← Chapters

အားလုံးအတွက် ကြီးမားသော ရိတ်သိမ်းမှု

Vol. 31 Ch. 305

အားလုံးအတွက် ကြီးမားသော ရိတ်သိမ်းမှု

Vol. 31 Ch. 305

တော်ဝင်နန်းတော် အတွင်း၌

ဝမ်ပေါင်လဲ့ သူ့ဗိုက်လုံးလုံးလေးကို ပွတ်သပ်ပြီး ပျင်းရိစွာ အကြောဆန့်လိုက်သည်။ လွန်ခဲ့သောနေ့ရက်များအတွင်း ခြံဝင်းထဲက ဘဝသည် အလိုလိုက် အကြိုက်ဆောင်ခံရခြင်းပေ။

သူ ခြံဝင်းအတွင်းရှိ အရာအားလုံးနီးပါးကို ရှာဖွေခဲ့ပြီး ပါဝင်ပစ္စည်းများအဖြစ် ပြောင်းလဲကာ သူ့ဟင်းချက်စွမ်းရည်ကို အဆင့်မြင့်သည်။ ငယ်ရွယ်စဉ်က သူ သင်ယူခဲ့သော နည်းစနစ်ကိုလည်း ပြီးပြည့်စုံအောင် လုပ်ဆောင်နိုင်ခဲ့ပြီး ကျင့်ကြံခြင်းကို စိတ်ဝိညာဉ်ပြည့်အင့်ခြင်းပဉ္စမအဆင့်သို့ တက်လှမ်းနိုင်ခဲ့၏။

အနီးနားတွင် အလုပ်ရှုပ်နေသော ဟန်ပင်းနှင့် မန်ဒလာ တို့ဘက်သို့ လှည့်ကာ သူက ပြောလိုက်သည်။

“ဂျူနီယာညီလေးဟန်... ငါတို့ ခြံဝင်းကို ပြောင်စင်အောင် ရှင်းလင်းပြီးပြီ။ ထွက်သွားရမဲ့အချိန် တန်ပြီထင်တယ်”

ဟန်ပင်း ခေါင်းအသာညိတ်လိုက်သည်။ “ဟုတ်ကဲ့။ ကျွန်တော်တို့ သွားရမဲ့ အချိန်ရောက်ပြီ”

ဤရက်ပိုင်းအတွင်း သူ စစ်မှန်ကံကြမ္မာနဝမအဆင့်သို့ တက်နိုင်ခဲ့ပြီး ယင်ယန် သဘောတရားအပေါ် နားလည်နိုင်စွမ်းကလည်း အတော်လေး တိုးတက်လာ၏။ ခြံဝင်းထဲတွင် ဆက်နေပါက ထပ်မံ တိုးတက်နိုင်မည် မဟုတ်တော့ပေ။

သူ မန်ဒလာ ဘက်သို့ လှည့်ကာ မေးလိုက်သည်။ “မန်ဒလာ ဒီအပျက်အစီးရှေးဟောင်းမြို့ ကနေ ငါနဲ့အတူ ထွက်သွားဖို့ ဆန္ဒရှိလား”

မန်ဒလာ မျက်နှာလေးက အနည်းငယ် နီမြန်းသွားပြီး ညင်သာစွာ ပြန်ဖြေသည်။ “ကျွန်မ ဆန္ဒရှိပါတယ်”

ဟန်ပင်း ပြောလိုက်သည်။ “ကောင်းပြီ။ ဒါဆို မင်းရဲ့ ပစ္စည်းတွေကို သိမ်းပြီး ငါတို့နဲ့အတူ ထွက်ခဲ့”

“ဟုတ်ကဲ့ပါ”

မန်ဒလာ ပြန်ဖြေပြီးနောက် သူမ ရပ်နေသော နေရာမှ ပျောက်ကွယ်သွားသည်။

သူတို့ ဘေးတွင် မှိုခေါင်း ဝမ်ပေါင်လဲ့ကို တစ်ချက် ကြည့်ကာ မေးလိုက်သည်။ “အရှင်လဲ့... ကျွန်တော်ကရော ဘယ်လိုလုပ်ရမလဲ”

ဝမ်ပေါင်လဲ့ စိတ်မရှည်စွာဖြင့် ပြန်ဖြေသည်။ “ မင်းရဲ့ အဆင့်နဲ့များ ငါနဲ့အတူ ထွက်သွားဖို့ အရည်အချင်း ပြည့်မီတယ်လို့ ထင်နေတာလား”

ထိုသို့ပြောပြီးနောက် သူ ဟန်ပင်း ပခုံးကို ဖက်ကာ အတူတူ ထွက်သွားကြသည်။ နာရီဝက် ကြာပြီးနောက် အလွတ်ဖြစ်နေသော ခြံဝင်းကြီးကို မှိုခေါင်း စိုက်ကြည့်နေမိသည်။ အစပိုင်းတွင် သူ စိမ်းသက်သွားသလို ခံစားလိုက်ရ၏။

သို့သော် မကြာမီ မှိုခေါင်း အရေးကြီးသော အရာတစ်ခုကို တွေးမိသွားသည်။ အရှင်နှစ်ပါး ထွက်သွားပြီး သစ်ပင်အကြီးအကဲနှင့် မန်ဒလာတို့ နှစ်ဦးစလုံးလည်း မရှိတော့သဖြင့် ခြံဝင်း တစ်ခုလုံးသည် ယခုအခါ သူ့ပိုင်နက် ဖြစ်သွားပြီဟု အဓိပ္ပာယ်ရပေသည်။ သို့ဖြစ်၍ သူသည် ဤနေရာတွင် အကြီးမားဆုံး အောင်နိုင်သူ ဖြစ်နေပေသည်။

ချွင်

ဓားမျှော်စင်အတွင်း၌ ဓားအလင်းတန်း တစ်ခု ထွက်လာ၏။

မျှော်စင်ဝိညာဉ် သူ့ကို လက်ချောင်းနှစ်ချောင်းဖြင့် အလွယ်တကူ ပိတ်ဆို့လိုက်ပြီး ကျေနပ်ဟန်ဖြင့် ပြောသည်။ “မင်းရဲ့ ဓားမှာ ဓားတာအိုရဲ့ စစ်မှန်အနှစ်သာရ ခုနစ်ဆယ် ရာခိုင်နှုန်း ပါဝင်နေပြီ။ မင်း နီဗားနားရှင်သန်ခြင်းအဆင့်ကို ရောက်သွားတာနဲ့ အနှစ်သာရကို အပြည့်အဝ နားလည်သွားလိမ့်မယ်။ ငါ မင်းကို သင်ပေးစရာ ဘာမှ မရှိတော့ဘူး”

၎င်းကို ကြားသောအခါ ရှောင်ချန်း လက်သီးဆုပ်ပြီး အရိုအသေပေးလိုက်၏။ “လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ။ ကျွန်တော် ဒီကျေးဇူးကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး”

“အင်း”

မျှော်စင်ဝိညာဉ် ရိုးရှင်းစွာ တုံ့ပြန်လိုက်ပြီးနောက် ပြောသည်။ “ငါတို့ ရေစက်က ဒီမှာတင် အဆုံးသတ်ပြီ။ မင်းဘာသာမင်း ထွက်သွားတော့”

သူ ပြောနေစဉ် လက်ဝှေ့ယမ်းလိုက်ရာ ရှောင်ချန်း ဓားမျှော်စင် အပြင်ဘက်သို့ ပို့ဆောင်ခံလိုက်ရ၏။

မျှော်စင်ထံသို့ ဦးညွှတ်ပြီးနောက် ရှောင်ချန်း သူ့ခရီးစဉ်ကို ဆက်လက် ရှေ့ဆက်ခဲ့သည်။ ယခုအခါ ဓားတာအို၏ ခုနစ်ဆယ် ရာခိုင်နှုန်းကို နားလည် သဘောပေါက်ထားသော တာအိုပေါင်းစည်းခြင်းဒုတိယအဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်လာသဖြင့် သူတော်စင်တစ်ပိုင်းအဆင့် အောက်တွင် သူ့ကို ယှဉ်ပြိုင်နိုင်သူ မည်သူမျှ မရှိတော့ပေ။

“ဂျူနီယာညီလေးညီမလေးတွေ ဘယ်လိုနေကြမလဲ မသိဘူး။ တာ့ချန်ကို အရင် သွားရှာလိုက်ဦးမယ်”

ချောင်ရို့ချန် ရုတ်တရက် မျက်လုံးများကို ဖွင့်ပြီး မတ်တပ်ရပ်လိုက်ကာ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ ထို့နောက် သူ အော်ဟစ်လိုက်၏။ “အားလုံး ထွက်လာပြီး ငါ့လက်သီး တစ်ချက်ကို အရင် ခံကြည့်ကြစမ်း”

ဤရက်ပိုင်းအတွင်း သူသည် အမြွှာကြာပန်းထံမှ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းစွမ်းအားကို အပြည့်အဝ စုပ်ယူနိုင်ခဲ့သည်။ သူ တာအိုပေါင်းစည်းခြင်းအဆင့်သို့ တက်သွားသည့်အပြင် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းမှတစ်ဆင့် ပြိုင်ဘက်ကင်းလက်သီးဆန္ဒကို ပို၍ နားလည်လာခဲ့ပြီး ပြီးပြည့်စုံလာတော့၏။

ယခုအခါ သူ တစ်ယောက်ယောက်အပေါ် သူ့ လက်သီးများကို စမ်းသပ်ကြည့်ရန် စိတ်အားထက်သန်နေခဲ့သည်။

သို့သော် ချောင်ရို့ချန်ကို တုံ့ပြန်လိုက်သည်မှာ လုံးဝ တိတ်ဆိတ်မှုသာ ဖြစ်သည်။ ပတ်ဝန်းကျင်ရှိ လေလွင့် ဝိညာဉ်များသည် အရူးများ မဟုတ်ကြပေ။ ဤကြောက်မက်ဖွယ်ကောင်းသောသူသည် ပိုမို မြင့်မားသော အဆင့်တစ်ခုသို့ ရောက်ရှိသွားကြောင်း သူတို့ ရှင်းလင်းစွာ အာရုံခံနိုင်ကြသည်။ ယခု သူ့ကို တိုက်ခိုက်ခြင်းသည် သေလမ်းရှာခြင်းနှင့် တူပေလိမ့်မည်။

သူတို့ အားလုံး မုတ်ဆိတ်ဖြူအကြီးအကဲကို နာကြည်းစွာ ကြည့်လိုက်သည်မှာ မကျေမနပ်ပြောနေသကဲ့သို့ပင်။ “ဒီကောင်က ခင်ဗျားရဲ့ ပြဿနာပဲ။ ခင်ဗျားပဲ ရှင်းလိုက်တော့”

ဟူး

မုတ်ဆိတ်ဖြူအကြီးအကဲ စိတ်ထဲမှ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။ “လူငယ်လေး မင်း သေဆုံးခြင်းမြစ်ထဲက အကြီးမားဆုံးရတနာကို ရသွားပြီဆိုမှတော့ ထွက်သွားရမဲ့ အချိန်တန်ပြီ”

ချောင်ရို့ချန် လောဘတကြီး အခွင့်အရေး ယူတတ်သူမျိုး မဟုတ်ပေ။ ထို့အပြင် မုတ်ဆိတ်ဖြူအကြီးအကဲ မပါလျှင် အချိန်တိုအတွင်း အကျိုးအမြတ်များ ရလာမည် မဟုတ်ချေ။

သူ လှည့်ကာ အကြီးအကဲထံသို့ လက်သီးဆုပ်လိုက်သည်။ “မိုးမြေ ရတနာကို ရဖို့ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ။ အဲဒီအတွက် ကျေးဇူးဆပ်ချင်လို့ ကျွန်တော် ဘာများလုပ်ပေးရမလဲသိချင်ပါတယ်”

မုတ်ဆိတ်ဖြူအကြီးအကဲသည် ချောင်ရို့ချန် ရုတ်တရက် ယဉ်ကျေးသွားသော အမူအရာကြောင့် မှင်တက်သွားသည်။ ဤကောင်လေး၏ ရုတ်တရက် ပြောင်းလဲသွားမှုသည် သူ့ကို အနည်းငယ် အနေရခက်သွားစေ၏။

သူ ဂုဏ်ပကာသနကို စွန့်လွှတ်ထားသည့်အလား ဖြည်းညှင်းစွာ ပြောလိုက်သည်။ “ဒါမင်းရဲ့ အခွင့်အရေးပဲ။ ကျေးဇူးတင်စရာ မလိုဘူး။ ငါတို့ ရေစက်က ဒီမှာတင် အဆုံးသတ်ပြီ။ မင်း လမ်း မင်းသွားတော့”

ချောင်ရို့ချန် ဝမ်းနည်းသွားသည့် အမူအရာကို ပြကာ သတိထား၍ မေးလိုက်သည်။ “ဒါဆို ဒီဂျူနီယာ တကယ်ပဲ ထွက်သွားရတော့မှာလားလို့ သိပါရစေ”

“…”

မုတ်ဆိတ်ဖြူအကြီးအကဲ နဖူးတွင် စိတ်မရှည်မှု အရိပ်အယောင်များ ပေါ်လာသည်။ သူ ပြတ်သားစွာ ပြောလိုက်သည်။ “ဘာလဲ၊ မင်းကို အပြင်ထွက်ဖို့ လူရှစ်ယောက် ထမ်းတဲ့ ဝေါယာဉ်တစ်ခု ခေါ်ပေးရဦးမလား”

“အဲဒါဆိုလည်း ကျွန်တော့်အတွက် အဆင်ပြေပါတယ်”

ချောင်ရို့ချန် မတုံ့ဆိုင်းဘဲ ပြန်လည် ဖြေကြားလိုက်သည်။

မုတ်ဆိတ်ဖြူအကြီးအကဲ၏ စိတ်ထဲတွင် နားမလည်နိုင်မှုများ ပြည့်နှက်သွားသည်။

‘ဒီကောင်စုတ်လေးက သူ ခနဲ့ပြီး ပြောနေတာကို မသိဘူးလား’

အကြီးအကဲ တိတ်ဆိတ်နေသည်ကို မြင်သောအခါ ချောင်ရို့ချန် ထပ်ပြောသည်။ “ စီနီယာ နောက်ပြောင်တာ သက်သက်ပါ။ ကျေးဇူးပြုပြီး စိတ်မဆိုးပါနဲ့။ ကျွန်တော် မေးချင်တာက စီနီယာ ကျွန်တော်နဲ့ လိုက်ခဲ့ဖို့ ဆန္ဒရှိမလားလို့ပါ”

မုတ်ဆိတ်ဖြူအကြီးအကဲ ခေါင်းယမ်းလိုက်သည်။ “မလိုက်ဘူး။ ငါ့ရဲ့ ကျန်ရှိနေတဲ့ နှစ်တွေကို သေဆုံးခြင်းမြစ်ထဲမှာပဲ ကုန်ဆုံးဖို့ ရည်ရွယ်ထားတယ်”

“စီနီယာ ဆုံးဖြတ်ပြီးပြီဆိုမှတော့ ဒီဂျူနီယာကို ခွင့်ပြုပါဦး”

ဤတစ်ကြိမ်တွင်တော့ ချောင်ရို့ချန် အချိန်မဆွဲတော့ပေ။ သူ သေဆုံးခြင်းမြစ် ၏ မျက်နှာပြင်အပေါ်သို့ ပျံသန်းသွားခဲ့သည်။

သူ ထွက်သွားသည်ကို ကြည့်ရင်း ပတ်ဝန်းကျင်ရှိ လေလွင့်ဝိညာဉ်များ နောက်ဆုံးတွင် သက်သာရာရစွာ သက်ပြင်းချနိုင်ကြတော့၏။

သေဆုံးခြင်းမြစ်မှ ထွက်ခွာပြီးနောက် ချောင်ရို့ချန် လာရာလမ်းအတိုင်း ပြန်လည် ထွက်ခွာလာခဲ့သည်။

အပျက်အစီးရှေးဟောင်းမြို့ ခရီးစဉ်သည် သူ့အတွက် ကြီးမားသော ဆုလာဘ်များ ရရှိခဲ့၏။

ထိုအတွေး ပေါ်လာပြီးနောက် တော်ဝန်ခြံဝန်းအတွင်းမှ အစွမ်းထက်သော အရှိန်အဝါတစ်ခု ထွက်လာသည်ကို သူ အာရုံခံမိလိုက်သည်။

နန်းတော်တစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်သွားသည်။

“ဒီအရှိန်အဝါက မြို့စားရီရှန်းပဲ။ သူတော်စင်တစ်ပိုင်းအဆင့်ကို တက်တော့မယ် ထင်တယ်”

ချောင်ရို့ချန် အသံထွက်၍ ရေရွတ်ပြီး အရှိန်အဝါ ပေါက်ကွဲထွက်လာရာ လမ်းကြောင်းဆီသို့ ချက်ချင်း ပျံသန်းသွားလိုက်သည်။ လမ်းတစ်ဝက်တွင် သူ့စီးတော်ယာဉ်နှင့် ဆုံသည်။ ယခုအခါ တာအိုပေါင်းစည်းခြင်းအဆင့်သို့ ရောက်နေသော ကျားကြီးကို မြင်သောအခါ သူရှေ့သို့ တက်သွားပြီး ခေါင်းကို ပွတ်သပ်ပေးလိုက်၏။

“ကြောင်ကြီး မင်းလည်း အကျိုးအမြတ် တော်တော်လေး ရခဲ့တဲ့ပုံပဲ”

ကြောင်ကြီးသည် ချောင်ရို့ချန်လက်ဖဝါးကို လျက်ကာ ပြောလိုက်သည်။ “သခင် ကျွန်တော့်ကို ဒီလို ရတနာတွေ ပြည့်နေတဲ့နယ်မြေဆီ ခေါ်လာပေးလို့ပါ။ ကျွန်တော် တာအိုပေါင်းစည်းခြင်းအဆင့်တက်ဖို့ အခွင့်အရေးရလိုက်တာပါ”

“အနည်းဆုံးတော့ မင်း စကားကောင်းပြောတတ်သေးတာပဲ။ အခု ဘာလုပ်ရမလဲဆိုတာ သိမှာပါ”

ချောင်ရို့ချန် ပြုံးကာ ပြောလိုက်သည်။

ကြောင်ကြီး ချက်ချင်း ဝပ်ကျသွားပြီး ဖားယားသော အမူအရာဖြင့် မော့ကြည့်လိုက်သည်။ “သခင် ကျေးဇူးပြုပြီး စီးပါ”

ချောင်ရို့ချန် ကျောပေါ်တွင် တက်ထိုင်လိုက်သည်။

ထို့နောက် ကြောင်ကြီးသည် သူ့ကို နန်းတော်တစ်ခု၏ တံခါးဝသို့ သယ်ဆောင်သွားခဲ့သည်။ လူနှင့် သားရဲ ဆင်းသက်လိုက်သည်နှင့် ချောင်ရို့ချန်သည် ရှောင်ချန်း ကို မြင်လိုက်ရသည်။

သူ အောက်သို့ ခုန်ဆင်းလိုက်ပြီး လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်သည်။ “စီနီယာအစ်ကို မတွေ့ရတာ ကြာပြီ”

“တာ့ချန်... မတွေ့ရတာကြာပြီပဲ။ မင်း ပိုပြီးတောင် အစွမ်းထက်လာတယ်” ရှောင်ချန်း နွေးထွေးသော အပြုံးဖြင့် ပြန်ဖြေလိုက်သည်။

ရှောင်ချန်း၏ ကြောက်မက်ဖွယ် ပါရမီကို ကျင့်သားရနေပြီဖြစ်၍ ချောင်ရို့ချန် ရယ်မောကာ ပြောလိုက်သည် “စီနီယာအစ်ကိုနဲ့ ယှဉ်ရင်တော့ အနားတောင် မကပ်သေးပါဘူး”

သူတို့ နှစ်ဦး စကားပြောနေစဉ် နန်းတော် အပြင်ဘက်မှ ခြေသံတစ်စုံ ထွက်လာသည်။

All Chapters