေး... ငါတို့ ဂိုဏ်းမောင်နှမတွေကို အတူတူ သွားရှာကြတာပေါ့”

“ဟုတ်”

ချူချိုက်ယီ ခေါင်းညိတ်လိုက်ပြီး ချင်းချင်းနှင့်အတူ မြေအောက်နန်းတော်မှ ထွက်ခွာသွားသည်။

All Chapters